ထိုက်ဟွာနတ်တေးသွားသံစဉ်
Vol. 143 Ch. 2039
နတ်မိမယ်ထိုက်ဟွာက ထွက်လာပြီး ရီဖူရှင်းကို ထိုက်ဟွာနတ်တေးသွားသံစဉ်အား နားထောင်ရန် ကိုယ်တိုင် ဖိတ်ခေါ်သည်။
မရေတွက်နိုင်သော လူများထံ၌ အံ့အားသင့်မှုတို့ ဖြစ်ပေါ်လာပြီး သူတို့ကို အာရုံစိုက်ကာ ကြည့်နေကြသည်။ မည်သူကမှ နတ်မိမယ်ထိုက်ဟွာကိုယ်တိုင် ထွက်လာလိမ့်မည်ဟု တွေးထင်မထားသော်လည်း ၎င်းက မျှော်မှန်းချက်အတွင်းမှ လုံးဝ ကျော်လွန်သွားသည်တော့ မဟုတ်ပေ။ ရီဖူရှင်းသည် သိပ်မကြာသေးခင် အချိန်က နာမည်ကျော်ကြားလာခဲ့သူဖြစ်သော်လည်း တိုက်ပွဲများတွင် အောင်မြင်မှုအပြည့်နှင့် ရှုံးနိမ့်မှု မရှိခဲ့သူ ဖြစ်သည်။ သူ့ပြိုင်ဘက်က မည်မျှ အရည်အချင်းရှိသည်ဖြစ်စေ သူက အောင်မြင်မှုကို ရယူနိုင်သည်။
ပြောပလောက်စရာ နောက်ခံမရှိသည်မှ အပ သူက နင်ဟွာနှင့် နတ်မိမယ်ထိုက်ဟွာအပါအဝင် အခြားလူများထက် နိမ့်ကျခြင်းမရှိပေ။
ထို့ကြောင့် နတ်မိမယ်ထိုက်ဟွာက သူ့အား ထိုက်ဟွာနတ်တေးသံစဉ် နားထောင်စေလိုခြင်းမှာ အဓိပ္ပာယ် ရှိသည်။
ဓားအင်ပါယာလျှို့နျန်က အလွန်အစွမ်းထက်သည့်အတွက် ထိပ်သီးအင်အားစုများမှ ပါရမီရှင် ကျင့်ကြံသူများအားလုံးက သူ့ကို စိန်ခေါ်ရန် စိတ်အားထက်သန်နေကြ၏။ ဤသည်မှာ သူတို့၏ သဘောကျထောက်ခံမှုကို ပြသသည့် ထူးခြားသော နည်းလမ်းတစ်ခုပင် ဖြစ်သည်။
လီချန်ရှန်းနှင့် ကျုံးချန်တို့က ရီဖူရှင်းကို တစ်ချက်ကြည့်လိုက်ပြီး သူတို့နှစ်ယောက်လုံးက ပြုံးလိုက်သည်။ လီချန်ရှန်းက ခပ်တိုးတိုးပြောလိုက်၏။ "ဂျူနီယာညီလေးရီက အမြဲတမ်း လှပတဲ့ အမျိုးသမီးတွေကို ဆွဲဆောင်နိုင်တာပဲ။"
ကျုံးချန်က အပြုံးနှင့် သူ့ခေါင်းကိုသာ ယမ်းလိုက်တော့သည်။ လမ်းစဉ်တိုက်ပွဲစင်မြင့်ထက်တွင် ရပ်နေရင်း ရီဖူရှင်းက ပြန်ဖြေလိုက်၏။ "နတ်မိမယ်က အဲဒီ တေးသွားကို တီးခတ်ချင်တဲ့ ဆန္ဒရှိရင်တော့ ကျုပ် သေချာပေါက် နားထောင်မှာပါ။ ထိုက်ဟွာနတ်တေးသွားသံစဉ်ကို နားထောင်ရတာ ကျုပ်အတွက် ဂုဏ်ယူမှုကြီးပါပဲ။"
သူက ယဉ်ကျေးမှုထက် ကျော်လွန်၍ နှိမ့်ချသည့် အပြုအမူကို မလုပ်ဆောင်ချေ။ သူကိုယ်တိုင်လည်း နတ်တေးသွားသံစဉ်နှစ်ခုကို ကျွမ်းကျင် ပိုင်နိုင်ထားပြီး ထိုက်ဟွာနတ်တေးသွားကို စိတ်ဝင်စား၏။ ထိုကြောင့် သူသည် နတ်မိမယ်ထိုက်ဟွာက သူ့အား တီးခတ်ပြမည်ဟု ကမ်းလှမ်းလာလေရာ ထိုက်ဟွာနတ်တေးသွားက မည်မျှ ထူးခြား၍ ကောင်းမွန်သည်ကို သိချင်နေပြီ ဖြစ်သည်။
ရီဖူရှင်း၏ ခွင့်ပြုချက်ကို ရပြီးနောက် နတ်မိမယ် ထိုက်ဟွာက ရှေ့သို့ ခြေလှမ်း၍ ရီဖူရှင်းထံ လျှောက်လာသည်။ သူမက လမ်းစဉ်တိုက်ပွဲသို့ ဝင်ရောက်လာပြီး ရီဖူရှင်းနှင့် မျက်နှာချင်းဆိုင်တွင် ရပ်လိုက်၏။
"ကြည့်ရတာ ရီလျှို့နျန်က ဒီနှစ်ရဲ့ တုန်းဟွာအခမ်းအနားမှာ အထူးချွန်ဆုံး ကျင့်ကြံသူတွေထဲက တစ်ယောက်ဖြစ်လိမ့်မယ်။ လူတိုင်းက သူနဲ့ တိုက်ခိုက်ချင်ကြပေမယ့် ဘယ်သူကမှ သူ့ကို အနိုင်မယူနိုင်သေးဘူး။" တုန်းဟွာနန်းတော်တွင် ထိုင်နေသော နယ်မြေသခင်နင်က ရယ်မောကာ မှတ်ချက်ချလိုက်သည်။ ယခုတွင် ဆရာသခင်ကျင့်ကြံသူများက ရီဖူရှင်းအား ပို၍ အာရုံစိုက်နေကြပြီး ဖြစ်သည်။
လင်းရှောင်နန်းတော်သခင်နှင့် အင်ပါယန်တို့ နှစ်ယောက်လုံးကလည်း ရီဖူရှင်းအား ကြည့်လိုက်ကြသည်။ ထိုနောက် အင်ပါယာယန်က ဆေးအင်ပါယာအား ကြည့်ကာ ပြောလိုက်၏။ "ဆေးအင်ပါယာက သူ့ကိုကောင်းကောင်း လေ့ကျင့်ပေးထားတာပဲ။"
"သူက ထူးခြားပြောင်မြောက်တဲ့ အရည်အချင်းတွေနဲ့ မွေးဖွားလာခဲ့တာ။ ကျုပ်က သူ့ကို ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ လပေါင်းများစွာ ကျင့်ကြံခွင့် ပြုထားခဲ့ပေမယ့် အများကြီးသင်ပေးတာမျိုး မရှိဘူး။ အရင်တိုက်ပွဲမှာ သူပြသခဲ့တဲ့ စွမ်းရည်တွေက သူ့ရဲ့ကိုယ်ပိုင်စွမ်းရည်တွေနဲ့ နည်းစနစ်တွေ ဖြစ်တယ်။ သူက လောကဖိနှိပ်ခြင်းလမ်းစဉ် ကြောင့် အနိုင်ရတာလို့ ခင်ဗျား ယုံကြည်နေတယ်ဆိုရင် ဘာလို့ ရှေးဟောင်းတော်ဝင် ယန်မိသားစုက တန်ခိုးရှင်တစ်ယောက်ကို သူ့ကို စိန်ခေါ်ဖို့ လွှတ်မကြည့်လိုက်ရတာလဲ။ ကျုပ် သူ့ကို လောကဖိနှိပ်ခြင်းလမ်းစဉ် အသုံးမပြုဖို့ ပြောထားလိုက်မယ်။" ဆေးအင်ပါယာက ပြန်ဖြေလိုက်သည်။
"ဟမ့်" အင်ပါယာယန်က သရော်လိုက်ကာ အဝေးသို့ ကြည့်လိုက်၏။ သူသည် ဆေးအင်ပါယာက ထူးခြားပြောင်မြောက်လှသည့် စွမ်းရည်ကို ရီဖူရှင်းအား သင်ပေးသည့်အတွက် စိတ်မကျေမနပ် ဖြစ်နေလျှင်ပင် ဆေးအင်ပါယာ ပြောသည်မှာ အမှန်တရားဖြစ်ကြောင်း သူသဘောပေါက်သည်။ ရီဖူရှင်းက လောကဖိနှိပ်ခြင်း လမ်းစဉ်ကို အသုံးမပြုလျှင်ပင် ရှေးဟောင်းတော်ဝင်ယန်မိသားစုရှိ မည်သူကမှ ရီဖူရှင်းအား အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။
ပြီးခဲ့သည့်တိုက်ပွဲ၌ ရီဖူရှင်းက မုန်တိုင်းနတ်ဆိုးနှင့် တိုက်ခိုက်သည့်အခါ လောကဖိနှိပ်ခြင်း လမ်းစဉ်ကို အသုံးမပြုခဲ့ပေ။
"ဆေးအင်ပါယာ ပြောတာမှန်တယ်။ ရီလျှို့နျန်က လောကဖိနှိပ်ခြင်း လမ်းစဉ်ကို အသုံးမပြုဘဲနဲ့တောင်မှ ထိပ်တန်း တန်ခိုးရှင်တစ်ယောက်ပဲ။ သူနဲ့ မျိုးဆက်တူတွေကြားမှာ သူ့ကို ယှဉ်နိုင်မယ့်လူ မရှိတော့မှာကို ကျုပ်စိုးမိတယ်။" မိုးကြိုးပစ်ဒဏ်ကောင်းကင်အရှင်က အပြုံးနှင့် ပြောလိုက်သည်။ ထိုကျင့်ကြံသူ ဆရာသခင်များအားလုံးက အရည်အချင်း ပါရမီများအား အကဲခတ်ရာတွင် ကောင်းမွန်သော မျက်လုံးများ ရှိကြ၏။ ရီဖူရှင်းက လူတိုင်းထက် သာလွန်သည်မှာ သံသယရှိစရာ မလိုပေ။
"သူ ထိုက်ဟွာနတ်တေးသွားသံစဉ်ကို ခံနိုင်ရည် ရှိလားလို့ ကြည့်ရအောင်။" လင်းရှောင်းနန်းတော်သခင်က ပြောလိုက်သည်။ သူက ထိုက်ဟွာကောင်းကင်အရှင်ကို ကြည့်ကာ ထပ်၍ ပြောလိုက်၏။ "အဲဒီနတ်တေးသွားက ခင်ဗျား ဖန်တီးထားခဲ့တာမလား။ ခင်ဗျားရဲ့ သွေးသားကလည်း တော်တော်လေးကို ထူးချွန်တယ်။ ကျုပ်ထင်တာတော့ ဒီတစ်ကြိမ်မှာ သူမက ရီလျှို့နျန်ကို အနိုင်ယူနိုင်မယ်လို့ ထင်တယ်။"
"သိပ်တော့ မလွယ်ဘူး။" ထိုက်ဟွာကောင်းကင်အရှင်က လမ်းစဉ်တိုက်ပွဲထက်ကို ကြည့်ကာ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ "သူမက အခြားတစ်ယောက်ကိုသာ စိန်ခေါ်မယ်ဆိုရင် ကျုပ် ပိုပြီး ယုံကြည်ချက်ရှိမိလိမ့်မယ်။ ဒီလူငယ်လေးကတော့ အတော်လေးကို ထူးခြားတယ်။ ထိုက်ဟွာနတ်တေးသွားသံစဉ်က သူ့ကို အနိုင်ယူနိုင်မလားဆိုတာ ကျုပ်ဘက်က မသေချာဘူး။"
"တိုက်ပွဲစတော့မယ်။ ကြည့်ကြရအောင်။" နယ်မြေသခင်နင်က ပြုံးကာ ပြောလိုက်သည်။
လမ်းစဉ်တိုက်ပွဲအတွင်း နတ်မိမယ်ထိုက်ဟွာက နတ်အလင်းတို့နှင့် တောက်ပနေသည်။ သူမ၏ အလှက လောကအပြင်ဘက်တွင် ရပ်တည်နေသည်။ သူမက ရီဖူရှင်းအား အနည်းငယ် ဦးညွှတ်ကာ ပြောလိုက်၏။ "သက်ညှာပေးဖို့ တောင်းဆိုပါတယ် ရန်ဟောင်ရီ။"
"ကျေးဇူးပြုပြီး စပါ နတ်မိမယ်။" ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ နတ်မိမယ်ထိုက်ဟွာက လေထဲ၌ တင်ပျဉ်ခွေကာ ထိုင်လိုက်သည်။ သူမ၏ လက်ကို ဆန့်ထုတ်လိုက်သည်နှင့် မရေတွက်နိုင်သော မဟာလမ်းစဉ် ကြိုးများက အသွင်သဏ္ဌာန် ထွက်ပေါ်လာသည်။ ကြိုးများက ကောင်းကင်တခွင်ကို လွှမ်းခြုံထားပြီး လမ်းစဉ်တိုက်ပွဲစင်မြင့်ကို သူမ၏ ကိုယ်ပိုင်မဟာလမ်းစဉ်နယ်မြေအဖြစ် ပြောင်းလဲလိုက်၏။
နတ်မိမယ်ထိုက်ဟွာ၏ ရှေ့တွင် ကု့ချင်းတစ်လက် ထွက်ပေါ်လာသည်။ သူမက လက်ချောင်းများနှင့် ကြိုးများကို တီးခတ်လိုက်သည်။ အားမာန်ပါသည့် စေ့ဆော်သောအသံက ရန်ဟောင်များနှင့် အောက်ဘက်အနိမ့်ပိုင်းတွင် ထိုင်နေသည့် သာမန်တန်ခိုးရှင်များ အားလုံး၏ နှလုံးသားကို တုန်ယင်လာစေသည်။
ကလန်.... ကလန်... ကလန်....
နတ်မိမယ်ထိုက်ဟွာက ခေါင်းကို ငုံ့ကာ မည်သူမှ အနီးတွင် မရှိသကဲ့သို့ ကု့ချင်းအား အာရုံစိုက်တီးခတ်နေသည်။ သူမထံမှ နတ်အလင်းတို့ဖြာကျနေကာ သူမ၏ ရှည်လျားသောဆံနွယ်များက လေထဲတွင် တလွင့်လွင့်ဝဲနေသည်။ သူမ၏ လှပကျက်သရေရှိမှုက လူအများကို မိန်းမောသွားစေသည်။
အသံက အားမာန်ပြည့်ဝကာ တက်ကြွမှုတို့နှင့် မြူးကြွသော သံစဉ်က မဟာလမ်းစဉ်၏ သံစုံတီးဝိုင်းတစ်ခုသဖွယ် ထင်မှတ်ရသည်။
ကြိုးများ၏ မဟာလမ်းစဉ်နယ်မြေအတွင်း ရပ်နေရင်း ရီဖူရှင်းက တေးသွားကို ရှင်းလင်းစွာ ကြားရပေသည်။ စည်းချက်တိုင်းတွင် သူ၏ နှလုံးသားက တုန်ယင်သွားကာ တေးသွားက သူ့ဝိညာဥ်ကို မွန်းကြပ်လာစေသည်။ သူ့စိတ်ဝိညာဥ်အား တောင်ကြီးတစ်လုံးမှ ဖိထားသလို ခံစားရသည်။
ထိုအခိုက်တွင် ရီဖူရှင်းသည် လမ်းစဉ်တိုက်ပွဲစင်မြင့်ထက်၌ ရပ်နေခြင်း မဟုတ်တော့သလို ခံစားရ၏။ ထို့အစား သူသည် ကောင်းကင်မှ နတ်တောင်များ တစ်ခုပြီးတစ်ခု ကျဆင်းလာနေသော တေးသွားသံစဉ်လောကအတွင်း ကျရောက်သွားသလို ထင်မှတ်ရသည်။ ၎င်းတို့မှ တစ်ခုချင်းစီတွင် ပြိုင်ဘက်ကင်းစွမ်းအားများ ပါဝင်နေပြီး တောင်များ၏ အောက်ခြေ၌ ရှိနေသော သူ့ကို သေးငယ်သွားသယောင် ခံစားမိစေသည်။ သူ့နှလုံးသားက တုန်လှုပ်လာပြီး သူ့သွေးများက သွေးကြောများအတွင်း အပြင်းအထန် စီးဆင်းနေ၏။
ထိုက်ဟွာနတ်တေးသွားသံစဉ်...
ရီဖူရှင်းသည် ယခင်က နတ်တေးသွားနှစ်ခုအပါအဝင် အခြားတေးသွားများအား လေ့လာဖူးသော်ငြား ထိုမျှ အစွမ်းထက်သော တစ်စုံတစ်ခုကို မကြားဖူးခဲ့ပေ။ သူ ယခင်က တွေ့ကြုံဖူးသည်များနှင့် မသက်ဆိုင်စွာ ထိုက်ဟွာနတ်တေးသွားသံစဉ်က အားမာန်အပြည့်ရှိသည်။ သူက မဟာလမ်းစဉ်၏ ခမ်းနားမှုနှင့် ဂုဏ်သရေကို ခံစားမိပြီး သူ့ကိုယ်သူ အရေးမပါဟုပင် ယူဆမိသည်။
ယခု နတ်တေးသွားက လွှမ်းမိုးနိုင်ပြီး ငြင်းပယ်၍ မရနိုင်သော ကောင်းကင်လမ်းစဉ်ကို သရုပ်ဖော်နေသည်။
ရီဖူရှင်းသည်လည်း အလွန် ကြီးမားသော ဖိအားကို ခံစားမိသည်။ သူ့ခန္ဓာကိုယ်မှ မဟာလမ်းစဉ် နတ်အလင်းတို့ ထွက်လာသည်။ သို့သော်လည်း တေးသွား၏ ဖိအားက ဖော်ပြ၍ မရနိုင်အောင်ပင်။ ထိုအခိုက်တွင် နောက်ထပ်တေးသွားသင်္ကေတတစ်ခု ကျဆင်းလာသည်။ သူ၏ ခန္ဓာကိုယ်က မမြင်ရသော အင်အားတစ်ခုနှင့် ရိုက်ခတ်မိသလို ထင်မှတ်ရသည်။ နတ်တောင်များက သူ့ပေါ် ကျဆင်းလာကာ သူ့အား ဖျက်ဆီးပစ်တော့မလို ခံစားရ၏။
သူ့အနီးရှိ မဟာလမ်းစဉ် စွမ်းအားများက လျော့ရဲကာ ကြေမွပျက်စီးလာသည်။ သူထုတ်လွှတ်သမျှ စွမ်းအားတိုင်းက ချက်ချင်း ဖျက်ဆီးခံလိုက်ရ၏။ သူ့ကို ဝန်းရံထားသည့် ကြယ်များက ပြိုကွဲပျက်စီးကာ ချေမှုန်းခံလိုက်ရသည်။ သူ၏ စိတ်ဝိညာဥ်က တူဖြင့် တစ်ကြိမ်ပြီးတစ်ကြိမ် ထုနှက်ခံနေရသလို ခံစားနေရသည်။
ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်းမှ မဟာလမ်းစဉ်က တိုက်ခိုက်မှုအောက် ကျရောက်နေသည်။ အရာအားလုံးက ထိုက်ဟွာတေးသွားသံစဉ်ကြောင့် ဖျက်ဆီးခံလိုက်ရ၏။
မရေတွက်နိုင်သော မျက်လုံးများက လမ်းစဉ်တိုက်ပွဲစင်မြင့်ထက်တွင် ကော်ဖြင့် ကပ်ထားသကဲ့သို့ မြဲမြံနေကြသည်။ ထိုသည်မှာ ရီဖူရှင်း ပထမဆုံးအကြိမ် အရေးနိမ့်ခြင်း ဖြစ်သည်။ လူအများသည် ရီဖူရှင်း၏ ခန္ဓာကိုယ်အနီးတွင် စုစည်းလာသည့် မဟာလမ်းစဉ်စွမ်းအားများက ချက်ချင်း ဖျက်ဆီးခံနေရသည်ကို မြင်သောအခါ ထိတ်လန့်တုန်လှုပ်လာကြသည်။ ၎င်းကို ကြည့်လျှင် နတ်မိမယ်ထိုက်ဟွာက မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သိနိုင်သည်။
သူတို့က တုန်းဟွာနယ်မြေမှ ထိပ်တန်းကျင့်ကြံသူများကို လျှော့တွက်မိပုံပေါ်သည်။ နတ်မိမယ်ထိုက်ဟွာသည် ယခင်က တစ်စုံတစ်ယောက်နှင့် တိုက်ခိုက်ဖူးသော်လည်း ပြိုင်ဘက်က မထိုက်တန်သည့်အတွက် နတ်တေးသွား၏ စွမ်းအားအစစ်အမှန်ကို မထုတ်ဖော်ခဲ့ပေ။
"ဒါက ထိုက်ဟွာနတ်တေးသွားရဲ့ စွမ်းဆောင်ချက်ပဲ။ ကြည့်ရတာ ဒီတစ်ခေါက် ရီလျှို့နျန် ရှုံးမယ်ထင်တယ်။" နယ်မြေသခင်က လမ်းစဉ်တိုက်ပွဲစင်မြင့်သို့ ကြည့်ကာ ပြောလိုက်သည်။
အခြားကျင့်ကြံသူဆရာသခင်များသည်လည်း ထိတ်လန့်နေကြ၏။ ထိုက်ဟွာကောင်းကင်အရှင်က အပြင်လောကနှင့် အဆက်အသွယ်လုပ်ခဲပြီး တစ်ကိုယ်တည်း နေထိုင်သည်။ သူက ကျင့်ကြံခြင်းမှာသာ မြှုပ်နှံထားကာ နတ်တေးသွားများကို ကြိုးကြိုးစားစားနှင့် ဖန်တီးလေ့လာသည်။ ကောင်းကင်ဒေသ၏ နတ်တေးသွားဆယ်ပုဒ်တွင် ရှည်ကြာသော သမိုင်းကြောင်းများ ရှိသည်။ ကျင့်ကြံသူများက ၎င်းတို့ကို နားလည်နိုင်လျှင် ကြီးမားသော စွမ်းအားနှင့် ထူးခြားသော အကျိုးကျေးဇူးတို့ကို ရရှိနိုင်သည်။
ထိုက်ဟွာကောင်းကင်အရှင်က တေးသွားမည်မျှ ကျွမ်းကျင်ပြီလဲ မည်သူမှ မသိကြပေ။ သို့သော် သူတို့ အားလုံးသည် ယနေ့ နတ်မိမယ်ထိုက်ဟွာ၏ စွမ်းဆောင်ရည်အရ အကြမ်းဖျင်း ခန့်မှန်းနိုင်ကြသည်။
"တကယ်ပဲ။ ခင်ဗျားရဲ့ သမီးက ဒီလောက် ထူးခြားလိမ့်မယ်လို့ ထင်မထားမိဘူး။ တုန်းဟွာနယ်မြေတခွင်မှာ နင်ဟွာတစ်ယောက်ပဲ သူမနဲ့ လိုက်ဖက်လိမ့်မယ်လို့ ကျုပ် ထင်တယ်။" လင်းရှောင်နန်းတော်သခင်က ပြောလိုက်၏။
"ရီလျှို့နျန်က အံ့သြစရာတွေ လုပ်ပြလိုက်တာလဲ ဖြစ်နိုင်သေးတယ်မလား။" အင်ပါယာရှီက ရယ်မောလိုက်သည်။ "အခုထိ တိုက်ပွဲက မပြီးသေးဘူး။ ဆက်ကြည့်ကြရအောင်။ ဒီကောင်လေးအတွက် တစ်ကွက်တည်းနဲ့ ရှုံးသွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။"
"ဟုတ်တယ်။" လူတိုင်းက ခေါင်းညိတ်လိုက်ကြသည်။ တုန်းဟွာနန်းတော်မှ ထိပ်သီးအဆင့် ပုဂ္ဂိုလ်ကြီးများမှအပ အောက်ဘက်တွင် ထိုင်နေသော ကျင့်ကြံသူများသည် ရီဖူရှင်းက မည်သည့် အံသြစရာများ လုပ်ဆောင်ပြမလဲ မြင်ချင်နေပြီဖြစ်သည်။ သူတို့က နတ်မိမယ်ထိုက်ဟွာ ထိုမျှ အစွမ်းထက်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။
***