အခန်း (၄၆၆-၄၆၈)
Vol. 32 Ch. 466-468
အခန်း ၄၆၆ - အင်မော်တယ်ဓားဂိုဏ်းမှ အင်မော်တယ် သခင်ကို ကျော်လွန်သော အစေခံ...
~လုရီမှာ တုန်လှုပ်မိသွား၏။ သူ့ဆရာသည် ဤရက်များအတွင်း ကျင့်ကြံမှုအဆင့်များ အကြီးအကျယ် တိုးတက်သွားခဲ့သည်ဟု ထင်ရလေသည်။
ဆရာ၏ တာအိုဟောပြောမှုများကို နားမထောင်နိုင်သည့်အတွက် လုရီသည် အတော်လေး စိတ်ပျက်အားငယ်သွားခဲ့၏။ သို့သော် သူ၏ ကျင့်ကြံမှုများကို ဆက်လက်လုပ်ဆောင်ရန် ပြန်သွားရုံမှတစ်ပါး အခြားဘာမှ လုပ်နိုင်စွမ်း
မရှိတော့ချေ။
လင်းလောင်တောင်ထိပ်ရှိ ဝါးအိမ်အတွင်း၌
လုရီအား အပြင်သို့ တွန်းထုတ်လိုက်ပြီးနောက် အဘွားယွမ်လင်သည် စကားပြောခြင်းကို ရပ်လိုက်သည်။
တံခါးကို ပိတ်ရန် လျှောက်သွားလိုက်ပြီး
လင်းလောင်တောင်ထိပ်သခင်မဘက်သို့ လှည့်ကာ မကျေမနပ် ပြောလိုက်တော့၏။
“သခင်မလေးရယ်... သခင်မလေးလို မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးက ထျန်းမင်လို နေရာလေးက တပည့်တွေကို ဘယ်လိုများ လက်ခံနိုင်ရတာလဲရှင်...”
လင်းလောင်တောင်ထိပ်သခင်မသည် အဘွားယွမ်လင်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
“အဘွားယွမ်လင်... အဘွား နားမလည်သေးဘူး... ဒီကောင်လေးက နောင်တစ်ချိန်မှာ လူတိုင်းကို အံ့အားသင့်စေမှာ
အသေအချာပဲ!”ပဲ!”
အဘွားယွမ်လင်သည် မျက်မှောင်ကြုတ်ကာ အထင်အမြင်သေးသည့် လေသံဖြင့် ပြောလေသည်။
“ထျန်းမင်ကြယ်က မွေးဖွားတဲ့ သာမန်ကျင့်ကြံသူတစ်ဦးကို အခြေခံပြီး ပြောတာလား... ကြယ်တာရာ နယ်မြေမှာ ပါရမီရှင်တွေက မြစ်ဖြတ်ကူးတဲ့ ငါးကြင်းတွေလိုပဲ... ရေတွက်လို့တောင် မကုန်နိုင်ဘူး... ထျန်းမင်က သာမန်ကျင့်ကြံသူတစ်ဦးက ကျွန်မကို အံ့အားသင့်စေလိမ့်မယ်လို့
မထင်ပါဘူး။”
လင်းလောင်တောင်ထိပ်သခင်မက ပြုံးကာ ပြောလိုက်၏။
“ဒီကောင်လေးက အခုဆိုရင် အဆင့်ချိုးဖျက်ပြီးတာနဲ့ တာအိုအလင်းကို ထုတ်လွှတ်နိုင်တယ်... သူက တာအိုနဲ့ မွေးရာပါ နီးစပ်တယ်... နိယာမစွမ်းအားကိုတောင် မြင်နိုင်ခဲ့ပြီလေ။”
ဤစကားကို ကြားသောအခါ
အဘွားယွမ်လင်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီးနောက် သူမက ဆက်လက် အလျှော့မပေးပေ။
“ထျန်းမင်က ကျင့်ကြံသူတစ်ဦးအတွက် ဒီလိုအောင်မြင်မှုတွေက တကယ်ကို ထူးခြားပါတယ်... ဒါပေမယ့် ကြယ်တာရာ နယ်မြေတစ်ခုလုံးကို ကြည့်လိုက်ရင်တော့ သူထက် ပိုပါရမီရှိတဲ့ တခြားသူတွေ ရှိပါသေးတယ်... ကျွန်မတို့ ယွီမိသားစုကိုတော့ ထည့်မပြောတော့ပါဘူး... သူက သခင်မလေးရဲ့ တပည့်ဖြစ်ဖို့ မထိုက်တန်ပါဘူးရှင်။”
ထိုအခါ လင်းလောင်တောင်ထိပ်သခင်မသည် မျက်မှောင်ကြုတ်ကာ ဘုတောလိုက်တော့၏။
“အဘွားယွမ်လင်... ကျွန်မကိစ္စကို ကျွန်မ ကိုယ်တိုင် ဆုံးဖြတ်မယ်... ဘယ်တုန်းကများ ရှင်က စေခိုင်းဖို့ အလှည့်ကျဖူးလို့လဲ”
လင်းလောင်တောင်ထိပ်သခင်မ အနည်းငယ် ဒေါသထွက်နေသည်ကို မြင်သောအခါ အဘွားယွမ်လင်၏ မျက်နှာ ပြောင်းလဲသွားပြီး သူမက ဦးညွှတ်ကာ ပြာပြာသလဲ တောင်းပန်လာ၏။
“သခင်မလေး... ဒေါသကို ချုပ်တည်းပါ... သခင်မလေးက စိတ်ထားကောင်းပြီး ဖြူစင်လွန်းလို့ တခြားသူတွေရဲ့ လှည့်စားခြင်းကို ခံရမှာ စိုးရိမ်ရုံသက်သက်ပါ... ကျွန်မ ဘာမှ ထပ်မပြောတော့ပါဘူး။”
လင်းလောင်တောင်ထိပ်သခင်မသည် အေးစက်စက် လှောင်ပြောင်လိုက်ပြီး ပြောလိုက်တော့သည်။
“ဟွန့်! လုရီက ကျွန်မရဲ့ တပည့်ပဲ... အခုကစပြီး သူ့ကို လေးစားမှု ပြပါ...”
အဘွားယွမ်လင်သည် မျက်မှောင်ကြုတ်ကာ မကျေနပ်သေးဘဲ ပြောလေသည်။
“ပေါင်းစည်းခြင်းနယ်ပယ်က သာမန်လူတစ်ယောက်ကိုလား...”
လင်းလောင်တောင်ထိပ်သခင်မသည် အဘွားယွမ်လင်ကို အေးစက်စွာ ကြည့်လိုက်၏။
“ဟင်...?”
အဘွားယွမ်လင်သည် တိတ်ဆိတ်သွားပြီး နာခံလိုက်တော့သည်။
“ဟုတ်ကဲ့... သခင်မလေး...”
လင်းလောင်တောင်ထိပ်သခင်မသည် ထပ်မံ၍ အေးစက်စက် လှောင်ပြောင်လိုက်ပြီးနောက် တီးတိုးရေရွတ်လိုက်၏။
“ဒီကောင်လေးက ငါ့ကို ဒီလောက် စိတ်တိုအောင် လုပ်လိုက်လို့ ဝိညာဉ်ဝိုင်နဲ့ ဝိညာဉ်အစားအစာ တောင်းဖို့ကိုတောင် မေ့သွားပြီ”
သူမသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ခန်းမထဲမှ ပျောက်ကွယ်သွားပြီး သူမ၏ အိပ်ခန်းသို့ ပြန်သွားတော့သည်။ သူမ၏ အသံသာ ကျန်ရစ်ခဲ့၏။
“မိသားစုက ကျွန်မရဲ့ ဘေးကင်းရေးကို ကာကွယ်ဖို့ အဘွားကို စေလွှတ်လိုက်တာ... အဘွားက ကျိုယို ချောက်နက်ကြီး( ကိုးပါးငရဲတွင်း)ကိုပဲ အာရုံစိုက်ဖို့ လိုတယ်... ကျန်တာတွေတော့ ကျွန်မ ကိုယ်တိုင် စီစဉ်မယ်။”
အဘွားယွမ်လင်သည် ဦးညွှတ်ကာ ပြောလိုက်၏။
“ဟုတ်ကဲ့ပါ... သခင်မလေး...”
လင်းလောင်တောင်ထိပ်သခင်မသည် သူမ၏ အခန်းသို့ ပြန်ဝင်၍ ကျင့်ကြံနေသည်ကို မြင်သောအခါ အဘွားယွမ်လင်သည် အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။ ထို့နောက် လင်းလောင်တောင်ထိပ်အောက်ဘက် တံခါးအပြင်ဘက်သို့ အဓိပ္ပာယ်ပါသော အကြည့်တစ်ချက် ပစ်လွှတ်လိုက်တော့သည်။
တစ်လကြာသော် လုရီသည် သူ့ဆရာက တာအို ပို့ချပေးမည့်နေ့ကို တောင့်တနေခဲ့၏။ ယခုသွားလျှင် သူသည် အရိုက်ခံရဖွယ်မရှိဟု ထင်မိခဲ့သည်။
ထို့အပြင် ပြောရလျှင် သူ့ ဂျူနီယာညီမလေးနှင့် စီနီယာ အစ်မတို့ပင် ဆရာမ ပြန်ရောက်လာသည်ကို မသိသေးချေ။ သူမတို့အားလည်း ပြောပြရန် လိုအပ်ပေသည်။
လုရီသည် ဂူစံအိမ်မှ ထွက်ခွာလာပြီး သူ့ စီနီယာ အစ်မနှင့် ဂျူနီယာညီမလေးကို ရှာဖွေရန် ရည်ရွယ်ခဲ့၏။ သို့သော် ဂူစံအိမ်မှ ထွက်လိုက်သည်နှင့် လုရီသည်
မမျှော်လင့်ဘဲ လူတစ်ဦးကို တွေ့လိုက်ရလေသည်။
သူမသည် အဘွားယွမ်လင် ဖြစ်ချေသည်။
အဘွားယွမ်လင်
သည် ဂူစံအိမ်အပြင်ဘက်၌ ရပ်လျက်ရှိပြီး တံခါးဘေးရှိ ကောင်းကင် ကြယ်တာရာသစ်ပင်နှင့် ဓားမူလ သစ်ပင်တို့ကို အံ့အားသင့်သော အမူအရာဖြင့် ကြည့်နေတော့၏။
လုရီနှင့် ယွင်ရှီးတို့၏ နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်မှုနှင့်အတူ နှစ်ပေါင်း (၁၀,၀၀၀) သက်တမ်းရှိ ဝိညာဉ်ခြင်ဆီနှင့် ဝိညာဉ်ကျောက်စိမ်းပင် အသုံးပြုခဲ့သောကြောင့် အင်မော်တယ်ပင်နှစ်ပင်မှာ အလွန်ကောင်းမွန်စွာ ကြီးထွားလာခဲ့၏။ ယခုအခါ အမြင့် တစ်မီတာနီးပါး ရှိနေပြီဖြစ်ပြီး ပြင်းထန်သော ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်နေတော့သည်။
ကောင်းကင် ကြယ်တာရာသစ်ပင်သည် ကြယ်များ၏ တောက်ပမှုဖြင့် တလက်လက် တောက်ပနေပြီး ကောင်းကင်စကြာဝဠာ၏ အစိတ်အပိုင်းတစ်ခုကို ထည့်သွင်းထားသကဲ့သို့ပင် ဖြစ်ချေသည်။ ဓားမူလသစ်ပင်မှာမူ နက်နဲသိမ်မွေ့သော ဓားတာအိုပုံစံများဖြင့် ဝန်းရံလျက်ရှိပြီး ဓားတာအိုနိယာမစွမ်းအားမျှင်များကို စတင်ထုတ်လွှတ်နေတော့သည်။ အင်မော်တယ် သစ်ပင်နှစ်ပင်အား သိုင်းပညာနားလည်နိုင်ရန် ကြည့်ရှုလေ့လာခြင်းဖြင့် ကြယ်များ၏စွမ်းအားနှင့် ဓားတာအိုနိယာမတို့ကို နားလည်ရန် မျှော်လင့်ချက် ရှိလေသည်။
လုရီ ထွက်ပေါ်လာသည်နှင့်
အဘွားယွမ်လင်သည် သူမ၏ အံ့အားသင့်မှုမှ ပြန်လည်သက်သာလာ၏။ လုရီကို မြင်သောအခါ ခေတ္တရပ်တန့်ကာ အနည်းငယ် မျက်မှောင်ကြုတ်ပြီးမှ နှုတ်ဆက်လိုက်တော့သည်။
“အော်... သခင်လေးလုရီပါလား...”
လုရီသည် အဘွားယွမ်လင်းက သူ့ကို ‘သခင်လေး’ ဟု ခေါ်ဝေါ်လိမ့်မည်ဟု မမျှော်လင့်ထားဘဲ မျက်ခုံးပင့်လိုက်၏။ သူမကို ထူးဆန်းစွာ ကြည့်လိုက်ကာ ပြုံးလျက် ပြောလိုက်သည်။
“အဘွားယွမ်လင်း... ဒီကို ဘာကိစ္စနဲ့များ ရောက်လာတာလဲဗျ..”
ထိုအခါ အဘွားယွမ်လင်က ပြောလိုက်သည်။
“ကျွန်မက စိတ်ပိုင်းဆိုင်ရာ တရားထိုင်နေတာ... အင်မော်တယ်ပင်တွေရဲ့ ဝိညာဉ်စွမ်းအင်ကြောင့် ဒီကို ဆွဲဆောင်ခံရတာပါ...”
လုရီမှာ ရုတ်တရက် သဘောပေါက်သွားပြီး ခေါင်းညိတ်လိုက်၏။ အင်မော်တယ်ပင်များသည် အင်မော်တယ်များအတွက် အမှန်တကယ်ပင် တန်ဖိုးမဖြတ်နိုင်သော ထူးခြားသည့် ရတနာများ ဖြစ်ချေသည်။
အဘွားယွမ်လင်း တစ်ဦးတည်းသာဆိုလျှင် လုရီ စိုးရိမ်မိမည်ဖြစ်သော်လည်း သူမသည် သူ့ဆရာကို အလုပ်အကျွေးပြုနေသည့်အတွက် သူ ဂရုမစိုက်တော့ပေ။
အဘွားယွမ်လင်သည် အင်မော်တယ်ပင်နှစ်ပင်ကို စူးစိုက်ကြည့်နေပြီး သက်ပြင်းချလိုက်၏။
“သခင်မလေးက သခင်လေးလုရီအပေါ် တကယ်ကို စေတနာထားတာပဲ... သခင်လေးရဲ့ ဂူစံအိမ်တံခါးဝမှာ အင်မော်တယ်ပင်တွေ စိုက်ထားပေးပြီး သခင်လေးရဲ့ နေအိမ်ရဲ့ ဝိညာဉ်စွမ်းအင်ကို မြှင့်တင်ပေးထားတယ်...”
ဤစကားကို ကြားသောအခါ လုရီမှာ တုန်လှုပ်သွားပြီး အဘွားယွမ်လင်ကို ထူးဆန်းစွာ ကြည့်လိုက်၏။
“... အဘွားယွမ်လင်း... အဘွားများ အထင်မှားနေတာလား... ဒီအင်မော်တယ်ပင်တွေက ဆရာ့ဆီက မဟုတ်ပါဘူး...”
အဘွားယွမ်လင်သည် လုရီကို အံ့အားသင့်စွာ ကြည့်လိုက်၏။
“ဟင်...?”
“သခင်လေး... ဘာကို ဆိုလိုတာလဲ...”
လုရီက ပြုံးလျက် ပြောလိုက်သည်။
“ဒီအင်မော်တယ်ပင်တွေက ကျွန်တော် ကိုယ်တိုင် ရရှိခဲ့တဲ့ ကံကောင်းမှုတွေကနေ စိုက်ပျိုး ပြုစုပျိုးထောင်ထားတာပါ... ဟုတ်ပါတယ်... ဆရာက တစ်ခါတလေ လာပြီး ဂရုစိုက်ပေးတာမျိုးတော့ ရှိပါတယ်...”
ဤစကားကို ကြားသောအခါ
အဘွားယွမ်လင်၏ မျက်လုံးများ ဖြည်းဖြည်းချင်း ပြူးကျယ်လာ၏။ လုရီကို ကြည့်ကာ ပြောလိုက်သည်။
“သခင်လေး... ဆိုလိုတာက... ဒီအင်မော်တယ်ပင်တွေက သခင်လေးလုရီ ပိုင်တယ်ပေါ့?!”
လုရီသည် ပြုံးလျက် ခေါင်းညိတ်လိုက်၏။
“အတိအကျပဲ...”
အဘွားယွမ်လင်သည် အစွမ်းထက်သူဖြစ်ပြီး အင်မော်တယ်ဓားသခင်ကိုပင် ကျော်လွန်ကောင်း ကျော်လွန်နိုင်မည်ဖြစ်သော်လည်း ဤအချိန်တွင် အလွန်အံ့အားသင့်နေပြီး သူမ၏ အံ့အားသင့်မှုနှင့် မယုံကြည်နိုင်မှုကို ဖုံးကွယ်မထားတော့ဘဲ ပြောလိုက်၏။
“သခင်လေးလုရီ... ထျန်းမင်က သာမန်ဂြိုဟ်တစ်ခုပဲလေ... ဒီလို တန်ဖိုးကြီးတဲ့ အင်မော်တယ်ပင်တွေ ဒီမှာ ဘယ်လိုများ ရှိနိုင်မှာလဲ... ကျွန်မကို မလှည့်စားပါနဲ့...”
ထိုအခါ လုရီသည် တဟဲဟဲ ရယ်မောလိုက်၏။
“သာမန်ဂြိုဟ်တစ်ခုမှာတောင် အင်မော်တယ်ရတနာတွေ မရှိဘူးလို့တော့ မဟုတ်ပါဘူးနော်... ကျွန်တော် ကံကောင်းရုံသက်သက်ပါ...”
---
အခန်း ၄၆၇ -အင်မော်တယ်ဓားသခင်ကို ကျော်လွန်သော အစေခံ...
~အဘွားယွမ်လင်သည် ခေတ္တမျှ
စကားမပြောနိုင်ဖြစ်သွားပြီး လုရီကို မယုံကြည်နိုင်သော အမူအရာဖြင့် ကြည့်နေဆဲပင်။
လုရီသည် ဂရုမစိုက်ချေ။ သူက ပြုံးလျက် ပြောလိုက်သည်။
“အဘွားယွမ်လင်... ကျွန်တော် အခု
စီနီယာအစ်မနဲ့ ဂျူနီယာညီမငယ်ကို ရှာဖို့ လိုအပ်ပါတယ်... ဒါကြောင့် ခွင့်ပြုပါဦး...”
အဘွားယွမ်လင်သည် မျက်မှောင်ကြုတ်ကာ မကောင်းသော ကံကြမ္မာ၏ နိမိတ်ကို ခံစားမိလိုက်တော့၏။
“စီနီယာအစ်မနဲ့ ဂျူနီယာညီမငယ်...?”
လုရီက ပြုံးလျက် ပြောလိုက်၏။
“ဟုတ်ပါတယ်... ဆရာမမှာ ကျွန်တော့်အပြင် တပည့်အနေနဲ့ စီနီယာအစ်မရယ်... ဂျူနီယာညီမငယ်ရယ် ရှိပါသေးတယ်...”
အဘွားယွမ်လင်မှာ စိတ်ရှုပ်ထွေးမှု လက္ခဏာများ တစ်ကိုယ်လုံး အပြည့်ရှိသွားတော့၏။ သူမ၏ မကောင်းသော နိမိတ်သည် အမှန်တကယ် ဖြစ်လာခဲ့ပြီဖြစ်ချေသည်။
လုရီသည် အဘွားယွမ်လင် ဘာတွေးနေသည်ကို ဂရုမစိုက်တော့ပေ။ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့၏ ဂူစံအိမ်အပြင်ဘက်သို့ ဦးတည်သွားပြီး သူတို့ကို ခေါ်ထုတ်လိုက်တော့သည်။
သူတို့၏ ဆရာမ ပြန်ရောက်လာပြီဖြစ်ကြောင်း ထိုနှစ်ဦးအား ပြောပြလိုက်၏။ ဤသတင်းကို ကြားသောအခါ နှစ်ဦးစလုံးမှာ သဘာဝအတိုင်း အံ့အားသင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြသဖြင့် သုံးဦးသား လင်းလောင်တောင်ထိပ်သို့ အတူတကွ သွားကြတော့သည်။
“တပည့် လုရီ... လျိုနင်ရွှမ်း... သုန်းကုန်းမင်ယွဲ့... ဆရာ့ကို ဂါရဝပြုပါတယ်။”
ဝါးအိမ်မှာ အလွန်တိတ်ဆိတ်နေတော့သည်။
လုရီသည် တည်ငြိမ်စွာပင် ပြောလိုက်သည်။
“ဆရာမ... မဟာယာန ရေနက်နဂါးရဲ့ အသားကင်ကို ကျွန်တော် ယူလာခဲ့ပါတယ်...”
နောက်တစ်ခဏတွင် လုရီ၏ရှေ့၌ အရိပ်တစ်ခု ထင်ရှားလာ၏။ ၎င်းမှာ လင်းလောင်တောင်ထိပ်သခင်မ ဖြစ်ချေသည်။ သူမသည် အိပ်ချင်မူးတူးဖြစ်နေပြီး မျက်လုံးများကို ပွတ်သပ်ကာ လုရီကို ကြည့်လျက် မေးလိုက်သည်။
“အသားက ဘယ်မှာလဲ?!”
လုရီတို့ သုံးဦးစလုံး လင်းလောင်တောင်ထိပ်သခင်မ၏ ပျင်းရိပြီး အစားကောင်း ကြိုက်သော သဘောသဘာဝကို ကောင်းစွာ သိထားကြသဖြင့် အနည်းငယ်မျှပင် အံ့အားသင့်ခြင်း မရှိတော့ပေ။
လုရီက ပြုံးလျက် ပြောလိုက်သည်။
“သေချာပေါက် ယူလာခဲ့ပါတယ်... ဝိုင်ကောင်းတွေနဲ့အတူပေါ့...”
လင်းလောင်တောင်ထိပ်သခင်မ၏ မျက်နှာမှာ ဝမ်းသာအားရ အပြုံးများဖြင့် လင်းလက်သွားပြီး ယခင်က လုရီကို မောင်းထုတ်ခဲ့စဉ်က သူမ၏ ပြင်းထန်သော အမူအရာနှင့် လုံးဝ ကွဲပြားနေတော့သည်။ သူမက ရွှင်ပျစွာ ပြောလိုက်၏။
“မင်းက ဆရာ့ရဲ့ တပည့်ကောင်းပဲ... ဝင်ခဲ့ကြ...”
ထိုစဉ် အဘွားယွမ်လင် ပြန်ရောက်လာပြီး လင်းလောင်တောင်ထိပ်သခင်မ၏ ရွှင်ပျသော အမူအရာကို မြင်သောအခါ သူမလည်း ခေတ္တမျှ တုန်လှုပ်သွားတော့သည်။ ထို့နောက် အဘွားယွမ်လင်သည် လှည့်ကာ လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့ကို ကြည့်လိုက်၏။
လျိုနင်ရွှမ်းကို မြင်သောအခါ ခေတ္တမျှ အံ့အားသင့်သွားပြီး သူမရှေ့သို့ ရောက်လာကာ ခေါင်းအစ ခြေအဆုံး စစ်ဆေးကြည့်ရှုပြီး မယုံကြည်နိုင်စွာဖြင့် အာမေဋိတ်သံ ပြုလိုက်၏။
“အင်မော်တယ်ခန္ဓာကိုယ်?!”
ကြယ်တာရာ နယ်မြေတစ်ခုလုံးတွင်ပင် အင်မော်တယ်ခန္ဓာကိုယ်သည် အလွန်ရှားပါးပြီး ထူးခြားသည့် ပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည်ကို သိထားသင့်ပေသည်။
လျိုနင်ရွှမ်း ပင်လယ်မျိုးနွယ်စစ်မြေပြင်မှ ပြန်လာသည့်အချိန်ကတည်းက လင်းလောင်တောင်ထိပ်သခင်မသည် ဤအကြောင်းကို သိရှိခဲ့ပြီးဖြစ်ပြီး သုန်းကုန်းမင်ယွဲ့လည်း သိရှိထားသဖြင့် အံ့အားသင့်ခြင်း မရှိတော့ပေ။
လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့နှစ်ဦးစလုံးမှာ ရုတ်တရက် ပေါ်လာသော အဘွားအိုကြီးကို ကြည့်ကာ စိတ်ရှုပ်ထွေးနေကြပြီး သူမ ရောက်ရှိလာသည်ကိုပင် မခံစားမိခဲ့ကြသဖြင့် လုံးဝ တုန်လှုပ်နေကြတော့၏။
လင်းလောင်တောင်ထိပ်သခင်မက သမ်းဝါးလျက် ပြောလိုက်၏။
“အင်မော်တယ်ခန္ဓာကိုယ်... ဘာအရေးစိုက်စရာ ရှိလဲ... အဘွားယွမ်လင်ကလည်း တကယ်ပဲ ရေးကြီးခွင်ကျယ်လုပ်နေတာပဲ...”
ထို့နောက် လင်းလောင်တောင်ထိပ်သခင်မသည် လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့အား အဘွားယွမ်လင်ကို မိတ်ဆက်ပေးရာ နှစ်ဦးစလုံး အထိတ်တလန့် ဖြစ်သွားပြီး လေးလေးစားစား နှုတ်ဆက်ကြလေသည်။
နောက်ပိုင်းတွင် လင်းလောင်တောင်ထိပ်သခင်မသည် လုရီနှင့် အခြားသူများကို ဝါးအိမ်အတွင်းသို့ ခေါ်ဆောင်သွားပြီး
လုရီအား ကင်ထားသော အသားနှင့် ဝိုင်ကောင်းများကို ထုတ်ခိုင်းတော့သည်။
လုရီမှာ သေချာပေါက် ပြင်ဆင်လာခဲ့၏။ အဘယ်ကြောင့်ဆိုသော် ယနေ့တွင် သူ့ဆရာကို ကောင်းစွာ ချော့မော့ထားမှသာ နောက်ပိုင်းတွင် သူ့အား တာအို ပို့ချပေးမည်ကို သူ သိနေသည်လေ။
အစာစားနေစဉ်အတွင်း လုရီသည်
လင်းလောင်တောင်ထိပ်သခင်မအား အဆက်မပြတ် ဝိုင်ငှဲ့ပေးကာ သူ့တွင်ရှိသော ချော့မော့စကားလုံးတိုင်းကို အသုံးပြုတော့သည်။
“ဆရာရယ်... ဆယ်စုနှစ်များစွာ ကြာသွားပေမယ့် ဆရာက ပိုပြီးလှပလာလိုက်တာ...”
“ဆရာ့လို နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်တဲ့... ဘယ်သူနဲ့မှ မတူတဲ့... ပြိုင်ဘက်ကင်းတဲ့ ဆရာမျိုးနဲ့ တွေ့ဆုံဖို့ ကျွန်တော့်မှာ ဘယ်လိုများ ကုသိုလ်ကံနဲ့ အရည်အချင်းတွေ ရှိခဲ့ပါလိမ့်...”
လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့နှစ်ဦးစလုံး လုရီကို ထူးဆန်းစွာ ကြည့်နေကြပြီး လုရီသည် ထိုမျှ ညံ့ဖျင်းသော စကားလုံးများကို ပြောလိမ့်မည်ဟု လုံးဝ အံ့အားသင့်နေကြတော့၏။
ဘေးတွင် ရပ်နေသော အဘွားယွမ်လင်ပင်လျှင် လုံးဝ စိတ်ပျက်အားငယ်နေသည့် အမူအရာ ရှိနေပြီး လုရီအပေါ် သူမ၏ အကြည့်တွင် သတိထားမှုများ တိုးလာကာ တစ်ခါတစ်ရံ မျက်မှောင်ကြုတ်လျက် အနည်းငယ် မထီမဲ့မြင် ပြုနေတော့သည်။
သူမသည် အကြိမ်ကြိမ် ပါးစပ်ဖွင့်ရန် ကြိုးစားခဲ့သော်လည်း လင်းလောင်တောင်ထိပ်သခင်မ၏ ညွှန်ကြားချက်များကို ပြန်သတိရမိသဖြင့် စကားပြောခြင်းကို ရပ်လိုက်တော့၏။
လင်းလောင်တောင်ထိပ်သခင်မသည် ဝိုင်သောက်နေပြီး လုံးဝ ပျော်ရွှင်နေပုံရသည်။ သူမ၏ အပြုံးမှာ လင်းလက်နေပြီး သူမ၏ အမူအရာမှာ အလွန် ဂုဏ်ယူနေပုံရချေသည်။
ဝဝလင်လင် စားသောက်ပြီးနောက် လုရီက ပြုံးလျက် ပြောလိုက်သည်။
“ဆရာ...ကျွန်တော့်ရဲ့ အနိုင်မယူနိုင်တဲ့ ပြိုင်ဘက်ကင်း ဆရာရယ်... အားလုံး ပျော်ရွှင်နေတဲ့ ဒီနေ့မှာ... ကျွန်တော်တို့ သုံး ယောက်ကို သင်ကြားပြသပေးပါဦးလား...”
လင်းလောင်တောင်ထိပ်သခင်မ: “???”
သူမ၏ အပြုံးသည် တဖြည်းဖြည်း မှေးမှိန်သွားပြီး လုရီကို နက်ရှိုင်းသော အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။
လင်းလောင်တောင်ထိပ်သခင်မက တုံ့ဆိုင်းစွာ ပြောလိုက်၏။
“ငါတို့ ဝိုင်သောက်နေတာ ကောင်းကောင်းမွန်မွန်ပဲ... အခု နင်က တကယ်ပဲ ငါ့ကို သင်ကြားပေးခိုင်းချင်နေတာလား?!”
လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့နှစ်ဦးစလုံး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး နှစ်ဦးစလုံး လင်းလောင်တောင်ထိပ်သခင်မကို မျှော်လင့်တကြီး စိုက်ကြည့်နေကြတော့သည်။
သုန်းကုန်းမင်ယွဲ့သည် မျှော်လင့်တကြီး ပြုံးလျက် ပြောလိုက်၏။
“ဆရာမ... တပည့်လည်း ဆရာ
သင်ကြားတာကို မကြားရတာ တော်တော်ကြာပြီ...”
လျိုနင်ရွှမ်းက ခေါင်းညိတ်ကာ ညင်သာစွာ ပြုံးလိုက်တော့သည်။
“တပည့်လည်း ထိုနည်းတူပါပဲ...”
လင်းလောင်တောင်ထိပ်သခင်မသည် ခေါင်းထဲတွင် စိတ်ရှုပ်ထွေးမှု လက္ခဏာများ ပြည့်နှက်နေပြီး မကျေမနပ်ဖြင့် ပြောလိုက်၏။
“မင်းတို့ ကောင်မလေး နှစ်ယောက်က တကယ်ပဲ ဒီကောင်လေးလုရီဘက်က ရပ်တည်နေကြတာလား?! ငါက မင်းတို့ကို ကောင်းကောင်း မဆက်ဆံခဲ့လို့လား?!”
သုန်းကုန်းမင်ယွဲ့က ချိုသာသော အသံဖြင့် ပြောလိုက်၏။ သူမ၏ လှပသောအသံမှာ ဆွဲဆောင်မှုရှိလှပြီး သူမသည်
လင်းလောင်တောင်ထိပ်သခင်မ၏ လက်မောင်းကို မှီတွယ်ကာ လှုပ်ခါလိုက်တော့သည်။
“ဆရာကလည်း...ဘာလို့ ဒီလို ဖြစ်ရမှာလဲ... တကယ်ပဲ ဆရာ သင်ကြားတာ
မကြားရတာ တော်တော်ကြာပြီလေ~”
လျိုနင်ရွှမ်းလည်း လင်းလောင်တောင်ထိပ်သခင်မကို မျှော်လင့်တကြီး ကြည့်နေပြီး ညင်သာစွာ ပြုံးလျက် ပြောလိုက်၏
“ဆရာ.. တပည့်က တကယ်ပဲ
ဂျူနီယာမောင်လေးဘက်က ရပ်တည်နေတာ မဟုတ်ပါဘူးရှင့်။”
လုရီသည် သူ့ဆရာမကို ရွှင်ပျစွာ ကြည့်လျက် ပြောလိုက်သည်။
“ သုံးယောက်နဲ့ တစ်ယောက်ကို၊ ဆရာ.. ကျွန်တော်တို့ကို သင်ကြားပေးလိုက်ပါတော့လား...”
ဤသည်ကို မြင်သောအခါ အဘွား
ယွမ်လင်သည် မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“တပည့်တစ်ယောက်က ဒီလိုမျိုး ကျော်လွန်တာ သင့်တော်ရဲ့လား... သခင်လေးလုရီ... သခင်မလေးက ဆရာဖြစ်တာဆိုတော့ သူ့မှာ သူ့ကိုယ်ပိုင် အတွေးအခေါ်တွေ ရှိမှာပေါ့...”
လုရီ၏ အပြုံးမှာ တောင့်ခဲသွားပြီး အဘွားယွမ်လင်ကို စကားမပြောနိုင်စွာ ကြည့်လိုက်၏။ သူ စကားမပြောနိုင်ခင်မှာပင် လင်းလောင်တောင်ထိပ်သခင်မက ကြားဖြတ် ပြောလိုက်၏။
“အဘွားယွမ်လင်.. လွန်ခဲ့တဲ့ ရက်အနည်းငယ်က အဘွားကို ကျွန်မပြောခဲ့တဲ့ စကားတွေကို မေ့သွားပြီလား?”
အဘွားယွမ်လင်သည် တုန်လှုပ်သွားပြီး အလွန်မကျေမနပ်ဖြစ်ကာ ပြောလိုက်၏။
“သခင်မလေး... ကျွန်မက သခင်မလေးအတွက်ပဲ ပြောခဲ့တာပါ...”
လင်းလောင်တောင်ထိပ်သခင်မက ကြေညာလိုက်၏။
“ကျွန်မတို့ တပည့်ဆရာကိစ္စတွေက အဘွား စိုးရိမ်စရာ မဟုတ်ဘူး...”
အဘွားယွမ်လင်းသည် ခေါင်းညိတ်ကာ ထပ်မံ၍ စကားမပြောတော့ပေ။
နောက်ဆုံးတွင် လင်းလောင်တောင်ထိပ်သခင်မသည် သုံးဦးစလုံးအား သင်ကြားပေးရန် စတင်လိုက်ပြီး လုရီ၏ ဆန္ဒများကို ဖြည့်ဆည်းပေးလိုက်တော့သည်။
လုရီနှင့် အခြားသူများ ထွက်ခွာသွားပြီးနောက် ဝါးအိမ်အတွင်း၌ အဘွားယွမ်လင်နှင့် လင်းလောင်တောင်ထိပ်သခင်မသာ ကျန်ရစ်ခဲ့တော့သည်။
လင်းလောင်တောင်ထိပ်သခင်မသည် သူမ၏ သင်ကြားမှုများကို အဆုံးသတ်သည်နှင့် ဝါးကုတင်ပေါ်တွင် ဆားနယ်ထားသော ငါးတစ်ကောင်လို ပျော့ခွေလျက် လဲလျောင်းနေတော့သည်။
ထို့နောက် အဘွားယွမ်လင်သည် တစ်ခုခုကို သတိရသွားကာ မေးလိုက်၏။
“သခင်မလေး... သခင်လေးလုရီက သူ့ဂူစံအိမ်အပြင်ဘက်က အင်မော်တယ်ပင် နှစ်ပင်က သူ့ဟာလို့ ပြောတာလား?”
လင်းလောင်တောင်ထိပ်သခင်မသည် မျက်ခုံးပင့်ကာ အဘွားယွမ်လင်ကို ကြည့်လိုက်၏။
“ဟုတ်ပါတယ်... ကျွန်မက သူ့ကို ပေးခဲ့တယ်လို့များ ထင်နေတာလား?”
အဘွားယွမ်လင်သည် တိတ်ဆိတ်သွားပြီး လုရီ တကယ်ပင် မလိမ်ညာခဲ့သည်ကို သိရှိသွား၍ တုန်လှုပ်သွားတော့သည်။
လင်းလောင်တောင်ထိပ်သခင်မ ပြန်လာပြီးနောက် လုရီမှာ အများကြီး ပိုမိုသက်တောင့်သက်သာ ရှိလာတော့သည်။
အထူးသဖြင့် သူမသည် အဘွားယွမ်လင်နှင့်အတူ ပြန်လာသည်ကို မြင်သောအခါ တိမ်ဖြူဂိုဏ်းအတွင်း၌ ထိုမျှ အင်အားကြီးမားသော ပုဂ္ဂိုလ်များ ရှိနေသည်ကို သိသဖြင့် သူ လုံးဝ စိတ်ချသွားတော့သည်။
သူသည် နေ့စဉ် ကျင့်ကြံမှုများကို အာရုံစိုက်လုပ်ဆောင်ခဲ့ပြီး ငြိမ်းချမ်းပြီး ပြည့်စုံသော ဘဝကို ပိုင်ဆိုင်ခဲ့၏။
ဤသို့ဖြင့် အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး မကြာမီပင် နောက်ထပ် (၃၀) နှစ် ကုန်လွန်သွားခဲ့ရာ လုရီသည် ပေါင်းစည်းခြင်း ခြောက်လွှာသို့ တိုးတက်ရောက်ရှိခဲ့သည်။
တစ်နေ့တွင် တိမ်ဖြူဂိုဏ်းသို့ အံ့အားသင့်စရာ သတင်းတစ်ခု ရောက်ရှိလာ၏။ ချင်းကျိုး ထျန်းလူတောင်ပေါ်တွင် အင်မော်တယ်လက်နက်များ ဆင်းသက်လာသကဲ့သို့ ကောင်းကင်အလင်းများ ထွက်ပေါ်လာသည် ဟူ၍ ။
---
အခန်း ၄၆၈ - ထျန်းလူတောင်
အင်မော်တယ် ခြေရာ၊ လောကဓာတ်၏ အာရုံစိုက်ရာ...
“ထျန်းလူတောင်... ဒါ ချင်းကျိုးနယ်က ဒဏ္ဍာရီလာ တောင်တန်းကြီး မဟုတ်လား” ဟူသော သတင်းစကား ကြားရသော် လုရီမှာ အတော်လေး အံ့မခန်း ဖြစ်သွားရချေသည်။
ထိုစဉ်က သူ ဓားတာအိုအစည်းအဝေးအတွက် ချင်းကျိုးနယ်ရှိ ထျန်းလူတောင်ကို ဖြတ်သန်းခဲ့စဉ်က တောင်၏ ဒဏ္ဍာရီများကို ကြားခဲ့ဖူး၏။ မြင့်မြတ်သော သမင်ဖြူကြီးတစ်ပါး ကောင်းကင်ဘုံမှ ဆင်းသက်လာကာ
မတရားအုပ်စိုးသော သိုင်းဂိုဏ်းများကို နှိမ်နင်း၍ ချင်းကျိုးနယ်၏ စည်းစနစ်ကို ပြန်လည် ထူထောင်ပေးခဲ့သည်ဟု ဆို၏။
လုရီမှာ ၎င်းအား တေးဆိုကောင်းသော ဒဏ္ဍာရီသက်သက်ဟုသာ ထင်မှတ်ခဲ့သော်လည်း မမျှော်လင့်ဘဲ ထျန်းလူတောင်၌ ထူးခြားဖြစ်စဉ်များ ဆက်လက် ဖြစ်ပေါ်နေသည်ကို သိလိုက်ရလေသည်။ ဤအရာကား မည်သို့သော ကံကြမ္မာအလှည့်အပြောင်းပါလိမ့်နည်း။
ကျန်းရူယွီ၏ အသံမှာ စမ်းရေစီးသံလို ချိုမြပြီး မျက်ဝန်းတို့တွင် တက်ကြွမှု အပြည့်ဖြင့် လှစ်ခနဲ လင်းလက်သွားတော့၏။
“သွားကြည့်ရအောင်လေ”
ထျန်းလူတောင်နှင့် ပတ်သက်သော သတင်းကို ကျန်းရူယွီကပင် သယ်ဆောင်လာခဲ့ခြင်း ဖြစ်ပါ၏။
လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့လည်း ထိုနေရာ၌ ရှိနေကြ၏။ လျိုနင်ရွှမ်းက ကျန်းရူယွီအား တစ်ချက် ကြည့်လိုက်ပြီးနောက် လုရီဘက်သို့ လှည့်ကာ သိမ်မွေ့စွာ ပြုံးကာဖြင့် တည်ငြိမ်စွာ မေးလိုက်၏။
“ဂျူနီယာ မောင်လေး၊ နင် ဘယ်လိုသဘောရလဲ”
လုရီ ခပ်ပြုံးပြုံးဖြင့် တုံ့ပြန်လိုက်၏။
“ကျွန်တော်တို့ ကျင့်ကြံလာတာလည်း အတော်ကြာပြီပဲ။ ဒီလို အပြင်ထွက် လှုပ်ရှားရတာ ကောင်းတာပေါ့ဗျာ”
သူ၏ မျက်ဝန်းအိမ်များမှ ဖြတ်သန်းစီးဆင်းသွားသော စိတ်အားတက်ကြွမှုတို့မှာ အတွေ့အကြုံသစ်များကို တောင့်တနေဟန် ပေါ်လွင်နေသည်။
ထိုအခါ သုန်းကုန်းမင်ယွဲ့၏ မျက်ဝန်းနက်များတွင် အရောင်လက်သွားပြီး လက်ခုပ်တီးကာ ရယ်မော၍ ပြောဆို၏။
“ဒါဆို သွားကြစို့။ ဒီတစ်ခါ အင်မော်တယ်ရတနာတွေပါ ပေါ်လာနိုင်ရင် အကောင်းဆုံးပဲ။ အခု စီနီယာအစ်မ နင်ရွှမ်း၊ အစ်မရူယွီနဲ့ အစ်မ ယွင်ရှီးတို့အားလုံး
အင်မော်တယ် ခန္ဓာအဖြစ် ပြောင်းလဲသွားကြပြီ။ အဟင့်..ကျွန်မတစ်ယောက်ပဲ
မပြောင်းသေးဘူး!”
ပြောရင်းဆိုရင်း သုန်းကုန်းမင်ယွဲ့၏ နှုတ်ခမ်းစူကာ ဝမ်းနည်းဟန်ဖြင့် လုရီအား တစ်ချက် ကြည့်လိုက်၏။
လုရီ စိတ်ထဲတွင် မိုးကြိုးအင်မော်တယ်ရတနာများနှင့် ပတ်သက်သည့် အလုပ်ဆုလာဘ်များ မရသေး၍ အနည်းငယ် ရှက်ရွံ့မိတော့၏။ ဤအရာမှာ သူ့စိတ်ကြိုက် လုပ်၍ မရသည်ပင် ဖြစ်ချေသည်။ ကံတရား၏ စီမံရာပင် မဟုတ်ပါလော။
လုရီ ပြုံးကာ အားပေးလိုက်လေ၏။
“ဒီတစ်ခါ မရှိရင်လည်း နောင်တစ်ချိန်ကျရင်တော့ သေချာပေါက် ပေါ်လာမှာပါ”
သူ ပိုမိုအားကောင်းလာသည်နှင့်အမျှ မိုးကြိုးတာအို ထွန်းကားသည့် နေရာအချို့သို့ သွားရောက်ကြည့်ရှုရန် အခွင့်အရေးရှာပြီးလျှင် မိုးကြိုးတာအို သိုင်းစွမ်းရည်များနှင့် သက်ဆိုင်သော အလုပ်တာဝန် ဆုလာဘ်များ ရရှိလိမ့်မည်ဟု လုရီ ယုံကြည်၏။
အနည်းငယ် လိပ်ပြာမလုံဟန်ဖြင့် လျိုနင်ရွှမ်း၏ အကြည့်အောက်မှ ကျန်းရူယွီ အကြည့်လွှဲလိုက်ပြီးနောက် ရယ်မောကာ ဆိုလိုက်၏။
“ယွင်ရှီးကိုပါ ခေါ်သွားရမလား”
လုရီ ခေါင်းခါ၍ တည်ငြိမ်စွာ ပြောလိုက်၏။
“ဟင့်အင်း၊ ယွင်ရှီးက အခု တံခါးပိတ်ကျင့်ကြံနေတာဆိုတော့ အနှောင့်အယှက် မပေးနဲ့တော့လေ”
ကျန်းရူယွီက သက်ပြင်းချရင်း လက်ခံလိုက်လေသည်။
“အေးပါ ဒါဆိုလည်း”
ထို့နောက်တွင် လူလေးဦးတို့သည် အလင်းတန်းများအဖြစ် ပြောင်းလဲကာ လင်းလောင်တောင်ထိပ်မှ ထွက်ခွာ၍ ချင်းကျိုးနယ်သို့ ဦးတည် ပျံသန်းသွားကြလေသည်။
လုရီ၊ လျိုနင်ရွှမ်းနှင့် အကြီးအကဲမင်တို့သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဓားနတ်ဘုရားဂိုဏ်းသို့ သွားရောက်ခဲ့ကြစဉ်က အားနည်းနေဆဲဖြစ်၍ ချင်းကျိုးနယ်သို့ ရောက်ရှိရန် အချိန်အတော်ကြာခဲ့ရ၏။ သို့သော် ယခုမူ လုရီ၏ ကျင့်ကြံမှုအောက်တွင် ကျန်းရူယွီနှင့် လျိုနင်ရွှမ်းတို့နှစ်ဦးစလုံး အင်မော်တယ်ခန္ဓာများဖြစ်နေသည်သာမက၊ သုန်းကုန်းမင်ယွဲ့ပင်လျှင်
မကြာသေးမီက ပေါင်းစည်းခြင်းနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ခဲ့လေပြီ။
ထိုလေးဦးစလုံးမှာ မဟာစွမ်းအားရှင်များ ဖြစ်ကြ၍ သူတို့၏ အမြန်နှုန်းမှာ အံ့ဩဖွယ်ကောင်းသည်မှာ သဘာဝပင်။ လေကို ခွင်းကာ မြေကို ကျော်လွန် ပျံသန်းနေကြသည်။ တစ်ရက်ပင် မပြည့်မီ သူတို့ ချင်းကျိုးနယ်သို့ ရောက်ရှိသွားကြ၏။
ချင်းကျိုးနယ်သို့ ဝင်ရောက်သည်နှင့် လုရီသည် လေးနက်သော အငွေ့အသက်ကို ခံစားလိုက်ရ၏။ နေရာအနှံ့အပြားမှ ကျင့်ကြံသူ အများအပြား ချင်းကျိုးနယ်သို့ ရောက်ရှိနေကြပြီး ၎င်းတို့အထဲတွင် အစွမ်းထက်သူများစွာ ပါဝင်နေသည်ကို တွေ့ရ၏။
သုန်းကုန်းမင်ယွဲ့က ပတ်ဝန်းကျင်ကို ကြည့်ရင်း အံ့ဩဟန်ဖြင့် ပြောလိုက်၏။
“ဒီလောက်တောင် အစွမ်းထက်သူတွေ အများကြီးပဲ”
သူတို့ကိုယ်တိုင်လည်း အစွမ်းထက်ပြီး ခိုင်မာသော ဝိညာဉ်စွမ်းအင် ပိုင်ဆိုင်ထားသူများဖြစ်၍ မဟာစွမ်းအားအဆင့် ကျင့်ကြံသူများစွာ၏ တည်ရှိမှုကို ခံစားမိကြ၏။
ကျန်းရူယွီ မျက်ခုံးပင့်ကာ မှတ်ချက်ပြုလိုက်သည်။
“ဒီ ထျန်းလူတောင်က ပြဿနာက လူအတော်များများကို ဆွဲဆောင်လိုက်ပုံပဲ”
လျိုနင်ရွှမ်းက တည်ငြိမ်စွာ ဆိုလိုက်၏။
“တကယ်တော့ ထျန်းလူတောင်နဲ့ ပတ်သက်တဲ့ ကောလာဟလတွေက အင်မော်တယ်သားရဲတွေ ပါဝင်နေပြီး မကြာသေးခင်ကမှ ထူးခြားဖြစ်စဉ်တွေ ပေါ်လာတာဆိုတော့
အင်မော်တယ်ရတနာတွေ ပေါ်လာပြီလို့ လူအများက ယုံကြည်ကြမှာပေါ့”
အဖွဲ့သားများ ဆက်လက်သွားကြရာ မကြာမီ ထျန်းလူတောင်၏ အပြင်ဘက်မြို့ဖြစ်သော ထျန်းလူမြို့သို့ ရောက်ရှိလာကြတော့သည်။
ထိုအချိန်၌ ထျန်းလူမြို့မှာ စည်ကားနေပြီး အစွမ်းထက်သော ပုဂ္ဂိုလ်များစွာ
ခိုအောင်းနေသည်ကို တွေ့ရ၏။ လမ်းမများပေါ်တွင် လူအများအပြား သွားလာနေကြ၏။ တစ်မြို့လုံးမှာ သိုင်းလောကသားများဖြင့် ပြည့်နှက်နေသည်မှာ ကြက်ပျံမကျ စည်ကားနေကြလေသည်။
လုရီနှင့် အဖွဲ့သားများ ရောက်ရှိသည်နှင့် မြို့ကောင်းကင်ယံမှ ရှေးဟောင်းအဖြူရောင် ပျံသန်းရေး သင်္ဘောတစ်စီး ပျံသန်းလာသည်ကို တွေ့မြင်ကြရ၏။ ထိုသင်္ဘောမှ အလွန်အစွမ်းထက်သော လှိုင်းလုံးများ ထွက်ပေါ်နေပြီး ၎င်း၏ ဝိညာဉ်ဖိအားကြောင့် အောက်ရှိ ကျင့်ကြံသူများ၏ မျက်နှာများ ဖြူဖျော့သွားကာ ကြောက်ရွံ့စွာ မော့ကြည့်နေကြတော့၏။
ရှေးဟောင်းသင်္ဘောပေါ်ရှိ ကောင်းကင်နန်းတော်၏ အမှတ်အသားကို မြင်ရသည်နှင့် ကျင့်ကြံသူ အများအပြား၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြ၏။
“ကောင်းကင်နန်းတော်ပဲ! ကောင်းကင်နန်းတော်က လူတွေ ရောက်လာပြီ!”
“ကောင်းကင်နန်းတော်က အရမ်းကို အာဏာပြတာပဲ။ ငါတို့ကို လုံးဝ ဂရုမစိုက်ဘူး!”
“ဗဟိုနယ်မြေ ကောင်းကင်နန်းတော်က ထပ်ရောက်လာပြန်ပြီလား?! ဒါက ငါတို့ အရှေ့နယ်မြေရဲ့ အင်မော်တယ်ရတနာပဲ။ သူတို့က ထပ်ပြီး ပြဿနာရှာဖို့ ရောက်လာကြပြန်ပြီ!”
သူတို့၏ လေသံများတွင် မကျေနပ်မှုတို့ ပါဝင်နေ၏။
“ပြီးခဲ့တဲ့တစ်ခါ အင်မော်တယ်ဓားဂိုဏ်းရဲ့ အမွေအနှစ် ပေါ်လာတုန်းကလည်း သူတို့ ရောက်မလာခဲ့ဘူးလား”
ထိုစဉ် ကောင်းကင်ယံမှ ရွှေရောင် တောက်ပမှုတစ်ခု လျင်မြန်စွာ ပျံသန်းလာ၏။ ရွှေရောင် ဗုဒ္ဓကျမ်းစာများ ရစ်ပတ်ထားသော သစ်သားငါးရုပ်ခေါင်းလောင်းကြီးတစ်ခုပေါ်တွင် ရဟန်းသင်္ကန်း ကြမ်းကြမ်းများ ဝတ်ဆင်ထားသော ရဟန်းများစွာ ဘုရားထိုင်လျက် ငြိမ်သက်စွာ ထိုင်နေကြ၏။ ထိုရဟန်းတို့၏ မျက်နှာများမှာ ငြိမ်းချမ်းခြင်း အသွင်ကို ဆောင်လျက်။
“အနောက်နယ်မြေက ဗုဒ္ဓဘာသာဂိုဏ်းက လူတွေလည်း လာကြပြီလား?!”
အံ့ဩသံများ ထွက်ပေါ်လာ၏။
“အလယ်မှာ ရှိတဲ့ ဥပဓိ ခန့်ညားတဲ့ ရဟန်းကြီးက လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မိစ္ဆာတစ်ကောင်ကို လက်ဝါးတစ်ချက်နဲ့ သုတ်သင်ခဲ့တဲ့ ဗုဒ္ဓသားတော် မဟုတ်လား?! သူ့ခန္ဓာကိုယ်မှာ ဗုဒ္ဓအလင်းတန်းတွေ အရမ်းထွက်နေတယ်။ သူ့ခေါင်းနောက်မှာတောင် အလင်းရောင် အဝိုင်းတစ်ခု ပါသေးတယ်!”
လုရီသည် သစ်သားငါးရုပ်ခေါင်းလောင်းကြီးပေါ်တွင် ထိုင်နေသော နုပျိုချောမောသည့် ရဟန်းအား မြင်ရ၏။ ထိုရဟန်းပျိုသည် မျက်လုံးများကို မှိတ်ထားပြီး မျက်နှာထား ငြိမ်သက်နေ၏။ သူ၏ ခန္ဓာကိုယ်ကို ဗုဒ္ဓအလင်းတန်းများ ဝန်းရံထားပြီး ထိုမျှ ဝေးကွာသော နေရာမှပင်လျှင် လုရီသည် ရဟန်းထံမှ ထွက်ပေါ်နေသော ကြွယ်ဝသည့် ဗုဒ္ဓအနှစ်သာရကို ခံစားနေရ၏။
ကျန်းရူယွီ မျက်ခုံးပင့်ကာ ပြောလိုက်၏။
“ဗုဒ္ဓသားတော်က တော်တော်ထူးခြားပုံရတယ်”
လုရီ ခေါင်းညိတ်၍ ဆိုလေသည်။
“ထျန်းမင်တစ်ခွင်မှာ နာမည်ကြီးတဲ့ ကျင့်ကြံသူတွေကတော့ ထူးခြားမှာပေါ့”
ရုတ်တရက် အနက်ရောင် မိစ္ဆာအလင်းတန်းများ ဝေ့ဝဲကာ ဧရာမ အနက်ရောင် နန်းတော်ကြီးတစ်လုံး ကောင်းကင်ယံမှ ဖြတ်ပြေးသွား၏။ မိစ္ဆာစွမ်းအင်များ လျှံကျနေပြီး ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးများ သယ်ဆောင်လာသည်မှာ လူတို့၏ နှလုံးသားကို အခုန်မြန်စေတော့သည်။
“အနောက်နယ်မြေက ကောင်းကင်မိစ္ဆာနန်းတော်က လူတွေလည်း ရောက်လာပြီ! သူတို့ ရောက်လာပြီ!”
“အခုတော့ ပိုပြီး စည်ကားလာပြီ။ ကောင်းကင်မိစ္ဆာနန်းတော်နဲ့ ဗုဒ္ဓဘာသာဂိုဏ်းက အနောက် နယ်မြေမှာ ရန်ဘက်တွေပဲ။ အမြဲတမ်း ပြိုင်ဆိုင်နေကြတာ။ အင်မော်တယ် ရတနာအတွက် နှစ်ဖွဲ့လုံး ဒီကို အလုအယက် ရောက်လာကြတာ မထင်မှတ်စရာပဲ၊ တိုက်ပွဲကြီးဖြစ်လာနိုင်တယ်!”
တီးတိုးရေရွတ်သံများ ထွက်ပေါ်လာ၏။
“ထျန်းလူတောင်က အရမ်းကို စည်ကားနေတာပဲ။ ဒီ့အရင်က ကောင်းကင်နဂါး မြင့်မြတ်နယ်မြေ၊ နတ်ဓားဂိုဏ်းနဲ့ ငါတို့ အရှေ့နယ်မြေက တခြား အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေတွေနဲ့ မဟာ ဂိုဏ်းကြီးတွေ ရောက်နေပြီ။ အခု တခြား မဟာနယ်မြေတွေက ကျင့်ကြံသူတွေလည်း ဆက်တိုက် ရောက်လာကြပြီဆိုတော့ ထျန်းမင်တခွင်က အစွမ်းထက်သူတွေအားလုံး ရောက်လာကြပြီ ထင်တယ် မဟုတ်လား”
တစ်ဦးက အားရပါးရ ပြောလိုက်လေသည်။
“ဒါက အင်မော်တယ်ရတနာ ကိစ္စပဲ။ နတ်ဘုရားဂိုဏ်း မြင့်မြတ်နယ်မြေတွေတောင် လျစ်လျူရှုထားလို့ မရဘူး မဟုတ်လား။ မျှော်လင့်ထားတာပါပဲ”
---