သောပေါင်ထျန်းကျွင်း ဘယ်ရောက်သွားလဲ
Vol. 103 Ch. 1442
အခန်း (၁၄၄၂) သောပေါင်ထျန်းကျွင်း ဘယ်ရောက်သွားလဲ
“သောပေါင်ထျန်းကျွင်း... ဟုတ်လား”
ယွီယဲ့၏စကားကိုကြားလိုက်ရတော့ နျဲ့ကျင်းရှန် မျက်လုံးများမှေးစင်းလိုက်မိသည်။
ထို့နောက် သူက အဝါရောင်မြူခိုးများဖြင့် ဝိုင်းရံလျှက်ရှိသော ပတ်ဝန်းကျင်ကို အကဲခတ်ရင်း...
“ဒါဆိုရင် ဒါက...”
ထို့နောက် သူတို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး တပြိုင်တည်းပြောလိုက်ကြသည်။
“နတ်ဘုရားသုတ်သင်အစီအရင်...”
ကနဦးကာလမှစတင်ကာ အကြမ်းတမ်းဆုံးအစီအရင်အဖြစ်သတ်မှတ်ခံရပြီး ဤအစီအရင်၏စွမ်းအားက မြစ်ဝါကိုးကွေ့အစီအရင်ထက်ပင် ကျော်လွန်သည်။
တာအိုဝါဒ စန့်ချင်အဆက်အနွယ်က သူတို့၏ အခြေခံကံကြမ္မာကို ထိန်းသိမ်းရန်အတွက် ဤစွမ်းအားကြီးအစီအရင်ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သမိုင်းတစ်လျှောက် အဆိုးရွားအပြင်းထန်ဆုံး သတ်ဖြတ်ခြင်းအစီအရင်ဟု ဆိုကြသည်။
သို့သော် ဤအစီအရင်ပျောက်ကွယ်သွားသည်မှာ နှစ်ပေါင်းများစွာရှိပြီဖြစ်ရာ စန့်ချင်အဆက်အနွယ်များအတွက် အလွန်နှမျောစရာ ဒဏ္ဍာရီတစ်ခု ဖြစ်ခဲ့ရသည်။
ကောလဟလများအရ စန့်ချင် လင်ပေါင်ထျန်းကျွင်းပြီးလျှင် သူ၏ ပထမဆုံးတပည့်ဖြစ်သော သောပေါင်ထျန်းကျွင်းသာလျှင် နတ်ဘုရားသုတ်သင်အစီအရင်ကို ပြီးပြည့်စုံစွာ နားလည်ခဲ့သည်ဟု ဆိုကြသည်။
သောပေါင်ထျန်းကျွင်း လောကကိုကျော်လွန်ပြီးနောက် သူ၏သတင်းအချက်အလက်များပျောက်ဆုံးသွားသလို နတ်ဘုရားသုတ်သင်အစီအရင်လည်း ပျောက်ကွယ်သွားရသည်။
သောပေါင်ထျန်းကျွင်းက နတ်ဘုရားများအပ်နှင်းခြင်းခေတ်ကပင် နာမည်ကျော်ကြားသောပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။
သို့သော် ရှေးခေတ်ကိုဖြတ်သန်းပြီးနောက် သောပေါင်ထျန်းကျွင်းအကြောင်း သဲလွန်စမကျန်ပျောက်ကွယ်သွားပြီ မည်သည့်အကြောင်းအရာမှ ထပ်မကြားရတော့ပေ။
သူ၏သတင်းအချက်အလက်နှင့်ပတ်သက်၍ အငြင်းပွားမှုများစွာ ပေါ်ပေါက်ခဲ့သည်။
ထင်ရှားသည့်ကောလဟလ (၂)ခုရှိပြီး ၊ ထိုကောလဟလများက လင်စန်းတောင်မှစကြာမုနိဗုဒ္ဓနှင့် သိုးလွိနန်းတော်မှ ‘ထိုက်စန့်လောင်ကျွင်း’ နှင့် ဆက်စပ်နေသည်။
သို့သော် နျဲ့ကျင်းရှန်နှင့် ယွီယဲ့တို့က ရန်ကျောက်ကဲ၏ ခန့်မှန်းချက်များကိုကြားသိပြီးနောက် ထိုသူနှစ်ယောက်က ‘သောပေါင်ထျန်းကျွင်း’ ပြန်လည်ဝင်စားခြင်းနှင့်မသက်ဆိုင်ကြောင်း သိရှိထားကြသည်။
အချို့သူများကတော့ သူ့ကို တာအိုဘိုးဘေးတစ်ယောက် ၊ အခြေခံအုတ်မြစ်ချမှတ်သူတစ်ယောက်အဖြစ် ယူဆခဲ့ကြပြီး စန့်ချင်အဆက်အနွယ် ထိပ်တန်းတန်ခိုးစွမ်းအားရှင်တစ်ယောက်၏ နာမည်ဂုဏ်သတင်းကို အတည်ပြုခဲ့ကြသည်။
သူက ကောင်းကင်နတ်ဘုရားအဆင့်ကိုကျော်လွန်ပြီး တာအိုအဆင့်သို့တက်ရောက်သွားပြီဟု လူတိုင်းက အသိအမှတ်ပြုခဲ့ကြသည်။
အမှန်တော့ သောပေါင်ထျန်းကျွင်း ကောင်းကင်နတ်ဘုရားအဆင့်ရှိစဉ်က တိုက်စစ်ဆင်ရာတွင် ပြိုင်ဘက်ကင်းအဖြစ် သတ်မှတ်ရန်ခက်ခဲသည်။
သို့သော် သူက လင်ပေါင်ထျန်းကျွင်း၏ ပထမဆုံးတပည့်ဖြစ်ပြီး တာအိုဝါဒတွင် အသက်နှင့်ဝါစဉ်ကြီးမားသူဖြစ်လေရာ တာအိုအဆင့်သို့ တက်ရောက်ရန် အလွန်ပင် နီးကပ်ခဲ့သည်။
ထို့ကြောင့် ကနဦးခေတ်ကာလကပင် လူတိုင်းချီးကျူးသော တာအိုဝါဒ၏ ကြီးမြတ်သော ဓားသိုင်းကျင့်ကြံသူ(၃)ယောက်တွင် သောပေါင်ထျန်းကျွင်းလည်း တစ်ယောက်အပါအဝင် ဖြစ်သည်။
ဤသည်က သူ၏ကျင့်ကြံခြင်းနှင့်စွမ်းအားကို ထည့်သွင်းစဉ်းစားသောကြောင့် ဖြစ်၏။
အကယ်၍ သောပေါင်ထျန်းကျွင်းက နတ်ဘုရားသုတ်သင် ဓားသိုင်း(၄)မျိုးလုံးကို စုစည်းနိုင်ခဲ့ပြီး ပြီးပြည့်စုံသည့် နတ်ဘုရားသုတ်သင်အစီအရင်ဖန်တီးနို်ငခဲ့ပါက တာအိုအဆင့်အောက် တန်ခိုးစွမ်းအားရှင်များတွင် ပြိုင်ဘက်ကင်းအဖြစ် ဒဏ္ဍာရီရေးထိုးခံရမည်မှာ သေချာသည်။
“နတ်ဘုရားသုတ်သင်ဓားသိုင်းက ထက်မြက်တယ် ၊ နတ်ဘုရားသတ်ဖြတ်ဓားသိုင်းက သေစေနိုင်တယ် ၊ နတ်ဘုရားထောင်ချောက်ဓားသိုင်းရဲ့ အနီရောင်အလင်းတန်းက မြင့်တက်လာချိန် ‘နတ်ဘုရားအဆုံးသတ်ဓားသိုင်း’ က အဆုံးမရှိသိမ်မွေ့တယ်”
“နတ်ဘုရားအဆုံးသတ် အသင်္ချေအသွင်ပြောင်းခြင်းက ကောင်းကင်နတ်ဘုရား၏ဝတ်ရုံကိုပင် သွေးစွန်းစေတယ်”
ဤစာကြောင်း ပထမအပိုင်းက စန့်ချင်အဆက်အနွယ်၏ ကြီးမြတ်သောဓားသိုင်း(၄)မျိုး၏ ထူးခြားချက်များကို ရိုးရှင်းစွာ ဖော်ပြထားသည်။
စာကြောင်းနောက်ပိုင်းကတော့ နတ်ဘုရားသုတ်သင်အစီအရင်၏ လွှမ်းမိုးနိုင်စွမ်းကို ရှင်းပြထားခြင်းဖြစ်သည်။ ဤအစီအရင်က လမ်းကြောင်းတွင်ရှိနေသော မည်သည့်အရာကိုမဆို တားဆီးနိုင်ကြောင်း ဖော်ပြသည်။
ယခု ဂုဏ်သတင်းကျော်ကြားသော ကြမ်းတမ်းလှသည့် အစီအရင်ကို ကိုယ်တိုင်တွေ့မြင်ခွင့်ရသဖြင့် နျဲ့ကျင်းရှန်နှင့်ယွီယဲ့တို့ စိတ်လှုပ်ရှားလျှက် ရှိကြသည်။
ယွီယဲ့က...
“ဒါက တကယ်ပဲ သောပေါင်ထျန်းကျွင်းရဲ့ ဓားဝိညာဉ်ပဲ ၊ စန့်ချင်အဆက်အနွယ်ရဲ့ အစစ်မှန်ဆုံး ဓားဝိညာဉ်ပဲ”
ယွီယဲ့က သူမ၏စိတ်ကို တည်ငြိမ်အေင်ထိန်းလိုက်သည်။
ထို့နောက် သေချာစွာလေ့လာပြီးမှ...
“ကျွန်မတို့အဆက်အနွယ်ထဲမှာ ကောင်းကင်နတ်ဘုရားအဆင့်တက်လှမ်းနိုင်တဲ့သူ ဘယ်သူမှမရှိသေးဘူးဆိုရင် ဒါက သေချာပေါက် သောပေါင်ထျန်းကျွင်းရဲ့လက်ရာပဲ”
နျဲ့ကျင်းရှန် ခေါင်းညိတ်လိုက်သည်။
ယွီယဲ့က ဝူတန့်မယ်တော်၏ စစ်မှန်သော အဆက်အနွယ်မှ ဆင်းသက်လာသူ ဖြစ်သည်။
အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် သောပေါင်ထျန်းကျွင်း၏ အစစ်အမှန်ဆက်ခံသူများ မရှိခဲ့သလို ယွီယဲ့သည်လည်း ထိုသို့သောသူတစ်ယောက်နှင့် ဘယ်သောအခါမှ ဆက်သွယ်ဖူးခြင်းမရှိခဲ့ပေ။
သို့သော် ရန်ကျောက်ကဲကတော့ အဆက်အသွယ်ရှိခဲ့သည်။
သူ၏ နတ်ဘုရားသတ်ဖြတ်ဓားသိုင်းက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ဆင်းသက်လာခြင်း မဟုတ်ပေ။
သူက ထိုဓားသိုင်းကို တာအိုဆရာ’ယွမ်ကျုန်း’ ၏အဆက်အနွယ် တာအိုကျောင်းတော်တွင် ကျန်ရစ်ခဲ့သော ဓားသိုင်းအမွေအနှစ်များထဲမှ ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
တာအိုကျောင်းတော်မှမှတ်တမ်းများထဲတွင် သူက သောပေါင်ထျန်းကျွင်း၏ တရားဝင်တပည့်ဖြစ်ကြောင်း တာအိုဆရာ’ယွမ်ကျုန်း’ ကိုယ်တိုင်ရေးသားထားခဲ့သည်။
နတ်ဘုရားများအပ်နှင်းသည့် ရှေးခေတ်ကာလ ပြီးဆုံးသည့်နောက် သောပေါင်ထျန်းကျွင်းက တာအိုဆရာ’ယွမ်ကျုန်း’ ကို တပည့်အဖြစ် လက်ခံခဲ့ခြင်း ဖြစ်သည်။
ရန်ကျောက်ကဲက တာအိုဆရာ’ယွမ်ကျုန်း’ ၏ အဆက်အနွယ် တာအိုကျောင်းတော်မှ နတ်ဘုရားသတ်ဖြတ်ဓားသိုင်းကို ကျင့်ကြံနိုင်ခဲ့သည်။
နောက်ပိုင်း သူက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့် အဆက်အသွယ်ရခဲ့ပြီး နတ်ဘုရားသတ်ဖြတ်ဓားသိုင်းကို ထပ်မံလေ့လာခွင့် ရရှိခဲ့သည်။
ထို့ကြောင့် ရန်ကျောက်ကဲ၏ နတ်ဘုရားသတ်ဖြတ်ဓားသိုင်းက သောပေါင်ထျန်းကျွင်းနှင့် ဆက်နွယ်ပြီး ထူခြားချက်များရှိသည်ဟု ဆိုနိုင်သည်။
အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ကျင့်ကြံသူများကတော့ ကိုယ်ပိုင် နတ်ဘုရားသတ်ဖြတ်ဓားသိုင်းကိုသာ ကျင့်ကြံကြပြီး တာအိုဆရာ’ယွမ်ကျုန်း’ ၏ ဓားသိုင်းကို မကျင့်ကြံခဲ့ကြပေ။
သို့သော် သူတို့က ရန်ကျောက်ကဲထံမှ တာအိုဆရာ’ယွမ်ကျုန်း’ ၏ ဓားသိုင်းကို လေ့လာခဲ့ကြသည်။
ထိုသူများထဲတွင် ယွီယဲ့လည်း ပါဝင်သည်.
ထို့ကြောင့် သူမက ဤနယ်မြေ၏ပိုင်ရှင် မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်နိုင်ခဲ့ခြင်းပင်။
နျဲ့ကျင်းရှန်က...
“ဒါဆို အဲဒီ တာအိုကျောင်းတော်နဲ့ပတ်သက်နေတဲ့ နတ်ဘုရားသတ်ဖြတ်ဓားသိုင်းကို သုံးကြည့်ပါလား ၊ မင်းကျင့်ကြံထားတာကို မသုံးနဲ့လေ”
ယွီယဲ့က ခေါင်းညိတ်ရင်း...
“ကျွန်မလည်း လုပ်မလို့ပဲ”
ထို့နောက် အနက်ရောင်ကြိုးမျှင်များနှင့်ဆင်တူသည့် ဓားချီများစွာ လေထဲသို့လွင့်ပျံထွက်လာပြီး အဝါရောင်မြူခိုးများနှင့်ဆက်သွယ်ကာ အပြင်ဘက်သို့ ဆန့်ထွက်သွားသည်။
ယွီယဲ့က နျဲ့ကျင်းရှန်ကို လှည့်ကြည့်ရင်း...
“ထင်ထားတာထက်တောင် ပိုပြီးချောမွေ့သွာတဘ်”
နျဲ့ကျင်းရှန်က...
“နည်းနည်းတော့ ထူးဆန်းတယ် ၊ ဒါပေမဲ့ ရှေ့ဆက်သွားရအောင် ၊ ငါတို့တွေ ထွက်ပေါက်တစ်ခု ရှာမှဖြစ်မယ်”
သူက ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်ရင်း...
“ဒီနေရာမှာ အချိန်စီးဆင်းမှုက ထူးဆန်းတယ် ၊ ပြင်ပကမ္ဘာထက် အများကြီးပိုမြန်နေသလိုပဲ”
သူတို့နှစ်ယောက် အိပ်ပျော်ငြိမ်သက်နေဟန်ရှိသော အစီအရင်ထဲတွင် ဖြတ်သန်းရင်း ရှေ့ဆက်လျှောက်သွားကြသည်။
ခဏမျှလမ်းလျှောက်ပြီးနောက် အဝါရောင်မြူခိုးများအပြင် အခြားအရာတစ်ခုကိုလည်း မြင်လိုက်ရသည်။
ထိုအရာက တောက်ပသည့် ရွှေရောင်အလင်းတန်းများဖြစ်၏။
ထိုအလင်းတန်းများထဲမှ သတ်ဖြတ်လိုသောအငွေ့အသက်များကို ခံစားရသည်။ သို့သော် ထိုအငွေ့အသက်များက အိပ်မောကျနေဟန်ရှိသည်။
ပြီးတော့ ထိုအငွေ့အသက်များက သူတို့နှစ်ယောက်ကို ပစ်မှတ်ထားခြင်းမရှိဘဲ အစီအရင်ထဲတွင်ပါဝင်သည့် အစိတ်အပိုင်းသက်သက်သာ ဖြစ်သည်။
နျဲ့ကျင်းရှန်နှင့်ယွီယဲ့ တောက်ပသော ရွှေရောင်အလင်းတန်းများအနားသို့ သတိဖြစ်ချဉ်းကပ်သွားသည်။ အလင်းတန်းများတွင်း၌ ယဇ်ပလ္လင်တစ်ခုရှိသည်ကိုတွေ့ရ၏။
ထိုအချိန်...
အစီအရင်ပြင်ပ ဗလာနယ်ထဲတွင် ပုံပျက်မှုတစ်ခု ဖြစ်ပေါ်လာသည်။
ကောင်းကင်ထက်တွင် ဝဲဂယက်တစ်ခုထွက်ပေါ်လာပြီး တဖြည်းဖြည်း ပျားအုံသဏ္ဌန်ပြောင်းလဲသွားသည်။ ထို့နောက် အတွင်းမှ ဓားအလင်းတန်းတစ်ခု ပစ်လွှတ်ထွက်ပေါ်လာသည်။
ဓားအလင်းတန်းဖြတ်သန်းသွားသည့်နေရာတိုင်းတွင် ဗျပ်စောင်းတေးသွားသံ ထွက်ပေါ်ပြီး အလင်းရောင်များ ပျောက်ကွယ်သွားသည်နှင့် လူရိပ်တစ်ခု ပေါ်ထွက်လာသည်။
ထိုသူက ချောမောခန့်ညားပြီး သိမ်မွေ့သောမျက်နှာထားရှိသည့် သက်လတ်ပိုင်းလူရွယ်တစ်ယောက် ဖြစ်သည်။
ထိုသူ၏လက်ထဲတွင် ကျောက်စိမ်းဖြင့်အလှဆင်ထားသော ဗျပ်စောင်းတစ်လက်ကိုကိုင်ထားပြီး အောက်ဘက်တွင်ရှိနေသည့် အိပ်မောကျနေသော အစီအရင်ဆီသို့ တည်ကြည်သည့်မျက်နှာထားဖြင့် စူးစိုက်ကြည့်နေသည်။
သူက စုန်းဟွမ်မြင့်မားဧကရာဇ်’ကျန်းပုရွှီး’ ဖြစ်သည်။
သူက အပြာရောင်ခရီးရှည်အရှင်သခင် (၇)ပါးထဲမှ တစ်ဦးဖြစ်ပြီး နောက်ပိုင်းတွင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ထွက်ခွာသွားခဲ့သည်။
သူက ဗျပ်စောင်းကိုလက်တစ်ဖက်ဖြင့်ကိုင်ထားပြီး အခြားလက်တစ်ဖက်တွင် ကျိုးနေသည့်ဓားအိမ်တစ်ခုကို ကိုင်ထားသည်။
ထိုဓားအိမ်က ဖြည်းဖြည်းချင်းတုန်ခါနေပြီး အောက်ဖက်ရှိ အစီအရင်ဆီသို့ ညွှန်ပြနေသည်။
ကျန်းပုရွှီးက တည်ငြိမ်သော အကြည့်ဖြင့် အစီအရင်အလယ်ဗဟိုသို့ လျှောက်သွားသည်။
သူ၏ဓားအိမ်မှ အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး အဝါရောင်မြူများကို မှုတ်ထုတ်ကာ သူ့အတွက် လမ်းကြောင်းတစ်ခု ဖွင့်လှစ်ပေးသည်။ ထို့ကြောင့် သူက အစီအရင်ထဲတွင် လွတ်လပ်စွာသွားလာနိုင်သည်။
စုန်းဟွမ်မြင့်မားဧကရာဇ် အစီအရင်ထဲ ဝင်ရောက်ပျောက်ကွယ်သွားပြီးနောက် ဗလာနယ်က ထပ်မံပုံပျက်သွားပြီး လူရိပ်များထွက်ပေါ်လာသည်။
ထိုလူရိပ်များက ပတ်ဝန်းကျင်အခြေအနေကို စောင့်ကြည့်ပြီးနောက် အောက်သို့ဆင်းသက်လာပြီး စုန်းဟွမ်မြင့်မားဧကရာဇ်ဖွင့်လှစ်ခဲ့သော လမ်းကြောင်းအတိုင်း လိုက်သွားကာ အစီအရင်အတွင်း ဝင်ရောက်သွားကြသည်။
ထို့နောက် တတိယအုပ်စု ထပ်မံရောက်ရှိလာပြန်သည်။
သူတို့သည်လည်း ယခင်အုပ်စုလုပ်ဆောင်သည်ကို အတုယူကာ အိပ်မောကျနေသော အစီအရင်အတွင်းသို့ ဝင်ရောက်သွားကြသည်။
***
နျဲ့ကျင်းရှန်နှင့် ယွီယဲ့တို့က အိပ်မောကျနေသည့်အစီအရင်ကို စစ်ဆေးနေရင်း ထွက်ပေါက်တစ်ခု ရှာဖွေနေသည်။
ထိုအချိန် ရန်ကျောက်ကဲတို့အုပ်စုကတော့ ထျန်းစူးစကြာဝဠာ ၊ ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာသို့ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်သည်။
ရန်တိနှင့် ရွှယ်ချူးချင်တို့ ပြန်လည်ဆုံတွေ့ခဲ့သော်လည်း သူတို့တွင် စကားပြောရန် အချိန်မရှိခဲ့ပေ။
ဖန်းယွင်ရှန်း ၊ ရန်တိ နှင့် အခြားသူများမှာ ချက်ချင်းပင် ကျင့်ကြံခြင်းသို့ဝင်ရောက်ပြီး သူတို့၏အခြေအနေကို ကုစားကြရသည်။
အချိန်ရသလောက်ယူကာ သူတို့၏ ပင်ပန်းနွမ်းနယ်သော ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်ရန် အာရုံစိုက်ကြရသည်။
ရန်ကျောက်ကဲကတော့ အနားမယူနိုင်ခဲ့ပေ။
သူ အလွန်ပင်ပန်းနွမ်းနယ်နေသည့်တိုင် အဂ္ဂိရတ်ခန်းမရှိ ဗဟိုဆေးလုံးခန်းမသို့ တန်းသွားလေသည်။
ထိုနေရာတွင် ရှီကျွင်းတို့သားအမိ ရှိနေလေသည်။
မြေညိုရောင်အလင်းတန်းများက အဂ္ဂိရတ်ခန်းမကို လွှမ်းခြုံထားသည်။
ရွှီဖေးက အဂ္ဂိရတ်ခန်းမတံခါးထက်တွင် ကျောမှီထိုင်လျှက် ထိုင်နေသည်။
ရန်ကျောက်ကဲကိုတွေ့တော့ သူက မေးလိုက်သည်။
“နက္ခတ်ဧကရာဇ်နဲ့ တခြားသူတွေ ဘယ်လိုနေလဲ”
ရန်ကျောက်ကဲက မြေညိုရောင်အလင်းတန်းများကို လက်ဖြင့်ဖိလိုက်ပြီး အတွင်းမှဖြစ်ပေါ်နေသည့် အသွင်ပြောင်းမှုကို ခံစားလိုက်သည်။
တစ်ချိန်တည်းပင် သူက စကားဆိုလိုက်သည်။
“ရေပလ္လင်နတ်ဆိုးနဲ့ပတ်သက်ပြီး စိတ်ပူစရာမလိုတော့ဘူး ၊ ဒါပေမဲ့ နက္ခတ်ဧကရာဇ်ကတော့ အခြေအနေသိပ်မကောင်းဘူး ၊ သူ ပြန်သက်သာလာဖို့ မျှော်လင့်ချက်နည်းနည်းလေးပဲရှိတယ်”
စကားပြောနေရင်း ရန်ကျောက်ကဲမျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး သူက ရွှီဖေးကို လှည့်ကြည့်လိုက်လေသည်။