အခန်း (၄၄၂-၄၄၄)
Vol. 30 Ch. 442-444
အခန်း ၄၄၂ -အင်မော်တယ်ဓားဂိုဏ်းမှ ဓားအင်မော်တယ် သခင် နှင့် ထိပ်တိုက်တွေ့ဆုံခြင်း...
~လျိုနင်ရွှမ်းနှင့် အခြားသူများအားလုံး
သက်ပြင်းတစ်ချက်ကို ချနိုင်ကြတော့၏။
"ငါတို့ သေပြီလို့တောင် ထင်လိုက်တာ"
ကျန်းရူယွီ၏ မျက်နှာတွင် ထိတ်လန့်မှုတို့က အထင်းသားပင်။
"အဲ့ဒီတိုက်ပွဲရဲ့ နောက်ဆက်တွဲ အရှိန်ကြောင့်
ငါ ခုခံနိုင်စွမ်း လုံးဝ မရှိတော့သလို ခံစားလိုက်ရတယ်"
ယွန်းရှီးကလည်း ခေါင်းတညိတ်ညိတ်နှင့် ထောက်ခံလိုက်သည်။
"ဟုတ်တယ်၊ တကယ်ပဲ"
ထိုအခိုက်မှာပင်၊ တိုက်ပွဲစက်ကွင်းထဲမှ သွေးပျက်ဖွယ် စူးရှသည့် အသံတစ်သံ ဟိန်းညံလာ၏။
လုရီနှင့် သူ့အဖော်များအားလုံး လန့်ဖျပ်သွားပြီး အသံ လားရာဘက်သို့ လှမ်းကြည့်လိုက်ကြသည်။
သို့သော်၊ ရွှေရောင်နှင့် အနက်ရောင်အလင်းတန်းတို့မှာ အလွန်တောက်ပနေသည့်အတွက် လုရီပင်လျှင် အတွင်းထဲက မြင်ကွင်းကို ကွဲကွဲပြားပြား
မမြင်နိုင်ခဲ့ချေ။
သူမြင်နိုင်သည်မှာ တိုက်ပွဲအရှိန်အဟုန်၏ တိုက်စားဖျက်ဆီးမှုအောက်တွင် ပင်လယ်ပြင်တစ်ခုလုံး အငွေ့ပျံသွားသကဲ့သို့ ဖြစ်နေပြီး၊ သူ၏မျက်စိတစ်ဆုံးရှိ ရေပြင်ကြီးမှာ ချိုင့်ခွက်ကြီးဖြစ်ကာ ပင်လယ်အောက်ခြေကိုပင် ဖော်ပြနေသည်ဟူ၍သာ။ မရေမတွက်နိုင်သော ပင်လယ်သားရဲတို့မှာ ထိုကြောက်မက်ဖွယ် စွမ်းအားကြောင့် ပြာမှုန်များအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားခဲ့ရလေ၏။
တောင်ကုန်းတစ်လုံးမျှ ကြီးမားသော ပင်လယ်လိပ်ကြီးတစ်ကောင်ကိုပင် သူမြင်လိုက်ရသည်။ ထိုလိပ်ကြီး၏ အခွံမှာ အက်ကြေကာ တဖြည်းဖြည်း ကြေမွပျက်စီးနေတော့၏။
ထိုလိပ်ကြီးသည်... ကပ်ဘေးဖြတ်ကျော်ခြင်း နယ်ပယ် အဆင့်ရှိ ပင်လယ်လိပ်ကြီးတစ်ကောင် ဖြစ်လေသည်။
လုရီ၏ ရင်ထဲတွင် အသည်းခိုက်မတတ် ထိတ်လန့်သွားပြီး သူတို့ မြူခိုးကျွန်းအတွင်း ရောက်နေသည့်အတွက် အလွန်ကံကောင်းသည်ဟု ခံစားလိုက်ရ၏။ သို့မဟုတ်လျှင် သူတို့အနေနှင့် နေရာရွှေ့ပြောင်းရေး အဆောင်လက်ဖွဲ့ကို သုံးကာ ထွက်ပြေးရုံမှတစ်ပါး အခြားနည်းလမ်းရှိမည် မဟုတ်တော့ပေ။
တိုက်ပွဲအရှိန်အဝါတို့ တဖြည်းဖြည်း လွင့်ပြယ်သွားသည့်အခါ၊ လုရီသည် ကောင်းကင်ထက်မှ မြင်ကွင်းကို တဖြည်းဖြည်း မြင်လာရတော့သည်။
သို့သော်၊ မကြာမီမှာပင် လုရီ၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားပြီး ကောင်းကင်ကို မှင်သက်၍ ငေးကြည့်နေမိတော့၏။
ကောင်းကင်ယံထက်တွင်၊ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှသော အနက်ရောင်မြွေကြီး၏ ကိုယ်ပေါ်၌ ရွှေရောင်ဓားဒဏ်ရာများက သိပ်သည်းစွာ ဖုံးလွှမ်းနေသည်။
ထိုဓားဒဏ်ရာများတွင် အင်မော်တယ် နိယာမ ၏ ဓားစိတ်ဆန္ဒတို့ ကိန်းအောင်းနေပြီး ဖျက်ဆီးမရနိုင်ပေ။ မြွေကြီး၏ ကိုယ်မှ စီးထွက်နေသော အနက်ရောင်မြူခိုးများကပင် ထိုဓားစိတ်ဆန္ဒကို မဖယ်ရှားနိုင်ခဲ့ပေ။
ဧရာမမြွေနဂါးကြီးမှာ နာကျင်စွာ အဆက်မပြတ် အော်ဟစ်ရင်း ကောင်းကင်တွင် တဝုန်းဝုန်းလူးလွန့်နေတော့သည်။
မြွေကြီး၏ကိုယ်ထည်က နေရာလပ်အက်ကြောင်းများထဲသို့ ထိုးခွဲသွားသည့်အခါ ကြောက်မက်ဖွယ် နေရာလပ် အက်ကြောင်းများ ပေါ်ထွက်လာ၏။ သို့သော်၊ ထိုနေရာလပ် မုန်တိုင်းများက ယင်း၏ကိုယ်ကို ရိုက်ခတ်သော်လည်း မည်သည့်ထိခိုက်မှုမျှ မဖြစ်စေခဲ့ပေ။
တစ်ဖက်တွင်မူ အင်မော်တယ် ဓားဂိုဏ်းမှ တွင်မူ အင်မော်တယ် ဓားဂိုဏ်းမှ
ဓားအင်မော်တယ်၏ မျက်နှာထားမှာ အမြဲတစေ တည်ငြိမ်နေဆဲဖြစ်ပြီး မည်သို့မျှ ပြောင်းလဲသွားခြင်း မရှိချေ။
သူ၏ဘေးတွင် အင်မော်တယ်ဓားက အသက်ရှိသည့်နှယ် ပျံဝဲနေပြီး၊ စောစောက
ဓားအင်မော်တယ် အသုံးပြုခဲ့သော တိုက်ကွက်၏ အကြွင်းအကျန်အဖြစ် ရွှေရောင်
အင်မော်တယ် ဓားအလင်းမျှင်တစ်စက ထင်ကျန်နေသေးသည်။
"သူ... အရမ်းကို အားကြီးလွန်းတယ်" ကျန်းရူယွီက အလွန်တရာ ထိတ်လန့်စွာဖြင့် တိုးသက်စွာ ရေရွတ်လိုက်၏။
လုရီကလည်း ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်၊ ကပ်ဘေးဖြတ်ကျော် ဘိုးဘေးတစ်ပါးတောင်မှ နေရာလပ်မုန်တိုင်းကို အလွယ်တကူ မခံနိုင်ဘူး။ ဒါပေမဲ့ ဒီမြွေနဂါးကြီးက လုံးဝမထိခိုက်သလိုပဲ။ ဒီလိုဖြစ်နေတာတောင် ဓားအင်မော်တယ် သခင်ရဲ့ တစ်ချက်တည်းသော တိုက်ကွက်က သူ့ကို အပြင်းအထန် ဒဏ်ရာရစေခဲ့တယ်။ ဒီဓားအင်မော်တယ် သခင်ရဲ့ အစွမ်းက တကယ်ကို ကြောက်စရာကောင်းလွန်းပါတယ်"
"အဲ့ဒီမြွေနဂါးက တကယ်တော့ ဘာကောင်လဲ။ ပြီးတော့ ဒီအင်မော်တယ် ဓားဂိုဏ်းက အရှင်က ဘာလို့ သူ့ကို လာတိုက်ခိုက်ရတာလဲဟင်" ယွင်ရှီးက စူးစမ်းစွာ မေးလိုက်သည်။
လုရီ မူးဝေစွာ ခေါင်းခါပြလိုက်၏။
သူလည်း မသိခဲ့ပေ။
ထိုအခိုက်၊ ဓားအင်မော်တယ် သခင်၏ အကြည့်တို့က အောက်ဘက်ရှိ မြူခိုးကျွန်းပေါ်သို့ ဝေ့ဝဲလာသည်။ လုရီနှင့် သူ့အဖော်များကို မြင်သောအခါ သူ၏အကြည့်က တစ်စက္ကန့်မျှ ရပ်တန့်သွားပြီး လုရီကို တစ်ချက်ပို၍ ကြည့်လိုက်၏။
လုရီ၏ ရင်ထဲတွင် အနည်းငယ် အံ့အားသင့်သွားသည်။ ဓားအင်မော်တယ်က သူ့ကို မှတ်မိနေသေးပုံရ၏။
နောက်တစ်ခဏတွင် ဓားအင်မော်တယ် သခင်၏ အသံသည် လုရီ၏ နားထဲသို့ တိုက်ရိုက်ဝင်ရောက်လာသည်။
"ဒီကျွန်းကနေ ထွက်သွားကြတော့။ ဒီနေရာက သိပ်အန္တရာယ်များတယ်"
ထိုစကားကို ကြားသော် လုရီတစ်ချက်တွေဝေသွားသော်လည်း နောက်ဆုံးတွင် အင်မော်တယ် ဓားသခင်ကြီးကို ယုံကြည်ရန် ဆုံးဖြတ်လိုက်၏။
မည်သို့ပင်ဆိုစေ၊ အင်မော်တယ် ဓားသခင်ကြီးသည် သူ့အား သိုင်းပညာများ ချီးမြှင့်ခဲ့သည့် ကျေးဇူးရှိသူဖြစ်ရာ သူ့ကို အန္တရာယ်ပေးမည် မဟုတ်ပေ။
ထို့အပြင်၊ ဤကျွန်းတွင် ပြဿနာ ကြီးကြီးမားမားတစ်ခုခု ရှိနေသည်ဟု လုရီ၏ နဂိုပင်ကိုယ်အသိက သူ့ကို သတိပေးနေခဲ့သည်။
လုရီက ဖွင့်ဟပြောလိုက်၏။
"ကျွန်တော်တို့ ဒီနေရာကနေ သွားကြစို့"
လျိုနင်ရွှမ်းနှင့် အခြားသူများအားလုံး ကြောင်သွားပြီး လုရီကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
"အမ်..ငါတို့ သွားတော့မလို့လား" ကျန်းရူယွီက မေးလိုက်၏။
"ဟုတ်တယ်"
လုရီသည် သူ၏ အဖော်များကို စုစည်းကာ အလင်းတန်းအသွင် ပြောင်းလဲ၍ မြူခိုးကျွန်းမှ ပျံထွက်ကာ နေရာလပ်အတားအဆီးကို ဖြတ်ကျော်လိုက်သည်။
ထိုအချိန်မှာပင် ကောင်းကင်တွင် လူးလွန့်အော်ဟစ်နေသော အနက်ရောင်မြွေနဂါးကြီးက သတိပြုမိသွားပြီး ဟိန်းဟောက်သံတစ်ချက်နှင့်အတူ အနက်ရောင် မီးလုံးတစ်လုံးကို ထွေးထုတ်ကာ လုရီတို့အုပ်စုထံသို့ ပစ်လွှတ်လိုက်တော့သည်။
မြူခိုးကျွန်းအတွင်း၊ နေရာလပ်အတားအဆီး၏ နောက်ကွယ်တွင် ရှိနေစဉ်က လုရီတို့အုပ်စုသည် ဤစွမ်းအားကို ရှင်းလင်းစွာ မခံစားခဲ့ရပေ။
ယခုမူ၊ အနက်ရောင်မီးလျှံလုံးက သူတို့ထံသို့ တိုးဝင်လာသည့်အခါမှ ၎င်းသည် မည်မျှအစွမ်းထက်သည်ကို သူတို့ ကောင်းကောင်းကြီး သိရှိလိုက်ရတော့၏။
လုံးဝ... တွန်းလှန်နိုင်စွမ်း မရှိပေ။
လုရီက သူ၏အဖော်များနှင့်အတူ နေရာလပ်အဆောင်လက်ဖွဲ့ကို ထုတ်သုံးမည်ပြုလိုက်စဉ်မှာပင်၊ ရွှေရောင်ဓားအလွှာတစ်ခုက အနက်ရောင်မီးလျှံလုံးရှေ့တွင် ပေါ်လာပြီး ခံဆောင်လိုက်လေ၏။
လုရီနှင့် သူ့အဖော်များအားလုံး ဟူးခနဲ
သက်ပြင်းချလိုက်ကြသည်။ လုရီ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက်၊ လျိုနင်ရွှမ်းတို့နှင့်အတူ ဓားအင်မော်တယ် သခင်ထံသို့ သွားရောက်လိုက်၏။
"စီနီယာ၊ မတွေ့ရတာ ကြာပါပြီ"
သူ လက်နှစ်ဖက် ဆုပ်ကာ အရိုအသေပေးလိုက်သည်။
ဥပဓိရုပ်သွင် ချောမောခန့်ညားလှသော
ဓားအင်မော်တယ် သခင်က လုရီကို အကဲခတ်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းထဲတွင် အံ့အားသင့်ဟန်တစ်ခု ရိပ်ခနဲ ထင်သွားပြီး ခပ်ပြုံးပြုံးဖြင့် ဆိုလာ၏။
"ကြည့်ရတာ... မင်းကို အင်မော်တယ် ဓားကျမ်း ချီးမြှင့်ခဲ့တာက မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခုပဲကိုး။ ဆယ်စုနှစ်အနည်းငယ်အတွင်းမှာပဲ မင်းက အင်မော်တယ် နိယာမစွမ်းအားမျှင်တစ်ခုကို ကျွမ်းကျင်သွားရုံမက၊ ဓားတာအိုနိယာမကိုပါ ဆုပ်ကိုင်နိုင်ခဲ့ပြီပဲ။ တကယ့်ကို ရှားပါးတဲ့ ပါရမီရှင်တစ်ယောက်ပဲ"
ထိုအခါ လုရီက ရှက်ကိုးရှက်ကန်း ပြုံးလိုက်ရင်း
"စီနီယာကတော့ မြှောက်လွန်းနေပါပြီ" ဟု တုံ့ပြန်လိုက်သည်။
ဓားအင်မော်တယ် သခင်က ခေါင်းကို ဖြည်းညင်းစွာ ခါယမ်း၏။
"ဒါက မြှောက်ပင့်ပြောဆိုနေတာ မဟုတ်ဘူး။ မင်းရဲ့ပါရမီက ကြယ်တာရာ နယ်မြေ တစ်ခုလုံးမှာတောင် ထိပ်တန်းအဆင့်ထဲမှာ ပါဝင်တယ်။ အင်မော်တယ် သူတော်စင် မျိုးနွယ်စု တွေက အဓိကမျိုးဆက်တွေလောက်ပဲ မင်းထက်သာလွန်နိုင်လိမ့်မယ်"
"ကြယ်တာရာ နယ်မြေလား။ အင်မော်တယ် သူတော်စင်မျိုးနွယ်စုလားဗျ"
လုရီ အနည်းငယ် ကြောင်အသွားပြီး ဓားအင်မော်တယ် သခင်ကို မော့ကြည့်လိုက်၏။
ထိုအခါ ဓားအင်မော်တယ် သခင်က ဖျော့တော့စွာ ပြုံးကာဖြင့်ပင် ရှင်းပြလိုက်သည်။
"မင်းက ထျန်းမင်ကမ္ဘာကဆိုတော့ မသိတာက သဘာဝကျပါတယ်။ ဒါပေမဲ့ မကြာခင်မှာတော့ မင်း သူတို့နဲ့ ထိတွေ့ရလိမ့်မယ်။ မင်းရဲ့ပါရမီနဲ့သာဆိုရင်၊ မင်း အင်မော်တယ်အဖြစ် တက်လှမ်းပြီးတာနဲ့ ဟို မိုးထက်မှာရှိနေတဲ့ အင်မော်တယ် သူတော်စင် မျိုးနွယ်စုတွေက မင်းကို လာရှာကြလိမ့်မယ်"
ထိုစကားကို ကြားသော် လုရီ၏စိတ်ထဲတွင် စူးစမ်းလိုစိတ်များ ပြည့်နှက်သွားသော်လည်း၊ ဓားအင်မော်တယ် သခင်က အကျယ်တဝင့် ရှင်းပြလိုဟန်မရှိသည်ကို မြင်သောအခါ သူလည်း ထပ်မံ၍ မမေးမြန်းတော့ပေ။
"ကျွန်တော် နားလည်ပါပြီ၊ စီနီယာ။ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ"
ထိုစဉ် ဓားအင်မော်တယ် သခင်က မေးလိုက်သည်။
"မင်းတို့ ဘယ်လိုလုပ် ဒီကိုရောက်နေကြတာလဲ"
ထိုအခိုက်အတန့်တွင် လုရီ အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ပြန်ဖြေလိုက်၏။
"ကျွန်တော်တို့လည်း တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီနေရာကို ရောက်လာခဲ့တာပါ စီနီယာ။ ဒီမြူခိုးကျွန်းမှာ တစ်ခုခုများ မှားယွင်းနေလို့များလားခင်ဗျာ"
ဘုရားရေ...တိုက်တိုက်ဆိုင်ဆိုင်တဲ့လား..
လျိုနင်ရွှမ်းနှင့် အခြားသူများမှာ လုရီကို
ပြောစရာ စကားလုံး ပျောက်ရှစွာ ကြည့်နေမိကြသည်။
ဓားအင်မော်တယ် သခင်က ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ပြီး၊ သူ၏ မျက်နှာထားမှာ ကျွန်းကို ငုံ့ကြည့်လိုက်စဉ် တည်ကြည်လေးနက်သွားကာ
"ဒီနေရာက ကျိုယိုနယ်မြေ ရဲ့ အစိတ်အပိုင်းတစ်ခုပဲ။ ကံကောင်းလို့ မင်းတို့ အတွင်းထဲအထိ
နက်နက်ရှိုင်းရှိုင်း မဝင်သွားခဲ့ကြဘူးပဲ။ တကယ်လို့သာ မင်းတို့ အတွင်းပိုင်းအထိ ရောက်သွားပြီး ကျိုယိုချီ တွေရဲ့ တိုက်စားမှုကို ခံလိုက်ရရင်၊ အင်မော်တယ် တစ်ပါးတောင်မှ မင်းတို့ကို ပြန်ကယ်နိုင်ဖို့ ခက်လိမ့်မယ်" ဟု ဆိုလိုက်တော့သည်။
အခန်း ၄၄၃ - အင်မော်တယ်ဓားဂိုဏ်းမှ ဓားအင်မော်တယ် သခင်နှင့် ထိပ်တိုက် တွေ့ဆုံခြင်း...
~ထိုစကားကို ကြားသော် လုရီနှင့် သူ့အဖော်များအားလုံး ကြက်သီးထသွားကြပြီး သူတို့အစောပိုင်းက ကြုံတွေ့ခဲ့ရသော မည်းနက်သည့်မြူခိုးများကို ပြန်လည် သတိရသွားကြ၏။
ထိုအရာသည် ကျိုယိုချီသာ ဖြစ်ရမည်။
"ကျိုယိုချီဆိုတာ ဘာလဲခင်ဗျာ" လုရီက စူးစမ်းစွာ မေးမြန်းလိုက်သည်။
"ဒါက မင်းတို့အခု သိဖို့ မလိုသေးတဲ့အရာပဲ"
ဓားအင်မော်တယ် သခင်က ခေါင်းခါယမ်းကာ အေးစက်စွာ တုံ့ပြန်၏။
သူသည် လက်ကိုညင်သာစွာ ဝှေ့ယမ်းလိုက်ပြီး မှာကြားသည်။
"သွားကြတော့။ မကြာခင် ဒီနေရာမှာ တိုက်ပွဲကြီးတစ်ခု ဖြစ်တော့မယ်။ ဒီပင်လယ်နယ်မြေတစ်ခုလုံးတောင် ပျောက်ကွယ်သွားနိုင်တယ်"
ထိုစကားကြောင့် လုရီတို့တတွေ အသည်းခိုက်မတတ် ထိတ်လန့်သွားကြ၏။
ပင်လယ်နယ်မြေတစ်ခုလုံး ပျောက်ကွယ်သွားနိုင်သည်အထိ ပြင်းထန်မည်ဆိုလျှင် ထိုတိုက်ပွဲက မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်ကို စဉ်းစားကြည့်ရုံဖြင့် သိနိုင်ပေသည်။
သူတို့စကားပြောနေစဉ်မှာပင် အောက်ဘက်ရှိ မြူခိုးကျွန်းမှ မည်းနက်သောမြူခိုးများ ပိုမိုစိမ့်ထွက်လာသည်။ ထို့နောက် ကြောက်မက်ဖွယ် မကောင်းဆိုးဝါး စွမ်းအားတစ်ခုက အောက်ဘက်မှ ထုတ်လွှတ်လာရာ လုရီ၊ လျိုနင်ရွှမ်းနှင့် အခြားသူများအားလုံး ရေခဲဂူထဲသို့ ကျသွားသည့်အလား တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားကြ၏။
ဤစွမ်းအားသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပြီး လုရီပင်လျှင် ၎င်းကို ခုခံနိုင်မည်မဟုတ်ဟု ခံစားလိုက်ရသည်။
ယင်းကား သာမန်သေမျိုးတို့ နားလည်နိုင်စွမ်း
မရှိသော စွမ်းအား တစ်ရပ်ပင်တည်း။
ဓားအင်မော်တယ်သည် အောက်ဘက်သို့ တည်ကြည်လေးနက်သော အမူအရာဖြင့် ကြည့်လိုက်ပြီးနောက် ဥပေက္ခာပြုဟန်ဖြင့် အမိန့်ပေးလိုက်၏။
"အောက်က သတ္တဝါ နိုးထလာပြီ။ မင်းတို့ သွားသင့်ပြီ"
ဓားအင်မော်တယ်၏ လက်တစ်ချက် ဝှေ့ယမ်းလိုက်မှုနှင့်အတူ လုရီတို့အားလုံး မတွန်းလှန်နိုင်သော စွမ်းအားတစ်ခုက သူတို့ကို တွန်းထုတ်သွားသည်ကို ခံစားလိုက်ရပြီး မျက်စိတစ်မှိတ်အတွင်း ကီလိုမီတာ ရာပေါင်းများစွာကို ဖြတ်ကျော်ကာ အဝေးသို့ အရှိန်ပြင်းစွာ ပျံသန်းသွားရတော့သည်။
သူတို့လေးဦး အလျင်အမြန် နောက်ဆုတ်နေစဉ်မှာပင် အောက်ဘက်မှ မှိန်ဖျော့ဖျော့အလင်းတစ်ခု လက်ခနဲဖြစ်သွားပြီး မည်းနက်သောအရိပ်တစ်ခု လွင့်ပျံတက်လာသည်ကို မြင်လိုက်ရသည်။
ထိုအခိုက်အတန့်၌ အေးစက်ပြီး ကြမ်းတမ်းသော အသံတစ်သံက မြူခိုးကျွန်းအထက်မှဟိန်းထွက်လာ၏။
"ဝမ်ကျန်းယွမ်၊ မင်းက သေပြီးသား ကောင်ပဲ! ဘာလို့ပြန်ပေါ်လာရတာလဲ!"
အင်မော်တယ် ဓားသခင်ကြီး၏ အေးစက်သော အသံက ဓားဆွဲထုတ်လိုက်သည့်အလား ထက်ရှနေသည်။
"သေတယ် ဟုတ်လား။ ငါက မင်းကို ကျိုယိုဘုံထဲ ပြန်သွင်းဖို့ သေခြင်းတရား နှုတ်ခမ်းဝကနေ ပြန်လာခဲ့တာကွ"
လုရီက ဆက်လက်နားထောင်ချင်သေးသော်လည်း ဓားအင်မော်တယ် ဝမ်ကျန်းယွမ်၏ တွန်းကန်အားကို မလွန်ဆန်နိုင်ဘဲ တဖြည်းဖြည်း အဝေးသို့ ရောက်ရှိသွားရာ မြူခိုးကျွန်းကို မမြင်နိုင်တော့သလို သူတို့နှစ်ဦး၏ အသံကိုလည်း
မကြားနိုင်တော့ပေ။
ခဏလေးအတွင်းမှာပင် လုရီနှင့်သူ့အဖော်များသည် ကီလိုမီတာ သိန်းပေါင်းများစွာအကွာအဝေးသို့ ရောက်ရှိသွားခဲ့သည်။..
ထိုအခိုက်အတန့်၌ ရွှေရောင်နှင့် အနက်ရောင်အလင်းတန်းတစ်ခုက အဝေးဆီတွင် ရုတ်တရက် လင်းလက်သွားကာ နေလုံးတစ်စင်း ထပ်မံပေါ်ထွက်လာသည့်အလား မိုးကုတ်စက်ဝိုင်း၏ အခြားတစ်ဖက်တွင် ထင်ရှားစွာ မြင်နေရ၏။
ကြောက်မက်ဖွယ် နောက်ဆက်တွဲ အားလှိုင်းများက မယုံနိုင်စရာအမြန်နှုန်းဖြင့် ရိုက်ခတ်လာပြီး ကီလိုမီတာ သိန်းပေါင်းများစွာ ဝေးကွာနေသည့်တိုင် လုရီတို့သည် ထိုကြောက်ခမန်းလိလိ လှိုင်းဂယက်ကို ခံစားနေရဆဲဖြစ်သည်။
ထို့နောက်၊ လုရီသည် ရွှေရောင်အလင်းတန်းနှင့် အနက်ရောင်အလင်းတန်းတို့ ရစ်ပတ်သွားကာ ကြယ်တာရာစကြဝဠာထဲသို့ တန်းတန်းမတ်မတ် ပျံတက်သွားသည်ကို မြင်လိုက်ရသည်။ ကောင်းကင်တစ်ခြမ်းမှာ ရွှေရောင်ဖြစ်သွားပြီး အခြားတစ်ခြမ်းမှာ အနက်ရောင်ဖြစ်သွားတော့၏။
"အားး..အရမ်း ကြောက်ဖို့ ကောင်းတဲ့ တိုက်ပွဲပဲ!"
ယွင်ရှီးမှာ အနည်းငယ် အသံ တုန်ယင်နေပြီး သူမ၏ မျက်လုံးများထဲတွင် အံ့ဩမှုများ ပြည့်နှက်နေသည်။
လျိုနင်ရွှမ်းနှင့် ကျန်းရူယွီတို့၏ မျက်နှာထက်တွင်လည်း ထိတ်လန့်မှု အရိပ်အယောင်များ ထင်ဟပ်နေသည်။
"ဒီလိုတိုက်ပွဲသာ အရှေ့နယ်မြေမှာ ဖြစ်ခဲ့ရင် နယ်မြေတစ်ခုလုံး ပျက်စီးသွားလောက်တယ်" လျိုနင်ရွှမ်းက အံ့အားသင့်စွာဖြင့် ဆိုသည်။
ထိုအခါ၌ လုရီကလည်း တင်းမာသော မျက်နှာထားဖြင့် ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပါရဲ့၊ ကျွန်တော်တို့ ဝေးဝေးရောက်နေလို့ တော်သေးတာပေါ့၊ မဟုတ်ရင် အန္တရာယ်များမှာပဲ"
ထိုအချိန်မှာပင်၊ လုရီတို့အားလုံး ကြောက်မက်ဖွယ် အရှိန်အဝါများစွာက အဝေးမှ သူတို့ထံသို့ ပျံသန်းလာသည်ကို အာရုံခံမိလိုက်ကြသည်။
သူတို့၏ မျက်နှာအမူအရာများ အနည်းငယ် အုံ့မှိုင်းသွားပြီး ခေါင်းလှည့်ကြည့်လိုက်ရာ ကျင့်ကြံသူအများအပြား လျှပ်စီးလိုအဟုန်ဖြင့် ပျံသန်းလာသည်ကို တွေ့လိုက်ရ၏။
ဤကျင့်ကြံသူများထံမှ ထုတ်လွှတ်နေသော အရှိန်အဝါများမှာ မဟာယာနအဆင့်ထက်ပင် ကျော်လွန်ကာ အလွန်အမင်း အားကောင်းလှပြီး၊ သူတို့ထဲတွင် ကပ်ဘေးဖြတ်ကျော် ဘိုးဘေးအများအပြားပင် ပါဝင်နေသည်တကား။
ဤမျှလောက်သော လှုပ်ရှားမှုကြီးက အစွမ်းထက်ပုဂ္ဂိုလ်များစွာကို ဆွဲဆောင်နိုင်ခဲ့လေပြီ။
ထိုပင်လယ်မျိုးနွယ် ကျင့်ကြံသူများကလည်း
လုရီနှင့် သူ့အဖော်သုံးဦးကို သတိပြုမိသွားကာ အံ့အားသင့်စွာဖြင့် ခေတ္တရပ်တန့်သွားကြ၏။
ဟင်းလင်းပြင်ဥမင်အဆင့် ကျင့်ကြံသူများကို ဤနေရာတွင် တွေ့ရှိလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။
ထိုအခိုက်အတန့်၌ ပင်လယ်မျိုးနွယ် ဘိုးဘေးတစ်ဦးက တစ်စုံတစ်ခုကို အာရုံခံမိကာ သူ၏မျက်နှာထားမှာ ရုတ်ချည်းပြောင်းလဲသွားပြီး အလွန်အမင်း ရက်စက်ကြမ်းကြုတ်သောအသွင်သို့ ပြောင်းသွားသည်။
"မင်းက လုရီလား?!"
ထိုစကားကို ကြားသောအခါ၊ အခြားသော အစွမ်းထက် ပင်လယ်မျိုးနွယ် ပုဂ္ဂိုလ်အချို့၏ မျက်နှာများမှာလည်း ခက်ထန်သွားပြီး သတ်ဖြတ်လိုစိတ်တို့က ဒီရေလှိုင်းလို တက်လာကာ လုရီကို ချက်ချင်း ပစ်မှတ်ထားလိုက်ကြတော့သည်။
လုရီ၏ ပုံစံတစ်ထောင် အသွင်ပြောင်းစွမ်းရည် သည် သူ၏ မူလဇာစ်မြစ်ကို အတိုင်းအတာတစ်ခုအထိ ပြောင်းလဲနိုင်လောက်အောင် ကောင်းမွန်သော်လည်း ဤမျှ အနီးကပ် အကွာအဝေးတွင် ကပ်ဘေးဖြတ်ကျော်အဆင့် ဘိုးဘေး တစ်ဦးကိုမူ လှည့်စားနိုင်စွမ်း မရှိခဲ့ပါပေ။
လုရီ၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး
ခေါင်းနပမ်းကြီးသွားသည်။
ပင်လယ်မျိုးနွယ်ခေါင်းဆောင်တွေ ဒီလောက်တောင် များနေပါလား။
ဘာကိုမှ မစဉ်းစားတော့ဘဲ၊ သူသည် အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ယူကာ ချက်ချင်း အသုံးပြုလိုက်လေတော့သည်။
ရုတ်တရက်၊ ငွေရောင်အလင်းတန်းတစ်ခုက
လုရီနှင့် သူ့အဖော်များကို လွှမ်းခြုံသွားပြီး၊ သူတို့ကို ကီလိုမီတာ သိန်းပေါင်းများစွာ ဝေးကွာသော အရှေ့ပိုင်းနယ်မြေ ကုန်းတွင်းပိုင်းသို့ ပို့ဆောင်ပေးလိုက်လေသည်။
ဤသည်ကား လုရီ အလုပ်ဆုလာဘ်တစ်ခုမှ ရရှိထားသော အလွန်ဝေးကွာသည့် အကွာအဝေးကို နေရာရွှေ့ပြောင်းနိုင်သည့် အဆောင်လက်ဖွဲ့ပင်တည်း။
အရှေ့နယ်မြေ ကုန်းမြေပေါ်သို့ ရောက်ရှိပြီးနောက်၊ လုရီ စကားတစ်ခွန်းပင် မပြောရသေးခင်မှာပင် နောက်ထပ် ကျင့်ကြံသူတစ်အုပ်နှင့် ထိပ်တိုက်တိုးလေတော့၏။
ဤအုပ်စုတွင် အရှေ့နယ်မြေမှ ကျင့်ကြံသူများအပြင် ပင်လယ်မျိုးနွယ်စုများလည်း ပါဝင်နေသည်။
ထိုနည်းတူစွာပင် ကပ်ဘေးဖြတ်ကျော်အဆင့် ဘိုးဘေးအများအပြားရှိနေပြီး အရှေ့နယ်မြေမှ ကျင့်ကြံသူများနှင့် ပင်လယ်မျိုးနွယ် ကျင့်ကြံသူများသည် ရှင်းလင်းစွာ ခြားနားရပ်တည်လျက် တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာအဝေးကို ထိန်းသိမ်းထားကြသည်။
လုရီသည် ရင်းနှီးသော မျက်နှာအချို့ကို တွေ့မြင်လိုက်ရသည်။ ထိုသူများထဲတွင် ဘိုးဘေးလုံမင်နှင့် ဘိုးဘေးဖန်ထျန်းယောင်တို့လည်း ပါဝင်နေလေသည်။
သူတို့ကလည်း လုရီနှင့် သူ့အဖော်များ ရုတ်တရက် ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြဘဲ အားလုံး ခဏတာ ကြောင်အသွားကြ၏။
ထို့နောက်၊ ဘိုးဘေး ဖန်ထျန်းယောင်၏ မျက်လုံးများက အရောင်တောက်လာပြီး သူက ရယ်မောကာ နှုတ်ဆက်လာတော့သည်။
" ဟားဟားဟား..မင်း... လူငယ်လေး လုရီ မဟုတ်လား။ ရူယွီရောပဲ"
တစ်ဖက်မှ ပင်လယ်မျိုးနွယ် ကျင့်ကြံသူများကလည်း သူတို့ကို သတိပြုမိသွားကြသည်။
ခေါင်းဆောင်ဖြစ်သော ရေနက်နဂါးဘိုးဘေး၏ ပတ်ပတ်လည်တွင် မှော်ရေစွမ်းအင်များ ဝေ့ဝဲနေပြီး ကြောက်မက်ဖွယ် အရှိန်အဝါများ တလိမ့်လိမ့်တက်လာကာ လူသတ် စိတ်ဆန္ဒများက ကောင်းကင်သို့တိုင် ထိုးတက်နေသဖြင့် အနီးအနားမှ ဖြူလွလွ တိမ်တိုက်များပင် ကြေမွသွားရသည်။
"လုရီ! သေပေတော့!"
သူက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး အဆုံးမဲ့သော မှော်ရေများကို ဆင့်ခေါ်ကာ နေကိုပင်ကွယ်သွားစေပြီး လုရီတို့အဖော်များကို လွှမ်းခြုံပစ်လိုက်တော့သည်။
ဘိုးဘေးဖန်ထျန်းယောင်နှင့် ဘိုးဘေးလုံမင်တို့ ခဏတာ ကြောင်အမ်းသွားကြပြီး မရှေးမနှောင်းမှာပင် လက်ကို မြှောက်ကာ အစွမ်းထက်သိုင်းပညာများကို ထုတ်ဖော်၍ ထိုမှော်ရေများကို ဖြိုခွင်းလိုက်ကြ၏။
သူတို့နှစ်ဦးသည် လုရီတို့အဖော်များ၏ ရှေ့တွင်အကာအကွယ်ပြု၍ ရပ်ကာ တစ်ဖက်မှ ရေနက်နဂါးမျိုးနွယ် ဘိုးဘေးကြီးကို ခပ်စိမ်းစိမ်းကြည့်လိုက်ကြသည်။
ဘိုးဘေးဖန်ထျန်းယောင်က အေးစက်စွာ ငေါက်ငမ်းလိုက်၏။
"ဟေးယွမ်! မင်းက ငါတို့အရှေ့နယ်မြေရဲ့ အင်မော်တယ်မျိုးစေ့ကို သတ်ရဲတယ်ပေါ့ ဟုတ်လား! မင်း သေချင်နေတာလား!"
ပင်လယ်မျိုးနွယ်မှ ဘိုးဘေး ဟေးယွမ်က
ဖန်ထျန်းယောင်ကို လျစ်လျူရှုကာ လုရီကို
အေးစက်ပြီး ခက်ထန်သော အကြည့်ဖြင့် စိုက်ကြည့်ရင်း မေးလိုက်သည်။
"လုရီ! ငါတို့ ပင်လယ်မျိုးနွယ် နယ်မြေထဲမှာ ငါတို့ ရေနက်နဂါးမျိုးနွယ်က အစွမ်းထက်ပုဂ္ဂိုလ်ကို မင်း ချောင်းမြောင်းသတ်ဖြတ်ခဲ့တာလား!"
ထိုစကားကို ကြားသော် လုရီ ခေတ္တတွေဝေသွားပြီး ဤအဘိုးကြီးက သူ့အပေါ် အဘယ်ကြောင့် ဤမျှ အငြိုးအတေးကြီးနေသည်ကို နောက်ဆုံးတွင် နားလည်သွားတော့သည်။
သူစကား ပြန်မပြောရသေးမီမှာပင် အဘိုးကြီးက ကမူးရှူးထိုး တိုက်ခိုက်လာသည်။
... ဒါကြောင့်ကိုး...
"ခင်ဗျားပြောတာ ဟို မဟာယာနအဆင့် ကျင့်ကြံသူတစ်ချို့နဲ့ ပေါင်းစည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ချို့ကိုလား။ ဟုတ်တယ်၊ ကျွန်တော်သတ်ခဲ့တာပဲ"
ထိုသို့ လုရီက မထုံတက်တေး ပြုံးကာပင် တုံ့ပြန်လိုက်၏။
ထိုစကားကို ကြားသော် ဘိုးဘေးဟေးယွမ်နှင့် အခြားသော ကပ်ဘေးဖြတ်ကျော်အဆင့် ဘိုးဘေးများ၏ ပတ်ပတ်လည်ရှိ မှော်ရေများက လှိုင်းထန်လာပြီး သူတို့၏ သတ်ဖြတ်လိုသောစိတ်ဆန္ဒများမှာ အရာဝတ္ထုအဖြစ်ပင် ပုံပေါ်လာတော့မည်။
"တကယ်ပဲ မင်းကိုး!"
"ယုတ်မာတဲ့ကောင်! မင်းကတော့ မြစ်ဝါမြစ်ကို သွားချင်နေတာပဲ!!"
ထိုစဉ် ဘိုးဘေးဖန်ထျန်းယောင်နှင့် အခြားအရှေ့နယ်မြေမှ ကျင့်ကြံသူများမှာ အတွေးနက်သွားကြပြီးနောက် တစ်စုံတစ်ခုကို သဘောပေါက်သွားကြတော့သည်။
ဘိုးဘေးလုံမင်၏ မျက်နှာထက်တွင် ထူးဆန်းသော အမူအရာတစ်ခု ထင်ဟပ်လာပြီး တိုးတိုးလေး ရေရွတ်လိုက်တော့သည်။
"အံ့ဩစရာ မရှိတော့ပါဘူး။ ထျန်းတုန်းမြို့က စစ်တပ်တွေ ဘာလို့ အချိန်အကြာကြီး မထွက်လာတော့တာလဲဆိုတာ... သူတို့ရဲ့နောက်တန်းကို
အထိုးနှက်ခံလိုက်ရလို့ကိုး"
အခန်း ၄၄၄- ဆန်းကြယ်သော အဆုံးသတ်...
ဖန်ထျန်းယောင်နှင့် အခြားသူတို့သည် လုရီအား ဝိုင်းကြည့်ကြလေသည်။
ဖန်ထျန်းယောင်က စူးစမ်းလိုစိတ် အပြည့်ဖြင့် မေးမြန်း၏။
"မိတ်ဆွေလေးလုရီ၊ မင်း ပင်လယ်မျိုးနွယ်က ကျင့်ကြံသူ ဘယ်နှယောက်များ သတ်ပစ်လိုက်တာလဲ။ သူတို့ မင်းကို မြင်တာနဲ့ မိသားစုလိုက် သတ်ဖြတ်ခံလိုက်ရသလို ရူးသွပ်နေကြတာလဲ..."
လုရီက ခြောက်ကပ်စွာ ရယ်လိုက်ပြီး ပြန်ဖြေ၏။
"တကယ်တော့ အများကြီးတော့ မဟုတ်ပါဘူး။ မဟာယာနအဆင့် ကျင့်ကြံသူ လေးယောက်ရယ်၊ ပေါင်းစည်းခြင်းနယ်ပယ်အဆင့် ကျင့်ကြံသူ ဆယ်ဂဏန်းလောက်ရယ်ပါ။ တိတိကျကျတော့ မမှတ်မိတော့ဘူး။ ဟင်းလင်းပြင်ဥမင်အဆင့်အောက်တွေကိုတော့ ဂရုတောင်မစိုက်မိလိုက်ပါဘူး"
ထိုအခါဝယ် ဖန်ထျန်းယောင်နှင့် အခြားသူတို့၏ မျက်နှာများသည် တစ်ခဏချင်းမှာပင် အံ့မခန်း မြင်ကွင်းတစ်ခု ဖြစ်သွားလေသည်။ ပြီးနောက် သူတို့သည် ပင်လယ်မျိုးနွယ်၏ ကံဆိုးမှုအား ပြုံးရွှင်စွာပင် ရယ်မောကြတော့၏။
ဤသည်က ဟေးယွမ်ဘိုးဘေးနှင့် အခြားသူတို့ကို ပို၍ ဒေါသထွက်စေပြီး၊ သူတို့၏ ခန္ဓာကိုယ်များမှာ မှော်ရေများ ဝဲဂယက်ထကာ ထိတ်လန့်ဖွယ်ရာ ဝိညာဉ်အလင်းများ လွှမ်းခြုံနေတော့၏။
နောက်တစ်ခဏတွင် သူတို့ပတ်လည်၌ ကျင့်ကြံခြင်း ရတနာမြောက်မြားစွာ ပေါ်လာ၏။ ထိုရတနာများမှ အားကောင်းပြင်းထန်သော ဝိညာဉ်ဖိအားများ ပြန့်ကျဲနေပြီး၊ ၎င်းတို့အားလုံးသည် ဝိညာဉ်လက်နက်များဖြစ်ကာ အချို့မှာ အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်များပင် ပါဝင်ချေသည်။ ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူတစ်ဦး၏ ခွန်အားနှင့် အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်များ ပေါင်းစပ်လိုက်လျှင် မည်မျှပင် ကြောက်မက်ဖွယ်ကောင်းလိုက်မည်နည်း။
လုရီပင် အလွန်အမင်း အန္တရာယ်ရှိသည်ဟု ခံစားလိုက်ရတော့၏။
"ဖန်ထျန်းယောင်! မင်း အခု ဘေးဖယ်နေရင် ဒီနေ့ ကိစ္စကို ဆွေးနွေးလို့ရသေးတယ်။ မဟုတ်ရင်တော့ အသေအလဲ တိုက်ပွဲပဲ" ဟု ဟေးယွမ်ဘိုးဘေးက သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ခြိမ်းခြောက်လေသည်။
"ဟားဟား၊ မင်းတို့ကို ငါ ကြောက်မယ်များ ထင်နေသလား" လုံမင်အကြီးအကဲက အေးစက်စက် ရယ်မောလိုက်၏။ နဂါးဟိန်းသံတစ်ခု သူ့ဆီမှ ထွက်ပေါ်လာပြီး၊ ရွှေရောင်နဂါးအကြေးခွံများ သူ့ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာကာ ကောင်းကင်နဂါးအသွင်ပြောင်းလဲခြင်း အခြေအနေသို့ တိုက်ရိုက် ဝင်ရောက်သွားတော့၏။
နှစ်ဖက်သော အင်အားစုတို့ ရင်ဆိုင်တိုက်ခိုက်ကြရာ ဝိညာဉ်ဖိအားများက မြေပြင်ကိုပင် တုန်ခါစေပြီး၊ ကြီးမားသော မြေတွင်းနက်ကြီးများ ပွင့်ထွက်လာချေသည်။ ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူတို့၏ စွမ်းအားသည် အလွန်အမင်း ပြင်းထန်လှပြီး၊ မြေမျက်နှာပြင်ကိုပင် ပြောင်းလဲပစ်နိုင်စွမ်း ရှိလေသည်။
ဘိုးဘေး ဖန်ထျန်းယောင်လည်း အေးစက်စက် လှောင်ပြုံးပြုံးပြီး ပြောလိုက်၏။
"မိတ်ဆွေလေးလုရီ၊ မင်း ရူယွီနဲ့ တခြားသူတွေကို ခေါ်ပြီး အရင်ထွက်သွားလိုက်ပါ။ သူတို့ မင်းတို့ကို မဖမ်းနိုင်ပါဘူး"
လုရီ နားလည်လိုက်၏။ ဤနေရာ၌ ဆက်နေခြင်းသည် ကောင်းသော အကြံမဟုတ်ချေ။ သူ ခေါင်းငြိမ့်ပြုံးပြပြီး "အကြီးအကဲတို့ရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်" ဟု ပြောလိုက်လေသည်။
လုံမင်က ရယ်မောပြီး
"ဟားဟားဟား၊ မိတ်ဆွေလေးလုရီက ယဉ်ကျေးလွန်းနေတာပဲ။ ပင်လယ်မျိုးနွယ်ရဲ့ မဟာယာနအဆင့် ကျင့်ကြံသူ လေးယောက်ကို သတ်ဖြတ်လိုက်တာက ကျုပ်တို့ အရှေ့နယ်မြေအတွက် ကြီးမားတဲ့ ပံ့ပိုးကူညီမှုပဲ။ ကျုပ်တို့ ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်မှာလဲ!" ၏
လုရီ ခေါင်းငြိမ့်လိုက်၏။ ထို့နောက် လျိုနင်ရွှမ်းနှင့် အခြားနှစ်ဦးတို့နှင့်အတူ ထွက်ခွာသွားလေတော့သည်။
လုရီနှင့် အဖွဲ့ ထွက်ခွာသွားသည်ကို မြင်သောအခါ ဟေးယွမ်ဘိုးဘေးနှင့် အခြား ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူများ၊ မဟာယာနအဆင့် ကျင့်ကြံသူများသည် ဒေါသအမျက်ချောင်းချောင်း ထွက်ကြလေသည်။
"ဘယ်ကို သွားမယ် ထင်နေတာလဲ!"
"ခွေးသူငယ်၊ ထွက်ပြေးဖို့တောင် မစဉ်းစားနဲ့!"
သူတို့သည် ဒေါသတကြီး အော်ဟစ်ကာ လုရီနောက်သို့ လိုက်ရန် ကြိုးစားသော်လည်း
ဖန်ထျန်းယောင်နှင့် အခြားသူတို့က အလွယ်တကူ ပိတ်ဆို့ထားလိုက်ကြ၏။ အင်အားချင်း အနည်းငယ် ကွာဟချက်ရှိသော်လည်း ကပ်ဘေးဖြတ်ကျော်နယ်ပယ်အဆင့်ရှိ ဖန်ထျန်းယောင်နှင့် လုံမင်အကြီးအကဲတို့အတွက် သူတို့နှင့် အဆင့်တူများကို ရပ်တန့်ထားရန် မခက်ခဲချေ။
တိုက်ပွဲသံများ ကောင်းကင်နှင့် မြေပြင်အနှံ့ ပဲ့တင်ထပ်၊ ကောင်းကင်တွင် ဝိညာဉ်အလင်းများ တဖျတ်ဖျတ် လင်းလက်ကာ ကြည့်ရှုသူတို့အား မျက်စိကျိန်းစရာ ဖြစ်စေတော့၏။
သို့သော် ဓားအင်မော်တယ်သခင် ဝမ်ကျန်းယွမ်နှင့် နာမည်မသိ အင်မော်တယ်တို့၏ ပို၍ဝေးကွာသော တိုက်ပွဲနှင့် နှိုင်းယှဉ်လျှင်မူ အတိုင်းအတာအားဖြင့် အနည်းငယ် သေးငယ်လှသည် ဖြစ်တော့၏။
လုရီနှင့် အဖွဲ့သည် မြူခိုးကျွန်းမှ အတော်အတန် ဝေးကွာနေပြီ ဖြစ်သော်ငြားလည်း ကောင်းကင်ရှိ အနက်ရောင်နှင့် ရွှေရောင် အလင်းတိုင်များ၊ အဝေးမှ တိတ်ဆိတ်နေသော အနက်ရောင်နှင့် ရွှေရောင်ကောင်းကင်များကို မြင်နေရဆဲ ဖြစ်သည်။
အတော်အတန် ဝေးကွာသွားပြီးနောက်
ကျန်းရူယွီ သက်ပြင်းချလိုက်ပြီး "တစ်ခဏတော့ အဲ့ဒီမှာ သေရတော့မယ်လို့ ထင်ခဲ့တာ" ဟု ပြောလိုက်လေသည်။ လျိုနင်ရွှမ်းနှင့် ယွင်ရှီးတို့ပင် ရင်တုန်ပန်းတုန်သော မျက်နှာများ ရှိနေချေ၏။
ယွင်ရှီးက ပြောလေသည်။
"နောက်မှ ပေါ်လာတဲ့ အနက်ရောင် အရိပ်က ဘယ်သူလဲ။ သူ့ရဲ့ အရှိန်အဝါက အရမ်း ထူးဆန်းပြီး ဆိုးရွားတာပဲ၊ မြူခိုးကျွန်းမှာ ကြားခဲ့ရတဲ့ ထူးဆန်းတဲ့ အသံကို သတိရစေတယ်"
ထိုစဉ်
"အဲ့ဒါက ဓားအင်မော်တယ် ပြောတဲ့ ကျိုယိုချီရဲ့ ခံစားမှု ဖြစ်နိုင်မယ် ထင်တယ်။ သူပြောတဲ့
ဒီကျိုယိုဆိုတာ ဘာများလဲ မသိဘူး" ဟု လျိုနင်ရွှမ်းက ဆိုလိုက်၏။
"ဘာပဲဖြစ်ဖြစ်၊ ကောင်းတဲ့ အရာတော့ မဟုတ်ဘူး။ ဒီအရာတွေအားလုံးပြီးလို့ အသက်ရှင်နေသေးတာ တော်သေးတာပေါ့၊ အင်မော်တယ်အဆင့် တိုက်ပွဲတစ်ခုနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ ဘယ်ထင်မလဲ... ပုံမှန်မဟုတ်တဲ့ ဂျူနီယာ
မောင်လေး၊ နင် ငါတို့ကို တကယ် ကြောက်အောင်လုပ်လိုက်တာပဲ" ဟု ကျန်းရူယွီက လုရီအား အနည်းငယ် ဆူပူသလို ပြောလိုက်လေသည်။
လုရီခမျာ မချိပြုံး ပြုံးပြပြီး "အခု အားလုံး အဆင်ပြေနေတာပဲ မဟုတ်လား။ ရိုးရိုးသားသားပြောရရင် ဓားအင်မော်တယ်က အဲ့ဒီမှာ ရုတ်တရက် ပေါ်လာလိမ့်မယ်လို့ ကျွန်တော်
မထင်ခဲ့ပါဘူး"
အစပိုင်းတွင် သူသည် မြူခိုးကျွန်းကို အနည်းငယ် စူးစမ်းရန်သာ မျှော်လင့်ခဲ့၏။
ယွင်ရှီးက ပုံမှန်မဟုတ်သည့် လက္ခဏာများ ပြသလာသောအခါ သူ ထွက်ခွာရန် အသင့်ဖြစ်နေခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ ဓားအင်မော်တယ် ရောက်ရှိလာပြီး၊ မြူခိုးကျွန်းပေါ်တွင် ကြောက်မက်ဖွယ်ရာ တည်ရှိမှုတစ်ခုကို လှုံ့ဆော်ခဲ့ရာ နောက်ဆက်တွဲ ဖြစ်ရပ်များအားလုံးသည်
မမျှော်မှန်းနိုင်ခဲ့ချေ။
"ကောင်းပြီ၊ ဒီကနေ ထွက်သွားကြရအောင်။
အင်မော်တယ်နှစ်ပါးရဲ့ တိုက်ပွဲက ထျန်းမင်တစ်ခုလုံးကို ခြောက်ခြားစေနိုင်တာပဲ။ နောက် ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူမှ မသေချာဘူး နော်" ဟု လျိုနင်ရွှမ်းက ပြောလိုက်လေသည်။
လုရီ ခေါင်းငြိမ့်လိုက်၏။ ထို့နောက် သူတို့လေးဦးသည် ပင်လယ်မျိုးနွယ် ထိန်းချုပ်နယ်မြေမှ ထွက်ခွာခဲ့ပြီး မကြာမီ လဝန်းဝိညာဉ်မြို့ကို မြင်တွေ့ရတော့၏။
လဝန်းဝိညာဉ်မြို့သည် ထျန်းတုန်းမြို့နှင့် ရင်ဆိုင်တိုက်ခိုက်ရန် ရှိခဲ့သော်လည်း ကံအားလျော်စွာ လုရီသည် ထျန်းတုန်းမြို့၏ စွမ်းအားရှင်များစွာကို သတ်ဖြတ်ခဲ့သည်ဖြစ်ရာ ကြီးမားသော တိုက်ပွဲကြီး မစတင်သေးပေ။ ထို့နောက် ယခုကဲ့သို့သော အင်မော်တယ်အဆင့် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ရာ ပင်လယ်မျိုးနွယ်နှင့် အရှေ့နယ်မြေ၏ စွမ်းအားရှင်များ နှစ်ဖက်စလုံးကို ဆွဲဆောင်သွားခဲ့ပြီး လဝန်းဝိညာဉ်မြို့သည် ယခုအခိုက်အတန့်တွင် ထူးထူးခြားခြား တည်ငြိမ်နေလေသည်။
လုရီတို့အဖွဲ့ လဝန်းဝိညာဉ်မြို့သို့ ဝင်ရောက်လာသည်နှင့် ကောင်းကင်တွင် မြူခိုးကျွန်းဘက်သို့ ကြည့်နေကြသော ကျင့်ကြံသူများစွာကို တွေ့လိုက်ရ၏။ လဝန်းဝိညာဉ်မြို့သည် မြူခိုးကျွန်းနှင့် ကီလိုမီတာ သန်းပေါင်းများစွာ ဝေးကွာသော်ငြားလည်း သူတို့သည် အဝေးမှ တိုက်ပွဲကို မြင်နိုင်ပြီး ဝိညာဉ်စွမ်းအင် လှိုင်းနှုန်းများကို ခံစားနေနိုင်ကြလေသည်။
လုရီ ကောင်းကင်၌ ရင်းနှီးသော ပုံရိပ်အချို့ကို တွေ့လိုက်၏။ ကောင်းကင်နဂါးသူတော်စင်
သားတော်၊ ဝမ်ချီဖုန်း၊ ဖုန်းပုမင်၊ နှင့် ထိုက်ရီ သူတော်စင်သားတော်တို့ အပါအဝင် - အမျိုးမျိုးသော အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေများနှင့် မဟာဂိုဏ်းကြီးများမှ ဆက်ခံသူများ ဖြစ်ကြသည်။ ကောင်းကင်နဂါးသူတော်စင်
သားတော်နှင့် လုံဟဲအကြီးအကဲတို့၏ ပြောစကားများ မှန်ကန်ပါ၏။ လူငယ်ပါရမီရှင်များစွာသည် လေ့ကျင့်ရန် ဤနေရာသို့ လာခဲ့ကြသည် ဖြစ်တော့၏။
လုရီ သတိပြုမိသည်မှာ ဝမ်ချီဖုန်း၊ ဖုန်းပုမင်၊ ထိုက်ရီ သူတော်စင်
သားတော်တို့နှင့် အခြားသူတို့အားလုံးသည် ယခင်ကထက် စွမ်းအား သိသိသာသာ တိုးတက်လာခဲ့ကြသည်။ သူတို့၏ တိုးတက်မှုသည် သူ့ထက် အနည်းငယ် နည်းပါးသော်ငြားလည်း သူတို့အားလုံးသည် နတ်ဘုရားအသွင်ပြောင်းခြင်း အထွတ်အထိပ်သို့ ရောက်ရှိနေကြပြီး၊ အချို့မှာ ဟင်းလင်းပြင်ဥမင်နယ်ပယ်ကိုပင် အောင်မြင်ခဲ့လေသ၏။