အခန်း (၈၅-၈၇)
Vol. 6 Ch. 85-87
အခန်း (၈၅) နင့်မျက်လုံးတွေ မှိတ်ထား
ဖန်းမင်ရွှယ်သည် သူမ၏ ခန္ဓာကိုယ် အင်အားချည့်နဲ့သွားသကဲ့သို့ ခံစားလိုက်ရကာ၊ ပါးပြင်ထက်သို့ မျက်ရည်များ အလိုအလျောက်စီးကျလာသည်။ ဤသည်မှာ သူ့အစ်ကိုနှင့်တွေ့ရရန် အိမ်သို့ပြန်လာခဲ့သော ညီမငယ်တစ်ဦးကဲ့သို့ပင်ဖြစ်သည်။ အနက်ရောင်ဝတ်ဆင်ထားသော အမျိုးသားများသည် တစ်ယောက်ကို တစ်ယောက်ကြည့်၍ အနည်းငယ်သံသယဝင်နေကြသည်။
“မင်းဘယ်သူလဲ၊ အနေက်ရောင်ဝတ်ဂိုဏ်းက ကိစ္စတွေကိုင်တွယ်နေတဲ့အချိန် အပြင်လူတွေ ဝင်မစွက်ဖက်ရတာ မင်းမသိဘူးလား၊ ထွက်သွားစမ်း” အနက်ရောင်ဝတ်ထားသော သူတစ်ဦးက အေးစက်စွာပြောသည်။
“အနက်ရော်ဝတ်ဂိုဏ်းဟုတ်လား၊ ရိုးရိုးသားသားပြောရရင် နာမည်က စိတ်ကူးယဥ်မှုကင်းမဲ့နေတာပဲ”
“မင်းကဘယ်သူလဲ” လူတစ်ယောက်သည် ဒေါသတကြီးကျိန်ဆဲ၍ လက်သီးကို မြှောက်လိုက်သည်။
သို့သော် ရွှယ်အန်းသည် သူ့ကို တစ်ချက်မျှပင် သက်ညှာမပေးဘဲ၊ ရိုးရှင်းစွာပင် ခေါင်းကို လှမ်းဆွဲလိုက်သည်။ ထို့နောက် ဖန်းမင်ရွှယ်ကို ပြုံးပြလိုက်သည်။
“နင့် မျက်လုံးတွေမှိတ်ထားလိုက်”
ဖန်းမင်ရွှယ်က မျက်လုံးများကို အမြန်မှိတ်ချလိုက်သည်။ ထိုအခိုက်အတန့်တွင် ရွှယ်အန်းသည် သူ့လက်ထဲသို့ စွမ်းအားအနည်းငယ်ထည့်လိုက်ရာ၊ အနက်ရောင်ဝတ်ထားသူ၏ ဦးခေါင်းသည် ရွှယ်အန်း၏ လက်ထဲတွင် ပုပ်နေသော ဖရဲသီးတစ်လုံးကဲ့သို့ ပွင့်ထွက်သွားသည်။ ဦးနှောက်ထဲမှ အနံ့ဆိုးများ ပျံ့နှံ့ထွက်ပေါ်လာပြီးနောက်၊ အနက်ရောင်ဝတ်ထားသူများ၏ ခြေထောက်များ တုန်ယင်လာကြသည်။
အလွန်ရက်စက်လွန်းလှ၏။
တစ်ချက်လှုပ်ရုံဖြင့် လူတစ်ယောက်ကို သက်ပစ်လိုက်နိုင်ခြင်းဖြစ်ရာ၊ သူ၏ ပေါ့ပါးသော အမူအရာကို ကြည့်ပါက၊ ကြက်တစ်ကောင်ကို သတ်လိုက်သကဲ့သို့ပင်ထင်ရ၏။ ထိုအချိန်တွင် ရွှယ်အန်းသည် သူ၏ ပုလဲဖြူသွားများကို ထုတ်ပြ၍ ပြုံးလိုက်သည်။
“ကောင်းလိုက်တာ၊ အခုတော့ မင်းအလှည့်ပဲ”
အနက်ရောင်ဝတ်ထားသည့် ကျန်အမျိုးသားများသည် အလွန်ကြောက်လန့်ကာ ထွက်ပြေး၇န် ကြံစည်လိုက်ကြသော်လည်း ရုတ်တရက် ၎င်းတို့၏ ခြေဖဝါးများ ယားယံလာသကဲ့သို့ ခံစားလိုက်ကြရသည်။ အောက်သို့ ငုံ့ကြည့်လိုက်သောအခါ၊ အဖြူရောင်မီးတောက်တစ်ခု တက်လာသည်ကို ၎င်းတို့ မြင်လိုက်ကြရ၏။
ဤမီးတောက်သည် အပူချိန်မရှိသော်လည်း တခဏချင်းတွင် အနက်ရောင်ဝတ်ထားသော ယောက်ျားများကို အမှုန်အမွှားပင်မကျန်အောင် လောင်မြိုက်ပစ်လိုက်သည်။
နောက်ဆုံးတစ်ယောက်သာ ကျန်တော့၏။
ရွှယ်အန်း ဖြည်းညှင်းစွာလမ်းလျှောက်လာသည်ကို မြင်လိုက်ရသောအခါ၊ ထိုသူ၏ ခန္ဓာတစ်ကိုယ်လုံးသည် သစ်ရွက်တစ်ရွက်နှယ်တုန်ယင်လာလျက်၊ မြေပြင်ထက်တွင် ဒူးထောက်ကျသွားသည်။
“ကျွန်တော့်ကို ချမ်းသာပေးပါ၊ ချမ်းသာပေးပါ၊ ကျွန်တော် မှားပါတယ်၊ နောက်ထပ် ထပ်မလုပ်ရြတော့ပါဘူး။ တောင်းပန်ပါတယ်”
“မင်းကို ဘယ်သူ ဒီကို လွှတ်လိုက်တာလဲ”
အနက်ရောင်ဝတ်စုံဝတ်ထားသူသည် တုန်လှုပ်သွားကာ၊ မျက်နှာထက်မှ တုံ့ဆိုင်းနေသော အကြည့်တစ်ခု ပေါ်လာသောအခါ၊ ရွှယ်အန်းက ခေါင်းကို ခါယမ်းလိုက်သည်။
“ထားတော့၊ ငါ့ဘာသာ ငါရှာတော့မယ်”
ထို့နောက်၊ ထိုသူ၏ နှဖူးထက်ချက္ကရာဆီမှ ဝိဉာဥ်အရိပ်တစ်ခု ပေါ်ထွက်လာကာ၊ ခန္ဓာကိုယ်သည်မူ မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲပြိုကျသွားသည်။ အနက်ရောင်ဝတ်စုံဝတ်ထားသောလူ၏ ဝိဉာဥ်သည် အလွန်သနားဖွယ်ကောင်းလောက်အောင် အင်အားနည်းလွန်းလလှသဖြင့်၊ လေပြေတိုက်ခတ်သွားရုံဖြင့်ပင် အပိုင်းပိုင်း ကြေမွသွာနိုင်သည်။ ရွှယ်အန်းကို ကြည့်နေသော ထိုဝိဉာဥ်၏ မျက်လုံးများထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေ၏။
ရွှယ်အန်းက သာမန်ကျစွာ ဆွဲကိုင်လိုက်ခြင်းဖြင့်၊ ၎င်း၏ အဓိကမှတ်ဉာဏ်များကို ထုတ်ယူကြည့်ရှု့နိုင်ခဲ့ရာ၊ ၎င်းတို့ကို ကြည့်ပြီးနောက်၊ ရွှယ်အန်းသည် မျက်မှောင်ကြုတ်လိုက်၏။
အမှန်စင်စစ်၊ အနက်ရောင်ဝတ်ဂိုဏ်းသည် အမျိုးသမီး တစ်ဒါဇင်ထက်မနည်းကို ဒုက္ခပေးခဲ့ပြီးဖြစ်ရာ၊ မကောင်းမှုများစွာကိုလည်း ပြုလုပ်ခဲ့ကြသဖြင့်၊ ၎င်းတို့သည် သေခြင်းတရားနှင့် အမှန်ပင် ထိုက်တန်ကြသည်။ ထို့နောက် လက်ဖျောက်တီးလိုက်သောအခါ၊ ကျန်အလောင်းများသည်လည်း မီးတောက်များဖြင့် လျင်မြန်စွာ လောင်ကျွမ်းသွားခဲ့သည်။
“ကောင်းပြီ၊ နင်မျက်စိဖွင့်လို့ရပြီ။
ဖန်းမင်ရွှယ်က သူမ၏ မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သောအခါ၊ ပထမဆုံးမြင်လိုက်ရသောအရာမှာ ရွှယ်အန်း၏ အပြုံးပင်ဖြစ်သည်။ လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်က အတန်းထဲတွင် သူမအနိုင်ကျင့်ခံခဲ့ရစဥ် သူမဘက်မှ ရပ်တည်ပေးခဲ့သော ကောင်လေးနှင့်တူသည်။ သူ၏ အပြုံးသည် အလွန်လှ၏။
ဖန်းမင်ရွှယ်သည် ရွှယ်အန်း၏ ရင်ခွင်ထဲသို့ ရုတ်တရက်တိုးဝင်ကာ၊ ရှိုက်ကြီးတငင်အော်ငိုလိုက်သည်။
ဤသို့သော အဖြစ်ဆိုးသည် မိန်းကလေးတစ်ယောက်အတွက် အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။ အကယ်၍ ရွှယ်အန်းသာ အချိန်မီရောက်မလာခဲ့ပါက ဖန်းမင်ရွှယ်အတွက် စော်ကား၍ မှတ်တမ်းတင်ခံရခြင်းနှင့် မိမိကိုယ်မိမိသတ်သေခြင်းဟူသော ရလဒ်နှစ်ခုသာ ရှိနိုင်သည်။
သေပြီးနောက်တွင်ပင်၊ ဤအနက်ရောင်ဝတ်ယောက်ျားများသည် သူမကို တစ်ယောက်တည်း လွှတ်ထားလိမ့်မည်မဟုတ်ပေ။ ရွှယ်အန်းသည် ဤအခိုက်အတန့်တွင် အလွန် တည်ငြိမ်နေသော်လည်း သူ့စိတ်ထဲတွင်မူ၊ တိတ်တဆိတ် ဆုတောင်းနေ၏။
‘မိန်းမ၊ စိတ်မဆိုးနဲ့နော်၊ ကိုယ်က ကောင်းကင်ကိုယ်စား တရားမျှတမှုကို ဆောင်ရွက်ပေးနေတာပါ၊ လူဆိုးတွေကို တိုက်ခိုက်ပြီး ဒုက္ခရောက်နေတဲ့သူကို ကူညီပေးရုံပါပဲ’
ခဏတာကြာငိုပြီးနောက်၊ ဖန်းမင်ရွှယ်သည် ရှက်ရွံ့စွာဖြင့် ဖက်ထားသောလက်များကို ဖယ်လိုက်သည်။ ထိုအခါမှသာ ရွှယ်အန်းက သူမ၏ ခေါင်းကို ပွတ်ပေး၍ ခပ်ပါးပါးပြုံးလိုက်၏။
“နင်… အငိုသန်တဲ့ကလေးမ၊ လာ သွားကြမယ်၊ သွားစားရအောင်”
ဖန်းမင်ရွှယ်သည် အောက်ထပ်တွင် ၂၄နာရီဖွင့်သော ဘူဖေးဆိုင်ရှိသည့် ကြယ်ငါးပွင့်ဟိုတယ်တွင် တည်းခိုနေခြင်းဖြစ်သည်။ လွန်ခဲ့သောနှစ်ရက်ခန့်က သူမသည် အစာမစားနိုင်တော့ဘဲ၊ ထမင်းစားရန် ခဲယဥ်းလာခဲ့သည်။ သို့သော် ယနေ့တွင်မူ၊ ရွှယ်အန်းနှင့်အတူ၊ သူမသည် ရုတ်တရက် ဆာလောင်မှုကို ခံစားလိုက်ရ၍ အားပါးတရစားသောက်ခဲ့သည်။
ထိုအချိန်တွင် ဟန်ယောင်းသည် အရှိန်ပြင်းစွာဖြင့်ပြေးလာ၏။
အဆက်အသွယ်များမှတဆင့် အခြေအနေကို ကျော်ဖြတ်နိုင်ရန်မျှော်လင့်ကာ၊ အသိမိတ်ဆွေများထံအကူအညီတောင်းလို၍ သွားရောက်နေခဲ့သော်လည်း သူမပြန်ရောက်သည်နှင့်၊ အပေါ်ထပ်တွင် ပြဿနာတက်နေသံများ၊ တိုက်ခိုက်သံများကြားခဲ့ရသည်။ သူမ၏ မျက်နှာသည် ဖြူဖျော့၍ တုန်လှုပ်ခြောက်ခြားကာ၊ ပြဿနာကို ခံစားရသဖြင့်၊ အပေါ်ထပ်သို့ အမြန်ပြေးတက်ခဲ့သည်။
အခန်းထဲတွင် မည်သူမျှမရှိသဖြင့်၊ ဟန်ယောင်း အထိတ်တလန့်ဖြစ်သွားခဲ့သော်လည်း စားပွဲထိုးတစ်ယောက်၏ ကျေးဇူးကြောင့်၊ မိန်းကလေးဖန်းနှင့်၊ အမျိုးသားတစ်ယောက် အောက်ထပ်သို့ ထမင်းစားရန်ဆင်းသွားကြောင်း သိခဲ့ရသည်။
ထိုအချိန်တွင် ဟန်ယောင်းသည် ချက်ချင်း အလျင်လိုလာရပြန်၏။
ထိုသို့ရောက်၍ ရွှယ်အန်းကို မြင်လိုက်ရသောအခါမှသာ ဟန်ယောင်း သက်ပြင်းချနိုင်တော့သည်။ ရွှယ်အန်းထံသို့ သူမ နားမလည်နိုင်သော ယုံကြည်မှုတစ်ခုရှိနေသည်ကို ခံစားမိသည်။ အကယ်၍ ကောင်းကင်တစ်ခုလုံး ပြိုကျလျှင်ပင်၊ သူသည် ကောင်းကင်ကို တွန်းတင်နိုင်မည့်ပုံပေါ်သည်။ ရွှယ်အန်းသည်လည်း ဟန်ယောင်းကိုမြင်သည်နှင့် အမူအရာသည် ချက်ချင်းပျော့ပြောင်းသွား၍ ခေါင်းညိတ်ပြလိုက်သည်။ ၎င်းတို့နှစ်ဦး၏ တွေ့ရှိမှုသည် အလွန်မကောင်းမွန်ခဲ့လှသော်လည်း သူမသည် ဖန်းမင်ရွှယ်အတွက် အမှန်ပင် အဓိပ္ပါယ်ရှိကြောင်း တွေ့ရှိခဲ့သည်။
“မင်ရွှယ်၊ နင်အဆင်ပြေရဲ့လား” ဟန်ယောင်းက ထိုင်ပြီးနောက် စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။ ဖန်းမင်ရွှယ်က ခေါင်းခါလိုက်၏။
“ငါအဆင်ပြေပါတယ်”
“သေစမ်း ဘယ်ကောင်လုပ်တာလဲ” ဟန်ယောင်းသည် အဖြစ်အပျက်ကို ကြားသိပြီးနောက်၊ ကျိန်ဆဲရန်သာတတ်နိုင်တော့သည်။
“မင်ရွှယ်ရဲ့နောက်ကို လူတွေလွှတ်လိုက်တဲ့သူက ဟွာရူယွဲ့လို့ ခေါ်တဲ့သူပဲ” ရွှယ်အန်းကပြောသည်။
“ဟွာရူယွဲ့ဟုတ်လား” ဟန်ယောင်းသည် ထိတ်လန့်သွားပြီးနောက်၊ ဒေါသအမျက်ထွက်နေသော အမူအရာဖြင့် ပြောလိုက်သည်။
“ဒီလို စက်ဆုပ်ဖို့ကောင်းတဲ့နည်းလမ်းတွေကို သုံးတဲ့ နှလုံးသားမရှိတဲ့ခွေးမ၊ အပိုင်းပိုင်းခုတ်ဖို့ထိုက်တန်တယ်”
ရွှယ်အန်းက ပြုံး၍ ဖန်းမင်ရွှယ်ကို ကြည့်လိုက်သည်။
“ဒီလူတွေကို ဘယ်လိုကိုင်တွယ်ဖို့ စဥ်းစားထားလဲ”
ဖန်းမင်ရွှယ်သည် တိတ်ဆိတ်နေ၏။
သူမသည် သူတော်စင်မဟုတ်သဖြင့် ဒေါသစိတ်လည်းဖြစ်တတ်သည်။ သို့သော် ပြိုင်ဘက်သည်ကား၊ ရှဲ့မိသားစုကဲ့သို့ အသိုင်းအဝိုင်းကြီးတစ်ခုဖြစ်သည်။ ရွှယ်အန်းသည် ကြောက်မက်ဖွယ်ကောင်း၍ ပြိုင်ဘက်ကင်းသူဖြစ်ကြောင်း သူမသိသော်လည်း သူတစ်ယောက်တည်း၏ ခွန်အားဖြင့် ဤမျှထိကြီးမားသော အင်အားမျိုးကို မည်သို့ရင်ဆိုင်နိုင်လိမ့်မည်နည်း။
ဖန်းမင်ရွှယ်၏ အတွေးကို မြင်လိုက်ရသောအခါ၊ ရွှယ်အန်းက ပေါ့ပါးစွာဖြင့် ပြုံးလိုက်သည်။
“နင် သူတို့ကို အခုသေစေချင်တယ်ဆိုရင်၊ ရှဲ့မိသားစုနဲ့ ဟွာရူယွဲ့တို့တွေ မနက်ဖြန်ရဲ့ နေကိုတောင် မမြင်ရစေရဘူး”
သူ၏အသံသည် ရိုးရှင်းသော ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ နူးညံ့နေသည်။ သို့သော် ဟန်ယောင်းသည် သူမ၏ ကျောရိုးတစ်လျှောက်အေးစက်သွားသကဲ့သို့ ခံစားလိုက်ရ၏။ ထိုကဲ့သို့ သွေးထွက်သံယိုနှင့် တင်းမားမှုများ ပြည့်နှက်နေသော ကိစ္စသည် ရွှယ်အန်းအတွက် အသေးအဖွဲတစ်ခု ဖြစ်ပုံပေါ်သည်။
“ဒါပေမယ့် ငါထင်တာတော့၊ သူတို့ကို ဒီအတိုင်း ပေးသေလိုက်တာက အရမ်းပျင်းဖို့ကောင်းလိမ့်မယ်” ရွှယ်အန်းကဆက်ပြောသည်။
“ဒါဆို မင်ဘာကို အကြံပေးချင်တာလဲ…” ဖန်းမင်ရွှယ်က မေး၏။
ရွှယ်အန်းက ပြုံးလိုက်သည်။
“သူတို့က နင့်ကို နာမည်ပျက်စာရင်းသွင်းတာမဟုတ်ဘူးလား။ ကောင်းပြီ၊ ငါတို့တွေ အဲ့သူဌေးကြီးဆိုတဲ့လူတွေ ဘယ်လိုလုပ်နေလဲဆိုတာပြမယ်။ သူတို့က နင့်နေရာကို ရုပ်ရှင်ထဲမှာ အစားထိုးလိုက်ကြတဲ့အတွက် ငါတို့ဘာသာရိုက်ကြမယ်။ နောက်ဆုံး ရယ်မယ့်သူကဘယ်သူဖြစ်မလဲဆိုတာ ကြည့်ကြသေးတာပေါ့”
“ရုပ်ရင်ရိုက်မယ်ဟုတ်လား” ဖန်းမင်ရွှယ်နှင့် ရွှယ်အန်းတို့ နှစ်ဦးလုံးက အံ့သြတကြီးမေးလိုက်သည်။
“အင်း”
“ဒါပေမယ့်၊ ငါ့ကို ဘယ်သူက ရင်းနှီးမြုပ်နှံပေးမှာလဲ” ဖန်းမင်ရွှယ်ကမေးသည်။
ရွှယ်အန်းက ရယ်မောလိုက်၏။
“ဘယ်သူမှ မရင်းနှီးပေးရင် ငါလုပ်မယ်။ သန်းငါးရာဆို လုံလောက်လား”
၎င်းတို့၏ ဘုရင်မင်းမြတ်ဖြစ်သော ရှဲ့မိသားစုကို ဆန့်ကျင်သည့်အချိန်မှစ၍ ရွှယ်အန်းသည် ချင်းမိသားစုကို ရိုးရှင်းစွာတောင်းပါက၊ ရနိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိသည်။
“ဒါရိုက်တာနဲ့ ကျန်တာကရော ဘယ်လိုလုပ်မှာလဲ” ဖန်းမင်ရွှယ်က မေးသည်။
ရွှယ်အန်းက ဟန်ယောင်းကို လှမ်းကြည့်လိုက်၏။ ဟန်ယောင်းသည် သူမ၏ နှုတ်ခမ်းဖျားကို ကိုက်၍ စားပွဲကိုရိုက်ချလိုက်သည်။
“မစ္စတာရွှယ်ပြောတာမှန်တယ်။ ဒီလူတွေ အရမ်းလွန်သွားပြီ၊ ငါတို့လုပ်နိုင်တာ ဘာမှမရှိဘူးဆိုတာ ငါမယုံဘူး။ ငါတို့ လုပ်နိုင်ကြောင်းပြဖို့ ရုပ်ရှင် တစ်ခု ရိုက်ကြမယ်။ ဒါရိုက်တာနဲ့ပတ်သက်ပြီးတော့ ငါတို့ဘာသာ နည်းလမ်းရှာကြမယ်”
“ဇာတ်ညွှန်းကရော ဘယ်လိုလဲ”
“ဇာတ်ညွှန်းအတွက် စိတ်မပူပါနဲ့၊ ပြီးတော့ ဒီဇာတ်ကားက သူတို့ကြည့်ဖို့ သက်သက်မဟုတ်ပေမယ့် အချို့လူတွေက အသေးအဖွဲမဟုတ်ဘူးဆိုတာ သူတို့ကို ပြနိုင်လိမ့်မယ်”
“ဒါဆို ဒီဇာတ်ကားရဲ့ ခေါင်းစဥ်က …’နတ်ဘုရားများကို သုတ်သင်ခြင်း” ဖြစ်လိမ့်မယ်”
ပြင်းထန်လှသော နာမည်ကြောင့် ဖန်းမင်ရွှယ် အနည်းငယ် ထိတ်လန့်သွားသည်။ ၎င်းတို့၏ ပြိုင်ဘက်များက ၎င်းကို “နတ်ဘုရားများ စစ်ပြိုင်ခြင်း” ဟု အမည်ပေးထားသော်လည်း ဤနေရာတွင် “နတ်ဘုရားများကို သုတ်သင်ခြင်း” ဟုအမည်ပေးလိုက်ခြင်းသည် ထိပ်တိုက်ရင်ဆိုင်ရန် ရည်မှန်းထားကြောင်း ပြတ်သား၏။
ရွှယ်အန်း၏ ရည်ရွယ်ချက်မှ ဤအရာသည် အစသာရှိသေး၏။ ရွှယ်အန်းတွင် ထိုသို့သော အတွေးမျိုး အမှန်တကယ်ပင်ရှိနေခြင်းဖြစ်သည်။ အကယ်၍ သူသာ ပြိုင်ဘက်များကို ရုပ်ရှင်တကားတည်းဖြင့်အလွှတ်ပေးလိုက်လျှင်၊ အလွန်သက်တောင့်သက်သာရှိနေလိမ့်မည်မဟုတ်သလော။
ထို့အပြင် ရွှယ်အန်းသည် မြို့ထဲသို့ ဝင်လိုက်သောအခါ၊ အငွေ့အသက်တစ်ခုကို အတိအကျခံစားလိုက်ရသည်။ ၎င်းသည် မထင်ရှားလှသော်လည်း လွတ်မြောက်အင်မော်တယ် ဆီမှ ထွက်လာခြင်းဖြစ်ကြောင်း မမှားနိုင်ပေ။
၎င်းတို့၏ နောက်ကွယ်တွင် ထိုသို့သော ပံ့ပိုးမှုများရှိနေသောကြောင့် ၎င်းတို့ ဤသို့ မောက်မာနေကြခြင်းသည် အံ့သြဖွယ်တစ်ခုတော့မဟုတ်လှပေ။ သို့သော် ရွှယ်အန်းက ချက်ချင်းပင် ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
‘လွတ်မြောက်အင်မော်တယ် လား’
‘ငါ့အရင်က အင်မော်တယ် နန်းတော်မှာ ငှက်တွေကို အစာကျွေးရတဲ့လူတွေအားလုံးတောင် စစ်မှန်တဲ့ အင်မော်တယ်အဆင့်မှာရှိတယ်’
အခန်း(၈၆) ပြာမှပြာ၊ အမှုန့်မှ အမှုန့်အဖြစ်သို့
“ကောင်းပြီ၊ မစ္စတာရွှယ်၊ ကျွန်မနားလည်ပါတယ်၊ ကျွန်မ ရှင့်ကို အခုချက်ချင်း အဖြေပြန်ပေးပါ့မယ်”
“မစ္စတာရွှယ် ဘာပြောလိုက်လဲ” ချင်းယွမ်က ရုံးခန်းပြတင်းတံခါးမှတဆင့် စိုးရွံ့စွာမေးလိုက်သည်။
“သူက ဖန်းမင်ရွှယ်အတွက် ရုပ်ရှင်တစ်ကားထုတ်ပေးဖို့ ကြံစည်နေတာ။ သမီးတို့ကို အရင်းအနှီးထုတ်ပေးစေချင်တယ်”
“သမီးဘယ်လိုထင်လဲ” ချင်းယွမ်က ခေါင်းလှည့်ကြည့်ခြင်းမရှိဘဲ မေးလိုက်သည်။
ချင်းယွမ်ကမူ အနည်းငယ်တုံ့ဆိုင်းနေ၏။
“ပိုက်ဆံထောက်ပံ့ပေးတာက မခက်ပါဘူး။ ဘီလီယံနည်းနည်းလောက်က ချင်းမိသားစုအတွက် ဘာမှမဖြစ်သွားဘူး။ ဒါပေမယ့် တကယ်လို့ သမီးတို့ ဒီလိုလုပ်ရင် ရှဲ့မိသားစုကို လုံးဝ ဆန့်ကျင်သလိုဖြစ်သွားလိမ့်မယ်”
ချင်းယွမ်က ရယ်မောလိုက်ပြီးနောက် စိတ်ညစ်နေရာမှ ပြန်ကောင်းလာကာ၊ ပြောလိုက်သည်။
“ယွီ၊ ပြတင်းပေါက်ကနေ ဒီလောက် ကျယ်ပြောတဲ့ မြို့ကြီးကို ကြည့်လိုက်။ ဘယ်လောက်တောင် လူရှုပ်လိုက်သလဲ”
ရုံးခန်းသည် ပေကျန်းမြို့၏ အမြင့်ဆုံးသော မိုးမျှော်တိုက်၏ အပေါ်ထပ်တွင်တည်ရှိသည်။ ကြမ်းပြင်းမှ ပြတင်းပေါက်များရှေ့တွင်ရပ်ပါက၊ ပေကျန်းမြို့တော် တစ်ခုလုံး ခြေထောက်အောက်ကျရောက်နေသကဲ့သို့ အခြားအဆောက်အုံများအားလုံးပျောက်ကွယ်သွားသည့် မြင်ကွင်းကို ခံစားနိုင်သည်။
ချင်းယွီသည် အနည်းငယ် အံ့သြသွားသည်။
“နှစ်တွေအကြာကြီး ရှဲ့မိသားစုနဲ့ ငြိမ်းချမ်းရေးတည်ဆောက်လာတာ။ ဒါပေမယ့် ခင်မင်တယ်လို့ထင်ရပေမယ့် သမီးအဲ့လို တကယ်ထင်လား”
“စီးပွားရေးဆိုတာ စစ်မြေပြင်ပဲ။ တစ်ခါတစ်လေမှာ စစ်မြေပြင်ထက်တောင် ရက်စက်တယ်။ လုံတိုင်အဖွဲ့က ပြည်နယ်မြို့တော်မှာ ဘာလို့ လုပ်ငန်းမရှိလဲသိလား။ အရင်က ဒီလိုမဟုတ်ဘူး။ ဟိုးတုန်းက သမီးငယ်ငယ်တုန်းက သမီးအဖေအပါအဝင် စျေးကွက်ရှာဖို့ ပြည်နယ်မြို့တော်ကို လူတွေအများကြီးလွှတ်လိုက်တယ်။ ဒါပေမယ့် သူတို့အားလုံး အသက်ဆုံးရှုံးသွားကြရတယ်”
ထိုအချိန်တွင် ချင်းယွမ်၏ အသံသည် တဖြည်းဖြည်းလေးလံလာ၏။ ချင်းယွီသည် သူမ၏ ရင်ဘတ်ထဲတွင် တင်းတင်းကြပ်ကြပ်ခံစားနေရကာ၊ ငြိမ်သက်စွာဖြင့် နားထောင်နေသည်။ ချင်းယွမ်က သက်ပြင်းချလိုက်သည်။
အသက်ကြီးလာတာနဲ့အမျှ ငါ့ရဲ့ တက်ကြွမှုတွေ လက်စားချေစိတ်တွေ ပျောက်ကွယ်သွားခဲ့တယ်။ ကံကောင်းထောက်မစွာဖြင့် ငါ မစ္စတာရွှယ်နဲ့တွေ့ခဲ့ရတဲ့အတွက်၊ သူ့ကျေးဇူးကြောင့် ပြန်ပြီးကျန်းမာလာခဲ့တာ။ အခု ငါ့အတိတ်က အကြွေးတွေကို ရှင်းဖို့ အချိန်တန်ပြီ”
ချင်းယွီက ခေါင်းညိတ်လိုက်သည်။
“မစ္စတာရွယ်က ဉာဏ်ကောင်းတဲ့လူတစ်ယောက်၊ ငါမြင်ဖူးသမျှထဲတော့ သူက ပညာအရှိဆုံးပဲ။ သူ ဒီတစ်ခေါက် ပြည်နယ်မြို့တော်ကို သွားတာမှာ လောင်ဟေးကို သူနဲ့အတူထည့်ပေးလိုက်ရတဲ့အကြောင်းက ချင်းမိသားစုရဲ့ ရည်ရွယ်ချက်ကို ပြချင်လို့ပဲ”
“ဒါပဲ၊ ဘယ်လိုပဲဖြစ်ဖြစ်၊ ချင်းမိသားစုက မစ္စတာရွှယ်ရဲ့ သစ္စာရှိပံ့ပိုးသူတွေဖြစ်နေစေရမယ် ဒါကြောင့် သူက ငါတို့ကို အရင်းအနှီးထုတ်ပေးစေချင်တာပဲ။ သူ ရုပ်ရှင်ရိုက်ဖို့ထက်ပိုပြီးရည်ရွယ်ထားတာသေချာတယ်”
“ဒါဆို… အဘိုးပြောချင်တာက…”
“ဒီမှာ ငါကျန်ခဲ့မယ်။ ပိုက်ဆံအလုံအလောက်ယူသွားပြီး ပြည်နယ်မြို့တော်ကို လိုက်သွားပါ။ မစ္စတာရွှယ်က ငါးဘီလီယံလိုချင်တာဆိုတော့၊ သမီးအဲ့ကို ဆယ်ဘီလီယံယူသွားချေ” ချင်းယွမ်၏ မျက်လုံးများသည် ပို၍ တောက်ပလာသည်။
“ဖုန်မှုန့်ကနေ ဖုန်မှုန့်၊ မြေကြီးကနေမြေကြီး တချို့ကိစ္စတွေကို ဖြေရှင်းသင့်နေပြီ” ချင်းယွမ်သည် အောက်ဘက်ရှိ စည်ကားလှသော မြို့ကို ငုံ့ကြည့်၍ သူ့မျက်လုံးများသည် မီးတောက်များကဲ့သို့ တောက်ပနေသည်။
ဟန်ယောင်း၏ မျက်နှာသည်မူ အလွန်ကြည့်ရဆိုးနေ၏။
ယနေ့တစ်မနက်လုံး သူမသည် မရေမတွက်နိုင်အောင် များပြားလှသော ဒါရိုက်တာများထံသို့ ဖုန်းခေါ်ဆိုမှုများပြုလုပ်ခဲ့သော်လည်း ဖန်းမင်ရွှယ်ပါဝင်မည့် ဇာတ်ကားသစ်အတွက်ဖြစ်ကြောင်း ကြားလိုက်ကြရသောအခါတွင် ၎င်းတို့အားလုံးက ယဥ်ကျေးစွာငြင်းဆိုခဲ့ကြသည်။ ဤစိတ်ပျက်ဖွယ်ကောင်းသော စတင်မှုသည် ဟန်ယောင်းနှင့် ဖန်းမင်ရွှယ်တို့ နှစ်ဦးလုံး၏ စိတ်ဓာတ်များကို ဆုံးဆုံးမြုပ်သွားစေနိုင်သည်။
စက်မှုလုပ်ငန်းတွင် ရှဲ့မိသားစု၏ လွှမ်းမိုးမှုသည် ထင်ထားသည်ထက် များစွာကြီးမားလှ၏။ ရွှယ်အန်းတစ်ယောက်သာလျှင် စိတ်အေးလက်အေးဖြစ်၍ သမီးနှစ်ယောက်နှင့် ပဟေဠိဝှက်တမ်းကစားပင်မပျက်ပေ။
မွန်းတည့်ချိန်ရောက်လာပြီးနောက်၊ နောက်ဆုံးဖုန်းခေါ်ဆိုမှုသည်လည်း အချည်းအနည်းသာဖြစ်သဖြင့်၊ ဟန်ယောင်းပင် စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။ သို့သော် ထိုအခိုက်အတန့်တွင် တံခါးဘဲလ်မြည်လာ၍ လောင်ဟေးက တံခါးကို ဖွင့်လိုက်သောအခါ၊ မက်စ်တပ်ထားသော သူတစ်ယောက်လမ်းလျှောက်ဝင်လာသည်။
သူ့မတ်စ်ကို ချွတ်လိုက်သောအခါ၊ ၎င်းသည် စတီဖန်ပင်ဖြစ်နေကြောင်း မြင်လိုက်ကြရ၏။
“မစ္စတာ စတီဖန် ရှင် ဒီကို ဘာလာလုပ်တာလဲ” ဟန်ယောင်းနှင့် ဖန်းမင်ရွှယ်တို့သည် အမြန်ပင် မတ်တပ်ထရပ်လိုက်ကြသည်။ စတီဖန်က တောင်းပန်သောအကြည့်မျိုးဖြင့် ကြည့်၍ ထိုင်ခုံပေါ်တွင် ထိုင်နေသော ရွှယ်အန်းကို ယဥ်ကျေးစွာ ခေါင်းညိတ်ပြလိုက်သည်။
ရွှယ်အန်းက ခေါင်းညိတ်လိုက်၏။
“ထိုင်ပါ”
စတီဖန်က ခေါင်းခါလိုက်သည်။
“ကျွန်တော် မထိုင်တော့ဘူ၊ စတူဒီယိုမှာ လုပ်စရာတွေ အများကြီးရှိသေးလို့ ပြန်သွားရမယ်။ မင်းက ရုပ်ရှင်ရိုက်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်ဆိုရင် လူတစ်ယောက်ကို ကျွန်တော် အကြံပေးချင်တယ်”
“ဘယ်သူလဲ” ဟန်ယောင်း၏ မျက်လုံးများ တောက်ပလာသည်။
စတီဖန်က ဆက်ပြော၏။
“ဒီလူက ဟိုးအရင်တုန်းက ကျွန်တော့် သူငယ်ချင်းကောင်းတစ်ယောက်ပါ။ သူ့ အရည်အချင်းက ကျွန်တော့်ထက် မနိမ့်ဘူး။ ဒါပေမယ့် အာဏာကြီးမိသားစုကြီးတွေရဲ့ အကြိုက်ကို လိုက်မပေးခဲ့တဲ့အတွက် ရှဲ့မိသားစုကို စော်ကားမိသလိုဖြစ်ပြီး နာမည်ပျက်စာရင်းသွင်းခံခဲ့ရတယ်။ ဒါ့အပြင် သူ့အိမ်ထောင်ဘကက အပြင်းဖျားသွားတဲ့အကြောင်း ကြားလိုက်ရပြီးနောက်ပိုင်း သူ့နာမည်လည်း တိမ်မြုပ်သွားတော့တာပဲ”
“ရှင်ပြောချင်တာက…” ဟန်ယောင်းက ခဏတာ တုံ့ဆိုင်းသွားပြီးနောက် မေးလိုက်သည်။
စတီဖန်က ခေါင်းညိတ်ပြလိုက်၏။
“ဟုတ်တယ်။ တစ်ချိန်က ပါရမီရှင် ဒါရိုက်တာအဖြစ် လူသိများတဲ့ ချောင်ကျန့်ပဲ”
“သူက ဒီမြို့ထဲမှာပဲလား”
“အဲ့တုန်းက ကျွန်တော် သူ့ကို နိုင်ငံခြားသွားဖို့ ခေါ်ခဲ့ပေမယ့်၊ သူငြင်းခဲ့တယ်။ သူနဲ့ အဆက်အသွယ်မရတာ ကြာပြီ၊ ဒါပေမယ့် သူ ဒီမြို့ထဲမှာပဲရှိနေသေးတယ်ဆိုတာတော့ ကျွန်တော် သေချာသိတယ်”
ဟန်ယောင်း စိတ်လှုပ်ရှားလာသည်။
ချောင်ကျန့်သည် ထိုခေတ်က ဖျော်ဖြေရေးနယ်ပယ်၏ ဆရာတစ်ဆူဖြစ်သည်။ သူ၏လက်ရာများသည် နိုင်ငံရပ်ခြား၌ပင် ဆုပေါင်းများစွာ ရရှိခဲ့သည်။ သူရုတ်တရက် လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်ဟုသာ ထင်ခဲ့ကြရာ၊ တကယ်တမ်းတွင် ရှဲ့မိသားစုကို ဆန့်ကျင်မိခဲ့သောကြောင့်သာဖြစ်နေခဲ့၏။
ဤအခိုက်အတန့်တွင် စတီဖန်သည် စိုးရွံ့စွာပြုံးလျက် ပြောလိုက်၏။
“ကိစ္စတွေ ဒီအထိ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားပါဘူး။ ဒီဇာတ်ကားပြီးတာနဲ့ ကျွန်တော် ဟွာရှားကနေ ထွက်သွားပြီး ဘယ်တော့မှပြန်မလာတော့ဘူး။ ဒီကရေတွေက… အရမ်းနက်တယ်”
“ပြီးတော့…” စတီဖန်က ဆက်ပြောရန် တုံ့ဆိုင်းသွားသည်။
“ဘာဖြစ်လို့လဲ” ရွှယ်အန်းက မျက်ခုံးပင့်လိုက်၏။
“ရှဲ့မိသားစုက ဒီအချိန်မှာ စီးပွားရေးကို အကြီးအကျယ်လုပ်နေတာပဲ၊ အများကြီးရင်းနှီးမြုပ်နှံထားပြီးတော့၊ ရှဲ့ထန်စီက အရမ်းစိတ်အားထက်သန်နေတယ်။ ဒီကားကို ပြည်ပရုပ်ရှင်စျေးကွက်အထိ ယှဥ်ပြိုင်နိုင်အောင် ရည်မှန်းထားတယ်”
စတီဖန်၏ စကားများသည် အဓိပ္ပါယ်ရှင်းလင်းလှသည်။ ရှဲ့မိသားစုကို ရုပ်ရှင်မှတစ်ဆင့် သင်ခန်းစာတစ်ခုပေးချင်တယ်ဆိုရင် ခက်ခဲလိမ့်မယ်”
ရွှယ်အန်းက ခပ်ပါးပါးပြုံးလိုက်သည်။
“ရည်မှန်းချက်ကြီးကြီးမားမားရထားတာ ကောင်းပါတယ်။ ဒါပေမယ့် တူညီတဲ့ခွန်အားမရှိရင်၊ ဒါက အရူးအိပ်မက်တစ်ခုသာသာပဲဖြစ်လိမ့်မယ်”
စတီဖန်က ဟန်ယောင်းကို လိပ်စာပေးခဲ့ပြီးနောက်၊ မတ်စ်ပြန်တပ်၍ ထွက်ခွာသွားတော့သည်။ ဟန်ယောင်းသည် အလွန်စိတ်လှုပ်ရှားနေလျက်၊ စတင်၍ ဖိတ်ကြားရန် ပြင်ဆင်နေ၏။
ရွှယ်အန်းသည်လည်း မတ်တပ်ထရပ်၍ ပြောလိုက်သည်။
“ကျုပ် ခင်ဗျားနဲ့လိုက်ခဲ့မယ်။ လောင်ဟေးက ဒီမှာ စောင့်နေခဲ့”
“နားလည်ပါပြီ” လောင်ဟေးက ခေါင်းညိတ်၏။
“ဖေဖေ သမီးတို့လည်း သွားချင်တယ်”
ရွှယ်အန်းက ပြုံး၍ ငုံ့လျက်၊ သူ့သမီးနှစ်ယောက်ကို မချီလိုက်သည်။
“ကောင်းပြီ”
စီမံခန့်ခွဲမှု အားနည်းချက်ကြောင့် လမ်းများပေါ်တွင် နေရာတိုင်း၌ အမှိုက်များ ပြန့်ကျဲလျက်ရှိကာ၊ တစ်ရပ်ကွက်လုံး အလွန်ပျက်ဆီးနေ၏။ ဤနေရာတွင်နေထိုင်နေကြသူ အများစုသည် ဝင်ငွေမရှိသော လူ့အဖွဲ့အစည်း၏ အောက်ခြေလူတန်းစားများဖြစ်သည်။ ဟန်ယောင်းသည် အနှစ်လေးဆယ်သို့မဟုတ် ငါးဆယ် ဝန်းကျင်ရှိသော အဆောက်အဦတစ်ခု၏ ရှေ့တွင် ကားရပ်ထားလိုက်ကာ၊ အပြင်သို့ ထွက်လာသည်နှင့် သူမမျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။
ဤပတ်ဝန်းကျင်သည် အလွန်ဆင်းရဲမွဲတေလွန်းလှသည်။ တစ်ချိန်က နာမည်ကြီးပါရမီရှင် ဒါရိုက်တာ ချောင်ကျန့်က ဤသို့သော နေရာမျိုးတွင် နေနိုင်ပါ့မည်လော။
အဆောက်အဦ၏ အတွင်းသို့ဝင်လိုက်သည်နှင့် ပြင်းထန်သော ညှော်နံ့တစ်ခုသည် ၎င်းတို့၏ နှာခေါင်းများသို့ တိုးဝှေ့ဝင်ရောက်လာကာ၊ နေရာတစ်ခုလုံး အလင်းတစ်မှုန်ပင်မရှိဘဲ၊ ပကတိမည်းမှောင်နေ၏။ စတီဖန်ပေးလာသည့် လိပ်စာသည် ပဥ္စမထပ်တွင်ဖြစ်သည်။ တံခါးသို့ရောက်သောအခါ၊ ဟန်ယောင်းက တံခါးခေါက်တော့မည့်ဆဲဆဲ၌ပင် တံခါးပွင့်လာ၏။ ထို့နောက်၊ အလွန်စုတ်ပြတ်နေသော အဝတ်အစားများဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးသည် တံခါးရှေ့တွင်ရပ်ကာ၊ ဟန်ယောင်းနှင့် ရွှယ်အန်းတို့ကို သတိကြီးစွာကြည့်နေကြသည်။
“ခွင့်ပြုပါ၊ ဒါက ဆရာချောင်ကျန့်ရဲ့အိမ်လားမသိဘူး” ဟန်ယောင်းက ယဥ်ကျေးစွာဖြင့်ပြောလိုက်သည်။
“မဟုတ်ဘူး” ထိုသူက အော်၍ တံခါးကို ပြင်းထန်စွာပိတ်လိုက်၏။ ဟန်ယောင်းသည် အနည်းငယ်အရှက်ရသွားသော်လည်း သူမဒေါသကို မြိုသိပ်၍ ရုပ်ရှင်အတွက် ရည်စူးကာ၊ တံခါးကို ဆက်ခေါက်လိုက်သည်။ ဤတစ်ကြိမ်တွင် ခေါက်သံသည် ပို၍ပင်ကြာရှည်သွားကာ၊ ငါးမိနစ်အကြာတွင် ထိုသူက စိတ်မရှည်စွာဖြင့် တံခါးဖွင့်လာ၏။ ဟန်ယောင်းက နှုတ်ခမ်းကို ကိုက်ပြီးနောက်၊ ပြုံး၍ ပြောလိုက်သည်။
“ဆရာချောင်ကျန့်နဲ့ ရှင်နဲ့ ဘာတော်လဲဆိုတာ မေးလို့ရမလားရှင့်၊ ဒီလိပ်စာကို ဒါရိုက်တာ စတီဖန်က ပေးခဲ့တာပါ။ ရှင်က…”
“မင်းအနှောက်အယှက်မပေးလို့မရဘူးလား။ သူ ဒီမှာမရှိဘူးလို့ ငါမင်းကို ပြောပြီးပြီ” ထိုသူက တံခါးကို ပြန်ပိတ်ရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်၌ ရွှယ်အန်းက တည်ငြိမ်စွာပြောလိုက်၏။
“မင်းမိန်းမသာ ဆေးကုသမှုမခံယူရင် သုံးရက်အတွင်းသေလိမ့်မယ်…”
အခန်း(၈၇) ပါရမီရှင်ဒါရိုက်တာ
ထိုလူသည် အလွန် အံ့အားသင့်သွားရသည်။
“မင်း… မင်းက ဘယ်သူလဲ” ထိုသူက ဒေါသနှင့် ဝမ်းနည်းစိတ် ရောယှက်လျက် မေးသည်။ ရွှယ်အန်းကမူ တည်ငြိမ်သောအပြုံးပြုံး၍ တုံ့ပြန်လိုက်သည်။
“ကျုပ်ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး။ ဒါပေမယ့် ကျုပ်၊ ခင်ဗျားမိန်းမရဲ့ရောဂါကို ကုပေးနိုင်တယ်”
ချောင်ကျန်၏ မျက်နှာထက်တွင် စိတ်ရှုပ်ထွေးနေသော အမူအရာအချို့ပေါ်လာကာ၊ ခဏတာမျှ ကြောင်အသွားသည်။ ဤအချိန်တွင် ရွှယ်ရှန်းသည် အလွန် အားတက်သရောမျက်တောင်ခတ်၍ ပြော၏။
“ဦးလေး၊ သမီးဖေဖေက တကယ် အံ့သြဖို့ကောင်းတယ်”
ချောင်ကျန့်က ဘေးသို့ ဖယ်လိုက်ပြီးနောက်၊ လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“ဝင်လာခဲ့ပါ၊ ကျုပ်က ချောင်ကျန့်ပါ”
အခန်းတွင်းရှိ အလင်းရောင်သည် အလွန်မှိန်ဖျော့လှသော်လည်း အခန်းသည်မူ သပ်ရပ်နေ၏။ အခန်းတွင်းလေထုတွင် အလွန်ပြင်းထန်သော တရုတ်ဆေးနံ့များ လှိုင်လှိုင်ထနေသည်။
ထို့အပြင် ပိန်ပါးသော အမျိုးသမီးတစ်ဦးသည် အိပ်ရာထက်တွင် အသက်မဲ့နေသော မျက်လုံးများဖြင့် လဲလျောင်းနေ၏။ သူမ၏ မျက်နှာသည် ဖျော့တော့လျက်၊ သေခြင်းတရား၏အငွေ့အသက်များပြည့်နှက်နေသည်။ ရွှယ်အန်း ပြောခဲ့သည်မှာ မှန်သည်။ အကယ်၍ သူမသာ ဆေးကုသမှုမခံယူပါက၊ ဤအမျိုးသမီးသည် သုံးရက်ထက်ပို၍ ကြာကြာ ရှင်နိုင်လိမ့်မည်မဟုတ်ပေ။
“ဘယ်သူ… အ” အမျိုးသမီးက အင်အားချိနဲ့စွာပြောလိုက်သည်။
ချောင်ကျန့်၏ မျက်နှာသည် ဤအမျိုးသမီးကို မြင်သောအခါမှသာ နူးညံ့ပျော့ပြောင်းသွားတော့သည်။
“မိတ်ဆွေအချို့ပါ။ ဒီလူက မင်းရောဂါကို ကုပေးဖို့ လာခဲ့တာ”
အမျိုးသမီးက ခေါင်းခါယမ်းလိုက်သည်။
“ထားလိုက်တော့၊ ဘယ်သူမှ ကျွန်မရောဂါကို မကုနိုင်ဘူး။ ပိုက်ဆံထပ်မဖြုန်းပါနဲ့တော့၊ ပိုက်ဆံစုပါ။ ကျွန်မသေသွားရင် ပိုကောင်းတဲ့လူတစ်ယောက်ကို ရှာပါ”
“မင်း ဘာရူးနှမ်းနှမ်းစကားတွေပြောနေတာလဲ” ချောင်ကျန့်၏မျက်နှာထက်တွင် မကျေနပ်မှုများ ပြည့်နှက်သွားရ၏။
“မင်း သေချာပေါက် ပြန်ကောင်းလာမှာပါ”
ဤသို့ပြောကာ၊ ချောင်ကျန်က မျက်နှာလွှဲလိုက်သည်။ သူ၏ မျက်လုံးများသည် မျက်ရည်များလဲ့နေ၏။
ဟန်ယောင်းသည် သူတို့ရောက်ရှိလာမှုကို ရှင်းပြချင်ခဲ့သော်လည်း ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ၊ သူမ အနည်းငယ်စိတ်ထိခိုက်သွားရသည်။ မည်သူကမျှ၊ ဤပြိုင်ဘက်ကင်းဒါရိုက်တာကြီးသည် သူချစ်သော အမျိုးသမီးအတွက် ဤမျှထိ ဆုံးခန်းတိုင်ရသွားရသည်မှာ အံ့သြဖွယ်တော့မဟုတ်လှပေ။
ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့သည် ရွှယ်အန်း၏ အင်္ကျီစကို ဆွဲ၍ စိတ်ညစ်စွာဖြင့် ပြောလိုက်သည်။
“ဖေဖေ အန်တီ့ကို ကယ်လိုက်ပါ၊ သူတို့အရမ်းသနားဖို့ကောင်းတယ်”
ရွှယ်အန်းက ပြုံးလိုက်သည်။ မှန်သည်၊ ကလေးတို့၏ နှလုံးသားသည်သာ အဖြူစင်ဆုံးဖြစ်သည်။ ကျင့်ကြံသူများသည် လောကီစိတ်ခံစားမှုများမှ ရုန်းထွက်သင့်သည်ဖြစ်ရာ၊ သတ်ဖြတ်ခြင်း၌ မွေ့လျော်ခြင်းသည် နတ်ဆိုးလမ်းစဥ်ကိုသာ ဦးတည်စေလိမ့်မည်ဖြစ်သည်။
အပြစ်မဲ့သူ၏နှလုံးသားကို ထိန်းသိမ်းထားမှသာလျှင်၊ အတားအဆီးကင်းမဲ့စွာဖြင့် ရှေ့တိုးနိုင်လိမ့်မည်ဖြစ်သည်။ ရွှယ်အန်းသည် ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်း၍ အမျိုးသမီး၏ ကုတင်ဘေးသို့ ချဥ်းကပ်သွားသည်။ ဤအမျိုးသမီးသည် သူမ၏ ဘဝ ဆုံးခန်းတိုင်လုနေပြီဖြစ်ကြောင်း တစ်ချက်ကြည့်လိုက်ရုံဖြင့် သူသိလိုက်သည်။ ယခုအချိန်အထိ အသက်ရှင်နေခြင်းသည် အံ့ဖွယ်တစ်ခုပင်ဖြစ်သ်ည။ အမှန်တကယ်ပင်၊ သူမသည် အသက်ရှုနေသည်ဆိုရုံမျှသာ ရှင်သန်နေသေးခြင်းဖြစ်၏။
ထိုအသက်ရှုခြင်းကား အဘယ်နည်း။
အမျိုးသမီး၏ ချောင်ကျန့်အပေါ်သို့ထားသော ချစ်ခင်စိတ်နှင့်၊ ကြင်နာစိတ်တို့ကို နားလည်ရန်သာလိုအပ်သည်။ ရွှယ်အန်း၏နှလုံးသားသည် ကျောက်တုံးတမျှ မာကြောနေသော်လည်း ၎င်းကို ခံစားမိ၏။ ထို့ကြောင့် သူ၏လက်နှစ်ဖက်ကို ဆန့်တန်း၍ အမိန့်ပေးလိုက်သည်။
“စုပေါင်း”
အမျိုးသမီး၏ ဝိဉာဥ်သည် ပြန်ကျဲသွားသည်ဖြစ်ရာ၊ ၎င်းကို ဦးစွာပြန်မစုစည်းပါက၊ သူမကို မည်သည့် ဝိဉာဥ်ဆေးကမှ ကယ်တင်နိုင်လိမ့်မည်မဟုတ်ပေ။ သို့သော် အင်မော်တယ်တစ်ဦးမှတပါး၊ မည်သူက ဝိဉာဥ်တစ်ခုကို စုဆောင်းနိုင်လိမ့်မည်နည်း။ ကံကောင်းထောက်မစွာဖြင့် ရွှယ်အန်းသည် အင်မော်တယ်အရှင်ဖြစ်နေသည်။
သူ့အမိန့်အရ၊ မရေမတွက်နိုင်အောင် များပြားလှသော အလင်းတန်များ စတင်ပေါင်းစုလာသည်။ ဤအံ့ဖွယ်ကောင်းသော မြင်ကွင်းသည် ချောင်ကျန့်ကို အံ့သြသွားစေသည်။ ထိုအခါ၊ အမျိုးသမီး၏ မျက်လုံးများသည် တဖြည်းဖြည်း ကြည်လင်လာ၏။ ခဏအကြာတွင် ရွှယ်အန်းက နောက်ပြန်ဆုတ်လိုက်ကာ၊ ကမ္ဘာဦးအနှစ်ဆေးလုံးကို လက်ကျန်ဆေးဖက်ဝင်ပစ္စည်းများမှ ပြုလုပ်လိုက်သည်။
သို့သော် သာမန်လူများအတွက်မူ၊ ၎င်းသည် နတ်ဆေးပင်ဖြစ်၏။ ရွှယ်အန်းသည် ချောင်ကျန့်ကို ဆေးလုံးပစ်ပေးလိုက်၍ ပြောလိုက်သည်။
“ဒီဆေးကို သောက်လိုက်ရင် လူတစ်ယောက်ရဲ့အသက်ကို အနှစ်တစ်ရာအထိ သက်တမ်းတိုးစေနိုင်တယ်”
ချောင်ကျန့်က ဆေးလုံးကို ဖမ်းယူ၍ ဆိုင်းတွတုံ့ဆိုင်းနေခြင်းမရှိဘဲ, ထိုအမျိုးသမီးကို ဆေးတိုက်ရန်ရှေ့သို့တိုးလိုက်သည်။
ဤသည်က ရွှယ်အန်းရည်မှန်းထားသည့်အတိုင်းပင်ဖြစ်သည်။ အနှစ်တရာသက်တမ်းတိုးနိုင်သော နတ်ဆေးပညာကိုတွေ့ရသောအခါ၊ လူသားက မည်သို့ ဆုံးဖြတ်လိမ့်မည်ကို သူမြင်ချင်ခဲ့ခြင်းဖြစ်ရာ၊ ရလဒ်သည် သူ့ကို စိတ်မပျက်စေခဲ့ပေ။ အမျိုးသမီး၏ အသက်ရှုသံသည် နှေးကွေးတိုးလျနေဆဲဖြစ်သော်လည်း သူမ၏ အမူအရာသည်မူ အလွန်တိုးတက်လာ၏။ သူမသည်လည်း ရွှယ်အန်း၏ စကားလုံးများကို ကြားခဲ့ရသဖြင့်၊ ဆေး၏ တန်ဖိုးကို သိထားသည်။ ချောင်ကျန့်က သူမကို တိုက်ပြီးသောအခါ၊ တစ်ဝက်ကို ပါးစပ်ဖြင့်ကိုက်လိုက်ပြီးနောက်၊ ချောင်ကျန့်၏ နှုတ်ခမ်းကို ရုတ်တရက် နမ်းလိုက်သည်။
ဤမြင်ကွင်းက ဟန်ယောင်းကိုပင် အေးခဲတောင့်တင်းသွားစေနိုင်သည်။
အပြင်ဘက်မှ နေရောင်ခြည်သည် သာမန်လူသားနှစ်ဦးပေါ်သို့ ရွှေရောင်တောက်ပစွာ လင်းလတ်နေသည်။
ချောင်ကျန့်သည် မူလက ၎င်းကို စားရန် ငြင်းချင်ခဲ့သော်လည်း အမျိုးသမီးက သူ၏နားနားသို့ကပ်ကာ၊ ခပ်တိုးတိုးပြောလိုက်သည်။
“သောက်လိုက်ပါ၊ ရှင်မရှိဘဲ ကျွန်မ အကြာကြီးအသက်ရှင်နေရရင် ဘယ်လောက်အထီးကျန်ရမလဲ” ဤစကားကို ကြားသောအခါ၊ ချောင်ကျန့်က ဆေးကို တိတ်တဆိတ် မြိုချလိုက်သည်။ သိပ်မကြာခင်၌ပင် အမျိုးသမီးက မျက်ခုံးတွန့်၍ ထထိုင်လိုက်သည်။
ချောင်ကျန့် အံ့အားသင့်သွားရသည်။ ဆေးသည် ဤမျှ အံ့ဖွယ်ကောင်းလောက်အောင် ထိရောက်လိမ့်မည်ဟု သူ မည်သည့်အခါကမျှ မတွေးထားခဲ့ဖူးပေ။
“ကျွန်မကို သန့်စင်ခန်းထဲပို့ပေးပါဦး” အမျိုးသမီးက ရှက်ရွံ့စွာပြောသည်။
ချောင်ကျန့်သည် လျင်မြန်စွာဖြင့် ရှေ့သို့ တက်လှမ်း၍ အမျိုးသမီးကို ဆွဲခေါ်ကာ၊ ရေချိုးခန်းထဲသို့ အမြန်သွားခဲ့သည်။ ဤအခိုက်အတန့်တွင် ဟန်ယောင်းက မနာလိုနေသော အသံဖြင့် ပြောလာ၏။
“တကယ်ကို ကြည်နူးဖို့ကောင်းတဲ့အချစ်တစ်ခုပဲ”
ရွှယ်အန်းသည်လည်း တိတ်ဆိတ်နေလျက်၊ စိတ်ထဲတွင် တွေးနေမိသည်။
‘အန်းယန်’
‘မင်းအခုဘယ်မှာလဲ’
‘အဆင်ရောပြေရဲ့လား’
‘ကိုယ့်ကို စောင့်နေနော်’
‘ကိုယ်လက်ရှိအဆင့်ကို ကျော်ဖြတ်နိုင်တာနဲ့၊ ကမ္ဘာ့အမြင့်ဆုံးမှာ ရပ်ပြီး မင်းကိုရှာပါမယ်၊ မင်းကို ပြန်ခေါ်မယ်’
‘အင်မော်တယ် ကျင့်ကြံရေးလမ်းကြောင်းက ခက်ခဲကြမ်းတမ်းပေမယ့်၊ မင်းသာ ကိုယ်နဲ့အတူတူရှိနေရင် ဘာမှ ပြဿနာမရှိဘူး’
ဆယ်မိနစ်ကျော်ကြာပြီးနောက် အမျိုးသမီးသည် သန့်စင်ခန်းထဲမှ တုန်ယင်စွာဖြင့် ထွက်လာသည်။ ချောင်ကျန့်သည် သူမနောက်သို့ ဂရုတစိုက်လိုက်လာကာ၊ နောက်ထပ်တစ်ကြိမ်ပြုတ်ကျမည်ကို စိုးရိမ်နေသည်။ ၎င်းတို့ ရွှယ်အန်းအနားသို့ရောက်ကြသောအခါ၊ ချောင်ကျန့်နှင့် အမျိုးသမီးတို့ နှစ်ဦးသားလုံးက ကြမ်းပြင်ပေါ်သို့ ဒူးထောက်လိုက်သည်။
ချောင်ကျန့်က မြေပြင်ပေါ်သို့ သူ့ဦးခေါင်းနှင့်တိုက်သောအခါ၊ ကျယ်လောင်သောအသံတစ်ခု ပေါ်ထွက်လာ၏။
အကြိမ်အနည်းငယ်ကြာပြုလုပ်ပြီးနောက်၊ သူ့နှဖူးပြာသွားရသည်။ သို့သော် ချောင်ကျန့်သည် ငိုကြွေးလျက်၊စကားတစ်ခွန်းမျှမပြောဘဲ၊ မျက်ရည်များသာ စီးကျလာ၏။ ထို့နောက်အမျိုးသမီးသည် ချောင်ကျန့်၏ မျက်နှာပေါ်ရှိ မျက်ရည်များကို ညင်သာစွာ သုတ်ပေးလိုက်သည်။
ချောင်ကျန့်က ခေါင်းယမ်းလိုက်ကာ၊ လေးနက်စွာပြောလိုက်သည်။
“ဆရာ၊ ဆရာ့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ကရုဏာအတွက် ကျွန်တော် ကျေးဇူးတင်ရုံနဲ့မလုံလောက်ပါဘူး။ ဆရာအမိန့်ပေးရင်၊ ကျွန်တော် ချောင်ကျန့်က အသက်ကိုဆုံးရှုံးရရင်တောင် လုပ်ပါ့မယ်”
ရွှယ်အန်းက ပြုံးလိုက်သည်။
“အခုမှ ခင်ဗျားကို ကျုပ်ဆေးနဲ့ကယ်လိုက်တာ၊ အခု ခင်ဗျားက ပြန်သေဖို့ အဆင်သင့်ဖြစ်နေပြီလား’
တကယ်ပင်၊ သေခါနီးလူတစ်ဦးကို အပြည့်အဝပြန်လည်ကျန်းမာစေနိုင်သော ဆေးလုံးကို တန်ဖိုးဖြတ်၍ မရကြောင်း ထင်ရှား၏။
“ကျုပ် ခင်ဗျားကို မသေစေချင်ပါဘူး။ ရုပ်ရှင်တစ်ကားလောက် ရိုက်စေချင်တာ”
“ရုပ်ရှင်ရိုက်ဖို့ဟုတ်လား” ချောင်ကျန့်က ခါးသက်စွာရယ်မောလိုက်သည်။
“ကျွန်တော့်ကို ရုပ်ရှင်ရိုက်ဖို့ ဘယ်သူက ခေါ်ရဲမှာလဲ။ ဒါမှမဟုတ်… ရှဲ့မိသားစုကို ဘယ်သူက ဆန့်ကျင်ရဲမှာလဲ”
ရှဲ့မိသားစုအကြောင်းပြောလိုက်သောအခါ၊ ချောင်ကျန့်၏ မျက်လုံးများသည် အမုန်းတရားများဖြင့် တောက်ပလာ၏။
သူ ဤသို့သော ဆိုးရွားလှသည့်အခြေအနေမျိုးသို့ ကျရောက်ခဲ့ရခြင်းသည် ရှဲ့မိသားစုကြောင့်သာဖြစ်သည်။
“သာမန်လူတွေက ရှဲ့မိသားစုကို ဆန့်ကျင်ရမှာကြောက်ပေမယ့် … ကျုပ်ကတော့ မကြောက်ဖို့ ဖြစ်လာတာပဲ။ ကျုပ်လုပ်ရဲတယ်”
ဟန်ယောင်းက ချောင်ကျန့်ကို အပြည့်အဝရှင်းပြလိုက်သောအခါ၊ ချောင်ကျန့်က မဆိုင်းမတွ ခေါင်းညိတ်လိုက်သည်။ သို့သော် ထို့နောက် သူ ပြန်လည် တုံ့ဆိုင်းသွား၏။
“အခု ဇာတ်ညွှန်းကရော”
တစ်ချိန်က ပါရမီရှင် ဒါရိုက်တာတစ်ဦးဖြစ်ခဲ့သည့်အလျောက်၊ ဇာတ်ညွှန်းတစ်ခု၏ အရေးပါပုံကို သူ ကောင်းစွာသိထားသည်။
ရုပ်ရှင်သည် ဟင်းပွဲတစ်ပွဲသာဖြစ်ပါက၊ ဒါရိုက်တာသည် စားဖိုမှုးဖြစ်၍ ဇာတ်ညွှန်းသည်မူ ပါဝင်ပစ္စည်းဟု ပြော၍ ရသည်။ ပါဝင်ပစ္စည်းများမပါပါက၊ ထိပ်တန်း စားဖိုမှုးတစ်ဦးပင်၊ ကူကယ်ရာမဲ့စွာကြည့်နေရုံသာ တတ်နိုင်လိမ့်မည်ဖြစ်သည်။ ဤသည်ကို ဟန်ယောင်းသည်လည်း စိတ်ပူနေ၏။ ရွှယ်အန်းက ပြဿနာမဟုတ်ကြောင်းပြောသော်လည်း ဇာတ်ညွှန်းရှိသည့် လက္ခဏာမပြသေးပေ။
ရွှယ်အန်းက ပြုံးပြီးနောက်၊ စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်သည်။ ယမန်နေ့ညက သူ ဇာတ်ညွှန်းအနည်းငယ်ချရေးခဲ့၏။
“ဒါကို အရင်ဖတ်ကြည့်ပါ”
ချောင်ကျန့်က မူလက ၎င်းကို ဂရုမစိုက်လှသော်လည်း ဆက်ဖတ်ကြည့်သောအခါ၊ သူ၏အမူအရာများပို၍ လေးနက်လာသည်။ ၎င်းကို ဖတ်ပြီးနောက်၊ ချောင်ကျန့်သည် တစ်ခဏမျှ တိတ်ဆိတ်သွားကာ၊ ခဏအကြတွင် သက်ပြင်းချလိုက်၏။
“တော်တော်ကောင်းတဲ့အကြံပဲ၊ တော်တော်ကောင်းတယ်။ ဒါကအကြမ်းပဲရှိသေးပေမယ့်၊ ခမ်းနားထည်ဝါတဲ့အရိပ်အယောင်တွေက ထင်ရှားပေါ်လွင်နေပါပြီ”
နာမည်ကျ ဒါရိုက်တာတစ်ဦးအနေဖြင့်၊ ဇာတ်လမ်း၏ ထူးခြားချ်ကို ချက်ချင်းမြင်လိုက်ရသည်။
ရွှယ်အန်းသည် တစ်နာရီအတွင်း ၎င်းကို ရေးသားထားခဲ့ကြောင်းသာသိလိုက်ရပါက၊ ပို၍ပင် အံ့သြသွားပေလိမ့်မည်ဖြစ်သည်။ တကယ်တမ်းတွင် နှစ်သုံးထောင်ကြာပြီးနောက်၊ ရွှယ်အန်း၏ အချည်းအနှီးမဖြစ်ခဲ့ပေ။
စကြဝဠာပေါင်းများစွာကို ဖြတ်သန်းသွားလာခဲ့ပြီးနောက်၊ လူပေါင်းများစွာနှင့် အဖြစ်အပျက်ပေါင်းများစွာကို သူတွေ့ခဲ့ရသည်။ သူ၏နှလုံးသားနယ်ပယ်သည် ပြီးပြည့်စုံလျက်၊ ရွှယ်အန်းသည်လည်း များပြားလှစွာသော အံ့မခန်းစွမ်းရည်များကို ပိုင်ဆိုင်လာခဲ့၏။
ဥပမာအားဖြင့်၊ စာရေးခြင်းသည် ရွှယ်အန်းအတွက် မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင် ရိုးရှင်းလွန်းလှသည်ဖြစ်သဖြင့်၊ ဇာတ်ညွှန်းက ပြဿနာမဟုတ်ဟု သူပြောခဲ့ခြင်းဖြစ်သည်။