အငယ်တန်းမဟာသခင်ကို တိုက်ခိုက်ခြင်း
Vol. 3 Ch. 44
ဝါးတောထဲသို့ပြန်လာပြီးနောက် လီယွမ်သည် သူ၏လက်အောက်ရှိ အဆိပ်ရှိသော အင်းဆက်များအားလုံးကို ချက်ချင်းစုစည်းကာ တင်းတင်းကျပ်ကျပ် ပိုက်ကွန်တစ်ခုကို ထူထောင်လိုက်သည်။
"ငါ့ရဲ့လက်ရှိအင်အားနဲ့သာဆိုရင် ဆဌမအဆင့်စစ်သည်တော်တွေကို တိုက်ခိုက်နိုင်တယ်...သတ္တမအဆင့်စစ်သည်တော်တွေကတော့ ရှားပါးတဲ့စစ်သည်တော်တွေဖြစ်လို့ ဒီတစ်ခါတိုက်ခိုက်မှုမှာ များများစားစားမပါလောက်ဘူး"
ကျိုးကုန်းဂူအသိုက်နှင့် စန်းလန်နန်းတော်၏ခံစစ်ကြောင်းကို ထိုးဖောက်၀င်ရောက်လာသော ယိုဘုရင်၏တိုက်ခိုက်ရေးအင်အားစုသည် မည်မျှထိအားကောင်းမှန်း လီယွမ်ကိုယ်တိုင်ပင်မသိပေ။လက်ရှိအခိုက်အတန့်တွင် ဗိုလ်ချုပ်များက ဗိုလ်ချုပ်များကိုတိုက်ခိုက်နိုင်ပြီး ရေစီးကြောင်းကိုတွန်းလှန်ရန် မြေကြီးကသာပိတ်ဆို့နိုင်ပေသည်။
အကယ်၍ သူသာတိုက်ပွဲအခြေအနေအား မထိန်းချုပ်နိုင်ပါက ပုံရိပ်ယောင်ပိုးခြည်ဂူကောင်၏ ဖုံးကွယ်နိုင်စွမ်းကိုအသုံးပြုကာ ထွက်ပြေးနိုင်ပေသည်။
"ရွှီ..."
"ကီ...ကီ"
ယခုတစ်ကြိမ်တွင် ရှောင်ကိုင်နှင့်ဝူမေ့သည်ပင် လေးလေးနက်နက်ပြုမူနေခဲ့သည်။
ဝူမေ့သည် သူမ၏နတ်ဆိုးအလောင်းစစ်တပ်အား ထိန်းချုပ်လိုက်ကာ သစ်ပင်များနှင့်မြေအောက်တွင် ပုန်းကွယ်နေစေခဲ့သည်။
လီယွမ်သည် နတ်ဆိုးအလောင်းများ၏ အော်ရာကိုဖုံးကွယ်ရန်အတွက် ချိတ်ပိတ်ခြင်းဂူကောင်ကို အသုံးပြုခဲ့ကာ သူကိုယ်တိုင်က ပုံရိပ်ယောင်ပိုးခြည်ဂူကောင်ဖြစ်သော ပက်ကျိ၏အကူအညီဖြင့် အမှောင်ထုထဲ၌ ပုန်းအောင်းနေခဲ့သည်။
ယိုဘုရင်၏တပ်များ တိုက်ခိုက်လာမှုသည် အလွန်ပင်ရုတ်တရက်ဆန်သည့်အတွက် ဤအရာအားလုံးက သူအတတ်နိုင်ဆုံးလုပ်ဆောင်နိုင်သည့်ဘောင်အတွင်း၌သာရှိသည်။
ဗုံး...ဗုံး...ဗုံး...
ခဏအကြာတွင် အမှတ်၁၂ဂူနန်းတည်ရှိရာ တောင်တန်းတလျှောက် သတိပေးသံများက အဆက်မပြတ်ထွက်ပေါ်လာခဲ့သည်။
"ရှောင်ကျောက်ကော ဘယ်လိုနေလဲမသိဘူး"
အပြန်လမ်းတွင် ရှောင်ကျောက်တို့အဖွဲ့သည် ယိုဘုရင်၏တပ်ဖွဲ့နှင့်ဆုံတွေ့မိမည်ကို စိုးရိမ်နေခဲ့သည်။အကယ်၍ သူမသာဆဌမအဆင့်စစ်သည်တော်တစ်ယောက်နှင့် ဆုံတွေ့ခဲ့မည်ဆိုပါ သတ်ဖြတ်ခံရမည်ဖြစ်သည်။
သို့ဖြစ်ရာ လီယွမ်တစ်ယောက် ဆုတောင်းရုံမှလွဲ၍ အခြားမတတ်နိုင်ခဲ့ပေ။လက်ရှိအချိန်တွင် သူသည်လည်းအန္တာရယ်ကျရောက်နေပေရာ ရှောင်ကျောက်အားရှာဖွေရန်အတွက် တောင်အပြင်သို့ မထွက်နိုင်ခဲ့ပေ။
ထိုအချိန်တွင် စကားပြောနိုင်သော ငှက်တစ်ကောင်ပျံသန်းလာခဲ့ကာ လူသားဘာသာစကားဖြင့် ပြောလာခဲ့သည်။
"လီယွမ်...ဂူသခင်က တောင်ထိပ်တွေပေါ်က ခန်းမဆောင်တွေအားလုံးကို စွန့်လွှတ်ဖို့ဆုံးဖြတ်လိုက်တယ်...အပြင်ဘက်ကာကွယ်ရေးစည်း ကျရှုံးသွားတာနဲ့တပြိုင်နက် တပည့်အားလုံးက ပင်မတောင်ထိပ်ကို ဆုတ်ခွာကြရမယ်"
"ကျေးဇူးပြုပြီးတော့ ပင်မတောင်ထိပ်ကိုသွားပြီး ခံစစ်ပြင်ဆင်ပါ"
ထိုစကားများကို နားထောင်ပြီးသည်နှင့် လီယွမ်က အခြေအနေမည်မျှပြင်းထန်ကြောင်း ချက်ချင်းနားလည်လိုက်သည်။ယိုဘုရင်တပ်ဖွဲ့၏ ရုတ်တရက်တိုက်ခိုက်မှုက စီနီယာအစ်ကိုဖေးအား ဖိအားများစွာကိုခံစားရစေကာ အပြင်ဘက်တောင်ထိပ်များကိုပင် စွန့်လွှတ်ရန်ဆုံးဖြတ်ခဲ့သည်။
"ငါက စန်းဂူမျှော်စင်ကိုပဲ ကာကွယ်ထားမယ်လို့ မဟာဂူသခင်ကိုပြန်ပြောပေးပါ"
သူ၏အခြေခံသည် ဤနေရာ၌ရှိနေ၍ လီယွမ်ကထွက်ခွာသွား၍မရပေ။အကယ်၍ သူသာဤနေရာအား ခုခံကာကွယ်နိုင်စွမ်းမရှိခဲ့ပါက ထိုအချိန်သို့ရောက်လျှင် ပင်မတောင်ထိပ်သည်လည်း ကျရှုံးသွားပြီးဖြစ်ပေလိမ့်မယ်....
"နားလည်ပါပြီ"
ငှက်သည် အမိန့်ပေးလိုက်သောစကားကိုသာလိုက်နာ၍ မဆိုင်းမတွထပျံသွားခဲ့သည်။
နာရီ၀က်ခန့်ကြာပြီးနောက်...
တောင်တံခါး၏အပြင်ဘက် ကာကွယ်ရေးခံစစ်ကြောင်းမှနေ၍ ပြင်းထန်သောလှုပ်ခတ်မှုများ စတင်ဖြစ်ပေါ်လာခဲ့ကာ တိုက်ပွဲကတရား၀င်စတင်ခဲ့သည်။လီယွမ်သည် လရောင်ဂူကောင်၏မြင်ကွင်းမှတဆင့် တိုက်ပွဲအခြေအနေအား တွေ့မြင်နေရသည်။
တစ်ချိန်တည်းမှာပင် လူသတ်ပျားအဖွဲ့၊ဓားအဆိပ်ဂူကောင်အဖွဲ့၊စိတ်ဝိညာဉ်လှည့်စားခြင်းဂူကောင်အဖွဲ့တို့အား ယိုဘုရင်၏တပ်ဖွဲ့ကို လျှို့ဝှက်တိုက်ခိုက်ရန်အတွက် စေလွှတ်ခဲ့သည်။
သို့သော် ယိုဘုရင်၏တပ်ဖွဲ့သည် အလွန်ပင်အစွမ်းထက်နေခဲ့သည်။စစ်သည်တော်များသည် အလွန်အားကောင်းသောသွေးချီစွမ်းအင်များကို ထုတ်လွှတ်နေခဲ့ကာ သာမန်အဆိပ်ပြင်းဂူကောင်များသည် ၎င်းတို့အနီးသို့မချဉ်းကပ်နိုင်မှီ သေဆုံးသွားခဲ့ရသည်။
၎င်းတို့အသီးသီးသည် စစ်မြေပြင်၌အချိန်အတော်ကြာအောင် အသက်နှင့်ရင်း၍တိုက်ခိုက်ခဲ့ကြသည့် ဝါရင့်စစ်ပြန်များဖြစ်ကြသည်။အမှတ်၁၂ဂူနန်း၏ စစ်ပွဲအုပ်ချုပ်ရေးခန်းမမှ အဖွဲ့၀င်များသည် ထိုလူများကိုလုံး၀မယှဉ်နိုင်ခဲ့ပေ။
တစ်မိနစ်အတွင်း ခံစစ်စည်းကလုံး၀ကျိုးပျက်သွားခဲ့ရသည်။ကံကောင်းထောက်မစွာဖြင့် လီယွမ်သည် ထိုခံစစ်စည်းတွင် မပါ၀င်ဘဲ ညဏ်ရှိစွာဖြင့် စောင့်ကြည့်နေခဲ့သည်။
အခြေအနေက အလွန်ဆိုးဝါးလျက်ရှိသည်။ယိုဘုရင်၏အဖွဲ့တွင် အားအကောင်းဆုံးလူမှာ သတ္တမအဆင့်နှင့်အလွန်နီးကပ်နေပြီး မဟာသခင်တစ်ယောက်ဖြစ်လာရန် ခြေတစ်လှမ်းမျှသာလိုအပ်တော့သည်။
သူ၏နောက်တွင် ဆဌမအဆင့်အငယ်တန်းမဟာသခင် ၃ယောက်ပါဝင်လာခဲ့သည်။
ထိုအရာသည် အစစ်အမှန်ထိပ်တန်းတပ်ဖွဲ့ဖြစ်သည်။သူတို့သည် စန်းလန်တပ်တော်၏ကာကွယ်ရေးကိုချိုးဖောက်ကာ ဤနေရာထိ နက်နက်ရှိုင်းရှိုင်းထိုးဖောက်နိုင်ခဲ့သည်မှာ အံ့ဩစရာမဟုတ်တော့ပေ။
"သတ်ကြ..."
စစ်ပွဲကြီးစတင်ချိန်တွင် သတ်ဖြတ်လိုစိတ်များက ကောင်းကင်ယံကိုပင်ဟိန်းထွက်စေခဲ့ပြီး ပင်မတောင်ထိပ်ပင် လှုပ်ခါသွားခဲ့ရသည်။
လီယွမ်သည် ဖေးလော့ချင်၏ပင်မဂူကောင်ကို တဖန်ပြန်၍မြင်တွေ့ခဲ့ရသည်။ထိုအရာသည် ဧရာမကလေးငယ်တစ်ယောက်နှင့်ဆင်တူသော အဖြူရောင်မြူခိုးထုကြီးဖြစ်သည်။
"ဂျင်ဆင်းကလေးငယ် ဂူကောင်"
လီယွမ်သည် ဤမျှအံ့ဩဖွယ်ကောင်းသော အပင်အမျိုးအစားဂူကောင်ကို အနီးကပ်ကြည့်ရှုလေ့လာလိုသော်လည်း သူ့အတွက်အခွင့်မရခဲ့ပေ။ယိုဘုရင်၏တပ်ဖွဲ့ငယ်လေးတစ်ခုက ဝါးတောလေးရှိရာသို့ ဦးတည်ချီတက်လာခဲ့သည်။
"မင်းတို့က မီးနဲ့ကစားဖို့ အစွမ်းကုန်ကြိုးစားနေကြတယ်ပေါ့..."
လီယွမ်သည် သူ၏အေးစက်နေသောနှုတ်ခမ်းကို လျှာဖြင့်သပ်၍ ရေရွတ်လိုက်သည်။သူသည် ဤနေရာကိုဖျက်ဆီးခံလိုက်မည်ဆိုပါက ဝါးတောကိုစွန့်ခွာကာ ခွေးလေခွေးလွင့်တစ်ကောင်လို ထွက်ပြေးရန်သာ ရွေးချယ်စရာရှိတော့မည်ဖြစ်သည်။
"အမဲလိုက်ခြင်းစပြီ..."
လီယွမ်က စိတ်လှုပ်ရှားလာခဲ့သည်။
ယိုဘုရင်၏တပ်ဖွဲ့သည် တောင်တက်လမ်းပေါ်၌ ဂူကောင်များ၏ချောင်းမြောင်းတိုက်ခိုက်မှုကို ရုတ်ချည်းခံလိုက်ရသည်။ပထမဆုံးထွက်ပေါ်လာသည်မှာ မိမိကိုယ်ကိုဖျက်ဆီးနိုင်စွမ်းရှိသော ဖျက်ဆီးရေးဂူကောင်များဖြစ်သည်။ထိုဂူကောင်များ၏ဖောက်ခွဲမှုကြောင့် စစ်သားများက သူတို့၏နှာခေါင်းနှင့်မျက်လုံးကိုဖုံးအုပ်၍ တောင်ပေါ်သို့ဆက်တက်ခဲ့ကြသည်။
"သေစမ်း...ဒီလောက်များတဲ့ဂူကောင်တွေက တစ်ကြိမ်တည်းမှာ ကို့ကိုယ်ကိုဖောက်ခွဲလိုက်ကြတာလား"
"ဒီတောင်ပေါ်မှာပုန်းအောင်းနေတဲ့ ဂူသခင်တွေအများကြီးရှိရမယ်...ခေါင်းဆောင်ကိုမြန်မြန်လာခိုင်းလိုက်"
စစ်သားများက တစ်ခုခုမှားယွင်းနေကြောင်း ရိပ်မိလိုက်ချိန်တွင် နောက်ကျသွားခဲ့ပြီဖြစ်သည်။
လီယွမ်၏လက်ရှိနည်းလမ်းများဖြင့်ဆိုလျှင် ဆဌမအဆင့်စစ်သည်တော်မပါ၀င်သည့် တပ်သားတစ်စုကို ကြက်၊ဘဲများသဖွယ် သတ်ဖြတ်နိုင်ပေသည်။
"ဒီလောက်နဲ့မလုံလောက်သေးဘူး...ဆဌမအဆင့်စစ်သည်တော် ၁ယောက် ဒါမှမဟုတ် ၂ယောက်လောက်ကို ဆွဲဆောင်ထားနိုင်မှ ပင်မတောင်ထိပ်က ဖိအားတချို့ကို မျှဝေနိုင်မှာဖြစ်တယ်"
"ဝါးတောလေးထဲမှာ ငါနေရာချထားတဲ့ လက်အောက်ခံဂူကောင်တွေနဲ့ နတ်ဆိုးရုပ်အလောင်းတွေရဲ့အစွမ်းနဲ့ဆိုရင် ဆဌမအဆင့်စစ်သည်တော်ရဲ့ဦးဆောင်မှုမရှိတဲ့ ရန်သူတွေဘယ်လောက်ပဲလာလာ အခက်အခဲမရှိသတ်ဖြတ်ပစ်နိုင်တယ်"
ထိုအရာက လီယွမ်၏ယုံကြည်မှုပင်ဖြစ်သည်။
ဤသည်မှာ သူသည်ဝါးတောငယ်ကို မစွန့်ခွာလိုရသည့် အဓိကအကြောင်းရင်းလည်းဖြစ်သည်။သူသည် ဤနေရာမှထွက်ခွာလိုက်မည်ဆိုပါက သူ၏လက်တစ်ဖက်ဖြတ်တောက်ခံလိုက်ရသလိုမျိုး လက်အောက်ခံဂူကောင်များစွာကို ဆုံးရှုံးသွားရမည်သာဖြစ်သည်။
များမကြာမှီ အခြားအဖွဲ့၁ခုက ဝါးရုံတောရှိရာ တောင်အောက်ခြေသို့ ရောက်ရှိလာခဲ့သည်။
ယခုတစ်ကြိမ်အဖွဲ့ကို ဆဌမအဆင့်စစ်သည်၂ယောက်က ဦးဆောင်လာခဲ့သည်။
ဤသည်မှာ ပင်မတောင်ထိပ်၌ တိုက်ပွဲကမည်မျှပြင်းထန်ကာ ရက်စက်ကြမ်းကြုတ်ကြောင်း ပြသနေခဲ့သည်။ယိုဘုရင်၏စစ်တပ်သည် ဖိအားမခံစားရဘဲ ဆဌမအဆင့်အငယ်တန်းမဟာသခင်၂ယောက်ကို ချက်ချင်းစုစည်းနိုင်ခဲ့သည်။
"ဒါက ငါ့ရဲ့ဘ၀မှာ အငယ်တန်းမဟာသခင်တွေနဲ့ရင်ဆိုင်ရတာ ပထမဆုံးအကြိမ်ဖြစ်လောက်တယ်"
လီယွမ်က အနည်းငယ်စိတ်ရှုပ်ထွေးနေခဲ့သည်။
ပြိုင်ဘက်က မဟာသခင်ဖြစ်နေသည့်အချိန်တွင် ၎င်း၏ထက်မြက်သောစိတ်စွမ်းအားအောက်၌ အဆင့်နိမ့်လက်အောက်ခံဂူကောင်များ၏ ခိုး၀င်တိုက်ခိုက်မှုများသည် ချက်ချင်းဖော်ထုတ်ခံရကာ အောင်မြင်စွာတိုက်ခိုက်နိုင်ရန် ခဲယဉ်းမှာဖြစ်သည်။
သူတို့သည် အခြားတပ်သားများကိုသာ ထိန်းချုပ်နိုင်မည်ဖြစ်သည်။
ဆဌမအဆင့် အငယ်တန်းမဟာသခင်၂ယောက်သည် ထောပတ်ကိုဓားဖြင့်လှီးဖြတ်လိုက်သကဲ့သို့ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ဝါးရုံတောလေးရှိရာဆီ အလွယ်တကူထိုးဖောက်၀င်ရောက်သွားခဲ့သည်။
"ငါထင်ထားသလိုပဲ..."
ထိုမြင်ကွင်းကိုကြည့်၍ လီယွမ်အံ့ဩခြင်းမရှိပေ။
အဆုံးသတ်တွင် သူသည်ပဉ္စမအဆင့်ဂူသခင်တစ်ယောက်သာဖြစ်ကာ သူ၏လက်အောက်ခံဂူကောင်များတွင် စွမ်းအားအကန့်အသတ်သာရှိသည်။အကယ်၍သူသာ အဆင့်ဖြတ်ကျော်ကာ ဆဌမအဆင့် အငယ်တန်းမဟာသခင်ကိုသတ်ဖြတ်လိုပါက ပင်မဂူကောင်များကို အားကိုးရမည်ဖြစ်သည်။
ပင်မဂူကောင်ကသာ ဂူသခင်၏အစစ်အမှန်စွမ်းအားကို ထင်ဟပ်ပြသစေနိုင်သည်။
လီယွမ်သည် အမှောင်ထဲ၌နက်နက်ရှိုင်းရှိုင်းပုန်းအောင်းနေခဲ့ကာ ပုံရိပ်ယောင်ပိုးခြည်ဂူကောင်က သူ့အားလေဟာနယ်အတွင်း၌ ကွယ်ဝှက်ထားခဲ့သည်။သို့ဖြစ်ရာ ဆဌမအဆင့် အငယ်တန်းမဟာသခင်သည်ပင် လီယွမ်အားရှာမတွေ့နိုင်တော့ပေ။
"ဟမ်...ဘာတွေဖြစ်နေတာလဲ..."
သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် တောင်ပေါ်တက်လာသော ဆဌမအဆင့် အငယ်တန်းမဟာသခင်၂ယောက်က အံ့ဩသွားခဲ့ကြသည်။
သူတို့သည် ပတ်၀န်းကျင်အားစူးစမ်းလိုက်ချိန်တွင် တောင်ပေါ်၌ မည်သည့်လူအရိပ်အယောင်မှမတွေ့ရပေ။ထိုသို့ဆိုလျှင် တောင်တက်လမ်း၌ အဘယ်ကြောင့် ဂူကောင်များစွာရှိနေရသနည်း။ပဉ္စမအဆင့်စစ်သည်တော်တစ်ဦးပင် ဂူကောင်များ၏ခိုး၀င်တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ရသည်။
"သတိထား...တူကြီး"
အငယ်တန်းမဟာသခင်၂ယောက်သည် နောက်ပြန်ဆုတ်ကာ ခုခံမည့်ပုံစံဖြင့် အသင့်ရှိနေခဲ့ကြသည်။
"ဒီဂူသခင်တွေက လှည့်ကွက်တွေနဲ့ပြည့်နှက်နေတဲ့လူတွေပဲ...သူတို့ကထိပ်တိုက်ရင်ဆိုင်ရမယ်ဆို ငါ့ရဲ့ဓားတစ်ချက်တောင် ခံနိုင်မှာမဟုတ်ဘူး"
တူကြီးဟုအမည်ရသော အငယ်တန်းမဟာသခင်က အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်သည်။
"လူအိုကြီးချင်...မင်းငါ့ကိုကာကွယ်ပေးထား...ဒီတိတ်ဆိတ်မှုကိုချိုးဖျက်နိုင်ဖို့အတွက် ငါ့ရဲ့တူနှစ်လက်ကို စမ်းကြည့်လိုက်မယ်"
"ကောင်းပြီ..."
လူအိုကြီးချင်၏အမည်ရင်းမှာ ချင်ရှူးဖြစ်သည်။သူသည် မရေမတွက်နိုင်သော တိုက်ပွဲကြီးတိုက်ပွဲငယ်များစွာကို တွေ့ကြုံခဲ့ဖူးသည့်အတွက် ယခုလိုထူးဆန်းသောအရာများကို မကြာခဏကြုံတွေ့ဖူးပေသည်။
သို့ဖြစ်ရာသူသည် ပြိုင်ဘက်အားလျော့မတွက်မိဘဲ အနည်းငယ်ကြောက်ရွှံနေခဲ့သည်။ဤမျှများပြားလှသော ဂူသခင်များသည် သူတို့မမြင်တွေ့နိုင်အောင် မည်ကဲ့သို့ပုန်းအောင်းနေခဲ့သနည်း။
တောင်ခြေ၌ခြုံခိုတိုက်ခိုက်သော ဂူကောင်အရေအတွက်ကိုကြည့်ရမည်ဆိုပါက ဤနေရာတွင် ပုန်းအောင်းနေသောဂူသခင်အရေအတွက်သည် အနည်းဆုံး၁၀၀ခန့်ရှိရပေမည်။
သို့သော် ယခုမူတောင်ပေါ်၌ လူဟူ၍အရိပ်အယောင်ပင် မတွေ့ရပေ။
"ခြင်္သေ့ဟိန်းသံ..."
ချင်ရှူးနှင့်ယှဉ်ပါက တူကြီးကပို၍ကြမ်းတမ်းပေသည်။သူသည် ပေါင်ထောင်နှင့်ချီလေးလံသော စစ်သုံးတူကြီးတစ်စုံကိုကိုင်ဆောင်ကာ အမြင့်သို့ခုန်တက်လိုက်ပြီးနောက် တူတစ်စုံဖြင့် မြေကြီးအားရိုက်ချလိုက်သည်။
ဗုံး...
မျက်စိဖြင့်မမြင်တွေ့နိုင်သော လေလှိုင်းများက ဖုန်မှုန့်များကိုဖြစ်ပေါ်စေကာ မြေပေါ်ကြွေကျနေသောသစ်ရွက်ခြောက်များကို လွှင့်ထွက်စေပြီး မြေကြီးပေါ်၌ အက်ကွဲကြောင်းများကို ဖြစ်ပေါ်စေခဲ့သည်။
ထိုအခိုက်အတန့်တွင် ၀က်ဝံနက်ကြီးတစ်ကောင်က ကောင်းကင်ပေါ်မှဆင်းသက်လာခဲ့ကာ သူ၏ဧရာမလက်ကြီးကိုမြှောက်၍ တူကြီးရဲခေါင်းကို ပြင်းပြင်းထန်ထန်ရိုက်ချလိုက်သည်။
ချင်ရှူးသည် ကျောက်ဆောင်ကြီးတစ်ခုနောက်သို့ အမြန်ဆုတ်ခွာလိုက်ပြီး တူကြီးအားတိုက်ခိုက်ရန် ပြင်ဆင်နေချိန်၌ မျောက်ဝံတစ်ကောင်က သူ့အားတိုက်ခိုက်လာခဲ့သည်။
"စစ်သူကြီး၀က်ဝံနက်...စစ်သူကြီးမျောက်ဝံ"
"သူတို့က စန်းလန်းစစ်တပ်ဆီ သတ်ဖြတ်ခံလိုက်ရပြီမဟုတ်လား...ဘာလို့ဒီကိုရောက်လာတာလဲ"
တူကြီးက အံ့ဩတကြီးရေရွတ်လိုက်သည်။
"သူတို့ကို ရုပ်သေးရုပ်အဖြစ် ပြုပြင်ထားမှာကို ငါစိုးရိမ်နေတယ်"
ချင်ရှုး၏မျက်နှာသည် မိုးအုံ့သကဲ့သို့ ညို့မှိုင်းလာခဲ့သည်။
"ငါတို့ရဲ့ထောက်လှမ်းရေးက အမှားကြီးတစ်ခုလုပ်ဆောင်မိခဲ့တာပဲ...အမှတ်၁၂ဂူနန်းထဲမှာ ဆဌမအဆင့်ဂူသခင်တွေအများကြီးရှိနေတယ်...တိုက်ခိုက်ဖို့အသင့်လုပ်ထား"
…