အခန်း (၃၇-၃၉)
Vol. 3 Ch. 37-39
အခန်း(၃၇) သရက်သီးစိမ်းများ
ချင်းမန်တောင်တွင် အင်မော်တယ်များစွာရှိသည်။ ဤသည်ကား၊ ချင်းမန်တောင်အနီးတွင် နေထိုင်ကြသူတိုင်း သိကြသည့် ဒဏ္ဍာရီတစ်ပုဒ်ပင်ဖြစ်သည်။ သို့သော် မည်သူမျှ တစ်ယောက်ကိုမျှ မမြင်ဖူးခဲ့ကြပေ။
သို့သော် ဤအချက်ကြောင့် နေရာပေါင်းစုံမှ ခရီးသွားများသည် ထိုအချက်ကြောင့် ဤနေရာသို့ ရောက်ရှိလာကြရာ၊ တစ်ချိန်က ဆင်းရဲနွမ်းပါးခဲ့သော ချင်းမန်မြို့ကို ဖွံ့ဖြိုးတိုးတက်လာစေခဲ့သည်။ ရွှယ်အန်းသည် သူ့သမီးနှစ်ယောက်နှင့်အတူ၊ ခရီးသွားနည်းပြတစ်ဦးနှယ်ရောက်ရှိလာခဲ့ကာ၊ သူ့ရှေ့မှ အရာအားလုံးသည် ရင်းနှီး၍ ထူးဆန်းနေသည်။
သူထွက်သွားခဲ့စဥ်က ဝေးလံခေါင်သီသော မြို့လေးတစ်မြို့သာ ဖြစ်ခဲ့သော်လည်း ယခုဆိုလျှင် ပိုမို ကြွယ်ဝချမ်းသာလာခဲ့ပြီဖြစ်သည်။ စားသောက်ဆိုင်များနှင့် ဘားတန်းများသည် ဘေးချင်းယှက်လျက်၊ ပေါများလှသည်။ ထိုလမ်းများအကြားတွင် အရောင်စုံလင်သော အဝတ်အစားများဝတ်၍ အမျိုးသား၊ အမျိုးသမီးများစွာဖြတ်သွားဖြတ်လာရှိနေကြ၏။
ထို့အပြင် ချင်းမန်တောင်သို့ တက်သွားနိုင်သည့် လမ်းကြောင်းသည် ဤလမ်းတည့်တည့်တွင်ရှိနေရာ၊ တောင်ထိပ်သည် နှစ်ရှည်လများကြာသည်အထိ၊ မြူခိုးများ ဖုံးလွှမ်းနေသဖြင့်၊ မြူကွဲချိန်သည် ရှားပါး၏။
ရွှယ်အန်းသည် ခဏတာမျှ ၎င်းကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။
ငယ်စဥ်က ချင်းမန်တောင်သို့ သူစွန့်စားခဲ့ဖူးသော်လည်း ထူးထူးခြားခြား မည်သည့်အရာကိုမျှမတွေ့ခဲ့ပေ။ ယခုမူကား အင်မော်တယ်အရှင်၏ မျက်လုံးများထဲတွင် တောင်ကြီးသည် အလွန်ထူးဆန်းသော ဖုန်းရွှေပညာရှင်ရှိနေသည့် သာမန်မဟုတ်သော နေရာကြီးတစ်ခုဖြစ်နေသည့်အပြင်၊ နဂါးရောင်ဝါလည်း အနည်းငယ်ဖုံးအုပ်နေသည်ကို သူရှင်းလင်းစွာမြင်နေရသည်။
သို့သော် ဤနဂါးရောင်ဝါသည် လွန်စွာရောထွေးနေလျက်၊ သန့်စင်ခြင်းမရှိပေ။
ရွှယ်အန်းက သူ့ဘာသာ တွေး၍ ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့ဘက်သို့ လှည့်ပြောလိုက်သည်။
“သမီးတို့ ဗိုက်ဆာကြပြီလား”
ဤမြင်ကွင်းသည် လမ်းသွားလမ်းလာများကို ပြုံးသွားစေသည်။
ရွှယ်အန်းက ခေါင်းညိတ်၍ နူးညံ့စွာပြောလိုက်သည်။
“လာ ဖေဖေ သမီးတို့ကို အရင်လိုက်ကျွေးမယ်”
ဖခင်တစ်ဦးဖြစ်လာခဲ့စဥ်တည်းက၊ ရွှယ်အန်း၏ နေ့စဥ်ဘဝသည် အိုးများ၊ ဒယ်များဆီမှ ဖယ်ခွာ၍မရနိုင်ပေ။ တကယ်တမ်းတွင် သူ၏ ကျင့်ကြံရေးအဆင့်ဖြင့် အစားအသောက်ကိုရှောင်ရှားနိုင်သော်လည်း ငွေသည် ပျော်ရွှင်မှုကို မဝယ်နိုင်ပေ။ ရွှယ်ရှန်းက သူ့သမီးနှစ်ယောက်နှင့်အတူ စားရသည့် ခံစားချက်ကို ခံစားချင်သည်။
လမ်းပေါ်လျှောက်လာရင်းဖြင့် လမ်းတစ်လျှောက်၍ စားသောက်ဆိုင်များနှင့် တည်းခိုခန်းများကို ကြည့်၍ ရွှယ်အန်း၏ အမူအရာသည် အနည်းငယ် လွမ်းဆွတ်တောင့်တနေသည့် အမူအရာမျိုးပြောင်းလဲသွားသည်။ ထိုစဥ်က သူ ဤလမ်းတွင် မကြာခဏလာရောက်ကစားခဲ့ဖူးသည်။
ထို့အပြင် သူ၏ အိမ်အဟောင်းသည် ဤလမ်းထောင့်တွင်ရှိ၏။ နှစ်ပေါင်းများစွာကြာပြီးနောက်၊ သူ့အိမ်အဟောင်းသည် မည်သို့ပုံစံမျိုးဖြစ်နေလိမ့်မည်နည်း။
ဤသို့တွေးကာ၊ ရွှယ်အန်းသည် ထောင့်သို့လှည့်ကြည့်ပြီးနောက်၊ အနည်းငယ်အံ့အားသင့်သွားသည်။ သူ့အိမ်အဟောင်းကြီး တည်ရှိခဲ့သည့်နေရာတွင် အလွန်ကြီးမားသော ဟိုတယ်ကြီးတစ်ခု တည်ဆောက်ထားသည်။
ရွှယ်အန်း၏ မျက်နှာသည် တဖြည်းဖြည်းမည်းမှောင်သွား၏။
“ဖေဖေ ဘာလို့ ငါတို့ ရပ်လိုက်တာလဲ” ရွှယ်ရှန်းသည် ဤသို့မေးပြီးနောက်၊ ထူးထူးခြားခြား အလှဆင်ထားသော ဟိုတယ်ကို ကြည့်လိုက်သည်။
“ဖေဖေ သမီးတို့ ဒီမှာစားရမှာလား။ စျေးမကြီးလွန်းလောက်ဘူးလား” လေးနှစ်သာရှိသေးသော ရွှယ်ရှန်းတွင် သနားစဖွယ်ကောင်းသော အကျင့်တစ်ခုရှိနေပြီဖြစ်သည်။
၎င်းတို့ ကုန်ပစ္စည်းများ ဝယ်သည့်အခါတိုင်း အသပြာတစ်ပြားစီတိုင်းကို တွက်ချက်လေ့ရှိသည့်အခိုက်အတန့်မျိုးတွင် ရွှယ်အန်းသည် ရင်နာမှုနှင့် ကြည်နူးမှုတို့ကို အတူတကွခံစားခဲ့ရသည်။ မှန်သည်။ ရွှယ်အန်းသည် ဤမြေတစ်ကွက်ကို သိမ်းယူသွားသောကြောင့် စိတ်ဆိုးနေခဲ့ခြင်းမဟုတ်ပေ။
သူ့အတွက်၊ ဤအိမ်ဟောင်းသည် သူ့အတွက်၊ ထူးခြားသော အဓိပ္ပါယ်များရှိကာ၊ ၎င်းသည် သူ့ငယ်ဘဝ အမှတ်တရများ၏ သင်္ကေတတစ်ခုပင်ဖြစ်၏။ ခဏနေအကြာတွင်၊ မဝံ့မရဲအသံတစ်ခုထွက်လာသည်။
“မင်း… အစ်ကိုကြီးအန်းလား”
ရွှယ်အန်းလှည့်ကြည့်လိုက်သောအခါ၊ လမ်းအစွန်းတွင်ရပ်နေသည့် မိန်းကလေးတစ်ဦးကို တွေ့လိုက်ရသည်။
“မင်းက…”
“အစ်ကိုအန်း၊ တကယ်.. တကယ် အစ်ကိုကြီးအန်းလား” ကောင်မလေးက ရုတ်တရက်စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ တိုးလာသည်။ “ညီမ၊ လန်အာပါ”
“လန်အာဟုတ်လား။ မင်းက.. ရွှယ်လန်လား” ရွှယ်အန်းက အံ့သြစွာပြောလိုက်သည်။
ရွှယ်လန်သည် ရွှယ်အန်းနှင့် အမျိုးဝေးသော ဦးလေးဖြစ်သူ၏ သမီးဖြစ်ကာ၊ သူ့ကို မကြာခဏ တွယ်ကပ်နေတတ်၍ သွားလေရာနေရာတိုင်းသို့ အရိပ်လေးတစ်ခုသဖွယ်လိုက်ပါလာလေ့ရှိသည်။
“နောက်ဆုံးတော့၊ ကိုကို ပြန်လာပြီပေါ့၊ ကိုကိုသေသွားပြီလို့ လူတွေအကုန်လုံးကပြောနေကြတာ” ရွှယ်လန်၏ ပါးပြင်ထက်သို့ မျက်ရည်များ စီးကျလာသည်။
“ငါအဆင်ပြေနေပါတယ်၊ မဟုတ်ဘူးလား။ နှစ်တွေအတော်ကြာခဲ့ပြီပဲ၊ ညီမလေး အရမ်းထွားလာတယ်” ရွှယ်အန်းက ပြုံး၍ ပြောသည်။
“အာ… ဒီနှစ်ယောက်ကရော..” ရွှယ်လန်သည် ရွှယ်ရှန်းနှင့် ရွှယ်နျန်ကို မြင်လိုက်၍ မေးလိုက်သည်။
“အန်တီ မင်္ဂလာပါ” ကလေးမလေးနှစ်ယောက်က တညီတညွတ်တည်း ပြောလိုက်ကြသည်။ ရွှယ်လန်သည် ဤချစ်စဖွယ်သတ္တဝါလေးနှစ်ကောင်ကို ကြည်နူးတကြီးကြည့်၍ ပြောလိုက်သည်။
“အိုး ချစ်စရာလေးတွေ”
“ဒါ ငါ့သမီးလေတွေ”
ရွှယ်လန်က အနည်းငယ်ထိတ်လန့်သွားသော်လည်း အတင်းပြုံးထားလိုက်သည်။
“အစ်ကိုကြီးအန်း ကိုကို လက်ထပ်ပြီးပြီလား”
ရွှယ်အန်းက ခေါင်းညိတ်လိုက်ပြီးနောက်၊ သူ့နောက်မှ ခမ်းနားကြီးကျယ်သော ဟိုတယ်ကြီးကို လက်ညှိုးထိုးပြလိုက်သည်။
“ဒါဘယ်လိုဖြစ်တာလဲ”
ရွှယ်လန်၏ မျက်နှာသည် ပြောင်းလဲသွားကာ၊ ရွှယ်အန်းကို ဆွဲခေါ်ထုတ်သွားလိုက်သည်။
“ဒါ စကားနည်းနည်းနည်းနဲ့ရှင်းပြလို့ရတဲ့အရာမဟုတ်ဘူး။ ကိုကို ညီမလေးနဲ့အရင် အိမ်ပြန်လိုက်လာသင့်တယ်။ ဖေဖေက ကိုကို့ကို တွေ့ရင် အရမ်းပျော်မှာ”
ရွှယ်အန်၏ အိမ်သည် ချင်းမန်မြို့အစွန်းတွင်ရှိသည်။ အိမ်ခြေများသည် နိမ့်ကျယိုင်နဲ့လျက်၊ ဗွက်ထနေသော သွားလာရေးခက်ခဲသည့် တောင်ပေါ်ရွာလေးတစ်ရွာသို့ ပြန်ရောက်သွားခဲ့သည်။
ရွှယ်အန်းသည် ဤနေရာသို့ မကြာခဏလာလေ့ရှိသောကြောင့် ထိုနေရာနှင့်အလွန်ရင်းနှီးနေသည့်အပြင်၊ ရွှယ်လန်၏ အိမ်သည် နှစ်ပေါင်းများစွာတိုင်သည်အထိ မူလအတိုင်း မပြောင်းမလဲတည်ရှိနေသည်။ တံခါးဝကို လှမ်းဖြတ်ပြီးနောက်၊ ရွှယ်လန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“ဖေဖေ ဘယ်သူပြန်လာတာလဲလို့ တွေးကြည့်”
အသားမည်းသော ရွာသားတစ်ဦးသည် အိမ်ထဲမှ ထွက်လာလျက်၊ ရွှယ်အန်းကို မြင်သောအခါ, အလွန်ထိတ်လန့်အံ့သြသွားသည်။
“ရွှယ်… အန်းလား”
ထိုအချိန်တွင် ရွာသူအမျိုးသမီးတစ်ဦးသည်လည်း အိမ်ထဲမှ ထွက်လာသည်။
“ဘယ်သူလဲ ဒီလောက်ဖြစ်နေတာ”
ရွှယ်အန်းကို မြင်လိုက်ရသည်နှင့် အမျိုးသမီး၏ မျက်နှာသည် ဖျော့တော့သွား၏။
“မင်းလား”
“မေမေ၊ ကိုကို မသေသေးဘူး။ သူပြန်လာပြီ”
“မြန်မြန်ထွက်သွား၊ ငါတို့ရွှယ်အန်းကို မသိဘူး။ သူ့ကို ဒီနေရာကနေ အခုချက်ချင်းထွက်သွားခိုင်း” ရွှယ်လန်၏ မိခင်ဖြစ်သူ လီဟုန့်ယန်ကပြောသည်။
ရွှယ်လန်က အံ့အားသင့်ကာ၊ ထိတ်လန့်တကြီးဖြစ်လျက်။
“မေမေ.. ဘာတွေဖြစ်နေတာလဲ”
“ငါနင့်ကို စိတ်ဆိုးတယ်၊ ငါပြောတာကို နင်နားမထောင်တော့ဘူးလား၊ သူကို ဒီကနေ အခုချက်ချင်း ထွက်သွားခိုင်းစမ်း”
ထိုနောက် ရွှယ်အန်း၏ အမျိုးဝေးသောဦးလေးဖြစ်သူ၊ ရွှယ်လန်၏ ဖခင်၊ ရွှယ်ကော်က သက်ပြင်းချလိုက်သည်။
“ရွှယ်အန်း၊ မင်းတကယ်ပြန်မလာသင့်ဘူး။ မင်းဒီနေရာမှာ ရှိနေတဲ့အကြောင်း ဘယ်သူမှမသိခင်၊ အခုထွက်သွားလိုက်ပါ၊ မြန်မြန်သွား”
ရွှယ်အန်းက တစ်ခုခုပြောတော့မည့်ဆဲဆဲတွင် ရွှယ်အန်းက သူမကို တား၍ ဇနီးမောင်နှံကို အေးဆေးတည်ငြိမ်စွာပြောလိုက်သည်။
“ကျွန်တော်ပြန်လာလို့ ဦးလေးတို့ ဒုက္ခမရောက်စေရပါဘူး။ ဒါပေမယ့် ကျွန်တော့်အိမ်ဘာဖြစ်သွားလဲ သိချင်တယ်”
ဤမေးခွန်းကြောင့် လင်မယားနှစ်ယောက်၏ မျက်နှာသည် ဖြူဖျော့သွားရ၏။ လီဟုန့်ယန်က မကျေမနပ်မှုများပြည့်နှက်နေသော မျက်နှာဖြင့် ပြောသည်။
“မင်းက ကံမကောင်းတဲ့ မျိုးမစစ်၊ မင်းကိုမြင်ရတာနဲ့တင် ကံနိမ့်နေပြီ၊ ဒါတောင်၊ မင်းက ငါတို့ ဒုက္ခမပေးဘူးလို့ ပြောချင်သေးတာလား။ ငါ့စိတ်ရှည်မှုတွေ မကုန်ဆုံးခင်၊ အခု ထွက်သွားလိုက်ပါ”
ရွှယ်အန်းက မျက်မှောင်ကြုတ်လိုက်သည်။ သူတို့သည် ဆွေမျိုးများပင်ဖြစ်သော်ညား၊ သူ့ကိုယ်တိုင်၏သေဆုံးခြင်းအတွက် မည်သူ့ကိုမျှ အပြစ်ပြော၍ မရဟု သူခံစားမိသည်။
ထိုအချိန်တွင် ရွှယ်လန်သည် ရွှယ်အန်း၏ လက်ကို ရုတ်တရက်ဆွဲကိုင်လိုက်သည်။
“အစ်ကိုကြီး အန်း၊ အရင်ဆုံး ညီမလေး ကိုကို့ကို ဒီကနေခေါ်ထုတ်သွားပါရစေ”
ရွှယ်လန်ကိုတွေးကာ၊ ရွှယ်အန်း၏ နှလုံးသားများ ပျော့ပြောင်းသွားရသည်။ ထို့နောက်၊ ဇနီးမောင်နှံကို ပြုံးပြလိုက်သည်။
“ခင်ဗျားတို့ နောင်တမရဖို့ ကျွန်တော် မျှော်လင့်ပါတယ်”
ထိုသို့ပြောပြီးနောက်၊ ရွှယ်အန်းသည် ရွှယ်လန်၏ နောက်သို့ လိုက်ပါသွားသည်။ ထိုအချိန်တွင် လီဟုန့်ယန်သည် နောက်ဆုံးတွင် အသက်ရှူထုတ်၍ အထင်သေးသော အမူအရာဖြင့် ပြောလိုက်သည်။
“အိမ်ဆုံးရှုံးထားတဲ့ မိဘမဲ့ကများ၊ နောင်တဟုတ်လား ကျစ်”
ရွှယ်ကော်က တစ်စုံတစ်ခုကို ပြောချင်နေသော အမူအရာဖြင့် ကြည့်နေသော်လည်း ဤအိမ်တွင် သူဝင်ပြောနိုင်သောအရာမရှိပေ။ အပြင်သို့ရောက်သောအခါ၊ ရွှယ်လန်သည် နောက်ဆုံးတွင် စကားစလာသည်။
“အစ်ကိုကြီးအန်း… ညီမလေး”
ရွှယ်ရှန်းက ခေါင်းကို ခါယမ်းလိုက်သည်။
“ထပ်ပြောစရာမလိုတော့ဘူး လန်အာ၊ ငါ့ကို ပြောစမ်း၊ ငါ့အိမ်က ဘာဖြစ်သွားတာလဲ”
ရွှယ်လန်က အံကြိတ်လိုက်သည်။
“အဲ့တာတွေအကုန်လုံးက ကျဲ့ဟူကြောင့်ပဲ။ ကိုကိုထွက်သွားပြီး သုံးနှစ်အကြာမှာ သူတို့က ဒီနေရာဖွံ့ဖြိုးလာတာနဲ့၊ ကျဲ့ဟူက ကိုကို့အိမ်ကို ဟိုတယ်တစ်ခုဆောက်ဖို့ မသမာနည်းနဲ့ လွှဲပြောင်းယူခဲ့တာ”
ကျဲ့ဟူ
ဤနာမည်သည် ရွှယ်အန်း မေ့ပျောက်ထားသော မှတ်ဉာဏ်များ၏ ပြတင်းတံခါးကို ဖွင့်ပစ်လိုက်သည်။
အခန်း(၃၈) ဒီတိုင်း သတ်လိုက်
ဤမြို့တွင် သူအထက်တန်းကျောင်း တက်ခဲ့စဥ်က ကျဲ့ဟူသည် မိမိ၏ ကျောထောက်နောက်ခံပေါ်တွင်အားကိုး၍ ကျောင်းတွင် အာဏာရလာခဲ့သည်။ ရွှယ်အန်းသည် အဆင့်ကောင်းကောင်းရခဲ့သော်လည်း မိသားစုမရှိသောကြောင့် ကျဲ့ဟူမှ သူ့ကို မကြာခဏဆိုသကဲ့သို့ အနိုင်ကျင့်ခဲ့သည်။ နောက်ပိုင်းတွင် ရွှယ်အန်းတစ်ယောက် ချင်းမန်မြို့မှ ထွက်ခွာသွားသောအခါ၊ ကျဲ့ဟူသည် မိန်းကလေးတစ်ဦးအား မုဒိမ်းကျင့်မှုကြောင့် ကျောင်းထုတ်ခံခဲ့ရကြောင်း ကောလဟာလများ ပေါ်ထွက်ခဲ့သည်။
ဤပုဂ္ဂိုလ်သည် လူ့အဖွဲ့အစည်း၏ ဆန်ကုန်မြေလေးတစ်ယောက်သာဖြစ်ရာ၊ ယခု သူသည် မကောင်းမှုအားလုံးကို လုပ်နေပုံပေါ်၏။
ရွှယ်လန်က စိုးရိမ်စိတ်အချို့နှင့်ပြောသည်။
“ဒီကိစ္စမှာ ဝင်စွက်ဖက်တဲ့လူကို သတ်ပစ်မယ်လို့ ကျဲ့ဟူက မြို့ထဲက လူတွေကို အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့လို့ မြို့ထဲကလူတွေက အရမ်းကြောက်နေကြပြီး ရှေ့တစ်လှမ်းမှ မတိုးရဲကြဘူး”
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
“လန် ကျေးဇူးပဲ”
“အစ်ကိုကြီးအန်း ညီမလေး မိဘတွေကို အပြစ်မမြင်ပါနဲ့၊ သူတို့လည်း ကြောက်နေကြလို့ပါ”
ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီးနောက်၊ ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့ကို ငုံံကြည့်၍ ပြောလိုက်သည်။
“သွားကြရအောင်၊ ဖေဖေက ထမင်းစားဖို့ ဟိုတယ်တစ်ခုကို လိုက်ပို့ပေးမယ်”
ဤစကားကိုကြားသောအခါ၊ ရွှယ်လန်က စိုးရိမ်ကြောင့်ကျဖြစ်လျက်၊
“အစ်ကိုကြီးအန်း၊ စိတ်မတိုပါနဲ့၊ အခု ကျဲ့ဟူက တကယ်ကို အားကောင်းနေပြီ၊ သူ့အအောက်မှာ လူရမ်းကားတွေအများကြီးရှိတယ်လို့ ညီမလေးကြားထားတယ်”
ရွှယ်အန်းက ခပ်ပါးပါးပြုံးလိုက်သည်။
“လန် နင်စားပြီးပြီလား”
“ညီမလေးလား။ မစားရသေးဘူး…”
“ဒါဆို တူတူသွားစားကြရအောင်”
ရွှယ်လန်က တစ်စုံတစ်ခုကို ပြောချင်နေသော်လည်း ရွှယ်အန်း၏ လျစ်လျူရှု့ထားသော မျက်လုံးများကို မြင်သောအခါ၊ သူမ မည်သည့်စကားတစ်ခွန်းမျှ ပြန်မပြောနိုင်ခဲ့ပေ။ ရွှယ်လန်သည် သူမ၏မှတ်ဉာဏ်ထဲမှ နူးညံ့သိမ်မွေ့၍ ရှက်တတ်သော အစ်ကိုကြီးအန်းသည် ရုတ်တရက် ယခင်နှင့် မတူတော့ကြောင်းခံစားလိုက်ရသည်။
အထူးသဖြင့် ထိုမျက်ဝန်းများသည် မော့မကြည့်ဝံ့အောင်အောင် လေးနက်၊ နက်ရှိုင်းနေသည်။
ရွှယ်အန်းသည် ယွိလုံဟိုတယ်အဝင်ဝသို့ရောက်ရှိလာ၏။ အလှဆင်ထားမှုများသည် မဆိုးလှသော်လည်း ဤနေရာသည် လမ်းမများထက်မှ ညစ်ညမ်းသောလေထုဖြင့်ပြည့်နေသည်။ ရွှယ်အန်းသည် အမူအရာကင်းမဲ့စွာဖြင့် ကလေးမလေးနှစ်ယောက်နှင့်အတူ လမ်းလျှောက်လာသည်။
တည်နေရာအလွန်ကောင်းမွန်သော ချင်းမန်မြို့တွင် လူသွားလူလာများပြားလှသောကြောင့် ဤနေရာရှိ အဆောက်အဦများအားလုံးသသည် မြို့တွင်းနှင့်မတူပေ။
ဧည့်ခန်းအတွင်းတွင် မန်နေဂျာနှင့် ဝန်ထမ်းတစ်ဦးရှိသည်။ ရွှယ်အန်းဝင်လာသောအခါ၊ စာပွဲထိုးတစ်ယောက်က အနားသို့တိုးကပ်လာသည်။
“သခင်လေး ထမင်းစားချင်လို့လား”
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
“ဒါဆို ကျေးဇူးပြုပြီး ဒီလမ်းကို လိုက်ခဲ့ပါ”
ရွှယ်အန်းက မရွေ့ဘဲ မေးလိုက်သည်။
“ကျဲ့ဟူ ဒီမှာလား”
စားပွဲထိုး၏ အပြုံးသည် တဖြည်းဖြည်း မှေးမှိန်သွားသည်။
“ကျွန်တော်တို့ သူဌေးအကြောင်း မေးနေတာလား”
“အင်း”
“ဒါဆို သခင်လေး ဘာလိုအပ်သလဲဆိုတာ မေးလို့ရမလား”
“ငါသူ့ဆီက ရစရာရှိတဲ့ အကြွေးဟောင်းတွေပါ”
စားပွဲထိုးသည် အခြားသူများကို အချက်ပြလိုက်ပြီး မကြာမီတွင်ပင် ထွားကျိုင်းသော လုံခြုံရေးအစောင့် တစ်ဒါဇင်ခန့်ရောက်ရှိလာကာ၊ ရွှယ်အန်းကို ဝိုင်းထားကြသည်။
“ကလေး မင်း အခုထွက်သွားရင် ငါဒီကိစ္စကို ကျော်ပေးလိုက်လို့ရတယ်” ဟိုတယ်မန်နေဂျာက အေးစက်စွာ ပြောလျက် လမ်းလျှောက်လာသည်။
“ရှန်းရှန်း နျန်နျန် ဖေဖေက သမီးတို့အတွက် နောက်ထပ် မှော်လှည့်ကွက်တစ်ခု လုပ်ပြရမလား”
“ဟုတ် ဟုတ်”
“လှည့်စားနေတာကို ရပ်လိုက်၊ သူ့ကို စရိုက်ကြစမ်း”
လုံခြုံရေးအစောင့်များသည် ရှေ့သို့ တိုးက်လာသော်လည်း ရွှယ်အန်းသည်မူ၊ လက်နှစ်ဖက်ကို နောက်ကျောတွင် ယှက်ထားလျက် မျက်လွှာချ၍ ပြောလိုက်သည်။
“ဒူးထောက်ကြ”
ထို့နောက်၊ ၎င်းတို့အားလုံး ကြမ်းပြင်ပေါ်တွင် တညီတညွတ်တည်း ဒူးထောက်သွားကြသည်။
“ဖေဖေ ဘာလို့ ဒူးထောက်ကုန်ကြတာလဲ” ရွှယ်ရှန်းကမေးသည်။
“မတ်တပ်ရပ်ပြီး စကားပြောနေရတာ သူတို့ ပင်ပန်းလို့နဲ့တူတယ်။ ဒူးထောက်ပြောတာ ပိုသက်တောင့်သက်သာရှိတယ်လေ”
ရှင်းလင်းချက်သည် ရိုးရှင်းစွာပင် ပြီးပြည့်စုံနေ၏။
အနည်းဆုံး ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့သည် ၎င်းကို ယုံကြည်ကြသည်။ သို့သော် ဧည့်ခန်းမန်နေဂျာသည်မူ၊ မျက်ရည်ကျနေ၏။ ရွှယ်အန်းက သူ့ထံသို့လျှောက်သွား၍ ဘာသိဘာသာပြောလိုက်သည်။
“ကဲ နောက်တစ်ကြိမ်မေးမယ်၊ ကျဲ့ဟူဘယ်မှာလဲ”
ဧည့်ခန်းမန်နေဂျာက အံကို တင်းတင်းကြိတ်၍ ပြန်ဖြေသည်။
“ငါတို့သူဌေးပြန်လာရင် မင်းကို သေချာပေါက် အလွတ်ပေးမှာမဟုတ်ဘူး။ မင်းစောင့်နေလိုက်”
“ကောင်းပြီ ငါစောင့်မယ်”
ထိုသို့ပြောပြီးနောက်၊ ရွှယ်အန်းသည် မန်နေဂျာ၏ ပခုံးပေါ်သို့ လက်ဖြင့်ပုတ်လိုက်သည်။
“အား”
ရွှယ်အန်း၏ လက်ချက်ကြောင့် မန်နေဂျာ၏ ပခုံးရိုးများ ကျိုးကြေသွားကာ၊ နာကျင်စွာဖြင့် အော်ဟစ်လိုက်သည်။
“တိတ်တိတ်နေ”
ဟိုတယ်မန်နေဂျာသည် အသံမထွက်နိုင်တော့ဘဲ၊ နာကျင်မှုကြောင့် ချွေးများ တဒီးဒီးကျလျက်၊ စိတ်ဆင်းရဲကြီးစွာဖြင့် ရွှယ်အန်းကို ကြည့်ရုံသာ ကြည့်နေနိုင်တော့သည်။
“ထမင်းပြင်ထား၊ ထမင်းစားရင်း စောင့်မယ်” ရွှယ်အန်းက အဝေးမှ စောင့်ဆိုင်းနေသော တုန်တုန်ယင်ယင်နှင့်အမျိုးသမီးစားပွဲထိုးကို ပြောလိုက်သည်။
ခဏအကြာတွင် ဧည့်ခန်းထဲ၌ ထမင်းပွဲတစ်ခု ပြင်လိုက်ကြသည်။ ဟင်းလျာများပေါများလှသဖြင့် မိန်းကလေးနှစ်ယောက်သည် ကမ္ဘာပေါ်မှ မည်သည့်အကြောင်းကိုမျှ ဂရုစိုက်ခြင်းမရှိ၊ စတင်စားသောက်ကြသည်။
သို့သော် ရွှယ်လန်သည်မူ၊ မျိုချ၍ခက်နေ၏။
နောက်ဆုံးတွင်မူ၊ ကြမ်းပြင်ပေါ်၌ ဒူးထောက်နေကြသော ထိုသူများအားလုံးသည် မြို့ပတ်ပတ်လည်တွင် မောက်မာ၊ မာန်တက်စွာ ဆဲဆိုလေ့ရှိကြသူများပင်ဖြစ်သည်။ ရွှယ်အန်းသည် အနည်းငယ်စားပြီးနောက်၊ ချင်းမန်တောင်တွင် အထူးထုတ်လုပ်ထားသည့် စပျစ်ဝိုင်ကို စတင်သောက်သုံးတော့သည်။
၎င်းသည် ကလေးဘဝကကဲ့သို့ အရသာရှိလှ၏။
လူအားလုံးသည် စိတ်ရှုပ်ထွေးသော မျက်လုံးများဖြင့် စားပွဲကို ကြည့်နေကြသည်။ လူများစွာသည် လူသေတစ်ကောင်ကို ကြည့်နေရသကဲ့သို့ ရွှယ်အန်းကို အဝေးမှလှမ်းကြည့်၍ ပုန်းကွယ်ကာ အတင်းပြောနေကြသည်။
“သူဌေးကျဲ့ပြန်လာရင် သွေးချောင်းစီးတော့မယ်ထင်တယ်။ နောက်နေတာမဟုတ်ဘူး။ ဒီကောင်က အရမ်းစိတ်ကြီးဝင်နေတယ်။ သူ့ကိုယ်သူ ဘယ်ရောက်နေမှန်းမသိဘူးလား”
ဤတီးတိုးစကားများသည် ရွှယ်လန်ကို ပို၍ ကြောက်စေသည်။
“အစ်ကိုကြီးလန်း ငါတို့ အရင်ထွက်သွားကြမလား”
“ထွက်သွားမယ်ဟုတ်လား ဘာလို့ ထွက်သွားရမှာလဲ”
“ကျဲ့ဟူပြန်လာရင်…”
ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
“ငါသူ့ကို စောင့်နေတာလေ”
ထိုစကားလုံးများ၏ အဆုံးသတ်တွင်၊ အပြင်မှ ခြေသံများ ကြားလိုက်ရကာ၊ ကျဲ့ဟူ၏ အသံလည်း ပေါ်ထွက်လာသည်။
“မစ္စချန် ဒီလမ်းပါ”
ဧည့်ခန်းထဲသို့ အဖွဲ့တစ်ဖွဲ့ဝင်လာသည်နှင့် သူတို့ရှေ့မှ မြင်ကွင်းကို မြင်၍ လူတိုင်း အံ့အားသင့်သွားကြသည်။
ထွားကျိုင်းသော လူတစ်ဒါဇင်ကျော်ခန့်သည် မြေပြင်ပေါ်တွင် ဒူးမတ်မတ်ထောက်နေကြသည်။ နံဘေး၌ ယောက်ျားတစ်ယောက်၊ မိန်းမတစ်ယောက်နှင့် ကလေးနှစ်ယောက် ထမင်းစားနေကြသည်။
“ဒီမှာ ဘာတွေဖြစ်နေတာလဲ”
ကျဲ့ဟူ၏အသံသည် ချက်ချင်းပင် အေးခဲသွားသည်။
သူအလွန်အမင်းကြိုးပမ်းခဲ့ပြီးနောက် ယနေ့၊ နောက်ဆုံးတွင် ကျုံးတုမြို့၏ ဂုဏ်ဆောင် ဧည့်သည်တော်တစ်ဦးကို ၎င်း၏ ဟိုတယ်သို့ ဖိတ်ခေါ်နိုင်ခဲ့ပြီဖြစ်သည်။ ယခုမူ၊ ဤမြင်ကွင်းကြောင့် မျက်နှာပျက်သွားရသည်။
“သူဌေး ဒါတွေအားလုံး ဒီကောင့်ကြောင့်ပဲ၊ သူ ကျွန်တော်တို့ကို ဒီမှာ ဒူးထောက်နေအောင် ဘာလဲကွက်တွေသုံးထားလဲမသိပေမယ့် ကျွန်တော်တို့ ထလို့မရတော့ဘူး” လုံခြုံရေးခေါင်းဆောင်က အော်သည်။
သေရည်သောက်နေသော ရွှယ်အန်းကို ကြည့်၍ ကျဲ့ဟူ၏ မျက်နှာသည် မည်းမှောင်လာသည်။
“ဒီကောင်က ဘယ်သူလဲ၊ မင်းဘယ်ရောက်နေတာလဲသိလား။ ဒီလိုနေရာမှာ ပြဿနာလာရှာတယ်ဆိုတော့ အသက်ရှင်ရတာ ပင်ပန်းနေပြီလား”
ရွှယ်အန်းသည် သူ၏ ဝိုင်ခွက်ကို ချလိုက်၍ ကျဲ့ဟူကို မော့ကြည့်လိုက်သည်။
“ဒါက ရွှယ်မိသားစုအိမ်ဟောင်းပဲမဟုတ်လား”
ဤစကားလုံးများကြောင့် ကျဲ့ဟူ၏ အမူအရာသည် ချက်ချင်းပင် ပြောင်းလဲသွား၍ ရွှယ်အန်းကို စိုက်ကြည့်လိုက်သည်။
“မင်း.. မင်းက…”
ထိုအချိန်တွင် ကျဲ့ဟူ၏ ဘေးတွင်ရပ်နေသော အမျိုးသမီးက ဝင်ပြောသည်။
“မန်နေဂျာကျဲ့၊ မင်း ဒီမှာ အခြားကိစ္စလေးတွေရှိပုံရတယ်”
ကျဲ့ဟူသည် ခပ်သွက်သွက်ပြုံးပြလိုက်သည်။
“ကိစ္စမရှိပါဘူး၊ ကိစ္စမရှိပါဘူး။ အသေးအဖွဲ့လေးတွေပါ၊ ကျွန်တော် ချက်ချင်းကိုင်တွယ်လိုက်ပါ့မယ်”
ထို့နောက်၊ သူက ရွှယ်အန်းဘက်သို့လှည့်၍ ပြောလိုက်သည်။
“ရွှယ်အန်း မင်းအသက်ရှင်နေဦးမယ်လို့ ငါမမျှော်လင့်ထားဘူး။ ဘာထူးလို့လဲ၊ ငါ့ကို တစ်ခုခုကြောင့်ရှာနေတာလား”
ရွှယ်အန်းက သူ့ထိုင်ခုံသူမှီ၍ သူဌေးကြီးသဖွယ်နေထိုင်နေသော ကျဲ့ဟူကို ကြည့်၍ ပြောလိုက်သည်။
“အစကတော့ မင်းဆီကရရမယ့် အကြွေးဟောင်းကို ချေပေးချင်ခဲ့တာ”
ကျဲ့ဟူက အေးစက်သော မျက်နှာဖြင့် မေးသည်။
“အကြွေးဟောင်းဟုတ်လား”
ရွှယ်အန်းက ပြုံးလိုက်သည်။
“ဒါပေမယ့် အခုတော့ ငါစိတ်ပြောင်းသွားပြီ၊ ဘာအကြွေးဟောင်းလဲ၊ သတ်တာက ပိုလွယ်ပါတယ်”
“မင်းဘာပြောလိုက်တာလဲ၊ သတ်မယ်ဟုတ်လား၊ မင်းဘာသာလား။ ဟားဟား” ကျဲ့ဟူသည် လုံးလုံးလျားလာျး မထီမဲ့မြင်ပြုလိုက်သည်။
သူသည် ရွှယ်အန်းကို သူတို့ ကျောင်းတက်ခဲ့စဥ်က နူးညံ့သိမ်မွေ့သော လူငယ်တစ်ဦးအဖြစ်သာမြင်၏။
ထိုအခိုက်အတန့်တွင်၊ ရွှယ်အန်းသည် သူ၏ ဝိုင်ခွက်ကို ကျဲ့ဟူထံသို့မြှောက်၍ ပြောလိုက်သည်။
“ခရီးလမ်း ချောမွေ့ဖို့ ငါဆုတောင်းပေးပါတယ်”
“မင်း အမေကို ချော…”
သူ့စကားမဆုံးခင်တွင် ရွှယ်အန်းသည် သူ့ရှေ့သို့ အမြန်ပြေးလာ၍ လည်ပင်းကို ဆွဲကိုင်ကာ၊ လေထဲသို့ မြှောက်လိုက်သည်။
မှန်သည်။ သူ၏ အဖိုးတန်နှစ်ဦး မမြင်နိုင်စေရန် မြင်ကွင်းကွယ်စေသော အကာအရံများ ချထားခဲ့သေးသည်။ ဤအရာများအားလုံးသည် အလွန်လျင်မြန်စွာ ဖြစ်ပျက်ခဲ့သည်။ ကျဲ့ဟူသည် အသက်ရှူကြပ်ကာ၊ မျက်နှာတစ်ခုလုံး ခရမ်းရောင်သို့ ပြောင်းလဲသွားသည်။ သူ၏ ခြေလက်များသည်လည်း အလွန်နာကျင်လာ၏။ ထို့နောက် ရွှယ်အန်းက ဘေးမှ အမျိုးသမီးထံသို့ လှည့်ကြည့်၍ ခပ်ပါးပါးပြုံးပြလိုက်သည်။
“စိတ်မကောင်းပါဘူး မင်းသူငယ်ချင်းလား”
ထိုအမျိုးသမီးသည် အနည်းငယ်မျှပင်ကြောက်လန့်ခြင်းမရှိ၊ ရွှယ်အန်းကို စိတ်ဝင်တစားကြည့်နေသည်။
“ကောင်းပြီ၊ အဲ့တာဆို ငါသူ့ကို ရှင်းလိုက်မယ်”
စကားပြောပြီးနောက် ရွှယ်အန်းသည် လက်သို့အနည်းငယ်အားထည့်လိုက်ရာ၊ တစ်စုံတစ်ခု ကျိုးကြေသွားသောအသံပေါ်ထွက်လာသည်။ ကျဲ့ဟူ၏ လည်ပင်းသည် သူ၏တင်းမာသော ဆုပ်ကိုင်မှုကြောင့် ကျိုးသွားခဲ့သည်။ ကျဲ့ဟူသည် ရွှယ်အန်းမှ သူ့ကို အမှန်တကယ် သတ်ဝံ့လိမ့်မည်ဟူ သူမသေခင်အထိ မထင်ထားခဲ့ပေ။
ထို့ကြောင့် နောက်ဆုံးအခိုက်အတန့်အထိ တိုင်အောင်၊ ကျဲဟူ၏ မျက်လုံးများသည် နောင်တများအပါအဝင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
အခန်း(၃၉) မုန်းတီးမှုသက်သက်
ဤအခိုက်အတန့်တွင် ဒူးထောက်နေသောသူများအားလုံးသည် သူတို့မြင်လိုက်ရသောအရာကြောင့် ကြောက်လန့်နေကြသည်။ အထူးသဖြင့်၊ မျက်လုံးများထွက်ကျလုနီးပါးဖြစ်နေသည့် ဧည့်ခန်းမန်နေဂျာပင်ဖြစ်သည်။
ရွှယ်အန်းသည် လူတစ်ယောက်ကို အများသူငှာရှေ့တွင် သတ်ဝံ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ရွှယ်လန်သည် ပို၍ ထိတ်လန့် တုန်လှုပ်လာသည်။
မြင်သည့်အတိုင်း ချင်းမန်မြို့တွင်ရှိသော ကျဲ့ဟူသည် မထိနိုင်သော ဧကရာဇ်တစ်ပါးကဲ့သို့ပင်ဖြစ်၍ မည်သူကမျှ သူ့ကို ရန်မစဝံ့ကြပေ။ သို့သော် သူသည် အစ်ကိုဖြစ်သူ ရွှယ်အန်း၏လက်တွင် လည်ပင်းညှစ်သတ်ခံခဲ့ရသည်။ ဤသည်က ရွယ်လန်ကို ကျောရိုးတစ်လျှောက်အေးစက်သွားစေသည်။
သို့သော် မြင့်မြတ်သည်ထင်ရသော အမျိုးသမီးသည် တည်ငြိမ်လျက်ပင် အနည်းငယ်ပြုံးလိုက်သည်။
“သူ ပြတ်ပြတ်သားသား သတ်ပစ်လိုက်တာပဲ”
ရွှယ်အန်း သူမကို တစ်ချက်ကြည့်ပြီးနောက်၊ လှည့်ထွက်သွားသည်။ သို့သော် ထိုအချိန်တွင် အခြားလူအုပ်တစ်အုပ်ဝင်လာသည်။ ရှေ့ဆုံးမှလူသည် သပ်ရပ်စွာ ဝတ်စားဆင်ယင်ထားကာ၊ အားမာန်များ ဖြာထွက်နေသည်။ သူဝင်လာပြီးသည်နှင့် အမျိုးသမီးကို ပြုံးပြလိုက်သည်။
“ညီမလုရှီ ကျွန်တော် မင်းကို ဒီမှာ ရှာတွေ့မယ်ဆိုတာသိတယ်”
သူ့ကို မြင်သောအခါ၊ ချန်းလုရှီက မျက်မှောင်ကြုတ်လိုက်မိသည်။
“ဟွာဟဲမင် ရှင်က တကယ့်ကို မကောင်းတဲ့ကောင်လိုပဲ၊ ကျွန်မဘယ်သွားသွား ရှင်လိုက်လာတယ်”
ဟွာဟဲမင်က ရယ်မော၍
“လုရှီ၊ အဘိုးကြီးကြောင့် မင်းခရီးအကြာကြီး ထွက်ခဲ့ရပေမယ့်၊ ငါမင်းနဲ့ ပူးပေါင်းရမယ်။ ကြည့်လေ၊ ဆရာတစ်ယောက်ကို အထူးထလှယ်ဖိတ်ထားတယ်” ဤသို့ဖြင့် ဆံပင်ဖြူအဘိုးကြီးတစ်ယောက်သည် ဟွာဟဲမင်၏ အနောက်မှ ထွက်လာ၏။
အဘိုးကြီးကို မြင်သောအခါ၊ ချန်းလုရှီ၏ အမူအရာသည် တလေးတစားဖြစ်လာ၏။
“ဒါဆို ဒါ ကျုံးတုမြို့က နာမည်ကြီး ဖုန်းရွှေပညာရှင်၊ ဆရာဆုန်ရိပဲ လေးစားအပ်ပါတယ်”
ဆုန်ရိက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
“မစ္စလုရှီ သိပ်ပြီး ယဥ်ကျေးနေဖို့ မလိုပါဘူး။ မင်းအကြောင်း တော်တော်များများကို ငါကြားပြီးပါပြီ၊ သခင်လေးဟွာရဲ့ ဖိတ်ကြားချက်ကို တုံ့ပြန်တဲ့အနေနဲ့၊ ငါမင်းရဲ့ ရတနာကို လိုလိုလားလား ကူရှာပေးချင်ပါတယ်”
ရတနာအမဲလိုက်ခြင်းအကြောင်း မပြောခင်အထိ၊ ရွှယ်အန်းသည် ၎င်းတို့၏ စကားကို ဂရုမစိုက်ခဲ့ပေ။ထိုနောက်၊ ရွှယ်အန်းက အတွေးတစ်ခုတွေး၍ ပြုံးလိုက်သည်။
ထိုအချိန်တွင် ဆုန်ရိဆက် စကားဆက်၏။
“ချင်းမန်တောင်က ကြီးကျယ်ခမ်းနားတဲ့ ရောင်ဝါနဲ့ နဂါးစွမ်းအင်တွေပေါင်းစပ်ထားတာကြောင့် မြင့်မြတ်တဲ့ ဂူတွေ၊ ကောင်းကင်တွေရှိတာအသေအချာပဲ”
ထိုစကားကိုကြားသောအခါ၊ ချန်းလုရှိက အလွန်ဝမ်းသာလျက်ရှိသည်။
“ဘယ်လိုမျိုး မြင့်မြတ်တဲ့ဂူတွေ ကောင်းကင်တွေရှိတာလဲ၊ ကျွန်မတို့က တောင်ကြီးကို တဖြည်းဖြည်း ရှာရမှာလား”
ဆုန်ရိက ခေါင်းခါလိုက်သည်။
“အဲ့တာ အရူးနှမ်းဆုံးနည်းလမ်းပဲ။ တောင်နဲ့ပတ်သက်ပြီး ထူးခြားတဲ့ တစ်ခုခုရှိမရှိ၊ ဒေသခံတွေကို မေးတာ အကောင်းဆုံးပဲ”
ထို့နောက်တွင်၊ ရွှယ်လန်က ရုတ်တရက် ပြောလိုက်သည်။
“တောင်ပေါ်မှာ နားလည်ရခက်တဲ့ နက်ရှိုင်းတဲ့ ရေကန်တစ်ခုရှိနေတယ်ထင်တယ်”
သူမ၏ စကားကြောင့် ဆုန်ရိနှင့် ဟွာဟဲမင်တို့သည် ရွှယ်လန့်ကို လှည့်ကြည့်လိုက်ကြရာ၊၊ ရွှယ်လန်က စိတ်လှုပ်ရှားစွာဖြင့်ခေါင်းညိတ်လိုက်သည်။
“မိန်းကလေး မင်းပြောတဲ့ ရေကန်က ဘယ်မှာလဲ” ဆုန်ရိက မေးသည်။
“တောင်ပေါ်မှာရှိတယ်။ ဒါပေမယ့် အဲ့ကို သွားတဲ့လူအရမ်းနည်းလို့ ပုံမှန်အားဖြင့် လူတွေက အဲ့အကြောင်း သိပ်မသိကြဘူး”
“ဒါဆို … မိန်းကလေး ကျုပ်တို့ကို လမ်းပြပေးနိုင်မလားဗျ”
ရွှယ်လန်က ရွှယ်အန်းကို အတန်ငယ်ဆုံးဖြတ်ရခက်စွာကြည့်လိုက်သည်။ ရွှယ်အန်းသည်မူ၊ လက်ခံကြောင်း၊ လက်မခံကြောင်း မည်သည့်အမူအရာမျှပြခြင်းမရှိ၊ လျစ်လျူရှု့ထားသည်။ ဤအချိန်တွင် စိတ်မရှည်သော ဟွာဟဲမင်က ငွေစက္ကူအချို့ကို ဆွဲထုတ်၍ စားပွဲပေါ်ပစ်ချလိုက်သည်။
“ဒါမင်းအတွက်ပဲ၊ ငါတို့သာ တစ်ခုခုကိုရှာတွေ့ရင်၊ အဲ့ပိုက်ဆံရဲ့ နှစ်ဆပေးပါ့မယ်”
ရွှယ်လန်က အံံအားသင့်သွားသည်။ ပိုက်ဆံအုပ်သည် အနည်းဆုံးနှစ်သောင်းခန့်ရှိမည်ဖြစ်ရာ၊ သူမိဘများ တစ်နှစ်ကြာ ပင်ပင်ပန်းပန်းရှာဖွေခဲ့လျှင်ပင် ထိုပမာဏကို ရနိုင်မည်မဟုတ်ပေ။ ဤကွာဟမှုသ ပမာဏသည် ရွှယ်လန်ကို တွေဝေစေ၏။
ထိုအချိန်တွင် ရွှယ်အန်းက ပေါ့ပေါ့ပါးပါးပြုံးလိုက်သည်။
“ကောင်းလိုက်တာ၊ ကျွန်တော် တောင်တက်ဖို့သွားမလိုပဲ။ လန်အာ၊ ကမ်းလှမ်းချက်ကို လက်ခံလိုက်ပါ”
ရွှယ်အန်းက စကားပြောလိုက်သောအခါ၊ ဟွာဟဲမင်သည် သူ့ဘက်သို့ လှည့်ကြည့်၍ အဝတ်အစားကို ကြည့်ကာ၊ အထင်သေးစက်ဆုပ်သောအမူအရာများ ထင်ဟပ်လာသည်။
“ဘယ်လိုလုပ်လူတိုင်းလိုက်လို့ရမှာလဲ”
သို့သော် ချန်လုရှိက ခေါင်းညိတ်သဘောတူလိုက်သည်။
“အရမ်းကောင်းပါတယ်၊ လမ်းညွှန်ရှိပြီဆိုတော့ ကျွန်မတို့ လမ်းပျောက်မှာ မပူရတော့ဘူးပေါ့”
ဤမှတ်ချက်သည် ဟွာဟဲမင်၏ အမူအရာကို မှောင်မိုက်သွားစေသည်။ ဤချန်းလုရှိသည် သူ အချိန်အတော်ကြာ လိုက်လံရှာဖွေနေခဲ့သော အမွေဆက်ခံသူဖြစ်သည်။ သူမမိသားစု၏ အင်အားသည် အလွန်ကြီးမားသောကြောင့်၏ ကျုံးတုမြို့တွင်ပင် အဆင့်သတ်မှတ်၍ရနိုင်၏။ သူမကို အချိန်အတော်ကြာလိုက်ရှာခဲ့ပြီးနောက်တွင်ပင် ချန်းလုရှိသည် သူ့ကို အချိန်မပေးခဲ့ပေ။
သို့သော် ယခုမူ၊ သူမသည် ဟွာဟဲမင်ကို အလွန် စိတ်အနှောက်အယှက်ဖြစ်စေသော သူစိမ်းတစ်ဦးနှင့် ရင်းနှီးမှုကို ပြသခဲ့သည်။ သူ့ခံစားချက်ကို ယခု ပြသခြင်းမရှိသော်လည်း သူ့ဘာသာတွေးနေမိသည်။
‘တောင်ပေါ်ရောက်တာနဲ့ ငါမင်းကို ကိုင်တွယ်ပြမယ်’
အားလုံးပြင်ဆင်ပြီးသည်နှင့် ၎င်းတို့အဖွဲ့သည် ချင်းမန်တောင်ပေါ်သို့ တက်ရန် ပြင်ဆင်ကြသည်။ အစပိုင်းတွင် ခရီးသွားများစွာရှိနေခဲ့သော်လည်း ရွှယ်လန်က ၎င်းတို့ကို လေးလံခေါင်သီသော ဒေသများဆီသို့ ခေါ်ဆောင်လာသဖြင့် ခရီးသွားများကို တွေ့ရန် ခက်ခဲလာသည်။ အဆုံးတွင်မူ လျှောက်ရမည့်လမ်းပင်မရှိတော့ပေ။ ယခုအချိန်တွင် ၎င်းတို့သည် တောင်တန်းများအထဲသို့ နက်နက်ရှိုငးရှိုင်း ဝင်ရောက်လာကြသည်။ ရွှယ်အန်းသည်မူ သမီးနှစ်ယောက်ကို ချီမ၍ လွယ်ကူစွာလျှောက်လှမ်းနေဆဲဖြစ်သည်။
ဟွာဟဲမင်သည်သာ ခြေလှမ်းအနည်းငယ်လျှောက်လှမ်းပြီးနောက်၊ အသက်ရှုမှားလာသည်။ ထိုအချိန်တွင် ဆုန်ရိသည် သူ၏ သံလိုက်အိမ်မြှောင်ကိုထုတ်၍ စစ်ဆေးပြီးနောက်၊ ပို၍ စိတ်လှုပ်ရှားလာသည်။ နောက်ဆုံးတွင် မရဏအဆုံးသတ်ဟု ထင်ရသောနေရာတစ်ခုသို့ရောက်သောအခါ၊ ရွှယ်လန်က လူတိုင်းဘက်သို့ လှည့်လိုက်သည်။ ၎င်းတို့၏ရှေ့တွင် ရေကန်တစ်ခု ပေါ်လာသည်။
ရေကန်သည် အလွန်နက်ရှိုင်းကာ၊ အဝေးတွင်ရှိနေသော်လည်း ရိုးတွင်းခြင်ဆီထဲအထိ အေးဆိမ့်သွားကြသည်။ ရေကန်ဘေးတွင် ဆေးပုလဲပင်များစွာ ပေါက်ရောက်နေသည်။ ထိုနှင့်သာမက၊ ရေကန်၏ အလယ်တွင် မတ်မတ်ပွင့်လန်းနေသော ဖြူစင်သော ကြာပန်းတစ်ပွင့်ရှိသည်။ ကြာပန်းသည် အညစ်အကြေးကင်းစင်သည့် အဖြူရောင်ဖြစ်ကာ၊ ဆောင်းရာသီတောင်တန်းများကြားတွင် ပေါက်ရောက်နေခြင်းဖြစ်သည်။ ဤကြာပန်းကို မြင်လိုက်သည်နှင့် ဆုန်ရိ၏ မျက်နှာသည် အလွန်စိတ်လှုပ်ရှားကာ, တောက်ပလာ၏။
“အဲ့တာပဲ၊ အဲ့တာက ဒဏ်ရာကို ပြန်ကောင်းစေပြီး သေခြင်းတရားကနေ ကယ်တင်နိုင်တဲ့ သန့်ရှင်းတဲ့နတ်ဆေးပဲ”
ထိုစကားကြောင့် ချန်းလုရှိသည်လည်း စိတ်လှုပ်ရှားလာသည်။ သူမတွင် သက်တော်စောင့်များစွာရှိသဖြင့်၊ အမိန့်ပေးလိုက်သည်။
“သွား ငါ့အတွက်၊ ဒီကြာပန်းကို ခူးလာခဲ့”
ရေငုပ်ကိရိယာအစုံအလင်ပါရှိသော သူမ၏ သက်တော်စောင့်များသည် အမိန့်အတိုင်းပင် ရေကန်ထဲသို့ ဆင်းကြသည်။ ရေကန်ထဲသို့ ဝင်လိုက်သည်နှင့် လုပ်ငန်းများ ချောမွေ့စွာ စတင်၍ ကြာပန်းဆီသို့ လျင်မြန်စွာရောက်ရှိသွားကြသည်။ သို့သော် ပန်းပွင့်ကို ထိခါနီးဆဲဆဲတွင် ရုတတရက် ကြီးမားသော လှိုင်းလုံးကြီးများက ငြိမ်သက်နေသော ရေမျက်နှာပြင်ကို လှုပ်ခါသွားစေသည်။ ထို့နောက်၊ ရေကန်ထဲမှ ကြီးမားသော မြွေပွေးကြီးတစ်ကောင်ထွက်လာသည်။ ၎င်း၏ တြိဂံသဖွယ်ဦးခေါင်းထက်တွင် ဖြောင့်စင်းသော မျက်လုံးတစ်စုံရှိသည်။
လူတိုင်း တုန်လှုပ်ခြောက်ခြားသွားကြသည်။ သက်တော်စောင့်များသည်လည်း ဝိဉာဥ်လွင့်လုမတက် ထိတ်လန့်နေကြသည်။ သူတို့ဆုတ်ခွာသွားစဥ်တွင်၊ ဧရာမစပါးအုံးမြွေကြီးမှ ပါးစပ်ဟလိုက်သောအခါ၊ အနက်ရောင်တိမ်တိုက်များက ၎င်းတို့ကို လွှမ်းခြုံသွားသည်။ ကိုယ်ရံတော်များသည် အော်ရန်ပင်အချိန်မရှိလိုက်ဘဲ၊ ရေကန်ထဲသို့ ပျော်ကျပုပ်ပွသွားသည်။ ထိုအချိန်တွင် ဆုန်ရိက ကြောက်လန့်တကြားအော်လိုက်သည်။
“ချောင်လုံ၊ အဲ့တာ ချောင်လုံအဖြစ်ပြောင်းသွားပြီ”
အမှန်တကယ်ပင်၊ မြွေခေါင်းပေါ်တွင် သေးငယ်သော ဦးချိုနှစ်ခုပေါက်နေသည်ကို လူတိုင်းမြင်လိုက်ရသည်။ ထိုချိုများ အပြည့်အဝဖွံ့ဖြိုးလာပါက၊ ချောင်လုံသည် ကောင်းကင်ဘုံနဂါးအဖြစ်ပြောင်းလဲလာမည်ဖြစ်သည်။ ဆုန်ရိအော်လိုက်သောအခါ၊ မြေခေါင်းသည် ကမ်းပေါ်ရှိလူများဘက်သို့ လှည့်လာ၏။
“မြန်မြန်သတ်ပစ်လိုက်” ဟွာဟဲမင်သည် ထိတ်လန့်တကြားဖြင့်၊ သူ၏ပစ္စတိုကို ဆွဲထုတ်ကာ၊ ပြင်းပြင်းထန်ထန်ပစ်ခတ်လိုက်သည်။
သူနှင့် အတူရှိသူများသည်လည်း ၎င်းတို့၏ သေနတ်များကို ဆွဲကိုင်၍ မြွေ၏ ဦးခေါင်းကို တည့်တည့်မတ်မတ် လှမ်းပစ်ကြသည်။ သို့သော် ကျည်ဆံများသည် ချောင်လုံကို အန္တရာယ်မပြုနိုင်ခဲ့သည့်အပြင်၊ ပို၍ပင် ဒေါသထွက်လာစေခဲ့သည်။
အနက်ရောင်မြူခိုးများသည် ကမ်းပေါ်ရှိလူများကို တစ်ချက်တည်းဖြင့် ဒုက္ခရောက်သွားစေခဲ့သည်။ ဟွာဟဲမင်နှင့် ဆုန်ရိသည် လမ်းကြောင်းမှဖယ်ရန် ရုန်းကန်ပြေးလွှားနေကြသည်။ ချန်းလုရှိသည်မူ၊ ကြောက်ရွံ့မှုကြောင့် အေးခဲသွား၏။ ချောင်လုံသည် သူမနှစ်ပေါင်းများစွာ နားလည်ထားခဲ့သော ကမ္ဘာမြေ၏ ဖြစ်တည်မှုကို ပျက်ပြားသွားစေသည်။
သူမ ကြောင်အနေချိန်တွင် ရွှယ်အန်းသည် သူမ၏ လက်မောင်းကို ဆုတ်ကိုင်၍ ဘေးသို့ဆွဲထုတ်လိုက်သည်။ ဆုန်ရိကမူ ကြောက်လန့်ထကြား ထအော်လျက်ရှိ၏။
“ပြီးသွားပြီ”
ချောင်လုံသည် ၎င်း၏ လွဲချော်မှုကြောင့် ဒေါသထွက်၍ ရေထဲမှ တစ်ကိုယ်လုံးထွက်လာကာ၊ ကားတစ်စီးကဲ့သို့ ထူထဲကာ၊ မီတာများစွာရှည်လျားသည့် ခန္ဓာကိုယ်ဖြင့် ရေကန်ကို ရစ်ပတ်လျက်ရှိသည်။ ၎င်း၏ ဦးခေါင်းသည်မူ၊ လူများထံသို့ ဦးတည်နေ၏။ ပေါက်ကွဲသံနှင့်အတူမာကြောသော မြေပြင်သည် ပေါက်ကွဲ၍ အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
လူအုပ်ကြီး မရှောင်နိုင်ခင်တွင် အမြှီးသည် ၎င်းတို့ထံသို့ ဦးတည်လာ၏။ အကယ်၍ လူအုပ်သည် ထိုအမြှီးနှင့်ထိခဲ့ပါက၊ သူတို့အားလုံး သေဆုံးသွားကြရပေလိမ့်မည်ဖြစ်သည်။
“ဘုရားရေ ဒီချောင်လုံ တကယ်လာနေပြီ”
ဟွာဟဲမင်နှင့် ချန်းလုရှီတို့သည် ၎င်းတို့ မြင်တွေ့နေရသောအရာကြောင့် အလွန်ကြောက်လန့်လျက်ရှိကြသည်။ သူတို့ သေချာပေါက်သေရတော့မည်ဟု လူတိုင်း ထင်နေကြချိန်တွင် ရွှယ်အန်းသည် ရှေ့သို့ ဖြည်းညှင်းစွာ လမ်းလျှောက်လာ၍ ကြာပွတ်သဖွယ်ဝှေ့ယမ်းနေသော အမြှီးကို ဆုပ်ကိုင်လိုက်သည်။ အံ့အားသင့်မှုကြောင့် ဖြစ်ပေါ်လာသော တိတ်ဆိတ်မှုအကြားတွင် ရွှယ်အန်းက အေးစက်စွာရယ်မောလိုက်သည်။
“ဒီငါးရှဥ့်က ဒီလောက်တောင် ဂုဏ်မောက်နေတာလား”