← Chapters

နှစ်ထောင်ပေါင်းများစွာနောက်ကျခဲ့သောအဖြေတစ်ခု

Vol. 103 Ch. 1435

နှစ်ထောင်ပေါင်းများစွာနောက်ကျခဲ့သောအဖြေတစ်ခု

Vol. 103 Ch. 1435

အခန်း (၁၄၃၅) နှစ်ထောင်ပေါင်းများစွာနောက်ကျခဲ့သောအဖြေတစ်ခု

ချန်ရွှမ်ကျုန်း တဖြည်းဖြည်း ရေခဲရုပ်တုအဖြစ် ပြောင်းလဲသွားသည်ကိုကြည့်ရင်း ချူးလီလီ ဘာလုပ်ရမှန်းမသိ စိုးရိမ်ထိတ်လန့်သွားရသည်။

သူမရင်ထဲ ဝမ်းနည်းပူဆွေးမှုများပေါက်ဖွားလာသလို အားလျော့ညှိုးနွမ်းစိတ်များဖြင့် ပြည့်နက်သွားသည်။

ရန်ကျောက်ကဲက...

“အချိန်မီလေးပဲ...”

ဟုပြောလိုက်ချိန်တွင် သူမ ထိတ်လန့်သွားသည့်တိုင် စိတ်ထဲတွင် မျှော်လင့်ချက်အလင်းတန်းတစ်ခု ဖျတ်ခနဲ ထွက်ပေါ်လာခဲ့သည်။

ချူးလီလီ ရန်ကျောက်ကဲအား စိုးရိမ်တကြီးဖြင့် လှည့်ကြည့်လိုက်လေသည်။

ထိုအချိန် ရန်ကျောက်ကဲက ဖန်းယွင်ရှန်းနှင့် ရန်တိထံ အသံပို့လွှတ်စနစ်ဖြင့် စကားဆိုလိုက်သည်။

“သူ့ကို ဒီကိုလာခိုင်းလိုက်ပါ”

ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်အပြင်ဘက်တွင် ရေခဲနတ်ဆိုး၏ ရောင်ဝါပျောက်ကွယ်သွားကြောင်း အာရုံခံမိပြီးနောက် လူတိုင်း တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်သည်။

နတ်မိစ္ဆာမျိုးနွယ်သည်လည်း သူတို့ရည်မှန်းချက် အောင်မြင်သွားပြီ ဖြစ်သည်။

ထို့ကြောင့် အစွမ်းကုန် ထိုးစစ်ဆင်ရန် မလိုတော့ပေ။

ကောင်းကင်နတ်ဘုရားအဆင့်ရှိ မဟာနတ်ဆိုးကတော့ စိတ်ပျက်လက်ပျက် ဖြစ်သွားသည့်တိုင် ပတ်ဝန်းကျင်တွင် အင်အားကြီးရန်သူများရှိနေသဖြင့် မတတ်နိုင်ဘဲ အမှန်တရားကို လက်ခံလိုက်ရသည်။

ထိုအချိန် အဝေးတစ်နေရာမှ မီးလျှံတစ်ခု ချဉ်းကပ်လာသည်။

ကိုးဦးခေါင်းသားငှက်နတ်ဆိုး၏ တိုက်ခိုက်မှုနှင့် အကြေးခွံတစ်ထောင်နဂါးတံခါးဖြတ်ကျော်ခြင်းတို့ကြောင့် ပတ်ဝန်းကျင်ကိုဖုံလွှမ်းထားသည့် နတ်ဆိုးနယ်မြေ ပြိုကွဲပျက်ဆီးသွားပြီ ဖြစ်သည်။

ထို့ကြောင့် ထိုမီးလျှံက အဆုံးမရှိသော ပြင်ပဗလာနယ်ကို လွယ်ကူစွာ ဖြတ်ကျော်ပြီး သူတို့တည်ရှိရာ စကြာဝဠာအတွင်း ဝင်ရောက်လာနိုင်ခြင်း ဖြစ်၏။

နတ်မိစ္ဆာနှင့်နတ်ဆိုးတို့ စိတ်မသက်မသာဖြစ်သွားပြီး ထိုမီးလျှံ၏လမ်းကြောင်းကိုတားဆီးရန် ကြိုးပမ်းလိုက်ကြသည်။

သို့သော် ဖန်းယွင်ရှန်းက တစ်လှမ်းပိုမြန်ခဲ့သည်။

သူမက ခေါင်းကိုးလုံးမဟာသူတော်စင်နှင့် ကောင်းကင်နတ်ဘုရားအဆင့် မဟာနတ်ဆိုးကို တားဆီးလိုက်ချိန်  ထိုမီးလျှံက ဖြတ်ကျော်ပျံသန်းသွားပြီ ဖြစ်သည်။

နဂါးဘုရင်ဟွမ်ချန်က မျက်ခုံးတစ်ချက်ပင့်ရင်း...

“အဲဒီလူက စောမင်ကျန့်နဲ့အတူလိုက်သွားတဲ့ နဂါးသွေးတစ်ဝက်ပါတဲ့သူ မဟုတ်လား ၊ သူနဲ့အတူ တစ်ယောက်ယောက်ကို ခေါ်လာတာလား”

သူက ရှေ့သို့တိုးရန်ကြိုးစားလိုက်သော်လည်း သူ့ကိုကြိုဆိုနေသည်က ရန်တိ၏ဓားသွားဖြစ်လေရာ နောက်ပြန်ဆုတ်သွားရတော့သည်။

နတ်မိစ္ဆာများနှင့် ငရဲနတ်ဆိုးများက ဤအဖြစ်အပျက်ကို နားမလည်ကြချေ။

ရောက်လာသူမှာ “အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်” ဖြစ်သည်။

ယိုစိမ့်ခြင်းမရှိအမတမှော်ဝင်ပစ္စည်းဖြစ်သော အစစ်အမှန်နတ်ဘုရားအဆင့်ရှိ လူသားကျင့်ကြံသူများနှင့် အဆင့်အတန်းတူညီသည်။

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က အားနည်သည်မဟုတ်သော်လည်း ကြီးမားသည့် သက်ရောက်မှုပြုနိုင်မည်ဟု မထင်ရပေ။

အဘယ်ကြောင့်ဆိုသော် အစစ်အမှန်နတ်ဘုရားတိုင်းက ရန်ကျောက်ကဲကဲ့သို့ မဟုတ်ကြသောကြောင့် ဖြစ်၏။ မည်သို့ပင်ဖြစ်စေ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏ ပေါ်ထွက်လာမှုက အနည်းငယ် ထူးဆန်းနေသည်တော့ အမှန်ပင်။

သူက မည်သို့သော ‌ပြောင်းလဲမှုမျိုး ယူဆောင်လာမည်ကို မသိသော်လည်း တာအိုဝါဒ ကျင့်ကြံသူများတွင် အခြားလှည့်ကွက်များရှိနေမည်ကိုစိုးရိမ်သဖြင့် နတ်မိစ္ဆာများနှင့် နတ်ဆိုးများက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကိုတားဆီးရန် ပြင်ဆင်ထားကြသည်။

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို တားဆီးရန်က ခက်ခဲသည့်အလုပ် မဟုတ်ပေ။

နတ်မိစ္ဆာမျိုးနွယ်မှ သူတော်စင်ငယ်တစ်ယောက်၏ မဟာတာအိုစူးရှတေးသံက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို အဝေးမှလှမ်းပြီး ဟန့်တားရန် လုံလောက်သည်။

သို့သော် ဖန်းယွင်ရှန်း၊ ကောင်းချင်းရွှမ်နှင့် အခြားသူများက တစ်လှမ်းပိုမြန်ခဲ့သည်။

သူတို့က ရန်သူများ၏ မဟာတာအိုစူးရှတေးသံကို ပယ်ဖျက်ကာ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို ဦးတည်ရာရောက်စေရန် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

သူတို့၏အပြုအမူက ရန်သူများ၏ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်သလို ဖြစ်သွားသည်။

ချန်ရွှမ်ကျုန်းနှင့် ရေခဲနတ်ဆိုးတို့ အတူတကွ ပျက်စီးသွားပြီးနောက် အနည်းငယ် ငြိမ်သက်သွားသည့် အခြေအနေက ချက်ချင်းပင် ထပ်မံတင်းမာလာသည်။

နှစ်ဖက်ကြားတိုက်ပွဲက ပို၍ပင် ပြင်းထန်လာသည်။

ထိုအချိန် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်ရှိရာသို့ တည့်တည့်ပျံသန်းသွားသည်။

မီးလျှံများတလက်လက်ဖြာထွက်နေသော မီးပင်လယ်ထဲမှ အရိပ်တစ်ခု ထွက်ပေါ်လာပြီး ထုံးတမ်းအစီအရင်မှ ဖြစ်ပေါ်လာသော အလင်းစက်ဝန်းထဲသို့ ချက်ချင်းဝင်ရောက်သွားသည်။

ထိုပုံရိပ်ကိုတွေ့သည်နှင့် ချူးလီလီစိတ်ထဲ ရှုပ်ထွေးသောခံစားချက်များဖြင့် ပြည့်နက်သွားသည်။

“ဂိုဏ်းတူအစ်မ...”

ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်ထဲသို့ ဝင်ရောက်လာသူမှာ အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသည့် မိန်းမပျိုတစ်ယောက်ဖြစ်ပြီး ၊ သူမက ချန်ရွှမ်ကျုန်း၏ ပထမဆုံးတပည့် ၊ ချူးလီလီ၏ ဂိုဏ်းတူအစ်မ—မိန်းမပျိုဧကရာဇ် ကျဲ့မင်ခုန် ဖြစ်သည်။

ချူးလီလီ သူမကိုမတွေ့သည်မှာ နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့ပေပြီ။

သူက ကျဲ့မင်ခုန်နှင့် ပြန်ဆုံမည့်အချိန်ကို အကြိမ်ပေါင်းများစွာ စိတ်ကူးပုံဖော်ကြည့်ခဲ့ဖူးသည်။

သို့သော် ဤသို့သော အခြေအနေတွင် ဖြစ်လာလိမ့်မည်ဟု ဘယ်သောအခါမှ မထင်မှတ်ခဲ့ပေ။

ရန်ကျောက်ကဲက...

“လွန်ခဲ့တဲ့နှစ်တွေကတည်းက အကြီးအကဲ’ကျဲ့’ က အကြီးအကဲ’ချူး’ ကို ရှာဖွေနေခဲ့တာပါ”

သူက ဆက်ပြောသည်။

“အကြီးအကဲ ငရဲကိုးထပ်လက်ထဲကျသွားပြီးတဲ့နောက် ကျွန်တော်တို့လည်း အကြီးအကဲ’ကျဲ့’ လည်း အဲဒီလိုဖြစ်သွားပြီး နက္ခတ်ဧကရာဇ်နဲ့ ကျွန်တော်တို့ကို ခြိမ်းခြောက်ဖို့အတွက် ဓားစာခံဖြစ်လာမှာကို စိုးရိမ်နေခဲ့တာ”

သို့သော် ဓားစာခံတစ်ဦးရှိခဲ့သည်မှာ အမှန်ပင်ဖြစ်သော်လည်း ၊ ထိုသူမှာ ကျဲ့မင်ခုန်မဟုတ်ခဲ့ပေ။

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ‘နွယ်ပင်ဧကရီ’ ဖြစ်နေခဲ့သည်။

ရန်ကျောက်ကဲက အခြေအနေအရလိုက်လျောပြီး သူ၏အစီအစဉ်အတိုင်း ဓားစာခံကိုကယ်တင်ရန် သူ၏အစီအစဉ်ကို ဆက်လက်အကောင်အထည်ဖော်ခဲ့သည်။

သို့သော် တစ်ချိန်တည်းမှာပင် သူ၏စိတ်ထဲတွင် မေးခွန်းတစ်ခု ပေါ်ထွက်လာသည်။

ငရဲကိုးထပ်မှနတ်ဆိုးများက ကျဲ့မင်ခုန်ကို မဖမ်းဆီးခဲ့ဘူးဆိုလျှင် သူမ မည်သည့်နေရာသို့ ရောက်နေပါသနည်း။

အဆုံးမရှိသော ပြင်ပဗလာနယ်က ကျယ်ပြန့်လွန်းသည်။ သဲလွန်စမရှိဘဲ လူတစ်ယောက်ကို ရှာဖွေခြင်းမှာ ပင်လယ်ထဲ အပ်ပျောက်ရှာသလို ဖြစ်နေသည်။

သို့ပေသိ ကျဲ့မင်ခုန်က ချူးလီလီကိုရှာဖွေရန် ကြိုးစားနေခဲ့သည်ဟု ချန်ရွှမ်ကျုန်းနှင့် ကောင်းဟန်တို့က သူမကို ခြေရာခံနိုင်ခဲ့သည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် ကျဲ့မင်ခုန်က ချူးလီလီနှင့် ငရဲကိုးထပ်ဆိုင်ရာ ကိစ္စများကို အမြဲစိတ်ပူပန်နေခဲ့သည်ဟု ဆိုလိုသည်။

အကြေးခွံတစ်ထောင်နယ်မြေတွင် တိုက်ပွဲခြင်းပွားခြင်းနှင့် ကောင်းကင်နတ်ဘုရားအဆင့် နတ်ဆိုးဖန်တီးထားသည့် လွှမ်းမိုးနိုင်စွမ်းမြင့်မားသော နတ်ဆိုးနယ်မြေ ပေါက်ကွဲထွက်သွားခြင်းက ကြီးမားသောပရမ်းပတာ ဆူညံမှုကြီးကို ဖြစ်ပေါ်စေသည်။

ဤဖြစ်ရပ်ကို ကျဲ့မင်ခုန် သတိထားမိသွားပြီး အနီးပတ်ဝန်းကျင်သို့ ရောက်လာနိုင်ဖွယ်ရှိသည်။

ရန်ကျောက်ကဲက နဂါးတံခါးခုန်ကျော်သည့် အကြေးခွံတစ်ထောင်အစီအရင်ကို အသုံးပြုပြီးနောက် အခွင့်အရေးကို အမိအရဖမ်းဆုပ်ကာ သတင်းစကားများ ပို့လွှတ်ခဲ့သည်။

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၊ ပိုးသားဧကရာဇ်’ဖုယွင်ချီ’ နှင့် အခြားသူများကို ကျဲ့မင်ခုန်၏ တည်နေရာကို ရှာဖွေပေးရန် အကူအညီတောင်းခဲ့သည်။

သူက ယခင်က ကျဲ့မင်ခုန်အား နတ်ဆိုးများဖမ်းဆီးခံရခြင်းမှကာကွယ်ရန် ရည်ရွယ်ခဲ့သော်လည်း ယခုတော့ အနေအထားကို ပိုမိုပြောင်းလဲစေခဲ့သည်။

သို့သော် ယခုတော့ လူ့အသက်ကယ်တင်ရန် အချိန်ဖြစ်လာပေပြီ။

“လူတစ်ယောက်က စိုက်ပျိုးတဲ့အတိုင်း ရိတ်သိမ်းရမယ်လို့ နက္ခတ်ဧကရာဇ်က အမြဲပြောခဲ့တယ် ၊ ဒါကြောင့် သူ ဒီလိုအခြေအနေမျိုးဖြစ်ရတာကို ရှင်းပြစရာမလိုတော့ဘူး ထင်တယ် ၊ အရေးကြီးတာက အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲဆိုတာပဲ”

ရန်ကျောက်ကဲက အခြေအနေများကို ကျဲ့မင်ခုန်အား အလျှင်အမြန် ရှင်းပြလိုက်သည်။

“ကံကောင်းတာက နက္ခတ်ဧကရာဇ်မှာ နတ်ဘုရားအဆင့်ကိုတက်လှမ်းပြီးတဲ့ တပည့်နှစ်ယောက် ရှိနေခဲ့တာပဲ”

သူက ဆက်ပြောလိုက်သည်။

“ဒါက သူ့အတွက် အသက်ရှင်သန်ဖို့ အခွင့်အရေးတစ်ခု ဖြစ်လာနိုင်တယ်”

သူတို့အားလုံး၏ ကံကြမ္မာက ရှုပ်ထွေးလှသည်။

ရန်ကျောက်ကဲက သူတို့နှစ်ယောက်ကို ကြည့်လိုက်ပြီး...

“ဒါပေမဲ့... အကြီးအကဲတို့နှစ်ယောက်လည်း နက္ခတ်ဧကရာဇ်နဲ့အတူ စွန့်စားရလိမ့်မယ် ၊ အကြီးအကဲတို့ရဲ့အနာဂတ်ကို ကျွန်တော်လည်း အာမမခံနိုင်ဘူး”

ချူးလီလီက မသိမသာပြုံးလိုက်ရင်း...

“ဒီကိစ္စတွေအားလုံးက ကျွန်မကြောင့်... ကျွန်မအဖေကြောင့် ဖြစ်ခဲ့တာတွေပါ ၊ ဒီအကျိုးဆက်ကိုထမ်းပိုးရမယ့်သူက ဆရာမဟုတ်ပါဘူး”

သူမ၏မျက်နှာထက် အထီးကျန်မှုများဖြင့် ပြည့်နက်နေပြီး အားတင်းလျှက် ပြုံးလိုက်သည်။

“ကျွန်မက ဆရာနဲ့ တစ်ကြိမ်ဆုံတွေ့ခွင့် ရခဲ့ပြီးပါပြီ ၊ သူ့ဆီကအဖြေကို ကိုယ်တိုင်ကြားစရာမလိုတော့ပါဘူး ၊ မိုးကောင်းကင်က ကျွန်မအပေါ် တကယ်ပဲ ကြင်နာခဲ့ပါတယ်”

ထို့နောက် ချူးလီလီက ကျဲ့မင်ခုန်ကိုကြည့်လိုက်ပြီး ကျဲ့မင်ခုန်ကလည်း သူမကို ပြန်ကြည့်လာသည်။

သူမက တစ်စုံတစ်ခု ပြောချင်သည့်အလား နှုတ်ခမ်းများလှုပ်ရှားလာသော်လည်း နောက်ဆုံး သက်ပြင်းချသံသာ ထွက်ပေါ်လာသည်။

ထို့နောက် ချူးလီလီက ချန်ရွှမ်ကျုန်းဘက်သို့လျှောက်သွားပြီး တင်ပျဉ်ခွေထိုင်ချလိုက်သည်။

သူမက ရန်ကျောက်ကဲ၏လမ်းညွှန်မှုအတိုင်း လက်ချောင်းများဖြင့် အင်းသင်္ကေတတစ်ခု ရေးဆွဲလိုက်ပြီး ချန်ရွှမ်ကျုန်း၏ဘယ်ဘက်ပခုံးဆီသို့ လက်ဖဝါးဖြင့် ဖိကပ်လိုက်သည်။

ထိုခဏတွင် ရေခဲအပိုင်းအစများက ချန်ရွှမ်ကျုန်းပခုံးထက်မှ ချူးလီလီ၏လက်မောင်းဆီသို့ပျံ့နှံ့သွားပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံးသို့ ဖုံးလွှမ်းသွားသည်။

ရေခဲထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်နေပြီဖြစ်သော ချန်ရွှမ်ကျုန်း၏ပုံရိပ်က လုံးဝ ရေခဲရုပ်တုတစ်ခုအဖြစ် ပြောင်းလဲတော့မည် ဖြစ်သည်။

သို့သော် ချူးလီလီ၏လက်က သူ့ပခုံးပေါ်ကျရောက်သွားသည်နှင့် ပျောက်ကွယ်တော့မည့်ပုံရိပ်က ရပ်တန့်သွားပြီး ချန်ရွှမ်ကျုန်း မျက်လုံးများဖွင့်ကာ ချူးလီလီကို ကြည့်လိုက်သည်။

သူ့နှုတ်ခမ်းမှ စကားလုံးများ ထွက်မလာခဲ့ပေ။

သို့သော် သူ၏ပါးစပ်လှုပ်ရှားမှုကိုကြည့်လျှင်...

“အ လိုက်တဲ့ တပည့်လေး”

ဟု ပြောနေသည်ကို တွေ့ရမည်ဖြစ်သည်။

ချူးလီလီပြုံးလိုက်ပြီး သူမသည်လည်း ရေခဲရုပ်တုတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ရေခဲလွှများထဲတွင် သူမ မျက်လုံးမှိတ်လိုက်ပြီး အိပ်ပျော်သည့်အနေအထားသို့ ရောက်ရှိသွားသည်။

ကျဲ့မင်ခုန်က ချူးလီလီ၏လုပ်ရပ်များကို ခံစားချက်ကင်းမဲ့စွာဖြင့် ကြည့်နေလေသည်။ သို့သော် သူမ၏ မျက်လုံးများထဲတွင် နက်ရှိုင်းစွာ စိတ်ခံစားမှုလှိုင်းများ လှုပ်ခတ်နေသည်။

ထို့နောက် တစ်ချက်မတုံ့ဆိုင်းဘဲ သူမက ချန်ရွှမ်ကျုန်း၏ညာဘက်သို့ လျှောက်သွားလိုက်ပြီး မျက်ဝန်းချင်းဆုံလိုက်သည်။

ရေခဲအလွှာများထဲတွင်ရှိနေသော ထိုလူရွယ်၏မျက်နှာအမူအရာက မှုန်ဝါးနေပြီး မည်သည့်အမူအရာရှိကြောင်းကိုပင် မခွဲခြားနိုင်တော့ပေ။

သို့သော် ချန်ရွှမ်ကျုန်းနှင့် အကြည့်ချင်းဆုံလိုက်သည်နှင့် ကျဲ့မင်ခုန်၏ခန္ဓာကိုယ်တစ်ခုလုံး ထိန်းမရ‌အောင် တုန်လှုပ်သွားသည်။

အစပိုင်းတွင် သူမက ချန်ရွှမ်ကျုန်း၏ ညာဘက်ပခုံးထက်သို့ လက်ဝါးဖြင့်ဖိကပ်ရန် ရည်ရွယ်ထားသော်လည်း သူမ၏လက်ချောင်းများက ချန်ရွှမ်ကျုန်း၏မျက်နှာကိုထိတွေ့ရန် ရွေ့လျားသွားသည်။

သို့သော် သူမလက်ကိုမြှောက်လိုက်စဉ်မှာပင် အေးစိမ့်စမ်းချောင်းနယ်မြေတွင် ဖြစ်ပျက်ခဲ့သည့် အတိတ်အကြေင်းအရာများက စိတ်ထဲသို့ ရုတ်တရက် ပြန်လည်ဝင်ရောက်လာသည်။

သူမလက်က လေထဲတွင် ရပ်တန့်သွားပြီး မျက်နှာထက်တွင် အပြစ်ရှိစိတ်နှင့် ထိတ်လန့်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

ချန်ရွှမ်ကျုန်းက သူမကို တည်ငြိမ်စွာကြည့်ရင်း စကားပြောလိုက်သည်။

အသံတစ်စက်မှထွက်မလာသည့်တိုင် နှုတ်ခမ်းလှုပ်ရှားမှုကိုကြည့်ရင်း ကျဲ့မင်ခုန် စကားလုံးများကို နားလည်သဘောပေါက်လေသည်။

ထိုခဏတွင် သူမ၏မျက်ဝန်းများက မျက်ရည်များဖြင့် စိုစွတ်သွားသည်။

ထို့နောက် သူမက ကျယ်လောင်စွာရယ်မောလိုက်ပြီး တစ်ချိန်တည်းမှာပင် စတင်ငိုကြွေးတော့သည်။

ရေခဲမြစ်တစ်စင်းပမာ အေးစက်ခဲ့သူ မိန်းမပျိုဧကရာဇ်သည် ယခုတော့ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက သူမ၏ပုံစံအတိုင်း ခံစားချက်ပြင်းထန်သည့် အနေအထားသို့ ရောက်ရှိသွားသည်။

နှစ်ထောင်ပေါင်းများစွာ မျိုသိပ်ထားခဲ့ရသော ခံစားချက်အားလုံးက ဤအခိုက်အတန့်တွင် ပေါက်ကွဲထွက်လာပြီး သူမ၏ထိန်းချုပ်မှုနှင့် ဆင်ခြင်နိုင်စွမ်းအားလုံး ရပ်စဲသွားသည်။

ချန်ရွှမ်ကျုန်းက နူးညံ့စွာဖြင့် သူမကိုကြည့်နေခဲ့လေသည်။

“ရွှမ်ကျုန်းရယ်...”

ကျဲ့မင်ခုန် တိုးလျစွာ ရေရွတ်လိုက်ပြီး ငိုကြွေးခြင်းကို ရပ်တန့်လိုက်သည်။

ထို့နောက် သူမ၏မျက်နှာထက် နူးညံ့သိမ်မွေ့ခြင်းများဖြင့် ပြည့်နက်သွားပြီး ချန်ရွှမ်ကျုန်းမျက်နှာကို ထိတွေ့ရန်မကြိုးစားတော့ဘဲ ရပ်တန့်လိုက်၏။

သူမက ချန်ရွှမ်ကျုန်း၏ပခုံးထက်တွင် လက်တင်လိုက်သည်။

ထိုခဏတွင် ရေခွဲအလွှာများက သူမ၏လက်တစ်ခုလုံးအား ဖုံးလွှမ်းပျံ့နှံ့သွားပြီး မိန်းမပျိုဧကရာဇ်’ကျဲ့မင်ခုန်’ သည်လည်း ရေခဲရုပ်တုတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ချူးလီလီနှင့် ကျဲ့မင်ခုန်သည် ချန်ရွှမ်ကျုန်း၏ တစ်ဖက်တစ်ချက်တွင် တင်ပျဉ်ခွေထိုင်လျှက် ရှိနေကြလေသည်။

အေးခဲသောရေခဲများက ထောင်စုနှစ်ပေါင်းများစွာတည်ရှိခဲ့သော အငြိုးအတေးများကို အေးခဲသွားစေပြီး...

ငြိမ်သက်စွာ... အေးချမ်းစွာ...။

All Chapters