← Chapters

အခန်း (၂၈-၃၀)

Vol. 2 Ch. 28-30

အခန်း (၂၈-၃၀)

Vol. 2 Ch. 28-30

အခန်း(၂၈) မင်းဘယ်လောက် စိတ်ကြီးဝင်နေလဲဆိုတာ မင်းမိဘတွေသိလား

အရောင်းဝန်ထမ်းမိန်းကလေးသည် ရွှယ်အန်းကို အတန်ငယ် ကူကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်သော်လည်း ရွှယ်အန်းသည်မူ၊ အောက်သို့ငုံ့ကြည့်လျက်၊ အတွေးထဲတွင် နစ်မြုပ်နေသည့်နှယ်ထင်ရသည်။ ရွှယ်အန်း၏ တိတ်ဆိတ်မှုသည် အမျိုးသမီးကို ပို၍ ရိုင်းစိုင်းလာစေ၏။

“နင်ကြားလား၊ ငါတို့ အဲ့တာကို ကြိုက်တယ်၊ အဲ့တာကြောင့် အဲ့အင်္ကျီက ငါတို့ဟာဖြစ်သွားပြီ၊ သူ့ကို ချွတ်ခိုင်းလိုက်”

“မမလေး၊ အဲ့လိုမျိုး လုပ်လေ့လုပ်ထမရှိဘူး”

ဘီယာဗိုက်ဖြင့်လူက ရုတ်တရက်လှောင်ပြောင်၍ ပြောသည်။

“မင်းရဲ့ မန်နေဂျာကို ခေါ်လာလိုက်ပါ၊ ဒီလိုလုပ်လေ့လုပ်ထရှိမရှိ၊ ငါသိချင်တယ်”

အရောင်းဝန်ထမ်းမိန်းကလေးသည် အနည်းငယ်အကူအညီမဲ့သွားသော်လည်း အထက်တန်းစားစျေးဝယ်ကလပ်တစ်ခု၏ ဝန်ထမ်းတစ်ဦးအနေဖြင့် ၎င်းတို့၏ နောက်ဆုံးတာဝန်မှာ ဝယ်သူများ၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးရန်ဖြစ်သည်။ ထိုအခိုက်အတိုက်အထိတိုင် ရွှယ်အန်းသည် အလွန် တိတ်ဆိတ်လျက်ရှိသည်။ အရောင်းဝန်ထမ်းမိန်းကလေးသည် ဝေခွဲရခက်လျက်ရှိသည်။ သူသည် အတန်အသင့်ရည်မွန်ကာ၊ စည်းရုံးသိမ်းသွင်း၍ လွယ်ကူလောက်သည်။

သိပ်မကြာခင်တွင် အမျိုးသားဝတ်အရောင်းဌာနမှ တာဝန်ခံ ကျောက်ဖုန်းရောက်လာသည်။ ဘီယာဗိုက်ဖြင့် ယောက်ျားကိုမြင်သည်နှင့် ကျောက်ဖုန်း၏ မျက်နှာထက်တွင် အလွန်ရွှင်မြူးနေသည့် အပြုံးတစ်ခု ပေါ်လာကာ၊ အနားသို့ အလျင်အမြန်ချဥ်းကပ်လာ၏။

“မစ္စတာစွန်း မတွေ့တာကြာပြီ၊ မတွေ့တာကြာပြီ”

မစ္စတာစွန်းဟု အမည်ရသော ယောက်ျားသည် နှာမှုတ်၍ ပြောလိုက်သည်။

“ကျောက်၊ မင်းလက်အောက်ကအရောင်းဝန်ထမ်းတွေက သုံးစားမရဘူး”

“ဘာကိစ္စဖြစ်လို့လဲဗျ မစ္စတာစွန်း”

“ကျုပ်မိန်းမက ဒီဝတ်စုံကို သဘောကျပေမယ့် တစ်ထည်တည်းကျန်တော့တဲ့အပြင်၊ ဒီကောင်က ဝတ်ထားတယ်။ ငါတို့သူ့ကို ချွတ်ခိုင်းရုံပါပဲ၊ ဒါက များများစားစားမဟုတ်ပါဘူး။ သိပ်လည်း တောင်းဆိုနေတာမဟုတ်ဘူးလေ၊ ဟုတ်လား” မစ္စတာစွန်းက ဟန်ကြီးပန်ကြီးပြောသည်။

“လုံးဝမဟုတ်ပါဘူး။ လုံးဝမဟုတ်ပါဘူး”

“ဒါဆို မင်းရဲ့ ဝန်ထမ်းက ငါ့ကို အဲ့လိုလုပ်ရိုးလုပ်စဥ်မရှိဘူးလို့ပြောတယ်”

“ကျွန်တော် တကယ်တောင်းပန်ပါတယ် မစ္စတာစွန်း၊ ကျွန်တော်သူတို့ကို ကောင်းကောင်းမဆုံးမခဲ့လို့ ဆရာ့ကို စော်ကားမိတာ ဖြစ်နိုင်ပါတယ်၊ ကျွန်တော် အခုပဲသူတို့ကို သွန်သင်ပေးလိုက်ပါ့မယ်”

ကျောက်ဖုန်းက ဒေါသတကြီးလှည့်၍အရောင်းဝန်ထမ်းမများကို အော်ပြောလိုက်သည်။

“မင်း ဦးနှောက်မဲ့နေတာလား၊ ဒါဘယ်သူလဲသိလား၊ ဒါ လောင်တိုင်အဖွဲ့ရဲ့ လုံခြုံရေးမန်နေဂျာပဲ၊ မင်းတို့ ကန်းနေကြလား၊ မစ္စတာစွန်းကို ဘယ်လိုလုပ် ငြင်းရဲကြတာလဲ”

အရောင်းဝန်ထမ်းများအားလုံးသည် အေးခဲနေသော ပုစဥ်းရင်ကွဲများကဲ့သို့ တိတ်ဆိတ်သွားကြကာ၊ ခေါင်းငုံ့၍ စကားမပြောဝံ့ကြတော့ပေ။

“နောင်မှာ သူတို့ကို စည်းကမ်းတကျဖြစ်အောင် ကျွန်တော် သေချာသင်ပေးလိုက်ပါ့မယ်မစ္စတာစွန်း၊ ဘယ်လိုသဘောရလဲဗျ” မန်နေဂျာကျောက်က မျက်နှာလိုမျက်နှာရ၊ ခယစွာပြောလိုက်သည်။ သူ့အဆင့်နှင့်ပတ်သက်၍ အလွန်ဂုဏ်ယူလျက်ရှိရာ၊ ဤမန်နေဂျာကျောက်ကို အလွန်အကျွံပြောခြင်းသည် မျက်နှာပျက်စေသည်ဟု သူခံစားမိသည်။

နောက်ဆုံးတွင် ငွေနဂါးပလာဇာသည်လည်း လောင်တိုင်အဖွဲ့၏ လုပ်ငန်းများစွာထဲမှ တစ်ခုမျှသာဖြစ်သည်။ ဤနေရာရှိ သေးငယ်သော ဧည့်ခန်းထဲမှ မန်နေဂျာနှင့် နှိုင်းယှဥ်ပါက၊ လောင်တိုင်အဖွဲ့၏ လုံခြုံရေးဌာန မန်နေဂျာဖြစ်သည့် သူ့ရာထူးသည် ပို၍ တန်ဖိုးကာ၊ ရာထူးမြင့်၏။

“နောက်ပြီး ဒီဝတ်စုံ၊ ကျုပ်တို့ အဲ့တာလည်း လိုချင်တယ်။ သူ့ကို ချွတ်ခိုင်းလိုက်” နုပျိုလှပသော အမျိုးသမီးက မောက်မာသော မျက်နှာထားဖြင့် ပြောလိုက်သည်။

“ဟုတ်တာပေါ့၊ ဟုတ်တာပေါ့ ဆရာ့အတွက် ကျွန်တော်ယူပေးပါ့မယ်”

မန်နေဂျာကျောက်က တိတ်ဆိတ်နေသော ရွှယ်အန်းဘက်သို့လှည့်၍ ပြောလိုက်သည်။

“သခင်လေး၊ မြင်တဲ့အတိုင်း၊ မစ္စတာစွန်းက သခင်လေးဝတ်ထားတဲ့ ဝတ်စုံကို အရမ်းကြိုက်နေတယ်၊ ကျေးဇူးပြုပြီး အဲ့တာကို ချွတ်ထားပေးခဲ့နိုင်မလား၊ အဲ့တာဖိုးမရှင်းရသေးတဲ့အတွက် ပြဿနာမရှိဘူးလို့ ထင်ပါတယ်”

မန်နေဂျာကျောက်က စိတ်ရှည်စွာတောင်းဆိုနေသော်လည်း သူ့စိတ်ထဲတွင်မူ၊ ရွှယ်အန်းကို အရေးကြီးသည်ဟုပင် မစဥ်းစားထားပေ။ သို့သော် သူ့စကားဆုံးပြီး မကြာခင်တွင် ရွှယ်အန်းသည် ခေါင်းကို ဖြေးညှင်းစွာမော့၍ မျက်ခုံးကိုပင့်လျက်ပြန်မေးလိုက်သည်။

“မင်း ဘာပြောလိုက်တာလဲ”

ကျောက်ဖုန်းသည် အစပိုင်းတွင် ထပ်မှန်ရှင်းပြလိုသော်လည်း ရွှယ်အန်း၏အကြည့်ကို မြင်လိုက်ရသောအခါ အခြားမည်သည့်စကားတစ်ခွန်းမျှ ထွက်မလာတော့ပေ။ စွန်းပေါ် နှင့်အတူပါလာသော အမျိုးသမီးသည် ချောင်ချီယန်အမည်ရှိ တက္ကသိုလ်ဘွဲ့ရအမျိုးသမီးတစ်ဦးဖြစ်သည်။

ရာထူးကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် စွန်းပေါ်ကို ကြိုးကြိုးစားစား ကပ်တွယ်ထားပြီးသည့်နောက် သူမသည် အလွန် မောက်မာလျက်ရှိနေပြီဖြစ်သည်။ ကျောက်ဖုန်း အေးခဲတောင့်တင်းနေသည်ကို မြင်လိုက်ရသောအခါ၊ သူမက ရှေ့သို့ တစ်လှမ်းတိုး၍ လှောင်ရယ်ကာပြောလိုက်သည်။

“ဟေး ငါနင့်ကို ပြောနေတာ၊ နင့်မှာ အသိဉာဏ်ရှိရင် အဝတ်အစားတွေကို မြန်မြန်ချွတ်လိုက်ပါၑ

“ငါ့အဝတ်အစားတွေကို ချွတ်ခိုင်းနေတာလား” ရွှယ်အန်း၏ နှုတ်ခမ်းထောင့်တွင် အေးစက်သောအပြုံးတစ်ခုပေါ်လာသည်။

“ရူးချင်ယောင်ဆောင်မနေနဲ့၊ မကြားဘူးလား၊ ငါ့ယောက်ျားက ဒီအင်္ကျီကို ကြိုက်တယ်၊ ချွတ်လိုက်စမ်းပါ၊ ပြဿနာမရှာချင်နဲ့၊ မဟုတ်ရင်…”

“မဟုတ်ရင် ဘာဖြစ်လဲ” ရွှယ်အန်းက ထူးမခြားနားပြောလိုက်သည်။

“မဟုတ်ရင် နင်ဒီနေ့ဒီဆိုင်ကနေ ထွက်သွားလို့ရမှာမဟုတ်ဘူး” ချောင်ချီယန်က မောက်မာစွာပြောသည်။

“ဒါဆို မင်းက လောင်တိုင်အဖွဲ့ရဲ့ လုံခြုံရေးဌာနက မန်နေဂျာပေါ့ဟုတ်လား”

“ဟုတ်တယ်၊ နင့်အတွက်အကောင်းအဆိုးကို ခွဲခြားသိရင် မြန်မြန်ပြေးပေတော့၊ မဟုတ်ရင်တော့၊ လောင်တိုင်အဖွဲ့က ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာ နင်မြင်ရလိမ့်မယ်”

ရွှယ်အန်းတစ်ယောက် သက်ပြင်းချလိုက်မိသည်။

“သနားစရာကောင်းလိုက်တာ”

“ဘာသနားတာလဲ”

“တစ်ယောက်ယောက်သေရတော့မှာမို့လို့ သနားတာ”

ရွှယ်အန်းသည် ပြဿနာမဖြစ်ချင်သော်လည်း တစ်စုံတစ်ယောက်က သူ့ကို ရန်စလာပါက၊ လူတစ်ယောက်ကို လမ်းပေါ်၌ သတ်ပစ်လိုက်ခြင်းသည်ပင် သေးငယ်သော ကိစ္စရပ်တစ်ခုသာ ဖြစ်ပေလိမ့်မည်။

“သေတယ်ဟုတ်လား။ ဟားဟား ရယ်ရလိုက်တာ၊ ငါမယုံ…” ချောင်ချီယန်က အခြားအရာတစ်ခုကို ဆက်ပြောချင်နေသော်လည်း အခွင့်အရေးမရလိုက်ပေ။ သူမသည် ရွှယ်အန်း၏ ရိုက်ချက်ကြောင့် အနောက်သို့ လွင့်ထွက်ကာ၊ အဝတ်စင်ပေါ်သို့ တည့်တည့်ပြုတ်ကျသွားသည်။

အဝတ်စင်သည် ကြီးမားသော အဝတ်ပုံကြီးအဖြစ်ပြိုကျကာ၊ သူမပြန်ထလာသည့်အခါတွင် သူမမျက်နှာသည် ဖရဲသီးတစ်လုံးနှယ် ဖောင်းလာကာ၊ ပါးစပ်အပြည့် သွေးများ ထွက်လျက်ရှိသည်။ သူမ၏ သွားအချိူ့သည်ပင် ရွှယ်အန်း၏ ရိုက်ချက်ကြောင့် ကျိုးပဲ့ကုန်၏။

“ငါပြောဖို့မေ့နေတာ၊ စကားအရမ်းများတဲ့မိန်းမတွေကို ငါတကယ်မကြိုက်ဘူး”

ဤကမ္ဘာပြိုကွဲလုလောက်သည့် ရိုက်ချက်ကြောင့် လူတိုင်းထိတ်လန့် အံ့သြသွားကြသည်။ သူရဲဘောကြောင်သည်ဟု ထင်နေခဲ့သည့် အရောင်းဝန်ထမ်းမအပါအဝင်၊ ၎င်းတို့အားလုံး ထိတ်လန့်တုန်လှုပ်နေကြသည်။

‘ဒီလူ… အရမ်းကြောက်ဖို့ကောင်းတယ်”

တစ်ဖက်တွင်မူ စွန်း‌ပေါ်သည် ဒေါသအလွန်ထွက်၍ မျက်ခွံများသည် အထိန်းအချုပ်မဲ့စွာ တုန်လှုပ်နေကြသည်။

“ကောင်းပြီ၊ မင်း ဒီမှာ ပြဿနာရှာရဲတယ်ပေါ့၊ ကောင်လေး၊ မင်းပြီးသွားပြီ၊ မင်းစောင့်နေစမ်း”

စွန်းပေါ်က သူ့ဖုန်းကို ထုတ်၍ ဖုန်းဆက်ရန်ပြင်လိုက်သော်လည်း ရွှယ်အန်းသည် သူကို တားမြစ်ခြင်းမရှိ၊ ရွှင်မြူးစွာကြည့်နေ၏။ မကြာမီတွင် စွန်းပေါ်၏ ဖုန်းခေါ်ဆိုမှုရပ်သွားပြီးနောက်၊ ရွှယ်အန်းကို‌ အေးစက်စွာ စိုက်ကြည့်လိုက်သည်။

ထိုမျက်လုံးများသည် လူသေကို ကြည့်နေသကဲ့သို့ အေးစက်နေ၏။ ငါးမိနစ်မကြာလိုက်ခင်တွင်၊ ခြေသံများတဒုန်းဒုန်းပေါ်ထွက်လာကာ၊ ဒါဇင်နှင့်ချီသော လုံခြုံရေးအစောင့်များ ပြေးလာကြသည်။

“မစ္စတာစွန်း ဘာဖြစ်လို့လဲ” လုံခြုံရေးအစောင့်က မေးလိုက်သည်။ စွန်းပေါ်သည် ရွှယ်အန်းကို လက်ညှိုးထိုးပြ၍ ပြော၏။

“ဒီလူက ငါ့မိန်းမကို ရိုက်တယ်၊ သူ့ကို သတ်လိုက်ပါ”

“ဟုတ်ကဲ့ပါ ဆရာ”

လုံခြုံရေးဝန်ထမ်းများအားလုံးသည် ရွှယ်အန်းကို ဝိုင်းရံထားကြကာ၊ လူအများသည် ရွှယ်အန်းအနားသို့ မကပ်ဝံ့ကြသဖြင့် ခပ်လှမ်းလှမ်းမှကြည့်နေကြသည်။ သို့သော် ရွှယ်အန်းသည် ယခုအချိန်ထိ မတ်တပ်မရပ်သေးဘဲ၊ ဆိုဖာပေါ်တွင်ထိုင်ကာ၊ စွန်းပေါ်ကို ရယ်ရယ်မောမောကြည့်နေ၏။

“မင်းအရမ်းစိတ်ကြီးဝင်နေတာ၊ မင်းအဖေနဲ့ မင်းအမေသိလား” ရွှယ်အန်းကရုတ်တရက်မေးလိုက်သည်။

“စောက်ချီးတဲ့မှ၊ ငါ့မိဘတွေသေသွားတာကြာပြီ”

“မဆန်းပါဘူး” ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

“ဒါဆို မင်းရဲ့ မိုက်မဲတဲ့ မောက်မာမှုကြောင့် သေသွားရတဲ့အကြောင်း ငရဲကို ရောက်လို့ သူတို့ကို တွေ့ရင် ပြောပြဖို့ သတိရလိုက်ပါ”

စွန်းပေါ်သည် ဒေါသတကြီးဖြင့် ထအော်လိုက်သည်။

“တိုက်ခိုက်ကြ၊ လူတိုင်းသူ့ကို သတ်ပစ်လိုက်ကြ”

သို့သော် ထိုအချိန်တွင် အမျိုးသမီးတစ်ဦး၏ ဒေါသရောယှက်နေသောအသံတစ်ခုပေါ်ထွက်လာသည်။

“နင်တို့အားလုံး ဘာတွေလုပ်နေကြတာလဲ”

ထိုအသံသည် ယခင်က မျက်နှာထားတင်းမာနေသော စွန်းပေါ်၏ တစ်ကိုယ်လုံးကို တုန်ယင်သွားစေကာ၊ လှည့်ကြည့်လိုက်သောအခါ၊ ချင်းယွီသည် သူ့ကို ဒေါသတကြီးကြည့်နေသည်ကို တွေ့လိုက်ရ၏။

စွန်းပေါ် အံ့သြတုန်လှုပ်သွားသည်။ ချင်းယွီသည် ဤနေရာသို့ အဘယ်ကြောင့်ရောက်နေသနည်း။ သို့သော် လည်း သူက ခပ်မြန်မြန်ပြုံး၍ ပြန်ဖြေလိုက်သည်။

“မမလေး၊ ဒီလူက ကျွန်တော်တို့ ပလာဇာမှာ ပြဿနာရှာနေလို့ သင်ခန်းစာပေးမလို့ပါ”

သို့သော် ချင်းယွီသည် သူ့ကို လုံးလုံးလျားလျား လျစ်လျူရှု့၍ ရွှယ်အန်းထံသို့ တည့်တည့်လျှောက်သွားကာ၊ လေးစွာစွာ ပြောလိုက်သည်။

“မစ္စတာရွယ်၊ ဒါကို ကျော်သွားပေးဖို့ ကျွန်မတောင်းဆိုချင်ပါတယ်၊ ဒီလူတွေနဲ့ ရန်မဖြစ်ပါနဲ့”

ဤမြင်ကွင်းက အသာစီးရနေပြီဟု ထင်နေသော စွန်းပေါ်နှင့်၊ ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို စိတ်ကူးထက်သန်စွာကြည့်နေသော ကျောက်ဖုန်းကိုပါ အေးခဲသွားစေသည်။

အရောင်းဝန်ထမ်းမိန်းကလေးများသည်မူ အလွန်ကြက်သေသေနေကြ၏။ ဤအမျိုးသမီးသည် လောင်တိုင်အဖွဲ့၏ သခင်မ ချင်းယွီမှတပါး အခြားသူမဟုတ်ပေ။

ထိုသို့ဆိုလျှင်… ဤသူသည် မည်သူနည်း။

အဘယ်ကြောင့် မစ္စချင်းသည် သူ့အပေါ် ဤသို့ လေးစားနေရသနည်း။

အခန်း(၂၉) လေလံပွဲ ၁

ရွှယ်အန်းက ချင်းယွီကို ဂရုမစိုက်သောအမူအရာဖြင့်ကြည့်၍ မည်သည့်စကားတစ်ခွန်းမျှမပြောတော့ပေ။ ထို့အပြင်၊ ဤတိတ်ဆိတ်မှုသည် ချင်းယွီ၏ မျက်နှာထားကို ပို၍ ဆိုးရွားစေ၏။

နောက်ဆုံးတွင်၊ သူမကိုယ်သူမ မထိန်းနိုင်တော့ဘဲ၊ လှည့်ကြည့်လိုက်သည်။

“ရှင်တို့နှစ်ယောက်၊ ရှင်တို့ ပစ္စည်းတွေကို ထုပ်ပိုးပြီး ဒီကနေ ထွက်သွားကြ။ ပြီးတော့ လောင်တိုင်အဖွဲ့မှာ ဘယ်တော့မှ ခြေမချနဲ့တော့”

ဤဆုံးဖြတ်ချက်သည် စွန်းပေါ်နှင် ကျောက်ဖုန်းတို့၏ မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်မှုများပေါ်လာသည်။ ပေကျန်းမြို့တွင် လောင်တိုင်အဖွဲ့သို့ ဝင်ရောက်ခွင့်ရနိုင်ခြင်းမှာ၊ လူအများအားကျ မနာလိုစရာပင်ဖြစ်သည်။ အထူးသဖြင့် စွန်းပေါ်သည် လောင်တိုင်အဖွဲ့တွင် တစ်နှစ်ဝင်ငွေ အတော်အတန်ရရှိသော လုံခြုံရေးဌာနရာထူးရရှိထားခဲ့သည်။ ယခု ဤလူကြောင့် မမလေးဖြစ်သူမှ မောင်းထုတ်ခြင်းခံလိုက်ရ၏။ အရာအားလုံးဆုံးရှုံးသွားသူတစ်ယောက်ကဲ့သို့ စွန်းပေါ်က ဒူးထောက်၍ ညှာတာထောက်ထားပေးရန် တောင်းဆိုလျက်ရှိသည်။

“မမလေး၊ ကျေးဇူးပြုပြီး နောက်ထပ်အခွင့်အရေးတစ်ခုပေးပါ၊ ထပ်မလုပ်ရဲတော့ပါဘူး။ ဒီမိန်းမရဲ့ လှုံဆော်မှုကြောင့် ကျွန်တော် ခဏ စိတ်ရှုပ်သွားပြီး၊ မစ္စတာရွှယ်ကို စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်မိတာပါ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို အခွင့်အရေးထပ်ပေးပါ”

စွန်းပေါ်က ဤသို့ပြော၍ ခေါင်းကို ကြမ်းပြင်နှင့်အဆက်မပြတ်ဆောင့်လိုက်သည်။ များမကြာမီတွင် သူ့နှဖူးထက်ဆီမှ သွေးများ စီးကျလာသည်။ ကျောက်ချီယန်သည်မူ ထိုအချိန်တွင် အလွန်တုန်လှုပ်လျက် အသက်ပင်ဝဝမရှုရဲသဖြင့် နံရံထောင့်သို့ကပ်နေ၏‌။ ချင်းယွီသည်မူ ခံစားချက်ကင်းမဲ့စွာဖြင့် ၎င်းတို့ကို ကြည့်နေသည်။

မိမိပိုင်ဆိုင်မှုထက် သာလွန်စွာပြုမူတတ်သော ၎င်းတို့နှစ်ဦးကို သူမ အလွန်စက်ဆုပ်ရွံရှာလျက်ရှိသည်။ အကယ်၍ သူမသာ ဤကိစ္စ ကြီးကြီးမားမားဖြစ်မည်ကို မစိုးရိမ်ပါက၊ ထိုသူများကို တောင်းပန်ခွင့်ပင်ပေးလိမ့်မည်မဟုတ်ပေ။ ထို့နောက်တွင် ရွှယ်အန်းသည် မတ်တပ်ထရပ်၍ ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

“လေးစားမှုဆိုတာ ကိုယ်ဘာသာ လုပ်ယူရတာကွ၊ မင်းနည်းနည်းသုံးလိုက်တိုင်း၊ မင်းမှာ နည်းနည်းပဲကျန်လိမ့်မယ်။ ဒါ့ကြောင့် နောင်မှာ မင်းမျက်နှာကို ငါနောက်ထပ်မမြင်ရဖို့မျှော်လင့်တယ်”

စကားဆုံးသည်နှင့် ရွှယ်အန်းက ရွှယ်ရှန်းနှင့်ရွှယ်နျန်တို့ကို ခေါ်၍ ဦးစွာထွက်သားသည်။ ချင်းယွီကမူ၊ စွန်းပေါ်ကို ပြင်းပြင်းထန်ထန်စိုက်ကြည့်၍ အေးစက်စွာပြောလိုက်သည်။

“ဒီကနေ အခုထွက်သွား”

စွန်းပေါ်၏ မျက်နှာတစ်ခုလုံးတုန်လှုပ်လျက်၊ အလွန် စိတ်ပျက်အားငယ်သွားသည့်မျက်နှာထားမျိုးဖြင့် ရပ်တန့်နေသည်။

“ငါတို့ ကြိုက်တဲ့အဝတ်တွေကို အခုပဲထုပ်လိုက်တော့” ကြောက်လန့်နေခဲ့သောအရောင်းဝန်ထမ်းအား၊ ချင်းယွီက ပြောလိုက်သည်။

“ဟုတ်ကဲ့”

ငွေနဂါးပလာဇာမှ ထွက်လာပြီးနောက်၊ ရွှယ်ရှန်းသည် ရွှယ်အန်း၏ အနားသို့ တိတ်ဆိတ်ချဥ်းကပ်၍ ပြောလိုက်သည်။

“ဖေဖေ သမီးတို့ အင်္ကျီအသစ်ကလှရဲ့လား”

ထိုအချိန်တွင် ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့သည် ပန်းရောင်မင်းသမီးဝတ်စုံကလေးများကို ဝတ်ဆင်ထားကြရာ၊ အလွန်ချစ်စဖွယ်ကောင်းလှသည်။

“လှလိုက်တာ၊ သမီးတို့နှစ်ယောက်လုံးမင်းသမီးလေးတွေကျနေတာပဲ”

ထိုအချိန်တွင် ချင်းယွီသည် အလွန်တောင်းပန်လိုဟန်ဖြင့် ပြေးထွက်လာ၏။

“မောင်းတော့” ရွှယ်အန်းက ဘာသိဘာသာပြောလိုက်သည်။

ယခုအကြိမ်လေလံတင်ပွဲသည် မြို့တော်၌မဟုတ်၊ ပေကျန်းမြို့ဆင်ခြေဖုံးရပ်ကွက်ရှိ၊ တောင်ထိပ်မှ ဗီလာတစ်ခုတွင်ဖြစ်သည်။ ချင်းယွီ ထိုနေရာသို့မောင်းလာချိန်တွင်၊ ဗီလာကို ဇိမ်ခံကားများစွာဖြင့် ဝန်းရံထားနှင့်ပြီးဖြစ်သည်။

သို့သော် ချင်းယွီတို့၏ ကားရောက်လာသောအခါတွင်မူ လူအများ၏ အာရုံစိုက်ခြင်းကို ခံလိုက်ရပြန်၏။

“အဲ့တာ ချင်းမိသားစုရဲ့ကား မဟုတ်ဘူးလား”

“ဟုတ်တယ်၊ ချင်းမိသားစုရဲ့ မမလေးရဲ့ကားနဲ့တူတယ်”

“ဟေ ဘာလို့ ချင်းယွီကိုယ်တိုင်မောင်းလာရတာလဲ”

လူအများသည် အချင်းချင်း တီးတိုးပြောကြနေကြစဥ်တွင်၊ ချင်းယွီသည် ကားပေါ်မှ ဆင်းလာပြီးနောက်၊ ခန်းမထဲသို့ တန်းမဝင်ဘဲ၊ ကားတံခါးကို ရိုသေစွာဖွင့်လိုက်သည်။

လူအများ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ လောင်တိုင်အဖွဲ့မှ မမလေးသည် လူတစ်ယောက်အတွက် ကားတံခါးကို ကိုယ်တိုင်ကိုယ်ကျဖွင့်ပေးလိုက်ခြင်းဖြစ်သည်။

ဤသူကား မည်သူနည်း။

ကားထဲမှ ပထမဆုံးထွက်လာသူမှာ ဖန်းမင်ရွှယ်ပင်ဖြစ်သည်။ လူများစွာသည် သူမကိုသတိထားမိကြကာ၊ အံ့သြလျက်ရှိကြသည်။

“ဖန်းမင်ရွှယ်ပဲ”

“သူ ပေကျန်းကို ရောက်နေတာလား”

သို့သော် ဖန်းမင်ရွှယ် ကားပေါ်မှ ဆင်းပြီးနောက်၊ သူမသည် ခန်းမထဲသို့ တန်းမဝင်ဘဲ ဘေးတစ်ဖက်တွင်ရပ်နေ၏။

သူမသည်လည်း အရေးကြီးသော ဧည့်သည်တစ်ယောက်ကို စောင့်နေသကဲ့သို့ပင်ဖြစ်သည်။ လူများစွာသည် သူမကို ငေးကြည့်နေကြသည်။

ကားထဲတွင် မည်သူပါသနည်း။

သို့သော် နောက်ထပ်ကားပေါ်မှ ဆင်းလာသည်မှာ ကလေးမလေးနှစ်ယောက်ဖြစ်သည်။ မင်းသမီးပုံစံဝတ်ဆင်ထားကြသော ကလေးမလေးနှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက်ဆင်တူလှသဖြင့် ပန်းချီကားထဲမှ ခုန်ထွက်လာသော နတ်သမီးလေးနှစ်ပါးနှင့်တူသည်။

နောက်ဆုံးတွင် ရွှယ်အန်းသည် ဖြည်းညှင်းစွာဆင်းလာ၏။ သူပေါ်လာသည်နှင့်တပြိုင်နက်၊ လူများစွာသည် တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောလာကြသည်။

“အဲ့လူက ဘယ်သူလဲ”

“မသိဘူး၊ ဒါပေမယ့် သူက အရမ်းအရေးမကြီးဘူးထင်တယ်”

“အင်း၊ မမလေးချင်းယွီက ဒီလူ့ကို အရမ်းလေးစားနေပုံပဲ”

ရွှယ်အန်း၏ အကြည့်သည် ခန်းမတစ်ဝိုက်ကို ဝေ့ဝိုက်ကြည့်ရှု့ပြီးနောက် ဂရုမစိုက်သောအမူအရာဖြင့် ရှေ့သို့ဆက်သွားခဲ့သည်။

ထိုအချိန်တွင် ချင်းယွမ်သည် အိမ်အပြင်ဘက်သို့ ထွက်လာကာ၊ အံ့အားသင့်နေသော လူများအားလုံး၏ ရှေ့တွင် ရွှယ်အန်းထံသို့ အပြေးအလွှားသွား၍ ခေါင်းကို လေးနက်စွာငုံ့၍ အရိုအသေပေးလိုက်သည်။

“မစ္စတာရွှယ်၊ ရောက်ပြီပဲ”

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း ချင်းယွမ်၏ အမူအရာသည် လူအများ၏ နှလုံးသားထဲတွင် ဝဲဂယက်များ ထသွားစေသည်ကို သူသတိမထားမိပေ။

ချင်းယွမ်၏ အနေအထားသည် မည်သို့ဖြစ်သနည်း။

လောင်တိုင်အဖွဲ့၏ နောက်ကွယ်မှ တကယ့်အာဏာရှိပုဂ္ဂိုလ်ဖြစ်သည့်၊ သူ့သဘောအတိုင်း ပေကျန်းမြို့ကို ချယ်လှယ်နိုင်သော၊ မြင့်မြတ်သည့် တည်ရှိမှုမျိုးဖြစ်သည်။ လွန်ခဲ့သော နှစ်တွင်၊ သူသည် ချင်းရှန်၏ ဖယ်ထုတ်ခြင်းကို ခံခဲ့ရသော်လည်း သူ၏သြဇာလွှမ်းမိုးမှုသည် ကြောက်မက်ဖွယ်ကောင်းနေဆဲဖြစ်၏။ ထိုသို့သောပုဂ္ဂိုလ်မျိုးသည် ဤလူ့ကို လေးစားပြနေခြင်းဖြစ်သည်။

သူ့တွင်မည်သို့သော နောက်ခံမျိုးရှိသနည်း။

သို့သော် လူအများ အံ့သြတကြီးတုန်လှုပ်နေသည့်အချိန်တွင် သရော်လှောင်ပြောင်သံတစ်ခုလည်း ပေါ်ထွက်လာသည်။

“အရေးကြီးတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ရောက်လာပြီထင်ခဲ့တာ၊ လူငယ်လက်သစ်လေးတစ်ယောက်ဖြစ်နေတာပဲ”

ဤအသံနှင့်အတူ၊ ထန်ဝတ်စုံဝတ်ဆင်ထားသော အဖိုးအိုတစ်ဦးသည် သံဘောလုံးကြီးနှစ်လုံးကို ဆုပ်ကိုင်လျက်၊ ခန်းမထဲသို့ ဖြည်းညှင်းစွာဝင်လာသည်။ သူ၏ရောက်ရှိလာမှုသည် လူများစွာကို မတ်တပ်ရပ်စေ၏။

“မင်္ဂလာပါ၊ ဆရာကြီးထန်”

“မင်္ဂလာပါ၊ ပြတိုက်ဒါရိုက်တာထန်”

ထိုသူသည် ခံစားချက်မဲ့သော မျက်နှာဖြင့် ခေါင်းညိတ်ပြပြီးနောက်၊ ချင်းယွမ်ထံသို့ ရယ်မောလျက် ချဥ်းကပ်သွားသည်။

“အဘိုးကြီးချင်း၊ မတွေ့တာကြာပြီ၊ မင်း နေကောင်းတဲ့ပုံပဲ”

သူဖြစ်ကြောင်း မြင်သောအခါ၊ ချင်းယွမ်က သူ့ကို အရိုအသေပေး၍ ပြောလိုက်သည်။

“ပြတိုက်ဒါရိုက်တာထန်၊ ခင်ဗျားရောက်လာပြီပဲ”

“ဒါပေါ့၊ ငါလာတာပေါ့၊ နှစ်အတော်ကြာပြီးတော့၊ မင်းဒုက္ခရောက်နေမှန်းသိလို့၊ ငါဘယ်လိုလုပ် လာပြီးမကူညီဘဲ နေနိုင်မှာလဲ” အဘိုးကြီးက စိတ်မရှည်စွာပြောလိုက်သည်။ ဤအဘိုးကြီးမှာ ပေကျန်းရှိ အကြီးဆုံး သိုင်းသင်တန်းဖြစ်သည့် ကျန်ပေသိုင်းပညာကျောင်းမှ အကြီးအကဲ ထန်တုန်ဖြစ်သည်။

သူသည် ချင်းယွမ်၏ သူငယ်ချင်းကောင်းတစ်ယောက်လည်းဖြစ်သည်။ ချင်းယွမ်၏ လက်တလော ပြဿနာများအကြောင်း ကြားခဲ့ရသောကြောင့် အကူအညီပေးရန် အထူးလာခဲ့ခြင်းဖြစ်သည်။

သူကားပေါ်မှ ဆင်းလိုက်သည်နှင့်၊ ချင်းယွမ်သည် လူငယ်တစ်ဦးအား အလွန်ရိုသေပြနေသည်ကို မြင်လိုက်ရသဖြင့် ထန်တုန်အလွန် ဒေါသထွက်သွားမိသည်။

သူ့အမြင်တွင် ချင်းရှန်သည် အရေးမပါလှပေ။ ထို့ကြောင့် သူကိုယ်တိုင် ဝင်ရောက်စွက်ဖက်ပါက၊ ပြဿနာမှန်သမျှကို ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။ သို့သော် ချင်းယွမ်သည် အမည်မသိလူတစ်ဦးကို လေးစားပြနေခြင်းသည် သူ၏ အစွမ်းသတ္တိကု သံသယဝင်နေခြင်းပင်ဖြစ်၏။ ထို့ကြောင့် ရွှယ်အန်းကို စိန်ခေါ်သော အကြည့်ဖြင့် ခေါင်းမှ ခြေအဆုံးကြည့်ပြီးနောက်၊ ရွှယ်အန်း၏ကိုယ်ခန္ဓာပေါ်မူတည်၍ သိုင်းပညာရှင်တစ်ယောက်မဟုတ်ဟု ထင်သွားသောကြောင့် သူ၏ အထင်အမြင်သေးမှုများ ကြီးထွားလာသည်။

“ဒီညီငယ်က ဘယ်ကလာတာလဲ” ထန်တုန်က မေးလိုက်သည်။

သို့သော် ရွှယ်အန်းသည် သူ့အား လုံးလုံးလျားလျား ဂရုစိုက်ခြင်းမရှိ၊ သူ့သမီးလေးများ၏ လက်ကို ကိုင်ဆွဲ၍ ထန်တုန်ကို ကျော်သွားလိုက်သည်။ ယခု ထန်တုန်၏ မျက်နှာသည် အမှန်တကယ်ပင် တင်းမာလာသည်။

‘ဘယ်လောက်တောင်စိတ်ကြီးဝင်နေတဲ့ လက်သစ်လေးလဲ’

‘မင်း ခဏစောင့်နေ၊ ဂျင်းအဟောင်းက ပိုစပ်တယ်ဆိုတာကို မကြာခင် ငါပြမယ်’

ချင်းယွမ်၏ အဆင့်အတန်းအရ၊ သူတို့ သီးသန့်ခန်းတစ်ခု ရရှိကြသည်။ ရွှယ်အန်းနှင့် အခြားသူများသည် ဤအခန်းထဲသို့ဝင်၍ လက်ဖက်ရည်သောက်ကာ၊ ပွဲစတင်ရန် စောင့်ဆိုင်းနေကြ၏။

သူတို့စောင့်ဆိုင်းနေစဥ်တွင် အပြင်ဘက်၌၊ ချင်းရှန်သည် ပိန်ပါးသောအဘိုးအိုတစ်ဦးကို ခေါ်လာသည်ကိုမြင်လိုက်ကြရသဖြင့် အပြင်ဘက်မှ လူအများသည် အုတ်အော်သောင်းတင်းဖြစ်ကုန်ကြသည်။ ဤအဘိုးအိုကို မြင်လိုက်ရသောအခါ၊ ရွှယ်အန်းသည် မျက်ခုံးအနည်းငယ်မြှင့်လိုက်မိသည်။

ဤလူတွင် ဝိဉာဥ်ကျင့်ကြံသူတစ်ဦး၏ အငွေ့အသက်မျိုးရှိသည်။ ဝိဉာဥ်ကျင့်ကြံသူများသည် ငရဲကမ္ဘာ၏ သခင်ဆယ်ပါးကဲ့သို့သော မြင့်မားသည့်အဆင့်ရှိသော သခင်ပေါင်းများစွာနှင့်အတူ၊ ကျင့်ကြံရေးလောကတွင် အရေးပါသော ဂိုဏ်းတစ်ခုဖြစ်သည်။ သို့သော် ဤလူ၏ ကျင့်ကြံရေးအဆင့်သည် အလွန်နိမ့်လွန်းသည်။

မည်သို့ပင်ဆိုစေကာမူ၊ ယခု ရွှယ်အန်းသည် ချင်းယွမ်ထံသို့ ကပ်တွယ်နေသော သရဲတစ္ဆေတစ်ကောင်သည် သူ့ထံမှ သေချာပေါက်စေလွှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ပြီဖြစ်၏။

အခန်း(၃၀) လေလံပွဲ ၂

“အဲ့တာ ချင်းရှန်ခေါ်လာတဲ့ ပညာရှင်ဆိုတဲ့လူလား” ထန်တုန်က အထင်အမြင်သေးစွာဖြင့် မေးလိုက်သည်။

“အင်း မမှားလောက်ဘူး” ချင်းယွမ်က ခေါင်းညိတ်၏။

တန်တုန်သည် ဟာသအချို့ ကြားလိုက်ရသကဲ့သို့ ရယ်မောကာ၊

“အဘိုးကြီးချင်း၊ ဒီကိစ္စကို ငါနဲ့စိတ်ချလိုက်ပါ၊ အချိန်ကျလာရင် ဒီအဘိုးကြီးကို လက်သီးတစ်ချက်နဲ့ ချေမှုန်းပစ်လို့ရမှာပါ”

ဤသို့ပြောပြီးနောက်၊ ထန်တုန်က ရွှယ်အန်းကိုဒေါသအကြည့်ဖြင့်ကြည့်လိုက်သောအခါ၊ ရွှယ်အန်းက စကားတစ်ခွန်းမျှ မကြားသကဲ့သို့ လျစ်လျူရှု့နေသည်ကို မြင်လိုက်ရသည်။ ထန်တုန်၏ နှလုံးသားထဲမှ အစိုင်အခဲသည်ပို၍ ကြီးမားလာ၏။ သိုင်းပညာရှင်တစ်ဦးအနေဖြင့် အရေးအကြီးဆုံးအရာသည် မိမိ၏နှလုံးသားထဲတွင် စိတ်ဝိဉာဥ်ကို ကျင့်ကြံရန်သာဖြစ်သည်။

‘ဆင်းရဲမှုသည် မလှုပ်ရှားနိုင်သော်လည်း မြင့်မြတ်ခြင်းကို ပုံသွင်းနိုင်သည်”ဟူသည့် ဆိုရိုးစကားသည် ဤအကြောင်းအတိအကျပင်ဖြစ်သည်။ တစ်နည်းအားဖြင့်၊ မည်သည့်အခြေအနေတွင်မဆို၊ လူတစ်ဦးသည် နောက်သို့ပြန်မဆုတ်သင့်ပေ၊ မဟုတ်လျှင် မည်မျှပင် ထက်မြက်နေလင့်ကစား၊ အဆင့်နိမ့်သည်ဟု ယူဆ၍ ရပေလိမ့်မည်ဖြစ်သည်။ သို့သော် ယခုမူ၊ သူ များစွာ လှုံဆော်လိုက်သော်လည်း ဤလူသည် တုံ့ပြန်ခြင်းအလျင်းမရှိပေ။

ရှင်းသည်၊ သူကြောက်နေခြင်းဖြစ်ရမည်။

ရွှယ်အန်းထံမှ မည်သည့် ခြိမ်းခြောက်မှု အရိပ်အယောင်ကိုမျှ မမြင်ရသည်ဟု ခံစားရသဖြင့် ထန်ုတုန်သည် အပြင်ဘက်သို့ လှမ်းကြည့်လိူက်သည်။ ယခုအချိန်တွင် လေလံပွဲများ စတင်နေပြီဖြစ်၏။ ချင်းရှန်နှင့် လျို့ရှုတို့သည် ထောင့်တစ်နေရာတွင်ထိုင်နေကြသည်။ လေလံပွဲသည် သာမန်ကျောက်မျက်ရတနာများဖြင့် စတင်ခဲ့ရာ၊ ချင်းရှန်နှင့် ချင်းယွမ်တို့နှစ်ဦးလုံး လေလံမဆွဲခဲ့ကြပေ။

ထိုအခိုက်အတန့်တွင်၊ လူတစ်ဦးသည် သေတ္တာတစ်လုံးကို ယူဆောင်လာ၏။

“နောက်ပြီး၊ ငါတို့မှာ လူတိုင်းအတွက် ထူးဆန်းတဲ့ပစ္စည်းတစ်ခုရှိပါတယ်။ အဲ့တာကို ခရီးသွားတစ်ယောက်က တောင်တန်းတွေကြားမှာ မတော်တဆ တွေ့ရှိခဲ့တာပါ။ ဒါပေမယ့် အဲ့တာကို ဘာအတွက်အသုံးပြုလဲတော့ ကျွန်တော်တို့ မသိကြသေးပါဘူး။ အားလုံးကြည့်ကြည့်ကြပါဦး”

ထိုသို့ပြောပြီးနောက်၊ သေတ္တာကို ဖွင့်လိုက်သည်။

အထဲတွင် ခြောက်သွေ့နေသော အပင်ငယ်တစ်ခုရှိသည်။ အောက်မှ လူအုပ်တစ်ခုလုံး ခဏတာမျှ တိတ်ဆိတ်သွာားပြီးနောက်၊ အချို့သည် အသံတိုးညှင်းစွာဖြင့် ရယ်လိုက်ကြသည်။

“ဒါက ရှားပါးတဲ့ရတနာတစ်ခုလား။ ငါ့အိမ်မှာ အဲ့တာတွေအများကြီးရှိတယ်”

“ဒါ နောက်နေတာလား”

သို့သော် အပင်ငယ်သည် သာမန်မျက်စိဖြင့် မြင်နိုင်သော၊ အညှောက်တစ်ခုပေါက်လာကာ၊ လျင်မြန်စွာ ကြီးစွာလာပြီးနောက်၊ အသီးများ လျင်မြန်စွာသီးပွင့်လာသည့်အခါတွင် လူအားလုံး၏ တီးတိုးသံများ ပျောက်ကွယ်သွားကြသည်။ ဤမြင်ကွင်းသည် အံ့ကွယ်တစ်ခုကဲ့သို့ဖြစ်သဖြင့် များစွာသောလူများ ဆွံအကုန်ကြသည်။

အခန်းတွင်းမှ ရွှယ်အန်းသည် စိတ်ထဲတွင် အတွေးတခု လှုပ်လှုပ်ရွရွဖြစ်ပေါ်လျက်၊ ၎င်းကို စေ့စေ့ကြည့်နေမိသည်။

ဤသည်ကား နဂါးအူ အပင်ပင်ဖြစ်သည်။ ၎င်းသည် နဂါးစွမ်းအင်ရှိသော နေရာတွင်သာ ပေါက်ရောက်နိုင်သည့် ဝိဉာဥ်ရေးရာဆေးဖက်ဝင်အပင်ဖြစ်မျိုးဖြစ်ကာ၊ ဆေးများစွာ ထုတ်လုပ်နိုင်၏။ ထို့ကြောင့် ရွှယ်အန်းသည် ၎င်းကို ကမ္ဘာမြေပေါ်တွင် မြင်ရလိမ့်မည်ဟု မမျှော်လင့်ထားပေ။ ထိုအချိန်တွင် လျို့ရှု့၏ မျက်လုံးများသည် အနီရောင်တောက်နေ၏။

“အဲ့တာပဲ”

ပေကျန်းမြို့တွင် လျို့ရှု့အသည်းအသန်စောင့်မျှော်နေခဲ့သော ရတနာသည် ယခု သူ့ရှေ့တွင်ရှိနေပြီဖြစ်၏။ ၎င်းနှင့်အတူ၊ လျို့ရှု့သည် သူ၏ လက်ရှိအဆင့်ကို ကျော်ဖြတ်နိုင်မည်ဖြစ်သည့်အပြင်၊ သူ၏ သက်တမ်းကိုပင် တိုးနိုင်မည်ဖြစ်၏။ လျို့ရှု့အတွက်၊ ဤအရာသည် အလွန်တန်ဖိုးကြီးမားလှသဖြင့် ချက်ချင်းပင် ပြောလိုက်သည်။

“အဲ့တာကို ဝယ်လိုက်”

လျို့ရှု့၏ အမိန့်ကို လိုက်နာသော ချင်းရှန်သည် ချက်ချင်းပင် လေလံဆွဲလိုက်သည်။ ထိုအချိန်တွင် ရွှယ်အန်းသည်လည်း ချင်းယွမ်ကို ပြောလိုက်၏။

“အဲ့တာကို ဝယ်လိုက်ပါ”

အစပိုင်းတွင် အ‌စောပိုင်းမြင်ကွင်းကို စိတ်ဝင်စားကြသူ လူအများအပြား လေလံဆွဲခဲ့ကြသော်လည်း အချိန်ကြာလာသည်နှင့်အမျှ၊ ချင်းယွမ်နှင့် ချင်းရှန်တို့သာ ကျန်တော့သည်။ စျေးနှုန်းသည် တွက်ချက်မရနိုင်သော ပမာဏ၊ သန်းတစ်ရာ့တစ်ဆယ်အထိရောက်ရှိနေပြီဖြစ်၏။ ဤသေးငယ်သော အပင်တစ်ပင်ကို ဤစျေးနှုန်းဖြင့် ရောင်းချ၍ရလိမ့်မည်ဟု လူအများက မမျှော်လင့်ထားကြပေ။ သို့သော် ယခုအချိန်တွင် လူများစွာသည် မမျှော်လင့်ထားသောအရာများဖြစ်လာသည်ကို မြင်လိုက်ကြရသည်။

ဤသည်ကား ချင်းရှန်နှင့် ချင်းယွမ်တို့အကြားရှိ ပြိုင်ပွဲဖြစ်သည်။ ချင်းယွမ်က ပိုမြင့်သောစျေးဖြင့်နောက်ထပ်တစ်ကြိမ် လေလံဆွဲလိုက်သောအခါ၊ လျို့ရှု့သည် နောက်ဆုံးတွင် သည်းမခံနိုင်တော့သဖြင့် မတ်တပ်ထရပ်ကာ၊ ၎င်းတို့အခန်းသို့ဦးတည်၍ လှောင်ရယ်လိုက်သည်။

“ချင်းယွမ် မင်းအသက်ရှင်ရတာ ပင်ပန်းနေပြီလား”

ဤစကားကြောင့် လေလံခန်းတစ်ခုလုံးတိတ်ဆိတ်သွားသည်။ ဤအခိုက်အတန့်တွင် ချင်းယွမ်သည် အခန်း၏ ပြတင်းပေါက်ရှေ့တွင် မတ်တပ်ရပ်၍ ခပ်ပါးပါးပြုံးလိုက်သည်။

“ဘာဖြစ်တာလဲ၊ မတတ်နိုင်ရင်လို့ ဆုံးရှုံးရမှာကို ကြောက်နေတာလား”

“ငါဒီလိုလုပ်ဖို့ မစဥ်းစားထားပေမယ့်၊ ခင်ဗျားက သေချင်နေမှတော့၊ ကျုပ်အဆိုးမဆိုနဲ့တော့”

လျို့ရှု့သည် ရှေ့သို့ရုတ်တရက်ခုန်တက်ကာ၊ ချင်းယွမ်ထံသို့ ချီတက်လာသည်။ သူသည် ချင်းယွမ်ကို ဦးစွာသတ်ပစ်ရန် စီစဥ်ထားကာ၊ ထို့နောက်၊ နဂါးအူမြက်ကို ယူ၍ ထွက်ပြေးမည်ဟု စဥ်းစားထားသည်။ သို့သော် သူအနားသို့ရောက်သည်နှင့် ထန်တုန်ကအေးစက်စွာရယ်မောလိုက်သည်။

“ကောင်းပြီ လာခဲ့”

ထို့နောက်၊ လက်သီးတစ်ချက်ပစ်သွင်းလိုက်၏။ ထန်တုန်သည်အသက်အရွယ်အားဖြင့် အနည်းငယ်ကြီးနေသော်လည်း သူ၏သိုင်းပညာကို လျစ်လျူရှု့၍မရပေ။ သူပစ်သွင်းလိုက်သောလက်သီးသည် အခန်းတွင်း၌ မီးရှုးမီးပန်းတစ်ခု ဖောက်လိုက်သကဲ့သို့ပင်ပြင်းထန်လှသည်။

ထန်တုန်၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွား၏။

သူ၏ လက်သီးသည် လူသာမက၊ ကျောက်တုံးတစ်တုံးကိုပင် ဖျက်ဆီးဖြိုခွဲပစ်နိုင်သည်။ သို့သော် သူ့မျက်နှာပေါ်မှ အပြုံးသည် ခဏအကြာတွင် ပျောက်ကွယ်သွားကာ၊ အေးခဲတောင့်တင်းသွားသည်။ လျို့ရှု့သည် ၎င်းလက်သီးချက်ကို ရှောင်တိမ်းရမည့်အစား၊ သူ့၏ နောက်ကျောဖြင့် ထိမှန်စေလိုက်သည်ကို မြင်လိုက်ရသည်။

ထန်တုန်သည် ပုပ်ပွနေသော အလောင်းကိုထိုးလိုက်မိသကဲ့သို့ မည်သည့်မာကျောမှုမျှရှိမနေသည်ကို ခံစားလိုက်ရသည်။ သူအံ့အားသင့်နေစဥ်တွင်ပင် လျို့ရှု့က လှောင်ရယ်လိုက်သည်။

“ဒါ မင်းလုပ်နိုင်တာ အကုန်ပဲလား။ မင်းက ငါ့လမ်းကို တားရဲတာလား”

လျို့ရှု့သည် ဤသို့ပြော၍ ပါးတစ်ချက်ရိုက်လိုက်သည်။

ထန်တုန်သည် ၎င်းကို ရှောင်တိမ်းရန် အပြင်းအထန် ကြိုးစားခဲ့သော်လည်း လျို့ရှု့၏ လက်ဖဝါးဖြင့် ထိမှန်ကာ၊ ခြေလှမ်းနှစ်ဆယ်ကျော်စာမျှ လွင့်ထွက်သွားရကာ၊ ပါးစပ်မှ သွေးများအပြည့်အန်ထွက်လာသည်။

တစ်ချိန်တည်းတွင်ပင်၊ ထန်တုန်သည် ကြောက်ရွံ့မှုအပြည့်နှင့်ပြောလိုက်သည်။

“စစ်မှန်တဲ့ သက်ရှိ၊ ခင်ဗျား စစ်မှန်သော ဆရာသခင်အဆင့်ကို ရောက်နေပြီလား”

လျို့ရှု့က ဂုဏ်ယူစွာဖြင့် မတ်တပ်ရပ်၍ ပြောလိုက်သည်။

“တကယ်ပဲ၊ မင်းက ငါ့လက်နဲ့သေဖို့ ကံပါလာတယ်”

ထန်တုန်၏ မျက်နှာထက်တွင် စိတ်ပျက်အားငယ်သောအရိပ်အယောင်များ ပေါ်လာသည်။

စစ်မှန်သော ဆရာသခင်နယ်မြေ

ထိုအဆင့်သည် ထန်တုန် တက်လှမ်းနိုင်ရန် တောင့်တခဲ့သောအဆင့်တစ်ခုဖြစ်ကာ၊ ထိုအဆင့်သို့ ခြေတစ်လှမ်းလှမ်းနိုင်ခြင်းကိုပင် မှန်ကန်သောဆရာတစ်ဆူဟု ယူဆနိုင်လိမ့်မည်ဖြစ်သည်။ ထိုအခိုက်အတန့်တွင် လျို့ရှု့က လက်တစ်ဖက်ကို ဆန့်ထုတ်၍ ချင်းယွမ်ကို ဖမ်းကိုင်ကာ၊ လှောင်ပြုံးပြုံးလိုက်သည်။

“မင်းသေသင့်တာကြာပြီ၊ မင်းလိုလူမျိုးကို စောက်ရူးတစ်ကောင်က ကယ်ဖို့ကြိုးစားနေမယ်လို့ မမျှော်လင့်ထားမိပေမယ့် အခုတော့ မင်းရဲ့အချိန်ပြည့်ပြီ၊ ငရဲကို …”

ထိုအချိန်တွင် ရွှယ်အန်းက သက်ပြင်းတစ်ချက်ချလိုက်သည်။

“တိုက်ခိုက်ပြီး သတ်နေတာ ဘာထူးမှာလဲ၊ အတူတူထိုင်ပြီး လက်ဖက်ရည်သောက်တာ ပိုမကောင်းဘူးလား”

ထန်တုန်က ရွှယ်အန်းကို အရူးတစ်ယောက်နှယ်ကြည့်၍ ဤနေရာသို့ ဟာသလုပ်ရန် ရောက်ရှိနေခြင်းများလားဟု တွေးလိုက်မိသည်။ ထိုအခါမှ လျို့ရှု့သည် ရွှယ်အန်းကို သတိထားမိသွားကာ၊ အချိန်အနည်းငယ်မျှ စိုက်ကြည့်နေပြီးနောက်၊ လှောင်ရယ်လိုက်သည်။

“မင်းဘာပြောလိုက်တာလဲ”

ရွှယ်အန်းက ပျင်းရိစွာ အကြောဆန့်၍ ငုံ၍ ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့ကို ပြုံးပြုလိုကသည်။

“သမီးတို့နှစ်ယောက်၊ အန်တီမင်ရွှယ်နဲ့အတူ အပြင်မှာသွားကစားပါလား”

“ကောင်းပြီ”

ဖန်းမင်ရွှယ်က ကလေးမလေးနှစ်ယောက်ကိုခေါ်၍ လမ်းလျှောက်ထွက်သွားသည်။

ထိုအခါ ရွှယ်အန်းသည် ဘာသိဘာသာပြောလိုက်သည်။

“ငါပြောတာက၊ အဲ့လောက်အဆင့်နဲ့ ဆရာတစ်ဆူလိုဟန်ဆောင်မနေနဲ့လို့”

လျို့ရှု့၏မျက်နှာသည် ချက်ချင်းပင် မဲပြာကျသွားသည်။

“ငါမင်းကို သတ်ပစ်မလို့ပဲ၊ ဒါပေမယ့် ငါစိတ်ပြောင်းသွားပြီ၊ ငါမင်းကို တဖြည်းဖြည်းချင်းညှင်းပန်းနှိပ်စက်ပြီး၊ အဲ့ကလေးမလေးနှစ်ယောက်ကို မိန်းမဖြစ်အောင်လုပ်…”

သူ့စကားမဆုံးခင်တွင် ရွှယ်အန်းသည် သူ့ရှေ့၌ ပေါ်လာကာ၊ ခံစားချက်မဲ့စွာဖြင့် လက်သီးတစ်ချက်ထိုးလိုက်သည်။ သူကို ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့နှင့် ပတ်သက်၍ ခြိမ်းခြောက်လိုက်ခြင်းသည် သေလမ်းကို ရွေးလိုက်ခြင်းသာဖြစ်သည်။

ဤဓားချက်သည် ရိုးရှင်း ပေါ့ပါးသော်လည်း ရှောင်လွှဲ၍မရလိုက်ပေ။ သူ့ခန္ဓာကိုယ်ထဲမှ ချီစွမ်းအင်များ ချိပ်ပိတ်ခံလိုက်ရသကဲ့သို့ လုံးလုံးလျားလျာပင် လှုပ်ရှား၍ မရနိုင်တော့ပေ။

ကျောက်တုံးကြီးတစ်တုံးသည် ငြိမ်သက်နေသော ရေကန်ထဲသို့ ပြုတ်ကျသွားသကဲ့သို့ လက်သီးသည် အလွန်ပြင်းထန်စွာပေါက်ကွဲသွားသည်။

လျို့ရှု့သည် ဆင်ဒါဇင်ပေါင်းများစွာ၏ တိုက်ခိုက်ခြင်းခုံလိုက်ရသကဲ့သို့ နောက်သို့လွင့်ထွက်ကာ၊ သူ့ပါးစပ်မှ သွေးများစီးကျလာ၏။

ဤသည်ကား အကုန်မဟုတ်ပေ။

ဤလက်ချက်၏ စွမ်းအားသည် အလွန်ပြင်းထန်လွန်းလှသဖြင့် သူ့နောက်မှ အဆောက်အအုံကိုပါ သက်ရောက်သွားသည်။

ဘမ်း

ကျယ်‌လောင်သော ဆူညံသံများ ဆက်တိုက်ပေါ်ထွက်လာပြီးနောက်၊ ခန်းမကြီး၏ မျက်နှာကျက်တစ်ဝက်သည် ရွှယ်အန်း၏ လက်သီးချက်ကြောင့် ကွဲထွက်သွား၏။

ကောင်းကင်ယံထက်မှ ကြယ်ရောင်များ လင်းလက်လာကာ၊ အောက်ဘက်ရှိ အံ့အားသင့်နေသောသူများ၏ မျက်နှာများကို လင်းထိန်သွားစေ၏။

All Chapters