လျှပ်စီးကြေးမုံကိုတိုက်ခိုက်သောနတ်ဆိုးများ ၊ ပျံသန်းနေသည့်ဓားအလင်းတန်း
Vol. 103 Ch. 1445
အခန်း (၁၄၄၅) လျှပ်စီးကြေးမုံကိုတိုက်ခိုက်သောနတ်ဆိုးများ ၊ ပျံသန်းနေသည့်ဓားအလင်းတန်း
သွေးနီရောင် ဧရာမဓားကြီးက လေဟာနယ်ကို ဖောက်ထွင်းပြီး အာကာအလွှာများကို ဖြတ်သန်းသွားသည်။
ခဏအကြောမှာတော့ စကြာဝဠာတစ်ခုအနီးတွင် ရပ်တန့်လိုက်၏။
လကြတ်ခြင်းပြီးဆုံးသွားပြီးနောက် အဆုံးစွန်သော ယင်စွမ်းအားများ ပြန်လည်ထွက်ပေါ်လာသယောင်ရှိသော မှိုင်းညို့သည့် စကြာဝဠာထဲတွင် ရုတ်ချည်းပင် အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်။
ထိုအလင်းရောင်ထဲမှ လဝန်းထက်ယံအရှင်သခင် ‘လင်ချင်း’ ထွက်ပေါ်လာပြီး သွေးနီရောင် ဧရာမဓားကြီးကို အံ့အားသင့်သော မျက်နှာထားဖြင့် ကြည့်လိုက်သည်။
ဓားအလင်းတန်းရုတ်တရက်ပျောက်ကွယ်သွားပြီး ကြီးမားသော မိုးပျံရွက်လှေတစ်စင်း၏ပုံရိပ် ထွက်ပေါ်လာသည်။
“ဒါက လေဟုန်စီးကောင်းကင်ရွက်လှေ မဟုတ်ဘူး”
လင်ချင်းက သုံးသပ်လိုက်သည်။
“ဒါက မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်က ထျန်းဟယ်ရွက်လှေကို အဆင့်မြှင့်တင်ထားတဲ့ပုံစံနဲ့ ပိုတူတယ်”
အတွေးနှင့်အတူ သူမက မိုးပျံရွက်လှေကြီးပေါ်သို့ တက်လိုက်သည်။
သူမ မိုးပျံရွက်လှေကြီးထက် ရောက်ရှိသည်နှင့် သွေးနီရောင်ဓားအလင်းတန်း ပြန်လည်ထွက်ပေါ်လာပြီး ရွက်လှေကြီးအား လွှမ်းခြုံလိုက်သည်။
ထို့နောက် ဓားသွားအသွင် ပြောင်းလဲသွားပြီး ဗလာနယ်ကိုထိုးခွင်းကာ သဲလွန်စမကျန် ပျောက်ကွယ်သွားတော့သည်။
ရွက်လှေထက်တွင် ရန်ကျောက်ကဲက တင်ပျဉ်ခွေထိုင်နေသည်။
သူက ယဉ်ကျေးသည့်အမူအရာဖြင့် ဦးညွှတ်ရင်း...
“လဝန်းထက်ယံအရှင်သခင် ပင်ပန်းသွားရပြီ”
လင်ချင်းက ရန်ကျောက်ကဲလက်ဖဝါးထက်မှ အလင်းရောင်အစုအဝေးကိုကြည့်လိုက်သည်။ ထိုအလင်းရောင်များထဲတွင် ပုံရိပ်များ ရှိနေလေသည်။
လင်ချင်းက...
“အဲဒါက မြေကမ္ဘာပလ္လင်နတ်ဆိုး ပြန်ဝင်စားမယ့် မင်းတို့ဂိုဏ်းတူတပည့်တွေလား”
ရန်ကျောက်ကဲက...
“ဟုတ်ပါတယ် ၊ လဝန်းထက်ယံအရှင်သခင်လည်း သူတို့ကို ဂရုစိုက်ပေးပါဦး”
ထိုအလင်းရောင်အစုအဝေးအတွင်းမှ သိပ်သည်းပြီး ရန်လိုသော ခြိမ်းခြောက်နိုင်စွမ်းရှိသည့် ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။
အဂ္ဂိရတ်ခန်းမမှ ထွက်ခွာပြီးနောက် သူတို့အနေဖြင့် မြေကမ္ဘာပလ္လင်နတ်ဆိုး ပြန်လည်မွေးဖွားလာခြင်းကို တားဆီးနိုင်စွမ်း လျော့နည်းလာသည်။
ယခု မြေကမ္ဘာပလ္လင်နတ်ဆိုးက ပြန်လည်မွေးဖွားခြင်းလုပ်ငန်းစဉ်ကို မကြာခင် စတင်တော့မည်ဖြစ်၏။
လင်ချင်းက ခေါင်းညိတ်ရင်း...
“ငါ ကြိုးစားပေးပါ့မယ်”
ရန်ကျောက်ကဲက တောင်ပိုင်းချန်စန်းဧကရာဇ် ပေးအပ်လိုက်သော မျိုးရိုးစာရင်းကိုထုတ်ယူပြီး လက်ကိုဝှေ့ယမ်းလိုက်သည်။
သွေးနီရောင်ဓားအလင်းတန်းကတော့ ဗလာနယ်ကိုဖြတ်ကျော်ပြန်သန်းနေပြီး ရပ်တန့်ရန် အရိပ်အယောင်မရှိပေ။
မျိုးရိုးစာရင်းမှ လျှပ်စီးများ အများအပြား ထွက်ပေါ်လာပြီး ကြေးမုံမှန်အပိုင်းအစများပမာ တောက်ပလျှက် ရှိသည်။
ထို့နောက် ရန်ကျောက်ကဲ မတ်တတ်ရပ်လိုက်ပြီး အလင်းတန်းအစုအဝေးကိုယူဆောင်ကာ ရွက်လှေအခန်းထဲသို့ ဝင်ရောက်သွား၏။
ကောင်းချင်းရွှမ်ကတော့ ရွက်လှေကုန်းပတ်ပေါ်တွင် မတ်တတ်ရပ်နေပြီး ဖန်းယွင်ရှန်း၊ ရန်တိ၊ နှင့် လုန်ရှင်းချွမ်တို့ သူမဘေးတွင် ရှိနေသည်။
အခြားသူများကတော့ ရန်ကျောက်ကဲနောက်သို့လိုက်သွားပြီး ရွက်လှေအခန်းထဲသို့ ဝင်ရောက်သွားသည်။
ရွက်လှေအခန်းထဲတွင် သေးငယ်သည့် အလုံခန်းတစ်ခါးရှိသည်။ ထိုအခန်းထဲတွင် ရေကန်တစ်ခုလည်း ရှိနေသည်။ ရန်ကျောက်ကဲက သူ့လက်ထဲမှ အလင်းအစုအဝေးကို ဂရုတစိုက် ရေကန်ထဲသို့ နစ်မြှုပ်လိုက်သည်။
ရေကန်ထဲတွင် လှိုင်းများထွက်ပေါ်လာသည်။
ရေမျက်နှာပြင်က သံဖြူရောင်အလင်းတန်းဖြင့် စုပ်ယူခံရသလို လျင်မြန်စွာ လျော့ကျသွားသည်။ မကြာမီတွင် အပင်ငယ်တစ်ပင် ပေါက်ဖွားလာသည်။
ထိုအပင်က လျင်မြန်စွာ ကြီးထွားလာပြီး ဖြောင့်တန်းသော ပင်စည်နှင့် စိမ်းလန်းသော သစ်ရွက်များ ချက်ချင်း ထွက်ပေါ်လာသည်။
စိမ်းလန်းသော သစ်ပင်က ရေကန်အောက်ခြေတွင် အမြစ်တွယ်လျက် ရပ်တည်နေသည်။ ရေကန်ထဲမှရေက တဖြည်းဖြည်း ခန်းခြောက်သွားပြီး အလင်းအစုအဝေးလည်း ပျောက်ကွယ်သွားသည်။
သို့သော် သစ်ပင်အမြစ်များအနီးတွင် သံဖြူရောင်အလင်းတန်းများ မှိန်ဖျော့စွာ တောက်ပနေသည်။
ရန်ကျောက်ကဲက အင်းသင်္ကေတများကိုရေးသားပြီး သစ်ပင်ကိုဝန်းရံလျှက် များစွာသော အစီအရင်များကို ဖန်တီးလိုက်သည်။
သူက ရှီကျွင်းနှင့်အခြားသူများကိုကူညီရင်း မြေကမ္ဘာနတ်ဆိုးနှင့် သူ၏လက်အောက်ခံ ပြန်လည်မွေးဖွားလာခြင်းကို တားဆီးနေရသည်။
“ကြည့်ရတာ နေဝန်းထက်ယံအရှင်သခင် အလုပ်မအားဘူးထင်တယ်”
ရန်ကျောက်ကဲက သူ၏အစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်ရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
လင်ချင်းက တည်ငြိမ်စွာဖြင့်...
“သူက ငါ့ကို အလုပ်မအားဘူးလို့ပဲ ပြောထားတာ ၊ သူ ဘာလုပ်နေလဲဆိုတာတော့ ငါမသိဘူး”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း တင်ပျဉ်ခွေထိုင်လိုက်ပြီး သစ်ပင်ပင်စည်ကို စူးစိုက်ကြည့်လိုက်သည်။
“မကြာခင် ငရဲကိုးထပ်ကနတ်ဆိုးတွေ ရောက်လာတော့မယ်”
***
ယခူ...
နတ်ဆိုးအုပ်စုသည်လည်း ဗလာနယ်ထဲတွင် အမှန်တကယ်ပင် လှုပ်ရှားရန် ပြင်ဆင်နေကြသည်။
ရေပလ္လင်နတ်ဆိုးနှင့် မြေကမ္ဘာပလ္လင်နတ်ဆိုးကို ကယ်တင်ရန်အတွက် ထိပတန်းမဟာနတ်ဆိုးများစွာ ငရဲကိုးထပ်မှထွက်ခွာလာသည်ဖြစ်ရာ နတ်ဆိုးမီးလျှံများက စကြာဝဠာတစ်ခွင် လွှမ်းခြုံသွားခဲ့သည်။
သို့သော် တာအိုဝါဒကျင့်ကြံသူများ ၊ ဗုဒ္ဓဘာသာကျင့်ကြံသူများနှင့် နတ်မိစ္ဆာမျိုးနွယ်တို့၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် မည်မျှပင်အင်အားများပါစေ နတ်ဆိုးများအနေဖြင့် ခံနိုင်ရည် မရှိခဲ့ပေ။
ရေပလ္လင်နတ်ဆိုးသေဆုံးသွားပြီးနောက် တာအိုဝါဒကျင့်ကြံသူများက ဆက်လက်ဖိအားမပေးတော့သဖြင့် ငရဲကိုးထပ်နတ်ဆိုးများ အနည်းငယ် ထွက်ပေါက်ရခဲ့သည်။
သို့သော် အခြားအင်အားစုများက နတ်ဆိုးများအခြေအနေဆိုးရွားသည်ကို အခွင့်ကောင်းယူပြီး ကြီးမားသောဖိအားများ ထပ်မံယူဆောင်လာကြသည်။
အဆင့်အမြင့်ဆုံး နတ်ဆိုးဘုရင်သည်ပင် သူ၏လှုပ်ရှားမှုများကို ဂရုစိုက်နေခဲ့ရသည်။ ဂရုမစိုက်ပါက သူတို့ကို ဝိုင်းဝန်းထိုက်ခိုက်ခံရဖွယ်ရှိသည်။
တာအိုဝါဒမှ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများကတော့ နတ်ဆိုးများအန္တရယ်ကိုသာ သတိထားရသဖြင့် ပိုမိုသက်သောင့်သက်သာ ဖြတ်သန်းနိုင်သည်ဟု ဆိုနိုင်၏။
သို့သော် မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး ပြန်လည်မွေးဖွားနေကြောင်း အာရုံခံမိသောအခါ နတ်ဆိုးများ ချက်ချင်းပင်ထကြွလာကြတော့သည်။
တိုက်ပွဲထဲတွင် ပိတ်မိနေခြင်းမရှိသော နတ်ဆိုးများက ချက်ချင်းလှုပ်ရှားရန် ပြင်ဆင်ကြသည်။
အဆုံးမရှိသော ပြင်ပဗလာနယ်ထဲရှိ ကြယ်တစ်လုံးဘေးတွင် အဘိုးအိုတစ်ယောက် တိတ်ဆိတ်စွာမတ်တတ်ရပ်နေပြီး အဝေးတစ်နေရာသို့ စူးစိုက်ကြည့်နေသည်။
သူ၏ခြေထောက်အောက်တွင် နောက်ကွယ်ရှိ ကြယ်အလင်းရောင်ကြောင့် ရှည်လျားသည့်အရိပ်တစ်ခု ထွက်ပေါ်နေသည်။ ထိုအရိပ်က ဗလာနယ်တွင် ထင်ဟပ်နေပြီး အနည်းငယ် မထင်မရှားဖြစ်နေသည်။
သို့သော် ထိုအရိပ်မှ စကားသံတစ်သံ ထွက်ပေါ်လာလေသည်။
“အဲဒါက... ရွေ့လျားနေတာလား”
အဘိုးအိုက ခေါင်းညိတ်ရင်း...
“အမှန်ပဲ ၊ ရွေ့လျားနေတယ် ၊ ကောင်းကင်နတ်ဘုရားအဆင့်အောက်ရှိတဲ့သူတွေအတွက်ဆိုရင်တော့ အတော်မြန်မြန် ရွေ့လျားနေတယ်လို့ ပြောလို့ရတယ်”
အရိပ်ထဲမှအသံက...
“အကြေးခွံတစ်ထောင်နယ်မြေနဲ့ ဟိုထူးဆန်းတဲ့ထုံးတမ်းအစီအရင်မရှိတာတောင်... သူတို့တွေက အဂ္ဂိရတ်ခန်းမတည်နေရာကိုထုတ်ဖော်ပြဖို့ စီစဉ်မထားဘူးလား ၊ ဒါဆိုရင် နယ်မြေအားသာချက်မယူဘဲ ငါတို့ကိုကိုင်တွယ်ဖို့ စီစဉ်နေတာလား”
အရိပ်ထဲမှအသံက ဆက်ပြောလိုက်သည်။
အဘိုးအိုက ပြုံးလိုက်ရင်း...
“ငါတို့ရန်သူတွေကိုရှင်းပစ်နိုင်ရင်တောင် သူတို့ကိုဖမ်းဆီးဖို့ဆိုတာ မဖြစ်နိုင်သေးဘူး”
သူက ဆက်ပြောလိုက်သည်။
“လက်အောက်ခံတွေကို သွားခိုင်းလိုက်ပါ ၊ သူတို့ကသိပ်မမြန်ပေမယ့် ဝိုင်းထားဖို့ ကြိုးစားကြလိမ့်မယ်”
“တာအိုဝါဒရဲ့ ကောင်းကင်နတ်ဘုရားအသ်စ စောမင်ကျန့်က မင်းအတူ အထူးတည်ဆောက်ထားတဲ့ တန်ပြန်တိုက်ခိုက်သူတစ်ယောက်လိုမျိုးပဲ ၊ မဟုတ်ရင် မင်းလည်း တခြားနည်းလမ်း စဉ်းစားနိုင်မှာပဲ”
အဘိုးအို၏စကားကိုကြားတော့ အရိပ်က ခဏမျှတိတ်ဆိတ်သွားပြီးမှ စကားဆက်ပြောသည်။
“အခုတော့ အဲဒါတွေက အဟန့်အတား မဟုတ်တော့ပါဘူး ၊ မင်း သူတို့ကိုကိုင်တွယ်ပြီး မြေကမ္ဘာပလ္လင်နတ်ဆိုးကို ကူညီနိုင်ရမယ်လေ ၊ ဟုတ်တယ်မလား”
အဘိုးအိုက ခေါင်းခါယမ်းရင်း...
“မဟုတ်ဘူး... ငါ စဉ်းစားကြည့်ပြီးပြီ”
သူက ဆက်ပြောလိုက်သည်။
“ဒါက တောင်ပိုင်းချန်စန်းဧကရာဇ်ရဲ့လက်ရာဖြစ်ရမယ် ၊ သူက တာအိုဝါဒအဆက်အနွယ် လူငယ်တွေကိုကာကွယ်ဖို့ တိုက်ပွဲကနေ ပြန်ဆုတ်ခွာသွားတယ်”
အင်အားစု(၃)ခု ပူးပေါင်းတိုက်ခိုက်သဖြင့် ငရဲကိုးထပ်မှာ ဖိအားများခံစားနေရသည်။
သူတို့အနေဖြင့် ရန်သူများကို လှည့်ဖြားနိုင်ခြင်းမရှိသည့်အပြင် တောင်ပိုင်းချန်စန်းဧကရာဇ်က ပို၍ပင် လှုပ်ရှားနေနိုင်သည်။
သူက တိုက်ပွဲမှဆုတ်ခွာပြီး အခြားသူများအား မူလစိတ်ဝိညာဉ်နတ်ဆိုး၏ အထိအတွေ့ကူးစက်မှုကို ကာကွယ်ပေးခဲ့ည်။
အဘိုးအိုက အဝေးတစ်နေရာ ဗလာနယ်ထဲသို့ကြည့်ရင်း...
“ဟိုးဟိုး... အဲဒါ ထပ်ရောက်လာပြန်ပြီ”
ထိုနေရာတွင် မှောင်မိုက်သော ကြယ်စင်ကောင်းကင်က ရုတ်တရက် တောက်ပလာသည်။ အမျိုးမျိုးသော အားအင်ပြည့်ဝသည့် ရောင်ဝါများသည် ထိုနေရာတွင် စုဝေးလာသည်။
ဗုဒ္ဓဘာသာကျမ်းစာရွတ်ဆိုသံများနှင့် မဟာနတ်မိစ္ဆာများ၏ဟစ်အော်သံများက အပြန်အလှန် ယှက်နွယ်လျက်ရှိသည်။
နှစ်ဖက်လုံးက အချင်းချင်း သတိထားနေကြသော်လည်း သူတို့ အဓိကအာရုံစိုက်နေသည်က အဘိုးအိုနှင့် အရိပ်ရှိနေသည့်နေရာသို့ ဖြစ်၏။
အရိပ်က တဖြည်းဖြည်းသေးငယ်ပြီး ပျောက်ကွယ်သွားသည်။
အဘိုးအိုက ကြယ်ထဲသို့ နောက်ပြန်ပျံသန်းသွားပြီး ကြယ်၏မီးလျှံများထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။
သို့သော် စကြဝဠာကိုလှုပ်ခါစေသော ကြောက်မက်ဖွယ်နတ်ဆိုးရောင်ဝါ တောက်လောင်လာပြီး ရန်သူများကို အားနည်းသောအနေအထားသို့ တွန်းပို့လိုက်သည်။
နှစ်ဖက်ကြား တိုက်ပွဲတစ်ခု ထပ်မံဖြစ်ပေါ်လာသည်။
***
ထိုအချိန် ရန်ကျောက်ကဲတို့အုပ်စုကတော့ သွေးနီရောင်ဓားအလင်းတန်းအဖြစ် ပြောင်းလဲထားသည့် မိုးပျံရွက်လှေကြီးကို စီးနင်းလျှက်ရှိသည်။
ရွက်လှေကြီးက ဗလာနယ်ကိုထိုးခွင်းပြီး မတူညီသော စကြဝဠာများကို ဆက်လက်ဖြတ်သန်းသွားသည်။
ကုန်းပတ်ပေါ်တွင်ရှိနေသော ကောင်းချင်းရွှမ်က လျှပ်စီးများဖြင့်ဖွဲ့စည်းထားသော ကြေးမုံမှန်အပိုင်းအစများကို ခေါင်းမော့ကြည့်လိုက်သည်။
ထိုအချိန် ကြေးမုံမှန်အပိုင်းအစများမှ မရပ်မနား အလင်းတန်းများ တောက်ပလာသည်။ မမြင်ရသော လျှပ်စီးများက တစ်ခုပြီးတစ်ခု လင်းလက်နေသည့်ပမာပင်။
သတိပေးချက်မရှိ ၊ အကြောင်းပြချက်မရှိ။
တကယ်တော့ ထိုအရာ၏ မူလရင်းမြစ်ကို ခြေရာခံရန် မဖြစ်နိုင်ပေ။
ရွက်လှေနားတွင် အဆုံးမရှိသော စီးကြောင်းများဖြစ်ပေါ်လာပြီး ထိုစီးကြောင်းများ အပြည့်အဝ ပေါက်ဖွားမလာခင် မမြင်ရသောလျှပ်စီးများက ၎င်းတို့ကို အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးပစ်လိုက်လေသည်။