← Chapters

မြန်နှုန်းအားသာချက်

Vol. 103 Ch. 1446

မြန်နှုန်းအားသာချက်

Vol. 103 Ch. 1446

အခန်း (၁၄၄၆) မြန်နှုန်းအားသာချက်

သွေးနီရောင်ဓားအလင်းတန်းဖြင့် ဝိုင်းရံထားသော ဧရာမရွက်လှေကြီးက စကြဝဠာထဲ ဖြတ်သန်းသွားပြီး များပြားလှစွာသော အခိုးအငွေ့ဟင်းလင်းပြင်များကို မရပ်မနား ဖြတ်ကျော်ပျံသန်းနေသည်။

အကြေးခွံတစ်ထောင်နယ်မြေနှင့် ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်၏ အကာအကွယ်မရှိသဖြင့် နေရာအနှံ့အပြားတွင်ရှိနေသော စိတ်ဝိညာဉ်နတ်ဆိုး၏ မမြင်ရသောပုံရိပ်က ရွက်လှေထဲသို့ စိမ့်ဝင်ကာ သူအကျွမ်းကျင်ဆုံးအရာကို လုပ်ဆောင်နိုင်သည်။

ရန်ကျောက်ကဲတို့အုပ်စုမှာ သူတို့၏စိတ်များ အနည်းငယ်ယိမ်းယိုင်လာကြောင်း ခံစားရပြီး စိတ်ပိုင်းဆိုင်ရာအခြေအနေများ လှုပ်ရှားလာကြသည်။

အစိမ်းရောင်သစ်ပင်အမြစ်နားတွင်ရှိနေသော အဝါရောင်အလင်းတန်းက ပိုမိုတောက်ပလာသည်။

ရွက်လှေပေါ်မှလူများက သူတို့၏စိတ်အခြေအနေ တည်ငြိမ်အောင်ထိန်းထားပြီး ထိုအလင်းတန်းကို အာရုံစူးစိုက်ကြည့်နေကြသည်။

ထိုအလင်းတန်းအနားသို့ကပ်သွားရုံဖြင့် သို့မဟုတ် ၎င်း၏ပတ်ဝန်းကျင်တွင် ရှိနေရုံဖြင့်ပင် စိတ်ဝိညာဉ်နတ်ဆိုး၏ တည်ရှိမှုကို ခံစားရနိုင်သည်။

အလင်းတန်းထဲတွင်ရှိနေသော ရွှီဖေး၊ ရှီကျွင်းနှင့် ယင်ယွီကျန်းတို့အတွက် အခြေအနေများသည်လည်း ပိုမိုဆိုးရွားလာသည်။

မူလစိတ်ဝိညာဉ်နတ်ဆိုး ကိုယ်တိုင်ရောက်ရှိမလာသော်လည်း မြေကမ္ဘာပလ္လင်နတ်ဆိုး ပြန်လည်မွေးဖွားလာရန်အတွက် သူ့တွင် ကူညီနိုင်သည့်နည်းလမ်းများ ရှိနေသည်။

သို့သော် လူတိုင်း စိတ်ဝိညာဉ်နတ်ဆိုး ထွက်ပေါ်လာသည့်လက္ခဏာများ ခံစားလိုက်ရချိန်တွင် မိုးကြိုးသံပမာ ကြုံးဝါးသံတစ်သံက သူတို့နားထဲ ဝင်ရောက်လာသည်။

မိုးကြိုးသံများ ထွက်ပေါ်နေသော်လည်း လျှပ်စီးကြောင်းများ၏ အရိပ်အယောင်များ မမြင်ရပေ။

မိုးကြိုးသံထွက်ပေါ်လာသည်နှင့် စိတ်ဝိညာဉ်နတ်ဆိုး “လှစ်ခနဲ” ပျောက်ကွယ်သွားသည်။

သူတို့စိတ်ထဲတွင်ထွက်ပေါ်လာသော သဏ္ဌန်မဲ့လျှပ်စီးကြောင်းက ရွက်လှေထက်တွင် ဝဲပျံနေသည့် လျှပ်စီးကြောင်းကြေးမုံမှ ဆင်းသက်လာခြင်းဖြစ်သည်။

ထိုလျှပ်စီးကြောင်း ကြေးမုံအပိုင်းအစများက တောင်ပိုင်းချန်စန်းဧကရာဇ်ပိုင်ဆိုင်သည့်အရာ ဖြစ်သည်။

စိတ်ဝိညာဉ်နတ်ဆိုးကဲ့သို့ပင် သူသည်လည်း ဤနေရာတွင် ကိုယ်တိုင်ရောက်ရှိမနေခဲ့ပေ။ သို့သော် သူက အလွန်အစွမ်းထက်သော ပညာများဖြင့် မူလစိတ်ဝိညာဉ်နတ်ဆိုးကို တန်ပြန်တိုက်ခိုက်မှု စတင်ခဲ့သည်။

မူလစိတ်ဝိညာဉ်နတ်ဆိုးမှာ အခြားသော ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများ၏တိုက်ခိုက်မှုကိုလည်း ရင်ဆိုင်နေရဆဲ ဖြစ်သည်။

ပြီးတော့ သူကိုယ်တိုင်လည်း အခြေအနေမ‌ကောင်းလှပေ။

ထို့ကြောင့် သူအထူးကျွမ်းကျင်သည့် နယ်ပယ်တွင်ပင် သူ၏တန်ခိုးစွမ်းအားကို အပြည့်အဝ ပြသနိုင်ခြင်း မရှိခဲ့ပေ။

မိုးကြိုးပေါက်ကွဲသံထွက်ပေါ်လာပြီးနောက် နေရာတွင်ရှိနေသူတိုင်း စိတ်ကိုထိန်းညှိလိုက်ကြပြီး ယခင်အတိုင်း တည်ငြိမ်မှု ပြန်လည်ရရှိသွားကြသည်။

စိတ်ဝိညာဉ်နတ်ဆိုးကို သတိထားစောင့်ကြည့်ရန် မလိုအပ်တော့သဖြင့် လူတိုင်းက ကျရောက်လာမည့်ကပ်ဘေးဖြစ်သော မြေကမ္ဘာပလ္လင်နတ်ဆိုး ပြန်လည်မွေးဖွာလာခြင်းအား ရင်ဆိုင်ဖြေရှင်းရန် အာရုံစူးစိုက်နိုင်ခဲ့ကြသည်။

ရန်ကျောက်ကဲက လေထဲတွင် အင်းသင်္ကေတများ တစ်ခုပြီးတစ်ခု ဆက်လက်ရေးသားနေပြီး ထိုသင်္ကေတများက ဧရာမသစ်ပင်ကြီး၏ အခေါက်ပေါ်သို့ ကျရောက်သွားသည်။

လင်ချင်း၊ လုန်ရှင်းချွမ်၊ တိမ်လွှာခွင်းဧကရာဇ်နှင့် အခြားသူများက သစ်ပင်၏ ပတ်ဝန်းကျင်တွင် ရပ်နေကြသည်။

ရန်ကျောက်ကဲ ညွှန်ကြားသည့်အတိုင်း သူတို့က အင်းသင်္ကေတများကိုထုတ်ဖော်ပြီး သစ်ပင်ပတ်ဝန်းကျင်တွင် ဖန်တီးထားသော အစီအရင်ကို အားဖြည့်လိုက်ကြသည်။

ပြင်ပအကူအညီများကိုခံယူရင်း ရှီကျွင်းက လက်တစ်ဖက်ဖြင့် လက်ဟန်စည်းတံဆိပ်ပြုလုပ်ထားကာ အခြားလက်တစ်ဖက်က သူ၏မျက်ခုံးနှစ်ခုကြားသို့ ဖိနှိပ်ထားသည်။

သူ၏နဖူးရှိ အက်ကွဲရာမှ မြေရောင်အလင်းတန်းများ ဆက်လက်ထွက်ပေါ်နေဆဲပင်။

သူ့ရှေ့မှာတော့ မိခင်ဖြစ်သူ ယင်ယွီကျန်း၏ ခန္ဓာကိုယ်က ရေခဲခေါင်းတလားအတွင်းမှ လွတ်ထွက်လာပြီး လေထဲတွင် လွင့်ပျံလျှက် ရှိသည်။

ရုတ်တရက် သူမ၏မျက်ဝန်းများကို ဖွင့်ဟလိုက်သော်လည်း သူမ အိပ်မောကျနေမှုမှ နိုးထလာခြင်း မရှိသေးပေ။

မြေရောင်အလင်းတန်းများသည် သူမ၏ မျက်ဝန်းများကို သိမ်းပိုက်ထားပြီး ခံစားချက်မရှိသော အေးစက်မှုကို ထုတ်လွှတ်နေသည်။

သူမက တစ်စုံတစ်ခုပြောတော့မည့်အလား ပါးစပ်ဖွင့်လိုက်၏။

ရှီကျွင်းက မိခင်ဖြစ်သူ၏မျက်နှာကို စူးစိုက်ကြည့်နေသည်။ သူ၏မိခင် နိုးထလာရန်က အမြဲတမ်း သူ၏အိပ်မက် ဖြစ်ခဲ့သည်။

သို့သော် ယခုအချိန် မဟုတ်ပေ။

သူမ စကားမပြောခင်မှာပင် ရှီကျွင်းက ရန်ကျောက်ကဲသင်ပေးထားသည့်အတိုင်း လေထဲသို့ လက်ဖြင့်ရိုက်ချလိုက်သည်။

စိမ်းပြာရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ယင်ယွီကျန်း မျက်ခုံးနှစ်ခုကြားရှိ အက်ကွဲကြောင်းထဲသို့ ဝင်ရောက်သွားသည်။

စိမ်းပြာရောင်အလင်းတန်းက သူတို့နှစ်ယောက်ကြားတွင် တည်ရှိနေပြီး ပိုမိုကျယ်ပြန့်သလို ပို၍လည်းထူထဲလာကာ ကြိုးထုံးတစ်ခုပမာ ဖြစ်လာသည်။

အလင်းတန်းက ဆက်လက်ချဲ့တွင်လာကာ နောက်ဆုံး ကြီးမားသောအလင်းတန်းရှည်ကြီးအဖြစ် ပြောင်းလဲသွားသည်။  အပြင်ဘက်ရှိ ဧရာမသစ်ပင်၏ပုံရိပ်က ထိုအလင်းတန်းထဲတွင် ထင်ဟပ်လာသည်။

ထို့နောက် ရှီကျွင်းက လက်နှစ်ဖက်ကို တပြိုင်တည်းမြှောက်လိုက်ပြီး ပါးစပ်မှ တစ်စုံတစ်ခု ရေရွတ်လိုက်သည်။

သူလှုပ်ရှားလိုက်သည်နှင့် သူတို့နှစ်ယောက်၏ မျက်ခုံးနှစ်ခုကြားမှ ထွက်ပေါ်နေသည့် မြေရောင်နတ်ဆိုးအလင်းတန်းက တစ်နေရာတည်းသို့ စုစည်းလာသည်။

နတ်ဆိုးအလင်းတန်းက စိမ်းပြာရောင်အလင်းတန်းအတိုင်းစီးဆင်းသွားပြီး အလယ်ဗဟိုတွင် စုဝေးသွားကြသည်။

မြေရောင်နတ်ဆိုးအလင်းတန်းများ စုဝေးလာသည်နှင့်အမျှ စိမ်းပြာရောင်အလင်းတန်းအတွင်း ထင်ဟပ်နေသော သစ်ပင်ကြီးက တဖြည်းဖြည်း ညှိုးနွမ်းသွားသည်။

သို့သော် ပြန်လည်မွေးဖွားရန် ရည်ရွယ်ထားသော မဟာနတ်ဆိုးနှစ်ပါးမှာ ရက်စက်ကြမ်းတမ်းသော ဟိန်းဟောက်သံတစ်သံ ထုတ်လွှတ်ပြီး ပြင်းထန်စွာ ရုန်းကန်လာသည်။

စိမ်းပြာရောင်အလင်းတန်းက ပြတ်တောက်တော့မည့်အလား တုန်ခါလာသည်။

အကြေးခွံတစ်ထောင်နယ်မြေနှင့် ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင် မရှိသဖြင့် ဤအဆင့်က မဟာနတ်ဆိုးများကိုရင်ဆိုင်ရသည့် လူသားတစ်ယောက်အတွက် အကြီးမားဆုံး အခက်အခဲပင် ဖြစ်သည်။

ထိုအချိန် တိတ်ဆိတ်စွာရှိနေသော ရွှီဖေးကလည်း အဝေးမှ သူ၏လက်များကို မြှောက်လိုက်သည်။

မြေခွင်းပုလဲ၏ ဝိညာဉ်စွမ်းအားက သူ၏ညွှန်ကြားချက်ကို လက်ခံရရှိပြီး အလင်းတန်းကြိုးများအဖြစ် ပြောင်းလဲသွားသည်။

ထို့နောက် ထိုကြိုးများက လေးဘက်လေးတန်မှ ထွက်လာပြီး ရှီကျွင်းနှင့် ယင်ယွီကျန်းတို့ကို ချုပ်နှောင်လိုက်သည်။

ကြိုးများဖြင့် ချုပ်နှောင်ခံရသည့်အခါ မဟာနတ်ဆိုးနှစ်ပါး၏ ဟိန်းဟောက်သံများ အနည်းငယ်တိုးလျသွားသည်။  စိမ်းပြာရောင်အလင်းတန်းသည်လည်း ပြန်လည်ဟန်ချက်ညီသွားပြီး ထုံးတမ်းအစီအရင် စတင်လည်ပတ်လာသည်။

နတ်ဆိုးအလင်းတန်းများနှင့် နတ်ဆိုးအငွေ့အသက်များက လေထဲတွင်လည်ပတ်နေသည့် အလင်းစက်ဝန်းထဲသို့ စုပ်ယူခံလိုက်ရသည်။

အပြင်ဘက်ရှိ ရန်ကျောက်ကဲတို့အုပ်စု ဝိုင်းရံထားသော သစ်ပင်မှာလည်း ညှိုးနွမ်းလာသည်။

ဤဖြစ်စဉ်ကိုတွေ့သည်နှင့် လူတိုင်းဝမ်းသာသွားပြီး စိတ်ပူပန်မှုများ လျော့ပါးသွားကြသည်။ ရန်ကျောက်ကဲက တည်ငြိမ်မှုကို ထိန်းသိမ်းထားရင်း လှုပ်ရှားမှုများကို အရှိန်မြှင့်လိုက်သည်။

သူ၏လက်ချောင်းထိပ်များမှ အင်းသင်္ကေတများ ပိုမိုများပြားစွာ ထွက်ပေါ်လာသည်။ အင်းသင်္ကေတများက အရွယ်အစားသေးငယ်လာသော်လည်း ပိုမိုနက်ရှိုင်းပြီး ရှုပ်ထွေးလာသည်။

အင်းသင်္ကေတအမြောက်အမြား သစ်ပင်ပေါ်သို့ ကျရောက်သွားသည်။

ယခုတစ်ကြိမ် သစ်ပင်အခေါက်ပေါ်သို့သာ မဟုတ်ပေ ၊ သစ်ပင်အရွက်များထက်သို့လည်း ကျရောက်သွားသည်။

သစ်ရွက်တစ်ရွက်ချင်းစီထက်သို့ အင်းသင်္ကေတတစ်ခုချင်းစီ ကျရောက်သွားသည်။

ဤသို့ အင်းသင်္ကေတဖြင့် အားဖြည့်ပြီးနောက် ညှိုးနွမ်းလုနီးပါးဖြစ်နေသော သစ်ပင်ကြီးက ရုတ်တရက် ညှိုးနွမ်းမှု ရပ်တန့်သွားပြီး တစ်ဖန်စိမ်းလန်းစိုပြည်လာသည်။

ရှီကျွင်းနှင့် ရွှီဖေး၏ ဇွဲနပဲဖြင့် ကြိုးစားလုပ်ဆောင်မှုကြောင့် သစ်ပင်၏ညှိုးနွမ်းမှုလက္ခဏာများက ပြင်းထန်နေခဲ့သည်။

သို့သော် ရန်ကျောက်ကဲတို့အုပ်စု၏ ပြင်ပအကူအအညီများကြောင့် သစ်ပင်ညှိုးနွမ်းနေသည့်အရှိန်က သိသိသာသာ နှေးကွေးသွားသည်။ ဖိအားများကို ပိုမိုခံနိုင်ရည်ရှိပြီး ကြာရှည်ခံနိုင်သည်။

အခြေအနေဖြစ်ပုံကိုကြည့်ပြီး လူတိုင်းစိတ်လှုပ်ရှားလာကြသည်။

နတ်ဆိုးအငွေ့အသက်များထုတ်ယူပြီးသည်အထိ ဆက်လက်ထိန်းထားနိုင်မည်ဆိုလျှင် အောင်မြင်မှုရရှိနိုင်ပြီး ရန်သူ၏ပြန်လည်မွေးဖွားခြင်းလမ်းကြောင်း ဖြတ်တောက်ခံရမည်ဖြစ်ရာ နတ်ဆိုးများအနေဖြင့် ဘာမှလုပ်ဆောင်နိုင်စွမ်းမရှိတော့ပေ။

လက်ရှိတွင် သူတို့အစီအစဉ် တစ်ဝက်သာ အောင်မြင်သေးသည်။ အခြားတစ်ဝက်က တစ်ဖက်မှ ဖိအားများကို ခံနိုင်ရည်ရှိမရှိအပေါ် မူတည်သည်။

သွေးနီရောင်ဓားအလင်းတန်းက စကြာဝဠာထဲ ဖြတ်သန်းသွားလာပြီး အခိုးအငွေ့ဟင်းလင်းပြင်များကို လျင်မြန်စွာ ဖြတ်ကျော်ပျံသန်းနေသည်။

သီးခြားတည်ရှိသည့် စကြာဝဠာတစ်ခုသို့ ဖြတ်သန်းသွားစဉ် ရုတ်တရက် နတ်ဆိုးချီများထွက်ပေါ်လာပြီး ရန်လိုသည့်အငွေ့အသက်များ ဖြစ်ပေါ်လာသည်။

နက်မှောင်သည့်မြူခိုးများထဲတွင် မဟာနတ်ဆိုးတစ်ပါး၏ ရက်စက်ကြမ်းတမ်းသောပုံရိပ်ထွက်ပေါ်လာပြီး ထိုနတ်ဆိုးက အကြောက်အရွံ့မရှိဘဲ သွေးနီရောင်ဓားအလင်းတန်း၏လမ်းကြောင်းကို တားဆီးရန် ထိုးဖောက်ဝင်ရောက်လာသည်။

သို့သော် သွေးနီရောင်ဓားအလင်းတန်းက အလွန်လျှင်မြန်သည်ဖြစ်ရာ နတ်ဆိုး၏ပိတ်ဆို့မှုကို မျက်စိတစ်မှိတ်အတွင်း ဖြတ်ကျော်သွားသည်။

ဓားအလင်းတန်းက တန်ပြန်တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိဘဲ ရှေ့သို့ဆက်သွားရင်း စကြဝဠာထဲတွင် ချက်ချင်းပျောက်ကွယ်သွားသည်။

မဟာနတ်ဆိုးက လက်လျှော့ရန် ဆန္ဒမရှိဘဲ လျှင်မြန်စွာပျံသန်းပြီး ဓားအလင်းတန်းအား လိုက်လံ ဖမ်းဆီးခဲ့သည်။ သို့သော် မည်မျှကြိုးစားစေကာမူ သူတို့ကြားမှအကွာအဝေးက ပိုမိုကျယ်ပြန့်လာရုံသာ ဖြစ်သည်။

နောက်ဆုံး ဓားအလင်းတန်းက ခြေရာမကျန်ပျောက်ကွယ်သွားပြီး မဟာနတ်ဆိုး နောက်တွင်ကျန်ရစ်ခဲ့တော့သည်။

ရန်ကျောက်ကဲ၊ ဖန်းယွင်ရှန်း၊ ရန်တိနှင့် အခြားသူများက သူတို့ကိုယ်သူတို့ ထိန်းညှိနေပြီး ငရဲကိုးထပ်မှနတ်ဆိုးများ လှုပ်ရှားနိုင်ရန် လုံလောက်သည့်အချိန်ပေးထားသည်။

ငရဲကိုးထပ်တစ်ခုလုံးက ထိန်းချုပ်ခံထားရပြီး မူလစိတ်ဝိညာဉ်နတ်ဆိုးနှင့် သစ်သားနတ်ဆိုးကဲ့သို့သော ကောင်းကင်နတ်ဘုရားအဆင့်ရှိ နတ်ဆိုးဘုရင်များသည်ပင် တိုက်ပွဲမှလွတ်မြောက်ရန် နည်းလမ်းမရှိခဲ့ပေ။

သို့သော် ငရဲကိုးထပ်မှ အခြားသောနတ်ဆိုးများက အဆက်မပြတ်ထွက်ပေါ်လာပြီး ဗလာနယ်ထဲသို့ ဝင်ရောက်လာကြသည်။

သူတို့က နတ်ဆိုးစစ်သည်များကိုစုစည်းပြီး တပ်ဖြန့်ကာ မြေကမ္ဘာနတ်ဆိုးကိုကူညီရန် ပြင်ဆင်ကြသည်။

သို့ပေသိ ကောင်းကင်နတ်ဘုရားအဆင့် မဟုတ်သဖြင့် သွေးနီရောင်ဓားအလင်းတန်းနောက်သို့ လိုက်မမီခဲ့ကြပေ။

ကောင်းချင်းရွှမ် ရွက်လှေကိုထိန်းချုပ်ရသည့်အကြောင်းရင်း နှစ်ရပ်ရှိသည်။

ပထမတစ်ချက်မှာ သူမက ထိုက်ရွှီးနတ်ဘုရားကျင့်ကြံခြင်းအဆင့် ဖြစ်သည်။

နောက်တစ်ချက်မှာ သူမကျင့်ကြံထားသည့် နတ်ဘုရားထောင်ချောက်ဓားသိုင်းက ဗလာနယ်ကို ထိုးခွင်းနိုင်စွမ်းရှိသည်။

ကောင်းချင်းရွှမ်၏ ထိန်းချုပ်မှုအောက်တွင် မိုးပျံရွက်လှေကြီး ရှေ့သို့ချီတက်နှုန်းက အလွန်လျှင်မြန်သဖြင့် နတ်ဆိုးအများစုမှာ စိတ်ပျက်လက်ပျက်ဖြင့် ကျန်ရစ်ခဲ့သည်သာပင်။

သွေးနီရောင်ဓားအလင်းတန်းက စကြာဝဠာထဲတွင် မရပ်မနားပျံသန်းနေပြီး မြန်နှုန်းအားသာချက်ကိုအသုံးပြုလျှက် စည်းတံဆိပ်တစ်ခုပြီးတစ်ခုကို ဖြတ်ကျော်ခဲ့သည်။

နတ်ဆိုးများအနေဖြင့် ဒေါသတကြီး‌အော်ဟစ်လျှက် ကျန်ရစ်ခဲ့ရုံမှတပါး ဘာမှမတတ်နိုင်ခဲ့ကြပေ။

All Chapters