← Chapters

နတ်သံစဉ်များကခုန်ခြင်း

Vol. 143 Ch. 2040

နတ်သံစဉ်များကခုန်ခြင်း

Vol. 143 Ch. 2040

တိုက်ပွဲစင်မြင့်ထက်တွင် ရပ်နေရင်း ရီဖူရှင်းသည် သူ့ခန္ဓာကိုယ်မှ မဟာလမ်းစဉ်စွမ်းအားများ ဖိနှိပ်ခံနေရသည်ကို ခံစားမိ၏။

ထိုတီးလုံးများသည် ရီဖူရှင်း တည်ရှိရာ ပုံရိပ်ယောင်ကမ္ဘာနှင့် ရောယှက်နေ၏။ ၎င်းတို့ကား မှော်ဂီတကမ္ဘာနှင့် ထိုက်ဟွာတေးသွားမှ ဖြစ်တည်လာသော မဟာလမ်းစဉ်ပိုင်နက်တို့ ဖြစ်ကြ၏။

ရီဖူရှင်း၏စိတ်ကား တေးသွားများ၏ရိုက်ခတ်ခြင်းကို အဆက်မပြတ် ခံနေရသည်။ သူ၏စိတ်စွမ်းအား သန်မာခြင်းကြောင့်သာ မဟုတ်လျှင် သူကား ဒဏ်ရာပြင်းထန်စွာ ရရှိပြီး ဖြစ်လိမ့်မည်။

ရီဖူရှင်း၏ခန္ဓာကိုယ်မှ အစိမ်းရောင်နတ်အလင်းများ ထွက်ပေါ်လာ၏။ နတ်အလင်းသည် မဟာလမ်းစဉ်စွမ်းအားများ ပါဝင်ဟန်မတူသော်လည်း ထူးခြားဆန်းကြယ်သော အသက်ဓာတ်များ ပိုင်ဆိုင်၏။ ထိုအငွေ့အသက်တို့ဖြင့် ရီဖူရှင်းသည် အသက်ဓာတ်ကြွယ်ဝကာ သန်မာလွန်းသော ခံစားချက်ကို ပေးနေသည်။ သူသည်ကား သတ်ဖြတ်မရနိုင်သော အင်မော်တယ်တစ်ပါးအလား ထင်မှတ်ရ၏။

ထိုနတ်အလင်းမှ အသက်ဓာတ်များသည် ရီဖူရှင်း၏ရုပ်နှင့်စိတ်ကို ပိုမိုသန်မာအောင် ဖွဲ့စည်းပေး၏။ တုန်းဟွာနန်းတော်မှ လူအများအပြားမှာ ၎င်း၏အစွမ်းကို အံ့အားသင့်ကြရ၏။ အသက်ဓာတ်လမ်းစဉ်က ရီဖူရှင်းအား ပိုမိုသန်မာစေသည်လား။

အသက်ဓာတ်ဟူသည်ကား အရာခပ်သိမ်း၏ထောက်တိုင် ဖြစ်သည်။ ၎င်းသည် အလွန်အသုံးဝင်ဟန်မတူသော်လည်း အရာခပ်သိမ်း၏ရင်းမြစ် ဖြစ်၏။ အသက်ဓာတ်ကြွယ်ဝသူများသည် တခြားလမ်းစဉ်များကို ကျင့်ကြံရာ၌ ပိုမိုလွယ်ကူ၏။ သူတို့တွင် ပိုမိုသော အားအင်နှင့် စိတ်စွမ်းအားများ ပိုင်ဆိုင်ပြီး ၎င်းသည် ပြိုင်ဘက်များထက် ကျင့်ကြံရာတွင် တစ်ပန်းသာပေသည်။

အသက်ဓာတ်များ သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားလျှင် ရီဖူရှင်းသည် ပိုမို၍ သက်တောင့်သက်သာ ဖြစ်လာ၏။ သူ၏သွေးလည်ပတ်မှုနှင့် စိတ်စွမ်းအားများမှာ ပုံမှန် အနေအထားသို့ ဖြစ်လာသည်။

“ထင်ထားတဲ့အတိုင်းပဲ။ သူ့ကို အနိုင်ယူဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး” မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က ရယ်မောလိုက်၏။ အကြောင်းပြချက်တချို့ကြောင့် သူသည် ရီဖူရှင်းအပေါ် ယုံကြည်နေသည်။

“နတ်သစ်ပင်…” ဆေးအင်ပါယာက ရီဖူရှင်းအား ကြည့်သည်။ ရီဖူရှင်းသည် အရှေ့နတ်ဘုရားကျွန်းစု၌ နတ်သစ်ပင်ကို ဝါးမျိုခဲ့ရာ သူ့အား အလွန်အားကောင်းသော စွမ်းအားများ ပိုင်ဆိုင်စေခဲ့၏။ ကျင့်ကြံခြင်းအဆင့်တူအတွင်း၌ ရီဖူရှင်းအား အနိုင်ယူရန်မှာ အလွန်ခက်ခဲသည်။ ထို့အပြင် ကြွယ်ဝသော အသက်ဓာတ်များက သူ့အား ထိုက်ဟွာနတ်တေးသွားကို ကူညီတားဆီးပေးသည်။

မည်သို့ဆိုစေ ရီဖူရှင်းက ပြန်လည်တိုက်ခိုက်ရန် ခက်ခဲပေလိမ့်မည်။

ထိုအခိုက်တွင် ရီဖူရှင်းက ထိုင်ချလိုက်၏။ သူ့ရှေ့တွင် မဟာလမ်းစဉ်စွမ်းအားများမှ ကု့ချင်းတစ်လက်အသွင် ဖြစ်တည်လာခဲ့သည်။ ပရိတ်သတ်များကား မင်တက်သွားသည်။ သူ ဘာလုပ်လိုသနည်း။

သည်အကောင်… ရူးသွားပြီလား။ ပရိသတ်များအားလုံးက ထိုသို့ တွေးလိုက်ကြသည်။ သူတို့အားလုံးက ထိုက်ဟွာနတ်မိမယ်ရှေ့တွင် ကု့ချင်းတီးခတ်ရန် ကြံရွယ်နေသော သူ့အား ကြည့်နေကြ၏။ ရီဖူရှင်းက ထိုက်ဟွာနတ်တေးသွားကို မှော်ဂီတပညာဖြင့်ပင် ပြန်လည် တိုက်ခိုက်လိုနေသည်လား။

ရီဖူရှင်း၏ရူးသွပ်ဖွယ်ပါရမီကို မည်သူမှ သံသယ မဝင်သော်လည်း သူ၏မောက်မာမှုကိုတော့ အံ့အားသင့်ကြရ၏။ ရီဖူရှင်းသည် ဂီတပညာကို သိနားလည်သည့်တိုင်အောင် သူရင်ဆိုင်ရမည့်လူကား ထိုက်ဟွာနတ်မိမယ် ဖြစ်၏။

သာမန်လူများ မဆိုထားနှင့်၊ ထိပ်သီးအင်အားစုများပင် တအံ့တဩ ဖြစ်ကြရ၏။ ရီဖူရှင်း ဘာဖြစ်ချင်သည်ကို သူတို့ သိပ်နားမလည်ကြတော့။

“သူက အတော်လွန်သွားပြီ” ရှေးဟောင်းတော်ဝင်ယန်မိသားစုမှ တန်ခိုးရှင် တချို့က လှောင်ပြောင်ကြသည်။ ရီဖူရှင်းကား ထိုက်ဟွာနတ်မိမယ်ရှေ့တွင် အရှက်တကွဲ ဖြစ်လိုဟန်ရသည်။

“တုန်းဟွာကျောင်းတော်မှာတုန်းက သူ့ရဲ့ကု့ချင်းဝိညာဉ်ကို ထုတ်ဖော်ဖူးတယ် မလား” ကျန်းယွဲ့လီက မေးသည်။ ချင်းချင်းက ခေါင်းညိတ်သည် “ဟုတ်တယ်။ အဲဒါက သူ့ဓားပညာလိုပဲ အရမ်းကောင်းတယ်”

သို့တိုင်အောင် မည်သူမှ ရီဖူရှင်း အနိုင်ရမည်ဟု မမျှော်လင့်ကြပေ။ သူ့ပြိုင်ဘက်ကား မှော်ဂီတပညာတွင် ပြိုင်စံရှားသူတစ်ဦး ဖြစ်သည်။

တုန်းဟွာနန်းတော်တွင် ထိုင်နေကြသော အကြီးအကဲများကလည်း အနည်းငယ် အံ့အားသင့်သွားကြသည်။ ခေါင်းဆောင်နင်က ပြုံးလျှက် ပြောသည် “သူ ဘာလုပ်ချင်တာလဲ”

“ထိုက်ဟွာတေးသွားကို ဂီတပညာနဲ့ ပြန်ရင်ဆိုင်မယ်တဲ့။ အတော် စိတ်ကူးကောင်းတာပဲ” လင်းရှောင်နန်းတော်သခင်က သရော်လိုက်သည်။

“တစ်ချက်ကြည့်ရအောင်… ကောင်လေးက ကု့ချင်းကိုလည်း ကောင်းကောင်းကျွင်းကျင်ပုံရတယ်” ထိုက်ဟွာကောင်းကင်အရှင်က ပြောသည်။ တခြားလူများကလည်း ခေါင်းညိတ်ကာ တိုက်ပွဲစင်မြင့်ကို ငြိမ်သက်စွာ ကြည့်လိုက်ကြသည်။

ထိုင်နေရင်းဖြင့်ပင် ရီဖူရှင်းက ကြိုးများကို စတင်ထိခတ်လိုက်လျှင် တေးသွားများ ကု့ချင်းထံမှ ပျံ့လွင့်လာ၏။ တီးလုံးများသည် သီးခြားဆန်ကာ ထိုက်ဟွာနတ်တေးသွား၏လွှမ်းမိုးခြင်း ခံရဟန် မရှိပေ။

ရီဖူရှင်းသည် တီးလုံးများကို ငြိမ်သက်စွာ တီးခတ်နေ၏။ ထိုက်ဟွာနတ်တေးသွားက သူ့အား အဆက်မပြတ် တိုက်ခိုက်နေသော်လည်း သူသည် မည်သို့မှ သက်ရောက်ခံရဟန် မရှိပေ။ သူက ငြိမ်သက်စွာပင် သူ၏တေးသွားကို တီးခတ်ကာ သူ့လောကကို ပန်းချီခြယ်သနေသည်။

အဆုံးမဲ့သော ဓားစွမ်းအားများက သူ့ခန္ဓာကိုယ်ကို လှည့်ပတ်၏။ ဓားစွမ်းအားများ ထွက်ပေါ်လာခြင်းများနှင့်အတူ တေးသွားများသည်လည်း ပိုမို၍ ကြွတက်လာသည်ဟု ခံစားရသည်။

ပရိသတ်များသည် တေးသွားမှ ဝမ်းနည်းပူဆွေးသော အငွေ့အသက်အား ခံစားလာကြရသည်။

“ဟမ်…” လူအများ၏မျက်နှာတွင် ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာ၏။ သူတို့က ရီဖူရှင်း၏တေးသွားကို ပိုမိုကြည်လင်ပြတ်သားစွာ ကြားလာရသည်။ ထို့အပြင် သူ၏တေးသွားသည် ထိုက်ဟွာနတ်တေးသွားနှင့် ကွဲပြားခြားနားသော ပုံစံဖြင့် အားကောင်းလာခြင်းဖြစ်သည်။

တီးလုံးတစ်လုံးချင်းစီက သူတို့၏နားထဲကို ဝင်လာကာ ဆွေးမြေ့သော ခံစားချက်များကို ဖြစ်ပေါ်စေပြီး အဆုံးမဲ့သော နောင်တ,တရားတို့ကို လှုပ်နှိုးသည်။

မဟာလမ်းစဉ်သည် ရုန့်ရမ်းကြမ်းတမ်းစွာ စီးဆင်းပြီး ဓားစွမ်းအားများသည် မိုးယံသို့အထိ ထိုးတက်ကာ ကြောက်မက်ဖွယ် လမ်းစဉ်ဓားတစ်လက်အသွင်သို့ ဖြစ်ပေါ်စေ၏။

ထိုက်ဟွာနတ်မိမယ်က ရီဖူရှင်းအား လှပသော မျက်လုံးများဖြင့် ကြည့်သည်။ သူ၏မျက်နှာက ပိုမို၍ လေးနက်တည်ကြည်လာ၏။ ထိုက်ဟွာနတ်တေးသွားသည် ပို၍ ကြမ်းတမ်းကာ ပြင်းထန်စွာဖြင့် ရီဖူရှင်းကို တိုက်ခိုက်သည်။ သို့သော်လည်း ရီဖူရှင်း၏တေးသွားမှာလည်း အကြမ်းပတမ်းဟန်ပင်ဖြင့် မောက်မာသော အငွေ့အသက်များ ရှိနေသည်။ ၎င်းသည် မိုးသို့ထိုးဖောက်တော့မည့် အလားသဏ္ဍာန်နှင့် တူ၏။ မဟာလမ်းစဉ်သည် မာန်ဖီကာ တေးသွားသည် စူးရှစွာဖြင့် တစ်စုံတစ်ယောက်၏အတွင်းစိတ်ဝိညာဉ်သို့အထိ ထွင်းဖောက်နိုင်စွမ်း၏။

ဘန်း…

ကွဲပြားသော အသံလှိုင်းနှစ်ခု ရင်ဆိုင်လျှင် ပြင်းထန်သော လှိုင်းများသည် ပတ်ဝန်းကျင်သို့ ရိုက်ခတ်သွား၏။ ထိုနေရာကို ဖိနှိပ်ထားသော နတ်တောင်ကုန်းပုံရိပ်များသည်လည်း ပြိုပျက်ကြသည်။

ဟူး…

လေပြင်းများသည် ရီဖူရှင်း၏ဘော်ငွေရောင် ဆံပင်များကို တိုက်ခတ်သွား၏။ မဟာလမ်းစဉ်အားလှိုင်းများသည် နတ်တောင်ကုန်းများဆီကို အဆက်မပြတ် တိုးဝင်သွားကြသည်။ တေးသွားနှစ်ခုသည် အချင်းချင်း ရင်ဆိုင်ကြ၏။

ဘန်း…

တိုက်ပွဲစင်မြင့်သည် ပြင်းထန်စွာ လှုပ်ယမ်းသည်။ ထိုက်ဟွာနတ်မိမယ်က ကြိုးများကို အားကုန် တီးခတ်သည်။ အလျင်မပြတ်သော တီးလုံးများထွက်ပေါ်လာကာ လောကကို တုန်ခါစေ၏။ မရေမတွက်နိုင်သော နတ်တောင်ကုန်းများသည် ကောင်းကင်မှ ကျဆင်းလာကာ တစ်ဘက်လူ၏စိတ်ဝိညာဉ်ကို ဖိနှိပ်သည်။

ရီဖူရှင်းကလည်း ကြိုးများကို ထိခတ်လိုက်သည်။ မဟာလမ်းစဉ်သည် နောက်ပြန်စီးကာ လှိုင်းများကို တန်ပြန်စေသည်။ ဓားမြစ်ရေပြင်တစ်ခုသည် လေထဲဖြစ်ပေါ်လာကာ အရာခပ်သိမ်းအား ဖျက်ဆီးသွား၏။

ဖျက်ဆီးအားနှစ်ခုသည် အချင်းချင်း ရင်ဆိုင်ကြ၏။ ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ လေထုသည် ပြိုကွဲတော့မည့်အလား ထင်မှတ်လာရ၏။ မဟာလမ်းစဉ်သည်ပင် မငြိမ်မသက် ဖြစ်လာသည်။

တုန်းဟွာနန်းတော်ထဲတွင် ထိုင်နေသော အကြီးအကဲများအားလုံးက စင်မြင့်ထက်ကို လေးနက်သော အမူအရာများဖြင့် ကြည့်နေကြသည်။ ထိုက်ဟွာကောင်းကင်အရှင်က ရီဖူရှင်းကို ကြည့်ကာ ရေရွက်သည် “နတ်ဘုရားတို့ပူဆွေးခြင်းတေးသွား… ပျောက်ဆုံးနေတဲ့ နတ်တေးသွား…”

“အံ့အားသင့်စရာပဲ…” မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က ပြောသည် “ဒါက နတ်တေးသွားတို့ အားပြိုင်တာ ဖြစ်လာမယ်လို့ မထင်ထားဘူး”

အင်ပါယာယန်နှင့် လင်းရှောင်နန်းတော်သခင်တို့သည်ပင် မထင်ထားသော အခြေအနေကြောင့် အံ့အားသင့်နေကြသည်။ ရီဖူရှင်းက နတ်တေးသွားတစ်ခုကို တီးခတ်နိုင်စွမ်းရှိမည်ဟု သူတို့ မထင်ထားကြပေ။

“တကယ် အံ့အားသင့်စရာပဲ။ နတ်ဘုရားတို့ပူဆွေးခြင်းတေးသွားက ကောင်းကင်ဒေသမှာ ပျောက်ဆုံးနေခဲ့တာ နှစ်ပေါင်းများစွာကြာပြီမလား” ခေါင်းဆောင်နင်က မေးသည်။

ထိပ်သီးအင်အားစုများမှ တန်ခိုးရှင်များအားလုံးမှာလည်း တအံ့တဩ ဖြစ်နေကြ၏။

“ဒါက နတ်ဘုရားတို့ပူဆွေးခြင်းတေးသွားလား” သူတို့က တုန်းဟွာနန်းတော်တွင်းမှ ပြောစကားတချို့ကို ကြားမိကာ ရီဖူရှင်းအား လှမ်းကြည့်ကြသည်။ ရီဖူရှင်းက အမှန်တကယ် လွန်ကဲစွာ ပြုမူမိသည်လား။

သူသည် ဂီတပညာကို အသုံးပြု၍ ထိုက်ဟွာနတ်မိမယ်၏နတ်တေးသွားကို ရင်ဆိုင်သည်။ သူက နောက်ထပ် နတ်တေးသွားတစ်ပုဒ်ကို တီးခတ်ခဲ့၏။

ပရိသတ်များအားလုံး စိတ်လှုပ်ရှားသွားကြသည်။ မရေမတွက်နိုင်သောလူများက တီးတိုးပြောဆိုဆွေးနွေးကြ၏။

“ဒါက ကောင်းကင်တေးသွားဆယ်ပုဒ်ထဲက နတ်ဘုရားတို့ပူဆွေးခြင်းတေးသွားပဲ။ ဒီနေ့ နတ်တေးသွားနှစ်ခု ရင်ဆိုင်တွေ့တာပဲ”

“ဓားအင်ပါယာရီလျှို့နျန်…”

လူတိုင်းက တုန်းဟွာဧည့်ခံပွဲတွင် သူ၏စွမ်းဆောင်ရည်ကို မြင်တွေ့ကြသည်။ သို့သော်လည်း ဤမျှအထိ ထူးခြားအံ့ဖွယ်ကောင်းနေမည်ဟု မထင်ထားကြ။

ရီဖူရှင်းသည် တုန်းဟွာမိတ်ဆုံပွဲတွင် လူတိုင်း၏စိတ်ကို တစ်ကြိမ်ပြီး တစ်ကြိမ် အံ့အားသင့်တုန်လှုပ်စေခဲ့သည်။

ယခင်တိုက်ပွဲများနှင့် မတူ၊ တမူထူးကဲစွာ သူသည် ထိုက်ဟွာနတ်မိမယ်နှင့် နတ်တေးသွားချင်း ယှဉ်ပြိုင်တိုက်ခိုက်နေသည်။

“အရမ်းစွမ်းအားကြီးတာပဲ” လူအများက ရီဖူရှင်းအား အထင်ကြီးစွာ ကြည့်ကြသည်။ သည်လူကား ပြီးပြည့်စုံကား ပြိုင်စံရှားသည်။ သူ မလုပ်နိုင်သောအရာ မရှိသည့်ပုံပင်။

စွမ်းအားနှစ်ခုသည် ပြင်းထန်စွာ ယှဉ်ပြိုင်နေကြဆဲဖြစ်သည်။ မကြာခင် မဟာလမ်းစဉ်စွမ်းအားများသည် မတည်မငြိမ် ဖြစ်လာကာ စင်မြင့်သည် ပြင်းထန်စွာ တုန်ခါလာ၏။ သို့တိုင်အောင် တေးသွားနှစ်ခုသည် သီးခြားပုံစံဖြင့် တည်ရှိနေသည်။ ထိုက်ဟွာနတ်တေးသွားသည် အရှိန်အဟုန်ကြီးစွာဖြင့် ဖိနှိပ်သလို နတ်ဘုရားတို့ပူဆွေးခြင်းတေးသွားသည်လည်း အဆုံးမဲ့သော နောင်တနှင့် ဆွေးမြေ့ခြင်းခံစားချက်များကို ပေးနေသည်။

ဘန်း…

တေးသွားများ ရုတ်တရက် ရပ်တန့်သွားသည်။ ထိုက်ဟွာနတ်မိမယ်သည် ကောင်းကင်ထက်ကို ပျံတက်သွားကာ ရီဖူရှင်းလည်း နောက်ဆုတ်သွားရသည်။ နှစ်ဦးလုံး တေးသွားများကို တီးခတ်ခြင်းအား ရပ်တန့်လိုက်ကြ၏။

***

All Chapters