အခန်း (၄၉-၅၁)
Vol. 4 Ch. 49-51
အခန်း(၄၉) ကိုယ်တိုင် ချက်ပြုတ်ခြင်း
အပြန်လမ်းတွင် ထန်ရှောင်းယွီသည် စိတ်ပျက်လက်ပျက်ဖြစ်လျက်ရှိသည်။ အမျှော်အမြင်ရှိသော လူကြီး ထန်တုန်က အခြေအနေကို လျင်မြန်စွာ သဘောပေါက်နားလည်၍ သက်ပြင်းချလိုက်မိသည်။
“ရှောင်းယွီ အခု သမီးယုံပြီလား”
ထန်ရှောင်းယွီသည် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်၍ အချိန်များစွာ ကြာကာမှ စကားတစ်ခွန်းကို ထုတ်ပြောနိုင်ခဲ့သည်။
“သူက.. သူက ဘယ်လိုလုပ် ဒီလောက် သန်မာနေရတာလဲ”
ထန်တုန်က ခေါင်းကိုခါ၍ ကားတံခါးအပြင်ဘက်သို့ ငေးကြည့်လျက် ပြန်ဖြေလိုက်သည်။
“ဒီကမ္ဘာကြီးပေါ်မှာ ပါရမီရှင်တွေ ရှိတယ်။ သူ့အသက်နှစ်ဆယ်ဝန်းကျင်တာကာလမှာ ရှောင်ယောင်းအဆင့်ကို ဝင်နိုင်ခဲ့တယ်ဆိုတာ အတော်လေး ကြောက်စရာကောင်းနေပြီ။ အခု ဖေဖေ သံသယဝင်တာရှိတယ်။ သူက ရှောင်ယောင်းအဆင့်တင်မဟုတ်ဘဲ၊ ကောင်းကင်ဘုံလူသားအရှင်တောင်ဖြစ်နိုင်တယ်”
“ကောင်းကင်လူသားအရှင်” ထန်ရှောင်းယွီက ရေရွတ်လိုက်သည်။
“ကောင်းကင်လူသားအရှင် မရှိနိုင်လောက်ဘူးလို့ ဖေဖေ မပြောခဲ့ဘူးလား”
ထန်တုန်က ခြောက်ကပ်ကပ်ပြုံးလိုက်သည်။
“ရှောင်ယောင်းပြီးရင် အဲ့ထက်ပို မြင့်တဲ့အဆင့်ကို မရောက်လောက်ဘူးလို့ ဖေဖေ တကယ္ထင်ထားခဲ့တာ၊ ဒါပေမယ့်ကောင်းကင်လူသားအရှင်ထက်ပိုတဲ့အဆင့်တွေ ရှိနေသေးတယ်ဆိုတာ ဖေဖေ သိသွားပြီ၊ သူတို့ရဲ့ ဖြစ်တည်မှုကို သိရဖို့ အရည်အချင်းအလုံအလောက်မရှိခဲ့ရုံပဲဆိုတာ ဖေဖေ အခုတော့သိသွားပြီ”
ထန်ရှောင်းယွီက နှုတ်ဆိတ်နေလိုက်သည်။ ထန်တုန်၏ ပြောစကားသည် မှန်လှသည်။ ဤသို့သော အဆင့်မြင့် ဖြစ်တည်မှုများကို သူတို့ကဲ့သို့သူများက သိရန် အရည်အချင်းမပြည့်မီပေ။
“ဖေဖေ ဒါဖေဖေ့ ဘဝအတွက်ပဲ၊ ဒါပေမယ့် သမီးက ငယ်သေးတယ်။ သမီးက မိန်းကလေးဆိုပေမယ့် ဒီ့ထက်ပိုပြီး ခရီးပေါက်နိုင်သေးတယ်”
“အင်း” ထန်ရှောင်းယွီက ခေါင်းညိတ်လိုက်သည်။
“နောက်တစ်လမှာ လေးနှစ်တစ်ကြိမ် သိုင်းပညာပြိုင်ပွဲကျင်းပကြလိမ့်မယ်။ သမီး ပါဝင်လို့ရအောင် အဲ့ပွဲကို ဖေဖေနဲ့အတူလိုက်ခဲ့၊ ကမ္ဘာပေါ်က သူရဲကောင်းတွေကို တွေ့ဖို့ သမီးကို ခေါ်သွားမယ်” ထန်တုန်က ပြောသည်။
ရွှယ်အန်းသည် သိုင်းပညာကျောင်းသို့ မပြန်ဘဲ အိမ်သို့ တန်းတန်းမတ်မတ်ပြန်လာခဲ့သည်။ ချင်းယွီမှ သူ့ကို တွေ့ပြီးနောက်၊ ချင်းမိသားစုသို့ ပြန်၍ ချင်းယွမ်နှင့်တွေ့ဆုံခဲ့သည်။ ချင်းယွမ်သည် ယခု လုပ်ငန်းစု၏ အရေးကိစ္စများကို နေ့စဥ်နေ့တိုင်း စိတ်အားထက်သန်စွာ ကိုင်တွယ်လျက်ရှိသည်။ သို့သော် သူ့မြေးမပြန်လာသည်နှင့် တစ်ပြိုင်နက် လုပ်လက်စအလုပ်အားလုံးကို ချက်ချင်း ဖယ်ပစ်လိုက်သည်။
“ဘယ်လိုဖြစ်သွားလဲ”
ချင်းယွီက အသက်ပြင်းပြင်းရှု၍ ပြန်ဖြေ၏။
“မစ္စတာရွှယ် နိုင်သွားတယ်”
ချင်းယွမ်က သူမျှော်လင့်ထားသကဲ့သို့ ဖြစ်လာသဖြင့် ခေါင်းညိတ်ပြရုံပြလိုက်သည်။
“တိုက်ပွဲက ဘယ်လောက်ကြာခဲ့လဲ”
ချင်းယွီက ခါးသက်စွာပြုံးလိုက်သည်။
“ရန်သူကို လက်သီးတစ်ချက်နဲ့ အလဲထိုးပြီး၊ နောက်တစ်ချက်နဲ့ သတ်လိုက်တာ”
“သမီးဆိုလိုတာက…” ချင်းယွမ်က အလွန်အံ့အားသင့်သွားသည်။
ချင်းယွီက ခေါင်းညိတ်လိုက်သည်။
“လက်သီးနှစ်ချက်စာပဲ ကြာလိုက်တယ်၊ ပေကျန်းသိုင်းပညာကမ္ဘာကို ချေမှုန်းခဲ့တဲ့ ယွီချင်းက အဲ့နှစ်ချက်နဲ့ အသတ်ခံခဲ့ရတယ်”
ချင်းယွမ်သည် ရွှယ်အန်း အနိုင်ရမည်ဟု ခန့်မှန်းထားခဲ့သော်လည်း နိုင်ပွဲသည် လွယ်ကူလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သဖြင့် အလွန် ထိတ်လန့်သွားသည်။ ရွှယ်အန်း၏ ခွန်အားကို သူ အပြည့်အဝ မခန့်မှန်းနိုင်သေးပုံပေါ်၏။
“ဆရာထန်ကို မေးကြည့်တော့ သူ့မှာ ရွှယ်အန်းကို ဖော်ပြဖို့ စကားလုံးတစ်လုံးပဲရှိတယ်”
ချင်းယွီမှ ဆက်လက်၍ ပြောသည်။
“ဘာစကားတစ်လုံးလဲ”
“ကောင်းကင်လူသားအရှင်”
ဤအခေါ်အဝေါ်ကို ကြားသောအခါ၊ ချင်းယွမ်က မတ်တပ်ထရပ်၍ အခန်းတွင်းတွင် ဟိုဟို ဒီဒီ လမ်းလျှောက်နေ၏။ အချိန်အတော်ကြာပြီးနောက်၊ စားပွဲခုံကို လက်ဖြင့် ရိုက်လိုက်သည်။
“ယွီအာ၊ ငါတို့ မစ္စတာရွှယ်ရဲ့ အပီချုပ်နိုင်မှရမယ်။ ငါတို့ အရင်ကထက်ပိုပြီး လေးစားပြရမယ်”
“ဟုတ်ကဲ့”
“မစ္စတာရွှယ်က သာမန်ညံ့ဖျင်းဆိုးရွားတဲ့ ရပ်ကွက်မှာ ရှိနေသေးတယ်လို့ ကြားတယ်။ အခု ယွင်မင်ကန်မှာရှိတဲ့ အဘိုးတို့ ဗီလာတွေ အပြီးသတ်နေပြီဆိုတော့ သူ့ကို ထိပ်တန်း ဗီလာတစ်ခု လက်ဆောင်ပေးလိုက်ပါ”
အကယ်၍ ဤနေရာတွင် အခြားတစ်ယောက်သာရှိနေပါက၊ ချင်းယွမ်၏ ရက်ရောမှုကြောင့် အလွန် အံ့သြသွားရပေလိမ့်မည်ဖြစ်သည်။ ယွင်မင်ရေကန်သည် ပေကျန်းမြို့၏ အလှပဆုံးသော ရှု့ခင်းရှိသည့် ရေကန်တစ်ခုဖြစ်၍ မြို့တော်နှင့် သိပ်မဝေးလှသည့် လုံတိုင်အဖွဲ့၏ စီမံကိန်းနေရာတစ်ခုဖြစ်သည်။
နံပါတ်တစ်ရှန်ဗီလာ၏ နေရာသည် အထူး ထူးခြားကာ၊ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှ ထိုနေရာကို ဝယ်ယူရန် ယွမ်သိန်းတစ်ရာဖြင့် ကမ်းလှမ်းခဲ့သော်လည်း ချင်းယွမ်သည် မရောင်းခဲ့ပေ။ ယခုမူ သူသည် ၎င်းကို ရွှယ်အန်းအား လက်ဆောင်အဖြစ်ပေးကမ်းလိုက်ပြီဖြစ်၏။ ချင်းယွီကလည်း မဆိုင်းမတွ ခေါင်းညိတ်လိုက်သည်။
“မစ္စတာရွှယ်မှာ သမီးနှစ်ယောက်ရှိတယ်။ ကလေးတွေကြိုက်တဲ့ အဆာပြေမုန့်တွေနဲ့ အရုပ်တွေအများကြီး စုထားဖို့ မမေ့နဲ့နော်။ မစ္စတာရွှယ် စိတ်ကျေနပ်အောင် သေချာလုပ်ပါ” ချင်းယွမ်က အဆုံးတွင် ထပ်မံမှာကြားလိုက်သည်။
ချင်းယွီသည် အမိန့်ပေးလာသည့်အတိုင်းလုပ်ဆောင်ရန် ထွက်ခွာသွားသည်။
“ကောင်းကင်လူသားအဆင့် ဒီကမ္ဘာမှာ ကောင်းကင်လူသားအရှင်တွေ တကယ်ရှိသေးလို့လား” ရွှယ်အန်းက တစ်ကိုယ်တည်း ရေရွတ်လျက် ကျန်နေခဲ့၏။
ယနေ့သည် ထန်ရွှမ်အာ၏ အားလပ်ရက်ဖြစ်ကာ၊ ကလေးမလေးနှစ်ယောက်ကိုစိတ်ပူသောကြောင့် ဟင်းချက်စရာအချို့ အမြန်ဝယ်ယူ၍ အိမ်သို့ပြန်ခဲ့သည်။ တံခါးဖွင့်လိုက်သည်နှင့် မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသော ရွှယ်အန်းကို တွေ့လိုက်ရသည်။ ထန်ရွှမ်အာက အနည်းငယ်တုံ့ဆိုင်းသွားပြီးနောက်၊ ကလေးမလေးနှစ်ယောက်သည် သူမကို မြင်သည်နှင့် အပြေးအလွှားဝိုင်းအုံလာကြသည်။ အချစ်အကြောင်း ပြောရမည်ဆိုလျှင် ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့မှ ထန်ရွှမ်အာအပေါ်သို့ ထားရှိသော ခံစားချက်များသည် အနက်ရှိုင်းဆုံးဖြစ်သည်။
“အန်တီရွှ၎်အာ၊ သမီးတို့ အင်္ကျီအသစ်က လှတယ်လို့ ထင်လား” ရွှယ်ရှန်းက ဂါဝန်ကို ခါပြ၍ မေးလိုက်သည်။
ထန်ရွှမ်အာက ပြုံး၍ ကောင်မလေးနှစ်ယောက်၏ ခေါင်းကို ပွတ်သပ်လိုက်သည်။
“အရမ်းလှတာပဲ၊ မီးမီးတို့ နှစ်ယောက်လုံး နတ်သမီးလေးတွေလိုပဲ။ မင်းသမီးလေးတွေလိုပဲ”
“သမီးက နတ်သမီးလေးမဟုတ်ဘူး။ သမီးက နျန်နျန်” ရွှယ်နျန်သည် ‘နတ်သမီးလေး’ဟူသော စကား၏ အဓိပ္ပါယ်ကို နားမလည်သဖြင့် ပြောလိုက်သည်။
အလှအပကို ချစ်မြတ်နိုးသည့် သူမ၏ အစ်မ ရွှယ်ရှန်းနှင့် နှိုင်းစာလျှင် ညီမငယ် ရွှယ်နျန်သည် အစားအသောက်ကို နှစ်သက်ရုံမှတပါး အလှတရားနှင့် အရုပ်ဆိုးမှု၏ သဘောတရားကို နားမလည်သေးပေ။
ဤအခိုက်အတန့်တွင် အေပရွန်ဝတ်ဆင်ထားသော ရွှယ်အန်းက မီးဖိုချောင်မှ ပြုံး၍ ထွက်လာသည်။
“ရွှမ်အာ၊ ဒီနေ့ အိမ်ပြန်လမ်းဂဏန်းကြီးတွေတွေ့လို့ ဝယ်ခဲ့တာ။ နောက်မှ ငါ့ဟင်းချက် စကေးလ်တွေကို မြည်းကြည့်လိုက်”
ထန်ရွှမ်အာ၏ စိတ်များကြည်လင်လာကာ၊ ပြုံးလိုက်မိသည်။
“ငါတို့ ကျောင်းတုန်းက နင်ဟင်းချက်ရတာ အမုန်းဆုံးလို့ ပြောခဲ့တာ ငါမှတ်မိသေးတယ်”
ရွှယ်အန်းက ရယ်မောလိုက်သည်။
“အဲ့တာ ဘာလို့လဲဆိုတော့ ငါဟင်းချက်ပေးတာနဲ့ တန်တဲ့လူမရှိလို့လေ”
ဤစကားသည် နားလည်မှုလွဲရန် လွယ်ကူသော စကားတစ်ခွန်းဖြစ်သည်။ အနည်းဆုံး ၎င်းကြောင့် ထန်ရွှမ်အာသည် မျက်မှောင်ကြုတ်သွားရ၏။ သို့သော် ရွှယ်အန်းက ၎င်းကို သတိမထားမိပေ။ တကယ်တမ်းတွင် သူသည် သူ့သမီးလေးနှစ်ယောက်ကို ရည်ညွှန်းနေခြင်းပင်ဖြစ်သည်။ နှစ်ပေါင်းသုံးထောင်ကြာ ကျင့်ကြံပြီးနောက် ရွှယ်အန်းသည် ဟင်းချက်ဆရာကြီးတစ်ဦးနှင့် ကြုံတွေ့ခဲ့၍ ဟင်းချက်နည်းများစွာ သင်ယူခဲ့သည်။ ယခုရွှယ်အန်းသည် အင်မော်တယ်အဆင့်၌ ဟင်းချက်နည်းများကို ကျွမ်းကျင်သည်ဟု ဆို၍ မရသော်လည်းအတန်အသင့် ကျွမ်းကျင်နေပြီပင်ဖြစ်သည်။
ထို့ကြောင့် ဂဏန်းများကို စားပွဲပေါ်သို့ တင်ပြီးသောအခါ၊ ရနံ့ကြောင့် ထန်ရွှမ်အာတစ်ယောက် သွားရည်ကျလုမတက်ဖြစ်သွားရသည်။ ရွှယ်နျန်သည်မူ ယခုအချိန်တွင် အလွန် ပျော်ရွှင်နေပြီပင်ဖြစ်သည်။
“စား ဘယ်လိုအရသာရှိလဲကြည့်ကြရအောင်”
ထန်ရွှမ်အာက ကလေးနှစ်ယောက်ကို ဦးစွာကျွေးပြီးမှ တစ်ကိုက်ကိုက်လိုက်ရာ၊ သူမ အံ့သြသွားသည်။
ဤအရာသာသည် ဖော်ပြ၍ မရနိုင်လောက်အောင် ကောင်းမွန်လှ၏။ သူမ၏ အရသာခံဖုများပေါ်တွင် မရေမတွက်နိုင်အောင်များပြားသော အရသာများ ချက်ချင်းပေါက်ကွဲသွားသကဲ့သို့ ထန်ရွှမ်အာသည် တစ်ခဏချင်း၌ပင် မူးဝေသွားရသည်။ ထန်ရွှမ်အာသည် ကမ္ဘာပေါ်တွင် ဤမျှထိ စိတ်ဝိဉာဥ်ကို မူးဝေစေနိုင်မည့် အစားအသောက်မျိုး ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“ကောင်းလား” ရွှယ်အန်းက မေးသည်။
ထန်ရွှမ်အာက ခေါင်းညိတ်လျက် ပြန်ဖြေ၏။
“တကယ်တော့ နင့်မှာ အခြားဘာမှမလုပ်စရာမရှိရင် စားဖိုမှုးအဖြစ် အသက်မွေးလို့ရလောက်တယ်”
သူ့အတန်းဖော်ဖြစ်ခဲ့ဖူးသော ဤမိန်းကလေးကို ကြည့်၍ ရွှယ်အန်းက ပြုံးပြလိုက်သည်။ ထန်ရွှမ်အာပေါ်သို့ သူအလွန်ကျေးဇူးတင်မိသည်။ ပေကျန်းမြို့မှ အန်းယန်ထွက်သွားပြီးနောက်၊ ကလေးများလေးနှစ်ယောက်သည် အခြေခံအားဖြင့် ထန်ရွှမ်အာမှ ပျိုးထောင်ပေးခဲ့ခြင်းဖြစ်သည်။ ရွှယ်အန်း၏ နှလုံးသားထဲတွင် ဤကြင်နာမှုကို သူ့နှလုံးသားထဲတွင် အမြဲတစေ သိမ်းဆည်းထား၏။ ထို့အတွက်ကြောင့်လည်း ထန်ရွှမ်အာအတွက် ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်ပေးခဲ့ခြင်းဖြစ်သည်။
မဟုတ်လျှင်…။
တစ်ချိန်က အဆင့်မြင့် အင်မော်တယ်ဘုရင်သည် သူ့အတွက် ထမင်းချက်ပေးရန် အချိန်များစွာ ကုန်ဆုံးခဲ့ဖူးသည်ကို ရွှယ်အန်း သတိရမိသည်။ ထို့ကြောင့် သာမန်လူများအတွက် စိတ်ရှုပ်ခံ၍ ထမင်းဟင်းချက်ပေးမည်မဟုတ်ပေ။
ဂဏန်းများကို အလျင်အမြန်စားသုံးလိုက်ကြသည်။ ထန်ရွှမ်အာသည် ထပ်စားချင်နေသေးဟန်ဖြင့် သူမ၏ လက်ထိပ်များကို လျက်လိုက်သည်။ အရသာသည် တကယ်ကိုပင် အရသာရှိလွန်းသဖြင့် မိန်းကလေးတစ်ယောက်၏ ဂုဏ်သိက္ခာကိုပင် ခဏတာ မေ့သွားမိခဲ့သည်။ ထို့နောက် ရွှယ်အန်းသည် ဆေးလုံးတစ်လုံးကို ထုတ်၍ ထန်ရွှမ်အာအား ပေးလိုက်သည်။
“ဒါဘာလဲ”
“အဲ့တာ ဖေဖေလုပ်ထားတာ အရမ်းအရသာရှိတယ်။ အန်တီရွှမ်အာလည်း စားကြည့်” ရွှယ်ရှန်းကပြောသည်။ ထန်ရွှမ်အာသည် ယင်းကို ကြည့်၍ များများစားစားမတွေးနေတော့ဘဲ စားလိုက်သည်။ သူမသည် ချက်ချင်းဆိုသလိုပင် ဗုံးတစ်လုံးကို မြိုချလိုက်သကဲ့သို့ ဆေးလုံးသည် ပါးစပ်ထဲတွင် ပျော်ဝင်လျက် သူမ၏ ဆဲလ်များထဲမှ အဆိပ်အတောက်များကို စတင်ဖယ်ရှားလိုက်သည်။ ထန်ရွှမ်အာက အံ့အားသင့်စွာ အော်လျက်၊ ရေချိုးခန်းထဲသို့ ပြေးသွားသည်။
ရွှယ်အန်းက အနည်းငယ်ပြုံးလိုက်သည်။
ဤဆေးလုံးသည် အလွန်အစွမ်းထက်ဆုံးသော အစိတ်အပိုင်းဖြစ်သည့်
ရွှမ်ရင်ကြာပွင့်၏ အမြစ်ပါဝင်သည်။ သာမန်လူသားများသည် ၎င်းကို အသုံးမချနိုင်သဖြင့် ပို၍ နူးညံ့သိမ်မွေ့သော ကြာစေ့များကိုသာ အာရုံစိုက်ကြသည်။ သို့သော် ရွှယ်အန်းသည် ဆေးပညာရပ်ကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သူဖြစ်သဖြင့် ရွှမ်ရင်ကြာမြစ်၏ အစွမ်းကို အလွယ်တကူ သန့်စင်နိုင်ခဲ့သည်။ ဤသည်က မူလအနှစ်သာရဆေး၏ အစွမ်းကို ဆယ်ဆကျော် တိုးလာစေသည်။ တိုက်ရိုက်စားသုံးပါက ထန်ရွှမ်အာသည် ယင်းကို ခံနိုနိုင်ရည်ရှိလိမ့်မည်မဟုတ်သော်လည်း ဂဏန်းများသည် သာမန်ဂဏန်းများမဟုတ်ပေ။ ရွှယ်အန်းက ၎င်းတို့ကို ချက်ပြုတ်သောအခါ၊ ဆေးဖက်ဝင်အပင် များစွာကို ထည့်ချက်ခဲ့သည်။ ၎င်းကို တစ်ကိုက်စားသုံးခြင်းကပင် လူတစ်ဦး၏ ဝေဒနာအားလုံးကို ကုစားနိုင်လောက်မည်ဖြစ်သည်။
ရွှယ်အန်း၏ သားသမီးများအပေါ် ကျေနပ်စွာပေးဆပ်ခြင်းသည် ကြိုးစားအားထုတ်မှုများစွာလိုအပ်သော်လည်း ကောင်မလေးနှစ်ယောက်ကို ပျော်ရွှင်စေသရွေ့ ကောင်းကင်ဘုံမှ လကိုပင် ဆွတ်ခူးပေးပေလိမ့်မည်ဖြစ်သည်။ ထို့နောက်၊ ရွှယ်အန်းသည် ထန်ရွှမ်အာအား မူလအနှစ်သာရေဆး၏အဆင့်မြင့်ပုံစံကို ဤနေရာတွင် စားသုံးခွင့်ပြုရဲခဲ့ခြင်းဖြစ်၏။
အခန်း (၅၀) နံပါတ်တစ်ရှန်ဗီလာ
ခဏကြာပြီးနောက် ထန်ရွှမ်အာသည် ရှက်ရွံ့စွာဖြင့် သန့်စင်ခန်းထဲမှ ထွက်လာခဲ့သည်။ သူမ၏ ဆံပင်များတွင် ရေများစိုရွှဲလျက်၊ ရေချိုးခဲ့ကြောင်းသိသာ၏။ ထန်ရွှမ်အာသည် ယခင်ကတည်းက အံ့မခန်းလှပခဲ့သော်လည်း ပို၍ ကောင်းမွန်သော မူလအနှစ်သာရဆေး၏ စွမ်းအားကြောင့် သူမ၏ အလှသည် ရင်သပ်ရှု့မောဖွယ်ကောင်းလှသည်။
ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့သည် အဆက်မပြတ် တခစ်ခစ်ရယ်ကြနေကြသဖြင့် ထန်ရွှမ်အာက ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။
“သမီးတို့ နှစ်ယောက် ဘာရယ်ကြတာလဲ”
“အန်တီရွှမ်အာ အခု ဖေဖေ့လိုမျိုး အရမ်းမွှေးတယ်” ရွှယ်နျန်က တစ်ခစ်ခစ်ရယ်လျက်ပြောလိုက်သည်။
ထန်ရွှမ်အာသည် ယခုအခါ၊ ကလေးနှင့်တူသော မွေးရနံ့တစ်ခုရှိနေပြီဖြစ်ကာ၊ အလွန်သန့်ရှင်းစင်ကြယ်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေပြီဖြစ်သည်။ ရွှယ်အန်း၌လည်း ဤသို့သော ရနံ့ခပ်သင်းသင်းရှိနေသဖြင့် ကလေးမလေးနှစ်ယောက်သည် အဖေကို ဖက်တွယ်ထားရသည်ကို အလွန်နှစ်သက်ကြခြင်းဖြစ်၏။ သို့သော် ထန်ရွှမ်အာ၏ မျက်နှာသည် အလွန်နီမြန်းလာလျက်၊ စကားပြောရန် အလွန်ရှက်ရွံ့နေသဖြင့် ခေါင်းကို ငုံ့ထားလိုက်သည်။ ရွှယ်အန်းက အနည်းငယ်ပြုံးလိုက်ပြီးနောက် ပြောလိုက်၏။
“ထိုင်ပြီး စား၊ အေးသွားရင် အရသာကောင်းတော့မှာမဟုတ်ဘူး”
ထန်ရွှမ်အာက နူးညံ့သိမ်မွေ့စွာဖြင့် ခုံတွင်ပြန်ထိုင်လိုက်သည်။ ၎င်းသည် လက်ထပ်ပြီးကာစ၊ မိသားစုထဲသို့ဝင်လာသည့် သတို့သမီးအသစ်စက်စက်တစ်ဦးကဲ့သို့ ဣန္ဒြေသိက္ခာအပြည့်ဖြင့် နူးညံ့သိမ်မွေ့လှသည်။ လေထုသည် ဖြည်းဖြည်း အေးချမ်းလာသည်။ သူမ၏ မျက်နှာသည် ပို၍ပင် ပန်းဆီရောင်သို့သန်းလာကာ၊ ရှက်ကိုးရှက်ကန်းဖြစ်နေသည်။
ထိုအချိန်တွင် စူးရှသော တံခါးခေါက်သံတစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ ထန်ရွှမ်အာသည် စိတ်သက်သာရာရစွာဖြင့် တံခါးဆီသို့ အလျင်အမြန်လမ်းလျှောက်သွား၏။ ချင်းယွီက အိမ်ထဲသို့ ဝင်လာကာ၊ သူမလက်ထဲတွင် အရုပ်မျိုးစုံ၊ မုန့်မျိုးစုံရှိနေလျက်၊ ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့ကို ခပ်ပြုံးပြုံးပြောလိုက်သည်။
“ကြည့်ပါဦး အန်တီက မင်းသမီးလေးနှစ်ယောက်ဖို့ ဘာယူလာလဲကြည့်ပါဦး”
ကလေးများသည် ဆန်းသစ်သော အရုပ်များကို မြင်လိုက်ရသဖြင့် ကလေးဆန်ဆန် အလွန်အမင်းစိတ်လှုပ်ရှားသွားကြသည်။
“ကျေးဇူးတင်ပါတယ် အန်တီ ချင်းယွီ”
ကလေးမလေးနှစ်ယောက်က အရုပ်များကို ယူပြီးနောက်၊ ဆော့ကစားရန် ဘေးနားသို့ ပြေးသွားကြသည်။ ထိုအချိန်တွင် ချင်းယွီသည် ဧည့်ခန်းပေါ်ရှိ အစားအသောက်များကို သတိပြုမိသွားသည်။
“အချိန်မီရောက်လာတာပဲ၊ ဘာတွေ ချက်ထားတာလဲ။ ဘာလို့ အနံ့ကအရမ်းမွှေးနေတာလဲ”
“ဂဏန်းနည်းနည်း ချက်ထားတာ။ မြည်းကြည့်ပါဦး” ရွှယ်အန်းက ပြုံး၍ပြောလိုက်သည်။
ချင်းယွီသည် မူလက ငြင်းဆိုမည်ဟု ရည်ရွယ်ထားသော်လည်း အိမ်ထဲသို့ ဝင်လာခဲ့ကတည်းက ထိုသင်းရနံ့က သူမကို ဆွဲဆောင်နေခဲ့သဖြင့် မငြင်းဆိုနိုင်တော့ပေ။ အဆင့်အတန်းမြင့်သော လူ့အဖွဲ့အစည်းတွင် ရှင်သန်ခဲ့ရသော်လည်း ချင်းယွီသည် ဤကဲ့သို့ ထူးထူးခြားခြားနှင့် စွဲမက်ဖွယ်အရသာမျိုးရှိသည့် ရနံ့ကို တစ်ကြိမ်မျှ မကြုံခဲ့ဖူးပေ။
“ဒါဆို ကျွန်မ တစ်ကိုက်လောက် မြည်းကြည့်မယ်နော်” ချင်းယွီသည် ဂဏန်းလက်မကို ကိုင်၍ ကိုက်လိုက်သည်နှင့် တစ်ပြိုင်နက်၊ မျက်လုံးများ တောက်ပလာသည်။
“ဘယ်လိုနေလဲ” ရွှယ်အန်းက ခပ်တိုးတိုးမေးလိုက်သည်။
ချင်းယွီတွင် တုံ့ပြန်ရန် အချိန်ပင်မရှိခဲ့ဘဲ၊ ဂဏန်းခြေထောက်ကို အားပါးတရကိုက်စားလိုက်သည်။
“တကယ်… အရသာရှိလိုက်တာ”
ထန်ရွှမ်အာသည် ချင်းယွီ၏ လောဘကြီးသော အမူအရာကြောင့် ရယ်မော၍ ကျန်ဂဏန်းများကို ဇလုံတစ်ခုတည်းသို့ထည့်ကာ နူးညံ့စွာပြောလိုက်သည်။
“မိန်းကလေးချင်း ဒီမှာ နောက်ထပ်ရှိသေးတယ်။ အကုန်စားလို့ရတယ်”
ချင်းယွီ၏ မျက်နှာသည် နီရဲသွားကာ၊ ဆက်မစားရန် တင်းခံထားချင်သော်လည်း ထိုဂဏန်း၏ အရသာကို ခံနိုင်ရည်မရှိခဲ့ပေ။ လုံတိုင်၏အဖွဲ့၏ ဟိုတယ်များတွင် စားဖိုမှုးအားလုံးသည် နိုင်ငံတွင်း သို့မဟုတ် နိုင်ငံတကာ၌ပင် နာမည်ကြီးကြသော်လည်း ဤဂဏန်းပန်းကန်နှင့် နှိုင်းယှဥ်ပါက ၎င်းတို့၏ ဖန်တီးမှုများသည် အမှိုက်သဖွယ်ဖြစ်နေသည်။ ထိုအချိန်တွင် ချင်းယွီ၏ မျက်လုံးထဲ၌ ရွှယ်အန်း၏ လျှို့ဝှက်ဆန်းကြယ်မှုများ ပို၍ ကြီးထွားလာသည်။ ဤယောက်ျားသည် အနှိုင်းမဲ့သော သိုင်းပညာနှင့်အတူ၊ အံ့အားသင့်ဖွယ်အချက်အပြုတ်စွမ်းရည်များလည်း ပိုင်ဆိုင်ထားသည်။ ချင်းယွီသည် ကမ္ဘာပေါ်တွင် ရွှယ်အန်း မလုပ်နိုင်သောအရာ မရှိဟုပင် တွေးမိလာခဲ့သည်။
သို့သော် ချင်းယွီသည် သူမ လာရောက်လည်ပတ်ရသည့် ရည်ရွှယ်ချက်ကို မေ့လျော့ခြင်းမရှိ၊ ထမင်းစားလျက်၊ ပြောလိုက်၏။
“မစ္စတာရွှယ်၊ အခုလက်ရှိ ရှင်နေတဲ့ ရပ်ကွက်က နည်းနည်းကျဥ်းနေတယ်လို့ အဘိုးက မြင်ခဲ့တယ်။ အဲ့တာကြောင့် ချင်းမိသားစုကို ကူညီစောင့်ရှောက်ပေးခဲ့တာကို ကျေးဇူးဆပ်တဲ့အနေနဲ့ ရှင့်အတွက် ဗီလာတစ်ခု အထူးပြင်ဆင်ထားပေးတယ်”
“ဗီလာဟုတ်လား”
“ဟုတ်တယ်။ ယွင်မင်ကန်နားမှာ။ နောက်မှ အချိန်ရရင် ရှင့်ကြည့်ဖို့ ခေါ်သွားပေးမယ်”
“ယွင်မင်ကန်.. အဲ့တာ ယွင်မင်ဗီလာလား” ထန်ရွှမ်အာက အံ့သြစွာမေးလိုက်သည်။
“ဟုတ်တယ် အဲ့တာပဲ။ ယွင်မင်ဗီလာဆိုတာ ကြားဖူးလား”
“အခု ပေကျန်းမှာ ယွင်မင်ဗီလာကို မကြားဖူးတဲ့လူရှိသေးလို့လား”
“ဘာဖြစ်လို့လဲ” ရွှယ်အန်းက ဝင်မေးသည်။
“ဘာမှမဟုတ်ပါဘူး။ ယွင်မင်ဗီလာက အခု ပေကျန်းမြို့မှာ အရမ်းနာမည်ကြီးနေတာလေ၊ အဆင့်အမြင့်ဆုံး လူနေရပ်ကွက်အဖြစ် အမွှမ်းတင်ခံထားရတယ်” ထန်ရွှမ်အာက သူမ၏ ဆေးရုံရှိ လုပ်ဖော်ကိုင်ဖက်များ၏ စကားများကို ရံဖန်ရံခါ ကြားခဲ့ရသည်။ သို့သော် ယွင်မင်ဗီလာတွင် နေရာတစ်နေရာရနိုင်ရန် ပိုက်ဆံရှိရုံမျှဖြင့် မဖြစ်နိုင်ပေ။ ထိုနေရာ၌ နေကြသူများသည် ချမ်းသာ၍ မြင့်မြတ်သောသူများဖြစ်ကြသည်။
သို့သော် သူမသည် ယွင်မင်ဗီလာကို ချင်းယွီ၏ မိသားစုဖြင့် သက်ဆိုင်နေလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ မတွေးခဲ့ဖူးပေ။ ထို့အပြင် ချင်းမိသားစုသည် ရွှယ်အန်းကို စိတ်ကျေနပ်စေရန် ဗီလာတစ်လုံးပေးလိမ့်မည်ဟု မထင်ခဲ့ပေ။ ဤသို့သော ခမ်းနားသည့် ကမ်းလှမ်းပေးကမ်းမှုမျိုးသည် ထန်ရွှမ်အာကို အလွန်အံ့အားသင့်စေသည်။ ရွှယ်အန်းက လျစ်လျူရှု့ထားသော်လည်း ချင်းယွီ၏ စကားများက သူ့ကို သတိပေးနေသကဲ့သို့ပင်ဖြစ်သည်။
ယခု သူပြန်လာသဖြင့် ထန်ရွှမ်အာက ဤနေရာတွင် ဆက်လက် နေထိုင်ရန် အဆင်မပြေတော့သဖြင့် ဆေးရုံအဆောင်တွင်နေနေရသည်မှာ အလွန်အဆင်ပြေလိမ့်မည်မဟုတ်လှပေ။ ထို့အတူ သူ့သမီးနှစ်ယောက်သည် ပို၍ ကြီးထွားလာမည်ဖြစ်သဖြင့် ဤနေရာတွင်နေရသည်မှာ အဆင်မပြေဖြစ်လာနိုင်သည်။ ထို့ကြောင့် ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ၊ ဒါဆို သွားကြည့်ရအောင်”
လူများစွာကြည့်နေ၍သာမဟုတ်ပါက ဂဏန်းများသည် အလွန်အမင်းအရသာရှိလွန်းသောကြောင့် ချင်းယွီတစ်ယောက် သူမ၏ ပန်းကန်ပြားကိုပင် လျှာဖြင့် လျက်မိပေလိမ့်မည်ဖြစ်သည်။ သို့သော် နောက်ဆုံးတွင်မူ သူမ၏ ဂုဏ်သိက္ခာရှိ မိသားစုတစ်ခု၏ သမီးတစ်ယောက်ဖြစ်သောကြောင့် ဤသို့ ရှက်စဖွယ်အပြုအမူမျိုးကို မပြုလုပ်ခဲ့ပေ။
လှေကားမှ ဆင်းလာကြပြီးနောက်၊ ချင်းယွီသည် ရွှယ်အန်း၊ ထန်ရွှမ်အာနှင့် မိန်းကလေးငယ်နှစ်ယောက်ကို ယွင်မင်ဗီလာသို့ မောင်းနှင်ခေါ်ဆောင်လာခဲ့သည်။ ကားဖြင့် ဆယ်မိနစ်ခန့် မောင်းရသောနေရာသည် ပေကျန်းမြို့လယ်နှင့် သိပ်မဝေးလှဘဲ ဝင်ပေါက်တွင် တင်းကြပ်သော လုံခြုံရေးစနစ်များလည်းရှိနေသည်။ ချင်းယွီ၏ ကားရောက်ရှိလာသည်နှင့် ဝင်ပေါက်ရှိ လုံခြုံရေးအစောင့်များက ညီညွတ်စွာ အလေးပြုလိုက်ကြသည်။ ကားသည် ဗီလာဧရိယာထဲသို့ ဖြည်းညှင်းစွာ မောင်းနှင်လာသည်။ ဆောင်းရာသီပင်ဖြစ်သော်လည်း ဂရုစိုက်စိုက်ပျိုးထားသော ပန်းပင်များစွာသည် ထိုနေရာ၌ ပွင့်လန်းလျက်ရှိ၏။ ပတ်ဝန်းကျင်သည် အလွန်အံဝင်ခွင်ကျဖြစ်ကာ၊ ရေကန်ပတ်လည်တွင် တည်ဆောက်ထားသောကြောင့် ဤနေရာကို ပေကျန်း၏ အဆင့်အတန်းအမြစ်ဆုံးရပ်ကွက်ဟု သတ်မှတ်ရန် အရည်အချင်းပြည့်မီ၏။
သို့သော် နံပါတ်တစ်ရှန်ဗီလာသည်မူ၊ ဤပုံမှန်ဗီလာကြီးများနှင့် မတူစေရန်ချင်းယွမ်မှ အထူးတလှယ် တည်ဆောက်ထားသည်။ ယွင်မင်ရေကန်ဘေးတွင် တောင်ကုန်းလေးတစ်ခုရှိသည်။ အလွန်မမြင့်လှသော်လည်း ပတ်ပတ်လည်မှ မြေညီများနှ၍င့် ယှဥ်လျှင် အလွန် ခမ်းနားကြီးကျယ်ပုံပေါက်၏။ တောင်ကုန်းတစ်လျှောက်တွင် အကောက်အကွေများသော တောင်တက်လမ်းတစ်ခုရှိရာ၊ တောင်ထိပ်ပေါ်တွင် နံပါတ်တစ်ရှန်ဗီလာတည်ရှိ၏။
ကားသည် တောင်ထိပ်သို့ တိုက်ရိုက် မောင်းနှင်လာပြီးနောက် ထိုနေရသို့ရောက်ရှိသွားကြသည်နှင့် ထန်ရွှမ်အာ အနည်းငယ် အံ့အားသင့်သွားသည်။ ဤနေရာမှ ရပ်ကြည့်လျှင် မဝေးလှသော နေရာ၌ ယွင်မင်ရေကန်ကို တိုက်ရိုက်မြင်နိုင်သည်။ ကျယ်ပြောလှသော ရေကန်ကြီးသည် မျက်စိရှေ့တွင် ရှိနေပုံရ၏။ ထို့အပြင် ဗီလာကိုယ်တိုင်သည် ပတ်ဝန်းကျင်နှင့် လိုက်ရောညီထွေဖြစ်စေရန် တည်ဆောက်ထားသော ဗိသုကာပညာရှင်တစ်ယောက်၏ လက်ရာပင်ဖြစ်၏။
“ဖေဖေ အိမ်ကြီးက အရမ်းလှတယ်” ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့က တညီတညွတ်တည်းပြောလိုက်သည်။ ချင်းယွီသည် ဂုဏ်ယူစွာဖြင့် ရွှယ်အန်းကို အံ့အားသင့်သွားစေရန် ရည်ရွယ်လျက် ကြည့်နေသည်။ သို့သော် ရွှယ်အန်း၏ ထူးမခြားနား အမူအရာကြောင့် သူမ အနည်းငယ်စိတ်ပျက်သွားရသည်။ ဤကဲ့သို့ ကျွမ်းကျင်စွာ ဆောက်လုပ်ထားသော အိမ်ကြီးသည် သူ့အတွက် တဲအိမ်တစ်ခုမျှသာဖြစ်ပုံပေါ်သည်။
တကယ်တမ်းတွင် ရွှယ်အန်းသည်လည်း ဤသို့ပင်တွေးနေခြင်းဖြစ်၏။
သူ့အတွက် ဤနေရာအပြင်အဆင်သည် လုံလောက်ရုံသာဖြစ်ကာ၊ အနီးအနားရှိ အပင်များနှင့် သစ်ပင်ကြီးများကို အာဟာရဖြစ်စေသော ယွင်မင်ရေကန်မှ ဖုန်းရွှေနှင့် ဝိဉာဥ်စွမ်းအင်သည်လည်း အထူးကောင်းမွန်လှသည်။
သို့သော်… ဤသည်က အလွန်ရိုးရှင်းလှ၏။
အင်မော်တယ်နတ်ဘုရားတစ်ပါးအနေဖြင့် ကြယ်စင်များဖြင့် ခင်းကျင်းထားသည့် အခင်းအကျင်းများကို မြင်ခဲ့ဖူးသည်။ ထို့ကြောင့် သူ့စံနှုန်းများနှင့်ယှဥ်ပါက ဤနေရာစီစဥ်ပုံသည် သူ့အတွက် ကျေနပ်ဖွယ်မကောင်းလှပေ။
၎င်းသည် နေထိုင်ရန်သာ သင့်လျော်၏။
အခန်း(၅၁) ကျင်းကျင်း မင်းမေမေက မင်းကို ညစာစားဖို့အိမ်ပြန်ခေါ်နေတယ်
အမြင့်ဆုံးစံချိန်စံညွှန်းများနှင့် ကိုက်ညီသည်ဟု ပြောရန်မလိုအောင်ပင်
ဗီလာအတွင်းရှိ ပစ္စည်းအားလုံးသည် အဆင့်အတန်းမြင့်၏။ ကလေးမလေးနှစ်ယောက် ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက်၊ ဗီလာ၏ ထောင့်တစ်နေရာရှိ ကစားကွင်းငယ်လေးသည် ၎င်းတို့ကို ဆွဲဆောင်နေ၏။ ချင်းယွီသည် အနည်းငယ် ဂုဏ်ယူမိသကဲ့သို့ ခံစားနေရသည်။ မူလက ကစားကွင်းငယ်မရှိသော်လည်း ရွှယ်အန်းအတွက် လက်ဆောင်အဖြစ်ပြင်ဆင်ပြီးနောက်၊ ချင်းယွီသည် ဤအတိုင်းအတာအထိ ဖြစ်စေခဲ့ရာ၊ ရလဒ်သည်လည်း ထိရောက်လှသည်။ ထန်ရွှမ်အာသည်မူ အလွန် အံ့သြနေသဖြင့် များစွာသောအရာများကို မထိမိစေရန် သတိကြီးစွာထားထားလျက်ရှိသည်။
“မစ္စတာရွှယ်၊ ဒါက ကျွန်မတို့ ရှင့်ကို ပေးမယ့်အိမ်ပါ။ ဒီအိမ်ကို ရှင့်နာမည် အမည်ပေါက် ပြောင်းထားပြီးသားပဲ၊ ဒီမှာ သော့တွေ”
ရွှယ်အန်းက ၎င်းတို့ကို မယူဘဲ ထန်ရွှမ်အာဘက်သို့လှည့်၍ မေးလိုက်သည်။
“နင်ကြိုက်လား”
“အမ်”
“နင်ကြိုက်ရင် အခုကစပြီး နင့်အပိုင်ဖြစ်သွားပြီ”
စကားဆုံးသည်နှင့် ထန်ရွှမ်အာက ရှက်ရွံ့လျက်၊ ချင်းယွီ၏ နှလုံးသားသည်မူ တုန်လှုပ်နေသည်။
ရွှေအိမ်တော်တွင် အလှလေးတစ်ယောက်ကို ထားရန် ပြင်ဆင်နေခြင်းလော။
သို့သော် ရွှယ်အန်းက ဆက်ပြောသည်။
“နင် အဆောင်မှာ အမြဲနေနေတာ မသင့်တော်ဘူး။ အခုကစပြီး ဒီမှာ နေရမယ်၊ ငါရယ်၊ ရှန်းရှန်းရယ် နျန်နျန်တို့လည်း လာလည်ကြမယ်။ ဒါပေမယ့် ငါတို့ အိမ်ဟောင်းကို မစွန့်လွှတ်နိုင်ဘူး”
အိမ်ဟောင်းသည် အန်းယန်နှင့်အတူ နေထိုင်ခဲ့ဖူးသည့်နေရာဖြစ်သဖြင့် ရွှယ်အန်းအတွက် အထူးအဓိပ္ပါယ်ရှိသည်။ ထန်ရွှမ်အာက ခေါင်းညိတ်လိုက်သည်။
ထိုအချိန်တွင် ရွှယ်အန်း၏ ဖုန်းမြည်လာ၏။ သူပြန်ဖြေလိုက်သောအခါတွင် အဘိုးကြီးရှဲ့၏ အသံသည် ရှိုက်သံများပြည့်နှက်နေ၏။
“ရှောင်အန်းလား”
ရွှယ်အန်းသည် အနည်းငယ်ထိတ်လန့်စွာဖြင့် ပြန်ဖြေလိုက်၏။
“ဦးလေးရှဲ့၊ ကျွန်တော်ပါ၊ ဘာများမှားလို့လဲ”
“ကျင်းကျင်း … ကျင်းကျင်း ကျောင်းကပြန်လာတဲ့လမ်းမှာ အဖမ်းခံလိုက်ရတယ်။ ငါတို့ သူ့ကို ဖုန်းဆက်လို့လည်းမရဘူး။ ဘယ်မှာမှ ရှာလို့မရဘူး။ မင်းရဲ့အန်တီဖန် ငိုနေတာ နေ့တစ်ဝက်ကျော်ပြီ။ ဦးလေးလည်း မတတ်နိုင်တော့ဘူး။ မင်းဒီကို လာမှရမယ်” အဆုံးတွင် အဘိုးကြီးရှဲ့က ကျယ်လောင်စွာ ငိုကြွေးလိုက်သည်။
ရွှယ်အန်းက မျက်ခုံးပင့်လိုက်သည်။
“ဦးလေးရှဲ့ မစိုးရိမ်ပါနဲ့၊ ကျွန်တော် အခုပဲ ကျင်းကျင်းကို ပြန်သွားရှာလိုက်မယ်”
“ဒီကလေး ကျင်းကျင်းက မင်းပြန်လာတာကို မြင်ပြီး သူ့ဆံပင်ကိုလည်း ပုံမှန်အရောင်ပြန်ဆိုးလိုက်ပြီ။ ပြဿနာလည်းမရှာတော့ဘူး။ မင်းရဲ့ အန်တီဖန်နဲ့ ဦးလေးနဲ့လည်း တော်တော် ပျော်နေခဲ့တာ။ ဒါမယ့် အခု ဒီလိုဖြစ်သွားတာပဲ”
ရွှယ်အန်းက အလေးအနက်ပြောလိုက်သည်။
“ဦးလေးရှဲ့၊ အန်တီဖန်ကို ပြောလိုက်ပါ။ ဒီည ကျင်းကျင်းကို ဒဏ်ရာလုံးဝမရစေဘဲ အိမ်ပြန်ခေါ်လာခဲ့မယ်လို့”
ဖုန်းချလိုက်ပြီးနောက်၊ ချင်းယွီက မေးလိုက်သည်။
“ဘာဖြစ်လို့လဲ။ ကျွန်မအအူအညီလိုသေးလား”
ရွှယ်အန်း က ခေါင်းကို ခါယမ်းလိုက်ပြီးနောက်၊ ထန်ရွှမ်အာကို ပြောလိုက်သည်။
“နင် ဒီမှာ နေပြီး ရှန်းရှန်းနဲ့ နျန်နျန်တို့ကိုဂရုစိုက်ထားလိုက်ပါ။ ငါအပြင်ခဏသွားရမယ်”
“ကောင်းပြီ”
ရွှယ်အန်းသည် အခန်းမှ ထွက်လာ၍ မျက်လုံးများမှိတ်ကာ၊ သူ၏ နတ်အာရုံကို ဖြန့်ကျက်၍ စတင်ရှာဖွေလိုက်သည်။
ပေကျန်းကဲ့သို့ လူဦးရေ ထူထပ်သော မြို့တစ်မြို့တွင် ရှဲ့ကျင်းကျင်းကဲ့သို့သောလူတစ်ဦးကို ရှာဖွေရန်လွယ်ကူလိမ့်မည်မဟုတ်ပေ။ သို့သော် ရွှယ်အန်းအတွက်မူ၊ ဤအရာသည် ခက်ခဲသောအရာတစ်ခုမဟုတ်ပေ။
ရှဲ့ကျင်းကျင်းသည် ရှားပါးသော ယင်စွမ်းအင်ကိုယ်ထည်မျိုးရှိကာ၊ နတ်အာရုံနှင့် စစ်ဆေးပါက၊ ညအမှောင်ထဲမှ မီးအလင်းတစ်ခုနှင့် တူသည်။ သိပ်မကြာခင်တွင်ရွှယ်အန်းသည် ပစ်မှတ်ကို ရှာဖွေတွေ့ရှိခဲ့၏။
သူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သောအပြုံးတစ်ခု ပေါ်လာပြီးနောက်၊ ညနေဆောင်း၏ ညို့မှိုင်းသော အမှောင်ထုအောက်တွင် ပျောက်ကွယ်သွားခဲ့သည်။ မီးပြာရောင်ကေတီဗီသည် ပေကျန်းမြို့ရှိ အလယ်အလတ်တန်းစားကေတီဗီတစ်ခုဖြစ်ကာ၊ လူစည်းကားသော ပတ်ဝန်းကျင်တွင်တည်ရှိ၍ စျေးမကြီးလှသောကြောင့် လူကြိုက်များသည်။ ရွှယ်အန်းသည် ဝင်ပေါက်ရှေ့တွင်ရပ်၍ ခမ်းခမ်းနားနားအလှဆင်ထားသော ကေတီဗီသို့ လှမ်းကြည့်ကာ၊အထဲသို့ ဝင်လာခဲ့သည်။
“ကြိုဆိုပါတယ် ဆရာ၊ ဆရာတို့အဖွဲ့မှာ လူဘယ်နှစ်ယောက်ရှိလဲ။ ကြိုတင်စာရင်းသွင်းထားသေးလား” စားပွဲထိုးတစ်ယောက်က သူ့ကို နှုတ်ဆက်လိုက်သည်။
“တ်စယောက်ယောက်ကို လာရှာတာပါ”
“ဆရာသူငယ်ချင်းက ဘယ်သူလဲမေးလို့ရမလား။ ဆရာ့ကို သူတို့ဆီခေါ်သွားပေးလို့ရပါတယ်”
ရွှယ်အန်းက စားပွဲထိုးကို အေးစက်စွာကြည့်လိုက်ရာ၊ စားပွဲထိုးသည် အေးခဲတောင့်တင်းသွား၏။ ရွှယ်အန်းထွက်သွားပြီးသည့်အခါမှာ အသိပြန်ဝင်လာကာ၊ ချွေးများဖြင့် တစ်ကိုယ်လုံးရွှဲနေ၏။ ထိုသူ၏ အကြည့်သည် အလွန် ကြောက်မက်ခြောက်ခြားဖွယ်ကောင်းလှသည်။ ထိုသူ၏ အကြည့်သည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ စားပွဲထိုးသည် တုန်ယင်စွာဖြင့် အလျင်အမြန်ပြေးထွက်လာခဲ့၏။ သူ၏နတ်ဘုရားအာရုံအရ၊ ရှဲ့ကျင်းကျင်း၏ နေရာကို အာရုံခံ၍ တတိယထပ်သို့ တန်းမတ်စွာ တက်သွားခဲ့သည်။ ဤသည်မှာ မီးပြာရောင်ကေတီဗီ၏ အထူးဧည့်သည်များအတွက် သီးသန့်နေရာတစ်ခုဖြစ်သည်။ ရွှယ်အန်းသည် လျှောက်လမ်းအဆုံးရှိ သီးသန့်ခန်းသို့ရောက်လာသည်။ ဤနေရာတွင် အသံအလွန်အမင်းလုံလျက်ရှိသဖြင့် အပြင်တွင်ရပ်နေသော်လည်း အထဲမှ မည်သည့်အသံကိုမျှမကြားရပေ။
သို့သော် ရွှယ်အန်း၏ အာရုံထဲတွင် ရှဲ့ကျင်းကျင်းသည် ထိုအခန်းတွင်း၌ ရှိနေ၏။ ရွှယ်အန်းသည် အတွင်းမှ သော့ခတ်ထားသော တံခါးကို တွန်းလိုက်၏။
“ဒါဘာလုပ်တာလဲ။ ဒီအခန်းက မစ္စတာဝူရဲ့ သီးသန့်ခန်းပါ။ မင်းမှာ ကိစ္စမရှိဘူးဆိုရင် အမြန်ထွက်သွားပါ” လုံခြုံရေးအစောင့်တစ်ဦးက အပြေးအလွှားရောက်လာ၍ ပြောလိုက်သည်။
ရွှယ်အန်းသည် ၎င်းကို လျစ်လျူရှု့၍ လုံခြုံရေးအစောင့်ကို ဂရုမစိုက်ဘဲ ခြေတစ်လှမ်းနောက်သို့ ပြန်ဆုတ်လိုက်သည်။
“မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ငါမင်းကို ပြောနေတယ်။ ဒီ အထူးသီးသန့်ခန်းရဲ့ တံခါးကို သံမဏိသစ်သားနဲ့လုပ်ထားတာ။ မင်းကန်လိုက်ရင် မင်းခြေထောက်ပဲနာလိမ့်မယ်။ ငါတို့ မင်းကို သတိမပေးဘူးလို့မပြောနဲ့” အရက်မူးနေသော ဖောက်သည်များနှင့် ကြုံတွေ့ရလေ့ရှိသော အစောင့်က သူ့ကို လှောင်ပြောင် သတိပေးလိုက်သည်။
ရွှယ်အန်းက အရက်မူး၍ တံခါးကို ကန်ရန် ကြိုးစားနေသည်ဟု သူ့ဘာသာတွေးကာ ကိုယ့်ကိုယ်ကိုယ်ထိခိုက်သွားရလိမ့်မည်ဟု တွေးနေခဲ့သည်။ သို့သော် သူ့စကားဆုံးသည်နှင့် ရွှယ်အန်းသည် ရုတ်တရက် လက်သီးဖြင့် ထိုးလိုက်၏။
ဒိုင်း
အသံကြီးတစ်ခု ပေါ်ထွက်လာကာ၊ တုန်ခါမှုကြောင့် အစောင့်၏ နားများပင် တုန်ခါသွားရ၍ သူ့ဘဝတွင် ကြောက်မက်ဖွယ်အကောင်းဆုံးသော မြင်ကွင်းကို မြင်တွေ့လိုက်ရသည်။
သံမဏိစစ်စစ်ဖြင့် တည်ဆောက်ထားသော သီးသန့်အခန်းတံခါးသည် ထိုသူ၏ လက်သီးအောက်တွင် ပြိုကျသွား၏။ ဖုန်မှုန့်များနှင့်အတူ အခန်းထဲမှ အော်သံများလည်း ထွက်ပေါ်လာသည်။
“ဘာဖြစ်တာလဲ”
‘သေစမ်း ဒီကောင်က ဘယ်သူလဲ’
ဤဒေါသသံများကြားတွင် ရွှယ်အန်းသည် သီးသန့်ခန်းထဲသို့ ဖြည်းညှင်းစွာလမ်းလျှောက်သွား၍ အလယ်တွင် ထိုင်နေသည့် ရှဲ့ကျင်းကျင်းကို ချက်ချင်းမြင်လိုက်ရသည်။ သူမ၏ မျက်လုံးများတွင် မျက်ရည်များ ရွှဲရွှဲစိုလျက် သူ့ကို မော့ကြည့်လာ၏။
“ကျင်းကျင်း မင်းအမေက မင်းကို ညစာစားဖို့ အိမ်ပြန်လာခိုင်းနေတယ်”
ဤစကားကြောင့် ရှဲ့ကျင်းကျင်း၏ မျက်ရည်များ ပိုမို ကျဆင်းလာစေခဲ့သည်။ ကျောင်းလွှတ်ချိန်မှစ၍ ယခုအချိန်အထိ သုံးနာရီခန့်ကြာအချိန်သည် ရှဲ့ကျင်းကျင်းအတွက် နှစ်ပေါင်းများစွာ ကြာမြင့်သကဲ့သို့ ထင်ရ၏။ ရွှယ်အန်း ပြန်ရောက်လာစဥ်တည်းက သူမသည်လမ်းမှန်ကို လျှောက်လမ်းရန် ဆုံးဖြတ်ခဲ့၍ လမ်းမှားကို မလျှောက်လှမ်းတော့ပေ။ ထို့ကြောင့် သူမ၏ ဆံပင်ကို သဘာဝအရောင်အတိုင်း ဆေးပြန်ဆိုးကာ၊ ထူးဆန်းသော အဝတ်အစားများကို လွှတ်ပစ်ကာ၊ ကျောင်းဝတ်စုံကို ပြန်လည် ဝတ်ဆင်ခဲ့သည်။ သို့သော် သူမ၏ ပြောင်းလဲမှုသည် တစ်စုံတစ်ယောက်ကို ဒေါသထွက်စေခဲ့၏။
ဤလူသည် ရှဲ့ကျင်းကျင်း၏ အတန်းဖော် ဝူကျဲ့ဖုန်းဟု အမည်ရသော ကျောင်းတွင် ထင်ရှားသည့် ပုဂ္ဂိုလ်ဖြစ်သည်။ သူ့မိသားစုတွင် ငွေအနည်းငယ်ရှိသဖြင့် သူ့ကို ဒုတိယမျိုးဆက်လူချမ်းသာဟု သတ်မှတ်၍ရသည်။ ထို့ကြောင့် သူ့မိသားစု၏ အာဏာကို မှီခို၍ ကျောင်းမှ မိန်းကလေးများကို လိုက်လံပိုးပန်းသလို၊ ရန်များလည်း ဖြစ်ပြီး ပညာရေးကိုမူ လျစ်လျူရှု့ထားခဲ့သည်။ ထို့နောက် ဝူကျဲ့ဖုန်းသည် အလွန်မက်မောဖွယ်၊ လှပကျော့ရှင်းသည့် ရှဲ့ကျင်းကျင်းကို သတိပြုလိုက်မိသည်။ ယခင်ရှဲ့ကျင်းကျင်းသည် အလွန်ပုန်ကန်တတ်သော်လည်း မိန်းကလေးတစ်ယောက်အနေဖြင့် သူမ၏ ဖြူစင်မှုနှင့် ပတ်သက်၍ ရှေးရိုးဆန်သူဖြစ်ဦးဖြစ်သည်။ များစွာသော ဉာဏ်နီဉာဏ်နက်ကြိုးပမ်းမှုများ လုပ်ခဲ့ကြသော်လည်း သူမအောင်မြင်ခဲ့ပေ။
ယခုတစ်ကြိမ်တွင် ရှဲ့ကျင်းကျင်းသည် သူမည်သို့ပင် ခေါ်စေကာမူ၊ လုံးလုံးလျားလျားပြောင်းလဲသွား၍ အပြင်သို့ မထွက်လာခဲ့တော့ပေ။ ထို့ကြောင့် စိတ်ရှုပ်မှုနှင့် ရှက်ရွံ့မှုများနှင့်အတူ၊ ရှဲ့ကျင်းကျင်းကို ဤနေရာသို့လာစေရန် အတင်းအကြပ် ဖိအားပေးခဲ့သည်။ ရှဲ့ကျင်းကျင်းသည် ထွက်ပြေးချင်ခဲ့သော်လည်း ဤနေရာရှိ လုံခြုံရေးသည် အလွန် လုံ့လရှိသဖြင့် ဝူကျဲ့ဖုန်းသည် သူမကို အနီးကပ်စောင့်ကြည့်လျက်ရှိရာ၊ သူမထွက်မပြေးနိုင်ခဲ့ပေ။ ထို့အပြင် သူမနှင့် အရက်သောက်ရန် လိုက်ပါလာကြသော သူငယ်ချင်းဆိုသူများသည်လည်း ရှဲ့ကျင်းကျင်းကို အမူးသောက်ရန် အားပေးနေကြသည်။
သူမသာအရက်မူးသွားပါက၊ အရာလားလုံးပြီးဆုံးသွားလိမ့်မည်ဖြစ်ကြောင်း ရှဲ့ကျင်းကျင်း သေချာသိထားသည်။ ထို့ကြောင့် သူမသည် အကြောင်းပြချက်မျိုးစုံဖြင့် အချိန်ကုန်စေရန် အပြင်းအထန်ကြိုးစားခဲ့သည်။ သို့ရာတွင် အချိန်ကြာလာသည်နှင့်အမျှ၊ ရှဲ့ကျင်းကျင်းသည် တဖြည်းဖြည်း မျှော်လင့်ချက် ပျောက်ဆုံးလာခဲ့၏။
‘ငါ ဒီနေရာမှာ တကယ်ပဲ ဖျက်ဆီးခံရတော့မှာလား’
‘ကိုကိုအန်း၊ ဘယ်ရောက်နေတာလဲ’
သူမ၏ စိတ်အဆင်းရဲဆုံးအခိုက်အတန့်တွင် ရှဲ့ကျင်းကျင်းသည် ရွှယ်အန်းကို သတိရနေခဲ့သည်။ သို့သော် သူမ၏ နှလုံးသားသည် အလွန် ရှုပ်ထွေးနေကာ၊ ရွှယ်အန်းမှ လာကယ်ရန် မျှော်လင့်နေခဲ့သော်လည်း သူ့ကို မလိုလားခဲ့ပေ။
ဝူကျဲ့ဖုန်းသည် ဤနယ်ပယ်တွင် သြဇာညောင်းသူတစ်ဦးဖြစ်သည့်အပြင် မီးပြာရောင်၏ ပိုင်ရှင်ကိုပင် သိသည်ဟု ဆို၍ရသူဖြစ်သည်။ ရွှယ်အန်းသည် သာမန်လူတစ်ဦးဖြစ်၏။ ဤသူများကို သူမည်သို့ တိုက်ခိုက်နိုင်လိမ့်မည်နည်း။
ကျယ်လောင်ပြင်းထန်သော အသံကြီးတစ်ခုနှင့်အတူ၊ တံခါးတစ်ခုလုံးကျိုးကျလာပြီးနောက်၊ ရွှယ်အန်း ဝင်လာသည်ကို မြင်သောအခါ၊ ရှဲ့ကျင်းကျင်းက ထိတ်လန့်မှု၊ ပျော်ရွှင်မှုတို့နှင့်အတူ၊ အားရဝမ်းသာ အော်ဟစ်လိုက်သည်။
တစ်နေ့တွင် သက်တန့်တိမ်တိုက်ပေါ်မှ ပြိုင်ဘက်ကင်းသူရဲကောင်းတစ်ဦးရောက်ရှိလာရန် မည်သည့်မိန်းကလေးက စိတ်ကူးမယဥ်ဘဲနေဖူးလိမ့်မည်နည်း။ ဤအခိုက်အတန့်တွင် ရွှယ်အန်းသည် သူမ၏ ပြိုင်ဘက်ကင်း သူရဲကောင်းတစ်ယောက်ပင်ဖြစ်၏။