အခန်း (၇၃-၇၅)
Vol. 5 Ch. 73-75
အခန်း(၇၃) အရမ်းအားနည်းလွန်းတယ်
သူ့အသံနှင့်အတူ၊ အနက်ရောင်ဆီထမ်းစင်တစ်ခုသည် မည်သည့်နေရာကမှန်းမသိ ပျံ့လွင့်လာ၏။ ဤကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းသည် ဖုန်းချောင်ချုန်းနှင့် အခြားသူများကိုအကြည့်လွှဲသွားစေသည်။ ကျို့ယွိချီ၏ မျက်နှာသည်ပင် အလွန်ညှိုးနွမ်းသွားရ၏။ ဝမ်ကွေ့ဂိုဏ်းသည် သူတတ်နိုင်သောအရာမဟုတ်ပေ။ ထို့အပြင် ဤလူရောက်ရှိလာသောပုံစံအရ၊ သူသည် သာမန်လူတစ်ဦးမဟုတ်သည်မှာ သေချာလှသည်။
အောက်သို့ထမ်းစင်ကျလာသည်နှင့်တစ်ပြိုင်နက်၊ ဝမ်ကွေ့ဂိုဏ်း၏ သခ်ငလေးသည် ခြေတစ်လှမ်းလှမ်းလာလျက်၊ ရှိနေသောလူများကိုကြည့်၍ နှုတ်ခမ်းထောက်တွင် မထီမဲ့မြင်ပြုသောအပြုံးတစ်ခုပြုံးလိုက်သည်။
“ဒီကျောက်လုံက ငါ့ဟာပါ။ လူတိုင်း ထွက်သွားကြ”
ဤလူကို မြင်လိုက်ရသည်နှင့် ကျို့ယွိချီ၏ ဦးရေပြားများတင်းသွားရသော်လည်း သတ္တိကိုစုစည်း၍ ပြန်ပြောလိုက်သည်။
“ဝမ်ကွေ့ဂိုဏ်းဖြစ်နေရင်တောင်မှ ရောက်တဲ့အစဥ်ကို လေးစားရမယ်မလား”
“မင်းက ဒါကို လက်မခံနိုင်ဘူးလို့ပြောတာလား” မုချီက အေးစက်စွာလှောင်ရယ်လိုက်သည်။
ကျို့ယွိချီ ဆက်လက်မပြောရဲတော့ပေ။ သို့သော် ဖုန်းချောင်ချုန်းသည် အနည်းငယ်ဒေါသဖြစ်လျက်၊ ဝင်ပြော၏။
“ဒီကလေးက ဘယ်သူလဲ၊ ဘယ်လိုလှည့်ကွက်တွေသုံးပြီး တစ္ဆေယောင်ဆောင်နေတာလဲ”
ဝမ်ကွေ့ဂိုဏ်း၏ သခင်လေးမုချီ၏ မျက်လုံးထဲတွင် တစ္ဆေမီးများ တောက်လောင်လာပြီးနောက်၊ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ၊ ဖုန်းချောင်ချုန်းသည် အဝေးသို့ လွင့်ထွက်သွား၏။ ဤလှုပ်ရှားမှုကြောင့် ကြည့်ရှု့နေသူများအားလုံး တုန်လှုပ်သွားကြသည်။
“ငါစကားပြောနေတုန်း နားထောင်တာ ပိုကောင်းလိမ့်မယ်။ မဟုတ်ရင်တော့ သတိထားပါ။ ငါ မင်းတို့ကို အငြှိုးကြီးတဲ့သရဲတွေအဖြစ်ပြောင်းပစ်လိုက်မယ်”” မုချီက ထူးခြားစွာသတိပေးလိုက်သည်။ ထို့နောက် သူသည် ဒဏ်ရာအပြင်းအထန်ရရှိထားသည့် ကျောက်လုံကို လောဘကြီးစွာဖြင့် ကြည့်လိုက်၏။
ဤသည်မှာ တစ်သက်လျှင်တစ်ကြိမ်သာရနိုင်သောအခွင့်အရေးဖြစ်သဖြင့်၊ အကယ်၍ ကျောက်လုံကို နှိမ်နင်းနိုင်ပါက၊ ဝမ်ကွေ့ဂိုဏ်းကို မည်သူမျှ နှိုးဆွဝံ့တော့မည်မဟုတ်ပေ။ သူ့နေရာသည်လည်း ပို၍ လုံခြုံလာမည်ဖြစ်သည်။
ဤသို့တွေး၍ မုချီ၏ နှလုံးသားသည် ပို၍ပင် ပြင်းထန်လာသည်။ ထို့နောက် သူ၏ ရင်ဘတ်မှ မှိန်ဖျော့ဖျော့ လင်းနေသည့် ပုတီးစေ့များစွာကို ထုတ်၍ ကျောက်လုံထံသို့ ပစ်လိုက်သည်။ လေထုအလယ်တွင် ပုတီးစေ့များ လျင်မြန်စွာပျံ့ကျဲသွား၍ ပေါက်ကွဲသံအချို့ ထွက်ပေါ်လာပြီးနောက်၊ ကျောက်လုံသည် ၎င်း၏ အကြေးခွံကွဲသွားသဖြင့် နာကျင်စွာ အော်ပစ်လိုက်သည်။
သွေးများဖြင့်စိုရွှဲနေသော ကျောက်လုံသည် အလွန်အမင်းဒေါသထွက်လျက်၊ မုချီကို အနက်ရောင်မြူခိုးများဖြင့် တိုက်ခိုက်ရန် ပါးစပ်ကို ဟလိုက်သည်။ သို့သော် မုချီက အေးစက်စွာရယ်မော၍ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ၊ မရေမတွက်နိုင်အောင်များပြားသော ဝိဉာဥ်များသည် ကျောက်လုံထံသို့ အော်ဟစ်၍ ပျံသန်းသွားကြသည်။ ဤညှင်းပန်းနှိပ်စက်ခံထားရသော ဝိဉာဥ်များကြောင့် အနက်ရောင်မြိူခိုးသည် ပကတိ အစွမ်းသတ္တိများပျောက်ကွယ်သွားရ၏။
ကျို့ယွိချီကဲ့သို့သော ကြည့်ရှု့သူများ၏ မျက်နှာများ ဖြူဖျော့သွားရသည်။ ဤမုချီသည် မယုံကြည်နိုင်လောက်အောင် စွမ်းအားကြီးလွန်းလှရာ၊ ကျောက်လုံကို မိမိ၏ ကိုယ်ပိုင် စွမ်းအားများဖြင့် အနိုင်ယူနိုင်ရန် ကြံရွယ်ထားသည်။
သို့သော် ထိုအချိန်ခဏတာအတွင်း၌ပင် သူနှိပ်စက်ညှင်းပန်းထားသည့် ဝိဉာဥ်များသည် ရုတ်တရက် ငိုကြွေး၍ ပျောက်ကွယ်သွားကြသည်။ ထို့နောက် လူတစ်ယောက်က ပေါ့ပါးစွာဖြင့် သက်ပြင်းချလိုက်၏။
“ဒီလောက် အငြှိုးကြီးဝိဉာဥ်တွေကို သိမ်းပိုက်ထားတာဆိုတော့၊ မင်း ဘယ်လောက်တောင် အပြစ်တွေ ကျူးလွန်ခဲ့လဲ”
မုချီ၏ အမူအရာသည် မည်းမှောင်သွားပြီးနောက်၊ စကားပြောသူကို လှည့်ကြည့်လိုက်သည်။ ရွှယ်အန်းသည် အခင်းဖြစ်ပွားရာအလယ်ဗဟိုသို့ ဖြည်းညှင်းစွာလျှောက်လာသည်ကို မြင်လိုက်ရ၏။ သူ့ကို မြင်သောအခါ၊ ကျောက်လုံ၏ မြွေနှင့်တူသော မျက်လုံးများသည် မျက်ရည်များဖြင့် ပြည့်နှက်လာရာ၊ ခေါင်းငုံ့၍ နှိမ့်ချလျက်၊ ညည်းတွားလိုက်သည်။
“ဒါလည်း မင်း ခံနိုင်ရည်ရှိရမယ့် ဒုက္ခတစ်ခုပဲ။ ဒါပေမယ့် မင်းစိတ်ချပါ။ ငါ ဒီမှာပါ” ရွှယ်အန်းက ကျောက်လုံ၏ ခေါင်းကို ညင်သာစွာဖြင့် ပွတ်သပ်ပေးလိုက်သည်။
ကျောက်လုံသည်လည်း ရွှယ်အန်းကို ချစ်ခင်စွာပွတ်သပ်လိုက်၏။
ဤအခိုက်အတန့်တွင် မုချီ၊ ကျို့ယွိချီနှင့် အခြားသူများသည် ပို၍ပင် ကြောင်အသွားကြသည်။ ဖုန်းချောင်ချုန်းသည် မယုံမကြည်နိုင်ဖြစ်နေသော မျက်နှာထားမျိုးဖြင့် ကြည့်နေ၏။ ကျောက်လုံသည် ရွှယ်အန်းအပေါ်သို့ အဘယ်ကြောင့် ဤမျှချစ်ခင်တွယ်တာပြနေရသနည်း။ ထို့အပြင် ဆရာကြီးကျိုက်၏အကြည့်များက တစ်စုံတစ်ခုကို သဘောပေါက်သွားသော အရိပ်အယောင်များပေါ်လာသည်။ သို့သော် ၎င်းတို့အားလုံးထဲတွင် အတုန်လှုပ်နေဆုံးသူမှာ အန်းချင်ဖြစ်သည်။
သူမသည် တစ်နေ့တည်းတွင် ဤမျှထိ မယုံကြည်နိုင်စဖွယ်အဖြစ်အပျက်များစွာကို မျက်မြင်တွေ့ရလိမ့်မည်ဟု တစ်ခါမျှ စိတ်ကူးပင်မယဥ်ထားခဲ့ဖူးပေ။ ဤအခိုက်အတန့်တွင် မုချီက လှောင်ရယ်လိုက်၏။
“ဒီကလေးက ဘယ်သူလဲ၊ ဝမ်ကွေ့ဂိုဏ်း အလုပ်လုပ်နေတုန်းမှာ မနှောက်ယှက်ရဘူးဆိုတာ မသိဘူးလား”
ရွှယ်အန်းက အေးစက်စွာပြုံးလိုက်သည်။
“ဒါဆို မင်းက ယွဲ့ရှောင်ချန်ပြောတဲ့ ဝမ်ကွေ့ဂိုဏ်းရဲ့သခင်လေးပေါ့”
မုချီက အံ့အားသင့်သွားပြီးနောက်၊ မှောင်မိုက်စွာပြောလိုက်သည်။
“မင်း ယွဲ့ရှောင်ချန်ကိုသိလား။ ဒါဆို သူ…”
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
“ငါသူ့ကို သတ်လိုက်တာ”
“ကောင်းတယ်၊ တစ်ယောက်ယောက်က ငါ့ကို ဒီလိုစကားမျိုး မပြောရဲခဲ့တာကြာပြီ၊ မင်းက ပထမဆုံးပဲ၊ မင်းရဲ့ဝိဉာဥ်ကို ယင်မိုးကြိုးအဖြစ်ပြောင်းလဲပြီး လူဝင်စားလို့မရအောင် ထာဝရပိတ်လှောင်ပစ်မယ်”
မုချီက ဆိုးယုတ်စွာပြုံးလျက်၊ ပြန်ပြော၏။
ထို့နောက် ဖုန်းချောင်ချုန်းက ကျို့ယွိချီကို အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“မစ္စတာကျို့၊ ယင်မိုးကြိုးဆိုတာဘာလဲ”
“အဲ့တာ အန္တရာယ်အရှိဆုံးနည်းပညာတစ်ခုပဲ” ကျို့ယွိချီ၏ မျက်နှာသည် အလွန် ဖြူဖျော့နေ၏။
ဤစကားကိုကြားပြီးနောက်၊ ဖုန်းချောင်ချုန်းသည် စိတ်ထဲတွင် အလွန်ပျော်ရွှင်သွားသကဲ့သို့ ခံစားလိုက်ရသည်။
‘တိုက်ကြ၊ ပိုဆိုးလေ၊ ပိုကောင်းလေပဲ’
‘နှစ်ဖက်လုံး ထိခိုက်ရင်အကောင်းဆုံးပဲ’
ထို့နောက်၊ ရွှယ်အန်းက ဘာသိဘာသာပြုံး၍ မပြောဘဲ၊ စိတ်တိုနေသော ကျောက်လုံကို လက်ဖြင့် ပွတ်သပ်လိုက်သည်။
“ကောင်းပြီ ဒီကောင်ကို ငါဖြေရှင်းပြီးရင် မင်းကို ကောင်းကင်ပေါ်တက်လို့ရအောင် ကူညီပေးမယ်”
မုချီက လှောင်ရယ်၍ စကားပြောတော့မည့်ဆဲဆဲတွင် ရွှယ်အန်း၏လက်ထဲ၌ မီးတောက်တစ်ခု ပေါ်လာ၏။ အဖြူရောင်မီးတောက်သည် ပြင်းထန်စွာလောင်ကျွမ်းလျက်ရှိသည်။ မုချီ၏ မျက်နှာထက်တွင် ကြောက်ရွံ့မှုများ ထင်ဟပ်လာသည်။ မီးတောက်၏ ခြောက်လှန့်မှုကို အလိုလိုပင် ခံစားလိုက်ရ၏။
ရွှယ်အန်းက ပေါ့ပါးစွာပြောသည်။
“မင်း ပတ်ဝန်းကျင်က နာကျည်းမှုအငွေ့အသက်တွေကိုကြည့်လိုက်ရင် မင်းက ရက်စက်ကြမ်းကြုတ်တဲ့ကောင်မှန်း သိသာတယ်။ ဒီနေ့ မင်းကို ငါ ချေမှုန်းပစ်မယ်”
မုချီက အထင်သေးစွာပြုံးလိုက်သည်။
“ဒီအသေးအမွှားလေးနဲ့ မင်းဘာမဆိုလုပ်လို့ရမယ်လို့ တွေးမနေနဲ့၊ ငါ့ရဲ့ ဝမ်ကွေ့ဂိုဏ်းရဲ့ နှလုံးသားလှိုက်စားတဲ့ သရဲတစ္ဆေတွေကို ကြည့်လိုက်စမ်း”
သူ့စကားလုံးများအဆုံးတွင် ကောင်းကင်သည် မှောင်မိုက်သွားကာ၊ မရေမတွက်နိုင်လောက်အောင် များပြားသော ဝိဉာဥ်များစွာသည် ရွှယ်အန်းထံသို့ ပြေးလာကြ၏။ ကျို့ယွိချီနှင့် အန်းချင်တို့သည် ယင်းကို ကြည့်လျက်၊ ဖျော့တော့သွားကြသည်။ အရှိန်အဟုန်သည် အလွန်ကြောက်မက်ဖွယ်ကောင်းစွာ မြန်ဆန်လှသော်လည်း ရွှယ်အန်းသည်မူ၊ အနည်းငယ်မျှပင် မလှုပ်ပေ။
မုချီ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သောအပြုံးတစ်ခု ပေါ်လာသည်။
‘သူကြောက်နေတာဖြစ်မယ် ငတုံး’ မုချီက တွေးသည်။
သို့သော် ထိုအခိုက်အတန့်တွင် ရွှယ်အန်းသည် ရုတ်တရက် ခေါင်းမော့၍ သူ့လက်ထဲမှ မီးတောက်သည် ရုတ်တရက်ကြီးထွားလာကာ၊ လက်သီးပစ်သွင်းလိုက်၏။
ဘွန်း
ဝိဉာဥ်များသည် မည်သို့မျှပင် မငိုကြွေးနိုင်ကြတော့ဘဲ၊ ပျောက်ကွယ်သွားကြသည်။ ယင်းနှင့် ပတ်သက်၍ မုချီအံ့သြသွားသည့်အခိုက်အတန့်တွင် ရွှယ်အန်းက ခပ်ပါးပါးပြုံးလိုက်သည်။
“ကဲ… မင်းအလှည့်ရောက်ပြီ”
သူစကားပြောနေစဥ်တွင် ရွှယ်အန်းသည် မုချီအနားသို့ တိုးကပ်လာနှင့်ပြီးဖြစ်ရာ၊ ထို့နောက်၊ ပါးကို ဖြတ်ရိုက်လိုက်၏။
မုချီက ရှောင်တိမ်းမည်ဟု ကြံရွယ်ထားသော်လည်း သူ၏ ကြွက်သားများသည်မူ တောင့်တင်းနေ၏။ ရွှယ်အန်း၏လက်ဝါးနှင့် သူ့ပါးပြင်တို့ထိမှန်သွားသည်ကို မရှောင်တိမ်းနိုင်ဘဲ၊ အကူအညီမဲ့စွာကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
ထိုရိုက်ချက်ကြောင့် မုချီသည် မီတာများစွာအကွာအဝေးသို့ လွင့်ထွက်ပျံသန်းသွားသည်။ ပြန်လည်ပြုတ်ကျလာသောအခါ၊ သူသည် သွေးတစ်ပွက်အန်ထွက်လျက်၊ ရွှယ်အန်းကို ထိတ်လန့်တကြားကြည့်လိုက်၏။
ရွှယ်အန်းက လက်နှစ်ဖက်ကို နောက်ကျောတွင် ယှက်လျက်၊ ခေါင်းခါလိုက်သည်။
“အားနည်းလွန်းတယ်”
ထို့နောက်၊ မုချီ၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားသည်။
“မင်းတို့အားလုံး သေကြစမ်း”
သူ့နောက်လိုက်များအားလုံး ချက်ချင်းသေဆုံးသွားပြီးနောက်၊ မုချီသည် လေးနက်သောအမူအရာဖြင့် ၎င်းတို့၏ ဝိဉာဥ်များကို လက်ထဲတွင် စုစည်းလိုက်သည်။
“ယဇ်ပူဇော်ခြင်း”
အနက်ရောင်မီးလျှံများနှင့်အတူ၊ ဝိဉာဥ်များအားလုံး ပျောက်ကွယ်သွား၏။ ထို့နောက် ကမ္ဘာမြေကြီးတစ်ခုလုံး တုန်ခါသွားသည်။ မြေပြင်အောက်မှ တစ်စုံတစ်ခုတွားသွားနေသည်ထင်ရကာ၊ ကျို့ယွိချီသည် အလွန် တုန်လှုပ်ခြောက်ခြားနေ၏။
မြေပြင်သည် ရုတ်တရက် ပြင်းထန်စွာတုန်ခါလျက်၊ ကောင်းကင်ယံထက်သို့ ပျံတက်လာသော မှောင်မိုက်သည့် ရောင်ဝါတစ်ခု ထွက်ပေါ်လာကာ၊ ကွင်းပြင်၏ အလယ်တွင် တစ္ဆေအကြီးအကဲကြီးပေါ်လာသည်။
“သေမျိုးတွေ၊ မင်းတို့ဘာလို့ ငါ့ကို ခေါ်တာလဲ”
ကြီးမားသောအသံကြီးသည် ချိုင့်ဝှမ်းတစ်လျှောက် ပဲ့တင်ထပ်သွားသည်။ ထိုအချိန်တွင် မုချီက လေးစားစွာဖြင့် ဒူးထောက်ချလိုက်၏။
“တစ္ဆေဘုရင်၊ တစ်ယောက်ယောက်က ကျွန်တော်မျိုးရဲ့ ဝမ်ကွေ့ဂိုဏ်းကို ဆန့်ကျင်နေပါတယ်။ အရှင့်ရဲ့ မြင့်မြတ်တဲ့စွမ်းအားကို ပြသပြီး သူတို့ကို သတ်ပစ်ဖို့ အရှင့်ကို တောင်းဆိုချင်ပါတယ်”
“အင်း လွယ်ပါတယ်၊ ဒါပေမယ့် မင်းရဲ့ဝမ်ကွေ့ဂိုဏ်းက ပူဇော်ပသမှုတွေက ခုရက်ပိုင်း အရမ်းနည်းလွန်းတယ်”
မုချန်သည် တင်းမာသော အမူအရာဖြင့် အမြန်ပြောလိုက်သည်။
“ဒီကိစ္စပြီးရင် ကျွန်တော်မျိုးတို့ ဝမ်ကွေ့ဂိုဏ်းက အရှင့်ရဲ့လုပ်ဆောင်မှုအတွက် အပျိုဆယ်ယောက်ကို ပူဇော်ပသပါမယ်”
ထို့နောက် တစ္ဆေဘုရင်သည် ကျေနပ်စွာပြုံး၍ ရွှယ်အန်းဘက်သို့ လှည့်ကြည့်လိုက်သည်။
“မင်း… မင်း…”
တစ္ဆေဘုရင်၏ မျက်နှာသည် အေးခဲသွားကာ၊ ကြောက်ရွံ့မှုအရိပ်အမြွက်များ ထင်ဟပ်လာသည်။ ထိုအချိန်တွင် မုချီက ပြောလိုက်၏။
“တစ္ဆေဘုရင်၊ ဒီလူပါပဲ”
သူက ဤသို့ပြော၍ ရွှယ်အန်းကို ‘မင်းတော့ အခုသေပြီ’ ဆိုသည့်အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။
ဤတစ္ဆေဘုရင်သည် ဝမ်ကွေ့ဂိုဏ်းမှ ကိုးကွယ်ဆည်းကပ်ထားသော ကြောက်မက်ဖွယ်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သို့သော် မထင်မှတ်ထားစွာဖြင့်၊ ဤတစ္ဆေဘုရင်သည် မျက်နှာချိုသွေးသောအပြုံးကို ပြုံး၍ သတိကြီးစွာပြောလိုက်သည်။
“အရှင်… ဘာလို့ ဒီရောက်နေတာလဲ”
အခန်း(၇၄) များပြားလှသော မိုးကြိုးများက နာခံခြင်း၊ နဂါးသည် ကောင်းကင်သို့ တက်လှမ်းခဲ့ပြီ
‘အရှင်ဟုတ်လား’
ကြည့်ရှု့သူများအားလုံး အံ့သြသွားကြသည်။ အထူးသဖြင့်၊ မုချီဖြစ်၏။
“တစ္ဆေဘုရင်၊ ဒီကောင်…”
သူ၏ စကားမဆုံးမီတွင် တစ္ဆေဘုရင်သည် သူ့ကို စိတ်မရှည်စွာဖြင့် တက်နင်းချလိုက်၏။ မုချီသည် အော်ခွင့်ပင်မရလိုက်ဘဲ၊ မြေပြင်ပေါ်သို့ ပြားကပ်စွာနင်းချခံလိုက်ရသည်။ ထို့နောက်၊ တစ္ဆေဘုရင်သည် ထိတ်လန့်တကြားဖြင့် ပြော၏။
“အရှင်၊ ဒီကိုရောက်နေလိမ့်မယ်လို့ ကျွန်တော်မျိုး မထင်ခဲ့ဘူး။ ကျေးဇူးပြုပြီး ကျွန်တော်မျိုးကို ခွင့်လွှတ်ပါ”
ဤအခိုက်အတန့်တွင် ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“မင်း….ငါ့ကို သိလား”
တစ္ဆေဘုရင်သည် အလွန်တုန်လှုပ်လျက်၊ သူ၏ကံဆိုးမှုအတွက် စိတ်ထဲတွင် ကျိန်ဆဲနေမိသည်။
“အရှင်၊ တစ်ချိန်က ကျွန်တော်မျိုး သူတော်စင်တစ္ဆေနဲ့ ကောင်းကင်ဘုံကို လိုက်ပါသွားခဲ့တာ၊ အဲ့မှာ အရှင့်ကို တွေ့ခဲ့ဖူးပါတယ်” တစ္ဆေဘုရင်က သတိကြီးစွာဖြင့်ပြောသည်။
သူ့အဆင့် တစ္ဆေဘုရင်တစ်ကောင်သည် ရွှယ်အန်းကို မည်သို့ မြင်ဖူးနိုင်လိမ့်မည်နည်း။
၎င်းသည်လည်း တစ်ကြိမ်သာဖြစ်ခဲ့ရာ၊ ထိုစဥ်က သူသည် ငရဲကမ္ဘာ၏ စွမ်းအားဖြင့် ကောင်းကင်ဘုံရှိ ခမ်းနားသော ပွဲတော်တစ်ခုကို တက်ရောက်ရန်သွားသောအခါ၊ ရွှယ်အန်းကို အဝေးမှ လှမ်းမြင်ခဲ့ရခြင်းဖြစ်သည်။ ထိုအချိန်က ရှေ့ဆုံးတန်းတွင်ထိုင်နေသော ရွှယ်အန်းသည် ကောင်းကင်ဘုံရှိ စွမ်းအားရှင်များအားလုံး၏ လေးစားမှုကို ခံရ၏။ ထိုကဲ့သို့ ကြီးကျယ်ခမ်းနားမှုသည် တစ္ဆေဝိဉာဥ်အပေါ်တွင် အလွန် တည်မြဲသော လေးစားမှုကို ချန်ထားရစ်ခဲ့နိုင်၏။
သူ့ကို ထိုနေရာသို့ ခေါ်ဆောင်သွားခဲ့သော တစ္ဆေသူတော်စင်က သတိပေးခဲ့ဖူးသည်။
“ဒီလူကို နောက်တစ်ချိန်ထပ်တွေ့ရင် တတ်နိုင်သမျှ ခပ်ဝေးဝေးမှာနေပြီး ရန်မစမိစေနဲ့”
တစ္ဆေဘုရင်သည် ဤအရာကို သူ၏မှတ်ဉာဏ်ထဲတွင် မြဲမြံစွာမှတ်သားထား၍ ရွှယ်အန်းကို သေမျိုးလောကတွင် တွေ့ရလိမ့်မည်ဟု ဘယ်သောအခါမှ မမျှော်လင့်ထားခဲ့ဖူးပေ။ ဤအခိုက်အတန့်တွင် တစ္ဆေဘုရင်၏ နှလုံးသားသည် တုန်လှုပ်နေ၏။ ယခုအချိန်တွင် ရွှယ်အန်း၏ ဖြစ်တည်မှုသည် သန်မာ၊ အားကောင်းခြင်းမရှိလှသော်လည်း ရိုသေမှုမပျက်ယွင်းခဲ့ပေ။
စင်စစ်သော်ကား၊ သူသည် အင်မော်တယ်အရှင်တစ်ပါးဖြစ်သည်။
အမူအရာဖြင့်ပင်၊ လေကကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သည့် ပုဂ္ဂိုလ်ထူးတစ်ပါးဖြစ်သည်။
သူနှင့် ယှဥ်လျှင်၊ သူသည် မည်သည့်တန်ဖိုးမျှမရှိပေ။
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
“မင်းက တော်တော်လေး ဉာဏ်ကောင်းတာပဲ”
တကယ်၍ တစ္ဆေဘုရင်သာ ချွေးထွက်နိုင်လျက်၊ ယခုအချိန်တွင် ချွေးများစိုရွှဲ၍အေးစက်နေပေလိမ့်မည်ဖြစ်သည်။ တစ္ဆေဘုရင်က ဆောလျင်စွာ ခေါင်းညိတ်ဦးညွတ်လိုက်သည်။
“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ အရှင်၊ အရှင့်မှာ အခြားအမိန့်ပေးစရာများရှိလား”
ရွှယ်အန်းက ဘာသိဘာသာပြောလိုက်သည်။
“ဒီဝမ်ကွေ့ဂိုဏ်းက မင်းအတွက် မကြာခဏယဇ်ပူဇော်ပေးတယ်လို့ ကြားတယ်”
တစ္ဆေဘုရင်က တုန်လှုပ်ခြောက်ခြားစွာဖြင့် အမြန်ပြန်ဖြေသည်။
“အရှင်၊ ဒီဝမ်ကွေ့ဂိုဏ်းနဲ့ ကျွန်တော်မျိုးနဲ့အဆက်အသွယ်မရှိပါဘူး။ သူတို့က Netherworld ကို ယဇ်ပူဇော်လေ့ရှိတယ်၊ အဲ့တာကြောင့် သူတို့ ကျွန်တော်မျိုးဆီမကြာခဏ ကျွန်တော်မျိုး ဆီရောက်လာတတ်ကြတယ်”
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
“ယဇ်ပူဇော်ဖို့အတွက် အသက်ရှင်နေတဲ့ဝိဉာဥ်တွေကို အသုံးပြုကြတာလား”
တစ္ဆေဘုရင်သည် ဝမ်ကွေ့ဂိုဏ်းကို စိတ်ထဲမှ ကျိန်ဆဲ၍ ငိုတော့မည့်အလားခံစားလိုက်ရသည်။ ထိုသို့သော ဘိုးဘေးတစ်ယောက်ကို မည်သူကို ရန်စဝံ့ခဲ့သနည်း။ သေချင်နေခြင်းလော။
ထိုအချိန်တွင် ရွှယ်အန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
“နေပါစေတော့၊ ဒီတစ်ခါတော့ ငါမင်းကို သက်ညှာပေးလိုက်မယ်၊ အနာဂတ်မှာ ဘာလုပ်ရမလဲဆိုတာ သိလား”
တစ္ဆေဘုရင်သည် ရင်ဘတ်ကို ပွတ်သပ်၍ အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။
“စိတ်ချပါအရှင်၊ ကျွန်တော်မျိုး နားလည်ပါတယ်”
“သွားတော့”
တစ္ဆေဘုရင်က ကြီးမားသော ခွင့်ပြုမှုတစ်ခုကို ခံယူလိုက်ရသကဲ့သို့ ခံစားလိုက်ရကာ၊ သူရောက်လာသော အချိန်ကွင်းပြင်ထဲသို့ လျင်မြန်စွာ ပြန်လည်ဆင်းသက်သွားသည်။
‘သေစမ်း၊ ငါနောင်ကျရင် သေမျိုးကမ္ဘာက ပူဇော်တဲ့ဟာတွေကို လျှော့စားမှ ဖြစ်တော့မယ်ထင်တယ်။ မဟုတ်ရင် ငါ့အသက်လေး အန္တရာယ်ရှိနေပြီ”
ထို့နောက် ရွှယ်အန်းသည် မုချီ၏ အလောင်းကို ငုံ့ကြည့်၍ ခပ်ပါးပါးပြုံးလိုက်ပြီးနောက် လက်ဖျောက်တီးလိုက်သည်။
မုချီ၏ ခန္ဓာကိုယ်မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီးနောက်၊ ရွှယ်အန်း၏ လက်ထဲသို့ရောက်သွားရာ၊ မုချီ၏ မူလခန္ဓာကိုယ် အသွင်အပြင် ပြန်လည် ပေါ်လာ၏။
ဤသည်ကား မူချီ၏ ဝိဉာဥ်ဖြစ်သည်။ ယခုမူ မုချီ၏ မျက်နှာထက်တွင် ထိတ်လန့်မှုဖြင့် ပြည့်နှက်နေ၏။ တစ္ဆေဘုရင်နှင့် ရွှယ်အန်းအကြားမှ စကားပြောဆိုမှုကို ကြားခဲ့ရပြီးနောက်၊ တစ္ဆေဘုရင်ကဲ့သို့ စွမ်းအားကြီး ဖြစ်တည်မှုတစ်ခုကိုပင် ရွှယ်အန်းသည် အလေးမထားခဲ့ပေ။
သူ၏ ကျောထောက်နောက်ခံသည် မည်သို့နည်း။
မုချီသည် သူ့ခန္ဓာကိုယ်ကိုမထားခဲ့ဝံ့ဘဲ၊ ရွှယ်အန်းက သက်ညှာပေးလိမ့်မည်ဟု မျှော်လင့်လျက်၊ အလွန် ထိတ်လန့်နေသည်။ ကံမကောင်းစွာဖြင့် ရွှယ်အန်း၏ အာဗာတတရား ထိန်းထားနိုင်စွမ်းကို လျှော့တွက်ခဲ့သည်။
“ဒီနေ့ ငါမင်းကို စုဆောင်းမယ်လို့ ပြောလိုက်တယ်” ရွှယ်အန်းက စိတ်မရှည်စွာဖြင့်ပြောသည်။ မုချီ၏ ဝိဉာဥ်သည် ရွှယ်အန်း၏ လက်ဖဝါးပေါ်တွင် ဦးညွတ်လျက်၊ အသက်ချမ်းသာပေးရန် တောင်းဆိုနေသည်။
“ကျွန်တော့်ကို ချမ်းသာပေးပါ အရှင်၊ ကျွန်တော့်အသက်ကို ချမ်းသာပေးပါ၊ ကျွန်တော် မျက်လုံးကန်းပြီး အရှင့်ကို စော်ကားခဲ့မိပါတယ်၊ ကျွန်တော့်ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်”
“မင်းကို ခွင့်လွှတ်ရမယ်ဟုတ်လား၊ ဒါဆို မင်းဒုက္ခပေးခဲ့တဲ့ ဝိဉာဥ်တွေကိုရော၊ မင်းသက်ညှာပေးခဲ့လို့လား” ရွှယ်အန်း၏ လက်ဖဝါးထဲတွင် ဖြူဖွေးသောမီးတောက်တစ်ခု ထပ်မံပေါ်လာပြန်သည်။
နာကျင်စွာငိုကြွေးသံနှင့်အတူ၊ မုချီသည် အမှုန်ပင် မကျန်ခဲ့ဘဲ၊ ပျောက်ကွယ်သွားသည်။ သူ၏ ဝိဉာဥ် ကွဲလွင့်သွားပြီးနောက်၊ သူမည်သည့်စကားကိုမျှ ကြားရတော့မည်မဟုတ်ပေ။
တစ်နေရာလုံး ပကတိတိတ်ဆိတ်သွားသည်။
အဘိုးကြီးကျိုက်က ရွှယ်အန်းကို ထိတ်လန့်စွာစိုက်ကြည့်နေသည်။
“ဒီလေးနှစ်အတွင်း မင်းဘာတွေ ဖြတ်သန်းခဲ့ရလဲ”
ဖုန်းချောင်ချုန်းနှင့် ကျို့ယွိချီတို့ကဲ့သို့ သူများသည် ခေါင်းမမြှောက်ဝံ့တော့ဘဲ၊ ပို၍ပင် ကြောက်လန့်နေကြသည်။ အထူးသဖြင့် ဖုန်းချောင်ချုန်းပင်ဖြစ်ရာ၊ ဤအခိုက်အတန့်တွင် သူ့နှလုံးသားထဲ၌ ထိတ်လန့်မှုများပြည့်နှက်နေသည်။
ဤသို့သောသူနှင့် ရင်ဆိုင်ရန် သူ တကယ်ပဲ တွေးထားခဲ့မိသလော။
သူ့ကိုယ်သူ လွန်ကဲစွာ တွက်ဆမိခဲ့ခြင်းပင်ဖြစ်သည်။ ဤအချိန်တွင် ကျို့ယွိချီသည် ဒူးထောက်ရန် အသင့်နီးပါးဖြစ်နေပြီဖြစ်သည်။ တစ္ဆေဘုရင်သည် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သူနားလည်ထား၏။
တစ္ဆေဘုရင်သာ သူ၏ လက်ချောင်းများကို အနည်းငယ်လှုပ်ရှားလိုက်ပါက၊ ဤနေရာတွင်ရှိနေသောသူတိုင်း ဝိဉာဥ်များအဖြစ် ကြေမွပြောင်းလဲသွားပေလိမ့်မည်ဖြစ်သည်။ သို့ထိတိုင်၊ ထိုကဲ့သို့သော ကြောက်မက်ဖွယ်ဖြစ်တည်မှုတစ်ခုသည် ရွှယ်အန်းကို အလွန်လေးစားနေရ၏။
ရွှယ်အန်း၏ ဖြစ်တည်မှုမျိုးသည် ကျို့ယွိချီတွေးပင်မတွေးဝံ့သည့်အရာပင်ဖြစ်သည်။ ထိုအချိန်တွင် ကောင်းကင်၌ ဖုံးနေသော တိမ်များအားလုံး တဖြည်းဖြည်းပြန့်ကျဲလာကာ၊ ကျောက်လုံ၏ အမူအရာသည် ပို၍ နာကျင်မှုများပြည့်လာ၏။
ရွှယ်အန်းက မော့ကြည့်၍ ဘာသိဘာသာပြောလိုက်သည်။
“ကဲ၊ ငါ မင်းကို ကောင်းကင်ပေါ်တက်ဖို့ ကူညီပေးမယ်”
ဤသို့ပြောလျက်၊ သူသည် ရုတ်တရက်၊ လေထဲသို့ ခုန်ဆင်းလျက်၊ ကောင်းကင်ယံသို့ လက်တစ်ဖက်ကို ညွှန်ပြကာ၊ နူးညံ့စွာအော်လိုက်သည်။
“ငါ့အမိန့်ကိုနားထောင်ကြ၊ မိုးကြိုး”
တဟုန်ထိုးမိုးခြိမ်းသံများနှင့်အတူ၊ ယခင်က ပါးလွှာသော တိမ်တိုက်များသည် ရုတ်တရက် ထူထပ်လာကာ၊ အလယ်ဗဟိုတွင် တိမ်တိုက်များဝေ့ဝဲစုစည်းလျက်၊ လျှပ်စီးအလင်းရောင်အချို့ မှိန်ဖျော့စွာပေါ်လာသည်။
ကျောက်လုံသည် ခေါင်းကိုမြှင့်လိုက်ကာ၊ ၎င်း၏ ပြတ်သားသော မြွေမျက်လုံးများ မှိတ်တုတ်မှိတ်တုတ် ပေါ်လာသည်။
ထိုအချိန်တွင် ရွှယ်အန်းက အော်လိုက်၏။
“ပစ်”
မိုင်ဝက်အထူရှိသော လျှပ်စီးကြောင်းကြီးသည် အောက်ဘက်သို့ ကျဆင်းလာသည်။ ကျယ်လောင်သော မိုးခြိမ်းသံနှင့်အတူ၊ ကောင်းကင်ယံသည်လည်း တောက်ပစွာလင်းထိန်လာ၏။
လူအပေါင်းတို့သည် ကောင်းကင်နှင့် မြေကြီး၏စွမ်းအားအောက်တွင် တုန်လှုပ်နေကြသည်။ အန်းချင်နှင့် သူမနောက်သို့ လိုက်ပါလာသော အစောင့်အကြပ်များအားလုံး၊ အထူးသဖြင့်၊ အန်းချင်သည် သူမကိုယ်သူမ ရေရွတ်ပြောဆိုနေ၏။
“အစ်မရေ၊ ခဲအိုက အင်မော်တယ်အရှင်ဖြစ်သွားပုံရတယ်”
လျှပ်စီးကြောင်းသည် ကျောက်လုံဆီသို့ တည့်တည့်ဦးတည်သွားကာ၊ ကျို့ယွိချီတပ်ဆင်ထားသည့်အလံငယ်များကို ပြာမှုန့်အဖြစ်ပြောင်းလဲသွားစေလိုက်သည်။
ကျောက်လုံထံမှ ကြီးမားသော ဟိန်းဟောက်သံကြီးပေါ်ထွက်လာပြီးနောက်၊ ရေကန်ထဲမှ ထွက်၍ မိုးကြိုးဆီသို့ တည့်တည့် ချီတက်ပျံသန်းလိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီးကြောင့် ချင်းမန်တောင်သည်လည်း လှုပ်ယမ်းသွား၏။ ရွှယ်အန်းသည် သူ့နောက်ကျောတွင် လက်နှစ်ဖက်ယှက်၍ လေထဲ၌ မတ်တပ်ရပ်ကာပြောလိုက်သည်။
“ဒီမိုးခြိမ်းသံ၊ ဒါကို မင်းတို့က နဂါးကောင်းကင်ပေါ်တက်တယ်လို့ ခေါ်တာလား”
သူ့စကားအဆုံးတွင် ကောင်းကင်နှင့် မြေကြီးသို့ ထိုးဖောက်ဝင်ရောက်သွားသော နဂါးကြီး၏ ဟိန်းဟောက်သံထွက်ပေါ်လာသည်။ ဤမိုးကြိုးပစ်မှုအောက်တွင် ကျောက်လုံ၏ စပါးကြီးမြွေအရေခွံသည် အပြည့်အဝကျွတ်ထွက်သွား၏။ စပါးကြီးမြွေအကြီးခွံများ လုံးလုံးကျွတ်သွားပြီးနောက်၊ နဂါးအကြေးခွံများထွက်ပေါ်လာသည်။
နဂါးဦးချိုများသည်လည်း ရှည်ထွက်လာလျက်၊ အလွန်ခမ်းနားတင့်တယ်လျက်ရှိရာ၊ ၎င်း၏ အောက်ခြေတွင်လည်း နဂါးခြေသည်းတစ်စုံထွက်ပေါ်လာသည်။
ထိုအချိန်မှစ၍ ဧရာမနဂါးကြီးက ကုလားအုတ်ကဲ့သို့ ဦးခေါင်း၊ သမင်ကဲ့သို့ ဦးချို၊ ယုန်ကဲ့သို့ မျက်လုံးများ၊ နွားကဲ့သို့နားရွက်များ၊ မြွေကဲ့သို့ လည်ပင်းနှင့်၊ ကျားသစ်ကဲ့သို့ဝမ်းဗိုက်၊ ငါးကြင်းကဲ့သို့ အကြေးခွံများ၊ လင်းယုန်ကဲ့သို့ ခြေသည်းများနှင့် ကျားကဲ့သို့ လက်ဖဝါးများပေါ်လာသည်။ လူတိုင်း အံ့သြကုန်ကြသည်။
ကျို့ယွိချီသည် ပို၍ပင် အံ့သြနေ၏။
“ဒါ ခြေသည်းငါးခုရှိတဲ့ နဂါးပဲ၊ ဒါက ထစ်ဆင့်ပိုပြီး အဆင့်မြင့်နေတာ”
ဧရာမနဂါးကြီးသည် ကောင်းကင်ယံထက်တွင် ပျံဝဲပြီးနောက်၊ ရွှယ်အန်း၏ ခြေရင်းသို့ ဆင်းသက်ကာ၊ သူ့ကို တိုက်ရိုက်သယ်ဆောင်သွားသည်။ ဤသည်ကား ကောင်းကင်ဘုံသို့တက်လှမ်းရန် နဂါးစီးခြင်း၏ စစ်မှန်သော အဓိပ္ပါယ်ပင်ဖြစ်သည်။ ရွှယ်အန်းက ပြုံး၍ ပြောလိုက်သည်။
“ငါ့သမီးနှစ်ယောက်ကို ခေါ်ခဲ့”
ဧရာမနဂါးကြီးသည် မြေပြင်ပေါ်သို့ နာခံစွာဖြင့် ပြန်လည်ဆင်းသက်သောအခါ၊ ရွှယ်အန်းက သူ့သမီးနှစ်ယောက်ကို လက်ကမ်းလိုက်သည်။
“လာ၊ ဖေဖေ သမီးတို့ကို ဆော့ဖို့ ခေါ်သွားမယ်”
ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့က ကြောက်ရွံ့ခြင်းအလျင်းမရှိဘဲ၊ တက်လာသည်။ ထို့နောက်၊ ရွှယ်ရှန်းက အကြီးအကဲကျိုက်နှင့် အန်းချင်တို့ကို ပြောလိုက်သည်။
“သွားကြစို့”
ဤအခိုက်အတန့်တွင် အကြီးအကဲကျိုက်၏ တစ်ကိုယ်လုံး တုန်ယင်နေ၏။ ချင်းမန်တောင်တွင် သူနေထိုင်နေရသည့်အကြောင်းအရင်းမှာ သူ၏ ကွယ်လွန်သူဆရာသခင်၏ စိတ်ကြောင့်ဖြစ်သည်။
ကောင်းကင်ဘုံသို့ ကျောက်လုံတက်လှမ်းသွားသည်ကို မြင်လိုက်ရသောအခါ၊ အလွန်အမင်းဝမ်းသာအားရဖြစ်သွားမိသည်။ သူတို့အားလုံး နဂါး၏ ကျောပေါ်သို့ရောက်သည်နှင့် ရွှယ်အန်းက ပြောလိုက်သည်။
“သွားကြရအောင်”
ဧရာမနဂါးကြီးက ဟိန်းဟောက်၍ ကောင်းကင်ယံသို့ တည့်တည့်ပျံတက်သွားရာ၊ ကောင်းကင်ယံထက်တွင် လျင်မြန်စွာပျောက်ကွယ်သွား၏။ ကျို့ယွိချီနှင့် ဖန်းချောင်ချုန်းတို့သည် အချိန်အတော်ကြာ ထိတ်လန့်နေကြပြီးနောက်၊ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။
“မစ္စတာကျို့…”
ကျို့ယွိချီက သူ့စိတ်ဝိဉာဥ်များကြေမွသွားသကဲ့သို့ ခံစားနေရကာ၊လက်ကိုခါယမ်း၍ ပြောလိုက်သည်။
“ဖုန်းရှောင်၊ သွားကြရအောင်၊ ဒီလူက ငါတို့ ရန်စလို့ တတ်နိုင်မယ်သူ့မဟုတ်ဘူး”
အခန်း (၇၅) ကုဒ်အမည်။ ။ အင်မော်တယ်ဖီးနစ်ငှက်
မကြာသေးမီက အခင်းအကျင်းကို ပြန်တွေးကြည့်ပြီးနောက်၊ ဖုန်းချောင်ချုန်းသည် တုန်လှုပ်ခြောက်ခြားလျက်ရှိ၏။ ချင်းမန်မြို့သို့ ခရီးစဥ်သည် အသီးအပွင့်ကိုမျှ မရရှိခဲ့ရုံသာမက၊ လက်ရွေးစင်လက်အောက်ငယ်သားအများအပြားလည်း ဆုံးရှုံးခဲ့၍ ကြီးမားသော ဆုံးရှုံးမှုကြီးတစ်ခုပင်ဖြစ်သည်။ သူပြန်သွားပါက၊ သူ့မိသားစု၏ ပြစ်ဒဏ်ကို လက်ခံရတော့မည်ကိုလည်း မျှော်လင့်ထားရမည်ဖြစ်သည်။
“သူ… သူက တကယ် အင်မော်တယ်ဖြစ်သွားပြီလား” ဖုန်းချောင်ချုန်းက သူ့ဘာသာရေရွတ်လိုက်သည်။
ကျို့ယွိချီက ခေါင်းခါ၍ ပြန်ဖြေသည်။
“မဟုတ်လောက်ဘူး။ ငါ သူ့ကို သေချာ မမြင်နိုင်ဘူး”
ဖုန်းချောင်ချုန်းက မျက်ခုံးပင့်၍ နူးညံ့စွာပြောလိုက်သည်။
“ကျုံးတုမြို့က ရှဲ့မိသားစုနဲ့…”
ကျို့ယွိချီက ခေါင်းခါလိုက်သည်။
“မသိဘူး၊ သိလည်း မသိချင်ဘူး။ ဖုန်းရှောင်၊ ငါတို့ ပြန်ရောက်ရင် ငါဒီနေရာကနေထွက်သွားတော့မယ်။ ကမ္ဘာလှည့်ပြီးခရီးသွားမယ်။ မင်းကတော့… ကိုယ့်ဘာသာကိုယ်ပဲ ဂရုစိုက်ပါ” ကျို့ယွိချီ၏နောက်သို့ ဆုတ်ခွာသွားသော ပုံရိပ်ကို ကြည့်ကာ၊ ဖုန်းချောင်ချုန်း၏ စိတ်ထဲတွင် ခံစားချက်များရောထွေးလာသည်။ ဤမစ္စတာ ကျို့သည် ကျုံးတုမြို့တွင် အထင်ကရပုဂ္ဂိုလ်တစ်ဦးဖြစ်သည့်တိုင် ယခုမှု ရှုံးနိမ့်သွားသောတိုက်ကြက်တစ်ကောင်ကဲ့သို့ ထွက်ပြေးသွား၏။
‘ဒီရွှယ်အန်းက တကယ်ပဲ ကြောက်ဖို့ ကောင်းလောက်လား’
‘ရှဲ့မိသားစုကလူတွေထက် သူပိုပြီး အစွမ်းထက်လောက်လား’
‘ရှဲ့မိသားစုက ကြီးမားတဲ့ပိုင်ဆိုင်မှုတွေပိုင်ဆိုင်ထားတာပဲလေ’
ပျံသန်းနေသော နဂါးကြီးသည် ချင်းမန်မြို့၏ ယွဲ့လိုင်ဟိုတယ်၏ ခေါင်မိုးထက်သို့ သက်ဆင်းသွားသည်။ ဆုန်ရိနှင့် ရွှယ်လန်တို့ နှစ်ဦးသားလုံးက ကြိုဆိုရန် ထွက်လာသောအခါ၊ နှစ်ယောက်လုံး အံ့သြသွားရ၏။
ဆုန်ရိက စိတ်လှုပ်ရှားနေသော မျက်နှာထားဖြင့် အော်ပြောလိုက်သည်။
“ခြေသည်းငါးချောင်းရှိတဲ့ ရွှေနဂါးကြီး… ဒီဘက်ခေတ်မှာ ဒီလိုမျိုး နတ်သားရဲတွေ ပေါ်မလာသင့်တော့ဘူးမလား”
ရွှယ်လန်၏ မျက်နှာသည်မူ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေ၏။ ဤသည်မှာ အသက်ရှင်လျက်၊ အသက်ရှုနေသော နဂါးကြီးဖြစ်သည်။ ရွှယ်အန်းနှင့် အခြားသူများသည် နဂါး၏ နောက်ကျောပေါ်မှ ဆင်းသက်လာကြသည်။ အဘိုးကြီးကျိုက်သည် လေးစားမှုအပြည့်ဖြင့် နဂါးကြီး၏ ဘေးတွင် ရပ်နေ၏။ နဂါးက အဘိုးကြီးကျိုက်ကို မှတ်မိပုံရသော်လည်း ထိုသူကြီးသည် အင်အားနည်းလွန်းလှသောကြောင့် ဥပက္ခာပြုထား၏။
နဂါးများသည် ဂုဏ်မောက်သော သတ္တဝါများဖြစ်ကြသည်။
အကယ်၍ သင်က ၎င်းတို့ကို အနိုင်မယူနိုင်သရွေ့၊ ၎င်းတို့က သင့်ကို မိတ်ဖွဲ့လိမ့်မည်မဟုတ်ပေ။
“ရှောင်အန်း၊ ကိုကို” ရွှယ်လန်က ပြောသည်။
“ငါနဲ့လိုက်ခဲ့”
“ဟုတ်”
ရွှယ်လန်သည် ရွှယ်အန်းနှင့်အတူ၊ အခန်းထဲသို့ လိုက်ဝင်သွားပြီးနောက်၊ တံခါးကို ပိတ်လိုက်ကာ၊ နှစ်ဦးတည်း ရှိစေလိုက်သည်။ ရွှယ်လန်၏ နှလုံးသားသည် အလွန်လျင်မြန်စွာခုန်လျက်ရှိရာ၊ ခေါင်းကိုငုံ့၍ သူမ၏ အဝတ်များကို ပွတ်သပ်နေ၏။
“ညီမလေး… တာအိုကျင့်ကြံမှုကို လေ့ကျင့်ချင်လား”
ရွှယ်လန်က သူဤသို့မေးလာသည်ကို ကြားလိုက်ရသဖြင့်၊ အလွန်အံ့အားသင့်သွားရ၏။
သို့သော် ရွှယ်လန်က လျင်မြန်စွာခေါင်းညိတ်လိုက်သည်။
“ဒါပေမယ့် သေချာစဥ်းစားကြည့်ရမှာပေါ့၊ ကျင့်ကြံရေးလမ်းကြောင်းဆိုတာ ကောင်းကင်ကိုဆန့်ကျင်ရတာနဲ့အတူတူပဲ၊ တစ်ခါစပြီးတာနဲ့ နောက်ပြန်လှည့်လို့မရတော့ဘူး”
“ညီမလေး နားလည်ပါတယ်” ရွှယ်လန်က လေးနက်စွာခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ၊ ဒါဆို ကိုကို ညီမလေးကို မန္တန်တစ်ခုသင်ပေးမယ်။ ဘယ်သူ့ကိုမှ မထုတ်ပြဖို့ မမေ့နဲ့၊ ညီမလေးအောင်မြင်တဲ့ဟာက ညီမလေးကံကြမ္မာပေါ်မှာပဲ မူတည်လိမ့်မယ်”
ဤသို့ပြော၍ ရွှယ်လန်းက ရွှယ်လန်၏ ခေါင်းကို ပွတ်သပ်လိုက်သည်။
ထို့နောက်၊ ပြီးပြည့်စုံသော ကျင့်ကြံရေးစနစ်တစ်ခုကို ရွှယ်လန်၏ထံသို့ လွှဲပြောင်းပေးလိုက်၏။
ဤသည်မှာ ရွှယ်အန်းသည် စကြဝဌာကို ဖြတ်သန်းသွားလာခဲ့စဥ်အတွင်း အမျိုးသမီးကျင့်ကြံရေးဂိုဏ်းတစ်ခုမှ စုဆောင်းလာခဲ့သော ရွှယ်လန်အတွက် အထူးရွေးချယ်ပေးထားသည့် ကွေ့ရေကျင့်စဥ်တစ်မျိုးဖြစ်သည်။
ဟန်ချက်ညီညီနှင့် အမှားအယွင်းများကို အလွယ်တကူမလုပ်မိစေနိုင်သော နည်းလမ်းတစ်ခုဖြစ်ရာ၊ အမျိုးသမီးများ ကျင့်ကြံရန်အတွက် အသင့်တော်ဆုံးဖြစ်သည်။ တံခါးပွင့်လာသောအခါ၊ အန်းချင်သည် လျှောက်လမ်းတွင် မတ်တပ်ရပ်နေလျက်၊ ရွှယ်အန်းကိုကြည့်၍ ရယ်မောလိုက်သည်။
“အိုး အခုတည်းက ထွက်လာပြီလား”
ရွှယ်အန်းက ချောက်ကပ်စွာပြုံးလိုက်သည်။
“ဒါ ငါ့ညီမလေး”
“ညီမလေးဟုတ်လား၊ ရှင့် ညီမအစစ်လား၊ ဒါမှမဟုတ်၊ ကျမ်းကျိန်ထားတဲ့ညီမလား” အန်းချင်က အေးစက်စွာပြောသည်။
သူမသည် ရွှယ်အန်းကို ယာယီခွင့်လွှတ်ပေးခဲ့သော်လည်း ၎င်းသည် ရွှယ်အန်းက အခြားအမျိုးသမီးများကို ပေါ့ပေါ့ဆဆ ရှာဖွေနိုင်လိမ့်မည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ သူမ၏ အစ်မအတွက်ကြောင့် ရွှယ်အန်းကို အနီးကပ်စောင့်ကြည့်နေရမည်ဖြစ်သည်။
“မင်းနောက်လိုက်တွေက စစ်တပ်ကလာတာမဟုတ်လား” ရွှယ်အန်းက မသိမသာမေးလိုက်သည်။
အန်းချင်က ခေါင်းညိတ်လိုက်၏။
“မဆိုးပါဘူး၊ ရှင် ခန့်မှန်းတာ တော်သားပဲ၊ သူတို့က စစ်တပ်ထဲက လျှို့ဝှက်တပ်ဖွဲ့တစ်ခုလေ၊ ကျွန်မလည်း ဒီတပ်ဖွဲ့ရဲ့ တပ်ဖွဲ့ဝင်ပဲ”
“နဂါးအဖွဲ့လား” ရွှယ်အန်းက စူးစမ်းလိုစိတ်အချို့ဖြင့် မေးသည်။
“ကျွန်မတို့က အထူးတပ်ဖွဲ့ပဲ၊ ကျွန်မတို့ ကုဒ်နာမည်က အတည်တကျမရှိဘူး။ ဒါပေမယ့် ကျွန်မတို့အဖွဲ့ကို အင်မော်တယ်ဖီးနစ်လို့ခေါ်ကြတယ်”
အသက်ပြည့်သေးပုံမပေါ်သော ဤငယ်ရွယ်သည့် အဒေါ်ကို ကြည့်၍ ရွှယ်အန်းက အနည်းငယ်ရယ်မောလိုက်သည်။
ရွှယ်အန်း၏ မယုံကြည်မှုကို ခံစားသိရှိလိုက်ရသဖြင့် အန်းချင်က သူ့ကို စိုက်ကြည့်၍ ခိုင်မာစွာပြောသည်။
“ဘာလဲ၊ ရှင်က မယုံဘူးလား။ ကျွန်မ ရှင့်ကို ပြောပြမယ်။ ကျွန်မရဲ့ ဟက်ကင်းစကေးက ကမ္ဘာ့ထိပ်တန်းသုံးယောက်စာရင်းဝင်တယ်ရှင့်”
အန်းချင်သည် တကယ်ကိုပင် အမှန်တရားကို ပြောနေခြင်းဖြစ်သည်။ သူမသည် ကျုံးတုမြို့တွင်ထင်ရှားသော အန်းမိသားစုမှ မွေးဖွာားလာသော်လည်း၊ သူမသည် နေ့ခင်းပိုင်း လက်ဖက်ရည်ထွက်သောက်ကာ၊ စျေးထွက်ဝယ်တတ်သော အရုပ်ကဲ့သို့ ပြင်ဆင်အချိန်ဖြုန်းကြသည့် အခြားသော လူချမ်းသာမိသားစုမှ သမီးများနှင့် မတူပေ။ သူမသည် ထိုအရာများကို စိတ်မဝင်စားပေ။ အန်းချင်အကြိုက်ဆုံးအရာမှာ၊ အင်တာနက် ကွန်ရက်နှင့် ဆက်နွယ်ရခြင်းဖြစ်သည်။ ဆိုက်ဘာလောကတွင် သူမသည် စစ်မှန်သော ဘုရင်တစ်ဆူဖြစ်သည်။ သူမကို ကျောက်စိမ်းလိပ်ပြာဟု နိုင်ငံခြားပညာရှင်များစွာက သိကြသည်။
သူမသည် အစ်မဖြစ်သူကို ရှာဖွေမည်ဟူသော မျှော်လင့်ချက်ဖြင့်၊ ဤကွန်ပျူတာ ပညာရပ်ကို လုံ့လစိုက်ထုတ်၍ လေ့ကျင့်ခဲ့သည်။
သို့သော် သူမ၏ ကျော်ကြားမှုကြီးထွားလာသည်နှင့်အမျှ သူမသည် နောက်ဆုံးတွင် အင်မော်တယ်ဖီးနစ်အဖွဲ့သို့ ခေါ်ယူ၊ ခန့်အပ်ခြင်းခံခဲ့ရသည်။ ရွှယ်အန်းက လေးနက်လာသည်။ မည်သည့်နယ်ပယ်ပင်ဖြစ်နေစေကာမူ၊ ကမ္ဘာထိပ်တန်းသုံးယောက်ထဲတွင် ရပ်တည်နေခြင်းသည် သေးငယ်သော စွမ်းဆောင်ချက်မဟုတ်ပေ။
သူ၏ အဒေါ်ငယ်လေးသည် သာမန်လူတစ်ဦးမဟုတ်သည်မှာ သေချာ၏။
အန်းချင်က သူမ၏ ခေါင်းကို ဂုဏ်ယူစွာဖြင့် မော့နေသောအချိန်၌ပင်၊ ကလေးမလေးနှစ်ယောက်ပြေးဝင်လာသည်။
“အန်တီလေး… အန်တီလေး၊ သမီးတို့မှာ ဘာရထားလဲကြည့်လိုက်” ကလေးမလေးနှစ်ယောက်က သွယ်လျသော ကြိုးလေးတစ်ချောင်းကို ကိုင်၍ ကြွားဝါလိုက်ကြသည်။
သူမသည် ၎င်းတို့နှင့် အချိန်တိုလေးသာကုန်ဆုံးခဲ့ခြင်းဖြစ်သော်လည်း အန်းချင်သည် ကလေးမလေးနှစ်ယောက်နှင့် နက်ရှိုင်းသော နှောင်ကြိုးတစ်ခုကို ချည်နှောင်ခဲ့ပြီးဖြစ်၏။
“နင်တို့ ငညစ်မလေးတွေ၊ အန်တီ့ကို ပြကြည့်”
၎င်းကို လှမ်းယူရန် လက်ကမ်းလိုက်စဥ်တွင် ဤပေါ့ပါးသည်ဟုထင်ရသော ပိုးချည်မျှင်သည် အလွန်လေးလံနေလိမ့်မည်ဟု သူမမမျှော်လင့်ခဲ့ပေ။
“ဟမ် ဒါကဘာလဲ”
ရွှယ်အန်းသည် ဘေးမှ တစ်ချက်ကြည့်ရုံဖြင့်ပင် ပြောနိုင်၏။
ဤသည်ကား နဂါးပါးသိုင်းမွှေးပင်ဖြစ်သည်။
“သမီးတို့ အဲ့ငါးကြီးရဲ့ ပါးစပ်ကနေနှုတ်လာတာလေ၊ မိုက်တယ်မလား”
အန်းချင်တစ်ယောက် ပြောစရာစကားလုံးများ ပျောက်ဆုံးသွားရသည်။
‘အဲ့တာ နဂါးလေ…’
ဒဏ္ဍာရီများနှင့် ပုံပြင်များတွင်သာရှိတတ်သော နိုင်ငံ၏ အထွဋ်အမြတ်ထားခံထားရသော သားရဲကြီးသည် ရွှယ်အန်း၏ လက်ထဲတွင် အိမ်မွေးတိရစ္ဆာန်မျှသာ ဖြစ်ပုံရသည်။ ရွှယ်အန်းက ကလေးမလေးနှစ်ယောက်၏ ခေါင်းကို ပွတ်၍ ပြုံးလိုက်သည်။
“အရမ်းအထင်ကြီးစရာပဲ။ လာပါ၊ အိမ်ပြန်ကြစို့”
၎င်းတို့ အပြင်သို့ လှမ်းပြီးသည်နှင့် နဂါးသည် ရွှယ်အန်းနှင့် ရွှယ်နျန်တို့ကို မြင်လိုက်ရသောအခါ၊ အထိတ်တလန့်ဖြင့် နောက်ပြန်ဆုတ်သွားသည်။ သိသာစွာပင် ၎င်းသည် ဤဘွားအေမလေးနှစ်ယောက်ကို အလွန်ကြောက်နေကြခြင်းဖြစ်သည်။ ရွှယ်အန်းက ရယ်မောလျက်၊ ၎င်းကို ပွတ်သပ်ပေးလိုက်၏။
“လာစမ်းပါ၊ မင်းက နဂါးပဲကို အနည်းဆုံးတော့ မာနလေးထားမှပေါ့၊ မဟုတ်ဘူးလား၊ ဒါ နဂါးပသိုင်းမွှေးသက်သက်ပဲလေ”
ကျောက်လုံကအသံတစ်သံပင်မထွက်ဝံ့ဘဲ၊ ခေါင်းကို ငုံ့ထားလိုက်သည်။ ရွှယ်အန်းသည် ကလေးမလေးနှစ်ယောက်ကို ခေါ်၍ အိမ်သို့ပြန်ခဲ့ရာ၊ အန်းချင်နှင့်အခြားသူများက သူ့နောက်သို့လိုက်လာကြသည်။
တာအိုကျင့်ကြံသူကျိုက်နှင့် ရွှယ်လန်တို့နှစ်ဦးသည်သာ ကျန်ရစ်ခဲ့၏။
နဂါးကြီးသည် ကောင်းကင်ယံထက်သို့ ပျံတက်သွားကာ၊ ကြီးမားခမ်းနားသော ညအလယ်၌ ပျောက်ကွယ်သွားသည်။
ဆုန်ရိက အံ့သြခြင်းကြီးစွာဖြင့် ကောက်ချက်ချလိုက်၏။
“တကယ့်ကိုပဲ အင်မော်တယ်တစ်ပါးရဲ့ လမ်းစဥ်တွေပဲ”
ယခုအချိန်တွင် ရွှယ်အန်းအပေါ်သို့ သူ၏ယုံကြည်မှုသည် ပို၍ ခိုင်မာလာခဲ့ပြီဖြစ်သည်။ ခြေသည်းငါးချောင်းပါသော ရွှေနဂါးကြီးတစ်ကောင်ကို ယဥ်ပါးစေနိုင်သည့်သူသည် မည်သို့သော အဆင့်တွင်ရှိနေသနည်း။
‘သူ လွတ်မြောက်အင်မော်တယ်l အဆင့်ကို ရောက်သွားတာများလား’ ဆုန်ရိက တွေးသည်။
အကယ်၍ သူသာ လွတ်မြောက်အင်မော်တယ်lဖြစ်လျှင်၊ ဟွာရှားလောက၌သာမက၊ ကမ္ဘာတစ်ခုလုံး၌ပင် ထိပ်တန်းစွမ်းအားရှင်တစ်ယောက်ဖြစ်ပေလိမ့်မည်ဖြစ်သည်။
ဆုန်ရိသိထားသည်မှာ ကျုံးတုမြို့မှ ထင်ရှားသော မိသားစုများ၏ ကြည်ညိုလေးစားခြင်းခံရကာ၊ လူမြင်ကွင်းတွင် မြင်ရခဲသည့် ရှားပါးသော လွတ်မြောက်အင်မော်တယ်lနှစ်ပါးရှိသည်။
စီရင်စုမြို့တော်ရှိ ရှဲ့မိသားစုတွင်လည်း အကြီးအကဲဘိုးဘေးတစ်ယောက် သက်ရှိထင်ရှားရှိနေပုံရသည်။ ထို့နောက်၊ လင်နန်မြို့ရှိ အင်မော်တယ်ဓားနှင့်၊ စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်သူ လင်းသည်လည်း လွတ်မြောက်အင်မော်တယ်lဖြစ်သည်ဟု ကောလဟာလများရှိခဲ့သည်။
ရွှေနဂါးကြီးသည် အလွန်လျင်မြန်စွာဖြင့် ပျံသန်းသွားရာ၊ ကားဖြင့် တစ်နာရီကျော်ကြာမြင့်မည့် ခရီးသည် မိနစ်အနည်းငယ်သာကြာခဲ့၏။
ရွှယ်အန်းက နံပါတ်တစ်ရှန်ဗီလာရှေ့သို့ တိုက်ရိုက်ဆင်းသက်ရန် နဂါးကြီးကို ညွှန်ကြားလိုက်သည်။