← Chapters

အခန်း (၆၄-၆၆)

Vol. 5 Ch. 64-66

အခန်း (၆၄-၆၆)

Vol. 5 Ch. 64-66

အခန်း(၆၄) လေပေါ်သို့ရောက်ရှိခြင်း

“ချန်ထုန်၊ အဲ့တာ မွေထိုင်းဘုရင် ချန်ထုန်ပဲ”

“ချန်ထုန်က ရှေးဟောင်းမွေထိုင်းရဲ့ အရက်စက်ဆုံးပုံစံကို လေ့ကျင့်ခဲ့တယ်လို့ ငါကြားဖူးတယ်။ သူက လျှို့ဝှက်သိုင်းပညာအမွေအနှစ်တွေကို ရထားတာတဲ့၊ သူ့ကိုရင်ဆိုင်တဲ့သူတွေက သေရင်သေ၊ မသေရင် ဒဏ်ရာရတာပဲ”

“ကဲ ပွဲကြီးပွဲကောင်းတစ်ပွဲကြည့်ရတော့မှာပဲ၊ သူနဲ့ဘယ်သူတိုက်မှာလဲ”

ချန်ထုန်သည် အရပ်ပု၍ သံကဲ့သို့မာကြောသော ကြွက်သားများကို ပေါ်လွင်ထင်ရှားစေသည့် စွတ်ကျယ်အင်္ကျီဝတ်ထားသော အမျိုးသားဖြစ်သည်။ သူသည် စင်ပေါ်၌ ရပ်နေလျက်၊ ရှန်းပင်ကို ခပ်ပါးပါးပြုံးပြ၍ ပြောလိုက်သည်။

“လရောင်နတ်သမီးဦ လွန်ခဲ့တဲ့ ရှစ်နှစ်က မင်းလက်ထဲမှာ ငါရှုံးနိမ့်ခဲ့ရတယ်။ အခု… နောက်တစ်ခေါက် ထပ်တိုက်ကြရအောင်”

အားလုံး၏ မျက်လုံးများသည် ရှန်ပင်ဆီသို့ ရောက်သွားကြ၏။

အေးစက်သော နှာရှုတ်သံနှင့်အတူ၊ ရှန်းပင်သည် ရုတ်ခြည်းထလာလျက်၊ မြေပြင်ပေါ်တွင် ခြေဖျားထောက်လိုက်ပြီးနောက်၊ သူမ၏ ခန္ဓာကိုယ်သည် လိပ်ပြာတစ်ကောင်ကဲ့သို့ လွင့်ပျံတက်လာသည်။

ဤပြကွက်သည် လူအများ၏ လေးစား၊ ချီးကျူးမှုကို ရရှိခဲ့သည်။ ထို့နောက်၊ ရှန်းပင်သည် ကွင်းပေါ်သို့တက်၍ ချန်ထုန်ကို ကြည့်လိုက်သည်။

“ချန်ထုန်၊ ရှင် အရှုံးမပေးသေးဘူးလား”

ချန်ထုန်သည် ရှန်းပင်၏ သွယ်လျသော ခါးကို ကြည့်၍ နှုတ်ခမ်းများကို သပ်ကာ၊ ဆိုးယုတ်စွာပြောလိုက်သည်။

“မင်း ငါ့နောက်ကို လိုက်ဖို့ ဆန္ဒရှိတယ်ဆိုရင် ငါအတိတ်ကို အတိတ်လို့ပဲသဘောထားပေးမယ်”

“စောက်ရူး” ရှန်းပင်က ဒေါသတကြီးအော်ဟစ်၍ ကန်ကျောက်လိုက်သည်။

ချန်ထုန်သည် အလွန်လျင်မြန်စွာဖြင့် ကန်ချက်ကို ရှောင်တိမ်း၍ လှောင်ရယ်လိုက်သည်။

“မိန်းကလေး၊ လွန်ခဲ့တဲ့ရှစ်နှစ်လောက်က ငါ မင်းထက် အရည်အချင်းနိမ့်နေတယ်လို့ တကယ်ထင်နေတာလား။ အဲ့တုန်းက မင်းရဲ့အလှကြောင့် ငါ ညှာတာထောက်ထားပေးလိုက်တာပဲ။ အခု ငါ့မွေထိုင်းရဲ့ ကြမ်းတမ်းမှုကို ပြမယ်”

ထို့နောက်၊ ချန်ထုန်သည် ရေဘဝဲတစ်ကောင်ကဲ့သို့ တိုက်ခိုက်လျက်ရှိရာ၊ ဒူးများ၊ တံတောင်များကို အသုံးပြု၍ အဘက်ဘက်မှ တိုက်ခိုက်လျက်ရှိသည်။ အစပိုင်းတွင် ရှန်းပင်သည် တန်ပြန်တိုက်ခိုက်နိုင်ခဲ့သော်လည်း အချိန်တိုအတွင်းတွင် သူမသည် ချောင်ပိတ်ခံရ၍ ကိုယ့်ကိုယ်ကိုယ် မခုခံမကာကွယ်နိုင်တော့ပေ။ ရှုံးနိမ့်တော့မည့်ပုံပေါက်သောကြောင့် ရှန်းပင်၏ မျက်နှာသည် ထိတ်လန့်တကြားဖြစ်သွားသည်။ ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် ရုတ်တရက် တစ်ဟုန်ထိုးချီတက်လာကာ၊ ချန်ထုန်၏ လက်သီးတစ်လုံးကို လက်တစ်ဖက်ဖြင့်တားဆီး၍ ရှန်းပင်၏တိုက်ခိုက်မှုကို အခြားတစ်ဖက်ဖြင့် တားလိုက်သည်။

“ရပ်တော့၊ မင်းတို့နှစ်ယောက်လုံး” ထိုသူက နက်ရှိုင်းသောအသံဖြင့် ပြောလိုက်၏။

တစ်ချိန်တည်း၌ပင် အောက်ဘက်ရှိ လူအုပ်ကြီးထဲတွင် အုတ်အော်သောင်းတင်းဖြစ်ကုန်သည်။

“အဲ့တာ ဟွမ်ဖုရှန်ပဲ သူဝင်စွက်ဖက်လိုက်ပြီ”

ဟွမ်ဖုရှန်ဖြစ်ကြောင်း သတိထားမိသည်နှင့် တစ်ပြိုင်နက်၊ ချန်ထုန်က အံ့သြလျက်မေးလိုက်သည်။

“ဟွမ်ဖုရှန် ဒါက ဘာအဓိပ္ပါယ်လဲ”

ဟွမ်ဖုရှန်က ရှန်းပင်ကို အနည်းငယ်ပြုံး၍ ပြောလိုက်၏။

“ဘာအဓိပ္ပါယ်မှမရှိဘူး၊ နည်းနည်း ဝင်နှောက်ယှက်ချင်လာလို့”

ဟွမ်ဖုရှန်သည် ရှန်းပင်ကို ကြိုက်နှစ်သက်နေခြင်းဖြစ်ကြောင်း သိလိုက်ရသည့်အတွက်၊ သူနားလည်သည့်တိုင်၊ သူ့စိတ်ထဲတွင်မူ မွန်းကြပ်သွားရ၏။ သူ၏ကိုယ်ပိုင်ခွန်အားသည် ဟွမ်ဖုရှန်ထက် အဆပေါင်းများစွာနိမ့်ကျသည်။ ရန်ဖြစ်လျှင်ပင်၊ အနိုင်ယူနိုင်ချေမရှိပေ။ ထို့ကြောင့် ချန်ထုန်သည် အံကြိတ်လျက်၊ လက်သီးများကို ကျစ်ကျစ်ပါဆုပ်ထားပြီးနောက်၊ ဘေးသို့ဖယ်လိုက်သည်။ ဤအခိုက်အတန့်တွင်ရှန်ပင်သည် လေးနက်စွာဦးညွတ်၍ ကျေးဇူးတင်စွာဖြင့်ပြောလိုက်သည်။

“ကျေးဇူးအရမ်းတင်ပါတယ်၊ သခင်ဟွမ်ဖု”

ဟွမ်ဖုရှန်သည် ရှန်းပင်ထံမှ အကြည့်လွှဲခြင်းမရှိသဖြင့်၊ သူမ၏ ကျေးဇူးတင်စကားကို ကြားသည်နှင့် ရယ်မောလိုက်မိသည်။

“လရောင်နတ်သမီးဆိုတဲ့ သူ့နာမည်က သူ့ဂုဏ်သတင်းနဲ့ကိုက်ညီပါတယ်။ ကျုပ်အမြင်အရတော့ လက်သီးဘုရင်းချန်နဲ့ မင်းက အနီးစပ်ဆုံး ယှဥ်ပြိုင်လို့ရတာကြောင့် ဒီတိုက်ပွဲကို ဆက်လုပ်ဖို့မလိုဘူးမလား။ သဘောမတူတဲ့လူရှိလား”

ဟွမ်ဖုရှန်သည် အောက်ခြေရှိလူအုပ်ကို တိတ်တဆိတ်ကြည့်၍ ပြောလိုက်သည်။

မည်သူမျှ စကားတစ်ခွန်းပင်မပြောဝံ့ကြပေ။

ကျက်သရေဆောင်စာရင်းတွင် အဆင့်ရှစ်နေရာရထားခြင်းဖြစ်သဖြင့်၊ ဤအဆင့်သတ်မှတ်ချက်သည် သူ၏ ခွန်အားကို သက်သေပြခဲ့၏။ သို့သော် ဟွမ်ဖုရရှန်သည် အောင်နိုင်စွာဖြင့် လှည့်ကြည့်၍ စကားပြောတော့မည့်ဆဲဆဲတွင်၊ အဝေးရှိ ချင်းမန်တောင်ထိပ်မှ ကျယ်လောင်သောအသံတစ်ခု ပဲ့တင်ထပ်လာသည်။ လူတိုင်းလှည့်ကြည့်လိုက်ကြသည်။ ထို့နောက်၊ ၎င်းတို့သည် အံ့အားသင့်ဖွယ်ရာမြင်ကွင်းတစ်ခုကို တွေ့လိုက်ရ၏။

မြင့်မားသော ချင်းမန်တောင်ထိပ်ဆီမှ လူတစ်ဦးသည် လေကို နင်းဖြတ်၍ ဆင်းသက်လာသည်ကို မြင်လိုက်ရသည်။

“ကျောက်စိမ်းဖြူမြို့တော်၏ အထက်မြင့်ယံတွင် နန်းတော် ဆယ့်နှစ်ထက်၊ ခိုင်ခံ့သော မြို့တော် ငါးခု။ အင်မော်တယ်တစ်ဦးသည် ငါ၏ ခေါင်းကို ထိ၍ ငါ့ဆံပင်ကို ထာဝရနုပျိုစေသော အသက်ကို ပေးအပ်တော်မူ၏”

အသံသည် အလွန်စွမ်းအားကြီးလွန်းလှသောကြောင့် လူတို့၏ ဦးရေပြားကိုတင်းသွားစေနိုင်သည်။ ထိုသူသည် ဖြည်းညှင်းစွာပျံသန်းလာသည့်ပုံပေါ်သော်လည်း မျက်စိတစ်မှိတ်အတွင်း၌ပင် တောင်ခြေသို့ရောက်သွားသည်။ ဤအံ့မခန်းရောက်ရှိလာမှုသည် ရှိနေသူအားလုံးကို ထိတ်လန့်စေခဲ့သည်။ အထူးသဖြင့် ဟွမ်ဖုရှန်၏ မျက်နှာသည် အံ့သြခြင်းများဖြင့်ပြည့်နှက်နေ၏။

သူ၏ကျင့်ကြံရေးအဆင့်၌ရှိနေသူများသည် ဤဆံပင်ဖပ်ခြူခြူနှင့် နုပျိုနေသော အဘိုးကြီးသည် အမှန်တကယ် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို နားလည်နိုင်ကြသည်။

လေပေါ်တွင် ပြေးခြင်း။

ဤသည်မှာ ကောင်းကင်ဘုံလူသားအဆင့်သို့သာရောက်ဖူးသည့်သူများ ပိုင်ဆိုင်ထားနိုင်သော နတ်စွမ်းရည်ဖြစ်သည်။

‘သူဖြစ်နိုင်ပါ့မလား…’

ပရိတ်သတ်များကြားတွင် အတွေ့အကြုံရှိသော အကြီးအကဲတစ်ဦးသည်အသစ်ရောက်ရှိလာသူကို မြင်သည်နှင့် အံ့သြတုန်လှုပ်စွာ‌ အော်ဟစ်နေကြသည်။

“သူက ကောင်းကင်ညွန်ပြသူအကြီးအကဲ ယွီလင်ကလွဲလို့ အခြားသူမဟုတ်ဘူး”

“အဲ့တာ ယွီလင်ပဲကွ”

လူတိုင်းသည် အသက်ကို ပြင်းထန်စွာရှူသွင်းလျက်၊ တုန်လှုပ်ခြောက်ခြားနေကြသည်။

ကောလဟာလများသည် အမှန်ပင်ဖြစ်သည်။ ဤကောင်းကင်ညွှန်ပြသူအကြီးအကဲသည် ကောင်းကင်ဘုံလူသားအဆင့်သို့ အမှန်တကယ်တက်လှမ်းခဲ့ပြီးဖြစ်ရာ၊ ယခုအချိန်မှစ၍ အနှစ်ငါးရာသက်တမ်းနှင့် လွတ်လပ်မှုကြီးတစ်ခုကို ရရှိခဲ့သည်။ ယွီလင်သည် စင်မြင့်ပေါ်သို့ ဆင်းလာပြီးနောက်၊ ဟွမ်ဖုရှန်နှင့် အခြားသူများကို ဘာသိဘာသာကြည့်လိုက်သည်။

“မင်းတိုက… သိုင်းလောကရဲ့လက်ရှိ ချန်ပီယံတွေလား”

ဟွမ်ဖုရှန်နှင့် ရှန်ပင်တို့နှစ်ဦးက မည်သည့်စကားမျှပြန်မပြောနိုင်ခင်၌ပင် ချန်ထုန်က လှောင်ပြောင်ပြောဆိုလိုက်သည်။

“ဒီအရူးအဘိုးကြီးက ဘယ်သူ…”

သူ့စကားကို အဆုံးမသတ်နိုင်ခဲ့သကဲ့သို့ အဆုံးသတ်ခွင့်လည်းမရခဲ့ပေ။ ယွီလင်မှ လက်ဖျောက်တစ်ချက်တီးလိုက်သည်နှင့်၊ ချန်ထုန်၏ ဦးခေါင်းသည် ပွင့်ထွက်သွား၍ အလောင်းသည်မူ မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။ ဤထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော စွမ်းရည်ကြောင် ဤနေရာတွင်ရှိနေသော သူများအားလုံး အံ့သြကုန်ကြသည်။ အဆင့် ၁၉ ရှိသော မွေထိုင်းကျွမ်းကျင်သူသည် သိုင်းကွက်တစ်ခုကိုပင် တားဆီးနိုင်ခြင်းမရှိခဲ့ပေ။

ဟွမ်ဖုရှန်နှင့် ရှန်းပင်တို့သည်လည်း ထိတ်လန့်သွားကာ၊ ယွီလင်က သူတု့ိဘက်သို့ လှည့်ကြည့်၍ ခေါင်းခါလိုက်သည်။

“အရမ်းအားနည်းလွန်းတယ်”

ထို့နောက်၊ သူ၏လက်တစ်ချောင်းကို ညင်သာစွာဆန့်ထုတ်လိုက်ရာ စင်မြင့်တစ်ခုလုံး လေပြင်းတိုက်ခိုက်သွားရ

၏။ ဟွမ်ဖုရှန်သည် ဒေါသတကြီး အော်ဟစ်၍ တန်ပြန်တိုက်ခိုက်လိုသော်လည်း စင်ပေါ်မှ တိုက်ရိုက်ပြုတ်ကျ၍ မြေပြင်ပေါ်သို့ လဲကျကာ၊ ခဏတာမျှ မထနိုင်တော့ပေ။ ရှန်းပင်သည်မူ စင်ပေါ်မှ ပြုတ်ကျခြင်းမရှိသော်လည်း သူမ၏ မျက်နှာသည်မူ အလွန်ဖြူဖျော့လျက်၊ မျက်လုံးများတွင် ထိတ်လန့်မှုများနှင့် ပြည့်နေ၏။

“ဆင်းတော့၊ ငါမိန်းမတွေကို မရိုက်ဘူး” ယွီလင်က ပေါ့ပါးစွာပြောလိုက်သည်။

ထိုနေရမှ လက်ညိုးညွန်ပြသူအကြီးအကဲသည် သူ့ဝင်ပေါက်ကို လက်နှစ်ချောင်းဖြင့်သာ ဖွင့်၍ ပြိုင်ဘက်နှစ်ဦးကို တစ်ဦးကို ဒဏ်ရာရစေ၍ တစ်ဦးကို သေဆုံးစေခဲ့သည်။ သူ၏ စွမ်းအားသည် အနှိုင်းမဲ့လှ၏။ ရှန်းပင်သည် ယွီလင်ကို ပြန်ကြည့်ရန်ပင် သတ္တိမရှိသကဲ့သို့ ခေါင်းငုံ့၍ စင်ပေါ်မှ ဆင်းလာခဲ့သည်။

သူမ အမှန်တကယ်ပင် ထိတ်လန့်သွားရခြင်းဖြစ်သည်။

ချန်ထုန်သည် သူမထက် ပိုကျွမ်းကျင်သူတစ်ဦးဖြစ်သော်လည်း လှုပ်ရှားခြင်းပင်အလျင်းမရှိ၊ ဤကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်၏ လက်ဖျောက်တစ်ချက်အတီးတွင် ဦးခေါင်းပွင့်ထွက်သွားခဲ့ရသည်။ သူမသာရှေ့သို့ ဆက်တိုးလျှင်၊ မိမိကိုယ်မိမိ သတ်သေခြင်းမျိုးသာဖြစ်ပေလိမ့်မည်ဖြစ်သည်။ ယွီလင်သည် စင်မြင့်၏အလယ်ဗဟိုတွင်ရပ်ကာ၊ လူအုပ်ထံသို့ အပြုံးမပျက် စူးစမ်းကြည့်လိုက်သည်။

“ကျုပ်က ယွီလင်ပါ။ ကျုပ်တပည့် ယွီချင်းနဲ့၊ လျို့ရှု့တို့ အသတ်ခံလိုက်ရတယ်။ ကျုပ်ဒီနေ့ ဒီကို ရောက်လာရတဲ့အကြောင်းက၊ ကမ္ဘာတစ်ခုလုံးရဲ့ရှေ့မှာ လက်စားချေဖို့ပဲ”

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။

ယွီလင်က ဤတုံ့ပြန်မှုကို ကျေနပ်စွာဖြင့် ဆက်ပြော၏။

“ဒါဆို၊ မစ္စတာရွှယ်က ဘယ်သူလဲဆိုတာ မေးလို့ရမလား”

မစ္စတာရွှယ်။

လူများစွာက အသိပြန်ဝင်လာကြသည်။ သိုင်းပညာဖိုရမ်တွင် ယွီချင်းနှင့် လျို့ရှု့တို့ကို သတ်ခဲ့သူမှာ ရွှယ်အန်းဟုခေါ်သော လူတစ်ဦးဖြစ်ကြောင်း တစ်စုံတစ်ယောက်က ပြောဖူးသည်။

သူလာခဲ့သလော။

အားလုံးသည် တစ်ယောက်ကိုတစ်ယောက် မသေချာမရေရာစွာဖြင့် ကြည့်နေကြသည်။ မောင်နှမများဖြစ်သည့် ရှီဟောက်နှင့် ရှီကျူလိတို့သည် ယွီလင်၏ ကြောက်မက်ဖွယ်အစွမ်းအစများပြသနေပုံကို ကြည့်၍ ဖြူဖျော့နေပုံရသည်။

နတ်ဘုရားအဖြစ် ရှီဟောက် လေးစားကြည်ညိုခဲ့ရသော လရောင်နတ်သမီးသည် သိုင်းကွက် တစ်ကွက်မျှပင် လုပ်ခွင့်မရလိုက်ဘဲ၊ စင်ပေါ်မှ မောင်းချခံလိုက်ရသည်။ ဟွမ်ဖုရှန်သည် ကောင်းကင်ဘုံကို လှန်ဖြစ်နိုင်သော လှံနှင့်အတူ၊ သိုင်းကွက်တစ်ကွက်တည်းဖြင့်၊ စင်ပေါ်မှ ပြုတ်ကျသွားခဲ့သည်။ ထိုသို့သော ပုဂ္ဂိုလ်သည် မောက်မာသော ရှီဟောက်ကိုပင် တုန်လှုပ်သွားစေခဲ့၏။

ဤအကြီးအကဲသည် အလွန်ကြောက်မက်ဖွယ်ကောင်းလောက်အောင်၊ စွမ်းအားကြီးလှသည်။ သူပြောခဲ့သည့် မစ္စတာရွှယ်က မည်သူဖြစ်နိုင်သနည်း။

ရှီဟောက်သည် စိတ်ရှုပ်ထွေးစွာ တွေးတောနေချိန်၌ သူ့ဘေးနားမှ တစ်စုံတစ်ယောက် မတ်တပ်ရပ်လာသည်ကို ခံစားလိုက်ရ၏။ သူခေါင်းလှည့်ကြည့်လိုက်သောအခါ၊ မျက်မှောင်ကြုတ်နေသော ရွှယ်အန်းကို မြင်လိုက်ရသည်။

‘ဒီကောင်က အကောင်းအဆိုးကို မခွဲတတ်ဘူးကိုး’

‘ဘယ်သူမှ စကားမပြောရဲတာ သူမမြင်ဘူးလား’

‘မတ်တပ်ရပ်ဖို့ သတ္တိရှိသေးလား’

သို့သော် ထိုအချိန်တွင် ကလေးသံတစ်ခု ထွက်ပေါ်လာကာ၊ သူနှင့် သူ့ပတ်ဝန်းကျင်ရှိ လူအားလုံးကို အံ့အားသင့်စေခဲ့၏။

“ဖေဖေ… အဘိုးကြီးပြောတဲ့ မစ္စတာရွှယ်ဆိုတာ… ဖေဖေလား’

အခန်း(၆၅) လက်သီးတစ်ချက်တည်းဖြင့်၊ ယင်နှင့်ယန်ကို ခွဲပစ်ခြင်း

လူတိုင်းက ပြောသူဘက်သို့လှည့်ကြည့်လိုက်သောအခါ၊ အနုပညာလက်ရာတစ်ခုကဲ့သို့ နူးညံ့စွာထွင်းထုထားခြင်းခံထားရသကဲ့သို့ ပြစ်ချက်ကင်းချစ်စဖွယ်ကောင်းသည့် ကလေးမလေးဖြစ်ကြောင်း သိလိုက်ရသည်။ သူမ၏ဘေးတွင် တစ်ပုံစံတည်းနီးပါးတူသော အခြားမိန်းကလေးတစ်ယောက်ရှိ၏။ ၎င်းတို့သည် အမွှာများဖြစ်ကြ၏။

လူများစွာ၏နှလုံးသားထဲတွင် ၎င်းတု့ိနှစ်ဦး မည်မျှ ချစ်စဖွယ်ကောင်းကြောင်း တွေးလိုက်မိကြသည်။ မည်မျှ ရယ်စဖွယ်ကောင်းလှသနည်း။ မောင်နှမနှစ်ယောက်ဖြစ်သည့် ရှီဟောက်နှင့် ရှီကျူလိတို့သည် စိတ်ထဲတွင် လှောင်ရယ်၍ တွေးလိုက်ကြသည်။

‘မင်းဘယ်လိုကိုင်တွယ်မလဲကြည့်ရသေးတာပေါ့’

သို့သော် ရွှယ်အန်း၏နောက်ထပ်သောလှုပ်ရှားမှုသည် လူတိုင်းကို အံ့သြစေခဲ့သည်။

ရွှယ်အန်းက ပြုံး၍ ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့၏ခေါင်းကို ပုတ်၍ ပြောလိုက်သည်။

“ဟုတ်တယ်၊ အဲ့တာကြောင့် ခုဖေဖေက စင်ပေါ်တက်ရတော့မယ်”

“အမ် ဖေဖေ သွားတော့ သွား” ရွှယ်ရှန်းနှင့် ရွှယ်နျန်က လေးနက်စွာပြောလိုက်သည်။

ရှီဟောက်က ကျယ်လောင်စွာရယ်မောလိုက်သည်။

‘သူက မစ္စတာရွှယ်လား’

‘သူက တကယ်ပဲ မစ္စတာရွှယ်လား’

လူများစွာသည် ရွှယ်အန်းကို သံသယမျက်လုံးများဖြင့် ကြည့်နေကြသည်။ ရွှယ်အန်းသည် မတ်တပ်ထရပ်၍ ထွက်ခွာ‌တော့မည့်ဆဲဆဲတွင် ရွှယ်လန်က သူ့ကို စိုးရိမ်တကြီးလှမ်းဆွဲလိုက်၏။

“အစ်ကိုရှောင်အန်း”

ရွှယ်အန်းက ရွှယ်လန်ကို ကြည့်၍ ညင်သာစွာပြုံးပြပြီးနောက်ပြုံးလိုက်သည်။

“ကောင်းကောင်းနေ၊ ငါပြန်လာတာကိုစောင့်”

ရှန်းပင်သည် ဤသည်ကို အလွန်ရယ်ရသည်ဟု ထင်လိုက်မိသည်။

‘ပြန်လာတာကို စောင့်တဲ့လား’

‘ရှင်ပြန်လာနိုင်ဦးမယ်ထင်နေသေးတာလား’

‘တကယ့်ဟာသပဲ’

ရှန်းပင်က ရွှယ်အန်းထွက်သွားခြင်းသည် သေခြင်းတရားဟုပင် ယုံကြည်လျက်ရှိသည်။ ထို့အပြင်၊ ဤသည်ကား ယေဘုယျအသိပင်ဖြစ်သည်။ ထို့ကြောင့် စင်ပေါ်သို့ ရွှယ်အန်းမှ ခြေတစ်လှမ်းလှမ်းတိုင်း လူအချို့က သူ့ကို စာနာသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

သို့သော် ပြင်ပလောကသည် ငြိမ်သက်စွာဖြင့်၊ ပွဲကြည့်စင်မှဆင်းသက်၍ ကွင်းထဲသို့ခြေတစ်လှမ်းချင်းလျှောက်လှမ်းသွားသော ရွှယ်အန်းကို မနှောက်ယှက်နိုင်ပေ။ တစ်ဖက်တွင်မူ၊ ယွီလင်သည် ရွှယ်အန်းကို တစ်ချိန်လုံးစူးစိုက်ကြည့်နေသည်။

သူစင်ပေါ်တက်လာသောအခါတွင်မှ၊ ယွီလင်က ပြောလိုက်သည်။

“မင်းက မစ္စတာရွှယ်လား”

ရွှယ်အန်းက ခေါင်းကိုခါယမ်းလိုက်ပြီးမှ သူ၏ ပုလဲကဲ့သို့ဖြူဖွေးသောသွားများကို ဖြဲ၍ တောက်ပစွာပြုံးလိုက်သည်။

“အတိအကျပြောရရင် ကျုပ်နာမည်က ရွှယ်အန်းပါ”

“ရွှယ်အန်းဖြစ်ဖြစ်၊ မစ္စတာရွှယ်ဖြစ်ဖြစ်၊ ငါ့တပည့်နှစ်ယောက်က မင်းလက်ထဲမှာ သေသွားတာလား”

ရွှယ်အန်းက ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။

“ဟုတ်တယ်၊ ကျုပ် သူတို့ကို သတ်လိုက်တာ”

အောက်ခြေရှိ လူအုပ်ထဲတွင် ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ ရွှယ်အန်းသည် အလွန်သာမန်ကျသော ပုဂ္ဂိုလ်တစ်ဦးဖြစ်၍ သိုင်းပညာရှင်တစ်ဦးနှင့်ပင် မတူလှသောကြောင့် လူများစွာက မယုံမကြည်နိုင်ဖြစ်နေကြသည်။

“ဒီကောင် အကြောက်လွန်ပြီး ရူးသွားတာလား”

“သူက အာရုံစိုက်ခံချင်လို့ ရူးသွားတာဖြစ်ရမယ်”

ယွီလင်၏အမူအရာသည် တဖြည်းဖြည်းနက်မှောင်လာစဥ်တွင် အောက်ရှိ လူများသည် မှတ်ချက်များပေး၍ အံ့သြလျက်ရှိကြသည်။

“ဒီကိုမလာခင်က ဒီမစ္စတာရွှယ်ဆိုတာ၊ မယုံကြည်နိုင်လောက်စရာကောင်းတဲ့ ဆရာတစ်ယောက်ဖြစ်မယ်လို့ ကျုပ်ထင်ခဲ့တာ။ အခုတော့ သူက သာမန်လူတစ်ယောက်ပဲဖြစ်နေတယ်။ ဒါနဲ့ မင်းရဲ့ ယုတ်မာပက်စက်တဲ့အကြံတွေနဲ့ ငါ့တပည့်တွေကို သတ်ခဲ့တာလား” ယွီလင်က နက်မှောင်စွာပြောလိုက်သည်။

ဤသည်ကား လူများစွာ၏ စိတ်ထဲမှ အတွေးတစ်ခုဖြစ်သည်။ ယွီချင်းသည် ကောင်းကင်ကျက်သရေဆောင်စာရင်းတွင် ထိပ်တန်း အယောက်ငါးဆယ်မြောက်ပုဂ္ဂိုလ်တစ်ဦးဖြစ်သော်လည်း ရွှယ်အန်း၏လက်ထဲတွင် သေဆုံးသွားခဲ့သည်။ အကယ်၍ လှည့်ကွက်တစ်ခုခုမရှိလျှင်၊ မည်သူမျှ ယုံကြည်လိမ့်မည်မဟုတ်ပေ။

သို့သော် ရွှယ်အန်းက ခေါင်းခါလိုက်သည်။

“ယွီချင်းလား၊ သူက အားနည်းလွန်းတယ်။ သူ ငါ့ဆီက လက်သီးနှစ်ချက်ပဲရလိုက်တာပါ”

“မိုက်မဲတဲ့ကောင်” ယွီလင်းက ဒေါသတကြီးကြုံးဝါးလိုက်သည်။

ဘေးနားမှ ရှန်းပင်သည် ပို၍ပင် လှောင်ရယ်လိုက်သည်။

“သေချင်နေတာပဲ”

ရွှယ်အန်းက သက်ပြင်းတစ်ချက်ချလိုက်၏။

“အာ ခင်ဗျား ကျုပ်ကို မယုံဘူးပေါ့။ ခင်ဗျားကိုယ်တိုင်ကြိုးစားကြည့်ပါလား။ ကျုပ်လဲသိချင်တယ်။ ခင်ဗျားကျုပ်ဆီက လက်သီးဘယ်နှစ်ချက်များ ယူနိုင်မလဲလို့”

ယွီလင်က အေးစက်စွာရယ်မောလိုက်သည်။

“ကောင်းပြီလေ၊ အရမ်းကောင်းတယ်။ မင်းငါ့ကို ဒေါသထွက်အောင်လုပ်တာ အောင်မြင်ပါတယ်။ ငါမင်းကို ဝေဒနာပြင်းပြင်းနဲ့ အသေသတ်ပြမယ်”

အရိုးများအေးစက်သွားသည်အထိ ပြင်းထန်သော သတ်ဖြတ်လိုသည့်အငွေ့အသက်သည် ယွီလင်ထံမှ ရုတ်တရက်ထွက်ပေါ်လာပြီးနောက်၊ အောက်ခြေရှိ လူများအားလုံးကို ထိတ်လန့်သွားစေသည်။

ထန်တုန်၊ ထန်ရှောင်းယွီနှင့် ဟွာထင်းထင်းတို့ သုံးဦးလုံးသည် အထူးလေးနက်နေပုံရသည်။ ယွီလင်သည် ကြောက်မက်ဖွယ်ကောင်းကြောင်းသိသော်လည်း သူ့ကို ဤကဲ့သို့သော အတိုင်းအတာအထိ ကြောက်မက်ဖွယ်ကောင်းနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

သို့ထိတိုင်၊ ဆူပွက်လုနီးပါးပြင်းထန်လှသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များကြားတွင် ရွှယ်အန်းသည် လက်နှစ်ဖက်ကို နောက်ကျောတွင် ယှက်ထားကာ၊ မတ်တပ်ရပ်၍ ခေါင်းကို အပေါ်သို့ စောင်းငဲ့လျက်၊ တိမ်ဖုံးနေသော ကောင်းကင်ကြီးကို ခပ်ပြုံးပြုံး မော့ကြည်လိုက်သည်။

“ကြည့်၊ လေတွေတိုက်နေတယ်”

ယွီလင်က အေးစက်စွာအော်ဟစ်၍ သူ၏ညာဖက်လက်ကို ဖြည်းညှင်းစွာမြှောက်တင်လိုက်ကာ၊ ခပ်တိုးတိုးပြောလိုက်သည်။

“ကောင်းကင်ဘုံညွှန်ပြတဲ့…ဓားတစ်လတ်”

ယွီလင်၏ ညာလက်မှ ကောင်းကင်နှင့် မြေကြီးကို ထိုးဖောက်ဝင်ရောက်သွားပုံရသော အဖြူရောင်အလင်းတန်းတစ်ခုသည် တောင်ကဲ့သို့ပြိုကျနေသော တောင်တန်းတစ်ခု၏ တွန်းအားဖြင့်၊ ရွှယ်အန်းထံသို့ တိုးဝင်လာသည်။

၎င်းသည် အလွန်ပြင်းထန်လွန်းလှသဖြင့်၊ မယုံကြည်နိုင်လောက်အောင် ခိုင်ခံ့သော ကွင်းကြီးသည်ပင်၊ ယိမ်းနွဲ့လာလျက်၊ ပြိုကျလုနီးပါးဖြစ်နေပုံရသည်။

အင်မော်တယ်ကိုင်ဆောင်ထားသည့် ဤဓားသည် လက်ရှိ သိုင်းပညာရှင်အားလုံးကို ဖြူဖျော့သွားစေသည်။ အကယ်၍ ၎င်းတို့သာ ဤသို့သော ဓားဖြင့် ရင်ဆိုင်ရပါက၊ ပြန်လည်ခုခံနိုင်စွမ်းပင် ကင်းမဲ့၍ သေခြင်းတရားကို စောင့်ဆိုင်းရန်မှတပါး အခြားရွေးချယ်စရာလမ်းမရှိဟု လူအများက တွေးနေကြသည်။

သို့ထိတိုင်၊ ဤပြင်းထန်သော ဓားချက်အောက်တွင် ရွှယ်အန်းသည် အနည်းငယ်မျှပင် ရှောင်တိမ်းခြင်းမရှိဘဲ၊ တုန်လှုပ်မှုကင်းမဲ့စွာဖြင့်၊ သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု စတင်ပေါ်လာသည်။ ထို့နောက်၊ သူ၏ခေါင်းထိပ်သို့ ချီဓားရောက်ခါနီး၌ ရွှယ်အန်းသည် ရုတ်တရက် သူ့လက်ကို မြှောက်လိုက်ကာ၊ လက်နှစ်ချောင်းကို ဆန့်ထုတ်၍ ထိုအရှိန်အဟုန်ကြားတွင် ဓားကို ဖမ်းဆုတ်လိုက်သည်။

တစ်ဖက်တွင် ယွီလင်း၏ စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ဓားရှည်တစ်လတ်ဖြစ်ကာ၊ ကျန်တစ်ဖက်တွင် သေးသွယ်သိမ့်မွေ့သော လက်ချောင်းနှစ်ချောင်းဖြစ်သည်။ ၎င်းတို့နှစ်ယောက်ကြားမှ ခြားနားမှုသည် နက်နဲလှ၏။ ဤသည်က နောက်ထပ်တစ်စက္ကန့်တွင် ထိုလက်နှစ်ချောင်းသည် ဖုန်မှုန့်အဖြစ်ပင် ကြေမွသွားလိမ့်မည်ဟု လူတိုင်းကို ထင်ယောင်ထင်မှားဖြစ်သွားစေနိုင်၏။

သို့သော် ဆန့်ကျင်ဘက်အနေဖြင့် ယွီလင်း၏ ဓားသည် နောက်ထပ် ဆက်လက် မဆင်းသက်နိုင်တော့ပေ။ ထိုလက်နှစ်ချောင်းသည် စွမ်းအားကြီးသော တောင်ကြီးနှစ်လုံးကဲ့သို့ ထင်ရ၏။ ဖိနှိပ်ထားသော ချီဓားသည် တစ်လက်မမျှပင် ဆက်လက် မထိုးဖောက်နိုင်တော့ပေါ့။

ယွီလင်း၏ မျက်နှာထက်တွင် ထိတ်လန့်သော အကြည့်တစ်ခုပေါ်လာ၏။

ရွှယ်အန်းက ဘာသိဘာသာပြောလိုက်သည်။

“ခင်ဗျားတပည့်တွေထက် ခင်ဗျားက ပိုသန်မာပေမယ့်… အရမ်းအားနည်းနေသေးတာပဲ”

စကားအဆုံးတွင် ရွှယ်အန်းက သူ၏ လက်ချောင်းနှစ်ချောင်းကို ညှပ်လိုက်၏။ လျပ်တပြက်အတွင်း၌ပင်၊ တစ်စုံတစ်ခု ကျိုးကြေသွားသောအသံနှင့်အတူ၊ ချီဓားသည် ပြင်းထန်စွာဖြင့် ကြိုးသွားပြီးနောက်၊ ပျောက်ကွယ်သွားသည်။

ကြည့်ရှု့သူများအားလုံး အံ့သြကုန်ကြ၏။

ဓားချီသည် ပြင်းထန်စွာကျိုးကြေသွားပြီးနောက်၊ ရှန်ပင်းသည် ရုတ်တရက် ထရပ်၍ စင်ပေါ်ရှိ မြင်ကွင်းကို မယုံကြည်နိုင်စွာစိုက်ကြည့်လိုက်သည်။

ယွီလင်၏ မျက်လုံးများထဲတွင် သံသယစိတ်များ ဖျတ်ခနဲလင်းလက်လာ၏။

“ခင်ဗျားမှာ တကယ်ပဲ အရည်အချင်းရှိပေမယ့် အခုတော့ ခင်ဗျားသေရတော့မယ်”

သူစကားပြောနေစဥ်တွင် ယွီလင်သည် လက်ဆယ်ချောင်းလုံးကို ထုတ်၍ ရွှယ်အန်းထံသို့ ချီဓားဆယ်ချောင်းကို ပစ်လွှတ်လိုက်သည်။ ၎င်းတို့လာရာလမ်းကြောင်းရှိ လေထုတစ်ခုလုံး ပေါက်ကွဲသွားကဲ့သို့ အလွန် အရှိန်ပြင်းစွာဖြင့် တိုးဝင်လာ၏။ သို့သော်လည်း ရွှယ်အန်းသည် မလှုပ်မယှက်ပင် ရှိနေဆဲဖြစ်၏။

ရွှယ်အန်း၏ ခန္ဓာကိုယ်ထဲသို့ ချီဓားများထိုးကျသွားတော့မည်ကို မြင်လိုက်‌ရသောကြောင့် ယွီလင်၏စိတ်ထဲတွင် အလွန်ပျော်ရွှင်နေမိသည်။ သိပ်မကြာခင်တွင် မြေပြင်ပေါ်၌ သွေးစွန်းစွာ လဲလျောင်းနေမည့် ရွှယ်အန်း၏ မြင်ကွင်းကို သူမြင်ယောင်နေ၏။ သို့သော် ထိုအချိန်တွင် ရွှယ်အန်းသည် တိမ်ဖုံးနေသော ကောင်းကင်ယံကို မော့ကြည့်၍ ပြောလိုက်သည်။

“ကဲ၊ ကျုပ်အလှည့်ရောက်ပြီ”

ထို့နောက်၊ သူသည် သူ၏ ညာလက်ကို ပေါ့ပါးစွာ မြှောက်လိုက်သည်။

“ကောင်းကင်နဲ့မြေကြီးကို ရွေ့လျားစေနိုင်တဲ့ ကျုပ်လက်သီးကို ခံစားကြည့်လိုက်”

၎င်းသည် သာမန်လက်သီးချက်တစ်ချက်ဟုထင်ရ၍ တည်ငြိမ်ကာအလျင်လိုခြင်းမရှိပေ။

သို့သော် ဤသည်က ယွီလင်း၏ မျက်နှာကိုသိသာစွာပြောင်းလဲသွားစေ၍၊ လက်သီးချက်ကြောင့် အလျင်အမြန် နောက်ဆုတ်သွားလိုက်သည်။

တစ်ချိန်တည်း၌ပင်၊ အောက်ရှိ လူများအားလုံးသည် ကမ္ဘာကြီးတစ်ခုလုံး ရုတ်တရက် ပြောင်းပြန်လန်သွားကဲ့သို့ ခံစားလိုက်ကြရကာ၊ အာလုံး မြေပြင်ပေါ်သို့ လဲကျကုန်ကြသည်။ ကွင်းနှင့် ပတ်သက်၍မူ၊ ဖျက်ဆီးနိုင်၍ မရဟု ထင်ရသော ဤကွင်းသည် ယခုအခါတွင် အပြည့်အဝ ပြောင်းပြန်လန်သွားပြီဖြစ်သည်။ ယွီလင်သည် စိတ်မကောင်းစွာဖြင့်၊ အဝေးသို့ ဆုတ်ခွာ၍ အသက်ကို အသည်းအသန်ရှုလျက်၊ ရွှယ်အန်းကို ထိတ်လန့်စွာကြည့်နေသည်။ ကြောက်မက်ဖွယ်ကောင်းသော သိုင်းသမားတစ်ဦးအနေဖြင့်၊ ရွှယ်အန်း၏ လက်သီးချက်မှ ပြင်းထန်သော စွမ်းအားကို ခံစားမိသဖြင့်၊ လျင်မြန်စွာ ဆုတ်ခွာသွားခဲ့ရခြင်းဖြစ်သည်။

သူ အနည်းငယ် နှေးနေခဲ့လျှင်ပင်၊ ယခုအချိန်၌ သေသူဖြစ်သွားပေလိမ့်မည်ဖြစ်သည်။

ထိုအတောအတွင်းတွင် စင်အောက်ရှိ လင်ယွမ်သည် ရွှယ်အန်း၏ ဂုဏ်ယူဝံ့ကြွားသော အသွင်သဏ္ဍာန်ကိုကြည့်၍ သွားများတဆတ်ဆတ် တုန်လာ၏။

‘မှန်တယ်’

‘အဲ့တာ သူပဲ’

ပြိုင်ပွဲမတိုင်မီ သူမခံစားခဲ့ရသည့် မြင့်မြတ်သော တည်ရှိမှုသည် သူ့ထံမှ လာခဲ့ခြင်းဖြစ်သည်။ ဤသူသည် သူမ သို့မဟုတ်၊ အခြားသူများ စိန်ခေါ်နိုင်သည့် အတိုင်းအတာထက် ကျော်လွန်နေကြောင်း သူမသိထားသောကြောင့်၊ ခဏတာမျှပင်ဆိုင်းတွနေခြင်းမရှိဘဲ၊ လင်ယွမ်က လှည့်ထွက်သွားခဲ့သည်။

“ဘာ… ဒါက ဘယ်လို လက်သီးအမျိုးအစားမျိုးလဲ” ယွီလင်က တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။

ရွှယ်အန်းက လက်သီးကို ပြန်ဆုတ်၍ အနည်းငယ်ပြုံးလိုက်ပြီးနောက်၊ ဆက်ပြောလိုက်သည်။

“မဆိုးပါဘူး။ ခင်ဗျားက ကျုပ်လက်သီးကို ရှောင်နိုင်ခဲ့တယ်။ ဒါပေမယ့်… မလုံလောက်သေးဘူး”

ထိုစကားများနှင့်အတူ၊ ကောင်းကင်ထိ မြင့်တက်သွားသည့် အံ့သြဖွယ်အငွေ့အသက်များထွက်ပေါ်လာကာ၊ ချင်းမန်တောင်တစ်ခုလုံးသည် ၎င်း၏ အင်အားအောက်တွင် တုန်လှုပ်နေပုံရ၏။

ယွီလင်၏ နောက်ဆုံးသော မျော်လင့်ချက် ပျောက်ကွယ်သွားကာ၊ နောက်ဆုံးတွင် သူနှင့် ဤလူအကြားရှိ ကွာဟချက်သည် အနည်းငယ်မျှသာ မဟုတ်ကြောင်းနှင့်၊ စိတ်ပျက်ဖွယ်ကြီးမားလှသော ချောက်ကြီးတစ်ခုဖြစ်ကြောင်း သူနားလည်ခဲ့သည်။ ထို့ကြောင့် မှန်ကန်သော ဆုံးဖြတ်ချက်ကို ချ၍ ခုန်ပေါက်ကာ၊ ကောင်းကင်သို့ ပျံတက်၍ ထွက်ပြေးရန် ကြိုးစားခဲ့သည်။ သို့သော် ရွှယ်အန်းသည် ဤအခိုက်အတန့်တွင် တည်ငြိမ်စွာဖြင့် ပြောလိုက်၏။

“ထွက်ပြေးချင်တာလား၊ စိတ်မကောင်းပါဘူး၊ နောက်ကျသွားပြီ”

“ယင်နဲ့ ယန်ကို ပိုင်းခြားခြင်းဆိုတဲ့ နတ်သတ်ဖြတ်ခြင်း ခြောက်မျိုးရဲ့ ဒုတိယပုံစံကို ကြည့်လိုက်”

အခန်း(၆၆) ဒါက… အင်မော်တယ်တစ်ပါးလား

အချိန်သည် လက်သီးအောက်တွင် ရပ်နေသကဲ့သို့ထင်ရ၏။

ကမ္ဘာကြီးတစ်ခုလုံးသည် ဗုံးကျဲခံလိုက်ရသကဲ့သို့ အဖြူအမည်းအဖြစ်ထင်ရှားစွာပြောင်းလဲလာသည်။ ဤသည်မှာ ရွှယ်အန်း တစ်ချိန်က အင်မော်တယ်အရှင်အဖြစ် ရှင်သန်ခဲ့စဥ်က ကိုင်စွဲခဲ့သည့် ထိပ်တန်း လျှို့ဝှက်နည်းပညာဖြစ်သည်။

နတ်သတ်ဖြတ်ခြင်း ခြောက်မျိုး၏ ဒုတိယလက်သီးချက်၊ ယင်နှင့် ယန်ကို ခွဲထုတ်ခြင်း

ယွီလင်သည် လေထုထဲတွင် ဆိုင်းငံ့ခံထားရကာ၊ အလွန်ကြောက်လန့်လျက်၊ သူ၏ ခန္ဓာကိုယ်မှ ဝိညဥ်လွင့်ထွက်လုမတက် ဖြစ်လျက်ရှိနေသည်။

“မစ္စတာရွှယ်… အသက်ကို….”

“ချမ်းသာပေးပါ” ဟူသော စကားလုံးကိုအဆုံးသတ်မပြောနိုင်မီ လက်သီးသည် အနီးသို့ကပ်လာ၏။ ထို့ကြောင့် ရုန်းကန်ရန် အခွင့်အရေးပင်မရှိဘဲ၊ ယွီလင်းသည် အင်မော်တယ်အဆင့်တွင်ရှိနေသည်ဟု ယူဆ၍ ရလောက်သော ဤလက်သီး၏ လက်ချက်ဖြင့် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထို့နောက်၊ လက်သီးချက်သည် အရှိန်အဟုန်ပြင်းစွာဖြင့်၊ အထက်ကောင်းကင်ယံသို့တက်သွားကာ၊ ကောင်းကင်ကို ဖုံးလွှမ်းထားသည့် တိမ်မည်းများသည် ရွှယ်အန်း၏ လက်ချက်ကြောင့် ပြင်းထန်စွာ ပြန့်ကျဲသွား၏။

မိုင်တစ်ရာအကွာအဝေးအတွင်းသို့ တိမ်များလွင့်စင်သွားကာ၊ ကြည်လင်သော ကောင်းကင်ယံကြီး ပေါ်လွင်လာ၏။ နွေဦးရောင်ခြည်များ လျှံကျလာကာ၊ လူတိုင်း၏ မျက်နှာထက်မှ အံ့အားသင့်နေသော အရိပ်အယောင်များ ပေါက်ဖွားလာသည်။

“ဒါ.. ဒါ အင်မော်တယ်လား” တစ်စုံတစ်ယောက်သည် ငိုလုမတက် လေသံဖြင့် အော်ပြောလိုက်သည်။ မည်သူကမျှ ပြန်မပြောနိုင်ကြပေ။ ၎င်းတို့အားလုံး အံ့သြသင့်လျက်ရှိကြ၏။

ဤအခိုက်အတန့်တွင် ရွှယ်အန်းသည် သူ၏လက်သီးကို ပြန်ရုတ်၍ ပရိသတ်ကို ပေါ့ပါးစွာကြည့်လိုက်သည်။

မည်သူမျှ သူ့ကို မျက်လုံးချင်းမဆုံဝံ့ကြပေ။ အထူးသဖြင့် လရောင်နတ်သမီးရှန်းပင်နှင့် မောင်နှစ်မနှစ်ယောက်ဖြစ်သည့် ရှီ‌ဟောက်နှင့် ရှီကျူလိတို့ကဲ့သူလူများဖြစ်ကြသည်။ ၎င်းတို့အားလုံးသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြောင်အလျက်ရှိကြသည်။ ထိုအချိန်တွင် ရှန်းပင်သည် မိမိကိုယ်မိမိ အထင်သေးခြင်းနှင့် ကြောက်ရွံ့ခြင်းများပြည့်နှက်နေ၏။

သူမသည် တစ်စုံတစ်ယောက်ကို ကိုယ့်သေတွင်းကိုယ်တူးနေသည်ဟု လှောင်ပြောင်နေခဲ့သော်လည်း ကိုယ့်သေတွင်းကိုယ်တူးသူမှာ သူမပင်ဖြစ်နေ၏။

ထိုမိန်းကလေးငယ်လေးမှ သူမကို ဆရာအဖြစ် ခံယူရန် သဘောမတူခဲ့ခြင်းမှာ အံ့သြစရာဟုတ်ပေ။ သူ၏ ကောင်းကင်ဘုံလူသားအဆင့် သိုင်းကွက်များနှင့် ယှဥ်ပါက သူမသည် မည်သို့မျှမဟုတ်ပေ။ ရှီဟောက်နှင့် ရှီကျူလိတို့ မောင်နှမနှစ်ယောက်သည်မူ၊ စကားတစ်ခွန်းမျှပင်ပြန်မပြောနိုင်လောက်သည်အထိ ထိတ်လန့်သွားကြသည်။

အထူးသဖြင့်၊ ရှီဟောက်သည် ရွှယ်အန်းကို အစကတည်းက အလေးအနက်ထားခြင်းမရှိဘဲ၊ သာမန်လူတစ်ယောက်ဟုသာ မှတ်ယူထားခဲ့ခြင်းဖြစ်သည်။ ယခုမူ၊ သူ၏ မျက်စိရှေ့မှောက်မှ လက်တွေ့သည် သူ့မျက်နှာာကို တည့်တည့်ဖြတ်ရိုက်လိုက်ခြင်းပင်ဖြစ်၏။ ရွှယ်အန်းသည် သူ့ကို စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေသော ကလေးတစ်ယောက်ကဲ့သို့ သနားညှာတာစွာ ကြည့်နေရခြင်း၏ အဓိကအကြောင်းအရင်းကို နားလည်သွားသည်။

အဘယ်ကြောင့်ဆိုသော်… သူသည် အမှန်တကယ်ပင် အနည်းငယ်ရိုးစင်းသော စိတ်ထားမျိုးရှိနေခြင်းဖြစ်၏။

ပရိတ်သတ်များရှိရာသို့ပြန်လျှောက်သွားသောအခါ၊ ထန်တုန်က မတ်တပ်ရပ်၍ သူ့ကို အလွန်လေးမြတ်စွာဖြင့် နှုတ်ဆက်လိုက်သည်။

“မစ္စတာရွှယ်”

ရွှယ်အန်းက ခေါင်းညိတ်ပြီးနောက်၊ သူ့သမီးနှစ်ယောက်ဘက်သို့လှည့်၍ ပြောလိုက်သည်။

“ဖေဖေက အံ့သြဖို့ကောင်းတယ်မလား”

“ဟုတ်တယ် ဖေဖေအရမ်းတော်တာပဲ၊ ဒါပေမယ့် အဲ့အဘိုးကြီးက ဘယ်ရောက်သွားတာလဲ” ရွှယ်ရှန်းက မေးသည်။

ရွှယ်အန်းက ခေါင်းကုတ်၍ ခဏတာမျှစဥ်းစားလိုက်ပြီးနောက်၊ ရယ်မောလိုက်သည်။

“သူဒီမှာ အရမ်းပင်ပန်းနေလို့ မွေးရပ်မြေကို ပြန်သွားတယ်ထင်တယ်။ လာပါ, ဖေဖေ သမီးတို့နှစ်ယောက်ကို အရသာရှိတာလေးဝယ်ကျွေးမယ်”

“ရေး” ရွှယ်နျန်က စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ရွှယ်အန်းသည် ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့ကို ခေါ်သွားရာ၊ ရွှယ်လန်က မဆိုင်းမတွ နောက်မှ လိုက်ပါလာ၏။ အခြားများစွာသောသူတို့သည် ရွှယ်အန်း ထွက်ခွာသွားသည့် မြင်ကွင်းကို စိတ်ခံစားမှုများရောထွေးစွာဖြင့် ငေးကြည့်နေကြ၏။

အချို့က သူနှင့်စကားပြောရန် ရည်ရွယ်ထားကြသော်လည်း သူ့ထံမှ ထွက်လာသော အရောင်အဝါကြောင့် မည်သူမျှ အနားမကပ်လာဝံ့ကြပေ။ ထန်ရှောင်းယွီသည် ရွှယ်အန်းထွက်ခွာသွားသည်ကို စေ့စေ့ကြည့် နေစဥ်တွင် သူ့အနားရှိ ထန်တုန်က သက်ပြင်းတစ်ချက်ချ၍ ပြောလိုက်၏။

“မစ္စတာရွှယ်ရဲ့ လက်သီးတစ်ချက်နဲ့ ကောင်းကင်ဘုံလူသားအဆင့်ကိုတောင် ချေမှုန်းနိုင်တယ်ဆိုတော့၊ ဖြစ်နိုင်တာ သူ..ဟိုအဆင့်ကိုများ…”

ထန်တုန်၏စကားသည် အဆုံးမသတ်သေးသော်လည်း အဓိပ္ပါယ်သည်ကား ရှင်းလင်းလှ၏။

ထန်ရှောင်းယွီက နှုတ်ဆိတ်နေနေ၏။

“သွားကြရအောင်၊ ဟိုတယ်ကို ပြန်ကြမယ်” ထန်တုန်က ပြောသည်။

ထန်ရှောင်းယွီနှင့် ဟွာထင်းထင်းတို့သည်လည်း ထွက်သွားကြ၏။ ရှန်းပင်၊ ရှီဟောက်နှင့် ရှီကျူလိတို့သည် လေးလံသော ဝန်ထုပ်ဝန်ပိုးကြီးကို လွှတ်ချလိုက်နိုင်သကဲ့သို့ သက်ပြင်းချလိုက်ကြသည်။

“လရောင်နတ်သမီး၊ ဒီကောင်က တော်တော် အထင်ကြီးစရာပဲ” ရှီဟောက်က ရယ်မော၍ ပြောလိုက်သည်။

ရှန်းပင်က သူ့ကို အေးစက်စွာကြည့်ပြီးနောက် ထွက်ခွာသွား၏။ ရွှယ်အန်းကို နောက်ထပ်တစ်ကြိမ်တွေ့ပါက၊ မည်သည့်ကိစ္စပင်ရှိနေစေကာမူ၊ သုံးပေအကွာသို့ပြန်ဆုတ်မည်ဟု သူမ ဆုံးဖြတ်ထားခဲ့သည်။ သူသည် သူမ ကိုင်တွယ်နိုင်သောအတိုင်းအတာထက် များစွာကျော်လွန်နေ၏။ ရှီဟောက်ကဲ့သို့သော တစ်စုံတစ်ယောက်အတွက်မူ၊ စိတ်ကူး၍ပင်မရနိုင်ပေ။

ရှီဟောက်သည် မထီမဲ့မြင်ပြုခံရသကဲ့သို့ ခံစားလိုက်ရကာ၊ နေရာ၌ပင် ရှက်ရွံံစွာရပ်တန့်နေ၏။ ထိုအချိန်တွင် ရှီကျူလိ၏ ဖြူဖျော့သော မျက်နှာသည် စိုးရိမ်ပူပန်မှုအပြည့်ကို ဖော်ပြနေ၏။

“အစ်ကို မစ္စတာရွှယ်က ညီမလေးတို့ကို ရန်ငြိုးထားပြီး ပြဿနာရှာမယ်ထင်လား”

ရှီဟောက်က တုန်ယင်စွာဖြင့် ထိတ်လန့်တကြားပြောလိုက်သည်။

“အခု ထွက်သွားကြရအောင်၊ ဒီကနေထွက်သွားကြမယ်။ အိမ်မြန်မြန်ပြန်ကြတာပေါ့”

ရွှယ်အန်းသည် သူ့သမီးနှစ်ယောက်နှင့်အတူ၊ ဟိုတယ်သို့ပြန်မည့်အစား၊ လမ်းမကြီးပေါ်သို့ရောက်လာသည်။ လမ်းချိုးများစွာ ကွေ့ပြီးနောက်၊ ကျောင်းတစ်ကျောင်းတည်ရှိရာ၊ လမ်းတစ်ခုဆီသို့ ရောက်ရှိသွားကြသည်။ ထိုအချိန်တွင် ကျောင်းမဖွင့်သေးသဖြင့်၊ လမ်းသည်လည်း တိတ်ဆိတ် ခြောက်ကပ်နေ၏။

သို့သော် စီးပွားရေးအတွက် ဖွင့်လှစ်ထားသော ဆိုင်အချို့ရှိနေပြီဖြစ်သည်။ ရွှယ်အန်းသည် စျေးဆိုင်တစ်ခုရှေ့တွင်ရပ်၍ ဤအကျွမ်းတဝင်ရှိသော မြင်ကွင်းကိုကြည့်၍ သိသိသာသာ တုန်လှုပ်သွားသည်။ ခုနှစ်နှစ်၊ ရှစ်နှစ်ကြာခဲ့ပြီဖြစ်သော်လည်း ဤနေရာတွင် မည်သည့်အရာမျှ ပြောင်းလဲခြင်းမရှိသေးပေ။ ဆိုင်ပိုင်ရှင်သည် အလုပ်များနေခဲ့သည်ဖြစ်ရာ၊ သူမော့ကြည့်လိုက်သောအခါ၊ ရွှယ်အန်းကို မြင်လိုက်ရသဖြင့်၊ ခဏတာ အံ့အားသင့်သွားပြီးမှ မေးလိုက်သည်။

“ဘာစားချင်လဲဗျ”

“တို့ဟူးပူတင်းနှစ်ပွဲကို ကြက်ဥနှပ်လေးတွေထည့်ပေးပါ။ နှစ်ပွဲလုံးမှာ နံနံပင်မထည့်ဖို့ သတိထားပေးပါ” ရွှယ်အန်းက ပြန်ဖြေ၏။

“ကောင်းပြီ၊ ခဏစောင့်ပေးပါ”

ရွှယ်အန်းနှင့် သူ့သမီးနှစ်ယောက်သည် ခုံတန်းရှည်ပေါ်တွင်ထိုင်လျက်၊ ဟင်းပွဲများကို စောင့်ဆိုင်းနေသည်။ တစ်ချိန်က၊ ဤဆိုင်သို့ တို့ဟူးဟင်းတစ်ပန်းကန်စားရန် မကြာခဏလာခဲ့ဖူးသည်။ အထူးသဖြင့်၊ ချမ်းအေးသော ဆောင်းညအလယ်တွင်ဖြစ်ရာ၊ ငရုတ်သီးမှုန့်နှင့် ရှလကာရည်ရောထားသော တို့ဟူးပူတင်းတစ်ပွဲသည် သူ့ခန္ဓာကိုယ်ကို အတွင်းထဲအထိ နွေးထွေးစေ၏။

တို့ဟူးပူတင်းကို အလျင်အမြန်ပင် ပြင်ဆင်ပြီးဖြစ်၏။

ရွှယ်ရှန်းသည် သူမ၏ရှေ့မှ တို့ဟူးပူတင်းကို စူးစိုက်၍ ကြည့်ကာ၊ မြည်းစမ်းကြည့်ရန် စိတ်အားထက်သန်စွာဖြင့် တစ်ဇွန်းခပ်လိုက်သည်။

“ဟူး” ရွှယ်ရှန်းသည် လျှာကျက်သွားသဖြင့်၊ အပြင်သို့ထုတ်ထားလိုက်သည်။

“အရမ်းပူတယ်”

ရွှယ်အန်းက ရယ်မောလိုက်ပြီးမှ၊ ဇွန်းဖြင့် ညင်သာစွာမွှေလိုက်သည်။

“ဒါကို အလျင်လိုလို့မရဘူး သမီးရဲ့၊ မြန်မြန်စားရင် သမီးလျှာလေး လောင်သွားလိမ့်မယ်” သူက သတိပေး၏။

ထိုနေရာ၌ သားအဖသုံးယောက်သည် ဆိုင်ခန်းရှေ့တွင် တို့ဟူးပူတင်းကို ကျေနပ်စွာစားနေ၏။

ဟိုတယ်ပြန်ရောက်သောအခါ၊ ထန်ရှောင်းယွီက ချက်ချင်းဆိုသကဲ့သို့ပင် သူမ၏ဖုန်းကိုထုတ်၍ သိုင်းပညာဖိုရမ်ကို ဖွင့်လိုက်သည်။ ထိုအချိန်တွင် သိုင်းပညာပြိုင်ပွဲ၏ တစ်နေ့တာအဖြစ်အပျက်များနှင့်အတူ၊ သိုင်းပညာဖိုရမ်သည်လည်း ပေါက်ကွဲလျက်ရှိ၏။

“အင်မော်တယ်အရှင်က သူ့အဆုံးသတ်ကို တွေ့သွားရပြီ၊ မစ္စတာရွှယ်ဆိုတာ အတိအကျ ဘယ်သူလဲ”

“ဂျူနီယာအထက်တန်းကျောင်းတုန်းက သူ့ရှေ့မှာထိုင်တဲ့ မိန်းကလေး၊ ကျွန်မနဲ့ မစ္စတာရွှယ်ရဲ့ဇာတ်လမ်း”

“တစ်ချက်တည်းနဲ့ ကောင်းကင်ဘုံလူသားကို ချေမှုန်းလိုက်တာဆိုတော့ မစ္စတာရွှယ်က အင်မော်တယ်များလား”

သိုင်းပညာဖိုရမ်တွင် ရှုပ်ယှက်ခတ်နေ‌သော ပိုစ့်များစွာဖြင့် ပြည့်လျှံနေ၏။ ထန်ရှောင်းယွီသည် သူမ၏ကိုယ်ပိုင် ပိုစ့်ကို နှိပ်လိုက်ပြီးနောက်၊ အသက်ပြင်းပြင်းရှူ၍ စာလုံးသုံးလုံးကို ရိုက်နှိပ်လိုက်သည်။

“ငါနိုင်ပြီ”

မကြာမီတွင် ဖိုရမ်ထိန်းချုပ်သူတစ်ဦးသည် သူမ၏ ပိုစ့်ကို သတိပြုမိ၍ ၎င်းကို ချက်ချင်းပင် ဖော်ပြ၍ ပင်ထောက်ထားခဲ့သည်။

ပြန်စာအရေအတွက်သည် အဆပေါင်းများစွာမြင့်တက်လာ၏။

“ဒီပုဂ္ဂိုလ်ကြီးကို ရှေ့တန်းကကိုးကွယ်တော့မယ်။ မစ္စတာရွှယ်ရဲ့ သူငယ်ချင်းတစ်ယောက်အနေနဲ့၊ သူ့မှာ ရည်းစားရှိလား”

“ဟား မင်းက ငတုံးလား။ ငါဒီနေ့ အဲ့ကို ရောက်ခဲ့တယ်။ မစ္စတာရွှယ်က သူ့အမွှာသမီးလေးတွေနဲ့အတူလာခဲ့တာကွ”

“ဘုရားရေ၊ သမီးတွေနဲ့ တူတူနေတဲ့ အဖေက အခုထိ လွှမ်းမိုးနိုင်ပြီး ဒီလောက် အထင်ကြီးဖို့ကောင်းလား။ ငါတော့ အရမ်းတုန်လှုပ်နေပြီ”

“မင်းက ဘယ်မှာ တုန်လှုပ်နေတာလဲ”

“သန့်စင်တဲ့အပြစ်ကင်းစင်မှုကို အထက်က သတိထားမိတယ်ကွ”

“မစ္စတာရွှယ်က တပည့်တွေဘာတွေ လက်ခံလား။ သူ့ဆီကနေသင်ယူချင်တယ်”

“ကျွန်တော်လည်း သူ့တပည့်ဖြစ်ချင်တယ်”

“တူတူပဲ”

ဤပြန်ကြားချက်များထဲတွင် တစ်စုံတစ်ဦးသည် ဓာတ်ပုံအချို့ကို ရုတ်တရက်တင်လိုက်၏။ ၎င်းတို့ထဲမှ တစ်ပုံသည် စင်ပေါ်တွင် ရွှယ်အန်း မတ်တပ်ရပ်နေသော ပုံတစ်ပုံဖြစ်၍ အဝေးမှ ရိုက်ယူထားခြင်းဖြစ်ကာ၊ အနည်းငယ် မှုန်ဝါးနေသော်လည်း ဤပုံသည် ရွှယ်အန်း၏ စွမ်းအားကြီး‌သောဖြစ်တည်မှုကို ဖော်ပြနိုင်၏။

“တကယ်ခံ့ညားတာပဲ”

“ငါရူးတော့မယ်၊ သူက ရုပ်ချောရုံတင်မကဘဲ၊ ကွန်ဖူးကလည်း အံ့မခန်းပါလား”

ထန်ရှောင်းယွီသည် ရွှယ်အန်း၏ ဓာတ်ပုံကို ကြည့်နေစဥ်တွင် ကောမန့်များမှာ ပို၍ပင် ပြင်းထန်လာ၏။ ထိုအချိန်တွင် မိုင်ထောင်ချီဝေးသော ကျုံးတုမြို့၌ သပ်ရပ်စွာပြင်ဆင်ထားသော တိတ်ဆိတ်သည့်အခန်းထဲတွင် anime ဇာတ်ကောင်ကဲ့သို့ လှပသော မိန်းကလေးတစ်ဦးသည် သိုင်းပညာဖိုရမ်ရှိ ရွှယ်အန်း၏ ဓာတ်ပုံကို ကြည့်ရှု့၍ ခဏတာမျှ စကားလုံးများပျောက်ဆုံးသွားရသည်။

All Chapters