အခန်း (၇-၉)
Vol. 1 Ch. 7-9
အခန်း(၇) သန့်စင်ခြင်း
တည်ငြိမ်မှုကင်းမဲ့သော ဝိဉာဥ်စွမ်းအင်များသည် ဤအခန်းထဲသို့ စတင်ဝင်ရောက်လာသည်။
ရွှယ်အန်းထံမှ တိုးညှင်းသောအော်သံနှင့်အတူ၊ မငြိမ်သက်သော ဝိဉာဥ်စွမ်းအင်များ ချက်ချင်းပင် စတင်တည်ငြိမ်လာသည်။
“ဝင်”
ဝိဉာဥ်စွမ်းအင်သည် လေထုအလယ်တွင်လွင့်နေသော စက်လုံးထဲသို့ ဒီရေကဲ့သို့တိုးဝင်လာကာ၊ အစပိုင်းတွင် အညိုရောင်အရည်များသည် တဖြည်းဖြည်းကြည်လင်လာသည်။
သင်းပျံ့သော ဆေး ၏ရနံ့သည် အခန်းတစ်ခုလုံးပျံ့နှံ့သွား၏။
မူလအနှစ်သာဆေး အဆင့်သင့်ဖြစ်နေပြီဖြစ်ကြောင်း ရွှယ်အန်းသိသည်။ ဆေးဖက်ဝင်ပစ္စည်းများ၏ အရည်အသွေးသည် ညံ့ဖျင်းသော်လည်း ရွှယ်အန်း၏ ကျင့်ကြံရေးအဆင့်ဖြင့် သူသည် အဆင့်သာလွန်သော ဆေး ကိုဖော်စပ်နိုင်၏။
သို့သော် ဤသည်ကမလုံလောက်ပေ။
ရွှယ်အန်းသည် သူ့လက်ကို ဓားတစ်စင်းအဖြစ်အသုံးပြုကာ၊ မျက်ခုံးနှစ်ခုကြားတွင် လိုင်းတစ်ခုကို အားပြင်းစွာ ဆွဲလိုက်သည်။
သူ့လက်ထဲတွင် ရွှေရောင်သွေးစက်တစ်စက်ပေါ်လာသည်။ ထို့နောက်၊ ရွှယ်အန်း၏ မျက်နှာသည် အနည်းငယ်နီရဲလာ၏။
“ပေါင်းစည်း”
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ ပါဝင်နေသည့် ရွှေရောင်သွေးသည် မူလအနှစ်သာရဆေး နှင့်ထိတွေ့ကာ၊ ပယင်းရောင် ဆေးလုံးကို ရွှေရောင်အဖြစ်ပြောင်းလဲသွာားစေသည်။
ဖော်မပြနိုင်သည့် ရနံ့တစ်ခုသည် အိမ်ရာတစ်ခုလုံးကို လျင်မြန်စွာ လွှမ်းခြုံသွား၏။
“အဲ့တာ ဘာအနံ့လဲ၊ အရမ်းမွေးတာပဲ” ချင်းယွီက အိပ်ရာထဲတွင် အိပ်နေရာမှ ထိုထူးခြားသောအနံ့ကို ရှုရှိုက်လိုက်မိသည်။
“အဲ့ကောင်ထပ်ပြီးရှုပ်နေတာလား၊ ဒါမယ့် အနံ့က အရမ်းမွှေးတာပဲ” ချင်းယွီသည် မသေနိုင်သော ကမ္ဘာသို့ သူမကိုယ်တိုင်ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။
အိပ်ရခက်သော ရောဂါကို ခံစားနေရသူသည် သိပ်မကြာခင်တွင်ပင် နှစ်ခြိုက်စွာ အိပ်ပျော်သွား၏။
ဤအချိန်တွင် မူလအနှစ်သာရဆေး ကို ဖော်စပ်ခြင်း ပြီးမြောက်ခဲ့ပြီဖြစ်သည်။
ရွှေရောင် ဆေးအနှစ်များကို ကြည့်ကာ၊ ရွှယ်အန်းသက်ပြင်းတစ်ချက်ချလိုက်မိသည်။
တာအိုဆေးလုံး များကို ဖော်စပ်ခဲ့စဥ်ကပင် ဤသို့သော ထိတ်လန့်မှုမျိုးကို မခံစားခဲ့မိပေ။ အထူးသဖြင့် သူ၏ ကိုယ်ပိုင်အသက်သွေးကြောကို အသုံးပြုထားခြင်းဖြစ်ရာ၊ အမှန်တကယ်ပင်လည်း ယင်းနင့်ထိုက်တန်၏။
ကံကြမ္မာ၏ မျက်နှာသာပေးမှုနှင့်အတူ၊ ဆေး နှစ်ခုသည် ကမ္ဘာမြေအဆင့်ကို ရှင်းလင်းစွာ ကျော်ဖြတ်ကာ၊ အနည်းဆုံး ကောင်းကင်အဆင့် ဆေးများဖြစ်လာခဲ့သည်။
အကယ်၍ လက်ရှိတွင် ဆေး ပြုလုပ်ရာ၌ တတ်ကျွမ်းသူများသာရှိပါက၊ ရွှယ်အန်းသည် ထိုကဲ့သို့သော ကောင်းကင်ပစ္စည်းများကို ဖြုန်းတီးခြင်းအတွက် ဆုံးမကြပေလိမ့်မည်ဖြစ်သည်။
မူလအနှစ်သာရ ဆေး သည် အခြေခံတည်ဆောက်ခြင်းအတွက် အရေးပါဆုံးနှင့် အခြေခံအကျဆုံး ဆေး ဖြစ်ကာ၊ သေမျိုးများပင် သုံးဆောင်နိုင်၏။
ကမ္ဘာအဆင့် မူလအနှစ်သာရ ဆေး သည်ပင် လုံလောက်စွာ ကောင်းမွန်ပေလိမ့်မည်ဖြစ်သော်လည်း ရွှယ်အန်းသည် ကောင်းကင်အဆင့် ဆေးတစ်မျိုးကို သန့်စင်ပစ်လိုက်ခြင်းဖြစ်သည်။ သို့သော် ရွှယ်အန်းအတွက်မူ၊ သူ့သမီးများအတွက် အရာအားလုံးသည် ထိုက်တန်၏။
အိပ်မောကျနေသော ကလေးနှစ်ယောက်ကိုကြည့်ကာ၊ ရွှယ်အန်း ခပ်ပါးပါးပြုံးလိုက်သည်။ ထို့နောက်၊ ဆေး နှစ်လုံးကို ကလေးမလေးနှစ်ယောက်၏ နှုတ်ခမ်းဖျားပေါ်သို့ တင်ပေးလိုက်သည်။ ဆေးလုံးများသည် အရည်အဖြစ်သို့ ချက်ချင်းပြောင်းလဲပြီးနောက်၊ ပါးစပ်ထဲသို့ တိုက်ရိုက်ဝင်သွား၏။
ရွှယ်ရှန်းက တစ်စုံတစ်ခုကို တီးတိုး ရေရွတ်ကာ လှိမ့်ပြီးနောက် ပြန်လည်အိပ်ပျော်သွားသည်။
ရွှယ်နျန်သည်မူ သူမနှုတ်ခမ်းများကို သပ်၍ တီးတိုးရေရွတ်လိုက်သည်။
“အရမ်းမွှေးတာပဲ”
ရွှယ်အန်းက ပြုံးလျက်၊ ရွှယ်နျန်ကို နူးညံ့စွာ ပွတ်သပ်လိုက်သည်။
“ကောင်းကောင်းအိပ်ပါ”
ထို့နောက် ရွှယ်နျန်သည် တစ်ဖန်ပြန်အိပ်မောကျသွားကာ၊ ဟောက်ပင်ဟောက်နေ၏။
မိန်းကလေးနှစ်ဦးသည် ယခုအချိန်တွင် မူလအနှစ်သာရ ဆေး ၏ စွမ်းအင် တစ်ရာခိုင်နှုန်းခန့်ကိုပင် မလိုအပ်သေးသော်လည်း ဤဆေး၏ အကျိုးကျေးဇူးသည် ၎င်းတို့ အနာဂတ်အတွက် အကန့်အသတ်ရှိလိမ့်မည်မဟုတ်ပေ။
သို့သော် ဆေးကို အပြည့်အဝဆုပ်ယူပြီးသည့်နောက်တွင် အနက်ရောင်အကြွင်းအကျန်များ ကျန်ရှိနေခဲ့သည်။
ရွှယ်အန်းသည် ဆေးအကြွင်းအကျန်များကို စုစည်းကာ၊ သာမန်အဆင့် မူလအနှစ်သာရ ဆေး တစ်လုံး အဖြစ် ပြန်လည် ပေါင်းစည်းလိုက်သည်။
ဤအရာသည် ရွှယ်အန်းအတွက်အလွန် အရသာမဲ့သော်လည်း စွန့်ပစ်ရန်သင့်တော်ပေ။
တစ်နေ့နေ့တွင် အသုံးဝင်လာနိုင်သဖြင့် ၎င်းကို ထိန်းသိမ်းထားမည်ဖြစ်သည်။
နောက်နေ့မနက်တွင် ချင်းယွီသည် အိပ်ရာမှ နိုးထလာကာ၊ သူ့ဘဝတွင် ဤမျှထိ သက်တောင့်သက်သာမအိပ်ဖူးကြောင်း ခံစားမိလျက်ရှိသည်။
ဟမ်
ချင်းယွီသည် ရုတ်တရက် ပြတင်းပေါက်အပြင်ဘက်တွင် တစ်စုံတစ်ခု မူမှန်သည်ကို ခံစားမိလိုက်သည်။ ထိုအခါ အပြင်ဘက်တွင် စိတ်အားတက်ကြွစွာ စကားပြောနေကြသော အိမ်အကူများ၏ အသံကို ကြားလိုက်ရသည်။ ချင်းယွီသည် ပြတင်းပေါက်ဆီသို့ လမ်းလျှောက်သွားပြီးနောက်၊ အံ့ဖွယ်မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။
ပြင်းထန်သော အအေးဒဏ်ကြောင့် အရွက်များဆုံးရှုံးခဲ့ရသော ခြံဝန်းအတွင်းရှိ သစ်ပင်ပန်းမန်များသည် တစ်ညတာအတွင်း အကုန်ပွင့်လန်းလာခဲ့သည်။
ဂင်းခိုအပင်၌ပင် ၎င်း၏ စိမ်းလန်းသော အရွက်များ ပြန်လည် ပွင့်လန်းပေါက်ဖွဦးလာ၏။
‘ဘာဖြစ်တာလဲ’
ချင်းယွီ အနည်းငယ်စိတ်ရှုပ်သွားသည်။ ရေချိုးချိန်ရောက်သောအခါ၊ ရေချိုးခန်းထဲရှိ မှန်ကို ကြည့်ကာ၊ အံ့အားသင့်သွားရပြန်သည်။ သူမသည် ယခင်က ဤကဲ့သို့ပင် လှပနေခဲ့သော်လည်း ယနေ့ကဲ့သို့ တောက်ပမှုမရှိနေခဲ့ပေ။
ချင်းယွီသည် ယမန်နေ့ညက ရခဲ့သည့် ထူးခြားသော မွှေးရနံ့ကို ရုတ်တရက် သတိရမိသွားသည်။
ဤအရာများအားလုံးသည် ထိုရနံ့နှင့် ဆက်စပ်နေသလော၊
ဤသံသယကိုဖုံးကွယ်ကာ၊ ဧည့်ခန်းအောက်ထပ်သို့ ဆင်းသွားသည်။ ထိုအချိန်တွင် ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့သည် ဧည့်ခန်းမတွင်ထိုင်လျက် Peppa Pig ရုပ်ရှင်ကြည့်နေကြ၏။
ချင်းယွီသည် ကလေးမလေးနှစ်ယောက် အလွန်လှပနေသည်ကို မြင်လိုက်ရသောအခါ၊ ရုတ်တရက် ထိတ်လန့်သွားသည်။
ယမန်နေ့က ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့သည် မူလအစတည်းက ချစ်ဖွယ်ကောင်းလှသော်လည်း ယနေ့အချိန်နှင့် ယှဥ်လျှင် အလွန် နိမ့်ကျနေသေးသည်။
ကလေးမလေးနှစ်ယောက်ထံမှ ထွက်လာသော လက်ဆတ်သည့် မွှေးရနံ့သည် အနီးသို့ တိုးကပ်ချင်လာရလောက်သည်အထိ ဆွဲဆောင်လွန်းနေ၏။
ထို့အပြင် ကလေးမလေးနှစ်ယောက်သည် ပို၍ပင် ဖြူစင်လာသည့်ပုံပေါ်သည်။ အညစ်အကြေးကင်းမဲ့သော ကြွေရုပ်လွှာလေးများကဲ့သို့ပင် ကြည်လင်တောက်ပလျက်ရှိသည်။
“သမီးတို့၊ မီးမီးတို့ထဲက ဘယ်သူက အကြီး ဘယ်သူကအငယ်လဲ”
ရွှယ်ရှန်းသည် ချင်းယွီကို မော့ကြည့်ကာ၊ နှာခေါင်းရှုံ့လျက်၊
“မမ၊ တီဗီကြည့်ရင် စကားမပြောရဘူးသိလား”
ကလေးတစ်ယောက်ထံတွင် ပြစ်တင်ရှုံ့ချခြင်းခံလိုက်ရသဖြင့် အနည်းငယ် ရှက်ရွှံ့သွားမိသည်။
ထိုအချိန်တွင် ရွှယ်အန်းသည် ဧည့်ခန်းထဲသို့ ဝင်သွားကာ၊
“ရှန်းရှန်း၊ နောင်ကျရင် အသက်ကြီးတဲ့ မိန်းမတွေကို “မမ”မဟုတ်ဘဲ အန်တီလို့ခေါ်ဖို့ မမေ့ပါနဲ့”
ချင်းယွီတစ်ယောက်အလွန်ဒေါသထွက်သွားသည်။
“ရှင်ဘယ်သူ့ကို အိုနေပြီလို့ပြောတာလဲ”
ရွှယ်အန်းက ချင်းယွီကို ကြည့်ကာ
“တကယ်လို့ မင်းအဘိုးကို ကယ်ချင်သေးတယ်ဆိုရင် ငါ့ကို စကားပြောရင် ရိုရိုသေသေပြော”
“ရှင်”
ချင်းယွီသည် အလွန်ဒေါသထွက်သဖြင့် သူမ၏ မျက်ခုံးများပင် အထက်အောက်တွန့်လျက်ရှိရာ၊ မကျေမချမ်းမမှုများကို စိတ်ထဲတွင် ပြန်လည်သိမ်းထားလိုက်သည်။
‘ရှင်ဘယ်လောက်စိတ်ကြီးဝင်နိုင်မလဲဆိုတာ ကျွန်မကြည့်နေမယ် ဟင်း… ဖြစ်လာမယ့်အရာအတွက် ကြိုတင်ပြင်ဆင်ထားပေတော့”
ဤအခိုက်အတန့်တွင် ချင်းယွမ်သည်အောက်ထပ်သို့ ဆင်းလာကာ၊ ရွှယ်အန်းကို မြင်သည်နှင့် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“မစ္စတာရွှယ်၊ အပြင်ကပန်းတွေနဲ့ အပင်တွေက….”
ရွှယ်အန်းက ဘာသိဘာသာ ပြန်ပြောလိုက်သည်။
“ကျုပ်လုပ်ထားတာ”
“မစ္စတာရွှယ်က တကယ်ကို မြင့်မြတ်တဲ့ ဖြစ်တည်မှုတစ်ခုပဲဆိုတာ ကျုပ်သိသားပဲ၊ ပန်းတွေ နေ့ချင်းညချင်းပွင့်လာအောင် စွမ်းဆောင်နိုင်တာမျိုး တကယ်ကို မကြားဖူးဘူး”
ချင်းယွီက အနည်းငယ်မကျေမနပ်ဖြစ်လျက် ဝင်ပြောသည်။
“အရာရာက သူလုပ်နေတယ်ချည်းပဲ၊ သက်သေရှိလို့လား”
ရွှယ်အန်းသည် မျက်မှောင်ကြုတ်လိုက်သည်။
ဤအမျိုးသမီးသည် အမှန်တကယ်ပင် အဆုံးစွန်ထိ ဉာဏ်မရှိသူဖြစ်သည်။
“ယွီအာ၊ ရိုရိုသေသေပြောဆိုစမ်း၊ မစ္စတာရွှယ်၊ ဗွေမယူပါနဲ့ဗျာ ယွီအာက ပြည်ပမှာ ကြီးပြင်းလာတာဆိုတော့ လက်တွေ့ဖြစ်ရပ်တွေကို ပိုပြီး စိတ်အားထက်သန်ရှာတယ်”
ရွှယ်အန်းက လက်ကို ပြတ်သားစွာ ဝှေ့ယမ်း၍ ပြောလိုက်သည်။
“ကျုပ်သာစိတ်ဆိုးသွားရင် သူအခု ဒီနေရာမှာတောင်ရပ်နေနိုင်မှာမဟုတ်ဘူး၊ ကျုပ်ကိုပြောပါ၊ ခင်ဗျားအသက်အတွက် ဘယ်လောက်ပေးချင်လဲ”
ချင်းယွမ်စကားပြောလိုက်သည်နှင့် အပြင်ဘက်တွင် ခြေသံတချို့ပေါ်ထွက်လာကာ၊ အဘိုးကြီးက လှောင်ရယ်လိုက်သည်။
“ဘယ် နတ်ဆေးဆရာဝန်က အသက်ကို ပိုက်ဆံနဲ့ လဲရဲမလားဆိုတာ ကျုပ်ကြည့်ချင်သေးတယ်”
ခြေသံနှင့်အတူ လူတစ်စုဝင်လာသည်။
၎င်းတို့ကို ဦးဆောင်နေသူမှာ ဆံပင်ဖြူဖြူ၊ မှုန်ကုပ်ကုပ် မျက်နှာဖြင့် သက်ကြီးရွယ်အိုတစ်ဦးဖြစ်သည်။
မောက်မာသော အမူအရာများဖြင့် ယောကျိား မိန်းမပေါင်းစုံသည် ထိုလူကြီး၏နောက်သို့ လိုက်ပါလာကြသည်။
လူကြီးကို တွေ့သည်နှင့် ချင်းယွီက ပြုံးလျက်မိတ်ဆက်လိုက်သည်။
“ဆရာဟွား၊ ရောက်ပြီလား”
ပေကျန်းက ဆရာဟွားတစ်ဖြစ်လည်း ဟွားရှင်းယွီသည် မြင့်မြတ်ကျော်ကြားသော ဆေးသမားတော်တစ်ပါးဖြစ်ကာ၊ ကျုံးတု၏ နတ်ဆေးသမားတော်နှင့် မနှိုင်းယှဥ်နိုင်သည့်တိုင် အလွန် အထင်ကြီးဖွယ်ကောင်းလှသည်။
ထိုအခိုက်အတန့်တွင် အဘိုးကြီး၏ နောက်မှ လှပသော မိန်းကလေးတစ်ယောက်ထွက်လာ၏။
“ဘိုးဘိုး ဒါ သမီးရဲ့ အချစ်ဆုံးသူငယ်ချင်း ချင်းယွီ”
ဟွာတင်းတင်း
ယင်းမှာ ချင်းယွီ၏ အချစ်ဆုံး သူငယ်ချင်းဖြစ်သည့် ဟွာရှင်းယွီ၏ချစ်လှစွာသော မြေးမလေးဖြစ်သည်။
ဤသည်မှာ ချင်းယွီ၏ ယုံကြည်မှုများအားလုံး စုစည်းနေသော နေရာလည်းဖြစ်၏။
ချင်းယွီက ရွှယ်အန်းကို စိုက်ကြည့်ကာ၊ သူဒုက္ခရောက်တော့မည်ဟုတွေး၍ အောင်ပွဲခံသည့် ခံစားချက်ဖြင့် ရွှယ်အန်းကို စိုက်ကြည့်လျက်ရှိသည်။
‘ဒါက ပေကျန်းမြို့မှာ အကျော်ကြားဆုံး ဆေးပညာရှင်ပဲ၊ မကြာခင်မှာ ရှင့်ရဲ့ လှည့်ကွက်လေးတွေ ပေါ်လာတော့မယ်’
သို့သော် ရွှယ်အန်းသည် အရာအားလုံး သူနှင့်မဆိုင်သကဲ့သို့ ထိုနေရာတွင် ငြိမ်သက်စွာ ထိုင်လျက်ရှိနေဆဲဖြစ်သည်။ ဤအချိန်တွင် ချင်းယွမ် အနည်းငယ်စိတ်ရှုပ်သွာားသော်လည်း ဟွာရှင်းယွီသည် ပေကျန်းမြို့တွင် ကျော်ကြားထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့်သဖြင့် မတ်တပ်ရပ်ကာ ကိုယ်ကို ကိုင်းညွတ်၍ နှုတ်ဆက်လိုက်သည်။
“အကြီးအကဲဟွာပဲ၊ ကျေးဇူးပြုပြီး ထိူင်ပါဗျာ”
ဟွာရှင်းယွီသည်လည်း ကိုယ်ကိုကိုင်းညွတ်လျက်၊
“မစ္စတာချင်း၊ ကျုပ်တို့ နှစ်ယောက် နောက်ဆုံးတွေ့တာ ကြာခဲ့ပြီဆိုပေမယ့် ခင်ဗျားက အရမ်းကြံ့ခိုင်နေဆဲပဲ”
သူက ထိုင်ခုံတွင်ထိုင်လိုက်သည်နှင့် ဟွာရှင်းယွီသည် ရွှယ်အန်းကို ရန်သူတစ်ဦးကဲ့သို့ကြည့်ကာ၊ ခဏအကြာတွင်
“ဒါက ဘယ်သူများလဲလို့”
ရွှယ်အန်းက ဘာသိဘာသာဖြင့် ပြန်ဖြေလိုက်သည်။
“ကျုပ်နာမည်က ရွှယ်အန်းပါ”
အခန်း(၈) ပတ်ဝန်းကျင်တစ်ခုလုံးကို တုန်လှုပ်သွားစေခြင်း
ရွှယ်အန်းလား
ဟွာရှင်းယွီသည် ၎င်းတို့အဆင့်၌ ထိုသို့သော ဆရာဝန်ငယ်တစ်ယောက်အကြောင်း မကြားခဲ့ဖူးသဖြင့် မျက်ခုံးအနည်းငယ်တွန့်သွားမိသည်။ ဟွာရှင်းယွီသည် သူ့မြေးမလေး ဟွာတင်းတင်းကို ကြည့်လိုက်သည်။
ပေကျန်းမြို့၏ အကြီးဆုံးသော ဆေးရုံမှ လက်ထောက်အကြီးအကဲအနေဖြင့် သူမသည် နာမည်ကြီးဆရာဝန်ငယ်များကို အသေအချာပင် သိပေလိမ့်မည်။
ဟွာတင်းတင်းသည် ရွှယ်အန်းကို မည်သူဖြစ်ကြောင်း သတိမထားမိသဖြင့် အချိန်အတော်ကြာသည်အထိ စောင့်ကြည့်နေပြီးနောက်မှ စတင်မေးလိုက်သည်။
“မစ္စတာရွှယ် ရှင်ဘယ်ဆေးတက္ကသိုလ်က ဘွဲ့ရတာလဲမေးလို့ရမလား၊ ပေယိတက္ကသိုလ်၊ ဖူယိတက္ကသိုလ် ဒါမှမဟုတ် ယေးလ် ဆေးတက္ကသိုလ်များလား”
ဟွာတင်းတင်း ဖော်ပြခဲ့သော တက္ကသိုလ်များသည် ကမ္ဘာတစ်ဝှမ်းရှိ၊ ထိပ်တန်းဆေးတက္ကသိုလ်များ စာရင်းဝင်သော တက္ကသိုလ်များဖြစ်ရာ၊ ဟွာရှင်းယွီနှင့် အတူပါလာသည့် လူငယ် အမျိုးသား၊ အမျိုးသမီးများသည်၊ ဤဆေးကောလိပ်များမှ ထူးချွန်အရည်အချင်းရှိသော ကျောင်းသားများဖြစ်ကြသည်။
သို့သော် ရွှယ်အန်းသည်မူ ခပ်ပါးပါးပြုံးလျက်ဆို၏။
“တစ်ခုမှမဟုတ်ပါဘူး။ ကျုပ် ဆေးတက္ကသိုလ်လုံးဝမတတ်ဖူးဘူး”
“အဲ့တာဆို မောင်မင်းဆရာက ဘယ်သူလဲ” ဟွာရှင်းယွီက ဆက်လက်မေးမြန်းသည်။
ဟွာရှား၏ သာမန်လူတန်းစားများထဲတွင်ပုန်းအောင်းနေသော ကျွမ်းကျင်ဆေးသမားတော်များစွာရှိရာ၊ ရွှယ်အန်းသာ ၎င်းတို့၏ တပည့်ဖြစ်လျှင် သူ့ကို လျှော့တွက်၍ ရမည်မဟုတ်ပေ။
ရွှယ်အန်းကခေါင်းခါလျက်၊
“မရှိပါဘူး။ ကျုပ်က ဆရာဝန်မဟုတ်ဘူး”
“ဆရာဝန်မဟုတ်ဘူးလား” ဟွာတင်းတင်း၏အမူအရာသည် ပို၍ပင် လှောင်ပြောင်ရိပ်သန်းလာသည်။
“ဒါဆို အကြီးအကဲချင်းသာ သင့်တော်တဲ့ ပိုက်ဆံပေးရင် သူ့အသက်ကို သေချာပေါက်ကယ်နိုင်မယ်လို့ တစ်ယောက်ယောက်ပြောတာကို ငါဘာလို့ကြားခဲ့တာလဲ၊ လူလိမ်တစ်ယောက်မဖြစ်နိုင်ဘူးလား”
ရွှယ်အန်းသည် လူလိမ်ဖြစ်သည်ဟု တိုက်ရိုက် စွပ်စွဲလိုက်သည့်အတွက် ဤစွပ်စွဲချက်သည် အလွန်ပြင်းထန်လှသည်။ သို့သော် ရွှယ်အန်း၏ မျက်နှာထက်တွင်မူ၊ မည်သည့်ခံစားချက်မျှ ထင်ဟပ်နေခြင်းမရှိပေ၊ တည်ငြိမ်လျက်သာကျန်ရှိနေ၏။
ဤအခိုက်အတန့်တွင် ဟွာရှင်းယွီသည် ချင်းယွမ်ထံသို့ လှည့်ကာ ပြော၏။
“အကြီးအကဲချင်း၊ ခင်းဗျားမှာ ကြည်လင်တဲ့ မျက်စံအိမ်တွေနဲ့၊ နီမြန်းနေတဲ့ ပါးပြင်တွေရှိနေပါသေးတယ်။ ဒါ့အပြင် ခင်ဗျားက တက်ကြွလန်းဆန်းနေတုန်းပဲ၊ ဖျားနာနေတဲ့လူတစ်ယောက်လို့ လုံးဝမထင်ရဘူး။ ခင်ဗျားရဲ့ သွေးခုန်နှုန်းကို ကျုပ်စစ်ကြည့်လို့ရမလား”
ချင်းယွမ်သည် တုံ့ဆိုင်းနေသဖြင့် ချင်းယွီက ဝင်ပြောလိုက်သည်။
“ဘိုးဘိုး၊ မစ္စတာဟွာက ကောင်းတဲ့ရည်ရွယ်ချက်နဲ့ပါ။ သူကို စစ်ကြည့်ခိုင်းလိုက်ပါ။”
ဟွာရှင်းယွီ၏ လက်သည် ချင်းယွမ်၏ သွေးခုန်နှုန်း တည်ရှိရာနေရာသို့ ရောက်ရှိသွားကာ၊ အချိန်ခဏကြာပြီးနောက်၊ ပြုံးလျက်ပြောလိုက်သည်။
“အကြီးအကဲချင်း၊ ခင်ဗျားသွေးခုန်နှုန်းကနေပြောရရင်၊ ခင်ဗျား အသက်တစ်ရာအထိ ရှင်သန်နေနိုင်မယ်လို့ ကျုပ်ထင်တယ်”
လူများစွာသည် ဤစကားကို ကြားသောအခါ၊ ပြုံးလိုက်ကြသည်။
ရွှယ်အန်းကိုမူ မေ့ထားလိုက်ကြသည်။
“အနှစ်တစ်ရာထိ အသက်ရှင်ဖို့ ကျုပ်မမျှော်လင့်ပါဘူး။ ငါ့မြေးမလေး လက်ထပ်တဲ့အထိပဲ အသက်ရှည်ချင်တယ်”
ချင်းယွီသည် ရှက်ရွံ့စွာခေါင်းညိတ်ပြီးနောက် မျက်နှာကလေးသည် နီမြန်းလာ၏။ထိုအချိန်တွင် အချိန်ကိုက်အသံတစ်ခု ပေါ်ထွက်လာ၏။
“ဆရာလို့ ခံယူထားတဲ့လူက အရည်အချင်းနည်းနည်းတော့ ရှိမယ်လို့ ကျုပ်ထင်ထားတာ၊ ဒါပေမယ့် ခုတော့ မရှိဘူးနဲ့တူပါတယ်”
လှောင်ရယ်သံတစ်ခု ပေါ်ထွက်လာသည်။ ဟွာရှင်းယွီ၏ မျက်နှာသည် မည်းမှောင်လျက်ရှိရာ၊ ဟွာတင်းတင်းက မျက်မှောင်ကြုတ်၍ စိတ်မရှည်စွာပြောလိုက်သည်။
“အဲ့ တတ်ယောင်ကားလှည့်ကွက်တွေကို ဖယ်လိုက်တော့ဖို့ ကျွန်မပြောချင်တယ်၊ ဆရာဝန်တစ်ယောာက်အဖြစ်ဆက်ပြီး လူတွေကို လှည့်စားဖို့ ကြိုးစားနေဦးမယ်ဆိုရင် သတိထားပါ၊ ကျွန်မ ရှင်ကို ထောင်ထဲထည့်ပစ်လိုက်မယ်”
ဟွာရှင်းယွီက သူ့လက်ကို ဝှေ့ယမ်းကာ ဟွာတင်းတင်းကို တားလိုက်သည်။ ထို့နောက် ရွှယ်အန်းကို စိုက်ကြည့်လျက်၊
“ငါက ဘာမှ မထူးခြားဘူးလို့ မင်းပြောလိုက်တယ်နော်၊ ဒါဆို ကျေးဇူးပြုပြီး ပြောပါ၊ မင်းမှာ ဘယ်လိုထူးခြားတဲ့အသိဉာဏ်တွေရှိနေသလဲ”
“ကောင်းပြီ၊ ကျုပ် ခင်ဗျားကို နိုင်ရင်ဘာလုပ်မလဲ”
“မင်းသာ ငါ့ကို ဆေးပညာမှာ အနိုင်ယူနိုင်ရင် ငါ ဒူးထောက်ပြီး မင်းကို ငါ့သခင်၊ ဆရာအဖြစ် မှတ်ယူမယ်” ဟွာရှင်းယွီက အေးစက်စွာ ပြုံးလျက်ပြောလိုက်သည်။
ရွှယ်အန်းက ခေါင်းခါလိုက်သည်။
“ဘာဖြစ်လို့လဲ ကြောက်လို့လား”
“လုံးဝမကြောက်ဘူး။ ကျုပ် ခင်ဗျားကို တပည့်အဖြစ်မလိုချင်လို့လေ၊ ခင်ဗျားက အခုအသက်အရမ်းကြီးနေပြီ၊ အခု ခင်ဗျားရဲ့မြေးမလေးဆိုရင်တော့ ကျုပ်စဥ်းစားပေးလို့ရတယ်”
ဤစကားလုံးများသည် ဟွာတင်းတင်း၏ လှပသော မျက်နှာကို အေးခဲသွားစေကာ၊ အတူပါလာသော တပည့်ရောင်းရင်းများ၏ မျက်နှာအမူအရာများသည်လည်း မှောင်မိုက်သွား၏။
ထို့နောက် ရွှယ်အန်းသည် ချင်းယွမ်ဘက်သို့ ခေါင်းလှည့်၍ ပြေလိုက်သည်။
“ခင်ဗျားကိုယ်ပေါ်မှာ ရောဂါလက္ခဏာမပြပေမယ့် လက္ခဏာတစ်ခုတော့ရှိတယ်၊ ခင်ဗျား ညတိုင်းအိပ်မက်မက်လား”
ချင်းယွမ်က ခေါင်းညိတ်လိုက်သည်။
“အဲ့တာသာ ရောဂါဆိုရင် ဒီကလူတိုင်းနီးပါး ဖျားနေပြီပေါ့” ဟွာတင်းတင်းက ဝင်သရော်လိုက်သည်။
ရွှယ်အန်းတစ်ချက်ကြည့်လိုက်သောအခါ ဟွာတင်းတင်း တစ်ကိုယ်လုံးအေးခဲသွားသကဲ့သို့ ခံစားလိုက်ရကာ၊ ဆက်လက်၍ မသရော်နိုင်တော့ပေ။
“မင်းလူတစ်ယောက်ကို အမြဲအိပ်မက်မက်ပြီး၊ အိမ်မက်ထဲမှာ အဲ့လူက မင်းအသက်ရှင်ဖို့ ဘယ်နှစ်ရက်ပဲကျန်တော့တယ်လို့ ပြောနေလား”
ချင်းယွမ်၏ မျက်နှာသည် သိသာစွာပြောင်းလဲသွားသည်။
ရွှယ်အန်း၏ စကားလုံးများသည် သူ့နှလုံးသားထဲတွင် တစ်နှစ်ကျော်ခန့် မြှုပ်နှံထားသော ကြီးမားသည့် လျှို့ဝှက်ချက်ကြီးတစ်ခုကို တိုက်ရိုက်ထိုးနှက်လိုက်သည်။ ထို့အတွက်ကြောင့်လည်း သူသည် တစ်နေ့လုံး ဆရာဝန်ကောင်းများ ဆေးဝါးကောင်းများကို ရှာဖွေနေခဲ့ခြင်းဖြစ်သည်။
ညတိုင်းလိုလို၌ သူအသက်ရှင်ရန် မည်မျှကျန်သေးကြောင်း ပြောပြမည့် အမျိုးသမီးတစ်ယောက်ကို အိပ်မက်မက်တတ်သည်။ အနီရောင်ဝတ်ဆင်ထားသော အမျိုးသမီးသည် သုံးရက်အကြာတွင် သူသေဆုံးရမည်ဖြစ်ကြောင်း အသေအချာပြောပြပြီးဖြစ်သဖြင့်၊ စျေးထဲ၌ ရွှယ်အန်းမှ သူအသက်ရှင်ရန် သုံးရက်မျှသာကျန်တော့ကြောင်း ပြောသောအခါတွင် အလွန် တုန်လှုပ်သွားခဲ့ရခြင်းပင်ဖြစ်သည်။
ချင်းယွမ်၏မျက်နှာထက်မှ သိသာသောပြောင်းလဲမှုကို မြင်လိုက်ရသောအခါ၊ ဟွာရှင်းယွီသည်လည်း အနည်းငယ်အံ့သြကာ သံသယဝင်မိသွားသည်။ ဤကောင်လေး အမှန်အကန်ခန့်မှန်းလိုက်ခြင်းဖြစ်နိုင်သလော။
အခြားတစ်ဖက်တွင်မူ ဟွာတင်းတင်းသည် အတန်ငယ် အရေးမထားသည့်ပုံပေါ်၏။
“မစ္စတာချင်း၊ လက်ရှိ ဆေးပညာသီအိုရီတွေအရ၊ လူတိုင်း အိပ်မက်မက်ပါတယ်၊ အဲ့တာက အသက်ရှုသလိုပဲ ဖြစ်နေကျအရာတစ်ခုပါ။ ခင်ဗျားမှာ စိတ်ဖိအားတွေအများကြီးရှိနေလို့ အိပ်မက်တစ်ခုတည်းကို မက်နေတာဖြစ်နိုင်တယ်။ အဲ့ကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျား သိပ်မစိုးရိမ်သင့်ဘူး။ နောက်ပြီး အဲ့တာကြောင့်နဲ့တော့၊ တတ်ယောင်ကားလျှောက်ပြောနေတဲ့ လူလိမ် အခွင့်ကောင်းယူသွားတာကို မခံသင့်ဘူး”
ရွှယ်အန်းက အေးဆေးတည်ငြိမ်စွာပြောသည်။
“ခင်ဗျား၊ ညတိုင်း အိပ်မက်မက်တယ်ဆိုတာ ကျုပ်ဘယ်လိုသိလဲသိလား။ ဘာလို့လဲဆိုတော့၊ အနီရောင်ဝတ်ထားတဲ့လူက ခင်ဗျားရဲ့ ကျောပေါ်မှာအခု လဲလျောင်းနေလို့ပဲ”
ဤစကားလုံးများကို ကြားလိုက်ရသည်နှင့် ချင်းယွမ်၏ မျက်နှာသည် ထိတ်လန့်မှုကြောင့် ဖျော့တော့သွားရုံသာမက၊ ချင်းယွီသည်လည်း သူမတစ်ကိုယ်လုံး ကြက်သီးမွှေးညင်းများထလာသကဲ့သို့ ခံစားလိုက်ရသည်။
ထို့နောက် ဟွာတင်းတင်းသည် အေးစက်စွာ ရယ်မောလျက်၊
“ဒီစကားတွေပြောတာနားထောင်လိုက်ရတော့ ရှင်က တတ်ယောင်ကားတစ်ယောက်ဆိုတာ ပိုသေချာသွားတယ်။ ရှင်တစ်ယောက်ယောက် အိပ်မက်မက်နေတာကို မြင်နိုင်ပြီးတော့၊ အနီရောင်ဝတ်ထားတဲ့အမျိုးသမီးကို မြင်နိုင်တယ်ဆိုရင်တောင် နားလည်ပေးလို့ရနိုင်သေးတယ်။ ဒါပေမယ့် အဲ့တာထက် ပိုပြီး ပြောနေရင်တော့၊ သေချာပေါက် အဓိပ္ပါယ်မရှိတဲ့ ကိစ္စပါပဲ၊ မစ္စတာချင်း သူ့ကို မယုံပါနဲ့ သူက ဒီတိုင်းလူလိမ်တစ်ယောက်ပါပဲ”
ပြည်ပတွင်ဆေးပညာလေ့လာထားသည့် ခေတ်မီလူငယ်တစ်ယောက်အနေဖြင့်၊ သဘာဝလွန်လိမ်လည်လှည့်စားနေသည့် ကိစ္စများကိုမဆိုနှင့် သူမသည် တရုတ်တိုင်းရင်းဆေးများကိုပင် အထင်သေးသည်။
သို့သော် ထိုအခိုက်အတန့်တွင် ရွှယ်အန်းက ခပ်ပါးပါးပြုံးလိုက်သည်။
“လူသားရဲ့ မျက်လုံးတွေက အမှန်ကို လူသားရဲ့ မျက်လုံးတွေပဲ။ ဒါပေမယ့် ဒီနေ့တော့၊ ငါ မင်းကို စစ်မှန်တဲ့ကျွမ်းကျင်မှုဆိုတာ ဘယ်လိုပုံစံလဲဆိုတာ ငါပြမယ်”
ဤသို့ပြောကာ၊ ရွှယ်အန်းသည် ရုတ်တရက် လက်ကိုဝှေ့ယမ်းလိုက်၏။
“အမိန့်”
ဤနေရာရှိလူတိုင်းသည် အခန်းတွင်း၌ ရုတ်တရက် မှောင်ပိန်းလာသည်ကို ခံစားမိကြသည်။ ထို့နောက်၊ အလွန်ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ကြရ၏။
၎င်းတို့အားလုံး ချင်းယွမ်၏ ကျောပေါ်တွင် အနီရောင်ဝတ်ထားသည့် မိန်းမပျိုတစ်ယောက်ရှိနေသည်ကို မြင်လိုက်ရ၏။
ထိုမြင်ကွင်းသည် သွေးအေးသော ဟွာတင်းတင်းကိုပင် အော်ဟစ်စေခဲ့ကာ၊ ဟွာချင်းယွမ်နှင့်အခြားသူများအားလုံး ဖြူလျော့ဖျော့တော့ကုန်ကြသည်။
ချင်းယွမ်က ကြမ်းပြင်ပေါ်၌ ဒူးထောက်လျက်
“မစ္စတာရွယ် ကျုပ်ကို ကယ်ပါ”
အနီရောင်ဝတ်ထားသော အမျိုးသမီးတစ္ဆေသည် ရုတ်တရက် ကျောပေါ်မှဆင်းကာ၊ အလွန်ကြောက်လန့်နေသော ဟွာတင်းတင်းထံသို့ ချီတက်သွားသည်။
သူမထံသို့ အလွန်နီးကပ်လာကာ၊ ရောက်ခါနီးဖြစ်နေပြီဖြစ်သဖြင့် ဟွာတင်းတင်းသည် အလွန်ကြောက်ရွံ့ကာ လှုပ်ပင် မလှုပ်ရဲတော့ပေ.
ထိုအချိန်တွင် ရွှယ်အန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
“ယုတ်ညံ့ကြမ်းတမ်းတဲ့ တစ္ဆေတစ်ကောင်က ငါ့ရှေ့မှာ ဂုဏ်ယူဝံ့ကြွားပြီးသွားနေနိုင်တာလား”
ရွှယ်အန်းသည် ဤသို့ပြောကာ၊ သူ၏ညာလက်ဖြင့် လျင်မြန်စွာ ဖမ်းဆုတ်လိုက်သည်။ အနီရောင်ဝတ်ထားသောအမျိုးသမီးသည် ကျယ်လောင်စွာ ငိုကြွေးအော်ဟစ်လျက်၊ အနက်ရောင်မီးခိုးများအဖြစ်ပြောင်းလဲသွာား၏။
ပြန့်ကျဲနေသော အနက်ရောင်မြူခိုးများအကြားတွင် ရွှယ်အန်းသည် နတ်ဘုရားတစ်ပါးအသွင်နှင့် လက်နှစ်ဖက်ကို နောက်ကျောတွင်ယှက်၍ မတ်တပ်ရပ်နေလိုက်သည်။
“အခု မင်းယုံပြီလား” ရွှယ်အန်းက တည်ငြိမ်စွာပြောသည်။
ဟွာရှင်းယွီသည် မြေပြင်ပေါ်သို့ ဒူးနှစ်ဖက်ထောက်လျက်၊
“မစ္စတာရွှယ် ကျုပ်တို့အသက်ကို ချမ်းသာပေးပါ၊ ကျုပ်တို့ ကန်းပြီး တုံးအကြပါတယ်။ ခွင့်လွှတ်ပေးပါ”
ရွှယ်အန်းက တည်ငြိမ်စွာပြေလိုက်သည်။
“ဆုတ်ပြဲစေ”
အနက်ရောင်မြူခိုးများသည် တုံ့ခနဲ ကွဲထွက်လျက်၊ မီးတောက်ကြီးတစ်ခုအဖြစ်ပြောင်းလဲပျောက်ကွယ်သွားသည်။
အခန်းသည် ပြန်လည် ငြိမ်းချမ်းတည်ငြိမ်သွား၏။ ဟွာတင်းတင်းနှင့် ချင်းယွီတို့သည် ကြောက်လန့်မှုနှင့် ဖြူဖျော့လျက်ရှိကြသည်။
ရွှယ်အန်းသည်သာ အသေးအဖွဲ့အလုပ်တစ်ခု ပြီးစီးသွားသည့်နှယ် ဖုန်များကို လက်ဖြင့် ခါထုတ်လိုက်သည်။
“လူအိုကြီး ချင်း၊ အလုပ်ပြီးပြီ၊ ကျသင့်ငွေရှင်းဖို့ အချိန်ကျပြီ”
အခန်း(၉) ကောင်းကင်နည်းဗျူဟာများ
ချင်းယွမ်သည် အနက်ရောင်နောက်ခံနှင့် ရွှေရောင်စာလုံးများပါသော ကတ်တစ်ကတ်ကို ချက်ချင်းထုတ်၍ လေးစားစွာ ပေးလိုက်သည်။
“ဆရာရွှယ် ဒီကတ်က အထင်ကြီးစရာသိပ်မကောင်းလှပေမယ့်၊ ကျုပ်ရဲ့ တန်ဖိုးထားမှုတစ်ခုပါပဲ”
ရွှယ်အန်းက ငြင်းဆိုခြင်းမရှိ၊ သူ့အိတ်ကပ်ထဲသို့ ပေါ့ပါးစွာထည့်လိုက်ကာ၊ အဝေး၌ တီဗီကြည့်နေသော ကလေးမလေးနှစ်ယောက်ဘက်သို့လှည့်၍ ပြောလိုက်သည်။
“သွားရအောင် ဖေဖေနောက်လိုက်ခဲ့ အိမ်ပြန်ကြမယ်”
သို့သော် ဤအခိုက်အတန့်တွင် ချင်းယွမ်သည် ရုတ်တရက် ဖြူလျော့ကာ၊ တစ်ကိုယ်လုံးတုန်ယင်လျက်၊ ပါးစပ်မှ သွေးများ အပြည့်အန်ထွက်လာရာ၊ နောက်ဆုံးတွင် ဆိုဖာပေါ်သို့ လဲကျသွား၏။
“ဘိုးဘိုး” ချင်းယွီက အထိတ်တလန့်ဖြစ်ကာ၊ အနီးသို့ အမြန်သွားခဲ့သည်။
ချင်းယွမ်၏ မျက်လုံးများသည် အသက်ကင်းမဲ့လျက်၊ အသက်ရှုနှုန်းသည်လည်း အားနည်းလာ၏။
“ဘိုးဘိုး ဘာဖြစ်သွားတာလဲ” ချင်းယွီက စိုးရိမ်တကြီးမေးလိုက်သည်။
ဟွာရှင်းယွီသည် ချင်းယွမ်၏ သွေးခုန်နှုန်းကို စမ်းရန် လျင်မြန်စွာ ရှေ့သို့တိုးလာခဲ့ပြီးနောက်၊ သူ၏ မျက်ခုံးများ တင်းကြပ်လာသည်။
“ဆရာကြီးချင်းရဲ့ သွေးခုန်နှုန်းက စမ်းလို့ မရနိုင်လောက်အောင်ကို ဖြစ်နေပြီ၊ သူ့ ယန်စွမ်းအင်က အရမ်းအားနည်းနေပြီ၊ အဲ့တာ သေခါနီးလက္ခဏာပဲ”
ချင်းယွင်က ရွှယ်အန်းကို အော်ပြောလိုက်သည်။
“ဘာတွေဖြစ်နေတာလဲဦ ရှင် ကျွန်မအဘိုးကို ကယ်မယ်လို့ ပြောမထားဘူးလား”
ရွှယ်အန်းက ခပ်ပေါ့ပေါ့ပင်ပြန်ဖြေလိုက်သည်။
“အချိန်အကြာကြီး ယုတ်မာတဲ့ဝိဉာဥ်စီးခံထားရတော့၊ သူ့ ယန်စွမ်းအင်က ကုန်လုနီးပါးဖြစ်နေပြီ၊ အခု အဲ့ဆိုးယုတ်တဲ့ဝိဉာဥ်ထွက်သွားပြီဆိုတော့၊ သူသေဖို့နီးလာတာ သဘာဝကျပါတယ်”
“ကျွန်မတို့ ဘာလုပ်သင့်လဲ၊ ဆရာဟွာ၊ ကျွန်မအဘိုးကို ကယ်လို့ရနိုင်မလား” ချင်းယွီ၏ ပါးပြင်ထက်မှ မျက်ရည်များစီးကျလာသည်။
ဟွာရှင်းယွီသည် ခေါင်းကို ခါလျက်၊
“သူ့အခုအခြေအနေနဲ့ နှစ်တစ်ရာသက်တမ်းရှိတဲ့ ဂျင်ဆင်းတောင် သူ့ထွက်သက်ကို ထိန်းထားလို့မရလောက်ဘူး။ နောက်ဆုံးကိစ္စတွေအတွက် ပြင်ဆင်ထားလိုက်ပါတော့”
ချင်းယွီသည် ရွှယ်အန်းရှေ့ရှိ ကြမ်းပြင်၌ ဒူးထောက်လျက်တောင်းဆိုလိုက်သည်။
“မစ္စတာ… မစ္စတာရွှယ်၊ ကျွန်မ ရှင့်ကို တလေးတစားမဆက်ဆံခဲ့မိဘူးဆိုတာ ကျွန်မသိပါတယ်။ ဒါပေမယ့် ကျွန်မ အဘိုးကို ကယ်ပေးပါ၊ ကျွန်မအဘိုးကိုသာကယ်ပေးရင် ရှင့်ပြောတာမှန်သမျှ လုပ်ပေးပါ့မယ်”
ရွှယ်အန်းသည် ချင်းယွီအား အနည်းငယ်မျှပင် စိတ်မဝင်စားသကဲ့သို့ အမူအရာသည် အလွန်တည်ငြိမ်လျက်ရှိသည်။ ယနေ့ဖြစ်ရပ်များ၏ နောက်ကွယ်တွင်ရှိနေကြောင်းလည်း သူသိထားသည်။ ထိုအချိန်တွင် ရွှယ်ရှန်းသည် ရွှယ်အန်း၏ အင်္ကျီကိုတိတ်တခိုးဆွဲလျက်၊ ပြောလိုက်သည်။
“ဖေဖေ၊ အဲ့မမက အရမ်းသနားဖို့ကောင်းတာပဲ”
ရွှယ်အန်းသည် သူ့သမီးနှစ်ယောက်ကို မြင်သောအခါမှသာနူးညံ့မှုကို ပြလျက်ရှိသည်။
“အဲ့တာဆို ရှန်းရှန်း၊ ဖေဖေတို့ ဘာလုပ်မလဲပြောကြည့်”
လိမ္မော်သီးတစ်လုံးကို စိတ်ဝင်တစားစားနေသည့် ရွှယ်နျန်က ရုတ်တရက်ထပြောလိုက်သည်။
“ဖေဖေ အဲ့မမကို ကူညီလိုက်ပါ။ အဲ့မမက ငိုရင်ရုပ်ဆိုးတယ်”
ချင်းယွီသည် မျက်ရည်များနှင့် ရယ်သံများကြားတွင် ဒုက္ခရောက်လျက်ရှိသည်။
ရွှယ်အန်းအတွက်မူ၊ သူ၏ သမီးများ၏စကားလုံးသည် အမိန့်တစ်ခုဖြစ်သဖြင့် ဆေးအကြွင်းအကျန်များမှ ဖော်စပ်ထားသည့် မူလအနှစ်သာရ ဆေး ကိုပေါ့ပါးစွာ ထုတ်ယူလျက်၊
“ဒါကို စားလိုက်ပါ၊ ခင်ဗျား နေကောင်းသွားပါလိမ့်မယ်”
ဟွာရှင်းယွီသည် မူလအနှစ်သာရ ဆေး ကို မြင်သောအခါ သူ၏ မျက်လုံးများ ပြူးကျယ်လာလျက်၊ အသက်ရှုသံများ လျင်မြန်လာသည်။
“ဒီ… ဒီ…”
ဟွာတင်းတင်းသည် အနည်းငယ်စိတ်ရှုပ်ထွေးလျက်
“အဘိုး ဘာဖြစ်တာလဲ”
“ဒီ ဆေး ကို ကြည့်လို့ရမလား” ဟွာရှင်းယွီသည် ချစ်စဖွယ်ကောင်းသော အရုပ်ကလေးတစ်ရုပ်ကို မြင်နေရသည့် ကလေးတစ်ယောက်ကဲ့သို့ ဖြစ်လျက်ရှိသည်။
ရွှယ်အန်းက ခေါင်းညိတ်လျက်၊ ဆေး ကို ပေါ့ပါးစွာ ပစ်ပေးလိုက်သည်။
ဟွာရှင်းယွီသည် အလန့်တကြားဖြင့် မူလအနှစ်သာရ ဆေး ကို လှမ်းဖမ်းကာ၊ ခဏတာမျှ ရမ္မက်ကြီးကာ၊ စိုက်ကြည့်လျက်၊ စကားလုံးတစ်လုံးကို ထပ်တလဲလဲထအော်လိုက်သည်။
“နတ်ဘုရားလက်ရာပဲ အမှန်တကယ်ကို နတ်ဘုရားတစ်ပါးရဲ့ လက်ရာပဲ”
ထို့နောက်၊ ဟွာရှင်းယွီသည် ရွှယ်အန်းကို ဦးညွတ်လျက် ပြောလိုက်သည်။
“မစ္စတာရွှယ် ကျုပ် ဟွာရှင်းယွီက ဘဝတစ်ခုလုံးကို ဆေးပညာလောကမှာ ကုန်ဆုံးခဲ့တယ်။ ဒါပေမယ့် ဘယ်သူ့ကိုမှအထင်မကြီးခဲ့ဘူး။ ကောင်းရှန်ကိုတောင် အထင်မကြီးခဲ့ဘူး။ ဒီနေ့တော့၊ ကျုပ်နှလုံးသားထဲကကို ယုံသွားပြီ”
“အိုး ခင်ဗျားက ပစ္စည်းတွေအကြောင်း ကောင်းကောင်းသိတာပဲ” ရွှယ်အန်းကပြောလိုက်သည်။
ချင်းယွမ်အား ဆေး ဆေးလုံးတိုက်ပြီးနောက်၊ မိနစ်အနည်းငယ်အတွင်းတွင် ယခင်က ဖြူလျော့သွားသည့် ပါးပြင်များ ပြန်လည်ဖြူစင်လာသည်။
မကြာမီတွင် ချင်းယွမ်သည် အပြည့်အဝပြန်လည်ကောင်းမွန်လာ၏။ သို့သော် ယင်းတင်မက၊ သူ၏ မျက်နှာထက်မှ အရေးအကြောင်းများနှင့် ဆံပင်ဖြူများပင် သိသာစွာ လျော့ပါးလာသည်။
ချင်းယွမ်သည် ယခင်က အသက်ခုနှစ်ဆယ်ကျော်ယောက်ျားတစ်ယောက်ဟုဆိုလျှင် ယခု သူသည် အသက်ငါးဆယ်ကျော်ခန့်ရှိနေပုံရသည်။
ဤမြင်ကွင်းသည် ဟွာရှင်းယွီအား အလွန်စိတ်လှုပ်ရှားစေ၏။ ဟွာတင်းတင်းသည်မူ အလွန် အံ့အားသင့်လျက်ရှိသည်။
ပြန်လည်နုပျိုခြင်း
အကယ်၍ တစ်စုံတစ်ယောက် ယနေ့မတိုင်မီတွင် ဆေး တစ်လုံးဖြင့် ဤကဲ့သို့ အောင်မြင်နိုင်သည်ဟု ဟွာတင်းတင်းကို ပြောလျှင် သူမ ထိုလူကို လူလိမ်ဟု ထင်မိပေလိမ့်မည်ဖြစ်သည်။
သို့သော် လက်တွေ့သည် ဟွာတင်းတင်းကို ဆွံ့အသွားစေခဲ့သည်။ ကလေးဘဝမှစတင်၍တည်ရှိခဲ့သော သိပ္ပံဆိုင်ရာ အမြင်သုံးခုသည် နောက်ဆုံးတွင်ပြိုကွဲသွားခဲ့ရသည်။
သူမမကြာသေးမီက ရွှယ်အန်းကို လှောင်ပြောင်သရော်ခဲ့သည်ကို ပြန်တွေးကာ၊ ဟွာတင်းတင်းသည် အဖျားတက်သကဲ့သို့ မျက်နှာပူလာကာ၊ ရွှယ်အန်းကို ခိုးကြည့်နေမိသည်။
ထို့နောက်၊ ဟွာတင်းတင်းသည် တစ်စုံတစ်ခုကို သဘောပေါက်နားလည်သွားသည်။
‘ဒီယောက်ျားက အရမ်းခံ့တာပဲ’
ဤသည်မှာ အဓိကအားဖြင့် ရွှယ်အန်းသည် သူ့အား မြင့်မြတ်သော ဧကရာဇ်မင်းတစ်ပါးကဲ့သို့ ထင်မြင်စေကာ၊ လူအများနှင့် အကွာအဝေးတစ်ခုကို ခြားထားခြင်းကြောင့်ဖြစ်သည်။
ဟွာတင်းတင်း၏နှလုံးခုန်သံသည် အလိုအလျောက် လျင်မြန်လာ၏။
ယခုအချိန်တွင်၊ ချင်းယွမ်သည် ဖြစ်ပျက်ခဲ့သည့်အရာများအားလုံးကို သဘောပေါက်နားလည်ပြီးနောက်၊ သူ့ခန္ဓာကိုယ်မှ ပြောင်းလဲမှုများကို ခံစားသိရှိပြီးနောက်၊ ရွှယ်အန်းကို လေးနက်စွာ ဦးညွတ်လိုက်သည်။
“မစ္စတာရွှယ်၊ ဒီနေ့ကစပြီး တစ်ခုခုလိုအပ်ရင် စကားနဲ့ပဲ ပြောလိုက်ပါ၊ လောင်တိုင်အဖွဲ့ က လုံးဝဥပက္ခာမပြုဘဲအပြည့်အဝကူညီပေးမှာပါ”
ချင်းယွမ်၏ကတိသစ္စာ၏ အလေးချိန်သည် ချင်းယွီ၊ ဟွာတင်းတင်းနှင့် အခြားသူများ၏ အမူအရာများကို ပြောင်းလဲသွားစေသည်။
ဟွာရှင်းယွီတစ်ယောက်သာလျှင် ချင်းယွမ်ကို မနာလိုစိတ်နှင့် ကြည့်လျက်ရှိသည်။
ဤသည်မှာ လုံလောက်သည်ထက်ပိုပြီဖြစ်ကြောင်း သူသိသည်။
မူလအနှစ်သာရ ဆေး သာ ကျုံးတုမြို့တွင်ပေါ်လာလျှင် သို့မဟုတ် မြင့်မြတ်သော မိသားစုများနှင့် ကြီးကျယ်ခမ်းနားကြွယ်ဝသော အိမ်တော်များမှ သိရှိခဲ့လျှင်၊ သွေးမုန်တိုင်းတစ်ခု သေချာပေါက်ဖြစ်လာလိမ့်မည်မှာ သေချာ၏။
နောက်ဆုံးတွင်မူ ဆေး သည် ဆံဖြူအဘိုးကြီးတစ်ဦးကို ငယ်ရွယ်သွားစေနိုင်ခဲ့ကာ၊ ဤသည်မှာ ဟွာရှင်းယွီဖြစ်စေ၊ ကျုံးတုမြို့မှ နတ်ဆေးသမားတော်ဖြစ်စေ၊ ကမ္ဘာတစ်ဝှမ်းရှိ မည်သည့် ဆေးပညာရှင်မျှ လုပ်နိုင်မည့်အရာမဟုတ်ပေ။
ယခု အကယ်၍ ချင်းယွမ်သာ ရွှယ်အန်းကို လောင်တိုင်အဖွဲ့တစ်ဖွဲ့လုံး တိုက်ရိုက်ပေးအပ်မည်ဆိုပါက၊ လွန်ကဲနေခြင်းဟုတ်မည်မဟုတ်ပေ။ အဆုံးသတ်တွင်မူ၊ အသက်နှင့်နှိုင်းယှဥ်ပါက ကြွယ်ဝမှုဟူသည် မည်သို့မျှမဟုတ်ပေ။
သို့သော် ရွှယ်အန်းသည် အနည်းငယ်သာ ခေါင်းညိတ်လိုက်သည်။
“နားလည်ပြီ”
ထို့နောက် ရွှယ်အန်းသည် ကျင်းယွီကို ပြောလိုက်သည်။
“မင်း အဘိုးကို ကယ်ပေးရင် ငါ့အတွက် ဘာမဆိုလုပ်ပေးမယ်လို့ မင်းပြောထားတယ်မဟုတ်လား”
ချင်းယွီ၏ နှလုံးတစ်ခုလုံး တင်းကြပ်သွားကာ၊ သတ္တိမွေး၍
“အင်း”
“ကောင်းပြီ၊ ဒါဆို မင်း ငါတို့ကို အိမ်ကို ကားမောင်းလိုက်ပို့ပါ”
ချင်းယွီသက်ပြင်းချလိုက်မိသော်လည်း ရင်အတွင်း၌ စိတ်ပျက်အားငယ်မှုတစ်ခုကို ခံစားလိုက်မိသည်။
ဟွာရှင်းယွီသည် စိုးရိမ်တကြီးဖြင့်
“ဆရာ၊ ဆရာ၊ ကျုပ်တို့လောင်းကြေးကို မေ့သွားပြီလား၊ ကျုပ်ရှုံးရင် ကျုပ်ကို ဒါမှမဟုတ် ကျုပ်မြေးကို ဆရာ့တပည့်အဖြစ်မှတ်ယူမယ်လို့ ပြောခဲ့တယ်လေ”
ရွှယ်အန်းက လျစ်လျူရှု့ကာ၊ အရေးမထားသော အမူအယာဖြင့်
“တကယ်လား၊ ကျုပ်ပြောတာလား”
ဟွာရှင်းယွီက အားတက်သရောခေါင်းညိတ်လျက်ပြန်ဖြေသည်။
“ဟုတ်တယ်၊ ဆရာ ပြောခဲ့တယ်”
“ဒါပေမယ့် အခု စိတ်ပြောင်းသွားပြီ၊ ခင်ဗျားက အသက်ကြီးနေပြီ၊ ခင်ဗျားရဲ့ မြေးမက ဆေးပညာအရည်အချင်းညံ့ဖျင်းလွန်းတယ်၊ ပြီးတော့ ရူးနှမ်းလွန်းတယ်” ဤသို့ပြောကာရွှယ်အန်းသည် ထွက်ခွာသွားခဲ့သည်။
ဟွာတင်းတင်းသည် ထိုနေရာတွင်ရပ်တန့်လျက်၊ ကြောင်အလျက်ရှိသည်။
“အဘိုး သူ့ကို စိတ်ထဲမထားနေနဲ့၊ အရမ်းမောက်မာလွန်းတယ်”
ဟွာရှင်းယွီက ခေါင်းယမ်းလျက်၊ ချင်းယွမ်ကို ဦးညွတ်နှုတ်ဆက်ကာ၊ အခန်းထဲမှ ထွက်သွားခဲ့သည်။
ချမ်းအေးသော ဆောင်းရာသီမှ ဆောင်းလေအေးများသည် စိမ်းလန်းစိုပြေနေသည့် ခြံဝင်းထဲသို့ ရောက်သည်နှင့်၊ ဟွာရှင်းယွီသည် သက်ပြင်းရှည်တစ်ချက်ချကာ၊ ပြောလိုက်သည်။
“တင်းတင်း၊ သမီးနားမလည်ပါဘူး။ ဒီလူရဲ့ ဇာတ်လမ်းက ငါတို့ ထင်ထားတာထက် ပိုကြောက်ဖို့ကောင်းနေနိုင်တယ်”
ဟွာတင်းတင်းသည် တိတ်ဆိတ်နေခဲ့သည်။
ဟွာရှင်းယွီသည် အပင်မှ သစ်ရွက်တစ်ရွက်ကို ပေါ့ပါးစွာ ခူးယူလိုက်ကာ၊
“ဒီဘဝမှာ၊ ဒီလိုမျိုး အရည်အချင်းတွေကို မျက်မြင်တွေ့နိုင်ခဲ့ရပြီး၊ ဒီလိုလူနဲ့ဆုံခဲ့ရပေမယ့်၊ ငါ့ဘဝကို တခြားလူတစ်ယောက်အတွက် မရှင်နိုင်ဘူး။ ဟုတ်တယ်၊ အတူဆုံတွေ့ဖို့ ကံကြမ္မာပါပေမယ့်၊ အတူတူရှိဖို့တော့ ရေစက်မပါခဲ့ဘူး”
ချင်းယွီက ရွှယ်အန်းနှင့် သူ့သမီးနှစ်ယောက်ကို ၎င်းတို့၏ လူနေတိုက်ခန်းဆီသို့ ကိုယ်တိုင်ကိုယ်ကျ ကားမောင်းပို့ခဲ့သည်။ လူများစွာသည် အဝေးမှ အလျှိုအလျှို ငေးကြည့်လျက်၊ ခမ်းနားထည်ဝါသော Maybach ကားကြောင့် အံ့အားသင့်သွားကြသည်။
ရွှယ်အန်းသည် ကားပေါ်မှ ဆင်းခါနီးတွင် ရုတ်တရက် ပြောလိုက်သည်။
“မင်းတို့ ချင်းမိသားစုက တစ်ယောက်ယောက်ကို စော်ကားခဲ့သေးလား”
“အဲ့ ယုတ်မာတဲ့တစ္ဆေက ထိန်းချုပ်ခံထားရတာ” ရွှယ်အန်းက ဤသို့ပြောကာ၊ ကားပေါ်မှဆင်း၍ အဝေးသို့လမ်းလျှောက်သွားလိုက်သည်။
ချင်းယွီသည် ကားထဲ၌ အချိန်အတော်ကြာသည်အထိ ထိုင်နေပြီးမှ ခဏအကြာတွင် ဖုန်းကို ထုတ်ကာ၊ နံပါတ်တစ်ခုကို ခေါ်လိုက်သည်။
“လောင်ဟေး၊ တစ်ယောက်ယောက်ကိုစုံစမ်းခိုက်လိုက်၊ အဘိုးကြီးရောဂါရဲ့ နောက်ကွယ်မှာ ကြံစည်နေတဲ့လူတစ်ယောက်ယောက်ရှိတယ်”