အခန်း (၈၂-၈၄)
Vol. 6 Ch. 82-84
အခန်း(၈၂) ကောင်းကင်ကို လက်တစ်ဖက်ဖြင့် ဖုံးအုပ်ခြင်း
ဖန်းမင်ရွှယ်သည် အနည်းငယ်တုံ့ဆိုင်းသွားကာ၊ ဖန်းမင်ရွှယ်နှင့် အဝေးဆုံးနေရာရှိ ထောင့်တစ်နေရာတွင် သွားထိုင်လိုက်သည်။ ရှဲ့ထန်စီက ခပ်ဖျော့ဖျော့ပြုံး၍ မျက်လုံးများကို မှိတ်၍ ထိုလှသောအမျိုးသမီးက နားရွက်ကို သန့်စင်ပေးနေသည်ကို ခံစားနေလိုက်သည်။
အခန်းတွင်းရှိ လေထုသည် တင်းမာ၍ပြင်းထန်လာသည်။ ဖန်းမင်ရွှယ်က အံကိုကြိတ်လိုက်သည်။ သူမ ဤနေရာသို့လာခဲ့ရသည့်အကြောင်းအရင်းမှာ ရှဲ့ထန်စီကြောင့်သာဖြစ်သည်။ မူလက သူမသည် ပြည်နယ်မြို့တော်တွင် စတီဖန်နှင့်ရုပ်ရှင်ရိုက်နေခဲ့ခြင်းဖြစ်သော်လည်း စတီဖန်က ပြဿနာတက်နေသော မျက်နှာထားမျိုးဖြင့် သူမကို ဆင့်ခေါ်ခဲ့သည်။
“ဖန်း မင်းသိထားစရာတစ်ခုရှိတယ်”
ဖန်းမင်ရွှယ်က မည်သည့်အချင်းအရာဖြစ်ကြောင်း မသိသောကြောင့် ပြုံး၍ ပြောလိုက်သည်။
“ဘာကိစ္စရှိလို့လ ဒီလောက် လျှို့ဝှက်နေရတာလဲ”
စတီဖန်က သက်ပြင်းချလိုက်၏။
“တစ်ယောက်ယောက်က မင်းကို တွေ့ချင်လို့တဲ့”
“အိုး ဘယ်သူများလဲ” ဖန်းမင်ရွှယ်က အလိုလိုသတိဝင်လာ၏။
“ပြည်နယ်မြို့တော်မှာ ဘယ်သူရှိသေးလို့လဲ”
စတီဖန်က အနည်းငယ်ရှုံ့မဲ့၍ ပြောလိုက်သည်။
“ရှဲ့မိသားစုလား” ဖန်းမင်ရွှယ်၏နှလုံးခုန်သံသည် အနည်းငယ်မြန်လာ၏။
စတီဖန်၏ မျက်နှာသည်လည်း အနည်းငယ်ညှိုးငယ်သွားသည်။
“အမှန်ပဲ ရှဲ့မိသားစုပဲ၊ ရှဲ့မိသားစုရဲ့ ဒုတိယသား ရှဲ့ထန်စီပဲ”
ရှဲ့ထန်စီ။
ခရိုင်မြို့တော်၏ အထင်ရှားဆုံးနှင့် အကျော်ကြားဆုံးပုဂ္ဂိုလ်ဖြစ်ရာ ၊မည်သူမျှ မထိနိုင်ပေ။
ဖန်းမင်ရွှယ် အံ့သြသွားရသည်။ ရှဲ့ထန်စီကိုပင် သူမမသိခဲ့ရာ၊ အဘယ်ကြောင့် သူက သူမကို တွေ့ချင်ရသနည်း။
“ရှဲ့မိသားစု… တကယ်တမ်းတော့ ဒီဇာတ်ကားမှာ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူပဲ” စတီဖန်က ထုတ်ပြောလိုက်သည်။
“ရှဲ့ထန်စီက ရှင်းပါတယ်၊ သူက မင်းနဲ့ ပေါ့ပေါ့ပါးပါး ထမင်းစားချင်ရုံလောက်ပဲ။ မဟုတ်ရင် နောက်ဆက်တွဲအနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရပ်သွားလိမ့်မယ်”
ဖန်းမင်ရွှယ် အံ့သြသွားသည်။ လုပ်ငန်းနယ်ပယ်တွင် လေးနှစ်မှ ငါးနှစ်ကြာ ရုန်းကန်ခဲ့ရသူတစ်ဦးအနေဖြင့် ရှဲ့ထန်စီ၏ လုပ်ရပ်နောက်မ မလိုလားအပ်သော ရည်ရွယ်ချက်များကို သူမ မည်သို့ နားမလည်ဘဲနေလိမ့်မည်နည်း။
သို့သော် … သူမလုပ်နိုင်သောအရာမရှိပေ။
ဤဇာတ်ကားသည် ရိုက်ကူးရေးတစ်ဝက်သို့ပင် ရောက်နေပြီဖြစ်၍ အဖွဲ့သားအားလုံးသည်လည်း ပေါင်းစည်းပြီးဖြစ်ကြသည်။ ကမ္ဘာကျော် ဒါရိုက်တာစတီဖန်၏ လမ်းညွှန်မှုအောက်တွင် သူမ ခြေတစ်လှမ်းထပ်လှမ်းနိုင်ခဲ့သည်။
ယင်းကို ဤအတိုင်း လွယ်လင့်တကူ စွန့်လွှတ်လိုက်ရမည်လော။
ဖန်းမင်ရွှယ်၏အကျပ်အတည်းကို မြင်သောအခါ၊ စတီဖန်က သက်ပြင်းချလိုက်ရသည်။
“ဖန်း၊ ကျွန်တော် ဒီကိစ္စကို အကြိမ်ပေါင်းများစွာ ငြင်းခဲ့ပြီးပါပြီ၊ ဒါပေမယ့် ရှဲ့ထန်စီက မင်းနဲ့တွေ့ဖို့ တောင်းဆိုနေတုန်းပဲ၊ ကျွန်တော်လုပ်နိုင်တာ ဘာမှမရှိတော့ဘူး။ မင်းကိုယ်တိုင်ဆုံးဖြတ်ရလိမ့်မယ်”
“ကျေးဇူးတင်ပါတယ်၊ ကျွန်မစဥ်းစားလိုက်ပါ့မယ်”
ဖန်းမင်ရွှယ်က အတင်းပြုံး၍ ပြန်ဖြေသည်။
ထိုစကားကို ပြောပြီးနောက်၊ ဖန်းမင်ရွှယ်သည် သူမ၏ဝိဉာဥ်သည် ခန္ဓာကိုယ်ထဲမှ ထွက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ့နေရာသို့သူပြန်ရောက်သောအခါ ဟန်ယောင်းသည် သတင်းကြား၍ အပြေးရောက်လာခဲ့၏။ လုပ်ငန်းနယ်ပယ်တွင် ထိပ်တန်း ရွှေတံဆိပ်ဆုရထားသော အေးဂျင့်တစ်ဦးအနေဖြင့် သူမသည် မရေမတွက်နိုင်အောင် ခေါ်ဆိုမှုများစွာလုပ်ခဲ့သည်။
သို့သော် ကျုံးတု၏ အဆက်အသွယ်များသည် ပြည်နယ်မြို့တော်အထိ မရောက်နိုင်သည်ကတစ်ကြောင်း၊ မြို့တော်ရှိလူများက ရှဲ့မိသားစုအမည်ကြားသည်နှင့် မည်သူမျှ ဝင်မစွက်ဖက်လိုကြတော့သည်က တစ်ကြောင်းဖြင့်၊ မည်သူမျှ မပါဝင်ဝံ့ကြပေ။
ဟန်ယောင်းသည် ဖန်းမင်ရွှယ်ကို ကြည့်၍ ပြောလိုက်သည်။
“နင်ဘာလုပ်ဖို့ စီစဥ်ထားလဲ”
“ငါ အဲ့ကို တစ်ခါလောက်သွားကြည့်မလို”
“ဒါပေမယ့် တကယ်လို့…”
ဖန်းမင်ရွှယ်က ခေါင်းခါလိုက်သည်။
"စိတ်မပူပါနဲ့ ငါ့ကိုယ်ငါ ဂရုစိုက်ပါ့မယ်။ သူဘာလုပ်မလဲဆိုတာ ငါကြည့်မယ်"
သူမစကားပြောနေစဉ်တွင် ဖန်းမင်ရွှယ်၏မျက်လုံးများသည် ဆုံးဖြတ်ချက်ခိုင်မာမှုနှင့် ဖီဆန်မှုအရိပ်အမြွက်များပြည့်နေခဲ့သည်။
ဟန်ယောင်းက ခေါင်းညိလိုက်သည်။
"ကောင်းပြီ ငါနင်နဲ့လိုက်ခဲ့မယ်"
ဖန်းမင်ရွှယ်က ဤသည်မှာ ဟန်ယောင်းမှ သူမအပေါ်သို့ စိတ်ပူပန်နေကြောင်းပြောသည့်ပုံစံဖြစ်သည်ကို သိသဖြင့်၊ အသိအမှတ်ပြုကာ ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
"မမဟန်...''
"ကောင်းပြီ နင်နဲ့ငါကြားမှာ ဘာပြောစရာလိုသေးလို့လဲ၊ နောက်ဆုံးတော့ နင် နာမည်ကြီးလာမှ ငါပိုက်ဆံရနိုင်တာပဲလေ”
ယင်းသည် ဖန်းမင်ရွှယ် ဤနေရာသို့လာခဲ့ရသည့် အကြောင်းရင်းပင်ဖြစ်သည်။
အချိန်အတိုင်းအတာတစ်ခုကြာမြင့်ပြီးနောက် ရှဲ့ထန်စီသည် ထထိုင်၍ သူ့ဘေးမှ အမျိုးသမီး၏ပေါင်ကို ပုတ်လိုက်သည်။
ထိုအမျိုးသမီးက နာခံစွာ မတ်တပ်ထရပ်၍ ထွက်သွား၏။ ထို့နောက် အခန်းထဲတွင် ရှဲ့ထန်စီနှင့် ထန်စီယုတို့သာကျန်ခဲ့သည်။ ဖန်းမင်ရွှယ်က အတန်ငယ် စိတ်လှုပ်ရှားသွားသည်။ ရှဲ့ထန်စီသည် အနည်းငယ်ပြုံးကာ မတ်တပ်ထရပ်၍ အရက်သေတ္တာဆီသို့ လျှောက်သွားကာ ဝိုင်နီပုလင်းကိုဖွင့်လိုက်သည်။ ထို့နောက် ဖန်ခွက်နှစ်ခွက်ထဲသို့ ဝိုင်နီများလောင်းထည့်ပြီးနောက်၊ ဖန်းမင်ရွှယ်ကို တစ်ခွက်ပေးလိုက်သည်။
“ဒါဟာ ကမ္ဘာပေါ်မှာ ကျန်ခဲ့တဲ့ ရာစုနှစ် သက်တမ်းရှိတဲ့ ဝိုင်နီပုလင်းတွေထဲက တစ်ခုပဲ။ မိန်းကလေးဖန်း မြည်းကြည့်ပါ”
ဖန်းမင်ရွှယ်သည် ဖန်ခွက်ကိုယူ၍ ညင်သာစွာ တစ်ငုံသောက်လိုက်သည်။
"ဘယ်လိုနေလဲ”
ဖန်းမင်ရွှယ်က ခေါင်းညိတ်၍ ပြန်ဖြေ၏။
"တကယ် ကောင်းတယ်”
ရှဲ့ထန်စီက ရယ်နေသော်လည်း သူ့မျက်လုံးများသည် ဖန်းမင်ရွှယ်ထံတွင်သာတည်မြဲနေ၏။ သူ့ရှုထောင့်မှကြည့်လျှင် ဖန်းမင်ရွှယ်သည် တီဗီထဲတွင်ထက် အဆတစ်ရာ ပိုလှသည်။
သူမသည် အမှန်တကယ်ပင် ရှားပါးသော အလှစစ်တစ်ခုဖြစ်သည်။ ရှဲ့ထန်စီသည် ရမက်စိတ်ကြောင့် သူ့နှုတ်ခမ်းများကို လျှာဖြင့်သပ်၍ ဖန်းမင်ရွှယ်ကို ကြည့်လိုက်သည်။
“မိန်းကလေးဖန်းက တီဗီထဲမှာထက်အများကြီး ပိုလှတယ်”
"ကျေးဇူးတင်ပါတယ်" ဖန်းမင်ရွှယ်က ယဉ်ယဉ်ကျေးကျေး ခေါင်းညိတ်ပြ၍ အံကြိတ်လိုက်သည်။
“မစ္စတာ ရှဲ့၊ ရှင်ဘာလုိ့ ကျွန်မကို တွေ့ချင်တာလဲသိလို့ရမလား။ ရှင်တစ်ခုခုများလိုအပ်တာရှိလား”
ရှဲ့ထန်စီက ပြုံး၍ သူ၏ ဝိုင်ခွက်ကို တစ်ကျိုက်တည်း မော့ချလိုက်သည်။
“ဒါက တော်တော်ရိုးရှင်းပါတယ်။ မင်းကို ငါ့မိန်းမဖြစ်စေချင်တယ်"
ထိုကဲ့သို့ ပြတ်သားသောစကားကြောင့် ဖန်းမင်ရွှယ်အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ရှဲ့ထန်စီ၏အနားကို တိုးလာကာ ဖန်းမင်ရွှယ်၏ထူးခြားလှပသော မျက်နှာကို ငုံ့ကြည့်၍ ပြောလိုက်သည်။
“မင်း ငါ့နောက်ကိုသာလိုက်ရင် အရာအားလုံးကို မင်းပိုင်ရမှာ။ မင်း ကမ္ဘာ့ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်လာအောင်တောင် ငါပိုက်ဆံသုံးပေးလို့ရတယ်" ဖန်းမင်ရွှယ်က နှုတ်ဆိတ်နေသည်။
ရှဲ့ထန်စီ၏ နှလုံးသားသည် မျှော်လင့်ချက်များနှင့်အတူ တုန်လှုပ်လျက်၊ ဖန်းမင်ရွှယ်၏ နူးညံ့သိမ်မွေ့သော မေးစေ့ကို ကိုင်နိုင်ရန် လက်ကို ဆန့်တန်းလိုက်သည်။ သို့သော် ထိုအချိန်တွင် ဖန်းမင်ရွှယ်သည် သူမ၏ ဖန်ခွန်ထဲမှ ဝိုင်နီဖြင့် လှမ်းပက်လိုက်သည်။ ဝိုင်နီများသည် ရှဲ့ထန်စီ၏ မျက်နှာအနှံ့သို့ ပေပွသွား၏။
ရှဲ့ထန်စီသည် အလွန်အံ့အားသင့်ကာ ကြောင်အသွားသည်။
ဖန်းမင်ရွှယ်သည် ဖြည်းညှင်းစွာ မတ်တပ်ထရပ်လိုက်ကာ၊ စကားတစ်လုံးချင်းစီပြောလိုက်သည်။
“မစ္စတာရှဲ့၊ စိတ်မကောင်းပါဘူး ဒါပေမယ့် ကျွန်မ ရှင့်စကားကို သဘောမတူနိုင်ဘူး”
ရှဲ့ထန်စီ၏ မျက်လုံးများသည် ပြင်းထန်စွာလှုပ်ယမ်းလာကာ၊ အကြည့်များသည်လည်း အေးခဲသွားသည်။
“မိန်းကလေးဖန်း၊ ဒါကို သေချာစဥ်းစားဖို့မျှော်လင့်ပါတယ်။ ဒါက ကျုံးတုပါ ငါ ရှဲမိသားစုရဲ့ ဒုတိယသားပါ”
ဖန်းမင်ရွှယ်က ကြောက်ရွံ့ခြင်းအလျင်းမရှိ၊ တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။
“ကျွန်မသိပါတယ်။ ဒါပေမယ့် ကျွန်မ ရှင်တစ်ခုကိုတော့ နားလည်မယ်လို့ မျှော်လင့်ပါတယ်။ အမျိုးသမီးတိုင်းက ကျော်ကြားဖို့နဲ့ ဥစ္စာပစ္စည်းတွေရဖို့ လောဘမကြီးကြဘူးကွ” ဤသို့ပြောပြီးသည်နှင့် ဖန်းမင်ရွှယ် လှည့်ထွက်သွားသည်။
ရှဲ့ထန်စီက အေးစက်စွာဖြင့် အော်ဟစ်လိုက်သည်။
“ဖန်းမင်းရွှယ် မင်းဒီနေ့ ဒီတစ်ခါးကနေ ထွက်သွားရင် မနက်ဖြန် မင်းကို နာမည်ပျက်စာရင်းသွင်းမယ်။ မင်းယုံလား”
ဖန်းမင်ရွှယ်က ရပ်လိုက်ကာ၊ ဘာသိဘာသာပြောလိုက်၏။
“ကျွန်မယုံပါတယ်၊ ဒါပေမယ့်၊ ရှင်အာဏာနဲ့ မထိန်းချုပ်နိုင်တဲ့အရာတွေရှိသေးတဲ့အကြောင်း ကျွန်မရှင့်ကို ပြောလိုက်ချင်သေးတယ်”
ရှဲ့ထန်ချီက လှောင်ရယ်လိုက်သည်။
“ကြိုးစားကြည့်လေ”
ဖန်းမင်ရွှယ်သည် ထိုတံခါးမှ ထွက်သွားကာ၊ ရှဲ့မိသားစုကို ဆန့်ကျင်ရန်သတ္တိရှိလိမ့်မည်ဟု မထင်ခဲ့ပေ။ သို့သော် မမျှောလင့်ထားစွာဖြင့် ဖန်းမင်ရွှယ်သည် တုံ့ဆိုင်းခြင်းမရှိ ထွက်သွားခဲ့သည်။
ရှဲ့ထန်စီသည် ဖန်းမင်ရွှယ်၏ အေးစက်သောအမူအရာကိုကြည့်၍ ဖုန်းကို ဆွဲထုတ်ကာ ဖုန်းခေါ်လိုက်သည်။
“ ရုပ်ရှင်ရင်းနှီးမြုပ်နှံထားတာကို ဖျက်သိမ်းလိုက်ပါ။ ခေါင်းဆောင်မင်းသမီးကို ပြောင်းလိုက်။ ပြီးတော့… ဖန်းမင်ရွှယ်ကို အမည်ပျက်စာရင်းသွင်းလိုက်”
စကားအဆုံးတွင် ဖုန်းချလိုက်ပြီးနောက်၊ သူ့နှုတ်ခမ်းဖျားထက်တွင် အေးစက်သောအပြုံးတစ်ခု ပေါ်လာသည်။ ကျုံးတုမြို့တွင် ရှဲ့မိသားစုသည် အရာအားလုံးကို လွှမ်းမိုးနိုင်စွမ်းရှိသည်။
‘မင်း ဒူးထောက်ပြီး ငါ့ဆီပြန်လာရလိမ့်မယ်’ရှဲ့ထန်စီက တွေးသည်။
ကလပ်မှ ဖန်းမင်ရွှယ်ထွက်လာသောအခါ၊ ဟန်ယောင်းက အနားသို့ အလျင်အမြန်ချဥ်းကပ်လာ၍ မေးလိုက်သည်။
“ဘာဖြစ်သွားလဲ”
“ဘာမှမဖြစ်ပါဘူး”
ဟန်ယောင်းက အနည်းငယ်မှားယွင်းနေကြောင်း ခံစားမိသော်လည်း သူဆက်မမေးတော့ပေ။ ဟိုတယ်သို့ ပြန်ရောက်သောအခါ၊ ဟန်ယောင်းသည် စတီဖန်ထံမှ ဖုန်းခေါ်ဆိုမှုကို ရရှိခဲ့သည်။
ဖုန်း၏အခြားတစ်ဖက်တွင် စတီဖန်က နောင်တရစွာပြော၏။
“တောင်းပန်ပါတယ်၊ ဒါပေမယ့် ရင်းနှီးမြုပ်နှံတဲ့လူတွေက သူတို့ရန်ပုံငွေတွေကို ပြန်ရုတ်သိမ်းပြီး ခေါင်းဆောင်မင်းသမီးလဲဖို့ တောင်းဆိုထားတယ်” ယခုအချိန်တွင် မည်သည့်အရာမျှ ပြန်မရတော့ကြောင်းသိလိုက်သောအခါ ဟန်ယောင်း၏ စိတ်ထဲတွင် တင်းကြပ်သွားရသည်။
ထို့နောက် ဟန်ယောင်းသည် လူအများသို့ ဖုန်းများခေါ်ဆိုခဲ့သော်လည်း မည်သူမျှ မကိုင်ချင်ကြပေ။ ဤအသိုင်းအဝိုင်းမှလူတိုင်း ဤအကြောင်းကိုသိခဲ့ကြပြီးဖြစ်သည်။
ဖန်းမင်ရွှယ်သည် ရှဲ့မိသားစု၏ ဒုသခင်လေးထံတွင် နာမည်ပျက်စာရင်းသွင်းခံထားရသည်။
သခင်လေးရှဲ့ကို ဖန်းမင်ရွှယ်အရှုံးပေးရန် မည်မျှ ကြာလိမ့်မည်ကို လူအားလုံးက ဘေးမှနေ၍ အေးစက်စွာကြည့်နေကြသည်။
အခန်း(၈၃) ဖန်းမင်ရွှယ် တားမြစ်ခံရခြင်း
ဤသည်မှာ “နတ်ဘုရားများ စစ်ပြိုင်ခြင်း” ရုပ်ရှင်အတွက် သတင်းစာရှင်းလင်းပွဲဖြစ်သည်။
သတင်းသမားများစွာသည် စောစီးစွာရောက်လာကြသည်။ ၎င်းတို့သည် အနံ့ခံကောင်းကြသဖြင့်၊ ကြီးမားသော သတင်းကြီးတစ်ခု၏ အရိပ်အမြွက်ကိုအနံ့ခံနိုင်ခဲ့ကြသည်။
နတ်ဘုရားများ စစ်ပြိုင်ခြင်း ရုပ်ရှင်၏ သရုပ်ဆောင်များနှင့် ဝန်ထမ်းများအားလုံး ရောက်လာကြသောအခါ၊ လူအုပ်ကြီးထဲမှ အသံဗလံများပေါ်ထွက်လာသည်။
“ဖန်းမင်ရွှယ်က ဘာလို့ ဒီကိုမလာတာလဲ”
“အေးလေ၊ သူက အရေးကြီး ခေါင်းဆောင်မင်းသမီးလေ၊ ဒီလို အရေးကြီးတဲ့ သတင်းစာရှင်းလင်းပွဲကို ဘယ်လိုလုပ် အလွတ်ခံမှာလဲ”
“ဟေး အဲ့တာ ဒီအသိုင်းအဝိုင်းထဲ အကျော်ကြားဆုံး ဟွာရူယွဲ့မလား၊ သူက ဒီမှာဘာလုပ်နေတာလဲ”
ဤသို့သော စကားများကြားတွင် စတီဖန်က ရှုံ့မဲ့နေသော မျက်နှာထားဖြင့် ပြောသည်။
“ကိုယ်ရေးကိုယ်တာ ကိစ္စတွေကြောင့် မစ္စဖန်းမင်ရွှယ်က နတ်ဘုရားများ စစ်ပြိုင်ခြင်း ဇာတ်ကားကအဖွဲ့သားတွေကို စွန့်ခွာပြီး အမျိုးသမီးဇာတ်ဆောင်လုပ်တော့မှာမဟုတ်ပါဘူး။ အခုခေါင်းဆောင်မင်းသမီးနေရာကို ဟွာရူယွဲ့က ဆက်ပြီး တာဝန်ယူပေးပါလိမ့်မယ်”
စတီဖန်သည် ဒေါသစိတ်ကို မြိုသိပ်၍ ဤသို့ပြောပြီးသည်နှင့် လှည့်ထွက်သွားသည်။
တစ်နေရာလုံး ထိတ်လန့်တကြားဖြစ်သွား၏။ သတင်းသမားများသည်လည်း ရူးသွားတော့လုမတက်ဖြစ်နေကြသည်။ ဤသည်ကား အနုပညာအသိုင်းအဝိုင်းအတွက်၊ ကမ္ဘာကွဲပျက်စေနိုင်သော သတင်းတစ်ပုဒ်ဖြစ်သည်။
နတ်ဘုရားများ စစ်ပြိုင်ခြင်းသည် အကြီးမားဆုံး ရင်းနှီးမြုပ်နှံထားကြကာ၊ တစ်နှစ်ပါတ်လုံးတွင် အကောင်းဆုံးရုပ်ရှင်တစ်ကားဖြစ်သည်။
ထို့ကြောင့် ၎င်းသည် အလိုအလျောက်ပင် လူအများ၏ အာရုံစိုက်ခြင်းခံနေရ၏။
ယခုမူ၊ ရုတ်တရက် ခေါင်းဆောင် မင်းသမီး လဲပြောင်းခြင်းသည် ၎င်းတို့၏ အတွေးများကိုပြင်းထန် ပေါက်ကွဲသွားစေနိုင်ခဲ့သည်။
“မစ္စဟွာ၊ နတ်ဘုရားစစ်ပြိုင်ခြင်း လိုမျိုးရုပ်ရှင်ဇာတ်ကားကြီးမှာ အမျိုးသမီးသရုပ်ဆောင်အဖြစ် ရုတ်တရက် ပါဝင်ခွင့်ရတာကို ဘယ်လိုထင်ပါသလဲ”
ဟွာရူယွဲ့၏ နူးညံ့သော မျက်နှာထက်တွင် အဓိပ္ပါယ်ပါသော အပြုံးကို ပြုံး၍ ပေါ့ပါးစွာပြန်ဖြေလိုက်သည်။
“ကျွန်မမှာ အထူးတလည်တော့ တွေးစရာမရှိပါဘူး။ အားလုံးက သန်မာမှုနဲ့ပဲသက်ဆိုင်ပါတယ်”
စင်အောက်ရှိ လူအုပ်ကြီးပေါက်ကွဲတော့မည်ဖြစ်သည်။ ဖန်းမင်ရွှယ်သည် အကောင်းဆုံး အမျိုးသမီးဆုကို ရရှိ၍ မျိုးဆက်သစ်တွင် အခိုင်မာဆုံးမင်းသမီးအဖြစ် လူသိများသည်။ ယခုမူ၊ ဟွာရူယွဲ့၏ စကားအသွားအလာအရ၊ သူမသည် သူမကိုယ်သူမ ပိုကောင်းသည်ဟု ဆိုလိုခြင်းဖြစ်သည်။
သို့သော် ဤသတင်းထောက်များသည် ကိစ္စကြီးများကို ကြိုက်နှစ်သက်သူများဖြစ်ကြသည့်အလျောက်၊ တစ်ယောက်က လျင်မြန်စွာမေးလိုက်သည်။
“မစ္စဟွာ၊ ဖန်းမင်ရွှယ်က မတော်ဘူးလို့ပြောချင်တာလားဗျ”
“ကျွန်မအဲ့လိုမပြောပါဘူး။ ရှင်တို့ဘာသာ ဒီလိုစကားကောက်လိုက်ကြတာပါ”
“ဒါပေမယ့် ဖန်းမင်ရွှယ်က မင်းရဲ့ စီနီယာဖြစ်ပြီး ဒီနယ်ပယ်ထဲဝင်စတုန်းကတောင် သူမင်းကို ကူညီခဲ့သေးတယ်လေ” ဤအခိုက်အတန့်တွင် သတင်းထောက်တစ်ယောက်က သည်းမခံနိုင်တော့ဘဲ၊ ထပြောလိုက်သည်။
ဟွာရူယွဲ့က အေးစက်စွာရယ်မောလိုက်သည်။
“ဖျော်ဖျော်ရေးနယ်ပယ်မှာ ဘယ်သူကမှ ဘယ်သူစီနီယာဆိုတာ မရှိဘူးရှင့်၊ အစက သူကူညီခဲ့တာက ကျွန်မတောင်းဆိုမှုကြောင့်မဟုတ်ဘဲ၊ သူ့ဆန္ဒအရချည်းပါပဲ၊ အခုတော့ သူ့ကျော်ကြားမှုကျဆင်းလာပြီမို့လို့ ကျွန်မကို အစားထိုးလိုက်တာ သဘာဝကျပါတယ်။ ကျွန်မမှာ ပြောစရာဒါအကုန်ပါပဲ”
ဟွာရူယွဲ့သည် မတ်တပ်ထရပ်၍ မောက်မာစွာဖြင့် ခေါင်းမော့ကာ၊ ထွက်သွားခဲ့သည်။ ထို့အပြင် ဤသတင်းသည် ဖျော်ဖြေရေးနယ်ပယ်တစ်ခုလုံးကို ကြောက်မက်ဖွယ်အရှိန်ဖြင့် တုန်လှုပ်ခြောက်ခြားစေနိုင်ခဲ့သည်။ ရုပ်မြင်သံကြားမီဒီယာများစွာသည် ဤသတင်းစာရှင်းလင်းပွဲကို အများပြည်သူထံသို့ ချက်ချင်းထုတ်ဝေခဲ့သည်။ ဟန်ယောင်းသည် တီဗီရှေ့တွင်ထိုင်နေ၍ ဒေါသအလွန်ထွက်လွန်းလှသဖြင့် ရီမုတ်ကို ပစ်ချလိုက်သည်။
“ဒီခွေးမ၊ အရင်က နင်သူ့ကိုအများကြီးကူညီခဲ့တာ အခုတာ့ သူ နင့်ကို ကန်ချလိုက်တာပဲ”
သို့သော် ဖန်းမင်ရွှယ်သည် တည်ငြိမ်နေလျက်၊ သက်ပြင်းတစ်ချက်သာချလိုက်သည်။
“မင်ရွှယ်၊ ငါတို့ ဘာလို့.. .မစ္စတာရွှယ်ကို ဒီအကြာင်းမပြောကြတာလဲ။ သူ့နတ်စွမ်းရည်တွေက အရမ်းကြီးကျယ်တယ်။ သူဒီပြဿနာကို ရှင်းရင်ရှင်းနိုင်မှာ” ဟန်ယောင်းက အစမ်းသဘောမေးလိုက်သည်။
ဖန်းမင်ရွှယ်က ခေါင်းခါလိုက်သည်။
“သူ့နတ်စွမ်းရည်တွေ ကြီးကျယ်တော့ရော ဘာလုပ်လို့ရမှာလဲ။ ငါတို့က ရှဲ့မိသားစုနဲ့ ဆန့်ကျင်နေရတာလေ”
ဟန်ယောင်းက သက်ပြင်းချလိုက်သည်။
ရှဲ့မိသားစုသည် ပြည်နယ်မြို့တော်၌ ဆယ်စုနှစ်များစွာတည်ထောင်လာခဲ့ပြီးနောက်၊ ယခုအခါ ကြီးမားသောတည်ရှိမှုတစ်ခုဖြစ်လာသည်။
ပေကျန်းမှ ချင်းမိသားစုသည် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်းလျင်မြန်စွာထမြောက်လာခဲ့သော်လည်း ရှဲ့မိသားစုသည် သာလွန်နေဆဲဖြစ်၏။
ချင်းမိသားစုသည် ပြည်နယ်မြို့တော်ကြီးထဲတွင် စီးပွားရေးအစီအစဥ်များမရှိကြောင်း ထင်ရှား၏။ ထို့ကြောင့် ဖန်းမင်ရွှယ်သည် အလွန်အဆိုးမြင်နေရခြင်းဖြစ်၏။
“ဒါဆို ငါတို့ ဘာလုပ်သင့်လဲ၊ ဒါကို ကောင်းကောင်းမကိုင်တွယ်ရင် မင်းရဲ့အလုပ်အကိုင်အကုန်ပျက်စီးသွားနိုင်တယ်” ဟန်ယောင်းသည် အလွန်အမင်းစိုးရိမ်နေ၏။
သူမသည် လွန်ခဲ့သည် တစ်ရက်အတွင်းနည်းလမ်းများစွာကို ကြိုးစားခဲ့သော်လည်း တစ်ခုမျှ အလုပ်မဖြစ်ခဲ့ပေ။ ထို့အပြင် သူမသည် ဖန်းမင်ရွှယ်တစ်ချိန်က ထောက်ခံပေးခဲ့သော အမှတ်တံဆပ်ပေါင်းတစ်ဒါဇင်ကျော်ထံမှ စာချုပ်ရပ်စဲရေးစာများကို လက်ခံရရှိခဲ့သည်။ ဤလူများသည် မြေနိမ့်ရာလှံစိုက်တတ်သောကြောင့် ဟန်ယောင်း အလွန်အမင်းဒေါသထွက်နေသဖြင့် ကျိန်ဆဲနေမိသည်။
ဖန်းမင်းရွှယ်က ခပ်ဖျော့ဖျော့ပြုံးလိုက်၏။
“ရှဲ့မိသားစုရဲ့ ဒုတိယသခင်လေးက ဒီနည်းလမ်းကို သုံးပြီး ငါ့ကို တောင်းပန်လာအောင်လုပ်ချင်ပေမယ့် သူမှားသွားပြီ။ ငါ ဦးညွတ်မှာမဟုတ်ဘူး”
ပေကျန်းမြို့။
အန်တီဖန်သည် ဧည့်သည်အဖွဲ့ထွက်သွားသည်ကိုကြည့်၍ သူမ၏ စာရင်းကိုင်အလုပ်ကို စိတ်နှစ်၍ လုပ်ကိုင်နေသည်။ တီဗီကို ဖွင့်ထား၍ သတင်းများစွာလာနေသော်လည်း မည်သူမျှ အလေးအနက်ထား၍ မကြည့်ကြပေ။
ရှဲ့ကျင်းကျင်းသည် စားပွဲနှင့် ပန်းကန်များကို သန့်ရှင်းရေးလုပ်နေသည်။
ထို့နောက် ရုပ်တရက် သတင်းများအားလုံး ရပ်တန့်သွားကာ၊ ယနေ့ကျင်းပသော “နတ်ဘုရားများ စစ်ပြိုင်ခြင်း” ဇာတ်ကား သတင်းစာရှင်းလင်းပွဲပေါ်လာ၏။ ရှဲ့ချင်းချင်းသည် အစပိုင်းတွင် ဂရုမစိုက်လှသော်လည်း တစ်ပိုင်းတစ်လေကို မြင်လိုက်ရသောအခါ၊ သူမလုပ်နေသောအရာမှန်သမျှကို ရပ်လိုက်သည်။
“အမေ”
“ဘာဖြစ်လို့လဲ”
“နားထောင်… အဲ့တာ မစ္စဖန်းအကြောင်းထင်တယ်”
“မစ္စဖန်းလား ဘယ်က မစ္စဖန်းလဲ”
“အမေအကြိုက်ဆုံး စမ္စဖန်းလေ” ရှဲ့ကျင်းကျင်းက စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်။
အန်တီဖန်က ရပ်၍ သူ့လက်ထဲမှ ဘောပင်ကို ချလိုက်ကာ၊ ခေါင်းလှည့်၍ ဂရုတစိုက်ကြည့်လိုက်သည်။
ခဏအကြာတွင် သူမ၏ မျက်နှာသည် အံ့သြမှုများဖြင့် ပြည့်နှက်နေသည်။
“ဒါ…ဘာဖြစ်နေတာလဲ။ ဘာလို့ မင်းသမီးကို ရုတ်တရက်ပြောင်းလိုက်တာလဲ”
ရှဲချင်းချင်းသည် တင်းမာသောမျက်နှာဖြင့် ပြောလိုက်သည်။
“အကြောင်းပြချက်ရှိရမယ်”
ရှဲ့ချင်းချင်းသည် သူမ၏ ဖုန်းကို ထုတ်၍ စတင်ရှာဖွေခဲ့ရာ၊ သူမဖတ်လေလေ၊ ပို၍ ထိတ်လန့်လာလေလေဖြစ်နေ၏။ များစွာသော သတင်းခေါင်းစီးများပေါ်ထွက်လာသည်။
ဖန်းမင်ရွှယ်ကို ရက်စက်စွာနာမည်ပျက်စာရင်းသွင်းလိုက်ခြင်းဖြစ်သည်။
အန်တီဖန်သည်လည်း စိုးရိမ်လာသည်။
“ဒီမိန်းကလေးဖန်းက သမီးအစ်ကိုအန်းနဲ့ ညစာလာစားဖူးသေးတယ်၊ သူနဲ့ဆက်ဆံရေးကောင်းတယ်ထင်တယ်၊ ငါတို့ ဒီအခြေအနေမှာ ဘာလုပ်ကြမလဲ”
ထို့နောက် အဘိုးကြီးရှဲ့သည် မီးဖိုခန်းထဲမှ ထွက်လာသည်။
“ဘာဖြစ်နေတာလဲ ဘာလို့အော်နေကြတာလဲ”
“အဘိုးကြီးရှဲ့ ကြည့်၊ မိန်းကလေးဖန်းကို ဘမ်းလိုက်ကြပြီ”
အဘိုးကြီးရှဲ့သည် ခဏမျှ အံ့အားသင့်သွားကာ၊ ထို့နောက် အမူအရာသည် ပြင်းထန်လာသည်။
“မြန်မြန် ရှောင်အန်းကို ခေါ်”
ရွှယ်အန်းသည် သူ့သမီးနှစ်ယောက်နှင့်အတူ အခန်းတွင်း၌ အဆောက်အဦးဆောက်တိုင်းကစားနေကြခြင်းဖြစ်ရာ၊ အဘိုးကြီးရှဲ့မှ ဖုန်းခေါ်နေကြောင်း မြင်လိုက်ရသောအခါ၊ ပြန်ဖြေလိုက်သည်။
“ဘာဖြစ်တာလဲ ဦးလေးရှဲံ”
“ရှောင်အန်း မင်း တီဗီကြည့်ပြီးပြီလား”
“ဟင့်အင်း ဘာဖြစ်လို့လဲ”
“မစ္စဖန်းလေ၊ သူ့နာမည်ပျက်စာရင်းသွင်းခံလိုက်ရတယ်”
“နာမည်ပျက်စာရင်းသွင်းတယ်ဟုတ်လား” ရွှယ်အန်း၏ မျက်နှာထက်မှ အပြုံးသည် တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
“ဟုတ်တယ်၊ ကျင်းကျင်းက အဲ့တာကြည့်နေတာ။ သူ ပြည်နယ်မြို့တော်က အကောင်ကြီးတစ်ကောင်ကောင်နဲ့ စကားများတဲ့ပုံပဲ။ အခုကို သူ့ကို အကုန်ဝိုင်းပိတ်ပင်လိုက်တာ၊ ရုပ်ရှင်မှာတောင် အစားထိုးခံလိုက်ရပြီ”
“ကျွန်တော်နားလည်ပြီ၊ ဦးလေးရှဲ့ စိတ်မပူပါနဲ့၊ ကျွန်တော် ဒီမှာရှိနေသရွေ့ မင်ရွှယ့်ကို ဘယ်သူမှ ဘာမှမလုပ်ရဲပါဘူး” ရွှယ်အန်းက ဘာသိဘာသာပြောလိုက်သည်။
ဖုန်းချသွားပြီးနောက် ရွှယ်အန်းသည် ဖန်းမင်ရွှယ်ကို ချက်ချင်းဖုန်းခေါ်လိုက်သော်လည်း မည်သူမျှ ပြန်မဖြေပေ။
ရွှယ်အန်းသည် မျက်မှောင်ကြုတ်၍ ရုတ်တရက် ထရပ်လိုက်သည်။
“ဖေဖေ ဘာဖြစ်လို့လဲ”
ရွှယ်အန်းက ငုံ့ကြည့်၍ သူ့သမီးများကို ပြုံးပြလိုက်သည်။
“ဘာမှမဖြစ်ပါဘူး”
“ဟေး ဖေဖေ သမီးတို့ကို ပြည်နယ်မြို့တော် ခေါ်သွားမယ်၊ ဘယ်လိုသဘောရလဲ”
“သွားမယ် သွားမယ်” ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့က ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်ကြသည်။ ထိုအချိန်တွင် အန်းချင်သည် ဧည့်ခန်းထဲသို့ ဝင်လာသဖြင့်၊ ထိုစကားကိုကြားသောအခါ အံ့သြသွားခဲ့သည်။
“ဘာကိစ္စနဲ့ ပြည်နယ်မြို့တော်ကို သွားမှာလဲ”
ရွှယ်အန်းက အခြေအနေကို အတိုချုံးရှင်းပြလိုက်ရာ၊ အန်းချင်၏ အမူအရာသည် မှောင်မိုက်သွား၏။
“ပြည်နယ်မြို့တော်က အကောင်ကြီးကြီးတစ်ကောင်ကို စော်ကားလိုက်တယ်ဟုတ်လား။ အဲ့မှာ ရှဲ့မိသားစုကလွဲပြီး ဘယ်သူမှ သူတို့လောက်မကြီးနိုင်ဘူး”
“ရွှယ်အန်း၊ ရှဲ့မိသားစုက သာမန်မိသားစုမဟုတ်ဘူး။ ကျုံးတုမှာတောင် သူတို့သြဇာသက်ရောက်တယ်။ သူတို့က ချင်းမိသားစုထက် အများကြီး ပိုသာတယ်၊ ဒါ့ကြောင့် ဒါကို သေချာစဥ်းစားဖို့လိုမယ်”
ရွှယ်အန်းက ပေါ့ပေါ့ပါးပါးပြုံး၍ ပြောလိုက်သည်။
“အကောင်ကြီးဟုတ်လား။ ငါ့မျက်လုံးထဲမှာတော့ ဘယ်ကောင်ကို မှ ‘အကောင်ကြီး’လို့ ခေါ်ဖို့မထိုက်တန်ဘူး”
“ဒါပေမယ်…” အန်းချင်က ပိုပြောချင်သော်လည်း ရွှယ်အန်းသည် လက်ကိုဝှေ့ယမ်း၍ ပေါ့ပါးစွာပင်ပြောလိုက်သည်။
“ဖန်းမင်ရွှယ်က ငါ့အထက်တန်းကျောင်းဖော်ပါ၊ ငါသူ့အကြောင်းသိတယ်။ သူတစ်ခုခု စိတ်အနှောက်အယှဥ်ဖြစ်ရင်တောင် ဘာမှပြောမှာမဟုတ်ဘူး။ ဒါပေမယ့် ငါသူ့ကို ကတိပေးထားတယ်။ တကယ်လို့ တစ်ယောက်ယောက် သူ့ကို အနိုင်ကျင့်ရဲရင် ငါ ဝင်ပါရလိမ့်မယ်။ ဒါကြောင့် ငါ သွားမှရမယ်”
အန်းချင်က သက်ပြင်းချလိုက်သည်။
“ကောင်းပြီ၊ ကျွန်မလည်းလိုက်ခဲ့မယ်။ ရှဲ့မိသားစုနဲ့ ကျွန်မ တစ်ခါနှစ်ခါလောက် တွေ့ဖူးပါတယ်”
အခန်း(၈၄) ညစ်ပတ်သော လှည့်ကွက်များ
ဤအချိန်တွင် ဟွာရူယွဲ့သည် ရှဲ့ထန်စီ၏ ရင်ခွင်ထဲတွင် မှေးစက်နေလျက် ပြောလိုက်သည်။
“သခင်လေးရှဲ့၊ ရှင်က တကယ်ကြောက်ဖို့ကောင်းတာပဲ။ ရှင့်စကားတစ်ခွန်းတည်းနဲ့ ဒီခွေးမဖန်းမင်ရွှယ်က ဘယ်တော့မှပြန်ထနိုင်မှာမဟုတ်တော့ဘူး”
ထန်ရှန်စီက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
“သူက မင်းသမီးတစ်ယောက်ပဲ၊ ငါရှင်ဆိုရှင်၊ သေဆိုသေပဲ။ အခု ငါသူ့ကို နည်းနည်းလေးပဲလုပ်ပြလိုက်တာပါ။ အခုချိန်ထိ သူ့နေရာသူနားမလည်သေးရင် ငါ့ကို ရက်စက်တယ်ဆိုပြီး သူအဆိုးမဆိုသင့်ဘူး”
ဟွာရူယွဲ့သည် ရှဲ့ထန်စီ၏ မျက်လုံးများထဲမှ တောက်ပနေသော ရက်စက်မှုအရိပ်အယောင်ကို မြင်လိုက်ရသောအခါ၊ တုန်လှုပ်ခြောက်ခြားသွားရသည်။
“ဘာမှားလို့လဲ၊ ကြောက်လို့လား” ရှဲ့ထန်စီက ဟွာရူယွဲ့ကို တစ်ချက်ကြည့်လိုက်သည်။
ဟွာရူယွဲ့က မျက်နှာချိုသွေးသောအပြုံးမျိုးပြုံး၍ ပြောလိုက်သည်။
“သခင်လေးရှဲ့…ကျွန်မ…”
ရှဲ့ထန််စီက သူမအပေါ်တွင် အစကတည်းက စိတ်ပျက်နေသဖြင့်၊ ရွံရှာစွာပြောလိုက်သည်။
“ကောင်းပြီ ထွက်သွားလိုက်”
ဟွာရူယွဲ့က အသံတစ်သံမျှပင် မထွက်ဝံ့ဘဲ၊ အဝတ်အစားများပြန်ဝတ်၍ အခန်းထဲမှ ထွက်သွားသည်။ သို့ရာတွင် သူမ၏ စိတ်နှလုံးသားထဲတွင်မူ၊ စိတ်ညစ်နေရမည့်အစား၊ စိတ်လှုပ်ရှားမှုများနှင့် အလွန်အမင်းပြည့်နှက်နေ၏။
“နတ်ဘုရားများ စစ်ပြိုင်ခြင်း”
၎င်းသည် ထိပ်တန်းရုပ်ရှင်ကားတစ်ကားဖြစ်သည်။ ယခုအခါ သူမသည် ယင်း၌ ခေါင်းဆောင်မင်းသမီးအဖြစ် ရိုက်ရမည်ဖြစ်၍ သူမ၏ ကျော်ကြားမှုသည် နိုင်ငံတကာသို့ပျံ့နှံ့သွားပေလိမ့်မည်ဖြစ်သည်။
ဂုဏ်သိက္ခာအတွက်မူ….၊
၎င်းကို ပိုက်ဆံဖြင့်ရောင်း၍ရသလော။
ဟွာရူယွဲ့၏ မျက်လုံးများသည် အဆိပ်ပြင်းသောအလင်းတစ်ခုဖြင့် တောက်ပနေသည်။ ယခုအချိန်တွင် သူပို့လိုက်သောသူသည် ဟိုတယ်သို့ရောက်နေသင့်ပြီဖြစ်သည်။
‘ဖန်းမင်းရွယ်၊ ဒီတစ်ခါတော့ ငါနင့် ဂုဏ်သိက္ခာကို ဆွဲချပြမယ်”
‘ငါ့ကို အဲ့အတွက် အပြစ်မတင်နဲ့’
‘နင် သခင်လေးရှဲ့ကို စော်ကားခဲ့တဲ့အတွက်ပဲ အပြစ်တင်ပါ’
ဟွာရူယွဲ့က လှောင်ရယ်၍ တွေးလိုက်သည်။
ရွှယ်အန်းသည် ပြည်နယ်မြို့တော်သို့သွား၍ ရှဲ့မိသားစုကို ရင်ဆိုင်ရန် ရည်ရွယ်ထားကြောင်း ချင်းယွမ်ကြားသောအခါ၊ သူသည်လည်း ထိတ်လန့်သွားသည်။
“မစ္စတာရှဲ့ဟုတ်လား၊ ကျွန်မတို့ချင်းမိသားစုက ရှင့်ကို မယုံတာမဟုတ်ပေမယ့်၊ ရှဲ့မိသားစုဆိုတာ သာမန်ချမ်းသာတဲ့မိသားစုတစ်ခုမဟုတ်ဘူး။ ခေတ်အဆက်ဆက်က အာဏာမတည်မြဲသေးတုန်းကတောင် သူတို့ဘိုးဘေးက အရမ်းကြောက်ဖို့ကောင်းတယ်တဲ့၊ ဘယ်လိုပဲဖြစ်ဖြစ် ရှင်က တစ်ယောက်တည်း…”
ရွှယ်အန်းက ခပ်ပါးပါးပြုံးလိုက်သည်။
“မင်းရဲ့စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ငါ ပြည်နယ်မြို့တော်ကို သွားဖို့ အဆင်သင့်ဖြစ်နေပြီ”
ချင်းယွ၎်၏ နှုတ်ခမ်းများအနည်းးငယ်တုန်ယင်သွားကာ၊ နောက်ဆုံးတွင် အကူအညီမဲ့စွာ ခေါင်းညိတ်လိုက်ရသည်။
“ကောင်းပါပြီ မစ္စတာရွှယ်၊ ကျွန်မတို့ ချင်းမိသားစုက ပြည်နယ်မြို့တော်မှာ လုပ်ငန်းသိပ်မရှိဘူး၊ ရှဲ့မိသားစုက နှစ်အတော်ကြာ တွန်းလှန်မရနိုင်တဲ့ ခံတပ်တစ်ခုလို ပြောင်းလဲပစ်ခဲ့တာကြောင့် ကျွန်မတို့ ကူညီနိုင်တာ များများစားစားမရှိပါဘူး”
“လောင်ဟေး”
ချင်းယွမ်နှင့် အမြဲလိုက်နေသော လောင်ဟေးသည် အသံကြားသည်နှင့် အမြန်ရောက်လာ၏။
“နင် မစ္စတာရွှယ်နောက်ကို လိုက်သွားပါ၊ မစ္စတာရွှယ်ကို အပြည့်အဝကူညီပေးလိုက်”
“နားလည်ပြီ”
ရွှယ်အန်းသည် အစောပိုင်းတွင် ငြင်းချင်ခဲ့သည်။ သူ့အမြင်အရ၊ သန်မာလှသောသူဟု ခေါ်သည့် သူများသည် ခွေးများနှင့် ကြက်များထက်မပိုလှပေ။ သို့သော် ချင်းယွမ်၏ ရိုးသားမှုကို မြင်သောကြောင့် ရွှယ်အန်းက ခေါင်းညိတ်သဘောတူလိုက်သည်။
“ကောင်းပြီ၊ အခု သွားကြရအောင်”
ပေကျန်းသည် ပြည်နယ်မြို့တော်မှ မိုင်လေးရာကျော်ခန့်ကွာဝေး၍ သုံးနာရီကြာကားမောင်းရသည်။ ကားသည် ညပိုင်းတွင် အဝေးပြေးလမ်းမကြီးပေါ်၌ မောင်းနှင်နေစဥ် ရွှယ်အန်းသည် ရုတ်တရက် မျက်မှောင်ကြုတ်၍ သူ၏အမူအရာသည်လည်း လေးနက်မှုသို့ပြောင်းလဲသွားသည်။
အဘယ်ကြောင့်ဆိုသော် အဝေးမှ အဆက်အသွယ်များရုတ်တရက် ပြတ်တောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ထိုချိတ်ဆက်မှုသည် ဖန်းမင်ရွှယ်ကို သူပေးခဲ့သည့်လက်စွပ်ပေါ်မှ အကာအကွယ်စည်းဖြစ်သည်။ ထိုအချိန်တွင် ရွှယ်အန်းသည် ၎င်းကို သာမန်အတိုင်းလုပ်ခဲ့ခြင်းဖြစ်ကာ၊ သူ၏နတ်အာရုံအနည်းငယ်ကို ယင်းထဲတွင်ထားသိုခဲ့သည်။
အပြောင်းအလဲရှိပါက၊ ချက်ချင်းသိရလိမ့်မည်ဖြစ်ကာ၊ မထင်မှတ်ထားဘဲ၊ ထိုအတားအဆီးသည်ရုတ်တရက်ရပ်တန့်သွား၏။
ရွှယ်အန်းသည် အန်းချင်ကို ပြောလိုက်၏။
“မင်းနဲ့ လောင်ဟေးနဲ့ နောက်မှလိုက်ခဲ့၊ ငါအရင်သွားလိုက်မယ်” အန်းချင်က သူမည်သို့ဆိုလိုခြင်းဖြစ်ကြောင်း နားမလည်သေးပေ။
ရွှယ်အန်းသည် ခေါင်းညိတ်ပြ၍ နှစ်ခြိုက်စွာအိပ်ပျော်နေသော ရှန်းရှန်းနှင့် နျန်နျန်တို့အပေါ်သို့ အကာအကွယ်စည်းပေါင်းများစွာကို လျင်မြန်စွာချပေးလိုက်သည်။ ၎င်းတို့သည် ရွှယ်အန်း၏ ကိုယ်ပိုင်စွမ်းအားများဖြင့် ပံ့ပိုးထားသည့် ထိပ်တန်းအကာအကွယ်များဖြစ်သည်။ ရွှယ်အန်းသည် နျူကလီးယားဗုံးပေါက်ကွဲလျှင်ပင် သူ့သမီးများထိခိုက်မှုရှိလိမ့်မည်မဟုတ်ဟုယုံကြည်ချက်ရှိ၏။
ထို့နောက်၊ ကားတံခါးကို ဖွင့်ကာ၊ ခုန်ထွက်လိုက်သဖြင့် ယာဥ်မောင်းနှင့် အန်းချင်တို့ ထိတ်လန့်သွားရသည်။ တစ်နာရီလျှင် ကီလိုမီတာ တစ်ရာကျော်သွားနေသည့်နှုန်းသည် ရွှယ်အန်းအပေါ်သို့ သက်ရောက်မှုမရှိပေ။ မြေပြင်ပေါ်သို့ တိုက်ရိုက်ဆင်းသက်ကာ၊ ခေါင်းကို အနောက်သို့စောင်းလိုက်ပြီးနောက်၊ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် ကောင်းကင်ယံသို့တည့်တည့် ထိုးတက်သွားကာ၊ မျက်စိတစ်မှိတ်အတွင်းပျောက်ကွယ်သွားသည်။
ထိုအချိန်တွင် ဖန်းမင်ရွှယ်တည်းခိုနေသည့် ဟိုတယ်အတွင်းတွင် အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော ယောက်ျားများစွာသည် တစ်ယောက်ကိုတစ်ယောက်ကြည့်၍ တံခါးကို တွန်းဖွင့်လိုက်ကြသည်။ ဖန်းမင်ရွှယ်သည် အခန်းထဲတွင်သာရှိနေကာ၊ ရေချိုးပြီး၍ အိပ်ရန်ပြင်ဆင်နေခြင်းဖြစ်သည်။
ထိုသို့ရုတ်တရက် ဝင်ရောက်လာမှုသည် သူမကို အလွန်အမင်းအံံသြမှင်သက်သွားစေသည်။
“ရှင်တို့…”
“မစ္စဖန်း မင်းငါဆီကို အကြွေးပြန်ဆပ်ဖို့အချိန်တန်ပြီ”
အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော လူများကြားမှ ခေါင်းဆောင်ဖြစ်သူက ပြော၏။
“ကျွန်မရှင့်ကို ပေးရမယ့်ပိုက်ဆံဟုတ်လား၊ ကျွန်မ ဘယ်တုန်းက ပိုက်ဆံချေးဖူးလို့လဲ” ဖန်းမင်ရွှယ်က တုန်လှုပ်လျက်၊ ဒေါသတကြီးပြောလိုက်သည်။
အနောက်မှ ဝင်လာသော ယောက်ျားများထဲမှ တစ်ယောက်က တံခါးကို အတွင်းမှ သော့ခတ်လိုက်၏။
ဖန်းမင်ရွှယ်သည် တစ်ခုခုမှားယွင်းနေပြီဖြစ်ကြောင်း သိလိုက်သဖြင့်၊ မတ်တပ်ထရပ်ကာ၊ အေးစက်စွာပြောလိုက်သည်။
“ရှင်တို့ဘာလုပ်နေတာလဲ၊ ရှင်တို့ အခု ထွက်မသွားရင် ကျွန်မရဲခေါ်လိုက်မှာနော်”
“ရဲကို ခေါ်မယ်ဟုတ်လား၊ ခေါ်လေ၊ ခေါ်လိုက်” ခေါင်းဆောင်က ရယ်မော၍ ပြောလိုက်သည်။
ထို့နောက်၊ လူတစ်ယောက်သည် ကင်မရာတစ်လုံးကို ဆွဲထုတ်၍ စတင်ရိုက်ကူးခဲ့သည်။
ဤအနက်ရောင်ဝတ်ထားသောသူသည် အလွန်ဝတုတ်၍ အဆီပိတ်နေသောသူတစ်ယောက်ဖြစ်ကာ၊ ဖန်းမင်ရွှယ်ထံသို့ ရယ်မောလျက်၊ လျှောက်သွားသည်။
“ဒီလိုသနားဖို့ကောင်းတဲ့ အလှမျိုး၊ ဒါကိုသာ ရိုက်ကူးထားရင် စျေးကောင်းရမှာသေချာတယ်”
ဖန်းမင်ရွှယ်၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများပြည့်သွားသည်။ သူမသည် ဖျော်ဖြေရေးနယ်ပယ်ထဲတွင် ညစ်ညမ်းသောလှည့်ကွက်များစွာကို မြင်တွေ့ခဲ့ရသည်။ ဥပမာအားဖြင့် အချို့သော၊ မရိုးသားသည့်ကုမ္ပဏီများသည် ၎င်းတို့၏ အနုပညာရှင်များကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်၍ ယင်းလုပ်ရပ်ကို ပြစ်မှုတစ်ခုအဖြစ်မှတ်တမ်းတင်ထားသည်။
“အနားကပ်မလာနဲ့နော်” ဖန်းမင်ရွှယ်က ခုံပေါ်ရှိ အသီးလှီးသောဓားကို ကိုင်၍ ထောင့်သို့ဆုတ်သွားသည်။
ဝဖိုင်သောသူက အနည်းငယ်မျှပင် စိုးရိမ်ခြင်းမရှိဘဲ အေးစက်စွာရယ်မောလိုက်သည်။
“မင်း သခင်လေးရှဲ့ကို စော်ကားခဲ့တာ မင်းအပြစ်ပဲလေ၊ ဒါ့ကြောင့် ငါတို့အဆိုးမဆိုနဲ့၊ မင်းသာ ငါတို့ကို ကောင်းကောင်းပြစုပေးရင် ငါတို့ မင်းကို လွယ်အောင်လုပ်ပေးမှာပါ”
ထိုသို့ပြောပြီးနောက်၊ ထိုသူသည် သူမအနားသို့ပြေးလာ၏။ ဖန်းမင်ရွှယ်က အော်လိုက်ရာ၊ ထိုအချိန်တွင် သူမလက်စွပ်ထဲမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီးနောက်၊ သူမကိုဝန်းရံသွားကာ၊ အကာအကွယ်ပေးလိုက်သည်။
ဤအလင်းကြောင့် ဝဖိုင်သောသူသည် ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာကွဲသွားသည်။
မှန်သည်။ သူသည် အချင်းငါးစင်တီထက်ပင်မပိုသောအပိုင်းများအဖြစ်ကွဲကြေသွားသည်။ ဤမြင်ကွင်းသည် ဖန်းမင်ရွှယ်ကို အံ့အားသင့်ကာ၊ ထိတ်လန့်သွားစေသည်။ အနက်ရောင်ဝတ်ဆင်ထားသော ကျန်အမျိုးသားများသည် တစ်ယောက်ကို တစ်ယောက်ကြည့်၍ သေနတ်တစ်လတ်ထုတ်ကာ ဖန်းမင်ရွှယ်ကို ပစ်လိုက်သည်။
အချက်အနည်းငယ်ပစ်ခတ်ပြီးနောက်၊ ရွှဘ်အန်းထားခဲ့သော အကာအကွယ်စည်းသည် ကျယ်လောင်သောအသံကြီးနှင့်အတူ ပြင်းထန်စွာအက်ကွဲသွားသည်။
“သေစမ်း ဒီခွေးမလေးက ရတနာတစ်ခုရှိနေတာပဲ၊ မင်းဒီညကို အသက်ရှင်လျက် ကျော်ဖြတ်နိုင်မှာမဟုတ်ဘူး” အနက်ရောင်ဝတ်ထားသောသူက အေးစက်စွာ လှောင်ရယ်လိုက်သည်။
ထို့နောက် သူမထံသို့ ဖြည်းညှင်းစွာတိုးကပ်သွားကြ၏။ ဖန်းမင်ရွှယ်သည် သူမ၏ ပခုံးများကို ဆုတ်ကိုင်၍ တုန်ယင်နေသည်။ လက်ထဲတွင်မူ သစ်သီးလှီးဓားကို တင်းကြပ်စွာဆုတ်ကိုင်ထား၍ မိမိကိုယ်မိမိ သတ်သေရန် အဆင်သင့်ဖြစ်နေသည်။
သူမ သေဆုံးရလျှင်ပင် ဤလူဆိုးများ၏ လက်ထဲသို့ အကျရောက်ခံနိုင်လိမ့်မည်မဟုတ်ပေ။
‘ရွှယ်အန်း၊ ဒီတစ်သက်တော့ ငါတို့နှစ်ယောက်ပြန်ဆုံရဖို့ ကံမပါဘူးထင်တယ်။ နောင်ဘဝကျရင် ငါနင့်ကို သေချာပေါက် လက်ထပ်မယ်။’
ဖန်းမင်ရွှယ်က ဤသို့တွေး၍ သစ်သီးလှီးဓားကို သူ့နှလုံးသားထဲသို့ ထိုးသွင်းရန် အဆင်သင့်ဖြစ်နေသည်။
သို့သော် ထိုအချိန်တွင် တည်ငြိမ်အေးချမ်းသောအသံတစ်ခု ပေါ်ထွက်လာသည်။
“ငါ ညစာမစားရသေးဘူး။ နင်ဘာစားချင်လဲ”
အသံသည် အနက်ရောင်ဝတ်ဆင်ထားသောသူများကို ခေတ္တရပ်တန့်သွားစေ၍ ဖန်းမင်ရွှယ်သည် တစ်ကိုယ်လုံးတုန်ယင်စွာဖြင့်၊ တံခါးကို မယုံကြည်နိုင်စွာ လှမ်းကြည့်လိုက်သည်။
ထိုအသံသည် သူမအလွန်ရင်းနှီးလှသောအသံတစ်ခုဖြစ်သည်။ သူမအိပ်မက်ထဲတွင် အကြိမ်ပေါင်းမရေမတွက်နိုင်လောက်အောင် ကြားခဲ့ဖူးသည့်အသံတစ်ခုဖြစ်သဖြင့်၊ သူမ မည်သို့ မှားနိုင်လိမ့်မည်နည်း။
မကြာသေးမီ၌ပင်၊ သူဤနေရာ၌ ရှိနေပါက၊ မည်မျှ ကောင်းလိမ့်မည်နည်း”ဟု သူမညှိုးငယ်စွာ တွေးခဲ့သေးသည်။ သို့သော် သူမသည် အရူးတစ်ယောက်၏ အိပ်မက်ထက် မည်သို့မျှ မသာကြောင်းတွေးကာ၊ ခါးသက်စွာပြုံး၍ အတွေးကို ပယ်ချခဲ့သည်။ မျက်စိတ်တစ်မှိတ်အတွင်း၌ပင် ထိုစိတ်ကူးသည် လက်တွေ့ဖြစ်လာ၏။
ထိုနေရာတွင်ရပ်နေသောသူသည် ခပ်ပါးပါးအပြုံးကိုဆင်မြန်း၍ ရပ်နေသော ရွှယ်အန်းမှတပါး မည်သူဖြစ်လိမ့်မည်နည်း။