← Chapters

အခန်း (၁-၃)

Vol. 1 Ch. 1-3

အခန်း (၁-၃)

Vol. 1 Ch. 1-3

အခန်း(၁) နှစ်သုံးထောင်ကြာတာတောင် လူငယ်လေးအဖြစ်ပြန်ရောက်လာတယ်

ဖေဖော်ဝါရီ ၁၄ရက်၊

ချစ်သူများနေ့၊

ပေကျန်းမြို့။

နေဝင်ရီတရောအချိန်မှစ၍ နှင်းပွင့်များသည် ကောင်းကင်ယံထက်မှ တဖွဲဖွဲကျဆင်းလျက်ရှိသော်လည်း စုံတွဲများစွာ၏ စိတ်အားထက်သန်မှုကို မတားဆီးနိုင်ခဲ့ပေ။ နှင်းဖွေးဖွေးထူနေသည့်‌ လမ်းမများထက်တွင် လူများစွာ ပြည့်ကြပ်လျက်ရှိသည်။

ပေကျန်းပန်းခြံ၌မူ အရာအားလုံးသည် အလွန်တိတ်ဆိတ်ငြိမ်သက်နေ၏။

ပေကျန်းပန်းခြံ၏ အလယ်တွင် အတန်သင့်ကျယ်ဝန်းသော ရေကန်တစ်ခုရှိရာ၊ အလွန်ပြင်းထန်သော အအေးဓတ်ကြောင့် ရေပြင်တစ်ခုလုံး အေးခဲလျက်ရှိသည်။ ထိုအချိန်တွင်၊ ရေကန်မျက်နှာပြင်အောက်မှ ခပ်အုံ့အုံ့မြည်ဟိန်းသံတစ်ခုထွက်ပေါ်လာ၏။

ခွမ်း

ကျယ်လောင်သော အက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီးနောက်၊ အေးခဲနေသော ရေကန်မျက်နှာပြင်သည် ဧရာမသတ္တဝါကြီးတစ်ကောင်၏ ရိုက်ခွဲခြင်းကို ခံလိုက်ရသကဲ့သို့ ကွဲအက်ကာ၊ နက်မှောင်သော ကန်ရေမျက်နှာပြင်သည်အထက်သို့ပြန်လည်မြင့်တက်လာ၏။

ရေကန်မျက်နှာပြင်ထက်တွင် ကန်ထဲမှ ငါးများ ပေါလောပေါ်လျက်ရှိကြရာ၊ လေထုတွင်လည်း အသေကောင်ပုတ်နံ့များဖြင့် ပြည့်နှက်သွားသည်။ ၎င်းတို့သည် အသက်ရှင်လျက် ချက်ပြုတ်ခံလိုက်ရသကဲ့သို့ ရုတ်ချည်းသေဆုံးသွားကြရသည်။

ကမ်းနားမှ ကျောက်ဆောင်များပေါ်တွင် လက်နှစ်ဖက်ဦးစွာပေါ်လာပြီးနောက် ဖောက်ထွင်းမြင်နေရသည်အထိ ကြည်လင်နေသောအရိုးစုတစ်ခုသည် ကမ်းစပ်မှ ရေပြင်ပေါ်သို့ ဖြည်းညှင်းစွာ တက်လာခဲ့သည်။

ကောင်းကင်ယံတွင် တိမ်မဲများ ဖုံးလွှမ်းသွားလျက်၊ အရိုးစု၏ ဦးခေါင်းထက်တွင် ကြီးမားသော ရေလှိုင်းတစ်ခုပေါ်လာသည်။ အရိုးစုသည် ကောင်းကင်ကို မော့ကြည့်၍ ထူးဆန်းစွာ ရယ်မောလိုက်သည်။ သူပြုံးလိုက်သည်နှင့် မျက်စိတစ်မှိတ်အတွင်းတွင်ပင် သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများနှင့် သွေးကြောများ လျင်မြန်စွာ ပေါ်လာသည်။ ထို့နောက် အရိုးစုသည် အနှိုင်းမဲ့ ချောမောသော ယောက်ျားတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွား၏။

“နှစ်ပေါင်းသုံးထောင်ကြာခဲ့ပြီ… ငါ နှစ်ပေါင်းသုံးထောင်ကြာပြီးမှ ပြန်လာနိုင်လိမ့်မယ်လို့ ငါဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး”

ထိုယောကျ်ားမှ အပေါ်သို့ မော့ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် မျက်လုံးထဲမှ ရွှေရောင်အလင်းတန်းတစ်ခုထွက်လာကာ၊ ကောင်းကင်ယံထက်မှ ကြီးမားသောရေလှိုင်းလုံးကြီးသည် အစိတ်စိတ်အမွှာမွှာပေါက်ကွဲသွား၏။

တစ်ချိန်တည်းတွင်ပင် ထိုလူ့ထံမှ အလွန်ကြီးမားထည်ဝါ‌သော ရောင်ဝါတစ်ခုထွက်လာကာ၊ ပေကျန်းမြို့တစ်ခုလုံးအပါအဝင်၊ တုန်တုတစ်ခုလုံးပင် ခဏတာမျှ လှုပ်ယမ်းသွားသည်။

တင်ပျဥ်ခွေထိုင်ကာ တရားမှတ်နေကြသော လူကြီးများစွာသည် ၎င်းတို့၏ မျက်လုံးများကို တစ်ချိန်တည်း ဖွင့်လိုက်မိကြ၏။ အလွန်စွမ်းအားပြင်းထန်သည့် တည်ရှိမှုတစ်ခုကို အာရုံခံလိုက်မိကြသည့်နှယ်၊ ၎င်းတို့၏မျက်နှာများထက်တွင် ကြောက်လန့်မှုအငွေ့အသက်များ ပြည့်နှက်သွား၏။

‘ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ’

‘ဘယ်သူက အဲ့လောက်ကောင်းတဲ့ စွမ်းအားမျိုးရှိနိုင်မှာလဲ’

နှစ်ပေါင်းသုံးထောင်ခန့် ကြာခဲ့ပြီဖြစ်သဖြင့် ရွှယ်အန်းသည် သူ ပြန်လာနိုင်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ ထိုနှစ်ပေါင်းသုံးထောင်အတွင်းတွင် များစွာ ဖြစ်ပျက်သွားနိုင်၏။ တစ်ချိန်က အလုပ်လက်မဲ့လူငယ်သည် နယ်မြေတစ်ခုလုံးမှ လူနည်းစုတွင် အမြင့်ဆုံးဖြစ်သည့် အင်မော်တယ်အရှင်တစ်ပါးဖြစ်လာခဲ့သည်။ သူ၏ နှလုံးသားနယ်ပယ်ရှိ ချို့ယွင်းချက်တစ်ခုကြောင့်သာမဟုတ်လျှင် အန္တိမဉာဏ်အလင်းပွင့်လန်းမှုသည် အောင်မြင်ခဲ့လိမ့်မည်မှာ သေချာ၏။

ရွှယ်အန်းသည် နယ်မြေတစ်ခုလုံး၏ အမြင့်မြတ်ဆုံးဖြစ်တည်မှုတစ်ခုဖြစ်လာပေလိမ့်မည်ဖြစ်သည်။

သို့သော် သူ၏ လမ်းကြောင်းဆုံးလုနီးပါးဖြစ်၍ သေခြင်း၏အစွန်အဖျား၌ရှိနေချိန်တွင်၊ ရွှယ်အန်းသည် မြင့်မြတ်သော စွမ်းအားများကို အသုံးပြု၍ အချိန်နှင့် အာကာသကို ဖြတ်ကျော်ကာ၊ နောက်ဆုံးတွင် ကမ္ဘာမြေသို့ ပြန်ရောက်လာခဲ့သည်။

ရွှယ်အန်းသည် ပန်းခြံပတ်ပတ်လည်ကို ဆွေးမြေ့စွာလှည့်လည်ကြည့်လိုက်သည်။ ယခင်က သူနှင့် အန်းယန်အတူတကွ ဤပန်းခြံသို့ မကြာခဏလာရောက်ဆော့ကစားခဲ့ဖူး၏။

“အန်းယန်… နေကောင်းရဲ့လား” ရွှယ်အန်းက တိုးညှင်းစွာ ရေရွတ်လိုက်သည်။ ယခင်က ရွှယ်အန်းတွင် အလွန်ပျော်ရွှင်ဖွယ်ကောင်းသော မိသားစုဘဝတစ်ခုရှိခဲ့ဖူးသည်။ ကောလိပ်မှဘွဲ့ရပြီးနောက်၊ တက္ကသိုလ်၏ အလှမယ်တစ်ပါးဖြစ်သော အန်းယန်ကို ဤမြို့သို့ခေါ၍၊ ချိုမြိန်သာယာသော ဘဝသစ်တစ်ခုကို ထူထောင်ခဲ့သည်။ ထိုအချိန်က နှစ်ယောက်လုံးတွင် ငွေအလုံအလောက်မရှိသဖြင့်၊ အခန်းကျဥ်းလေးတစ်ခုထဲတွင်သာ နေထိုင်ခဲ့ကြရသော်လည်း၊ ထိုနေ့များတွင် အလွန်ပျော်ရွှင်ကြည်နူးခဲ့ရ၏။

ရွှယ်အန်း အလုပ်မှ ပြန်လာသော နေ့တိုင်းတွင် အန်းယန်သည် ညစာကို ခပ်စောစောပြင်ကာ၊ သူအိမ်ပြန်လာသည်ကို စောင့်နေပေလိမ့်မည်ဖြစ်သည်။ ဘဝသည် ဤသို့ပင် ဆက်လက်ပျော်ရွှင်ကြည်နူးဖွယ်ကောင်းကာ၊ ငြိမ်ချမ်းနေလိမ့်မည်ဟု ရွှယ်အန်းတွေးခဲ့ဖူးသည်။

သို့သော်၊ နောက်ပိုင်းတွင်မူ အန်းယန်၏ မိသားစုသည် သူတို့ ဤမြို့တွင် နေထိုင်နေကြကြောင်း ခြေရာခံနိုင်ခဲ့ကြ၏။ ထိုမှသာ အန်းယန်သည် ကျုံးတုမြို့မှ အန်းမိသားစု၏ သမီးဖြစ်ကြောင်း ရွှယ်အန်းသိရှိခဲ့ရသည်။ ကျုံးတုမြို့မှ အန်းမိသားစုသည် အလွန်ကြီးမားသော ကုမ္ပဏီလုပ်ငန်းကြီးတစ်ခုကို ပိုင်ဆိုင်ကာ၊ နိုင်ငံစုံမှ ကုမ္ပဏီများစွာသည် ၎င်းတို့၏ ကျယ်ပြန့်သော လုပ်ငန်းများ၏ တစ်စိတ်တစ်ပိုင်းသာဖြစ်သည်။

အန်းယန်သည် အန်းမိသားစု၏ တရားဝင်မိသားစုဝင်ဖြစ်သဖြင့် အန်းမိသားစုသည် အန်းယန်ကို ရွှယ်အန်းကဲ့သို့ သာမန်လူတစ်ယောက်နှင့် မည်သို့မျှ သဘောတူညီခဲ့ကြပေ။ အန်းယန်သည်မူ မိသားစုနှင့် အပြီးတိုင်ခွဲခွာရန် ပြင်ဆင်ထားသဖြင့် ပြန်မလာနိုင်ကြောင်း အပြင်းအထန်ငြင်းဆိုခဲ့သည်။ ထိုအခါ အန်းယန်ကို လာရောက်ခေါ်ဆောင်သူသည် ရွေးချယ်ရန်အခြားလမ်းမရှိသဖြင့် “ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ” ဟူသော နမိတ်ဖတ်သည့်စကားမျိုးကို ပြောပြီးနောက် ပေကျန်းမှ ပြန်လည်ထွက်ခွာသွားခဲ့သည်။

သို့သော် ယင်းသည် အစသာ ရှိသေးသည်။ သိပ်မကြာမီတွင် ရွှယ်အန်းသည် အလုပ်မှ ထုတ်ခံခဲ့ရပြီးနောက်၊ မည်သည့်ကုမ္ပဏီကမှ သူ့အား အလုပ်မခန့်ရဲကြတော့ပေ။ ရွေးချယ်ရန်လမ်းမရှိသော ရွှယ်အန်းသည် လုပ်ငန်းခွင်တစ်ခုသို့ အလုပ်သွားလုပ်ကာ၊ ပင်ပန်းနွမ်းနယ်ရလွန်းသော အလုပ်များကိုပင် ကြိတ်မှိတ်လုပ်ကိုင်ခဲ့သည်။ ဤသည်မှာ အခြားကြောင့်မဟုတ်၊ အန်းယန်သည် ကိုယ်ဝန်ဆောင်ထားရပြီဖြစ်သောကြောင့်ပင်ဖြစ်သည်။ သို့သော် အန်းယန်၏ ဗိုက် တဖြည်းဖြည်းကြီးမားလာ၍ မွေးဖွားလုနီးသောအခါတွင် ရွှယ်အန်းသည် ဆောက်လုပ်ရေးခွင်၌ မတော်တဆမှုဖြစ်၍ ပျောက်ကွယ်သွားခဲ့သည်။

ထိုအဖြစ်အပျက်ကြောင့် နတ်ဆိုးများနှင့် နတ်ဘုရားများပြည့်နှက်နေသည့် ထူးခြားဆန်းကြယ်သော ကမ္ဘာတစ်ခုဆီသို့ ရောက်ရှိခဲ့ရခြင်းဖြစ်ကြောင်း ရွှယ်အန်းတစ်ယောက်သာသိ၏။

ထို့အပြင် ယင်းရောက်ရှိမှုသည် နှစ်ပေါင်းသုံးထောင်ခန့်ကြာမြင့်ခဲ့ရသည်။

ထိုနောက် ရုတ်တရက် သူ့မျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်နေသောအမူအရာများ ပေါ်လာခဲ့သည်။ နှစ်ပေါင်းသုံး‌ထောင်အကြာမှ သူပြန်ရောက်လာခဲ့ခြင်းဖြစ်သော်လည်း ကမ္ဘာမြေပေါ်တွင် လေးနှစ်သာ ကုန်ဆုံးခဲ့သည်ကို သူတွေ့ရှိခဲ့သည်။ ဤသည်မှာ အန်းယန်အသက်ရှင်နေသေးသည်ဟု ဆိုလိုခြင်းပင်ဖြစ်၏။

ကောင်ကင်နတ်ဘုရား၏ စည်းမျဥ်းများဖြင့် ချည်နှောင်ခြင်းခံထားရသော်လည်း ရွှယ်အန်းတွင်ရှိနေသည့် စွမ်းအားများကို လျှော့တွက်၍မရပေ။ သူ့မျက်လုံးများ မှိတ်ထားလိုက်သည်နှင့် သူ၏ မြင့်မြတ်သော အာရုံသည် ပေကျန်းမြို့တစ်မြို့လုံးကို ချက်ချင်လွှမ်းခြုံသွားသည်။ သို့သော် ရလဒ်သည် အချည်းအနှီးပင်ဖြစ်၏။ မျှော်လင့်ထားသည့်အတိုင်းပင် အန်းယန်သည် ပေကျန်းမြို့မှ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။ ရွှယ်အန်း၏နှုတ်ခမ်းတွင် ခါးသက်သော အပြုံးတစ်ခုပေါ်လာသည်။ သူ၏ ရုတ်တရက်ပျောက်ကွယ်သွားမှုသည် သူမအတွက်ကြီးမားသော ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်ခဲ့ပုံပေါ်သည်။

“အန်းယန်… ငါပြန်လာပြီ”

“ငါတို့ ကလေးတွေ မွေးပြီးပြီလား”

“ယောက်ျားလေးလား၊ မိန်းကလေးလား။ မင်းက မိန်းကလေးတွေကို အကြိုက်ဆုံးလို့ပြောခဲ့တာဆိုတော့၊ အဲ့တာ၊ အရမ်းလှတဲ့ မိန်းကလေးတစ်ယောက်ပဲဖြစ်ရမယ်မဟုတ်လား”

ရွှယ်အန်းက ရေရွတ်ကာ၊ သူ၏ နတ်ဘုရားအသိဉာဏ်ဖြင့် သူနှင့် သွေးချင်ဆက်နွယ်သူများကို စတင်ရှာဖွေလိုက်သည်။

ငါသူတို့ကို တွေ့ပြီ။

အမ်

ဘာလို့ နှစ်ယောက်ရှိနေတာလဲ။

ရွှယ်အန်းက အံ့အားသင့်သွားပြီးနောက်၊ ခပ်ဖြည်းဖြည်း နူးညံ့စွာပြုံးလိုက်သည်။ ထို့နောက်၊ သူသည် နှင်းများကျနေသော ညအလယ်တွင် ပျောက်ကွယ်သွား၏။

ပေကျန်းမြို့၏ လမ်းမများပေါ်တွင် စုံတွဲတစ်တွဲသည် နှင်းဖွေးဖွေးကျနေသော မြင်ကွင်းကို ကြည်နူးစွာ ငေးကြည့်လျက်ရှိသည်။

“အစ်ကိုကြီး၊ ဒီမမက အရမ်းလှတာပဲ။ ဘာလို့ သူ့ဖို့ ပန်းလေးတစ်ပွင့်မဝယ်ပေးတာလဲ” တိုးတိတ်တွန့်ဆုတ်ဟန်ပါသော အသံတစ်ခုသည် သူတို့၏ အနောက်မှ ပေါ်ထွက်လာသည်။

ထိုစုံတွဲက နောက်လှည့်ကြည့်လိုက်သောအခါ၊ ပန်းများအပြည့်ထည့်ထားသောခြင်းကို သယ်ဆောင်ထားသည့် ကလေးမလေးတစ်ယောက်သည် သူတို့အား မျှော်လင့်ချက်များ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ကြည့်လျက်ရှိသည်ကို မြင်လိုက်ရ၏။ ဤကလေးမလေးသည် လေးနှစ်၊ ငါးနှစ်ခန့်သာရှိဦးမည်ဖြစ်သည်။ မျက်လုံးဝိုင်းလေးများ၊ နှာခေါင်းလုံးလုံးလေးနှင့် ကော့စင်းနေသော မျက်တောင်မွှေးကလေးများရှိသဖြင့် အလွန်အမင်းချစ်စဖွယ်ကောင်းလှသည်။

“ချစ်ဖို့ကောင်းလိုက်တဲ့ကောင်မလေးပါလား။ အပြင်မှာ အရမ်းအေးနေတာ၊ မီးမီးကပန်းရောင်းနေတုန်းလား” ကောင်မလေးက ငုတ်တုတ်ထိုင်ကာ ပြုံးလျက်မေးလိုက်သည်။

ထိုအခါ ကလေးမလေးမှ ပါးချိုင့်နှစ်ခုလုံးပေါ်သည်အထိ ပြုံး၍

“ဟုတ် မမ၊ မအေးဘူး။ ကျေးဇူးပြုပြီး ပန်းလေးတစ်ပွင့်ဝယ်ပါနော်”

“တစ်ပွင့်ဝယ်မယ်” ကောင်လေးက ပြုံး၍ ပိုက်ဆံအချို့ထုတ်လိုက်သည်။

ထိုအခိုက်အတန့်တွင်ပင်၊ တစ်ပုံစံတည်းနီးပါးတူသော ကောင်မလေးတစ်ယောက်ရောက်လာကာ ပြောလိုက်သည်။

“အစ်ကိုကြီး၊ သမီးတိုနှစ်ယောက်လုံးဆီက တစ်ခုစီဝယ်ပါနော်”

ပုံပန်းသဏ္ဍာန်တူညီရုံသာမက တူညီစွာ ဝတ်စားထားသော ကလေးမလေးနှစ်ယောက်သည် အတူတူမတ်တပ်ရပ်နေသည်မှာ အလွန်ချစ်ဖွယ်ကောင်းလှသည်။

“ဘုရားရေ၊ အမွှာတွေလား”

“မီးမီးတို့နှစ်ယောက်ထဲက ဘယ်သူက အကြီး၊ ဘယ်သူကအငယ်လဲ”

“တစ်ခါတလေ၊ သမီးက အကြီး”

“တစ်ခါတလေ သမီးက အငယ်”

ကလေးမလေးနှစ်ယောက်သည် နူးညံ့သောအသံဖြင့်ပြောလိုက်ကြသည်။ ဤမြင်ကွင်းသည် လမ်းသွာားလမ်းလာ လူများစွာကို ဆွဲဆောင်လျက်ရှိသည်။ ထိုသို့သောချစ်စဖွယ်ကလေးမလေးနှစ်ယောက်အတွက် ၎င်းတို့၏ငွေကို သုံးစွဲမိမည်မှာ အမှန်ပင်ဖြစ်သည်။

ဤသို့ဖြင့် မကြာခင်တွင်ပင်ကလေးမလေးနှစ်ယောက်၏ ပန်းများ ရောင်းထွက်သွားခဲ့သည်။ သို့သော် ၎င်းသည် မကောင်းသော အကြည့်များကိုလည်း ဆွဲဆောင်လျက်ရှိ၏။ ကလေးမလေးနှစ်ယောက် ၎င်းတို့၏ ပန်းခြင်းကိုယ်စီကို ကိုင်ဆွဲ၍ ထွက်ခွာသွားခါနီးတွင် အရုပ်ဆိုးယုတ်သော ခပ်ဝဝအမျိုးသမီးတစ်ယောက်သည် ၎င်းတို့၏လမ်းကို ပိတ်ထားလိုက်၏။

“နင်တို့ အပျက်မနှစ်ယောက်၊ ဘယ်သူက နင်တို့ကို ငါ့မြေမှာ ပန်းရောင်းခွင့်ပြုထားလို့လဲ”

ကလေးမလေးနှစ်ယောက် ချက်ချင် ထိတ်လန့်တကြားဖြစ်သွားသည်။

“အန်တီဝတုတ်ကြီး၊ သမီးတို့က အန်တီ့မြေမှန်းမသိလို့ပါ။ အခုချက်ချင်ထွက်သွားပါ့မယ်”

“ထွက်သွားချင်တာလား” မိန်းမကြီးက လက်ကိုဝှေ့ယမ်းလိုက်သည်နှင့် များစွာသော ယုတ်မာပုံပေါ်သည့် ယောက်ျားများသည် ကလေးမလေးနှစ်ဦးကို ဝိုင်းထားလိုက်ကြသည်။ ဤမိန်းမကြီးသည် အမှန်တကယ်ပင် အစ်မကြီးဖုန်းဟု ခေါ်သော ဤနယ်မြေ၏ ဒေသခံအာဏာရှင်ဖြစ်သည်။ သူမသည် အမြွှာညီအစ်မကို အချိန်အတော်ကြာသည်အထိ စိုက်ကြည့်လျက်ရှိသည်။ ပန်းများစွာကို အချိန်တိုအတွင်း ချစ်စဖွယ်ရောင်းချခဲ့ပုံကို မြင်လိုက်ရ‌သောအခါ ယုတ်မာသောအတွေးများပေါ်ပေါက်လာ၏။

အကယ်၍ သူသာ ၎င်းတို့ကို ဖမ်းဆီး၍ ထိန်းချုပ်ထားနိုင်ပါက၊ ငွေပင်တစ်ပင်ကို ပိုင်ဆိုင်ထားရသကဲ့သို့ပင်မဟုတ်သလော။

ကောင်မလေးများ ကြောက်လန့်ကာ၊ နှစ်ယောက်ထဲမှတစ်ယောက်သည် ကျန်တစ်ယောက်ကို တွန်း၍ အော်လိုက်သည်။

“ညီမလေး မြန်မြန်ပြေး”

“ပြေး ဟုတ်လား။ နင်တို့ နှစ်ယောက်လုံး လွတ်မှာမဟုတ်ဘူး” အစ်မကြီးဖုန်းက စူးဝါးဝါးရယ်မောလိုက်သည်။

ယောက်ျားကြီးများသည်လည်း အနီးနားသို့ ရောက်လာကြသည်။ ကလေးမလေးနှစ်ဦးသည် ထွက်ပြေးရန်စဥ်းစားခဲ့ကြသော်လည်း၊ အသက်လေးနှစ်၊ ငါးနှစ်ဝန်းကျင် ကလေးငယ်လေးများအနေဖြင့် ဤလူကြီးများထံမှ မည်သို့ ထွက်ပြေးနိုင်ကြလိမ့်မည်နည်း။

၎င်းတို့ အလျင်အမြန်ပင် အဖမ်းခံလိုက်ရကြသည်။

“အန်တီဝတုတ်၊ သမီးတို့ကို သွားခွင့်ပေးပါ၊ သမီးတို့ထပ်မလုပ်ရဲတော့ပါဘူး”

“ငါ့ကို အန်တီဝတုတ်လို့ ခေါ်ရဲသေးတာလား။ ငါနင်းတို့ကို ပေးသိလိုက်မယ်။ နင်တို့ကို ငါစောင့်ကြည့်နေတာကြာပြီ။ နင်တို့က မိဘမဲ့ အရိုင်းအစိုင်းကလေးတွေပဲ။ မင်းတို့ ကောင်းကောင်းမွန်မွန်နေရင် ငါ ဂရုစိုက်ပေးရင်ပေးမှာပေါ့။ မဟုတ်ရင်တော့ ဟင်း” အစ်မကြီးဖုန်းက ချိန်းခြောက်သည်။

“သမီးတို့က အရိုင်းအစိုင်းကလေးတွေမဟုတ်ဘူး။ သမီးတို့မှာ ပါပါးနဲ့ မာမားရှိတယ်” ကလေးမလေးနှစ်ယောက်ကအော်လိုက်သည်။

“အိုး၊ အဲ့တာဆို နင်တို့ရဲ့ ပါပါးနဲ့ မာမားကို လာကယ်ဖို့ ခေါ်လိုက်လေ” အစ်မကြီးဖုန်းက လှောင်ရယ်ကာ၊ သွားဝါဝါကြီးများကို လှစ်ဟပြသလိုက်သည်။

အစ်မကြီးဖုန်းပြောသည့်စကားကြောင့် မိန်းကလေးနှစ်ဦးသည် စိတ်ပျက်လက်ပျက်ဖြစ်ကာ၊

“သမီးတို့က အရိုင်းအစိုင်းကလေးတွေမဟုတ်ပါဘူး။ ပါပါးနဲ့ မာမားက အဝေးကို ခဏထွက်သွားတာ။ သူတို့ပြန်လာကြမှာ”

“ဟားဟား အဲ့တာ ငါကြားဖူးသမျှထဲ အရယ်ရဆုံးပဲ။ နင်တို့ ဘယ်လိုပြောပြော အရိုင်းအစိုင်းလေးတွေက အရိုင်းအစိုင်းလေးတွေပဲ”

“ခင်ဗျားရယ်သံက တကယ်ရွံစရာကောင်းတာ ခင်ဗျားသိလား”

အခြားအသံတစ်ခု ထွက်ပေါ်လာသည်နှင့်အမျှ အစ်မကြီးဖုန်း၏ ရယ်မောသံသည် ရုတ်ချည်းရပ်တန့်သွားသည်။ ထို့နောက် လမ်း၏အဆုံးတွင် ပုံရိပ်တစ်ခုပေါ်လာသည်။

ထိုအချိန်တွင် လေနှင့် နှင်းများ အလွန်ပြင်းထန်လျက်ရှိသော်လည်း အရပ်ရှည်ကာ တောင့်ဖြောင့်သော ခန္ဓာကိုယ်ရှိသည့်လူတစ်ယောက်သည် အနီးသို့ တဖြည်းဖြည်း တိုးကပ်လာ၏။

“အဲ့တာဘယ်သူလဲ။ အစ်မကြီးဖုန်းက စီးပွားရေးကိစ္စကိုင်တွယ်နေတုန်းကို တခြားကောင်တွေ ထွက်သွားစမ်ပါ ”အစ်မကြီးဖုန်း၏ လူများထဲမှ တစ်ယောက်ကပြောသည်။

“ဦးလေးကြီး သမီးတို့ကို ကယ်ပါဦး”

ရောက်ရှိလာသူမှာ ရွှယ်အန်းပင်ဖြစ်သည်။ အဖမ်းခံထားရသော ကလေးမလေးနှစ်ယောက်ကိုကြည့်ကာ၊ ၎င်းတို့၏ သွေးကြောများထဲမှ ဤကလေးငယ်များသည် သူ၏သမီးများဖြစ်ကြောင်း ပြောနေသည်။

ဤအတွေးကြောင့် သူနှလုံးသားထဲမှ တသိမ့်သိမ့်တုန်လာသည်။

ဤကလေးများသည် သူ့သမီးများ ဖြစ်နိုင်သလား။

၎င်းတို့သည် အမှန်တကယ်ပင် အန်းယန်နှင့် တူသည်။

မဟုတ်သေးပေ၊ ဤမျက်လုံးများသည် သူ့မျက်လုံးများနှင့်ပိုတူ၏။

ရွှယ်အန်းသည် ၎င်းတို့ကို စေ့စေ့ကြည့်နေမိသည်။

“မင်း နားကန်းနေလား။ ငါမင်းကို ထွက်သွားခိုင်‌နေတာလေ မကြားဘူးလား” ယောက်ျားတစ်ယောက်က ကျိန်ဆဲကာ၊ ရွှယ်အန်းအား တွန်းထုတ်ရန် လက်လှမ်းလိုက်သည်။

သို့သော် နောက်အခိုက်အတန့်မှာမူ၊ သူ့လက်ကို လက်ကောက်ဝတ်မှ ဖြတ်ပစ်ခြင်းခံလိုက်ရ၏။

သွေးများ ဖြန်းခနဲပန်းထွက်လာသည်။

“အား…” ထိုလူသည် ခဏတာမျှ ကြောင်အရပ်တန့်သွားပြီးနောက်၊ နာကျင်စွာဖြင့် အာခေါင်ခြစ်အော်လိုက်သည်။

ရွှယ်အန်းသည် ဤလူများကို လေ့လာကာ ဖြည်းညှင်းစွာရေတွက်လိုက်သည်။

“တစ်၊ နှစ်၊ သုံး၊ …”

“မင်း ဘာတွေစောက်ကျိုးနည်းရေနေတာလဲ” လူတစ်ယောက်က အော်ဟစ်၍ တချိန်ထိုးပြေးလာရန်ကြိုးစားလိုက်သည်။

သို့သော် သူမပြေးလာခင်၌ပင်၊ သူ့ခြေထောက်များသည် ဒူးခေါင်းမှတစ်ဆင့် ပြတ်ထွက်သွား၏။

ရွှယ်အန်း လက်ကို ဝှေ့ယမ်းလိုက်သောအခါ၊ လေနှင့်နှင်းများသည် ကလေးမလေးနှစ်ယောက်၏မြင်ကွင်းကို ပိတ်ဆို့လိုက်သည်။ ထို့နောက် ချက်ချင်ပင် အစ်မကြီးဖုန်းကို ကြည့်၍ ဂရုမစိုက်ဘဲပြောလိုက်သည်။

“လူရှစ်ယောက်ရှိတယ်။ ကိုယ့်လူကိုယ်မှတ်ထားကြ၊ ငရဲကိုသွားရရင် လူစုမကွဲစေနဲ့”

ဤလူ၏ အကြည့်မှာ စွမ်းအားကြီးဧကရာဇ်တစ်ပါး၏ အကြည့်ကဲ့သို့ ခံစားလိုက်ရကာ၊ ဒူးထောက်၍တောင်းဆိုရန်ပင် အချိန်မရှိလိုက်ပေ။

“မလုပ်ပါနဲ့… ကျွန်မကို… ချမ်းသာပေး…”

အစ်မကြီးဖုန်းနှင့် သူ့လူများ၏ ခြေထောက်အောက်မှ မီးလုံးတစ်လုံးပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် သူမ၏ စကားလုံးများ ရုတ်ချည်းရပ်တန့်သွားသည်။

မျက်စိတစ်မှိတ်အတွင်းတွင်ပင် လူရှစ်ယောက်ခန့်သည် ပြာမှုန်များအဖြစ်ပြောင်းလဲသွား၏။

အခန်း(၂) ငါ့အမွှာသမီးနှစ်ယောက်

မျက်နှာအရပ်ရပ်သို့ နှင်းမုန်တိုင်း ပျံ့နှံ့သွားသည်။ မိန်းကလေးနှစ်ယောက်သည် ရွှယ်အန်းကို အတန်ငယ်ကြောက်လန့်တကြားကြည့်နေကြသည်။ ရွှယ်အန်းက ဆောင့်ကြောင့်ထိုင်ကာ၊ ပြုံးလျက်ပြောလိုက်သည်။

“သမီးတို့ နာမည် ဘယ်လိုခေါ်လဲ”

ကလေးမလေးနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် မဝံ့မရဲကြည့်ကာ၊

“သမီးက အစ်မကြီး ရွှယ်ရှန်းပါ”

“သမီးက အငယ်မ ရွှယ်နျန်ပါ”

ရွှယ်အန်းနှင့် ရွှယ်နျန်။

ရွှယ်အန်းသည် သူ့နှလုံးသားထဲမှ နာကျင်ကိုက်ခဲမှုတစ်ခုကို ခံစားလိုက်ရကာ၊ အန်းယန် သူ့ကို မည်မျှလွမ်းဆွတ်နေကြောင်း တွေးကြည့်လိုက်မိသည်။

“ဦးလေးကြီး၊ ဝတုတ်အန်တီကြီးဘယ်ရောက်သွားတာလဲ” ရွှယ်ရှန်းကမေးသည်။

“ဝတုတ်အန်တီကြီး… ကိစ္စရှိလို့ စောစော ပြန်သွားပြီ”

“အဲ့တာဆို ဦးလေးကြီး၊ ဦးက ဘယ်သူလဲ” ရွှယ်နျန်ကမေးသည်။

“ဟုတ်သားပဲ။ ငါက ဘယ်သူလဲ” ရွှယ်အန်းက သူ့ဘာသာ ရေရွတ်လိုက်သည်။

သူသည် ဆင်းရဲနွမ်းပါးသော လူငယ်တစ်ယောက်ဖြစ်ကာ၊ မြတ်မြတ်သော အင်မော်တယ်အရှင်တစ်ယောက်လည်းဖြစ်သည်။ ခဏအကြာတွင် ရွှယ်အန်း၏ မျက်နှာပေါ်တွင် ကြီးမားကျယ်ပြောသော အပြုံးတစ်ခုပေါ်လာကာ၊

“ဦးက သမီးတို့ ဖေဖေပါ”

“ဦးလိမ်နေတာ” ရွှယ်ရှန်းကပြောသည်။

“ဟုတ်တယ်၊ ဦးလိမ်နေတာ။ ဖေဖေက သေသွားပြီ” ရွှယ်နျန်က အော်ဟစ်လိုက်သည်။

ရွှယ်အန်းသည် သူ၏ အမွှာသမီးငယ်လေးများကို ကြည့်ကာ၊ နှလုံးသားထဲတွင် နူးညံ့သိမ်မွေ့မှုများ ရုတ်ချည်းတိုးဝင်လာသည်။

“ဖေဖေ မသေသေးပါဘူး။ ဖေဖေက အရမ်းဝေးတဲ့နေရာကို ခဏသွားလိုက်တာပါ။ ခု ဖေဖေပြန်လာပြီလေ”

“တကယ်လား” ရွှယ်ရှန်းသည် ရွှယ်နျန်ကို တုံ့ဆိုင်းစွာကြည့်လိုက်သည်။

ရွှယ်အန်းကလက်စွပ်တစ်ကွင်းကို ထုတ်ယူလိုက်သည်။ ၎င်းသည်သူဝယ်ထားသော စုံတွဲလက်စွပ်ဖြစ်ရာ၊ အန်းယန်အတွက်တစ်ကွင်းနှင့် သူ့အတွက်တစ်ကွင်းဖြစ်သည်။

“ရှန်ညန်၊ ညန်ညန် ဒီလက်စွပ်ကို ကြည့်လိုက်၊ အဲ့မှာ ဖေဖေနဲ့မေမေတို့ နာမည်တွေရှိတယ်”

ရွှယ်ရှန်းနှင့် ရှန်ညန်တို့သည် စာမဖတ်တတ်သော်လည်း အန်တီတန်ရွှမ်အာမှ ၎င်းတို့ အမေထွက်သွားစဥ်ထားခဲ့သည့် လက်စွပ်တစ်ကွင်းအကြောင်း ပြောခဲ့ဖူးသည်။ ရွှယ်ရှန်သည် ၎င်းကို သူမနှင့်အတူယူဆောင်သွား‌လေ့ရှိကာ၊ ရွှယ်အန်းပြသသည့်အရာနှင့် နှိုင်းယှဥ်ကြည့်သောအခါ၊ ၎င်းသည် အမှန်တကယ်ပင် အစုံလိုက်ဖြစ်ကြောင်း သိလိုက်ရ၏။

“ဖေဖေ၊ တကယ်ဖေဖေလား” ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့က တညီတညွတ်တည်းအော်ပြောလိုက်သည်။ ထို့အခါ ရွယ်အန်းက ပြုံး၍ ခေါင်းညိတ်ကာ၊ လက်များကို ဆန့်ထုတ်လိုက်သည်။

ရွှယ်အန်းနှင့် ရွှယ်နျန်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ၊ မျက်ရည်များစီးကျလာပြီးနောက် ရွှယ်အန်း၏ ရင်ခွင်ထဲသို့ ပြေးဝင်ကာ ငိုယိုလိုက်ကြသည်။

“ဖေဖေ သမီးတို့ ဖေဖေ့ကို အရမ်းသတိရတယ်”

“ဖေဖေ… ဖေဖေနဲ့ မေမေ ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ သမီးတို့ ထင်ထားတား။ ဖေဖေတို့ သမီးတို့ကို မလိုချင်တော့ဘူးလို့ ထင်ထားတာ”

မျက်ရည်များသည် ရွှယ်အန်း၏ ရင်ဘက်ကိုသာမက၊ မျက်လုံးများကိုပါစိုစွတ်စေခဲ့သည်။

နှစ်ပေါင်းသုံးထောင်ကျော် မည်မျှပင် ပင်ပန်းဆင်းရဲစွာညှင်းပန်းခံခဲ့ရသော်လည်း မျက်ရည်မကျခဲ့သည် အင်မော်တယ်အရှင်သည် ယခုမူ မျက်ရည်များ စီးကျလာ၏။

“ကောင်းပြီ၊ ကောင်းပြီ။ မငိုနဲ့တော့။ ဖေဖေပြန်လာပြီ။ ဖေဖေ သမီးတို့ကို ဘယ်တော့မှ ထပ်ထားသွားတော့မှာ မဟုတ်ဘူး”

“အမ်းးး” ညီအစ်မငယ်များသည် ရွှယ်အန်း၏ ရင်ခွင်ထဲတွင် ၎င်းတို့၏ ခေါင်းများကို နစ်မြုပ်ထားစေကာ၊ ထရန် ငြင်းဆိုကြသည်။

မှန်သည်။ ညီအစ်မငယ်များသည် နှစ်များတစ်လျှောက်ဘဝ၏ အခက်အခဲများအားလုံးကို ကြံ့ကြံ့ခံခဲ့ကြသည်။ ယခုမူ ၎င်းတို့သည် နွေးထွေးသော ရင်ခွင်တစ်ခုကို တွေ့လိုက်ရပြီဖြစ်သဖြင့် ပြန်မထွက်ချင်ကြတော့ပေ။ ရွှယ်အန်းက ဆံပင်များကို ညဥ်သာစွာ ပွတ်သပ်၍ မေးလိုက်သည်။

“သမီးတို့ ဘာလို့ အပြင်မှာ ပန်း‌ရောင်းနေရတာလဲ”

ရွှယ်ရှန်းက မော့ကြည့်၍ ပြန်ဖြေသည််။

“သမီးတို့ အခု သူငယ်တန်းတက်ရမှာ။ ဒါပေမယ့် ကျူရှင်က စျေးကြီးလို့ ညန်ညန်နဲ့ သမီးက အဲ့တာအတွက် ပိုက်ဆံစုဖို့ ပန်းရောင်းထွက်နေရတာ”

ရွှယ်ရှန်း၏စကားကြောင့် ရွှယ်အန်းမျက်ရည်ကျလုမတတ်ဖြစ်သွားသည်။

လေးနှစ်အရွယ် ကလေးတစ်ဦးသည် နှလုံးသားကို နာကျင်စေသောနည်းဖြင့် အသိဉာဏ်ရင့်ကျက်ပြီး ဘဝ၏ဝန်ထုပ်ဝန်ပိုးကို ထမ်းရွက်နေပြီဖြစ်သည်။

ရွှယ်အန်းက ရွှယ်ရှန်း၏ ဦးခေါင်းကို ကိုင်ကာ၊ နူးညံ့စွာ ရယ်မော၍ “အခုချိန်ကစပြီး သမီးမှာ ဖေဖေရှိနေပြီလေ။ သမီးဘာမှ စိတ်ပူစရာ မလိုပါဘူး။ ဖေဖေက သမီးတို့ကို ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး မင်းသမီးလေးတွေဖြစ်အောင် လုပ်ပေးမယ်၊ မဟုတ်ဘူး၊ စကြဝဠာတစ်ခုလုံးမှာဖြစ်အောင်လုပ်ပေးမယ်”

ပေကျန်းမြို့ရှိ ဆိတ်ငြိမ်ကာ၊ ပျက်စီးယိုယွင်းနေသော လူနေရပ်ကွက်တစ်ခု၏ ဝင်ပေါက်တွင်ဖြစ်သည်။

ရွှယ်ရှန်းနှင့်ရွှယ်နျန်တို့သည် ရွှယ်အန်း၏လက်တစ်ဖက်စီကို ဆုပ်ကိုင်ထားကာ၊ အတွင်းထဲသို့ စိတ်လှုပ်ရှားစွာ လျှောက်သွားကြသည်။

ရွှယ်အန်းသည် ရင်းနှီးနေသော ပတ်ဝန်းကျင်ကို ကြည့်ကာ၊ ခံစားချက်များရှုပ်ထွေးသွားသည်။

ဤသည်မှာ သူနှင့် အန်းယန်တို့ နှစ်နှစ်ကြာနေထိုင်ခဲ့သော နေရာဖြစ်သည်။ ရင်းနှီးနေသည့် တံခါးဝဆီသို့ရောက်သွားသည်နှင့် သူတို့ တံခါးမခေါက်ခင်၌ပင် အလိုလို တံခါးပွင့်လာ၏။ ၎င်းတို့ရှေ့တွင် မတ်တပ်ရပ်နေသသည့်အမျိုးသမီးသည် တန်ရွှမ်အာဖြစ်ကာ၊ ရယ်မောလျက်၊

“ရှန်းရှန်း၊ ညန်ညန် အန်တီတန်ရွှမ်အာ မီးမီးတို့ဖို့ ဘာယူလာလဲကြည့်ကြည့်”

သို့သော် ရွှယ်အန်းကို မြင်လိုက်ရသောအခါတွင် သူမ အေးခဲသွားမိသည်။

“ရွှယ်… ရွှယ်အန်းလား”

ရွှယ်အန်းက ရင်းနှီးနေသော မျက်နှာကို ငေးကာ၊ ခဏတာမျှ ရပ်တန့်သွားပြီးမှ ချက်ချင် မှတ်မိသွားသည်။

“ထန်ရွှမ်အာလား”

ထိုအချိန်တွင် ရွှယ်ရှန်းနှင့် ညန်ညန်တို့သည် ပျော်ရွှင်စွာဖြင့် ရွှယ်အန်း၏လက်ကို ဆုတ်ကိုင်ထားကြကာ၊

“အန်တီ ရွှမ်အာ၊ သမီးတို့ ဖေဖေပြန်လာပြီ”

ထန်ရွှမ်အာ၏ မျက်နှာသည် အတန်ငယ် ဖြူဖျော့သွားပြီးနောက်၊ ဒေါသအရိပ်အယောင်အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။

“ရွှယ်အန်း နင်ဒီလေးနှစ်အတွင်း ဘယ်ရောက်နေတာလဲ”

ရွှယ်အန်းက ခါးသက်သက်ပြုံးလိုက်ကာ၊

“ကျေးဇူးပြုပြီး ငါအရင်ဝင်လို့ရမလား”

“အန်တီရွှမ်အာ၊ ဖေဖေကို့ အပြစ်မတင်ပါနဲ့. ဖေဖေက အရမ်းဝေးတဲ့နေရာတစ်ခုကိုသွားနေရာတာ၊ ခု သမီးတို့ကို ဘယ်တော့မှမထားခဲ့တော့ဘူးလို့ပြောတယ်” ရွှယ်ရှန်းကပြောသည်။

တန်ရွှမ်အာနှင့် ရွှယ်အန်းတို့ ဧည့်ခန်းဆိုဖာတွင် ထိုင်လိုက်ကြပြီးနောက်၊ ဤလေးနှစ်တာကာလအတွင်းတွင် မည်သည့်အရာများဖြစ်ပျက်ခဲ့သည်ကို ရွှယ်အန်းအကြမ်းဖျင်းနားလည်သွားသည်။ သူ ပျောက်ကွယ်သွားပြီးနောက်၊ အန်းယန်သည် ဒေါသ၊ တုန်လှုပ်မှုများနှင့်ရောယှက်၍ ကလေးများကို လမစေ့ခင် မွေးဖွားခဲ့ရသဖြင့် ခွဲစိတ်ခန်းထဲတွင် သေဆုံးလုနီးပါးများပြားလှသည်အခြေအနေအထိ သွေးများဆုံးရှုံးခဲ့ရသည်။

အန်းယန်နှင့် ရွှယ်အန်း၏အတန်းဖော်သူငယ်ချင်တစ်ယောက်အနေဖြင့် ထန်ရွှမ်အာသည် အရာအားလုံးကို ဂရုစိုက်ပေးခဲ့သည်။

သို့သော် အန်းယန်မှ ဤကလေးများကို နာမည်ပေးပြီး‌နောက်၊ လူစုတစ်စုသည် ဆေးရုံထဲသို့အကြမ်းဖက်ဝင်ရောက်ကာ၊ သူမကို ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက်မှ ထိုလူများသည် ကျုံးတုမြို့မှ အန်းမိသားစု၏ လူများဖြစ်ကြောင်း တန်ရွှမ်အာတွေ့ရှိခဲ့သည်။ ထိုအချိန်တွင် အန်းယန်သည် ခြေရာလက်ရာပင်မကျန်ဘဲ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

ကျန်နေခဲ့သည့် ရှန်းရှန်းနှင့် ညန်ညန်သည် အမည်အားဖြင့် မိဘမဲ့ကလေးများဖြစ်လာခဲ့ကြသော်လည်း ထန်ရွှမ်အာသည် ၎င်းတို့ကို မိဘမဲ့ဂေဟာသို့မပို့ဆောင်ခဲ့ပေ။ သူမသည် ငယ်ရွယ်သော မိန်းမပျိုလေးတစ်ယောက်အနေဖြင့် ကလေးနှစ်ယောက်ကို ပျိုးထောင်ရသည့် တာဝန်ကို ပခုံးပေါ်တင်၍ ပျိုးထောင်ခဲ့သည်။

ထို့အတွက်ကြောင့် ထန်ရွှမ်အာသည် အလွန်အမင်း စွန့်လွှတ်ခဲ့ရသည်။

အရာအားလုံးကိုသိရှိပြီးနောက်၊ ရွှယ်အန်းသည် ထန်ရွှမ်အာ၏ မျက်နှာကို ကြည့်ကာ၊ သူ့စိတ်ထဲမှ အဆုံးမဲ့သည့်အပြစ်ရှိစိတ်ကို ခံစားလိုက်ရသည်။

“ရွှမ်အာ… နင်အရမ်းကြိုးစားခဲ့တယ်”

“အမှန်အတိုင်းပြောရရင်၊ ငါ ဒီကလေးနှစ်ယောက်ကို ငါအရမ်းချစ်လာပါတယ်” တန်ရွှမ်အာက အခြားအခန်းထဲတွင် တီဗီကြည့်နေသော ညီအစ်မနှစ်ယောက်ကို ကြည့်၍ နူးညံ့စွာပြောလိုက်သည်။

“ပြောပါဦး နင် ဒီလေးနှစ်မှာ ဘယ်ရောက်နေတာလဲ”

ရွှယ်အန်းက သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။

“ငါအခု မရှင်းပြနိုင်သေးတဲ့အရာတွေအများကြီးရှိတယ်။ ဒါပေမယ့် ငါနင့်ကို ပြောနိုင်တာက၊ ငါအခု ပြန်ရောက်ပြီ။ နောက်ပြီး ငါဘယ်တော့မှ ထပ်ပြီးထွက်သွားမှာမဟုတ်ဘူး”

တန်ရွှမ်အာက ရွှယ်အန်းကို ကြည့်ပြီးခဏအကြာတွင် ခေါင်းညိတ်လိုက်သည်။

“နင်အမှန်အတိုင်းပြောနေတာဖြစ်ပါစေလို့ ငါမျှော်လင့်ပါတယ်”

“နင်စားပြီးပြီလား”

“မစားရသေးဘူး။ ငါတို့ အပြင်ထွက်စားကြရင်ရော ဘယ့်နှယ့်လဲ”

“အခု နင်က ကလေးနှစ်ယောက်ရဲ့အဖေဖြစ်နေပြီ။ ပိုက်ဆံကို ရသလောက်စုထားသင့်တယ်။ ငါဟင်းချက်လိုက်ဦးမယ်” ထန်ရွှမ်အာက မတ်တပ်ရပ်ကာ၊ မီးဖိုချောင်ထဲသို့သွားလိုက်သည်။

သိပ်မကြာခင်တွင် ဟင်းလျာများ၏ မွှေးကြိုင်သင်းပျံ့သောအနံ့များသည် အခန်းတစ်ခုလုံးသို့ ပျံ့နှံ့သွား၏။

ရွှယ်ရှန်းနှင့် ညန်ညန်တို့သည် အစားကြူးသော ကြောင်လေးနှစ်ကောင်ကဲ့သို့ ဟင်းနံ့ကြောင့် ထွက်လာကြသည်။

“ဒါက ကြက်ဥထမင်းကြော်”

“မဟုတ်ဘူး ခရမ်းချဥ်သီးထမင်းကြော်”

ပါးစပ်မှ တံတွေးများ ယိုထွက်လုနီးနီးဖြစ်နေသော်လည်း ကလေးမလေးနှဏ်ယောက်သည် ဆက်လက်ငြင်းခုံနေကြသည်။

ရွှယ်အန်းသည် ဤမြင်ကွင်းကို ကြည့်ကာ၊ သူ့ရင်ထဲမှ ကြာရှည်စွာ ပျောက်ဆုံးနေခဲ့သော နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရသည်။

“ဖေဖေ။ အန်တီရွှမ်အာရဲ့ ထမင်းကြော်က အရမ်းအရမ်းအရသာရှိတယ်” ရွှယ်ရှန်းကပြောသည်။

“အဲ့လောက်တောင်လား။ ထမင်းကြော်ပြင် မီးမီးတို့ အစားကြူးတဲ့ကြောင်ကလေးတွေ ဘာစားချင်ကြသေးလဲ”

“သမီးတို့ ဟမ်ဘာကာကြိုက်တယ်။ ရေခဲမုန့်ကြိုက်တယ်” ကလေးမလေးနှစ်ယောက်သည် ပြိုင်တူပြောလိုက်ကြ၏။

“အဲ့တာဆို မနက်ဖြန် ဖေဖေက သမီးတို့ကို အဲ့တာတွေစားဖို့ ခေါ်သွားမယ်”

“တကယ်လား”

“ဒါပေါ့ တကယ်ပေါ့။ ဖေဖေတို့ ဟမ်ဘာကာ အရင်စားကြမယ်။ ပြီးရင် ရေခဲမုန့်စားမယ်။ အဲ့တာပြီးရင် ကစားကွင်းသွားကြမယ်လေ”

“ဖေဖေအသက်ရှည်ပါစေ” ကလေးမလေးနှစ်ယောက်သည် ပျော်ရွှင်မြူးတူးစွာ အော်ဟစ်လိုက်ကြသည်။

အစားအစာများ အဆင်သင့်ဖြစ်သောအခါ ရွှယ်အန်းကတစ်လုပ်စားလိုက်သည်။ နဂါးအသည်းနှင့် ဖီးနစ်ငှက်ခြင်ဆီတို့၏ အရသာများကိုသာ ကျင့်သားရခဲ့သော ရွှယ်အန်းသည် အိမ်၏ အရသာကို ရုတ်တရက်နားလည်သဘောပေါက်သွားသည်။

အစာစားပြီးနောက် ထန်ရွှမ်အာသည် ပန်းကန်များဆေးကာ၊ နှုတ်ဆက်ရန်ထလိုက်သည်။

“ကျေးဇူးပါ” ရွှယ်အန်းသည် အောက်ထပ်သို့ လိုက်လာကာ၊ သူမအား ရုတ်တရက် ပြောလိုက်၏။

ထန်ရွှမ်အာသည် အမှောင်ထုထဲ၌ တုန်လှုပ်သွားမိ၍ ခေါင်းကို မော့ကြည့်လိုက်သောအခါ ရွှယ်အန်းကို ဘေးတိုက်မြင်နေရ၏။ သူမနှလုံးသားတစ်ခုလုံး ရှုပ်ထွေးသော ခံစားချက်များ ဖြင့် ပြည့်နှက်သွာသည်။

လေးနှစ်သည် မရင့်ကျက်သေးသော ကောင်‌လေးတစ်ယောက်ကို ရင့်ကျက်သော ပုဂ္ဂိုလ်တစ်ယောက်အဖြစ်ပြောင်းလဲပေးလိုက်သည်။ သူ၏ လက်ရှိ ကိုယ်ရောင်ကိုယ်ဝါသည် ထန်ရွှမ်အာ လူအနည်းငယ်ထံတွင်သာ မြင်ခဲ့ဖူး၏။ ထို့အပြင် ထိုသူများသည် ချွင်းချက်မရှိ လူအများကြားတွင် အထက်တန်းစားများဖြစ်ကြသည်။

ဤလေးနှစ်အတွင်းတွင် သူမည်သည့်အရာများကြုံတွေ့ခဲ့ရသနည်း။

အခန်း(၃) စျေးထဲတွင် မတော်တဆတွေ့ ဆုံမှု

မနက်စောစောတွင် ငှက်ကလေးများ၏ တေးဆိုသံဖြင့် ရွှယ်အန်းနိုးထလာခဲ့သည်။ သူ ဤမျှ နှစ်ခြိုက်စွာ အိပ်ပျော်သည်မှာ ရှားပါးလှသည်။ အမှန်တကယ်တွင် အင်မိုတယ် ကျင့်ကြံရေးလမ်းကြောင်းသို့ လျှောက်လှမ်းခဲ့စဥ်မှစ၍ အိပ်ပျော်ခဲ့သည်မှာ ရှားသည်။

ရွှယ်အန်း ထရန်ကြိုးစားလိုက်သောအခါတွင် သူ့သမီးနှစ်ယောက်သည် သူ့ကိုယ်ပေါ်၌ ခြေကားယားလက်ကားယား အိပ်မောကျနေသည်ကို မြင်လိုက်ရသည်။ အသွင်တူသော ကလေးမလေးနှစ်ယောက် အိပ်မောကျနေသည့်ပုံစံသည် အလွန်ချစ်စဖွယ်ကောင်းလှ၏။ ရွှယ်အန်းသည် ကြည်နူးစွာ ပြုံးလုိက် သူ့နှလုံးသားထဲမှ တည်ငြိမ်မှုတစ်ခုကို ခံစားလိုက်ရသည်။

‘အင်မိုတယ်တွေရဲ့ စောက်ရေးမပါတဲ့ရန်ပွဲတွေအားလုံး ငရဲကို သွားလို့ရပြီ။ ဒီနေ့ကစပြီး ငါက အရည်အချင်းရှိတဲ့ “ဖေဖေ”ဖြစ်တော့မှာကွ’

“ဖေဖေ၊ ထွက်မသွားပါနဲ့” ရွှယ်ရှန်းသည် အိပ်နေရာမှ ရုတ်တရက် ယောင်ယမ်းညည်းညူကာ၊ သူမ၏ရှည်လျားကော့စင်း‌သော မျက်တောင်များ အနည်းငယ် တုန်ယင်သွားသည်။

“ဖေဖေ သမီးကို ဘယ်တော့မှ ထားမသွားဘူး” ရွှယ်အန်းက ကလေးများကို ပြောသည့်ဟန်ဖြင့် ခပ်တိုးတိုးပြောလိုက်သည်။

ရွှယ်ရှန်းနှင့် သူ့ညီမလေး ရွှယ်နျန်တို့သည် နေသည် ကောင်းကင်ယံသို့ ကောင်းစွာမမြင့်တက်သေးသော အချိန်အထိတိုင်မနိုးထကြသေးပေ။ ရွှယ်အန်းသည် ခပ်ဖောင်းဖောင်း ပါးကလေးများကို ဆွဲညှစ်ကာ၊ ရယ်မော၍ပြောလိုက်သည်။

“အိပ်ငိုက်နေတဲ့ ခေါင်းလေးနှစ်လုံး။ နေက သမီးတို့ ဖင်ကို ထိုးနေပြီ။ အခုမှ နိုးကြသလား”

ထိုအချိန်တွင်မှ ရွှယ်အန်းနှင့် ရွှယ်နျန်တို့သည် အပြင်ဘက်တွင် နေမည်မျှမြင့်နေပြီဖြစ်ကြောင်း သတိပြုမိကြကာ၊ နှစ်ယောက်လုံး လန့်သွားကြသည်။

“အင်း မြန်မြန်လုပ် ဖေဖေက ဒီနေ့ အစားကောင်းကြီးတွေ လိုက်ကျွေးမှာ”

ကလေးမလေးနှစ်ယောက်သည် အလျင်အမြန်၊ အလုအယက်ပြင်ဆင်လိုက်ကြသည်။ ရွှယ်နျန်သည် ခွေးခြေအသေးလေးပေါ်တွင် ထိုင်နေကာ၊ ရွှယ်ရှန်းသည် အနောက်မှနေ၍ ဆံပင်များကို ဖီးသင်ပေးလိုက်သည်။

ထို့နောက် ရွှယ်ရှန်သည် ခွေးခြေပေါ်တွင်ထိုင်ကာရွှယ်ညျန်သည် သူ့အစ်မ၏ ဆံပင်ကို အနောက်မှနေ၍ ပြန်ဖီးပေးလိုက်သည်။ ကလေးများ၏ ကျွမ်းကျင်သော လှုပ်ရှားမှုများကို ကြည့်ကာ ရွှယ်အန်း၏ မျက်လုံးများ အနည်းငယ်စိုစွတ်လာသည်။

“သမီးတို့… ဒီလို အမြဲလုပ်နေကျလား”

“ဟင်၊ အန်တီရွှမ်အာက မိန်းကလေးတွေအနေနဲ့ အပြင်ထွက်တဲ့အခါ သပ်သပ်ရပ်ရပ် နေရမယ်လို့ ပြောထားတယ်။ ဘယ်သူမှ အထင်မသေးအောင်တဲ့လေ” ရွှယ်ရှန်းက စိတ်အားထက်သန်စွာပြောပြသည်။

ရွှယ်အန်း ပြုံးလိုက်ရ၏။ ယခုအချိန်တွင် သူ့သမီးနှစ်ယောက်၏ စိတ်နေစိတ်ထားကို ကောင်းစွာ သိလာပြီဖြစ်သည်။ အစ်မဖြစ်သူ ရွှယ်ရှန်းသည် အရွယ်ရောက်ပြီးသူတစ်ဦးကဲ့သို့ ပြုမူ ပြောဆိုတတ်ကာ၊ တစ်ခါတစ်ရံတွင် ကြားရသူကို ရယ်ရခက်၊ ငိုရခက် ဖြစ်သွားစေလောက်သည့် အမူအရာမျိုးဖြင့်လည်း ပြောလေ့ရှိသည်။

သမီးနှစ်ယောက်အဆင်သင့်ပြင်ပြီးသောအခါ ရွှယ်အန်းအထင်ကြီးမိသွားသည်။ ကလေးမလေးများသည် တူညီသော အဝတ်အစားများကိုဝတ်ဆင်သည့်အပြင် ဆံပင်ပုံစံတူပြင်ထားကြသည့်အတွက် သူတို့ကြားတွင် မှန်တစ်ချပ်ရှိနေသကဲ့သို့ ဘေးချင်ကပ်လျက်ရပ်နေကြသည်။

ရွှယ်အန်းသည်ပင် ထိုကလေးနှစ်ယောက်ကို ခွဲခြားရန် ခက်ခဲသည်။

“ဖေဖေ၊ ဘယ်သူက အကြီးလဲ ဘယ်သူက အငယ်လဲဆိုတာ ပြောနိုင်လား”

ကြိမ်ဖန်များစွာ လှည့်ပတ်ကြည့်ပြီးနောက် ကလေးမလေးများက တခစ်ခစ်ရယ်ကာမေးသည်။

ရွှယ်အန်း ခေါင်းအနည်းငယ်မူးသွားသည်။

“မသိဘူး။ ဖေဖေ သမီးတို့ကို တကယ်မခွဲတတ်ဘူး”

“ဖေဖေ အရမ်းတုံးတာပဲ။ ဒီမှာကြည့် သမီးက အစ်မကြီးလေ၊ သမီးပါးချိုင့်က ဘယ်ဘက်က ပိုနက်တယ်”

“သမီးက အငယ်လေး၊ သမီးပါးချိုင့်က ညာဘက်ကပိုနက်တယ်”

ရွှယ်အန်းသည် ပါးနက်ထက်မြက်သော ကလေးမလေးနှစ်ယောက်ကို ကြည့်ကာ သူ့လက်များဖြင့်ဖက်၍ ချီမလိုက်သည်။

“သွားကြရအောင် ဖေဖေ့ရဲ့ ရတနာလေးနှစ်ယောက်၊ စားသောက်ပွဲကြီး တည်ခင်းဖို့ သွားကြမယ်”

ပေကျန်းမြို့၏ လူသွားလူလာအများဆုံး လမ်းတစ်လမ်းပေါ်တွင်ဖြစ်သည်။ ရွှယ်အန်းသည် သမီးနှစ်ယောက်ကို တစ်ဖက်တစ်ယောက်ချီကာ၊ လမ်းလျှောက်လာသည်။ ရွှယ်အန်းသည် အလွန် ခံ့ညားချောမောကာ၊ လွန်ခဲ့သော နှစ်သုံးထောင်အကြာ လေ့ကျင့်မှုများသည် သူ၏ ရုပ်သွင်ကိုသာ ပို၍ ခံ့ညားလာစေသည်။ ကလေးမလေးနှစ်ယောက်သည်လည်း ရုပ်အသွင်တူညီကာ၊ အလွန်ချစ်စဖွယ်ကောင်းလှ၍ အကျင့်‌ကောင်းများရှိကြသည်။ ဤသို့သော ပေါင်းစပ်မှုသည် အလိုအလျောက်ပင် မရေမတွက်နိုင်သော အကြည့်များစွာကို ဆွဲဆောင်နိုင်၏။

လူများစွာသည် မပြုံးဘဲမနေနိုင်ကြပေ။

“ဖေဖေ၊ သမီးတို့ ဘယ်သွားနေကြတာလဲ” ရွှယ်ရှန်းကတိုးတိုးတိတ်တိတ်မေးလိုက်သည်။

“ဖေဖေတို့ ဟမ်ဘာကာသွားစားကြမှာလေ”

ရွှယ်ရှန်းက သူမပိုက်ဆံအိတ်ထဲမှ ငွေအနည်းငယ်ကို ထုတ်ကာ ရွှယ်အန်းလက်ထဲသို့ သူမ၏ လက်ကလေးများဖြင့် ပေးလိုက်သည်။

“ဖေဖေ၊ ဒါက သမီးတို့ ပန်းရောင်းပြီးစုထားတဲ့ပိုက်ဆံတွေပါ”

ရွှယ်အန်း အံ့သြတုန်လှုပ်သွားသည်။ သူ ရွှယ်ရှန်း၏ဆိုလိုရင်းကိုနားလည်သည်။ ဤလေးနှစ်အရွယ်ကလေးမလေးသည် သူတို့ကို သူ မုန့်မဝယ်ကျွေးနိုင်မည်ကို စိတ်ပူနေခြင်းဖြစ်၏။

“ဖေဖေ့ လိမ္မာလိုက်တဲ့သမီးလေး၊ မလိုပါဘူး။ ဖေဖေ့မှာ ပိုက်ဆံရှိတယ်နော်” ရွှယ်အန်းက ရယ်မောကာ၍ ပြောလိုက်သည်။

“ရွှယ်အန်းသည် အိမ်၌ သူစုထားခဲ့သည့် ဝက်စုဗူးထဲမှငွေအချို့ကို ပြန်လည်ရှာတွေ့ခဲ့သည်။ ယင်းသည် အလွန်မများလှကာ၊ ယွမ်တစ်ထောင်ကျော်မျှသာရှိသော်လည်း အနည်းဆုံး ယခုအချိန်အတွက် လောက်ငှသည်။

အနာဂတ်အတွက်မူ…

သို့သော် နောက်ဆုံးတွင်မူ သူသည် အင်မော်တယ် အရှင်တစ်ပါးဖြစ်သည်။ ထို့ကြောင့် ငွေကိစ္စနှင့် ပတ်သက်၍ အဘယ်ကြောင့်စိုးရိမ်နေရမည်နည်း။

အမှန်အတိုင်းပြောရလျှင် ဟမ်ဘာကာသည် အလွန်စားမကောင်းသော်လည်း ရွှယ်အန်းသည် မြိန်ရေရှက်ရေစားသောက်နေသေးသည်။ သူ့သမီးအနားတွင်ရှိနေသရွေ့ သူမည်သို့ပင်စားသောက်နေရစေကာမူ အရေးမကြီးပေ။

“ဗိုက်ဝပြီလား” ရွှယ်အန်းကမေးသည်။

“သမီးတို့ အိမ်မှာစားဖို့ ပိုတာလေးတွေ ယူသွားချင်လို့” ရွှယ်ရှန်းကပြောလိုက်သည်။

ရွှယ်အန်းသည် ခဏတာမျှ ကြောင်အသွားပြီးနောက်၊ သက်ပြင်းချလိုက်သည်။

“ရှန်းရှန်း၊ ညန်ညန်၊ ဖေဖေ့ကိုကြည့်”

“သမီးတို့ အရင်ကအများကြီးခံစားခဲ့ရမှန်းဖေဖေသိပါတယ်။ ဒါပေမယ့် အခု ဖေဖေပြန်ရောက်လာပြီလေ။ ဘာစားချင်ချင် ဘာဆော့ချင်ချင် ဖေဖေ့ကိုသာပြောလိုက်။ ဖေဖေက သမီးတို့ လိုချင်သမျှ ဖြည့်ဆည်းပေးမယ်။ အရမ်းသိတတ်နေတာက ဖေဖေ့ရင်ကို ခွဲနေသလိုပဲ။ သမီးတို့လုပ်ရမှာက၊ စိတ်ထဲဆော့ချင်တာကို ဆော့၊ စားချင်တာကိုစား”

ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့ ခေါင်းညိတ်လိုက်ကြသော်လည်း အနည်းငယ်နားမလည်ကြပေ”

“သွားကြမယ်။ အခုရေခဲမုန့်သွားစားကြရအောင်”

ညနေခင်းသည် နီးကပ်လာသည်။ ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့သည် ကြီးမားသော မွှေးပွဝက်ဝံရုပ်ကြီးများကို ကိုင်ထားကာ၊ အလွန်ပျော်ရွှင်မြူးတူးနေကြသည်။ ရွှယ်အန်းသည် အနောက်မှလိုက်ကာ၊ ခုန်ပေါက် ပျော်ရွှင်နေသော သူ့သမီးများကို ကြည့်၍ သူ့မျက်နှာထက်တွင်လည်းအပြုံးတစ်ခု ပေါ်လာသည်။

“ဖေဖေ၊ ခု ဘယ်သွားနေကြတာလဲ” ရွှယ်ရှန်းကပြောသည်။

ရွှယ်အန်းက အနည်းငယ်ပြုံးကာ၊

“ဖေဖေတို့ ပစ္စည်းလေးတချို့သွားဝယ်ကြမလို့။ ဖေဖေက အရသာရှိတာတစ်ခု ချက်ကျွေးမယ်”

“ကောင်းလိုက်တာ” ရွှယ်နျန်သည် ရိုးအသော အစားအသောက်မက်သော ကလေးတစ်ယောက်ဖြစ်သဖြင့် အရသာရှိသော အစားအစာများအကြောင်းကြားသည်နှင့် ဝမ်းသာအားရဖြစ်သွားသည်။ ရွှယ်အန်းသည်မူ စိတ်ပျက်လက်ပျက်ဖြစ်ကာ သူ့ညီမ၏ ခေါင်းကို ပုတ်ပြီးနောက် တင်ပါးကို လက်ဖြင့်ရိုက်လိုက်သည်။

“စားစားစား၊ နင်သိတ်ာ စားဖို့ချည်းပဲ။ ခု နင့်မျက်နှာကို ကြည့်ဦး၊ အရမ်းဝိုင်းနေပြီ”

တကယ်တမ်းတွင် သူမ၏ ပါးများသည် ပို၍ပင် ဖောင်းကားနေ၏။

မည်သို့ပင်ဆိုစေကာမူ၊ ရွှယ်နျန်သည် သူမ၏ ခေါင်းကို ကာ၍ တခစ်ခစ်ရယ်မောလိုက်သည်။ ရွှယ်အန်းသည် ပေကျန်းမြို့မှ အကြီးဆုံး ဆေးဖက်ဝင်သစ်ပင်များရောင်းချသည့်စျေးသို့ သူ့သမီးများကို ခေါ်သွားသည်။ သူဆေးဖက်ဝင်အပင်အချို့ဝယ်ကာ မူလအနှစ်သာရဆေးကို ဖော်စပ်ရန် စီစဥ်ထားခြင်းဖြစ်သည်။မူလအနှစ်သာရဆေး သည် အခြေခံအကျဆုံး ဆေးဖြစ်သည်။ ယင်းကို သောက်သုံးပြီးလျှင် သောက်သုံးသူ၏ ခန္ဓာကိုယ်ကို မြှင့်တင်ပေးနိုင်သဖြင့် ရွှယ်အန်းသည် သူ့သမီးများ စားသုံးရန် စီစဥ်ထားခြင်းဖြစ်သည်။ အင်မိုတယ်အရှင်တစ်ပါးအနေဖြင့် ထိုသို့သော ဆေးမျိုးကို ဖော်စပ်ရန် မခက်ခဲလှသော်လည်း လိုအပ်သော ပါဝင်ပစ္စည်းများကိုမူ လေထဲမှ ဖန်ဆင်း၍ မရနိုင်ပေ။

အထူးသဖြင့် ယခု ကမ္ဘာ့ ဝိဉာဥ်စွမ်းအင်သည် အလွန်ရှားပါးလာသဖြင့် သတိထားထိုက်သော ဆေးဖက်ဝင်ဆေးပင်တစ်ခုတစ်လေမျှပင်မရှိပေ။ စျေးထဲသို့ လမ်းအနည်းငယ်လျှောက်ပြီးနောက်၊ ရွှယ်အန်း အနည်းငယ်စိတ်ပျက်လက်ပျက်ဖြစ်သွားမိသည်။

“ဝါး အဲ့တာ အရည်အချင်းရှိ မစ္စတာရွှယ်မဟုတ်လား”

မော့ကြည့်လိုက်သောအခါ၊ ဝတ်စုံပြည့်ဝတ်ဆင်ကာ၊ သားရေဖိနပ်ဝတ်ထားသော အမျိုးသားတစ်ဦးသည် ပြောင်လက်စွာ ဝတ်စားဆင်ယင်ထားသည့် အမျိုးသမီးတစ်ဦးနှင့် အတူရပ်နေသည်ကို ရွှယ်အန်းတွေ့လိုက်ရ၏။

ရွှယ်အန်းသည် အနည်းငယ်မျက်မှောင်ကြုတ်၍ ခဏတာမျှ စဥ်းစားပြီးနောက်၊ ထိုသူ မည်သူမည်ဝါဖြစ်ကြောင်း သတိရသွားသည်။

လင်ဖုန်း

သူ၏ အထက်တန်းကျောင်း ကျောင်းနေဖက်ဟောင်းတစ်ဦးဖြစ်သည်။ သူ့မိသားစုသည် ဆေးဖက်ဝင် အပင်လုပ်ငန်းတွင် အလွန် အောင်မြင်ကာ၊ သူသည် အဓိကအားဖြင့် ဒုတိယမျိုးဆက်၊ သူ‌ဌေးသားဖြစ်သည်။ သို့သော် ရွှယ်အန်းသည် ကျောင်းတက်စဥ်ကာလတွင် ဤလူနှင့် မတွဲခဲ့ပေ။

“ပါရမီရှင်ကြီး မစ္စတာရွှယ်ပါလား၊ လွန်ခဲ့တဲ့ လေးနှစ်က သဲလွန်စမကျန်ဘဲ ပျောက်သွားတယ်လို့ငါကြားလိုက်တယ်။ မင်းဘာလို့ ရုတ်တရက် ပြန်လာတာလဲ” လင်ဖုန်းက စကားပြောကာ ရွှယ်အန်းကို မျက်လုံးများ ပြူး၍ကြည့်လိုက်သည်။ ရွှယ်အန်းသည် လမ်းဘေးဆိုင်မှ ဝယ်ထားပုံပေါ်သော၊ ခေတ်မမီသည့် ဖက်ရှင်ကို ဝတ်ဆင်ထားကြောင်းသတိပြုမိသဖြင့် သူ့မျက်နှာထက်မှ အထင်သေးမှုသည် ပို၍ ကြီးမားလာသည်။ ရွှယ်အန်းသည် ဤအရာများကို ဂရုမစိုက်ပေ။

သင်ပုရွက်ဆိတ်တစ်ကောင်ကို အာရုံစိုက်လိမ့်မည်လော။

“အိုး ငါသူ့ကို မိတ်ဆက်ဖို့ မေ့နေတာ။ မင်း ဒီတစ်ယောက်ကို သိတယ်မလား” သူ့ဘေးမှ အမျိုးသမီးကို ညွှန်ပြ၍ ပြောလိုက်သည်။

“ကြည့်ပါဦး မင်းတို့နှစ်ယောက်က အတန်းဖော်‌ဟောင်းတွေမလား။ ဟုတ်တယ်မလား တုကျွမ်”

တုကျွမ်

ထိုမှသာ ရွယ်အန်း မှတ်မိသွားသည်။ ဤအမျိုးသမီးကို မြင်ဖူးသည်ဟုထင်နေခြင်းမှာ အံ့သြဖွယ်မဟုတ်ပေ။ သူမသည်လည်း သူ၏ အတန်းဖော်ဟောင်းတစ်ယောက်ဖြစ်၏။ ထို့အပြင် အတိတ်မှ ရိုးသားနုံအသော ရွှယ်အန်း ပိုးပန်းခဲ့သည့် မိန်းကလေးမှာ တုကျွမ်ဖြစ်သည်။ ၎င်းတို့ ကျောင်းသားဘဝတွင် တုကျွမ်သည် သူမ၏ အလှကို အသုံးပြု၍ အကျိုးအမြတ်အားသာချက်များရရှိနိုင်ခဲ့သည်။ ချောမောသော ရွှယ်အန်းကို သူမသည် ကြိုးရှည်ရှည်လှန်းကာ၊ ငြင်းဆိုခြင်းမပြုခဲ့သည့်အပြင် လက်ခံခြင်းလည်း မပြုခဲ့ပေ။

ထို့နောက် အချိန်များစွာအကြာမှ ရွှယ်အန်းသည် သူမ၏ နည်းလမ်းများကို နားလည်သဘောပေါက်ကာ၊ နောက်ဆုံးတွင် ပညာရေးကိုအာရုံစိုက်၍ ကျုံးတုတက္ကသိုလ်သို့ ဝင်ခွင့်ရခဲ့သည်။

သို့သော် ဤလူနှစ်ဦးကို ဤနေရာတွင် တွေ့ရလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

ရွှယ်အန်း၏နှုတ်ခမ်းထောင့်စွန်းတွင် ခပ်ပါးပါးအပြုံးတစ်ခုပေါ်လာသည်။

All Chapters