ယင်ယန်ပြောင်းပြန်ပုံဖျက်ဆူးချွန်
Vol. 103 Ch. 1437
အခန်း (၁၄၃၇) ယင်ယန်ပြောင်းပြန်ပုံဖျက်ဆူးချွန်
ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်က နတ်ဆိုးများကို ဖိနှိပ်သုတ်သင်ရာတွင် ထူးခြားသော စွမ်းအားရှိသည်။
ထိုအစီအရင်က စိတ်ဝိညာဉ်နတ်ဆိုး၏နှောင့်ယှက်မှုကို ခုခံရာတွင် အလွန်အသုံးဝင်ပြီး ကိုယ်တွင်းမိစ္ဆာများကို ဖိနှိပ်ရာတွင်လည်း ထိရောက်သည်။
မူလစိတ်ဝိညာဉ်နတ်ဆိုးသည် သက်ရှိသတ္တဝါများအကြား ပထမဆုံး ဖြစ်ပေါ်လာသော နတ်ဆိုးဆန္ဒဖြစ်သည်။
ထိပ်တန်းမဟာနတ်ဆိုး (၆)ပါးထဲမှ တစ်ပါးအဖြစ် သတ်မှတ်ခံရပြီး သူက ကမ္ဘာဦးအစကတည်းက ရှင်သန်ခဲ့သူဖြစ်သလို ထာဝရတည်ရှိမည်လည်း ဖြစ်သည်။
အကယ်၍ သူ၏မူလရုပ်ခန္ဓာဖြင့် ဤနေရာသို့ ဆင်းသက်လာပါက ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်ပင်လျှင် သူ့အား ခုခံနိုင်စွမ်း ရှိမည်မဟုတ်ပေ။
သို့သော် မူလစိတ်ဝိညာဉ်နတ်ဆိုးက ကိုယ်တိုင်ရောက်မလာဘဲ အဆုံးမရှိသောပြင်ပဗလာနယ်ထဲမှာပင် သူ၏လွှမ်းမိုးနိုင်စွမ်းကို ပြသခဲ့သည်။
ထို့ကြောင့် ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်၏စွမ်းအားဖြင့် ရန်သူ၏လှုပ်ရှားမှုကို တန်ပြန်ခုခံနိုင်ခဲ့ခြင်း ဖြစ်၏။
ယခု ရန်ကျောက်ကဲက ယွိချင်ချင်အဆက်အနွယ် မူလကောင်းကင်ကျမ်းစာများထဲမှ နှောင်းပိုင်းကောင်းကင်ကျမ်းစာ (၆)စောင်အနက် စိတ်စေရာကောင်းကင်ကျမ်းစာကို အပြည့်အဝ အသုံးပြုလိုက်သည်။
ပေါက်ကွဲသံတစ်ချက်နှင့်အတူ စိတ်စေရာမိုးကြိုးထွက်ပေါ်လာပြီး ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်ကို ပြိုကွဲပျက်စီးသွားစေသည်။
ထို့နောက် ထုံးတမ်းအစီအရင်က ပြောင်းပြန်လည်ပတ်သွားသည်။
ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်မှ ဖြစ်ပေါ်လာသော အလင်းကြိမ်လုံးများက သူတို့၏စွမ်းအားကို ပြောင်းပြန်လှည့်ပတ်ကာ စိတ်ဝိညာဉ်နတ်ဆိုး၏ စွမ်းအားကို မိမိကိုယ်ပိုင်အဖြစ် အသုံးပြုလိုက်ခြင်း ဖြစ်၏။
ထုံးတမ်းအစီအရင်၏တန်ခိုးစွမ်းအားက ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းအဆင့်နှင့် ဆက်စပ်နေသလို ရန်သူ၏ ကျင့်ကြံခြင်းအဆင့်နှင့်လည်း သက်ဆိုင်သည်။
သို့သော် ထုံးတမ်းအစီအရင်ကိုယ်တိုင်နှင့်လည်း ဆက်နွယ်နေသည်။
ရန်ကျောက်ကဲ ၊ ချန်ရွှမ်ကျုန်းနှင့် အခြားသူများ၏ စေ့စပ်သေချာသော ပြင်ဆင်မှုများနှင့် ထိပ်တန်းအဆင့်မီပစ္စည်းများကို အသုံးပြု၍ ဖြည့်စွမ်းထားသော အစီအရင်က အထွတ်ထိပ်အခြေအနေသို့ ရောက်ရှိခဲ့သည်။
ပြီးတော့ ထုံးတမ်းအစီအရင်တွင် မူလစိတ်ဝိညာဉ်နတ်ဆိုး ကူးစက်ဝင်ရောက်မှုကို ခံနိုင်ရည်ရှိရန် အဓိကအချက်များကို ထည့်သွင်းဖွဲ့စည်းထားသည်။
ထို့ကြောင့် အစီအရင် ပြောင်းပြန်လည်ပတ်သွားသည်နှင့် မူလစိတ်ဝိညာဉ်နတ်ဆိုး၏ အာဏာတစ်စိတ်တစ်ပိုင်းသည် ထုံးတမ်းအစီအရင်အတွင်း စီးဝင်သွားခဲ့သည်။
အလင်းကြိမ်လုံးများ၏ရိုက်ခတ်မှုက ရန်သူများအပေါ် ချက်ချင်း အာနိသင်ပြခဲ့သည်။ ထို့ပြင် ထိုအာနိသင်က မူလစိတ်ဝိညာဉ်နတ်ဆိုး၏ အဝေးမှလွှမ်းမိုးနိုင်စွမ်းထက် များစွာပိုမိုအားကောင်းခဲ့သည်။
နောက်တစ်ချက်မှာ ဤအရာအားလုံးက ရုတ်တရက်ဖြစ်ပွားခဲ့သဖြင့် လူတိုင်း အငိုက်မိသွားခြင်း ဖြစ်၏။
နတ်မိစ္ဆာမျိုးနွယ်များ ရှောင်တိမ်းရန် ကြိုးစားခဲ့သော်လည်း အလင်းကြိမ်လုံးများက သူတို့ထံ ရိုက်ခတ်ပြီးဖြစ်သည်။
ထိုက်ရွှီးမူလနတ်ဘုရားအဆင့်အောက်ရှိ နတ်မိစ္ဆာများမှာ ကြိမ်လုံးဖြင့် ရိုက်ခံရပြီးနောက် နေရာမှာပင် တောင့်တင်းသွားကာ လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။
သူတို့၏ကိုယ်တွင်းမှ အမှောင်စိတ်များက အတွေးများကို ဖရိုဖရဲဖြစ်စေပြီး စိတ်ဝိညာဉ်နတ်ဆိုး၏တည်ရှိမှုဖြင့် သူတို့စိတ်ထဲတွင် လှည့်စားသည့်ပုံရိပ်များ ဖြစ်ပေါ်စေခဲ့သည်။
သူတို့မှာ တိုက်ခိုက်ရန်အသာထား မတ်တတ်ရပ်ရန်ပင် မစွမ်းနိုင်တော့ပေ။
သမင်ဖြူနတ်မိစ္ဆာနှင့် အခြားသော ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ရှိ နတ်မိစ္ဆာမျိုးနွယ် သူတော်စင်ငယ်များကတော့ အနည်းငယ်ကောင်းမွန်သော အခြေအနေတွင် ရှိနေသည်။
သူတို့နှလုံးသားထဲမှ အမှောင်စိတ်များ စတင်လှုပ်ရှားလာသော်လည်း သူတို့က စိတ်အခြေအနေတည်ငြိမ်ရန်အတွက် အတွေးများကိုဖိနှိပ်ရန် ကြိုးစားခဲ့ကြသည်။
သို့သော် ခဏမျှ အရှုပ်အထွေးဖြစ်ရန်တော့ လုံလောက်ခဲ့သည်။
မည်သို့ပင်ဖြစ်စေ နတ်မိစ္ဆာများမှာ ရန်တိ၊ ကောင်းချင်းရွှမ်၊ လင်ချင်းကဲ့သို့သော ရန်သူများကို ရင်ဆိုင်နေရဆဲဖြစ်သည်။
ထိုအချိန် စိတ်စေရာမိုးကြိုးပေါက်ကွဲသံနှင့်အတူ ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင် ပြိုကွဲပျက်စီးသွားပြီး ရန်ကျောက်ကဲ၏တန်ပြန်တိုက်စစ်ဖြင့် ရင်ဆိုင်လိုက်ရသည်။
ဓားဝိညာဉ်နှင့် ဓားအလင်းတန်းများက ပတ်ဝန်းကျင်တစ်ခုလုံးအားလွှမ်းခြုံသွားပြီး ကောင်းကင်ယံသို့ထိုးတက်သွားကာ ဗလာနယ်တစ်ခုလုံးတွင် လှည့်လည်သွားသည်။
အလင်းကြိမ်လုံးများ၏စွမ်းအားက တည်မြဲနေဆဲဖြစ်ပြီး နတ်မိစ္ဆာအုပ်စု စိတ်ဝိညာည်နတ်ဆိုးဒုက္ခပေးမှုကို ခံစားနေရစဉ် ရန်တိတို့က ပြင်းထန်သည့် တန်ပြန်တိုက်စစ် စတင်ခဲ့သည်။
ထိုက်ရွှီးမူလနတ်ဘုရားအဆင့်အောက်ရှိ နတ်မိစ္ဆာများအားလုံးသည် သုတ်သင်ခံရပြီး ဗလာနယ်တွင် သွေးပင်လယ်ကြီးတစ်ခု ပေါ်ထွက်လာသည်။
ချီစွမ်းအားငါးခုပေါင်းစည်းခြင်းအဆင့်သို့ ရောက်ရှိထားသော နတ်မိစ္ဆာမျိုးနွယ်မှ သူတော်စင်ငယ်—နဂါးဘုရင်ဟွမ်ချန်၏ ခန္ဓာကိုယ်မှာ ကောင်းချင်းရွှမ်၏ဓားချက်ဖြင့် နှစ်ပိုင်းကွဲထွက်သွားသည်။
မည်သည့်ခုခံကာကွယ်မှုမှ မပြုလုပ်နိုင်ခင် သမင်ဖြူနတ်မိစ္ဆာမှာလည်း လင်ချင်း၏ အားပြင်းသည့်ထိုးနှက်ချက်ကိုခံရပြီး ဒဏ်ရာအပြင်းအထန် ရရှိသွားသည်။
သူက စိတ်ထဲမှအမှောင်ထုကို ကျော်လွှားနိုင်ပြီး ထွက်ပြေးရန်ကြိုးစားခဲ့သော်လည်း ရန်တိက သူ့အနား ရောက်လာခဲ့သည်။
သမင်ဖြူနတ်မိစ္ဆာလည်း မူလသမင်ဖြူပုံစံသို့ပြန်လည်ပြောင်းလဲပြီး ကဆုန်ပေါက်ထွက်ပေးတော့သည်။ သူဖြတ်သန်းသွားရာနေရာတိုင်း၌ ဗလာနယ်ခြေရာများ ချန်ထားခဲ့လေသည်။
ထိုခြေရာတစ်ခုချင်းက တောင်များအဖြစ်ပြောင်းလဲသွားပြီး ဗလာနယ်ကိုပိတ်ဆို့သည့်အစီအရင်တစ်ခုဖြစ်ပေါ်လာကာ ရန်သူများအပေါ် ပြိုဆင်းကျလာသည်။
သို့သော် ရန်တိ၏ ရက်စက်ကြမ်းတမ်းသော ဓားရောင်စဉ်တစ်ချက် ဖြတ်သန်းသွားသည်နှင့် ထိုတောင်များမှာလည်း ဖုန်မှုန့်များအဖြစ် ပြိုကျပျက်စီးသွားခဲ့သည်။
ထိုအခွင့်အရေးကိုအသုံးချကာ လင်ချင်းက သူတော်စင်အလင်းအလံရှည်ကိုကိုင်ဆောင်ပြီး သမင်ဖြူကြီးထံသို့ လျှင်မြန်စွာဝင်ရောက်သွားသည်။
သမင်ဖြူနတ်မိစ္ဆာမှာ ပြင်းထန်သောဒဏ်ရာများဖြင့် ရုန်းကန်နေရင်း ပုဆိန်သွားသဖွယ် အလံရှည်ပြိုကျလာသည်ကို စိတ်ပျက်အားလျော့စွာ ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
ထို့နောက် ဒဏ်ရာအပြင်းအထန်ရထားသော သမင်ဖြူနတ်မိစ္ဆာမှာ လင်ချင်းလက်ချက်ဖြင့် သေဆုံးသွားတော့သည်။
အလယ်ခေတ်တွင် တာအိုကိုအောင်မြင်ခဲ့ပြီး မဟာကပ်ဘေးကာလကို အသက်ရှင်လျှက် ကျော်ဖြတ်နိုင်ခဲ့သည့် မဟာနတ်မိစ္ဆာကြီးမှာ ယနေ့တော့ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
နဂါးဘုရင်ဟွမ်ချန်ပြီးနောက် ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ရှိ နောက်ထပ်မဟာနတ်မိစ္ဆာတစ်ဦး သေဆုံးသွားခဲ့သည်။
ကျောက်စိမ်းယုန်နတ်မိစ္ဆာမှာ ရန်သူများ၏ သတ်ဖြတ်လိုသည့်အငွေ့အသက်ကို အာရုံခံမိပြီး ကျောရိုးတစ်လျှောက်လုံးအေးစိမ့်သွားရသည်။
သူမက ကြောက်ရွံ့သွားသည့်တိုင် စိတ်ကိုတည်ငြိမ်အောင် ကြိုးစားထိန်ချုပ်ပြီး ခန်ဓာကိုယ်ကို မတ်မတ်ထားလိုက်သည်။
ထို့နောက် ချက်ချင်းပင် အဖြူရောင်အလင်းတန်းအဖြစ်ပြောင်းလဲကာ ရန်သူ၏တိုက်ခိုက်မှုကို ဆံချည်တစ်မျှင်ခြား ရှောင်ရှားရင်း အဝေးသို့ခုန်ပေါက်ထွက်ပြေးသွားတော့သည်။
သူမက ယုန်တစ်ကောင်ပမာ ခုန်ပေါက်လျှက် နောက်ဆုံး လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့သည်။
တစ်ဖက်တွင်မူ အခြားသောနတ်မိစ္ဆာများမှာလည်း သမင်ဖြူနတ်မိစ္ဆာနှင့် နဂါးဘုရင်ဟွမ်ချန်ကဲ့သို့ပင် ကြမ်းတမ်းသောတိုက်ခိုက်မှုများအောက် သုတ်သင်ခံရမည့်ကံကြမ္မာကို စောင့်ဆိုင်းနေရုံသာ တတ်နိုင်ခဲ့သည်။
ဗလာနယ်ထဲတွင် ခေါင်းကိုးလုံးပိုးကောင်ကတော့ တောက်ပသည့်အလင်းရောင်များ ထွန်းလင်းနေဆဲပင်။ ကြိမ်လုံးဖြင့် အရိုက်ခံရသည့်အခါတိုင်း သူ၏အလင်းရောင်က ခဏမျှမှိန်ဖျော့သွားခဲ့သည်။
ကောင်းကင်နတ်ဘုရားအဆင့်ရှိ နတ်ဆိုးဘုရင်နှင့် ဖန်းယွင်ရှန်းသာလျှင် သူ၏ပုံရိပ်ကို ဖမ်းယူနိုင်ခဲ့သည်။
ခေါင်းကိုးလုံးပိုးကောင် ခဏမျှ ထိတ်လန့်သွားခဲ့ပြီး မျက်နှာထက် အံ့အားသင့်မှုများလည်း ထင်ဟပ်လာသည်။
မူလစိတ်ဝိညာဉ်နတ်ဆိုး ကိုယ်တိုင်ဆင်းသက်လာခဲ့ပါက သူအနေဖြင့် သတိထားရမည် ဖြစ်သည်။ သို့သော် သူကဲ့သို့ ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက်အတွက် အဝေးတစ်နေရာမှ စိတ်ဝိညာဉ်နတ်ဆိုး၏ တိုက်ခိုက်မှုကိုခံရခြင်းက မထူးဆန်းပေ။
သူ အံ့အားသင့်နေချိန်မှာပင် ရန်တိတို့အုပ်စုက တန်ပြန်တိုက်စစ်စတင်ခဲ့ပြီး လမ်းတစ်လျှောက် မရေမတွက်နိုင်သော နတ်မိစ္ဆာများကို သုတ်သင်ခဲ့သည်။
အန္တရယ်ကြီးမားသောအခြေအနေတွင်ရှိနေသည့် ဖန်းယွင်ရှန်းက ထိုအခွင့်အရေးကို အသုံးချကာ ဆုတ်ခွာသွားခဲ့သည်။ သို့သော် နတ်ဆိုးဘုရင်က ကြုံးဝါးသံပြုပြီး သူမနောက်သို့ လိုက်သွားခဲ့သည်။
ဖန်းယွင်ရှန်းက ထိုနတ်ဆိုးနှင့် အားပြိုင်ရင်ဆိုင်ရင်း အတင်းအကြပ် နောက်ပြန်ဆုတ်ခဲ့သည်။
သူမက မီးလျှံတစ်ခုအဖြစ်ပြောင်းလဲကာ လျှင်မြန်စွာ အောက်သို့ဆင်းသက်သွားပြီး ရန်တိတို့နှင့် ပူးပေါင်းလိုက်သည်။
ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်၏ အလင်းစက်ဝန်းများ ပြိုကွဲသွားပြီး အလင်းကြိမ်လုံး (၈၁)ခုအဖြစ် ပြောင်းလဲကာ အပြင်သို့ ရိုက်ခတ်ထွက်သွားခဲ့သည်။
အလွန်အမင်းပြင်းထန်သော အလင်းကြိမ်လုံးများ နောက်ဆုံး အက်ကွဲသွားပြီး လေထုထဲလှည့်လည်ပျံဝဲလျှက် လွင့်စ်ထွက်သွားသည်။
ထိုအလင်းတန်း(၈၁)ခုကြောင့် ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင် တည်ရှိရာနေရာ ဗလာနယ်က အက်ကွဲစုတ်ပြတ်သွားသည်။
တွင်းနက်တစ်ခု ဖြစ်ပေါ်လာပြီး ပတ်ဝန်းကျင်မှ အရာဝတ္ထုများစွာကို စုပ်ယူမျိုချလိုက်သည်။
ရန်တိတို့အုပ်စုက တန်ပြန်တိုက်စစ်များကို အောင်မြင်စွာဆောင်ရွက်ပြီး နတ်မိစ္ဆာများကိုသုတ်သင်ပြီးနောက် အခြားသူများကို လိုက်လံမသတ်ဖြတ်တော့ပေ။
သူတို့က ချက်ချင်းပင် ဖန်းယွင်ရှန်းနှင့်အတူ ဆုတ်ခွာပြီး တွင်းနက်ထဲ ဝင်ရောက်သွားကြသည်။
တွင်းနက်ထိပ်တွင်ရှိနေသော ရန်ကျောက်ကဲကလည်း ထိုသို့ပင် ဝင်ရောက်သွားသည်။
ရန်ကျောက်ကဲတို့အုပ်စု တွင်းနက်ထဲဝင်ရောက်သွားသည်ကိုမြင်သည်နှင့် ခေါင်းကိုးလုံးပိုးကောင်နှင့် နတ်ဆိုးဘုရင်တို့ည် မကျေမနပ် “ဟွန်း” ခနဲ နှာမှုတ်လိုက်ကြသည်။
လွှမ်းမိုးနိုင်စွမ်းမြင့်မားသော နတ်မိစ္ဆာချီနှင့် နတ်ဆိုးချီများ ဗလာနယ်တစ်ခုလုံးအား လွှမ်းခြုံသွားပြီး အက်ကွဲကြောင်းတွင်းနက်ကို ပိတ်ဆို့လိုက်ကြသည်။
ဗလာနယ်ပြောင်းလဲသွားပြီး တည်ငြိမ်သောအခြေအနေသို့ ရောက်ရှိလုနီးနေပြီ ဖြစ်သည်။
သို့သော် ကောင်းကင်နတ်ဘုရားအဆင့်ရှိ အင်အားကြီးသူ နှစ်ယောက်က တွင်းနက်ကိုအတင်းအကျပ်ပိတ်ဆို့လိုက်ရာ ထိုက်ရွှီးမူလနတ်ဘုရားတစ်ဦးပင် မတ်တတ်ရပ်ရန် မဖြစ်နိုင်တော့ပေ။
တွင်းနက်ထဲမှအရာအားလုံး နေရဦမှာပင် တောင့်တင်းစွာရပ်တန့်သွားသည်။ သို့သော် တွင်းနက်ရှေ့တွင်ရပ်နေသည့် ရန်ကျောက်ကဲက ပစ္စည်းတစ်ခုကို ရှေ့သို့ ပစ်ပေါက်လိုက်သည်။
ထိုအရာက နှစ်ဖက်ချွန်အပ်တစ်ချောင်းပမာဖြစ်ပြီး အလယ်ပိုင်းတွင်ထူထဲသည်။
ထိုပစ္စည်းက သာမန်ပုံစံရှိသော်လည်း တန်ခိုးစွမ်းအားများက အဆမတန် ထွက်ပေါ်နေသည်။
ခေါင်းကိုးလုံးပိုးကောင်၏ နတ်မိစ္ဆာစွမ်းအားနှင့် နတ်ဆိုးဘုရင်၏ နတ်ဆိုးချီတို့သည် အရှိန်အဟုန်ဖြင့် တဟုန်ထိုးထွက်ပေါ်လာသည်။
သို့သော် နှစ်ဖက်ချွန်အပ်၏မျက်နှာပြင်က လင်းလက်လာပြီး နတ်မိစ္ဆာစွမ်းအားနှင့် နတ်ဆိုးချီတို့ကို ထိပ်တိုက်ရင်ဆိုင်မိကာ ဖယ်ထုတ်ခံလိုက်ရသည်။
နတ်မိစ္ဆာစွမ်းအားက ပိုမိုအားကောင်းသောကြောင့် နတ်ဆိုးချီ ဖယ်ထုတ်ခံလိုက်ရသည်။ သို့သော် နတ်မိစ္ဆာချီမှာလည်း မတည်မငြိမ် ဖြစ်သွားရသည်။
တွင်းနက်က ချက်ချင်းပင် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီး ဗလာနယ်ပုံပျက်သွားကာ ရန်ကျောက်ကဲတို့အုပ်စုအားစုပ်ယူပျောက်ကွယ်သွားခဲ့သည်။
“ယင်ယန်ပြောင်းပြန်ပုံဖျက်ဆူးချွန်...”
အဝေးသို့ရောက်သွားသည့် ကျောက်စိမ်းယုန်နတ်မိစ္ဆာ နောက်သို့လှည့်ကြည့်လိုက်တော့ သံချောင်းအသွင် ရတနာပစ္စည်းတစ်ခုကို မြင်လိုက်ရသည်။
ထိုပစ္စည်းကိုမြင်သည်နှင့် သူမ ချက်ချင်း ထိတ်လန့်အံ့သြသွားရသည်။
ခေါင်းကိုးလုံးပိုးကောင်၏ စိတ်ဆန္ဒရောက်ရှိလာပြီး သူ၏ဖုံးကွယ်မရသော ဒေါသကို ခံစားလိုက်ရသည်။
“အဲဒါဘာလဲ”
ကျောက်စိမ်းယုန်နတ်မိစ္ဆာက...
“ကျွန်မမမှားဘူးဆိုရင်... ဒီရတနာက ‘ယင်ယန်ပြောင်းပြန်ပုံဖျက်ဆူးချွန်’ ပါ ၊ သူ့ရဲ့ထူးခြားချက်က လုံးဝကွဲပြားတဲ့စွမ်းအားနှစ်မျိုးကို ထိပ်တိုက်တွေ့စေပြီး ဖယ်ထုတ်နိုင်တာပါ ၊ ဒီရတနာက ရှင့်ရဲ့နတ်မိစ္ဆာစွမ်းအားနဲ့ နတ်ဆိုးဘုရင်ရဲ့ နတ်ဆိုးချီကို ထိပ်တိုက်တွေ့စေပြီး ဖယ်ထုတ်လိုက်တာပါ”
ကျောက်စိမ်းယုန်နတ်မိစ္ဆာ၏မျက်နှာက မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နက်နေသည်။
“အရင်တုန်းက ဒီရတနာဖန်တီးတဲ့နည်းလမ်းကို ထိပ်တန်းလျှို့ဝှက်ချက်အဖြစ် သတ်မှတ်ခဲ့ပါတယ် ၊ ထူးကဲယင်ကြယ်သင်ခတောင် ဒီပစ္စည်းပြုလုပ်တဲ့နည်းလမ်းကို မသိခဲ့ပါဘူး ၊ နာမည်နဲ့ပုံစံလောက်ပဲသိခဲ့တာပါ ၊ ကျွန်မကိုယ်တိုင်လည်း အခုမှ မြင်ဖူးတာပါ”