ပြင်ဆင်မှုများအားလုံး
Vol. 103 Ch. 1444
အခန်း (၁၄၄၄) ပြင်ဆင်မှုများအားလုံး
ရှီကျွင်း မျက်နှာထားပြောင်းလဲသွားသည်ကိုသတိပြုမိပြီး တစ်ဦးနှင့်တစ်ဦး မျက်လုံးချင်း ဆုံလိုက်ကြသည်။
ရန်ကျောက်ကဲက တည်ကြည်သောမျက်နှာထားဖြင့်...
“ရှီကျွင်း... နက္ခတ်ဧကရာဇ် နတ်ဆိုးတွန်းလှန်အင်းသင်္ကေတကို အသုံးပြုနိုင်ခဲ့တဲ့အကြောင်းရင်းက သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကြောင့်ပဲ ၊ ပြီးတော့ သူတို့က နတ်ဆိုးတစ်ယောက်တည်းကိုပဲ ကိုင်တွယ်ခဲ့ရတာ”
သူက ဆက်ပြောလိုက်သည်။
“မင်းတို့သားအမိက နတ်ဆိုးနှစ်ယောက်ကို ရင်ဆိုင်ရမှာ ၊ မင်းအမေကိုကယ်ဖို့ နတ်ဆိုးတွန်းလှန်အင်းသင်္ကေတကိုအသုံးပြုပြီး မင်းကိုယ်တိုင်အတွက် စွန့်လွှတ်မယ်ဆိုရင်တောင် ရလဒ်က သိပ်မျှော်လင့်စရာမရှိဘူး”
ရန်ကျောက်ကဲက သက်ပြင်းချရင်း...
“ငါ မင်းကို နတ်ဆိုးတွန်းလှန်အင်းသင်္ကေတအကြောင်းသင်ပေးတာက ဘေးကင်းဖို့နဲ့ ကြိုတင်ပြင်ဆင်နိုင်ဖို့အတွက်ပဲ ၊ ချက်ချင်းကြီး မင်းကိုယ်မင်း စွန့်လွှတ်လိုက်ဖို့ မဟုတ်ဘူး”
ရန်ကျောက်ကဲက အခြေအနေများကို တိကျစွာ ထောက်ပြလိုက်တော့ ရှီကျွင်း ခေါင်းငိုက်စိုက်ကျပြီး တိတ်ဆိတ်နေသည်။
“မင်း သိထားရမယ် ၊ သေမှာကိုမကြောက်တဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ကြိုးစားတာက လုံးဝမတူညီတဲ့ကိစ္စတစ်ခုပဲ”
ရန်ကျောက်ကဲက သူ့ကို စူးစိုက်ကြည့်ရင်း ပြောလိုက်သည်။
“နောက်တစ်ခုက ပြဿနာကိုရင်မဆိုင်ဘဲ စိတ်ဓာတ်ပဲကျနေမယ်ဆိုရင် အကျိုးမရှိဘူး ၊ မင်းရဲ့ရန်သူက အဲဒါကို အခွင့်ကောင်းယူသွားလိမ့်မယ်”
ရှီကျွင်း မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
သူက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး စိတ်ဓာတ်ကျသည့် မျက်နှာအမူအရာကို ပြုပြင်လိုက်သည်။
“ဟုတ်ကဲ့ပါ ဆရာဦးလေးရန် ၊ ကျွန်တော် နားလည်ပါပြီ”
ရွှီဖေးက...
“မင်းအမေဆီမှာ မြေကမ္ဘာပလ္လင်နတ်ဆိုးက ပြန်လည်မွေးဖွားမှာ ၊ မင်းဆီမှာပြန်မွေးဖွားမှာက သူ့ရဲ့လက်အောက်ခံ နတ်ဆိုးဆိုပေမယ့်... မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က မင်းအမေထက် အဆပေါင်းများစွာ သာလွန်နေတယ်”
သူက ဆက်ပြောလိုက်သည်။
“ဒါကြောင့် မင်းကပဲ ဒီအခြေအနေကို ထိန်းချုပ်ရလိမ့်မယ် ၊ ဒါကြောင့် အခုထဲက မင်းစိတ်ကို တည်ငြိမ်အောင်ကြိုးစားထားပါ”
ရှီကျွင်းက တည်ကြည်သည့်မျက်နှာထားဖြင့်...
“ဟုတ်ကဲ့ပါ ဆရာ”
ရန်ကျောက်ကဲက ရေခဲခေါင်းတလားဘေးသို့သွားပြီး နက်ရှိုင်းစွာ အိပ်မောကျနေသော ‘ယင်ယွီကျန်း’ ကို ကြည့်လိုက်သည်။
မြေညိုရောင်အလင်းတန်းများအောက်တွင် ပုံမှန်အားဖြင့် နူးညံ့သိမ်မွေ့သောမျက်နှာက ထူးဆန်းပြီး ကြောက်မက်ဖွယ်ရာဖြစ်နေသည်။
ထိုအလင်းတန်းများအောက်တွင် ယင်ယွီကျန်း၏မျက်နှာက ပုံပျက်ပန်းပျက်ဖြစ်နေပြီး မျက်နှာတစ်ခုလုံး ပြောင်းလဲသွားသယောင် ဖြစ်သည်။
ရန်ကျောက်ကဲက မှိုင်းညို့သောမျက်နှာထားဖြင့် သူမကိုကြည့်ရင်း လက်ကို ရေခဲခေါင်းတလားထက် ဖိနှိပ်လိုက်သည်။
သူ၏လက်ဖဝါးဆီမှ အင်းသင်္ကေတများစွာ ပြန့်ကျဲထွက်လာပြီး ရေခဲခေါင်းတလားတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားသည်။
သူက လက်ကိုဖယ်ရှားချင်းမပြုဘဲ ဆက်လက်ဖိနှိပ်ထားရင်း စကားဆိုလိုက်သည်။
“ငါ့အဖေနဲ့ ယွင်ရှန်းတို့ အခြေအနေပြန်ကောင်းလာအောင် ကျင့်ကြံနေကြတယ် ၊ ငါက တောင်ပိုင်းချန်စန်းဧကရာဇ်ရဲ့အခြေအနေကိုစောင့်ရင်း မင်းတို့နဲ့အတူ ရှိနေပေးမယ်”
ရှီကျွင်း ခေါင်းညိတ်လိုက်သည်။
သံကြိုးကွင်းသဏ္ဌန်ရှိသော အလင်းတန်းများက ရွှီဖေး၏ခန္ဓာကိုယ်နှင့် ချီနှောင်ထားဆဲဖြစ်သည်။ သို့သော် သူက ဘာကိုမှအရေးမစိုက်ဟန် ကြမ်းပြင်ထက် ထိုင်ချလိုက်သည်။
ရန်ကျောက်ကဲကတော့ ယွင်ယွီကျန်းအခြေအနေကို အာရုံစိုက်ရင်း ရှီကျွင်းကိုလည်း သတိထား စောင့်ကြည့်နေသည်။
ယခုကြည့်ရသလောက် ရှီကျွင်းက အတော်လေး တည်ငြိမ်နေသေးသည်။
အဂ္ဂိရတ်ခန်းမနှင့် မြေခွင်းပုလဲ၏ ထောက်ပံ့ပေးမှုကြောင့် သူနဖူးထက်ရှိ အက်ကွဲကြောင်းမှ နတ်ဆိုးရောင်ဝါက ဖိနှိပ်ခံနေရဆဲ ဖြစ်၏။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူတို့သားအမိအခြေအနေက တဖြည်းဖြည်းဆိုးရွားလာမည် ဖြစ်သည်။ ယိုယွင်းလာမှုအလျှင်က နှေးကွေးသော်လည်း ဤသည်က မလိုလားအပ်ရာဆီသို့ ဦးတည်နေသည်။
အချိန်ကုန်လာသည်နှင့်အမျှ ပြောင်းလဲမှုက ပိုပြီးသိသာလာသည်။
အချိန်အတိုင်းအတာတစ်ခု ကြာပြီးနောက် ရန်ကျောက်ကဲမျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
ရွှီဖေးက သူ့ကို လှမ်းကြည့်တော့ ရန်ကျောက်ကဲ ခေါင်းညိတ်ပြလိုက်၏။
“တောင်ပိုင်းချန်စန်းဧကရာဇ်က ငါတို့ကို အဖြေပေးလိုက်ပြီ”
ရန်ကျောက်ကဲက သူ၏လက်ဖဝါးကို ရေခဲခေါင်းတလားထံမှဖယ်ရှားလိုက်ပြီး အဂ္ဂိရတ်ခန်းမထဲမှ ထွက်ခွာသွားတော့သည်။
သူက ဝါဒတောင်၏ တောင်ထွတ်ထိပ်ဖျားတွင် မတ်တတ်ရပ်လျှက် ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။
ကောင်းကင်ယံတွင် ဓားအလင်းတန်းတစ်ခု လက်ခနဲထွက်ပေါ်လာသည်။ ထိုဓားအလင်းတန်းက ရန်ကျောက်ကဲရှေ့သို့ဆင်းသက်လာပြီး ဓားဧကရာဇ်’ယွဲ့ကျန့်ပေ’ အဖြစ် ပြောင်းလဲသွားသည်။
ယွဲ့ကျန့်ပေက...
“တောင်ပိုင်းချန်စန်းဧကရာဇ်က ငါတို့ကို ကူညီဖို့ သဘောတူလိုက်ပြီ”
ပြောရင်း သူက မျိုးရိုးစာရင်းတစ်ခု ထုတ်ယူလိုက်သည်။
“ဒါ သူ့ဆီကရလာတာ”
ရန်ကျောက်ကဲက မျိုးရိုးစာရင်းကို လက်ခံယူပြီး လက်ဖဝါးထက် တင်လိုက်သည်။
မျိုးရိုးစာရင်းမှအလင်းတန်းများထွက်ပေါ်လာပြီး လေထဲတွင် အင်းသင်္ကေတများ လွင့်ပျံလာသည်။
ထိုအင်းသင်္ကေတများကို အမြန်ကြည့်ရှုပြီးနောက် မျက်နှာထက် ဝမ်းမြောက်ဝမ်းသာ အမူအရာ ထွက်ပေါ်လာသည်။
“တောင်ပိုင်းချန်စန်းဧကရာဇ်က ရှေးရိုးစွဲအတွေးအခေါ်တွေ ဆက်ထိန်းထားမလားလို့ ကျွန်တော်က စိုးရိမ်နေခဲ့တာ”
သူက ဆက်ပြောသည်။
“အခုတော့ ကြည့်ရသလောက် ညှိနှိုင်းလို့ရမယ်ထင်တယ် ၊ ဒါနဲ့ဆိုရင် ကျွန်တော့်အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မှာပါ”
ပြောပြီးသည်နှင့် သူက ကောင်းချင်းရွှမ်နှင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ အခြားသူများကိုဆက်သွယ်ရန် တပည့်ငယ်များကို အမိန့်ပေးလိုက်သည်။
ယွဲ့ကျန့်ပေက...
“ငါတို့ အရင်က သဘောတူခဲ့တဲ့ (၄)ခုမြောက် အစီအစဉ်လား”
ရန်ကျောက်ကဲ ခေါင်းညိတ်ရင်း...
“အမှန်ပဲ...”
ထို့နောက် သူက လက်ဖဝါးနှစ်ဖက်ကို ဆုပ်လိုက်ပြီး ပြန်ဖြန့်လိုက်ရာ အလင်းတန်းများ ထွက်ပေါ်လာသည်။ ထိုအလင်းတန်းများ ပြန့်ကျဲလာပြီး ရွက်လှေတစ်စင်း ဖြစ်တည်လာသည်။
ရွက်လှေက ဆက်လက်ကြီးထွားလာပြီး ကောင်းကင်ထက်တွင် တည်ငြိမ်စွာ ရပ်တန့်လျှက် ရှိသည်။
ရွက်လှေကြီးက အလွန်ကြီးမားသည်ဖြစ်ရာ ကောင်းကင်တစ်ခုလုံးဖုံးလွှမ်းသွားပြီး ဝါဒတောင်ကိုပင် မှောင်မိုက်သွားစေသည်။
ထိုရွက်လှေကြီးက “လေဟုန်စီးကောင်းကင်ရွက်လှေ” နှင့် အလွန်ဆင်တူသည်။
သို့သော် ၎င်း၏အရွယ်အစားက များစွာပိုမိုကြီးမားပြီး စွမ်းအားလည်း ပိုမိုသန်မာသည်။
“ဒီတစ်ခါတော့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကိုပဲ အားကိုးရတော့မယ်”
ယွဲ့ကျန့်ပေက မိုးပျံရွက်လှေကြီးကို ခေါင်းမော့ကြည့်ရင်း ပြောလိုက်သည်။
ရန်ကျောက်ကဲက အားပေးစကားဆိုလိုက်သည်။
“နွယ်ပင်ဧကရီဆုံးပါးသွားပေမယ့် ဆရာဦးလေးမှာ တာဝန်မရှိပါဘူး”
သူက ဆက်ပြောလိုက်သည်။
“အကြီးအကဲကောင်းနဲ့ တခြားသူတွေက နားလည်မှုရှိတဲ့သူတွေပါ ၊ ကျွန်တော်တို့မှာ ကိုယ်ရေးကိုယ်တာ ဖြေရှင်းစရာတွေရှိရင်တောင် နတ်ဆိုးတွေနဲ့တိုက်ပြီးမှ အဲဒါကိုဖြေရှင်းလို့ရတယ် ၊ လောလောဆယ်တော့ ရန်သူကို အရင်တိုက်ခိုက်ကြတာပေါ့”
ယွဲ့ကျန့်ပေက ခေါင်းညိတ်ရင်း...
“ဒီကိစ္စကို ငါလည်း စိုးရိမ်မနေပါဘူး ၊ လီကျိထန်ဆုံးပါးသွားလို့ စိတ်မကောင်းဖြစ်ပေမယ့် ကိုယ့်ကိုယ်ကိုယ်အပြစ်ရှိတယ်လို့ မခံစားရပါဘူး ၊ ဒါပေမဲ့ ဒီတိုက်ပွဲပြီးလို့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက ဖြေရှင်းချက်တောင်းမယ်ဆိုရင် ငါပေးမှာပါ”
ထိုစကားကြားတော့ ရန်ကျောက်ကဲက မျက်မှောင်ကျုံ့ရင်း...
“ဆရာဦးလေးယွဲ့ ...”
ယွဲ့ကျန့်ပေက ခေါင်းခါယမ်းရင်း...
“သူတို့ ငါ့ကို သတ်မှာမဟုတ်ပါဘူး ၊ စိတ်မပူပါနဲ့ ၊ ကဲ... ဒါတွေကို မေ့ထားရအောင် ၊ အခု စိုးရိမ်ရမှာက ကျင်းရှန်နဲ့ ယွီယဲ့တို့အတွက်ပဲ ၊ သူတို့ဆီက ဘာသတင်းမှမရသေးဘူး”
ရန်ကျောက်ကဲက တည်ကြည်လေးနက်စွာဖြင့်...
“ဒီတိုက်ပွဲပြီးရင် သူတို့ကို ချက်ချင်းရှာရမယ်”
ယွဲ့ကျန့်ပေက...
“အမှန်ပဲ... အခုတော့ တိုက်ပွဲအတွက်ပဲ အာရုံစိုက်ရအောင်”
သတင်းရရှိပြီးနောက် ဖန်းယွင်ရှန်းနှင့် ရန်တိ တောင်ထိပ်သို့ ရောက်ရှိလာခဲ့သည်။
ရန်တိက အခုထိ အပြည့်အဝ စွမ်းအားပြန်မပြည့်သေးသော်လည်း သူ၏စွမ်းအားရောင်ဝါက အားနည်းနေခြင်း မရှိတော့ပေ။
ဖန်းယွင်ရှန်းသည်လည်း ပုံမှန်ပြန်ဖြစ်နေပြီး သူမကိုကြည့်ရသည်မှာ ပင်ပန်းနွမ်းနယ်ခြင်း မရှိတော့ပေ။ သို့သော် သူမ ပြန်လည်နလန်ထူလာမှုက ရန်တိနှင့်နှိုင်းယှဉ်ပါက များစွာပိုမိုကြာရှည်သည်။
ရန်သူများနှင့်တိုက်ခိုက်သည့်အခါ သူမက စွမ်းအားကိုထိန်းထားရပြီး အပြည့်အဝအသုံးပြုနိုင်မည် မဟုတ်ပေ။ သို့သော် ဤသည်က သူမအတွက် ပုံမှန်တိုက်ခိုက်မှုကို ထိခိုက်မည် မဟုတ်ပေ။
သူတို့အားလုံး မျက်နှာချင်းဆိုင်လိုက်ကြပြီး...
“စလိုက်ကြရအောင်...”
ထို့နောက် ဖန်းယွင်ရှန်းက ယွဲ့ကျန့်ပေနှင့်အတူ မိုးပျံရွက်လှေပေါ်သို့ တက်လိုက်သည်။
ရန်တိကတော့ နေရာမှာပင် ကျန်ရစ်ခဲ့သည်။
ကြာပန်းတိမ်တိုက်တစ်ခုပမာဖြစ်သော ‘ထိုက်ယိဟွာတိမ်တိုက်’ က တဖြည်းဖြည်းကျယ်ပြန့်လာပြီး ကောင်းကင်ထက်တွင်ရှိနေသော မိုးပျံရွက်လှေကြီးက အောက်ဘက်ရှိတောင်ထိပ်နှင့် ပေါင်းစပ်သွားသည်။
ရန်ကျောက်ကဲက အဂ္ဂိရတ်ခန်းမထဲသို့ ဝင်ရောက်သွားသည်။
ခဏအကြာတွင် အဂ္ဂိရတ်ခန်းမက အနည်းငယ်တုန်ခါလာသည်။
ထို့နောက် အဂ္ဂိရတ်ခန်းမတံခါးဝတွင် မြေရောင်အလင်းတန်းများထွက်ပေါ်လာပြီး ရန်တိ၏ ထိုက်ယိဟွာတိမ်တိုက်က ထိုအလင်းတန်းများကို စုပ်ယူဝါးမျိုလိုက်သည်။
မှေးမှိန်သွားသော မြေကြီးရောင်အလင်းတန်းများက တိမ်တိုက်အလွှာများကိုဖြတ်သန်းကာ အဂ္ဂိရတ်ခန်းမတံခါးမှ မိုးပျံရွက်လှေကြီးဆီသို့ လျှင်မြန်စွာ ရွေ့လျားသွားသည်။
ထို့နောက် ထိုက်ယိဟွာတိမ်တိုက်သည်လည်း မိုးပျံရွက်လှေကြီးအတွင်းသို့ ကျုံ့ဝင်သွားလေသည်။
ကြီးမားသော မိုးပျံရွက်လှေကြီးက ကောင်းကင်ကိုးထပ်လေပြင်းများကိုစီးနှင်ကာ ဗလာနယ်အာကာသ ပင်လယ်ထဲသို့ ဖြတ်သန်းသွားတော့သည်။
ရွက်လှေကြီး ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာနယ်နိမိတ်ကို လျင်မြန်စွာ ဖြတ်ကျော်လျှက် စကြဝဠာထဲသို့ ဝင်ရောက်သွားသည်။
ရွက်လှေကြီး စကြာဝဠာကိုဖြတ်ကျော်သွားပြီးနောက် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံအနားသို့ နီးကပ်လာသည်။
အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ဓားအလင်းတန်း(၄)ခု ထွက်ပေါ်လာပြီး မိုးပျံရွက်လှေကြီးထက်သို့ ဆင်းသက်လိုက်ကြသည်။
ကောင်းချင်းရွှမ် ၊ လုန်ရှင်းချွမ် ၊ တိမ်လွှာခွင်းဧကရာဇ်နှင့် လုန်ရွှယ်ကျီးတို့ ဖြစ်လေသည်။
ရန်ကျောက်ကဲက လက်နှစ်ဖက်ဆုပ်ဂါရဝပြုရင်း...
“အကြီးအကဲကောင်းကို အနှောက်အယှက်ဖြစ်စေမိပါပြီ”
ထို့နောက် သူက လက်နှစ်ဖက် ရှေ့သို့ဆန့်ထုတ်လိုက်ရာ လက်ဖဝါးထက်တွင် အလင်းရောင်အစုအဝေးတစ်ခု ထွက်ပေါ်လာသည်။
ထိုအလင်းရောင်အစုအဝေးထဲတွင် မပီပြင်သည့် ပုံရိပ် (၃)ခု ရှိနေသည်။
ကောင်းချင်းရွှမ်သည်လည်း ကြိုတင်သတိပေးချက်ရရှိထားပြီးဖြစ်သည်။
သူမက...
“သွားရအောင်...”
ထို့နောက် သူမက စကားမဆိုတော့ဘဲ မိုးပျံရွက်လှေထိန်းချုပ်မှုကို ဖန်းယွင်ရှန်းထံမှ လွှဲပြောင်းယူလိုက်လေသည်။
ကောင်းချင်းရွှမ်၏ခန္ဓာကိုယ်မှ သွေးနီရောင် အဓားအလင်းတန်းများထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးသို့ ယှက်နွယ်လှုပ်ရှားသွားသည်။
ကြီးမားသော မိုးပျံရွက်လှေကြီး၏မျက်နှာပြင်တစ်ခုလုံး သွေးနီရောင်အလွှာတစ်ခု လွှမ်းခြုံသွား၏။
ထိုသွေးနီရောင်အလင်းတန်းများက ပိုမိုတောက်ပလာပြီး နောက်ဆုံး ရွက်လှေတစ်ခုလုံးအား ဖုံးအုပ်လိုက်၏။ အလင်းတန်းများလည်ပတ်သွားပြီးနောက် မှောင်မိုက်သောစကြာဝဠာထဲတွင် ရွက်လှေကြီးပျောက်ကွယ်သွားပြီး သွေးနီရောင်ဓားတစ်လက်ပုံစံသာ ကျန်ရစ်ခဲ့သည်။
ဓားအလင်းတန်းက လက်ခနဲတောက်ပသွားပြီး အဝေးတစ်နေရာ ဗလာနယ်ထဲဆီသို့ ချက်ချင်းပင် ပျံသန်းသွားကာ ထျန်းစူးစကြာဝဠာမှထွက်ခွာလျှက် အဆုံးမရှိ ပြင်ပဗလာနယ်ထဲသို့ ဝင်ရောက်သွားလေ၏။