စန်းလန်မင်းသမီး၏အတိတ်
Vol. 3 Ch. 43
လီယွမ်သည် ဆရာဖြစ်သူယုဟွမ်းချွမ်၏ မှတ်စုများထဲမှ ထိုအကြောင်းကိုတွေ့ရှိခဲ့ခြင်းမဟုတ်ပေ။
သို့သော်ယခင်ဘ၀က ရှနဲ့မြွေတို့၏ပုံပြင်သည် လူသားများ၏နှလုံးသားထဲ၌ နက်နဲစွာအမြစ်တွယ်နေခဲ့သည်။
"စီနီယာအစ်ကို...ပင်မဂူကောင်က အဆင့်တစ်ခုထိတိုးတက်လာပြီးရင် ဂူသခင်ရဲ့လွှမ်းမိုးမှုအောက်မှာ လူသားပုံစံအဖြစ် ပြောင်းလဲသွားနိုင်တဲ့ အလားအလာရှိသလား"
လီယွမ်က မေးမြန်းလိုက်သည်။
ဖေးလော့ချင်သည် လီယွမ်အား ငါသိနေတယ်ဟု အဓိပ္ပါယ်ရသောအကြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။
"ညီလေး...မင်းရဲ့အကြံက အရမ်းကိုအန္တာရယ်များတယ်နော်"
"အစ်ကိုဖေး...ကျေးဇူးပြုပြီးတော့ ပေါက်ကရလျှောက်မတွေးလိုက်ပါနဲ့...ငါကဒီတိုင်း သတ္တမနန်းတော်သခင်ရဲ့ဇာတ်လမ်းကိုသိချင်တာပါ"
လီယွမ်က ကမန်းကတမ်းရှင်းပြလိုက်သည်။
"သီအိုရီအရဆိုရင် ဖြစ်နိုင်ပါတယ်...ထျန်းယွမ်တိုက်ကြီးမှာ ဒုတိယမြောက်ဂူအင်မော်တယ်ပေါ်ထွက်လာပြီဆိုရင် ဒီသီအိုရီကို အတည်ပြုနိုင်လိမ့်မယ်"
ဖေးလော့ချင်က ပြုံး၍ပြောလိုက်သည်။
လီယွမ်တစ်ယောက် ဆွံ့အသွားခဲ့ရသည်။ဖေးလော့ချင်၏စကားများကို နားထောင်ရသည်မှာ အဓိပ္ပါယ်မရှိလှပေ။
သူတို့၂ဦးသည် စကားစမြည်ပြောရင်း တောင်ခြေထိရောက်လာခဲ့ကြသည်။
အဝေးသို့လှမ်းကြည့်လိုက်ချိန်တွင် သူတို့သည်လူတစ်ယောက်ကိုတောင် မတွေ့ခဲ့ရပေ။
"ကြည့်ရတာ ငါတို့ခဏလောက်စောင့်ရမယ်ထင်တယ်...စကားမစပ် စန်းလန်မင်းသမီးလေးရဲ့အကြောင်းကို မင်းအရင်ကကြားဖူးလား ဂျူနီယာလီ"
"မကြားဖူးဘူး...မင်းသမီးလေးကို ဂူပညာသင်ယူခိုင်းဖို့ န၀မနန်းတော်ရဲ့အတွင်းစည်းကို စေလွှတ်ခဲ့တာမဟုတ်ဘူးလား...သူမတစ်ခုခုဖြစ်လို့လား"
လီယွမ်က ခေါင်းခါပြလိုက်သည်။
"တကယ်ကိုမထင်မှတ်ထားတဲ့အရာတွေပဲ...စန်းလန်ဘုရင်က ကျိုးကုန်းဂူအသိုက်နဲ့ပူးပေါင်းဆောင်ရွက်ခဲ့တာဟာ မင်းသမီးလေးက ဂူတာအိုမှာအရမ်းကိုအလားအလာရှိတဲ့သူဖြစ်နေလို့ပဲ"
ဖေးလော့ချင်ကပြောလိုက်သည်။
"မင်းသမီးလေးက အဲလောက်တောင်အရည်အချင်းရှိလို့လား..."
ရှောင်ချင်းအာသည် ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ယောက်မျှသာဖြစ်သည်။သူမသည် ဂူတာအို၌စစ်မှန်သော အရည်အသွေးတချို့ရှိသော်လည်း သူမကိုယ်တိုင်က ပင်မဂူကောင်ကိုပြုပြင်ရန် အသက်မပြည့်မှီသေးပေ။
ထိုအရာက ကျိုးကုန်းဂူအသိုက်အပေါ် မည်သို့အကျိုးသက်ရောက်ခဲ့သနည်း။
"ငါလည်းမကြာသေးခင်ကမှ စီနီယာအစ်မပြောပြခဲ့လို့ ဒီဇာတ်ကြောင်းတစ်ခုလုံးကို သေသေချာချာကြားသိခဲ့ရတာပဲ"
ဖေးလော့ချင်ကပြောလိုက်သည်။
"ငါနဲ့တစ်ခါမှမဆုံတွေ့ဖူးတဲ့ စီနီယာအစ်မဆီမှာ အဆက်အသွယ်ကောင်းတွေ အများကြီးရှိနေတာလား"
ယခုအချိန်ထိတိုင်အောင် လီယွမ်သည် သူ၏စီနီယာအစ်မကို တစ်ခါမှမမြင်ဖူးပေ။
"ငါမင်းကိုပြောပြမယ်...စီနီယာအစ်မပြောခဲ့တဲ့ အတိတ်ကလျှို့ဝှက်ချက်တွေအရဆိုရင် န၀မနန်းတော်ရဲ့အရင်သူတော်စင်မက စန်းလန်မိဖုရားပဲ"
ဖေးလော့ချင်က ပြုံး၍ပြောလိုက်သည်။
လီယွမ်သည် ထိုအကြောင်းကိုကြားရချိန်တွင် အံ့ဩသွားခဲ့ရသည်။စန်းလန်ဘုရင်၏စကားမှတဆင့် ရှောင်ချင်းအာ၏မိခင်သည် ဂူသခင်ဖြစ်သည်ဟုသာ သူသိရှိထားခြင်းဖြစ်သည်။သို့သော်သူ၏အမြင်အရ စန်းလန်မိဖုရားက ကျိုးကုန်းဂူအသိုက်နှင့်သာမန်ရင်းနှီးမှုသာ ရှိမည်ဟုသူထင်ထားခဲ့သည်။
သို့သော် စန်းလန်မိဖုရားက န၀မနန်းတော်၏သူတော်စင်မဟု မမျှော်လင့်ထားခဲ့ပေ။
သူတော်စင်ဟူသည် အဘယ်နည်း...
နန်းတော်သခင်၏အမွေကို ဆက်ခံရန်သေချာသောသူများကသာ ထိုဂုဏ်ပုဒ်အား လက်ခံရရှိပေသည်။
"အရင်သူတော်စင်မဟာ မယုံနိုင်လောက်အောင်အရည်အချင်းရှိပြီးတော့ ဂူတာအိုရဲ့သမိုင်းမှာ အနှစ်၁၀၀၀မှာတစ်ကြိမ်ပေါ်လာခဲတဲ့ ပါရမီရှင်တစ်ယောက်ဖြစ်တယ်...ဒါပေမဲ့ သူမဟာ စန်းလန်ဘုရင်ကိုမြင်မြင်ချင်းချစ်မိသွားပြီး သူ့အတွက်တိတ်တဆိတ်ကတိသစ္စာပြုခဲ့တယ်"
"သူမဟာ စန်းလန်ဘုရင်နောက်ကို လိုက်ပါနေစဉ်အတွင်း တောင်ပိုင်းရှင်းကျန်းဒေသက ပြည်သူတွေရဲ့ဆင်းရဲဒုက္ခကို တွေ့ကြုံခံစားမိတဲ့အတွက် နတ်ဆိုးအားလုံးကိုသုတ်သင်ပြီးတော့ ပြည်သူတွေကိုဒုက္ခဆင်းရဲက ကယ်တင်မယ်လို့ ကတိပြုခဲ့တယ်"
"သူမဟာ နန်းတော်ကိုးခုဂူအသိုက် ပါ၀င်ကူညီဖို့ အသနားခံခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး...နောက်ဆုံးမှာ စိတ်သဘောထားချင်းမတိုက်ဆိုင်တာကြောင့် သူမကနန်းတော်ကိုးခုကနေ ထွက်ခွာသွားခဲ့တယ်"
"ခုတော့ စန်းလန်မိဖုရားပြောခဲ့တာတွေ အမှန်ဖြစ်လာတာပဲ...နန်းတော်ကိုးခုဂူအသိုက်ကသာ စောစောစီးစီး၀င်ပါခဲ့မယ်ဆိုရင် ရှင်းကျန်းတောင်ပိုင်းရဲ့အခြေအနေက ခုလောက်ထိဆိုးရွားလာမှာမဟုတ်ဘူး...ခုချိန်မှာ နတ်ဆိုးတွေနဲ့သစ္စာဖောက်တွေက နေရာတိုင်းမှာရှိနေပြီး ပြည်သူတွေကဆင်းရဲဒုက္ခကိုကြုံတွေ့နေရတယ်"
ဖေးလော့ချင်က အထပ်ထပ်အခါခါ သက်ပြင်းချမိလိုက်သည်။
လီယွမ်က အရာအားလုံးကို သဘောပေါက်သွားခဲ့သည်။
"ဒါတွေအားလုံးက မင်းသမီးလေးနဲ့ဘာဆိုင်လို့လဲ"
"ဘာလို့လဲဆိုတော့ မကြာသေးခင်ကပဲ မင်းသမီးလေးဟာ ထူးခြားဂူကောင်စာရင်းရဲ့ တတိယနေရာမှာရှိနေတဲ့ စန်းလန်မိဖုရားရဲ့ ပင်မဂူကောင်ကို အမွေဆက်ခံရရှိခဲ့လို့ပဲဖြစ်တယ်"
ဖေးလော့ချင်က ရှင်းပြလိုက်သည်။
"ထူးခြားဂူကောင်စာရင်းရဲ့ တတိယနေရာမှာရှိနေတာက နှလုံးသားရှာဖွေခြင်းဂူကောင်ပဲ"
လီယွမ်က သတိရသွားခဲ့သည်။
နှလုံးသားရှာဖွေခြင်းဂူကောင်ကို သန့်စင်ရန်လိုအပ်ချက်များက အလွန်ပင်ကြမ်းတမ်းလှပေသည်။
ထိုဂူကောင်ကိုသန့်စင်ရန် လိုအပ်သောကျင့်ကြံမှုကိုထည့်မတွက်လျှင်ပင် အရေးအကြီးဆုံးသောအချက်အနေဖြင့် ဂူသခင်သည် ဘ၀တလျှောက် လိပ်ပြာလုံစွာပြုမူနေထိုင်ရမည်ဖြစ်သည်။
စန်းလန်မိဖုရားသည် မကောင်းမှုကိုရွံရှာစက်ဆုပ်သူ၊နတ်ဆိုးများကို တိုက်ခိုက်ဝံ့သူ၊ပြည်သူများအတွက် မိမိ၏အသက်ကိုစွန့်လွှတ်ရသည်ကိုပင် နောင်တမရသူအဖြစ် လူအများကနားလည်ထားကြသည်။
ထိုအကြောင်းကိုပြောချိန်၌ ဖေးလော့ချင်၏မျက်လုံးများက လေးစားမှုဖြင့်ပြည့်နှက်နေခဲ့သည်။
"စန်းလန်မင်းသမီးက နှလုံးသားရှာဖွေခြင်းဂူကောင်ကို အောင်အောင်မြင်မြင်ပြုပြင်နိုင်ခဲ့သလို သူမရဲ့ပင်မဂူကောင်ကိုလည်း ပျက်စီးမှုမရှိအောင် ချိတ်ပိတ်ထားနိုင်ခဲ့တယ်...အဲလိုမှမဟုတ်ရင် သူမကဒီဂူကောင်ကိုသန့်စင်ထားနိုင်တယ်ဆိုတာ ဘယ်သူမှမသိထားကြဘူး"
"တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင် မင်းသမီးလေးက ဂူသူတော်စင်ဖြစ်လာဖို့လမ်းကြောင်းပေါ်ရောက်နေပြီပေါ့"
"အဲလိုမှမဟုတ်ဘူးဆိုရင် နန်းတော်ကိုးခုဂူအသိုက်နဲ့စန်းလန်နန်းတော်တို့အကြား ပူးပေါင်းဆောင်ရွက်မှုက ဒီထက်တောင်အချိန်နှောင့်နှေးသွားနိုင်တယ်"
ဖေးလော့ချင်က သက်ပြင်းချမိလိုက်သည်။
"စီနီယာအစ်ကို ငါမေးစရာရှိသေးတယ်...နှလုံးသားရှာဖွေခြင်းဂူကောင်က ဘာလို့ဒီလောက်ကြာကြာတည်မြဲနေရတာလဲ...တကယ်ဆို စန်းလန်မိဖုရားနဲ့အတူ ပျောက်ကွယ်သွားရမှာမဟုတ်လား"
လီယွမ်က အံ့ဩတကြီးမေးမြန်းလိုက်သည်။
"အဲ့ဒါတော့ ငါလည်းသေချာမသိဘူး..."
ဖေးလော့ချင်က ခေါင်းခါပြလိုက်သည်။
"နှလုံးသားရှာဖွေခြင်းဂူကောင်က ဂူသခင်ကိုပေးနိုင်တဲ့ တိုက်ခိုက်ရေးစွမ်းအားက အရမ်းကိုသာမန်ဖြစ်လွန်းတယ်...ဒါပေမဲ့ ထူးခြားဂူကောင်စာရင်းမှာ တတိယနေရာကိုရောက်နေတာဆိုတော့ သူ့မှာထူးခြားတဲ့စွမ်းအားတွေရှိနေတာပဲ"
"အမှန်ပဲ..."
လီယွမ်သည် စာအုပ်ထဲ၌ မှတ်တမ်းတင်ထားသော ထူးခြားဂူကောင်ဖြစ်သည့် နှလုံးသားရှာဖွေခြင်းဂူကောင်၏ အထူးစွမ်းအားကိုသိရှိထားသည်။
နှလုံးသားရှာဖွေခြင်းဂူကောင်၏ တိုက်ခိုက်ရေးစွမ်းအားသည် အလယ်အလတ်သာဖြစ်သည်။
ထိုအရာသည် တိုက်ခိုက်ရာတွင်အထူးပြုသော အခြားထူးခြားဂူကောင်များထက် အားနည်းသော်လည်း ပုံမှန်ဆန်းကြယ်ဂူကောင်များထက် သာလွန်ပေသည်။သို့သော် အဓိကအချက်အနေဖြင့် နှလုံးသားရှာဖွေခြင်းဂူကောင်တွင် အလွန်အစွမ်းထက်ကာမှော်ဆန်သော စွမ်းရည်ရှိပေသည်။
နှလုံးသားရှာဖွေခြင်းဂူကောင်သည် ဂူသခင်၏အတွေးကိုရှင်းလင်းစေသည်။
ထိုဂူကောင်သည် ဂူသခင်အား ဂူကောင်ထိန်းချုပ်ခြင်းအဆင့်၏ တတိယအဆင့်ဖြစ်သော နှလုံးသားနှင့်ပဲ့တင်ထပ်ခြင်းအဆင့်ကို အလွယ်တကူရောက်ရှိစေနိုင်စွမ်းရှိပေသည်။
ထိုကြောင့်ပင် သာမန်ဂူသခင်များထက်သာလွန်သော စိတ်စွမ်းအားကို ဂူသခင်ကအသုံးပြုကာ တိုက်ပွဲ၀င်နိုင်ပေသည်။
ဂူသခင်၏ကြည်လင်သောစိတ်အတွေးနှင့် ထူးခြားသောစိတ်စွမ်းအားကြောင့် ဂူသခင်နှင့်အခြားသောဂူကောင်များအကြား ဆက်သွယ်ရေးသည် အလွန်ပင်ရိုးရှင်းလှကာ သူ၏အဆင့်နယ်ပယ်က အလွန်လျင်မြန်စွာတိုးတက်လာမည်ဖြစ်သည်။ထို့ပြင် အရေအတွက်များပြားသော လက်အောက်ခံဂူကောင်များကိုလည်း အလွယ်တကူထိန်းချုပ်နိုင်မည်ဖြစ်သည်။
ထို့ကြောင့် နှလုံးသားရှာဖွေခြင်းဂူကောင်ပိုင်ရှင် ဂူသခင်သည် ဂူအင်မော်တယ်နယ်ပါယ်အား ရောက်ရှိနိုင်သော အလားအလာအရှိဆုံးသူအဖြစ် သတ်မှတ်ထားကြသည်။
"အဲ့အကြောင်းကိုမစဉ်းစားနဲ့ညီလေး...ငါတို့လိုသာမန်လူတွေက နှလုံးသားရှာဖွေခြင်းဂူကောင်ကိုသန့်စင်ထားရင် ချက်ချင်းသတ်ဖြတ်ခံရလိမ့်မယ်...ဒီလိုအခွင့်အရေးမျိုးက သာမန်လူတွေလက်လှမ်းမှီနိုင်တဲ့အရာမဟုတ်ဘူး"
"ဟားဟား...ဒါပေါ့စီနီယာအစ်ကိုဖေး"
လီယွမ်က ပြုံးရုံသာတတ်နိုင်ခဲ့သည်။
လက်ရှိအချိန်တွင် လီယွမ်ထံ၌ မည်သည့်အတွေးမျိုးမှရှိမနေသော်လည်း အခွင့်အရေးရပါက သူသည်နှလုံးသားရှာဖွေခြင်းဂူကောင်ကို သန့်စင်ထားမည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူ့အတွက်ထိုအရာက မခဲယဉ်းလှ၍ဖြစ်သည်။
ဤသို့ဖြင့် သူတို့၂ဦးသည် အချိန်အတော်ကြာ စကားစမြည်ပြောဆိုခဲ့ကြသည်။
အချိန်ကတဖြည်းဖြည်းကုန်လွန်လာကာ မှောင်ရီပျိုးစအချိန်သို့ရောက်လာခဲ့သော်လည်း အမှတ်၁၂ဂူနန်းမှ တပည့်များပြန်လာသည့် အရိပ်အယောင်ကိုမတွေ့ခဲ့ရပေ။
"တစ်ခုခုဖြစ်နေတာလား"
ဖေးလော့ချင်က မျက်မှောင်ကြုတ်လိုက်မိသည်။
သူသည် တောင်တန်းတစ်ခုလုံးကို လှည့်ပတ်ကာ စုံစမ်းမှုပြုလုပ်ရန်အတွက် တပည့်များကို အမိန့်ပေးလိုက်သည်။
ခဏအကြာတွင် ကင်းထောက်တစ်ယောက်က ကြောက်လန့်တကြားအမူအရာဖြင့် အလျင်စလိုသတင်းပို့လိုက်သည်။
"မဟာဂူသခင်...တစ်ခုခုတော့မှားနေပြီ...အနီးအနားကလမ်းတွေအားလုံး ပိတ်ဆို့ခံထားရတယ်"
"ဘယ်သူတွေလုပ်တာလဲ..."
ဖေးလော့ချင်က တည်တည်ငြိမ်ငြိမ်မေးခွန်းထုတ်လိုက်သည်။
"ရန်သူတွေက ယိုဘုရင်ရဲ့တပ်တွေနဲ့တူတယ်"
ကင်းထောက်က ပြန်ဖြေလိုက်သည်။
"ယိုဘုရင်...ဒီလူကတော်တော်အကြံကြီးတာပဲ...သူက စန်းလန်ဘုရင်နဲ့ကျိုးကုန်းဂူအသိုက်တို့ကြားမှာ ခုလိုမျိုးပူးပေါင်းဆောင်ရွက်နေတာကို ဘေးနားကနေပြီးတော့ ငြိမ်ငြိမ်လေးထိုင်မကြည့်နေဘူးလို့ ငါထင်တော့ထင်တယ်"
ဖေးလော့ချင်က အေးစက်သောလေသံဖြင့်ပြောလိုက်သည်။
လီယွမ်သည် တောင်ပိုင်းရှင်းကျန်းဒေသ၏ အခြေအနေအလုံးစုံကို ခြုံငုံသုံးသပ်မိလိုက်သည်။
လွန်ခဲ့သောနှစ်အနည်းငယ်က စန်းလန်ဘုရင်နှင့်ယိုဘုရင်တို့သည် တောင်ပိုင်းရှင်းကျန်းဒေသကို ထိန်းချုပ်ရန်တိုက်ပွဲ၀င်ခဲ့ကြသည်။သူတို့သည် ထိုကိစ္စနှင့်ပတ်သက်၍ အမြဲတမ်းလိုလိုပင် တင်းမာသောဆက်ဆံရေးရှိနေခဲ့ကြသည်။ယခုအချိန်တွင် သူတို့သည် တစ်ဦးနှင့်တစ်ဦး အသေအကြေတိုက်ခိုက်ရန် အသင့်ဖြစ်သွားကြပုံရသည်။
"ရှင်းကျန်းတောင်ပိုင်းရဲ့ သိုင်းဂိုဏ်း၃ခုက ယိုဘုရင်ရဲ့လမ်းညွန်မှုအောက်မှာ နတ်ဆိုးတွေနဲ့ပူးပေါင်းသွားတာဖြစ်နိုင်တယ်"
ဖေးလော့ချင်ကခန့်မှန်းလိုက်သည်။
"အခုဘယ်လိုလုပ်ကြမလဲ"
လီယွမ်က မေးမြန်းလိုက်သည်။
"စစ်ကူတွေရောက်လာတဲ့အထိ တောင့်ခံထားရမှာပေါ့...မကြာသေးခင်က စန်းလန်နန်းတော်နဲ့နန်းတော်ကိုးခုဂူအသိုက်တို့က နတ်ဆိုးတွေနဲ့သိုင်းဂိုဏ်း၃ခုကိုနှိမ်နင်းဖို့အတွက် အဓိကစစ်မြေပြင်ကို အာရုံစိုက်ထားခဲ့ကြတယ်...ဒီလိုအချိန်မျိုးမှာ ယိုဘုရင်ရဲ့အဖွဲ့က ခိုး၀င်တိုက်ခိုက်ဖို့အခွင့်အရေးယူလိမ့်မယ်လို့ မမျှော်လင့်ထားဘူး"
"ကျိုးကုန်းဂူအသိုက်ရဲ့ အပြင်ဘက်၀င်ပေါက်အများစုကို စန်းလန်တပ်တော်နဲ့န၀မနန်းတော်ရဲ့အတွင်းစည်းတို့က ပူးပေါင်းစောင့်ကြပ်ထားခဲ့တယ်...ဒါကြောင့်ကြီးမားလှတဲ့ စစ်တပ်ကြီး၀င်ရောက်ဖို့ မလွယ်ကူဘူး"
"တချို့စစ်သားတွေက နေရာလပ်တွေကခိုး၀င်လာပုံရတယ်"
"ငါတို့တောင့်ခံထားမှရမယ်..."
အမှတ်၁၂ဂူနန်း၏ ခေါင်းဆောင်တစ်ယောက်အနေဖြင့် ပြတ်သားသောစိတ်ထားရှိပေသည်။
"အမှတ်၁၂ဂူနန်းရဲ့အဖွဲ့၀င်တွေအားလုံးနားထောင်ကြ...တောင်ပေါ်ကိုချက်ချင်းပြန်သွားပြီးတော့ အစွမ်းကုန်ခုခံကာကွယ်ကြ"
လီယွမ်က စကားအပိုမပြောဘဲ တောင်ပေါ်ပြန်တက်သွားခဲ့သည်။
လက်ရှိအချိန်က သူ၏နတ်ဆိုးအလောင်းတပ်ဖွဲ့အား ပွဲထွက်ရမည့်အချိန်ဖြစ်သည်။
…