← Chapters

အခန်း (၄-၆)

Vol. 1 Ch. 4-6

အခန်း (၄-၆)

Vol. 1 Ch. 4-6

အခန်း(၄)ဟေး အဘိုးကြီး ခင်ဗျား မကြာခင်သေတော့မှာ

တုကျွမ်သည် ရွှယ်အန်းကို အကြိမ်အနည်းငယ်ခန့် စိုက်ကြည့်ပြီးနောက်၊ ရွံရှာစက်ဆုပ်စွာဖြင့် ခေါင်းလှည့်၍ လှောင်ရယ်လိုက်သည်။

“မစ္စတာလင်း၊၊ ဒါသတင်းဟောင်းတွေပါ။ အဲ့ကိစ္စကို ပြန်မပြောကြရအောင်၊ ကျွန်မနှလုံးသားမှာ အခု ရှင့်အတွက်ပဲ နေရာရှိတော့တယ်”

လင်ဖုန်းက ပီတိဖြာကာ၊ အေးစက်စွာ ရယ်မောလိုက်သည်။ ၎င်းတို့ ကျောင်းတက်စဥ်က၊ ရွှယ်အန်းကို အမြဲတစေ မနှစ်သက်ခဲ့ကြပေ။ ရွှယ်အန်းသည် ထိုအချိန်က သာမန်မိသားစုမှဆင်းသက်လာခဲ့သော်လည်း အလွန်ခံ့ညားကာ၊ မိန်းကလေးအများစုက ကြိုက်နှစ်သက်ခဲ့ကြသည်။ ထို့ကိစ္စနှင့်ပတ်သက်၍ လင်ဖုန်းသည်လည်း အလွန်မနာလိုဖြစ်ခဲ့၏။ ယခု ရွှယ်အန်းသည် အလွန်သနားစဖွယ်ကောင်းသော အနေအထားတွင်ရှိနေသည်ကို မြင်လိုက်ရသောအခါ၊ သူအလွန် စိတ်သက်တောင့်သက်သာဖြစ်သွားသည်။

“ပါပါး၊ အဲ့အန်တီကြီးကရုပ်ဆိုးလွန်းတယ်” ရွှယ်ရှန်းက ရုတ်တရက်ပြောလိုက်သည်။

တုကျွမ်၏ မျက်နှာသည် ဒေါသစိတ်ကြောင့် ခရမ်းရောင်သို့ပြောင်းသွား၏။ ရွှယ်အန်းက အနည်းငယ်ပြုံးကာ၊ သူ့သမီးနှစ်ယောက်ကို မချီရန် ငုံ့လိုက်သည်။

“အချို့လူတွေက ရုပ်ဆိုးတယ်။ ငါတို့ သူ့ကို ကြည့်စရာမလိုဘူး”

“ရွှယ်၊ နင်ဘာကိုပြောချင်တာလဲ။ နောက်ပြီး ဒီတောကောင်နှစ်ကောင်ကဘယ်သူတွေလဲ” တုကျွမ်က ဒေါသထွက်လွန်းသဖြင့် ရှက်ရွံ့စွာပြောလိုက်သည်။ ရွှယ်အန်းသည် ရုတ်တရက် ရပ်တန့်သွား၍ တုကျွမ်ကို စိုက်ကြည့်လိုက်သည်။ ယခင်က စိတ်တိုနေသော တုကျွမ်သည် ရွှယ်အန်း၏ အကြည့်အောက်တွင် အေးခဲသွားသည်။

“ပါပါး” ရွှယ်ရှန်း၏ ခေါ်သံကြောင့် ရွှယ်အန်း အသိစိတ်ပြန်ဝင်သွားသည်။ ယခုလေးတင် ဖြစ်ပေါ်လာသော လူသတ်ချင်စိတ်ကို သူဖုံးကွယ်ထားလိုက်သည်။

သူ့သမီးများကို စော်ကားဝံ့သည့်မည်သူ့ကိုမဆို သူခွင့်လွှတ်နိုင်လိမ့်မည်မဟုတ်ပေ။ သို့သော် လူအများရှေ့တွင် စိတ်လိုက်မာန်ပါလုပ်ဆောင်ခြင်းသည် ဝံ့ကြွားခြင်းပင်ဖြစ်ပေ၏။ ရွှယ်အန်းသည် တုန်လှုပ်ခြောက်ခြားနေသော တုကျွမ်ကို လျစ်လျူရှု့၍ကြည့်ကာ၊ လှည့်ထွက်သွားတော့သည်။ လင်ဖုန်းချဥ်းကပ်လာသောအခါမှ တုကျွမ်သည် ကြောက်စိတ်ကြောင့်ချွေးစေးများပင် ကျနေသည်ကို သိရှိသွားရသည်။

ထိုအချိန်တွင် ရွှယ်အန်းထွက်ခွာသွားသောအခါ၊ အဝေးမှ အခြားသူများသည်လည်း သူ့ကို သတိထားမိသည်။ ၎င်းမှာ ဆံပင်ဖြူနေသည့် အဘိုးကြီးတစ်ဦး၊ ဖြူစင်ချောမောလှပသော မိန်းကလေးတစ်ဦးနှင့် အနက်ရောင်ဝတ်စုံဝတ်ထားသည့် အသားညိုသော ကိုယ်ရံတော်တစ်ယောက်ဖြစ်သည်။

“ဘယ်လောက်တောင် ပြင်းထန်တဲ့ ရောင်ဝါလဲ။ ဒီလူငယ်က သာမန်လူမဟုတ်ဘူး” လူကြီးက အော်ပြောလိုက်သည်။

“အဘိုး ကလေးတွေကိုကိုင်ထားတဲ့လူအကြောင်း ပြောနေတာလား။ သမီးကတော့ အဲ့တာအကုန်ပဲလို့ထင်တယ်” မိန်းကလေးက အထင်သေးစွာပြောလိုက်သည်။

အခြားသူများသာရှိခဲ့လျှင် ၎င်းတို့ တအံ့တသြထအော်မိပေလိမ့်မည်။ ဤအဘိုးကြီးသည် ပေကျန်းမြို့ရှိ အကြီးဆုံးကုမ္ပဏီဖြစ်သည့် လုံတိုင်အဖွဲ့မှ ဥက္ကဌ ချင်းယွမ်မှတပါးအခြားသူမဟုတ်ပေ။ မိန်းကလေးသည် သူ၏ မြေးမလေး ချင်းယွီဖြစ်သည်။

“ယွီ၊ သမီးနားမလည်ပါဘူ။ အဲ့လူငယ်က၊ အခုလေးတင် လူသတ်ချင်စိတ်အပြည့်ဖြစ်နေတာ။ ခဏလေးပဲကြာလိုက်ပေမယ့်၊ အဲ့တာက မယုံကြည်နိုင်လောက်အောင် ပြင်းထန်လွန်းတယ်။ မယုံရင် လောင်ဟေးကို မေးကြည့်”

“လောင်ဟေး ဒီကောင်က တကယ်ကိုအံ့သြစရာကောင်းတာလား” ချင်းယွီကမေးသည်။

သန်မာထွားကျိုင်းသော သက်တော်စောင့် လောင်ဟေးက လေးနက်စွာခေါင်းညိတ်ကာ

“အရမ်းစွမ်းအားကြီးတယ်။ သူရဲ့ လူသတ်ချင်စိတ်ရောင်ဝါကို ကျွန်တော် စစ်တပ်ထဲက ဗိုလ်ချုပ်လင်းဆီမှာပဲ တစ်ခါမြင်ဖူးတယ်”

ဗိုလ်ချုပ်လင်း

ချင်းယွီ၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ ထိုနာမည်သည် ဒဏ္ဍာရီလာအမည်တစ်ခုကဲ့သို့ဖြစ်၏။ သူ့ကို ဟွာရှားစစ်သည်များ၏ ဘုရင်ဟု အများကသိကြသည်။ လောင်ဟေးသည် သာမန်ဖခင်ဟုထင်ရသော ဤလူငယ်မှာ ဗိုလ်ချုပ်လင်းနှင့် ယှဥ်နိုင်သည့် ကိုယ်ရောင်ကိုယ်ဝါမျိုးရှိနေကြောင်း အတည်ပြုနှင့်ပြီးဖြစ်သည်။

“မယုံပါဘူး” ချင်းယွီသည် ရွှယ်အန်း၏နောက်ကျောကို သံသယစိတ်ဖြင့် ငေးကြည့်လျက်ရှိသည်။

ထိုအချိန်တွင်ရွှယ်အန်းသည် သူ့နောက်မှ ရန်လိုမှုကို ခံစားမိသဖြင့် နောက်သို့လှည့်ကြည့်လိုက်သောအခါ၊ ချင်းယွီ၏ မယုံမကြည်ဖြစ်နေသော အကြည့်ကို တွေ့ရှိသွား၏။ ရွှယ်အန်းက ခပ်ပါးပါးပြုံးကာ၊ ချင်းယွီထံသို့ လျှောက်သွားလိုက်သည်။ ထို့နောက် လောင်ဟေးသည် ချင်းယွမ်နှင့် သူ့မြေးမ၏ ရှေ့တွင်ရပ်ကာ၊ ရွှယ်အန်း၏လမ်းကြောင်းကို ပိတ်ပင်တားဆီးလိုက်သည်။

“အဘိုးကြီး ခင်ဗျား နောက်သုံးရက်နေရင် သေရတော့မယ်ဆိုတာသိလား”

ဤစကားကိုကြားသောအခါ ချင်းယွမ်၏ မျက်နှာသည် ရုတ်ချည်းပြောင်းလဲသွား၏။ ချင်းယွီသည် အလွန်ဒေါသထွက်၍ ပြောလိုက်သည်။

“လောင်ဟေး ဒီကလေကချေကို သင်ခန်းစာကောင်းကောင်းပေးလိုက်စမ်း”

လောင်ဟေးက လက်သီးထိုးရန် ရွယ်လိုက်သောအခါတွင် ကြွက်သားများ တင်း၍ကြီးမားလာသည်။

လေကိုခွင်းလာသော လက်သီးသည် ရွှယ်အန်း၏ မျက်နှာတည့်တည့်သို့ ဦးတည်ထား၏။

ရွှယ်အန်းက တည်ငြိမ်စွာပြောလိုက်သည်။

“ရှန်းရှန်း၊ ညန်ညန်၊ မျက်လုံးတွေမှိတ်ထား”

ကလေးမလေးနှစ်ယောက်သည် ဖခင်ဖြစ်သူ၏ ပြောစကားကိုနားထောင်၍ မျက်လုံးများမှိတ်လိုက်ကြသည်။

ထိုအခိုက်အတန့်တွင် ရွှယ်အန်းသည် ကလေးနှစ်ယောက်ကို ကိုင်ကာ၊ တစ်ဖက်မှ ဦးတည်လာသော ကမ္ဘာကွဲလောက်သည့် လက်သီးကို ရင်ဆိုင်နေရပြီဖြစ်သဖြင့်ရှောင်ရန် လမ်းကြောင်းမရှိတော့ပြီဟု ထင်ရသည်။

သို့သော် ရွှယ်အန်း၏ ပျော့ညံ့ပုံရသောပုံစံထဲတွင် ကိန်းအောင်းနေသည့် အလွန်ပြင်းထန်သော အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက်သောကြောင့် လောင်ဟေး၏အမူအရာသည် အလွန်လေးနက်လာသည်။

ဤခံစားချက်သည် ဗိုလ်ချုပ်လင်းကို သူတစ်ယောက်တည်းရင်ဆိုင်ခဲ့ရချိန်ကထက် ပို၍ ပြင်းထန်၏။

ပြိုင်ဘက်၏ အထဲတွင် အချိန်မရွေး တစ်စုံတစ်ယောက်ကို ကိုက်စားရန် အဆင်သင့်စောင့်နေသည့် နဂါးကြီးတစ်ကောင်ရှိနေသကဲ့သို့ပင်ဖြစ်သည်။

“ရပ်” ထိုအချိန်တွင် ချင်းယွမ်က အော်လိုက်သည်။

လောင်ဟေး၏ လက်သီးသည် ရွှယ်အန်း၏ နှာခေါင်းမှ တစ်လမအကွာခန့်တွင်ရပ်တန့်သွား၏။

လက်သီးနှင့်အတူပါလာသော လေသည် ရွှယ်အန်း၏ ဆံပင်များကို ယိမ်းယိုင်သွားစေသော်လည်း ရွှယ်အန်းသည် မျက်တောင်ပင်မခတ်ပေ။ တစ်ဖက်တွင်မူ၊ လောင်ဟေးသည် စိတ်သက်သာရာရကာ၊ ဘေးသို့ လျင်မြန်စွာ ရှောင်ထွက်လိုက်သည်။ ချင်းယွမ်သည် ရှေ့သို့ခြေတစ်လှမ်းတိုးကာ၊ ရွှယ်အန်းကို လေးနက်စွာ ဦးညွတ်၍ တလေးတစားပြောလိုက်၏။

“သခင်လေး၊ ကျေးဇူးပြုပြီး ကျုပ်အသက်ကို ကယ်ပါ”

ဤအခိုက်အတန့်တွင် လင်ဖုန်းနှင့် တုကျွမ်တို့သည် အရပ်ရှည်ကာ ထွားကျိုင်းသော လောင်ဟေးသည် ရွှယ်အန်းကို လက်သီးဖြင့် ချိန်ရွယ်ထားကြောင်း တွေ့သောအခါ အလွန်ပီတိဖြစ်လျက်ရှိကြသည်။

သို့သော် ကံမကောင်းစွာဖြင့် နောက်ဆုံးတွင်မူ အဘိုးကြီးကြောင့် ရပ်တန့်သွားကြသဖြင့် လင်ဖုန်း မကျေမနပ်ဖြစ်သွားသည်။ ချင်းယွမ်သည် ရွှယ်အန်းကို ရိုသေပြနေလျက်၊ သူ့အသက်ကိုပင်ကယ်ရန်တောင်းဆိုနေသည်ကို မြင်သောအခါ လင်ဖုန်းက ဝက်ဝက်ကွဲ ထရယ်လိုက်သည်။

“ဟေ့ အဘိုးကြိး ဒီကောင်လေးကို ကျုပ်သိတယ်။ သူက သူ့မိန်းမနဲ့ သားသမီးတွေကို စွန့်ပစ်ခဲ့တဲ့ အိမ်ခြေရာမဲ့တစ်ယောက်ကလွဲ အဲ့ထက်မပိုဘူး။ ခင်ဗျားက သူ့ကို အသက်ကယ်ဖို့တောင်းဆိုနေတယ်ဟုတ်လား၊ စောက်ရမ်းရယ်ရလိုက်တာ”

ရွှယ်အန်း၏ အကြည့်သည် တဖြည်းဖြည်း အေးစက်သွားသည်။ ပုရွက်ဆိတ်များ၏ ဒေါသကြောင့် လူအများ အနှောက်အယှက်မဖြစ်ကြသော်လည်း ပုရွက်ဆိတ်များသည် သေခြင်းတရားကို အဆက်မပြတ် တောင်းဆိုနေလျှင်မူ၊ အကျိုးဆက်များကို ရှောင်တိမ်း၍ရမည်မဟုတ်ပေ။

“ခင်ဗျား အသက်ရှင်ချင်လား။ အဲ့တာဆို အခုလေးတင်စကားပြောလိုက်တဲ့လူရဲ့ မိသားစုကို ဖျက်ဆီးတာကနေ စလိုက်ကြရအောင်”

“ငါ့မိသားစုကို ဖျက်ဆီးမယ်ဟုတ်လား။ ရွှယ်အန်း၊ မင်း လွန်ခဲ့တဲ့ လေးနှစ်အတွင်း စိတ်ကျန်းမာရေးဆေးရုံကိုများ ရောက်နေတာလားလို့ ငါစပြီး သံသယဝင်လာပြီ။ မင်း အဓိပ္ပါယ်မရှိတာတွေ ဒီလောက်တောင်ပြောနေရလား။ ဒီအဘိုးကြီးရဲ့ အကူအညီနဲ့လား၊ ငါ့မိသားစုကို ဖျက်ဆီးပစ်မယ်ဟုတ်လား” လင်ဖုန်းက ဟက်ဟက်ပက်ပက်ရယ်လိုက်သည်။

ချင်းယွမ်က မတ်တပ်ရပ်ကာ ရိုသေစွာပြောလိုက်သည်။ “ဟုတ်ကဲ့”

ထို့နောက်၊ လင်ဖုန်းထံသို့ လှည့်ကာ၊ အသံနက်ကြီးဖြင့် မေးလိုက်သည်။

“မင်းကဘယ်သူလဲ”

“ဒါက လင်းကုမ္ပဏီရဲ့ အမွေဆက်ခံသူ ကျွန်မတို့ရဲ့ အလုပ်ရှင်ပဲဖြစ်ပါတယ်” တုကျွမ်က ဦးစွာဝင်ပြောသည်။

“လင်းကုမ္ပဏီ ဟုတ်လား” ချင်းယွမ်က မျက်မှောင်အနည်းငယ်ကြုတ်ကာ၊ သူ့ဘေးရှိချင်းယွီကို မေးလိုက်သည်။

“ပေကျန်းမြို့မှာ လင်းကုမ္ပဏီဆိုတာ ရှိလား”

ချင်းယွီက ခေါင်းခါ၍ “သမီး လုံးဝမကြားဖူးဘူး”

ဤအခိုက်အတန့်တွင် တုကျွမ်က အေးစက်စွာရယ်၍ ပြောသည်။ “နိုင်ငံတွင်းက တောသားငနုံတွေက လင်းကုမ္ပဏီအကြောင်းဘယ်လိုလုပ်သိမှာပဲ။ ရှင့်ကိုပြောပြလိုက်မယ်။ ပေကျန်းမှာရှိတဲ့ဆေးဖက်ဝင်ပစ္စည်းအားလုံးက လင်းကုမ္ပဏီရဲ့ ထိန်းချုပ်မှုအောက်မှာရှိတယ်”

“အဘိုးကြီး ခင်ဗျား သေတော့မှာ မဟုတ်ဘူးလား။ ကျုပ်တို့ မိသားစုက ဆေးရောင်းနေတာဆိုတော့ ခင်ဗျားဖို့ နည်းနည်းလောက်ပို့ပေးရမလား”

ချင်းယွမ်မှ ပြန်မတုံ့ပြန်ခင်တွင် ချင်းယွီသည် အလွန်အင်မတန် ဒေါသထွက်ကာ၊ ဖုန်းဆက်ရန် ပြင်လိုက်သည်။

လင်ဖုန်း၏ ရမ္မက်ကြီးသောမျက်လုံးများသည် ချင်းယွီ၏ ကိုယ်လုံးသွယ်သွယ်အားအစအဆုံးကြည့်ကာ၊ ရယ်မော၍ ပြောလိုက်၏။

“အကူအညီတောင်းနေတာလား။ ကောင်းတယ်။ လင်းကုမ္ပဏီကို ပေကျန်းက ဘယ်သူက ပုန်ကန်ရဲလဲဆိုတာ ကြည့်ချင်သေးတယ်”

ချင်းယွီက ဖုန်းခေါ်၍ ခက်ထန်စွာ ပြောလိုက်သည်။

“လင်းကုမ္ပဏီကို လုံးဝ အရေးယူလိုက်”

တုကျွမ်က သူမပါးစပ်ကို အုပ်ကာ၊ လှောင်ပြောင်ရယ်မော၍ ပြောလိုက်သည်။

“အလုပ်ရှင်လေး၊ ဒီလူတွေက ဖုန်းခေါ်ရုံနဲ့၊ ရှင့်မိသားစုကို ဒဏ်ခတ်အရေးယူနိုင်လိမ့်မယ်လို့ ထင်နေရာ ရယ်စရာမကောင်းလွန်းဘူးလား”

လင်ဖုန်းကရယ်မော၍

“ဒီရက်ပိုင်းမှာ ကြွားလုံးထုတ်တဲ့ကောင်တွေ အရမ်းများနေပြီလွန်းလို့ ကိစ္စတွေ ရှုပ်ရှက်ခတ်ကုန်တာပဲ”

သို့သော် နှစ်မိနစ်အတွင်းတွင် လင်ဖုန်း၏ ဖုန်းမြည်လာသဖြင့် ကိုင်လိုက်သောအခါတွင် အိမ်မှ ဖုန်းဆက်လာသည်ကို မြင်လိုက်ရ၏။

“ဟယ်လို ဖေဖေ၊ ဘာဖြစ်လို့လဲ”

ဖုန်းထဲမှ အော်ဟောက်သံတစ်ခုထွက်လာသည်။

“ယုတ်ညံ့တဲ့ အကောင်၊ မင်း ကမ္ဘာပေါ်က ဘယ်သူ့ကို စော်ကားလိုက်တာလဲ။ လုံတိုင်အဖွဲ့က လင်းကုမ္ပဏီကို အပြည့်အဝ ဒဏ်ခတ်ပိတ်ဆို့ထားတယ်လို့ ဘာလို့ ရုတ်တရက်ကြေညာလိုက်တာလဲ”

“ဘာ” လင်ဖုန်း ထိတ်လန့်သွားသည်။

“လုံတိုင်အဖွဲ့ဟုတ်လား”

နာမည်သည် ကျိန်စာကဲ့သို့ လင်ဖုန်းနှင့် တုကျွမ်တို့ကို ထိတ်လန့်စေခဲ့သည်။ ၎င်းသည် ပေကျန်းမြို့ ရှိ ထိပ်တန်းစီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်ကာ၊ အမှန်တကယ်ပင် အကောင်ကြီးကြီးတစ်ကောင်ဖြစ်သည်။ ၎င်းနှင့် နှိုင်းယှဥ်ပါက၊ လင်းကုမ္ပဏီသည် လမ်းဘေးမှ ပန်ကိတ်ဆိုင်တစ်ဆိုင်ထက် ပိုလိမ့်မည်မဟုတ်ပေ။

“ဖေဖေ၊ မမှားတာသေချာလား”

“ငါက ဘယ်လိုမှားရမှာလဲ။ လုံတိုင်အဖွဲ့ရဲ့ မမလေးဆီက တိုက်ရိုက်အမိန့်ဆိုပြီး လုံတိုင်အဖွဲ့ အတွင်းရေးမှုက ငါ့ကို ဖုန်းဆက်ပြောလာတာပဲ”

“အကုန်ပြီးပြီ၊ အားလုံးပြီးဆုံးသွားပြီ” လင်ဖုန်း၏ မျက်နှာသည် ဖြူဖျော့ကာ၊ မြေပြင်ပေါ်သို့ လဲကျသွားသည်။

သူ ပေါ့ဆစွာ မထီမဲ့မြင် ပြုခဲ့သူသည် လုံတိုင်အဖွဲ့ ပိုင်ရှင်၏ သမီးဖြစ်လိမ့်မည်ဟု မည်သည့်အချိန်ကမှ အိပ်မက်မမက်ခဲ့ဖူးပေ။

အခန်း(၅) မျက်စိပဒါသမဖြစ်စေတာကလွဲရင်

“လင်ဖုန်း ရှင်အမှားလုပ်လိုက်ပြီလား” တုကျွမ်၏မျက်နှာသည် ဖျော့တော့သွားသည်။

သို့သော် လင်ဖုန်းသည် ရုတ်တရက်ပေါက်ကွဲကာ၊ တုကျွမ်၏ မျက်နှာကို ဖြတ်ရိုက်လိုက်သည်။ ရိုက်ချက်ကြောင့် တုကျွမ်၏ လက်ဝဲဘက်ပါးပြင်သည် ယောင်ယမ်းလာ၏။

“ယုတ်ညံ့တဲ့ မိန်းမ။ အဲ့တာ နင့်ကြောင့်ပဲ။ နင့်ကြောင့်သာမဟုတ်ရင် ငါတို့မိသားစုက နာမည်ပျက်စာရင်းသွင်းခံရမှာမဟုတ်ဘူး”

တုကျွမ်သည် ကြောက်လန့်တကြား ပြင်းထန်စွာ တုန်လှုပ်လျက် မျက်နှာပေါ်မှ မိတ်ကပ်များသည် ချွေးများ၊ မျက်ရည်များနှင့်အတူ စီးကျလာသည်။

လင်ဖုန်းသည် နောက်လှည့်၍ ဒူးထောက်ကာ တုန်ယင်သောအသံဖြင့်ပြောလိုက်သည်။

“အကြီးအကဲ ချင်း၊ မမလေး ချင်း ကျေးဇူးပြုပြီး ကျုပ်တို့ လင်းမိသားစုကို ချမ်းသာပေးပါဗျာ၊ ကျုပ်မှားမှန် အခုသိပါပြီ”

ချင်းယွီက အေးစက်စွာ အော်ဟစ်၍ မျက်နှာလွှဲလိုက်သည်။

ထို့နောက်၊ ချင်းယွမ်က ရွှယ်အန်းကို ဦးညွတ်ကာ ရိုကျိုးစွာပြောလိုက်၏။

“သခင်လေး၊ ဒီကိစ္စကို ဘယ်လိုလုပ်ရမယ်လို့ ထင်လဲဗျ”

လင်ဖုန်းသည် ရေနစ်နေသော လူတစ်ယောက်ကဲ့သို့ ကောက်ရိုးတစ်မျှင်ကို ဆုတ်ကိုင်ထားချင်သည့်နှယ်၊ ရွှယ်အန်းထံသို့ ပြေးသွားသည်။

“ရွှယ်အန်း၊ အစ်ကို ရွှယ်၊ ငါ တောင်းပန်ပါတယ်။ လင်းမိသားစုကို ချမ်းသာပေးပါ။ ငါမှားခဲ့တာ ငါသိပါပြီ။ အဲ့တာ ဆိုးယုတ်တဲ့ မိန်းမ တုကျွမ်လုပ်နေတာပါ။ ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပါ”

ရွှယ်အန်းသည် မျက်ရည်များ၊ နှပ်ချေးများ စီးကျနေသည့် လင်ဖုန်းကို ကြည့်ကာ လျစ်လျူရှု့၍ပြောလိုက်သည်။

“မိသားစုပြိုကွဲသွားနိုင်ပေမယ့်၊ လူကတော့မပျောက်ကွယ်သေးဘူးပဲ”

ဤစကားပြောလိုက်သည်နှင့် တစ်နေရာလုံးတိတ်ဆိတ်သွားသည်။ ချင်းယွီက မျက်မှောင်ကြုတ်ကာ၊ ဤလူကို ပို၍ပင် မကျေမနပ်ဖြစ်လျက်ရှိသည်။ လင်ဖုန်း၏ ခန္ဓာကိုယ်သည် အလွန်တုန်ယင်လျက်၊ ရွှယ်အန်းကို မယုံကြည်နိုင်မှုများပြည့်နှက်နေသော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူ့မှတ်ဉာဏ်ထဲမှ ရွှယ်အန်းသည် ဤကဲ့သို့ မဟုတ်ပေ။ ရွှယ်အန်းသည် ထိုစဥ်က၊ အကျင့်စာရိတ္တကောင်းမွန်သော ကျောင်းသားတစ်ယောက်ဖြစ်ကာ၊ အနိုင်ကျင့်ခံရလျှင်ပင် ပြန်လည် မခုခံတတ်ပေ။

ထို့ကြောင့် လင်ဖုန်းသည် သူဒူးထောက်တောင်းပန်ပါက၊ ရွှယ်အန်းမှ သနားစိတ်ဝင်ကာ၊ အလွတ်ပေးလိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် ရွှယ်အန်းသည် သူ့မိသားစုကို ပျက်စီးစေချင်ရုံသာမက၊ သူ့ကိုပါသေချင်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထိုအခိုက်အတန့်တွင် တုကျွမ်က မဝံ့မရဲဖြင့် ဝင်ပြောသည်။

“ရွှယ်… ရွှယ်အန်း၊ ကျေးဇူးပြုပြီး လင်ဖုန်းကို လွှတ်ပေးလိုက်ပါ။ သူ့အမှားသူသိပါပြီ။ ကရုဏာပြသင့်တဲ့နေရာမှာ ကရုဏာ ပြသင့်ပါတယ်…”

ရွှယ်အန်းသည် သူမကို ဥပက္ခာပြုကာ၊ ခေါင်းငုံ့၍ သူ့သမီးနှစ်ယောက်ကို ပြုံးပြလိုက်သည်။

“ရှန်းရှန်း၊ ညန်ညန်၊ ဟိုးဘက်မှာ ခဏသွားကစားနေနော်၊ ဖေဖေ သမီးတို့ဆီ လိုက်ခဲ့မယ်”

“ဟုတ် ပါပါး၊ မြန်မြန်လာနော်” ရွှယ်ရှန်းက သူ့ညီမလေးကို ခေါ်သွားလိုက်သည်။

ထိုမှသာ ရွှယ်အန်းသည် မတ်တပ်ထရပ်ကာ၊ ကြောက်ရွံ့တုန်လှုပ်နေသည့်တိုင် သူမ၏အလှကိုထိန်းသိမ်းရန် အကောင်းဆုံးကြိုးစားနေသေးသည့် တုကျွမ်ကို ကြည့်လိုက်သည်၊

“ကရုဏာပြရမယ့် နေရာမှာ ကရုဏာပြရမယ်ဟုတ်လား။ ဟမ် ငါတို့ နေရာချင်းလဲပြီး၊ ညှာတာဖို့ တောင်းပန်နေတာ ငါဆိုရင်ရော၊ မင်းတို့ သက်ညှာပေးမယ်ထင်လို့လား”

တုကျွမ်အနည်းငယ်တုံ့ဆိုင်းနေစဥ်တွင်၊ ရွှယ်အန်းသည် အမျိုးမျိုးသော အလှပြင်ပစ္စည်းများဖြင့် ပြင်ဆင်ထားသော သူမ၏ မျက်နှာကိုစိုက်ကြည့်ကာ၊ အနီးနားသို့ လမ်းလျှောက်သွားလိုက်သည်။

“ငါ့ကို ဖြေစမ်း၊ သက်ညှာပေးမှာလား၊ မသက်ညှာပေးဘူးလား”

“ငါတို့ သက်ညှာပေးမှာပါ” တုကျွမ်က သိမ်မွေ့စွာပြောလိုက်သည်။ ထို့နောက် ခေါင်းကို မော့၍

“ရွှယ်အန်း တကယ်တော့၊ ငါတို့ ကျောင်းတက်တည်းက၊ ငါ နင့်ကို အမြဲတမ်း သဘောကျနေခဲ့တာ၊ ဒီနှစ်တစ်လျှောက်လုံး ငါနင့်ကို မမေ့ခဲ့ဘူး”

ရွှယ်အန်း၏ စူးရဲသော မျက်လုံးများကြောင့် သူမ စကားဆုံးသည်အထိ ဆက်မပြောရဲခဲ့ပေ။

“မင်းလိုမျိုး မိန်းမကို ဘာလို လူတွေက သဘောကျနေကြသေးလဲဆိုတာ ငါစောက်ရမ်းအံ့သြတယ်”

ထိုစကားများကို ပြောပြီးနောက်၊ ရွှယ်အန်းက လှည့်ထွက်ကာ၊ တုကျွမ်သည်မူ၊ ညှိုးနွမ်းဖျော့တော့သော မျက်နှာထားဖြင့် ထိန်းမနိုင်သိမ်းမရ တုန်ရီလျက်ကျန်ရစ်ခဲ့သည်။

ရွှယ်အန်းးသည် ကြောက်ရွံ့တုန်လှုပ်နေသော လင်ဖုန်းထံသို့ ချဥ်းကပ်သွားသည်။

“ဘာ… မင်း ဘာလုပ်မလို့လဲ။ ငါပြောနေတယ်။ နေ့ခင်းကြောင်တောင် လူမြင်ကွင်းမှာ မင်းလုပ်ရဲရင် ထောင်ထဲဝင်ဖို့သာစောင့်နေလိုက်”

ရွှယ်အန်းသည် လင်ဖုန်းကို စောင့်ကန်လိုက်ပြီးနောက်၊ သူခေါင်းပြန်မမော့နိုင်ခင်တွင်ပင်၊ မျက်နှာပေါ်သို့ ခြေထောက်ဖြင့် တက်နင်းလိုက်သည်။

လင်ဖုန်းသည် အပြင်းအထန်ရုန်းကန်နေသော်လည်း ရွှယ်အန်းကို အနည်းငယ်မျှ မရွေ့လျားစေနိုင်ခဲ့ပေ။

“ငါတို့ကျောင်းမှာတည်းက၊ မင်း ငါ့ကို အမြင်မကြည်ခဲ့ဘူးဆိုတာ ငါသိသားပဲ။ မဟုတ်ဘူးလား”

လင်ဖုန်းသည် သူ့မျက်နှာပေါ်ရှိ ခြေဖဝါးမှာ ပေါင်တစ်ထောင်ခန့်လေးသည်ဟုပင် ခံစားရကာ၊ မည်သည့်အချိန်၌မဆို ကြေမွသွားလုမတက်ဖြစ်နေပြီဖြစ်ကြောင်း ခံစားမိသည်။

“အစ်ကိုကြီးရွှယ်၊ အဘိုးရွှယ်၊ ငါ့အသက်အတွက် ငါမင်းကို တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး လွှတ်ပေးပါ။ ငါမင်းကို ထပ်ပြီး မနှောက်ယှက်ရဲတော့ပါဘူး” လင်ဖုန်းက လန့်ဖျပ်ကာ အော်ဟစ်လိုက်သည်။

“မင်း အောက်ထဲရောက်သွားတဲ့အချိန်ကျမှ၊ အဲ့စကားလုံးတွေသုံးဖို့ ချန်ထား” ရွှယ်အန်းက အေးဆေးစွာပြောလိုက်သည်။

လူအုပ်ရှေ့တွင် တစ်စုံတစ်ယောက်ကို သတ်ပစ်လိုက်ခြင်းသည် အလွန် ကြီးမားသော ကိစ္စတစ်ခုဖြစ်သော်လည်း၊ သူသည် အမှတ်တကယ်ပင် လင်ဖုန်းကို သတ်ရန် ကြံရွယ်ထားသည်။

သို့သော်၊ တစ်ချိန်က မြင့်မြတ်သော အင်မော်တယ် တစ်ပါးဖြစ်ခဲ့ဖူးသည့် ရွှယ်အန်းသည်မူ ယင်းကို ဂရုမစိုက်ပေ။

လောကနိယာမများ၊ ဥပဒေများသည် သာမန်လူများကို ထိန်းချုပ်ရန် ချမှတ်ထားခြင်းဖြစ်ကာ၊ သူ၏ အစွမ်းသည် နည်းပါးသော်လည်း သူသည် အင်မော်တယ်အရှင်တစ်ပါးဖြစ်နေသေးသဖြင့် မည်သူ့ထံကမျှ အရိုအသေမဲ့ခြင်းကို ခံနေရန်မလိုအပ်ပေ။

သို့သော် ထိုခဏ၌ပင် အိုမင်းကာ၊ အရေးကြီးသော အသံတစ်ခုထွက်လာသည်။

“ကျေးဇူးပြုပြီး၊ သနားတော်မူပါ။ မင်းရဲ့ ခြေထောက်ကို ကြင်နာပါ”

ထို့နောက်၊ ချွေးများ ရွှဲရွှဲစိုနေသော လူအိုတစ်ယောက်သည် လူအုပ်ကြားထဲမှ ပြေးထွက်လာသည်။ သူ့ကို မြင်သောအခါ၊ လင်ဖုန်းသည် မျက်ရည်ကျလုမတက်ပင်ဖြစ်သွား၏။

“ဖေဖေ ကယ်ပါဦး”

ရောက်ရှိလာသူမှာ လင်ဖုန်း၏ ဖခင် လင်တန်မှတပါးအခြားသူမဟုတ်ပေ။

သူ့မျှော်လင့်ချက်များအတိုင်းမလုပ်နိုင်ခဲ့သော လင်ဖုန်းကို အလွန်စိတ်ပျက်ကာ၊ ချင်းယွမ်ထံသို့ပြုံးလျက်အမြန်ပြေးသွားလိုက်သည်။

“မစ္စတာချင်း၊ ကျုပ်ကို မမှတ်မိဘူးလား”

ချင်းယွမ်သည် အချိန်ခဏတာကြာသည်အထိစဥ်းစား၍ ခေါင်းညိတ်လိုက်သည်။

“အား… ဒါရိုက်တာလင်း”

လင်းတန်က ခါးသက်စွာ ပြုံးလိုက်သည်။

“မစ္စတာချင်း၊ ခင်ဗျားကုမ္ပဏီကို ကျုပ်သွားနေတုန်း ခင်ဗျားဒီမှာရှိတယ်လို့ ကြားလိုက်ရလို့ အမြန်ပြေးလာခဲ့တာပါ။ ကျုပ်တို့ လင်းမိသားစုက ခင်ဗျားတို့ ကုမ္ပဏီနဲ့ အမြဲ ကောင်းကောင်းမွန်မွန် ပူးပေါင်းဆောင်ရွက်ခဲ့တာပဲလေ။ ဘာလို့ ရုတ်တရက်ကြီး နာမည်ပျက်စာရင်းသွင်းလိုက်တာလဲခင်ဗျာ”

ချင်းယွမ်က ရွှယ်အန်းကို လက်ညှိုးထိုးပြကာ၊

“ဒါ… ဒီသခင်လေးကို မေးသင့်တယ်”

သူ၏ အသိတရားကင်းမဲ့သောသားသည် ကျင်းမိသားစုကို စော်ကားခဲ့မိသည်ဟု ယူဆသောကြောင့် လင်းတန် ထိတ်လန့်သွားသည်။

သို့သော် ၎င်းသည် ဤအညတရအဝတ်အစားများဝတ်ဆင်ထားသူကြောင့်ဖြစ်ကြောင်း သိလိုက်ရသောအခါ သူအံ့သြသွားရသည်။

ချင်းယွမ်၏ အပြုအမူကို ကြည့်လျှင် ဤလူကို အလွန်လေးစားပုံရသည်။

သူသည် အတိအကျမည်သူနည်း။

ဤအချိန်တွင် လင်ဖုန်းက “ဖေဖေ ကယ်ပါဦး၊ သူသားကို သတ်တော့မယ်” ဟုအော်လိုက်သည်။

ကျွမ်းကျင်သော ကုန်သည်ကြီး လင်းတန်က ခဏတာစဥ်းစားပြီးနောက်၊ လေးစားစွာဖြင့် ပြောလိုက်သည်။

“မောင်ရင်၊ ကျုပ်သားက မင်း သူ့ကို သတ်စေချင်လောက်တဲ့အထိ ဘယ်လိုစော်ကားခဲ့မိလဲဆိုတာ မေးလို့ရမလား

ရွှယ်အန်းက မော့ကာ၊ လင်းတန်ကို တစ်ချက်ကြည့်လိုက်သည်။

ထိုသို့ ကြောက်မက်ဖွယ်ကောင်းသော အကြည့်မျိုးကို သူတစ်ကြိမ်မျှမမြင်ခဲ့ဖူးသဖြင့် လင်တန်တစ်ယောက် ခေါင်းကြိမ်းသွားမိသည်။

ဤသည်မှာ အကြွင်းမဲ့ ဥက္ခာပြုသော အကြည့်မျိုးပင်ဖြစ်သည်။ ဧကရာဇ်မင်းမြတ်သည် အောက်ခြေမှ အရာအားလုံးကို ငုံကြည့်နေသကဲ့သို့ပင်ခံစားလိုက်မိသည်။

လင်တန်သည် အလွန်အမင်းထိတ်လန့်သွားမိ၏။

ဤသူသည် အတိအကျ မည်သူဖြစ်သနည်း။

ရွှယ်အန်းက ဘာသိဘာသာပြောလိုက်သည်။ “ဘာမှမဟုတ်ပါဘူး။ သူဒီတိုင်း ကျုပ်ကို စိတ်ရှုပ်အောင်လုပ်လို့”

လင်တန်သည် စိတ်ရှုပ်စေရုံမျှဖြင့် သတ်မည်ဆိုသည့်အကြောင်းကို ကြားသောအခါ၊ ပါးစပ်အပြည့်သွေးအန်လုမတက်ဖြစ်သွားသည်။ ဤသည်မှာ ရိုးရှင်းစွာပင် အလွန် ကြီးစိုးလွန်း၏။

သို့သော် ရွှယ်အန်းက ရုတ်တရက်၊

“ဟမ်၊ ခင်ဗျား ဘာတွေသယ်လာတာလဲ” ဟုပြောလိုက်သည်။

လင်းမိသားစုသည် ဆေးဖက်ဝင်ဆေးရွက်များနှင့် လုပ်ကိုင်နေရသည်ဖြစ်ရာ၊ ယနေ့ လုံတိုင်အဖွဲ့မှ တားမြစ်ခံလိုက်ရသောအချိန်တွင် လင်တန်သည် ချင်းယွမ်၏ ခွင့်လွှတ်မှုနှင့် လဲလှယ်ရန် သူ့အိမ်တွင် နှစ်ပေါင်းများစွာ တန်ဖိုးထားသိမ်းဆည်းထားခဲ့သော ဂျင်ဆင်းတစ်ရာကို စိတ်ပျက်အားငယ်စွာ ယူဆောင်လာခဲ့သည်။

မမျှော်လင့်ထားစွာဖြင့် ရွှယ်အန်းသည် ၎င်းကို ထွင်း‌ေဖာက်မြင်သွားခဲ့သည်။

လင်းတန်သည် ပိန်ရှည်ရှည်သေတ္တာငယ်တစ်ခုကို အမြန်ထုတ်ဖွင့်ကာ၊

“ဒါက ကျုပ်တို့ လင်မိသားစုရဲ့ အဖိုးတန်အမွေအနှစ်ဖြစ်တဲ့ နှစ်တစ်ရာကျော်ဂျင်ဆင်းရိုင်းပဲ”

အပင်၏ မွှေးပျံ့သော ရနံ့ကြောင့် အနီးနားရှိ ချင်းယွမ်၏ မျက်လုံးများပင်လင်းလက်လာသည်။

ဤသည်မှာ အမှန်တကယ်ပင် ကောင်းမွန်သော ပစ္စည်းတစ်ခုဖြစ်သည်။

လင်းတန်သည် ရွှယ်အန်း၏မျက်နှာထက်မှ အံ့သြမှုကို ရှာဖွေရန် ကြိုးစားလိုက်သော်လည်း သူစိတ်ပျက်သွားရသည်။

“ဆေးဖက်ဝင်အပင်ဖြစ်ဖို့ စံချိန်မမီတဲ့ ဂျင်ဆင်းစေ့တစ်စေ့ပဲ” ရွှယ်အန်းက ရိုးရှင်းစွာပြောလိုက်သည်။

ရာနှင့်ချီသော ဂျင်ဆင်းရိုင်းများသည် သူ့အတွက် ဆေးဖက်ဝင်အပင်ဖြစ်ရန် စံချိန်မမှီသော အပင်တစ်ပင်မျှသာဖြစ်သည်။

လင်တညန်တစ်ယောက် သွေးများအန်ထွက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

“ဘယ်လိုပဲဖြစ်ဖြစ်၊ အဲ့တာက ရှားတာပါပဲ။ ကျုပ်ကို အဲ့တာပေးရင် ခင်ဗျား သားကို ဒီတစ်ကြိမ် သက်ညှာပေးလိုက်မယ်”

လင်တညန်သည် တုံ့ဆိုင်းနေပြီးနောက်၊ အံကြိတ်ကာပြောလိုက်သည်။

“ကောင်းပြီ၊ မောင်ရင်၊ ငါ့သားကို လွှတ်ပေးမယ်ဆိုရင် မင်းကို ဒီဂျင်ဆင်းပေးမယ်”

အခန်း(၆) ကြက်ဥထမင်းကြော်

လင်တန်သည် လင်ဖုန်းနှင့်အခြားသူများကို ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။ ရွှယ်အန်းသည် ရွှယ်နျန်နှင့် ရွှယ်ရှန်းကို မချီ၍ ချင်းယွမ်ကို ပြောလိုက်သည်။

“ခင်ဗျားမှာ အသက်ရှင်ဖို့ သုံးရက်ပဲကျန်တော့တယ်လို့ပြောရင် ခင်ဗျားယုံမလား”

ချင်းယွမ်၏ မျက်နှာသည် ဖြူလျော့ဖျော့သွားလျက်၊ စကားတစ်ခွန်းမျှပင်မပြောနိုင်တော့ဘဲ၊ ခေါင်းကို ငုံ့လိုက်သည်။

ချင်းယွီကမူ လှောင်ပြောင်လိုက်သည်။

“ဒီခေတ် သရုပ်ဆောင်တွေက ဒီလောက် မျက်နှာပြောင်တတ်လား။ ကျွန်မအဘိုးက ဆေးရုံမှာ ဆေးစစ်ပြီးလို့ အားလုံး ပုံမှန်ပဲရှင့်၊ လူအထင်ကြီးအောင် ဖြီးဖြန်းမနေနဲ့၊ ရှင်…”

ရွှယ်အန်းသည် ချင်းယွီကို ရိုးရှင်းစွာာ တစ်ချက်ကြည့်လိုက်သည်နှင့် သူ၏စူးရှသောအကြည့်သည် သူမကို လုံးဝ ဆွဲခေါ်သွားသည့်နှယ် ဆွံ့အလျက်ရှိသည်။

ထိုအချိန်တွင် ချင်းယွမ်က ခါးသက်စွာပြုံးကာ၊

“မစ္စတာရွှယ်၊ ခင်ဗျားက တကယ်ကို သာမန်လူမဟုတ်ဘူး”

“ဘိုးဘိုး၊ ဒီအရူးရဲ့စကားတွေကို ဘာလို့ယုံနေတာလဲ” ချင်းယွီသည် သူ့အဘိုးကို ဤလူက ထပ်မံလှည့်စားမည်ကို စိုးရိမ်လျက်ရှိသည်။

“ယွီအာ၊ လေးလေးစားစားနေစမ်း၊ မစ္စတာရွှယ်ပြောတဲ့ဟာက ကျုံးတုမှာရှိတဲ့ နတ်ဆေးသမားတော်တစ်ယောက် ငါ့ကို မနှစ်ကပြောခဲ့ပြီးသားပဲ”

နတ်ဆေးသမားတော်

ချင်းယွီက ဤအမည်ကို ကြားသောအခါ၊ မည်သည့်စကားပြန်ပြောရမည်ကို မသိတော့ပေ။ နတ်ဆေးသမားတော်သည် ကျုံးတုမြို့တွင် အနှိုင်းမဲ့ကုသရေးဆရာအဖြစ်ကျော်ကြားသူဖြစ်သည်။

အကယ်၍ သူသာ သင်မည်သည့်အချိန်သေဆုံးရမည်ကို ပြောမည်ဆိုလျှင် ယင်းမှာ အမှန်တကယ်ပင် သင်သေရမည့်အချိန်ပင်ဖြစ်ပေလိမ့်မည်။

ချင်းယွမ်က ခါးသက်စွာပြုံးကာ၊

“ယွီအာ၊ ဘာလို့ နိုင်ငံခြားကနေ သမီးကို ပြန်ခေါ်လာတာလဲသိလား။ တစ်နေ့ကျရင် ငါ သေဆုံးသွားတဲ့အခါ သမီး လုံတိုင်အဖွဲ့ကို မအုပ်ချုပ်နိုင်မှာ စိုးတယ်”

“ဘိုးဘိုး အခု ကျုံးတုကိုသွားပြီး၊ နတ်ဆေးသမားတော်ကို ကုသခိုင်းလိုက်ရအောင်”

ချင်းယွမ်က ခေါင်းကို ခါယမ်းလျက်၊

“ငတုံးမလေး၊ အဲ့တာကို ပျောက်ကင်းအောင်ကုသနိုင်မှတော့၊ နတ်ဆေးသမားတော်က၊ မနှစ်က ဒီလိုပြောတော့မလား”

ချင်းယွီသည် စိတ်ပျက်အားလျော့ကာ ခပ်တိုးတိုး ကမန်းကတန်းပြောလိုက်သည်။

“အဲ့တာဆို၊ ပြည်ပထွက်ကြရအောင်၊ နိုင်ငံခြားက ဆရာဝန်တော်တော်များများကိုသမီးသိတယ်။ သူတို့ ဘိုးဘဘိုးကို သေချာ ကုသပေးနိုင်မှာပါ”

ချင်းယွမ်က ခေါင်းခါ၍ ဝမ်းနည်းမှုအပြည့်ဖြင့်

“အဲ့တာ အသုံးမဝင်တော့ဘူး။ ဒီနေ့စစ်ခဲ့တဲ့ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုလိုပဲ၊ ငါ့ကိုယ်မှာဘယ်လို ချို့ယွင်းချက်မျိုးကိုမှ တွေ့နိုင်မှာမဟုတ်ဘူး”

ရွှယ်အန်းက ရုတ်တရက် ပြောသည်။

“ကျုပ် ခင်ဗျားကို ကုပေးနိုင်တယ်လို့ပြောရင်ရော”

ချင်းယွမ်၏အမူအရာသည် စိတ်လှုပ်ရှားမှုများ ရောယှက်လျက်၊

“မစ္စတာရွှယ်က ကျုပ်ရောဂါကို ကုသပေးနိုင်တာလား”

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

“ဒါပေါ့၊ ဒါပေမယ့် ခင်ဗျား ကျုပ်ကို လုံလောက်တဲ့ အခကြေးငွေတော့ပေးရမယ်”

ချင်းယွမ်ပြန်မပြောခင်တွင်၊ ချင်းယွီက လှောင်ပြောင်လိုက်သည်။

“ဒါဆို အရောင်အစစ်အမှန်တွေ ပေါ်လာပြီပေါ့၊ ချက်ချင်းပိုက်ဆံတောင်းနေတာလား”

ရွှယ်အန်းသည် မျက်ခုံးအနည်းငယ်ပင့်ကာ၊

“မင်းဘယ်လောက်တောင် လေပေါနေလဲဆိုတာ မင်းသတိထားမိလား”

ချင်းယွီဆွံ့အသွားသော်လည်း ချင်းယွမ်သည်မူ အလွန်အမင်းပျော်ရွှင်လျက်ရှိသည်။

“အရမ်းကောင်းတယ်၊ မစ္စတာရွှယ်၊ ဘယ်အချိန် ကျုပ်ရောဂါကို ကုသလို့ရမလဲဆိုတာ မေးလို့ရမလား”

“ဒီနေ့ကတော့ အရမ်းနောက်ကျသွားပြီမို့ မနက်ဖြန်လောက်ဖြစ်လိမ့်မယ်”

“ကောင်းပါပြီ၊ အဆင်ပြေတယ်ဆိုရင် ကျုပ်အိမ်ကို မစ္စတာရွှယ် လာလို့ရပါတယ်။ အဲ့မှာပို သက်တောင့်သက်သာဖြစ်လိမ့်မယ်ဗျာ”

ရွှယ်အန်းသည် ခဏတာမျှစဥ်းစားလိုက်ပြီးနောက်၊ ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ၊ ဒါပေမယ့် ကျုပ်ကလေးတွေကိုတော့ ခေါ်လာခဲ့မယ်”

“ကိစ္စမရှိပါဘူး”

ချင်းယွမ်တွင် သဘာဝအလျောက်ပင် ကိုယ်ပိုင်ယာဥ်မောင်းတစ်ယောက်ရှိသည်။ ခဏအကြာတွင် ထင်မှတ်ဖွယ်မကောင်းသော Audi A8 တစ်စီး ၎င်းတို့ထံသို့ရောက်လာသည်။

ချင်းယွမ်က ရွှယ်အန်းအတွက် ကိုယ်တိုင်ကိုယ်ကျ ကားတံခါးဖွင့်ပေးလိုက်သည်။

ချင်းယွီသည် ဆက်လက်၍ ကြည့်ပင်မကြည့်နိုင်တော့ပေ။ သူမသည် ဤလူမှာ ယုံကြည်နိုင်ဖွယ်မကောင်းဟု ခံစားမိသော်လည်း သူမအဘိုးမှ အလွန်အမင်းယုံကြည်နေသောအခါတွင်၊ ချင်းယွင် ဝင်ရောက်စွက်ဖက်နိုင်စွမ်းမရှိ‌တော့ပေ။

‘မနက်ဖြန်အထိ စောင့်ပါ၊ ခင်ဗျားဘာတွေရမလဲဆိုတာ မြင်ရပါလိမ့်မယ်’

ချင်းယွမ်သည် ဆင်ခြေဖုံးရပ်ကွက်ရှိ ကြီးမားသော အိမ်ရာကြီးတစ်ခုတွင်နေထိုင်လျက်ရှိသည်။ ထိုနေရာကို တင်းကြပ်စွာ အကာအကွယ်ချထားသည့်အပြင် ပတ်ဝန်းကျင်သည်လည်း အလွန်လှပသည်။ ကားထဲမှ ထွက်ပြီးနောက်၊ ရွှယ်အန်းသည် ပြင်ပကမ္ဘာထက်ပင် ဤနေရာရှိ ဝိဉာဥ်စွမ်းအင် အလွန်သိပ်သည်းကြောင်း ခံစားမိလိုက်သည်။

ရွှယ်အန်း၏ အံ့သြမှုကို သတိထားမိသောကြောင့် ချင်းယွမ်ပြုံးလိုက်မိသည်။

“မစ္စတာရွှယ်၊ တစ်ခုခုကို သတိထားမိပြီလား”

“ခင်ဗျားအိမ်ရာနဲ့ ပတ်သက်ပြီး အကြံဉာဏ်ပေးတဲ့လူတစ်ယောက်ယောက်ရှိနေပြီ၊ ခင်ဗျား အခုချိန်ထိ အသက်ရှင်နေတာ ဆန်းတော့မဆန်းဘူးပဲ” ရွှယ်အန်းက ကောက်ချက်ချလိုက်သည်။

ချင်းယွမ်သည် အတွင်းစိတ်တွင် အနည်းငယ်တုန်လှုပ်လျက်၊ မျက်လုံးထဲမှ မျှော်လင့်ချက်ရောင်ခြည်များ ပို၍အားကောင်းလာကာ၊ ရွှယ်အန်းကို ပို၍ လေးစားမိသွားသည်။

“မစ္စတာရွှယ်က တကယ်ကို ထူးခြားတဲ့လူတစ်ယောက်ပဲ။ ဒီအိမ်ကြီးက အခကြေးငွေမြင့်မားတဲ့ ဖုန်းရွှေကျွမ်းကျင်သူရဲ့ လမ်းညွှန်မှုအောက်မှာ ဆောက်ထားတာပါ”

“သနားစရာပဲ သူက အခြေခံတွေလောက်ပဲနားလည်တာ”ရွှယ်အန်းက ဘာသိဘာသာပြောလိုက်သည်။

ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့ကဲ့သို့ ကလေးမလေးနှစ်ယောက်သည်မူ၊ ပတ်ဝန်းကျင်ရှိ အရာမှန်သမျှကို အလွန်သိချင်စိတ်ပြင်းပျလျက်၊ ငေးကြည့်နေကြသည်။

“မစ္စတာရွှယ်၊ ညစာမစားရသေးဘူးဆိုတော့၊ ဘာစားချင်လဲ။ ပြင်ဆင်ပေးခိုင်းလိုက်ပါ့မယ်” ချင်းယွမ်ကပြောသည်။

ရွှယ်အန်း စားသည်ဖြစ်ဖစ၊ မစားသည်ဖြစ်စေ၊ သူ့သမီးနှစ်ယောက်ကိုတော့ အငတ်မထားနိုင်ပေ။

“သမီးတို့နှစ်ယောက် ဘာစားချင်ကြလဲ” ရွှယ်အန်းက တောက်ပစွာ ပြုံးလျက်မေးလိုက်သည်။

ချင်းယွီသည် ဘေးမှကြည့်ကာ၊ သူမကိုယ်သူမ အမြင်ကျဥ်းသည်ဟုခံစားလိုက်ရသည်။ ဤလူသည် လက်တွေ့တွင် အခြားသူတိုင်းအပေါ်သို့ စိတ်ရောဂါသည်တစ်ယောက်ကဲ့သို့ အေးစက်စွာ၊ ခပ်ခွါခွါဆက်ဆံသော်လည်း ဤကလေးမလေးနှစ်ယောက်ထံသို့မူ၊ အလွန် နူးညံ့လျက်ရှိသည်။

ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ၊ ပြိုင်တူပြောလိုက်ကြသည်။

“ကြက်ဥထမင်းကြော်”

“ကောင်းပြီ၊ ဒါဆို ကြက်ဥထမင်းကြော်ပေါ့” ရွှယ်အန်းက သူ့သမီးကလေးများ၏ ကျွန်တစ်ယောက်ဖြစ်လာခဲ့ကာ၊ ဤကလေးနှစ်ယောက်ပြောသောအရာမှန်သမျှကို ခြွင်းချက်မရှိ သဘောတူညီလျက်ရှိသည်။

ချင်းယွမ်သည် အနည်းငယ်အံ့သြသွားကာ၊

“ကြက်ဥ.. ထမင်းကြော်ပဲလား”

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

အရည်အချင်းရှိ စာဖိုမှုးမှ ကြော်ချက်ထားခြင်းဖြစ်သည့် အနံ့အရသာနှင့်ပြည့်စုံလှပသော ကြက်ဥထမင်းကြော်သည် လျင်မြန်စွာပင် ၎င်းတို့ရှေ့သို့ရောက်လာ၏။

မိန်းကလေးနှစ်ယောက်သည် ပထမတစ်လုတ်စားပြီးသည်နှင့်တစ်ပြိုင်နက် မျက်လုံးများ ပြူးကျယ်လာကြသည်။။

“ဘာဖြစ်တာလဲ၊ အရသာမကောင်းလို့လား”

“ပါပါး အရမ်းစားကောင်းတာပဲ” ရွှယ်ရှန်းက ဤသို့ပြောပြီးနောက်၊ ခေါင်းကိုငုံ့ကာ အားပါးတရစားလိုက်သည်။

ထိုမှသာ ရွှယ်အန်းက ခပ်ပါးပါးပြုံးလိုက်၏။

ကလေးမလေးနှစ်ယောက်သည် ထမင်းတစ်စေ့မှ မကျန်အောင်၊ ကြက်ဥထမင်းကြော်ပန်းကန်လုံးကို ပြောင်လင်သည်အထိစားပစ်လိုက်ကြသည်။

“ဗိုက်ပြည့်ပြီလား” ရွှယ်အန်းက ကြင်နာစွာမေးလိုက်သည်။

“သမီး ပြည့်သိပ်နေပြီ” ရွှယ်ရှန်းက သူမဗိုက်ကလေးကို ပွတ်သပ်လျက်ပြောလိုက်သည်။

ရွှယ်နျန်က ကျေနပ်စွာ အော်ဟစ်လိုက်သည်။

သူတို့ ဤမျှ ချစ်စဖွယ်ကောင်းလိမ့်မည်မဟုတ်ပေ။

ချင်းယွီသည်ပင် ပြုံးလိုက်မိသည်။ ဤလူသည် အလွန်အေးစက်နေသော်လည်း ကောင်မလေးနှစ်ယောက်သည် တကယ်ပင် ချစ်စဖွယ်ကောင်းသည်ဟု တွေးလိုက်မိသည်။

ချင်းယွမ်သည် သူတို့နေထိုင်ရန် အခန်းများစီစဥ်ပေးလိုက်သောအခါ၊ ရွှယ်အန်းက ကလေးနှစ်ယောက်ကို အခန်းကိုယ်စီသို့ခေါ်သွားသည်။ ချင်းယွမ်နှင့် ချင်းယွီတို့နှစ်ဦးသာ ဧည့်ခန်းထဲတွင်ကျန်ခဲ့၏။

“ဘိုးဘိုး အဲ့လူကို ဘာလို့ယုံတာလဲ။ သူကောင်းတဲ့လူလို့ သမီးမခံစားရဘူး”

“ဘာလို့လဲ”

“ဘာလို့လဲဆိုတော့….သူ့မျက်လုံးတွေကြောင့်”

ချင်းယွမ်က ရယ်မောလျက်၊

“ယွီ သမီးက ငယ်သေးလို့ နားမလည်သေးတာတွေအများကြီးပဲ၊ ပြည်ပမှာ နှစ်ပေါင်းများစွာ ပညာသင်ကြားခဲ့ပြီး၊ လူတွေအများကြီးနဲ့တွေ့ခဲ့တယ်ဆိုပေမယ့်၊ တကယ့်သခင်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ သမီးသဘောမပေါက်ဘူး”

“သခင်လို့ခေါ်တဲ့လူတစ်ယောက်မှာ သာမန်ထက်သာလွန်တဲ့ အရည်အချင်းတွေရှိနေရမယ်။ ဒီလူငယ်လေးက ရိုးရိုးရှင်းရှင်းပဲ ဝတ်စားဆင်ယင်နိုင်ပေမယ့်၊ သူ့အမူအရာနဲ့ အပြုအမူက သာမန်ထက်ပိုတယ်။ ကျုံးတုမြို့မှာ အထူးသဖြင့် သူ့စိတ်နေစိတ်ထားလိုမျိုး ဘယ်သူ့ဆီမှာမှ မတွေ့ခဲ့ဖူးဘူး”

ချင်းယွီသည် သူမနှလုံးသားထဲတွင် အနည်းငယ်မကျေမနပ်ဖြစ်သော ခံစားချက်မျိုးခံစားလိုက်မိသည်။

‘မနက်ဖြန်အထိစောင့်ပါ၊ ဘိုးဘိုးရှေ့မှာ ရှင် အရှက်ကွဲအောင်လုပ်ပြမယ်။ ပြီးတော့ ဆက်နေဖို့ ရှင်ဘယ်လို တောင်းဆိုရမလဲဆိုတာ ကြည့်မယ်’

ညဥ့်နက်သွားသည်။

ကလေးမလေးနှစ်ယောက်သည်လည်း အလွန်အိပ်မောကျလျက်ရှိသည်။

အေးစက်သောဆောင်းလရောင်သည် ကုလားကာတစ်ခုကဲ့သို့ ပြတင်းတံခါးမှတစ်ဆင့်ဝင်ရောက်လျက်ရှိရာ၊ ရွှယ်အန်းသည် ပြတင်းပေါက်တွင်ရပ်နေ၏။

ရွှယ်အန်းကဆေးသေတ္တာကိုဖွင့်လိုက်သည်။

ထိုနေ့က သူရရှိခဲ့သည့် ဂျင်ဆင်းများပါဝင်သည်။

ထို့အပြင် သူယနေ့ စျေးထဲတွင် ဝယ်ယူခဲ့သည့်ဆေးဖက်ဝင် အပင်များလည်းရှိသည်။

ရွှယ်အန်းက ၎င်းတို့ကို လက်ထဲတွင်ဆုတ်ကိုင်ထားလျက်၊ သူ့မျက်လုံးများ အလွန်တောက်ပလာသည်။ ထို့နောက်၊ လရောင်အောက်တွင် ဤဆေးပင်များသည် တဖြည်းဖြည်း အရည်ပျော်ကျလာ၏။ မကြာမီတွင် ၎င်းတို့သည် သေးငယ်သော စက်လုံးပုံသဏ္ဍာန် အဖြစ်သို့ပြောင်းလဲကာ၊ လေထုထဲတွင် လည်ပတ်လျက်ရှိသည်။

ရွှယ်အန်း၏နှုတ်ခမ်းထောင့်များကွေးညွတ်ကာ၊ အပြုံးတစ်ခုပေါ်လာသည်။

ပါဝင်ပစ္စည်းများသည် ကြီးကြီးမားမားမဟုတ်သော်လည်း သူ၏ကျင့်ကြံရေးအဆင့်နှင့် ကျွမ်းကျင်မှုများကြောင့် မူလအနှစ်သာရ ဆေး ကို ပြုလုပ်ရသည်မှာ အလွန်လွယ်ကူရိုးရှင်းသည်။ သူ၏ ကျွမ်းကျင်သော နည်းစနစ်များဖြင့် မူလအနှစ်သာရ ဆေး ကို အလွန်မြင့်မားသော အဆင့်အထိပင် ဖော်စပ်နိုင်၏။

ဤအခိုက်အတန့်တွင် လရောင်သည် ဆွဲငင်ခံလိုက်ရသကဲ့သို့ အိမ်ရာတစ်ခုလုံးရှိ အေးချမ်းသော ဝိဉာဥ်စွမ်းအင်များ စတင်လည်ပတ်လာသည်။

All Chapters