ပြဿနာများတစ်ခုပြီးတစ်ခု
Vol. 103 Ch. 1438
အခန်း (၁၄၃၈) ပြဿနာများတစ်ခုပြီးတစ်ခု
“ယင်ယန်ပြောင်းပြန်ပုံဖျက်ဆူးချွန်… ဟုတ်လား...”
ခေါင်းကိုးလုံးပိုးကောင် ထပ်မံရေရွတ်လိုက်သည်။
ကျောက်စိမ်းယုန်နတ်မိစ္ဆာက ကူရာကယ်ရာမဲ့စွာဖြင့်...
“ရန်ကျောက်ကဲက အဂ္ဂိရတ်ခန်းမကို ရခဲ့တယ်ဆိုရင်တောင်၊ ဒီပစ္စည်းရဲ့လျှို့ဝှက်နည်းလမ်းကိုတော့ မရနိုင်ဘူးမဟုတ်လား”
သူမက ဆက်ပြောလိုက်သည်။
“တောင်ပိုင်းချန်စန်းဧကရာဇ် ဒါမှမဟုတ် မြောက်ပိုင်းကြယ်စင်ဧကရာဇ်ကများ သူ့ကိုနည်းလမ်းပေးခဲ့တာလား ၊ ဒါပေမဲ့ ဒီလောက်နှစ်တွေကြာနေပြီ ၊ သူတို့တွေ ဒါမျိုးပစ္စည်းသုံးတာ တစ်ခါမှမတွေ့ဖူးဘူး”
ခေါင်းကိုးလုံးပိုးကောင်က မကျေမနပ်ဖြင့် ‘ဟွန်း’ ကနဲ နှာမှုတ်လိုက်သည်။
“စကားများမနေနဲ့တော့... ငါတို့ ဒီနေရာမှာ ဆက်နေစရာ မလိုတော့ဘူး၊ အခု သွားကြစို့”
သူက ထိုသို့ပြောလိုက်သော်လည်း သူနှင့်အတူပါလာသော နတ်မိစ္ဆာများထဲတွင် ကျောက်စိမ်းယုန်နတ်မိစ္ဆာတစ်ယောက်တည်းသာ အသက်ရှင်လျှက် လွတ်မြောက်ခဲ့လေသည်။
အများစုက တိုက်ပွဲတွင်သေဆုံးခဲ့ပြီး အနည်းငယ်သာ အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။
သမင်ဖြူနတ်မိစ္ဆာ ၊ နဂါးဘုရင်ဟွမ်ချန်ကဲ့သို့သော နတ်မိစ္ဆာမျိုးနွယ်မှ သူတော်စင်ငယ်များပင် သေဆုံးခဲ့ကြသည်။
ခေါင်းကိုးလုံးပိုးကောင် အကြီးအကျယ် အရှက်ရစွာ ခံစားနေရသည်။
အရေးကြီးဆုံးမှာ ရန်ကျောက်ကဲတို့ အောင်မြင်စွာဆုတ်ခွာသွားနိုင်ပြီး ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး ပြန်လည်မွေးဖွားမှု မအောင်မြင်ခဲ့သည့်အပြင် ၊ သူတို့သည်လည်း မည်သည့်အကျိုးမှ မပြုနိုင်ခဲ့ပေ။
ဤရလဒ်များက သူ့ကို ဒေါသချောင်းချောင်းထွက်စေခဲ့သည်။
ရှေးဟောင်းခေတ်မှစ၍ အသက်ရှင်ကျန်ရစ်ခဲ့သော အင်အားကြီးနတ်မိစ္ဆာမျိုးနွယ် မဟာသူတော်စင်တစ်ယောက်အနေဖြင့် အလွန်ပြင်းထန်စွာ မာနထိခိုက်ခဲ့သည်။
ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး ပြန်လည်မွေးဖွားခြင်း မအောင်မြင်ခဲ့သလို သူတို့အနေဖြင့် အဂ္ဂိရတ်ခန်းမကို ရယူနိုင်ခြင်းလည်း မရှိခဲ့ပေ။
ခေါင်းကိုးလုံးသူတော်စင်၏ဒေါသက သူကိုယ်တိုင် သတိမထားမိခင်မှာပင် ကောင်းကင်နတ်ဘုရားအဆင့်ရှိ နတ်ဆိုးဘုရင်ထံသို့ ကျရောက်သွားသည်။
သူက မိမိရှေ့မှရန်သူကို သတ်ဖြတ်နိုင်ခဲ့ပါက ငရဲကိုးထပ်အား သေချာပေါက် ကြီးမားသောထိုးနှက်မှု ဖြစ်ပေါ်စေမည်ပင်။
အနည်းဆုံးတော့ သူ့အနေဖြင့် လက်ဗလာဖြင့် ပြန်မသွားရဘဲ နတ်မိစ္ဆာမျိုးနွယ်အတွက် အကျိုးရှိစေမည့် အောင်မြင်မှုတစ်ခု ယူဆောင်သွားနိုင်ပေမည်။
သို့သော် ကောင်းကင်နတ်ဘုရားအဆင့်ရှိ နတ်ဆိုးဘုရင်သည်လည်း သူ၏အဆင့်အတန်းကို ကောင်းစွာသိရှိထားသည်။
ရန်ကျောက်ကဲတို့က ယင်ယန်ပြောင်းပြန်ပုံဖျက်ဆူးချွန်ဖြင့် ထွက်ပြေးလွတ်မြောက်သွားပြီးနောက် သူ့အနေဖြင့် ခေါင်းကိုးလုံးပိုးကောင်ကို အနိုင်ယူရန် မဖြစ်နိုင်ကြောင်း သိရှိထားသည်။
ထို့ကြောင့် သူ၏ ပထမဆုံးတုံ့ပြန်မှုမှာ ဤနယ်မြေမှ ဆုတ်ခွာထွက်ပြေးသွားရန် ဖြစ်၏။
ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး ပြန်လည်မွေးဖွားမှု မအောင်မြင်ခဲ့သလို ဖန်းယွင်ရှန်းကိုလည်း ဖမ်းဆီးနိုင်ခြင်း မရှိခဲ့ပေ။ သို့ဖြစ်ရာ သူ့အနေဖြင့် နတ်မိစ္ဆာမျိုးနွယ်နှင့် ဆက်လက်တိုက်ခိုက်ရန် အကြောင်းမရှိတော့ပေ။
ဤသည်က သူ့အတွက် အဆုံးမဟုတ်ပေ။ အကြောင်းမှာ သူဆောင်ရွက်ရမည့် အခြားအရာတစ်ခု ရှိနေသေးသည်။
ရေပလ္လင်နတ်ဆိုးအပြင် မြေကမ္ဘာပလ္လင်နတ်ဆိုးသည်လည်း ပြန်လည်မွေးဖွားရန် ခန္ဓာကိုယ်တစ်ခုကို သိမ်းပိုက်ထားသည်။ အကယ်၍ မြေကမ္ဘာပလ္လင်နတ်ဆိုး အောင်မြင်သွားပါက ငရဲကိုးထပ်၏တိုက်ပွဲရလဒ် ပြောင်းပြန်လှန်နိုင်ပေမည်။
“မင်းတို့တွေ နောက်ထပ် အကြေးခွံတစ်ထောင် နယ်မြေတစ်ခု ထပ်ရှားနိုင်မယ်လို့ ငါတော့ မယုံဘူး ၊ ပြီးတော့ အဲဒီထူးဆန်းတဲ့ ထုံးတမ်းအစီအရင်ကိုဖန်တီးဖို့ မရေမတွက်နိုင်တဲ့ အရင်းအမြစ်တွေနဲ့ အားထုတ်မှုတွေ သုံးခဲ့ရမှာပဲ ၊ မင်းတို့မှာ နောက်တစ်ခုဖန်တီးနိုင်လောက်တဲ့ ရတနာပစ္စည်းတွေ မရှိနိုင်တော့ဘူး”
နတ်ဆိုးဘုရင် ကြုံးဝါးလိုက်သည်။
ရေခဲတမျှအေးစက်သော သတ်ဖြတ်လိုသည့်အငွေ့အသက်များလွှမ်းခြုံလျှက် နတ်ဆိုးဘုရင် ဗလာနယ်ထဲမှ ထွက်ခွာသွားသည်။
ခေါင်းကိုးလုံးပိုးကောင်က ယင်ယန်ပြောင်းပြန်ပုံဖျက်ဆူးချွန်ကို အာရုံစိုက်နေစဉ် နတ်ဆိုးဘုရင်က အခွင့်အရေးကိုအသုံးချကာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
ခေါင်းကိုးလုံးပိုးကောင် မကျေပ်မနပ်ဖြစ်သွားသော်လည်း ပြန်လည်တည်ငြိမ်လာပြီး...
“သွားကြမယ်... မြေကမ္ဘာပလ္လင်နတ်ဆိုး ကျန်သေးတယ်”
ထို့နောက် သူတို့ နေရာမှ ထွက်ခွာသွားကြသည်။
ကျောက်စိမ်းယုန်နတ်မိစ္ဆာနှင့် ကံကောင်းပြီး အသက်ရှင်ကျန်ရစ်ခဲ့သော အခြားနတ်မိစ္ဆာများက သူ့နောက်သို့ အလျှင်အမြန်လိုက်ပါသွားသည်။
***
အာကာသအလွှာများစွာဖြင့်ဖွဲ့စည်းထားသည့် မတူကွဲပြားသော စကြာဝဠာတစ်ခုထဲတွင် မှောင်မိုက်သည့်ဗလာနယ်က ရုတ်တရက် အက်ကွဲသွားပြီး ကြယ်များဖြင့်ပြည့်နက်နေသည့် တည်ငြိမ်သောကောင်းကင်၏ အလှတရားက ဖျက်ဆီးပစ်လိုက်သည်။
ထိုကောင်ကင်အက်ကွဲကြောင်းမှ ရန်ကျောက်ကဲတို့အုပ်စု ထွက်ပေါ်လာလေသည်။
ယင်ယန်ပြောင်းပြန်ပုံဖျက်ဆူးချွန်က ခေါင်းကိုးလုံးပိုးကောင်နှင့် နတ်ဆိုးဘုရင်၏စွမ်းအားများကို အချင်းချင်းထိပ်တိုက်တွေ့စေပြီး ဖယ်ရှားပစ်နိုင်ခဲ့သည်။
သို့သော် ခေါင်းကိုးလုံးပိုးကောင်က တန်ခိုးစွမ်းအားပြင်းထန်လွန်းသည့်အတွက် ရန်ကျောက်ကဲတို့ ထွက်ပြေးရန်အသုံးပြုခဲ့သောတွင်းနက်ကို ထိခိုက်စေခဲ့သည်။
သို့ရာတွင် အဖျက်စွမ်းအားများ သိသိသာသာ အားနည်းသွားခဲ့ပြီး သူတို့ထွက်ခွာလာခြင်းကို မတားဆီးနိုင်ခဲ့ပေ။
ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ရှိသော ကောင်းချင်းရွှမ်နှင့် လင်ချင်း၏ အကာအကွယ်ဖြင့် သူတို့အုပ်စု အာကာသဝဲဂယက်ထဲ အချင်းချင်းကွဲကွာမသွားကြဘဲ တွင်းနက်ထဲမှ အတူတကွ လွတ်မြောက်လာခဲ့ကြသည်။
ရန်ကျောက်ကဲက ဖန်းယွင်ရှန်းကိုအသာပွေ့ဖက်ပြီး ကူညီပေးထားသည်။
ပတ်ဝန်းကျင်ဗလာနယ်တည်ငြိမ်သွားမှ ဖန်းယွင်ရှန်းက ချက်ချင်းပင် ဗလာနယ်ထဲတွင် ထိုင်ချလိုက်သည်။
သူမအရေပြားထက်မှ တောက်လောင်နေသည့် နတ်ဆိုးမီးလျှံများက လွှမ်းမိုးနိုင်စွမ်းမြင့်မားသော ရောင်ဝါတစ်ခုကို ထုတ်လွှတ်နေသည်။
တောင်ပိုင်းချန်စန်းဧကရာဇ်က လက်ဆောင်ပေးခဲ့သော အနက်ရောင်ကျောက်စိမ်းပုလင်းလေးထက်မှာပင် အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။
ဖန်းယွင်ရှန်း၏ မျက်နှာအမူအရာက အဆက်မပြတ် ပြောင်းလဲနေသည်။
တည်ငြိမ်မှုမှ ရက်စက်ကြမ်းတန်းမှု ၊ အေးစက်မှုမှ သီးသန့်ဆန်မှုသို့ အလှည့်ကျပြောင်းလဲနေသည်။
ယခု သူမက သူမကိုယ်တိုင်၏ နတ်ဆိုးအငွေ့အသက်များကိုဖိနှိပ်ထားရသဖြင့် အပြင်လူများက သူမကို ကူညီနိုင်စွမ်း မရှိပေ။
ဖန်းယွင်ရှန်း၏ အရေပြားထက်တွင် တောက်လောင်နေသော နတ်ဆိုးမီးလျှံများဖြင့် ထိတွေ့မိပါက နတ်ဆိုးအငွေ့အသက်ကူးဆက်နိုင်သည့်အတွက် မည်သူမှ သူမကို မထိတွေ့ရဲကြပေ။
ကံကောင်းစွာဖြင့် အချိန်အတန်ကြာပြီးနောက် သူမအရေပြားထက်တွင် တောက်လောင်နေသည့် နတ်ဆိုးမီးလျှံများ တဖြည်းဖြည်းငြိမ်သက်သွားပြီး သူမ၏မျက်နှာအမူအရာသည်လည်း ပြန်လည်တည်ငြိမ်သွားသည်။
ဖန်းယွင်ရှန်း၏အခြေအနေ ယာယီတည်ငြိမ်သွားသည်ကို မြင်ရတော့မှ တစ်ချိန်လုံးစောင့်ကြည့်နေသည့် ရန်ကျောက်ကဲမှာလည်း သက်ပြင်းချနိုင်တော့သည်။
ထို့နောက် သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။
အလင်းတန်းတစ်ချက်တောက်ပသွားပြီး ဖန်းယွင်ရှန်းကိုဝါးမျိုသွားကာ သူမ နေရာမှာပင် ပျောက်ကွယ်သွားသည်။
ဖန်းယွင်ရှန်းကိုအတူခေါ်ဆောင်ပြီးနောက် သူတို့အုပ်စု အတူတူ ခရီးဆက်ခဲ့ကြသည်။
“အကြီးအကဲချန် ဘယ်လိုနေလဲ”
ရန်တိက မေးလိုက်သည်။
ရန်ကျောက်ကဲက ရှေ့ဆက်လျှောက်သွားရင်း...
“ဘေးကင်းပါတယ်... လောလောဆယ်တော့ အန္တရယ်ကင်းတယ်”
သူက ဆက်ပြောလိုက်သည်။
“ကံကောင်းတာက... အကြီးအကဲကျဲ့နဲ့ အကြီးအကဲချူးတို့က နတ်ဘုရားအဆင့် တက်လှမ်းပြီးသားဖြစ်နေတယ် ၊ ပြီးတော့ သူတို့သိုင်းပညာကလည်း တူညီတဲ့ရင်းမြစ်က ဆင်းသက်လာတာလေ ၊ ဒါကြောင့် အရေးကြီးတဲ့အချိန်မှာ နက္ခတ်ဧကရာဇ်ရဲ့အသက်ကို ကာကွယ်နိုင်ခဲ့တယ်”
“ဒါပေမဲ့ ဒီလိုလုပ်လိုက်တဲ့အတွက် သူတို့လည်း တန်ဖိုးတစ်ခု ပေးဆပ်ခဲ့ရတယ် ၊ အခု သူတို့အသက်ကလည်း နက္ခတ်ဧကရာဇ်လိုပဲ ချည်မျှင်လေးတစ်ခုလောက်ပဲ ရှိတော့တယ်”
ရန်ကျောက်ကဲက တိုးညင်းစွာ သက်ပြင်းချလိုက်ပြီး...
“အခုတော့ ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်ဘူး ၊ တစ်နေ့တော့ သူတို့တွေ ဒီပြဿနာကို ကျော်လွှားနိုင်မယ်လို့ပဲ မျှော်လင့်ပါတယ်”
ရန်တိက တိုးလျစွာဖြင့်...
“ဘယ်လောက်ကြာမှာလဲ”
ရန်ကျောက်ကဲက...
“ရာစုနှစ်တစ်ခု ဖြစ်နိုင်တယ်၊ ထောင်စုနှစ်တစ်ခုလည်း ဖြစ်နိုင်တယ်… နှစ်ပေါင်းတစ်သောင်းလည်းဖြစ်သွားနိုင်သလို ထာဝရလည်းဖြစ်သွားနိုင်တယ်”
ရန်တိက ပင့်သက်တစ်ချက်ရှိုက်လိုက်ရင်း...
“နတ်မိစ္ဆာတွေသာ ဝင်မနှောက်ယှက်ခဲ့ရင် ဒီလိုအခြေအနေမျိုး ဖြစ်လာမှာမဟုတ်ဘူး”
ရန်ကျောက်ကဲက...
“အကောင်းဘက်က တွေးကြည့်ရင်တော့ အနည်းဆုံးမျှော်လင့်ချက်နည်းနည်း ကျန်ပါသေးတယ် ၊ အကြီးအကဲချန် ၊ အကြီးအကဲကျဲ့နဲ့ အကြီးအကဲချူးတို့ သေချာပေါက် ဘေးကင်းမှာပါ”
ယခု ရန်တိက ထိုက်ယိဟွာတိမ်တိုက်ထက်တွင်ထိုင်နေပြီး ရန်ကျောက်ကဲသွားရာဆီသို့ တိမ်တိုက်ကိုစီးနှင်လိုက်ပါသွားသည်။
စောစောက တိုက်ပွဲတွင် သူ၏ဓားက တည်ငြိမ်သန့်စင်မှုကို ထိန်းသိမ်းထားခဲ့သည်။
ခေတ်ကာလများ၏ အပြန်အလှန်ပြောင်းလဲမှုတန်ခိုးစွမ်းအားကို ရယူအသုံးပြုခဲ့ပြီး ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ရှိ ကျင့်ကြံသူများနှင့် တိုက်ခိုက်ရာတွင် ထူးကဲသော လွှမ်းမိုးမှုကို ပြသနိုင်ခဲ့သည်။
သို့သော် ဤသို့တိုက်ခိုက်ခြင်းက ဆိုးကျိုးများကိုလည်း ဖြစ်ပေါ်စေခဲ့ပြီး သူ၏စွမ်းအားကို သိသိသာသာ ထိခိုက်စေခဲ့သည်။
စက်ဝန်းသံသရာကောင်းကင်ကျမ်းစာ ၊ ယင်ယန်ကောင်းကင်ကျမ်းစာ ၊ ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာနှင့် အခြားသော ထိပ်တန်းပညာရပ်များစွာကျင့်ကြံထားသည့်တိုင် သူ့အနေဖြင့် ပင်ပန်းနွမ်းနယ်မှုကို ခံနိုင်ရည် မရှိခဲ့ပေ။
“ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာကိုပြန်ကြရအောင်...”
ရန်တိက ဖြည်းညင်းစွာပြောလိုက်သည်။
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“ဟုတ်ကဲ့...”
ယခု ရှီကျွင်းတို့သားအမိက ထျန်းစူးစကြာဝဠာ၏ ကောင်းကင်ဘုံများစွာအလွန်ကောင်းင်ဘုံကမ္ဘာရှိ အဂ္ဂိရတ်ခန်းမထဲတွင် ရှိနေဆဲ ဖြစ်သည်။
ငရဲကိုးထပ်က ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးနှင့် မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးတို့ တပြိုင်နက် ပြန်လည်မွေးဖွားရန် စီစဉ်ခဲ့ပြီး ၊ ဤသည်က ရန်ကျောက်ကဲတို့အုပ်စုကို အာရုံထွေပြားစေခဲ့သည်။
သို့သော် အဂ္ဂိရတ်ခန်းမနှင့် မြေခွင်းပုလဲ၏အကူအညီဖြင့် ရန်ကျောက်ကဲက မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး၏ ပြန်လည်မွေးဖွားမှုကို နှောင့်နှေးစေခဲ့ပြီး ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးကို အရင်ဦးစွာကိုင်တွယ်ခဲ့ခြင်း ဖြစ်သည်။
ယခု ရေပလ္လင်နတ်ဆိုး သေဆုံးသွားခဲ့ပြီး ယာယီအားဖြင့် ပြန်လည်မွေးဖွားလာရန် မဖြစ်နိုင်တော့ပေ။
ထို့ကြောင့် ရန်ကျောက်ကဲတို့က မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးထံသို့ ပစ်မှတ်ပြောင်းလဲကိုင်တွယ်ရန် ဆုံးဖြတ်လိုက်သည်။
သူတို့ရှေ့ဆက်သွားနေစဉ် ကောင်းချင်းရွှမ်က မေးလိုက်သည်။
“ယွဲ့ကျန့်ပေနဲ့ ရှောင်ယဲ့တို့ဘက်က ဘာသတင်းကြားသေးလဲ”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“စောစောက သူတို့ကိုဆက်သွယ်ကြည့်သေးတယ် ၊ ဆရာဦးလေး’ယွဲ့’ ပဲ အကြောင်းပြန်တယ် ၊ နောက်မှ တွေ့မယ်လို့ပြောတယ် ၊ ဒါပေမဲ့ ဂိုဏ်းတူအစ်ကိုနျဲ့နဲ့ ဂိုဏ်းတူအစ်မ’ယွီယဲ့’ ဆီကတော့ ဘာသတင်းမှမကြားရသေးဘူး”
ကောင်းချင်းရွှမ် ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ပြီး သူမမျက်နှာထက် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နက်နေသည်။
သူမ၏ခင်ပွန်းဖြစ်သူ လုန်ရှင်းချွမ်က သူမလက်ကို ဖြည်းညင်းစွာဆုပ်ကိုင်လိုက်ပြီး...
“နွယ်ပင်ဧကရီ ဘာမှမဖြစ်လောက်ပါဘူး”
ကောင်းချင်းရွှမ်က ခေါင်းကိုဖြည်းညင်းစွာခါယမ်းရင်း...
“ကျွန်မက ယွဲ့ကျန့်ပေကို စိုးရိမ်တာမဟုတ်ဘူး... ကျွန်မက...”
ထို့နောက် သူမက စကားဆက်မပြောတော့ပေ။
ရန်ကျောက်ကဲတို့ တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့အကြည့်များထဲ စိုးရိမ်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
အစပိုင်းတွင် ဓားစာခံက ကျဲ့မင်ခုန်ဖြစ်လိမ့်မည်ဟု သူတို့ယူဆခဲ့ကြသည်။ ထို့ကြောင့် ကျဲ့မင်ခုန်နှင့် ရင်းနှီးမှုရှိသော ယွဲ့ကျန့်ပေကို စောင့်ဆိုင်းစေခဲ့ခြင်း ဖြစ်၏။
အားလုံးကို အံ့အားသင့်စေသည်မှာ ဓားစာခံက နွယ်ပင်ဧကရီ’လီယင်း’ ဖြစ်နေခဲ့ခြင်းပင်ဓ
ယွဲ့ကျန့်ပေနှင့် လီယင်းက ရန်ငြိုးရှိကြသူများဖြစ်သဖြင့် သူတို့ကြားမှအခြေအနေများ မည်သို့ဖြစ်လာမည်ကို မသိရှိနိုင်ပေ။
“ဂိုဏ်းတူအစ်မ’ယွီ’ က သူတို့ဆက်ဆံရေးကို ပြန်ပြုပြင်ပေးနိုင်မယ်ထင်ပါတယ်”
ရန်ကျောက်ကဲက အားလုံးကို နှစ်သိမ့်စကားဆိုလိုက်သည်။
ထိုအချိန် လဝန်းထက်ယံအရှင်သခင်’လင်ချင်း’ ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူ
သူမက ဖြည်းညင်းသည့်လေသံဖြင့်...
“တောင်ပိုင်းချန်စန်းဧကရာဇ်ဆီက သတင်းရောက်လာတယ်”