← Chapters

အခန်း (၂၅-၂၇)

Vol. 2 Ch. 25-27

အခန်း (၂၅-၂၇)

Vol. 2 Ch. 25-27

အခန်း(၂၅) မစ္စတာရွှယ်နှင့် တွေ့ပါ

“ဟား အနည်းဆုံးတော့ မင်းဉာဏ်ရှိသေးတာပဲ” ဟူသာ့ကျွင်းက လက်ကိုင်ဖုန်းကို ချ၍ ရွှယ်အန်းကို စူးရဲစွာကြည့်နေသည်။ ထိုအချိန်တွင် ဘေးမှ ကြည့်ရှု့သူများသည် တိတ်တဆိတ်ဆွေးနွေးနေကြ၏။

“ဒီကောင်က ဘယ်သူလဲ၊ သာ့ကျွင်းရဲ့လူတွေကို သူရိုက်ရဲတယ်ပေါ့၊ ငါသူ့ကိုမသိပေမယ့် အရမ်း မိုက်တယ်”

“အိုး အဲ့ကောင်အရမ်းချောတာပဲ”

“ရှူး တိတ်တိတ်နေစမ်း၊ ဟူသာ့ကျွင်းက သွားရှုပ်လို့ရတဲ့လူမဟုတ်ဘူး။ သူ့မှာ ကျောထောက်နောက်ခံရှိတယ်။ ငါကြားသလောက်ဆိုရင် အဲ့တာ ပေကျန်းရဲ့ နာမည်ကြီး အစ်ကိုခွန်းထင်တယ်”

လူများစွာသည် ရွှယ်အန်းအတွက် စိုးရိမ်ပူပန်လျက်၊ ရဲရင့်သော ကောင်လေးအချို့က ထအော်လိုက်ကြသည်။

“ဟေ့ သူငယ်ချင်း၊ အခုပြေးတော့၊ ပညာရှိက အရှုံးကိုသိရက်နဲ့ အရှုံးမခံဘူး”

“မှန်တယ် ကိုယ့်လူ၊ မင်းမှာမင်းရဲ့ ကောင်မလေးရှိသေးတယ်၊ မြန်မြန်ထွက်သွား အစ်ကိုခွန်းက နှောက်ယှက်လို့ ကောင်းတဲ့လူမဟုတ်ဘူး”

ရွှယ်အန်းက တုပ်တုပ်မျှ မလှုပ်ဘဲ၊ ထိုသူများကို ခပ်ပါးပါးပြုံးပြ၍ ပြန်ပပြောလိုက်သည်။

“ကောင်းပါပြီ၊ ဒီအစ်ကိုခွန်း ဘယ်လောက်တောင် အံ့သြဖို့ ကောင်းလဲဆိုတာ ကြည့်ချင်လို့”

အသိထားတတ်သောသူအချို့သည် ခေါင်းကို ခါယမ်း၍ ပြောလိုက်ကြသည်။

“ဒီခေတ်လူငယ်တွေက အမြဲပြိုင်ဆိုင်နေကြတယ်” သူတို့ စကားပြောနေစဥ်တွင် လုခွန်းနှင့် သူ့လူများ ရောက်လာကြသည်။

ဟူသာ့ကျွင်းပြောသကဲ့သို့ပင် လုခွန်းသည် ဤအနီးဝန်းကျင်၌ နေထိုင်ခြင်းဖြစ်၏။ ဤအခိုက်အတန့်တွင် လုခွန်းသည် ဒေါသမီးများဖြင့် တောက်လောင်နေ၏။ နဂါးဧကရာဇ်ဟိုတယ်တွင်ဖြစ်ခဲ့သည့် ကိစ္စရပ်ကြောင့် သူဌေး တုဖန်က သူ့အား မြို့ထဲမှ မောင်းထုတ်ခဲ့ကာ၊ ရေခဲကွင်းများကို ကြီးကြပ်ရန် စေလွှတ်ခဲ့သဖြင့် ဤလူဆိတ်ညံသော နေရာသို့ရောက်လာခဲ့သည်။ ပြတ်သားစွာဆိုရလျှင်၊ ပြည်နှင်ဒဏ်ခံလိုက်ရခြင်းပင်ဖြစ်၏။

သို့သော် ၎င်းသည် အဆိုးဆုံးမဟုတ်ပေ။ လုခွန်းအနာကျင်ရဆုံးအရာမှာ သူ့ဆံပင်များပင်ဖြစ်၏။ သူမှန်ကိုကြည့်တိုင်း၊ နှလုံးသွားထဲမှာ အောင့်သက်သက်ခံစားရသည်။ ရွှယ်အန်းသည် တကယ်ကိုပင် ကြမ်းတမ်း၏။ ဆံပင်တစ်မွှေးမျှပင် မကျန်ခဲ့ပေ။

ထို့ကြောင့် ယခု လုခွန်း၏ဦးခေါင်းသည် လူတို့၏ အရိပ်များကို ရောင်ပြန်ဟပ်ကာ၊ တောက်ပြောင် ချောမွတ်နေသော အသားဥတစ်လုံးကဲ့သို့ဖြစ်နေ၏။

“အဲ့တာကပြန်ပေါက်နိုင်လား”

သူ့အကြောင်းတွေးတိုင်း လုခွန်းသည် ရွှယ်အန်းကို အသက်ရှင်လျက် သတ်ပစ်ချင်စိတ်များ ပေါ်လာရသည်။ သို့သော် ဤသည်ကား စိတ်ကူးယဥ်ဆန်သော အတွေးတစ်ခုမျှသာဖြစ်၏။ တုဖန်းသည် သူ့ကို ပြင်းပြင်းထန်ထန် သတိပေးထားခဲ့သည်။ နောင်အနာဂတ်တွင် ရွှယ်အန်းကို မြင်ပါက၊ တတ်နိုင်သမျှ ခပ်ဝေးဝေးမှ နေရမည်ဖြစ်သည်။

တစ်ခုခုဖြစ်ခဲ့လျှင် တုဖန်က သူ့ကို ကယ်နိုင်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် လုခွန်းသည် ထိုနာကျည်းချက်ကို သူ့စိတ်ထဲတွင်သာ မြှုပ်နှံထား၏။

ဤတစ်ကြိမ်တွင် ဟူသာ့ကျွင်းထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသောအခါ၊ လုခွန်းသည် အမြတ်ဒေါသထွက်နေသဖြင့် ချက်ချင်းပင် သူ့လူများနှင့်အတူ ပြေးလာခဲ့သည်။ ဟူသာ့ကျွင်းက စောလျင်စွာ ခေါင်းညိတ်၍ ပြောလိုက်သည်။

“အစ်ကိုခွန်း မင်း ဘာလို့ ဦးထုပ်မဆောင်းခဲ့တာလဲ ဒီနေ့အရမ်းအေးတယ်”

လုခွန်းသည် ယခုအခါတွင် သူ့ဆံပင်နှင့် ပတ်သက်၍ အကဲအဆတ်ဆုံးဖြစ်လျက်ရှိရာ၊ ဦးထုတ်အကြောင်း သူ့ကို ပြောခြင်းကပင် အလွန်ဒေါသထွက်စေသဖြင့် ဟူသာ့ကျွင်းကို ပြင်းပြင်းထန်ထန် စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

“ငါလုပ်ချင်တာလုပ်မယ်”

“မှန်တယ်၊ မှန်တယ်၊ အစ်ကိုခွန်းကြည့်ပါဦး ငါ့လက်ချောင်းတွေ ပြတ်သွားပြီ၊ ဒီကောင်က မောက်မာလွန်းတယ်၊ ငါတို့လူတွေအားလုံးကို သူချေမှုန်းပစ်လိုက်ပြီ”

လုခွန်း၏ မျက်နှာထက်တွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လာသည်။

“သေစမ်း၊ ငါဒီရက်ပိုင်းစိတ်တွေအရမ်းရှုပ်နေတာ၊ ဘယ်သွားသွား ပြဿနာတွေက ငါ့ကို ရှာနေသလိုပဲ၊ ငါတစ်ယောက်ယောက်ကို သတ်ပစ်ရတော့မယ်ထင်တယ်”

သူ ဤသို့ပြောနေစဥ် ဟူသာ့ကျွင်း ညွှန်ပြသော လမ်းကြောင်းသို့ကြည့်လိုက်သည်။

ထို့နောက်… သူ အေးခဲသွားရသည်။

မီးရောင်အောက်တွင် လှောင်ပြုံးပြုံး၍ ရပ်နေသော ရွှယ်အန်းကို မြင်လိုက်ရ၏။

“အစ်ကိုခွန်း၊ အဲ့ကောင်ပဲ၊ ပြီးတော့ အဲ့ကြက်မက သူ့လူ၊ ဒီကောင့်ကို အရင်ဂရုစိုက်လိုက်ကြရအောင်၊ ပြီးရင် အစ်ကို ခွန်း အဲ့ကြက်မကို ယူ…”

သို့သော်ဟူသာ့ကျွင်း၏ စကားမဆုံးခင်တွင် လုခွန်းသည် သူ့မျက်နှာတစ်ပြင်လုံးကို ပါးဖြတ်ရိုက်လိုက်၏။

ဤရိုက်ချက်သည် အလွန် ရက်စက်ကြမ်းကြုတ်လှသဖြင့် ဟူသာ့ကျွင်းသည် မြေပြင်ပေါ်၌ လူးလိမ့်၍ သူ့မျက်နှာသူအုပ်ကာ၊ လုခွန်းကို ထုံထိုင်းဆွံ့အသော အမူအရာဖြင့် ကြည့်နေသည်။

“အစ်ကိုခွန်း…”

ထို့နောက်၊ လုခွန်းသည် လူတိုင်းကိုမေးရိုးပြုတ်ထွက်သွားလောက်အောင် အံ့သြစေခဲ့သည်။ သူသည် ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ၊ ရွှယ်အန်း၏ ရှေ့တွင် ဒူးထောက်ချလိုက်သည်။

“ကျွန်တော် မစ္စတာရွှယ့်ကို တွေ့ပြီ”

တစ်နေရာလုံး တိတ်ဆိတ်သွားသည်။ ဟူသာ့ကျွင်းနှင့် ချင်းဖန့်သည် ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေကြသည်။ ရွှယ်အန်းက ဒူးထောက်နေသော လုခွန်းကို ကြည့်၍ ပြောလိုက်၏။

“မင်း ဒီအချိန်အတွင်း တော်တော် အသိဉာဏ်ရှိလာပြီပဲ”

လုခွန်းသည် တုန်လှုပ်ခြောက်ခြားစွာ လေးစားစွာဖြင့် ဖြေလိုက်၏။

“မစ္စတာရွှယ်၊ ခင်ဗျားလာမယ်မှန်း ကျွန်‌တော်တကယ်မသိလိုက်ဘူး။ ကျွန်တော်သိခဲ့ရင် ခင်ဗျားကို စောစောစီးစီးတည်းက သေချာပေါက်လာနှုတ်ဆက်မှာပါ”

ရွှယ်အန်းက ခေါင်းကို ခါလိုက်သည်။

“အဲ့လောက်မလိုပါဘူ။ ဒါပေမယ့် မင်းရဲ့ နောက်လိုက်တွေကတော့ သိပ်မကြိုဆိုသလိုပဲနော်”

လုခွန်းသည် ချက်ချင်းထလာပြီးနောက်၊ ဟူသာ့ကျွင်းကို မြေပြင်ပေါ်သို့ ကန်ချ၍ ဒေါသစိတ်ကြောင့် နီရဲနေသော မျက်လုံးများကိုပြူးကာ၊ အော်လိုက်သည်။

“စောက်ကန်း ဒါဘယ်သူလဲဆိုတာ မင်းသိလား။ ဒါ မစ္စတာရွှယ်၊ မင်းအသက်မရှင်ချင်တော့ဘူးလား။ မစ္စတာရွှယ်ရှေ့မှာ မင်း ဘယ်လို ရိုင်းရိုင်းစိုင်းစိုင်း လုပ်ရဲတာလဲ”

ဤအချိန်တွင် ဟူသာ့ကျွင်း၏ စိတ်ထဲ၌ အတွေးတစ်ခု ရုတ်တရက် ပေါ်လာ၍ထိတ်လန့်သွားသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းတွင် ဒဏ္ဍာရီတစ်ပုဒ်သည် ပေကျန်းမြို့တစ်မြို့လုံးသို့ ပျံနှံ့သွား၏။

နဂါးဧကရာဇ်ဟိုတယ်တွင် တစ်စုံတစ်ယောက်သည် လုခွန်းကို ရိုက်နှက်၍ တုဖန်ကိုပင် ခေါင်းညွတ်၊ လက်အောက်ခံခိုင်းခဲ့သည်ဟု ဆိုပါသည်။ ဤလူသည် နဂါးဧကရာဇ်ဟိုတယ်၏ ကျောထောက်နောက်ခံဖြစ်သည့် ချင်းမိသားစု၏ မမလေးကိုပင် ကိုယ်တိုင်ကိုယ်ကျ သူ့ကိုလာကြိုခဲ့ခိုင်းခဲ့သည်ဟု ကောလဟာလများလည်း ထွက်ပေါ်နေခဲ့သည်။

ဤလူဖြစ်နိုင်သလော…။

ထိုအတွေးကို တွေးမိကာ၊ ဟူသာ့ကျွင်းသည် လျင်မြန်စွာထ၍ မြေပြင်ပေါ်တွင် ဒူးထောက်ကာ၊ အားကြိုးမာန်တက် တောင်းပန်လိုက်သည်။

“မစ္စတာရွှယ်… ကျုပ်အသက်ကို ချမ်းသာပေးပါ။ မစ္စတာရွှယ်၊ ကျုပ်အသက်ကို ချမ်းသာပေးပါ၊ ကျုပ်အရူးပါ ကျုပ်အကန်းပါ”

ဤသို့‌သော အံ့အားသင့်ဖွယ်ရာ အလှည့်အပြောင်း အဖြစ်အပျက်များသည် ကြည့်ရှု့နေသူများကို ဆွံ့အသွားစေသည်။ မူလက မောက်မာနေခဲ့သည့် ဟူသာ့ကျွင်းသည် ယခု မြေပြင်ပေါ်တွင် ဒူးထောက်၍ မြေးတစ်ယောက်ကဲ့သို့ တောင်းပန်နေသည်ကို မြင်လိုက်ကြရသည်။ ပေကျန်းမြို့၏ လူသိများသော လူ့ခွန်းပင်လျှင် သနားညှာတာထောက်ထားရန်၊ နှိမ်ချတောင်းပန်လျက်ရှိသည်။ လူများစွာသည် ရွှယ်အန်းကို နားမလည်နိုင်သောအမူအရာများဖြင့် ကြည့်ရှု့လျက်ရှိကြသည်။

ရွှယ်အန်းသည် ထိတ်လန့်တုန်လှုပ်နေပြီဖြစ်သော ခုနှစ်မှတ်တန်အမျိုးသမီးထံသို့ လှည့်ကြည့်လိုက်သည်။

“မင်းမြင်ပြီလား၊ ငါအဲ့တုန်းက စိတ်ကောင်းဝင်နေလို့ မင်းကို လွှတ်ပေးလိုက်တာလို့ ပြောသားပဲ။ ဒါပေမယ့် မင်းက လက်မလျှော့ဘဲ သေချင်နေတာ၊ ငါ့အဆိုးဆိုလို့မရဘူးမလား”

ခုနှစ်မှတ်တန်အမျိုးသမီးသည် ဖြူဖျော့လျက်၊ သူ့အနားမှ ဟူသာ့ကျွင်းသည်မူ ဒေါသတကြီးဖြစ်နေ၏။

ဤအရာများအားလုံးသည် ဤမိန်းမတစ်ယောက်ကြောင့်သာဖြစ်သည်။ အကယ်၍ သူမ၏ လှုံ့ဆော်မှုကြောင့်သာမဟုတ်ပါက၊ ဤဖြစ်စဥ်တွင် သူ၏ လက်နှစ်ချောင်း ဆုံးရှုံးခဲ့ရမည်မဟုတ်သည့်အပြင် ဤသို့သော သနားဖွယ်အခြေအနေသို့ ကျရောက်ရလိမ့်မည်မဟုတ်ပေ။

ထို့ကြောင့် သူက မတ်တပ်ထရပ်ကာ၊ ထိုမိန်းမကို ပါးရိုက်လိုက်သည်။ ခုဏက ပြန်ညှိထားသော ခုနှစ်မှတ်တန် အမျိုးသမီး၏ နှာခေါင်းသည် တစ်ဖန်ပြန်၍ရွဲ့စောင်းသွား၏။

ဤအခိုက်တွင် လုခွန်းသည် ရွှယ်အန်းကို မော့ကြည့်ရန်ပင် သတ္တိမရှိသဖြင့် ခေါင်းပြောင်ပြောင်ပေါ်တွင် ချွေးတဒီးဒီးစိုရွှဲစွာဖြင့် မတ်တပ်ထရပ်လိုက်သည်။ သ

ဤလူသည် သူတစ်သက်တာလုံးမေ့နိုင်တော့မည်မဟုတ်သည့် မှတ်ဉာဏ်များကို ချန်ထားခဲ့သည်။

ရွှယ်အန်းက ခပ်ပါးပါးပြုံးလိုက်သည်။

“တကယ်တော့ မင်းနဲ့ ကတုံးက ပိုလိုက်ပါတယ်”

လုခွန်း၏ အပြုံးသည် ငိုသည်ထက်ပို၍ အရုပ်ဆိုးနေ၏။

“ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့”

ထိုမှသာ ရွှယ်အန်းသည် ထန်ရွှမ်အာကို ခေါ်၍ထွက်ခွာလာခဲ့သည်။ ရွှယ်အန်းအတွက်၊ ဤလူမှုရေးအကျင့်ပျက်ခြစားနေသောသူများကို ကိုယ်တိုင် သတ်ရန် မထိုက်တန်ပေ။

ရွှယ်အန်း ခပ်လှမ်းလှမ်းသို့လမးလျှောက်သွားသောအခါမှ, ဟူသာ့ကျွင်းသည် နောက်ဆုံးတွင် လုခွန်း၏ အနီးနားသို့ ထိတ်လန့်တကြား ချဥ်းကပ်လာကာပြောလိုက်သည်။

“အစ်ကို ခွန်း…”

“ငါ့ဖင်ကြီးကို အစ်ကို၊ မင်းလုပ်လို့ ငါသေတော့မလိုဆိုတာ မင်းသိလား” လုခွန်းက ဒေါသတကြီး ပေါက်ကွဲထွက်လာသည်။

ဤအချိန်တွင် လုခွန်းသည် သူ့စိတ်ထဲမှ နာကျည်းမှုအချို့ကိုပင် ခံနိုင်ရည်မရှိလှပေ။ ရွှယ်အန်းအနားတွင် မိနစ်အနည်းငယ်ကြာ နေခဲ့ရခြင်းသည် သေမင်းတမန်၏ အနားတွင်နေလိုက်ရခြင်းနှင့် ဆင်တူ၏။ လုခွန်းသာ အလျင်အမြန်မတုံ့ပြန်ခဲ့ပါက၊ ယခုအချိန်တွင် ခေါင်းပြတ်သွားခဲ့လောက်ပြီဖြစ်၏။ ခေါင်းနှင့်ယှဥ်ပါက၊ သူ့ဆံပင်များ ဆုံးရှုံးသွားခဲ့ရခြင်းသည် မည်သို့မျှမဟုတ်လှပ‌ေ.

ဟူသာ့ကျွင်းသည် ယခုအခါ အလွန်ကြောက်လန့်နေသဖြင့် အသံတစ်တစ်သံပင်မထွက်ရဲတော့ပေ။

“အခုအချိန်ကစပြီ၊ ဒီလူကိုတွေ့ရင် တတ်နိုင်သမျှ ဝေးဝေးနေပါ။ မင်း တကယ်သူ့ကို မရှောင်နိုင်တော့ဘူးဆိုရင် ဒူးထောက်ပြီး မြေးတစ်ယောက်လို တောင်းပန်လိုက်စမ်းပါ” လုခွန်းက အသက်ကို ပြင်းပြင်းရှု၍ ပြောလိုက်သည်။

“ဟုတ်” ဟူသာ့ကျွင်းသည် ခေါင်းငုံ့လျက်ပြန်ဖြေသည်။

“မင်းကို ခြောက်ဖို့ကြိုးစားနေတာလို့ မထင်နဲ့၊ ဒါ တုဖန်ကိုယ်တိုင် ငါ့ကို သတိပေးခဲ့တာပဲ။ မင်းက တုဖန်ထက် ပိုကြမ်းတယ်ထင်ရင်တော့ သွား၊ ကြိုးစားကြည့်”

အခန်း(၂၆) လူတစ်ဦး၏ ဆန္ဒအလျောက်ပြုမူနေထိုင်ခြင်း

ရွှယ်အန်းနေထိုင်သည့် လူနေအဆောက်အအုံအဝင်ဝသို့ ရောက်သောအချိန်သည် အလွန်နောက်ကျနေပြီဖြစ်၏။ ကလေးမလေးနှစ်ယောက်သည် ရွှယ်အန်း၏ ရင်ခွင်ထဲတွင် တစ်ဖန်အိပ်ပျော်သွားကြပြန်သည်။ ၎င်းတို့ကို ချီမလျက်၊ ရွှယ်အန်းသည် ဖန်းမင်ရွှယ်နှင့် ရယ်မောကာ၊ စကားစမြည်ပြော၍ ပြန်လာခဲ့သည်။ ထန်ရွှမ်အာသည်မူ ညစာစားပြီးသည်နှင့် သူမ၏ ဆေးရုံအိပ်ဆောင်သို့ ပြန်လာခဲ့၏။ အဆောက်အဦးအဝင်ဝသို့ရောက်သောအခါ၊ ရွှယ်အန်းသည် လမ်းဘေးတွင်ရပ်ထားသော ကားတစ်စီးကို သတိထားမိလိုက်သည်။ ၎င်းသည် အနီရောင် ဖရာရီကားဖြစ်ကာ၊ ၎င်း၏ ပျော့ပျောင်းသော ကားကိုယ်ထည်သည် ဖြတ်သွားဖြတ်လာများကို အလွန်မျက်စိကျစေ၏။

ထိုသို့‌သောကားမျိုးသည် ညစ်ပတ်၍ ရှုပ်ပွနေသော ပတ်ဝန်းကျင်နှင့် ဆန်ကျင်ဘက်ဖြစ်သဖြင့် အလွန်ထင်းထွက်နေ၏။ ကားကို မြင်ရသည်နှင့် ဖန်းမင်ရွှယ်၏ အမူအရာသည် သိသိသာသာပြောင်းလဲသွားသည်။ ဤအချိန်တွင် ကတ်ကြေးပုံစံကား၏တံကား ပွင့်လာကာ၊ အနက်ရောင်ငါးပိုက်ကွန်သဏ္ဍာန် တင်းကြပ်သော ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ကားထဲမှ ထွက်လာ၏။

ထိုအမျိုးသမီးသည် အတန်အသင့် ဆွဲဆောင်မှုရှိသော်လည်း သူမ၏ မျက်နှာသည် တင်းမာကာ၊ ပါးလွှသော နှုတ်ခမ်းဖျားများသည် ဓားသွားကဲ့သို့ အသေးအမွှားပြဿနာပင်မဖြစ်ချင်သည့် အရိပ်အယောင်ပြနေ၏။

“မင်ရွှယ်၊ နင်တကယ် ဒီမှာပါလား” အမျိုးသမီးက အေးစက်စွာပြောလိုက်သည်။

“မမဟန်” ဤသို့တီးတိုးရေရွတ်ပြီးနောက်၊ ဖန်းမင်ရွှယ်၏ အမူအရာသည် အလွန်စိတ်ညစ်သွားပုံပေါ်၏။ ဤအမျိုးသမီးသည် “သံမဏိဘုရင်မ” ဟု လူသိများသော၊ “ဆီဇာဘုရင်မ” ဟူသော အမည်ဖြင့် ကျော်ကြားသည့် သူမ၏ အေးဂျင့်မှလွဲ၍ အခြားသူမဟုတ်ပေ။

ဟန်ယောင်းက ခေါင်းညိတ်လိုက်သည်။

“ကားထဲဝင်”

ဖန်းမင်ရွှယ်သည် တုပ်တုပ်မျှမလှုပ်ပေ။ ဟန်ယောင်းက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

“မင်ရွှယ်၊ ဒီလိုလူက နင့်နဲ့တန်လို့လားဆိုတာ ရှင်းရှင်းလင်းလင်းတွေးတတ်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်”

ဖန်းမင်ရွှယ်က ရုတ်တရက် ခေါင်းမော့၍ စိတ်အားထက်သန်စွာပြောလိုက်သည်။

“သူထိုက်တန်တယ်”

ရွှယ်အန်း၏ရင်ခွင်ထဲမှ ကလေးနှစ်ယောက်ကို မြင်လိုက်ရသောအခါ၊ ဟန်ယောင်း၏ အကြည့်သည် ပို၍ အေးစက်လာ၏။ ဖန်းမင်ရွှယ် စကားမပြောဘဲ ထွက်သွားသည့်နေ့ကတည်းက ဤဆီဇာဘုရင်မသည် အလွန် ဒေါသထွက်နေပြီဖြစ်၏။ သူမသည် ဖန်းမင်ရွှယ်ကို ပြန်ဆွဲခေါ်ရန် ရည်ရွယ်၍ ပေကျန်းမြို့မှ ကိုယ်တိုင်ကိုယ်ကျ ကားမောင်းလာခဲ့ခြင်းဖြစ်သည်။

“မင်ရွှယ်၊ ဒီကိုမလာခင်က မင်းကို ဖမ်းစားနိုင်တဲ့ယောက်ျားက ထူးခြားတဲ့လူတစ်ယောက်ဖြစ်မယ်လို့ ထင်ခဲ့တာ။ ဒါပေမယ့်၊ ကလေးနှစ်ယောက်နဲ့ ဒီလိုနေရာမှာနေနေရလိမ့်မယ်လို့တော့ ငါလုံးဝမမျှော်လင့်ထားဘူး”

ဟန်ယောင်း၏ လေသံသည် အနည်းငယ်ပျော့သွားသည်။

“မိန်းမတွေက အချစ်အတွက် စိတ်မြန်လက်မြန်ပြုမူဖို့ အရမ်းလွယ်တယ်။ ဒါပေမယ့် အဓိကအချက်ကတော့၊ ဒါတွေအားလုံးက အဓိပ္ပါယ်ရှိမရှိ ရှင်းရှင်းလင်းလင်းစဥ်းစားဖို့ပဲ။ ဒီလိုလူမျိုးက နင်နဲ့မ ထိုက်တန်ဘူး”

ထိုစကားများပြောနေစဥ်တစ်လျှောက်လုံး ရွှယ်အန်းကို တစ်ချက်တစ်လေမျှပင် မကြည့်ခဲ့ပေ။ ဟန်ယောင်း၏ မျက်လုံးထဲတွင် ဆွဲဆောင်မှုရှိသော်လည်း ဝတ်စားဆင်ယင်ပုံနှင့် နေပုံထိုင်ပုံကို ကြည့်လျှင်၊ လူ့အဖွဲ့အစည်း၏ အောက်ခြေလူတန်းစားတစ်ရပ်ဖြစ်ကြောင်း သိသာ၏။ ဖန်းမင်ရွှယ်သည် ထိုသို့သော ယောက်ျားများအတွက် သူ့အဆင့်သူချနေသည်ဟူသည့် အချက်သည် ဟန်ယောင်းကို အလွန်အမင်းဒေါသဖြစ်စေသည်။

ဖန်းမင်ရွှယ်သည် ခေါင်းကို ခါယမ်းလျက်ပြန်ပြောလိုက်သည်။

“မမဟန် မမနားမလည်ပါဘူး”

“နားမလည်ဘူးလား, ဟား” ဟန်ယောင်းက အေးစက်စွာ ရယ်မောလိုက်သည်။ “သူလိုကောင်မျိုးအတွက်၊ သတင်းထောက်တွေရှေ့မှာ မင်း နင့်အချစ်ရေးကို ကြေညာပြီး ကျုံးတုမြို့ရဲ့ သခင်လေးလေးယောက်ထဲက ယွဲ့ရှောင်ကို ငြင်းလိုက်တာပေါ့။ နင့်လုပ်ရပ်တွေက ကုမ္ပဏီကို ဘယ်လောက်တောင်ထိခိုက်လဲဆိုတာ နင်သိလား”

“အင်တာနက်တစ်ခုလုံးမှာ နင့်အကြောင်း ပျံ့နေပြီ။ နောက်ပြီး နင်တကယ်ပဲ သူ့အတွက်၊ နိုင်ငံကျော် နာမည်ကြီး ဒါရိုက်တာနဲ့ လက်တွဲလုပ်ကိုင်ရမယ့် အခွင့်အရေးကို လက်လွှတ်လိုက်တာလား။ သူ့မှာ ဘာကောင်းတာရှိလို့လဲ”

“သူနဲ့ပတ်သက်တာ အကုန်လုံးကောင်းတယ်၊ အနည်းဆုံးတော့၊ ငါသူနဲ့နေရင် ပျော်သေးတယ်။ ငါအရမ်းပျော်တယ်” ဖန်းမင်ရွှယ်က ပြတ်သားစွာပြောလိုက်သည်။

ဟန်ယောင်းသည် သူ့ဘေးတွင်ရပ်နေသော ရွှယ်အန်းကိုကြည့်လိုက်ရာ၊ သူမမျက်နှာ်ထက်တွင် ကဲ့ရဲ့သရော်မှုများ ပြည့်နေ၏။

“ရှင် တော်တော် လွှမ်းမိုးနိုင်နေတယ်ပေါ့ ဟုတ်လား။ ရှင် မင်ရွှယ်ကို ဘယ်လိုပြုစားထားလဲတော့မသိပေမယ့်၊ ကျွန်မတစ်ခုမေးချင်တယ်။ ရှင့်မှာ သူ့ကို ထောက်ပံ့နိုင်စွန်းရှိလို့လား”

ဟန်ယောင်းသည် ဖန်းမင်ရွှယ်ဝတ်ထားသော အဝတ်အစားများကို ညွှန်ပြလိုက်သည်။

“သူ့ကိုယ်ပေါ်က အဝတ်အစားအကုန်လုံးကို ဥရောပမှာ ချုပ်ထားတာပဲ။ သူသုံးနေတဲ့ လက်လိမ်းဆီတောင်မှ ရှင့် လစာထက် များလောက်တယ်။ အဲ့လိုအနာဂတ်ရှိတဲ့မိန်းကလေးမျိုးကို ရှင်နဲ့ ဆင်းဆင်းရဲရဲနေစေချင်လို့လား”

ဟန်ယောင်းက ရွှယ်အန်းကို လှည့်ကြည့်လိုက်သည်။

ဖန်းမင်ရွှယ်သည် ရွှယ်အန်းဘက်မှ ခုခံပြောတော့မည့်ဆဲဆဲတွင် ရွှယ်အန်းက ခေါင်းခါ၍ တိတ်တိတ်နေရန် အချက်ပြပြီးနောက်၊ ဟန်ယောင်းကို ခပ်ပါးပါးပြုံးပြလိုက်သည်။

“မင်းပြောတာ တော်တော်တော့ ကျိုးကြောင်းစီလျော်သားပဲ။ ဒါပေမယ့်… ကြွက်ဖမ်းဖို့ကြိုးစားနေတဲ့ မဆိုင်တဲ့အရာတွေကိုအနံ့ခံနေတယ်ဆိုတဲ့ စကားပုံကိုကြားဖူးလား”

ဟန်ယောင်းသည် ပထမဆုံး အနည်းငယ် ကြောင်သွားမိသော်လည်း အပြင်းအထန် ဒေါသထွက်လာ၏။ သူမ၏အသိုင်းအဝိုင်းတွင် မရေမတွက်နိုင်သော အဆက်အသွယ်များရှိသည့် သူဌေးတစ်ယောက်အနေဖြင့် သူမကို မည်သူမျှ ထိုသို့မပြောဝံ့ခဲ့ကြပေ။

“ကလေး၊ မင်းက ကိုယ်သေတွင်းကိုယ်တူးနေတာပဲ” ဟန်ယောင်းက အေးစက်စွာ‌ပြောပြီးနောက်၊ ခပ်မြင့်မြင့်ကန်လိုက်သည်။

ရွှယ်အန်းသည် ခေါင်းကို အနည်းငယ်စောင်း၍ ကန်ချက်ကို တိမ်းရှောင်လိုက်၏။

သူ့လက်တစ်ဖက်တစ်ချက်စီတွင် ရွှယ်အန်းနှင့် ရွှယ်နျန်တို့ကို ချီထားရသော်လည်း အနည်းငယ်မျှပင် စိုးရိမ်ထိတ်လန့်သည့် အရိပ်အယောင်မျိုးမရှိပေ။

“ဒူးထောက်”

ဟန်ယောင်းသည် ပြင်းထန်သော စွမ်းအားကို ခံစားလိုက်ရကာ၊ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။ သူမတစ်ကြိမ်တစ်ခါမျှ မကြုံခဲ့ရဖူးသည့် အရှက်ခွဲခံလိုက်ရခြင်းဖြစ်သည့်အပြင်၊ ပြန်ထရန် ကြိုးစားနေသည့်တိုင်၊ မရသဖြင့်၊ ပြင်းပြင်းထန်ထန်ရုန်းကန်၍ မျက်လုံးများနီရဲလာသည်။ သို့သော်အရာအားလုံးသည် အချည်းအနှီးမျှသာဖြစ်သည်။ ဟန်ယောင်းသည် သူမ၏ ပခုံးပေါ်သို့ တောင်တစ်လုံးဖိထားသကဲ့သို့ ခံစားနေရသည်။ ထိုအချိန်တွင် နောက်ဆုံး၌ ဟန်‌ယောင်း၏ မျက်လုံးများထဲတွင် ထိတ်လန့်သော အရိပ်အယောင်များ တဖျပ်ဖျပ်ပေါ်လာ၏။ ရွှယ်အန်းသည် ယခု ဟန်ယောင်းရှေ့တွင် မတ်တပ်ရပ်လျက်၊ ဟန်ယောင်းကို ငုံ့ကြည့်နေသည်။

“တကယ်တော့ မင်းပြောတာမှန်တယ်။ မင်ရွှယ်က တောက်ပတဲ့အနာဂတ်ကို ပိုင်ဆိုင်ထားတဲ့မိန်းကလေးတစ်ယောက်ပဲ။ ဒါပေမယ့်၊ မင်းမှားနေတာ နှစ်ခုရှိတယ်”

“ပထမတစ်ခုက၊ ငါမင်ရွှယ်ကို ထွက်မသွားနဲ့လို့ ငါမတားဘူး။ နောက်တစ်ခုက၊ မင်ရွှယ်က အသက်ရှိတယ်ကွ၊ သူ့ကို ဘယ်သူမှ တားပိုင်ခွင့်မရှိဘူး”

“ဒီကမ္ဘာပေါ်မှာ ဘယ်သူမှ ကိုယ်သဘောအတိုင်းကိုယ် လုပ်လို့မရဘူးရှင့်” ဟန်ယောင်းက အေးစက်စွာ ရယ်မောလိုက်သည်။

ရွှယ်အန်းက ခေါင်းကိုခါယမ်းလျက်၊ ပြန်ပြော၏။

“မင်းမှားနေပြီ၊ အနည်းဆုံးတော့၊ ငါလုပ်လို့ရတယ်”

ဟန်ယောင်းသည် ကမ္ဘာပေါ်တွင် ရယ်စရာအကောင်းဆုံးသော ဟာသတစ်ပုဒ်ကို ကြားလိုက်ရသကဲ့သို့ လှောင်ပြောင်ရယ်မောလိုက်သည်။

“ရှင့်ကွန်ဖူးလေး နည်းနည်းတတ်တာနဲ့၊ စိတ်တိုင်းကျလုပ်လို့ရမယ်လို့မထင်နဲ့၊ ဒီကမ္ဘာကြီးကို ပိုက်ဆံနဲ့ အာဏာက အုပ်ချုပ်ထားတာ၊ ရှင့်လိုမျိုးလူတစ်ယောက်က ကျုံးတုမှာ သုံးရက်တောင် အသက်ရှင်မှာမဟုတ်ဘူး”

ရွှယ်အန်းက မယုံမကြည်နိုင်ဖြစ်နေသည့် ဟန်ယောင်ကိုကြည့်၍ ခေါင်းကို မသိမသာညိတ်၍ ပြောလိုက်သည်.

“မင်းမမှားပါဘူး။ ဒီကမ္ဘာကြီးက အာဏာနဲ့ ငွေကြေးနဲ့လည်ပါတ်နေတာပါ၊ မှန်ပါတယ်။ ဒါပေမယ့် ငါတစ်ခုခုလိုရင်တော့ ဘယ်သူမှ ငါ့ကို ငြင်းဆန်ရဲမှာမဟုတ်ဘူး။

ဟန်ယောင်းက အေးစက်စွာ ရယ်မော၍

“ရှင့်ကိုယ်ရှင် ဘာထင်…”

ရွှယ်အန်း၏ မျက်လုံးများကို ကြည့်၍ သူမ စကားကို ဆုံးသည်ထိတိုင် ဆက်မပြောနိုင်တော့ပေ။ ပျော်ရွှင်မှု သို့မဟုတ်၊ ဝမ်းနည်းမှု အနည်းငယ်မျှပင် ရောယှက်မနေသည့် မျက်လုံးများသည် ဧကရာဇ်တစ်ပါးကဲ့သို့ ခံစားချက်ကင်းမဲ့နေ၏။

“အေး ရွှယ်အန်းဆိုတဲ့ ငါက၊ ဘဝမှာ စကားသုံးလုံးအတိုင်းပဲ အမြဲနေတယ်။ “ကိုယ့်စိတ်လိုရာရဲ့နောက်ကို လိုက်” တဲ့။ အကယ်၍ တစ်ယောက်ယောက်ကျ ငါ့အလိုကို မလိုက်နာဘူးဆိုရင် သူတို့အတွက်ပြစ်ဒဏ်က သေခြင်းတရားပဲ။ လူတစ်ယောက်က ငါ့ကို ဆန့်ကျင်ရင်၊ ငါ လူတစ်ယောက်ကို သတ်မယ်၊ လူဆယ်ယောက်က ဆန့်ကျင်ရင် လူဆယ်ယောက်လုံးကို သတ်မယ်။ အေး၊ တစ်ကမ္ဘာလုံးက ဆန့်ကျင်နေ‌ရင်တော့၊ ကောင်းကင်အောက်က လူတိုင်းကို ဇီဝိန်ချုပ်ပစ်မယ်”

ဤစကားများသည် ဟန်ယောင်း၏ ရင်ကို အေးခဲသွားစေသည်။ အခြားသူတစ်ယောက်သာပြောနေခြင်းဖြစ်လျှင်၊ ထိုသူ ရူးနှမ်းနေ၍ ပြောနေသည့်စကားများဟု သူမထင်ကောင်းထင်မိလိမ့်မည်ဖြစ်သော်လည်း၊ ရွှယ်အန်း၏ နှုတ်ဖျားမှစကားများဖြစ်နေသောအခါတွင်၊ ၎င်းတို့သည် အလွန်သဘာဝကျပုံရသည်။ ပထမဆုံးအကြိမ်အဖြစ်၊ ဟန်ယောင်းသည် အလွန်ပြင်းထန်သော ကြောက်လန့်မှုတစ်ခုကို ခံစားလိုက်ရ၏။

သူမ ရွှယ်အန်း၏ ခန္ဓာကိုယ်မှ ထွက်လာသော ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်ကို ခံစားလိုက်ရသည်။ ရွှယ်အန်းသည် ဟန်ယောင်း၏ ဘဝကိုအဆုံးသတ်ပေးရန် အဆင်သင့်ဖြစ်နေပြီဖြစ်၏။ ဤအမျိုးသမီးသည် ဖန်းမင်ရွှယ်အတွက် အမှန်တကယ်ပင် များစွာ အဓိပ္ပါယ်ရှိကောင်းရှိနိုင်သော်လည်း သူမ၏ စကားများကြောင့် ရွှယ်အန်းသည် သူမဟာ ဤကမ္ဘာတွင် အသက်ရှင်နေထိုင်ရန် မထိုက်တန်တော့ဟု ခံစားမိလာရသည်။

ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို မိမိလက်ထဲတွင် ချယ်လှယ်နိုင်ခြင်းသည် ဤသို့ပင်ဖြစ်၏။

“ရွှယ်အန်း၊ မလုပ်ပါနဲ့” ဖန်းမင်ရွှယ်က ရုတ်တရက်အော်လိုက်သည်။

ရွှယ်အန်းသည် သူ၏ သတ်ဖြတ်လိုစိတ်ကို ထိန်းချုပ်၍ ဖန်းမင်ရွှယ်ကိုကြည့်လိုက်သည်။ ဖန်းမင်ရွှယ်သည် သူမ နှုတ်ခမ်းကို ကိုက်၍ ပြောလိုက်သည်။

“မမဟန်က ငါ့အပေါ် အရမ်းကောင်းပါတယ်။ သူ့ကိုလွှတ်ပေးလိုက်ပါ”

“ကောင်းပြီ” ရွှယ်အန်းက ဖန်းမင်ရွှယ်ကို ခပ်ပါးပါးပြုံး၍ပြောလိုက်သည်။

ထိုမှသာ ဟန်ယောင်းသည် ကြီးမားသောဝန်ထုပ်ဝန်ပိုးကြီး တစ်ခုကို ဖယ်ရှားလိုက်နိုင်သကဲ့သို့ ခံစားလိုက်ရကာ၊ ကြမ်းပြင်မှ အလျင်အမြန်ထလိုက်သည်။ ထိုအချိန်မှသာ သူမ၏ ကျောပြင်တစ်ခုလုံး ချွေးများဖြင့် အေးစက်၊ စိုစွတ်နေသည်ကို သိလိုက်ရသည်။

အခန်း(၂၇) မမ ‘ခံ့တယ်’ဆိုတာ ဘာကိုဆိုလိုတာလဲ

ဤသူကား မည်သူနည်း၊ အဘယ်ကြောင့် ဤသို့ပြင်းထန်သည့် အစွမ်းအစမျိုးရှိနေသနည်း။

ဟန်ယောင်းသည် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားသည်။

“မမဟန် ကျွန်မ မမကို အရင်တည်းက ပြောခဲ့ဖူးပါတယ်။ ကျွန်မ မင်းသမီးတစ်လတ်ဖြစ်လာချင်တာ ပျောက်နေတဲ့ ရွှယ်အန်းကို ရှာဖို့ပဲ။ အခု သူပြန်လာပြီဆိုတော့ ကျွန်မ ဆက်ပြီး မင်းသမီးမလုပ်နိုင်တော့ဘူး”

ဟန်ယောင်းက တုန်လှုပ်လျက် ဖန်းမင်ရွှယ်ကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။

“နင်ဘာတွေပြောနေတာလဲ နင်သိလား။ နင့်ရဲ့သရုပ်ဆောင်အလုပ်က အခုမှစတာ၊ နင့်ရှေ့မှာ မရေမတွက်နိုင်လောက်တဲ့ ပန်းခင်းလမ်းတွေနဲ့ လက်ခုပ်သံတွေကစောင့်ကြိုနေတာလေ။ အဲ့တာတောင် နောက်ဆုတ်ဖို့ စဉ်းစားနေတာလား”

ဖန်းမင်ရွှယ်က ခေါင်းငုံ့၍ စကားတစ်ခွန်းမျှမပြောပေ။ ဖန်းမင်ရွှယ် ဤသို့ ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ဟန်ယောင်းက အံ့ကိုကြတ်၍ ရွှယ်အန်းကို စကားပြောရန် သတ္တိစုစည်း၍ ပြောလိုက်သည်။

“မစ္စတာရွှယ်၊ ကျွန်မ တောင်းပန်ပါတယ်၊ စောစောကပြောခဲ့တဲ့ ကျွန်မစကားတွေကို ပြန်ရုတ်သိမ်းပါတယ်။ ဒါပေမယ် ကျေးဇူးပြုပြီး နားလည်ပေးပါ၊ မင်ရွှယ်က ကျွန်မအတွက် သမီးအရင်းတစ်ယောက်လိုပါပဲ။ သူရုတ်တရက် နှုတ်ထွက်သွားတာက တကယ်ကို စိတ်ပျက်စရာပဲ”

ရွှယ်အန်းသည် နှုတ်ဆိတ်နေ၏။

ဟန်ယောင်းက ဆက်ပြောသည်။

“ရှင်က သာမန်လူတစ်ယောက် မဟုတ်ဘူးဆိုတာ ကျွန်မသိပါတယ်။ ဒါပေမယ့် အောင်မြင်ကျော်ကြားတဲ့ ကမ္ဘာကျော်မင်းသမီး မင်ရွှယ်က ရှင့်အနားမှာပဲ ကပ်တွယ်နေချင်တဲ့ မိန်းမတစ်ယောက်ထက် အများကြီး ပိုကောင်းပါတယ်။

“ငါ့ကို ဘာလို့ ဒါတွေလာပြောနေတာလဲ”

“ရှင် သူ့ကို ဖြောင်းဖျပေးနိုင်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်”

“ငါခုဏ ပြောခဲ့တဲ့အတိုင်းပဲ၊ မင်ရွှယ်က သက်ရှိလူသာစတစ်ယောက်ပါ။ သူလုပ်ချင်တာ ဘာဖြစ်ဖြစ် ငါ ထောက်ခံပေးနေမှာပဲ”

ဟန်ယောင်းက ဖန်းမင်ရွှယ်ဘက်သို့ ပြန်လှည့်၍

“မင်ရွှယ် နင်သေချာ စဉ်းစားနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်။ ဒါ့အပြင် စတီဖန်က လာမယ့် နှစ်ရက်အတွင်း ပေကျန်းကို လာလိမ့်မယ်။ နင်စိတ်ပြောင်းသွားရင် ငါ သူနဲ့တွေ့ဖို့ခေါ်သွားပေးလို့ရတယ်”

ဖန်းမင်းရွှယ်က စကားတစ်ခွန်းမျှထပ်မပြောခဲ့ပေ။ ဟန်ယောင်းသည် ရွှယ်အန်းကိုကြည့်၍ စကားမဆက်ရဲသဖြင့် လှည့်ပြန်သွားခဲ့သည်။ ရွှယ်အန်းသည်မူ အိမ်ပေါ်ထပ်သို့ တက်ကာ၊ ကလေးမလေးနှစ်ယောက်ကို နေရာချထားပြီးလိုက်သည်။

“ရွှယ်အန်း ငါ သွားသင့်တယ်လို့ထင်လား” ဖန်းမင်ရွှယ်က တုန်ယင်နေသောအသံဖြင့် မေးလိုက်သည်။

ရွှယ်အန်းက ခပ်ပါးပါးပြုံးကာ၊

“ငါပြောသားပဲ၊ အသက်ရှင်တယ်ဆိုတာာ ကိုယ့်နှလုံးသားနောက်ကိုယ်လိုက်ဖို့ပဲလေ။ နင်ကြိုက်ရင်လုပ် မကြိုက်ရင်မလုပ်နဲ့၊ ရှင်းရှင်းလေးပဲ”

“ဒါပေမယ့်…” ဖန်းမင်ရွှယ်သည်လည်း စိတ်မတင်မကျဖြစ်နေ၏။ သူမ ရွှယ်အန်းကို မထားခဲ့ချင်ပေ။ သို့သော် ရွှယ်အန်း၏ လက်ရှိ သူမအပေါ်သို့ သဘောထားကိုကြည့်လျှင် သူမကို သဘောကျရန် ဝေးသေးကြောင်း သူမသိသည်။ အထူးသဖြင့် သူမမတွေ့ဖူးသော အန်းယန်သည် သူတို့နှစ်ဦးကြားတွင် ရပ်နေ၏။

ဤသည်က သူမကို ယုံကြည်မှုကျဆင်းစေသည်။ အကယ်၍ သူမသည် ကမ္ဘာကျော်ကြယ်ပွင့်တစ်ခုဖြစ်လာပါက ရွှယ်အန်း၏ လက်ခံနိုင်ခြေကို တိုးကောင်းတိုးလာစေနိုင်၏။ ဖန်းမင်ရွှယ်သည် တစ်ညတာလုံးကို ကသောင်းကနင်းဖြစ်လျက် ကုန်ဆုံးခဲ့သည်။

နောက်ဆုံးတွင် လေလံပွဲနေ့ရောက်လာသည်။ ချင်းယွီသည် ရွှယ်အန်းကို ခပ်စောစော လာကြိုခဲ့သည်။ ရွှယ်အန်းမှ သူ၏ သာမန်အဝတ်အစားများဝတ်ထားသည်ကို မြင်သောအခါ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

“မစ္စတာရွှယ်၊ ရှင့်မှာ တခြားအဝတ်အစားမရှိဘူးလား”

ရွှယ်အန်းက ခေါင်းခါလိုက်သည်။

“ဘာလဲ လေလံပွဲလေးတက်ဖို့ပဲကို အဝတ်လဲဖို့လိုမှာလား”

“လိုအပ်တယ်တော့မဟုတ်ပါဘူး။ ဒါပေမယ့် ဒါက ပေကျန်းမှာရှိတဲ့ ကုန်သည်တွေ စုလာမှာမို့လို့ ရှင်နဲ့ရှင့်သမီးနှစ်ယောက် ပိုပြီး သတ်သတ်မတ်မတ်ဝတ်တာပိုကောင်းလိမ့်မယ်”

ရွှယ်အန်းသည် ငြိမ်သက်နေသော်လည်း ကလေးမလေးနှစ်ယောက်သည် အဝတ်အစားအသစ်များဝတ်ဆင်ရမည့် အလားအလာနှင့်ပတ်သက်၍ အလွန် ကျေနပ်နေကြသည်။

အမျိုးသမီးတစ်ဦးသည် မည်မျှ ငယ်ရွယ်စေကာမူ သူမသည် အမျိုးသမီးတစ်ဦးဖြစ်နေသရွေ့တော့ အဝတ်အစားအသစ်များကို ခံနိုင်ရည်မရှိသည်မှာ သဘာဝသာဖြစ်သည်။ ရွှယ်အန်းသည် ဤအရာများကို အမှန်တကယ်ပင် ဂရုမစိုက်သော်လည်း သူ့သမီးများအတွက်မူ သူသည် ကွဲပြား၏။

ဖန်းမင်ရွှယ်သည် ပေကျန်းသို့ အမြန်ပြန်လာခဲ့သော်လည်း သူမနှင့်အတူ အဝတ်အစားအလုံအလောက်ယူလာသောကြောင့် စိုးရိမ်ရန်မလိုပေ။ ထိုအချိန်တွင် လက်ရာမြောက်လှသော ချောင်ဆမ်(အမျိုးသမီးဝတ် တရုတ်ရိုးရာဝတ်စုံရှည်) ဝတ်ဆင်ထားသဖြင့် နူးညံ့သိမ်မွေ့လှသော်လည်း ဂုဏ်ကျက်သရေရှိသည့် အလှကို ပေါ်လွင်စေသည်။

ချင်းယွီသည် ရွှယ်အန်းနှင့်အခြားသူများကို ပေကျန်းမြို့၏ အမြင့်မားဆုံးသော စီးပွါးရေး ကလပ်တစ်ခုဖြစ်သည့် ငွေနဂါးပလာဇာသို့ ခေါ်သွားသည်။ ၎င်းသည်လည်း လောင်တိုင်အဖွဲ့၏ ပိုင်ဆိုင်မှုတစ်ခုဖြစ်သည်။

ချင်းယွီသည် ရွှယ်အန်းကို ယောက်ျားဝတ်များရောင်းသောနေရာသို့ ခေါ်သွားကာ၊ အဝတ်အစားများကို ရွေးထုတ်လျက် ပြောလိုက်သည်။

“ကျွန်မတို့မှာ အချိန်သိပ်မရှိလို့ ချက်ချင်းတန်းဝတ်လို့ရမယ့် အဝတ်အစားတွေကိုပဲ ရွေးလို့ရမယ်။ အချိန်ပိုရရင် ကိုယ်တိုင်းနဲ့ချုပ်ဖို့ အပ်ချုပ်သမားရှိတယ်”

ချင်းယွီနှင့် ဖန်းမင်ရွှယ်သည် ရွှယ်အန်းအတွက် အဝတ်အစားများကို ရွေးထုတ်လာကြသည်။

နောက်ဆုံးတွင်မူ ဤမြင်ကွင်းသည် အလွန်မြင်ရခဲ၏။ အရောင်းဝန်ထမ်းမ အများသည် ဤမြင်ကွင်းကို တိတ်တဆိတ် အာရုံစိုက်လာကြသည်။

အလွန်လှပကာ၊ ရုပ်ရည်နှင့်စိတ်နေစိတ်ထားအရ ဆယ်မှတ်တွင်ကိုးမှတ် အနည်းဆုံးရမည့် မိန်းကလေးနှစ်ယောက်သည် ခေတ်မမီသော အဝတ်အစားဟောင်းများဝတ်ဆင်ထားသည့် ယောက်ျားတစ်ယောက်အတွက် အဝတ်အစားရွေးချယ်ပေးရန် ယှဉ်ပြိုင်နေကြသည်။

၎င်းတို့ကြားတွင် မည်သို့သော ဆက်ဆံရေးမျိုးရှိနေသနည်း။

‘မောင်နှမတွေလား၊ မဖြစ်နိုင်ဘူး’

‘ချစ်သူတွေလား’

‘ယောက်ျားတစ်ယောက်က မိန်းမနှစ်ယောက်လုံးနဲ့ကြိုက်ပြီး သုံးယောက်တွဲဖြစ်နိုင်သလား’

‘ဒါမှမဟုတ် တစ်ယောက်က သူ့ချစ်သူ၊ တစ်ယောက်က မယားငယ်များလား’

အရောင်းဝန်ထမ်းမများသည် ၎င်းတို့အကြား ဆက်ဆံရေးကိုကြည့်၍ အတင်းအဖျင်းပြောဆိုနေကြသည်။

“ဒါတွေအရင်စမ်းကြည့်ရအောင်” ဖန်းမင်ရွှယ်က ခပ်တိုးတိုးပြော၏။

ရွှယ်အန်းသည် အဝတ်လဲခန်းသို့ ဝင်၍ အဝတ်အစားများ အမြန်လဲပစ်လိုက်သည်။ သူပြန်ထွက်လာသည်နှင့် အားလုံး၏ မျက်လုံးများ တောက်ပလာသည်။ ရွှယ်အန်းသည် သဘာဝအလျောက် ချောမောနေသည်ဖြစ်ရာ နှစ်ပေါင်းသုံးထောင်ကြာ စမ်းသပ်မှုများကြောင့် သူ၏ အရှိန်အဝါ၊ ကိုယ်ရောင်ကိုယ်ဝါသည်လည်း ဖော်မပြနိုင်လောက်သည်အထိ တောက်ပလျက်ရှိသည်။

လှုပ်ရှားမှုတိုင်းတွင် သူသည် ဧကရာဇ်တစ်ပါး၏ အငွေ့အသက်မျိုးရှိရာ လူတိုင်း၏ လေးစားမှုကို ခံရနိုင်၏။ သို့ရာတွင် ထိုအရာများအားလုံးကို သူ၏ ခေတ်နောက်ကျသော ဝတ်စားဆင်ယင်မှုအောက်တွင် ဖုံးကွယ်ထား၏။

ယခုအခါ သူနှင့် လိုက်ဖက်ညီသည့် အဝတ်အစားများကို ပြောင်းလဲဝတ်စားလိုက်သောအခ် ရွှယ်အန်း၏ ပြီးပြည့်စုံသောအချိုးအစားကို ပေါ်လွင်စေကာ၊ အရောင်းဝန်ထမ်းမများ၏ နှလုံးများ တဒုတ်ဒုတ်ခုန်၍ အံ့ဩစွာ ခေါင်းငုံ့ထားမိကြသည်။

ဤယောက်ျား၏ ပုံသဏ္ဍာန်သည် စိတ်ကူးယဉ်ဆန်ဖွယ် ချောမောခံ့ညားလှသည်။

ချင်းယွီသည်လည်း သူမ၏ နှလုံးခုန်သံများ လျင်မြန်လာသည်ကို ခံစားမိ၍ ရွှယ်အန်းကို မကြည့်ဝံ့တော့ဘဲ မျက်နှာလွှဲလိုက်သည်။ တစ်ဖက်တွင်မူ ဖန်းမင်းရွှယ်သည် အရူးအမူးစွဲလမ်းမက်မောသည့် အမူအရာမျိုးကို ပွင့်ပွင့်လင်းလင်းပြသခဲ့သည်။

“ဝါး ဖေဖေ အရမ်းခံ့တာပဲ” ရွှယ်ရှန်းက တခစ်ခစ်ရယ်၍ ပြောလိုက်သည်။

“မမ ခံ့တယ်ဆိုတာ ဘာကို ဆိုလိုတာလဲ” ရွှယ်နျန်ကမေးသည်။

ရွှယ်ရှန်က သူမ၏ နှာခေါင်းလေးကို ချစ်စဖွယ်ပွတ်သပ်၍ ရွှယ်နျန်၏ ခေါင်းက်ု ခေါက်လိုက်သည်။

“ငါနင့်ကို လျှော့စားဖို့ပြောပေမယ့် နင်ဘယ်တော့မှနားမထောင်ဘူး။ ခံ့ညားတယ်ဆိုတာ ကြည့်ကောင်းတယ်၊ ချောတယ်လို့ပြောတာ”

“အိုး ဖေဖေ၊ ဖေဖေ တကယ်ကြည့်ကောင်းတယ်” ရွှယ်နျန်ကလည်း တခစ်ခစ်ရယ်၍ ပြောလိုက်သည်။

သို့သော် ကောင်မလေးနှစ်ယောက်၏ အခေါ်အဝေါ်ကြောင့် အရောင်းဝန်ထမ်းမများ ထိတ်လန့်ကုန်ကြသည်။

‘ဒီလူမှာ ကလေးရှိနေပြီလား’

‘နှမျောစရာပဲ’

“ကျွန်မ ကလေးမလေးနှစ်ယောက်အတွက် အဝတ်အစားရွေးဖို့ မင်ရွှယ်နဲ့သွားမလို့၊ ရှင်လိုက်မှာလား” ချင်းယွီကပြောသည်။

ရွှယ်အန်းသည် ခေါင်းခါယမ်းလိုက်သည်။ သူ့တွင် မိန်းမများနှင့်အတူစျေးဝယ်ထွက်ချင်စိတ် မရှိပေ။ အင်မောတယ် အရှင်တစ်ပါးပင် ဖြစ်လင့်ကစား အမျိုးသမီးများနှင့် စျေးဝယ်ထွက်ခြင်း၏ ဖိအားကို မခံနိုင်ပေ။

“ဒါဆို ဒီမှာ ခဏစောင့်နေခဲ့”

ချင်းယွီသည် ရွှယ်ရှန်းနှင့် ရွှယ်နျန်ကို ခေါ်၍ ထွက်သွားသည်။ ရွှယ်အန်းသည်ကား ဆိုဖာပေါ်တွင် ခဏတာ အနားယူရန် ထိုင်၍ကျန်ရစ်ခဲ့သည်။

“ဟန်နီ ဒီဝတ်စုံက ကိုနဲ့အရမ်းလိုက်တယ် ဒါလေး စမ်းဝတ်ကြည့်ပါလား အချစ်” ချွဲပြစ်ချိုမြိန်သော အသံတစ်ခု ပေါ်ထွက်လာသဖြင့် ရွှယ်အန်း မော့ကြည့်လိုက်သောအခါ ဘီယာဗိုက်နှင့် အမျိုးသားတစ်ဦးနှင့်အတူ သူ့အားဖက်တွယ်လျက်လမ်းလျှောက်လာသော မိန်းကလေးငယ် တစ်ဦးကို တွေ့လိုက်ရသည်။

စကားပြောနေသူမှာ ထိုမိန်းကလေးဖြစ်ရာ၊ သူမ၍ အကြံပေးမှုကိုကြားသောအခါ ဘီယာဗိုက်နှင့် အမျိူးသားက အလွန်ကျေနပ်စွာပြောလိုက်သည်။

“ဒါဆို ပြေလည်သွားပြီ၊ ဟေး အဲ့အက်ျီ ငါ့ဆီယူလာခဲ့”

အရောင်းဝန်ထမ်းမက အလျင်အမြန်ရှေ့သို့ တိုး၍မေးလိုက်သည်။

“စိတ်မရှိပါနဲ့ ဆရာ၊ ဒီဒီဇိုင်း ကုန်သွားပါပြီ အခြားရွေးချယ်စရာလေးတွေ စမ်းကြည့်ချင်လားရှင့်”

ဘီယာဗိုက်နှင့် အမျိုးသား၏ မျက်နှာသည် မည်းမှောင်သွား၏။ ထိုအခါ မိန်းကလေးက ရွှယ်အန်းကို လက်ညှိုးထိုးပြ၍ ပြောလိုက်သည်။

“နင် ကုန်သွားပြီဆိုတာ ဘာကိုဆိုလိုချင်တာလဲ အဲ့မှာ သူဝတ်ထားတယ်မဟုတ်ဘူးလား”

“ဝယ်သူရှင့်၊ သူက ဝတ်ကြည့်ပြီးပါပြီ”

“သူဝတ်ကြည့်ပြီးတော့ ဘာဖြစ်လဲ၊ ငါကြိုက်ရင် ငါဝယ်လို့ ရကိုရရမယ်၊ သူ့ကို ချွတ်ခိုင်းလိုက်ပါ” သူမက ရန်စွယ်နှင့် ငေါငေါ တောင်းဆိုလိုက်သည်။

All Chapters