အခန်း (၄၆၉-၄၇၁)
Vol. 32 Ch. 469-471
အခန်း ၄၆၉ - ထျန်းလူတောင် ထာဝရခြေရာ၊ လောကဓာတ်၏ အာရုံစိုက်ရာ...
~တစ်ဦးသော ကျင့်ကြံသူ၏ စိတ်ပူပန်သံမှာ လေထဲတွင် ဝဲပျံနေတော့သည်။
“ပြဿနာက ဒီလောက်များပြားတဲ့ မဟာစွမ်းအားရှင်တွေရှိနေတဲ့ ကြီးကျယ်ခမ်းနားတဲ့ တိုက်ပွဲသာ ဖြစ်ပွားခဲ့ရင် ချင်းကျိုး တစ်နယ်လုံး ပျက်စီးဆုံးရှုံးသွားမလားပဲ”
ထျန်းလူမြို့၌ ကျင့်ကြံသူ အများအပြားက စည်ကားစွာ ဆွေးနွေးနေကြပြီး သူတို့၏ မျက်နှာအမူအရာများမှာ မရေမရာ ပြောင်းလဲနေ၏။ သူတို့သည် ထျန်းလူတောင်ပေါ်ရှိ အင်မော်တယ်ရတနာကို စပ်စုနေကြသော်လည်း ဘေးအန္တရာယ် ဖြစ်မည်ကို စိုးရိမ်သောကြောင့် အနည်းငယ် စိုးရိမ် ပူပန်နေကြလေသည်။ သူတို့၏ နှလုံးသားတို့မှာ ဒွိဟစိတ်တို့ဖြင့် ပြည့်နှက်နေတော့၏။
လုရီနှင့် သူ၏ အဖော်သုံးဦးတို့သည် တည်ငြိမ်စွာ ထျန်းလူမြို့သို့ ဝင်ရောက်လာကြ၏။ အချို့ကျင့်ကြံသူများလည်း သူတို့ကို သတိပြုမိကြပြီး သူတို့၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြ၏။ မျက်ဝန်းတို့ တောက်ပလာကြသည်လည်း ရှိ၏။
ထိုအသံမှာ ဝေဟင်ကို တုန်ဟည်းသွားစေတော့သည်။
“လုရီပဲ! လုရီလည်း ရောက်လာပြီ!”
လူအများက မေးခွန်းထုတ်နေကြတော့၏။
“သူ့ဘေးနားက အမျိုးသမီးက နတ်ဓားဂိုဏ်းက ဓားနတ်သမီး ကျန်းရူယွီနဲ့ လျိုနင်ရွှမ်းပဲ။ ဒါပေမဲ့ တခြားတစ်ယောက်က ဘယ်သူလဲ”
ချီးကျူးသံများ ထွက်ပေါ်လာ၏။
“ငါတော့ မသိဘူး၊ ဒါပေမဲ့ သူကလည်း အသက်ရှူမှားလောက်အောင် လှပတယ်။ ကောလာဟလတွေက မှန်တယ်ထင်တယ်။ လုရီက တကယ်ပဲ ပြိုင်ဘက်ကင်းတဲ့ အရည်အချင်းနဲ့ ဆွဲဆောင်မှုရှိတဲ့ ယောက်ျားပဲ”
လူအများ စကားပြောဆိုနေကြရင်း လုရီနှင့် အဖွဲ့သားများ မြို့ထဲသို့ ပျံသန်းဝင်ရောက်သွားသည်ကို ကြည့်နေကြ၏။ သူတို့၏ အကြည့်တို့က လုရီတို့နောက်သို့ တရွတ်တိုက် ပါသွားလေ၏။
လူအုပ်၏ ဆွေးနွေးသံများကို ကြားရသည်နှင့် လူများစွာက လုရီနှင့် သူ၏ အဖွဲ့ဘက်သို့ အာရုံစိုက်လိုက်ကြတော့၏။ ၎င်းတို့၏ စူးစမ်းသော အကြည့်တို့မှာ လုရီတို့အပေါ်တွင် ရောက်ရှိနေချေပြီ။
လုရီသည် ရှေးဟောင်းသင်္ဘော၊ သစ်သားငါးခေါင်းလောင်းနှင့် နန်းတော်တို့မှ ထွက်ပေါ်နေသော ပြင်းထန်သော အငွေ့အသက် အချို့ကို အာရုံခံမိလိုက်၏။
ကောင်းကင်နန်းတော်၏ ရှေးဟောင်းသင်္ဘောပေါ်တွင် ယခင် ကောင်းကင်နန်းတော်၏ သူတော်စင်သားတော်နှင့် သူတော်စင်သမီးတော်တို့နှစ်ဦးစလုံး လုရီအား ကြည့်နေကြ၏။ ယခုအခါ သူတို့နှစ်ဦးစလုံး၏ ကျင့်ကြံမှုအဆင့်များမှာ ဟင်းလင်းပြင်ဥမင်နယ်ပယ်သို့ ရောက်ရှိနေကြပြီး အလွန်အစွမ်းထက်ကြသူများ ဖြစ်ကြသည်။
၎င်းတို့ဘေးတွင် နက်ရှိုင်းသော အငွေ့အသက်ရှိသော ချောမောသည့် လူငယ်တစ်ဦးရှိပြီး သူ၏ အရှိန်အဝါမှာ နက်ရှိုင်းသော ချောက်ကဲ့သို့ ဖြစ်၏။ ပေါင်းစည်းခြင်းနယ်ပယ်ဝင် စွမ်းအားရှင်ပင် ဖြစ်တော့၏။ သူသည် ယခင် ကောင်းကင်နန်းတော်၏ သူတော်စင်သားတော်ဖြစ်ပြီး ခွန်အားမှာ အံ့မခန်းဖြစ်သကဲ့သို့ အရည်အချင်းမှာလည်း ထူးခြားလှပေသည်။
သူ၏ မျက်လုံးများတွင် နက်နဲသော တာအိုပုံစံများ ဝေ့ဝဲနေပြီး ဖြည်းညင်းစွာ ရေရွတ်လိုက်၏။
“ဒါ လုရီလား?”
သူ၏ လေသံတွင် စိတ်ဝင်စားမှုတို့ ပါဝင်နေ၏။
“ဟင်းလင်းပြင်ဥမင်နယ်ပယ်မှာ ရှိနေတုန်း မဟာယာနပင်လယ်မျိုးနွယ်ဝင် တစ်ဦးကို သတ်ဖြတ်ခဲ့တဲ့ အရှေ့နယ်မြေက မိစ္ဆာဆိုးလား”
ကောင်းကင်နန်းတော် သူတော်စင်သားတော်၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲပင် ဖြစ်ပြီး ခေါင်းညိတ်ကာ ဆိုလေသည်။
“အင်း၊ အဲဒါ သူပဲ”
ထိုစဉ် ကောင်းကင်နန်းတော် သူတော်စင်သမီးတော်ကမူ လွန်ခဲ့သော နှစ်များက သူမ၏ ဟန်ပန်အတိုင်းပင် မာနကြီးသော အမူအရာဖြင့် ပြောလေသည်။
“ဟင်းလင်းပြင်ဥမင်နယ်ပယ်နဲ့ မဟာယာနကျင့်ကြံသူတွေကြားမှာ ဒီလောက်ကြီးမားတဲ့ ကွာခြားချက်ရှိတာကို သူ့ကိုယ်ပိုင်စွမ်းအားနဲ့ မဟာယာနပင်လယ်မျိုးနွယ်ဝင်တစ်ဦးကို သတ်ဖြတ်ခဲ့တယ်ဆိုတာ ငါ မယုံဘူး”
ယခင် ကောင်းကင်နန်းတော် သူတော်စင်သားတော်က ခေါင်းခါ၍ ဆို၏။
“ကောလာဟလဖြစ်နေရင်တောင်မှ သူ အခင်းအကျင်းတာအိုနဲ့ မဟာယာနပင်လယ်မျိုးနွယ်ဝင်တစ်ဦးကို ထောင်ချောက်ဆင်ခဲ့တာကို လူပေါင်းများစွာ မျက်မြင်ကိုယ်တွေ့ ရှိခဲ့တာဆိုတော့ ဒါက ထူးခြားနေပြီ”
ကောင်းကင်နန်းတော် သူတော်စင်သားတော်က သူ၏ မျက်နှာအမူအရာ လေးနက်လာ၍ မျက်မှောင်ကြုတ်ကာ ပြောဆိုလိုက်တော့၏။
“ဒီတစ်ခါ ထျန်းလူတောင်ကို သူလာတာ
အင်မော်တယ်ရတနာ ကိစ္စမှာ ပါဝင်ချင်လို့ ထင်ပါရဲ့”
သူတို့ဘေးတွင် အကြီးအကဲအချို့ ရှိနေကြ၏။ ၎င်းတို့အား ဦးဆောင်သူ၏ တည်ရှိမှုက ယခင် ကောင်းကင်နန်းတော် သူတော်စင်သားတော်၏ တည်ရှိမှုကိုပင် ကျော်လွန်နေပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်၏။ သူ့ပတ်လည်ရှိ လေဟာနယ်ပင် လိမ်ကွေးနေတော့၏။ ဤသူကား ကပ်ဘေးဖြတ်ကျော်
အဘိုးအိုတစ်ပါးပင်။
ညှို့မှိုင်းသော မျက်လုံးများဖြင့် လုရီ၏ ကျောပြင်အား စူးစိုက်ကြည့်ရင်း ကပ်ဘေးဖြတ်ကျော် အဘိုးအို၏ မျက်လုံးများတွင် ပြတ်သားသော အရောင်အလင်းတစ်ခု ပေါ်လာကာ လျစ်လျူရှုသော အသံဖြင့် ပြောလိုက်၏။
“ထူးချွန်တဲ့ အရည်အချင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ နောက်ဆုံးတော့ သူက
အင်မော်တယ် မဖြစ်သေးဘူး။ ကောင်းကင်အောက်မှာလည်း မနိုင်သေးဘူး။ အင်မော်တယ်းရတနာတွေက နှစ်တစ်သန်းမှ တစ်ခါလောက်သာ ပေါ်ထွက်တတ်တာ။ ငါတို့ ကောင်းကင်နန်းတော်ကတော့ ကိုယ့်အတွက် ကိုယ်ရအောင် ယူရမယ်! ဘယ်သူပဲ လမ်းတားတား ဖြတ်ပစ်ရုံပဲ! လုရီဆိုတာလည်း
ခြွင်းချက် မရှိပဲ!”
ယခင် ကောင်းကင်နန်းတော် သူတော်စင်သားတော်၏ မျက်နှာတွင် အေးစက်သော အလင်းရောင်တစ်ခု ပေါ်လာပြီး ပြုံးလိုက်၏။
“ဒါက လုရီနဲ့ပတ်သက်တဲ့ ကောလာဟလတွေ ဘယ်လောက် မှန်သလဲဆိုတာ ကိုယ့်ဘာသာကိုယ် မြင်ဖို့ အခွင့်ကောင်းပဲ”
...
ထိုအခိုက်အတန့်မှာ ကောင်းကင်မိစ္ဆာနန်းတော်အတွင်း၌ လက်များကို နောက်ပစ်ထားသော လူငယ်တစ်ဦးသည် လုရီ၏ ကျောပြင်ကို ကြည့်နေရင်း သူ၏ဘေးရှိ ကောင်းကင်မိစ္ဆာနန်းတော် ကပ်ဘေးဖြတ်ကျော် အဘိုးအိုအား ပြောဆိုလိုက်၏။
“ဒါ လုရီလား? ကျွန်တော် သူ့ကို အမဲလိုက်စရာ မလိုတော့ဘူးပဲ။ သေးငယ်တဲ့ ဂိုဏ်းက တပည့်လေးတစ်ယောက်က ဒီလောက် အရည်အချင်းရှိတယ်ပေါ့? ကျွန်တော့်ရဲ့ အမြင့်ဆုံး ကောင်းကင်မိစ္ဆာကျမ်းကို စမ်းသပ်ကြည့်ရအောင်။ သူ တောင့်ခံနိုင်မလား ကြည့်ရတာပေါ့!”
သစ်သားငါးခေါင်းလောင်းကြီးပေါ်တွင် ဗုဒ္ဓသားတော် တစ်ပါးသည် သူ၏ ရွှေရောင် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။ ထိုမျက်လုံးများမှ ကမ္ဘာလောကအပေါ် ဗုဒ္ဓ၏ မေတ္တာကဲ့သို့ ပဲ့တင်ထပ်နေဟန်ရှိသည်။
သူ၏ လက်ဖဝါးများကို ပူးကပ်လိုက်ပြီး
“အော်မီတော်ဖော..ဒီကျင့်ကြံသူက လုရီလား”” ရေရွတ်လိုက်၏။
ဘေးနားရှိ အကြီးအကဲ ရဟန်းတစ်ပါးက ဖြည်းညင်းစွာ မေး၏။
“ဟွေ့မင်း၊ မင်း ဘယ်လိုထင်လဲ”
ဗုဒ္ဓသားတော်၏ ရွှေရောင်မျက်လုံးများ အနည်းငယ် တုန်ခါသွားပြီး ခေါင်းခါကာ ပြောလိုက်၏။
“အကြီးအကဲ..ဟွေ့မင်း သူ့ကို မယှဉ်နိုင်ပါဘူး”
အကြီးအကဲ ရဟန်းနှင့် သူ့ဘေးရှိ ရဟန်းများ၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားပြီး ဟွေ့မင်းအား ကြည့်လိုက်ကြ၏။ သူတို့၏ မျက်ဝန်းများတွင် အံ့ဩမှုတို့ ထင်ရှားနေတော့၏။
ခေတ္တမျှ တိတ်ဆိတ်ပြီးနောက် အကြီးအကဲ ရဟန်းက ရယ်မော၍ ရေရွတ်သည်။
“ဒီကျင့်ကြံသူ လုရီက သူ့နာမည်နဲ့ ထိုက်တန်တယ်လို့ ထင်ပါရဲ့။ သို့သော် အင်မော်တယ်ရတနာ ကိစ္စက အရေးကြီးတယ်။ ငါတို့ ဗုဒ္ဓဘာသာဂိုဏ်းကလည်း အပြည့်အဝ ကြိုးစားပြီး လုယူရမယ်!”
ရဟန်းများအားလုံး ခေါင်းညိတ်ကာ သဘောတူညီကြ၏။
လူပေါင်းထောင်ချီ၏ စူးစိုက်အကြည့်အောက်တွင် လုရီနှင့် သူ၏ အဖွဲ့သည် ထျန်းလူမြို့ထဲသို့ လျင်မြန်စွာ ဦးတည်ဝင်ရောက်သွားကြပြီး သူ၏ ရောက်ရှိခြင်းသတင်းမှာ မြို့တစ်ခွင်လုံး လျင်မြန်စွာ ပျံ့နှံ့သွားတော့၏။
လုရီနှင့် သူ၏ အဖော်များ မြို့ထဲသို့ ဝင်ရောက်ပြီးသည်နှင့် မကြာမီ ကောင်းကင်ယံသို့ အလင်းတန်းများ ပျံတက်သွားပြီး သူတို့ဆီသို့ တန်းတန်းမတ်မတ် လာရောက်ကြ၏။
“ညီအစ်ကိုလု၊ ကြာပြီနော်၊ မတွေ့တာ”
ကောင်းကင်နဂါးသူတော်စင်သားတော်က ပြုံးရွှင်စွာ ပြောဆိုလိုက်၏။ သူ၏ ဟင်းလင်းပြင်ဥမင်နယ်ပယ် အရှိန်အဝါများ တရိပ်ရိပ်တက်လာပြီး သူ၏ သွေးချီမှာ မငြိမ်သက်သေးသည်မှာ သူ မကြာမီကမှ ကျင့်ကြံနေခဲ့သည်ကို ဖော်ပြနေတော့၏။
ထိုက်ရီသူတော်စင်သားတော်ကလည်း ပြုံးကာ ပြောဆိုလိုက်ပါ၏။
“ညီအစ်ကိုလု၊ ဘာလို့ ငါတို့ ထိုက်ရီမြင့်မြတ်နယ်မြေကို အခင်းအကျင်းမြေပုံကိ
လာမလေ့လာတာလဲ။ ဘိုးဘေးတွေအားလုံး မင်းအကြောင်း ပြောနေကြတာ”
ဝမ်ချီဖုန်းနှင့် ဖုန်းပုမင်တို့လည်း ပျံသန်းလာကြပြီး နှစ်ဦးစလုံး ပျော်ရွှင်စွာ ပြုံးနေကြ၏။
“ညီလေးလု၊ မတွေ့ရတာ ကြာလှပြီ”
ထို့အပြင် အသက်ရှူမှားလောက်အောင် လှပသော အမျိုးသမီးတစ်ဦး ချဉ်းကပ်လာပြီး တောက်ပစွာ ပြုံးပြလာ၏။ သူမ၏ မျက်လုံးများက လုရီအား စူးစိုက်ကြည့်ကာ ချိုလွင်သော အသံဖြင့်မေးလာ၏။
“အစ်ကိုလု၊ ကျွန်မကို မှတ်မိသေးလား”
ဤအမျိုးသမီးကား လေ့ယင် မြင့်မြတ်နယ်မြေ၏ သူတော်စင်သမီးတော် လေ့ထျန်းယင်ပင်။
ထိုအခါ ကျန်းရူယွီ၊ လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့အားလုံး မျက်မှောင်ကြုတ်ကာ လေ့ထျန်းယင်အား မကြည်မလင်ကြည့်လိုက်ကြ၏။
သုန်းကုန်းမင်ယွဲ့သည် အမြဲတမ်း သွေးပူသူဖြစ်ရာ တိုးတိုးလေး ရေရွတ်လိုက်၏။
“ဟွန့်..နောက်ထပ် မြေခွေးမိစ္ဆာ တစ်ကောင်က အစ်ကိုကြီးကို ဖြားယောင်းဖို့ ကြိုးစားနေပြီ”
သူမ၏ အသံမှာ တိုးသော်ငြားလည်း ထိုနေရာရှိ လူတိုင်းသည် ထူးချွန်သူများဖြစ်ရာ သဘာဝအတိုင်း ကြားလိုက်ကြတော့၏။ လေထဲတွင် တိတ်ဆိတ်မှု တစ်ခု ဖုံးလွှမ်းသွားသည်။
ကောင်းကင်နဂါးသူတော်စင်သားတော်နှင့် အခြားသူများ၏ မျက်နှာအမူအရာများ ထူးခြားသွားကြ၏။
လေ့ထျန်းယင်၏ အပြုံးသည် တောင့်တင်းသွားပြီး သုန်းကုန်းမင်ယွဲ့အား အံကြိတ်လျက် ကြည့်နေ၏။ သူမ၏ မျက်ဝန်းတို့တွင် မီးတောက်များ ထွက်နေတော့သည်။
သုန်းကုန်းမင်ယွဲ့မှာ အရှုံးမပေးတတ်သူဖြစ်ရာ ဂရုမစိုက်ဘဲ ပြန်စူးစိုက်ကြည့်လိုက်၏။ သူတို့နှစ်ဦး၏ အကြည့်တို့မှာ လေထဲတွင်ပင် မီးပွင့်မတတ် တိုက်ဆိုင်သွားတော့၏။
လုရီမှာ အားကိုးရာမဲ့စွာ ပြုံးကာ အခြေအနေကို ထိန်းချုပ်လိုက်၏။
“အားလုံးကို မတွေ့ရတာ ကြာပြီ။ အားလုံး ဒီမှာ ရှိနေကြတာဆိုတော့ အတူတူ သောက်ကြတာပေါ့”
ဝမ်ချီဖုန်းက ခေါင်းပြင်းပြင်းညိတ်၏။
“ဒါဆို အရမ်းကောင်းတာပေါ့!”
သူတို့အားလုံးသည် အမျိုးသမီးများကြားမှ တင်းမာမှုသည် အတော်ပင် ထိတ်လန့်ဖွယ်ကောင်းသောကြောင့် အခြေအနေမှာ အနည်းငယ် စိတ်မသက်မသာ ဖြစ်လာနေသည်ကို ခံစားမိကြ၏။ ဤကား သိုင်းလောက၏ အလှတရားနှင့် အင်အားပြိုင်ဆိုင်မှုတို့ ရောယှက်နေသော ထူးခြားသည့် မြင်ကွင်းပင်တည်း။
—
အခန်း ၄၇၀ - ထျန်းလူတောင် အင်မော်တယ်ခြေရာ၊ လောကဓာတ်၏ အာရုံစိုက်ရာ...
လူအုပ်သည် ဧည့်ရိပ်သာတစ်ခုကို ရှာတွေ့ကြပြီး ဝိဉာဉ်ဝိုင်နှင့် ဝိဉာဉ်အစားအစာများကို မှာယူကာ စားသောက်ရင်း စကားစမြည် ပြောဆိုနေကြတော့၏။ စားပွဲဝိုင်းတစ်ခုလုံးမှာ ရင်းနှီးနွေးထွေးသော အငွေ့အသက်တို့ဖြင့် ပြည့်နှက်နေလေသည်။
“ ထျန်းလူတောင်ပေါ်မှာ ကြယ်တွေ
တလက်လက် ထွန်းလင်းနေတယ်လို့ ပြောခဲ့ကြတာ မဟုတ်ဘူးလား။ ဘာလို့ ဘာမှ မတွေ့ရတာလဲ” လုရီက စပ်စုသော မျက်လုံးများဖြင့် မေးလိုက်၏။
သူတို့သည် ထျန်းလူတောင်ပေါ်မှ ခုနကမှ ပျံသန်းလာခဲ့ကြခြင်း ဖြစ်၏။ သိုင်းသမား အများအပြားကို တွေ့ရသည်မှအပ အခြားထူးခြားမှု တစ်စုံတစ်ရာကို မတွေ့ခဲ့ရချေ။
လုရီ၏ နတ်ဘုရားအာရုံမှာ အလွန်ပင် အစွမ်းထက်ပြီး ကြောက်မက်ဖွယ် ကောင်းလှ၏။ သူ၏ နတ်ဘုရားအာရုံဖြင့် တောင်တန်းကြီးတစ်ခုလုံးကို ရှာဖွေခဲ့သော်လည်း ထူးခြားဖြစ်စဉ် တစ်ခုမျှ မတွေ့ရပေ။
ထို့ပြင် ထိုနေရာ၌ စူးစမ်းရှာဖွေနေသော သိုင်းသမားတို့မှာလည်း သာမန် ကျင့်ကြံမှုအဆင့်များသာ ရှိကြပြီး အစွမ်းထက်သူများ မရှိကြသောကြောင့် လုရီနှင့် အဖော်များမှာ ထိုနေရာ၌ ဆက်လက် မနေတော့ဘဲ ထျန်းလူမြို့သို့ တိုက်ရိုက် ဦးတည်ခဲ့ကြခြင်း ဖြစ်ချေသည်။
ကောင်းကင်နဂါးသူတော်စင်သားတော်က ရှင်းပြလိုက်၏။
“ညီအစ်ကိုလုက နောက်ကျမှ ရောက်လာတာဆိုတော့ ထျန်းလူတောင်ပေါ်က ကြယ်အလင်းတန်းတွေက အချိန်တိုင်း ပေါ်မနေဘူးဆိုတာ သိချင်မှ သိမှာပေါ့။ ဒါတွေက အခါအားလျော်စွာပဲ ပေါ်တာ။ ပေါ်တိုင်းလည်း ညဘက်ကျမှ ပေါ်တာလေ။”
“ဒါပေမဲ့ ကြယ်အလင်းတန်းတွေ ပိုပြီး မကြာခဏ ပေါ်လာနေပြီ။ ဘိုးဘေးတွေက ဒါ အင်မော်တယ် ရတနာ ပေါ်ထွက်တော့မယ်ဆိုတဲ့ နိမိတ်လို့ ပြောကြတယ်။”
“တောင်တန်းတွေကို ခင်ဗျားတို့ ရှာဖွေကြည့်ပြီးပြီ မဟုတ်လား။ ဘာလို့ ဒီမှာ စောင့်နေကြတာလဲ။ ရှာလို့တွေ့ရင် အကျိုးမများဘူးလား”
ထိုသို့ လုရီက စပ်စုသော မျက်လုံးများဖြင့် မေးလိုက်၏။
ဤစကားကို ကြားရသော် ကောင်းကင်နဂါးသူတော်စင်သားတော်နှင့် အခြားသူများ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။
ထို့နောက် ဝမ်ချီဖုန်းက ခါးခါးသီးသီး ပြုံးလျက် ဆို၏။
“ဘယ်သူက မရှာဘူး ပြောလို့လဲ။ ငါတို့
နတ်ဓားဂိုဏ်းက စရောက်တုန်းက ဘိုးဘေး ဖန်ထျန်းယောင်နဲ့ အကြီးအကဲတွေ အဖွဲ့လိုက်
ထျန်းလူတောင်တန်းတစ်ခုလုံးကို တစ်စစီ ဖြိုခွဲမတတ် ရှာဖွေခဲ့ကြတာ လေ။ ဒါပေမဲ့ အင်မော်တယ် ရတနာကို ဘယ်သူမှ မတွေ့ခဲ့ဘူး”
ထိုက်ရီသူတော်စင် သားတော်ကလည်း စိတ်ပျက်ပျက်နှင့် ပြောလိုက်၏။
“ကျွန်တော်တို့ ထိုက်ရီမြင့်မြတ်နယ်မြေလည်း အတူတူပဲ။ ညဘက် ကြယ်အလင်းတန်းတွေ
အတောက်ပဆုံး ဖြစ်နေတဲ့အချိန်မှာတောင်
အင်မော်တယ်ရတနာရဲ့ တည်နေရာကို ကျွန်တော်တို့ တိတိကျကျ မသိနိုင်ခဲ့ဘူး။ ဘိုးဘေးကတော့ အဲဒီနေရာမှာ ကြီးမားတဲ့ အခင်းအကျင်းကြီတစ်ခု ဖုံးကွယ်ထားတာ ဒါမှမဟုတ် အင်မော်တယ်ရတနာက သေးငယ်တဲ့ ကမ္ဘာတစ်ခုထဲမှာ ရှိနေတာ ဖြစ်နိုင်တယ်လို့ ကောက်ချက်ချထားတယ်။ ဘယ်သူမှတော့ တိတိကျကျ မသိနိုင်ဘူး”
လုရီသည် နားထောင်ရင်း အနည်းငယ် ခေါင်းညိတ်လိုက်၏။
ဤမျှ ထူးခြားနေသည်မှာ အံ့ဩစရာ မဟုတ်ချေ။
အကယ်၍ ရှာ၍ တွေ့ခဲ့ပါလျှင် ဤအင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေမှ လူများမှာ ထိုနေရာ၌ ဆက်လက် စောင့်ဆိုင်းနေကြမည် မဟုတ်ချေ။
လူအုပ်စုသည် စကားများစွာ ပြောဆိုကြပြီး ဝိုင်သောက်ရင်း ခေတ္တမျှ တာအို ဆွေးနွေးကြ၏။
နောက်ဆုံးတွင် စားပွဲတော် ပြီးဆုံးသွားသောအခါ ကောင်းကင်နဂါးသူတော်စင်သားတော်၊ ထိုက်ရီသူတော်စင်သားတော်နှင့် အခြားသူတော်စင်အမွေခံများ၊ သူတော်စင်သမီးတော်များက လုရီနှင့် သူ၏ အဖော်များကို သူတို့၏ ဂိုဏ်းစခန်းများသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားကြ၏။ နောက်ဆုံး၌ လုရီ၏ အဖွဲ့သည် နတ်ဓားဂိုဏ်းသို့ သွားရောက်လည်ပတ်ရန် ဆုံးဖြတ်လိုက်ကြ၏။ အကြောင်းမှာ ကျန်းရူယွီသည် ထိုဂိုဏ်း၏ တပည့်တစ်ဦးဖြစ်သောကြောင့်ပင်။
ကျန်းရူယွီက ဝမ်ချီဖုန်းနှင့်အတူ နတ်ဓားဂိုဏ်း၏ တောင်ထိပ်စခန်းသို့ ပြန်ရောက်သောအခါ
ဘိုးဘေးဖန်ထျန်းယောင်က သူမကို မြင်သည်နှင့် မျက်နှာတစ်ခုလုံး မှုန်မှိုင်းသွားကာ ဆူပူလိုက်၏။
“ကလေး ..မင်းက နတ်ဓားဂိုဏ်းရဲ့ တပည့်ဆိုတာ မှတ်မိသေးရဲ့လား?! ဆယ်စုနှစ်ပေါင်းများစွာမှ တစ်ခါပဲ အိမ်ပြန်ပြီး ငါတို့ဂိုဏ်းကို ပြန်မလာဘူး။ မင်းနှလုံးသားထဲမှာ ဂိုဏ်းဆိုတာ ရှိသေးရဲ့လား”
ဓားနတ်ဘုရားဂိုဏ်းမှ ထွက်ခွာပြီး ဝမ်ကျန်းစံအိမ်သို့ ပြန်ရောက်ခဲ့သည့်အချိန်မှစ၍ ကျန်းရူယွီမှာ ဂိုဏ်းသို့ ပြန်မသွားခဲ့ဖူးပေ။ ဤစကားကို ကြားရသော် ကျန်းရူယွီပင် အနည်းငယ် ရှက်ရွံ့မိပြီး အားနာပါးနာ ပြုံးပြလိုက်ရ၏။
ဤအချိန်၌ ဖန်ထျန်းယောင် တစ်စုံတစ်ရာကို သတိထားမိလိုက်၏။ သူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ကျန်းရူယွီအား အံ့ဩတုန်လှုပ်စွာ ကြည့်ကာ တအံ့တသြအော်ဟစ်လိုက်၏။
“ပေါင်းစည်းခြင်းနယ်ပယ်လား?! ကလေး၊ မင်း တကယ်ပဲ ပေါင်းစည်းခြင်းနယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ခဲ့တာလား”
ဝမ်ချီဖုန်းမှာ ကြက်သေသေသွား၏။ သူ ခေါင်းလှည့်ကာ ကျန်းရူယွီအား ကြည့်လျက် မျက်လုံးများမှ မယုံကြည်နိုင်ခြင်းများ လွန့်လူးနေကာ မေးလိုက်၏။
“ညီမလေးရူယွီ?! ဘာသံမှ မထွက်ဘဲ ပေါင်းစည်းခြင်းနယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ခဲ့တာလား”
ကျန်းရူယွီမှာ အပြုံးများဖြင့် ပြည့်နှက်နေ၏။
“ဘိုးဘေး၊ ဘိုးဘေး မြင်တဲ့အတိုင်းပဲလေ။ ကျွန်မ ကြိုးကြိုးစားစား ကျင့်ကြံခဲ့တာ မဟုတ်ဘူးလား။ ဝမ်ကျန်းစံအိမ်မှာလည်း ကျွန်မ အတတ်နိုင်ဆုံး ကြိုးစားခဲ့တာပါပဲ နော်”
ဖန်ထျန်းယောင်မှာ လုံးဝ မျက်လုံးပြူးသွားပြီး နှုတ်ခမ်းများ လှုပ်ရွနေ၏။
“မဖြစ်နိုင်ဘူး..ဒါ မဖြစ်နိုင်ဘူး... ဝမ်ကျန်းစံအိမ်ရဲ့ အရင်းအမြစ်တွေက ငါတို့ နတ်ဓားဂိုဏ်းနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မလဲ။ မင်း ဘယ်လိုလုပ်ခဲ့တာလဲ” သူ၏ လေသံတွင် မေးခွန်းများစွာ ရှိနေတော့၏။
ထို့နောက် ကျန်းရူယွီအား တစ်ချက် အကဲခတ်ပြီးနောက် ဖန်ထျန်းယောင် တစ်စုံတစ်ရာကို သတိရဟန်ဖြင့် လုရီအား ကြည့်ကာ မေးလိုက်၏။
“မိတ်ဆွေလေး လုရီကြောင့် ဖြစ်နိုင်မလား? နှစ်ကိုယ်တူ ကျင့်ကြံတာလား”
ဤစကားကို ကြားရသော် လျိုနင်ရွှမ်း မျက်ခုံးပင့်ကာ ကျန်းရူယွီအား တည်ငြိမ်စွာ ကြည့်လိုက်၏။
ကျန်းရူယွီမှာ တုန်လှုပ်သွားပြီး ခေါင်းကို ခါယမ်း၍ အထိတ်တလန့် ငြင်းဆိုလိုက်၏။
“ဘိုးဘေး၊ ဒီလို မနောက်ပါနဲ့! ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?! နှစ်ကိုယ်တူ ကျင့်ကြံတာတော့ သေချာပေါက် မဟုတ်ဘူး!”
လျိုနင်ရွှမ်း၏ အကြည့်ကို ခံစားမိသောအခါ ကျန်းရူယွီ၏ ကျောပြင်တွင် ချွေးအေးများ စိုရွှဲလာတော့၏။
“ဒါတွေအားလုံးက ကျွန်မရဲ့ ကိုယ်ပိုင်ကြိုးစားမှုရဲ့ ရလဒ်တွေပါ။ ဟုတ်တာပေါ့၊ ကျွန်မရဲ့ မိစ္ဆာဆန်တဲ့ ဂျူနီယာမောင်လေးကလည်း ကျွန်မကို အရင်းအမြစ်တွေ အများကြီး ပေးခဲ့ပါတယ်”
ကျန်းရူယွီခမျာ ဆက်တိုက် ရှင်းပြနေတော့၏။
ဤစကားကို ကြားရသော် ဖန်ထျန်းယောင် လုရီအား တစ်ချက်ကြည့်ပြီး သက်ပြင်းချကာ ပြောလိုက်၏။
“မိတ်ဆွေလေးလုရီ၊ ရူယွီက ငါ့ရဲ့ နတ်ဓားဂိုဏ်းက တပည့်ပဲ။ ဒါပေမဲ့ အခု သူက မင်းရဲ့ အရင်းအမြစ်တွေကို မှီခိုနေရတယ်ဆိုတော့ တော်တော်လေး မသင့်တော်ဘူး”
ထိုအခါ လုရီက ကြည်သာစွာ ပြုံးပြီး ပြန်ဖြေ၏။
“ဒါက ကျွန်တော် လုပ်သင့်တဲ့ ကိစ္စပါ”
“ဘိုးဘေး၊ ကျွန်မတို့ ပင်ပန်းနေပါပြီ။ ကျွန်မတို့အတွက် အခန်းတွေ အရင်ပြင်ပေးရင် မကောင်းဘူးလား”
ထိုသို့ ဖန်ထျန်းယောင် နောက်ထပ် စကားပြောလိုသေးသော်လည်း ကျန်းရူယွီက ဖြတ်ပြောလိုက် တော့၏။
ဤစကားကို ကြားရသော် ဖန်ထျန်းယောင် ခေါင်းညိတ်၍ ဆိုလေသည်။
“ဟုတ်သားပဲ၊ မိတ်ဆွေလေးလုရီအတွက် အခန်း အရင်ပြင်ပေးရမယ်”
ထို့နောက် ဖန်ထျန်းယောင်သည် သူတို့ လေးဦးအတွက် ဝင်းခြံတစ်ခုကို ရှာဖွေပေးပြီး နေထိုင်ရန် စီစဉ်ပေးလိုက်၏။
...
ညဘက်အခါသမယ...
ကျင့်ကြံနေစဉ် လုရီ ရုတ်တရက် တစ်စုံတစ်ရာကို ခံစားမိလိုက်ပြီး မျက်လုံးများကို ချက်ချင်းဖွင့်ကာ အခန်းထဲမှ ပျောက်ကွယ်သွားတော့၏။
သူ လေထဲသို့ ပေါ်လာသည်နှင့် ထျန်းလူတောင်တစ်ခုလုံး ကြယ်အလင်းတန်းများဖြင့် ဖုံးလွှမ်းနေသည်ကို တွေ့ရ၏။ ကြယ်မှုန်များစွာ ကောင်းကင်ယံတွင် ဝဲလည်နေပြီး အလင်းတန်းများအဖြစ် ပေါင်းစပ်ကာ ထျန်းလူတောင်ပေါ်သို့ ထွန်းလင်းနေပြီး တောင်တန်းတစ်ခုလုံးကို ဖုံးအုပ်ထားလေသည်။
ကြယ်အလင်းတန်းများမှာ တလက်လက် တောက်ပနေပြီး ရှုခင်းကို မျက်စိပသာဒ ဖြစ်စေကာ ဆွဲဆောင်မှုရှိလှ၏။
လုရီတင် မကဘဲ ကျန်းရူယွီနှင့် အခြားသူများလည်း ခံစားမိကြပြီး ပျံသန်းထွက်လာကြ၏။ ထျန်းလူမြို့ပေါ်ရှိ ကျင့်ကြံသူ အများအပြားလည်း ကောင်းကင်ယံသို့ ပျံတက်ကာ ကြယ်အလင်းတန်းများကို ကြည့်နေကြတော့၏။
ကျန်းရူယွီ အံ့ဩတကြီး ရေရွတ်လိုက်၏။
“ဒါ ထျန်းလူတောင်ပေါ်က ကြယ်အလင်းတန်းတွေလား။ တကယ်ကို ထူးခြားတယ်”
ဤမျှ ကျယ်ပြောသော ကြယ်အလင်းတန်းများက အရေးကြီးသော ကိစ္စတစ်ခုကို ရှင်းလင်းစွာ ဖော်ပြနေတော့၏။
ဖန်ထျန်းယောင်လည်း ပျံသန်းထွက်လာပြီး ဝေးကွာသော ကြယ်အလင်းတန်းများကို ကြည့်ကာ မေးလိုက်၏။
“ထပ်ပေါ်လာပြန်ပြီပဲ။ မိတ်ဆွေလေးလုရီ၊
ထျန်းလူတောင်ကို တစ်ချက် လိုက်ကြည့်ချင်စိတ် ရှိလား”
လုရီ၏ မျက်လုံးများ လင်းလက်သွားပြီး ပြုံးလျက် ခေါင်းညိတ်၏။
“ဟုတ်ကဲ့!”
လူအုပ်စုသည် ထျန်းလူတောင်ဘက်သို့ ပျံသန်းသွားကြ၏။ လုရီ သတိပြုမိသည်မှာ သူတို့အပြင် တခြား ကျင့်ကြံသူများစွာလည်း ထိုဦးတည်ရာသို့ပင် ပျံသန်းနေကြခြင်းပင်။
လုရီသည် အလွန်အစွမ်းထက်သော အငွေ့အသက်များစွာကို သိရှိလိုက်၏။ ၎င်းတို့တွင် ပေါင်းစည်းခြင်းနယ်ပယ်၊ မဟာယာနနယ်ပယ်နှင့် ကပ်ဘေးဖြတ်ကျော်နယ်ပယ်မှ မဟာစွမ်းအားရှင်များပင် ပါဝင်နေကြ၏။
လုရီ၏ အကြည့်များက ဝဲလှည့်သွားပြီး နေ့ခင်းဘက်က တွေ့ဆုံခဲ့ရသော အနောက်နယ်မြေမှ ဗုဒ္ဓဘာသာသားတော်ကို မြင်ရ၏။ ထို့ပြင် ကောင်းကင်နန်းတော်မှ သူတော်စင်သားတော်များနှင့် သူတော်စင်သမီးများ၊ ကောင်းကင်နဂါးသူတော်စင်သားတော်နှင့် အခြားသူများကိုလည်း တွေ့ရ၏။
အင်မော်တယ် ရတနာ၏ တည်နေရာကို မသိနိုင်သေးသော်လည်း လက်ရှိ ထူးခြားဖြစ်စဉ်ကြောင့် မည်သူမျှ တုန်လှုပ်ခြင်းမရှိဘဲ မနေနိုင်ကြပေ။
မကြာမီ လူတိုင်း ထျန်းလူတောင်တန်းသို့ ရောက်ရှိလာကြတော့၏။
ထျန်းလူတောင်တန်းသည် သေးငယ်သည် မဟုတ်သော်လည်း မဟာစွမ်းအားအဆင့် ကျင့်ကြံသူများအတွက်မူ ခဏလေးအတွင်း ဖြတ်သန်းနိုင်သည့် အကွာအဝေးမျှသာ ဖြစ်၏။
မဟာစွမ်းအားရှင်များစွာ လေထဲတွင် ရပ်နေကြပြီး ၎င်းတို့၏ အစွမ်းထက်သော နတ်ဘုရားအာရုံများက ပျံ့နှံ့ကာ ထျန်းလူတောင်တစ်ခုလုံးကို ဖုံးအုပ်ထားလေသည်။ ထိုမျှ အစွမ်းထက်သော မဟာစွမ်းအားရှင်တို့၏ အကြည့်အောက်တွင် ဟင်းလင်းပြင်ဥမင်နယ်ပယ်နှင့် နတ်ဘုရားအသွင်ပြောင်းနယ်ပယ်မှ ကျင့်ကြံသူတို့မှာ
မရည်ရွယ်ဘဲ တုန်ရီနေကြတော့၏။
လုရီလည်း ထိုနည်းတူပင် ဖြစ်၏။ ကျန်းရူယွီနှင့် အခြားနှစ်ဦးတို့နှင့်အတူ သူတို့၏ နတ်ဘုရားအာရုံများကို လွှတ်ကာ ထျန်းလူတောင်တန်းတစ်ခုလုံးကို စီးနင်းရှာဖွေရင်း နတ်ဘုရားရတနာ၏ တည်နေရာကို ရှာဖွေနေကြ၏။ သို့သော် တောင်တန်းတစ်ခုလုံး ကြယ်များဖြင့် ဖုံးအုပ်နေသောကြောင့် ရှာဖွေရန် ခက်ခဲလှသည်။
ထိုအခိုက် လုရီ၏ မျက်လုံးများ လင်းလက်သွားပြီး ရဲရင့်သော အကြံတစ်ခုကို ရလိုက်တော့၏။ သူ၏ မျက်နှာတွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု ပေါ်လာတော့၏။
---
အခန်း ၄၇၁ - အင်မော်တယ်ရတနာတည်နေရာ.. ရင်းနှီးသောမိန်းကလေးမိတ်ဆွေများအားလုံးမှာ မိစ္ဆာများဖြစ်နေခြင်း...
လုရီသည်ကား သာမန်အသေးစားတွက်ချက်ခြင်းသိုင်းပညာကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားသူဖြစ်လေ၏။
ယခင်တစ်ခါက မြူခိုးကျွန်း၏ တည်နေရာကိုပင် ထိုပညာဖြင့် ဖော်ထုတ်နိုင်ခဲ့သည်ဖြစ်ရာ၊ ယခုတစ်ကြိမ် အင်မော်တယ်ရတနာ၏ တည်နေရာကို ဖော်ထုတ်ခြင်းသည်လည်း အောင်မြင်နိုင်ကောင်းပါရဲ့ဟု သူတွေးထင်လိုက်မိသည်။ ထိုသို့ စိတ်ပိုင်းဖြတ်လိုက်သည်နှင့်တစ်ပြိုင်နက် လုရီသည် သာမန်အသေးစားတွက်ချက်ခြင်းသိုင်းပညာကို စတင်အသုံးပြုလိုက်တော့သည်။ နက်နဲပြီး ရှုပ်ထွေးလှသော ပုံစံများက သူ၏မျက်ဝန်းထဲတွင် တဖျပ်ဖျပ် လင်းလက်ပျောက်ကွယ်သွားပြီး၊ သူသည် ကောင်းကင်ယံတွင် ပြန့်ကျဲနေသော ကြယ်ရောင်အလင်းကို အစပြု၍ အင်မော်တယ်ရတနာ၏ တည်နေရာကို စတင်တွက်ချက်ဖော်ထုတ်လေသည်။
ထိုအခါဝယ်၊ လုရီ၏ကိုယ်မှ စီးထွက်လာသော နက်နဲသည့် တာအိုအလင်းစီးကြောင်းများကို ခံစားမိသော ကျန်းရူယွီနှင့် အခြားနှစ်ဦးမှာ တစ်စုံတစ်ခုကို သတိပြုမိသွားကာ လုရီထံသို့ လှည့်ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့သုံးဦးမှာ အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြ၏။
လျိုနင်ရွှမ်းက တိုးညင်းစွာ မေးလိုက်သည်။
“ဂျူနီယာမောင်လေး တွက်ချက်နေတာလား။”
“သူတွက်ချက်နေတုန်း ငါတို့ သူ့ကို အကာအကွယ်ပေးထားကြတာပေါ့။”
ကျန်းရူယွီက ခေါင်းညိတ်ရင်း ဆိုလိုက်သည်။
သို့သော်ငြားလည်း၊ သိပ်မကြာလိုက်သော အချိန်အတွင်းမှာပင်၊ လုရီသည် သူ၏မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်တော့သည်။ သူ၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေသော်ငြားလည်း၊ သူ၏မျက်ဝန်းများ၌မူ ဝမ်းမြောက်မှုအရိပ်အယောင်တစ်ခုက ထင်ဟပ်နေခဲ့၏။ သူ အမှန်ပင် တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့ချေပြီ။
ပေါင်းစည်းခြင်းနယ်ပယ်သို့ ရောက်ရှိပြီးသည့်နောက်တွင် လုရီ၏ သာမန်အသေးစားတွက်ချက်ခြင်းသိုင်းပညာမှာ ယခင်ကထက် များစွာပို၍ ထိရောက်လာခဲ့သည်။ ထို့အပြင် အင်မော်တယ်ရတနာကဲ့သို့ အဆင့်မြင့်မားသော အရာတစ်ခုကို တွက်ချက်သည့်တိုင်အောင် ထိုမှဖြစ်ပေါ်လာမည့် နောက်ဆက်တွဲဒဏ်ကို သူ ခံနိုင်ရည်ရှိနေလေပြီ။
သုန်းကုန်းမင်ယွဲ့က လုရီကိုကြည့်ရင်း မေးလိုက်သည်။
“အစ်ကိုကြီး၊ ခုနက ဘာဖြစ်သွားတာလဲဟင်။”
လျိုနင်ရွှမ်းနှင့် ကျန်းရူယွီတို့ကလည်း သူ့ကိုကြည့်ကာ တစ်ပြိုင်တည်း မေးလိုက်ကြသည်။
“တစ်ခုခု တွေ့လိုက်လို့လား။”
လုရီက ပြုံးလိုက်ပြီး ဆိုလိုက်သည်။
“ငါ့နောက်လိုက်ခဲ့။”
သူတို့သုံးဦးလုံး ခေါင်းညိတ်လိုက်ကြ၏။
ထို့နောက် လုရီသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ဦးတည်ရာတစ်ခုဆီသို့ ပျံသန်းထွက်ခွာသွားတော့သည်။
မကြာမီမှာပင်၊ သူတို့သည် သာမန်ဟုထင်ရသော တောင်ငယ်တစ်ခု၏ အထက်သို့ ရောက်ရှိလာကြသည်။
ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လုရီက မျက်ခုံးပင့်ကာ ဆိုလိုက်လေသည်။
“ငါ့ရဲ့ တွက်ချက်မှုအရတော့ အင်မော်တယ်ရတနာက ဒီနေရာတစ်ဝိုက်မှာ ရှိနေသင့်တယ်။”
ဤစကားကို ကြားသောအခါ ကျန်းရူယွီနှင့် သူ၏အဖော်များမှာ အလွန်ပင် ဝမ်းမြောက်သွားကြသည်။
သုန်းကုန်းမင်ယွဲ့က သူမ၏လက်နှစ်ဖက်ကို ပွတ်သပ်ရင်း စိတ်အားထက်သန်စွာ ဆိုလိုက်သည်။
“တကယ်လား။ ဒါဆိုရင် သေသေချာချာ ရှာဖွေကြရအောင်။”
ထိုအခိုက်အတန့်မှာပင်၊ အေးစက်လှသော မိစ္ဆာစွမ်းအင်စီးကြောင်းအချို့သည် မလှမ်းမကမ်းမှ ဖြည်းညင်းစွာ စီးဆင်းလာပြီး သူတို့ထံသို့ ပျံသန်းလာကြတော့သည်။
ဆံပင်နက်နက်နှင့် မျက်နှာ ချောမောပြီး မာနထောင်လွှားသော အမူအရာရှိကာ၊ ကိုယ်ပတ်လည်တွင် မိစ္ဆာအလင်းတန်းများ တဖျပ်ဖျပ်လက်နေသော လူငယ်တစ်ဦးသည် အသက်အရွယ်ကြီးရင့်သူနှင့် ငယ်ရွယ်သူ စွမ်းအားရှင်အချို့နှင့်အတူ ချဉ်းကပ်လာခြင်းဖြစ်၏။
လုရီကို မြင်သောအခါ သူတို့မှာလည်း အံ့အားသင့်သွားကြပြီး၊ ထို့နောက်တွင် ဦးဆောင်လာသော လူငယ်၏မျက်နှာထက်၌ အေးစက်သော မဲ့ပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
“လုရီတဲ့လား။ မင်းကို ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး။”
“မင်းက ဘယ်သူလဲ။”
လုရီက မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီး ရောက်လာသူများကို ကြည့်ကာ မေးလိုက်သည်။
လူငယ်က လက်ပိုက်လိုက်ပြီး လုရီကို စိန်ခေါ်သော အကြည့်ဖြင့် ကြည့်လိုက်လေသည်။
“ကောင်းကင်မိစ္ဆာနန်းတော်က သုံးဖန်းလုပဲ။”
ကျန်းရူယွီက သုံးဖန်းလုကို အံ့အားသင့်ဟန်ဖြင့် တစ်ချက်ကြည့်ကာ ဆိုလိုက်သည်။
“ကောင်းကင်မိစ္ဆာနန်းတော်က ကောင်းကင်မိစ္ဆာသခင်လေးလား။ သူက ထူးခြားတဲ့ပါရမီကို ပိုင်ဆိုင်ထားပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ်က တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတုန်းကတောင် ပေါင်းစည်းခြင်းနယ်ပယ် ခြောက်လွှာကို ရောက်နေပြီတဲ့။ မဟာယာန တစ်လွှာ ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးကိုတောင် သတ်ဖြတ်နိုင်ခဲ့တယ်လို့ နာမည်ကျော်ကြားနေတဲ့သူပဲ။”
ထိုစကားကို ကြားသောအခါ လုရီမှာလည်း မျက်ခုံးများပင့်တက်သွားပြီး သုံးဖန်းလုကို အနည်းငယ် အံ့အားသင့်ဟန်ဖြင့် ကြည့်လိုက်ကာ ရေရွတ်လိုက်မိသည်။
“ဒီလောက်တောင် စွမ်းတယ်လား။”
ကျင့်ကြံမှုအဆင့် မြင့်မားလာလေလေ၊ အလွှာတစ်ခုနှင့်တစ်ခုကြား ကွာဟချက်မှာ ကြီးမားလာလေလေဖြစ်သည်ကို လူတိုင်းသိကြ၏။ ပေါင်းစည်းခြင်းနယ်ပယ် ခြောက်လွှာဖြင့် မဟာယာန ပထမအလွှာမှ တစ်စုံတစ်ယောက်ကို သတ်နိုင်ခြင်းသည် ထျန်းမင်တစ်ခွင်လုံးတွင် ရှားပါးလှသော ပါရမီရှင်တစ်ဦးဖြစ်ပြီး၊ အကြောက်မက်ဖွယ်အကောင်းဆုံးသောသူများထဲမှ တစ်ဦးဖြစ်သည်မှာ သေချာပေသည်။
သုံးဖန်းလု၏ ကိုယ်မှ မိစ္ဆာအလင်းတို့က ဝန်းရံလှည့်ပတ်နေပြီး သူ၏လေသံထဲတွင် အေးစက်မှုတို့ ပါဝင်နေသည်။
“လူတွေက မင်း၊ လုရီက ထျန်းမင်မှာ အထူးခြားဆုံး ပါရမီနဲ့ အစွမ်းကို ပိုင်ဆိုင်တယ်လို့ ပြောကြတယ်။ ငါကတော့ အဲ့ဒီစကားကို လက်မခံဘူး။ ဒီနေ့ မင်းနဲ့ငါ တွေ့ကြပြီဖြစ် တော့၊ မင်း ဘယ်လောက်အစွမ်းထက်လဲဆိုတာ ငါကိုယ်တိုင် မြည်းစမ်းကြည့်ရတာပေါ့။”
လုရီမှာ ကြောင်အမ်းသွား၏။ သူ၏အမူအရာမှာ မယုံနိုင်ခြင်းသို့ ပြောင်းလဲသွားပြီး သူ့ကိုယ်သူ လက်ညှိုးထိုးပြကာ မေးလိုက်သည်။
“… မင်းက ငါ့ကို စိန်ခေါ်ချင်တာလား။”
လုရီသာမက၊ သုန်းကုန်းမင်ယွဲ့၊ လျိုနင်ရွှမ်းနှင့် ကျန်းရူယွီတို့ပါ မှင်တက်သွားကြပြီး၊
နားမလည်နိုင်သော အကြည့်များဖြင့် သုံးဖန်းလုကို ကြည့်လိုက်ကြသည်။
သူတို့၏ နားမလည်နိုင်သော မျက်နှာများကို မြင်သောအခါ သုံးဖန်းလုမှာ မျက်မှောင်ကြုတ်သွားပြီး လှောင်ပြောင်လိုက်သည်။
“မင်း ကြောက်နေတာတော့ မဟုတ်ဘူးမလား။ ဒီကိစ္စမှာ မင်းမှာ ရွေးချယ်ခွင့်မရှိဘူး။”
သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ မိစ္ဆာအလင်းတို့ တဖျပ်ဖျပ်လက်သွားပြီး သူ၏နောက်တွင် ကြီးမားလှသော မိစ္ဆာအရိပ်ကြီးတစ်ခု ပေါ်ထွက်လာသည်။ ထိုအရိပ်ကြီးက ဟိန်းဟောက်လိုက်ပြီး သူ၏လက်ကို လုရီနှင့် သူ၏အဖော်များထံသို့ ဆန့်တန်းရိုက်ခတ်လိုက်၏။
ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအင်လှိုင်းများ ပေါ်ထွက်လာပြီး ပတ်ဝန်းကျင်မှ ကြယ်ရောင်အလင်းများကိုပင် တုန်ခါသွားစေသည်။
ဤကြယ်ရောင်အလင်းများက ထျန်းလူတောင်တန်းတစ်ခုလုံးကို ခိုင်ခံ့အောင် ပြုလုပ်ပေးထားခြင်းဖြစ်၏။ အခြားနေရာသာဆိုလျှင် ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးက အောက်ဘက်မှ တောင်များကိုပင် ကြေမွသွားစေနိုင်သော်လည်း၊ ဤနေရာတွင်မူ တောင်တန်းကြီးမှာ ထိခိုက်မှု တစ်စုံတစ်ရာမရှိဘဲ တည်ရှိနေဆဲပင်။
ထိုအခိုက်၊ ဟိန်းညံသော မိုးကြိုးသံတစ်ချက် ပေါက်ကွဲထွက်ပေါ်လာသည်။
နောက်တစ်ခဏတွင် မိုးကြိုးပင်လယ်တစ်ခု ဖြစ်ပေါ်လာပြီး၊ ဧရာမမိုးကြိုးလက်ဝါးကြီးတစ်ဖက်က မိစ္ဆာလက်မည်းကြီးအား ပြေးဝင် ခံဆောင်လိုက်၏။
ဘုန်း။
ဟိန်းသံကြီးက ပဲ့တင်ထပ်သွားသည်။ ကြယ်ရောင်အလင်းတို့ တုန်ခါသွားပြီး ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအင်လှိုင်းများကြောင့် ထျန်းလู่တောင်တန်းရှိ ကျင့်ကြံသူအားလုံးမှာ မျက်နှာများပျက်ကာ ထိုအရပ်ဆီသို့ လှမ်းမျှော်ကြည့်လိုက်ကြသည်။
ကောင်းကင်နဂါးမြင့်မြတ်နယ်မြေ၊ ဧကရာဇ်ဓားဂိုဏ်း၊ ဗုဒ္ဓဘာသာဂိုဏ်းနှင့် အခြားအင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေများမှ ကျင့်ကြံသူအားလုံး၏ မျက်နှာများတွင် အံ့အားသင့်မှုများ ထင်ဟပ်နေလေသည်။
“ကောင်းကင်မိစ္ဆာဂိုဏ်းက လှုပ်ရှားလိုက်တာလား။ သူတို့ရဲ့ပြိုင်ဘက်က ဘယ်သူလဲ။”
စွမ်းအားရှင်များစွာ ချဉ်းကပ်လာကြပြီး အင်အားနည်းသော ကျင့်ကြံသူများပင် ကောင်းကင်သို့ ပျံတက်ကာ အခြေအနေကို အကဲခတ်နေကြသည်။
မိုးကြိုးလက်ဝါးနှင့် မိစ္ဆာလက်ဝါးတို့၏ တိုက်ခိုက်မှုတွင် ခရမ်းရောင်နှင့် အနက်ရောင်အလင်းတန်းများက ကြယ်ရောင်အလင်းကြားတွင် တဖျပ်ဖျပ်လက်နေပြီး၊ နောက်ဆုံးတွင် ထိုစွမ်းအားနှစ်ခုလုံးမှာ တစ်ချိန်တည်းတွင်ပင် ပျောက်ကွယ်သွားတော့သည်။
သုန်းကုန်းမင်ယွဲ့၏ ကိုယ်ပတ်လည်တွင် မိုးကြိုးလျှပ်စီးများက လှည့်ပတ်နေပြီး သူမက
သုံးဖန်းလုကို ဒေါသတကြီးကြည့်ကာ ဟိန်းဟောက်လိုက်သည်။
“စကားတစ်ခွန်းမှ မပြောဘဲ ရုတ်တရက်ဝင်တိုက်တာကတော့ ရိုင်းစိုင်းလွန်းရာကျပြီ။ နင်က ငါ့အစ်ကိုကြီးကို စိန်ခေါ်ချင်တယ်ဟုတ်လား။ နင့်ကို ငါတစ်ယောက်တည်းနဲ့တင် ဖိနှိပ်ထားလို့ရတယ်။”
သုံးဖန်းလုမှာ သူ၏တိုက်ခိုက်မှုကို တားဆီးလိုက်သော သုန်းကုန်းမင်ယွဲ့ကို မယုံနိုင်စွာဖြင့် အံ့အားသင့်ကြည့်ရှုရင်း မေးလိုက်သည်။
“မင်းက ဘယ်သူလဲ။ မင်းမှာ ဘယ်လိုလုပ် ဒီလောက်အစွမ်းထက်တဲ့ စွမ်းအားတွေ ရှိနေရတာလဲ။”
သုံးဖန်းလုသာမက၊ ကောင်းကင်မိစ္ဆာနန်းတော်မှ စွမ်းအားရှင်များနှင့် အဝေးမှကြည့်ရှုနေသော စွမ်းအားရှင်များစွာမှာလည်း မှင်တက်သွားကြတော့သည်။
“ဒီအမျိုးသမီးက ဘယ်သူလဲ။ သူက ပေါင်းစည်းခြင်းနယ်ပယ်ရဲ့ ကျင့်ကြံမှုအဆင့်ကို ပိုင်ဆိုင်ထားတာလား။”
“ဒါ့ထက်တောင် ပိုသေးတယ်။ သူက ပေါင်းစည်းခြင်းနယ်ပယ် ပထမအလွှာမှာပဲ ရှိသေးတာ၊ ဒါပေမဲ့ ကောင်းကင်မိစ္ဆာသခင်လေးရဲ့ တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့တယ်။ ဒီလိုပါရမီမျိုးက သူ့ထက်တောင် သာလွန်နေနိုင်တာ မဟုတ်ဘူးလား။”
“သူက လုရီနဲ့အတူပါလာတဲ့ နတ်သမီးတွေထဲက တစ်ယောက်လား။ လုရီရဲ့ ကိုယ်ပိုင်အစွမ်းကို ထားလိုက်ဦး၊ သူ့ရဲ့ ရင်းနှီးတဲ့ မိန်းကလေးမိတ်ဆွေတွေက တစ်ယောက်ထက်တစ်ယောက် ပိုပြီးအစွမ်းထက်နေကြတာပဲ။ ကျန်းရူယွီက နတ်ဓားဂိုဏ်းက အင်မော်တယ်ကိုယ်ထည်ပိုင်ရှင် ဓားနတ်သမီးလေး။ နောက်တစ်ယောက် ပန်းတစ်သောင်းဂိုဏ်းက ယူရှီဆိုတာကလည်း အင်မော်တယ်ကိုယ်ထည်ပိုင်ရှင်ပဲ။ လျိုနင်ရွှမ်းဆိုရင်လည်း အရှေ့ပိုင်းနယ်မြေမှာ ထင်ရှားတဲ့သူတစ်ယောက်ပဲ။ အခု ပေါ်ထွက်လာတဲ့ ဒီနတ်သမီးကလည်း ကောင်းကင်မိစ္ဆာသခင်လေးကိုတောင် ယှဉ်ပြိုင်နိုင်စွမ်းရှိနေတယ်တဲ့လား။”