အခန်း (၁၉-၂၁)
Vol. 2 Ch. 19-21
အခန်း(၁၉) မင်းတကယ်ပဲ… ရှောင်အန်းလား
ချင်းယွီသည် ရွှယ်အန်းကို အနည်းငယ် စိုးရိမ်စွာဖြင့် ကြည့်လျက်ရှိသည်။
“အင်း ငါတက်နိုင်တယ်” ရွှယ်အန်းက ခေါင်းညိတ်လိုက်၏။
“ဒါဆို ကျွန်မ သုံးရက်နေရင် ရှင့်ကို လာကြိုပါမယ့်”
ရွှယ်အန်း သဘောတူလိုက်ရသည့်အကြောင်းအရင်းမှာ ချင်းမိသားစုသည် မဆိုးလှဟုခံစားမိသောကောင့်သာဖြစ်သည်။ ထို့အပြင် သူ့တွင် လက်တလော အခြားဖွယ်ဖွယ်ရာရာ လုပ်စရာမရှိသဖြင့် အလိုက်သင့်လုပ်ခဲ့ခြင်းသာဖြစ်သည်။
“ဒါပေမယ့် မင်းပြောခဲ့တဲ့ လေလံပွဲက ဘာထူးခြားလို့လဲ”
“နှစ်တိုင်း ကျွန်မတို့ ပေကျန်းစီးပွားရေးလုပ်ငန်းရှင်အစည်းအရုံးက လေလံပွဲတွေအများကြီး ကျင်းပလေ့ရှိတယ်။ အကျိုးအမြတ်တွေအားလုံးကို လှူဒါန်းတာပါ။ ဒါပေမယ့် ဒီတစ်ကြိမ်ကတော့ ဘာမှမထူးဆန်းပါဘူး။ ရှင်ဆိုလိုတာက… မစ္စတာရွှယ်”
“မင်းအဘိုးကို တိုက်ခိုက်ဖို့ကြိုးစားခဲ့တဲ့လူက ကျင့်ကြံရေးအဆင့်တော့မမြင့်လောက်ဘူး။ ဒါပေမယ့် သူက အနည်းဆုံးတော့ ကျင့်ကြံသူပဲ။ ဒီ လေလံပွဲကို တက်ရောက်ဖို့ သူ့မှာအစီအစဥ်ရှိတယ်ဆိုတော့၊ အဲ့မှာ သူ့ကို ဆွဲဆောင်နိုင်တဲ့အရာတစ်ခုခုရှိကိုရှိရမယ်”
ချင်းယွီက မျက်မှောင်ကြုတ်လိုက်သည်။
“အဲ့တာဆိုရင်၊ ကျွန်မ ပြန်ပြီး သေချာစုံစမ်းမှဖြစ်တော့မယ်”
“မလိုပါဘူး။ အချိန်ကျလာရင် ဘာဖြစ်မလဲဆိုတာ ငါတို့တွေ့ရမှာပါ” ရွှယ်အန်းက တည်ငြိမ်စွာပြောလိုက်သည်။
ဤကိစ္စကို အရေးလုပ်ပုံမပေါ်သော ရွှယ်အန်းကို ကြည့်၍ ချင်းယွီအနည်းငယ်စိတ်ပူမိလျက်ရှိသည်။ ချင်းယွီသည် ရွှယ်အန်း၏ ဆေးပညာအရည်အချင်းကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရသဖြင့် ၎င်းနှင့်ပတ်သက်၍ သံသယကင်းသည်။
သို့သော် လျှို့ဝှက် ကျင့်စဥ်များ တတ်မြောက်ထားသော အခြားတစ်ဖက်ကို ရွှယ်အန်း အသာစီးမယူနိုင်လျှင်၊ အကျိုးရလဒ်များသည်…မည်သို့ဖြစ်လိမ့်မည်နည်း။
ရွှယ်အန်းအား ချင်းယွီမပြောခဲ့သည့်အချက်မှာ လက်ရှိ လောင်တိုင်အဖွဲ့သည် ချင်းရှန်၏ ပိုင်ဆိုင်မှုတစ်ခုအဖြစ် သိသိသာသာ ပြောင်းလဲလာပြီဖြစ်ရာ၊ လူအများသသည် ချင်းယွမ်ထက် ချင်းရှန်ကိုသာ သိကြတော့သည်။
ဤအရာများအားလုံးသည် လွန်ခဲ့သော နှစ်များအတွင်း ချင်းယွမ်၏ သတိမမူကြောင့်ဖြစ်ရာ၊ ထိုစဥ်က သူ၏ရောဂါကုသရန် နည်းလမ်းများကိုသာ အလေးပေးရှာဖွေနေခဲ့သည်။ ရွှယ်အန်း၏အကူအညီဖြင့် သူ၏ ရောဂါပြန်လည် သက်သာလာသောအခါ၌မူ၊ လုံတိုင်အဖွဲ့၏အာဏာကို ဆုံးရှုံးလိုက်ရပြီဖြစ်သည်။
ထို့ကြောင့် အကယ်၍ ဤတစ်ကြိမ်တွင် ချင်းရှန်ကို အနိုင်မယူနိုင်ပါက၊ သူအပါအဝင် သူ့မြေးပါ အကြပ်အတည်းနှင့် ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။
ချင်းယွီသည် ဤကိစ္စကို အမြဲတစေ၊ စိုးရိမ်နေခဲ့ရသည်။ ရွှယ်အန်းအား ကျေးဇူးတင်ပြီးနောက်၊ သူမအလျင်အမြန်ပင် အိမ်ပြန်လာခဲ့သည်။
“ရှန်းရှန်း၊ နျန်နျန်၊ သမီးတို့ ဗိုက်ဝကြပြီလား”
ရွှယ်အန်းသည်မူ၊ သူ့သမီးနှစ်ယောက်ဘက်သို့ လှည့်၍ နူးညံ့စွာပြောလိုက်သည်။
ရွှယ်နျန်သည် ခေါင်းကို တသွင်သွင်ခါ၍ ပြောလိုက်သည်။
“ဟင့်အင်း ဖေဖေ ဒီကအစားအသောက်တွေက အရသာမကောင်းဘူး”
“ဖေဖေ သမီးလည်း ဗိုက်မဝသေးဘူး”
“ကောင်းပြီ, အဲ့တာဆို မီးမီးတို့ တစ်ခုခုစားဖို့ ဖေဖေ ခေါ်သွားပေးမယ်နော်”
“ဟုတ် ဟုတ်” ရွယ်နျန်သည် စိတ်အားထက်သန်စွာဖြင့် မြေပြင်ပေါ်မှ ဆန်စေ့ကောက်စားနေသော ကြက်ပေါက်ကလေးတစ်ကောင်ကဲ့သို့ ခေါင်းကို တဆတ်ဆတ်ငြိမ့်လိုက်သည်။ အစားအသောက်အကြောင်းပြောသည့်အခါတိုင်းတွင် ဤကလေးမလေး၏ မျက်လုံးများ တောက်ပလာသည်။
ထို့နောက် ရွှယ်အန်းသည် ဖန်းမင်ရွှယ်ဘက်သို့ လှည့်လိုက်၏။ ဖန်းမင်ရွှယ်မှ ရွှယ်အန်းကို စိုက်ကြည့်နေခဲ့သည်မှာ ကြာနှင့်ပြီဖြစ်သည်။ အထူးသဖြင့် ချင်းယွီပေါ်လာသောအခါတွင် သူမရင်ထဲတွင် ဗလောင်ဆူနေခဲ့၏။ ဤမိန်းကလေးသည် အလွန်လှပကျော့ရှင်းသည့်အပြင် ကျောထောက်နောက်ခံသည်လည်း သူမထက်ပို၍ ခိုင်မာ၏။ နောက်ဆုံးတွင်မူ၊ လုံတိုင်အဖွဲ့သည် ဤခရိုင်၌ အကြီးဆုံးဦးဆောင်နေသည့် စီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်ကာ၊ နှစ်စဥ်အခွန်ငွေသည်ပင် ယွမ်တစ်ရာဘီလီယံကျော်၏။
ဤသည်က ဖန်းမင်ရွှယ်ကို အနည်းငယ် သိမ်ငယ်စိတ်ဝင်စေမိသည်။ သူမ၏ လွန်ခဲ့သော လေးနှစ်တာကာလကြာ ကြိုးစားအားထုတ်မှုများသည် ရွှယ်အန်းနှင့် ပို၍ နီးစပ်စေနိုင်လိမ့်မည်ဟု တွေးထားခဲ့သော်လည်း ပို၍ဝေးလာသည်ကိုသာတွေ့ရှိခဲ့ရသည်။
ရွှယ်အန်းက ခပ်ပါးပါးပြုံးလိုက်သည်။
“တောင်းပန်ပါတယ်ဟာ၊ ငါနင့်မွေးနေ့ပွဲကို ဖျက်ဆီးမိလိုက်ပြီနဲ့တူတယ်”
“နင်ပြန်လာတယ်ဆိုလို့သာမဟုတ်ရင် ငါဒီမွေးနေ့ပွဲလို့ခေါ်တဲ့ပွဲကို လုံးဝတက်ဖြစ်မှာမဟုတ်ဘူး”
“သွားကြရအောင်၊ ငါနင့်ကို ညစာလိုက်ကျွေးမယ်”
၎င်းသည်ကား၊ လူနေရပ်ကွက်အတွင်းရှိ စားသောက်ဆိုင်အသေးတစ်ဆိုင်ဖြစ်သည်။ ဝင်ပေါက်သည် အနည်းငယ်ကျဥ်းသော်လည်း အလွန်သန့်ရှင်းသပ်ရပ်၏။ ညကိုးနာရီပင် ကျော်ခဲ့ပြီဖြစ်သဖြင့် ဖောက်သည်များမကျန်လှတော့ပေ။ ဆိုင်ပိတ်ချိန်နီးပြီဖြစ်သဖြင့် အဘိုးကြီးရှဲ့သည် ပန်းကန်ခွက်ယောက်များကိုဆေးကြောရန် ပြင်ဆင်နေ၏။
ထိုအချိန်တွင် တံကားပွင့်လာကာ၊ လူအချို့ တစ်ဦးပြီးတစ်ဦးဝင်လာ၏။ အဖွဲ့ကို ဦးဆောင်လာသူ အမျိုးသားသည် တောက်ပသောအပြုံးကို ဆင်မြန်းထားသည်။ ထိုသူသည် အရပ်ရှည်ရှည်နှင့် တောင့်ဖြောင့်သော ခန္ဓာကိုယ်ရှိရာ၊ ဓားသွားနှင့်သူသော မျက်ခုံးများသည် ထူထဲလျက်၊ ကြယ်များကဲ့သို့တောက်ပနေသည့် မျက်လုံးတစ်စုံ၏ အထက်တွင်အခြေတည်ထား၏။
အဘိုးကြီးရှဲ့သည် ဤလူ၏ မျက်နှာကို အလွန်ရင်းနှီးနေသဖြင့် လန့်ဖျပ်သွားသည်။ ဤလူ၏ အနောက်တွင်ကား၊ ပန်းနုရောင်ကျောက်စိမ်းမှ ထွင်းထုထားသည်ဟု ထင်ရသော မိန်းကလေးငယ်နှစ်ဦးရှိသည်။ မိန်းကလေးများသည် အလွန်ချစ်စဖွယ်ကောင်းလှကာ၊ တစ်ယောက်နှင့်တစ်ယောက် သိသိသာသာ ရုပ်ချင်းဆင်တူကြ၏။
ဤအချိန်တွင် စားသောက်ဆိုင်မှ လူအများသည်လည်း ဤအဖွဲ့ကို သတိထားမိကြ၏။ အဘိုးကြီးရှဲ့မှ စကားစခါနီးတွင် နောက်ထပ် အမျိုးသမီးနှစ်ဦးလည်း ဝင်လာသည်။ ၎င်းတို့အနက် တစ်ဦးသည် ဝဲကျနေသော ဂါဝန်ကို ဝတ်ဆင်ထားကာ၊ သူမ၏ နူးညံ့သိမ်မွေ့လှသော အသွင်အပြင်သည် နက်ရှိုင်းသော တောင်ကြားတွင် ကျော့မော့စွာ ပွင့်လန်းနေသည့် သစ်ခွပန်းတစ်ပွင့်နှင့်တူ၏။
အခြားတစ်ယောက်သည်မူ၊ မျက်နှာဖုံးအုပ်ထားသော်လည်း ကျော့ရှင်းသွယ်လျသော ကိုယ်ခန္ဓာအချိုးအစားနှင့် ဝန်းဝိုင်းလှပသော မျက်လုံးဝိုင်းလေးများရှိသည်မှာ သိသာလျက်ရှိရာ၊ အလွန်ရင်သပ်ရှု့မောဖွယ်အလှတရားကို မြင်နိုင်၏။
အဘိုးကြီးရှဲ့သည် ၎င်းတို့ကို ကြည့်လျက်၊ အမြင်အာရုံများ ဝေဝါးသွားရသည်။
“အန်ကယ်ရွှယ်၊ မမှတ်မိဘူးလား”
အဘိုးကြီးရွှယ်၏ တစ်ကိုယ်လုံးတုန်ယင်သွားသည်။ ဤအသံသည် သူနှင့်အလွန်ရင်းနှီးနေ၏။
“မင်း… မင်းက..”
“ကျွန်တော်ပါ၊ ရွှယ်အန်းလေ”
“ရွှယ်အန်း”
အဘိုးကြီးရွှယ်သည် အစပိုင်းတွင် မယုံမကြည်နိုင်ဖြစ်နေသော်လည်း ထိုသူ့အား အနီးကပ်ကြည့်ပြီးသည့်နောက်၊ တုန်ယင်နေသောအသံဖြင့် ပြောလိုက်သည်။
“ရှောင်အန်း၊ တကယ်ပဲမင်းလား”
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်နှင့် တစ်ပြိုင်နက်၊ အဘိုးကြီးရှဲ့သည် ပျော်ရွှင်စွဦဖြင့် ထအော်လိုက်သည်။
“မိန်းမရေ လာပါဦး ဘယ်သူပြန်လာတာလဲဆိုတာ လာကြည့်ပါဦး”
အဘိုးကြီးရှဲ့၏ အမျိုးသမီးဖြစ်သူ အန်တီ ပန်သည် ဤနှစ်တွင် အသက်ငါးဆယ်ကျော်ခန့်ရှိပြီဖြစ်ရာ၊ မီးဖိုချောင်ထဲတွင်အလုပ်ရှုပ်နေရာမှ အဘိုးကြီးရှဲ့၏ အော်သံကြားသဖြင့် ထွက်လာခဲ့သည်။
“ဘယ်သူမို့လို့ ဒီလောက်ဆူညံနေတာလဲ”
“ရှောင်အန်း၊ ရှောင်အန်းပြန်လာတာ” အဘိုးကြီးရှဲ့က ပျော်ရွှင်စွာ ပြန်ပြောလိုက်သည်။
အန်တီဖန်သည် ရွှယ်အန်းကို မြင်မြင်ချင်း ကြောင်အသွားသော်လည်း မယုံကြည်နိုင်မှုများဖြင့် မေးလိုက်သည်။
“မင်း.. မင်းတကယ်ပဲ ရှောင်အန်းလား”
ရွှယ္အန်းသည် ဤစုံတွဲကို ကြည့်၍ နှလုံးသားတစ်ခုလုံးနွေးထွေးသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူနှင့် အန်းယန် ရုန်းကန်နေခဲ့ရသော နေ့ရက်များတွင် သူတို့၌ စားစရာပင် အနိုင်နိုင်မရှိခဲ့ကြပေ။ရွှယ်အန်းသည် အနီးအနားရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုသို့သွားကာ၊ ပင်ပန်းသောအလုပ်များကို လုပ်ကိုင်နေခဲ့ရသည်။ ထိုကာလများတွင် ရွှယ်အန်း၌ နေ့လယ်စာဝယ်ယူရန်အတွက် အဖိုးအခပင် အလုံအလောက်မရှိပေ။
ရွှယ်အန်း၏ အခက်အခဲကို သတိပြုမိကာ၊ ကြိုတင်မှာယူမှုမရှိဘဲ အကူအညီပေး၍ ကျွေးမွေးထားခဲ့သည့် စားသောက်ဆိုင်ငယ်လေး၏ ပိုင်ရှင်သည် ဤစုံတွဲပင်ဖြစ်သည်။ ၎င်းသည် ထမင်းအနပ်အနည်းငယ်မျှသာဖြစ်သော်လည်း ရွှယ်အန်းမှာမူ၊ လေးလေးနက်နက်မှတ်မိနေသေး၏။ ထိုစဥ်က သူ ဤနေရာသို့ မကြာခဏလာခဲ့ဖူးရာ၊ ဤစုံတွဲနှင့် ပို၍ ရင်းနှီးလာခဲ့သည်။
ရွှယ်အန်း၏ အိမ်သူအမျိုးသမီး၌ ကိုယ်ဝန်လွယ်ထားရပြီဖြစ်ကြောင်း ၎င်းတို့တွေ့ရှိသွားကြသည့်အချိန်တွင် အန်တီဖန်သည် သူ့ကို စာနာပေးခဲ့သည်။ သူမ၏ မွေးရပ်မြေမှ ကြက်ဥများကိုပင် ထုတ်ပိုး၍ အန်းယန်အားပြည့်စေရန် ရွှယ်အန်းကို လက်ဆောင်ပေးခဲ့သည်။
ရွှယ်အန်းသည် ဤသေးငယ်သောအရာများအားလုံးကို မှတ်သားထား၏။
“အန်တီဖန် သားလေ၊ ရွှယ်အန်းပါ”
အန်တီဖန်၏ ပါးပြင်ထက်သို့ မျက်ရည်စက်များ စီးကျလာပြီးနောက်၊ ရွှယ်အန်း၏ ပခုံးများကို ဆုပ်ကိုင်၍ ပြောလိုက်သည်။
“ရှောင်အန်း၊ ဒီလေးနှစ်ထဲ မင်းဘယ်ကိုရောက်နေတာလဲကွယ်။ မင်းရဲ့ အန်ကယ်ရှဲ့နဲ့ အန်တီနဲ့ သားကို အကြာကြီးလိုက်ရှာနေကြသေးတယ်။ လူတွေအများကြီးက မင်း ဒီမှာမရှိတော့ဘူးလို့ ပြောပေမယ့်၊ မင်းလိုမျိုး လိမ္မာသိတတ်တဲ့ ကလေးကို ကောင်းကင်ဘုံက အမြဲကောင်းချီးပေးနေမယ်မှန်းအန်တီသိပါတယ်”
(ကောင်းကင်။ ။ အန်တီဖန် ကျုပ်ကို ရယ်အောင်လုပ်နေတာပဲ သူ့ကိူ ကောင်းချီးပေးရမယ်ဟုတ်လား၊ သူကျုပ်ကို မရိုက်ရင်တောင် ကျုပ်ကံကောင်းလှပြီဗျ၊ ဒီကောင်က အင်မော်တယ်အရှင်ကြီးဗျ အန်တီဖန်ရဲ့)
ရွှယ်အန်းသည် နှစ်ပေါင်းသုံးထောင်ကျော် ကျင့်ကြံခဲ့သဖြင့် သူ၏ စိတ်နှလုံးသည် ကျောက်တုံးကဲ့သို့ မာကျောနေပြီဖြစ်သည်။ သို့သော် ဤအခိုက်အတန့်တွင်မူ အထိအတွေ့ကို မခံစားဘဲမနေနိုင်တော့ပေ။
“အန်တီဖန်၊ သားပြန်မလာခဲ့သင့်ဘူးလား”
“မင်းပြန်လာတာကောင်းတယ်၊ မင်းပြန်လာတာကောင်းတယ်။ အရူးအဘိုးကြီး ဘာတွေပြုံးနေတာလဲ။ ခုံသွားချချေဦး၊ ပြီးရင်ဆိုင်ပိတ်လိုက်တော့၊ ရှောင်အန်း အိမ်ပြန်လာပြီ၊ ကျုပ်တို့ ကောင်းကောင်းမွန်မွန် ဧည့်ခံကျွေးမွေးကြရမယ်”
“ကောင်းတယ် ကောင်းတယ်” အဘိုးကြီးရှဲ့က အလျင်စလိုသဘောတူလိုက်သည်။
ရွှယ်အန်းသည် မည်သည့်အရာမျှ ပြောင်းလဲသွားခြင်းမရှိသည်ကို ကြည့်၍ ပြုံးလိုက်သည်။ အဘိုးကြီးရှဲ့သည် ယခုအချိန်ထိ ဤအိမ်တွင် အာဏာမရှိသေးပေ၊ အရာအားလုံးကို အန်တီဖန်ကသာ ဆုံးဖြတ်နေဆဲဖြစ်၏။
အခန်း(၂၀) နွေးထွေးသော ညစာ
ထိုအချိန်တွင် အန်တီဖန်သည် ရွှယ်အန်း၏ အနောက်မှ ကလေးမလေးနှစ်ယောက်ကို သတိထားမိသွားရာ၊ ချစ်စဖွယ်ကောင်းသော ကလေးမလေးနှစ်ယောက်သည် အန်တီဖန်၏ ချစ်ခင်မှုကို အလွယ်တကူပင် ရရှိသွားကြ၏။
“လှလိုက်တဲ့ အမျိုးသမီးလေးတွေပါလား။ ရွှယ်အန်း၊ ဒါ မင်းရဲ့….”
“သားရဲ့ သမီးနှစ်ယောက်ပါ” ရွှယ်အန်းက ရယ်မောလိုက်သည်။
“အရမ်းလှတာပဲ၊ အရမ်းချစ်ဖို့ကောင်းတာပဲ” အန်တီဖန်သည် တောက်ပစွာပြုံး၍ ပြောလိုက်သည်။
ရွှယ်ရှန်း၊ နှင့် သူ့ညီမလေးသည် ချိုမြိန်စွာဖြင့် ပြိုင်တူအော်လိုက်ကြသည်။
“ဘွားဘွား”
ဤအခေါအဝေါ်ကြောင့် အန်တီဖန်၏ မျက်လုံးများ မျက်ရည်ဝဲတက်လာသည်။ ထို့နောက်၊ အံဆဲကို ဖွင့်ကာ၊ အသီးခြောက်လက်တစ်ဆုပ်ကို ယူ၍ ရွှယ်ရှန်းနှင့် သူမ၏ ညီမလေးကို ပေးလိုက်သည်။
“သမီးတို့နှစ်ယောက်မှာ ဘယ်သူက အကြီး ဘယ်သူကအငယ်လဲ”
ရွှယ်ရှန်းသည် တခစ်ခစ်ရယ်၍ ပြန်ဖြေလိုက်သည်။
“အကြီးမရဲ့ဘေးမှာ ရပ်နေတဲ့ တစ်ယောက်က အငယ်မပါ”
“အငယ်မရဲ့ဘေးမှာရပ်နေတဲ့သူက အကြီးမပါ” ညီအစ်နှစ်ယောက်သည် တက်ကြွစွာဖြင့် ပြန်ဖြေလိုက်ကြ၏။
အန်တီဖန်သည် မျက်ရည်များထွက်လာသည်အထိ ဟက်ဟက်ပက်ပက် ရယ်လိုက်၏။
“ချစ်စရာ ငလည်မလေးတွေ”
ထိုအချိန်တွင် အဘိုးကြီးရှဲ့သည် ကျန်ရှိသော စားသုံးသူများကို ယဥ်ကျေးစွာ ပထုတ်လိုက်ပြီးနောက်၊ စားသောက်ဖွယ်ရာများ ချက်ပြုတ်ရန် မီးဖိုခန်းထဲသို့ ဝင်သွား၏။
ယခုအချိန်တွင် အန်တီဖန်၏ အာရုံသည် ထန်ရွှမ်အာနှင့် ဖန်းမင်ရွှယ်တို့ထံသို့ရောက်သွား၏။ မိန်းကလေးနှစ်ဦးအသွင်အပြင်ကြောင့် အသက်ရှုရပ်လုမတက်ဖြစ်သွားသည်။ ထို့နောက် အန်တီဖန်က ရွှယ်အန်းအား ဘေးသို့ဆွဲခေါ်ကာ၊ တိုးလျသောအသံဖြင့် မေးလိုက်သည်။
“ရှောင်အန်း၊ ဘယ်သူက မင်းမိန်းမလဲ”
ရွှယ်အန်းသည် အနည်းငယ် တုန့်ဆိုင်းသွားပြီးမှ ပြန်ဖြေလိုက်သည်။
“နှစ်ယောက်လုံးမဟုတ်ဘူး”
“ဘာ မင်းနဲ့ မင်းမိန်းမရွှယ်အန်းတို့ကြားမှာ ဘာဖြစ်ခဲ့လဲ”
ရွှယ်အန်းသည် အနည်းငယ်သက်ပြင်းချ၍ ပြန်ဖြေလိုက်သည်။
“အန်တီဖန်၊ အန်းယန်က အဆင်ပြေပါတယ်၊ ဒါပေမယ့် အချို့ကိစ္စလေးတွေကြောင့် သူပြန်မလာသေးတာပါ။ ဒီနှစ်ယောက်က သားသူငယ်ချင်းတွေလေ”
ဤအခိုက်အတန့်တွင် စားသောက်ဆိုင်ထဲ၌ မည်သည့် အပြင်လူမျှမရှိတော့သည်ကို တွေ့သဖြင့် ဖန်းမင်ရွှယ်သည် မျက်နှာဖုံးကို ချွတ်ခွာလိုက်၏။
အန်တီဖန်၏ မျက်လုံးများ တဖြည်းဖြည်းချင်း ပြူးကျယ်လာ၏။
“ဒါ ဒါ …”
ဖန်းမင်ရွှယ်သည် နူးညံ့သိမ်မွေ့ ကြင်နာစွာ ပြုံးပြလိုက်၏။
“အန်တီ၊ ကျွန်မ မင်ရွှယ်ပါ”
“မင်းက တကယ်ပဲ တီဗီမှာပါတဲ့ နာမည်ကြီးမင်းသမီး ဖန်းမင်ရွှယ်လား”
ဖန်းမင်ရွှယ်မှ နူးညံ့စွာပြုံး၍ ခေါင်းညိတ်ပြလိုက်သောအခါ၊ အန်တီဖန်တစ်ယောက် ဆွံ့အသွားရသည်။
သူမရွှယ်အန်းကို မြင်မြင်ချင်း၊ ဤလူငယ်သည် သာမန်မဟုတ်ကြောင်း ပြောနိုင်၏။ လေးနှစ်အကြာတွင် ရွှယ်အန်းသည် ပြန်လာရုံသာမက၊ အလွန်ချစ်စဖွယ်ကောင်းသော အလှပဂေးနှစ်ယောက်ကိုပါ ခေါ်လာလိမ့်မည်ဟု သူမမမျှော်လင့်ထားခဲ့ပေ။
၎င်းတို့ထဲမှ တစ်ယောက်သည်ကား၊ တီဗီတွင် နေ့စဥ်မြင်တွေ့နေရသည့် အမျိုးသမီးကြယ်ပွင့်ဖြစ်ယောက်ဖြစ်သည်။ ထိုအချိန်တွင် ဖန်းမင်ရွှယ်နှင့် ထန်ရွှမ်အာတို့သည် မိမိတို့၏ အင်္ကျီလက်များကို ခေါက်၊ ဆံပင်ကို ခပ်မြင့်မြင့်စည်းကာ၊ မီးဖိုချောင်ထဲသို့ ဝင်သွားကြသည်။
ချွမ်
အဘိုးကြီးရှဲ့သည် အာရုံတစိုက်ချက်ပြုတ်နေရာမှ ဖန်းမင်ရွှယ်နှင့် ထန်ရွှမ်အာတို့ ဝင်လာသည်ကို မြင်သောအခါ မျက်ပြူးဆံပြာဖြစ်သွား၍ လက်ထဲမှ ဇွန်းကြီးလွတ်ကျသွားသည်။
“အန်ကယ်ရှဲ့ သမီးလုပ်ပါရစေ” ဖန်းမင်ရွှယ်က ပြုံးလျက်ပြောလိုက်ပြီးနောက်၊ အသီးအရွက်များဆေးကြော ခုတ်သင်ရန် အပြေးအလွှားသွား၏။ အဘိုးကြီးရှဲ့သည် မီးခိုခန်းထဲမှ မသိမသာ နှင်ထုတ်ခြင်းခံလိုက်ရသဖြင့် အနည်းငယ် ကြောင်အစွာဖြင့် အပြင်သို့ ထွက်လာမိသည်။
သို့သော် ထိုအခိုက်အတန့် အန်တီဖန်သည် သူ၏ ခေါင်းကို ခေါက်၍ ဆူငေါက်လိုက်၏။
“ရှင် မိန်းမလှလေး အလှမှာ မျောနေတာလား’
“မဟုတ်ပါဘူး မဟုတ်ပါဘူးကွာ၊ အဲ့ မိန်းကလေးက… အဲ့မိန်းကလေးကို မြင်ဖူးနေသလိုပဲ”
“မမြင်ဖူးဘဲနေမလား ရှင်ရယ် အဲ့တာ ရှင့် အကြိုက်ဆုံး မင်းသမီး ဖန်းမင်ရွှယ်မဟုတ်ဘူးလား”
အဘိုးကြီးရှဲ့ခဗျာ အလွန်ထိတ်လန့်ကြောင်အသွားသည်။
“တကယ်လား၊ ဒီတိုင်း တူတယ်လို့ထင်နေတာ”
“ဘယ်လိုထင်လဲ။ ရှင်က ကျွန်မတို့ ရှောင်အန်းအကြောင်း သေချာမသိတဲ့ပုံပဲ” အန်တီဖန်က အနည်းငယ်ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
ဟင်းပွဲများအဆင်သင့်ဖြစ်၍ စားပွဲပေါ်တွင် စားချင်စဖွယ်ကောင်းစွာ ပြည့်နေပြီဖြစ်သည်။ အသွင်အပြင်နှင့် ရနံ့တစ်ခုတည်းကပင် သွားရည်ကျလုနီးပါးဖြစ်စေရန် လုံလောက်၏။ အဘိုးကြီးရှဲ့က တစ်လုတ်စားပြီးနောက်၊ ချက်ချင်းလက်မထောင်ပြလိုက်သည်။
“တကယ်အရည်အချင်းရှိကြတာပဲ”
ဖန်းမင်ရွှယ်က နူးညံ့စွာပြုံးလိုက်သည်။ ငယ်စဉ်တည်းက သူမသည် အချက်အပြုတ်ကျွမ်းကျင်ခဲ့သူဖြစ်ရာ အနုပညာရှင်ဖြစ်လာပြီးနောက် နာမည်ကြီးစားဖိုမှုးများထံမှပင် ချက်ပြုတ်နည်းဆိုင်ရာ အကြံဉာဏ်များတောင်းယူခဲ့ဖူးသည်။ ယခု သူမ၏ အချက်အပြုတ်ဆိုင်ရာ အရည်အချင်းသည် သာမန်ဟိုတယ်မှ ထိပ်တန်းစာဖိုမှုးများထက်ပင် သာလွန်မြင့်မားနေပြီဖြစ်သည်။
ထိုအချိန်တွင် ထန်ရွှမ်အာသည် မုန်လာဥဖြူအား ယုန်ပေါက်ကလေးများသဖွယ် လှီးထွင်း၍ ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့ကို ပေးလိုက်သည်။ အသက်ဝင်နေသည့် ယုန်ပေါက်လေးများသဖွယ်ဖြစ်နေသည့် မုန်လာဥလေးများကိုကြည့်ကာ၊ အဘိုးကြီးရှဲ့မှ မှတ်ချက်ပေးလိုက်မိသည်။
“ဓားလည်း ကောင်းကောင်းကိုင်တတ်တာပဲ”
ထန်ရွှမ်အာသည် ရှက်သွေးဖြန်း၍ ခေါင်းငုံ့လိုက်သည်။ သူမ၏ ဓားကျွမ်းကျင်မှုသည် လက်မှုပညာကို ချစ်မြတ်နိုးသည့် သူမ၏ စိတ်အားထက်သန်မှုမှ ဆင်းသက်လာခြင်းဖြစ်သည်။ အထူးသဖြင့် အန်းယန်ထွက်သွားပြီးနောက်၊ သူမသည် ကလေးနှစ်ယောက်၏ နေ့စဥ်လိုအပ်ချက်များနှင့် အစားအသောက်များကို စီစဥ်ပေးခဲ့ရသဖြင့် သေးငယ်သော အရာများ ပြုလုပ် ရောင်းချခဲ့သည်။
အဘိုးကြီးရှဲ့သည် စိတ်လွတ်ကိုယ်လွတ်၊ သူနှစ်ပေါင်းများစွာ ထိန်းသိမ်းထားခဲ့သည့် နှစ်ချို့ဝိုင်ပုလင်းကို ထုတ်ယူလိုက်သည်။
“လာ၊ ရှောင်အန်း ဒီနေ့ ငါတို့ မမူးမချင်း မပြန်ဘူး”
အန်တီဖန်သည် အဘိုးကြီးရှဲ့ကိုစိုက်ကြည့်လိုက်သည်။
“ရှင်သိတာက ဒီသောက်ဖို့ သောက်ဖို့ပဲ။ ရှောင်အန်းမူးသွားရင် မိန်းကလေးတွေကို ဘယ်သူ ပြန်လိုက်ပို့တော့မှာလဲ”
အန်တီဖန်၏ ပြောစကားကြောင့် အဘိုးကြီးရှဲ့သည် ကသိကအောက်ဖြစ်သွားရသည်။ သို့သော် ရွှယ်အန်းသည်မူ ရယ်မောလျက်ပြန်ပြောလိုက်သည်။
“အန်တီဖန်၊ အဆင်ပြေပါတယ်၊ သား အန်ကယ်ရှဲ့နဲ့ နည်းနည်းပဲသောက်လိုက်မယ်။ ဘာမှမဖြစ်လောက်ပါဘူး”
ရွှယ်အန်း၏ စကားလုံးများသည် အဘိုးကြီးရှဲ့၏ စကားများထက် ပို၍ ထိရောက်လျက်ရှိရာ၊ အန်တီဖန်သည် ချက်ချင်းပင်ခေါင်းညိတ်၍ သဘောတူလိုက်သည်။
“ကျွန်မ ရှင့်ကို ချုပ်ချယ်ချင်လွန်းလို့လည်း မဟုတ်ပါဘူး။ ရှင့်ကျန်းမာရေးက တစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးလာတာကို အရက်သောက်ချင်နေတုန်းပဲ”
ဤစကားကြောင့် ရွှယ်အန်း အနည်းငယ် စိုးရိမ်သွားရသည်။
“အန်ကယ်ရှဲ့၊ သားကို လက်ခဏပေး၊ သားကြည့်ကြည့်မယ်”
“ဘာလို့လဲ” အန်ကယ်ရှဲ့က လက်ကို ဆန့်ထုတ်ပေးလိုက်သည်။
ရွှယ်အန်းသည် သွေးခုန်နှုန်းရှိသည့်နေရာသို့ လက်ညှိုးနှစ်ချောင်းကို တင်၍ ၎င်းမှတစ်ဆင့် ဝိဉာဥ်စွမ်းအင်အချို့ ထည့်သွင်းပေးပြီးနောက်၊ ခဏအကြာတွင် လက်ကို ပြန်ရုတ်လိုက်၏။
“အန်တီဖန်၊ အန်ကယ်ရှဲ့က အဆင်ပြေပါတယ်။ နှစ်တွေအကြာကြီး ခက်ခက်ခဲခဲ အလုပ်ကြိုးစားခဲ့တော့ နည်းနည်း ပင်ပန်းချင်နေတာပါ။ အန်ကယ်ရှဲ့အတွက်၊ နောင်နှစ်တစ်ရာထိ အသက်ရှည်အောင် သား ဆေးနည်းနည်း ပြင်ပေးပါ့မယ်။
အဘိုးကြီးရှဲ့က ရယ်မေ၍ ပြန်ဖြေ၏။
“ရှောင်အန်း ရောဂါဘယ်လိုကုရမလဲဆိုတာ သိတာလား”
“အွန်း သား ရိုးရှင်းတဲ့ ရောဂါလေးတွေတော့ ကိုင်တွယ်နိုင်တယ်”
ရွှယ်အန်းသည် ဆေးဖက်ဝင် အပင်အချို့ စုစည်း၍ အန်တီဖန်၊ အန်ကယ်ရှဲ့နှင့် ရွမ်အာတို့အတွက် Primordial Essence Elixir မူလနှစ်သာရ ဆေးအချို့ ဖော်စပ်ပေးမည်ဟု ဆုံးဖြတ်လိုက်သည်။ ၎င်းသည် မသေမျိုးအထိ ဖြစ်မလာစေနိုင်သော်လည်း အနည်းဆုံး နှစ်ပေါင်းနှစ်ရာ အသက်ရှည်နိုင်၏။ လူတိုင်းသည် မိမိခုံတွင်ထိုင်နေသော်လည်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိထားမိသဖြင့် ရွှယ်အန်းက မေးလိုက်သည်။
“အန်တီဖန်၊ ကျင်းကျင်းရော၊ သူပြန်မလာသေးဘူးလား”
ဤနာမည်ကို ကြားလိုက်ရသည်နှင့်တပြိုင်နက်၊ အန်တီဖန်၏ မျက်နှာထက်တွင် စိုးရိမ်မှုတစ်ခု ပေါ်လာသည်။ အဘိုးကြီးရှဲ့သည်မူ စိတ်ပျက်အားငယ်စွာဖြင့် သက်ပြင်းချလိုက်သည်။
“မင်းရဲ့ စိတ်ပျက်ဖို့ကောင်းတဲ့ညီမအကြောင်း မပြောစမ်းပါနဲ့တော့ကွာ”
“ဘာဖြစ်သွားလို့လဲ”
“သူ အထက်တန်းကျောင်းစတက်တည်းက ကျင်းကျင်းက ပြောင်းလဲသွားတာ၊ နေ့တိုင်း သူက အရုပ်မလို ဝတ်စားဆင်ယင်ပြီး မကောင်းတဲ့ကောင်တွေနဲ့ လျှောက်လည်တယ်။ မင်းရဲ့ အန်ကယ်ရှဲ့ဆိုရင် စိတ်တိုလွန်းလို့ သူ့ကို ရိုက်တာလည်း အကြိမ်ကြိမ်ပဲ။ ဒါပေမယ့် အသုံးမဝင်ပါဘူးကွယ်” အန်တီဖန်က စိတ်ပျက်လက်ပျက် အမူအရာဖြင့် ပြောလိုက်သည်။
“ဒီလို ကြည်နူးဖို့ကောင်းတဲ့ အချိန်မှာ သူ့အကြောင်း မပြောကြရအောင်” အဘိုးကြီးရှဲ့က တင်းမာသော မျက်နှာထားဖြင့် စကားစကို ဖြတ်လိုက်သည်။
ရှဲ့ကျင်းကျင်းသည် အဘိုးကြီးရှဲ့၏ သမီးဖြစ်ရာ၊ အသက်ကြီးကာမှ သမီးလေးလွယ်ထားခဲ့ကြရသည့်အတွက် အဘိုးကြီးရှဲ့သည် သူမကို အလွန်ချစ်မြတ်နိုး၏။ ရွှယ်အန်း ဤစားသောက်ဆိုင်သို့ ပထမဆုံးအကြိမ်ရောက်ခဲ့စဥ်က အလယ်တန်းကျောင်းသူ ရှဲ့ကျင်းကျင်းသည် သူ့အား အမြဲကပ်တွယ်နေခဲ့သည်ကို မှတ်မိသည်။ ထိုစဥ်က၊ ရှဲ့ကျင်းကျင်းသည် သာမန် ကျောင်းသားဆံပင်ကေနှင့် အလွန်ချစ်စဖွယ်ကောင်းသော ကောင်မလေးတစ်ယောက်ဖြစ်ကာ၊ မျက်လုံးများ လခြမ်းကဲ့သို့ ကွေးသွားနိုင်သည်အထိ ပေါ်လွင်တောက်ပသော အပြုံးတစ်ခုရှိသည်။
ရှဲ့ကျင်းကျင်းသည် ရွှယ်အန်းအား မကြာခဏဆိုသလို ဤသို့ အမြဲပြောခဲ့သည်။
“အစ်ကို ရှောင်အန်း၊ သမီးကြီးလာရင် အစ်ကိုနဲ့တူတဲ့ ကောင်လေး သေချာပေါက်ရှာမယ်”
“ရွှယ်အန်းသည် နှစ်ပေါင်းသုံးထောင်ကျော်သော်လည်း ထိုအမှတ်တရများကို မည်သည့်အခါမျှ မမေ့နိုင်ခဲ့ပေ။
“ဦးလေးရှဲ့၊ ကမ်းပေ့” ရွှယ်အန်းသည် ခွက်ကို ဦးစွာယူ၍ အဘိုးကြီးရှဲ့နှင့် ခွက်ချင်းတိုက်လိုက်သည်။ အဘိုးကြီးရှဲ့သည် တစ်ခွက်သောက်ပြီးကာမှ အနည်းငယ် စိတ်သက်သာရာရသွားပုံပေါ်၏။
ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် လိပ်တင်ထားသော တံခါးလိပ်ကို မြှောက်လိုက်ပြီးနောက်၊ ဘောင်းဘီတိုကို တင်းကြပ်စွာဝတ်ဆင်၍ ဆံပင်ကို နှစ်ဖက်ခွဲစီးထားသော မိန်းကလေးတစ်ဦးသည် အနီရောင်နှုတ်ခမ်းနီရဲရဲကို ဆိုးထား၍ ဆိုင်ထဲသို့ ဝင်လာခဲ့သည်။
အခန်း(၂၁) ပြဿနာအိုးမလေး
“ဟေး ငါဒီမှာ စားနေတယ်လေ” မိန်းကလေးက ကျောပိုးအိတ်ကို ကြမ်းပြင်ပေါ်သို့ ပစ်ချ၍ လျစ်လျူရှု့ကာပြောလိုက်သည်။ အဘိုးကြီးရှဲ့သည် သူမကို မြင်သည်နှင့် အဘိုးကြီးရှဲ့သည် သူ့ဒေါသသူ မထိန်းနိုင်တော့ပေ။
“နင်ပြန်လာတာ အရမ်းနောက်ကျလွန်းတယ်။ ဘယ်သဝေထိုးနေပြန်တာလဲ”
ဤမိန်းကလေးငယ်သည် အဘိုးကြီးရှဲ့၏ သမီး ရှဲ့ကျင်းကျင်းမှတပါး အခြားသူမဟုတ်ပေ။
“ဘယ်မှမသွားပါဘူး။ သူငယ်ချင်းေတွနဲ့ ကားပြိုင်မောင်းနေတာ”
အဘိုးကြီးရှဲ့သည် ရှဲ့ကျင်းကျင်း၏ စကားကြောင့် အလွန်အမင်း စိတ်ဆိုးဒေါသထွက်ကာ၊ ဒေါသမီးများ ဆူပွက်၍ ပေါက်ကွဲလုမတက်ဖြစ်နေ၏။
သို့သော် အန်တီဖန်သည်မူ၊ သူမသမီးကို စိတ်ပူသဖြင့် အလျင်အမြန်ဝင်ပြောလိုက်သည်။
“ကျင်းကျင်း ဘယ်သူပြန်လာလဲ ခန့်မှန်းကြည့်”
“ဘယ်သူဖြစ်ဖြစ်ပေါ့” ရှဲ့ကျင်းကျင်းသည် ပေါ့ပေါ့တန်တန်ပင် ပြောဆို၍ အခန်းထဲသို့ ဝင်သွာား၏။
ထိုအချိန်တွင် ရွှယ်အန်းက သက်ပြင်းတစ်ချက်ချလိုက်ကာ၊ နူးညံ့စွာ ပြောလိုက်သည်။
“ကျင်းကျင်း”
ယခင်က လုံးဝဂရုမစိုက်သော ရှဲ့ကျင်းကျင်းသည် ဤအသံကိုကြားသည်နှင့်တစ်ပြိုင်နက်၊ တုံ့ဆိုင်းသွားမိသည်။ ထို့နောက်၊ နူးညံ့စွာပြုံးပြနေသည့် ရွှယ်အန်းကို မြင်လိုက်ရကာ၊ မျက်ရည်များဝဲတက်လာ၏။
“ရှောင်အန်း… ကိုကိုရှောင်အန်းလား” ကျင်းကျင်း၏အသံသည် တုန်ယင်လျက်ရှိရာ၊ မယုံကြည်နိုင်မှုများ ရောယှက်နေ၏။
ရွှယ်အန်းကမူ၊ ပြုံးလျက်ပင် ခေါင်းညိတ်ပြလိုက်သည်။
“အင်း ကိုကိုပါ။ ကိုကို ပြန်လာပြီ”
ရွှယ်အန်း၏စကားမဆုံးခင်တွင် ရှဲ့ကျင်းကျင်းသည် အမြန်ပြေးကာ၊ ရွှယ်အန်း၏ရင်ခွင်ထဲသို့ဝင်၍ ကျယ်လောင်စွာ ငိုကြွေးလိုက်သည်။
ပတ်ဝန်းကျင်လေထုသည် ရုတ်တရက် ကို့ရို့ကားယားဖြစ်သွား၏။ ဖန်းမင်ရွှယ်နှင့် ထန်ရွှမ်အာတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ထူးထူးခြားခြား မဖြစ်သွားသကဲ့သို့ ဆက်လက်စားသောက်နေလိုက်သည်။
“ရှောင်အန်း၊ ကိုကို၊ ဒီလေးနှစ်ထဲ ကိုကိုဘယ်ရောက်နေတာလဲ။ သူတို့အားလုံးက ကိုကို့ကို သေပြီလို့ပြောနေကြပေမယ့် ကိုကိုမသေတာ သမီးသိတာပေါ့၊ သမီး ကိုကို့ကို မကြာမကြာအိပ်မက်မက်တယ်လေ”
ရွှယ်အန်းသည် သူ့ရင်ဘက်၌ ကလေးမလေး၏ မျက်ရည်များဖြင့်ရွှဲနစ်နေပြီဖြစ်ကြောင်း ခံစားလိုက်မိသဖြင့် ရှဲ့ကျင်းကျင်း၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
“လာ၊ ဒီလာက်ကြီးတဲ့ မိန်းကလေးဖြစ်နေပြီ ငိုနေတုန်းလား”
ရှဲ့ကျင်းကျင်းက ရှောင်အန်း၏ မျက်နှာကို မော့ကြည့်လိုက်သည်။ သူမ၏ မျက်နှာထက်မှ မျက်နှာချေများသည် မျက်ရည်များကြောင့် စိုရွှဲ၍ မိတ်ကပ်ရည်များစီးကျလာသည်။ ရွှယ်အန်းသည် သူမ၏ ရယ်မောဖွယ်ရာကောင်းသော အသွင်အပြင်ကို ကြည့်၍ မထိန်းထားနိုင်တော့ဘဲ ရယ်လိုက်မိသည်။
သူမ၏ ရှက်စဖွယ်ကောင်းသော အခြေအနေကို သတိထားမိသဖြင့် ရှဲ့ကျင်းကျင်းသည် မျက်နှာကို အမြန်ဖုံးအုပ်၍ အခန်းထဲသို့ ပြေးဝင်သွား၏။
“ကျင်းကျင်း အရမ်းကြီးလာတာပဲ”
ရှောင်အန်းသည် အန်တီဖန်နှင့် အဘိုးကြီးရှဲ့ကို ကြည့်၍ ပြောလိုက်၏။
“ပြောပါဦး၊ မင်းပြန်လာပြီဆိုတော့ မင်း သူ့ကို စကားပြောကြည့်သင့်တယ်။ သူက သားစကားဆို အမြဲနားထောင်တယ်လေ” အန်တီဖန်က ပြောသည်။
အဘိုးကြီးရှဲ့သည်လည်း ပျော်ရွှင်စွာဖြင့် ခွက်ကို မြှောက်ကာ၊ ရွှယ်အန်းနှင့် နောက်တစ်ခွက်သောက်လိုက်သည်။
ဤအချိန်တွင် ရှဲ့ကျင်းကျင်းသည် မျက်နှာသစ်ပြီးဖြစ်၍ ပြန်ရောက်လာ၏။ ရှုပ်ပွနေသော မျက်နှာချေများသာ မလိမ်းကျံထားလျှင်၊ ရှဲ့ကျင်းကျင်း၏ မျက်နှာလေးသည် နူးညံ့ကာ၊ ချစ်စဖွယ်ကောင်းလှ၏။
“စားပြီးပြီလား၊ မစားရသေးဘူးလား။ လာ၊ ထိုင်စား” အန်တီဖန်က သူမသမီးအား စိုးရိမ်စိတ်ဖြင့် ပြောလိုက်သည်။ သို့သော် ရှဲ့ကျင်းကျင်းသည် ရွှယ်ရှန်းနှင့် အခြားမိန်းကလေးတစ်ယောက်ကို မြင်သောအခါ၊ သူမမျက်လုံးများ နီရဲလာသည်။
“ဒါ… ဒါကိုကို ရှောင်အန်း၊ ဒါ ကိုကို့ သမီးလေးတွေလား”
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
“အဲ့တာဆို သူတို့နှစ်ယောက်ကရော” ရှဲ့ကျင်းကျင်းသည် ထန်ရွှမ်အာနှင့် ဖန်းမင်ရွှယ်တို့ကို လက်ညှိုးထိုးပြ၍ မေးလိုက်သည်။
“ကျင်းကျင်း၊ ယဥ်ယဥ်ကျေးကျေးပြောစမ်း” အန်တီဖန်က အနည်းငယ်စိတ်ဆိုးဒေါသထွက်စွာ ပြောလိုက်သည်။ ဖန်းမင်ရွှယ်ကမူ၊ ခပ်ပါးပါးပြုံး၍ ပြောလိုက်၏။
“အန်တီ ကိစ္စမရှိပါဘူး။ သမီးကျင်းကျင်းကို သဘောကျပါတယ်”
“ကိုကို့ သူငယ်ချင်းတွေပါ”
“သူငယ်ချင်းတွေပဲလား” ရှဲ့ကျင်းကျင်း က ပို၍တူးဆွကြည့်သည်။
ရွှယ်အန်းက ခဏတာမျှ ဆွံ့အသွားပြီးနောက်၊ ရယ်မောလျက် ပြန်ဖြေ၏။
“သူငယ်ချင်းမဟုတ်လို့ ဘာဖြစ်ရမှာတုန်း”
ရှဲ့ကျင်းကျင်းက သက်ပြင်းတစ်ချက်ချ၍ ပြုံးလိုက်ကာ၊ ရွှယ်အန်းဘေးတွင်ထိုင်လိုက်သည်။
“အစ်မတော်နှစ်ယောက်ကို အရင်ချီးမြှောက်ပါရစေ”
ရှဲ့ကျင်းကျင်းသည် ဖန်ခွက်တစ်ခွက်ကို မြှောက်၍ ဖန်းမင်ရွှယ်နှင့် ထန်ရွှမ်အာတို့ကိုပြောလိုက်သည်။
“စောက်ရူးထမနေနဲ့” အဘိုးကြီးရှဲ့က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
ဖန်းမင်ရွှယ်သည် လက်ခါပြ၍ သူမဖန်ခွက်ထဲသို့ ဝိုင်အချို့ဖြည့်လိုက်သည်။
“ကောင်းပြီ၊ အစ်မ ညီမလေးနဲ့ သောက်မယ်” ဖန်းမင်ရွှယ်က တစ်ခွက်လုံးကို တစ်ကျိုက်တည်း မော့ချလိုက်သည်။
ရှဲ့ကျင်းကျင်းသည် အံကြိတ်၍ ဝိုင်တစ်ခွက်ကို မော့ချလိုက်သည်။
သို့သော် သူမ သောက်ပြီးသည်နှင့် တစ်ပြိုင်နက်၊ မျက်နှာသည်လည်း နီမြန်းလာသည်။ ဖန်းမင်ရွှယ်သည်မူ မည်သည့် အဆင်မပြေသည့် လက္ခဏာမျှမပြပေ။ တကယ်တမ်းတွင် ဖန်းမင်ရွှယ်သည် နောက်ထပ် အရက်တစ်ပုလင်းလုံးသောက်လျှင်ပင် မည်သို့မျှ ဖြစ်လိမ့်မည်မဟုတ်ပေ။ ဖျော်ဖြေမှုနှင့် အသက်မွေးဝမ်းကျောင်းပြုရသည့် သူမအတွက် လူများစွာနှင့် ပြောဆိုဆက်ဆံရကာ၊ များစွာသော ညစာစားပွဲများကိုလည်း တက်ရောက်ရလေ့ရှိသည်။
ထို့ကြောင့် ဖန်းမင်ရွှယ်သည် သူမကိုယ်သူမကာကွယ်ရန်အတွက် သူမ၏ အရက်ဒဏ်ခံနိုင်ရည်စွမ်းကို ကြောက်မက်ဖွယ်အဆင့်အထိ လေ့ကျင့်ထားခဲ့သည်။ ရှဲ့ကျင်းကျင်းသည် အရက်တစ်ခွက် ထပ်ဖြည့်၍ ထန်ရွှမ်အာ့ကို ထိုးပေးလိုက်သည်။
“အစ်မ တစ်ခွက်သောက်ရအောင်”
ထန်ရှါမ်အာသည် အနည်းငယ် တွန့်ဆုတ်နေသော်လည်း ထိုအခိုက်အတန့်တွင် ရွှယ်အန်းက သူ့ခွက်ကိုကိုင်၍ ပြောလိုက်သည်။
“ဘာလဲ၊ မတွေ့ရတဲ့လေးနှစ်အတွင်းမှာ နင့်အရက်ဒဏ်ခံနိုင်ရည်က သိသိသာသာတိုးလာတာပဲ။ ဟမ်”
ရှဲ့ကျင်းကျင်းသည် ရွှယ်အန်း၏စကားကြောင့် ခေါင်းငုံသွားရသည်။ ထို့နောက် ရွှယ်အန်းသည် အစ်ကိုကြီးတစ်ဦး၏ လေသံဖြင့် ပြောလိုက်ပြန်၏။
“နင့်အဝတ်အစားကိုကြည့်ဦး၊ ကျောင်းသားနဲ့တူသေးရဲ့လား၊ ပြီးတော့ အရက်တွေလည်းသောက်နေတယ်ပေါ့။ ငါမရှိရင် ဒီလိုမျိုး မဆင်မခြင်နေလို့ရမယ်ထင်နေတာလား”
ရှဲ့ကျင်းကျင်း၏ မျက်လုံးထဲမှ မျက်ရည်ပူများ စီးကျလာသည်။ ရွှယ်အန်းသည် လေသံ ခပ်ပျော့ပျော့ဖြင့် ပြောင်း၍ ပြောလိုက်ပြန်၏။
“နင်အရက်သောက်ချင်နေမှတော့၊ ငါနင်နဲ့တစ်ခွက်သောက်မယ်”
ဤသို့ပြော၍ ရွှယ်အန်းသည် သူ့ခွက်ထဲမှ အရက်များအားလုံးကို တစ်ကျိုက်တည်း မော့ချပစ်လိုက်သည်။
ရှဲ့ကျင်းကျင်းသည် အံကြိတ်၍တစ်ခွက်ထပ်သောက်လိုက်၏။ ထိုအချိန်တွင် သူမ၏ မျက်လုံးများ ရီဝေဝေဖြစ်လာသည်။
ရွှယ်အန်းသည် သူ့ခွက်ကို ပြန်ချ၍
“ဒီတစ်ခွက်ကို နောက်ဆုံးလို့ယူဆလိုက်ကြရအောင်၊ မနက်ဖြန်ကစပြီး၊ ကိုကို လိမ္မာတဲ့ ရှဲ့ကျင်းကျင်းကို မြင်ချင်တယ်၊ နားလည်လား”
ရှဲ့ကျင်းကျင်းသည် ရွှယ်အန်းကို ကြည့်၍ ခေါင်းညိတ်လိုက်သည်။ ထို့နောက်၊ စားပွဲပေါ်သို့ မှောက်ကျသွား၏။ အန်တီဖန်သည် စိုးရိမ်တကြီးဖြင့် အပြေးလာသော်လည်း ရွှယ်အန်းက လက်ခါပြလိုက်သည်။
“ဘာမှမဖြစ်ဘူး၊ သူအိပ်ပါစေ”
ထို့နောက် ရှဲ့ကျင်းကျင်း၏ ပခုံးပေါ်သို့ လက်တင်လိုက်ကာ၊ အမူးသက်သာစေရန် ချီစွမ်းအင်များ သူမကိုယ်ထဲသို့ လွှဲပြောင်းပေးလိုက်သည်။
‘ဟင်’
ရွှယ်အန်း ရုတ်တရက် အံ့သြသွားသည်။ ရှဲ့ကျင်းကျင်းတွင် ရှားပါးသော သန့်စင်သည့်ယင်စွမ်းအင်တည်ဆောက်မှုပုံစံကို ပိုင်ဆိုင်ထားသည်ကို သူသိရှိလိုက်ရခြင်းဖြစ်သည်။
ဤတည်ဆောက်ပုံသည် လူအယောက် တစ်သောင်းတွင် တစ်ယောက်သာရှိနိုင်သည်ဖြစ်ရာ၊ သန့်စင်သောယင်စွမ်းအင်နှင့် ပတ်သက်သည့် တာအိုဘာသာအတွက် အသင့်တော်ဆုံးဖြစ်သည်။ သို့သော် ၎င်းသည် အစဥ်အလာကို သွေဖယ်သည့သည့် အခြားကျင့်စဥ်များကိုလည်း ကျင့်ကြံနိုင်၏။ သို့သော် ယခု ရှဲ့ကျင်းကျင်း၏ ခန္ဓာကိုယ်သည် ယခုအပြည့်အဝမဖွံ့ဖြိုးသေးသည့်အတွက်၊ ထိုစွမ်းအင်များသည် ထွက်ပေါ်မလာသေးပေ။ ထို့အပြင် သူမသည် အပျိုစင်ဘဝကိုဆုံးရှုံးခဲ့ပါက၊ ဤ သန့်စင်သော ယင်တည်ဆောက်ပုံသည် ပျက်စီးသွားလိမ့်မည်ဖြစ်သည်။
ရှဲ့ကျင်းကျင်းသည် ဆိုဆုံးမရခက်သည်မှန်သော်လည်း အလွန်အကျွံမဖြစ်ခဲ့ပေ။ ဤသည်ကို တွေး၍ ရွှယ်အန်း အနည်းငယ် စိတ်သက်သာရာရသွားသည်။
ဤညစာစားပွဲသည် အလွန်ကြာမြင့်ခဲ့၏။
ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့ ကလေးမလေးနှစ်ယောက်၊ အလွန်အိပ်ငိုက်လာသောအခါမှသာ ရွှယ်အန်းသည် မူးနေသော အဘိုးကြီးရှဲ့ကို အိမ်ထဲသို့ သေချာပြန်ပို့ပေးလိုက်သည်။ ထို့နောက်၊ ၎င်းတို့ပြန်ခါနီးတွင် အန်တီဖန်သည် ရွှယ်အန်း၏ လက်ကို ဆုပ်ကိုင်၍ ညှိုးနွမ်းသော အမူအရာဖြင့် ပြောလိုက်သည်။
“ရှောင်အန်း၊ အန်တီဖန်ကလေ အမြဲတမ်း သားကို အန်တီ့သားအရင်းတစ်ယောက်လို သဘောထားခဲ့တာ၊ အဲ့တာကြောင့် ထပ်ပြီးမပျောက်သွားပါနဲ့တော့ သားရယ်။ အန်တီတို့ကို မကြာမကြာလာတွေ့ပါ”
“အန်တီဖန်၊ စိတ်မပူပါနဲ့၊ သားဒီတစ်ကြိမ် မထွက်သွားတော့ပါဘူး”
ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့သည် အိပ်မောကျနှင့်ပြီဖြစ်၏။ ရွှယ်အန်းသည် ပခုံးနှစ်ဖက်ပေါ်သို့ တစ်ယောက်တစ်ဖက် မချီထားလိုက်သည်။
ခေါင်းသေးသေးလေးနှစ်လုံးသည် သူ၏ ပခုံးပေါ်သို့ မှီလျက်၊ သူတို့၏ နူးညံ့ပျော့ပြောင်းသော ဟောက်သံသည် ရွှယ်အန်း၏ လည်ပင်းသို့ ရိုက်ခတ်သွားသည့် လေပြေညှင်းလေးနှင့်တူ၏။
၎င်းတို့အားလုံး စားသောက်ဆိုင်အပြင်ဘက်သို့ ရောက်ကြသည်နှင့် ရွှယ်အန်းက ဖန်းမင်ရွှယ်ကို မေးလိုက်သည်။
“နင်ဘယ်ဟိုတယ်မှာ နေနေလဲ၊ ငါလိုက်ပို့ပေးမယ်”
ဖန်းမင်ရွှယ်က မြေပြင်သို့ ငုံ့ကြည့်လျက်၊ ပြန်ဖြေလိုက်သည်။
“ငါ… ငါဟိုတယ်မှာမနေဘူး။ ပေကျန်းကိုရောက်တာနဲ့ နဂါးဧကရာဇ်ဟိုတယ်ကို တန်းလာလိုက်တာ”
“အာ… နင်ရော ရွှမ်အာ”
“ငါ ဆေးရုံအဆောင်မှာပဲနေတယ်။ ဒါမယ့် အခု…သူတို့ သော့ပိတ်သွားလောက်ပြီ”
“ကောင်းပြီ၊ ဒီည ငါ့အိမ်မှာလိုက်နေကြမလား”
“အင်း” ဖန်းမင်ရွှယ်နှင့် ထန်ရွှမ်အာတို့ နှစ်ဦးလုံးသည် မြေပြင်သို့ကြည့်၍ တစ်ပြိုင်နက် ဖြေလိုက်ကြသည်။
ရှဲ့ကျင်းကျင်းသည်မူ၊ အိပ်နေရာမှ မျက်ရည်များစီးကျလျက်၊ တီးတိုးညည်းတွားသံပေါ်ထွက်လာ၏။
“ကိုကိုရှောင်အန်း,,, ညီမလေးကို မထားခဲ့ပါနဲ့၊ ညီမလေးကြီးလာရင် ကိုကိုနဲ့ လက်ထပ်မှာ”
အခန်းရှင်းနေစဥ် ဤစကားများကိုကြားလိုက်ရသည့် အန်တီဖန်သည် ခဏတာမျှ တုံ့ဆိုင်းနေပြီးမှ သက်ပြင်းချလိုက်သည်။
“အရူးမလေး မင်းအစ်ကို ရှောင်အန်းက သာမန်လူမဟုတ်ဘူး”