စကြာဝဠာကိုထိုးခွင်း ၊ ယင်နှင့်ယန်ကိုပြောင်းပြန်လှန်
Vol. 103 Ch. 1448
အခန်း (၁၄၄၈) စကြာဝဠာကိုထိုးခွင်း ၊ ယင်နှင့်ယန်ကိုပြောင်းပြန်လှန်
ရန်တိက ရှေ့တွင် လမ်းဖွင့်ပေးခဲ့ပြီး ဖန်းယွင်ရှန်းက နောက်မှလိုက်လံတိုက်ခိုက်သောရန်သူများကို ဖြေရှင်းပေးခဲ့သည်။ ထို့ကြောင့် ကောင်းချင်းရွှမ်အနေဖြင့် စိတ်ပူပန်စရာမလိုဘဲ မိုးပျံရွက်လှေကြီးကို ထိန်းချုပ်ရာတွင် အာရုံစိုက်နိုင်သည်။
ကောင်းချင်းရွှမ်က သူမ၏ကိုယ်ပွားနှင့်အတူ နတ်ဘုရားထောင်ချောက်ဓားကို အသုံးပြုပြီး မိုးပျံရွက်လှေကြီးကို ထိန်းချုပ်ထားလေရာ ထိုက်ရွှီးနတ်ဘုရားအဆင့်တွင် သူမ၏မြန်နှုန်းကို လိုက်မီသူမရှိသလောက် ဖြစ်၏။
သွေးနီရောင်ဓားအလင်းတန်းက စကြာဝဠာထဲတွင် ပျံသန်းလျှက် အရံအတားများကို တစ်ခုပြီးတစ်ခုကျော်ဖြတ်ကာ ရန်သူများအားလုံးကို နောက်တွင် ကျန်ရစ်စေခဲ့သည်။
နတ်ဆိုးအုပ်စုမှာ ရန်ကျောက်ကဲတို့အုပ်စုကိုတားဆီးရန် မည်သို့မှ မတတ်နိုင်ခဲ့ပေ။
ဓားအလင်းတန်းကို ဝိုင်းဝန်းပိတ်ဆို့ရန်ကြိုးစားသည့်တိုင် ဓားအလင်းတန်းက သူတို့ကို ထိုးဖောက်ဖြတ်ကျော်သွားသည်ချည်းပင်။
ဤကိစ္စက မြေကမ္ဘာပလ္လင်နတ်ဆိုး ပြန်လည်မွေးဖွားခြင်းနှင့် သက်ဆိုင်နေလေရာ ငရဲကိုးထပ်မှနတ်ဆိုးများက ဤအတိုင်းလက်လျှော့လိုက်ရန် ဆန္ဒမရှိပေ။
သူတို့က နောက်တွင်ကျန်ရစ်ခဲ့သည်တိုင် ပြန်လည်လူစုပြီး တည်နေရာများ ပြန်လည်ချိန်ညှိကာ ဓားအလင်းတန်းနောက်သို့ ဆက်လိုက်ရန် ကြိုးစားခဲ့ကြသည်။
အရေးကြီးသည်မှာ ဗုဒ္ဓဘာသာကျွမ်းကျင်သူများနှင့် နတ်မိစ္ဆာမျိုးနွယ်ကျင့်ကြံသူများကလည်း တိုက်ပွဲထဲဝင်ရောက်လာပြီး ရန်ကျောက်ကဲတို့အုပ်စုအပေါ် ဖိအားများပေးလာကြခြင်းပင်။
ရေပလ္လင်နတ်ဆိုး ပြန်လည်မွေးဖွာလာစဉ်ကအတိုင်း ဗုဒ္ဓဘာသာနှင့် နတ်မိစ္ဆာများက နတ်ဆိုးပြန်လည်မွေးဖွားလာမည့် ရုပ်ခန္ဓာများကို သုတ်သင်ပစ်လိုကြသည်။
တစ်ချိန်တည်းမှာပင် သူတို့က ရန်ကျောက်ကဲတို့အုပ်စုအား ဖမ်းဆီးချင်ခဲ့ကြသည်။
ယခုအချိန်က ရေပလ္လင်နတ်ဆိုးကိုထိန်းချုပ်စဉ်ကနှင့်မတူညီပေ။ ရန်ကျောက်ကဲတို့အုပ်စုအနေဖြင့် အောင်မြင်သည်ဖြစ်စေ ရှုံးနိမ့်သည်ဖြစ်စေ ငရဲကိုးထပ်လက်မှ လွတ်အောင်ပြေးရပေမည်။
သူတို့သာ လွတ်အောင်ပြေးနိုင်ပါက နတ်ဆိုးများအနေဖြင့် ထျန်းစူးစကြာဝဠာကို ရှာဖွေရန်မဖြစ်နိုင်တော့ဘဲ မကျော်ဖြတ်နိုင်သည့် အခက်အခဲများနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
ထို့ကြောင့် ဗုဒ္ဓဘာသာကျင့်ကြံသူများနှင့် နတ်မိစ္ဆာများကလည်း သွေးနီရောင်ဓားအလင်းတန်းကို ဝိုင်းဝန်းတားဆီးရန် ကြိုးစားနေကြခြင်းပင်။
သို့သော် သူတို့အားလုံးက တစ်ယောက်နှင့်တစ်ယောက် မဟာမိတ်ဖွဲ့ထားသူများ မဟုတ်ကြပေ။
အနောက်ဘက်သူတော်စင်ဘုံနှင့် နတ်မိစ္ဆာများသည်လည်း အချင်းချင်း အငြင်းပွားမှုများ ရှိနေကြသည် မဟုတ်လား။
သူတို့ (၃)ဖွဲ့လုံးက တာအိုဝါဒကျင့်ကြံသူများနောက်လိုက်နေကြသော်လည်း ဤသည်က သူတို့၏အကျိုးစီးပွားအတွက်သာဖြစ်ပြီး သူတို့လှုပ်ရှားမှုများက လုံးဝ ညီညွတ်မှုမရှိခဲ့ပေ။
(၃)ဖွဲ့လုံး အချင်းချင်း ထိပ်တိုက်ရင်မဆိုင်မိသည်မှာပင် အံ့သြစရာဖြစ်နေပေပြီ။
သို့ပေသိ ဤနည်းအားဖြင့် ရန်ကျောက်ကဲတို့အဖွဲ့ကိုဝိုင်းထားသူများ အရေအတွက် ပိုမိုများပြားလာတော့သည်။
ရုတ်တရက် ရွှေရောင်အလင်းတန်းတစ်ခုက လူတိုင်းကို ဖြတ်ကျော်ပျံသန်းသွားသည်။
အခြားသူများက ဓားအလင်းနှေးကွေးသွားအောင် ဝိုင်းရံလိုက်သည့်အချိန် ထိုရွှေရောင်အလင်းတန်းက သွေးနီရောင်ဓားအလင်းတန်းအနီးသို့ ချဉ်းကပ်လာသည်။
ရွှေရောင်အလင်းတန်းထဲမှ သက်လတ်ပိုင်းလူရွယ် တာအိုဆရာတစ်ယောက်ပုံရိပ် ထွက်ပေါ်လာသည်။
သူက တိမ်မြူမိုင်တစ်သောင်းဂဠုန်၏သား ၊ နတ်မိစ္ဆာမျိုးနွယ်မှ သူတော်စင်ငယ်’ဖုလော်ကျီ’ ပင် ဖြစ်၏။
သူ၏မြန်နှုန်းက ထိုက်ရွှီးနတ်ဘုရားအဆင့် ကျင့်ကြံသူများအလယ် အမြန်ဆုံးထဲမှတစ်ယောက်အဖြစ် သတ်မှတ်ခံရသည်။
ရန်ကျောက်ကဲတို့အုပ်စု အတားအဆီးများကိုဖြတ်ကျော်ချိန် မြန်နှုန်းအနည်းငယ် နှေးကွေးသွားသည့်အခါ ဖုလော်ကျီက သူတို့ကို လိုက်မီလာခဲ့သည်။
သူက ရွက်လှေကြီးကို ချက်ချင်းမတိုက်ခိုက်ခဲ့ပေ။
သူ၏ရွှေအတောင်ပံများကို ပြင်းထန်စွာရိုက်ခတ်လိုက်ပြီး ရွှေရောင်အလင်းတန်းများပမာ မိုးကြိုးလှိုင်းများကို သွေးနီရောင်ဓားဆီသို့ ပို့လွှတ်လိုက်သည်။
ဓားအလင်းတန်း၏ဓားရိုးမှ မှောင်မိုက်သည့်ဓားဝိညာဉ်ထွက်ပေါ်လာပြီး ဥက္ကာပျံများဆင်းသက်လာသည့်ပမာ မဟာဂဠုန်’ဖုလော်ကျီ’ ကို တိုက်ခိုက်လိုက်သည်။
ဖုလော်ကျီ၏မျက်ဝန်းများအေးစက်သွားသော်လည်း သူက တည်ငြိမ်မှုကို ထိန်းသိမ်းထားသည်။
သူက နောက်ကျမကျန်စေရန် သေချာစေပြီးမှ ရန်ကျောက်ကဲတို့အုပ်စုအား တန်ပြန်တိုက်စစ်ဗျူဟာဖြင့် တားဆီးရန်ကြိုးစားလိုက်သည်။
တစ်ချိန်တည်းမှာပင် တိုက်ပွဲထဲသို့ဝင်ရောက်လာသည့် အခြားကျင့်ကြံသူများက သွေးနီရောင်ဓားအလင်းတန်းကို အဝေးမှ ဝိုင်းဝန်းတိုက်ခိုက်လိုက်ကြသည်။
သွေးနီရောင်ဓားအလင်းတန်းရော ဖုလော်ကျီပါ အလွန်လျှင်မြန်ကြသည်။
ထို့ကြောင့် တိုက်ခိုက်သူများမှာ ဧရာမဓားအလင်းတန်း၏တည်နေရာကို ခန့်မှန်းတိုက်ခိုက်ခဲ့သော်လည်း အားလုံး လွဲချော်သွားကြရသည်။
သူတို့၏တိုက်ခိုက်မှုများ ကျရောက်သွားချိန် ဓားအလင်းတန်းက ထိုနေရာမှ ထွက်ခွာသွားသည်မှာ အချိန်ကြာမြင့်၍ပင် နေပေပြီ။
သို့သော် များပြားလှစွာသောတိုက်ခိုက်မှုများမှ အနည်းငယ်ကတော့ သွေးနီရောင်ဓားအလင်းတန်းကို ထိမှန်ခဲ့သည်။
ရန်သူများက အလျင်စလိုတိုက်ခိုက်ခဲ့သဖြင့် သူတို့တိုက်ခိုက်မှုတွင်ပါဝင်သောတန်ခိုးစွမ်းအားကလည်း အလွန်များပြားခြင်းမရှိပေ။
သို့သော် သွေးနီရောင်ဓားအလင်းတန်းကို ထိမှန်အောင်တိုက်ခိုက်နိုင်သူများမှာ ချီစွမ်းအား(၅)မျိုး ပေါင်းစပ်ထားသည့် ထိုက်ရွှီးနတ်ဘုရားအဆင့်များသာ ဖြစ်ကြသည်။
ထိုက်ရွှီးနတ်ဘုရားများ၏ ပေါ့ပေါ့ပါးပါးတိုက်ခိုက်မှုတစ်ခုသည်ပင် နက်ရှိုင်းနတ်ဘုရားများ ရှုံးနိမ့်သွားစေရန် လုံလောက်သည်။
သွေးနီရောင်ဓားအလင်းတန်းမှာ တိုက်ခိုက်မှုတစ်ခုထိမှန်တိုင်း လေထဲတွင် အနည်းငယ် တုန်ခါသွားသည်။
ရန်တိနှင့် ဖန်းယွင်ရှန်းတို့က မိုးပျံရွက်လှေအစွန်းနှစ်ဖက်တွင်ရပ်နေကြပြီး ရှေ့တွင်ရှိသောရန်တိက ရန်သူ၏အတားအဆီးများကိုကျော်ဖြတ်ရန် တာဝန်ယူထားပြီး နောက်ဘက်တွင်ရှိနေသည့် ဖန်းယွင်ရှန်းက လိုက်လံဖမ်းဆီးနေသော ဖုလော်ကျီကို ကိုင်တွယ်ရန် တာဝန်ယူထားသည်။
သူတို့အနေဖြင့် ရွက်လှေဆီသို့ကျရောက်လာသော တိုက်ခိုက်မှုလှိုင်းများကို ဖြေရှင်းရန် မတတ်နိုင်ခဲ့ကြပေ။
ထို့ကြောင့် အနည်းငယ် ထိခိုက်မှုရှိပြီး ဓားအလင်းတန်းပျံသန်းနှုန်းက အနည်းငယ် နှေးကွေးသွားသည်။
ဓားအလင်းတန်းနှေးကွေးသွားသည်ကိုတွေ့တော့ ရန်သူများ အလွန်ဝမ်းမြောက်သွားပြီး ပိုမိုအားထုတ်ကာ တိုက်ခိုက်လိုက်ကြသည်။
ထိုအချိန် သွေးနီရောင်ဓားအလင်းတန်းမျက်နှာပြင်ထက်တွင် တောက်ပသော အဖြူရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး ဓားအလင်းတန်းတဝိုက် မှိန်ဖျော့စွာ လှည့်ပတ်နေသည်။
ပြင်ပမှတိုက်ခိုက်မှုများအားလုံး အဖြူရောင်အလင်းတန်းထဲသို့ ပျော်ဝင်သွားပြီး သက်ရောက်မှု နည်းပါးသွားသည်။
ကောင်းချင်းရွှမ်နှင့် သူမ၏ကိုယ်ပွားကတော့ မူလနေရာမှာပင် တည်ငြိမ်စွာရှိနေပြီး ရွက်လှေကုန်းပတ်ထက်တွင် လုန်ရှင်းချွမ် တင်ပျဉ်ခွေထိုင်လျှက်ရှိသည်။
သူ့ရှေ့တွင် ကုန်းပတ်ထက်သို့ ထိုးစိုက်ဓားသော ဓားတစ်လက် ရှိနေသည်။
သူ့ဘေးမှာတော့ လဝန်းထက်ယံအရှင်သခင်’လင်ချင်း’ ရှိနေလေသည်။
သူမက ရွက်လှေအခန်းထဲမှထွက်လာပြီး ဖန်းယွင်ရှန်း ၊ ရန်တိနှင့် ကောင်းချင်းရွှမ်တို့ ဖိအားနည်းသွားစေရန် ကူညီပေးခဲ့ခြင်းပင်။
လင်ချင်းအကူအညီဖြင့် ကြီးမားသော သွေးနီရောင်ဓားကြီး နောက်တစ်ကြိမ် အရှိန်မြင့်လာခဲ့သည်။
သို့သော် ဖုလော်ကျီအပြင် မြူခိုးအသွင်နတ်ဆိုးသည်လည်း မြင်ကွင်းထဲ ပြန်လည်ထွက်ပေါ်လာပြီး ရွက်လှေကို ဖြည်းဖြည်းချင်း လိုက်မီလာလေသည်။
ဤသို့ မြန်နှုန်းမြင့်ရန်သူနှစ်ယောက် လိုက်လံဖမ်းဆီးခြင်းခံနေရပါက ရန်ကျောက်ကဲတို့အုပ်စုအတွက် အားနည်းချက်တစ်ခုဆီသို့ ပို့ဆောင်ပေးမည်မှာ သေချာသည်။
သို့သော် နတ်ဆိုးဘုရင်ချဉ်းကပ်လာသည်နှင့် ပျံသန်းနေသော သွေးနီရောင်ဓားအလင်းတန်းက ရုတ်တရက် ဦးတည်ရာပြောင်းလဲလိုက်သည်။
ကောင်းချင်းရွှမ်နှင့် သူမ၏ကိုယ်ပွားက ပြိုင်တူပင် ယင်နှင့်ယန်ကိုပြောင်းပြန်လည်ပတ်စေလျှက် တိုက်ခိုက်မှုကို ထုတ်လွှတ်လိုက်သည်။
သွေးနီရောင်ဓားအလင်းတန်း လက်ခနဲတောက်ပသွားပြီး ဇွဲမလျှော့တမ်းလိုက်ပါလာသော ဖုလော်ကျီကို ခုတ်ဖြတ်ချလိုက်သည်။
ဗလာနယ်ထဲတွင် ပျံသန်းရင်း သို့မဟုတ် မတူညီသော စကြာဝဠာအလွှာများကို ကျော်ဖြတ်သည့်အခါ ဦးတည်ချက်က မရေရာပေ။
သို့သော် ဖုလော်ကျီက ဗလာနယ်ထဲမှ ရှုပ်ထွေးသောအသွင်ပြောင်းမှုများကို လေ့လာထားသူ ဖြစ်သည်။
ထို့ကြောင့် သူက ဗလာနယ်ထဲတွင် ဖြောင့်တန်းသည့်မျဉ်းကြောင်းတစ်ခုပမာ သွေးနီရောင်ဓားအလင်းတန်းနောက်သို့ လိုက်ပါလာနိုင်ခဲ့သည်။
သို့သော် သူ၏မြင်ကွင်းထဲမှ ဖြောင့်တန်းသောမျဉ်းကြောင်းက ရုတ်တရက် ပြောင်းလဲသွားသည်။
ဓားအလင်းတန်းက နောက်ဖက်သို့ ရုတ်တရက်ပြန်လှည့်လာပြီး သူဆီသို့ ထိုးဖောက်ဝင်ရောက်လာသည်။
ဖုလော်ကျီ အံ့အားသင့်သွားသော်လည်း၊ ထိတ်လန့်မှုမဖြစ်ပေါ်ခဲ့ပေ။
သူက လျှင်မြန်သည်သာမဟုတ်ဘဲ နတ်မိစ္ဆာမျိုးနွယ် ထိုက်ရွှီးမူလနတ်ဘုရားအဆင့် ကျင့်ကြံသူများကြား အရည်အချင်းမြင့်မားသူတစ်ယောက်လည်း ဖြစ်သည်။
ထိုအချိန် ဓားအလင်းတန်းမှ ခရမ်းရောင် ၊ အဖြူရောင် ၊ အနက်ရောင်နှင့် သွေးနီရောင်အလင်းတန်းများ ဖြာထွက်လာပြီး မတားဆီးနိုင်သော အရှိန်အဟုန်ကို ယူဆောင်လာသည်။
ဒါကိုမြင်တော့ ဖုလော်ကျီ မျက်နှာအမူအရာ အနည်းငယ်ပြောင်းလဲသွားသည်။ သူက ထိုတိုက်ခိုက်မှုကို ခံနိုင်ရည်မရှိကြောင်း နားလည်လိုက်ပြီး ရှောင်တိမ်းရန်သာ တတ်နိုင်ခဲ့သည်။
ဓားအလင်းတန်းက ဖုလော်ကျီကို ဖြတ်သန်းသွားပြီး ဖြူခိုးအသွင်နတ်ဆိုးဘုရင် ရောက်မလာခင် ဝိုင်းဝန်းတားဆီးမှုများအားလုံးကို ထိုးဖောက်ထွက်သွားတော့သည်။
အခြားရန်သူများ၏ တိုက်ခိုက်မှုများသည်လည်း လုံးဝ လွဲချော်သွားရလေသည်။
“ဆက်လိုက်ကြ ၊ ဒီအတိုင်းဆက်လိုက်နေရင် အချိန်ကြာလာတဲ့အမျှ သူတို့လှုပ်ရှားမှု နှေးကွေးသွားလိမ့်မယ်”
ဖုလော်ကျီက တည်ကြည်သောမျက်နှာထားဖြင့် အမိန့်ပေးလိုက်ပြီး သူ၏ မဟာဂဠုန်အတောင်ပံများကို ရိုက်ခတ်ရင်း သွေးနီရောင်ဓားသွားနောက်သို့ ဆက်လက်လိုက်ပါသွားသည်။
အခြားကျင့်ကြံသူများကလည်း သူနှင့်အတူ လိုက်ပါသွားကြသည်။
သို့သော် ငရဲကိုးထပ်နတ်ဆိုးများကတော့ ပိုပြီး စိတ်ပူပန်လာသည်။
နတ်မိစ္ဆာများနှင့် ဗုဒ္ဓဘာသာများက ပြန်လည်မွေးဖွားလာမည့် မြေကမ္ဘာပလ္လင်နတ်ဆိုးကိုသာ ဦးတည်နေကြခြင်းမဟုတ်ပေ။ ရန်ကျောက်ကဲတို့အုပ်စုအားလည်း ဖမ်းဆီးချင်နေကြသည်။
ဤပြဿနာကို လျှင်မြန်စွာမဖြေရှင်းနိုင်ပါက မြေကမ္ဘာပလ္လင်နတ်ဆိုး ပြန်လည်မွေးဖွားမှု ကျရှုံးသွားပေမည်။
ယခု မြေကမ္ဘာနတ်ဆိုး၏ရောင်ဝါ ပိုမိုအားနည်းလာပြီး မတည်ငြိမ်သောအခြေအနေသို့ ရောက်ရှိနေကြောင်း နတ်ဆိုးများ အာရုံခံမိကြသည်။
ယွဲ့ကျန့်ပေ ၊ လုန်ရှင်းချွမ် နှင့် တိမ်လွှာခွင်းဧကရာဇ်တို့က ရွက်လှေအခန်းထဲမှထွက်လာကြသည်။
သူတို့က ဖန်းယွင်ရှန်း၊ ရန်တိနှင့် ကောင်းချင်းရွှမ်တို့ကိုကူညီပြီး ရန်သူများကိုခုခံရန်အတွက် ရွက်လှေကုန်းပတ်ပေါ်သို့ တက်လာကြသည်။
ရွက်လှေအခန်းထဲတွင် ရန်ကျောက်ကဲတစ်ယောက်သာလျှင် ကျန်ရစ်ခဲ့သည်။
သူ၏လက်ဟန်လှုပ်ရှားမှုများက ဆက်တိုက်ပြောင်းလဲနေပြီး အင်းသင်္ကေတများတစ်ခုပြီးတစ်ခုဖန်တီးလျှက် သူ့အရှေ့မှ ဧရာမသစ်ပင်ကြီးဆီ ပို့လွှတ်လိုက်သည်။
ယခု သစ်ပင်ကြီး၏ စိမ်းလန်းသောအရောင်များ ပျောက်ကွယ်သွားပြီး ညှိုးနွမ်းသော သစ်ပင်တစ်ပင်အဖြစ် ပြောင်းလဲသွားပေပြီ။
သို့သော် မြေကမ္ဘာပလ္လင်နတ်ဆိုး ပြန်လည်မွေးဖွားမှုကို ထိန်းချုပ်ရန် အသုံးပြုသော ထုံးတမ်းအစီအရင်က အဆုံးသတ်ရန်နီးကပ်လာပြီဖြစ်၏။
ရှီကျွင်းတို့အတွက် အောင်မြင်မှုအခွင့်အလမ်းများ သိသာထင်ရှားလာပေပြီ။
သို့သော် ထိုခဏတွင် ကုန်းပတ်ထက်တွင် ဝဲပျံနေသည့် မိုးကြိုးကြေးမုံမှန်အပိုင်းအစများ အနည်းငယ်တုန်ခါသွားပြီး ကြေးမုံမှန်အလင်းသည်လည်း မှိန်ဖျော့သွားလေ၏။