← Chapters

စန့်ချင်အဆက်အနွယ်အစီအရင်

Vol. 103 Ch. 1441

စန့်ချင်အဆက်အနွယ်အစီအရင်

Vol. 103 Ch. 1441

အခန်း (၁၄၄၁) စန့်ချင်အဆက်အနွယ်အစီအရင်

အန္တရယ်များနှင့်ပြည့်နေသော စိမ်းသက်သည့်ပတ်ဝန်းကျင်တစ်ခုတွင် မိန်းက‌လေးတစ်ယောက်နှင့် ယောကျ်ားလေးတစ်ယောက် အချင်းချင်းအားကိုးပြီးနေထိုင်ရသည့်အခါ ချစ်ကြိုက်သွားနိုင်ကြသည်။

အထူးသဖြင့် သက်တူရွယ်တူဖြစ်သည့်အခါမျိုးတွင် ဖြစ်၏။

မည်သို့ ဒုက္ခသုက္ခများ တွေ့ကြုံခံစားရမည်လဲ ၊ သို့မဟုတ် မည်သို့ သေခြင်းရှင်ခြင်းဖြင့် ရင်ဆိုင်ရမည်လဲ မသေချာသည့်တိုင် သူတို့ဆက်ဆံ‌ရေး ပြောင်းလဲသွားနိုင်သည်ဟု ရန်ကျောက်ကဲ ခံစားနေရသည်။

နျဲ့ကျင်းရှန်က ရန်ရှင်းထန်၏မြေးတပည့်ဖြစ်သည်။

ယွီယဲ့သည် လုန်ရှင်းချွမ်နှင့် ကောင်းချင်းရွှမ်တို့၏ မြေးဖြစ်သည်။

သူတို့၏ အဆက်အနွယ်များတွင်လည်း နှစ်ယောက်လုံးက ထူးခြားသည့်ဆက်ခံသူများ ဖြစ်ကြသည်။

ပြီးတော့ သူတို့ကြီးပြင်းလာမှုနှင့် သူတို့၏အမြင်များသည်လည်း သက်ဆိုင်ရာအကြီးအကဲများ၏ လွှမ်းမိုးမှုခံရဖွယ်ရှိသည်။

သို့သော် ထိုအချက်ကြောင့် သူတို့ကံကြမ္မာသည်လည်း သူတို့အကြီးအကဲများနှင့် အတူတူဖြစ်ရမည်ဟု မဆိုလိုပေ။

နျဲ့ကျင်းရှန်နှင့် ယွီယဲ့တို့တွင် တစ်ယောက်ကိုတစ်ယောက် သဘောကျစရာ အချက်များစွာ ရှိသည်။

သို့သော် ယခုအချိန်ထိ သူတို့ကြားတွင် မရိုးသားသည့်ခံစားချက်များ မပေါက်ဖွားသေးပေ။

အမှန်တော့ ရန်ကျောက်ကဲပြောသည့် ‘တိုက်ခိုက်ရင်း ချစ်သူများဖြစ်သွားသည်’ ဆိုခြင်းမှာ ဟာသအဖြစ်ပြောခြင်းသာ ဖြစ်၏။

သူ့ဘဝမှာတော့ ထိုသို့သောအဖြစ်မျိုး မတွေ့ကြုံဖူးပေ။

သို့သော် နျဲ့ကျင်းရှန်နှင့် ယွီယဲ့တို့အခြေအနေကတော့ အလွန်ပင် သင့်လျော်သည်။

ရန်ကျောက်ကဲက တိုးလျသည့်လေသံဖြင့် ရေရွတ်လိုက်သည်။

“သူများတွေကတော့ တိုက်ခိုက်ရင်း ချစ်သူတွေဖြစ်ကုန်တော့မယ် ၊ တချို့ကိစ္စတွေက အတိတ်ကကိစ္စတွေအပေါ် အခြေခံပြီး ခန့်မှန်းလို့မရနိုင်ဘူးပဲ”

သူက ဆက်ပြောလိုက်သည်။

“ဖန်းယွင်ရှန်းနဲ့ကျွန်တော်နဲ့ကျတော့ ဘာရန်ငြိုးမှတော့မရှိပေမယ့်... ပြောရရင် အစွန်းရောက်ရှစ်ပါးကမ္ဘာတုန်းက သူက နေသူတော်စင်ဂိုဏ်းက ၊ ကျွန်တော်က ဝါဒတောင်ကဆိုတော့... ရန်သူတွေလို့ပဲ ပြောရမှာပဲ”

စကားပြောရင်း သူ၏မျက်နှာထက် စိတ်ဓာတ်ကျသည့်အမူအရာ ပေါ်လာသော်လည်း နက်နဲစွာ တွေးတောနေသည့်ဟန် ရှိသည်။

နွယ်ပင်ဧကရီ’လီကျိထန်’ သေဆုံးပြီးနောက် သူ၏အနာဂတ်သည်လည်း မသေချာမှုများနှင့် ပြည့်နက်နေသည်ဟု ခံစားရသည်။

ယွဲ့ကျန့်ပေက တည်ကြည်စွာဖြင့်...

“မင်းပြောသလို ဖြစ်လာမယ်ဆိုရင်လည်း... ငါက လူငယ်တွေရဲ့ကိစ္စကို ဝင်မစွက်ပါဘူး... ဒါပေမဲ့... လီကျိထန် သေဆုံးမှုနဲ့ ပတ်သက်လို့...”

ရန်ကျောက်ကဲ၊ ရန်တိနှင့် ယွဲ့ကျန့်ပေတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး စကားဆက်မပြောနိုင် ဖြစ်သွားကြသည်။

နောက်ဆုံး ရန်ကျောက်ကဲက တီးတိုးရေရွတ်လိုက်သည်။

“ကျွန်တော် အတွေးလွန်နေတာဖြစ်မှာပါ ၊ ဂိုဏ်းတူအစ်ကိုနျဲ့နဲ့ ဂိုဏ်းတူအစ်မယွီတို့ ဘေးကင်းကင်းနဲ့ ပြန်လာနိုင်မှာပါ”

ယွဲ့ကျန့်ပေက ဘာမှထပ်မပြောခဲ့ပေ။

ရန်တိက...

“အနည်းဆုံးတော့... သူတို့ဘာမှမဖြစ်ဖို့ မျှော်လင့်ပါတယ်”

ရန်ကျောက်ကဲ၏အကြည့်က ဝေးကွာသောနေရာ နက်မှောင်သည့်ဗလာနယ်ထဲ ဖြတ်သန်းသွားပြီး တိုးညှင်းစွာဖြင့် ပြောလိုက်သည်။

“ဟုတ်တယ်... သူတို့ ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ဖို့ မျှော်လင့်ပါတယ်”

***

“ဒီနေရာက ဘယ်နေရာလဲ”

ထိုအသံက နျဲ့ကျင်းရှန်အသံ ဖြစ်သည်။

နယ်မြေ ပြောင်းလဲခြင်းမှ လွတ်မြောက်လာပြီးနောက် ထူးဆန်းသောရှုခင်းတစ်ခုက သူ့မျက်လုံးထဲ ဝင်ရောက်လာသည်။

အဝါရောင်မြူခိုးများက နေရာတစ်ခုလုံးဖုံးလွှမ်းနေပြီး သူ၏လက်ချောင်းများကိုပင် ပြန်မြင်ရခြင်း မရှိပေ။ ဤနေရာတွင်ရှိနေခြင်းက သူ့ကို အတော်လေး စိတ်မသက်မသာ ခံစားရစေသည်။

နျဲ့ကျင်းရှန်က နတ်ဘုရားတံခါးကို တွန်းဖွင့်ပြီးဖြစ်သည်။

သူက စိတ်ဓာတ်ခိုင်မာသူဖြစ်သည့်တိုင် သူ၏ကျောရိုးတစ်လျှောက် ပြင်းထန်သည့်အေးစိမ့်မှုခံစားရပြီး အသားများပင် တုန်ယင်လာသလို ခံစားရသည်။

သူက စိတ်ကိုတည်ငြိမ်အောင်ထိန်းလိုက်ပြီး ယွီယဲ့ကို လှည့်ကြည့်လိုက်သည်။ သူနှင့်ဆန့်ကျင်ဘက် ယွီယဲ့က ပိုပြီး စိတ်သက်သာရာရနေဟန် ရှိသည်။

ဤသည်က သူတို့နှစ်ယောက်၏ တန်ခိုးစွမ်းအား ကွာခြားမှု‌ကြောင့် မဟုတ်‌ပေ။ ယွီယဲ့၏ခန္ဓာကိုယ်မှထွက်ပေါ်နေသော စန့်ချင်ဓားဝိညာဉ်ကြောင့် ဖြစ်သည်။

အဝါရောင်မြူခိုးထဲတွင် သူမ၏ဓားဝိညာဉ်က လွတ်လပ်စွာလှုပ်ရှားနေပြီး မြူခိုးများ၏လွှမ်းမိုးမှုကို အားနည်းသွားစေသည်။

နျဲ့ကျင်းရှန် ယွီယဲ့အခြေအနေကိုကြည့်ရင်း အတွေးထဲနစ်မျောသွားသည်။

သို့သော် မကြာခင် သတိပြန်ဝင်လာပြီး...

“ညီမလေးယွီ... စိတ်မပူပါနဲ့... နွယ်ပင်ဧကရီ ဘာမှမဖြစ်လောက်ပါဘူး”

အဝါရောင်မြူခိုးများ ဝိုင်းရံခံထားရသော်လည်း နျဲ့ကျင်းရှန်နှင့် နှိုင်းယှဉ်ပါက ယွီယဲ့က ပိုမိုသက်သာသည့်အနေအထားတွင် ရှိသည်။

သို့သော် သူမ၏မျက်နှာက တည်ကြည်နေပြီး ဝမ်းနည်းမှုအရိပ်အယောင်များ မသိမသာ ပါဝင်နေသည်။

သူမ တွင်းနက်ကြီးထဲကျရောက်မသွားခင် အရာအားလုံးကို မြင်တွေ့ခဲ့ရသည်။

ဓားဧကရာဇ် – ယွဲ့ကျန့်ပေက နွယ်ပင်ဧကရီကို ကူညီရန်ကြိုးစားခဲ့ကြောင်း သူမတွေ့မြင်ခဲ့ရသော်လည်း ကြိုးပမ်းမှုက အချည်းနှီးဖြစ်ခဲ့သည်။

သွေးနီရောင်ကြယ်နတ်ဆိုး၏ဖမ်းဆီးချုပ်နှောင်မှုမှလွတ်မြောက်ရန် နွယ်ပင်ဧကရီက နဂိုကပင် ဒဏ်ရာအပြင်းအထန် ရရှိထားပြီး ဖြစ်သည်။

နယ်မြေတစ်ခု အက်ကွဲပြီး ပြိုကျပျက်ဆီးသွားသည်မှာ မည်မျှအင်အားကြီးမားကြောင်း ယွီယဲ့ ကိုယ်တိုင်ခံစားခဲ့ရသည်။

ဒဏ်ရာအပြင်းအထန်ရထားသော နွယ်ပင်ဧကရီအနေဖြင့် တွင်းနက်ထဲသို့ကျရောက်သွားပါက သေဆုံးခြင်းဆိုသော ကံတရားကသာ စောင့်ကြိုနေပေမည်။

သူမ၏ လက်ကျန်တန်ခိုးစွမ်းအားကိုနှိုးဆွပြီး ယွဲ့ကျန့်ပေ၏ လက်ကို ရိုက်ထုတ်လိုက်သည့်အခါ သူမအနေဖြင့် သူ့ကိုယ်သူ သတ်သေခြင်းနှင့်မခြားပေ။

ယွီယဲ့နှလုံးသား အဘယ်မှာ မကွဲကြေဘဲ နေပါမည်နည်း။

ယခု ထိုဖြစ်ရပ်ကို ပြန်တွေးတောမိပြီး စိတ်မတည်မငြိမ်ဖြစ်သွားသည့်တိုင် နောက်ဆုံးဘာဖြစ်သွားသည်ဆိုသောရလဒ်ကို သိရှိရန် နည်းလမ်းမရှိခဲ့ပေ။

ယခု ယွီယဲ့က နွယ်ပင်ဧကရီ’လီယင်း’ နှင့် ဓားဧကရာဇ်’ယွဲ့ကျန့်ပေ’ တို့ကို အမြန်ရှာဖွေချင်နေသည်။ သို့သော် အဝါရောင်မြူခိုးများ၏ အနှောင့်အယှက်ကြောင့် ဦးတည်ရာခွဲခြားနိုင်ခြင်းမရှိဘဲ ရှေ့ဆက်ရန် ခက်ခဲနေသည်။

ယွီယဲ့က...

“အဘွားက ဒဏ်ရာဟောင်းတွေတောင် မပျောက်သေးဘူး ၊ အခု ဒဏ်ရာအသစ်တွေလည်း ထပ်ရထားသေးတယ်... သူသာ တွင်းနက်ထဲကျသွားမယ်ဆိုရင် နောက်ဆက်တွဲဖြစ်လာမယ့်အရာတွေကို တွေးကြည့်ဖို့တောင် မဝံ့ရဲဘူး”

နျဲ့ကျင်းရှန်၏ နှစ်သိမ့်စကားများကိုကြားသည့်တိုင် ယွီယဲ့က စိတ်ထိခိုက်စွာဖြင့် ပြောလိုက်သည်။

ခဏကြာမှ သူမက ဆက်ပြောလိုက်သည်။

“ဓားဧကရာဇ်ရဲ့ စိတ်ထားမြင့်မြတ်မှုကို ကျွန်မကိုယ်တိုင်မြင်တွေ့ခဲ့ရပါတယ် ၊ သူက အာဃာတတွေကို ဘေးဖယ်ထားပြီး အဘွားကို ကယ်တင်ဖို့ အစွမ်းကုန်ကြိုးစားခဲ့တယ် ၊ ဒါတွေအားလုံးကို ကျွန်မရဲ့မျက်လုံးနဲ့ ကိုယ်တိုင်မြင်ခဲ့ရလို့ အဲဒါအတွက် တကယ်ကို ကျေးဇူးတင်မိပါတယ်”

“ဒါပေမယ့်... အဘွားက ဒီလိုလုပ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး...”

သူမ ဝမ်းနည်းစွာဖြင့် နဖူးကို တစ်ချက်ပွတ်သပ်လိုက်သည်။

“မဟုတ်ဘူး... အဘွားရဲ့ခေါင်းမာတဲ့စရိုက်နဲ့ဆိုရင် ဒီအတိုင်းဖြစ်သွားနိုင်တာပါပဲ ၊ ဒါပေမဲ့ သူက ဓားဧကရာဇ်ကို ဒီလောက်ထိ မုန်းတီးနေမယ်လို့ မထင်ခဲ့မိဘူး

နျဲ့ကျင်းရှန်က...

“လျှောက်တွေးနေလို့ အကျိုးမရှိဘူး ၊ ငါတို့ ပြန်လမ်းကိုအမြန်ရှာရအောင် ၊ ဒါမှ နွယ်ပင်ဧကရီ ဘေးကင်းတယ်ဆိုတာ အတည်ပြုနိုင်မယ်”

ယွီယဲ့က ပင့်သက်တစ်ချက်ရှိုက်ရင်း...

“ဟုတ်တယ်...”

သူမက ဆက်ပြောလိုက်သည်။

“ကျွန်မတို့ ဗလာနယ်ပုံပျက်မှုထဲကိုဝင်သွားပြီး အစီအရင်တစ်ခုထဲကို ရောက်သွားတာဖြစ်ရမယ်”

သူမက ပတ်ပတ်လည်မှ မြူခိုးများကို ကြည့်လိုက်သည်။

“ဒါက ကျွန်မတို့ စန့်ချင်အဆက်အနွယ် ထိပ်တန်းကျွမ်းကျင်သူတစ်ယောက် ဖန်တီးထားတာ ဖြစ်ရမယ် ၊ ဒါပေမဲ့ ဘယ်သူဖန်တီးခဲ့လဲဆိုတာတော့ မသိနိုင်ဘူး”

ယွီယဲ့က သေချာလေ့လာလိုက်ပြီးနောက် မျက်မှောင်ကျုံ့လိုက်သည်။

“ဒီအစီအရင်က တိတ်ဆိတ်နေတယ် ၊ အသက်မဝင်သေးဘူး”

သူမ၏ သိုင်းပညာအပေါ်စွဲလန်းမှုနှင့် ကောင်းကင်သန့်စင်စိတ်ဝိညာဉ်ကြောင့် ပုံမှန်ဆိုလျှင် အိပ်မက်ဆန်စွာ အတွေးထဲ နစ်မျောသွားမည့်ဟန် ရှိသည်။

သို့သော် ယခု သူမ၏စိတ်အစဉ်က နွယ်ပင်ဧကရီအတွက် စိတ်ပူနေသည့်အတွက် ထိုသို့ဖြစ်မသွားဘဲ အာရုံစူးစိုက်နေမိသည်။

သူမ၏အတွေးများက ရောထွေးလျှက်ရှိသည်။

နျဲ့ကျင်းရှန်က...

“ဒါက ဘယ်လိုအစီအရင်မျိုးလဲဆိုတာ မင်းပြောပြနိုင်မလား”

ယွီယဲ့ ခေါင်းခါလိုက်သည်၊

“အစီအရင်တစ်ခု အိပ်ပျော်သလိုမျိုး ငြိမ်သက်နေရင် အစီအရင်သင်္ကေတတွေပေါ်မလာသလို ဝိညာဉ်စွမ်းအား အတက်အကျလည်းမရှိဘူး ၊ အပြင်ပန်းပုံစံကလည်း မရေရာဘူး ၊ ဒီအတိုင်းကြည့်နေရုံနဲ့တော့ ဒါက ဘာလဲဆိုတာ အတတ်မပြောနိုင်ဘူး”

သူမက ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်ရင်း...

“ဒါပေမဲ့... ဒီအစီအရင်ကိုဖန်တီးခဲ့တဲ့ ထိပ်တန်းကျွမ်းကျင်သူရဲ့ ကျင့်ကြံခြင်းအဆင့်က ရှင်နဲ့ကျွန်မထက် အဆပေါင်းများစွာသာတယ် ၊ ဒီအစီအရင် အိပ်ပျော်နေတဲ့အခြေအနေမှာရှိနေတာ တကယ်ကံကောင်းတယ် ၊ အသက်သာဝင်လာလို့ကတော့ ကျွန်မတို့တွေ အသက်တောင်ဆုံးသွားနိုင်တယ်”

သူတို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး ခါးသက်စွာပြုံးလိုက်ကြသည်။

နျဲ့ကျင်းရှန်က...

“ငါ လူတစ်ယောက်ကိုတော့ စဉ်းစားမိတယ် ၊ သူသာ ဒီမှာရှိနေရင် ငါတို့ စိတ်ပူစရာမလိုတော့ဘူး”

ယွီယဲ့က သက်ပြင်းချရင်း...

“ကျွန်မလည်း လူတစ်ယောက်ကိုစဉ်းစားနေတာ ၊ ကျွန်မတို့တွေးတဲ့သူ အတူတူပဲထင်တယ်”

သူတို့နှစ်ယောက် ရယ်မောလိုက်ကြပြီး ခေါင်းခါယမ်းလိုက်ကြသည်။ ထို့နောက် မျက်နှာအမူအရာများက ပြန်လည်တည်ကြည်လေးနက်သွားကြပြန်သည်။

သူတို့ထံတွင် စိတ်ဓာတ်ကျမှုအနည်းငယ်ပင် မမြင်ရဘဲ ခိုင်မာသော သန္နိဋ္ဌာန်သာလျှင် ရှိသည်။

သူတို့က အာရုံစူးစိုက်ပြီး အဝါရောင်မြူခိုးများထဲ ရှေ့ဆက်သွားရန်ကြိုးစားပြီး ထွက်ပေါက်ရှာဖွေရန် ရည်ရွယ်ခဲ့ကြသည်။

စန့်ချင်အဆက်အနွယ်မှ ဆင်းသက်လာသူ ယွီယဲ့က ရှေ့မှလျှောက်သွားသည်။

သူတို့နှစ်ယောက် တစ်လှမ်းချင်း ရှေ့သို့တိုးလာကြသည်။

သူတို့၏ ဓားဝိညာဉ်နှင့် နတ်ဘုရားချီစွမ်းအားတို့ကြော့် အဝါရောင်မြူခိုးများက တုံ့ပြန်မှုအနည်းငယ် ပြုလုပ်ခဲ့ကြသည်။

အစီအရင်ထဲ မည်သည့်ပြောင်းလဲမှုမှ မဖြစ်ပေါ်ခဲ့သော်လည်း ကျယ်ပြန့်သောမြူခိုးလွင်ပြင်က အလိုအလျောက် တန်ပြန်တိုက်ခိုက်မှုစတင်လာပြီး သူတို့နှစ်ယောက်ကို ဖိနှိပ်ရန် ကြိုးစားလာသည်။

သို့သော် တက်ကြွလာသော အဝါရောင်မြူခိုးများကို အာရုံခံပြီး ယွီယဲ့က မှေးမှိန်နေသည့် အစီအရင်သင်္ကေတများကို စတင်လေ့လာနေသည်။

သူမက စန့်ချင်အဆက်အနွယ်ဖြစ်နေသည့်အတွက် အတော်လေး အဆင်ပြေနေပြီး ဤအစီအရင်ကို ဖန်တီးသူ ချန်ထားခဲ့‌သော သိုင်းပညာကို မရေမရာခံစားလိုက်မိသည်။

“ဒါက...”

ယွီယဲ့ ခြေလှမ်းများကိုရပ်တန့်လိုက်ပြီး မျက်လုံးများကို ဖွင့်လိုက်သည်။

“ဒီနေရာက...”

နျဲ့ကျင်းရှန်က တည်ငြိမ်စွာဖြင့်...

“ဒီအစီအရင်ရဲ့ဇာစ်မြစ်က ဘာများလဲ”

သူက ဆက်ပြောလိုက်သည်။

“စန့်ချင်အဆက်အနွယ် အစီအရင်တွေ အများကြီး ပျောက်ဆုံးနေပေမယ့် မင်း မခွဲခြားနိုင်တဲ့အစီအရင် သိပ်မရှိပါဘူး”

ယွီယဲ့သည် သူ့ဘက်သို့ လှည့်ကြည့်ပြီး စကားလုံးတစ်လုံးချင်း ပြောလိုက်သည်။

“အဲဒါက သောပေါင်ထျန်းကျွင်းပဲ”

All Chapters