← Chapters

တိုက်ခိုက်ရာမှ ချစ်သူများအဖြစ်

Vol. 103 Ch. 1440

တိုက်ခိုက်ရာမှ ချစ်သူများအဖြစ်

Vol. 103 Ch. 1440

အခန်း (၁၄၄၀) တိုက်ခိုက်ရာမှ ချစ်သူများအဖြစ်

ကောင်းချင်းရွှမ်၏ ခန္ဓာကိုယ်က နေရာတွင် တောင့်တင်းသွားပြီး သူမက မျက်လုံးများကို မှေးမှိတ်ကာ ခေါင်းကိုမော့လျှက် နေရာမှာပင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေသည်။

လုန်ရှင်းချွမ်သည်လည်း သူ့ဇနီးဘေးတွင် တိတ်ဆိတ်စွာ ရပ်နေသည်။

အတန်ကြာစဉ်းစားပြီးမှ ကောင်းချင်းရွှမ်က မျက်လုံးများဖွင့်လိုက်ပြီး သီးခြားဆန်စွာ စကားပြောဆိုလိုက်သည်။

“မင်းရဲ့အမှား မဟုတ်ပါဘူး ၊ ဒါက ငါ့ဆရာရဲ့ မယိမ်းယိုင်တဲ့သဘောထားပဲ”

သူမက သက်ပြင်းချရင်း...

“စိတ်ချပါ... ငါ အဆင်ပြေပါတယ် ၊ ငရဲကိုးထပ်က ငါတို့ဘုံရန်သူဆိုတော့ သူတို့ကိုဖယ်ရှားဖို့ အတူလုပ်ဆောင်ရမယ် ၊ အားလုံးပြီးမှ ဆရာ့ကိစ္စ ဆွေးနွေးကြတာပေါ့”

သူမက ဆက်ပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ် ငါတို့တွေ ရှောင်ယဲ့နဲ့ မိတ်ဆွေလေးနျဲ့တို့ ဘယ်ရောက်နေလဲ ရှာဖွေရမယ် ၊ ငါ့ဆရာဖြစ်ခဲ့သလိုမျိုး သူတို့ကို ငရဲကိုးထပ်ကအသုံးချမှာမျိုး အဖြစ်မခံနိုင်ဘူး”

ကောင်းချင်းရွှမ် မျက်လွှာချလိုက်ပြီး သူမအသံက တဖြည်းဖြည်းတည်ငြိမ်လာသည်။

ရန်ကျောက်ကဲက...

“အမှန်ပဲ... သူတို့နှစ်ယောက်လုံး ဘေးကင်းမယ်လို့ ယုံကြည်ပါတယ်”

ကောင်းချင်းရွှမ်က တိတ်ဆိတ်စွာ ခေါင်းညိတ်ပြီး ဦးစွာထွက်သွားတော့သည်။

လုန်ရှင်းချွမ်က သူမနောက်သို့ ချက်ချင်းလိုက်သွားပြီး သူမ၏လက်ဖဝါးကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။ သူမ၏မျက်နှာက ဝမ်းနည်းမှုဖြင့်ပြည့်နေသည်ကို တွေ့ရလေသည်။

ခင်ပွန်းဖြစ်သူ လုန်ရှင်းချွမ်က သူမရင်ထဲမှဝမ်းနည်းမှု မည်မျှနက်ရှိုင်းသည်ကို ကောင်းစွာနားလည်သည်။ သူမ အပြင်ပန်းတည်ငြိမ်ဟန်ဆောင်ထားသော်လည်း ရင်ထဲတွင်တည်ငြိမ်နိုင်ခြင်း မရှိပေ။

နွယ်ပင်ဧကရီ’လီယင်း’ တွင် ထူးချွန်သော တပည့်များစွာ ရှိခဲ့သည်။

ထိုက်ဟွမ်ဧကရာဇ်နှင့် တိချင်းလျန်တို့က အတော်လေးစောစီးစွာ သေဆုံးခဲ့ကြပြီး စုန်းဟွမ်မြင့်မားဧကရာဇ်’ကျန်းချင်းချောင်’ က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကိုစွန့်ခွာသွားခဲ့သည်။ ထို့နောက် အငယ်ဆုံးတပည့်’ခုန်ချင်းရှီ’ သည်လည်း သေဆုံးသွားရသည်။

ထိုသူများအပြင် နွယ်ပင်ဧကရီ၏ အခြားသောတပည့်များစွာလည်း သေဆုံးသွားခဲ့ရသည်။

မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် လီယင်း၏ အကြီးဆုံးတပည့်ဖြစ်လာသည့် ‘ကောင်းချင်းရွှမ်’ ၏ အောင်မြင်မှုများက အခြားတပည့်များထက် များစွာသာလွန်ခဲ့သည်။

တစ်ချိန်တည်းမှာပင် နွယ်ပင်ဧကရီက သူမ၏မျှော်လင့်ချက်အားလုံးကို ကောင်းချင်းရွှမ်ထံသို့ ပုံအပ်ခဲ့သည်။

တပည့်များ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြသည့်အတွက် သူမ၏ဆရာဖြစ်သူက လူငယ်များကို အသုဘပို့ဆောင်ရသော ဝမ်းနည်းစရာအတွေ့အကြုံကို ဖြတ်သန်းခဲ့ရသည်။

ထို့ကြောင့် အသက်အရွယ်ရလာသည့်အခါ ဆရာဖြစ်သူအနေဖြင့် ပိုပြီးခွင့်လွှတ်နိုင်စွမ်းရှိမည် မျှော်လင့်ခဲ့သည်။

သို့သော် ရွှေစင်ထက်ယံအရှင်သခင် – ရန်ရှင်းထန်၏ အဆက်အနွယ်များနှင့်ပတ်သက်လျှင် ကောင်းချင်းရွှမ်က ဆရာဖြစ်သူနှင့် သဘောထားမတူညီခဲ့ပေ။

လီယင်းနှင့် ယွဲ့ကျန့်ပေ ရင်ဆိုင်ခဲ့သည့်အချိန်မှစပြီး အငြိုးအာဃာတများလည်း မရပ်မနားစုဆောင်းလာခဲ့သည်။

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ အဂ္ဂိရတ်ခန်းမသို့ ပြောင်းရွှေ့သည့်အခါ နွယ်ပင်ဧကရီက မကန့်ကွက်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံအတွက် အမှန်တကယ် အကျိုးရှိခဲ့သောကြောင့် ဖြစ်သည်။

သို့သော် သူမကတော့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို စွန့်ခွာသွားခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ အာဃာတများ ဖြည်းဖြည်းချင်းပျောက်ကွယ်သွားပြီး နောက်ဆုံး ဖြေရှင်းနိုင်မည်ဟု ကောင်းချင်းရွှမ်က မျှော်လင့်ခဲ့သည်။

ထိုအချိန်ရောက်လာလျှင် ဆရာဖြစ်သူ ပြန်လာမည်ဟု သူမက ယူဆခဲ့သည်။

ယခုတော့ သူမ စိတ်ကူးထားသည်များ မဖြစ်နိုင်တော့သည့်အပြင် ဆရာဖြစ်သူနှင် ထာဝရခွဲခွာခဲ့ရပြီ ဖြစ်လေသည်။

သူမ နွယ်ပင်ဧကရီနှင့် နောက်ဆုံးတွေ့ရချိန်တွင် နွယ်ပင်ဧကရီကို ငရဲကိုးထပ်က ဖမ်းဆီးထားခဲ့သည်။

ရန်ကျောက်ကဲ၏ မူလအစီအစဉ်အတိုင်းပင် နွယ်ပင်ဧကရီနှင့် သွေးနီရောင်ကြယ်နတ်ဆိုးဘုရင်တို့ကို သတ်မှတ်ထားသောနေရာသို့ ပို့ဆောင်နိုင်ခဲ့သည်။

သို့သော် ထိုနေရာတွင် စောင့်ဆိုင်းနေသူက ယွဲ့ကျန့်ပေဖြစ်သည်။

နွယ်ပင်ဧကရီ’လီယင်း’ က ယွဲ့ကျန့်ပေ၏ အကူအညီကိုမယူဘဲ အသက်သေရန်သာ ရွေးချယ်ခဲ့သည်။

ကောင်းချင်းရွှမ်အနေဖြင့် ယွဲ့ကျန့်ပေကို အပြစ်မတင်နိုင်သလို ရန်ကျောက်ကဲကိုလည်း အပြစ်မတင်နိုင်ခဲ့ပေ။ သူမကိုယ်သူမသာ အပြစ်တင်သည့်ခံစားချက်များဖြင့် ပြည့်နက်နေခဲ့သည်။

သူမကိုယ်သူမသာ မေးခွန်းထုတ်နေမိသည်။

အကယ်၍ အရာအားလုံး အသစ်ကပြန်စနိုင်မည်ဆိုပါက သူမ၏ရွေးချယ်မှု ပြောင်းလဲသွားမည်လား ၊ သို့မဟုတ် အရင်အတိုင်းပဲ ဆက်ရှိနေမည်လား။

ထိုသို့သောအတွေးများ သူမ၏စိတ်ထဲ ဖြတ်ပြေးသွားသည်နှင့်အမျှ သူမ၏ရင်ထဲ ပိုပြီးခါးသီးလာသည်။ ဝမ်းနည်းမှုနှင့် အပြစ်ရှိစိတ်တို့ ပေါင်းယှက်လျက် ထိုစိတ်ခံစားမှုများကို ဖြေဖျောက်ရန် ခက်ခဲလှသည်။

သူမစိတ်ထဲ ဘာဖြစ်နေသည်ကို လုန်ရှင်းချွမ်က နားလည်လေသည်။

သို့သော် ဤကိစ္စများက သူနှင့် မသက်ဆိုင်ပေ။ သူ့တွင် ကောင်းချင်းရွှမ်ကို အကြံဉာဏ်ပေးရန် အရည်အချင်းမရှိခဲ့ပေ။

သူမ‌ဘေးတွင် တိတ်ဆိတ်စွာ ရပ်တည်နေရုံသာ တတ်နိုင်ခဲ့သည်။

ရန်ကျောက်ကဲ မတတ်သာဘဲ သက်ပြင်းချလိုက်သည်။

ဤသို့ပြောခြင်းက သေဆုံးသူအပေါ် မရိုသေရာရောက်သော်လည်း နွယ်ပင်ဧကရီ၏ဆုံးဖြတ်ချက်က လူတိုင်းကို အဆင်မပြေသော အခြေအနေထဲသို့ တွန်းပို့ခဲ့သည်။

သို့သော် ယွီယဲ့ ရှိနေသေးသည်။

ယွီယဲ့ ဘေးကင်းစွာပြန်လာနိုင်ပြီး သူမ၏စကားများက ယွဲ့ကျန့်ပေ၏စကားများနှင့်ကိုက်ညီပါက ယွိချင်အဆက်အနွယ်များက ဆင်ခြင်တုံတရားရှိကြောင်း သိသာစေပေမည်။

သို့သော် ဤကိစ္စကြောင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့် ကောင်းကင်ဘုံကမ္ဘာတို့အကြား ဆက်ဆံရေးတွင် အက်ကွဲမှုများပေါ်ပေါက်လာမည်လား မည်သူမှ မသိနိုင်ပေ။

ကံကောင်းသည်မှာ ယခု ကောင်းချင်းရွှမ်က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို တာဝန်ယူထားသဖြင့် အနည်းဆုံးတော့ ဆူပူမှုများ ဖြစ်ပေါ်လာမည် မဟုတ်ပေ။

ရန်ကျောက်ကဲက သက်ပြင်းချရင်း...

“အပြစ်တင်ရမယ်ဆိုရင် ကျွန်တော့်ကိုပဲ အပြစ်တင်ရမှာပါ”

ထို့နောက် သူက ဓားဧကရာဇ် – ယွဲ့ကျန့်ပေကို ကြည့်လိုက်ပြီး...

“ကျွန်တော်က မိန်းမပျိုဧကရာဇ်နဲ့ ဆရာဦးလေးရဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကိုပဲ စဉ်းစားခဲ့မိလို့ ... ဆရာဦးလေးကို အဲဒီမှာ စောင့်ခိုင်းထားခဲ့တာ”

အကယ်၍ လုန်ရှင်းချွမ် သို့မဟုတ် ယွင်ကျုန်းကျီသာ ထိုနေရာတွင်ရှိခဲ့မည်ဆိုလျှင် အခြေအနေက ပြောင်းလဲသွားနိုင်သည်။

ထိုက်ယိဟွာတိမ်တိုက်ထက်တွင်ထိုင်နေသည့် ရန်တိက...

“ဒါပေမဲ့ ငရဲကိုးထပ်က နွယ်ပင်ဧကရီကို ဖမ်းဆီးထားမယ်လို့ ဘယ်သူမှ မထင်ခဲ့ကြဘူးလေ”

သူက ဆက်ပြောလိုက်သည်။

“ငါတို့ကို ကံကြမ္မာက ကစားခဲ့တယ်လို့ပဲ ပြောရတော့မှာပေါ့”

ယွဲ့ကျန့်ပေက ခေါင်းခါယမ်းရင်း...

“ဒီနေ့ကိစ္စတွေ မဖြစ်ခဲ့ရင်တောင်... ငါက နောက်ဆုံးမှာ နွယ်ပင်ဧကရီနဲ့ ရင်ဆိုင်ရမှာပါပဲ ၊ တကယ်တော့ အဲဒီလိုနေ့ရက်ကလည်း သိပ်မကြာခင် ရောက်လာတော့မှာ”

ဒဏ်ရာဟောင်းများကြောင့် နွယ်ပင်ဧကရီ’လီယင်း’ က သမ္မာတရားကပ်ဘေးကို ကျော်ဖြတ်နိုင်ခြင်းမရှိဘဲ ချီစွမ်းအားငါးခုပေါင်းစည်းခြင်းအား မအောင်မြင်နိုင်ခဲ့ပေ။ ထို့ကြောင့် ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သို့လည်း တက်လှမ်းနိုင်ခြင်းမရှိခဲ့ပေ။

သူမက မဟာကပ်ဘေးကြီးမတိုင်ခင်က အသက်ရှင်ခဲ့သူဖြစ်ပြီး မြေကမ္ဘာဧကရာဇ်’ကျန်းရှန်’ နှင့် ခေတ်ပြိုင် ဖြစ်သည်။

နက်ရှိုင်းနတ်ဘုရားတစ်ပါး၏ သက်တမ်းဖြင့်တွက်ချက်ကြည့်မည်ဆိုလျှင် နွယ်ပင်ဧကရီက မကြာခင် အဆုံးသတ်ရတော့မည့်သူတစ်ယောက် ဖြစ်သည်။

ဆန့်ကျင်ဘက်အနေဖြင့် ယွဲ့ကျန့်ပေကတော့ တိုးတက်မှုများစွာ ရှိနေခဲ့သည်။

သူသည် ချီစွမ်းအားလေးခုပေါင်းစည်းအဆင့်ကို ရရှိထားပြီး နက်ရှိုင်းနတ်ဘုရား အထွတ်ထိပ်အဆင့်တွင် ရှိနေသည်။

ထူးခြားဖြစ်စဉ်မရှိပါက သူ၏အလားအလာနှင့်အရည်အချင်းပေါင်းစပ်ပြီး ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သို့ တက်ရောက်ရန် အချိန်တစ်ခုသာ လိုတော့သည်။

နွယ်ပင်ဧကရီက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ နေရာပြောင်းရွှေ့ခြင်းကို လက်ခံခဲ့သော်လည်း သူမ၏လုပ်ရပ်က စန့်ချင်အဆက်အနွယ် သက်ကြီးဝါကြီးတစ်ယောက်၏ ခေါင်းမာမှုနှင့် စိတ်ဓာတ်ခိုင်မာမှုကို ပြသခဲ့သည်။

သူမက ယွဲ့ကျန့်ပေ ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သို့ တက်လှမ်းမသွားမီ သို့မဟုတ် သူမ၏အသက်ဓာတ်စွမ်းအား  ကုန်ဆုံမသွားမီ သေချာပေါက်စိန်ခေါ်လိမ့်မည်ဟု လူတိုင်းက တွေးထားကြသည်။

သက်စွမ်းအား ကုန်ဆုံးမသွားမီ စိန်ခေါ်မှုပြုလိမ့်မည်ဟု တစ်ယောက်ယောက်က မျှော်လင့်ထားနိုင်ပြီးဖြစ်သည်။

ထိုသို့သော် အငြိုးအာဃာတများကို “အစွဲ” ဟု ပြောရန်ပင် ခက်နေတော့သည်။

ရန်ကျောက်ကဲ နောင်တရစွာဖြင့်...

“နွယ်ပင်ဧကရီက ဒီလိုအခြေအနေရောက်တာတောင် စိတ်ဓာတ်မယိမ်းယိုင်ခဲ့ဘူး ၊ ဒါပေမဲ့ သူ့ရဲ့ပြတ်သားမှုကြောင့်ပဲ ဒီလိုမျိုး ကြေကွဲစရာတွေ ဖြစ်ကုန်ရတယ်”

အလွန်ပြင်းထန်သော မကောင်းသည့်စိတ်များ သို့မဟုတ် စွဲလန်းစိတ်များက နောက်ဆုံး နတ်ဆိုးအငွေ့အသက်အဖြစ် ပြောင်းလဲသွားပြီး လူတစ်ယောက်ကို အမှောင်ထုဆီသို့ကျဆင်းစေကာ ငရဲကိုးထပ်အထိ ရောက်ရှိသွားစေသည်။

နွယ်ပင်ဧကရီ’လီယင်း’ က ယွဲ့ကျန့်ပေနှင့် ရန်ရှင်းထန်၏ အဆက်အနွယ်တစ်ခုလုံးကို ပြင်းထန်စွာ အာဃာတထားခဲ့သည်။

ထို့ပြင် နတ်ဆိုးများက သူမကိုဖမ်းဆီးထားချိန် ခြိမ်းခြောက်မှုနှင့် ညှင်းပမ်းနှိပ်စက်မှုများခံစားခဲ့ရသည့်တိုင် သူမ၏စိတ်နှလုံးသန့်ရှင်းမှုကို ထိန်းသိမ်းထားပြီး အတွေးများကို အလွန်ရှင်းလင်းစွာ ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့သည်။

ရန်ကျောက်ကဲပင် သူမ၏ ပြတ်သားမှုကို အံ့ဩခဲ့ရသည်။

သို့သော် ဤသို့ပြတ်သားမှုသည်ပင် သူမအား ဤမျှဆိုးရွားသောအခြေအနေသို့ တွန်းပို့ပေးခဲ့သည်။

ယွဲ့ကျန့်ပေနှင့်ရန်တိတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး သူတို့မျက်နှာထက် ရှုပ်ထွေးသောအမူအရာများ ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲ၏စကားများက သူတို့အတွေးများနှင့် အတိအကျ တူညီသည်။

ရန်တိက ဖြည်းညင်းစွာဖြင့်...

“သေတဲ့သူက သေသွားပါပြီ ၊ အေးချမ်းစွာ အနားယူပါစေတော့”

ရန်ကျောက်ကဲက မချိပြုံးပြုံးလိုက်ရင်း...

“သေတဲ့သူကတော့ အေးချမ်းသွားပါပြီ ၊ အသက်ရှင်နေတဲ့သူတွေအတွက်တော့ စိတ်ပူရဦးမယ် ၊ ဂိုဏ်းတူအစ်ကိုနျဲ့နဲ့ ဂိုဏ်းတူအစ်မ’ယွီ’ တို့ ဘေးကင်းမယ်လို့ မျှော်လင့်ပါတယ်”

ယွဲ့ကျန့်ပေက ခေါင်းခါယမ်းရင်း...

“နယ်မြေပြောင်းလဲမှုက လူတစ်ယောက်ကို မတူညီတဲ့စကြာဝဠာတွေဆီ ပို့ဆောင်ပေးနိုင်တယ် ၊ အခြေအနေတည်ငြိမ်သွားတောတ့ ငါ သူတို့နှစ်ယောက်ကို လိုက်ရှာသေးတယ် ၊ ဒါပေမဲ့ လုံးဝမတွေ့ရဘူး ၊ ကြည့်ရတာ သူတို့တွေ အတော်အလှမ်းဝေးတဲ့နေရာတစ်ခုခုကို ရောက်သွားပြီထင်တယ်”

ရန်ကျောက်ကဲက...

“ပြင်ပတာအိုကျင့်ကြံသူတွေ ၊ ဗုဒ္ဓဘာသာကျင့်ကြံသူတွေနဲ့ နတ်မိစ္ဆာတွေရဲ့နယ်မြေထဲ ရောက်မသွားဖို့ မျှော်လင့်ပါတယ်”

သူက ဆက်ပြီးမေးမြန်းလိုက်သည်။

“သူတို့နှစ်ယောက် လူချင်းကွဲမသွားလောက်ဘူးမလား”

ယွဲ့ကျန့်ပေက ခဏမျှစဉ်းစားပြီးမှ...

“မဖြစ်နိုင်လောက်ဘူး”

ရန်တိက...

“ဒါဆိုရင်တော့ သူတို့အချင်းချင်း ဂရုစိုက်ပေးနိုင်တယ် ၊ ဒါက ပိုပြီးဘေးကင်းမှာပဲ”

သူက ဆက်ပြောလိုက်သည်။

“နျဲ့ကျင်းရှန်ရော ယွီယဲ့ရောက အရည်အချင်းရှိတဲ့သူတွေပါ ၊ သူတို့အတူလက်တွဲနိုင်မယ်ဆိုရင် အခြေအနေတွေကို ကိုင်တွယ်နိုင်စွမ်းရှိမှာပါ”

“ဒုက္ခရောက်ရင် စိတ်ရင်းမှန်ကိုသိရတယ်တဲ့ ၊ သူတို့နှစ်ယောက် အတူတူဒုက္ခရောက်ပြီဆိုတော့ သူတို့ကြား ခံစားချက်တွေ ပေါက်ကွဲကုန်မလားပဲ”

စိတ်မကောင်းသည့်ကြားမှ ရန်ကျောက်ကဲက ဝမ်းသာအားရ မှတ်ချက်ပေးလိုက်သည်။

“သူတို့နှစ်ယောက်က သိပ်မတည့်ကြပေမယ့် အချင်းချင်း သဘောကျကြတယ် ၊ စကားပြောတဲနေရာမှာလည်း ဘာပြဿနာမှ မရှိကြဘူး”

ထိုစကားကိုကြားတော့ ရန်တိနှင့် ယွဲ့ကျန့်ပေတို့က သူ့ကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

ရန်ကျောက်ကဲက ရယ်ချင်စိတ်ကိုထိန်းထားလိုက်ပြီး...

“အဲဒီလိုမကြည့်ကြပါနဲ့ ၊ ကျွန်တော်က အလေးအနက်ပြောတာပါ”

“ဆရာဦးလေးယွဲ့ ပြောသလိုဆိုရင် သူတို့နှစ်ယောက်လုံး နွယ်ပင်ဧကရီရဲ့ နောက်ဆုံးအချိန်ကို မတွေ့မြင်လိုက်ကြရဘူး ၊ အခုဆိုရင် သူတို့နှစ်ယောက်လုံး စိတ်တွေပူနေကြတော့မယ် ၊ ပြီးတော့ မျှော်လင့်ချက်လည်း ထားနေဦးမှာ”

သူက ရန်တိကိုကြည့်လိုက်ပြီး...

“အဖေနဲ့အမေလည်း တိုက်ခိုက်ရာကနေ ချစ်သူတွေဖြစ်သွားကြတာမလား ၊ ပြီးတော့ အဘိုးနဲ့အဘွား ၊ ဆရာဘိုးဘိုးလုန်နဲ့ အကြီးအကဲကောင်းတို့လည်း အတူတူပဲလေ ၊ အားလုံးက တိုက်ခိုက်ရာကနေ လက်ထပ်ဖြစ်သွားကြတာ ၊ ဒီတော့ ဂိုဏ်းတူအစ်ကိုနျဲ့နဲ့ ဂိုဏ်းတူအစ်မယွီလည်း အဲဒီလိုဖြစ်သွားမလား တွေးမိတာပေါ့”

All Chapters