အခန်း (၁၀၀-၁၀၂)
Vol. 7 Ch. 100-102
အခန်း(၁၀၀) ဒီညပြီးရင် ရှဲ့မိသားစုဆိုတာ ရှိတော့မှာမဟုတ်ဘူး
ရွှယ်အန်းက ရုတ်တရက် လက်ကို ဆန့်ထုတ်လိုက်သောအခါ၊ ဟွာရူယွဲ့၏ ဦးခေါင်းထက်မှ တစ္ဆေအရိပ်တစ်ခုထွက်ပေါ်လာပြီးနောက်၊ သူမ၏ ခန္ဓာကိုယ်သည် မိုးကြိုးပစ်ခံလိုက်ရသည့်နှယ် မြေပြင်ပေါသ်ို့ ပြုတ်ကျသွားသည်။
ပေါ့ပေါးစွာဖြင့်ပင် ရွှယ်အန်းသည် ဟွာရူယွဲ့၏ အသက်ရှင်နေသေးသော ဝိဉာဥ်ကို ဆွဲညှစ်ပစ်လိုက်သည်။ ထိုအချိန်မှစ၍ ဤယုတ်မာသော မိန်းမသည် ဤလောက၌ ဆက်လက်တည်ရှိတော့မည်မဟုတ်ပေ။ တံခါးကို ဖြတ်၍ ရွှယ်အန်းဝင်လာခဲ့သည်မှာ ငါးမိနစ်ပင် မရှိသေးသော်လည်း လူတစ်ဦးသည် မသန်မစွမ်းဖြစ်သွားကာ၊ နှစ်ဦးသည်မူ ဇီဝိန်ချုပ်သွားခဲ့ပြီဖြစ်သည်။
ထိုကဲ့သို့လျှပ်စီးတမျှလျင်မြန်သည့် နည်းလမ်းများသည် လူတိုင်းကို ထိတ်လန့်သွားစေသည်။ ထိုအချိန်တွင် မိုလီသည် တစ်ကိုယ်လုံး တုန်ယင်နေကာ၊ လှည့်ထွက်ရန်ကြံစည်နေသည်။ သို့သော် အားရှု့က ရုတ်တရက်ပြုံး၍ ချောင်ကျန့်ကိုပြောလိုက်သည်။
“ဒီမိန်းမက ကျွန်မကို တိုက်ပေါ်က ပြုတ်ကျအောင်လုပ်တဲ့သူပဲ။ ကျွန်မသူ့ကို မသတ်ပါဘူး။ ဒါပေမယ့် လေးလွှာကနေ ပစ်ချလိုက်ရင် လုံလောင်ပါပြီ”
ချောင်ကျန့်က လေးနက်စွာခေါင်းညိတ်ပြ၍ ရှေ့သို့လှမ်းတက်ကာ၊ မိုလီကို လည်ပင်းမှကိုင်လျက်၊ ပြတင်းပေါက်ဆီသို့ ဆွဲခေါ်သွားလိုက်သည်။
မိုလီသည် အပြင်းအထန်ရုန်းကန်ခဲ့၍ ဝမ်းနည်းပူဆွေးကာ ငိုကြွေး၍ အားရှု့ကို အဆက်မပြတ်တောင်းပန်ခဲ့သော်လည်း အားရှု့သည် အနည်းငယ်မျှပင် စိတ်ထဲမထည့်ခဲ့ပေ။ ခန်းမသည် လေးလွှာတွင်ရှိနေခြင်းဖြစ်သဖြင့် ချောင်ကျန့်က သူမကို ပြတင်းတံခါးမှ တိုက်ရိုက်တွန်းချလိုက်သည်။
ဘမ်း
အပြင်ဘက်မှ ညည်းညူသံတစ်ခု ထွက်လာသည်။ ထိုအသံသည်မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော ခန္ဓာကိုယ်တစ်ခုမှ ထွက်ပေါ်လာသည့်အသံဖြစ်သည်။ ထိုအချိန်တွင် ရွှယ်အန်းသည် လောင်ဟေးထံသို့လမ်းလျှောက်သွား၏။
“ဘယ်လိုနေလဲ”
လောင်ဟေးက ချောင်းတစ်ချက်ဆိုးကာ၊ ခါးသက်စွာပြုံးလိုက်သည်။
“ကျွန်တော် မသေသေးပါဘူး”
ရွှယ်အန်းက ဆေးတစ်လုံးကို လောင်ဟေးထံသို့ ပစ်ပေးလိုက်သည်။
“ဒါကို စားလိုက်”
လောင်ဟေးက ဆေးလုံးကို လေးနက်စွာဖြင့် လှမ်းဖမ်းလိုက်သည်။
ရွှယ်အန်းသည် ချင်းယွမ်ကို ဆေးတစ်လုံးတည်းဖြင့် ပြန်လည်နုပျိုလာစေခဲ့ပုံကို သူမြင်တွေ့ခဲ့ဖူးသည်။
“ကျေးဇူးတင်ပါတယ် မစ္စတာရွှယ်”
ထို့နောက် ရွှယ်အန်းက ကြောင်အ၍ကြည့်နေသော လူအုပ်ကို ပြုံးပြ၍ ပြောလိုက်သည်။
“ကောင်းပြီ ပွဲကို ဆက်ကျင်းပပါ”
မည်သူမျှ ထွက်မသွားဝံ့ကြပေ။
ရယ်စရာကောင်းလှသည်။ အမြဲတစေပြုံးပြနေသူ၏ လုပ်ရပ်များသည် အလွန်ရက်စက်လွန်းလှကာ၊ ရှဲ့မိသားစု၏ ဒုသခင်လေးကိုပင် သတ်ပစ်လိုက်သည်။ မည်သူက သူ့ကို စော်ကားဝံ့လိမ့်မည်နည်း။
သို့ထိတိုင် လူများစွာသည် ၎င်းတို့၏နှလုံးသားထဲတွင် ဤကိစ္စမှာ ဤမျှ လွယ်ကူလိမ့်မည်မဟုတ်ဟု ခံစားမိနေကြသည်။ ရှဲ့ထန်စီဆုံးပါးသွားပြီဖြစ်သဖြင့် ရှဲ့မိသားစုသည် မည်သို့ လွယ်လင့်တကူ လက်လွှတ်ပေးလိမ့်မည်နည်း။
ပြည်နယ်မြို့တော်သည် ယခင်ကကဲ့သို့ တည်ငြိမ်တော့မည်မဟုတ်ဟု ထင်ရ၏။ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ကြသော်လည်း လူများစွာက ရွှယ်အန်းနှင့် ခပ်ဝေးဝေး၌ နေလျက်ရှိကြကာ၊ အနားသို့ မကပ်ဝံ့ကြပေ။ ရွှယ်အန်းသည် ဤအရာများကို စိတ်မဝင်စားသဖြင့်၊ ဆိုဖာပေါ်တွင် ထိုင်လျက်၊ ဝိုင်နီကို ဖြည်းညှင်းစွာ သောက်လိုက်သည်။ သူ့သမီးနှစ်ယောက်ကို ဖန်းမင်ရွှယ်က တစ်ခုခုစားရန် ခေါ်သွားသဖြင့် သူ့တွင် အားလပ်ချိန်ရရှိထားသည်။
ရုတ်တရက် အမျိုးသမီးတစ်ယောက်သည် ရွှယ်အန်း၏ ဘေးတွင် ထိုင်လျက် သူမအတွက် ဝိုင်တစ်ခွက်ငှဲ့လိုက်သည်။
ရွှယ်အန်းက ခေါင်းလှည့်ကြည့်လိုက်သောအခါ၊ ယင်းသည် သတင်းစာရှင်းလင်းပွဲမှ အမျိုးသမီးသတင်းထောက်ဖြစ်နေသည်ကို သတိပြုမိသဖြင့်၊ ပြုံးလိုက်သည်။ ချန်ရှောင်းယီသည် သူမ၏ ဖန်ခွက်ကို ရွှယ်အန်းထံသို့ မြှောက်ပြလျက်၊ ခေါင်းညိတ်လိုက်သည်။
“သတင်းစာရှင်းလင်းပွဲမှာ ရှင်ပေးခဲ့တဲ့ ကတိကို တည်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်”
“ကျေးဇူးပါပဲ” ရွှယ်အန်းက ပြုံး၍ပြောကာ၊ ဝိုင်တစ်ငုံသောက်လိုက်သည်။
“မင်း ငါ့ကို မကြောက်ဘူးလား၊ ရွှယ်အန်းကဖန်ခွက်ကို ချလိုက်ပြီးနောက် ရုတ်တရက်မေးလိုက်သည်။
ချန်ရှောင်းယီက ခေါင်းခါလိုက်၏။
“မကြောက်ပါဘူး”
“ငါ လူနှစ်ယောက် သတ်လိုက်တာလေ”
“ရှဲ့ထန်စီက သေဖို့ ထိုက်တန်ပါတယ်”
“မင်းသူ့ကို တကယ်မုန်းနေတဲ့ပုံပဲ” ရွှယ်အန်းက ခပ်ပါးပါးပြုံး၍ ပြောလိုက်သည်။
“ပြည်နယ်မြို့တော်မှာ သူ့ကို မမုန်းတဲ့လူ ဘယ်နှစ်ယောက်ရှိလို့လဲ”
မှန်သည်။ ဤကဲ့သို့လှပသော အမျိုးသမီးသတင်းထောက်က ရှေ့သို့တိုးလာခြင်းကို ရွှယ်အန်းက မည်သို့ဆိုလိုခြင်းဖြစ်ကြောင်း ကောင်းစွာသိသည်။ သို့သော် ကံမကောင်းစွာဖြင့် ရွှယ်အန်းသည် ဤအရာများကို စိတ်မဝင်စားလှပေ။ သူ၏ ကျင့်ကြံရေးအဆင့်ကို အမြန်ဆုံးမြှင့်တင်၍ အန်းယန်ကို ရှာဖွေရန်သာ ပြင်ဆင်နေ၏။ အချိန်ကုန်ဆုံးလာသည်နှင့်အမျှ၊ အန်းယန်အပေါ်ရှိ သူ၏ လွမ်းဆွတ်သတိရစိတ်များသည်လည်း ပို၍ပို၍ လေးနက်လာသည်။ ချန်ရှောင်းယီက စိတ်ထဲတွင် အံကြိတ်လိုက်မိသည်။ သတင်းစာရှင်းလင်းပွဲတွင် တစ်ကြိမ်တွေ့ပြီးစဥ်ကတည်းက ရွှယ်အန်း၏အကြောင်းကို မကြာခဏတွေးနေမိသည်။ သတင်းစာရှင်းလင်ပွဲတွင် အာဏာသက်ရောက်စွာဖြင့် တစ်ခန်းလုံးကို အမိန့်ပေးခဲ့သူကို နေ့စဥ် သတိရမိသည်။
ယခုလုပ်ခဲ့သော ရွှယ်အန်း၏ ရက်စက်ကြမ်းကြုတ်သော လှုပ်ရှားမှုသည် ချန်ရှောင်းယီ၏ နှလုံးသားထဲတွင် ကြောက်ရွံ့တုန်လှုပ်သွားစေသော်လည်း နောက်ဆုံးတွင် စမ်းကြည့်ရန် ဆုံးဖြတ်ခဲ့သည်။
သို့သော် ရလဒ်က သူမကို စိတ်ပျက်သွားစေ၏။
လီကျင်းဟိုတယ်၏ မြေအောက်ကားပါးကင်တွင်ဖြစ်သည်။
ရှီကျူလိသည် သူမ၏ အစ်ကိုဖြစ်သူ ရှီဟောက်ကို ကားပေါ်တက်ရန် ကူညီပေးနေ၏။ တစ်ချိန်က ခွန်အားကြီးမားလှသော အစ်ကိုဖြစ်သူသည် ရုတ်တရက် ပျော့ညံ့၍အင်အားနည်းလျက် ပြန်ရောက်လာသည်ကို မြင်လိုက်ရသောအခါ၊ ရှီကျူလိ၏ မျက်နှာသည် ဒေါသစိတ်ဖြင့်နှင့်ပြည့်နှက်သွားသည်။
၎င်းတို့၏ ကားပေါ်သို့ရောက်သည်နှင့် ရှီကျူလိသည် အောင့်အီးမထားနေတော့ဘဲ၊ မေးလိုက်၏။
“ကိုကို၊ ငါတို့ ဒါကို ဒီတိုင်းထားလိုက်ကြမှာလား”
“ဘာလုပ်နိုင်သေးလို့လဲ” ထိုင်ခုံ၌ လှဲလျောင်းနေသော ရှီဟောက်က ပြန်ဖြေ၏။
ရှီကျူလိက အံကြိတ်လျက်ပြောလိုက်သည်။
“ဒါပေမယ့် ညီမလေး ဒီဒေါသကို မျိုသိပ်မထားနိုင်ဘူး။ ရွှယ်အန်းက ကိုကို့ကျင့်ကြံရေးအဆင့်ကို ဖျက်ဆီးရလောက်အောင် သူ့မှာ ဘာအခွင့်အာဏာရှိလို့လဲ”
ရှီဟောက်က ခါးသက်စွာပြုံး၍ ခေါင်းခါလိုက်သည်။
“တော်လောက်ပါပြီ၊ မိုက်မဲတဲ့ကလေးမ၊ မင်းအစ်ကို ဘယ်လောက်တောင် စိတ်သက်သာရရသွားလဲ မင်းမသိဘူးနော်။ သူ ငါ့ကို ကြည့်တဲ့အကြည့်က ဘယ်လောက်တောင် ပြင်းထန်နေလဲဆိုတာသိလား။ ငါအမြန်တုံ့ပြန်နိုင်ခဲ့တာကြောင့်သာမဟုတ်ရင် အခု အလောင်းကောင်ဖြစ်သွားလိမ့်မယ်”
“ကျင့်ကြံရေးအဆင့်ဆိုတာက ကိစ္စမရှိပါဘူး။ ပျောက်သွားရင် ပျောက်သွားတာပဲပေါ့၊ ဒါပေမယ့် အသက်ပါဆုံးရှုံးသွားရင်တော့ ပြီးသွားပြီလေ”
ရှီကျူလိသည် တွေးတတ်ခေါ်တတ်သည့်ပုံပေါ်သည်။
ထိုအချိန်တွင် ရှီဟောက်က သက်ပြင်းချလိုက်သည်။
“ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီထင်ခဲ့မိတာ ငါ့အမှားပါ၊ အဲ့အတွက် ဘယ်သူ့ကိုမှ အပြစ်တင်လို့မရဘူး”
“ဒါဆို… ညီမလေးတို့ ရှဲ့ထန်စီအသတ်ခံရတာနဲ့ပတ်သက်ပြီး ရှဲ့မိသားစုကို အကြောင်းကြားကြမလား” ရှီကျူလိသည် ခဏတာတုံ့ဆိုင်းနေပြီးမှ မေးလိုက်သည်။ ရှီဟောက်၏ မျက်နှာထက်တွင် လှောင်ပြောင်သော အမူအရာတစ်ခု ထွက်ပေါ်လာသည်။
“ရှဲ့မိသားစုလား၊ ရှဲ့မိသားစု ဒီညပြီးရင် အသက်ရှင်နေဦးမလားဆိုတာ ဘယ်သူသိမလဲ”
“ကိုကိုဆိုလိုတာက…”
“သူပြောတာ မကြားလိုက်ဘူးလား။ ရှဲ့ထန်စီကို သတ်ပြီးရင် ရှဲ့မိသားစုကိုလည်း သူအပြီးသတ်ပစ်မှာပဲ”
ကျူလိ၏ မျက်နှာသည် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
“ဒါပေမယ့်… ဖြစ်နိုင်ပါ့မလား၊ ရှဲ့မိသားစုမှာ အခုထိ သက်ရှိထင်ရှားရှိနေသေးတဲ့ ဘိုးဘေးတစ်ယောက်ရှိတယ်လေ”
ရှီဟောက်သည် လက်ကို ခါယမ်းလိုက်သည်။
“မဖြစ်နိုင်ဘူးလို့ မင်းထင်ပေမယ့် သူ့အတွက်တော့ဖြစ်နိုင်တယ်။ ရှဲ့မိသားစုရဲ့ ဘိုးဘွားဟောင်းတွေအတွက်တော့…” ရှီဟောက်၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုတစ်ခု ပေါ်လာသည်။
“အဲ့လူက အဲ့ခြေလှမ်းကိုတောင်လှမ်းပြီးလောက်ပြီ”
ရှီကျူလိသည် နှလုံးသားတစ်ခုလုံး အေးခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
“ပြန်ကြရအောင်ပါ၊ အထူးသဖြင့် ငါတို့ ရှီမိသားစုက ဒီကိစ္စတွေမှာ မပါဝင်မပက်သက်ကြတော့ဘူး။ အဲ့အချိန်မှာ ချင်းမိသားစုက ပြည်နယ်မြို့တော်ထဲကို ကျိန်းသေပေါက်ဝင်ရောက်လာမှာပဲ။ အဲ့အချိန်ကျရင် ချင်းမိသားစုနောက်ကိုလိုက်ဖို့ကလွဲလို့ အခြားရွေးချယ်စရာလမ်းမရှိတော့ဘူး” ရှီဟောက်က လေးနက်စွာပြောလိုက်သည်။
ရှီဟောက် ပြောခဲ့သကဲ့သို့ပင်၊ ရွှယ်အန်းသည် ရှဲ့မိသားစုကို အမြစ်ပြတ်ချေမှုန်းရန် ကြံစည်လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ရှဲ့ထန်စီ၏ အသက်ရှိနေသေးသော ဝိဉာဥ်ထံမှ သတင်းအချက်အလက်များစွာကို ယခုလေးတင်ရရှိခဲ့သောကြောင့်ဖြစ်သည်။ ရှဲ့မိသားစုက ဤနှစ်များထဲတွင် ကျူးလွန်ခဲ့သော မကောင်းမှုများသည် ၎င်းတို့ကို ဆယ်ကြိမ်ထက်မနည်းဖျက်စီးပစ်ရန် လုံလောက်၏။
ဤအချိန်တွင် ပွဲသည် အဆုံးသတ်သွားသည်။
ချန်ရှောင်းယီသည်လည်း စိတ်ပျက်လျက်ပျက်ကျန်ရစ်ခဲ့၏။ အခြားသူများသည်လည်း လူစုခွဲသွားကြပြီဖြစ်သည်။ ရွှယ်အန်းသည် သူ့သမီးနှစ်ယောက်ကို ဟိုတယ်သို့ပြန်ခေါ်သွားပြီးနောက် ချော့သိပ်လိုက်သည်။
ထို့နောက် အခန်းထဲမှ ထွက်လာ၏။
အန်းချင်သည် ဧည့်ခန်းထဲတွင် သူ့ကို စောင့်ဆိုင်းနေ၏။ ရွှယ်အန်းကို မြင်သောအခါ၊ အန်းချင်က လေးနက်စွာပြောလိုက်သည်။
“ရွှယ်အန်း၊ ရှင် ရှဲ့ထန်စီကို မသတ်ခဲ့သင့်ဘူး”
“အာ ဘာလို့လဲ”
“ရှဲ့မိသားစုရဲ့ ခွန်အားက ထင်ရတာထက် ပိုကြီးတယ်၊ သူတို့နောက်ကွယ်မှာ လောကီလောကထဲက မထင်မှတ်စရာကောင်းတဲ့ စွမ်းအားရှင်တစ်ယောက်ရှိတယ်”
“ပြီးတော့ရော”
“ရှဲ့ထန်စီက ရှဲ့မိသားစုရဲ့ တိုက်ရိုက်ဆက်ခံသူမဟုတ်ပေမယ့် သူ့ကို ရှဲ့မိသားစုက အရမ်းသဘောကျတာကြောင့် ရှဲ့မိသားစုက ဒါကို အလွယ်တကူ အလွတ်ပေးမှာမဟုတ်ဘူး။ ဆိုတော့ ရှင်… ကျုံးတုကိုသွားသင့်တယ်”
အန်းချင်က သူမ၏ အတွေးအမြင်များကို မျှဝေခဲ့သည်။
“ပေကျင်းမှာရှိတဲ့ ချင်းမိသားစုက ရှင့်ကို မကာကွယ်နိုင်ဘူး။ ဒါပေမယ့် ကျွန်မတို့ရဲ့ အန်းမိသားစုရဲ့ အာဏာကိုမှီခိုလိုက်ရင် ရှဲ့မိသားစုက နည်းနည်းတော့ ကြောက်ရွံ့လိမ့်မယ်”
သို့သော် ရွှယ်အန်းက ပြုံး၍ ခေါင်းယမ်းလိုက်သည်။
“ရှင်… ရှင်အခု မိဘဖြစ်နေပြီနော်၊ ရှင်ပိုသတိထားရမယ်။ ရှင်ကျုံးတုကို မသွားချင်ဘူးဆိုတာ ကျွန်မသိပါတယ်၊ ဒါပေမယ့် ဒါက တစ်ခုတည်းသော နည်းလမ်းပါပဲ”
ရွှယ်အန်းသည် အပြင်ဘက်မှ လေသံများတိုးဝင်နေသော ပြတင်းပေါက်ဆီသို့ လမ်းလျှောက်သွားသည်။
“မင်းရဲ့ ကြင်နာမှုအတွက်ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ဒီညပြီးရင် ရှဲ့မိသားစုလည်… တည်ရှိတော့မှာမဟုတ်ဘူး”
အခန်း(၁၀၁) လူသတ်မှုအတွက်ပြီးပြည့်စုံသော လေထန်သည့်အမှောင်ည
“ရှင်…. တကယ် ရှဲ့မိသားစုကို ချေမှုန်းပစ်မလို့လား” အန်းချင်သည် တစ်ကိုယ်လုံး တုန်ယင်လျက်၊ သူမ၏ အသံသည်လည်း နိုးကြားစွာဖြင့် ပေါ်ထွက်လာသည်။
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ရှဲ့မိသားစုရဲ့အာဏာက အရမ်းကြီးတယ်။ သူတို့မှာ ကျွမ်းကျင်သူတွေအများကြီးရှိတဲ့အပြင် ကမ္ဘာပေါ်မှာ ပေါ်မလာသေးတာ ကြာပြီဖြစ်တဲ့ ဘိုးဘေးတစ်ယောက်လည်း ရှိနေတယ်လို့ ဟောလဟာလတွေထွက်နေတယ်။ ရှင်က လူတစ်ယောက်ပဲ။ ရှင် သူတို့နဲ့ယှဥ်နိုင်ပါ့မလား” အန်းချင်က မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။
ရွှယ်အန်းက ပြုံးလိုက်သော်လည်း အန်းချင်၏ မေးခွန်းကို တိုက်ရိုက်မဖြေပေ။
“ကြည့်၊ လေတိုက်နေတယ်”
“ဘာဖြစ်လို့လဲ” အန်းချင်သည် အနည်းငယ် ပဟေဌိဖြစ်သွား၏။
“ဆိုရိုးတစ်ခုကြားဖူးလား” ရွှယ်အန်းက ပြတင်းတံခါးကို ဖွင့်လိုက်သောအခါ၊ လေသည် အရှိန်ပြင်းထန်စွာဖြင့် တိုးဝှေ့ဝင်ရောက်လာ၏။
“ဘာဆိုရိုးလဲ”
“လေပြင်းပြီးတော့ ညမှောင်နေရင်… လူသတ်ဖို့အကောင်းဆုံးပဲတဲ့” ရွှယ်အန်းက ပေါ့ပါးစွာပြော၍ ကွက်လပ်ထဲသို့ လျှောက်သွားသည်။
ရွှယ်အန်း၏ ခန္ဓာကိုယ်မှပြင်းထန်သော ကိုယ်ရောင်ကိုယ်ဝါများထွက်ပေါ်လာရာ၊ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုပင် အရောင်ပြောင်းသွားစေသည့်ပုံပေါ်၏။
“ရှန်းရှန်းနဲ့ နျန်နျန်ကို သေချာဂရုစိုက်ပေးလိုက်ပါ။ ငါ မကြာခင်ပြန်လာခဲ့မယ်”
စကားအဆုံးတွင် ရွှယ်အန်း၏ ပုံရိပ်သည် တဖြည်းဖြည်းနှင့် အမှောင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွား၏။
အန်းချင်သည် ပြတင်းပေါက်တွင်ရပ်လျက်၊ သူမ၏ စိတ်ခံစားချက်များရှုပ်ထွေးကာ၊ ဝရုန်းသုန်းကားဖြစ်နေသည်ကို ခံစားနေရသည်။ ရွှယ်အန်း၏ စကားများသည် သူမကို အလွန်အမင်းအံ့အားသင့်စေ၏။ သူမ၏ မျက်လုံးထဲတွင်၊ ရွှယ်အန်းသည် ကိုင်တွယ်ရခဲယဥ်းသော အင်အားကြီး အိမ်ထောင်စုကို ရင်ဆိုင်နေသည့် လွယ်လင့်တကူ ဖျက်ဆီးပစ်နိုင်သော ပန်းကန်လေးတစ်ခုမျှသာဖြစ်သည်ဟု မြင်၏
ထိုအခါ ရှဲ့မိသားစု၏ အိမ်ကြီးသည် အလွန်အမင်းတောက်ပလျက်ရှိသည်။
ရှဲ့ထန်စီ၏ ဖခင်နှင့် လက်ရှိ ရှဲ့မိသားစု ခေါင်းဆောင် ရှဲ့ရွှမ်သည် မှုန်ကုတ်သော မျက်နှာဖြင့် ဆိုဖာထက်တွင် ထိုင်နေသည်။ မှန်သည်၊ ရှဲ့ထန်စီကွယ်လွန်သည့်သတင်းကို သူကြားသိခဲ့ရပြီးဖြစ်သဖြင့်၊ ရှဲ့ယွမ်သည် အလွန်အမင်းဒေါသဖြစ်နေ၏။ သူ့သားအငယ်ဆုံးဖြစ်သူကို အလွန်နှစ်သက်လှ၏။ သို့သော် ပြည်နယ်မြို့တော်တွင် သူ့သားကို သူ၏ ပိုင်နက်အောက်၌ သတ်ပစ်ရန် သတ္တိရှိလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ မတွေးခဲ့ဖူးပေ။ ဤသို့တွေးကာ ရှဲ့ယွမ်၏ နှလုံးသားသည် လူသတ်လိုစိတ်များဖြင့်ပြည့်နှက်လာ၏။
ထိုအချိန်တွင် ရှဲံမိသားစုမှ ကိုးကွယ်ထားသော ပညာရှင်များအားလုံးလည်း စုရုံးလာကြကာ၊ ခန်းမသည် သင်္ချိုင်းကုန်းကဲ့သို့ တိတ်ဆိတ်နေ၏။ ခဏအကြာတွင် တစ်စုံတစ်ယောက် အမြန်ဝင်လာသည်။
“မိသားစုခေါင်းဆောင်၊ ကျုပ်တို့သိပြီ၊ လူသတ်မှုကျူးလွန်တဲ့လူက ပေကျန်းမြို့က ရွှယ်အန်းဆိုတဲ့လူပဲ”
‘ရွှယ်အန်းလား’
ရှဲ့ရွှမ်က မျက်မှောင်ကြတ်သူ့နောက်မှ ကျွမ်းကျင်သူများကို ကြည့်လိုက်သည်။ ဤအခိုက်အတန့်တွင် လူအုပ်ထဲမှ အသက်အကြီးဆုံးနှင့် အလေးစားရဆုံး ပုဂ္ဂိုလ်က ရှေ့သို့တိုးလာသည်။
“မိသားစုခေါင်းဆောင်၊ ကျုပ်က သိုင်းလောကမှာ ကျင်လယ်ခဲ့တာ ဆယ်စုနှစ်တွေ အများကြီးကြာခဲ့ပါပြီ၊ ရွှယ်လို့ အမည်ရတဲ့ သခင်ကြီးတစ်ယောက်အကြောင်းမှ မကြားခဲ့ဖူးပါဘူး”
ရှဲ့ရွှမ်သည် ဤလူကြီးကို လေးစားသဖြင့်၊ သူစကားပြောသောအခါ၊ ခေါင်းညိတ်ပြလိုက်သည်။
“ဆရာကြီးရှန်”
ဤအကြီးအကဲသည် အတိတ်တွင် မရေမတွက်နိုင်ဖွယ်များပြားလှသော လူသတ်မှုများကို ကျူးလွန်ခဲ့ဖူးသည့် နတ်ဆိုးတစ်ယောက်ဖြစ်ကာ၊ သွေးလက်ဝါး သုတ်သင်သူဟု လူသိများသော ကောင်းကင်ကျက်သရေဆောင်စာရင်းတွင် ပဥ္စမမြောက်ပုဂ္ဂိုလ်ဖြစ်သည့် ဆရာရှန်ပင်မှတပါးအခြားသူမဟုတ်ပေ။
နောက်ပိုင်းတွင် သူသည် လူများစွာကို ဒေါသဖြစ်စေခဲ့ပြီးနောက်ဆုံးတွင် လူထုရှေ့မှ ပျောက်ကွယ်သွားခဲ့သည်။ မမျှော်လင့်ထားစွာဖြင့် သူသည် ယခု ရှဲ့မိသားစုနှင့် အတူရှိနေခဲ့ကာ၊ ၎င်းတို့၏ ကျေးဇူးရှင်ပင်ဖြစ်လာသည်။ ထိုအချိန်တွင် ရှန်ပင်က လေးနက်စွာပြောလိုက်၏။
“မိသားစုခေါင်းဆောင်၊ ဒီရွှယ်အန်းကို ဖမ်းဖို့ လူတချို့ခေါ်သွားပြီး သခင်လေးအတွက် လက်စားချေပေးချင်ပါတယ်”
ရှဲ့ရွှမ်က ခေါင်းညိတ်လိုက်သည်။
“ဒီလိုမှတော့၊ ကျုပ် ဆရာရှန်ကို ဒုက္ခပေးမိတော့မှာပဲ”
“မိသားစုခေါင်းဆောင်က အရမ်းယဥ်ကျေးလွန်းနေပါပြီ။ ငါတို့ ရှဲ့မိသားစုကို ဆန့်ကျင်ရဲမှတော့၊ ကျုပ်ရဲ့ သွေးလက်ဝါးသုတ်သင်သူ ဆိုတဲ့နာမည်ကို စော်ကားလိုက်တာပေါ့”
သို့သော် ဤအခိုက်အတန့်တွင် အပြင်ဘက်မှ တည်ငြိမ်သောအသံတစ်ခုထွက်ပေါ်လာ၏။
“ကျုပ်ကို ဖမ်းဖို့မလိုတော့ဘူး။ ကျုပ်ကိုယ်တိုင်လာခဲ့တယ်”
“ဘယ်သူလဲ”
လူအားလုံး လန့်ဖျပ်သွားချိန်တွင် ပြတင်းတံခါးများပွင့်လာ၍ လေပြင်းများပြင်းထန်စွာတိုက်ခတ်လာသည်။ ရွှယ်အန်းသည် အခန်းတွင်းသို့ ဖြည်းညှင်းစွာဝင်လာကာ၊ အေးချမ်းစွာပြုံးပြလိုက်သည်။
“ကျုပ်က ရွှယ်အန်းပဲ”
ရှဲ့ရွှမ်က ရုတ်တရက် ရပ်တန့်သွားကာ၊ ရွှယ်အန်းကို စိုက်ကြည့်၍ သူ၏ အကြည့်များ မှောင်မိုက်လာသည်။
“မင်းက ငါ့သားကို သတ်တာလား”
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
“အတိအကျပြောရမယ်ဆိုရင် ဒါက ငါ့ခြေထောက်အောက်မှာ ကြေမွသွားတဲ့သူ့ဦးခေါင်းပဲ”
“သူ့ကိုသတ်ကြစမ်း” ရှဲ့ရွှမ်၏ မျက်လုံးများအားလုံး နီရဲတက်လာကာ၊ အပိုစကားများ ပြောမနေတော့ဘဲ၊ အေးစက်စွာအမိန့်ပေးလိုက်သည်။
ရှန်ပင်သည် သူ့ကိုယ်သူ ထိန်းမထားတော့ပေ။ သူ့မျက်လုံးထဲတွင် ဤလူသည် လုံးလုံးလျားလျား သာမန်ပုံပေါ်နေသည်ဖြစ်ရာ၊ ဤသည်ကား မိသားစုခေါင်းဆောင်ရှေ့တွင် သူ၏ စွမ်းအားကို ပြသရန် အခွင့်အရေးကောင်းတစ်ခုဖြစ်သည်။
“သားလေး မင်းက ထောင်ချောက်ထဲကို လမ်းလျှောက်ဝင်လာပြီး၊ မင်းကို ဖမ်းဖို့ ကြိုးစားအားထုတ်စရာမလိုတော့အောင် လုပ်ပေးလိုက်တာပဲ၊ သေပေတော့”
ဤသို့ပြော၍ ရှန်ပင်သည် သူ၏ ကြက်သွေးရောင် လက်ဝါးများကို မြှောက်၍ ရွှယ်အန်းထံသို့ တည့်တည့်ချီတက်သွားသည်။
သူ့ကို သွေးလက်ဝါး သုတ်သင်သူအဖြစ်လူသိများရခြင်းမှာ သွေးလက်ဝါးသိုင်းဟုအမည်ရသော အလွန်တရာရက်စက်ကြမ်းကြုတ်သည့် သိုင်းပညာကို ကျင့်သုံးခြင်းကြောင့်ဖြစ်သည်။
ယင်းကို ကျွမ်းကျင်သွားသည်နှင့် သူ့လက်များသည် ကြက်သွေးရောင်လွှမ်းနေသော သစ်ကြံပိုးခေါက်များဖြစ်သွား၏။ သူ၏ လက်ဝါးများ သက်ဆင်းလာသောအခိုက်အတန့်တွင် အနံ့အသက်တစ်ခု ထွက်ပေါ်လာသည်။
ရွှယ်အန်းသည် ယင်းကို လှုပ်ရှားခြင်းအလျင်းမရှိဘဲ စိတ်ဝင်တစားစောင့်ကြည့်နေ၏။
ရှန်ပင်၏ စိတ်ထဲတွင် အေးစက်သောအပြုံးတစ်ခု ပေါ်ထွက်လာသည်။ သူသည် သွေးလက်ဝါးသိုင်းကို ဆယ်စုနှစ်များစွာကြာကျင့်ကြံထားခဲ့ရာ၊ ယင်းသည် အလွန်ကြောက်မက်ဖွယ်ကောင်း၍ အနည်းငယ်မျှ ထိမိရုံဖြင့်ပင် သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာအပြင်းအထန်ရရှိခြင်းတို့ ဖြစ်သွားနိုင်သည်။ သို့သော်လည်း ဤလူသည် ရှောင်ပြေးခြင်းမပြုခဲ့ပေ။
‘ကိုယ့်သေတွင်းကိုယ်တူးနေမှတော့ အခြားသူတွေကို အပြစ်တင်လို့မရဘူးကွ’ ရှန်ပင်၏ မျက်လုံးထဲတွင် ပြင်းထန်သော အကြည့်တစ်ခု ပေါ်လာသည်။ သို့သော် သူ့လက်များဖြင့် ရွှယ်အန်းကို ထိတော့မည့်ဆဲဆဲတွင် ရွှယ်အန်းက အော်ပြောလိုက်၏။
“ အခိုးအငွေ့”
ဤအသံသည် ဘေးနားမှသူများအတွက် သာမန်ကျလှသော်လည်း ဤသတိမထားမိဖွယ်ကောင်းလှသော အော်သံသည် လေးလံသော တူတစ်စင်းနှင့်ဆင်တူ၍ ရှန်ပင်သည် နောက်သို့ လွင့်ထွက်ပျံတက်ကာ၊ နံရံတစ်ခုကို ဝင်တိုက်မိ၍ အောက်ပြန်ပြုတ်ကျလာသည်။ အုတ်နံရံအပိုင်းအစဖုန်မှုန့်များကြားတွင် ရှန်ပင်၏ ရင်ဘတ်သည် အတွင်းသို့ ချိုင့်ဝင်သွားကာ ပါးစပ်အပြည့်သွေးများအန်ထွက်လာသည်။ ဤမြင်ကွင်းသည် လူတိုင်းကို ထိတ်လန့်စေ၏။
တစ်ချက်။
ထိုးနှက်ချက်တစ်ချက်ပင် မဟုတ်ခဲ့သော်လည်း သွေးလက်ဝါးသုတ်သင်သူ၏ အသက်ကို ယူဆောင်သွားနိုင်သည့် ပေါ့ပါးသော အော်သံတစ်ခုသာဖြစ်သည်။ ဤလူ၏ ခွန်အားသည် မည်မျှထိ ကြီးမားလှသနည်း။ ရှဲ့ရွှမ်၏ အမူအရာသည် တဖြည်းဖြည်း ပို၍ ပို၍ နက်မှောင်လာသည်။ ဤအခိုက်အတန့်တွင် ရွှယ်အန်းက သက်ပြင်းတစ်ချက်ချလိုက်သည်။
“သူက တော်တော် ကြောက်စရာကောင်းပေမယ့် တစ်ချက်တောင် မခံနိုင်ဘူးပဲ”
ထို့နောက် ရွှယ်အန်းသည် ဘေးပတ်ဝန်းကျင်ရှိ လူအားလုံးကို ကြည့်လိုက်သည်။
“ဒါပေမယ့် စိတ်မပူပါနဲ့၊ ဒီညတော့ မင်းတို့ တစ်ယောက်မှလွတ်မှာမဟုတ်ဘူး”
ရှဲ့ရွှမ်၏ မျက်နှာသည် အလွန်အရုပ်ဆိုးသွားသော်လည်း အေးစက်စွာလှောင်ရယ်လိုက်သည်။
“ပြည်နယ်မြို့တော်က ငါတို့ရှဲ့မိသားစုကို ဆန့်ကျင်ရဲတယ်ဆိုမှတော့ မင်း ကျွမ်းကျင်တာ မဆန်းပါဘူး။ ဒါပေမယ့် ငါတို့ ရှဲ့မိသားစုကို လွယ်လွယ်နဲ့ ရန်စလို့ရလားမရလားကိုတော့ မင်းမမေးခဲ့ဘူးပဲ”
ရွှယ်အန်းက ဤသည်ကိုကြားသောအခါ ပေါ့ပေါ့ပါးပါး ရယ်မော၍ ခေါင်းခါလိုက်သည်။
“ကျုပ်သိပါတယ်၊ ခင်ဗျားရဲ့ ရှဲ့မိသားစုက အင်မော်တယ်ဆရာတစ်ယောက်ကို အားကိုးနေရတယ်ဆိုတာလေ”
ဤသည်ကို ကြားသောအခါ ရှဲ့ရွှမ်၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွား၏။ ဤသည်မှာ ရှဲ့မိသားစု၏ အဓိက လျှို့ဝှက်ချက်ဖြစ်သည်။ ရှဲ့မိသားစုတွင် အသက်ရှင်နေသော ရှေးဘိုးဘေးတစ်ယောက်အမြဲရှိနေခဲ့သော်လည်း ထိုရှေးဘိုးဘေးသည် မည်သည့်အဆင့်တွင်ရောက်ရှိနေသည်ကိုမူ မည်သူမျှ မသိခဲ့ကြပေ။ သို့သော် ဤလူသည် ၎င်းကို စကားတစ်ခွန်းတည်းဖြင့် ထုတ်ဖော်ပြောပြခဲ့၏။
‘သူက ဘယ်သူလဲ’
ရွှယ်အန်းသည် ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
“သိပ်မအံ့သြပါနဲ့၊ ခင်ဗျားရဲ့ ဘိုးဘေးက အခု ကျုပ်ဒီကိုရောက်နေမှန်းသိမယ်ထင်တယ်”
ထို့နောက် ရွှယ်အန်းအနားရှိ ရောင်ဝါသည် ရုတ်တရက် မြင့်တက်လာကာ၊ ၎င်း၏ ကြောက်မက်ဖွယ်အသွင်အပြင်သို့ ပြောင်းလဲ၍ ကျင့်ကြံရေးအဆင့်နိမ့်သူများသည်လည်း မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြသည်။
ကမ္ဘာကြီးသည် အရောင်ပြောင်းလဲသွားသည့်ပုံပေါ်ကာ၊ ပြင်းထန်သော လေများသည် ရွှယ်အန်းထံသို့ မချဥ်းကပ်ဝံ့ဘဲ ညင်သာတိုးညှင်းစွာ တိုက်ခတ်နေ၏။
“ကျုပ်ရောက်နေပြီဆိုတာ ခင်ဗျားသိရဲ့သားနဲ့ အခုထိ ထွက်မလာသေးဘူးလား”
သူ၏အသံသည် အဝေးသို့ပျံ့လွင့်သွားသည်။
သူ့စကားအဆုံးတွင် တောင်ပေါ်နှင့် ရေဘေးတွင်တည်ရှိနေသော အိမ်ကြီးနောက်မှ အာဏာစက်ပြင်းသောအသံတစ်ခု ထွက်ပေါ်လာသည်။
“သူရဲကောင်းတွေက ငယ်စဥ်တည်းက ပေါ်ထွက်လာတတ်ပေမယ့် ကံမကောင်းစွာနဲ့ပဲ… မင်းက မာန်တက်လွန်းတယ်”
ဤအသံကို ကြားသောအခါရှဲ့ရွှမ်က ဝမ်းသာမဆုံးဖြစ်သွားသည်။
“အဲ့တာ ဘိုးဘေးပဲ၊ ဘိုးဘေးထွက်လာပြီ”
ဤအခိုက်အတန့်တွင် ဆံပင်ဖြူများအပြည့်နှင့် တင့်တယ်သော အသွင်အပြင်ရှိသည့် အသက်ကြီးကြီးယောက်ျားတစ်ယောက်သည် ဗီလာအနောက်ဘက် တောင်ပေါ်မှ ဖြည်းဖြည်းချင်းထွက်လာသည်။
ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် သူ၏ ကိုယ်ရောင်ကိုယ်ဝါသည် ပိုမို တောက်ပကာ အင်အားပြင်းလာသည်။ ဗီလာရှေ့သို့ရောက်သောအခါတွင် သူ၏ ရောင်ဝါသည် အထွတ်အထိပ်သို့ ရောက်ရှိသွား၍ ရွှယ်အန်းကို အပြည့်အဝ လွှမ်းမိုးသွားသည်။
အခန်း(၁၀၂) အင်မော်တယ်ဆရာ၏ လက်သီးများပေါက်ကွဲခြင်း
ရှဲ့ရွှမ်သည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် မျက်နှာသည်မူ အလွန်စိတ်လှုပ်ရှားနေသည်။
“မြေးတော် ဘိုးဘေးကြီးကို နှုတ်ဆက်ပါတယ်”
အမှန်စင်စစ် ဤလူကြီးသည် ရှဲ့ရွှမ်၏ အဘိုးဖြစ်သူ ရှဲ့ရှင်းဖြစ်သည်။ အင်မော်တယ်ဆရာတစ်ဆူဖြစ်လာပြီးနောက် သူ၏ သက်တမ်းသည် အလွန်တိုးလာသောကြောင့် ယခုအချိန်တွင် အသက်ခုနှစ်ဆယ်ကျော် ဝန်းကျင်အဘိုးကြီးတစ်ဦးသာ ဖြစ်ပုံပေါ်သည်။
ရှဲ့ရှင်းက ခေါင်းညိတ်လိုက်သည်။
“ထတော့”
ရှဲ့ရွှမ်က မတ်တပ်ထရပ်ကာ၊ နောက်သို့ ပျော်ရွှင်စွာဆုတ်သွားသည်။ သူ့အမြင်အရ ဘိုးဘေးကြီးက သီးသန့်လေ့ကျင့်မှုမှ ထွက်လာပါက သူမဖြေရှင်းနိုင်သော ပြဿနာမရှိနိုင်ပေ။ ထိုအချိန်တွင် ရှဲ့ရှင်းကို ကြည့်၍ လှောင်ရယ်လိုက်သည်။
“မောင်ရင် မင်းအသက်အရွယ်လူတစ်ယောက်က ဒီလိုမျိုး ကျင့်ကြံရေးအဆင့်မျိုးရှိနေတာ အံ့သြစရာပါပဲ”
“ဒါပေမယ့် မင်း ရှောင်ယောင်းအဆင့်မှာရှိရုံနဲ့ ရှဲ့မိသားစုကို လုပ်ချင်သလိုလုပ်လို့ရမယ် ထင်နေလား”
ဤသို့ပြောကာ ရှဲ့ရှင်း၏ အသံသည် တောအုပ်တစ်ခွင်သို့ ပဲ့တင်ထပ်သွား၏။ အိမ်ကြီးတစ်လုံးလုံးပင် အနည်းငယ်တုန်ခါသွားကာ၊ ခြံဝင်းအတွင်းရှိ ပန်းမန်သစ်ပင်များသည်လည်း ဤမေးခွန်း၏ တွန်အားအောက်တွင်ကြွေကျကုန်၏။ ရှဲ့မိသားစုမှ ဖိတ်ကြားထားသော ကျွမ်းကျင်သူများသည် တစ်ပြိင်နက် အရောင်ပြောင်းသွားကြသည်။ အင်မော်တယ်ဆရာ၏ စွမ်းအားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသည်။ ရိုးရှင်းစွာကြုံးဝါးလိုက်ခြင်းဖြစ်သည့်တိုင် ယင်း၏ အလျင်သည် ဆူနာမီကဲ့သို့ ပြင်းထန်လှ၏။ သို့သော် ရွှယ်အန်းသည်မူ ထိုပြင်းထန်သော အံ့ဖွယ်စွမ်းအားသည် သူ့မျက်နှာထက်သို့ ဖြတ်တိုက်သွားသော လေပြေလေအေးများဖြစ်နေသည့်နှယ်၊ အနည်းငယ်မျှပင် ဂရုစိုက်ပုံမပေါ်ပေ။
“ကျုပ်လုပ်နိုင်မလား၊ မလုပ်နိုင်မလားဆိုတာ ကျုပ်တို့ကြိုးစားကြည့်ပြီးမှ သိကြရမှာပေါ့”
ရှဲ့ရှင်းက ဂုဏ်ယူစွာပြုံးလိုက်သည်။
“ဒါဆို ဒီနေ့ မင်းကို ဒီအခွင့်အရေးငါပေးမယ်”
ဤသို့ပြော၍ ရှဲ့ရှင်းသည် သူ့လက်ကို ရုတ်တရက်မြှောက်လိုက်သောအခါ လက်ထဲတွင် ဧရာမ ဓားရှည်ကြီးတစ်ချောင်း တဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။
‘ချီစွမ်းအင်ဖြင့် ဓားဖြစ်ပေါ်လာခြင်း’
ဤသည်မှာ အမှန်တကယ်ပင် အင်မော်တယ်တစ်ပါး၏ နည်းလမ်းဖြစ်သည်။
ပညာရှင်များအားလုံး အံ့သြတုန်လှုပ်သွားကြသည်။ ရှဲ့ရှင်း၏လက်ထဲမှ ဓားရှည်သည် ယခုအချိန်တွင် အပြည့်အဝရုပ်လုံးပေါ်လာခဲ့ပြီဖြစ်သဖြင့် မီတာတစ်ဒါဇင်ကျော်ရှည်သော ဓားသွားထက်တွင် ကြောက်မက်ဖွယ်ရောင်ဝါများထွက်ပေါ်နေသည်။
“ငါ့ရဲ့… ရှဲ့မိသားစုရဲ့ ရူးနှမ်းတဲ့ဓားသွားကို မျက်မြင်တွေ့ကြည့်စမ်း” ရှဲ့ရှင်းက အေးစက်စွာအော်၍ ဓားကို လွှဲလိုက်သည်။
ဓားသွားဖြတ်သွားရာ လမ်းတစ်လျှောက်ရှိ လေထုသည် ဖြိုခွဲခံလိုက်ရသည့်နှယ်ထင်ရကာ ကမ္ဘာကွဲလုသော အဟုန်များပါဝင်နေ၏။ ရွှယ်အန်းသည်မူ တောင်တစ်လုံးနှယ် တည်ငြိမ်လျက် ခေါင်းကို ခပ်ပါးပါးခါယမ်းလိုက်သည်။
“နှေးလွန်းတယ်”
ဤသို့ပြောကာ ရွှယ်အန်းက လက်သီးကိုမြှောက်၍ ထိုဓားချက်ကို ကြောက်လန့်ခြင်းအလျင်းမရှိ ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။
“လက်သီးတစ်ချက်… ကောင်းကင်နဲ့မြေကြီးကို ရွေ့သွားစေလိမ့်မယ်”
ဘွန်း
စူးရှသော ကြိမ်းဝါးသံတစ်ခု ပေါ်ထွက်လာသည်။
ရှဲ့ရှင်းသည် အနည်းငယ်ယိမ်းထိုးသွားကာ၊ သူ့လက်ထဲမှ ဓားသွားသည်လည်း ကွဲအက်၍ပျောက်ကွယ်သွား၏။ ထို့နောက် တဖြည်းဖြည်းနှင့် သူ၏ အမူအရာသည် လေးနက်လာသည်။ အင်မော်တယ်ဆရာတစ်ဆူ၏ စွမ်းအားဖြင့် ဤရှောင်ယောင်းအဆင့် လူတစ်ယောက်နှင့် အမှန်ပင် မယှဥ်နိုင်ခဲ့ပေ။ သူ၏ ဓားကို လက်သီးတစ်ချက်ဖြင့် ချက်ချင်း ဖြိုခွဲပစ်လိုက်သည်။
‘ဒီလူက တကယ်ကြောက်ဖို့ကောင်းတာပဲ’
ထိုအချိန်တွင် ရွှယ်အန်းက သူ၏ လက်သီးကို မြှောက်လိုက်သောအခါ တစ်ချိန်က ကျောက်စိမ်းကဲ့သို့ ဖြူစွတ်နေသော လက်သီးထက်တွင် လက်ဆတ်သော ဒဏ်ရာတစ်ခု မထင်မှတ်ဘဲ ပေါ်လာသည်။
ထို့နောက် သွေးတစ်စက် ဖြည်းညှင်းစွာ စိမ့်ထွက်ကျဆင်းလာ၏။
သူဒဏ်ရာရသွားခဲ့သည်။
မူလက ထိတ်လန့်နေကြသော ရှဲ့မိသားစုဝင်များနှင့် အခြားသူများသည် ဝမ်းသာမဆုံးနိုင်ဖြစ်သွားကြရသည်။
“မောင်ရင် မင်းရဲ့ကြိုးစားအားထုတ်မှုကို ထည့်သွင်းစဥ်းစားပေးလိုက်မယ်။ မင်းအခု ဒူးထောက်မယ်ဆိုရင် မင်းရဲ့ကျင့်ကြံရေးအဆင့်ကို ဖျက်ဆီးပြီး အဲ့လက်သီးချက်ရဲ့နောက်က သိုင်းပညာကိုလည်း ငါ့ကို လွှဲပြောင်းပေးလိုက်ပါ။ ပြီးရင် ငါ မင်းအသက်ကို ချမ်းသာပေးမယ်”
ရှဲ့ရှင်း၏ မျက်လုံးများတွင် လောဘကြီးမှုအရိပ်အယောင်များရှိနေသည်။
ဤလူသည် ဤအံ့ဖွယ်ကောင်းသော လက်သီးသိုင်းကို အားကိုးကာ သူ၏ သိုင်းကွက်ကို ခုခံရန် မိမိ၏ ရှောင်ယောင်းအဆင့် ကျင့်ကြံအားဖြင့် အတင်းအကြပ်ခုခံခဲ့ခြင်းဖြစ်သည်မှာ သေချာလှသည်။ အကယ်၍ သူသာ ယင်းကို ပိုင်ဆိုင်ရလျှင် ဤအဆင့်ထက်ပို၍ တိုးတက်လာမည်မှာ သေချာ၏။
ထိုအချိန်တွင် ရွှယ်အန်းက ရယ်လိုက်သည်။
“တကယ်ပဲ ရှောင်ယောင်း အဆင့်က မလုံလောက်သေးဘူးလား”
သူ၏အသံသည် သူ့ကိုယ်သူပြောနေသကဲ့သို့ တိုးလျလျက်ရှိသည်။
“အရင်အချိန်တွေက လူတွေအများကြီးရှောင်ယောင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ပေမယ့် အင်မော်တယ်ဆရာအဆင့်ကိုတော့ တချို့တလေပဲ တက်လှမ်းနိုင်ခဲ့တယ်။ ရှောင်ယောင်းအဆင့်နဲ့ ငါ့တိုက်ခိုက်မှုကို ခံနိုင်ခဲ့တဲ့အတွက် မင်းဂုဏ်ယူသင့်တယ်။ အခု အဲ့လက်သီးသိုင်းကို လွှဲပေးလိုက်တော့၊ ငါမင်းအသက်ကို ချမ်းသာပေးမယ်”
သို့သော် ရွှယ်အန်းက ခေါင်းခါ၍ သက်ပြင်းတစ်ချက်ချလိုက်သည်။
“ရှောင်ယောင်းအဆင့်နဲ့မလုံလောက်ဘူးဆိုမှတော့… ကောင်းကင်ဘုံလူသားအဆင့်ကို တက်လှမ်းကြရအောင်”
သူ့အသံအဆုံးတွင် ရွှယ်အန်း၏ ကိုယ်ရောင်ကိုယ်ဝါသည် စည်းချိပ်ကို ရုတ်သိမ်းလိုက်သည့်နှယ် ချက်ချင်းမြင့်တက်လာသည်။
ရျောင်ယောင်းအဆင့်ရှိ သူ၏ကျင့်ကြံရေးအဆင့်သည် မျက်စိတစ်မှိတ်အတွင်း၌ပင် ကောင်းကင်ဘုံလူသားအဆင့်သို့ တက်လှမ်းသွားသည်။
ဤအံ့ဖွယ်မြင်ကွင်းသည် ရှဲ့ရှင်းကို အံ့အားသင့်သွားစေ၏။ ရှောင်ယောင်းအဆင့်မှ ကောင်းကင်ဘုံလူသားအဆင့်သို့ တက်လှမ်းခြင်းသည် အမျှထိ ရိုးရှင်းပါသလော။
‘ငါ ရှောင်ယောင်းအဆင့်ကို ကျော်ဖြတ်ဖို့ နှစ်နှစ်ဆယ်လောက် ပိတ်မိနေခဲ့တာ မှတ်မိသေးတယ်’
သို့သော် သူမသိသောအရာမှာ ရွှယ်အန်းသည် ဤရက်များအတွင်း သူ၏ ကျင့်ကြံရေးအဆင့်ကို မြှင့်တင်နေခြင်းဖြစ်၍ ကောင်းကင်ဘုံလူသားအဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာလိုတော့ခြင်းဖြစ်သည်။
ရွှယ်အန်းက ရှဲ့မိသားစုကို သတ်ရမည့်အကြောင်းအရင်းမှာ အင်မော်တယ်ဆရာ၏ လက်ကို အသုံးပြု၍ သူ၏ ဓားကို သွေးရန်သာဖြစ်သည်။ နောက်ဆုံးတွင် ထိုရိုက်ချက်အောက်၌ ရွှယ်အန်းသည် အဆင့်တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်၏။
ရှဲ့ရှင်း၏ အရှန်အဟုန်သည် လွှမ်းမိုးနေခဲ့သော်လည်း ရွှယ်အန်းက ကောင်းကင်ဘုံလူသားအဆင့်သို့ တက်လှမ်းခဲ့ပြီးနောက် အခြေအနေသည် ပြောင်းပြန်လှန်သွားသည်။ ရွှယ်အန်း၏ အရှိန်အဟုန်သည် တဖြည်းဖြည်း မြင့်တက်လာ၍ ရှဲ့ရှင်းသည် ထိတ်လန့်တကြားဖြင့် နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်ခွာလိုက်သည်။
ရှဲ့ရှင်းက အံကြိတ်လိုက်သည်။
‘မင်း ကောင်းကင်ဘုံလူသားအဆင့်ရောက်တော့ရော’
‘ငါက အင်မော်တယ်ဆရာကွ’
‘အဆင့်တစ်ခုတောင်ကွာလို့ ခွန်အားကွာခြားမှုကလည်း အဆတစ်ရာကျော်တယ်’
‘နောက်ပြီး ဒီလူကအရမ်းကြောက်ဖို့ကောင်းတယ်၊ သူ့ကို ဒီနေ့အမြစ်မဖြတ်နိုင်ရင် နောင်အနာဂတ်မှ ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနိုင်တယ်’
ထို့ကြောင့် သူက လှောင်ရယ်လိုက်သည်။
“ကောင်းတယ်၊ အရမ်းကောင်းတယ်။ မင်းကို သတ်ချင်တဲ့ ငါ့စိတ်ကို မင်းသေချာနှိုးဆွနိုင်ခဲ့ပါတယ်။ ဒီနေ့က မင်းအတွက် သေနေ့ပဲ”
ဤသို့ပြော၍ ရှဲ့ရှင်းက လက်ခုပ်တီးလိုက်သောအခါ ဓားရှည်ကြီးသည် ယခင်ကထက် နှစ်ဆပိုကြီးလာသည်။
“သေပေတော့” ရှဲ့ရှင်းက စိတ်ဆိုးဒေါသဖြစ်စွာ ကြုံးဝါးလိုက်သည်။
ဧရာမဓားကြီးသည် ကောင်းကင်နှင့် မြေကြီးကိုပိုင်းခြားနိုင်သကဲ့သို့ သက်ဆင်းလာသည်။ ထိုကဲ့သို့ အရှိန်အဟုန်သည် ရှဲ့ရွှမ်နှင့် အခြားသူများကို အလွန်စိတ်လှုပ်ရှားစေသည်။
၎င်းတို့၏ မျက်လုံးများထဲတွင် ရွှယ်အန်းသည် ဆုံးခန်းတိုင်သွားပြီဖြစ်၏။ သို့သော် ဓားရှည်သည် တစ်ဝက်တစ်ပျက်တွင်ရပ်တန့်သွားကာ ဆက်မသွားနိုင်တော့ပေ။ ဤကြီးမားလှသော ဓားကြီးသည် ရွှယ်အန်း၏ လက်နှစ်ချောင်းကြားတွင် ပိတ်မိနေ၏။ ထို့နောက် ရှဲ့ရှင်းက အံ့အားသင့်စွာကြည့်လိုက်သောအခါ ရွှယ်အန်းက ပေါ့ပါးစွာပြုံးလိုက်သည်။
“ကျုပ်ပြောသားပဲ၊ အရမ်းနှေးတယ်လို့”
ထိုသို့ပြောကာ ရွှယ်အန်းသည် လက်များထဲသို့ စွမ်းအားအနည်းငယ်စိုက်ထည့်လိုက်သောအခါ လျှပ်တစ်ပျက်အတွင်းတွင် ဤကြီးမား၍ ကြောက်မက်ဖွယ်ကောင်းသော ဓားရှည်ကြီးသည် ရုတ်ခြည်းကွဲကြေသွား၏။
“ခင်ဗျားအခုပဲ နှစ်ချက်ခုတ်ပြီးပြီ… အခုကျုပ်အလှည့်ပဲ”
ရွှယ်အန်းက တည်ငြိမ်စွာပြောကာ လက်သီးကို မြှောက်လိုက်သည်။
“တစ်ချက်ထိုးရုံနဲ့ ယင်နဲ့ယန်ကို ခွဲပစ်မယ်”
နတ်ဘုရားသတ်ဖြတ်ခြင်းသိုင်းခြောက်ကွက်ထဲမှ ဒုတိယသိုင်း
တစ်ချိန်က ရွှယ်အန်းသည် ယင်းကို ရှောင်ယောင်းအဆင့်တွင် အသုံးပြုခဲ့ခြင်းဖြစ်သော်လည်း ယခု သူသည် ကောင်းကင်ဘုံလူသားအဆင့်သို့ တက်လှမ်းနိုင်ခဲ့သောကြောင့် ဤလက်သီးချက်၏ စွမ်းအားသည် အဆတစ်ရာကျော်တိုးလာသည်။
ဤလက်သီးချက်ကို ပစ်သွင်းလိုက်သောအခါ ပတ်ဝန်းကျင်ရှိ အရာအားလုံး အေးခဲသွားသည်။ တစ်မီတာအတွင်းရှိ သစ်ပင်များအားလုံးသည် ဖုန်မှုန့်များအဖြစ်ပြောင်းလဲသွား၏။ ရှောင်ရှင်းသည် ဤအလွန်ကြီးမားလှသော စွမ်းအားတစ်ခုက သူ့ကို အပြည့်အဝချုပ်နှောင်ထားသကဲ့သို့ ခံစားလိုက်ရ၏။
ဤလူ၏ ခွန်အားသည် သူ့စိတ်ကူးနိုင်သည်ထက် ကျော်လွန်သွားခဲ့ပြီဖြစ်သဖြင့် သူအလွန်ကြောက်လန့်တုန်လှုပ်လျက်ရှိသည်။ ရွေးချယ်ရန်လမ်းမရှိသော ရှဲ့ရှင်းသည် သူ၏ အသက်ကို ကယ်တင်နိုင်မည့် နည်းလမ်းတစ်ခုကို အားကိုးရန် လိုအပ်လာသဖြင့် လျှာကို ပြင်းထန်စွာကိုက်လိုက်သည်။
ဗျစ်
ပါးစပ်အပြည့်သွေးများ ပန်းထွက်လာကာ ရှဲ့ရှင်း၏ ပုံရိပ်သည် တဖြည်းဖြည်း မှုန်ဝါးလာသည်။ ဤသည်မှာ သွေးလွတ်မြောက်ခြင်းကျင့်စဥ်ဖြစ်ကာ သူ့အတွက် အလွန်အကျိုးရှိလှသော်လည်း ထိုသို့ပြုလုပ်ခြင်းက သူ၏ အရေးကြီးသော စွမ်းအင်များကို ဆယ်စုနှစ်များစွာစာ ကုန်ဆုံးစေမည်ဖြစ်သည်။ သို့သော် ဤအခိုက်အတန့်တွင် သူသည် ထိုကိစ္စကို ဂရုမစိုက်နိုင်တော့ပေ။ ဤအချိန်တွင် ရှင်သန်ခြင်းသည်သာ အရေးအကြီးဆုံးဖြစ်သည်။ သို့သော် ဘေးလွတ်ရာကိုလွတ်မြောက်နိုင်တော့မည်ဟု သူတွေးနေချိန်၌ပင် ရွှယ်အန်းက သူ့လက်သီးကို နောက်တစ်ကြိမ်မြှောက်လိုက်သည်။
“နတ်ဘုရားသတ်ဖြတ်ခြင်းသိုင်း တတိယသိုင်းကွက်၊ မရဏရဲ့အလွန်”
ဤလက်သီးချက်သည် တိတ်ဆိတ်နေကာ လက်သီးမှ လေညှင်းတစ်ခုတစ်လေပင် ထွက်မလာပေ။ သို့သော် ဤမျှရိုးရှင်းသော လက်သီးချက်ကြောင့် ရှဲ့ရှင်းသည် ပြေးရန်ကြိုးစား၍ စိတ်ဆင်းရဲစွာ ဟစ်အော်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်သည် လျင်မြန်စွာ အိုမင်းလာကာ တစ်ခဏချင်းအတွင်း၌ပင် တဖြည်းဖြည်း မသန်မစွမ်းဖြစ်လာသည်။
“အသက်ကို … ချမ်းသာပေးပါ”
သူ့ပါးစပ်မှ နောက်ဆုံးစကားထွက်လာသည်နှင့်အမျှ ရှဲ့ရှင်း၏ အသက်ရှုသံများ ရပ်တန့်သွားကာ သူသည် အရိုးစုတစ်စုအဖြစ်သို့လျင်မြန်စွာပြောင်းလဲ၍ လေနှင့်အတူ ပြန့်ကျဲသွားသည်။
ဤသို့ဖြင့် အင်မော်တယ်ဆရာအဆင့်အထိ ရောက်နိုင်ခဲ့သော ရှဲ့ရှင်းသည် ရွှယ်အန်း၏ လက်ချက်ဖြင့် ကွဲထွက်သွားသည်။
ရှဲ့ရွှမ်နှင့် အခြားသူများက ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့်သွားကြသည်။
ငါတို့ ဘိုးဘေး… သေသွားပြီလား။