အခန်း (၁၀၃-၁၀၅)
Vol. 7 Ch. 103-105
အခန်း(၁၀၃) ရှဲ့မိသားစု… လေထဲမှာ ပျောက်ကွယ်သွားတယ်
ရှဲ့မိသားစု၏ စွမ်းအားရှင် ဘိုးဘေးသည် သဲလွန်စပင်မရှိဘဲ တိတ်ဆိတ်သေဆုံးသွားလိမ့်မည်ဟု မည်သူက ထင်လိမ့်မည်နည်း။ ရွှယ်အန်းသည် ၎င်းတို့ကို ခေါင်းလှည့်၍ ကြည့်၍ ခပ်ပါးပါးပြုံးပြလိုက်သည်။
“စိတ်မကောင်းပါဘူး ဒါပေမယ့် ခင်ဗျားတို့ရဲ့ ရှဲ့မိသားစု ဘိုးဘေးက အရမ်းမကြမ်းဘူးထင်တယ်”
ရှင်းရွှမ်၏ တစ်ကိုယ်လုံး တုန်ယင်လာကာ မျက်လုံးများသည် ထိတ်လန့်မှုများနှင့် ပြည့်နှက်နေသည်။ ပညာရှင်ဟုခေါ်ကြသောသူများအားလုံးသည် တညီတညွတ်တည်း လျင်မြန်စွာဖြင့် တိတ်တဆိတ်ထွက်ခွာရန် စီစဥ်နေကြပြီဖြစ်သည်။
“ကျုပ်ပြောခဲ့တယ် ဒီညပြီးရင် ရှဲ့မိသားစုက သမိုင်းတစ်ခုဖြစ်လာလိမ့်မယ် ခင်ဗျားတို့အားလုံး ငရဲမှာ ကောင်းကောင်း နောင်တရနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”
“မဖြစ်ဘူး” ရှဲ့ရွှမ်သည် အလွန်အမင်းကြောက်လန့်လျက် အော်ဟစ်လိုက်သည်။
“မစ္စတာရွှယ် ငါတို့ ရှဲ့မိသားစုက မင်းနဲ့ရန်မဖြစ်ဖူးပါဘူး။ မင်းကိုနှောက်ယှဥ်ခဲ့တဲ့ ငါတို့ရဲ့ သစ္စာမဲ့တဲ့သားက သေသွားပြီ ဘိုးဘေးကြီးလည်းဆုံးသွားပြီ ကျေးဇူးပြုပြီး ငါတို့ကို စာနာထောက်ထားပေးပါကွာ”
ဤသို့ပြောနေသော ရှဲ့ရွှမ်၏ မျက်နှာထက်တွင် ရိုးသားမှုနှင့် လေးစားမှုအပြည့်ရှိနေသည်။ ရွှယ်အန်းက ယင်းကို တိတ်ဆိတ်ငြိမ်သက်စွာ ကြည့်ရုံသာ ကြည့်နေ၏။
သူ့စကားအဆုံးတွင် ရွှယ်အန်းက ဘာသိဘာသာပြောလိုက်သည်။
“ခင်ဗျားဆင်းသွားပြီးရင် ခင်ဗျားတို့ရှဲ့မိသားစုက သတ်ခဲ့တဲ့လူတွေကို အဲ့စကားတွေပြောလိုက်ပါ”
ဤသို့ပြောကာ ရွှယ်အန်း၏ ဘယ်ဘက်လက်သည် လက်သီးအဖြစ်ပြောင်းလဲသွားကာ လက်ထဲတွင် ဓားရှည်တစ်ချောင်း တဖြည်းဖြည်းပေါ်လာ၏။ ဤသည်ကား ရှဲ့ရှင်း အသုံးပြုခဲ့သော နည်းပညာအတိအကျပင်ဖြစ်သည်။
ရှင်းရွှမ်သည် တစ်စုံတစ်ခုကို ပြောချင်သည့်ဟန်ဖြင့် ထိတ်လန့်တကြားအော်လိုက်သည်။ ရွှယ္အန်းသည် သူ၏လက်ကောက်ဝတ်ကို တိုက်ရိုက်လှန်လိုက်၏။
ပေါင်းမြက်ခြောက်များကို ခုတ်သင်ရှင်းလင်းနေသည့်နှယ် ရှဲ့ရွှမ်နှင့် ပညာရှင်ဟုခေါ်သော ပညာရှင်များအားလုံးကို တစ်ချက်တည်းဖြင့် ခုတ်ပိုင်းပစ်လိုက်ရာ ၎င်းတို့၏ အလောင်းများအားလုံး မြေပြင်ပေါ်သို့ အထပ်ထပ်အပုံလိုက်ကျသွားသည်။
ကံမကောင်းစွာဖြင့် နောင်တရရန်အလွန်နောက်ကျသွားပြီဖြစ်သည်။
ဤဇိမ်ခံအိမ်ကြီးသည် ထိုတစ်ချက်တည်းသော ဓားချက်အောက်တွင် ကျယ်လောင်သောအသံနှင့်အတူ ပြိုကျ၍ မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။
လေထုထဲသို့ ဖုန်မှုန့်နှင့် မီးခိုးငွေ့များ မြင့်တက်လာသည်။ ရှဲ့မိသားစုသည်လည်း လေထဲ၌ပင် ပျောက်ကွယ်သွား၏။ သို့သော် ရွှယ်အန်းသည် မည်သူ့ကိုမျှ သက်ညှာမပေးခဲ့သည်မှာ ထင်ရှားလှသည်။ သူစတင်လုပ်ဆောင်ခဲ့ကတည်းက ၎င်းတို့အကုန်လုံးကို အပြီးတိုင် သုတ်သင်ပစ်တော့မည်ဖြစ်သည်။
ရူးနှမ်းသော သက်ညှာမှုသည် နောက်ကွယ်တွင် ပြဿနာများသာ ချန်ရစ်ခဲ့ပေလိမ့်မည်ဖြစ်၏။ ထို့ကြောင့် နောက်ဆုံးအသက်ရှုနေသေးသည့် ရှင်းရွှမ်ထံသို့လျှောက်သွားကာ တည်ငြိမ်စွာပြောလိုက်သည်။
“မင်းရဲ့သားအကြီးဆုံးက ပြည်နယ်မြို့တော်မှ မရှိနေလို့ မင်းကံကောင်းပြီလို့ ခံစားနေရတာလား”
ရှင်းရွှမ်၏ လည်ချောင်းထဲမှ အော်ဟစ်သံများ ထွက်ပေါ်လာကာ ထိတ်လန့်မှုများအပြည့်ဖြင့်ကြည့်နေ၏။
ရွှယ်အန်းက ပြုံးလိုက်သည်။
“အပြစ်ကင်းတဲ့လူတွေကို ငါမသတ်ပစ်ချင်ပါဘူး ဒါပေမယ့် ရှဲ့မိသားစုက လုပ်ထားတဲ့ လုပ်ရပ်တွေက မင်း ဆယ်ခါမက သေဖို့လုံလောက်တယ်… ဆိုတော့….”
ရွှယ်အန်းသည် အောက်သို့ကိုင်း၍ ရှဲ့ရွှမ်၏ သွေးများထဲသို့ လက်ညှိုးတစ်ချောင်းနှစ်လိုက်သည်။
“မိသားစုတစ်ခုအတွက် အရေးအကြီးဆုံးက စည်းစည်းလုံးလုံးရှိဖို့ပဲ။ မင်းကို မင်းရဲ့လမ်းကြောင်းပေါ် ငါပို့ပေးမယ်”
ဤသို့ပြော၍ ရွှယ်အန်းက လက်စည်းချိပ်တစ်ခုလုပ်လိုက်သောအခါ သွေးပြင်းထန်သော အရောင်အဝါတစ်ခုသည် သွေးစက်မှတစ်ဆင့်ထွက်ပေါ်လာ၍ ၎င်း၏ ပစ်မှတ်ကိုလိုက်ရှာတော့သည်။
သွေးကျိန်စာနည်းပညာ
သွေးတစ်စက်ဖြင့် မျိုးနွယ်တစ်ခုလုံးကို ကျိန်စာတိုက်နိုင်သည့် လျှို့ဝှက်နည်းပညာတစ်ခုဖြစ်သည်။ ဤသည်ကား အနတ္တစကြဝဠာသို့ သူဖြတ်သန်းသွားလာခဲ့စဥ် ရှေးနတ်ဆိုးတစ်ဦးထံမှ ရွှယ်အန်းရရှိခဲ့သောအရာဖြစ်သည်။ ယခု သူသည် ကောင်းကင်ဘုံလူသားအဆင့်သို့တက်လှမ်းခဲ့ပြီဖြစ်သဖြင့် ယင်းကို ထုတ်သုံးနိုင်သည်ဆိုရုံမျှသာ သုံးနိုင်ခြင်းဖြစ်သည်။
ဤအခိုက်အတန့်တွင် ရှဲ့ရွှမ်သည် ဒေါသစိတ်နှင့် စိတ်ပျက်အားငယ်စွာဖြင့် နောက်ဆုံးထွက်သက်ကို ရှိုက်လိုက်သည်။
သူသည် ယခုအချိန်အထိ မျှော်လင့်ချက် အရိပ်အယောင်များကို အမှန်ပင် သိမ်းဆည်းထားခဲ့သည်။ အနည်းဆုံးတော့ သူ့သားအကြီးဆုံးသည် ခရိုင်မြို့တော်တွင် မဟုတ်နေပေ။ သူအသက်ရှင်နေသရွေ့ ရှဲ့မိသားစုသည် အပြည့်အဝပျက်စီးသွားလိမ့်မည်မဟုတ်ပေ။ ယခုမူ ရွှယ်အန်းသည် သူမ၏ နောက်ဆုံး မျှော်လင့်ချက်ကို ချေမှုန်းပစ်လိုက်သည်။
ဤအချိန်တွင် နိုင်ငံခြားတစ်ခုရှိ ဇိမ်ခံဘားတစ်ခုတွင် ရှဲ့ရွှမ်၏ အကြီးဆုံးသာ ရှဲ့ပေါင်သည် ဝိုင်တစ်ခွက်သောက်သုံးလျက် စည်းစိမ်ဥစ္စာများကို နှစ်ခြိုက်စွာ ခံစားနေသည်။ ထို့နောက် ရုတ်တရက် သွေးတစ်စက်ထွက်လာ၏။
ရှဲ့ပေါင်၏ အမူအရာသည် အေးခဲသွားကာ လည်ချောင်းထဲမှ အော်ဟစ်သံအချို့ ထွက်ပေါ်လာကာ နောက်ဆုံးထွက်သက်ကိုရှိုက်၍ မြေပြင်ပေါ်သို့ လဲကျသွားသည်။ ထိုအချိန်မှစ၍ ပြည်နယ်မြို့တော်ကို ဆယ်စုနှစ်များစွာလွှမ်းမိုးခဲ့သည့် ရှဲ့မိသားစုသည် အပြည့်အဝ ပျက်သုန်းသွားခဲ့သည်။
ရွှယ်အန်းက လက်ဖျောက်တစ်ချက်တီးလိုက်သောအခါ အလောင်းများသည် ချက်ချင်းပင် ပြင်းထန်သော မီးတောက်များ၏ ဖုံးလွှမ်းခြင်းကို ခံရ၍ မျက်စိတစ်မှိတ်အတွင်းတွင် ပြာများအဖြစ်လောင်ကျွမ်းသွားသည်။
ထို့နောက် သူလှည့်ထွက်သွား၏။
ဟိုတယ်သို့ရောက်ပြီးနောက် အန်းချင်သည် စိတ်မငြိမ်မသက်ဖြစ်၍ သူ့ကို စောင့်ဆိုင်းနေသည်။ အလားတူပင် ဖန်းမင်ရွှယ်နှင့် ချင်းယွီတို့၏ မျက်နှာများထက်တွင်လည်း စိုးရိမ်မှုများပြည့်နှက်နေ၏။
ရွှယ်အန်း ထွက်သွားခဲ့သည်မှာ တစ်နာရီပင်ကြာခဲ့ပြီဖြစ်သည်။ ၎င်းတို့အားလုံးသည် စိုးရိမ်စိတ်များပြည့်နှက်လျက်ရှိကြသည်။ လောင်ဟေးသည် ရှဲ့မိသားစုထံသွားရန် အကြိမ်ကြိမ်ပြင်ဆင်ခဲ့သော်လည်း သူသွားလျှင် မည်သည့်အကူအညီမျှ ရမည်မဟုတ်ကြောင်း သိထားသောကြောင့် လက်လျှော့ခဲ့သည်။ ဟိုတယ်တွင်တည်းခို၍ လူတိုင်းကို အကာအကွယ်ပေးခြင်းသည်သာ ပို၍သင့်တော်သည်။
၎င်းတို့အားလုံး စိုးရိမ်တကြီးစောင့်ဆိုင်းနေကြချိန်တွင် ရွှယ်အန်းသည် တံခါးကို တွန်းဖွင့်ကာ အထဲသို့ ဝင်လာ၏။ သူဘေးကင်းကြောင်းတွေ့လိုက်ရသောအခါ အားလုံးကသက်ပြင်းချလိုက်ကြသည်။ အန်းချင်သည် မိမိရင်ဘတ်ကို ပွတ်သပ်၍ သက်ပြင်းချလိုက်သည်။
“တော်သေးတာပေါ့ တော်သေးတာပေါ့ ရှင်ပြန်လာတာကောင်းပါတယ်။ ရှဲ့မိသားစုကို မဖျက်ဆီးနိုင်လည်း ပြဿနာမရှိပါဘူး။ နောက်ပိုင်းကျမှ ရေရှည်အစီအစဥ်တွေချလို့ရပါတယ်”
အန်းချင်၏ အမြင်တွင် ရှဲ့မိသားစုသည် တစ်နာရီကျော်အတွင်း မည်ကဲ့သို့ သုတ်သင်ခံရလိမ့်မည်နည်း။ ရွှယ်အန်းသည် အပြောင်းအလဲတစ်ခုပြုလုပ်ရန်ထွက်သွားပြီးနောက် ပြန်လာခဲ့ခြင်းဖြစ်သည်။
သို့သော် ရွှယ်အန်းက ခပ်ပါးပါးပြုံးလိုက်၏။
“ရှဲ့မိသားစုက ဆက်ပြီး မတည်ရှိတော့ပါဘူး”
တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။ အန်းချင်သည် ရွှယ်အန်းကို မယုံကြည့်စွာဖြင့် ကြည့်နေသည်။
“တကယ်လား”
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
“ရှဲ့မိသားစုရဲ့ ဘိုးဘေးကရော”
“ငါသူ့ကို လက်သီးတစ်ချက်တည်းနဲ့ သုတ်သင်ပစ်လိုက်တယ်” ရွှယ်အန်းက ဘာသိဘာသာပြော၏။
အန်းချင်သည် ရုတ်တရက် မည်သို့ပြောရမှန်းမသိတော့သဖြင့် ပါးစပ်ကို ပိတ်လိုက်သည်။ သူမအစ်မက ရွှယ်အန်းကို လက်ထပ်ယူခဲ့သည်မှာ မှားယွင်းခဲ့သည်ဟုလည်း ယခင်က ညည်းညူခဲ့ဖူးသည်။ သို့သော် ယနေ့ သူမနားလည်ခဲ့သည်။ သူမမှီခိုခဲ့ရသော အင်အားကြီး မိသားစုကြီးများနှင့် ကြွယ်ဝချမ်းသာမှုများသည် ရွှယ်အန်း၏ရှေ့တွင် ဟာသတစ်ခုထက် မပိုလှပေ။
‘မမ ခဲအိုက… နောက်ဆုံးတော့ မမခေါင်းမော့ပြီးပြန်လာနိုင်အောင်လုပ်ဖို့ ခွန်အားရှိနေပြီ’ အန်းချင်က တိတ်ဆိတ်တွေးလိုက်သည်။ ထိုအချိန်တွင် ချင်းယွီသည် ရွှယ်အန်းကို စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ကြည့်နေသည်။ ရှဲ့မိသားစုမရှိတော့သဖြင့် ပြည်နယ်မြို့တော်တစ်ခုလုံး လစ်ဟာသွားသည်။ ဤသည်မှာ ဘီလီယံနှင့် ချီသော ကြွယ်ဝမှုများဖြစ်သည်။ သို့သော် ဤအရာများအားလုံးသည် ရွှယ်အန်းကြောင့်သာဖြစ်ကြောင်း သူမသေချာသိထားသည်။ ချင်းမိသားစုက ဤကိစ္စအတွက် အများအပြား ကြိုးစားအားထုတ်ရန် မလိုအပ်ခဲ့ပေ။ ထို့ကြောင့် သူမသည် စကားစရန် တွန့်ဆုတ်နေ၏။ ချင်းယွီတွေးနေသည်ကို ရွှယ်အန်းက သိသည်။ သို့သော် သူသည် ဤလောကီစည်းစိမ်ဥစ္စာများကို စိတ်ဝင်စားခြင်း အလျင်းမရှိပေ။ သို့သော် လူတစ်ယောက်သည်တော့ ဤသို့သော ကြီးမားလှသည့် ပြည်နယ်ကြီးကို စီမံခန့်ခွဲရမည်ဖြစ်သည်။ ထို့ကြောင့် သူက အနည်းငယ်ပြုံးလိုက်၏။
“ရှဲ့မိသားစုမရှိတော့ဘူးဆိုတော့ ကျန်ကိစ္စတွေကို ချင်းမိသားစုဆီ လွှဲပြောင်းပေးပါ့မယ်”
ချင်းယွီ အံ့သြသွားသည်။
ဤသည်မှာကြီးမားလှသော ကံကြမ္မာအလှည့်အပြောင်းတစ်ခုဖြစ်၏။ သို့သော် ရွှယ်အန်းသည် ယင်းကို ဂရုမစိုက်ဘဲ လွှဲပြောင်းပေးလိုက်သည်။
ချင်းယွီက ခဏတာဆွံ့အတုံ့ဆိုင်းနေပြီးမှ လေးနက်စွာမတ်တပ်ထရပ်လိုက်သည်။
“ဒါတွေအားလုံးက မစ္စတာရွှယ်ရဲ့အားထုတ်မှုတွေကြောင့်ပါပဲ။ တကယ်လို့ ကျွန်မတို့ ချင်းမိသားစုကို လွှဲပြောင်းပေးမယ်ဆိုရင်တောင် နောင်အနာဂတ်မှာ မစ္စတာရွှယ်လိုချင်တဲ့အချိန်တိုင်း အချိန်မရွေးပြန်ယူနိုင်ပါတယ်”
ဤသည်ကိုကြားသောအခါ ရွှယ်အန်းက ရယ်မော၍ လက်ကို ဝှေ့ယမ်းလိုက်သည်။
“ငါအခုအိပ်တော့မယ်။ မနက်ဖြန်ကျ ရှန်းရှန်းနဲ့ နျန်နျန်တို့ဖို့ မနက်စာချက်ပေးရဦးမယ်”
ဤသို့ပြောကာ အခန်းထဲ့သို့ လှည့်ပြန်သွားသည်။ ချင်းယွီသည် စိတ်လှုပ်ရှားစွာဖြင့် အဘိုးဖြစ်သူထံသို့ ဖုန်းခေါ်ဆိုလိုက်သည်။ ဤအချိန်တွင် သူ၏ရုံးခန်း၌စောင့်ဆိုင်းနေသော ချင်းယွမ်က ဖုန်းကို ချက်ချင်းကောက်ကိုင်လိုက်၏။
“ဘယ်လိုလဲ”
ချင်းယွီက ခေတ္တရပ်လိုက်ပြီးနောက် ပြောလိုက်သည်။
“မစ္စတာရွှယ် ထွက်သွားပြီး တစ်နာရီကြာပြီးတော့ ရှဲ့မိသားစု လုံးဝပျက်ဆီးသွားတယ်”
ချင်းယွမ်သည် အသက်ပင် ကောင်းစွာမရှုနိုင်တော့ပေ။ သူသည် ရွှယ်အန်း၏ ခွန်အားကို တတ်နိုင်သမျှ မြင့်မြင့်မှန်းထားသော်လည်း ရွှယ်အန်း တစ်ယောက်တည်း ရှဲ့မိသားစုကို ချေမှုန်းခြင်းသည်မူ ဖြစ်နိုင်လိမ့်မည်မဟုတ်ဟု ထင်နေသေးသည်။
သို့သော် သူမမျှော်လင့်ထားသောအရာကို ရွှယ်အန်းက အမှန်ပင်လုပ်နိုင်ခဲ့၏။ ဤအချိန်တွင် ချင်းယွီက သူမ ရွှယ်အန်းကိုပြောခဲ့သည့်စကားများကို ချင်းယွမ်သို့ပြန်ပြောပြကာ မေးလိုက်သည်။
“သမီးပြောလိုက်တာမှန်လား”
“ယွီအာ သမီးကြီးလာပြီပဲ။ သမီး ဒီကိစ္စကို ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့တယ်။ မစ္စတာရွှယ်လိုလူမျိုးက လူသားတွေကြားက နဂါးတစ်ကောင်ပဲ။ သူကို လောကရဲ့ အကျိုးအမြတ်တွေနဲ့ တိုင်းတာလို့မရနိုင်ဘူး။ သမီးပြောလိုက်သလိုပဲ သူသာ ပြန်လိုချင်ရင် ငါတို့က လက်နှစ်ဖက်နဲ့ သေချာပြန်ပေးရမှာပဲ” ချင်းယွမ်က မတ်တပ်ထရရပ်၍ ချီးကျူးစိတ်ဖြင့် ပြောလိုက်သည်။
အခန်း(၁၀၄) သွေးကို မြင်ပြီးမှ သူတို့ဝန်ခံလိမ့်မယ်
ရှဲ့မိသားစု ပျက်သုဥ်းသွားသည့် သတင်းများပေါ်ထွက်လာသောအခါ ပြည်နယ်မြို့တော်ရှိ အင်အားကြီး မိသားစုကြီးများအားလုံး တုန်လှုပ်သွားကြသည်။ ရှိကျူလိက ဖြူဖျော့သော မျက်နှာမျိုးဖြင့် ဝင်လာသောအခါ ရှီဟောက်သည် ကုတင်ပေါ်တွင် လဲလျောင်းလျက်ရှိနေ၏။
“ကိုကို”
ရှီဟောက်က လက်ကို ဝှေ့ယမ်းလိုက်သည်။
“ပြောစရာမလိုတော့ပါဘူး ငါသိပြီးပါပြီ”
ရှီကျူလိက သူ့ဘေးတွင်ထိုင်ချ၍ သူမိ၏ ဝိဉာဥ်ထွက်သွားတော့မည့်နှယ် ကြည့်နေသည်။ ယမန်နေ့က ရှီဟောက်သည် ရှဲ့မိသားစုက ညကိုပင် ဖြတ်ကျော်နိုင်လိမ့်မည်မဟုတ်ဟု ပြောခဲ့ရာ သူမသည် အမှန်တကယ်ပင် မယုံကြည်နိုင်လောက်အောင်ဖြစ်ခဲ့ရသည်။ ရှဲ့မိသားစုသည် ပြည်နယ်မြို့တော်တွင် ဆယ်စုနှစ်များစွာကျင်လည်ခဲ့ကာ ၎င်းတို့၏ စွ၎်းအားသည်လည်း အထွတ်အထိပ်သို့ရောက်ရှိခဲ့သည်။ ရွှယ်အန်းက ကြောက်မက်ဖွယ်ကောင်းလျှင်ပင် သူတစ်ယောက်တည်း အင်အားကြီးမိသားစုတစ်ခုလုံးကို ခြေမှုန်းပစ်နိုင်လိမ့်မည်မဟုတ်ပေ။ သို့သော် ဤမနက် သတင်းကြားလိုက်ရသောအခါတွင် ရှိကျူလိသည် နောက်ဆုံးတွင် ထိတ်လန့်မှုကို ခံစားလိုက်ရသည်။
အရပ်ရှည်ရှည် ချောမောသောအသွင်အပြင်မျိုးရှိသော ယောက်ျားသည် ရှဲ့မိသားစုကို သူ့လက်တစ်ကမ်းဖြင့်ချေမှုန်းကာ သမိုင်းအဖြစ်ပြောင်းလဲနိုင်ခဲ့သည်။ ထိုကဲ့သို့အဓိပ္ပါယ်သည် မည်သို့ ကြောက်မက်ဖွယ်မကောင်းဘဲ နေလိမ့်မည်နည်း။ သို့သော် ရှီဟောက်သည် အံ့သြခြင်းအလျင်းမရှိပေ။
“ငါတို့မိဘတွေဘာပြောသေးလဲ” ရှီဟောက်က မေးသည်။
ရှီကျူလိက ခေါင်းခါလိုက်၏။
“ဖေဖေနဲ့ ဦးလေးတွေက တစ်မနက်လုံးဆွေးနွေးပြီးတော့ ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်”
“မိုက်မဲလိုက်တာ” ရှီဟောက်၏ အမူအရာသည် ရုတ်တရက်ပြောင်းလဲသွားသည်။
“အခု ရှဲ့မိသားစု ပြိုလဲပြီးတော့ ချင်းမိသားစုက သိမ်းပိုက်သွားပြီကို ဘာကို စောင့်ကြည့်ဖို့လိုဦးမှာလဲ”
ထိုအချိန်တွင် ရှီဟောက်၏ နှလုံးသားသည် တုန်လှုပ်ခြောက်ခြားမှုများဖြင့် ပြည့်နှက်နေသည်။ တစ်ခါတရံတွင် သူ့အဖေနှင့် အခြားသူများ၏ အမြင်သည် တိုတောင်းလွန်းလှသည်။
‘သာမန်သေမျိုးနဲ့ရင်ဆိုင်နေရတယ်လို့ သူတို့ ထင်နေကြတာလား’
ရှီဟောက်သည် ရွှယ်အန်း၏ ကျင့်ကြံရေးအကြောင်း ကောင်းစွာသိထားသဖြင့် ကြွယ်ဝချမ်းသာမှုများသည် မျောလွင့်နေသော တိမ်တိုက်များထက် မပိုလှကြောင်း နားလည်သည်။ ထို့ကြောင့် ယခုအချိန်တွင် အရေးအကြီးဆုံးမှာ ၎င်းတို့၏ ရပ်တည်ချက်ကို မနှောင့်နှေးစေဘဲ ရှင်းလင်းအောင်ပြုလုပ်ရန်ဖြစ်သည်။ ရှီဟောက်သည် ထရန် ရုန်းကန်လိုက်၏။
“ကိုကို ဘာလုပ်နေတာလဲ” ကျူလိက သူ့ကို ကူညီရန် အမြန်သွားလိုက်သည်။
“သွားကြရအောင်”
“ဘယ်ကိုလဲ” ရှီကျူလိက ပဟေဠိဖြစ်စွာဖြင့် မေးလိုက်သည်။
“ဟိုတယ်ပေါ့ ငါ မစ္စတာရွှယ်နဲ့ ချင်းမိသားစုကို ဂုဏ်ပြုဖို့သွာားမလို့” ရှီဟောက်သည် အံကြိတ်လျက် ပြောလိုက်သည်။
“ဒါပေမယ့်…” ရှိကျူလိသည် အနည်းငယ်ချိတုံချတုံဖြစ်နေသေးသည်။
ရှီဟောက်က ခေါင်းယမ်းလိုက်သည်။
“ဒီစကားက ရှီမိသားစုရဲ့ အသက်နဲ့သက်ဆိုင်နေတယ်။ ငါတို့ နှောင့်နှေးနေလို့ မရဘူး အမြန်လုပ်ရအောင်”
တစ်ချိန်တည်း၌ပင် အလားတူအချေအတင်ဆွေးနွေးမှုများလည်းဖြစ်ပေါ်လာခဲ့သည်။
ပြည်နယ်မြို့တော်၏ ဖုန်းမိသားစုတွင်ဖြစ်သည်။ ရှဲ့မိသားစုအောက်တစ်ဆင့်ရှိသော မိသားစုကြီးဖြစ်ရာ ၎င်းတို့၏ အင်အားသည် ရှီမိသားစုထက်ပင် ကြီးမားလှသေးသည်။ ရှဲ့မိသားစုဆုံးပါးသွားမှုကြောင့် ယနေု့အငွေ့အသက်သည် အနည်းငယ်တင်းမာနေ၍ ဖုန်းမိသားစုမှ လူတိုင်းသည်လည်း ဤအကျပ်အတည်းကို ပြင်းထန်စွာခံစားမိကြသည်။ ဖုန်းချီသည် ပင်မထိုင်ခုံတွ၍်ထိုင်လျက် နှစ်ဖက်လုံးရှိ မိသားစု၏ သားမြေးများကိုကြည့်ကာ ပြောလိုက်သည်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းတို့ ဘယ်လိုထင်လဲ”
လူများသည် တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ မည်သည့်စကားမျှ မပြောဝံ့ကြတော့ပေ။ ထိုအချိန်တွင် ခုံအဆုံး၌ ထိုင်နေသော အမျိုးသားတစ်ဦးက မတ်တပ်ထရပ်၍ ပြောလိုက်သည်။
“အဖေ အခုအရေးအကြီးဆုံးက မစ္စတာရွှယ်ကို သားတို့ရဲ့စိတ်ရင်းကို ပြသဖို့ပဲ”
ဤစကားကိုကြားသောအခါ လူတိုင်း တုန်လှုပ်သွားကြသည်။ ထိုသို့ပြောလာသူသည် ဖုန်းမိသားစု၏ သားအကြီးဆုံးဖြစ်သည့် ဖုန်းချောင်စီမှတပါးအခြားသူမဟုတ်ပေ။ ဖုန်းချောင်စီ၏ အဆင့်အတန်းသည် မိသားစုထဲတွင် မည်သည့်အခါကမျှ မမြင့်မားခဲ့ကြောင်းကို သိထားကြသင့်သည်။ သူသည် တရားဝင်သားအကြီးဆုံးဖြစ်သော်လည်း သူ့အဖေ ဖုန်းချီ၏ မျက်နှာသာ ပေးမှုကို မခံရခဲ့ပေ။ အထူးသဖြင့် မကြာသေးမီက သူသည် လူများကို ပေကျန်းသို့ ပို့ဆောင်ခဲ့၍ ဆုံးရှုံးမှုများစွာဖြင့် ပြန်လာခဲ့ရသည်။ ယင်းကြောင့် မိသားစုအတွင်းတွင် သူ၏ရာထူးကို ပိုမိုကျဆင်းလာစေသည်မှာလည်း သဘာဝကျလှသည်။
ဤသည်ကိုကြားသောအခါ ဖုန်းချီက မျက်မှောင်ကြုတ်လိုက်သည်။
“ရိုးသားမှု ဟုတ်လား ဘယ်လိုရိုးသားမှုမျိုးလဲ”
“ထုံးစံအတိုင်း အရှုံးပေးလိုတဲ့ ကျွန်တော်တို့ရဲ့ ရိုးသားမှုပေါ့” ဖုန်းချောင်စီက ပြတ်သားစွာပြောလိုက်သည်။
တကယ်တမ်းတွင် ဖုန်းချောင်စီသည် ထိုနေ့မနက် သတင်းများကို ကြားပြီးနောက်အလွန်ထိတ်လန့်နေခဲ့ရသည်။ ရှဲ့မိသားစုသည် ရန်သူအချို့ကို နှိုးစော်မိသည်ဟုသာ ထင်ခဲ့၍ အစပထမဆွင် ရွှယ်အန်း၏လက်ချက်ဖြစ်ကြောင်း သူမသိခဲ့ပေ။ သို့သော် အထူးသဖြင့် ရွှယ်အန်း၏ ဓာတ်ပုံကို တွေ့လိုက်ရသောအခါ၌ အလွန်ထိတ်လန့်သွားခဲ့သည်။
၎င်းကို မျက်မြင်တွေ့ခဲ့ရသူတစ်ဦးအနေဖြင့် ထိုနေ့က ရွှယ်အန်းက ကျန်းလုံကို ဖိနှိပ်ခဲ့သည့် အံ့ဖွယ်မြင်ကွင်းကို သူမြင်ခဲ့ရသည်။ မစ္စတာကျိုးယုချီက ဤလူသည် မိမိတို့ ရန်စရန်တတ်နိုင်သူမဟုတ်ကြောင်း ရှင်းလင်းစွာပြောပြခဲ့သည်။ သူ ပြည်နယ်မြို့တော်သို့ ရောက်လာသောအခါ သူ၏ ပထမဆုံးလှုပ်ရှားမှဒစတ်ခုသည်ပင် ရှဲ့မိသားစုတစ်ခုလုံးကို မီးခိုးများနှင့် တိမ်များအဖြစ် ပြောင်းလဲသွားစေခဲ့သည်။
ဖုန်းချောင်ချုန်းသည် မကြောက်ဘဲမနေနိုင်တော့ပေ။
ထို့ကြောင့် ယနေ့အစည်းအဝေးတွင် သူ၏အမြင်များကို တင်ပြနိုင်ရန် သတ္တိများကို စုစည်းထားခြင်းဖြစ်၏။
သို့သော် သူ့ပါးစပ်မှ ကစားလုံးများထွက်လာသည်နှင့် လူတစ်ယောက်က လှောင်ရယ်လိုက်သည်။
“ကြည့်ရတာ ငါ့အစ်ကိုကြီး ခရီးကပြန်လာပြီးတော့ တစ်ယောက်ယောက်က သူ့ရဲရင့်စိတ်တွေကို ဖြိုခွဲပစ်လိုက်ပြီနဲ့တူတယ်”
စကားပြောလာသောလူသည် နူးညံ့သိမ်မွေ့သော မျက်နှာရှိသော်လည်း သူ၏ မျက်လုံးများသည်မူ ဆိုးရွားစွာဖြင့် အေးစက်မှုများပြည့်နှက်နေသည်။ သူ့ကို တွေ့သည်နှင့် ဖုန်းချီ၏ အမူအရာက သိသိသာသာ သက်သာသွားသည်။
၎င်းသည် ဖုန်းမိသားစု၏ ဒုတိယသခင်ငယ်ဖြစ်ကာ အချစ်ဆုံးသားလည်းဖြစ်သည့် ဖုန်းချောင်စီဖြစ်သည်။
ဖုန်းချောင်ချုန်း၏ မျက်နှာသည် အနည်းငယ်အရုပ်ဆိုးသွား၏။
“မင်းက ဘာကို ဆိုလိုတာလဲ”
“ဘာမှမဟုတ်ပါဘူး မင်းအရမ်းကြောက်နေတယ်လို့ ထင်တာပဲ”
ဖုန်းချောင်ချုန်းက လက်ကို ဝှေ့ယမ်းလိုက်သည်။
“ချောင်စီ နင်ဘယ်လိုထင်လဲ”
ဖုန်းချောင်စီက ဂုဏ်ယူစွာပြုံးလိုက်သည်။
“ချင်းမိသားစုက အရမ်းအစွမ်းထက်တယ်လို့ ထင်တယ်၊ ဒါပေမယ့် သန်မာတဲ့နဂါးတစ်ကောင်က ဒေသခံမြွေကို မနှိမ်နင်းနိုင်ဘူး။ သူတို့ပြည်နယ်မြို့တော်တစ်ခုလုံးကို တစ်ချက်တည်းနဲ့မျိုချနိုင်မယ်လို့ ငါမထင်ဘူး”
ဤသို့ပြောကာ ဖုန်းချီ၏ အမူအရာသည်အလွန်စိတ်သက်သက်သာရာရလျက်ရှိသည်။
ဤသည်ကား သူ့အမြင်ဖြစ်၏။
ဖုန်းချောင်စီက ဆက်လက်၍ပြောသည်။
“ဒါ့အပြင် ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ့မှာ သံသယရှိတယ်။ လူတစ်ယောက်က ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ မိသားစုကြီးတစ်ခုကို နေ့ချင်းညချင်း မဖျက်ဆီးနိုင်လောက်ဘူးဆိုတာကိုတော့ မင်းနားလည်ထားရမယ်။ ဒါ့ကြောင့် နောက်ကွယ်မှာ တွန်းအားပေးနေတဲ့ အင်အားစုတွေရှိရမယ်”
လူအုပ်ကြီးက ခေါင်းညိတ်သဘောတူလိုက်သည်။
ဖုန်းချောင်ချုံးက ရယ်သာရယ်လိုက်သည်။
“ဘာရယ်တာလဲ” ဖုန်းချောင်စီက အထင်အမြင်သေးစွာဖြင့်ပြောသည်။
သူ၏အစ်ကိုဖြစ်သူကို ဖုန်းချောင်စီက မည်သည့်အချိန်ကမျှ အထင်ကြီးလေးစားမှုမရှိခဲ့ပေ။
“ဘာမှမဟုတ်ပါဘူး။ ရေတွင်းအောက်ခြေက ဖားလိုမျိုး အမြင်ကျဥ်းတဲ့လူတချို့ကို ရယ်လိုက်ရုံပါပဲ” ဖုန်းချောင်ချုန်းက အေးစက်စွာပြောသည်။
ဖုန်းချောင်စီ၏ မျက်နှာသည် တဖြည်းဖြည်း အေးစက်လာ၏။ ထိုအချိန်တွင် ဖုန်းချီက စိတ်မရှည်စွာဖြင့် ပြောလိုက်၏။
“မင်းပြောတာရပ်ပြီး ညီလေးပြောတာကို နားထောင်လိုက်ပါ”
“ဒါ့ကြောင့် ငါတို့ အခုတိတ်တိတ်နေပြီး ချင်းမိသားစုကို ဖိအားပေးဖို့ အခွင့်အရေးတွေ အနည်းဆုံး ရှာသင့်တယ်ထင်တယ်။ အနည်းဆုံးတော့ ငါတို့ ဖုန်းမိသားစုဟာ ဒီမြို့ကြီးရဲ့ ထက်ဝက်လောက်ကိုတော့ ပိုင်သင့်တယ်”
ဖုန်းချောင်ချုန်းသည် ဘေးသို့တိတ်ဆိတ်စွာကြည့်၍ အေးစက်သော မျက်လုံးဖြင့် အရာအားလုံးကို ကြည့်နေသည်။ ချမ်းသာသော မိသားစုများ၏ မောက်မာမှုကို ကျော်လွှားရန် မလွယ်ကူကြောင်း သူနားလည်ထားသည်။
သွေးကို မြင်ပြီးမှသာ ၎င်းတို့အားလုံး အရှုံးကို လက်ခံကြလိမ့်မည်ဖြစ်သည်။
ရွှယ်အန်းနှင့် ချင်းယွီတို့ကို မြင်သောအခါ ရှီဟောက်က ရိုသေလေးစားစွာ ဦးညွတ်လိုက်သည်။
“မစ္စတာရွှယ်နဲ့ မစ္စချင်းတို့ကို ကျွန်တော်တွေ့ဖူးပါတယ်”
“မင်းဘာလို့ ဒီရောက်လာတာလဲ”
ရွှယ်အန်းက ဤသို့ပြောလိုက်သောအခါ ရှီဟောက်၏ နှဖူးထက်တွင် ချွေးအနည်းငယ်ထွက်လာသည်။ ရွှယ်အန်းသည် မတ်တပ်ရပ်နေသော်လည်း သူထုတ်လွှတ်လိုက်သည့် ဖိအားများသည် ကြောက်မက်ဖွယ်ကောင်းလှသည်။
“ကျွန်တော်တို့ ရှီမိသားစုကို ကိုယ်စားပြုပြီး မစ္စတာရွှယ်နဲ့ ချင်းမိသားစုဆီ အညံ့ခံဖို့ ရောက်လာတာပါ”
“အိုး အညံ့ခံမယ်ဟုတ်လား” ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
“ဟုတ်ကဲ့ အညံ့ခံဖို့ပါ” ရှီဟောက်က စူးစိုက်ကြည့်၍ ပြောသည်။
“မင်း တော်တော် ဉာဏ်ကောင်းတာပဲ” ရွှယ်အန်းက ခေါင်းညိတ်ပြလိုက်၏။
ရှီဟောက်၏ မျက်နှာထက်တွင် ခါးသက်သော အပြုံးတစ်ခုရှိနေသည်။ အကြွင်းမဲ့စွမ်းအားနှင့် ရင်ဆိုင်ရပါက အစီအစဥ်များနှင့် လှည့်ကွက်များအားလုံးသည် အချည်းအနှီးမျှသာဖြစ်သည်။ အဖြစ်မှန်ကို အသိအမှတ်ပြုခြင်းဖြင့်သာ အသက်ရှည်ရန် မျှော်လင့်နိုင်မည်ဖြစ်သည်။
“ဒီနေ့ ဒီကို ပထမဆုံးလာတာ မင်းပဲ” ရွှယ်အန်းက ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ ရှီဟောက်သည် ခေါင်းပင် မထောင်ဝံ့ဘဲ ခေါင်းငုံ့၍ နားထောင်နေ၏။
“ပြီးတော့ တစ်ယောက်တည်းပဲ”
ရွှယ်အန်းက ခေတ္တရပ်၍ ဆက်ပြောသည်။
“အခြားထင်ရှားတဲ့ မိသားစုတွေအားလုံးမှာ သူတို့ ကိုယ်ပိုင် အတွေးတွေရှိပုံရတယ်”
ရှီဟောက်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ချွေးစီးများ တင်ကပ်လာသည်။ ရွှယ်အန်း၏ အရောင်အဝါကြောင့် တစ်ဝက် တစ်ဝက်မှာမူ စိတ်သက်သာရာရသွားခြင်းကြောင့်ဖြစ်သည်။ သူသာ ဤနေ့တွင် မလာခဲ့ပါက ရှီမိသားစု၏ အနာဂတ်က မည်သို့ဖြစ်လိမ့်မည်ကို စိတ်ကူးရန် ခက်ခဲပေလိမ့်မည်ဖြစ်သည်။
ရွှယ်အန်းက ချင်းယွီဘက်သို့လှည့်ကာ အပြုံဂမပျက်ဘဲပြောလိုက်သည်။
“ဒီည လီကျင်းဟိုတယ်မှာ ချင်းမိသားစုက ပွဲကျင်းပမယ့်အကြောင်း အကုန်လုံးကို အသိပေးလိုက်ပါ”
“ဟုတ်ကဲ့” ချင်းယွီက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
ရွှယ်အန်းသည် ပြတင်းတံခါးမှ ဖြတ်၍ တိုးတက်နေသော မြို့ကြီးကို လှမ်းကြည့်လိုက်ရာ သူ့နှုတ်ခမ်းဖျားများထက်တွင် အပြုံးတစ်ခု ထင်ဟပ်လာသည်။
သို့သော် သူ၏ မျက်လုံးများသည်မူ အေးစက်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေ၏။
အခန်း(၁၀၅) ချမ်းသာသော မိသားစုများ စုရုံးခြင်း
ချင်းမိသားစု၏ ပွဲကျင်းပမည့်သတင်းသည် ပြည်နယ်မြို့တော်တစ်ခုလုံးကို လှုပ်ခတ်သွားစေပြန်သည်။ ဖုန်းမိသားစုသည် ဖိတ်ကြားချက်ကို လက်ခံရရှိပြီးနောက် ၎င်းတို့သည် နောက်ထပ်သော အရေးပေါ်အစည်းအဝေးကိုပြုလုပ်ခဲ့ကြသည်။ အစည်းအဝေးအတွင်းတွင် ဖုန်းချောင်စီက ဂုဏ်ယူစွာဖြင့် ပြုံးပြလိုက်သည်။
“မင်းမြင်လား ချင်းမိသားစုတောင်မှ ဒီကိတ်မုန့်အကြီးကြီးကို သူတို့ဘာသာသူတို့ မမျိုချနိုင်ဘူးဆိုတာသိလို့ ငါတို့လိုဒေသခံအာဏာရမိသားစုတွေကို ခေါ်ခိုင်းလိုက်တာပဲ”
“ဒါ့ကြောင့် ဒီချင်းမိသားစုနဲ့ မစ္စတာရွှယ်တို့ကို ငါတို့ရဲ့ခွန်အားပြသဖို့အချိန်ကောင်းပဲလို့ ကျွန်တော်အဆိုပြုချင်ပါတယ်။ ရွှယ်အန်းက ကျွန်တော်တို့ရဲ့အစွမ်းအစကို သိပါတယ်” ဖုန်းချောင်စီက ပြောလိုက်သည်။
လူတိုင်းက ခေါင်းညိတ်သဘောတူလိုက်သောအခါ ဖုန်းချီသည် အလွန်ဂုဏ်ယူလျက် သူ့သားငယ်တွင် အမှန်ပင် အလားအလာကောင်းများရှိသည်ဟု ထင်မြင်သည်။ ဖုန်းချောင်ချုန်းသည် တစ်လျှောက်လုံးတိတ်ဆိတ်နေလျက် သူ့အကြည့်များ နက်မှောင်နေကာ ရင်များလည်း တဒိတ်ဒိတ်ခုန်နေသည်။
ဤပွဲသည် ထင်သလောက် ရိုးရှင်းနိုင်လိမ့်မည်မဟုတ်ကြောင်း သူယုံကြည်ထားသည်။
‘အဲ့လူကို တကယ်ပဲ ဒီဒေသခံတွေက ခြိမ်းခြောက်နိုင်မလား’
အင်အားကြီးမိသားစုတိုင်းနီးပါးတွင် အလားတူငြင်းခုံမှုများဖြစ်ပွားနေသည်။ ဤအချိန်တွင် ရှဲ့မိသားစုအငွေ့အသက်သည် အလွန်အမင်းတင်းမာလာသည်။ ရှီဟောက်၏ အဖေဖြစ်သည့် လက်ရှိ ရှီမိသားစုခေါင်းဆောင် ရှီတုန်သည် ကုလားထိုင်ပေါ်၌ မကျေနပ်သောအမျက်နှာထားမျိုးဖြင့်ထိုင်နေသည်။ ရှီမိသားစု၏ အခြားသြဇာကြီးသော မိသားစုဝင်အချို့သည်လည်း မကျေမနပ်ဖြစ်နေကြသည်။ ရှီဟောက်သည် စစ်ဆေးမေးမြန်းခံနေရသည့် ရာဇဝတ်ကောင်ကဲ့သို့ အမူအရာကင်းမဲ့နေကာ ၎င်းတို့အောက်တွင် ရပ်နေ၏။
“ရှီဟောက် ရှီမိသားစုကိုယ်စား ချင်းမိသားစုနဲ့ဆက်သွယ်ဖို့ ဘယ်သူက ခွင့်ပြုခဲ့တာလဲ” ရှီဟောက်၏ ဦးလေးဖြစ်သူတစ်ဦးသည် သူ့ကို စတင်ဆူပူခဲ့သည်။
“ဘယ်သူမှမပြုခဲ့ပါဘူး”
“ဟမ် ဒီလိုပြောရဲတယ်ဟုတ်လား မင်းရဲ့ အပြစ်ရဲ့အကျိုးဆက်ကိုနားလည်လား” ဦးလေးဖြစ်သူက ရယ်မောလိုက်သည်။
“သိပါတယ် ဒါပေမယ့် ရွေးချယ်စရာမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါက ကျွန်တော်တို့ ရှီမိသားစုရဲ့အသက်နဲ့သက်ဆိုင်လို့ပဲ”
“မင်းရဲ့လိမ္မာပါးနပ်တဲ့အကြောင်းပြချက်တွေကို ရပ်တန်းက ရပ်လိုက်ပါ။ ဒီချင်းမိသားစုနဲ့ မစ္စတာရွှယ်က လူတွေကို တကယ် လှည့်စားနိုင်တာပဲ ကြောက်စရာပဲ” ရှီဟောက်၏ ဦးလေးက ဒေါသအပြည့်ဖြင့်ပြောလိုက်သည်။
အမှန်ပင်၊ ယခု ရှဲ့မိသားစုမှ ကျန်ရစ်ခဲ့သော ကိတ်မုန့်ကြီးတစ်လုံးကြောင့် လူအများ မည်မျှ ချွေးထွက်နေကြသည်ကို မည်သူသိနိုင်မည်နည်း။ ယခုမူ လူတိုင်း၏ စိတ်ပျက်စဖွယ်အဖြစ် ရှီမိသားစုသည် ၎င်းတို့ကို ကျောထောက်နောက်ခံပြုရာတွင် ဦးဆောင်နေခဲ့သည်။ ဤအချိန်တွင် ရှီဟောက်၏ အမူအရာသည် လုံးဝမှောင်မိုက်လာ၏။
“ဦးလေး၂ ယုံယုံမယုံယုံ ကျွန်တော်ပြောနိုင်တာကတော့ မစ္စတာရွှယ်ရဲ့ တတ်နိုင်စွမ်းတွေကို ဦးလေး ခန့်မှန်းလို့တောင်ရမှာမဟုတ်ဘူး”
ရှီဟောက်၏ ဒုတိယဦးလေးဖြစ်သူက လှောင်ရယ်လိုက်သည်။
“သူ့မှာ ဘာအရည်အချင်းရှိလဲ၊ ခေါင်းသုံးလုံးနဲ့ လက်ခြောက်ချောင်းပါလား။ ငါကို မဖြစ်နိုင်တာတွေ…”
ထိုအချိန်တွင် ရှီတုန်က လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
“လုံလောက်ပြီ ထပ်မပြောနဲ့တော့”
ရှီဟောက်၏ ဦးလေးဖြစ်သူသည် ရှုံ့မဲ့လျက် ဆုတ်သွားသည်။
ထို့နောက် ရှီတုန်သည် ရှီဟောက်ကို ကြည့်၍ ပြောလိုက်၏။
“မင်း အရမ်းကိုယ့်ကိုယ်ကိုယ်ယုံကြည်နေတာဆိုတော့ ကောင်းပြီ ငါတို့ ရှီမိသားစုက ဒီညပွဲမှာ ကြားနေပဲလုပ်မယ်။ ဒီမစ္စတာရွှယ်ဆိုတဲ့လူက ဘယ်လိုလူလဲဆိုတာကို ငါကိုယ်တိုင်ကြည့်ချင်တယ်”
ရှီဟောက်က ဦးညွတ်လိုက်သည်။
“ကျေးဇူးတင်ပါတယ် ဖေဖေ”
“ဒါပေမယ့် မင်းပြောထားသလို မဟုတ်ရင်တော့….”
“အပြစ်ဒဏ်ကို ကျေကျေနပ်နပ်ကြီး လက်ခံပါတယ်” ရှီဟောက်က တည်ငြိမ်စွာကြည့်၍ ပြောလိုက်သည်။ ညဦးပိုင်းမှစ၍ လီကျင်းဟိုတယ်အဝင်ဝတွင် ဇိမ်ခံကားစီရေများစွာ ရပ်တန့်လျက်ရှိသည်။ ပြည်နယ်မြို့တော်ရှိ လူချမ်းသာ မိသားစုအားလုံးနီးပါး ရောက်လာခဲ့ကြသည်။ ထို့အပြင် အမွေဆက်ခံသူအများအပြားသည်လည်း စိတ်လှုပ်ရှားစွာဖြင့် တက်ရောက်လာကြ၏။ ပြောင်လက်တောက်ပစွာဝတ်စားဆင်ယင်ထားကြသည့် လူငယ်များသည် အဖွဲ့ငယ်များစုဝေး၍ ပျော်ရွှင်စွာ စကားစမြည်ပြောဆိုနေကြသည်။ သူတို့အတွက်မူ ဤသည်မှာ ရှားပါးသော ကောင်းမွန်သည့် စုဝေးတွေ့ဆုံမှုတစ်ခုဖြစ်သည်။ ရှဲ့မိသားစုပျောက်ကွယ်သွားမှုကိုမူ ၎င်းတို့ဂရုမစိုက်ကြပေ။
‘ဘယ်သူသေသေ ငါတို့အကျိုးအမြတ်ရနေသရွေ့ အရာအားလုံးကို ညှိနှိုင်းလို့ရတယ်’
ထိုချမ်းသာသော မိသားစုကြီးများ၏ အကြီးအကဲများသည် ယနေ့ညပွဲသို့ ၎င်းတို့ ကိုယ်ပိုင်အဖွဲ့အစုများစုစည်းလျက် ဆွေးနွေးနေကြသည်။
“ချင်းမိသားစုက ငါတို့အားလုံးကို ဒီကိုခေါ်လာတယ်ဆိုတော့ မင်းတို့ ဘယ်လိုထင်ကြလဲ” ဆံပင်ဖြူဖွေးလျက် ကျော့ရှင်းသော ဝတ်စုံဝတ်ထားသည့် အဘိုးအိုကပြောသည်။
“ဆရာကြီးဝမ် ချင်းမိသားစုက ကျုပ်တို့ကို အနိုင်ယူဖို့စီစဥ်နေတယ်ထင်တယ်။ ဒါပေမယ့် လူသစ်တွေအနေနဲ့ ကျုပ်တို့ ထောက်ပံ့မှုမပါဘဲ ပြည်နယ်မြို့တော်မှာ အခြေချနေထိုင်နိုင်မှာမဟုတ်ဘူး” အသက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးက ပြောလိုက်သည်။
လူအုပ်က ခေါင်းညိတ်လိုက်သည်။
“ရှဲ့မိသားစုရဲ့ အနှစ်နှစ်အလလဆောက်တည်ထားတာတွေအကုန် ညတွင်းချင်းပျောက်ကွယ်သွားလိမ့်မယ်လို့ တကယ့်ကို မမျှော်လင့်ထားဘူး” အဘိုးအိုးက ဟန်ဆောင်မှုကင်းစွာပြောလိုက်သည်။
သို့သော် ရှဲ့မိသားစုက ကျန်းရှိခဲ့သော အိမ်ခြံမြေများအကြောင်းပြောသောအခါ သူ၏ မျက်လုံးများသည် လောဘများဖြင့် တောက်ပနေ၏။ အရာအားလုံးသည် ၎င်းတို့ အကျိုးစီးပွားဖြစ်ရန်သာဖြစ်သည်။ ထိုအချိန်တွင် အပြင်ဘက်၌ ရုန်းရှင်းဆန်ခတ်ဖြစ်လျက် တစ်စုံတစ်ဦးမှ အော်သံများထွက်ပေါ်လာသည်။
“ဒါက ဖုန်းမိသားစုပဲ ဘာလို့ လူတွေအများကြီး ခေါ်လာတာလဲ”
ထိုအခိုက်အတန့်တွင် ဖုန်းမိသားစုသည် အဖွဲ့ဝင်ဒါဇင်ပေါင်းများစွာဖြင့် ရောက်ရှိလာသည်။ ထို့အပြင် ဖုန်းမိသားစုခေါင်းဆောင်သည် သြဇာကြီးမားသော ပုဂ္ဂိုလ်အများအပြားနှင့်အတူ အခမ်းအနားသို့တက်ရောက်လာကြသည်။ ဤအချိန်တွင် အဆင့်အတန်းချင်းကွာဟချက်သည် ပို၍ ထင်ရှားလာသည်။ သေးငယ်သော မိသားစုများစွာသည် ကမန်းကတန်း လမ်းဖယ်ပေးလိုက်ကြသည်။ ဖုန်းချီက ထပ်ဆုံးမှ ဦးဆောင်လာ၏။ သူ့နောက်တွင်လိုက်ပါလာသူမှာ မောက်မာသော မျက်နှာထားဖြင့် ဖုန်းချောင်စီဖြစ်သည်။ ထို့နောက် ဖုန်းမိသားစုမှ ဖိတ်ကြားထားသော အရေးကြီးပုဂ္ဂိုလ်များစွာလည်းပါလာသည်။ ဖုန်းချောင်ချုန်းသာလျှင် နောက်ဆုံးမှ လိုက်ပါလာ၏။
ယခုအချိန်တွင် သူသည် မိသားစု၏ ရယ်မောဖွယ်ဖြစ်လာသည်။ မည်သူကမျှ သူ့ကို ဒုတိယတစ်ကြိမ် ထပ်မကြည့်ကြပေ။ ဖုန်းချီနှင့် အခြားသူများအားလုံး ထိုင်ခုံတွင်နေရာယူလိုက်သောအခါ ခန်းမတွင်းရှိ လေထုသည် ပူပြင်းလာသည်။ လူများစွာသည် တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောလျက်ရှိကြသည်။
“ဖုန်းမိသားစုက ဒီလိုမျိုး ကြီးကြီးကျယ်ကျယ်ခမ်းခမ်းနားနားရောက်လာတာဆိုတော့ ကောင်းတဲ့ရည်ရွယ်ချက်နဲ့တော့မဟုတ်လောက်ဘူး”
“ငတုံးတစ်ယောက်တောင် ဒါကို ခန့်မှန်းလို့ရတယ်မလား။ ဖုန်းမိသားစုက ရှဲ့မိသားစုပြီးရင် ဒုတိယပဲ။ ရှဲ့မိသားစုပြိုလဲကျသွားတာနဲ့ ဒီရှားပါးအခွင့်အရေးကို သူတို့ ဘယ်လို ကျော်ဖြတ်နိုင်မှာလဲ”
“အခု ဒီချင်းမိသားစုက ဘယ်လောက် စွမ်းအားကြီးနေပါစေ မြစ်ကိုဖြတ်ဖို့ နဂါးတစ်ကောင်ပဲရှိလိမ့်မယ်။ ဒီတစ်ခေါက်တော့ တော်တော် သွေးထွက်တော့မှာသေချာတယ်”
ဤညည်းညူသံများကြားတွင် ဖုန်းချီသည် စိတ်မကြည်မလင်ဖြစ်နေပုံရကာ ခန်းမအတွင်းရှိလူများကို လှည့်ပတ်ကြည့်လိုက်သည်။
ဟမ်
ဘာလို့ ရှီမိသားစုက မရောက်သေးတာလဲ။
သူအံ့သြနေစဥ်၌ပင် ရှီတုန်သည် သူ၏ အဖော်များနှင့်အတူ ရောက်ရှိလာ၏။ ဖုန်းမိသားစု၏ ဂုဏ်ကျက်သရေနှင့်နှိုင်းယှဥ်လျှင် ရှီမိသားစုသည် ပို၍နှိမ့်ချပြုမူထားသည်။ ဖုန်းနှင့် ရှီမိသားစုများကြား ကာလကြာရှည်စွာ တည်မြဲနေသည့် ရန်လိုမုန်းတီးမှုများကြောင့် ၎င်းတို့၏ တွေ့ဆုံမှုတွင် ဒေါသအငွေ့အသက်များ ကိန်းအောင်းနေ၏။
ရှီတုန်သည် အမူအရာကင်းမဲ့စွာဖြင့် သူ့လူများကို အဝေးတွင် ထိုင်စေလိုက်သည်။ ဤသို့ဖြင့် ကျုံးတုမြို့ရှိ အာဏာရမိသားစုကြီးများနှင့် လက်ရွေးစင်များအားလုံးနီးပါး ရောက်လာကြသည်။ လူတိုင်းသည် စောင့်ဆိုင်းနေ၏။ ချင်းမိသားစုက မည်သို့သောအခြေအနေမျိုးတွင် ကြုံလာမည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။ ချင်းယွီသည် အပေါ်ထပ်မှ ထိတ်လန့်တကြားကြည့်နေကြ၏။ ဤသည်က သူမကိုယ်တိုင် ခေါင်းဆောင်ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူမသည် ချင်းယွမ်ကို ဖုန်းဆက်ခဲ့သော်လည်း ဤကိစ္စကို သူမ၏လက်ထဲသို့ အပြည့်အဝ အပ်နှံထားသည်ဟုသာပြောခဲ့သဖြင့် ချင်းယွီသည် သူမ၏ ပခုံးထက်မှ တာဝန်ဝတ္တရားများကို ခံစားလာရသည်။ ထိုအချိန်တွင် ရွှယ်အန်းက ရုတ်တရက် ပြုံးလိုက်သည်။
“မစ္စတာရွှယ် ဘာရယ်နေတာလဲ” ချင်းယွီကမေးသည်။
“ငါတို့ ဒီလူတွေအကုန်လုံးကိုသတ်လိုက်ရင် ကျုံးတုမှာ ဘာဖြစ်သွားမယ်ထင်လဲ”
ရွှယ်အန်း၏ အကြံပြုချက်သည် ချင်းယွီကို ကျောရိုးတစ်လျှောက် အေးစိမ့်သွားစေသည်။
အကယ်၍ ဤနေရာတွင် လူများစွာသေဆုံးသွားပါက ကျုံးတုမြို့တစ်ခုလုံး ကမောက်ကမဖြစ်သွားလိမ့်မည်မှာ သေချာ၏။ ချင်းယွီ၏ ထိတ်လန့်တုန်လှုပ်နေသော အမူအရာကို မြင်လိုက်ရသောအခါ ရွှယ်အန်းက ခပ်ပါးပါးပြုံးလိုက်သည်။
“နောက်တာပါ ငါအဲ့လောက် ရူးမနေပါဘူး”
သို့သော် ချင်းယွီသည်မူ အနည်းငယ်စိုးရိမ်ထိတ်လန့်နေသေးသည်။ ရွှယ်အန်း၏မျက်လုံးထဲတွင် လက်ရွေးစင်များနှင့် အထက်တန်းများဟုခေါ်သော ဤလူများသည် ဝက်များထက် အနည်းငယ်မျှသာ သာလွန်ကြောင်း သူမသိထားသည်။
“သွားပါ အခု စင်ပေါ်ကို မင်းတက်ရမယ့်အလှည့်ရောက်ပြီ” ရွှယ်အန်းက အေးဆေးတည်ငြိမ်စွာပြောလိုက်သည်။
ချင်းယွီသည် စိတ်တည်ငြိမ်မှုရရှိစေရန် နှုတ်ခမ်းကို ကိုက်လိုက်ပြီးနောက် အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ခန်းမတွင်း၌ သူမပေါ်လာသောအခါ တစ်ပြိုင်နက်တည်း တစ်ခန်းလုံးတိတ်ဆိတ်သွားသည်။ လူများစွာသည် ချင်းယွီကို စူးစူးစိုက်စိုက်ကြည့်နေကြသည်။ တဖြည်းဖြည်းနှင့် ဤအကြည့်များသည် အထင်သေးမှုများ ရောယှဥ်လာ၏။
‘ဆိုတော့ ချင်းမိသားစုက ဒီကလေးမလေးကို ပို့လိုက်တာလား’
ဤအခိုက်အတန့်တွင် ဖုန်းချောင်စီသည် မထီမဲ့မြင်ပြု၍လှောင်ပြောင်ကာ ချင်းယွီကို တက်မက်သောမျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
‘သူကတော်တော်ကြည့်ကောင်းတာပဲ’
‘စေ့စပ်ညှိနှိုင်းမှုပြီးသွားရင်တော့ သူနဲ့ဆက်သွယ်ဖို့ အခွင့်အရေးတစ်ခုခုရှာရမှာပေါ့’
ဖုန်းချောင်စီက စိတ်ထဲမှတွေးလိုက်သည်။