အခန်း (၄၃၉-၄၄၁)
Vol. 30 Ch. 439-441
အခန်း ၄၃၉- မြူခိုးကျွန်းပေါ်မှ ထူးဆန်းသော စွမ်းအား ...
~ထိုစကားကို ကြားမှ မိန်းမပျို သုံးဦးသား နောက်ဆုံးတွင် စိတ်အေးသွားကြတော့သည်။
အရှေ့ပိုင်းပင်လယ်ဧရိယာတွင် ပင်လယ်မျိုးနွယ်များအပြင်၊ ကြမ်းတမ်းပြီး ကြောက်မက်ဖွယ်ကောင်းသော ပင်လယ်သားရဲများစွာလည်း ရှိနေလေသည်။
လုရီနှင့်အဖွဲ့ ကောင်းကင်ယံကို ဖြတ်ကျော်နေစဉ်၊ ကီလိုမီတာ ထောင်ပေါင်းများစွာရှည်လျားသော ငွေရောင်ငါးကြီးတစ်ကောင် ကောင်းကင်သို့ ပျံတက်သွားသည်ကို မြင်တွေ့လိုက်ရ၏။
၎င်း၏ငွေရောင်အကြေးခွံများမှာ နေရောင်အောက်တွင် တလက်လက်တောက်ပနေပြီး ပေါင်းစည်းခြင်းနယ်ပယ်၏ အရှိန်အဝါကို ထုတ်လွှတ်နေလေသည်။
ဧရာမ ရေဘဝဲကြီးတစ်ကောင်၏ လက်တံများက အပြာရောင်ပင်လယ်ကို မွှေနှောက်နေသည်ကိုလည်း တွေ့လိုက်ရပြီး၊ ကြောက်မက်ဖွယ် ရေစီးကြောင်းများကို လှိုင်းထစေသည်။
ထိုရေဘဝဲ၏ အရှိန်အဝါမှာ နက်ရှိုင်းပြီး
မဟာယာနအဆင့်ပိုင်ဆိုင်သူ ဖြစ်လေ၏။
ထို့ပြင် အခြားသော ပင်လယ်သားရဲမျိုးစုံလည်း ရှိနေသေးသည်။
ပင်လယ်သားရဲများစွာမှာ မယုံနိုင်လောက်အောင် အစွမ်းထက်ပြီး၊ ကုန်းမြေပေါ်မှ ကြမ်းကြုတ်သော သားရဲများထက်ပင် များစွာ သာလွန်လေသည်။
ပင်လယ်ဧရိယာသည် ထျန်းမင်တိုက်ကြီးထက် ပိုမိုကြီးမားပြီး၊ အတွင်းမှ ရှင်သန်ရေးတိုက်ပွဲမှာ ပို၍ပင် ပြင်းထန်သောကြောင့် ပင်လယ်သားရဲများမှာ နှိုင်းယှဉ်၍ မရလောက်အောင် ကြမ်းတမ်းကြ၏။
ရေနိယာမစွမ်းအားဖြင့် လုရီသည် ပင်လယ်ထဲတွင် ငါးတစ်ကောင်လိုပင် ဖြစ်နေသည်။
ထို့အပြင်၊ သူတို့၏အရှိန်အဝါကို ဖုံးကွယ်ထားသောကြောင့် ပင်လယ်သားရဲများကို မနှိုးဆော်မိပေ။ သူတို့သည် တစ်နေ့လုံး တိတ်ဆိတ်စွာ ပျံသန်းခဲ့ပြီး ကျွန်းများစွာကို ဖြတ်ကျော်ခဲ့ကြသည်။
ဤကျွန်းများအားလုံးတွင် ပြင်းထန်သော တိုက်ပွဲများ၏ ခြေရာများ ထင်ကျန်နေ၏။ လုရီသည် ကျွန်းတစ်ကျွန်းပေါ်တွင် ဂိုဏ်းတစ်ခု၏ အပျက်အစီးများကိုပင် တွေ့မြင်ခဲ့ရသည်။
ယင်းမှာ သိသိသာသာပင် ပင်လယ်မျိုးနွယ်တို့၏ ကျူးကျော်မှုကြောင့် ဖြစ်ရသည်။
တစ်နေ့အကြာ.....
နေလုံးကြီးသည် ကောင်းကင်ထက်၌ မြင့်မားစွာ ထွန်းလင်းနေစဉ်၊ လုရီနှင့် သူတို့ လေးဦးသည် ပင်လယ်ပြင် တစ်နေရာအထက်တွင် ရပ်တန့်လိုက်ကြ၏။
လုရီ၏ မျက်နှာပေါ်တွင် နားမလည်နိုင်သော အမူအရာတစ်ခု ပေါ်လာပြီး သူ့ဘာသာသူ ရေရွတ်လိုက်သည်။
"ဒီနေရာဖြစ်ရမှာ... ဘာလို့မရှိတာလဲ။"
တစ်ရက်အလိုက လုရီသည် "အသေးစား တွက်ချက်ခြင်းစွမ်းရည်" ကို အသုံးပြု၍ မြူခိုးကျွန်း၏ တည်နေရာကို တွက်ချက်ခဲ့သည်။ ၎င်းသည် ဤဒေသတွင် ရှိနေရမည် ဖြစ်သော်လည်း၊ အချိန်အတော်ကြာ ရှာဖွေပြီး အနီးနား
ပတ်ဝန်းကျင်ကို တစစီ ရှာဖွေပြီးသည့်တိုင် လုရီသည် မြူခိုးကျွန်းကို မတွေ့သေးပေ။
ဤအချက်က လုရီကို အနည်းငယ် နားမလည်နိုင်ဖြစ်ကာ ရှုပ်ထွေးသွားစေသည်။
လျိုနင်ရွှမ်း၊ ကျန်းရူယွီနှင့် ယွင်ရှီးတို့သည်လည်း လုရီနှင့်မနီးမဝေးတွင် ရှာဖွေနေကြ၏။ သူတို့လေးဦးသည် မြူခိုးကျွန်းကို ကော်ဇောခင်းရှာသည့်ပုံစံဖြင့် ရှာဖွေနေသော်လည်း ယခုအချိန်အထိ တိုးတက်မှု မရှိသေးပေ။
ထိုစဉ်မှာပင်၊ ယွင်ရှီးက အဝေးတစ်နေရာမှ ရုတ်တရက် ထအော်လိုက်ရာ၊
လုရီ၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားသည်။
လုရီက ခေါင်းလှည့်၍ ကြည့်လိုက်၏။
ဆက်တိုက်ဆိုသလိုပင်၊ လုရီသည် ယွင်ရှီးအနီးတွင် အဖြူရောင် မြူထုများ ရုတ်တရက် ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည်။ ထိုမြူခိုးများသည် လှုပ်ရှားနေပြီး အရပ်လေးမျက်နှာသို့ အလျင်အမြန် ပျံ့နှံ့သွားလေသည်။
လုရီ၏ မျက်ဝန်းများ အနည်းငယ် ကျုံ့သွားပြီးနောက် မျက်နှာ ဝင်းပသွားသည်။
"မြူခိုးကျွန်း"
လုရီသည် ယွင်ရှီးဆီသို့ ပျံသန်း ချဥ်းကပ်သွားပြီး၊ အခြားနေရာများမှ လျိုနင်ရွှမ်းနှင့် ကျန်းရူယွီတို့သည်လည်း သတိပြုမိကာ ပျံသန်းလာကြသည်။
လေးဦးသား စုရုံးမိကြပြီး၊ ပျံ့နှံ့လာသော မြူခိုးများကို အနည်းငယ် စိုးရိမ်တကြီး ကြည့်နေကြသည်။
မြူခိုးများသည် ကီလိုမီတာ တစ်ထောင်ကျော်အထိ လျင်မြန်စွာ ပျံ့နှံ့သွားပြီး၊ ဒေသတစ်ခုလုံးကို ဖြူဖွေးသွားစေကာ အတွင်းမှ မြင်ကွင်းကို ဖုံးကွယ်ထားလိုက်၏။
သို့သော်၊ များမကြာမီပင် မြူခိုးဖြူများသည် လူးလွန့်လာပြီး ကြည်လင်သွားသည်။
ယခင်က ဗလာနတ္ထိဖြစ်နေသော ပင်လယ်ပြင်အထက်တွင် ဧရာမကျွန်းကြီးတစ်ကျွန်း ပေါ်ထွက်လာ၏။
ထိုကျွန်းသည် မယုံနိုင်လောက်အောင် ကြွယ်ဝသော ဝိညာဉ်စွမ်းအင် အငွေ့အသက်ကို ထုတ်လွှတ်နေပြီး၊ ဝိညာဉ်မြူခိုးများအဖြစ်သို့ ပေါင်းစပ်သွားလုနီးပါးပင်။
အဝေးတွင်ရပ်နေသော လုရီနှင့်အဖွဲ့ပင်လျှင် ထိုဝိညာဉ်စွမ်းအင်၏ ကြောက်မက်ဖွယ် လှုပ်ခတ်မှုများကို ရှင်းလင်းစွာ ခံစားနေရလေသည်။
သို့သော်လည်း ကျွန်းကိုယ်တိုင်မှာ အလွန်တိတ်ဆိတ်ငြိမ်သက်နေပြီး၊ အတွင်း၌ မည်သည့်အစွမ်းထက်ပုဂ္ဂိုလ်၏ အငွေ့အသက်မှ မရှိနေသကဲ့သို့ပင်။
'အစ်ကို ကျန့်ဖန် အရင်ကပြောခဲ့တာအရဆိုရင် မြူခိုးကျွန်းပေါ်မှာ မြွေကြီးတစ်ကောင်ရှိသင့်တာ။ ဒါပေမဲ့ အခု ဘယ်မှာမှ မတွေ့ပါလား။'
လုရီက မျက်ခုံးပင့်လိုက်ပြီး အနည်းငယ်
နားမလည်နိုင်ဖြစ်သွားသည်။
"အလို...ဒါ မြူခိုးကျွန်းလား။ ဘယ်ကနေ ဘယ်လို ရုတ်တရက်ကြီး ပေါ်လာတာလဲ။"
ယွင်ရှီးက အံ့အားသင့်သော မျက်နှာထားဖြင့် ရေရွတ်လာသည်။
ကျန်းရူယွီက အဝေးမှ ကျွန်းကို လေ့လာရင်း မျက်မှောင်ကြုတ်မိလေသည်။
"ဘယ်လိုပေါ်လာတာလဲ။ ဘာမှကို ခံစားလို့ မရခဲ့တာပဲဟာ..."
လုရီက ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်။ ငါလည်း ဘာမှမခံစားလိုက်ရဘူး။"
လျိုနင်ရွှမ်းက လုရီဘက်သို့ လှည့်ကာ
" ဂျူနီယာ မောင်လေး၊ ငါတို့ ဝင်ကြမလား။" ဟု တိုင်ပင်လိုက်သည်။
လုရီက အဝေးမှ မြူခိုးကျွန်းကို ကြည့်ကာ အသာအယာ ခေါင်းညိတ်ပြီး ပြုံးလိုက်သည်။
"ဝင်ရမှာပေါ့။ ဒါပေမယ့် ကမ်းခြေဘက်မှာပဲ
ကပ်နေပြီး အလယ်ပိုင်းကိုတော့ မသွားကြဘူး နော်။"
မည်သို့ပင်ဆိုစေကာမူ ဤကျွန်းပေါ်တွင် ကပ်ဘေးဖြတ်ကျော် ဘိုးဘေးတစ်ပါးပင် ပျက်စီးနိုင်သည်။ လုရီ ဘယ်လောက်ပဲ ယုံကြည်မှုရှိရှိ၊ ကျွန်းအား ကောင်းကင်မှ တိုက်ရိုက် ပျံလွှားရဲလောက်အောင်တော့ မိုက်ရူးရဲ မဆန်ပါပေ။
သူ့ထံတွင် မြူခိုးကျွန်းနှင့် သက်ဆိုင်သော အလုပ် နှစ်ခုရှိသည်။ တစ်ခုမှာ မြူခိုးကျွန်းကို ရှာတွေ့ရန် ဖြစ်ပြီး၊ နောက်တစ်ခုမှာ မြူခိုးကျွန်းထဲမှာ စူးစမ်းရှာဖွေရန် ဖြစ်ပါသည်။
သူက အလုပ်တာဝန်ပြားကို တစ်ချက်ကြည့်လိုက်သည်။
ပထမအလုပ်က ပြီးဆုံးသွားပြီ။
ဒုတိယအလုပ်အတွက်မူ တတ်နိုင်သလောက် ပြီးမြောက်အောင် လုပ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ပါသည်။
ဤတစ်ကြိမ် မပြီးမြောက်နိုင်ပါက၊ သူပိုမိုသန်မာလာသည့်အခါ စိတ်လိုလက်ရ ပြန်လာနိုင်လေသည် မဟုတ်ပါလော။
သူ့အသက်ကို စွန့်စားရန် မလိုအပ်ပေ။
အန္တရာယ်နှင့်တွေ့ပါက သူသည် လျိုနင်ရွှမ်းနှင့် အခြားသူများကို ခေါ်ဆောင်ကာ ပြတ်ပြတ်သားသား ထွက်ပြေးမည်ဖြစ်သည်။
....
လုရီသည် လျိုနင်ရွှမ်းနှင့် အခြားသူများကို မြူခိုးကျွန်းသို့ ကမ်းခြေမှတစ်ဆင့် ချဉ်းကပ်ရန် ဦးဆောင်သွား၏။ လမ်းတစ်လျှောက် အလွန်သတိထားပြီး၊ နေရာလပ်ရွှေ့ပြောင်းအဆောင်ကိုပင် ထုတ်ယူထားကာ၊ အန္တရာယ်ပေါ်ပေါက်လာပါက ချက်ချင်း ထွက်ပြေးရန် အသင့်ပြင်ထားသည်။
သို့သော်၊ လမ်းတွင် မည်သည့်အဖြစ်အပျက်မှ
မရှိခဲ့ဘဲ၊ သူတို့လေးဦးသည် ကီလိုမီတာဆယ်ဂဏန်းကို လျင်မြန်စွာဖြတ်ကျော်ကာ မြူခိုးကျွန်း၏ သဲသောင်ပြင်သို့ ရောက်ရှိလာကြပေသည်။
သူတို့ သဲသောင်ပြင်ပေါ်သို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက်၊ ပုံရိပ်ယောင် တစ်ခုကဲ့သို့
ငြိမ်သက်နေခဲ့သော ကျွန်းသည် အသက်ဝင်လာသကဲ့သို့ ဖြစ်သွားသည်။
လုရီသည် သဲသောင်ပြင်အတွင်းမှ တောအုပ်ထဲတွင် ပုန်းခိုနေသော အစွမ်းထက်သည့် အရှိန်အဝါပေါင်းများစွာကို ခံစားလိုက်ရ၏။ ဤအရှိန်အဝါများသည် တွင်းနက်ကြီးလို နက်ရှိုင်းပြီး၊ နတ်ဆိုးများနှင့် နတ်ဘုရားများနှယ် ဖြစ်လေသည်။
သူသည် စွမ်းအားရှင် အဆင့်ရှိ အရှိန်အဝါများစွာကို ခံစားမိသည်။
[မဟာယာနအဆင့်တို့၊ ပေါင်းစည်းခြင်း အဆင့်တို့ကို ပြောတာပါ...]
စွမ်းအားရှင် အဆင့်အောက်ရှိ အရှိန်အဝါများမှာ ပို၍ပင် ပေါများလှ၏။ မြူခိုးကျွန်း၏ အတွင်းပိုင်းမှ ဟိန်းသံများနှင့် စူးရှသောအော်သံများ အဆက်မပြတ် ထွက်ပေါ်လာနေလေသည်။
"ဘာလို့ အစောက ကောင်းကင်ပေါ်ကနေကျ
ဘာလို့ ဘာအရှိန်အဝါမှ မခံစားမိရတာလဲဟယ်.."
ဤအဖြစ်က ကျန်းရူယွီနှင့် အခြားသူများကို မျက်လုံးများ ပြူးကျယ်လျက် မှင်သက်စွာ ငေးနေစေသည်။
လုရီက ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာရင်း၊ သူကိုယ်တိုင်ပင် ယုံရခက်သော အတွေးတစ်ခုကို တွေးလိုက်မိသည်။
"ဒီမြူခိုးကျွန်းက... သီးခြားနေရာလပ်တစ်ခုထဲမှာ ရှိနေပုံပဲ။ ကျွန်းပေါ်ကို ခြေချလိုက်မှသာ ဒီနေရာလပ်ထဲကို အပြည့်အဝ ဝင်ရောက်သွားတာဖြစ်ပြီး၊ ကောင်းကင်ပေါ်ကနေ ကြည့်ရင်တော့ ကျွန်းရဲ့ ပုံရိပ်ယောင်ကိုပဲ မြင်ရတာ။"
အမှန်တကယ်တွင်၊ လုရီ၏ "ဟင်းလင်းပြင်အသေးစားသိုင်း" ကို အထွတ်အထိပ်သို့ ကျင့်ကြံထားသောကြောင့် နေရာလပ်အပေါ် အလွန်အမင်း အာရုံခံနိုင်စွမ်းရှိမနေခဲ့လျှင်၊ မြူခိုးကျွန်းပေါ်သို့ ခြေချပြီးနောက် ကွာခြားချက်ကို ထက်မြက်စွာ မခံစားမိခဲ့လျှင်၊ သူဤကဲ့သို့သော ကောက်ချက်မျိုးကို ချနိုင်လိမ့်မည် မဟုတ်ပေ။
"ဘယ်လို...?" ကျန်းရူယွီနှင့် အခြားသူများမှာ လုံးဝ အံ့အားသင့်သွားကြသည်။
"သီးခြားနေရာလပ်ထဲမှာ ဟုတ်လား။ ဒါဆို ကမ္ဘာငယ်လေးတစ်ခုလိုမျိုးလား။" ယွင်ရှီးက ခန့်မှန်းလိုက်သည်။
အခန်း ၄၄၀: မြူခိုးကျွန်းပေါ်မှ ထူးဆန်းသော စွမ်းအား...
~ကျန်းရူယွီကမူ ထိုအချက်ကို လက်မခံနိုင်စွာ ခေါင်းခါရင်း ခွန်းတုံ့ပြန်လိုက်၏။
“မဟုတ်ဘူး၊ အဲ့လို မဖြစ်နိုင်ဘူး။ ကမ္ဘာငယ်တစ်ခုမှာ ဝင်ပေါက်တစ်ခုရှိတာတော့ အမှန်ပဲ၊ ဒါပေမဲ့ ကမ္ဘာတစ်ခုလုံးက အပြင်ဘက်ကို ဒီလို
ပုံရိပ် ထင်ဟပ်မနေနိုင်ဘူး။”
နတ်ဘုရားဓားဂိုဏ်းတွင် ကမ္ဘာငယ်တစ်ခု ပိုင်ဆိုင်ထားသောကြောင့် ကျန်းရူယွီတွင် ဤအကြောင်းအရာနှင့် ပတ်သက်၍ ပြောဆိုရန် အခွင့်အာဏာ အပြည့်ရှိလေသည်။
“ဒါဆိုရင် ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။”
လျိုနင်ရွှမ်းက မျက်မှောင်ကြုတ်လိုက်ပြီး
နားမလည်နိုင်စွာ မေးမြန်းလိုက်သည်။
ကျန်းရူယွီက ခေါင်းခါလိုက်ပြန်သည်။
“ငါလည်း မသိဘူး။ ဒီနေရာနဲ့ပတ်သက်ပြီး အရမ်းထူးဆန်းနေတယ်လို့ ငါအမြဲတမ်း ခံစားနေရတာ…”
ထိုသို့ပြောရင်း ကျန်းရူယွီမှာ ဇက်ကလေး အနည်းငယ်ပုဝင်သွားကာ ကြက်သီးထသွားရ၏။
ယွင်ရှီးက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လုရီထံသို့ လှည့်ကာ အကြံတောင်းလိုက်သည်။
“လုရီ၊ ငါတို့ ဘာလုပ်သင့်လဲ။”
လုရီသည် မြူခိုးကျွန်း၏ အတွင်းပိုင်း သို့ စူးစိုက်ကြည့်လိုက်ပြီး ခဏမျှ စဉ်းစားလိုက်၏။ ထို့နောက် အတွင်း၌ အားကောင်းသော သားရဲများ၏ တည်ရှိမှုကို ခံစားမိလိုက်သည်။ သို့သော် ယခုအချိန်အထိ၊ မည်သည့်အရာကမျှ သူ့အား အလွန်အမင်းအန္တရာယ်ရှိသည်ဟူသော ခံစားချက်ကို မပေးသေးပေ။
လောလောဆယ်တော့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်လောက်တဲ့ အငွေ့အသက်မျိုး
မခံစားရသေးဘူး။ ပြီးတော့ အစ်ကိုကျန့်ဖန်တို့တောင် တောအုပ်ထဲ ဝင်နိုင်ခဲ့တာပဲ။ ဒါက ရှေ့ဆက်သွားရမယ့် လမ်းက အန္တရာယ်မများဘူးဆိုတာကို ညွှန်ပြနေတယ်။ ဟုတ်ပြီ၊ ရှေ့ဆက်တိုးပြီး အခြေအနေကို အကဲခတ်ကြည့်ရမယ်။
ဤအတွေးဖြင့် လုရီက လမ်းညွှန်ချက် ပေးလိုက်သည်။
“ကျွန်တော်တို့ အတွင်းကို နည်းနည်းပါးပါး လျှောက်ကြည့်ကြရအောင်။ ဒါပေမယ့် ခင်ဗျားတို့သုံးယောက်လုံး ငါ့နောက်ကနေ ကပ်လိုက်ခဲ့ပြီး ဘေးကင်းဖို့အတွက် အမြဲတမ်း သတိရှိနေရမယ်။”
လျိုနင်ရွှမ်းအပါအဝင် သုံးဦးလုံးမှာ သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။
လုရီက ရှေ့မှ ဦးဆောင်ကာ သူ၏
ကိုယ်ပတ်လည်တွင် ဓားတာအိုနိယာမများ လည်ပတ်လျက် ကျွန်း၏ အတွင်းပိုင်းသို့ ဝင်ရောက်သွားတော့သည်။
ကျွန်းအတွင်းမှ သစ်ပင်ကြီးများမှာမူ မိုးသို့ ထိုးထွက်နေလောက်အောင် မြင့်မားလှ၏။ သိပ်သည်းလှသော သစ်ရွက်အုပ်များက နေရောင်ခြည်ကိုပင် တားဆီးထားသောကြောင့် တောအုပ်တစ်ခုလုံးမှာ မှောင်မိုက်နေလေသည်။ သို့သော် လေးယောက်သားအဖွဲ့မှာ အမှောင်ထဲတွင် မြင်နိုင်စွမ်းရှိသောကြောင့် မည်သည့်ထူးခြားမှုမျှ မခံစားရပေ။
ခရီးတစ်လျှောက်တွင် သူတို့သည် သားရဲအချို့နှင့် ကြုံတွေ့ခဲ့ရသော်လည်း၊ ထိုသတ္တဝါများမှာ ရွှေအူတိုင် အဆင့်မျှသာ ရှိသော အားနည်းသည့်အကောင်များ ဖြစ်ပြီး သူတို့အတွက် အန္တရာယ်
မရှိခဲ့ချေ။
သို့သော် သူတို့ကို အံ့အားသင့်စေသည်မှာ တောအုပ်သည် ရတနာများဖြင့် ပြည့်နှက်နေခြင်းပင်။ အဖိုးတန် ကောင်းကင်နှင့်မြေကြီးရတနာများကို နေရာတိုင်းတွင် တွေ့ရှိရပြီး၊ ကျန်းရူယွီတို့ သုံးဦးထံမှ အံ့ဩတကြီးရေရွတ်သံများ ထွက်ပေါ်လာစေခဲ့သည်။
“ဒါက ရေခဲဝိညာဉ်မြက်ပဲ။”
“မြေကြီးအနှစ်သာရကျောက်တုံး။”
“ဒါက နှစ်တစ်သောင်း သက်တမ်းရှိ ခရမ်းရောင်နေကြာပန်း မဟုတ်ဘူးလား။ ဒီလို ကောင်းကင်နဲ့မြေကြီး ရတနာမျိုးတောင် ဒီမှာရှိနေတယ်တဲ့လား။”
“ဒီမှာ ရတနာတွေ ဒီလောက် ပေါများနေတာလား။ လူတွေ ကောက်ဖို့ မြေကြီးပေါ်မှာ ကြဲချထားသလိုပဲ။”
သုံးဦးလုံးမှာ ယုံရခက်နေကြသည်။
လုရီပင်လျှင် မှင်တက်သွား၏။ ဤပစ္စည်းများသည် သူ့အတွက် အရေးမပါသော်လည်း၊ ဤမျှလောက် ပေါများနေခြင်းမှာ ထိတ်လန့်စရာပင်။ ဤကောင်းကင်နှင့်မြေကြီးရတနာများကိုသာ အပြင်ဘက်တွင် ထားရှိပါက ပြင်းထန်စွာ လုယက်တိုက်ခိုက်ကြမည်မှာ မလွဲဧကန်ပင်။
ယခင်က အစ်ကိုကျန့်ဖန်နှင့် အခြားနှစ်ဦးမှာ ဤနေရာမှ ကောင်းကင်နှင့် မြေကြီးရတနာအချို့ကို ရရှိခဲ့ပြီး၊ ၎င်းက ထျဲ့မန်နှင့် ပိုင်ယွိီလုံတို့ကို နယ်ပယ် အာရုံနိုးထစေနိုင်ပြီး နာမည်ကျော်ကြားလာစေခဲ့သည်။
လေးယောက်သား ရှေ့ဆက်သွားသည်နှင့်အမျှ သားရဲများ၏ အစွမ်းမှာလည်း ပိုမိုအားကောင်းလာသလို၊ သူတို့ပါရှိသော ကောင်းကင်နှင့်မြေကြီးရတနာများ၏ တန်ဖိုးမှာလည်း ပိုမိုမြင့်မားလာသည်။
သို့သော်၊ လုရီသည် ယခုအခါ အလွန်အလှမ်းဝေးသောနေရာမှ ထွက်ပေါ်နေသော ရင်တုန်ပန်းတုန်ဖြစ်စေသည့် အရှိန်အဝါတစ်ခုကို ခံစားနေရပြီး၊ အဖွဲ့က ပိုမိုနီးကပ်လာသည်နှင့်အမျှ ယင်းကဘ ပိုမိုအားကောင်းလာလေသည်။
လုရီတစ်ဦးတည်းသာ ဤခံစားချက်ကို ခံစားနေရခြင်းမဟုတ်ဘဲ၊ လျိုနင်ရွှမ်းနှင့် အခြားသူများလည်း ထိုနည်းတူပင်။ လုရီထက် သိသိသာသာ အားနည်းသော သူမတို့မှာမူ ဤအရှိန်အဝါကို ခံစားမိသောအခါ မျက်နှာများ ဖြူဖျော့သွားပြီး သူမတို့၏မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ဖြတ်ပြေးသွားသည်။
“အားကောင်းလိုက်တဲ့ အရှိန်အဝါ…”
လေးဦးလုံးမှာ ချက်ချင်းပင် ခြေလှမ်းများကို ရပ်တန့်လိုက်ကြသည်။
“ဒါက ဘယ်လိုအရှိန်အဝါမျိုးလဲ။ အချိန်မရွေး သေသွားနိုင်သလို ခံစားနေရတယ်။”
လျိုနင်ရွှမ်းက မြေပြင်ပေါ်မှ အလောင်းတစ်လောင်းကို လှမ်းကြည့်လိုက်၏။ ၎င်းမှာ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံမှုရှိသော မည်းနက်နေသည့် ကျားသစ်တစ်ကောင်ဖြစ်လေသည်။
“ဒီကျားသစ်က ဒီလောက်အားနည်းတာ၊ သူက ဒီမှာ ဘယ်လို ရှင်သန်နေနိုင်တာလဲ။”
ဟု သူမက အံ့အားသင့်စွာ မှတ်ချက်ပြုသည်။
လုရီနှင့် အခြားသူများမှာလည်း အလားတူပင် အာရုံ ထွေပြားနေကြသည်။
ယွင်ရှီးကမူ အလွန် သိချင်စိတ် ပြင်းပြနေ၏။
“ဟုတ်တယ်၊ ဒီကျားသစ်တင် မကဘူး၊ အတွင်းထဲမှာ ကျင့်ကြံမှုအဆင့် သိပ်မမြင့်တဲ့ တခြားသားရဲတွေရဲ့ အရှိန်အဝါတွေ အများကြီးရှိသေးတယ်။ သူတို့က အတွင်းထဲမှာ ဘယ်လိုနေထိုင်နိုင်ကြတာလဲ။”
ထိုအခါ ကျန်းရူယွီက ထင်ကြေးပေးလိုက်သည်။
“ဖြစ်နိုင်တာကတော့ ဒီသားရဲတွေက ဒီမှာ အမြဲတမ်းနေထိုင်ခဲ့ကြလို့၊ သူတို့က ဒီအခြေအနေကို ကျင့်သားရနေတာများလား။”
မည်သို့ဆိုစေကာမူ မည်သူမျှ သေချာမသိဘဲ အလွန် ထူးဆန်းနေသည်ဟုသာ ယူဆလိုက်ကြ၏။
ထိုအခိုက်အတန့်တွင် ကျင့်ကြံမှုအခြေခံ အနိမ့်ဆုံး ဖြစ်သော ယွင်ရှီး၏ ပတ်ပတ်လည်၌ အနက်ရောင်မြူခိုး တစ်စ ရုတ်တရက် ပေါ်ပေါက်လာသည်။ မကြာမီမှာပင် အနက်ရောင်အစင်းများက ယွင်ရှီး၏ နှင်းလို ဖြူစင်သော ကိုယ်ပေါ်သို့ ကုပ်တွယ်လာပြီး သူမ၏မျက်နှာပေါ်တွင် နာကျင်သော အမူအရာတစ်ခု ပေါ်လာတော့သည်။
လုရီသည် မျက်နှာ ကွက်ခနဲ ပျက်သွားသည်။
“ယွင်ရှီး၊ ဘာဖြစ်တာလဲ။”
“ငါ…ငါ သိပ်နေလို့မကောင်းဘူး။”
ယွင်ရှီး၏ နဖူးကြားတွင် အစိမ်းရောင်ကြာပန်းအမှတ်အသားတစ်ခု အသက်သွင်းလာပြီး၊
တာအိုအလင်းတန်းများက သူမ၏ပတ်ပတ်လည်တွင် စီးဆင်းကာ အနက်ရောင်မြူခိုးကို ခုခံနေ၏။
ဤသို့ကြိုးစားနေသော်လည်း သူမသည် ၎င်းကို အပြည့်အဝ မတားဆီးနိုင်သေးဘဲ၊ အနက်ရောင်အစင်းများမှာ ယွင်ရှီး၏မျက်နှာပေါ်သို့ ဖြည်းညင်းစွာ ပေါ်ပေါက်လာတော့သည်။
စီနီယာအစ်မရူယွီနှင့် လျိုနင်ရွှမ်းတို့အပေါ်တွင်လည်း အနက်ရောင်မြူခိုးများ တဖြည်းဖြည်း ပေါ်ပေါက်လာသည်။
လုရီ မျက်မှောင်ကြုတ်လိုက်ရင်း လျှပ်ပြက်သလိုပင် မိန်းကလေး သုံးယောက်လုံးကို ဆွဲယူလိုက်ကာ အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။
ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားကာ
အပြင်ဘက်သို့ ဦးတည်ရွေ့လျားလိုက်သည်။
မကြာမီမှာပင် သူတို့ ကမ်းခြေသို့ ရောက်ရှိလာကြတော့သည်။
စီနီယာအစ်မရူယွီနှင့် လျိုနင်ရွှမ်းတို့အပေါ်မှ အနက်ရောင်မြူခိုးများမှာ ကြေပျက်စပြုလာပြီး၊ ယွင်ရှီးပတ်လည်မှ မြူခိုးများမှာလည်း များစွာ မှေးမှိန်သွားကာ၊ သူမ၏ကိုယ်ပေါ်မှ အနက်ရောင်အစင်းများမှာလည်း ဆက်လက်မပြန့်ပွားတော့ပေ။ ပန်းတစ်သောင်းအင်မော်တယ်ခန္ဓာကိုယ်ပိုင်ဆိုင်သော တာအိုအလင်း၏ ဝင်းလက်မှုနှင့်အတူ အနက်ရောင်အစင်းများမှာ ဖြည်းညင်းစွာ ဖျက်ဆီးခံနေရသည်။ သို့သော် ထိုဖြစ်စဉ်မှာ အလွန်နှေးကွေးသေး၏။
လုရီက မျက်မှောင်ကြုတ်လိုက်ပြီး
ယွင်ရှီး၏လက်ကို ဆွဲယူလိုက်ရာ၊ တာအိုစွမ်းအားဖြင့် ပေါင်းစပ်ထားသော ဝိညာဉ်စွမ်းအင်စီးကြောင်းတစ်ခု ယွင်ရှီး၏ကိုယ်ထဲသို့ တိုးဝင်သွားတော့သည်။
သူသည် ယွင်ရှီး၏အတွင်း၌ နက်ရှိုင်းသော်လည်း ဖရိုဖရဲဖြစ်နေသော စွမ်းအားတစ်ခု ရစ်ပတ်နေပြီး သူမ၏အသားထဲသို့ အပြည့်အဝ ကျူးကျော်ဝင်ရောက်ရန် ကြိုးစားနေသည်ကို ခံစားမိလိုက်သည်။
ဒါ... ဒါက ဘယ်လို ကြောက်စရာစွမ်းအားမျိုးလဲ။
လုရီမှာ အနည်းငယ် အံ့အားသင့်သွား၏။
ဤစွမ်းအားသည် အလွန်အားကောင်းသော်လည်း တစ်မျိုးတစ်ဖုံ ထူးဆန်းနေသည်ကို သူခံစားမိသည်။
ပန်းတစ်သောင်းအင်မော်တယ်ခန္ဓာကိုယ် ပိုင်ဆိုင်သူတစ်ဦးအနေဖြင့် ယွင်ရှီးတွင် မယုံနိုင်လောက်အောင် အားကောင်းသော ရုပ်ခန္ဓာခွန်အားရှိပြီး၊ ၎င်းက ကျူးကျော်မှုကို ခုခံကာ ဤစွမ်းအားကို ဖြည်းညင်းစွာ ဖယ်ရှားနေခြင်းဖြစ်သည်။
လုရီသည် မလွဲမသွေ လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။ သူ၏ဝိညာဉ်စွမ်းအင် တိုးဝင်သွားသည်နှင့် တာအိုစွမ်းအားလှိုင်းထ၍ ထူးဆန်းသော စွမ်းအားထံသို့ တိုးဝင်သွားတော့သည်။ တာအိုစွမ်းအားနှင့် ထိတွေ့လိုက်သည်နှင့် လျှို့ဝှက်ဆန်းကြယ်သော ထိုစွမ်းအားမှာ ပူဖောင်းများကဲ့သို့ လျင်မြန်စွာ လွင့်ပြယ်သွား၏။
လုရီ အနည်းငယ် အံ့ဩသွားသော်လည်း၊ တာအိုစွမ်းအားသည် သာမန်ဝိညာဉ်စွမ်းအင်ကို များစွာကျော်လွန်ပြီး၊ ယွင်ရှီးကဲ့သို့သော အင်မော်တယ်ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်ပင်လျှင် နှိုင်းယှဉ်၍မရနိုင်ကြောင်း လျင်မြန်စွာ သဘောပေါက်လိုက်သည်။ ယွင်ရှီး၏ ဝိညာဉ်စွမ်းအင်ပင်လျှင် ထိုသို့သောစွမ်းအားကို ဖယ်ရှားနိုင်မှတော့၊ တာအိုစွမ်းအားမှာ သဘာဝအတိုင်း ပို၍ပင် အားစိုက်စရာ မလိုတော့သည်ကိုး။
တာအိုစွမ်းအား ယွင်ရှီး၏ကိုယ်ထဲသို့ စီးဝင်သွားသည်နှင့်၊ ထူးဆန်းသောစွမ်းအားမှာ လျင်မြန်စွာ ပျက်ပြယ်သွားပြီး နောက်ဆုံးတွင် လုံးဝဖယ်ရှားခြင်းခံလိုက်ရကာ၊ သူမ၏ကိုယ်ပေါ်မှ
အနက်ရောင်အစင်းများမှာလည်း ပျောက်ကွယ်သွားတော့သည်။
လုရီက ဝိညာဉ်စွမ်းအင်ကို သုံး၍ ယွင်ရှီး၏ကိုယ်ကို နောက်တစ်ကြိမ် သေချာစွာ စစ်ဆေးလိုက်ပြီး၊ မည်သည့် စွမ်းအားအကြွင်းအကျန်မျှ မရှိတော့သည်ကို မြင်မှ သက်ပြင်းချနိုင်သွားတော့သည်။
ယွင်ရှီး မျက်လုံးများ ဖွင့်လာရာ အနည်းငယ် အားနည်းနေပုံရ၏။
သူမဘေးမှ ကျန်းရူယွီနှင့် လျိုနင်ရွှမ်းတို့မှာ စိုးရိမ်သော အမူအရာများဖြင့် ယွင်ရှီးကို ကြည့်နေကြသည်။
ကျန်းရူယွီက စိုးရိမ်တကြီး မေးလိုက်သည်။
“ယွင်ရှီး၊ နင်ဘယ်လိုနေသေးလဲ။ အဆင်ပြေရဲ့လား။”
သူမနှင့် ယွင်ရှီးမှာ လုရီနှင့်အတူ ဆယ်စုနှစ်တစ်ခုကျော် နှစ်ကိုယ်တူ ကျင့်ကြံခဲ့ကြပြီး၊ ညီအစ်မအရင်းများထက်ပင် ပိုမိုရင်းနှီးနေကြရာ၊ ယွင်ရှီး ဤသို့ဖြစ်သည်ကိုမြင်သောအခါ သူမ အလွန်စိုးရိမ်နေမိသည်။
“ ကျွန်မ အခု အဆင်ပြေသွားပါပြီ။”
ယွင်ရှီးက မျက်မှောင်ကြုတ်လိုက်ပြီး အားတင်းကာ ပြန်ဖြေသည်။
“ဒါဆိုရင်တော့ ကောင်းတာပေါ့။”
ထိုအခါ လျိုနင်ရွှမ်းလည်း သက်ပြင်းချလိုက်၏။
လုရီက စေ့စေ့စပ်စပ် စုံစမ်းလိုက်သည်။
“ယွင်ရှီး၊ စောစောက ဘာဖြစ်သွားတာလဲ။”
ယွင်ရှီးမှာ နားမလည်သော မျက်ဝန်းများဖြင့် ခေါင်းခါလိုက်၏။
“ငါလည်း မသိဘူး။ ရုတ်တရက်ကြီး ငါ့နားနားမှာ ဖရိုဖရဲအသံတွေ ကြားလိုက်ရပြီး၊ ပြီးတော့ ကြောက်စရာ ကောင်းတဲ့ အတွေးတွေ ငါ့စိတ်ထဲမှာ ပေါ်လာတယ်။ တစ်ခုခု ကြောက်စရာကောင်းတဲ့အရာက ငါ့ကိုယ်ထဲမှာ ပြန်လည်ဝင်စားချင်နေသလိုပဲ။”
ဤစကားကြောင့် သုံးဦးလုံး မျက်မှောင်ကြုတ်သွားကြသည်။
ကျန်းရူယွီနှင့် လျိုနင်ရွှမ်းတို့ အချင်းချင်းကြည့်လိုက်ကြ၏။ လျိုနင်ရွှမ်းက အလေးအနက်ပြောသည်။
“အခုနက ငါလည်း ငါ့စိတ်ထဲမှာ ပြတ်တောင်းပြတ်တောင်းနဲ့ ဖရိုဖရဲအသံတွေ ပေါ်လာတာကို ခံစားလိုက်ရတယ်၊ ငါ့ကို အရမ်းနေရခက်စေတယ်။”
ထိုအခါမှာ ကျန်းရူယွီလည်း ထောက်ခံကာ ခေါင်းညိတ်လိုက်သည်။
“ငါလည်းအတူတူပဲ။”
မထွက်ခွာမီက နှစ်ဦးလုံး၏ ပတ်ပတ်လည်တွင် အနက်ရောင်မြူခိုးစများ ရှိခဲ့သည်ကို ပြန်အမှတ်ရမိသောအခါ လုရီ၏မျက်လုံးများမှာ ကျဉ်းမြောင်းသွားသည်။
ကြည့်ရတာ အတွင်းထဲကအရာနဲ့ ပတ်သက်ပြီး ပြဿနာတစ်ခုခု ရှိနေပုံပဲ။ စီနီယာအစ်မရူယွီနဲ့ အစ်မလျိုတို့ နှစ်ယောက်လုံးက အားကောင်းပြီး အင်မော်တယ်ခန္ဓာကိုယ်တွေ ဖြစ်ပါလျက်နဲ့၊
သူတို့တောင်မှ ဒီလိုထူးဆန်းတဲ့ ခံစားချက်မျိုး ခံစားရတယ်ဆိုတော့… အတွင်းထဲမှာ တကယ်ပဲ ဘာရှိနေတာလဲ။
ထိုသို့ လုရီ ဆင်ခြင်နေစဉ်မှာပင်၊ အနီးအနားမှ ကောင်းကင်တွင် အက်ကွဲကြောင်းကြီး ရုတ်တရက် ပေါ်လာပြီး၊ နောက်တစ်ခဏ၌ ပုံရိပ်တစ်ခုသည် ယင်းအက်ကွဲကြောင်းထဲမှ ဖြည်းညင်းစွာ ထွက်ပေါ်လာတော့သည်။
အခန်း ၄၄၁ - အင်မော်တယ်ဓားဂိုဏ်းမှ ဓားအင်မော်တယ်၊ ကျိုယိုနှင့် ကြုံတွေ့ခြင်း...
~ထိုသူမှာ လူငယ်တစ်ဦးဖြစ်လေ၏။
သူ၏နဖူးထက်တွင် ရွှေရောင်ဓားပုံသဏ္ဌာန် အမှတ်အသားတစ်ခုရှိကာ ခန့်ညားသောရုပ်သွင်နှင့်အတူ အဖြူရောင် ဝတ်ရုံရှည်ကို ဆင်မြန်းထား၏။ လူငယ်၏ ဘေးတွင်မူ ရွှေရောင်ဓားရှည်တစ်လက်က အလိုလို ပျံဝဲလျက်ရှိသည်။
သူသည်ကား လွန်ခဲ့သော နှစ်ပေါင်းတစ်သန်းတိုင်အောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နေခဲ့သည့် အင်မော်တယ်ဓားဂိုဏ်းမှ ဓားအင်မော်တယ်မှလွဲ၍ အခြားမည်သူမျှ မဟုတ်ပေ။
ထိုဓားအင်မော်တယ်သည် ဟင်းလင်းပြင်အက်ကွဲကြောင်းတစ်ခုထဲမှ ခြေတစ်လှမ်းချလျက် ထွက်ပေါ်လာ၏။ သူ့နောက်ရှိ အက်ကွဲကြောင်းမှာမူ တဖြည်းဖြည်း ပြန်လည်စေ့ပိတ်သွားပြီးနောက် လုံးဝပျောက်ကွယ်သွားတော့သည်။ သူ့ခြေရင်းအောက်မှ ပင်လယ်ပြင်ကြီးသည်ပင် ထိုအင်မော်တယ်အား မနှောင့်ယှက်ဝံ့သည့်အလား ချက်ချင်းပင် ငြိမ်သက်သွားလေ၏။
ဓားအင်မော်တယ်၏ မျက်ဝန်းများသည် အေးဆေးတည်ငြိမ်နေပြီး အဝေးရှိ မြူခိုးကျွန်းကို လှမ်းမျှော်ကြည့်လိုက်သည်။
နောက်တစ်ခဏ၌ သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့်တစ်ပြိုင်နက် မြူခိုးကျွန်း၏ ကောင်းကင်ယံထက်သို့ ချက်ချင်းရောက်ရှိသွားလေတော့၏။
ထိုနောက်မှာတော့ ချောက်နက်ကြီးတစ်ခုအတွင်းမှ ဟိန်းထွက်လာသည့်အလား ကြောက်မက်ဖွယ်ဟိန်းသံကြီးတစ်သံက မြူခိုးကျွန်းအတွင်းမှ ပဲ့တင်ထပ်သွားသည်။ ကျွန်း၏အလယ်ဗဟိုတောင်ထိပ်မှ ထိတ်လန့်ဖွယ် မည်းနက်သောမြူခိုးများက တရွေ့ရွေ့ ထွက်ပေါ်လာ၏။
ဘုန်း!!!
မည်းနက်နေသော မြွေနဂါးကြီးတစ်ကောင်၏ အရိပ်သည် ကောင်းကင်သို့ တစ်ဟုန်ထိုး ပျံတက်လာသည်။ မီတာထောင်ပေါင်းများစွာရှည်လျားသော ခန္ဓာကိုယ်ကြီးက ဟင်းလင်းပြင်ကို ထွင်းဖောက်၍ ကောင်းကင်ဘုံသို့ တက်လှမ်းနေသည့်အလား။ သံမည်းရောင်အကြေးခွံများ ဖုံးလွှမ်းနေသော ကိုယ်ထည်ပတ်လည်တွင် မည်းနက်သောမြူများက ဝေ့ဝဲနေပြီး ၎င်း၏ မျက်လုံးများမှာမူ အနီရင့်ရင့် သွေးရောင်များ သန်းနေကာ ရူးသွပ်မှုနှင့် တည်ငြိမ်မှုတို့ ထူးဆန်းစွာ ရောယှက်နေလေသည်။
ဧရာမမြွေနဂါးကြီးကို ရင်ဆိုင်နေရသော်လည်း ဓားအင်မော်တယ်၏ မျက်နှာအမူအရာမှာမူ ပကတိအတိုင်းပင်။ သူ၏ဓားရှည်သည် တဝီဝီမြည်ဟည်းလာပြီး မယုံနိုင်လောက်အောင် အားကောင်းသော ဓားစိတ်ဆန္ဒကို ထုတ်လွှတ်လိုက်၏။ ရွှေရောင်ဓားအလင်းတန်းသည် ကောင်းကင်နှင့်မြေကြီးကို ထွင်းဖောက်သွားသော တိုင်လုံးကြီးတစ်ခုအလား ထိုးထွက်သွားရာ ပင်လယ်ရေပြင်ထက်တွင် လှိုင်းလုံးကြီးများ ပြင်းထန်စွာ ရိုက်ခတ်သွားသည်။ ထိုအရှိန်အဝါသည် အဆုံးမဲ့သောဟင်းလင်းပြင်ကို ဖြတ်သန်းကာ အခြားသောဘက်ခြမ်းတစ်ခုသို့ပင် ထိုးဖောက်သွားဟန်တူ၏။
အင်မော်တယ်အဆင့် လက်နက်တစ်ခု နိုးထလာခြင်း၏ စွမ်းအားမှာ ကြောက်ခမန်းလိလိ ဖြစ်ပြီး ၎င်း၏ တန်ပြန်သက်ရောက်မှုသည် ကီလိုမီတာပေါင်း တစ်သန်းတိုင်အောင် ပျံ့နှံ့သွားလေသည်။
ပင်လယ်မျိုးနွယ်စုနယ်မြေနှင့် ကုန်းမြေပေါ်ရှိ စွမ်းအားကြီးမားသော ပုဂ္ဂိုလ်များစွာတို့သည် မျက်လုံးများ ချက်ချင်းပွင့်လာပြီး ကောင်းကင်နှင့်မြေကြီးကို ထွင်းဖောက်နေသော ရွှေရောင်ဓားအလင်းတန်းတိုင်ကြီးကို အကြီးအကျယ် အံ့အားသင့်စွာဖြင့် လှမ်းကြည့်လိုက်ကြ၏။
"ဒါ... ဒါက ဘာကြီးလဲ?!"
"ဒီစွမ်းအား... အင်မော်တယ်တစ်ပါး ကြွရောက်လာတာလား?!"
"အင်မော်တယ်တစ်ပါး ကြွရောက်လာခြင်းက ကပ်ဘေးကြီး နိမိတ်ပဲ..."
"သွားကြည့်ကြစို့!"
တစ်ခုပြီးတစ်ခု၊ အလွန်အမင်း စွမ်းအားကြီးမားသော အရိပ်များက ဒေသအသီးသီးမှ ပျံထွက်လာကြပြီး ရွှေရောင်ဓားအလင်းတန်းရှိရာသို့ ဦးတည်လာကြတော့သည်။
ထိုအရိပ်အများစုမှာ မဟာယာနအဆင့် ကျင့်ကြံသူများဖြစ်ကြပြီး၊ ကပ်ဘေးဖြတ်ကျော်အဆင့် ဘိုးဘေးများစွာပင် ပါဝင်သေး၏။
ထို့အပြင်၊ ကပ်ဘေးကျော်လွှားခြင်းအဆင့်ထက်ပင် မြင့်မားသော ထိတ်လန့်ဖွယ် ပုဂ္ဂိုလ်အချို့လည်း ရှိနေသေးသည်။
ဟင်းလင်းပြင်အင်မော်တယ်....
အနှီပုဂ္ဂိုလ်တို့က ဟင်းလင်းပြင်အင်မော်တယ်များပင်။
မြူခိုးကျွန်းအတွင်း၌မူ၊ လုရီနှင့် သူ့အဖော်သုံးဦးတို့သည် ဟိန်းသံကြီးထွက်ပေါ်လာသည့်အခိုက်မှာပင် ထူးခြားမှုကို သတိပြုမိလိုက်ကြ၏။
လေးဦးလုံး၏ မျက်နှာများ စိတ်ပျက်အားငယ်သွားပြီး မြူခိုးကျွန်းအလယ်ဗဟိုသို့ မော့ကြည့်လိုက်ကြသည်။ မည်းနက်သောမြူခိုးများ ထွက်ပေါ်လာခြင်းနှင့်အတူ ကြောက်မက်ဖွယ် မကောင်းဆိုးဝါး စွမ်းအားကြောင့် သူတို့လေးဦးလုံး ရင်ထိတ်သွားကြသည်။
"အဲဒါ ဘာကြီးလဲ?!"
ကျန်းရူယွီ၏ နှုတ်မှ ထိုစကားထွက်လာစဉ်မှာပင် ဧရာမမြွေနဂါးအရိပ်ကြီးက ကောင်းကင်သို့ မြည်ဟိန်း၍ ဖောက်ထွက်သွားတော့၏။
ထိုအရိပ်ကို မြင်သော် လုရီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
သူသည် စီနီယာအစ်ကို ကျန့်ဖန်တို့ ယခင်က ပြောခဲ့ဖူးသည်ကို သတိရသွား၏။
ဤဧရာမမြွေနဂါးအရိပ်သည် သူတို့ယခင်က မြင်တွေ့ခဲ့ရသော အရိပ်ကြီး ဖြစ်နိုင်လေသည်။
မည်းနက်သော မြွေနဂါးထံမှ ထုတ်လွှတ်နေသော အရှိန်အဝါသည် အလွန်အမင်း အားကောင်းပြီး မကောင်းဆိုးဝါး ဆန်လှ၏။ လုရီအတွက်ပင် သူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သည့် အလွန်ပြင်းထန်သော အန္တရာယ်အငွေ့အသက်ကို ခံစားနေရသည်။
ယခင်က ခံစားခဲ့ဖူးသော ကပ်ဘေးဖြတ်ကျော်အဆင့် ဘိုးဘေးများ၏ အရှိန်အဝါပင်လျှင် ဤမြွေနဂါးနှင့် နှိုင်းယှဉ်လျှင် မှေးမှိန်သွားပေလိမ့်မည်။
"အင်မော်တယ်တစ်ပါးလား... ဒါမှမဟုတ် ဟင်းလင်းပြင် အင်မော်တယ်တစ်ပါးလား" လုရီသည် မျက်မှောင်ကြုတ်လိုက်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်၏။
ထို့နောက် သူသည် မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။
အကြောင်းမှာ သူ မသိလိုက်သည့်အချိန်၌ ဧရာမမြွေနဂါးကြီး၏ရှေ့တွင် သေးငယ်သော လူရိပ်လေးတစ်ခု ပေါ်ပေါက်နေသောကြောင့်ပင်။
လုရီ၏ အမြင်အာရုံဖြင့် ထိုလူရိပ်၏ ရုပ်သွင်ကို ရှင်းလင်းစွာမြင်နိုင်သည်။
ခန့်ညားသော ရုပ်သွင်၊ နဖူးပေါ်မှ ရွှေရောင်ဓားအမှတ်အသား၊
ဘေးတွင်ပျံဝဲနေသော ရွှေရောင်ဓားရှည်...
အရာအားလုံးသည် သူနှင့် အလွန် ရင်းနှီးနေခဲ့သည်။
"ဟိုတစ်ယောက်က အင်မော်တယ် ဓားဂိုဏ်းက ဓားအင်မော်တယ် မဟုတ်ဘူးလား"
အင်မော်တယ် ဓားဂိုဏ်း အပျက်အစီးသို့ စွန့်စားစဥ်က ဓားအင်မော်တယ်ကို လုရီတစ်ယောက်တည်း မြင်သည် မဟုတ်ဘဲ
ကျန်းရူယွီကပါ မြင်လိုက်ရသဖြင့် သူမ၏မျက်လုံးများ ကျုံ့သွားကာ
ထိတ်လန့်တကြား အော်လိုက်လေသည်။
ယခင် အင်မော်တယ်ဓားဂိုဏ်း အပျက်အစီးများထဲတွင် လုရီသာမက ကျန်းရူယွီပါ ထိုဓားအင်မော်တယ်ကို မြင်ဖူးခဲ့ရာ အမှတ်တရမှာ အလွန်နက်ရှိုင်းခဲ့၏။
ယွင်ရှီးနှင့် လျိုနင်ရွှမ်းတို့မှာမူ ဤဓားအင်မော်တယ်ကို မမြင်ဖူးကြပေ။
ကျန်းရူယွီ၏ စကားကိုကြားသော် အလွန်အမင်း တုန်လှုပ်အံ့အားသင့်သွားကြသည်။
"ဘာ... ဘာရယ်! ဟိုတစ်ယောက်က
အင်မော်တယ်တစ်ပါး ဟုတ်လား"
"အင်မော်တယ်ဓားဂိုဏ်းက ဓားအင်မော်တယ်ဆို... သူက မြောက်ဘက်စွန်း ရေခဲပြင်တားမြစ်နယ်မြေကို သွားတယ်လို့ ပြောကြတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်နေရတာလဲ"
ထိုစဉ် လုရီ ခေါင်းခါယမ်းလိုက်ရင်း သူ့မျက်လုံးများထဲတွင် အံ့ဩမှုများ ပြည့်နှက်နေ၏။
"ကျွန်တော်လည်း မသိဘူး... ဒါပေမဲ့... အဲဒီဓားအင်မော်တယ်ရှေ့မှာ ရပ်ဝံ့တယ်ဆိုကတည်းက ဒီမြွေနဂါးနက်ကြီးကလည်း သာမန်တော့ မဟုတ်လောက်ဘူး"
ဤသည်ကား အင်မော်တယ်များကြားမှ တိုက်ပွဲတစ်ခု ဖြစ်လာတော့မည်လော။
ထိုအခိုက်အတန့်၌ ကျန်းရူယွီနှင့် အခြားနှစ်ဦး၏ ပတ်ပတ်လည်တွင်လည်း မည်းနက်သောမြူခိုးများက ရုတ်တရက် ဝေ့ဝဲလာသည်။
လုရီက မျက်ခုံးပင့်လိုက်၏။
ရုတ်တရက် သူ၏ ဓားတာအိုနိယာမ စွမ်းအားများက လှိုင်းထန်လာပြီး သူတို့ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို လုံးဝဖိနှိပ်လိုက်ရာ မည်းနက်သောမြူခိုးများက တဖြည်းဖြည်း
ကြွေလွင့်သွားလေ၏။
ယခင်က ယွင်ရှီး၏ ခန္ဓာကိုယ်ကို စစ်ဆေးစဉ်ကတည်းက လုရီသည် နိယာမအဆင့်စွမ်းအားကပင် ဤမြူခိုးနက်များကို ဖိနှိပ်နိုင်ကြောင်း သိရှိထားပြီးဖြစ်သည်။
နိယာမကို ပိုင်ဆိုင်ထားသော လုရီအတွက် ဤသို့သော မြူခိုးနက်များသည် ကြီးမားသော အန္တရာယ်မပေးနိုင်ပေ။
"ငါ့ နားထဲမှာ အဲဒီထူးဆန်းတဲ့အသံကို ထပ်ကြားနေရပြန်ပြီ"
လျိုနင်ရွှမ်းသည် ပြောဆိုရင်း စိတ်ရှုပ်ထွေးနေကာ လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်၏။
လုရီက မျက်မှောင်ကြုတ်ကာ ကောင်းကင်သို့ တစ်ချက် မျှော်ကြည့်လိုက်သည်။
"ဖြစ်နိုင်တာက ဟိုမြွေနဂါးကြီးရဲ့ လွှမ်းမိုးမှုကြောင့် ဖြစ်လိမ့်မယ်"
ထိုမြွေနဂါးသည် အလွန်အမင်း အားကောင်းပြီး သူ့ခန္ဓာကိုယ်မှ ဝေ့ဝဲထွက်နေသော မြူခိုးနက်များသည် မြူခိုးကျွန်းတစ်ခုလုံးကို သက်ရောက်မှုရှိနေနိုင်လေသည်။
ထိုအချိန်မှာပင် ကောင်းကင်၌ ရွှေရောင်အလင်းများ ရုတ်တရက် ထွန်းလင်းလာ၏။ ရွှေရောင်အလင်းတိုင်ကြီးတစ်ခုက ကောင်းကင်နှင့်မြေကြီးကို ထွင်းဖောက်သွားပြီး ထိုကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒကြောင့် လုရီနှင့်သူ့အဖော်တို့၏ မျက်လုံးများမှာ အသက်ရှူဖို့ပင်မေ့ကာ ထိတ်လန့်တကြား ပြူးကျယ်သွားကြသည်။
အကယ်၍သာ လုရီသည် ဓားတာအိုနိယာမကို နားလည်ထားခြင်းမရှိပါက၊ ဤသို့သော ဓားစိတ်ဆန္ဒကို သူတို့အနေဖြင့် ခုခံနိုင်စွမ်း ရှိမည်မဟုတ်ပေ။
"သူတို့... တိုက်ခိုက်ကြတော့မလို့လား"
ကျန်းရူယွီက ထိတ်လန့်စွာဖြင့် အော်ဟစ်လိုက်သည်။
နောက်တစ်ခဏမှာပင် မြွေနဂါးနက်ကြီးကလည်း ကြောက်မက်ဖွယ် မည်းနက်သောမီးလျှံများကို ထွေးထုတ်လိုက်၏။ မည်းနက်သောမီးလျှံသည် ရွှေရောင်ဓားအလင်းတန်းထံ တိုက်ရိုက်တိုးဝင်သွားသည်။
ဖောင်း!!!
ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး တန်ပြန်အားလှိုင်းများမှာ ရက်စက်ကြမ်းကြုတ်စွာ ရိုက်ခတ်လာ၏။
လုရီနှင့် အခြားသူများသည် သူတို့၏ စစ်မှန်သောဝိညာဉ်ကိုပင် တုန်လှုပ်ခြောက်ခြားသွားစေသည့် အလွန်တရာ ကြောက်မက်ဖွယ် စွမ်းအားကို ခံစားလိုက်ရသည်။
လုရီက လျိုနင်ရွှမ်းနှင့် အခြားသူများကို ခေါ်ဆောင်၍ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် မမြင်နိုင်သော စွမ်းအားတစ်ခုက ထိုတန်ပြန်အားလှိုင်းများကို တားဆီးလိုက်ပြီး မြူခိုးကျွန်းသို့ မရောက်ရှိအောင် ကာကွယ်လိုက်လေ၏။
လေးဦးလုံး ကျောက်ရုပ်ကြီးပမာ တောင့်ခဲသွားကြသည်။ လုရီက တစ်စုံတစ်ခုကို တွေးမိကာ အော်ဟစ်လိုက်သည်။
"နေရာလပ် အတားအဆီး...ဒါ နေရာလပ်အတားအဆီးပဲ။ မြူခိုးကျွန်းက အခြား နေရာလပ် တစ်ခုထဲမှာ ရှိနေတာ။ အဲဒီအတားအဆီးက တန်ပြန် အားလှိုင်းတွေကို တားဆီးလိုက်တာပဲ"