အခန်း (၁၃-၁၅)
Vol. 1 Ch. 13-15
အခန်း(၁၃) အတန်းဖော်များ တွေ့ဆုံခြင်း ၂
ဆုန်ကျင်းက မထီမဲ့မြင်ပြု၍ သူမ၏နှုတ်ခမ်းကို တွန့်ကာ ရေရွတ်လိုက်သည်။
“ဘာတွေ ဟန်ဆောင်နေတာလဲ။ ဟုန့်မင်ပြန်လာတဲ့အထိ စောင့်စမ်းပါ၊ နင်ဒီလောက် စိတ်ကြီးဝင်နေဦးမလား ကြည့်ရသေးတာပေါ့”
ယခုဆိုလျှင် ဆုန်ကျင်း၏ စိတ်ထဲတွင် တစ်ခုတည်းသော အရာမှာ သစ်ပင်ကြီးဟုန့်မင်ကို ဆက်လက်ကပ်တွယ်ထားရန်ဖြစ်သည်။ အကယ်၍ သူ၏အသိအမှတ်ပြုမှုကိုသာ ရရှိကာ၊ အငယ်အနှောင်းတစ်ယောက်ဖြစ်လာနိုင်လျှင် ပြီးပြည့်စုံသွားမည်ဖြစ်သည်။
ဟုန့်မင်သည် ရွှယ်အန်းအပေါ် ရန်ငြှိုးဖွဲ့နေကြောင်း သူမသိသောကြောင့် ရွှယ်အန်းကို နှိမ်ချဆက်ဆံနေခြင်းဖြစ်သည်။
အထူးသဖြင့် ဖန်းမန်ရွှယ် ပေကျန်းမြို့သို့ ရုတ်တရက်ပြန်လာခြင်းနှင့်၊ လေးနှစ်ကြာပျောက်ဆုံးသွားခဲ့ခြင်းသည် အလွန် ဆက်စပ်နေသည်။
ရွှယ်အန်းတွင် ကလေးရှိနေကြောင်း သိလိုက်ရသည့်အခါဖြစ်သွားမည့် ဖန်းမန်ရွှယ် အမူအရာကိုမြင်ရရန် သူမမစောင့်ဆိုင်းနိုင်တော့ပေ။
ဤအခိုက်အတန့်တွင် ပေကျန်းမြို့ အမြန်လမ်းဝင်ပေါက်တွင် အနက်ရောင် မာစီးဒီးကားတစ်ဒါဇင်ခန့် တန်းစီ၍ ဟုန့်မင်သည် ဝတ်စုံအပြည့်ဝတ်ဆင်ထားကာ၊ လေထဲတွင်စောင့်ဆိုင်းနေ၏။
ဤမြင်ကွင်းသည် လူတိုင်းထံမှ စူးစမ်းလိုသောအကြည့်များကို အလိုအလျောက်ဆွဲဆောင်လိုက်သည်။
သို့သော် ဟုန့်မင်သည် မည်သို့မျှမခံစားရပေ၊ အေးစက်သောလေသည်ပင် သူ၏လောင်ကျွမ်းနေသော နှလုံးသားကို မအေးချမ်းစေနိုင်ပေ။
နောက်ဆုံးတွင်၊ အဖြူရောင်မာစီးဒီးတစ်စီး အမြန်လမ်းပေါ်မှ ဖြည်းညင်းစွာ မောင်းနှင်လာသည်။
ဟုန့်မင်သည် အလွန်စိတ်လှုပ်ရှားစွာဖြင့် ကားရပ်သည်ကိုပင် မစောင့်ဘဲ၊ နှုတ်ဆက်ကြိုဆိုရန် အလျင်အမြန် ရှေ့သို့ တိုးလာလိုက်သည်။
တံခါးပွင့်လာ၏။
ဖန်းမန်ရွှယ်သည် အလန်းစားဂါဝန်ကို ဝတ်ဆင်ထားကာ၊ ဘေးအိမ်မှ သပ်ရပ်သန့်ရှင်းကျော့မော့သော မိန်းကလေးတစ်ဦးကဲ့သို့ ဟုန့်မင်ရှေ့တွင်ပေါ်လာ၏။
ဟုန့်မင်သည် အသက်ရှုမြန်လာသည်ကို ခံစားလိုက်ရကာ၊ သူမအား ပိုင်ဆိုင်လိုသော ပြင်းပျသည့် ဆန္ဒကြောင့် ထိုအမျိုးသမီးကို မြေကြီးပေါ်တွင် ချုပ်ထားချင်လျက်ရှိသည်။
“သူဘယ်မှာလဲ” ဤသည်မှာ ဖန်းမန်ရွှယ်မှ ဟုန့်မင်ကို ပထမဆုံးပြောသည့်စကားပင်ဖြစ်သည်။
ဟုန့်မင်၏ ရင်ထဲမှ မနာလိုစိတ်များ မြင့်တက်လာသကဲ့သို့ခံစားလိုက်ရသည်။ သူ့အား တွေ့သည့်အခိုက်အတန့်တွင် သူမသည် အဘယ်ကြောင့် သူ့အကြောင်း မေးမြန်းရသနည်း။
အဘယ်ကြောင့်နည်း။
မကျေနပ်သော်လည်း ဟုန့်မင်က ပြန်ဖြေလိုက်သည်။
“ဟိုတယ်မှာ မင်းကို လူတိုင်းစောင့်နေကြတယ်”
“ဒါဆို လမ်းညွှန်ပေးပါ ကျေးဇူးပြုပြီး” ဖန်းမန်ရွှယ်က ခေါင်းညိတ်၍ပြောသည်။
“မင်းရဲ့ ယာဥ်မောင်းက ဒီလောက်အကြာကြီး ကားမောင်းလာရတာ၊ အန္တရာယ်ရှိတယ်။ ကိုယ့်ကားနဲ့ ဘာလို့မသွားတာလဲ”
ဖန်းမန်ရွှယ်က တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် သဘောတူ၍ ခေါင်းညိတ်လိုက်သည်။
ထိုအခိုက်အတန့်တွင် အခြားသူအမျိုးသားအတန်းဖော်များသည်လည်း သူ့အားစတင်နှုတ်ဆက်ကြသည်။
“မန်ရွှယ်၊ ငါ လီချန်းပါ”
“မန်ရွှယ်၊ ငါက ဟန်လိ”
ဤနှုတ်ဆက်စကားများကြားတွင် ဖန်းမန်ရွှယ်သည် ခေါင်းညိတ်ပြခဲ့ပြီးနောက်၊ စကားတစ်ခွန်းမျှပင် ပြန်မပြောဘဲ၊ ကားထဲသို့ဝင်ခဲ့သည်။ ယောက်ျားများသည် တစ်ယောက်နှင့်တစ်ယောာက် စိတ်ရှုပ်စွာကြည့်နေကြသည်။
“ကြယ်တစ်ပွင့်ဖြစ်လာတော့ သူ့နေရာသူမရှိတော့ဘူး။ ဘာတွေ မာနထောင်လွှားနေစရာလိုလို့လဲ”
“ဟမ် အဲ့တာ အမှန်ပဲ။ ဟုန့်မင်ကြောင့်သာမဟုတ်ရင် ငါလာမှာတောင်မဟုတ်ဘူး”
ဤရေရွတ်သံများသည် တိုးလျသော်လည်း ကားထဲသို့ဝင်လာ၏။ သို့သော် ဖန်းမန်ရွှယ်သည် ဂရုစိုက်ခြင်းအလျင်းမရှိပေ။
မှန်သည်။
ဤသို့သော အတန်းဖော်ဟုခေါ်သောသူများကို သူမတကယ်မကြိုက်ပေ။
ဟုန့်မင်သည်ပင်လျှင် သူမအမုန်းဆုံးသော လူအမျိုးအစားမျိုးဖြစ်၏။ ထိုအချိန်က ဖန်းမန်ရွှယ်တွင် မိဘများအသက်ရှင်လျက်မရှိကြတော့သဖြင့် သူ့ဦးလေး၏ အိမ်တွင် မွေးစားခံထားရသောကြောင့်၊ ချောမောလှပရုံမှလွဲ၍ သူမတွင် မည်သည့် ကျောထောက်နောက်ခံမျှမရှိပေ။
ထို့ကြောင့် သူမသည် လူအများအလိုရှိသော ပစ္စည်းတစ်ခုဖြစ်လာခဲ့၏။
ဖန်းမန်ရွှယ်သည် မိမိကိုယ်မိမိလေးစားသောမိန်းကလေးဖြစ်သောကြောင့် သူမအလျှော့ပေးလိမ့်မည်မဟုတ်ပေ။
ထို့နောက်၊ အတန်းဖော်များသည် သူမသည် တစ်ချိန်လုံးယောက်ျားများဖြင့် ပေါင်းသင်းနေထိုင်၍ ကိုယ်ဝန်များစွာပင် ဖျက်ချဖူးသည်ဟု ကောလဟာလများစတင်ဖြန့်တော့သည်။ ဤကောလဟာလများသည် ထိုအချိန်က ဖန်းမန်ရွှယ်ကို လုံးလုံးလျားလျား ချေမှုန်းပစ်ခဲ့သည်။ အတန်းထဲတွင်လည်း သူမကို ဖယ်ကြဥ်ထားခဲ့ကြရာ၊ ဆုန်ကျင်းနှင့် အခြားမိန်းကလေးများသည် သူမအား နည်းအမျိုးမျိုးဖြင့် လှောင်ပြောင်သရော်ခဲ့ကြသည်။
ဖန်းမန်ရွှယ် စိတ်ဓာတ်ကျနေချိန်တွင် ရွှယ်အန်းသည် သူမဘက်မှ ရပ်တည်ပေးခဲ့သည်။ ယနေ့အချိန်ထိ ဖန်းမန်ရွှယ်သည် ထိုနေ့အဖြစ်အပျက်ကို မှတ်မိနေသေး၏။
ထောင့်တစ်နေရာတွင် တစ်ယောက်တည်းထိုင်နေစဥ်တွင် အခြားမိန်းကလေးများသည် သူမအား လက်ညှိုးထိုး၍ လှောင်ရယ်ခဲ့ကြသည်။ ထိုအချိန်တွင် အနက်ရောင်ဝတ်ဆင်ထားသော ကောင်လေးတစ်ယောက်သည် သူ့ဘေးတွင် တိတ်တဆိတ်လာရပ်နေ၏။
ထို သူ့ထက်အရပ်အနည်းငယ်မျှပင်မရှည်သောကောင်လေးကို ဖန်းမန်ရွှယ် မည်သို့မျှ မမေ့ပစ်နိုင်ခဲ့ပေ။ သူမအတွက်ကြောင့် ရွှယ်အန်းသည် လူရမ်းကားများ၏ ရိုက်နှက်ခြင်းကို အကြိမ်ပေါင်းများစွာခံခဲ့ရသော်လည်း သူသည် ဝံပုလွေတစ်ကောင်ကဲ့သို့ အဆုံးထိ တိုက်ခိုက်ခဲ့သည်။
ကာလအနည်းငယ်ကြာပြီးနောက်၊ သူ့အား မည်သူမျှရန်မစဝံ့ကြတော့ပေ။ ထိုအချိန်တွင် ရွှယ်အန်းသည် အမာရွတ်များ ပြည့်နေသော မျက်နှာဖြင့် ဖန်းမန်ရွှယ်ကို ပြုံးပြ၍
“အခု နင့်ကို ဘယ်သူမှ အနိုင်ကျင့်ရဲတော့မှာမဟုတ်ဘူး”
ထိုအခိုက်အတန့်တွင် ဖန်းမန်ရွှယ်သည် ရွှယ်အန်း၏ ရင်ခွင်ထဲသို့ ပြေးဝင်၍ ထိန်းမနိုင်သိမ်းမရငိုကြွေးခဲ့သည်။
ထိုအချိန်မှစ၍ ဖန်းမန်ရွှယ်သည် ရွှယ်အန်းအတွက်သာ တစ်သက်တာလုံး ရှင်သန်မည်ဟု ကျိန်ဆိုခဲ့ရာ၊ နောက်ပိုင်းတွင် ဤအရာများအားလုံးသည် ဟုန့်မင်၏ သွေးထိုးလှုံ့ဆော်မှုကြောင့်ဖြစ်ကြောင်း သိရှိသွားခဲ့ရသည်။
ကံကောင်းခြင်းတစ်ခုကြောင့် ဖန်းမန်ရွှယ်သည် နောက်ဆုံးတွင် ကြယ်ပွင့်တစ်ပွင့်ဖြစ်လာမည့် လမ်းကြောင်းပေါ်သို့ တက်လှမ်းနိုင်ခဲ့သည်။ ခရီးသည် အလွန်အမင်းကြမ်းတမ်းခဲ့သော်လည်း သူမသည် ဤမျှအတိုင်းအတာအထိ၊ ဖြူစင်ရိုးသားစွာ သမာဓိဖြင့် တက်လှမ်းလာခဲ့သည့်ဟု ဂုဏ်ယူစွာပြောနိုင်သည်။
အခြားအကြောင်းကြောင့် မဟုတ်သော်လည်း ထိုစဥ်က မျက်နှာထက်တွင် ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေသည့် အနက်ရောင်ဝတ်ဆင်ထားသော ကောင်လေးနှင့် ထိုက်တန်စေလိုသောကြောင့်သာဖြစ်သည်။
သို့သော် လွန်ခဲ့သော လေးနှစ်က ရွှယ်အန်း၏ ပျောက်ဆုံးမှုသည် ဖန်းမန်ရွှယ်ကို ဖြိုခွဲလုနီးပါးဖြစ်ခဲ့သည်။ သူမသည် သေတမ်းစာပင်ရေးထားနှင့်ပြီးဖြစ်ရာ၊ နောက်ဆုံးတွင်မူ၊ မိမိကိုယ်မိမိ အချိန်ပေးလိုသေးသဖြင့် မသေခဲ့ပေ။ လေးနှစ်အကြာတွင် ရွယ်အန်းသာ မပေါ်လာခဲ့ပါက၊ သူမကိုယ်သူမ အဆုံးစီရင်လိုက်လိမ့်မည်ဖြစ်၏။
ဘုရားသခင်၏ ကျေးဇူးကြောင့် ရွှယ်အန်းပြန်ရောက်လာခဲ့သည်။ ဤသတင်းကို ကြားသောအခါ၊ ဖန်းမန်ရွှယ်သည် အလွန်စိတ်လှုပ်ရှားလွန်းသဖြင့် မျက်ရည်များကျကာ၊ ပေကျန်းမြို့သို့ညတွင်းချင်းပြန်လာခဲ့သည်။
ရွှယ်အန်းပြန်လာသည့်အကြောင်းကို သူမအားပြောပြခဲ့သူမှာ ဟုန့်မင်ပင်ဖြစ်သည်။ ဟုန့်မင်သည် ခရီးသည်ထိုင်ခုံတွင်ထိုင်လျက်၊ အနောက်ခုံတွင်ထိုင်နေသော ဖန်းမန်ရွှယ်ကို ခိုးကြည့်ကာ၊ နောက်ဆုံးတွင် စကားစပြောလိုက်သည်။
“မန်ရွှယ် ဒီနေ့ မင်းမွေးနေ့ထင်တယ်၊ ဟုတ်တယ်မလား”
ဖန်းမန်ရွှယ်သည် အံ့အားသင့်လျက်၊ ယနေ့သည် အမှန်တကယ်ပင် သူမမွေးနေ့ဖြင့်ကြောင်း သတိရသွားသည်။
ဤလေးနှစ်အတွင်းတွင် ဖန်းမန်ရွှယ်သည် အလွန်အလုပ်များနေခဲ့သောကြောင့် နားချိန်ပင်မရခဲ့ပေ။ သူမအနားယူသောအခါတွင်မူ၊ အတွေးများသည် ရွှယ်အန်း၏ ပုံရိပ်များဖြင့် လွှမ်းခြုံသွား၏။
ထို့ကြောင့် မွေးနေ့ဟူသောအရာသည် သူမ၏မှတ်ဉာဏ်ထဲမှ ပျောက်ကွယ်သွားခဲ့သည်။
“ဟမ်”
“ကိုယ်တို့အတန်းဖော် အများစုက မင်းမွေးနေ့ကို မင်းနဲ့အတူတူကျင်းပဖို့ရောက်လာကြတာပဲ”
ဖန်းမန်ရွှယ်သည် တိတ်ဆိတ်မြဲတိတ်ဆိတ်နေကာ၊ ကားပြတင်းဘက်အပြင်မှ မြင်ကွင်းကို ကြည့်ရန် ခေါင်းကို လှည့်လိုက်သည်။
ဟုန့်မင်၏ မျက်ခွံများသည် သူ့နှလုံးသားထဲမှ ဒေါသစိတ်ကြောင့် လှုပ်ယမ်းသွားသည်။
ဤမိန်းမသည် အဘယ်ကြောင့် သူ့အပေါ် အမြဲတစေအေးစက်နေရသနည်း။
ထိုရွှယ်အန်းကြောင့်လော။
ဟုန့်မင်၏ မျက်နှာထက်တွင် အေးစက်သော အပြုံးတစ်ခုဖြစ်ပေါ်လာသည်။
ရွှယ်အန်းပြန်ရောက်သောအခါ၊ ဟုန့်မင်သည် ဖန်းမန်ရွှေ၏ အရှေ့၌ သူ့အား ခြေဖြင့် နင်းခြေရန် ကြံစည်ထားသည်။ ထို့နောက်မှ သူမသည် သူတစ်ယောက်တည်းနှင့်သာ ထိုက်တန်သော မိန်းမတစ်ယောက်ဖြစ်ကြောင်း ပြောပြမည်။
သိပ်မကြာခင်တွင်ပင်၊ မာစီးဒီးယာဥ်တန်းသည် နဂါးဧကရာဇ်ဟိုတယ်ဆီသို့ ရောက်လာ၏။
နဂါးဧကရာဇ်ဟိုတယ်၏ မန်နေဂျာသည် တံခါးဖွင့်ပေးရန် ကိုယ်တိုင်ကိုယ်ကျရောက်ရှိလာခဲ့ကာ၊ ဟုန့်မင်သည် မြင့်မြတ်သော ကိုယ်နေဟန်ထားဖြင့် ထွက်လာ၍ ဖန်းမန်ရွှယ်သည်မူ၊ နေကာမျက်မှန်နှင့် မက်စ်ကို တပ်ကာ၊ ကားပေါ်မှ ဆင်းလာခဲ့သည်။
“သခင်လေးဟုန်၊ အားလုံးက ရှန်ဇီ အခန်းနံပါတ်တစ်မှာစောင့်နေကြတယ်”
ဟုန့်မင်က ခေါင်းညိတ်လိုက်သည်။
“လမ်းပြပါ”
ဖန်းမန်ရွှယ်သည် ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ဝင်ရောက်လာသည်။ ရွှယ်အန်းကို တွေ့ချင်သော်လည်း တစ်ချိန်တည်းတွင်ပင် သူနှင့်တွေ့ရမည်ကို ကြောက်သည်။
ရှန်ဇီအခန်းနံပါတ်တစ် သီးခန့်ခန်းတံခါးကို ဖွင့်လိုက်သည်။
ဖန်းမန်ရွှယ်၏ မြင်ကွင်းထဲသို့ ပထမဆုံးဝင်လာသည့်အရာမှာ ဆုန်ကျင်းနှင့်အခြားသူများ၏ အပြုံးမျက်နှာများပင်ဖြစ်သည်။
“ပေကျန်းက ကြိုဆိုပါတယ် မန်ရွှယ်”
“မန်ရွှယ်၊ ငါတို့အားလုံး နင့်ကို လွမ်းနေကြတာ”
ဖန်းမန်ရွှယ်သည် ထိုအသံများကိုနားထောင်ခြင်းမရှိ၊ အခန်းထဲကိုသာ လိုက်ရှာနေ၏။
“မန်ရွှယ်” ထန်ရွှမ်အာက ခပ်တိုးတိုးပြောသည်။
ကျောင်းတက်ခဲ့စဥ်က ထန်ရွှမ်အာသည် အခြားသူများ ဝိုင်းပယ်ခြင်းခံရမည်ကို မစိုးရိမ်ဘဲ၊ သူမနှင့် မိတ်ဖွဲ့ခဲ့သည်။ ထို့ကြောင့် ထန်ရွှမ်အာကို တွေ့သောအခါ၊ ဖန်းမန်ရွှယ်သည် နောက်ဆုံးတွင် ပြုံးလိုက်၏။
“ရွှမ်အာ”
ရွှမ်အာက ခေါင်းညိတ်လိုက်ကာ၊ အခန်းထောင့်သို့လှမ်းကြည့်လိုက်သဖြင့် ဖန်းမန်ရွှယ်ကလည်း ထိုနေရာသို့ လိုက်ကြည့်လိုက်သည်။
နောက်ဆုံးတွင် သူမသည် ရွှယ်ရှန်း၊ ရွှယ်နျန်တို့နှင့် ရယ်မော၍ စကားပြောနေသော ရွှယ်အန်းကို တွေ့လိုက်ရသည်။ သူမတုန်ယင်လျက်၊ မျက်ရည်စက်များသည် ပါးပြင်သို့အလိုအလျောက်စီးကျလာ၏။ ထိုအချိန်တွင် ဟုန့်မင်နှင့် အခြားသူများသည်လည်း သီးသန့်ခန်းထဲသို့ဝင်လာကြသည်။
ဟုန့်မင်ကို မြင်သောအခါ၊ ဆုန်ကျန်း၏ မျက်နှာသည် ပျော်ရွှင်မြူးတူးသော အပြုံးဖြင့် ပွင့်လန်းနေ၏။
“သခင်လေးဟုန်၊ နောက်ဆုံးတော့ ပြန်လာပြီပေါ့”
ဟုန့်မင်က ခေါင်းညိတ်၍ စကားစပြောတော့မည့်ဆဲဆဲတွင် ဖန်းမန်ရွှယ်သည် ရွှယ်အန်းထံသို့ လမ်းလျှောက်သွားနေပြီဖြစ်၏။
ရွှယ်အန်းသည် တစ်စုံတစ်ယောက်၏ တည်ရှိမှုကို သတိထားမိသဖြင့် လှမ်းကြည့်လိုက်သောအခါ၊ သူတို့နှစ်ဦးသား၏ မျက်လုံးများ ဆုံသွားကြသည်။
ရွှယ်အန်းသည် ပထမဦးစွာ အလန့်တကြားဖြစ်သွားပြီးနောက် ခပ်ပါးပါးပြုံး၍ပြောလိုက်သည်။
“မန်ရွှယ်၊ မတွေ့တာကြာပြီ”
အခန်း(၁၄) အတန်းဖော်များ တွေ့ဆုံခြင်း
လေထုသည် စတင် နူးညံ့လာသည်။ ဖန်းမန်ရွှယ်၏ မျက်ရည်များသည် မရပ်တန့်သေးပေ။
ရွှယ်အန်းက သက်ပြင်းချ၍
“အခုထိ အငိုသန်တုန်းလား”
တကယ်တမ်းတွင် ဖန်းမန်ရွှယ်သည် ရွှယ်အန်းရှေ့တွင်သာ ငိုခဲ့ခြင်းဖြစ်၍ အခြားအချိန်များတွင် သူမမည်မျှပင် ဝမ်းနည်းနေစေကာမူ၊ အမြဲတစေ ပြုံးနေခဲ့သည်။ ရွှယ်အန်းမရှိပါက၊ သူမငိုလျှင်ပင် မည်သူမျှ သူမအတွက် ဝမ်းနည်းပေးလိမ့်မည်မဟုတ်ကြောင်း သူမသိသောကြောင့်ဖြစ်သည်။
“ဖေဖေ အဲ့အန်တီက ဘယ်သူလဲ၊ ဘာလို့ငိုနေတာလဲ” ရွှယ်ရှန်းက ချစ်စဖွယ်ကောင်းစွာပြောလိုက်သည်။
ထိုအချိန်မှသာ ဖန်းမန်ရွှယ်သည် ကောင်မလေးနှစ်ယောက်အား သတိထားမိ၏။
“ဒါက….”
ရွှယ်အန်းသည် ပြုံး၍ ပြန်ဖြေလိုက်သည်။
“ဒါက ငါ့သမီးနှစ်ယောက်ပဲ”
ဖန်းမန်ရွှယ်၏ မျက်နှာသည် ချက်ခငျ်း ဖြူဖျော့သွားသော်လည်း စိတ်ထိန်း၍ ထိုင်ချကာ၊ ရွှယ်ရှန်းနှင့်ရွှယ်နျန်ကို ပြောလိုက်သည်။
“အန်တီက သမီးဖေဖေရဲ့ သူငယ်ချင်းပါ။ အန်တီတို့ မတွေ့တာကြာပြီမို့ ဝမ်းနည်းပြီး ငိုမိတာပါ”
ရွှယ်နျန်က ခေါင်းငုံ့၍ ရုတ်တရက် အံ့သြစွာ ပြန်မေးလိုက်သည်။
“အန်တီက… အန်တီမန်ရွှယ်လား”
ဖန်းမန်ရွှယ်၏ လွှမ်းမိုးမှုသည် တစ်နိုင်ငံလုံးအပါအဝင် ရွှယ်နျန် ကဲ့သို့ ကလေးမလေးသည်ပင် သူ့အား သတိထားမိ၏။
ဖန်းမန်ရွှယ်က ပြုံး၍ ပြန်ဖြေလိုက်သည်။
“ဖေဖေ၊ အန်တီမန်ရွှယ်က ဖေဖေ့သူငယ်ချင်းလား”
ရွှယ်အန်းကခေါင်းညိတ်သည်။
“မဟုတ်ပါဘူး။ တီဗီဒရာမာထဲမှာ အန်တီမန်ရွှယ်သေသွားတာ သမီးမှတ်မိတယ်” ရွှယ်ရှန်းက အံ့သြသော အမူအရာဖြင့်ပြောလိုက်သည်။
ဖန်းမန်ရွှယ်သည် ဤရတနာလေးနှစ်ယောက်ကြောင့် မပြုံး၊ မနေနိုင်တော့ပေ”
သို့သော် ၎င်းတို့၏ ချစ်ခင်ပျော်ရွှင်နေကြသော မြင်ကွင်းကို မြင်ကာ၊ မကောင်းသောအရာများဖြစ်လာရန် မျှော်လင့်နေသည့် ဆုန်ကျင်းကို အံ့အားသင့်သွားစေသည်။
‘ဘာတွေဖြစ်နေတာလဲ’
‘ဖန်းမန်ရွှယ်က ရွှယ်အန်းမှာ ကလေးရှိနေပြီးသားဆိုတာကို ဘာလို့ ဂရုမစိုက်တာလဲ’
ဟုန့်မင်အတွက်မူ သူ့မျက်လုံးများသည် စူးရဲ၍ ဒေါသဖြင့် တောက်လောင်နေ၏။
မည်သို့ပင်ဆိုစေကာမူ၊ သူသည် အပြုံးကို ထိန်းသိမ်းထားဆဲဖြစ်ကာ၊ လမ်းလျှောက်၍ ၎င်းတို့ဆီသွားလိုက်သည်။ ထို့နောက် ရွှယ်အန်း၏တစ်ကိုယ်လုံးကို အပေါ်အောက်ကြည့်၍ ရယ်မောလျက် ပြောလိုက်သည်။
“ရွှယ်အန်း၊ မင်းပျောက်နေတာ လေးနှစ်ရှိပြီလို့ ငါကြားတယ်။ ဘာဖြစ်တာလဲ၊ အမှိုက်သွားကောက်နေတာလား။ ဒီလို ဆင်းရဲမွဲတေနေတာကို မင်းဘယ်တော့မှ အဆုံးသတ်နိုင်မှာလဲ”
ဟုန့်မင်၏ စကားလုံးများကြောင့် ဖန်းမင်ရွှယ်သည် မျက်မှောင်ကြုတ်၍ ဒေါသထွက်ရန် အဆင်သင့်ဖြစ်နေ၏။ သို့သော် ရွှယ်အန်းသည်မူ တည်ငြိမ်စွာပြုံး၍ ပြန်ဖြေလိုက်သည်။
“ဟုန့်မင်လား၊ မင်းကိုပြန်တွေ့ရတာ တကယ်အံ့သြဖို့ကောင်းတယ်”
ရွှယ်အန်းကြုံတွေ့ခဲ့ရသော နှလုံးသားနတ်ဆိုးများထဲမှ တစ်ကောင်သည် ဟုန့်မင်ဖြစ်သည်။ သူတို့ကျောင်းတက်နေစဥ်အတွင်း ဟုန့်မင်သည် သူ့မိသားစု၏ အာဏာကိုမှီခို၍ ရွှယ်အန်းကို အဆက်မပြတ် အရှက်ခွဲခဲ့သည်။ အထူးသဖြင့် ဖန်းမန်ရွှယ်သည် ရွှယ်အန်းကို အရူးအမူးစွဲလမ်းနေချိန်တွင် ဟုန့်မင်သည် ရွှယ်အန်းကို နှောက်ယှက်ရန် အကြောင်းပြချက်အမျိုးမျိုးကို ရှာဖွေကာ၊ ဟုန့်မင်သည် ပို၍ အကြင်နာကင်းမဲ့လာခဲ့သည်။
ယခု သူ့အား ပြန်တွေ့ရသဖြင့် ရွှယ်အန်းသည် အလိုအလျောက် ပျော်ရွှင်နေ၏။
ဤနှလုံးသားနတ်ဆိုးကို ဖြေရှင်းရတော့မည်ဖြစ်သဖြင့် ပျော်ရွှင်နေ၏။
သို့သော် ဟုန့်မင်သည် ဤသို့ မမြင်ပေ။ ရွှယ်အန်းအရှုံးပေးသည်ဟုသာထင်နေသဖြင့် ဆိုးယုတ်သော အပြုံးကို ပြုံးမြဲပြုံးလျက်ရှိသည်။
ဤအချိန်တွင် အခြားအတန်းဖော်များသည် မည်သို့ဖြစ်ပျက်နေသည်ကို သတိထားမိ၏။ ဟုန့်မင်သည် ရွှယ်အန်းအား ပြဿနာရှာနေခြင်းဖြစ်သည်။ သို့သော် တစ်ဖက်သည် ဟုန်မိသားစု၏ ထင်ရှားကျော်ကြားသော သခင်လေးဖြစ်၍ တစ်ဖက်တွင်မူ၊ ငွေတစ်ပြားပင်မရှိသော ရွှယ်အန်းဖြစ်သည်။
ထို့ကြောင့် လူများစွာသည် ချက်ချင်းပင် မိမိတို့ ရပ်တည်မည့်ဘက်ကို ရွေးချယ်လိုက်ကြသည်။
ဆုန်ကျင်းက ပါးစပ်ကို အုပ်၍ ရယ်မောလျက်၊
“သခင်လေးဟုန်၊ ငါတု့ိရဲ့ ချစ်လှစွာသော ရွှယ်အန်းကို ပထမဆုံးမြင်လိုက်တည်းက လူမှားတယ်လို့ ထင်နေခဲ့တာ။ အရမ်းညစ်ပတ်ပေစုတ်နေပေမယ့်၊ တကယ် ရွှယ်အန်းဖြစ်နေတာပဲ။ ဆောရီးရွယ်အန်း၊ ငါအရမ်းတုံးတာပဲ”
“ဒါပေမယ့် အခု ငါတို့ရဲ့ ချောမောလှပတဲ့ ရွှယ်အန်းက အဖေတစ်ယောက်ဖြစ်နေပြီး၊ ကလေးတွေကို ထောက်ပံ့ဖို့ ငွေကြေးအခက်အခဲတွေရင်ဆိုင်နေမှာ မလွဲမသေပဲ။ သခင်လေးဟုန်၊ နင်ဘာလို့ နင့်နေရာမှာ ရွှယ်အန်းကို အလုပ်မခန့်တာလဲ”
ဟုန့်မင်က ခေါင်းညိတ်ကာ၊ ဘာသိဘာသာပြောလိုက်သည်။
“အတန်းဖော်ဟောင်းတစ်ယောက်ယောက် ဒုက္ခရောက်နေရင် ငါကူညီပေးချင်ပါတယ္။ ငါ့ရုံးခန်းမှာ တောက်တိုမယ်ရလုပ်ဖို့ လူတစ်ယောက်လိုတယ်။ ရွှယ်အန်း၊ မင်းလာခဲ့ရင် ငါမင်းကို လစာယွမ်တစ်သောင်းပေးမယ်”
ရွှယ်အန်းက မည်သည့်စကားမျှပြန်မပြောသော်လည်း ဟုန့်မင်နှင့် ဆုန်ကျင်းကို စိတ်ဝင်တစား ကြည့်နေမိသည်။
သို့သော် သူ့နှုတ်ဆိတ်နေခြင်းကြောင့် ဟုန့်မင်သည် သူ့အား အားနည်းသည်ဟုထင်၍ ရှုံးနိမ့်ကြောင်းဝန်ခံနေသည်ဟု ထင်ခဲ့သည်။
အမျိုးသမီးတစ်ဦးရှေ့တွင် သူ့ပြိုင်ဘက်ကို လွှမ်းမိုးနိုင်နေသည့် ခံစားချက်သည် သူ့အား စိတ်လှုပ်ရှားစေသည်။
ထိုအချိန်တွင် အစားအသောက်များ စတင်တည်ခင်းချိန်သို့ကျရောက်လာသည်။ ဖန်းမန်ရွှယ်ကို ဖျော်ဖြေရန်အတွက် ဟုန့်မင်သည် ငွေအမြောက်အများ သုံးစွဲခဲ့သဖြင့် ပွဲသည် အမှန်တကယ်ပင် အလွန်အထက်တန်းစားဆန်သည်။
“အားလုံးပဲ၊ ကျေးဇူးပြုပြီး ထိုင်ကြပါ။ ကျေးဇူးပြုပြီး ထိုင်ပါ” ဟုန့်မင်က အခြားသူများကို ထိုင်ရန်ပြောလိုက်သည်။
ဖန်းမန်ရွှယ်သည် ရွှယ်အန်းကို စိုးရိမ်တကြီးကြည့်လိုက်သောအခါ၊ ရွှယ်အန်းက ခေါင်းညိတ်ပြလိုက်သဖြင့် စားပွဲတွင် ပြန်ထိုင်လိုက်သည်။ ကောင်မလေးနှစ်ယောက်သည်လည်း စားဖွယ်သောက်ဖွယ်များကို အရသာရှိစွာ စားသုံးလိုက်ကြသည်။ သို့သော် ရွှယ်အန်းသည်မူ သူ့တူများကို မကောက်ယူခဲ့ပေ။
ထိုအချိန်တွင် ဆုန်ကျင်းက ဝင်ပြော၏။
“ရွှယ်အန်း နင်ဒီလိုအစားအစာတွေ ပုံမှန်မစားရဘူးဆိုတော့ စားလို့ရတုန်းစားကြည့်သင့်တယ်။ စမ်းစားကြည့်စမ်း”
လေထုသည် စတင်၍ ပြောင်းလဲလာသည်။ ထန်ရွှမ်အာသည် ဒေါသတကြီးဖြင့် မတ်တပ်ရပ်လိုက်ကာ၊ ဆုန်ချင်းကို ပြန်လည်ချေပရန် အသင့်ဖြစ်နေ၏။ သိုသော် ရွှယ်အန်းသသည် သူမအား လက်ခါပြလျက်၊ မျက်ခုံးကို အနည်းငယ်ပင့်တင်လိုက်သည်။
“ငါမှတ်မိတာ မှန်ရင် မင်းက ဆုန်ကျင်းမလား”
“ဟီးဟီး ဟုတ်တယ်”
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
“ငါထင်ထားသလိုပဲ၊ အရင်အတိုင်းပဲ၊ အချို့ ခွေးတွေက သူတို့ အကျင့်ကို မပြောင်းနိုင်ကြဘူး”
ထိုမှတ်ချက်ကြောင့် လူအများသည် ထိန်းမထားနိုင်လျက် ရယ်မောလိုက်ကြသည်။ ဆုန်ကျင်း၏ မျက်နှာသည် ပို၍ စိမ်းလာ၏။
“နင်…”
သို့သော် ထိုအခိုက်အတန့်တွင် ဟုန့်မင်က ဝိုင်တစ်ခွက်ကို ကိုင်လျက်ရောက်လာသည်။
“ဒီမှာ ရွှယ်အန်း၊ ငါတို့ တစ်ယောက်နဲ့တစ်ယောက် မတွေ့တကြာပြီ၊ အရင်သောက်ကြရအောင်”
ရွှယ်အန်းက ကုလားထိုင်ကို ပြန်မှီလျက်
“ဘာလို့ ငါက မင်းနဲ့ အတူတူသောက်ရမှာလဲ၊ မင်း ငါနဲ့ တွဲသောက်ဖို့ တန်လို့လား”
ထို့ကြောင့် တစ်ခန်းလုံးတိတ်ဆိတ်သွားသည်။ ဟုန့်မင်၏ မျက်နှာသည် ခရမ်းရောင်ဖြစ်သွားသည်။
ရွှယ်အန်းသည် သူ၏ နိမ့်ကျမှုကို ပြကာ၊ အရှုံးပေးနေသည်ဟု သူထင်ထားခဲ့သောကြောင့် မုန့်ပေးသည့်ပုံစံဖြင့် သူ့အား အရှက်ခွဲရန် အသင့်ဖြစ်နေပြီဖြစ်သည်။ သို့သော် အံ့သြဖွယ်ကောင်းသည်မှာ ယင်းအစား သူ့သာ ပါးရိုက်ခံလိုက်ရခြင်းဖြစ်သည်။
သူက အေးစက်စွာဖြင့် အကြိမ်ကြိမ်ရယ်မော၍
“ကောင်းပြီ၊ မင်း တော်တော် သတ္တိရှိတာပဲ။ မင်း ငါ့ကို ဘာတန်လို့လဲလို့ မေးတယ်ပေါ့။ ငါပြောပြမယ်။ ငါတို့ ဟုန်မိသားစုက လုံတိုင်အဖွဲ့နဲ့ ပူးပေါင်းတော့မှာကွ၊ သိပ်မကြာခင်မှာ ငါတို့ မြို့တော်ထဲကို တိုးချဲ့တော့မှာ အဲ့ကျရင် ငါတို့ က ပြည်နယ်အဆင့် ကြယ်ပွင့်လုပ်ငန်းတစ်ခုဖြစ်လာတော့မှာ၊ လူသိရှင်ကြားတောင်ဖြစ်သွားနိုင်တယ်ကွ”
ဤစကားလုံးများသည် ဘေးနားမှ နားထောင်နေသည့် ဆုန်ကျင်းကို ရင်ခုန်စိတ်လှုပ်ရှားစေသည်။ တိုင်းသိပြည်သိ ကုမ္ပဏီ ဘုတ်အဖွဲ့ဝင်တစ်ဦး၏ ချွေးမ။ အကယ်၍ သူမအိမ်ထောင်ပြုနိုင်လျှင် ငယ်ရွယ်သော သခင်မတစ်ယောက်ဖြစ်လာလိမ့်မည်မဟုတ်သလော။ ထို့ကြောင့် ဆုန်ကျင်းက သံယောင်လိုက်ပြောလိုက်သည်။
“သခင်လေးဟုန်၊ တကယ်ကို အလားအလာကောင်းလှပါတယ်၊ ရွှယ်အန်း နင်ကြားလိုက်လား”
ဤအချိန်တွင် အခြားအတန်းဖော်များသည် စတင်ဆွေးနွေးလာကြသည်။
“ဟုန်မိသားစုက လုံတိုင်အဖွဲ့နဲ့ ပူးပေါင်းမှာလား၊ ဘုရားရေ လုံတိုင်အဖွဲ့က ဧရာမလုပ်ငန်းကြီးတစ်ခုလေ”
“ဟုတ်တယ်၊ သခင်လေးဟုန်က အခု ပေကျန်းမှာ ပိုပြီး အထင်ကြီးဖို့ ကောင်းလာပြီ”
သူ ဖန်းမန်ရွှယ်ကိုတမင်ရည်ရွယ်၍ ငေးကြည့်နေသော်လည်း သူမသည် တစ်လျှောက်လုံးနှုတ်ဆိတ်နေခဲ့သည်ကို သတိပြုမိသဖြင့် ဟုန့်မင်သည် စတင်၍ စိတ်အနည်းငယ် ညစ်လာသည်။ သူမ၏ မျက်လုံးများသည် ရွှယ်အန်းကိုသာ ငေးကြည့်နေရာ သူ့အား လှည့်၍ပင်မကြည့်ပေ။
မနာလိုစိတ်သည် ဟုန့်မင်၏ ကိုယ်တွင်း၌ လောင်ကျွမ်းတောက်လောင်လျက်ရှိသည်။
ထိုအချိန်တွင် ရွှယ်အန်းအားဆွဲဆောင်ရန် စိတ်အားထက်သန်စွာ ကြိုးစားနေကြသူများလည်းရှိ၏။
“ရွှယ်အန်း၊ သခင်လေးဟုန်ကို မင်း မြန်မြန်တောင်းပန်သင့်တယ်၊ ငါတို့အားလုံးက အတန်းဖော်ဟောင်းတွေပဲလေ၊ သခင်လေးဟောင်က ကြီးကျယ်မြင့်မြတ်တော့ ဒါကို စိတ်ထဲထည့်မှာမဟုတ်ဘူး”
“ဟုတ်တယ် ဟုတ်တယ် မြန်မြန်တောင်းပန်လိုက်၊ သခင်လေးဟောင် အနာဂတ်မှာ ငါတို့ကို စောင့်ကြည့်ပေးလိမ့်မယ်”
ရွှယ်အန်းသည် ဤအတန်းဖော်အမည်ခံ ပုဂ္ဂိုလ်များ၏ အပြောင်းအလဲကို အေးစက်စွာ စောင့်ကြည့်နေ၏။
ထို့နောက်၊ ဖြည်းညှင်းစွာ အကြောဆန့်တန်း၍ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ငါခုဏပြောတဲ့စကားတွေကို ပြန်ရုတ်သိမ်းပါတယ်”
ဟုန့်မင်၏ ပါးစပ်ထောင့်ဖျားတွင် ခပ်ပါးပါးအပြုံးတစ်ခု ပေါ်လာသည်။
ရွှယ်အန်း နောက်သို့ ပြန်ဆုတ်သွားပြီဟု ထင်သောကြောင့် လူအများက သက်ပြင်းချလိုက်ကြသည်။ ဖန်းမန်ရွှယ်နှင့် ထန်ရွမ်အာသာလျှင် ရွှယ်အန်းကို စိုးရိမ်စွာဖြင့် ကြည့်နေခဲ့သည်။ ရွှယ်အန်းက လျစ်လျူရှု၍
“မင်းကို “အရာ”တစ်ခုနဲ့ ငါဘယ်လိုလုပ်ဖော်ပြလို့ရမှာလဲ၊ တကယ်တော့ မင်းက “အရာ”တစ်ခုတောင်မဟုတ်ဘူးလေ”
အခန်း(၁၅) ညီမလေး မှန်တယ်
လူများစွာသည် နားကြားလွဲသည်ဟု ထင်မိသွားကြသည်။
ရွှယ်အန်း ရူးများသွားသလော။
ဟုန့်မင်၏ မျက်နှာသည် အစိမ်းပုတ်ရောင်သို့ ပြောင်းသွားပြီးနောက်၊ ရက်စက်စွာပြောလိုက်သည်။
“ရွှယ်အန်း၊ နောက်မှ သက်ညှာပေးဖို့ ဒူးထောက်တောင်းပန်ဖို့ မမေ့နဲ့”
ရွှယ်အန်းက ခပ်ပါးပါးပြုံးလိုက်သည်။
“အဲ့ အကြံက မင်းအတွက်ပိုသင့်တော်မယ်ထင်တယ်”
ထိုအချိန်တွင် ဖန်းမန်ရွှယ်က ဤနှစ်ယောက်ကို ကြားဖြတ်၍ပြောလိုက်သည်။
“ဟုန့်မင်၊ ဒီနေ့ ငါ့မွေးနေ့လေ၊ နင်ဘာမှမစတာကောင်းလိမ့်မယ်။
ဟုန့်မင်က မှုန်ကုပ်ကုန်ဖြင့် နောက်သို့ ပြန်ဆုတ်သွားသည်။ သို့သော် ဆုန်ကျင်း၏ နှလုံးသားထဲတွင် အလွန်ပျော်ရွှင်မြူးတူးနေ၏။
‘သူတို့ ငြင်းခုန်ကြပါစေ၊ ရန်ဖြစ်တာပိုပြင်းလေလေ၊ ပိုကောင်းလေလေပဲ’
‘ဟီးဟီး ဟုန့်မင်သာ ဖန်းမန်ရွှယ်ကို လုံးဝစိတ်ပျက်သွားရင် အကောင်းဆုံးဖြစ်လိမ့်မယ်’
ထိုသို့ဖြစ်လျှင် သူမအတွက် ထိပ်ဆုံးသို့တက်လှမ်းရန် အခွင့်အလမ်းရပေလိမ့်မည်ဖြစ်သည်။ ဖန်းမန်ရွှယ်သည် ရွှယ်အန်းအား စိုးရိမ်ပူပန်စွာ ငေးကြည့်နေသဖြင့် ရွှယ်အန်းက သူမစိတ်မပူစေရန် ပြုံး၍ ခေါင်းခါလိုက်သည်။
ထိုအချိန်တွင် ထန်ရွှမ်အာက မတ်တပ်ထရပ်၍ ပြောလိုက်သည်။
“ဒီနေ့ မန်ရွှယ့်မွေးနေ့လေ။ သူဒီပြန်လာဖို့မလွယ်ဘူး။ သူ့ကို ကြိုဆိုဂုဏ်ပြုလိုက်ကြရအောင်”
လူတိုင်း မတ်တပ်ထရပ်ကြရာ၊ ရွှယ်အန်းသည်လည်း သူ့ဖန်ခွက်ကို မြှောက်၍ ဖန်းမန်ရွှယ်ကို ကြိုဆိုဂုဏ်ပြုလိုက်သည်။ ဖန်းမန်ရွှယ်သည် တောက်ပစွာပြုံး၍ သူမခွက်ထဲမှ ဝိုင်များကို မော့သောက်လိုက်သည်။
ရှန်ပိန်ပုလင်းကို ဖွင့်လိုက်ကြသည်။ စားပွဲထိုးမှ ဆယ့်နှစ်ထပ်ကိတ်မုန့်ကို ယူလာသောအခါ၊ လေထုသည် အထွဋ်အထိပ်သို့ရောက်သွား၏။ ဤတစ်ကြိမ်တွင် လူတိုင်းသည် ဟုန့်မင်ကို အာရုံစိုက်နေကြသည်။ လူအများ၏ မြှောက်ပင့်ပြောဆိုသံများသည် ဟုန့်မင်ထံသို့ရေစီးတစ်ကြောင်းကဲ့သို့ စီးဆင်းပျံ့နှံ့သွား၏။ လူအများသည် ဟုန့်မင်၏ လက်အောက်တွင်ရာထူးတစ်ခုရရန်မျှော်လင့်၍ စိတ်အားထက်သန်စွာ ချီးကျူးနေကြသည်။
အနည်းငယ်သောက်ပြီးနောက် ဟုန့်မင်ကိုယ်တိုင်သည်လည်း လွန်စွာပီတီ့ဖြစ်၍ မြင့်မြတ်ခမ်းနားသောအမူအရာဖြင့်ပြောသည်။
“စိတ်မပူပါနဲ့၊ ငါတို့အားလုံးက အတန်းဖော်တွေပဲ၊ ကူညီသင့်တဲ့အခါ၊ ငါကူညီပေးပါ့မယ်”
“သခင်လေးဟုန့်က တကယ်ကို စွမ်းအားကြီးတယ်”
“သခင်လေးဟုန့်က တကယ့်ကို သဘာဝလွန်ပဲ”
လူအုပ်သည် သူ့အား အဆက်မပြတ် ချီးမြှောက်အားပေးနေကြသည်။ ထိုအချိန်တွင် ရွှယ်အန်းအား မည်သူမျှ ကြည့်ခြင်းမရှိကြတော့ပေ၊ အမေ့ခံလိုက်ရသကဲ့သို့ဖြစ်၏။
ထိုအချိန်တွင် ဟုန့်မင်သည် လူတိုင်းကို ငြိမ်သက်စေရန် သူ့လက်ကို အောက်သို့ ချ၍ သူ့ရင်ဘက်ထဲမှ သေတ္တာငယ်တစ်ခုကို ထုတ်ယူလိုက်သည်။
၎င်းကို ဖွင့်ကြည့်လိုက်သောအခါ၊ အထဲတွင် အနည်းဆုံး ငါးကာရက်ခန့်ရှိမည့် စိန်လက်စွပ်တစ်ကွင်းရှိနေသည်။
“မန်ရွှယ်၊ မွေးနေ့မှာ ပျော်ရွှင်ပါစေ”
ဟုန့်မင်၏ မွေးနေ့လက်ဆောင်သည် တစ်ခန်းလုံးကို ငြိမ်သက်တိတ်ဆိတ်သွားစေ၏။ ဆုန်ကျင်း၏ မျက်လုံးများသည်မူ မနာလိုမှု မီးတောက်များဖြင့် တောက်လောင်သွားသည်။ သို့သော် ဖန်းမန်ရွှယ်သည်မူ မျက်လွှာကို အောက်ချ၍ ခေါင်းခါကာ၊ ပြောလိုက်သည်။
“ဟုန့်မင် ငါဒီလက်ဆောင်ကို လက်မခံနိုင်ဘူး”
“ဘာလို့လဲ”
“အရမ်းတန်ဖိုးကြီးလွန်းတယ်”
ဟုန့်မင်က ရယ်မော၍
“ဒါက တစ်သန်းကျော်ပဲရှိပါတယ်၊ ဘာမှမဟုတ်ပါဘူး”
သို့သော် ခဏအကြာတွင် ကလေးသံပေါက်သော အသံတစ်ခု ပေါ်ထွက်လာသည်။
“ဖေဖေ သမီးကို လမ်းဘေးကဝယ်ပေးတဲ့ လက်စွပ်က အဲ့ထက်ကြီးတယ်”
မျက်လုံးအားလုံးသည် စကားပြောသူထံသို့လှည့်သွားကြသည်။ ရွှယ်ရှန်းသည် သူ့လက်ထဲမှ ကြက်ခြေထောက်ကို အောက်သို့ချ၍ ပြောလိုက်သည်။
“ဖေဖေ လမ်းဘေးက ဝယ်ပေးတဲ့လက်စွပ်က တကယ်ပိုကြီးတယ်”
လူများစွာသည် ရွှယ်ရှန်း၏ နုံအသော အသွင်အပြင်ကို ကြည့်ကာ၊ ရယ်မောလိုက်ကြသည်။
ဆုန်ကျင်းသည်လည်း ရယ်၍ ပြော၏။
“ကလေးမလေး၊ မင်းဖေဖေ ဝယ်ပေးတဲ့ လက်စွပ်က ငါးယွမ်ထက်မပိုဘူး။ ဒါပေမယ့် သခင်လေးဟုန်က ဒါဝယ်ဖို့ ယွမ်တစ်သန်းသုံးခဲ့တာ”
“တစ်သန်းကျော်လား” ရွှယ်ရှန်းက သိချင်စိတ်ပြင်းပျစွာဖြင့် မျက်တောင်ခတ်လိုက်သည်။
“ဒါပေါ့”
ရွှယ်ရှန်းသည် ခေါင်းခါ၍ ပြောသည်။
“ဒါပေမယ့် ဖေဖေ ဝယ်ပေးသမျှက ကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်မယ်ထင်တယ်”
ရွှယ်နျန်က သူမပါးစပ်ထဲမှ အသားကို မြိုချ၍ ပြောလိုက်သည်။
“ညီမလေးမှန်တယ်”
ရွှယ်အန်းက ရယ်မော၍ ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့၏ ခေါင်းကလေးများကို ပွတ်သပ်၍ ပြောလိုက်သည်။
“မှန်တယ်၊ ဖေဖေပေးသမျှက အကောင်းဆုံးပဲ”
“ဖေဖေ သမီး အန်တီမန်ရွှယ့်ကို လက်ဆောင်ပေးချင်တယ်” ရွှယ်ရှန်းကပြောသည်။
“အင်း ပေးလေ၊ သမီးကို ပေးခဲ့တဲ့အရာတိုင်းကို သမီးပိုင်တယ်၊ သမီးကြိုက်တဲ့လူကို ပေးလို့ရတယ်”
ရွှယ်ရှန်းက ခေါင်းညိတ်၍ ကုလားထိုင်ပေါ်မှ ခုန်ဆင်းကာ ဖန်းမန်ရွှယ်ထံသို့လျှောက်သွား၍ ရွှယ်အန်းဝယ်ပေးထားသည့်လက်စွပ်လေးကို အလေးအနက်ထား၍ ထုတ်ယူလိုက်သည်။
“အန်တီမန်ရွှယ်၊ မွေးနေ့မှာ ပျော်ရွှင်ပါစေ”
အလွန်ချစ်စဖွယ်ကောင်းသော ကလေးမလေးကို မြင်လိုက်ရသဖြင့် ဖန်းမန်ရွှယ် ပြုံးလိုက်မိသည်။ ထု့ိနောက်၊ လက်စွပ်ကို ယူ၍ပြောလိုက်သည်။
“ကျေးဇူးပါနော်၊ မီးမီးနာမည်ဘယ်လိုခေါ်လဲ”
“သမီးနာမည်က ရွှယ်ရှန်းပါ၊ ဒါက သမီးညီမလေး ရွှယ်နျန်တဲ့”
“ရွှယ်ရှန်း ရွှယ်နျန် …” ဖန်းမန်ရွှယ်သည် စကားလုံးအချို့ကို ရေရွတ်၍ သူမ၏ နှလုံးသားထဲတို့တိုးဝင်လာသော ခါးသီးမှုကို ခံစားလိုက်မိသည်။ ထိုမိန်းကလေးလည်း သူ့ကို သဘောကြခဲ့သည်မဟုတ်သလော။
ထိုအချိန်တွင် ဆုန်ကျင်းက ရွဲ့စောင်းလှောင်ပြောင် ပြောဆိုလိုက်သည်။
“အချို့လူတွေက ငွေစုတာ အရမ်းကောင်းတယ်၊ လမ်းဘေးက ငါးယွမ်တန် လက်စွပ်တစ်ကွင်းဝယ်ပြီး လက်ဆောင်လို့ခေါ်လို့ရသလား”
ဖန်းမန်ရွှယ်သည် ဆုန်ကျင်းကြောင့် အလွန်စိတ်အနှောက်အယှက်ဖြစ်သဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
သို့သော် ရုတ်တရက်…၊
ဖန်းမန်ရွှယ်မှ လက်စွပ်ကို သေချာစစ်ဆေးကြည့်လိုက်သောအခါ အလင်းရောင်တစ်ခုထွက်လာသည်ကို မြင်လိုက်ရသဖြင့် အလွန် အံ့သြသွားမိသည်။ ကျော်ကြားလာပြီးနောက် ဖန်းမန်ရွှယ်သည် လက်ဝတ်ရတနာများနှင့် ခမ်းနားသော အသုံးအဆောင်ဘရန်းအမျိုးမျိုးကို မကြာခဏ အသုံးပြု၍ ထောက်ခံချက်ပေးရသည့်အတွက် ဤအရာများနှင့်ပတ်သက်၍ သူမတွင် အမြင်ရှိသည်။
ဖန်းမန်ရွှယ်သဘ် ဤလက်စွပ်မှာ သာမန်လမ်းဘေးဆိုင်မှ လက်စွပ်တစ်ကွင်းမဟုတ်ကြောင်း အတည်ပြုနိုင်၏။
ဆန့်ကျင်ဘက်အနေဖြင့် ၎င်း၏ သန့်ရှင်းမှုနှင့် အရည်အသွေးသည် အမှန်စင်စစ်ပင် ရှားပါးသော ရတနာတစ်ခုဖြစ်သည်။ ဤပစ္စည်းကို လမ်းဘေးဆိုင်တွင်ဝယ်ယူ၍ မရနိုင်ပေ။ ထိုအချိန်တွင် ဟုန့်မင်သည် သူ့အမူအယာသူမထိန်းနိုင်တော့သဖြင့် စတင်ပေါက်ကွဲထွက်လာသည်။
ယခု ဖန်းမန်ရွှယ်သည် သူ့လက်ဆောင်ကိုပင် ငြင်းဆန်နေသောကြောင့် ဟုန့်မင်သည် သူ၏နောက်ဆုံးသော စိတ်ရှည်မှုကို ဆုံးရှုံးသွားသည်။ သူသည် ဖန်းမန်ရွှယ်၏လက်ထဲမှ လက်စွပ်ကို ကြမ်းတမ်းစွာဆွဲယူ၍ မြေပြင်ပေါ်သို့ အကြင်နာကင်းမဲ့စွာ ပစ်ချလိုက်သည်။
ဖန်းမန်ရွှယ်သည် ဒေါသတကြီးဖြင့် ထအော်လိုက်သည်။
“ဟုန့်မင် ရွှယ်အန်းပေးတဲ့လက်ဆောင်ကို နင် မြေကြီးပေါ်ပစ်ပိုင်ခွင့်ရှိတယ်ထင်နေလား”
ဟုန့်မင်က အေးစက်စွာ လှောင်ရယ်၍
“မန်ရွှယ်၊ ဒီအမှိုက်က အဖိုးမတန်ဘူး၊ မင်းဘာလို့ လိုချင်နေတာလဲ။ ရွှယ်အန်း၊ မင်း လက်ဆောင်မဝယ်ပေးနိုင်ရင် တစ်ခုမှ မဝယ်တာပိုကောင်းမယ်၊ ပလက်စတစ်အရုပ်နဲ့ စောက်ရူးကွက်နင်းနေတာ မင်းကိုယ်မင်းဘာကောင်ထင်နေလဲ”
“ရွှယ်အန်းသည် သက်ပြင်းချလိုက်ပြီးနောက် ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်သည်။ သူသည် မြေပြင်ပေါ်မှ ကွဲကြေနေသော လက်စွပ်ကို ကောက်ကိုင်၍ ဟုန့်မင်ဆီသို့ လက်ညှိုးထိုးလိုက်သည်။
“ဆယ်သန်း”
“ဘာ” ဟုန့်မင် နားမလည်ပေ။
“ငါပေးခဲ့တဲ့ လက်စွပ်ကို မင်းခွဲပစ်လိုက်တာမလား။ အဲ့အတွက် တန်ကြေးပြန်ပေးရမယ်၊ ငါတို့က ကျောင်းနေဖက်ဟောင်းတွေဆိုတော့၊ အဲ့တာကို ဆယ်သန်းပဲထားလိုက်ကြရအောင်” ရွှယ်အန်းက မထူးမခြားပြောသည်။
ဟုန့်မင်သည် ရွှယ်အန်းကို အရူးတစ်ကောင်ကဲ့သို့ ကြည့်၍
“မင်း ဆင်းရဲပြီးရူးသွားပြီလား။ ဒီမှာ ယွမ်တစ်ထောင် မင်းရဲ့ လက်စွပ်လိုမျိုး လက်စွပ်တစ်ရာလောက်ဝယ်ဖို့ လုံလောက်တယ်”
“သူ ငါတို့ကို လှည့်စားဖို့ကြိုးစားနေတာပဲ” ဆုန်ကျင်းက ဝင်ရောက်သရော်လိုက်သည်။
“ဒါဆို လျော်ကြေးပေးဖို့ အစီအစဥ်မရှိဘူးလား”
“မင်းဖင်ကြီးကိုပဲ လျော်ကြေးပေးမယ်” ဟုန့်မင်သည် ကျိန်ဆဲရုံမှတပါးအခြားမတတ်နိုင်တော့ပေ။
သို့သော် နောက်ထပ်တစ်စက္ကန့်အတွင်းတွင်ပင် သူ့စကားလုံးများအတွက် တန်ရာတန်ကြေးပေးခဲ့ရ၏။ ရွှယ်အန်းသည် စားပွဲပေါ်မှ ပြာခွက်ကိုဆွဲယူ၍ ဟုန့်မင်၏ ဆံပင်ကို ဖမ်းဆုတ်ကာ၊ လေးငါးကြိမ်မျှ ရိုက်ချလိုက်သည်။ ဤမြင်ကွင်းကြောင့် လူတိုင်း အံ့အားသင့်သွာားကြသည်။ ဟုန့်မင်၏ ခေါင်းမှ သွေးများ စီးကျလာ၏။ ဆုန်ကျင်းသည် အော်ရန်ပြင်လိုက်သော်လည်း ရွှယ်အန်းက သူမလည်ပင်းကို ဆွဲကိုင်၍ ပြောလိုက်သည်။
“မင်းမသေချင်သေးရင် တိတ်တိတ်နေ၊ နားလည်လား”
ဆုန်ကျင်းသည် ရွှယ်အန်း၏ မျက်လုံးများကိုမြင်လိုက်ရသောကြောင့် ကြောက်ရွံ့စွာ ခေါင်းညိတ်လိုက်သည်။
ယင်းသည် မြင့်မြတ်ကာ ခံစားချက်ကင်းမဲ့သော အကြည့်မျိုးဖြစ်သည်။
ဆုန်ကျင်းသည် အဆင်ပြေချောမွေ့စွာ မနေပြပါက၊ ရွှယ်အန်းသည် သူမလည်ပင်းကို ဖြတ်ပစ်ရန် တွန့်ဆုတ်နေမည်မဟုတ်ကြောင်း သတိပေးနေသကဲ့သို့ပင်ဖြစ်သည်။
ထိုအချိန်တွင် ဆေးလိပ်ပြာခွက်ကြောင့် သတိလစ်မူးမေ့သွားသည့် ဟုန့်မင်သည် အသိစိတ်ပြန်ဝင်လာကာ၊ ဒေါသစိတ်ကြောင့် မျက်နှာထက် ပြင်းထန်စူးရဲသော အမူအရာတစ်ခုပေါ်လာ၏။
“ရွှယ်အန်း၊ မင်းတော့အသေပဲ။ မင်းကိုငါ သတ်ပစ်မယ်”
ရွှယ်အန်းက ခေါင်းညိတ်၍ ပြောလိုက်သည်။
“မင်းအခုထိ အခြေအနေကို သဘောမပေါက်သေးဘူးထင်တယ်”
ထို့နောက် ရွှယ်အန်းသည် ပြာခွက်ကို နောက်ထပ်တစ်ကြိမ် တည်ငြိမ်စွာ မယူ၍ အောက်သို့ ရိုက်ချလိုက်ရာ၊ တဘမ်းဘမ်းမြည်ဟိန်း၍ ရိုက်ခတ်သံများ ပေါ်ထွက်လာသည်။
ပြာခွက်သည် ကွဲအက်ကြေမွသွား၏။
ထိုမှသာ ရွှယ်အန်းသည် ပြာခွက်ကို လွှတ်ချလိုက်၏။ ယခုအချိန်တွင် ဟုန့်မင်သည် မတ်တပ်ပင်မရပ်နိုင်တော့သဖြင့် နှဖူးမှ သေါးများစီးကျကာ၊ မြေပြင်ပေါ်သို့လဲကျသွားသည်။
“လျော်ကြေးကိစ္စကို အခု အေးအေးဆေးဆေး ဆွေးနွေးလို့ရပြီထင်တယ်”
အခန်းထဲတွင် ထိတ်လန့်သောအကြည့်များဖြင့် ပြည့်နေ၏။ ကျောင်းတွင် အလွန်နူးညံ့သိမ်မွေ့ကာ၊ ယဥ်ကျေးသော ရွှယ်အန်းသည် ရုတ်တရက် ကြမ်းတမ်းလာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။
သူသည် ဟုန့်မင်နှင့် အခြားသူများကို ပြာမှုန့်များအဖြစ် အလွယ်တကူပြောင်းလဲပစ်လိုက်နိုင်ကြောင်း ရွှယ်အန်းသာလျှင်သိသည်။ သို့သော်၊ နှလုံးသားနတ်ဆိုးကိုမူ ထိခိုက်စေနိုင်လိမ့်မည်မဟုတ်ပေ။
တစ်ခုတည်းသော ထိရောက်သည့်နည်းလမ်းမှာ တစ်ချိန်က သူ့အား အနိုင်ကျင့်ခဲ့သူများကို အဆတစ်ထောင်ပေးဆပ်ခိုင်းရန်သာဖြစ်သည်။ ဤအခိုက်အတန့်တွင် ရွှယ်အန်းကို ကြည့်နေသည့် ဟုန့်မင်၏ မျက်လုံးများထဲ၌ ကြောက်ရွံ့မှုအငွေ့အသက်များ ပေါ်လာသည်။
ရွှယ်အန်းသည် သူ့အား ရုတ်တရက် ထရိုက်လိမ့်မည်ဟု မည်သသည့်အချိန်ကမှ အိပ်မက်ပင်မမက်ဖူးခဲ့ပေ။