ငါဘယ်သူလဲ
Vol. 3 Ch. 40
နာရီပေါင်းများစွာ အလုပ်များနေပြီးနောက် လီယွမ်တစ်ယောက် စန်းဂူမျှော်စင်မှနေ၍ ထွက်လာခဲ့သည်။
လရောင်အောက်တွင် ပိုးစုန်းကြူးလေးများက လရောင်ကိုစုစည်းကာ ဝါးတောလေးကို တောက်ပစွာလင်းထိန်နေစေခဲ့သည်။ထိုဝါးတောလေးဘေးရှိ အိပ်ဆောင်သည်လည်း လရောင်ကြောင့် ညအမှောင်အောက်၌ ထင်ရှားနေခဲ့သည်။
ယခုအချိန်တွင် ထိုအိပ်ဆောင်အပြင်၌ အရသာရှိသောဟင်းလျာများ၊ဝိုင်ကောင်းများဖြင့်ပြည့်နှက်နေသော စားပွဲတစ်ခုကိုတည်ခင်းထားခဲ့သည်။ထိုစားပွဲတွင် ပွင့်လန်းရန်စောင့်ဆိုင်းနေသော ပန်းလေးတစ်ပွင့်သဖွယ် ရှက်ရွှံနေသောအမူအရာဖြင့် ခေါင်းငုံ့ထားသော မိန်းကလေးတစ်ယောက်ရှိသည်။
လရောင်အောက်၌ လှပသောရှုခင်းနှင့် အမျိုးသမီးက လိုက်ဖက်တင့်တယ်နေခဲ့သည်။
လီယွမ်သည် ထိုမြင်ကွင်းကိုကြည့်၍ အံ့အားသင့်သွားခဲ့သည်။
ဒီကောင်မလေးက နားလည်မှုလွဲနေတာလား...
"ရှောင်ကျောက်...မင်းဒီ၀တ်စုံကိုဘယ်တုံးက ၀ယ်ခဲ့တာလဲ...မင်းဒါကို၀တ်တာ ငါတစ်ခါမှမတွေ့ဖူးပါဘူး"
လီယွမ်နှင့်၀မ်ကျောက်ကျောက်တို့သည် အချိန်အတော်ကြာသည်အထိ အမှတ်၁၂ဂူနန်း၏ သာမန်တပည့်၀တ်စုံကိုသာ အပြန်အလှန်လဲလှယ်၍ ၀တ်ဆင်ခဲ့ကြခြင်းဖြစ်သည်။
လီယွမ်သည် ထိုသို့သောပြင်ပအရာများကို ဂရုမစိုက်ပေ။
ယနေ့ပထမဆုံးအကြိမ် သတိထားမိလိုက်မှသာ မိန်းကလေးများကြီးပြင်းလာချိန်တွင် အများကြီးပြောင်းလဲသွားသည်ကို တွေ့လိုက်ရ၍ အံ့ဩမိသွားခဲ့သည်။ရှောင်ကျောက်သည် လွန်ခဲ့သော၄နှစ် တောင်ပေါ်သို့ရောက်ရှိလာစဉ်တုံးကလိုမျိုး နုံအသောကလေးမတစ်ယောက်မဟုတ်တော့ပေ။
သူမ၏ခန္ဓာကိုယ်အချိုးအစားက ပိုမိုကြီးထွားလာခဲ့ကာ သူမ၏မျက်နှာကြည်လင်လာခဲ့ပြီး ပို၍ပင်လှပလာခဲ့သည်။
စန်းဂူမျှော်စင်တွင် ကောင်းစွာနေထိုင်လာရ၍ သူမ၏ခန္ဓာကိုယ်က လျင်မြန်စွာဖြင့် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။သူမသည် ယခင်ကကဲ့သို့ ဖျော့တော့သောအသားအရည်နှင့် ပိန်လှီသောခန္ဓာကိုယ်မရှိတော့ပေ။သူမ၏စိတ်အခြေအနေကလည်း သိသိသာသာပြောင်းလဲသွားခဲ့သည်။
သူမအတွက် တစ်ခုတည်းသောအားနည်းချက်မှာ သွေးထွက်သံယိုတိုက်ပွဲများအတွင်းသာ အသုံးပြုနိုင်သောမျက်လုံးတစ်စုံဖြစ်ပြီး သာမန်အချိန်များ၌ အသက်၀င်မှုမရှိခဲ့ပေ။
"အစ်ကိုယွမ်..."
လီယွမ်က သူမအားစိုက်ကြည့်နေသည်ကို ရိပ်မိသွားပြီးနောက် ၀မ်ကျောက်ကျောက်ကပို၍ပင်ရှက်လာခဲ့သည်။
"ဒီ၀တ်စုံကို ငါ၀ယ်ထားတာကြာလှပြီ...ဒါပေမဲ့ထုတ်၀တ်ဖို့ အခွင့်အရေးမရှိခဲ့ဘူး"
"မင်းကအဲ၀တ်စုံနဲ့ဆို အရမ်းလှတယ်"
လီယွမ်က အမှန်အတိုင်းချီးကျူးလိုက်သည်။
"တကယ်လား...အစ်ကိုယွမ်ကော သဘောကျလား"
၀မ်ကျောက်ကျောက်က အံ့ဩသွားခဲ့သည်။
"တကယ်ပေါ့...ဒီလိုမျိုးလှပတဲ့ညီမလေးတစ်ယောက်ရှိတာကို ဘယ်သူကသဘောမကျဘဲ နေပါမလဲ"
လီယွမ်ကပြုံးလိုက်မိကာ သူ့လက်ထဲရှိ ကျောက်စိမ်းပုလင်း၃ခုကို ၀မ်ကျောက်ကျောက်အား ပေးလိုက်သည်။
"မစ်ရှင်က နီးကပ်လာပြီး...ဒါကငါမင်းအတွက်အထူးသန့်စင်ထားတဲ့ ဂူကောင်အမျိုးအစား၃ခုပဲ...မင်းရဲ့အော်ရာကို အသုံးပြုပြီး ဒီကောင်တွေကိုသန့်စင်နိုင်တယ်"
"ပထမပုလင်းမှာဆိုရင် ပြန်လည်ကုသခြင်းဂူကောင်၃ကောင်ပါတယ်...မင်းတစ်ခါအသုံးပြုလိုက်တိုင်းမှာ ဒဏ်ရာတွေကနေပြန်လည်သက်သာလာစေပြီး အဆိပ်တွေကိုပါဖယ်ရှားပေးနိုင်တယ်"
"ဒုတိယပုလင်းမှာ အရိပ်မဲ့ဂူကောင်၃ကောင်ပါတယ်...အချိန်မှန်အသုံးပြုနိုင်မယ်ဆိုရင် ဆဌမအဆင့်အောက်က စစ်သည်တော်တွေကို တိုက်ချက်တစ်ခုတည်းနဲ့ သတ်ဖြတ်နိုင်တယ်..."
"တတိယပုလင်းမှာဆိုရင် လေပြင်းပျံသန်းဂူကောင်နဲ့ရွှေ၀တ်ရုံဂူကောင်တို့ပါတယ်...အဲ့ဂူကောင်တွေက အရေးကြီးတဲ့အခိုက်အတန့်တွေမှာ မင်းကိုကာကွယ်ပေးနိုင်တယ်"
သူမ၏လက်ထဲရှိ ကျောက်စိမ်းပုလင်းများကိုကြည့်ရင်း ရှောင်ကျောက်၏နှလုံးသားက တုန်ယင်သွားခဲ့သည်။
ဖော်ပြ၍မရနိုင်သော စိတ်အားထက်သန်မှုကတစ်ခုက သူမ၏နှလုံးခုန်နှုန်အား မြန်ဆန်လာစေခဲ့သည်။သူ၏မျက်နှာက ၀မ်းနည်းမှုကြောင့် အမူအရာပျက်ယွင်းလာကာ မျက်ရည်များစတင်စီးကျလာပြီး ရုတ်ချည်းဆိုသလိုပင် လီယွမ်၏ရင်ခွင်ထဲ တိုး၀င်သွားခဲ့သည်။
"အစ်ကိုကြီးယွမ်...ကျေးဇူးတင်ပါတယ်"
ထိုလက်ဆောင်သည် ၀မ်ကျောက်ကျောက်လိုချင်သောအရာမဟုတ်သော်လည်း လီယွမ်က သူမအပေါ်အမှန်တကယ်ဂရုစိုက်ကြောင်း ဤလက်ဆောင်များကပြသရန် လုံလောက်ပေသည်။
"ဘာအတွက် ငါ့ကိုကျေးဇူးတင်ရတာလဲ...ငါဒီတောင်ပေါ်ကိုရောက်တုံးကဆိုရင် ဘာမှပါမလာခဲ့ဘူး...ငါ့ရဲ့အဘိုးကိုဂူသွင်းသဂြိုလ်ဖို့အတွက် အခေါင်းလေးတစ်ခုတောင်မ၀ယ်နိုင်ခဲ့ဘူး...အဲ့အချိန်မှာ လူအိုကြီး၀မ်ကစကားတစ်ခွန်းမှမပြောဘဲ ခေါင်းတလားကိုထုတ်ပေးခဲ့တယ်"
"အဲ့တုံးကငါက မင်းလောက်ယဉ်ယဉ်ကျေးကျေးမရှိဘဲ ခေါင်းတလားကိုအေးအေးဆေးဆေးလက်ခံခဲ့တယ်"
"မင်းအပြင်ဘက်ကိုရောက်ရင် မင်းကတင်းတင်းမာမာနဲ့ရက်စက်တတ်ရမယ်...ရိုးသားတဲ့လူတွေက ပိုပြီးအနိုင်ကျင့်ခံရတတ်တယ်"
"နားလည်ပါပြီ...အစ်ကိုယွမ်ပြောတဲ့စကားတိုင်းကို ငါ့စိတ်ထဲမှာစွဲစွဲမြဲမြဲမှတ်သားထားပါတယ်"
၀မ်ကျောက်ကျောက်က အားတက်သရောခေါင်းညိတ်ပြလိုက်သည်။
"အဲ့ဒါကောင်းတယ်...လောလောဆယ်အရသာရှိတဲ့ဟင်းလျာတွေကို မဖြုန်းတီးရအောင်...ဒီညပြီးရင် မင်းရဲ့လက်ရာတွေကိုပြန်စားရဖို့အတွက် အနည်းဆုံး၂လကနေ ၃လလောက်ကြာမယ်ထင်တယ်"
လီယွမ်က ၀မ်ကျောက်ကျောက်အား ခုံပေါ်ပြန်ထိုင်ရန် ကူညီပေးခဲ့သည်။
…
နောက်တစ်နေ့မနက်...
၀မ်ကျောက်ကျောက်သည် အနောက်ဘက်တောင်တန်းရှိ လူအိုကြီး၀မ်၏သချိုင်းရှေ့တွင် ၃ကြိမ်တိုင်တိုင်ဦးညွတ်နှုတ်ဆက်လိုက်သည်။ထို့နောက် လီယွမ်အားမျက်ရည်များဝဲလျက် နှုတ်ဆက်လိုက်ကာ ကျိုးကုန်းတောင်တန်းဆီမှ ထွက်ခွာလာခဲ့သည်။
စစ်ပွဲဒဏ်ကြောင့် ဘေးလွတ်ရာသို့ရှောင်တိမ်းလာသူသည် စစ်ပွဲကြောင့်တဖန်ထွက်ခွာခဲ့ရသည်။
ထိုအရာကြောင့်ပင် ဤကမ္ဘာပေါ်၌ ထာ၀ရငြိမ်းချမ်းသောနေရာဟူသည်မရှိကြောင်း လီယွမ်ကလေးနက်စွာနားလည်လိုက်သည်။
မှန်ကန်သောလမ်းကြောင်းပေါ်၌ရှိစေရန်အတွက် တစ်ခုတည်းသောနည်းလမ်းမှာ ကိုယ်ပိုင်ခွန်အားကို အဆက်မပြတ်တိုးတက်အောင် လုပ်ဆောင်ခြင်းဖြစ်သည်။
…
လ၀က်ကြာမြင့်ပြီးနောက်...
ပုရှီခန်းမ၏ခေါင်းဆောင်ချီရှန်းက တောင်ပေါ်သို့တက်လာပြီး လီယွမ်အားစာရင်းတစ်ခုပေးလိုက်သည်။
ဤသည်မှာ အပြင်ဘက်၌တာ၀န်ထမ်းဆောင်ရင်း ကျရှုံးသွားသည့် အမှတ်၁၂ဂူနန်း၏တပည့်များစာရင်းဖြစ်ပေသည်။
ထိုစာရင်းကိုကြည့်ရင်း လီယွမ်၏နှလုံးသားက ကမောက်ကမဖြစ်နေခဲ့သည်။ထိုစာရင်းသည် သူ့လက်ထဲ၌ တဖြည်းဖြည်းလေးလံလာသည်ဟု ခံစားလာရသည်။လွန်ခဲ့သောလဝက်ခန့်က သူနှင့်အတူထမင်းစားရန်၊အ၀တ်အစားများကိုလျှော်ပေးရန် လုပ်ဆောင်ပေးမည့်သူပျောက်ဆုံးနေခဲ့သည်။သို့ဖြစ်ရာ သူ့စိတ်တစ်ခုလုံး ဗလာကျင်းနေသလိုခံစားနေရသည်။
လီယွမ်သည် စာရင်းကိုကြည့်၍ အမည်တစ်ခုချင်းစီတိုင်းကို တစ်ခုပြီးတစ်ခုသေချာစစ်ဆေးလိုက်သည်။
လီယွမ်သည် အချိန်အတော်ကြာမှ သက်ပြင်းချမိလိုက်သည်။
ကံကောင်းထောက်မစွာဖြင့် ဤစာရင်းထဲ၌ရှောင်ကျောက်၏အမည်မပါ၀င်ခဲ့သော်လည်း သူနှင့်ရင်းနှီးနေသောချီလင်း၏အမည်ကို တွေ့လိုက်ရသည်။
ဂူသခင်စမ်းသပ်မှုတွင် သူ့အားပါ၀င်ရန်အတွက် ကူညီပေးခဲ့သောချီလင်းသည် ဖန်းရွယ်ဓားစံအိမ်က အဖွဲ့တစ်ခုကို သုတ်သင်ရှင်းလင်းတဲ့တိုက်ပွဲမှာ ကျရှုံးသွားခဲ့ရသည်။
ထိုအရာကြောင့် လီယွမ်က၀မ်းနည်းနေခြင်းမရှိသော်လည်း စိတ်ခံစားချက်ကအနည်းငယ်မကောင်းမွန်ခဲ့ပေ။
…
နောက်ထပ်လ၀က်ကြာပြီးနောက် ဒုတိယအသုတ် ကျရှုံးခြင်းစာရင်းက ရောက်ရှိလာခဲ့သည်။
ထိုစာရင်းတွင်လည်း ရှောင်ကျောက်၏အမည်ကိုမတွေ့ခဲ့ရသည့်အတွက် လီယွမ်၀မ်းသာသွားခဲ့သည်။မထင်မှတ်ထားသော တစ်စုံတစ်ရာမဖြစ်ပျက်ခဲ့ပါက ရှောင်ကျောက်၏စွမ်းအားသည် ယခုလိုပြင်ပအဆင့်တာ၀န်များကို ကိုင်တွယ်ဖြေရှင်းရန် လုံလောက်ပေသည်။
ထိုနေ့တွင် ဝါးတောလေးက ဧည့်သည်တော်များအား ကြိုဆိုခဲ့ကြသည်။
လီလောချမ်သည် နတ်ဆိုးအလောင်းအမြောက်အများကို ဝါးတောငယ်လေးဆီသို့ ပို့ဆောင်ပေးခဲ့သည်။
"လီယွမ်...မင်းရဲ့သွေးနဲ့ချီဂူကောင်တွေက အရမ်းကိုအသုံး၀င်တယ်"
"အရှင်ကမင်းနဲ့ပူးပေါင်းဖို့ သဘောတူညီလိုက်ပြီ...ဒီနတ်ဆိုးအလောင်း၁၂၀ကို သွေးနဲ့ချီဂူကောင်၆၀၀နဲ့လဲလှယ်ဖို့ အဆင်ပြေနိုင်မလား..."
လီလောချမ်က အဖွဲ့အားကိုယ်တိုင်ဦးဆောင်ကာ နတ်ဆိုးများ၏အလောင်းကို လီယွမ်ထံပေးအပ်ရန်အတွက် ဤနေရာသို့ရောက်လာပြီး ညိနှိုင်းမှုလုပ်ဆောင်ခဲ့သည်။
"ပြဿနာမရှိပါဘူး"
လီယွမ်က ကျေကျေနပ်နပ်ဖြင့်သဘောတူလိုက်သည်။
သူသည် သွေးနှင့်ချီဂူကောင်များစွာကို ဖန်တီးရန်အတွက် နတ်ဆိုးအလောင်းများနှင့်တန်ဖိုးမရှိသော သားရဲအလောင်းအချို့ကိုအသုံးပြုမည်ဖြစ်သည်။ကျန်ရှိနေသောအရာမှာ သူ့အတွက်အကျိုးအမြတ်ပင်ဖြစ်သည်။
ဤလုပ်ငန်းစဉ်တစ်ခုလုံးက သူ့အတွက်အချိန်အနည်းငယ်ကုန်ရုံမှလွဲ၍ ကုန်ကျစရိတ်မရှိသော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။
"မင်းအတွက်အဆင်ပြေတယ်ပေါ့...ကောင်းမွန်တဲ့အရည်အသွေးရှိတဲ့ ချီနဲ့သွေးဂူကောင်တွေကို သန့်စင်ဖို့ဆိုတာ အဲလောက်မလွယ်ကူဘူးထင်တယ်"
လီလောချမ်က အံ့ဩသွားခဲ့သည်။
သေစမ်း...ငါတွက်ချက်တာမှားသွားပြီ...
ဤကိစ္စတွင် စန်းလန်နန်းတော်ကလည်း အကျိုးအမြတ်ရရှိခဲ့ကာ အစောပိုင်းညှိနှိုင်းမှုထက် လီယွမ်အားပိုမိုပေးအပ်ရန် အသင့်ရှိနေခဲ့သည်။
"စန်းလန်စစ်တပ်က တောင်ပိုင်းနယ်စပ်ကို ကာကွယ်ဖို့အတွက် နတ်ဆိုးတွေကိုတိုက်ခိုက်နေရတာလေ...ဒါကငါတို့အတွက်အကျိုးရှိတယ်...ဒါကြောင့်မစ္စလီခုနကပေးတဲ့ဈေးနှုန်းကို ငါလက်သင့်ခံလိုက်တာပဲ"
လီယွမ်က အကျိုးအကြောင့်သင့်စွာ ပြန်ပြောလိုက်သည်။
"မဆိုးပါဘူး...အနာဂတ်မှာ စန်းလန်တပ်တော်ရဲ့ထောက်ပံ့ရေးအဖွဲ့က မင်းအတွက်အထူးအရည်အသွေးကောင်းမွန်တဲ့ နတ်ဆိုးအလောင်းတွေကိုရွေးချယ်ပြီး ထိန်းသိမ်းပေးထားလိမ့်မယ်"
လီလောချမ်က ရှားရှားပါးပါးပြုံး၍ပြောလိုက်သည်။သူမသည် သာမန်အချိန်များ၌ မပြုံးတတ်သော်လည်း ယခုလိုပြုံးလိုက်ချိန်တွင် ပါးချိုင့်အနည်းငယ်ပေါ်လာကာ သူမ၏သူရဲကောင်းဆန်သောမျက်နှာကို ပိုမိုပေါ်လွင်စေခဲ့သည်။
"ကျေးဇူးတင်ပါတယ်...မစ္စလီ"
လီယွမ်က လက်သီးဆုပ်ကာ ကျေးဇူးတင်လိုက်သည်။
"ငါ့ကိုကျေးဇူးတင်စရာမလိုပါဘူး...ဒါကစီးပွားရေးသက်သက်ပဲ...မင်းသာငါတို့ကိုရိုးရိုးသားသားဆက်ဆံမယ်ဆိုရင် စန်းလန်နန်းတော်ကလည်း မင်းကိုမတရားဆက်ဆံသွားမှာမဟုတ်ဘူး"
"နားလည်ပါပြီ"
လီလောချမ်၏စကားကြောင့် လီယွမ်ကအနည်းငယ်ရှက်ရွှံသွားခဲ့သည်။
"မင်းအဆင်သင့်လုပ်ထားပါ...မကြာသေးခင်က အခြေအနေတွေက ပိုပြီးတော့ပြင်းထန်လာခဲ့တယ်...ငါတို့တွေနတ်ဆိုးအလောင်းအများအပြားကို မင်းဆီမကြာခဏပို့ဆောင်ပေးမယ်...မင်းကလည်းသွေးနဲ့ချီဂူကောင်တွေကို အဆက်မပြတ်ထောက်ပံ့ပေးနိုင်ဖို့ မျှော်လင့်ပါတယ်"
"တိုက်ပွဲတွေကဆက်တိုက်ဖြစ်နေတာလား...ဘာကြောင့်လဲ"
လီယွမ်က အံ့ဩသွားခဲ့ရသည်။
"လူတစ်ယောက်ကြောင့်ပေါ့..."
လီလောချမ်က လေးနက်သောလေသံဖြင့် ပြန်ပြောလိုက်သည်။
"ဘယ်သူကြောင့်လဲ"
လီယွမ်က စူးစမ်းလိုစိတ်အပြည့်ရှိခဲ့သည်။
ယခုအခါ လောကတစ်ခွင် ကမောက်ကမဖြစ်နေပြီး နတ်ဆိုးများ၏အရှင်သခင်များ၊မင်းညီမင်းသားများနှင့်အစွမ်းထက်စစ်သည်တော်များ ပါ၀င်ပတ်သက်နေသော်လည်း မည်သူကမှ ခေါင်းဆောင်ဖြစ်ရန်မဝံ့ရဲကြပေ။
သို့သော် ယခုလိုအခြေအနေမျိုး၌ လူတစ်ယောက်တည်းက ယခုလိုအပြောင်းအလဲမျိုးအား ဖြစ်ပေါ်စေခဲ့၍ လီယွမ်အံ့ဩသွားကခြင်းဖြစ်သည်။
"သူက ဒဏ္ဍာရီထဲမှာ ပျောက်ဆုံးသွားခဲ့တဲ့ ဒါယန်းတော်၀င်မိသားစုရဲ့ တစ်ဦးတည်းသောအသက်ရှင်ကျန်ရစ်သူဖြစ်တဲ့ တော်၀င်မင်းသားလေးပဲ"
"သူ့ရဲ့အသွေးအသားဟာ စစ်နတ်ဘုရားရဲ့ရတနာသိုက်ကိုဖွင့်ဖို့ သော့တစ်ချောင်းဖြစ်တယ်...ဒါဟာကမ္ဘာကြီးကိုတည်ငြိမ်စေမယ့် သော့ချက်ဖြစ်လို့ လူတိုင်းကရယူချင်နေကြတယ်"
လီလောချမ်က လေးနက်စွာပြောလိုက်သည်။
"ဒီကမ္ဘာပေါ်မှာ ဒါယန်းတော်၀င်မိသားစုရဲ့သွေးသားတွေ တကယ်ကြီးအသက်ရှင်သန်နေသေးတာလား"
လီယွမ်တစ်ယောက် အလွန်ပင်စိတ်လှုပ်ရှားသွားခဲ့သည်။
"အမှန်ပဲ...အဲလူဟာ လွန်ခဲ့တဲ့နှစ်ပေါင်း၂၀ တော်၀င်မိသားစုပျက်စီးသွားခဲ့တဲ့ကာလက ကိုယ်လုပ်တော်အန်းရဲ့သားတော်ဖြစ်တဲ့ မင်းသားငယ်လေးပဲ"
လီလောချမ်က ခေါင်းညိတ်၍ပြောလိုက်သ ည်။
မဟုတ်သေးပါဘူး...ကိုယ်လုပ်တော်အန်းကမွေးဖွားခဲ့တဲ့ မင်းသားလေးက ခုချိန်မှာလူပေါင်းများစွာရဲ့ လိုက်လံရှာဖွေတာခံနေရတယ်ဆိုတော့...
ငါကဘယ်သူလဲ...
…