ဂူအိမ်၏လျှို့ဝှက်ချက်
Vol. 3 Ch. 36
သူအချိန်အတော်ကြာ ရှာဖွေခဲ့သောအဖြေသည် သူ့မျက်စိရှေ့တွင်ရောက်နေပြီဖြစ်ရာ လီယွမ်တစ်ယောက် စိတ်မလှုပ်ရှားဘဲမနေနိုင်တော့ပေ။
"ဂူအိမ်ဆိုတာ အဆင့်မြင့်ဂူသခင်တွေအတွက် ထူးခြားတဲ့လျှို့ဝှက်နည်းစနစ်တစ်ခုဖြစ်တယ်...ဒါကိုဂူကောင်တွေနဲ့လုပ်ထားတဲ့ ဂူကောင်တွေရဲ့နေအိမ်လို့ပြောနိုင်တယ်"
ယုဟွမ်းချွမ်က ရှင်းပြလိုက်သည်။
"ဒီတပည့်ကို အလင်းပြပေးပါအုံး"
လီယွမ်က ခဏလောက်စဉ်းစားပြီးနောက်တွင် ယုဟွမ်းချွမ်အား တောင်းဆိုလိုက်သည်။
"ထူးခြားဂူကောင်စာရင်းမှာပါတဲ့ဂူကောင်တွေက အရမ်းကိုရှားပါးတယ်ဆိုတာ မင်းသိထားရမယ်...ထူးခြားဂူကောင်ကိုမပိုင်ဆိုင်တဲ့ဂူသခင်တစ်ယောက်ဟာ မြင့်မားတဲ့အဆင့်ကိုရောက်လာလေလေ တူညီတဲ့အဆင့်မှာရှိတဲ့စစ်သည်တော်တွေနဲ့ယှဉ်နိုင်ဖို့ အခွင့်အရေးနည်းလေလေပဲ"
"အစွမ်းထက်တဲ့စစ်သည်တော်တွေဟာ မရေမတွက်နိုင်တဲ့ လျှို့ဝှက်နည်းစနစ်တွေနဲ့ တိုက်ခိုက်ရေးနည်းလမ်းတွေပိုင်ဆိုင်ကြပြီး အစွမ်းထက်လက်နက်တွေတပ်ဆင်ထားကြတယ်...ဂူသခင်တစ်ယောက်က ပင်မဂူကောင်တစ်ခုနဲ့ သူတို့ကိုမယှဉ်နိုင်ဘူးလေ"
"ဒါကြောင့် ဂူအိမ်ကိုလိုအပ်လာရတာပဲ"
"မင်းရဲ့ပင်မဂူကောင်ကို ဗဟိုအဖြစ်အသုံးပြုပြီးတော့ မင်းရဲ့စိတ်စေရာအတိုင်း မသွေမတိမ်းရွေ့လျားတိုက်ခိုက်ပေးမယ့် ဂူကောင်စစ်တပ်တစ်ခုကို တည်ဆောက်ရတယ်...ငါတို့ကအဲ့ဒါကိုဂူအိမ်လို့ခေါ်တယ်"
"ပုရွက်ဆိတ်ဘုရင်မက အမိန့်ပေးတဲ့အခါ ပုရွက်ဆိတ်တွေအကုန်လုံးက နာခံကြရတယ်...ခုလည်းအဲလိုသဘောပဲ"
"သေချာတာပေါ့...ဂူအိမ်ကိုတည်ဆောက်ရတာဟာ ပုရွက်ဆိတ်စစ်တပ်ကိုတည်ဆောက်ရတာထက် အများကြီးပိုရှုပ်ထွေးတယ်...ဂူအိမ်ကိုပိုင်ဆိုင်ထားကြတဲ့ ဂူသခင်တိုင်းဟာ ဂူသခင်ကို ပင်မဂူကောင်လိုမျိုးစွမ်းအားတွေပိုင်ဆိုင်စေပြီး ကိုယ်ပိုင်ခွန်အားကိုသိသိသာသာတိုးမြင့်ပေးနိုင်တယ်"
ယုဟွမ်းချွမ်က စိတ်ရှည်လက်ရှည်ဖြင့်ရှင်းပြပေးခဲ့ရာ လီယွမ်ကတဖြည်းဖြည်းနားလည်လာခဲ့သည်။
ယုဟွမ်းချွမ်က ပြုံး၍ပြောလိုက်သည်။
"မင်းရဲ့ပင်မဂူကောင်က ဧရာမဝိညာဉ်ဂူကောင်ပဲ...မင်းသာအဲ့ဂူကောင်နဲ့ဂူအိမ်ကိုတည်ဆောက်ခဲ့မယ်ဆိုရင် မင်းကသိန်းနဲ့ချီတဲ့လက်အောက်ခံဂူကောင်တွေကို အခက်အခဲမရှိထိန်းချုပ်နိုင်လိမ့်မယ်"
"အဆင့်နိမ့်ဂူကောင်တစ်ကောင်စီတိုင်းက မင်းကိုမတူညီတဲ့တိုးတက်မှုတွေပေးစွမ်းနိုင်တယ်...အဲလိုတိုးတက်မှုဖြစ်စဉ်က စစ်သည်တော်တွေရဲ့ ကောင်းကင်ဖြစ်စဉ်နဲ့နှိုင်းယှဉ်လို့ရတယ်...အဲ့အရာတွေကပဲ သူတို့ကိုအဆင့်နိမ့်စစ်သည်တော်တွေနဲ့ ဂူသခင်တွေမယှဉ်နိုင်ရတဲ့အကြောင်းရင်းပဲ"
"ရေတွင်းထဲကဖားတစ်ကောင်နဲ့ ကောင်းကင်ပေါ်ကလမင်းလိုပဲ ကွာခြားချက်ကကြီးမားလွန်းတယ်...မင်းသာအဲအဆင့်ကိုမရောက်သေးရင် အဲ့စွမ်းအားကိုစိတ်ကူးယဉ်ဖို့ခက်ခဲတယ်"
လီယွမ်သည် ယုဟွမ်းချွမ်၏စကားများကိုနားထောင်ပြီးနောက် သူ၏ခံစားချက်များပြင်းထန်လာခဲ့သည်။
သူသည် မရေမတွက်နိုင်သော လက်အောက်ခံဂူကောင်များကို ထိန်းချုပ်နိုင်သော်လည်း သူတို့ကသတင်းထောက်လှမ်းရာ၌သာအသုံးပြုလေ့ရှိကာ သူ၏ကိုယ်ပိုင်ခွန်အားကို မတိုးတက်စေပေ။
သူ၏ကိုယ်ပိုင်စစ်တပ်အား ဖွဲ့စည်းနိုင်လျှင်တောင်မှ သန်မာသောရန်သူက သူ့အားခေါင်းဖြတ်သွားနိုင်ပေသည်။
"ဆရာ...ဂူအိမ်ကိုတည်ဆောက်ဖို့အတွက် ဘယ်လိုအခြေအနေမျိုးရှိရမလဲ..."
လီယွမ်က မေးမြန်းလိုက်သည်။
"ယေဘုယျအားဖြင့်ပြောရမယ်ဆိုရင် စစ်သည်တော်တွေလိုပဲ အဌမအဆင့်ကိုရောက်မှသာ ဂူသခင်တွေကဂူအိမ်ကိုတည်ဆောက်နိုင်တယ်...စစ်သည်တော်တွေဆိုရင်လည်း သိုင်းသူတော်စင်တွေကသာ ကောင်းကင်လမ်းစဉ်ကို စုစည်းနိုင်ကြတယ်"
"အရမ်းကိုပါရမီရှိတဲ့ သတ္တမအဆင့်ဂူသခင်အနည်းငယ်ကသာ အံ့ဖွယ်ဖြစ်ရပ်တွေကိုဖန်တီးဖို့ အလားအလာရှိကြတယ်"
"ဂူအိမ်ကိုတည်ဆောက်ဖို့ အခြေအနေ၃ခုကို မဖြစ်မနေလိုအပ်တယ်"
"ပထမ...ဂူသခင်ရဲ့စိတ်စွမ်းအားဟာ နယ်မြေအဆင့်ကိုရောက်ရှိနေရမယ်"
"ဒုတိယအချက်အနေနဲ့ ပင်မဂူကောင်ဟာ သာမန်ဂူကောင်မဖြစ်ရဘူး...ဒါပေမဲ့သာမန်ဂူကောင်ကနေ အဆင့်တက်လာတဲ့ဂူကောင်တွေကကိစ္စမရှိဘူး...ဥပမာပြောရင် ဧရာမဝိညာဉ်ဂူကောင်က သွေးနဲ့ချီဂူကောင်ကနေ တိုးတက်လာသလိုပဲ"
"တတိယအချက်အနေနဲ့ ဂူကောင်ထိန်းချုပ်ခြင်းနည်းစနစ်မှာ မင်းကနှလုံးသားနဲ့ပဲ့တင်ထပ်ခြင်းအဆင့်ကို ရောက်ရှိနေရလိမ့်မယ်"
ယုဟွမ်းချွမ်သည် ဂူအိမ်တစ်ခုအားတည်ဆောက်ရန်အတွက် ခက်ခဲကြမ်းတမ်းလှသော အခြေအနေ၃ခုအကြောင်းကို ရှင်းပြပေးခဲ့သည်။ထိုအခြေအနေ၃ခုအား တပြိုင်နက်တည်းဆောင်ရွက်နိုင်သူများမှာ အဌမအဆင့်ဂူသခင်များသာဖြစ်ကြပေသည်။
"ဆရာ...နှလုံးသားနဲ့ပဲ့တင်ထပ်မှုဆိုတာက ဘာအဆင့်လဲ"
လီယွမ်က သူနားမလည်သောအချက်များကို စတင်မေးမြန်းလိုက်သည်။
သူသာ န၀မနန်းတော်၏အတွင်းစည်းထဲ မ၀င်ရောက်ခဲ့ဘဲ ကိုယ်တိုင်စူးစမ်းလေ့လာရမည်ဆိုပါက များစွာဒုက္ခရောက်နိုင်ပေသည်။
"မင်းကဘာမှနားမလည်သေးဘူးပဲ...ဒါတောင်မင်းရဲ့ကြိုးစားအားထုတ်မှုနဲ့အရည်အချင်းတွေကြောင့် လက်ရှိအဆင့်ကိုရောက်လာတာ တကယ်ချီးကျူးစရာပါဘဲ"
ယုဟွမ်းချွမ်က သက်ပြင်းချမိလိုက်သည်။ယခုလိုရွှေရောင်ငါးကြင်းတစ်ကောင်သည် ရေအိုင်ငယ်ထဲတွင် အဘယ်သို့နေနိုင်မည်နည်း။အခြေအနေသာပေးပါက ထိုငါးကြင်းသည် နဂါးဂိတ်ကိုခုန်ကူးကာ နဂါးဖြစ်လာနိုင်သည်။
လက်ရှိအချိန်တွင် လီယွမ်သည် ရင်သပ်ရှုမောဖွယ်ထွက်ပေါ်လာရန်တာစူနေသော အရောင်မတင်ရသေးသည့် ကျောက်စိမ်းရိုင်းတစ်ခုသာဖြစ်သည်။
"ကျနော်ကံကောင်းတာပါ..."
လီယွမ်သည် ယုဟွမ်းချွမ်၏ချီးကျူးမှုကြောင့် အနည်းငယ်ရှက်ရွှံသွားခဲ့သည်။
"မင်းကိုယ့်ကိုကိုယ်နှိမ့်ချနေစရာမလိုဘူး..."
ယုဟွမ်းချွမ်က ပြုံး၍ပြောလိုက်သည်။
"မင်းကကျိုးကုန်းဂူအသိုက်ရဲ့ အဖွဲ့၀င်ဖြစ်လာပြီးကတည်းက စန်းဂူမျှော်စင်ကနေဘယ်ကိုမှမသွားခဲ့ဘူးလို့ ပုရှီခန်းမရဲ့အကြီးအကဲကငါ့ကိုပြောတယ်...မင်းဒီနေရာကထွက်လာတဲ့တစ်ခုတည်းသောအချိန်က ကွယ်လွန်သွားတဲ့စန်းဂူမျှော်စင်ရဲ့ အရင်တာ၀န်ခံတံဆိပ်ပြားကို ပုရှီခန်းမဆီပြန်အပ်ခဲ့တာပဲ"
"မင်းရဲ့ဆရာတစ်ယောက်အနေနဲ့ မင်းကြိုးစားခဲ့တဲ့အခိုက်အတန့်တွေကို ငါနားလည်ထားတယ်"
လီယွမ်အား တပည့်တစ်ယောက်အဖြစ်လက်ခံရန်အတွက် ယုဟွမ်းချွမ်သည် အလျင်စလိုဆုံးဖြတ်ချက်ချခဲ့ခြင်းမဟုတ်ပေ။ယုဟွမ်းချွမ်သည် လီယွမ်နှင့်ပတ်သက်၍ လျှို့ဝှက်စုံစမ်းမှုများစွာကို ပြုလုပ်ခဲ့ပြီးဖြစ်သည်။
အဘိုးဖြစ်သူ၏အလောင်းကို ကျောပိုးကာ အခြားနေရာတစ်ခုမှ ထွက်ပြေးလာခြင်းမှစတင်၍ စန်းဂူမျှော်စင်မှထွက်ခွာခြင်းမရှိခဲ့ပေ။သူသည် ယခင်တာ၀န်ခံဆုံးပါးသည့်အချိန်မှသာ ခြွင်းချက်တစ်ခုအနေဖြင့် ဤနေရာမှထွက်ခွာလာခြင်းဖြစ်သည်။
လီယွမ်ထံတွင် သူမြင်တွေ့ရသည်ထက် ပိုမိုသောအရည်အချင်းနှင့် စိတ်သဘောထားမျိုးရှိပေသည်။လီယွမ်၏အကျင့်စာရိတ္တနှင့် လုံ့လဝိရိယက ယုဟွမ်းချွမ်တန်ဖိုးအထားဆုံးအရာများဖြစ်သည်။
"ဒီတပည့် ရှက်မိပါတယ်"
လီယွမ်သည် အမှန်ပင်ရှက်ရွှံသွားခြင်းဖြစ်သည်။
"ကောင်းပြီ...ရှက်နေစရာမလိုဘူး...လူငယ်အများစုက တက်တက်ကြွကြွနေကြပြီး ရင့်ကျက်မှုမရှိကြဘူးလေ..."
ယုဟွမ်းချွမ်သည် လီယွမ်အားတဖြည်းဖြည်းဖြင့် ပို၍သဘောတွေ့လာခဲ့သည်။ထို့ကြောင့် ရွှေနှင့်ကျောက်စိမ်းဖြင့် အနားကွပ်ထားသော ရှေးဟောင်းစာအုပ်နှစ်ခုအပါအ၀င် စာအုပ်များစွာကို လီယွမ်အားပေးအပ်လိုက်သည်။
"ဒီရှေးဟောင်းစာအုပ်နှစ်ခုမှ တစ်ခုကဂူကောင်တွေကိုထိန်းချုပ်ခြင်းရဲ့ အဆင့်မြင့်လျှို့ဝှက်ချက်တွေပါတယ်...နောက်တစ်ချက်ကတော့ ဂူအိမ်ကိုသန့်စင်နိုင်တဲ့လျှို့ဝှက်နည်းစနစ်တွေဖြစ်တယ်...မင်းဒီနှစ်ခုကိုဖြေးဖြေးချင်းလေ့လာနိုင်တယ်"
"ဒီစာအုပ်တွေကတော့ မင်းကိုအဆင့်မြင့်ဂူကောင်တွေ မွေးမြူနိုင်ဖို့အတွက်လိုအပ်ချက်တွေနဲ့ ငါ့ရဲ့အကြံညဏ်တွေကိုချမှတ်ထားတဲ့ မှတ်စုတွေပဲ"
"စာအုပ်တွေအတွက် ကျေးဇူးအများကြီးတင်ပါတယ်ဆရာ"
လီယွမ်က ခေါင်းညိတ်ပြလိုက်သည်။
သူ့အတွက် ဤစာအုပ်များက ကမ္ဘာသစ်တစ်ခုဆီသို့ ဖွင့်လှစ်ရာသော့တံဖြစ်သည်။၎င်းသည် သူ့အတွက်အမှန်ပင် အရေးကြီးလှပေသည်။
ဆရာတစ်ယောက်ရှိတာက တကယ်ကောင်းတာပဲ...
"ငါ့မှာတပည့်ကြီး ၂ယောက်ပဲရှိတယ်...မင်းကငါ့ရဲ့တတိယမြောက်တပည့်ပဲ...ဖေးလော့ချင်က ငါ့ရဲ့ဒုတိယတပည့်ဖြစ်ပြီး သူ့အပေါ်မှာစီနီယာအစ်မတစ်ယောက်ရှိသေးတယ်...မင်းကံကောင်းရင် အနာဂတ်မှာသူမနဲ့တွေ့ရလိမ့်မယ်"
"နားလည်ပါပြီ..."
လီယွမ်က ပြန်ဖြေလိုက်သည်။
"တောင်ပိုင်းရှင်းကျန်းဒေသက မငြိမ်မသက်ဖြစ်မှုတွေကြောင့် န၀မနန်းတော်ကအဲကိစ္စတွေကိုဖြေရှင်းရင်း အလုပ်တွေရှုပ်နေခဲ့တယ်...ငါဒီမှာကြာကြာနေလို့အဆင်မပြေဘူး...မင်းမှာဂူတာအိုလေ့ကျင့်ခြင်းနဲ့ပတ်သက်လို့ တစ်ခုခုမေးစရာရှိရင် မင်းရဲ့စီနီယာအစ်ကိုဖေးကို မေးလို့ရတယ်"
ယုဟွမ်းချွမ်က သတိပေးလိုက်သည်။
"ကောင်းပါပြီ...ဒါနဲ့ အမှတ်၁၂ဂူနန်းတိုက်ခိုက်ခံရမှုနောက်ကွယ်က တရားခံအစစ်ကိုရှာတွေ့ခဲ့ပြီလား ဆရာ"
လီယွမ်ကခေါင်းညိတ်ကာ မေးမြန်းလိုက်သည်။
"တွေ့ရတော့မယ်...အဲ့အချက်ကိုအတည်ပြုပြီးတာနဲ့တပြိုင်နက် န၀မနန်းတော်ကအကြီးအကဲတွေက တစ်ဖက်ရန်သူ့အင်အားစုတစ်ခုလုံးကို အမြစ်ပြတ်သုတ်သင်ပြီးတော့ ငါတို့ရဲ့ကျရှုံးသွားတဲ့တပည့်တွေကို ယဇ်ပူဇော်ဖို့အတွက် လုပ်ဆောင်သွားမှာဖြစ်တယ်"
ယုဟွမ်းချွမ်က အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ထို့နောက်ယုဟွမ်းချွမ်က လက်ကိုနောက်ကျောပိုက်၍ သက်ပြင်းချလိုက်မိသည်။
"နန်းတော်ကိုးခုဂူအသိုက်က ကျိုးကုန်းတောင်တန်းပေါ်မှာ နှစ်ပေါင်းထောင်ချီကွယ်ဝှက်နေထိုင်လာခဲ့တာဆိုတော့ တချို့လူတွေက တောင်ပိုင်းနယ်စပ်ကိုတစ်ချိန်က ကြီးစိုးခြယ်လှယ်ခဲ့တဲ့ ဂူသခင်တွေရဲ့နေ့ရက်တွေကို မေ့လျောသွားခဲ့ပြီထင်တယ်"
"ခုတော့သူတို့ကို ပြန်ပြီးလှုပ်နိုးဖို့အချိန်ကျလာခဲ့ပြီ"
နန်းတော်ကိုးခုဂူအသိုက်သည် မည်သည့်အခါကမှ လူကောင်းတစ်ယောက်မဟုတ်ခဲ့ပေ။ဂူသခင်များအတွက် တိတ်ဆိတ်ငြိမ်သက်ခြင်းကိုနှစ်သက်၍ တောင်တန်းများအကြား ပုန်းအောင်းနေထိုင်ကာ ကျင့်ကြံနေကြခြင်းဖြစ်သည်။ထိုသို့ဖြစ်ခြင်းက ဂူသခင်များသည် တိုက်ပွဲအားကြောက်ရွှံနေသည်ဟု ဆိုလိုခြင်းမဟုတ်ပေ။
လူများကိုအသံတိတ်စေရန်အတွက် ဂူသခင်များအသုံးပြုသည့်နည်းလမ်းများသည် စစ်သည်ေတာ်များအသုံးပြုသောနည်းလမ်းထက် ပိုမိုကြောက်မက်ဖွယ်ကောင်းပေသည်။
ဤသို့ဖြင့် ဆရာတပည့်၂ယောက်သည် စကားတပြောပြောဖြင့် ဝါးတော၏အဆုံးသို့ရောက်လာခဲ့ကြသည်။
"ဆရာ...ဂရုစိုက်ပါ"
လီယွမ်က ယုဟွမ်းချွမ်အား လက်ပြနှုတ်ဆက်လိုက်သည်။
ယုဟွမ်းချွမ်က လီယွမ်အားကြည့်၍ မတတ်သာစွာပြုံးလိုက်မိသည်။
"မင်းကငါ့ကိုဒီထိပဲလိုက်ပို့တာလား...မင်းကခုထိဝါးတောထဲက ခြေတစ်လှမ်းပိုလှမ်းဖို့တွန့်ဆုတ်နေတာပဲ"
"ဒီတပည့်က ဆရာ့ရဲ့ဂူကောင်မွေးမြူတဲ့အတွေ့အကြုံတွေကို ပြန်ပြီးတော့လေ့လာချင်ရုံပါဘဲ"
လီယွမ်က ပြုံးပြုံးလေးပြောလိုက်သည်။
"မဆိုးပါဘူး...မင်းကမင်းရဲ့စီနီယာအစ်မထက် စကားပြောပိုကောင်းတယ်"
ယုဟွမ်းချွမ်သည် ရှေ့သို့ခြေတစ်လှမ်းတိုးသွားခဲ့ကာ တစ်လှမ်းပြီးတစ်လှမ်းလျှောက်လှမ်းရင်း မျက်စိတစ်မှိတ်အတွင်း လီယွမ်၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
လီယွမ်သည် စန်းဂူမျှော်စင်သို့ပြန်ရောက်သည်နှင့် ရွှေနှင့်ကျောက်စိမ်းဖြင့်ဘောင်ကွပ်ထားသော ရှေးဟောင်းစာအုပ်ကို ချက်ချင်းကောက်ယူလိုက်သည်။
သူသည် အမှန်တကယ်ပင် တိုးတက်လိုခဲ့သည်။
ဝူမေ့နှင့်ရှောင်ကိုင်တို့သည် အနက်ရောင်အိုးထဲ၌ ကြာကြာမနေနိုင်ကြပေ။သူမတို့သည် အနက်ရောင်အိုးထဲမှ တွားထွက်လာကာ လီယွမ်၏ပုခုံးတစ်ဖက်စီအား ပွတ်သပ်လိုက်ကြသည်။
ဝူမေ့သည် သူ့အားအလွန်သဘောကျနေခဲ့ကာ ရှောင်ကိုင်က ဝူမေ့အားမနာလိုဖြစ်နေကြောင်း လီယွမ်ရှင်းရှင်းလင်းလင်းခံစားမိပေသည်။
ထိုသို့တွေးမိပြီးနောက် လီယွမ်ကခေါင်းခါ၍ပြုံးလိုက်မိသည်။ထို့နောက် ဂူကောင်များကိုထိန်းချုပ်နိုင်သော အဆင့်မြင့်လျှို့ဝှက်နည်းစနစ်အကြောင်း မှတ်တမ်းတင်ထားသည့် စာအုပ်ကိုကောက်ကိုင်လိုက်သည်။
"အဆင့်မြင့်ဂူထိန်းချုပ်ရေးလျှို့ဝှက်နည်းစနစ်မှာဆိုရင် ဂူကောင်ကိုမြူဆွယ်ထိန်းချုပ်ဖို့ ဂူကောင်စိတ်ကြိုက်အရသာကိုဖန်းတီးနိုင်ရမယ်...ဂူကောင်ကိုထိန်းချုပ်ဖို့ အရာ၀တ္ထုတွေကို အသုံးပြုနိုင်တယ်...အဆုံးသတ်မှာ ဂူကောင်ကိုစိတ်နဲ့ထိန်းချုပ်နိုင်တယ်ဆို စတုတ္ထအဆင့် နှလုံးသားနဲ့ပဲ့တင်ထပ်ခြင်းအဆင့်ပဲ"
ပဉ္စမအဆင့် - အတွေးမရှိ၊နှလုံးသားမဲ့
"နှလုံးသားနဲ့ပဲ့တင်ထပ်တယ်ဆိုတာ ဘာကြီးလဲ..."
လီယွမ်က ထိုအကြောင်းကိုသေသေချာချာ ပြန်လည်ဖတ်ရှုလိုက်သည်။
နှလုံးသားနှင့်ပဲ့တင်ထပ်ခြင်းဆိုသည်မှာ ပင်မဂူကောင်၏စိတ်ခံစားမှုများ၊ပျော်ရွှင်မှုများ၊၀မ်းနည်းမှုများ၊ဒေါသတရားနှင့်ပျော်ရွှင်မှုအား ဂူသခင်မှခံစားနိုင်ပေသည်။ဤစာအုပ်ထဲတွင် ပင်မဂူကောင်အား သင်၏နှလုံးသားထဲ၌ အရင်းနှီးဆုံးသူငယ်ချင်းအဖြစ် သဘောထားနိုင်ရမည်ဟု ပြောထားပေသည်။
ထိုအဆင့်တွင် တစ်စုံတစ်ယောက်၏ရည်ရွယ်ချက်ကို တစ်ဖက်လူ၏စိတ်ထဲတွင် နားလည်နိုင်စွမ်းရှိကာ နားလည်မှုအပြည့်ဖြင့် တစ်ဖက်လူ၏လိုအပ်ချက်ကို တိတ်ဆိတ်စွာဖြည့်ဆည်းပေးနိုင်ရမည်ဖြစ်သည်။သူတို့သည် ထိုသို့လုပ်ဆောင်ရန်အတွက် နှုတ်မှထုတ်ဖော်ပြောဆိုရန် မလိုအပ်ပေ။
"ဒါက စိတ်ချင်းဆက်သွယ်တာလား"
လီယွမ်က ရှောင်ကိုင်ကိုတစ်လှည့် ဝူမေ့ကိုတစ်လှည့်ကြည့်လိုက်ပြီး သူမတို့ကလည်း လီယွမ်အား ပျော်ရွှင်နေဟန်အမူအရာများ ပြသခဲ့ကြသည်။
"ဆရာ...နှလုံးသားနဲ့ပဲ့တင်ထပ်တဲ့အဆင့်ကိုရောက်လာဖို့ဆိုတာ အဲလောက်ခက်ခဲတဲ့ပြဿနာတော့မဟုတ်လောက်ဘူး"
…