အခန်း (၄၀-၄၂)
Vol. 3 Ch. 40-42
အခန်း(၄၀) နဂါးကို နင်းခြေခြင်း
ထို့အတူ ရွှယ်အန်းသည် ဧရာမစပါးအုံးမြွေကြီးကို လေထဲသို့ ကြာပွတ်သဖွယ် လက်တစ်ဖက်ဖြင့် ဝှေ့ယမ်းပြီးနောက်၊ အနီးနားရှိ ခပ်မြင့်မြင့်သစ်ပင်များထံသို့ ပစ်လွှတ်လိုက်သည်။
ဘွန်း
ကျယ်လောင်သော ပြုတ်ကျသံနှင့်အတူ၊ လူတစ်ဦးဖက်ထား၍ ရနိုင်သည့်ပမာဏတမျှကြီးမားသော သစ်ပင်ကြီးထံသို့ ပြင်းထန်စွာထိမှန်သွားသည်။ ဤကမ္ဘာမြေကွဲအက်သွားနိုင်သည့် မြင်ကွင်းသည် လူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။ ချောင်လုံသည်လည်း ကြောင်အသွားပုံသော်လည်း မျက်စိတစ်မှိတ်အတွင်းတွင် ၎င်း၏ ပါးစပ်ကို ဒေါသတကြီးဖွင့်၍ ရွှယ်အန်းကို အမြှီးဖြင့် လှမ်းရိုက်လိုက်သည်။ ရွှယ်အန်းသည် အေးစက်စွာရယ်မော၍ မြွေအမြှီးကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ၊ ချောင်လုံ၏ ဦးခေါင်းပေါ်ရှိ ဦးချိုတစ်ချောင်းကို ဖမ်းဆုပ်လိုက်သည်။
ခပ်တိုးတိုးရေရွတ်ပြီးသည့်နောက်၊ ရွှယ်အန်းသည် ချောင်လုံ၏ ဦးချိုတစ်ဖက်ကို ဆွဲလိမ်လိုက်သည်။ နဂါး၏ ကျယ်လောင်သော ဟိန်းသံကြီးတစ်ခု ပေါ်ထွက်လာကာ၊ ချောင်လုံသည် အလွန်အမင်းဒေါသဖြစ်သွားခဲ့သည်။ သို့သော် ရွှယ်အန်းသည်မူ တည်တည်ငြိမ်ငြိမ်သာ တည်ရှိနေ၏။
ဤသည်ကား ဟာသတစ်ခုပင်ဖြစ်သည်။ သူသည် စကြဝဠာအစကတည်းက တည်ရှိခဲ့သည် ရှေးနဂါးများစွာထဲမှ တစ်ကောင်ကို သတ်ပစ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့သော ညမ်းညမ်းသည့် အသွေးအသားဖြင့် ဖန်တီးထားသည့် ချောင်လုံက သူ့ကို မည်ကဲ့သို့ နှောက်ယှက်နိုင်လိမ့်မည်နည်း။ သို့သော် အခြားသူများသည်မူ၊ ဖြူလျော့ဖျော့တော့လျက်၊ နောက်သို့ ခြေလှမ်းများစွာဆုတ်သွားခဲ့ကြသည်။
ချန်းလုရှီသည် ရွှယ်အန်း၏ အံ့ဖွယ်ပုံရိပ်ကို စူးရဲရဲစိုက်ကြည့်ကာ၊ သူမ၏ မျက်လုံးများထဲတွင် သဘောကျမှု အပြည့်ရှိနေ၏။
ဟွာဟဲမင်သည် ဤသည်ကို သတိပြုမိသဖြင့် ရင်ထဲတွင် နာကျည်းချက်များဖြစ်တည်လာသည်။
‘ဒီကောင်လေးက ဘယ်သူလဲ၊ ဘာလို့ ဒီလောက်တောင် ကြောက်စရာကောင်းနေတာလဲ။ မဖြစ်ဘူး။ ငါသူ့ကို ကိုင်တွယ်ဖို့ နည်းလမ်းရှာရမယ်”
ဤအခိုက်အတန့်တွင် ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့သည် အနည်းငယ်စိုးရိမ်ကြောင့်ကြစွာဖြင့် ပြောလိုက်ကြသည်။
“ဖေဖေ၊ ဖေဖေ လုပ်နိုင်တယ်”
ချောင်လုံသည် တစ်စုံတစ်ခုကို သတိပြုမိသကဲ့သို့ ညီအစ်မနှစ်ယောက်ဆီသို့ ဦးတည်သွားလိုက်သည်။ ရွှယ်အန်းက သက်ပြင်းချလိုက်သည်။
‘ဒီကောင်တကယ် ငါ့သမီးတွေကို ပစ်မှတ်ထားရဲတယ်ပေါ့၊ ဒါဆို သေရမှာပဲ”
သို့သော် သူသည် ချောင်လုံ၏ ကျောရိုးကို ထိုးဖောက်၍ ချိုးပစ်ခါနီးတွင် ဟွာဟဲမင်သည် ကောင်မလေးနှစ်ယောက်ကို ရုတ်တရက် တွန်းပစ်လိုက်သည်။
ပြင်ဆင်မထားသော မိန်းကလေးနှစ်ယောက်သည် ရေကန်ထဲသို့ ချက်ချင်း တွန်းချခံလိုက်ရ၏။
ရွှယ္အန်းက ဒေါသတကြီးဖြင့် အော်၍ ၎င်းတို့နောက်သို့ ချက်ချင်းပြေးလိုက်လာသည်။ ချောင်လုံသည် သေခြင်းတရားမှ ခက်ခဲစွာ လွတ်မြောက်ခဲ့သော်လည်း ထွက်မပြေးခဲ့ဘဲ၊ ကမ်းပေါ်ရှိလူများကို သွေးရဲရဲနီနေသည့် မျက်လုံးများဖြင့်ကြည့်ကာ၊ ကန်ထဲသို့ ပြန်ဆင်းသွားခဲ့သည်။ အရာအားလုံးသည် လျင်မြန်စွာဖြစ်ပျက်ခဲ့ခြင်းဖြစ်သဖြင့် မည်သူမျှ အချိန်မီမတုံ့ပြန်ုနိုင်ခဲ့ပေ။
ရွှယ်အန်းနှင့် ချောင်လုံတို့သည် မျက်စိတစ်မှိတ်အတွင်းတွင် ပျောက်ကွယ်သွားကြပြီပင်ဖြစ်သည်။
လူအုပ်၏ အကြည့်များသည် ဟွာဟဲမင်ဘက်သို့ ရောက်သွားကြသည်။
“မြွေက ကောင်မလေးနှစ်ယောက်ကို ဒဏ်ရာရအောင်လုပ်မှာစိုးလို့ပါ၊ ငါ အားနည်းနည်းလေးပဲသုံးလိုက်တာ”
သို့သော် ချန်းလုရှီ၏ အမူအရာသည် ရေကဲ့သို့ မည်းမှောင်လျက်၊ သူ၏ ရှင်းပြချက်ကို ဂရုမစိုက်ခဲ့ပေ။ ရွှယ်လန်သည်မူ၊ မျက်ရည်များ မြစ်အပြည့်ဖြစ်လာနိုင်သည့်ပမာဏအထိ ငိုကြွေးနေ၏။
“အစ်ကိုကြီးအန်း၊ အစ်ကိုကြီးအန်း၊ ကိုကို့ဘာမှဖြစ်လို့မရဘူး။ ရှင် လူယုတ်မာ၊ အဲ့တာ ရှင့်အပြစ်ပဲ။ ရှင်က ကလေးနှစ်ယောက်ကို ထိခိုက်စေခဲ့တယ်။ အခုကျွန်မအစ်ကိုကြီး အန်း…” ရွှယ်လန်က ဟွာဟဲမင်ကို လက်ညှိုးထိုးပြ၍ ဒေါသတကြီးကျိန်ဆဲလိုက်သည်။
ဟွာဟဲမင်၏ မျက်နှာသည် မည်းမှောင်အုံ့မှိုင်းနေ၏။
သူသည် နောင်ပေါ်မှ ရွာသူမိန်းကလေးတစ်ဦး သေ၊ မသေကို ဂရုမစိုက်အားပေ။
“အဓိပ္ပါယ်မရှိတာတွေ၊ ဒီကိုလာခဲ့၊ ငါ့အတွက် သူ့ကို ဖမ်းထား၊ ငါတို့ နောက်မှ သူနဲ့ ဆက်ဆံမယ်” ရွှယ်လန်သည် အလွန်လှပ၍ ဆွဲဆောင်မှုရှိကြောင်း သတိပြုမိလိုက်သောအခါ၊ အတွေးတစ်ခုက ဟွာဟဲမင်၏စိတ်ကို ဖြတ်ကျော်၍ အမိန့်ပေးလိုက်သည်။
သခင်လေးဟွာတွင် အမှန်တကယ်ပင်ဆိုးရွားယုတ်ညံ့သော အကျင့်စာရိတ္တမျိုးရှိနေသဖြင့် ဤတစ်ကြိမ်တွင် ဆုန်ရိသည်လည်း မျက်မှောင်ကြုတ်လိုက်မိသည်။ သို့သော် ထိုသူ၏ ပိုက်ဆံကို လက်ခံထားသဖြင့်၊ သူ့ကို ဆန့်ကျင်ရန် မတတ်နိုင်ခဲ့ပေ။ ထိုအချိန်တွင် ဆုန်ရိသည် ကန်ဘေးမှ ဆေးဖက်ဝင်အဖိုးတန်အပင်များကို စတင်စုဆောင်းခဲ့သည်။
ဤနေရာသည် လူသားများ ရှားရှားပါးပါးလာရောက်လည်ပတ်သောနေရာဖြစ်သည့်အပြင် ချောင်လုံ၏ အရှိန်အဝါဖြင့် စွမ်းအင်ဖြည့်ထားသဖြင့် မယုံကြည်နိုင်ဖွယ်ကောင်းသော၊ အဖိုးတန်ဆေးဖက်ဝင်အပင်များ ပေါက်ရောက်လျက်ရှိသည်။
ဟွာဟဲမင်သည် အလွန်စိတ်ကျေနပ်လျက်ရှိသည်။
‘ဟား ခွန်အားကောင်းတော့ဘာထူးလဲ၊ ဦးမှောက်မှမရှိတာ”
ဤသို့သော အစီအစဥ်ငယ်တစ်ခုဖြင့် ဤဖခင်နှင့် သူ့သမီးများ၏ ဘဝကို ချေမှုန်းပစ်နိုင်လိုက်သည်။ သို့သော် သူ့ကိုယ်သူ ကျေနပ်နေသောအခါတွင် ငြိမ်သက်နေခဲ့သော ကံရေပြင်က ရုတ်တရက် စတင်ဆူပွက်လာ၏။ သို့ထိတင်မက၊ ရေထဲမှ ကြာပန်းသည် မျက်စိတစ်မှိတ်အတွင်းတွင် ပြာဖြစ်သွားသည်။
ဟွာဟဲမင်က အလွန် အံ့အားသင့်လျက်၊
“ဆရာဆုန် ဘာဖြစ်နေတာလဲ”
ဆုန်ရိ၏ အမူအရာသည် အလွန်လေးနက်နေကာ၊ သူစကားပြောတော့မည့်ဆဲဆဲတွင်၊ ရွှယ်အန်းအပါအဝင် သူ့သမီးလေးများဖြစ်သည့် ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့သည် ရေထဲမှ တဖြည်းဖြည်းချင်းတက်လာ၏။
သုံးဦးသား ရေထဲမှ ထွက်လာသောအခါ၊ သူတို့သည် အင်မော်တယ်များကဲ့သို့ ခြောက်သွေ့လျက်ရှိသည်။
လူတိုင်း အံ့သြကုန်ကြရာ၊ ထိုအချိန်တွင် ဆုန်ရိက တုန်လှုပ်နေသောအသံဖြင့် အော်ပြောလိုက်သည်။
“ကြည့်စမ်း သူတို့ ခြေထောက်အောက်ကို ကြည့်ကြစမ်း”
မျက်လုံးများအားလုံးသည် သူညွှန်ပြသော နေရာသို့ ရောက်သွားကြသည်။ ရွှယ်အန်းနှင့် သူ့သမီးများ၏ အောက်တွင် ချောင်လုံ၏ ဦးခေါင်းရှိနေ၏။ ၎င်းတို့သည် နဂါးကို တက်နင်း၍ ထွက်လာကြခြင်းဖြစ်ရာ၊ ဤမြင်ကွင်းသည် အလွန်မှင်သက်ဖွယ်ကောင်းလှ၏။
ဟွာဟဲမင်းနှင့် အခြားသူများ အံ့သြ၊ ထိတ်လန့်၍ ကြက်သေသေနေကြသည်။ ဤအချိန်တွင် ဆုန်ရိသည် ထိုသူမှာ အလွန်ဒေါသထွက်နေပြီဖြစ်ကြောင်းသိသောကြောင့် ဒူးထောက်ချလိုက်သည်။ သူသည် သူ၏ ဝိဉာဥ်လေ့ကျင့်မှုနှင့် နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရာ၊ Zhenren Realm အဆင့်သို့သာ ရောက်ရှိနိုင်ခဲ့သော်လည်း Xiaoyao အဆင့်နှင့် ဝေးကွာနေဆဲဖြစ်သည်။
ချောင်လုံမဆိုနှင့်၊ ဆိုးယုတ်သော ဝိဉာဥ်သည်ပင် သူ့အသတ်ကို နှုတ်ယူသွားနိုင်၏။
သို့သော် ဤလူသည် ရေထဲတွင် ချောင်လုံကို အနိုင်ယူနိုင်ခဲ့သည်။ ယခုချောင်လုံသည် အနည်းငယ်မျှပင် တွန်းလှန်သည့်အမူအရာမျိုးပြသခြင်းမရှိ၊ တလိုတလားလက်အောက်ခံနေပုံပေါ်ကာ၊ ၎င်း၏ မြွေမျက်လုံးများတွင် ကံကြမ္မာကို အာရုံခံနိုင်သည့်အရိပ်အယောင်များရှိနေသည်ဟု ထင်ရ၏။
ရွှယ်အန်း၏နင်းချေခံခဲ့ရခြင်းသည်ပင် ဂုဏ်ယူစဖွယ်ဖြစ်နေသကဲ့သို့ပင်ဖြစ်သည်။ ဆုန်ရိ၏ ဒူးထောက်မှုက လူအများကို ထိတ်လန့်စေခဲ့သည်။ ကျုံးတုမြို့တွင် ဆုန်ရိသည် ကြီးမြတ်သော ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်သော်လည်း အလွယ်တကူ ဒူးထောက်နေသည်ကို မြင်လိုက်ရသည်။
ဟွာဟဲမင်သည် တုန်တုန်ယင်ယင်ဖြင့်၊ တိတ်တဆိတ် နောက်ပြန်ဆုတ်သွားသည်။ ထိုအချိန်တွင် ရွှယ်အန်းသည် သူ့ကို သာမန်မျှသာကြည့်လိုက်၏။ ဟွာဟဲမင်သည် သူ၏ခန္ဓာကိုယ်မှ ကြွက်သားများက သူ့ဆန္ဒသဘောအလျောက်မဖြစ်နေတော့သည်ကို ခံစားလိုက်ရသည်။
ထို့နောက်၊ ဟွာဟဲမင်သည် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွား၏။ ချောင်လုံ၏ ခန္ဓာကိုယ်သည် ရေကန်ထဲတွင် လဲလျောင်းနေသေးသော်လည်း ၎င်း၏ ဦးခေါင်းသာ ထွက်ပေါ်လာခဲ့သည်။ ရွှယ်အန်းက ယင်းအပေါ်တွင် မတ်တပ်ရပ်ကာ၊ လူတိုင်းကို ငုံ့ကြည့်၍ ခပ်ပါးပါးပြုံးလိုက်သည်။
“တကယ်တော့၊ မင်း ဂုဏ်ယူသင့်တယ်၊ ဘာလို့လဲဆိုတော့၊ မင်းပြာဖြစ်ပြီး ပျောက်ကွယ်သွားတာကို မင်းကိုယ်တိုင်မြင်ရတော့မှာလေ”
ဟွာဟဲမင်က တုန်လှုပ်၍ စကားပြောချင်သော်လည်း တစ်လုံးမျှ ထွက်မလာခဲ့ပေ။ ဆုန်ရိကိုသာ အသနားခံသော မျက်လုံးများဖြင့် ငေးကြည့်နေနိုင်ခဲ့၏။
ဆုန်ရိသည် ခဏတာမျှ တုံ့ဆိုင်းနေခဲ့ပြီးနောက် ပြောလိုက်သည်။
“သခင်၊ ဒီသခင်လေးဟွာက ကျုံးတုမြို့ရဲ့ ဟွာမိသားစုကပါ။ ဒီတစ်ခေါက် သူရူးရူးနှမ်းနှမ်းပြုမူခဲ့ပေမယ့် ကျေးဇူးပြုပြီး ဒီတစ်ကြိမ်တော့ သူ့အသက်ကို ချမ်းသာပေးပါ၊ ဟွာမိသားစု မင်းကို ဆုချလိမ့်မယ်လို့ ငါထင်ပါတယ်”
ရွှယ်အန်းက ဆုန်ရိကို ကြည့်၍ ပေါ့ပါ့ပါးပါးပြောလိုက်သည်။
“ခင်ဗျားဘာလို့ နှစ်တွေအများကြီးကြာတဲ့အထိ မတိုးတက်တာလဲသိလား”
ဆုန်ရိက တုန်လှုပ်လျက်၊ ခေါင်းညိတ်ပြလိုက်သည်။
“ဘာလို့လဲဆိုတော့၊ ခင်ဗျားက လောကရဲ့ အာဏာနဲ့ ကြွယ်ဝမှုတွေထဲ နစ်မြုပ်နေလို့ပဲ။ ကျင့်ကြံသူတွေက ကောင်းကင်ဘုံကို ဖီဆန်သင့်တယ်။ လူ့လောကရဲ့ အာဏာကိုသုံးပြီး ကျင့်ကြံနေသရွေ့တော့ ခင်ဗျားအတွက် ရလဒ်ကောင်းမှာမဟုတ်ဘူး”
ဆုန်ရိသည် လျှပ်စီးလတ်သကဲ့သို့ အရိုက်ခံလိုက်ရကာ၊ ဒူးထောက်လျက် စာကြောင်းအချို့ကို ရေရွတ်နေ၏။
“ကောင်းကင်ကို ဖီဆန်ပါ ကောင်းကင်ကို ဖီဆန်ပါ”
“မှန်တယ်၊ ကောင်းကင်ကို ဖီဆန်ရမယ်။ တကယ်လို့ ကောင်းကင်ဘုံက ငါ့ကို ခွင့်မပြုရင် ငါ အဲ့ကောင်းကင်ဘုံကို ဖြိုခွဲပစ်မယ်။ ဒါက စစ်မှန်တဲ့ ကျင့်ကြံသူရဲ့ လမ်းကြောင်းပဲ”
ဟွာဟဲမင်၏ လက်ချောင်းများမှ အဖြူရောင်မီးတောက်တစ်ခုစတင်လောင်ကျွမ်းလာရာ၊ မီးတောက်သည် ဖြည်းညှင်းစွာ လောင်ကျွမ်းနေသော်လည်း ၎င်း၏ အပူချိန်အလွန်မြင့်မားနေသည်မှာ ထင်ရှား၏။ မီးလောင်သွားသော သူ့အသားများသည် ချက်ချင်းပင် အရိုးပြာများအဖြစ်တိုက်ရိုက်ပြောင်းလဲ၍ လေနှင့်အတူလွင့်ပါသွားသည်။
သူ့ခန္ဓာကိုယ်သည် တဖြည်းဖြည်းနှင့် မီးတောက်များအကြားတွင် ပြာအဖြစ်ပြောင်းလဲသွားသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့ရသည်။ မီးတောက်များသည် ဟွာဟဲမင်ကို လုံးလုံးလျားလျား လောင်ကျွမ်းစေခဲ့ပြီးနောက်၊ တစ်မိနစ်အတွင်းတွင် ပြာအဖြစ်ပြောင်းလဲသွားသည်။ ဤမြင်ကွင်းသည် အလွန်ရက်စက်ကြမ်းကြုတ်လှသော အလှတရားများဖြင့် ပြည့်နှက်နေသည်။
ထိုအချိန်တွင် ရွှယ်အန်းသည် သူ့လက်ကို ဝှေ့ယမ်း၍ ခေတ္တသတိမေ့နေသော သမီးနှစ်ယောက်ကို လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိစေခဲ့သည်။
အခန်း(၄၁) မြင့်မြတ်သော သတ်ဖြတ်နည်းပညာ ခြောက်မျိုး
ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့သည် မြွေ၏ဦးခေါင်းပေါ်တွင် ငုတ်တုတ်ထိုင်လျက် တစ်စုံတစ်ခုကို စူးစမ်းနေကြသည်။
"မမ၊ ဒီမြွေက အရသာကောင်းမယ်လို့ ထင်လား" ရွှယ်နျန်၏ တံတွေးများ ထွက်လာတော့မည် ထင်ရသည်။
ချောင်လုံသည် တစ်ခဏမျှ သိသိသာသာ တုန်လှုပ်သွားပြီးနောက် မျက်လုံးထဲတွင် ထိတ်လန့်မှုအချို့ပေါ်လာသည်။
ရွှယ်ရှန်းက ခေါင်းခါလိုက်ကာ
"သိပ်အရသာရှိမယ် မထင်ပါဘူး၊ ပြုတ်ဖို့ ဆံ့တဲ့အိုးမှမရှိတာ!"
ချောင်လုံသည် သက်ပြင်းချ၍ အနည်းငယ်စိတ်သက်သာရာရသွားသော်လည်း ရွှယ်ရှန်းက ဆက်ပြောသည်။
“ဒါပေမယ့် ငါတို့က တံကျင်နဲ့ ကင်လို့ရတယ်။ အဲလိုဆို တော်တော်အရသာရှိနိုင်တာပဲ”
ချောင်လုံတစ်ကောင် ငိုချင်သွားသည်။
ရုတ်တရက် လူတစ်စုရောက်လာ၍ ရတနာခိုးယူရန်ကြိုးစားချိန်တွင် သူသည် သူ့အိမ်၌ ငြိမ်းချမ်းစွာနေထိုင်နေခဲ့ခြင်းဖြစ်သော်လည်း အရိုက်ခံခဲ့ရသည်။ အရေးအကြီးဆုံးမှာ ဤလူသည် မယုံနိုင်ဖွယ်ကောင်းလောက်အောင် ကြောက်စဖွယ်ကောင်းလှသည်။
သူသည် ၎င်းကို ကုန်းပေါ်၌ရိုက်နှက်ခဲ့ရုံသာမက၊ ရေထဲတွင် လက်သီးတစ်ချက်ဖြင့်၊ အသားဟင်းအဖြစ် ပြောင်းပစ်လုနီးပါးပင်ဖြစ်ခဲ့သည်။
သားရဲလောကတွင် တောတွင်းဥပဒေနှင့် သန်မာသူများကို လေးစားခြင်းသည် စံနှုန်းဖြစ်သဖြင့် အပြည့်အဝဖိနှိပ်ခံခဲ့ရပြီးနောက်၊ ချောင်လုံသည် ချက်ချင်းပင် ရှုံးနိမ့်မှုကို လက်ခံခဲ့သည်။
ရေအောက်တွင် ရွှယ်အန်းသည် ချောင်လုံကို လက်သီးတစ်ချက်ဖြင့် ချေမှုန်းခဲ့သည်။
ထို့အပြင်၊ ယင်းသည် အကုန်မဟုတ်ပေ။
ထိုအချိန်တွင် အဝေးမှ တောင်တန်းများ ရုတ်တရက် တုန်ခါသွား၍ မြေအောက်မှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သော်လည်း ချောင်လုံသည်သာ ယင်းကို သိခဲ့၏။ ဤသည်မှာ ရွှယ်အန်း၏ လက်သီးချက်မှ တုန်ခါမှု၏ သက်ရောက်မှုမျှသာ ဖြစ်သည်။ ကမ္ဘာကွဲအက်လောက်သည့် ရေထဲမှ လက်သီးချက်အကြောင်းတွေး၍ ချောင်လုံ အနည်းငယ်ကြောက်ရွံ့နေသည်။
သို့သော် ရွှယ်အန်းသည်မူ၊ ယင်းကို စိတ်ကျေနပ်မှုမရှိခဲ့ပေ။ ယခင်က သူ၏ လက်သီးသည် ကြယ်စနစ်တစ်ခုလုံးကို ဖြိုခွဲပစ်နိုင်ခဲ့သော်လည်း ယခုမူ၊ ဤသက်ရောက်မှုသည် သူ့ယခင် ခွန်အား၏ တစ်စိတ်တစ်ပိုင်းမျှသာဖြစ်သည်။
ထို့ကြောင့် မြင့်မြတ်သောသတ်ဖြတ်နည်းပညာ ခြောက်ခု၏ ပထမဆုံးသော လက်ချက်ဖြင့် ကောင်းကင်နှင့်မြေပြင်သည် စတင်၍ လှုပ်ခါသွားခဲ့သည်။ ယင်းနောက်တွင် နောက်ထပ်သော လက်သီးချက်များ ငါးချက်ရှိသေးရာ၊ ၎င်းတို့ပေါင်းလိုက်လျှင်၊ မြင့်မြတ်သော သတ်ဖြတ်နည်းပညာ ခြောက်မျိုး ဖြစ်လာသည်။
စကြဝဠာကို လှည့်ပတ်၍ ကြီးကျယ်ခမ်းနားသော ဂုဏ်သတင်းကို တည်ဆောက်ခဲ့စဥ်၊ သူ အင်မော်တယ်ဘုရင်ဖြစ်ခဲ့စဥ်က သူအထူးကျွမ်းကျင်ခဲ့သည့် သိုင်းကွက်တစ်ခုလည်းဖြစ်သည်။ ရွှယ်အန်းသည် ချောင်လုံ့ကို မည်သို့စားရန်ဆွေးနွေးနေကြသည့် မိန်းကလေးနှစ်ယောက်ကို ရယ်မောလျက်၊ နူးညံ့စွာပြောလိုက်သည်။
“ကောင်းပြီ ကောင်းပြီ၊ ဆက်ပြောနေရင် ဒီကောင်ငိုတော့မယ်၊ အခုဆင်းလာချေတော့”
ချောင်လုံသည် ၎င်း၏ ကြီးမားလှသော နဂါးခေါင်းကို မြေကြီးပေါ်သို့ တင်ပေးလိုက်သောအခါတွင် ရွှယ်အန်းသည် ကလေးမလေးနှစ်ယောက်ကို ခေါ်၍ ဆင်းသွား၏။
ထို့နောက်၊ ချောင်လုံ ပြန်ရန်လှည့်သွားသောအချိန်တွင် ရွှယ်အန်းသည် ၎င်း၏ ဦးခေါင်းကို ပွတ်သပ်ပေးလိုက်သည်။
“မင်းရဲ့ မျိုးရိုးက ဒီလောက်ကြီးမကောင်းလှပေမယ့်၊ ဒီအဆင့်အထိ ကျင့်ကြံနိုင်ခဲ့တဲ့အချက်က ချီးကျူးဖို့ကောင်းပါတယ်။ မင်းကို နဂါးတစ်ကောင်ဖြစ်လာအောင်လို့ ကူညီပေးပါရစေ”
ချောင်လုံ၏ တစ်ကိုယ်လုံး တုန်လှုပ်သွားပြီးနောက်၊ ရွှယ်အန်းကို အလွန် ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။ ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
“ငါ့ကို ကျေးဇူးတင်နေစရာမလိုပါဘူး။ ဒါပေမယ့် မင်းကို ပြောရမယ်၊ စကြဝဠာထဲမှာ နဂါးဂိုဏ်းက အဖွဲ့ဝင်တွေ မရေမတွက်နိုင်အောင်ရှိတယ်။ နဂါးတစ်ေကာင်ဖြစ်ချင်ရင် ရိုးရှင်းပါတယ်။ ဒါပေမယ့် မင်းရဲ့သွေးထဲမှာ ပုံမှန်မဟုတ်တဲ့ အနံ့တစ်ခုကို ငါရလိုက်တယ်။ မင်းက ကောင်းကင်ကြီးကို အံတုဖို့ သတ္တိရှိရင် မဖြစ်နိုင်တာမရှိဘူး”
ရွှယ်အန်းက အခွင့်အရေးများ အလွန်နည်းပါးနေသည်ဟု တွေးမိသောကြောင့် ဆက်မပြောတော့ပေ။ ချောင်လုံသည် ရေထဲသို့ ဆင်းသွားခဲ့သည်။ ယခုလေးတွင် ရွှယ်အန်းသည် သူ၏ နတ်ဆိုးကျင့်စဥ်ကို ၎င်းကို လွှဲပြောင်းပေးခဲ့ရာ၊ ကိုယ်တိုင် ကျင့်ကြံ၍ လက်ရှိခွန်အားကိုရရှိခဲ့သည့် ချောင်လုံအတွက်၊ ၎င်းသည် တုနှိုင်းမရသော ရတနာတစ်ခုပင်ဖြစ်သည်။ ထို့ကြောင့် ယခုသွား၍ ကျင့်ကြံရန်ပင် စီစဥ်ထား၏။
ထိုအချိန်တွင် ရွှယ်အန်းသည် သူ့ဘာသာ ရေရွတ်နေဆဲဖြစ်သော ဆုန်ရိကို ကြည့်၍ ခေါင်းယမ်းလိုက်သည်။ အကယ်၍ ဤသူသာ ဤအတားအဆီးကို မကျော်ဖြတ်နိုင်ခဲ့ပါက၊ သူသည် မတိုးတက်ရုံသာမက၊ ပြင်းထန်စွာတန်ပြန်ထိခိုက်နိုင်၍ အသက်ပင် ဆုံးရှုံးရနိုင်သည်။ ရွှယ်အန်းသည် မိမိကို ကြောက်လန့်တကြားကြည့်နေသည့် ရွှယ်လန်၏ ပတ်ပတ်လည်၍ ကြိုးများကို ဖြည်ပေးလိုက်သည်။
“အစ်ကိုကြီးအန်း”
“မကြောက်နဲ့၊ ငါ လူတွေကို မစားဘူး။ ဒါက ဒီနှစ်တွေထဲမှာ ငါကြုံတွေခဲ့ရတဲ့ ထူးခြားတဲ့အရာတွေပဲ”
ရွှယ်လန်က ခေါင်းညိတ်လိုက်သည်။ ရွှယ်အန်းက ခပ်တိုးတိုး သက်ပြင်းချ၍ လှည့်ထွက်သွားသော်လည်း ရွှယ်လန်က ရုတ်တရက်မော့ကြည့်လိုက်သည်။
“ညီမလေးမကြောက်ဘူး။ ကိုကိုက အစ်ကိုကြီးအန်းဖြစ်နေသရွေ့ ညီမလေး ဘာကိုမှမကြောက်ဘူး”
ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ ဟွာဟဲမင်သည် လေနှင့်အတူပျောက်ကွယ်သွား၍ အရာအားလုံးပြီးဆုံးသွားခဲ့သည်။ ချန်လုရှီသာလျှင်၊ အနည်းငယ်စိတ်ပျက်လက်ပျက်ဖြစ်နေ၏။
ချောင်လုံ ရေထဲမှထွက်လာသည်နှင့်အမျှ ဆေးဖက်ဝင်အပင်အများစုသည် ရေကန်ထဲသို့ ပြန်ပါသွားခဲ့သဖြင့် ဤတစ်ကြိမ်တွင် လက်ဗလာဖြင့် ပြန်ရသည်ဟုပင်ဆိုနိုင်၏။
တစ်နေ့တခြားပိုဆိုးလာသော အိမ်တွင်ရှိသည့် မိသားစုအကြီးအကဲများကို တွေးမိသောအခါ၊ ချန်းလုရှီ စိုးရိမ်စိတ်ပြင်းပျလာသည်။ ထိုအချိန်တွင် ချန်းလုရှီသည် ၎င်းတို့အင်္ကျီအိတ်ကပ်များထဲမှ ကြာပန်းစေ့များကိုဆွဲထုတ်၍ စားသောက်နေသော မိန်းကလေးနှစ်ယောက်ကို ကြောင်အစွာငေးကြည့်နေမိသည်။
“ဒါ တကယ်အရသာရှိတယ်” ရွှယ်နျန်က သူမပါးစပ်ထဲသို့ အစေ့တစ်စေ့ကို ပစ်ထည့်လိုက်သည်။ ရွှယ်ရှန်းက ခေါင်းညိတ်လိုတ်သဘောတူလိုက်၏။
“ဒါပေမယ့် နည်းနည်းပဲရှိတယ်နော်”
ကလေးမလေးနှစ်ယောက်သည် ချန်းလုရှိ၏ စိုးရိမ်ပူပန်မှုနှင့် ထိတ်လန့်မှုကို လုံးလုံးလျားလျား လျစ်လျူရှု့ထားလျက်၊ အစေ့များကို သကြားလုံးများသဖွယ် တစ်လုံးပြီး တစ်လုံး စားလိုက်ကြသည်။
“ထပ်မစားနဲ့တော့…” ချန်းလုရှီက ရင်တထိတ်ထိတ်ဖြင့်ပြောသည်။
“အယ် အန်တီ.. ဘာဖြစ်တာလဲ” ရွှယ်ရှန်းသည် ချန်းလုရှီကို ခေါင်းလှည့်၍ ကြည့်လိုက်သည်။
“သမီးလေးတို့ ဒါဘယ်ကရလာတာလဲ”
“သမီးတို့ ရေထဲကျသွားတုန်းက ဖေဖေက သမီးတို့ဖို့ ခူးပေးခဲ့တာ။” ရွယ်နျန်က တစ်ခုပြီးတစ်ခုစားလျက် ပြောလိုက်သည်။
“ဟုတ်တယ်၊ ဖေဖေက ဒီတိုင်း မုန့်လိုမျိုး စားလိုက်လို့ပြောတယ်”
ထိုအချိန်တွင် ချန်းလုရှီ ရူးသွားလုနီးပါးဖြစ်လျက်ရှိသည်။
‘ဒါတွေကို ပေါ့ပေါ့ပါးပါးခူးလိုက်ပြီး ကလေးမလေးတွေ အဆာပြေစားဖို့ပေးလိုက်တယ်ပေါ့။ ဒီလူ ဘာတွေးနေတာလဲ’
ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့စားသုံးနေသော ကြာပန်းစေ့များသည် အသေကောင်များကို ပြန်လည်ရှင်သန်စေနိုင်၍ ဝေဒနာအားလုံးကို ပျောက်ကင်းစေနိုင်သည့် နတ်ဆေးတစ်မျိုးဖြစ်သည့် ရွှမ်ယင်ကြာစေ့များပင်ဖြစ်သည်။
“သမီးလေး အန်တီ့ကို တစ်ခုပေးလို့ရမလား။ အန်တီအဆာပြေမုန့်တွေအများကြီး အများကြီးနဲ့ လဲပေးမယ်လေ” ဤအခိုက်အတန့်တွင် ချန်းလုရှီသည် ကလေးများကို ဖျားယောင်းနေသည့် ပြန်ပေးဆွဲသမားတစ်ယောက်နှင့်တူသည်။
“ဒါဆို အစပ်မုန့်ဆယ်ထုပ်လိုချင်တယ်” ရွှယ်နျန်က ဦးစွာပြောသည်။
ရွှယ်ရှန်းက သူ့ညီမ၏ ခေါင်းကို ခေါက်လိုက်သည်။
“အန်တီရွှမ်အာက အစပ်တွေအများကြီးစားရင် ရုပ်ဆိုးလာလိမ့်မယ်လို့ ပြောတယ်။ အဲ့အစား မှိုစွမ်းအင်နဲ့လဲရအောင်”
“ဟမ်း အဲ့တာလည်းအဆင်ပြေတယ်” ရွှယ်နျန်က အဆော်တလျင် ခေါင်းညိတ်လိုက်သဘောတူလိုက်သည်။
ချန်းလုရှီသည် ဤကဲ့သို့ လွယ်လွယ်ကူကူ ပြီးသွားလိမ့်မည်ဟု မထင်ခဲ့ပေ။
ထို့နောက် ရွှယ်ရှန်းသည် သူမအိတ်ကပ်ထဲမှ ကြာစေ့တစ်စေ့ကို ထုတ်ယူ၍ ပြောလိုက်သည်။
“အန်တီ၊ ဒါကို ဘာလို့လိုတာလဲ”
“အန်တီ့အိမ်မှာ ဖျားနေတဲ့လူရှိလို့ ဒါကို စားရမယ်”
“ဟုတ်လား” ရွှယ်ရှန်းက ခဏတာစဥ်းစား၍ သူ့အိတ်ကပ်ထဲမှ ကြာစေ့များအားလုံးကို ထုတ်လိုက်သည်။ ရွှယ်နျန်သည်လည်း ထိုနည်းတူပင်လုပ်ခဲ့သော်လည်း နောက်ဆုံးအခိုက်အတန့်တွင် တုံ့ဆိုင်းသွားပြီးနောက်၊ ကြာစေ့နောက်တစ်စေ့ကို သူမပါးစပ်ထဲထည့်လိုက်သည်။
“အန်တီ့ကို ဒါတွေအကုန်လုံးပေးပါ့မယ်”
ချန်းလုရှီသည် ဖြူစင်သော ကျောက်မျက်ရတနာများနှင့်တူသည့် မျက်လုံးကလေးများရှိသည့် မိန်းကလေးနှစ်ယောက်ကို အံ့အားသင့်စွာကြည့်နေမိသည်။
“ညီမလေးတို့.. သမီးတို့က…” သူမက တုန်တုန်ယင်ယင်ဖြင့် ပြောသည်။
ရွှယ်ရှန်းက လေးလေးနက်နက်ပြောလိုက်သည်။
“အန်တီ၊ ဖေဖေအိမ်မှာမရှိခဲ့တုန်းက သူပြန်လာဖို့ သမီးတို့ မျှော်လင့်ခဲ့တယ်။ အခု အန်တီ့မိသားစုက ဖျားနေတဲ့သူကို ပြန်ကောင်းလာဖို့ မျှော်လင့်နေတယ်မလား။ အဲ့တာကြောင့် သမီးတို့က ဒါတွေအားလုံးကို အန်တီ့ကို ပေးမယ်။
ချန်းလုရှီ ငိုကြွေးလုမတက် ခံစားလိုက်ရသည်။ သူမသည် ၎င်းတို့ကို အခွင့်ကောင်းယူရန် တွေးနေသော်လည်း ထိုမိန်းကလေးနှစ်ယောက်တွင် ရွှေနှလုံးသားများရှိသည်။
သို့သော် ၎င်းတို့၏ ဖခင်ဖြစ်သူ၊ လျှို့ဝှက်ဆန်းကြယ်သူသည်… သဘောတူလိမ့်မည်လော”
ချန်းလုရှီက အနည်းငယ်ကြောက်ရွံ့နေမိသည်။
ရွှယ်အန်းသည် တစ်လျှောက်လုံးကြည့်နေခဲ့ရာမှ အနည်းငယ်ပြုံးပြ၍ ဝင်ပြောလိုက်သည်။
“ကျွန်တော့်သမီးတွေကို ကျွန်တော်ပေးထားတာက သူတို့အပိုင်ပါပဲ။ သူတို့ ကြိုက်သလို လုပ်ပါစေ”
ချန်းလုရှီသည် သူမနှုတ်ခမ်းကို ကိုက်၍ လက်ရာမြောက်စွာဖန်တီးထားသော ပလက်တီနမ်ကဒ်ကို သူမ၏လူတစ်ယောက်ထံမှ တောင်းယူလိုက်သည်။
“ဆရာ၊ ဒီပစ္စည်းတွေကအရမ်းတန်ဖိုးကြီးလို့ အကုန်လုံးကို မတောင်းဝံ့ပါဘူး။ မျိုးစေ့သုံးစေ့ဆိုလုံလောက်မှာပါ။ ဒီကဒ်က ချန်မိသားစုရဲ့ ကျေးဇူးတင်ကြောင်း အမှတ်အသားပါပဲ။ ကျေးဇူးပြုပြီး လက်ခံပေးပါ”
အခန်း(၄၂) နောက်သုံးရက်ကြာရင် ငါသူ့ကို ဟုန့်မိသားစုမှာစောင့်မယ်
ပေကျန်းမြို့။
ဟုန့်မိသားစု၏ ဗီလာအတွင်းတွင်ဖြစ်သည်။ ယွီချင်းသည် အဓိကထိုင်ခုံပေါ်တွင် ထိုင်လျက်၊ ဟုန့်ယွမ်၊ သားဖြစ်သူဟုန့်မင်နှင့် ချင်းရှန်တို့သည် တစ်ဖက်တစ်ချက်စီတွင် တလေးတစား မတ်တပ်ရပ်နေကြသည်။
“ရွှယ်အန်းက အခု ပေကျန်းမှာမဟုတ်ဘူးလို့ မင်းပြောတာလား”
ဟုန့်မင်က စိတ်အားထက်သန်စွာပြောလိုက်သည်။
“ဟုတ်တယ် ဖေဖေ၊ သား စုံစမ်းဖို့ လူတွေလွှတ်ထားတယ်။ သူ လွန်ခဲ့တဲ့နှစ်ရက်က ပေကျန်းကနေထွက်သွားတာ”
“သူဘာသွားလုပ်တာလဲသိလား” ယွီချင်းက ခပ်ပေါ့ပေါ့ပင်ပြောသည်။
“အဲ့တာ… သားလည်း သိပ်မသေချာဘူး”
“ဒီခွေးမ ချင်းယွီ သိကိုသိရမယ်” ချင်းရှန်သည် ရုတ်တရက်ကြိမ်းဝါးလိုက်သည်။
ချင်းရှန်၏ အခြေအနေများသည် ယခုအချိန်တွင် အလွန်ဆိုးယုတ်လျက်ရှိနေပြီဖြစ်သည်။ သူသည် လုံတိုင်အဖွဲ့မှ ဖယ်ထုတ်ခံရပြီးနောက်၊ စုဆောင်းငွေများအားလုံးသည်လည်း ဆိုင်းငံ့ခံလိုက်ရသည်။ ဤကဲ့သို့ သူ၏ကျဆုံးခန်းကို မြင်လိုက်ရသောအခါတွင်၊ သူ့၏ ဇနီးသည်သည် ဥစ္စာပစ္စည်းများကို ခိုးယူထွက်ပြေးသွားခဲ့သည်။ သူသည် နေ့ညမလပ်၊ ငြိမ်းချမ်းမှုကိုပင်ရှာမရနိုင်ဘဲ၊ လျှောက်သွားနေရသည့် ခွေးလေခွေးလွင့်တစ်ကောင်နှင့်တူသည်။ ထိုနေ့မတိုင်ခင်က၊ သူငှားထားသည့်အိမ်ကြီးတွင်ထိုင်နေခဲ့စဥ် ယွီချင်း ရောက်လာခဲ့သည်။ ပထမပိုင်းတွင် ချင်းရှန်က ယွီချင်းကို အလေးအနက်မထားခဲ့သော်လည်း နောက်ပိုင်းတွင် အသက်သုံးဆယ်ဝန်းကျင်ရှိပုံပေါ်သည့် ဤလူသည် ကြောက်မက်ဖွယ်ကောင်းကြောင်း သူသိရှိခဲ့ရသည်။
ထိုအချိန်မှသာ ချန်းရှန်သည် ယင်းမှာ လျို့ရှု့၏ ညီဖြစ်သူဖြစ်ကြောင်းသိရှိ၍ လျို့ရှု့သေဆုံးရသည့်အကြောင်းကို အထူးစုံစမ်းရန် ပေကျန်းသို့ရောက်ရှိလာခဲ့သည်။ ချင်းရှန်သည် အလွန်ဝမ်းသာလျက်၊ ယွီချင်းကို ဟုန့်မိသားစုရှိရာသို့ ခေါ်သွားခဲ့သည်။ ယခုအချိန်တွင် ချင်းရှန်၏ စကားကိုကြားသောအခါ၊ ယွီချင်းက ခေါင်းအနည်းငယ် ညိတ်လိုက်သည်။
“ကောင်းပြီ။ ချင်းယွီကို ဘယ်မှာရှာလို့ရမလဲ”
“သူက မြို့မြောက်ပိုင်း သိုင်းပညာကျောင်းကို အမြဲသွားလေ့ရှိတယ်”
‘မြို့မြောက်ပိုင်း သိုင်းပညာကျောင်း’
ပေကျန်းမြို့ရှိ အကြီးဆုံးသော သိုင်းပညာကျောင်းနှင့် ထိုနေရာတွင် စခန်းချထားသည့် ထန်တုန်သည် နိုင်ငံတစ်ဝန်းတွင် နာမည်ကြီးသည့် သိုင်းပညာရှင်တစ်ဦးဖြစ်သည်။ လုံတိုင်အဖွဲ့၏ အမွေဆက်ခံသူဖြစ်သော ချင်းယွီသည် အထင်ကရပုဂ္ဂိုလ်ဖြစ်သဖြင့် ပုံမှန်အားဖြင့် အပြင်ဘက်တွင် လေ့ကျင့်ခိုင်းလိမ့်မည်မဟုတ်ပေ။ ထန်တုန်မှ ကိုယ်တိုင်ကိုယ်ကျ သင်ကြားပြသပေးသည့် မြို့မြောက်ပိုင်း သိုင်းပညာသင်ကျောင်း၏ အနောက်ဘက်ရှိ ခြံဝင်းအသေးလေးထဲတွင် သူမရှိနေလိမ့်မည်ဖြစ်သည်။
ယနေ့ ချင်းယွီသည် ပြင်းထန်စွာ အာရုံစူးစိုက်၍ လေ့ကျင့်နေသည်။ ထန်တုန်သည် ဘေးမှရပ်ကြည့်၍ အနည်းငယ်စိတ်လှုပ်ရှားသွားသည်။ လေလံပွဲနေ့မှစ၍ မစ္စချင်းသည် သိုင်းပညာကျောင်းတွင် နေ့စဥ်နေ့တိုင်း အရူးအနှမ်းလေ့ကျင့်ခဲ့သည်။ သူမ၏ တိုးတက်မှုသည် အလွန်လျင်မြန်လှသဖြင့် ယခုဆိုလျှင် ရေနဂါးလက်ဝါးသိုင်းကို အတိုင်းအတာတစ်ခုအထိ ကျွမ်းကျင်နေပြီဖြစ်သည်။ သို့သော် ထိုအချိန်တွင် အပြင်ဘက်မှ အုတ်အုတ်ကျက်ကျက်ဖြစ်သံတစ်ခုပေါ်ထွက်လာ၏။
ထို့နောက် တပည့်တစ်ဦးသည် အလျင်အမြန်ပြေးလာ၏။
“ဆရာ၊ တစ်ယောက်ယောက်က ကျောင်းကို စိန်ခေါ်နေတယ်”
‘ကျောင်းကို စိန်ခေါ်တယ်’
ဤသို့သော အဖြစ်အပျက်မျိုးသည် မြို့မြောက်ပိုင်း သိုင်းပညာကျောင်းတွင် မဖြစ်ပွားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ သို့သော်လည်း ထန်တုန်က ငြိမ်သက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
“ငါနားလည်ပြီ၊ ငါအခုပဲသွားလိုက်မယ်”
သူ၏စကားမဆုံးခင်တွင် ခြံတံခါးဝသည် အရှိန်ပြင်းစွာဖြင့်ပွင့်ထွက်သွားသည်ကို မြင်လိုက်ရ၏။ ထို့နောက်၊ သူ၏ များစွာသော မောက်မာနေသည့် တပည့်များကို လက်သီးတစ်ချက်ဖြင့် ထိုး၍ လွင့်ထွက်သွားစေခဲ့သည်။
ဤမြင်ကွင်းသည် ထန်တုန်၏ မျက်နှာကို သိသိသာသာ ပြောင်းလဲသွားစေ၏။
တပည့်အချို့သည် ဆယ်နှစ်အကြာ ပညာသင်ကြားခဲ့ရကာ၊ သူနှင့် ယှဥ်လျှင် ဒုတိယအဆင့်ရှိသော်လည်း ၎င်းတို့အားလုံးသည် လက်သီးတစ်ချက်ဖြင့် လွင့်ထွက်သွားခဲ့ရသည်။
ဤသို့သော ကြောက်မက်ဖွယ်ကောင်းသည့် ပညာရှင်သည်ကား မည်သူနည်း။
သူထိတ်လန့်နေစဥ်တွင် သာမန်မျက်နှာမျိုးရှိလင့်ကစား နက်ရှိုင်းသော အသွင်အပြင်မျိုးရှိသည့် လူတစ်ယောက်သည် တဖြည်းဖြည်းချင်း လမ်းလျှောက်ဝင်လာ၏။
၎င်းသည် ယွီချင်းမှတပါးအခြားသူမဟုတ်ပေ။ သူသည် သူ့သခင်ဖြစ်သူ၊ လဲ့လင်၏ အမိန့်ကိုလိုက်နာ၍ တောင်ပေါ်မှဆင်းကာ၊ အစ်ကိုဖြစ်သူ လျို့ရှု့၏ သေဆုံးမှုကို စုံစမ်းနေခြင်းဖြစ်သည်။ ထို့နောက်၊ ပေကျန်းမြို့သို့ရောက်သောအခါ၊ လူသတ်သမားသည် သာမန်လူမဟုတ်ကြောင်း တွေ့ရှိခဲ့ရ၏။
သူ့အစ်ကိုအတွက် တတ်နိုင်သမျှ အမြန်ဆုံး လက်စားချေလိုသောအားဖြင့် သူသည် တရားဝင်လည်ပတ်မှုများဖြင့် စိတ်ရှုပ်ခံမနေသင့်ပေ။ ထို့ကြောင့် မြို့မြောက်ပိုင်း သိုင်းပညာကျောင်းသို့ တိုက်ရိုက်တိုက်ခိုက်ဝင်ရောက်ခဲ့သည်။ တပည့်များသည် သူ့အပြုအမူအတွက်၊ ဒေါသတကြီးတားဆီးရန် ကြိုးစားကြသော်လည်း သူ၏ လက်သီးတစ်ချက်ကိုပင် တောင့်မခံနိုင်ခဲ့ကြပေ။
ထိုအခိုက်အတန့်တွင် ယွီချင်းသည် ကွင်းထဲသို့ ဝေ့ဝိုက်ကြည့်လိုက်၍ ချင်းယွီကို ခေါင်းညိတ်ပြလိုက်သည်။
“ဒါက မစ္စချင်းဖြစ်ရမယ်။ ရွှယ်အန်းဘယ်မှာလဲမေးလို့ရမလား”
သူသည် ရွယ်အန်းကို ရှာရန် ဤနေရာသို့ရောက်လာခဲ့ခြင်းဖြစ်သည်။
ချင်းယွီ၏ နှလုံးသားသည် သူမ၏ လည်ချောင်းထက်သို့ ခုန်တက်သွားတော့မည့်နှယ်ဖြစ်လျက်ရှိသည်။ ဤသူသည် သာမန်လူမဟုတ်ကြောင်း သိသာထင်ရှားသည်။
‘ဒီလူက ရွှယ်အန်းနဲ့ ဘယ်လိုပတ်နေလဲ၊ ရွှယ်အန်းဆီက ဘာလိုချင်လို့လဲ’
ချင်းယွီ၏ အတွေးကို ရိပ်မိသွားဟန်ဖြင့်၊ ယွီချင်းက အပြုံးမပျက်၊ သူ၏ ဖြူဖွေးနေသော သွားကြီးများကို ဖြဲကာ၊
“လေလံပွဲမှာ သေသွားတဲ့လူက ငါ့အစ်ကိုကြီးပဲ။ ငါက ယွီချင်းပါ”
ဤလူက ပြုံးလိုက်သောအခါတွင် ချင်းယွီ၏ နှလုံးသားတစ်ခုလုံး အေးခဲသွားသည်။ သူသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော သွားဖြဲပြနေသည့် ကျားကြီးတစ်ကောင်နှင့်တူ၏။ ဤအခိုက်အတန့်တွင်၊ ထန်တုန်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ၊ ယွီချင်းနှင့် ချင်းယွီ၏ အကြားတွင် နေရာဝင်ယူလိုက်သည်။
“မိတ်ဆွေ၊ မင်းက နှုတ်မဆက်ဘဲဝင်လာပြီးတော့ ငါ့တပည့်တွေကို ဒဏ်ရာရအောင်လုပ်ခဲ့တယ်။ အဲ့တာ မရိုင်းလွန်းဘူးလား” ထန်တုန်၏ အသံတွင် ဒေါသရိပ်များထင်ဟပ်ကပ်ပါနေ၏။
“ပြီးတော့၊ မင်းကဘယ်သူပါလိမ့်” ယွီချင်းကပြောသည်။
“ငါက ကျန်းပေသိုင်းပညာကျောင်းရဲ့ အကြီးအကဲထန်တုန်ပဲ” ထန်တုန်က တင်းမာစွာပြောသည်။
ယွီချင်းက ခေါင်းညိတ်လိုက်သည်။
“ဒါဆို မင်းက သိပ်ပြီး မကျေမနပ်ဖြစ်နေပုံပဲ။ ကောင်းပြီ၊ ငါ့ဆီက လက်သီးတစ်ချက်ကို တောင့်ခံနိုင်ရင် ငါအခုချက်ချင်း ထွက်သွားမယ်။ ပေကျန်းကို ဘယ်တော့မှ ပြန်မလာဘူး”
“ကောင်းပြီ” ထန်တုန်က မဆိုင်းမတွ သဘောတူလိုက်သည်။
အကယ်၍ သူသာ ယခု နောက်ဆုတ်လိုက်လျှင်၊ ကျန်းပေသိုင်းပညာကျောင်း၏ ဂုဏ်သိက္ခာကို လုံးဝညှိုးနွမ်းသွားစေလိမ့်မည်ဖြစ်သည်။ ယွီချင်း၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွား၍ အလင်းတန်းတစ်ခုနှင့်အတူ၊ သူသည် ထန်တုန်ကို တိုက်ရိုက် လက်သီးဖြင့် ထိုးလိုက်၏။
ထန်တုန်၏အမူအရာသည် အလွန်လေးနက်လာ၍ မတ်မတ်ရပ်ကာ လက်သီးကို တောင့်ခံနိုင်ရန် အစွမ်းကုန်ကြိုးစားခဲ့သော်လည်း လက်သီးသည် ထန်တုန်၏ မျက်နှာသို့ တိုက်ရိုက်ထိမှန်သွား၏။
ထန်တုန်၏ မျက်နှာသည် အနီရောင်မှ အဖြူရောင်သို့ပြောင်းသွားကာ၊ တစ်စက္ကန့်မျှပင် မကြာလိုက်ပေ။ သူသည် နောက်သို့လွင့်ထွက်၍ နံရံသို့ တိုက်ရိုက်ကျပြီးနောက်၊ ဖြည်းညှင်းစွာဖြင့် လျှောကျသွားကာ၊
ပါးစပ်အပြည့်သွေးများ ထွက်လာသည်။
“ဆရာထန်” ချင်းယွီက အလန့်တကြားအော်လိုက်သည်။
ထန်တုန်သည် သူ့လက်ကို အားပျော့စွာ ဝေ့ယမ်းပြ၍ ယွီချင်းကို ကြောက်လန့်တကြားကြည့်၍ ပြောလိုက်သည်။
“ဒါ.. ဒါ ရှောင်ယောင်းအဆင့်မလား”
ယွီချင်းသည် သူ့လက်သီးသူ ပြန်ရုတ်သိမ်း၍ ဂုဏ်မောက်စွာ မတ်တပ်ရပ်နေသည်။
“တကယ် ဒါက ရှောင်ယောင်းအဆင့်ပဲ”
ထန်တုန်သည် သိသိသာသာရှုံးနိမ့်သွားပြီဖြစ်ကြောင်း သဘောပေါက်နားလည်လိုက်သဖြင့် ခါးသက်စွာပြုံးလိုက်သည်။ အသက်သုံးဆယ်ထက် မပိုသော ဤလူသည် စစ်မှန်ဆရာသခင်အဆင့်ကို ကျော်လွန်၍ နှစ်တစ်ရာ့ငါးဆယ်ကြာ အသက်ရှင်နိုင်သည့် ရှောင်ယောင်း၏ လူဖြစ်လာသည်။
ခွန်အားကွာဟချက်သည် ကောင်းကင်နှင့် မြေကြီးတမျှ ကြီးမားခြားနားသဖြင့် သူ၏ ရှုံးနိမ့်မှုကို ငြင်းဆိုရန် အကြောင်းမရှိပေ။ ထို့နောက်၊ ယွီချင်းသည် ချင်းယွီကို လှည့်ကြည့်၍ ပြော၏။
“ငါ မင်းကို အချိန်သုံးရက်ပေးမယ်။ သုံးရက်ကြာရင်, ငါ ဟုန့်မိသားစုမှာ ရွှယ်အန်းကိုစောင့်နေမယ်။ ပေါ်မလာရင် မင်းတို့အားလုံးသေရမယ်”
ထိုခြိမ်းခြောက်စကားများ ပြောပြီးနောက်၊ ယွီချင်းလှည့်ထွက်သွားခဲ့သည်။ ချင်းယွီသည် ထန်တုန်ကို ကူညီခဲ့ကာ၊ ယွီချင်းနှင့် အခြားသူများ ထွက်ခွာသွားသည်ကို စိတ်ရှုပ်ထွေးလျက် ကြည့်နေမိသည်။
“ဆရာထန်၊ အဆင်ပြေရဲ့လား”
ထန်ဒေါက ခေါင်းခါလိုက်သည်။
“အတွင်းဒဏ်ရာတွေပါပဲ၊ ဘာမှ မစိုးရိမ်ရပါဘူး။ ဒီလူက သူ့စွမ်းအားကို ထိန်းထားလို့သာမဟုတ်ရင် ငါပွဲချင်းပြီးသေသွားလိမ့်မယ်။ သူ့ခွန်အားက အရမ်း မြင့်လွန်းတယ်”
ချင်းယွီက စိုးရိမ်တကြီးပြောသည်။
“ဒါဆို ရွှယ်အန်းက သူနဲ့ယှဥ်နိုင်ပါ့မလား”
ထန်တုန်က ခါးသက်သက်ပြုံးလိုက်၏။
“ငါ ဒီလူ့ကို ထွင်းဖောက်မြင်ရပေမယ့် မစ္စတာရွှယ်ကိုတော့ မမြင်ရဘူး။ သူကို သိုင်းပညာရှင်လို့ မင်း ထင်ကောင်းထင်လောက်ပေမယ့်၊ သူ့အသွင်အပြင်က လုံးဝပေါ်မလာဘူး”
“မစ္စချင်း၊ မင်း မစ္စတာရွှယ်ကို မြန်မြန်ရှာ၊ နှောင့်နှေးမနေနဲ့။ ယွီချင်းလို ပညာရှင်က သူပြောတဲ့အတိုင်းလုပ်မှာသေချာတယ်။ အဲ့အခါကျရင် မင်းတို့အားလုံး အန္တရာယ်ရှိလာလိမ့်မယ်”
ချင်းယွီက လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။
“နားလည်ပါပြီ၊ မစ္စတာရွှယ်ကို အခုပဲ သွားရှာလိုက်ပါ့မယ်”
ထိုသို့ပြောပြီးနောက် ချင်းယွီသည် ချင်းမန်မြို့သို့ အမြန်ထွက်ခွာလာခဲ့သည်။
ရွှယ်အန်းသည် ရေကန်ဘေးတွင် တင်ပျဥ်ခွေထိုင်၍ တရားမှတ်လျက်ရှိသည်။ ဤနေရာရှိ ဝိဉာဥ်စွ၎်းအင်သည် ပြင်ပကမ္ဘာများထက် များစွာပို၍ သိပ်သည်းသည်။ ထို့ကြောင့် ရွှယ်အန်းကို အဆင့်တက်စေနိုင်ရန် ပံ့ပိုးပေးနိုင်လောက်သည်။ တကယ်တမ်းတွင် ရွှယ်အန်း၏ လက်ရှိခွန်အားဖြင့်၊ သူသည် အလွယ်တကူအဆင့်ဖြတ်ကျော်နိုင်နေပြီပင်ဖြစ်သည်။ သို့သော် ရွှယ်အန်းသည် သူ၏ ယခင်ဘဝတွင် အခြေခံအုတ်မြစ်မတည်ငြိမ်ခဲ့သည့်အတွက်၊ ယခုတစ်ခေါက်တွင်မူ၊ ရှေ့သို့ ဆက်မတိုးခင် ယင်းကို ခိုင်ခံအောင် ဦးစွာပြုလုပ်ရန် ဆုံးဖြတ်ထားသည်။
ရွှယ်အန်းစုပ်ယူလိုက်သည်နှင့်အမျှ၊ ဝိဉာဥ်စွမ်းအင်များသည် သူ၏ ခေါင်းထက်တွင် သိသိသာသာ ဝေ့ဝဲနေသော လေလှိုင်းတစ်ခုကဲ့သို့ ဖြစ်ပေါ်လာသည်။
ဤဖြစ်စဥ်သည် ရွှယ်အန်းကို အံ့အားသင့်စေ၏။
ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့သည် ဤကိစ္စနှင့် ပတ်သက်၍ အသားကျနေပြီဖြစ်သည်။ ၎င်းတို့နှစ်ဦးအတွက်မူ၊ သူတို့၏ ပါပါးသည် အနှိုင်းမဲ့သော ပုဂ္ဂိုလ်တစ်ဦးပင်ဖြစ်သည်။