အခန်း (၄၇၅-၄၇၇)
Vol. 32 Ch. 475-477
အခန်း ၄၇၅- ကောင်းကင်မိစ္ဆာနန်းတော်ကို ချေမှုန်းခြင်း၊ အင်မော်တယ်ရတနာတစ်ခု၏ မွေးဖွားခြင်း ...
~“ဒီမိစ္ဆာအရှင်က တကယ်ပဲ ကြီးထွားလာခဲ့ပြီပဲ၊ အခုဆိုရင် ကပ်ဘေးဖြတ်ကျော် ဘိုးဘေးတစ်ပါးကိုတောင် စိန်ခေါ်နိုင်တဲ့ အစွမ်းရှိနေပြီ။ ဟင်းလင်းပြင်အင်မော်တယ်တစ်ပါး မရှိဘဲနဲ့တော့ သူ့ကို ဘယ်သူမှ နှိမ်နင်းနိုင်မှာ မဟုတ်တော့ဘူးလို့ ငါထင်တယ်။”
ထိုနေရာတွင် ရှိနေသော ကျင့်ကြံသူအားလုံးအနက် ထိုက်ရီမြင့်မြတ်နယ်မြေမှ လာသူများမှအပ ကျန်သူအားလုံးမှာ တည်ငြိမ်သော အမူအရာများ ရှိနေကြ၏။ အဘယ်ကြောင့်ဆိုသော် ကပ်ဘေးဖြတ်ကျော်အခင်းအကျင်းကို လုရီက ထိုက်ယီအခင်းအကျင်းမြေပုံအတွင်းမှ နားလည်သဘောပေါက်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က တင်းကျုံးရှင်းနှင့် ထိုက်ရီမြင့်မြတ်သားတော်တို့ကိုယ်တိုင် လုရီက ကပ်ဘေးဖြတ်ကျော်အခင်းအကျင်းကို တွက်ချက်ဖော်ထုတ်နေသည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်သည်။
အကြီးအကဲမိစ္ဆာ၏ အကြည့်များမှာ တဟုန်ထိုးစီးဆင်းလာသော ဓားမြစ်ကြီးကို ကြည့်ရင်း တည်ကြည်လေးနက်သွား၏။ သူ၏ မျက်နှာမှာ အေးစက်နေပြီး လုရီကို ရင်ဆိုင်ရင်း ရေရွတ်လိုက်သည်။
“မင်းက ဒီလောက်တောင် ကြွားလုံးထုတ်ရဲတာ မဆန်းတော့ပါဘူး။ မင်းရဲ့ အခင်းအကျင်းတာအို ကျွမ်းကျင်မှုက ထူးခြားကောင်းမွန်တယ်ဆိုတာ ငါဝန်ခံတယ်။ ဒါပေမဲ့ ဒီမဟာအခင်းအကျင်းတစ်ခုတည်းနဲ့ ငါ့ကို စိန်ခေါ်နိုင်မယ်လို့ ထင်နေတာကတော့..ဟမ့်.. နည်းနည်း စောလွန်းနေသေးတယ်!”
သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ သူ၏ခန္ဓာကိုယ်မှ မိစ္ဆာမြူများ ထွက်ပေါ်လာပြီး မဟာကောင်းကင်ဘုံမိစ္ဆာကိုယ်ထည်တစ်ခုအဖြစ် ပုံပေါ်လာ၏။ ဤမိစ္ဆာကိုယ်ထည်မှာ မီတာထောင်ပေါင်းများစွာ မြင့်မားပြီး၊ ယခင် ကောင်းကင်ဘုံမိစ္ဆာသခင်လေး၏ ပုံစံထက် များစွာ သာလွန်နေသည်။
အကြီးအကဲမိစ္ဆာက ဟိန်းဟောက်သံတစ်ချက်ပေးလိုက်ပြီး နောက်တစ်ခဏတွင် မိစ္ဆာကိုယ်ထည်ကြီးက ကြွေးကြော်ကာ ဧရာမလက်ကြီးဖြင့် မဟာအခင်းအကျင်းဆီသို့ လှမ်း၍ ထျန်းဟဲ ဓားအခင်းအကျင်းကို တိုက်ရိုက် ချေမှုန်းရန် ကြိုးစားတော့သည်။
လုရီက ခပ်ရေးရေးပြုံးလိုက်၏။ သူ၏ မျက်လုံးများထဲတွင် အခင်းအကျင်းပုံစံများ စီးကြောင်းများ စီးဆင်းနေပြီး၊ အဆုံးမဲ့ဓားမြစ်ကြီးမှာ ကောင်းကင်သို့ တဟုန်ထိုးတက်သွားကာ ဧရာမလက်ကြီးနှင့် ရင်ဆိုင်လိုက်သည်။
ဘုန်း၊ ဘုန်း၊ ဘုန်း!
ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး မိစ္ဆာကိုယ်ထည်နှင့် ဓားရှည်ကြီးတို့ တိုက်မိရာမှ နောက်ဆက်တွဲ အရှိန်အဟုန်များက ထိန်းမနိုင်သိမ်းမရ ပျံ့လွင့်ထွက်သွားပြီး ကြယ်ရောင်များပင် တုန်ခါယိမ်းထိုးသွား၏။ နှစ်ဖက်စလုံး နောက်မဆုတ်ခဲ့ကြချေ။
ထိုအခိုက်တွင် အကြီးအကဲမိစ္ဆာက မထီမဲ့မြင် ပြုံးလိုက်ရင်း ဆိုသည်။
“မဟာကောင်းကင်ဘုံမိစ္ဆာကိုယ်ထည်က ငါ့ရဲ့ ပြင်ပကိုယ်ပွားတစ်ခုလိုပဲ။ ကောင်းကင်ဘုံမိစ္ဆာကိုယ်ထည် မရှိရင်တောင် ငါ့ရဲ့ ကိုယ်ပိုင်အစွမ်းက အားကောင်းနေဆဲပဲ။ ဒီဓားအခင်းအကျင်းသာ မရှိရင် မင်းက ဘာမို့လို့လဲ၊ ဂျူနီယာ။”
အကြီးအကဲမိစ္ဆာ၏ ခန္ဓာကိုယ်မှ မိစ္ဆာအလင်းတန်းများ ထွန်းလင်းလာပြီး နေရာမှ ချက်ချင်းပျောက်ကွယ်သွားကာ လုရီ၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။ သူ၏လက်ထဲတွင် အဆုံးမဲ့မိစ္ဆာပုံစံများ ပြည့်နှက်နေပြီး
လုရီ၏ ဦးခေါင်းဆီသို့ လက်ဝါးတစ်ချက်တည်းနှင့် သတ်ဖြတ်ရန် ရည်ရွယ်ကာ ရိုက်ချလိုက်တော့သည်။
သို့သော် လုရီ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲ ဖြစ်၏။
ချွင်.....
ကြည်လင်သော ဓားသံစဉ်တစ်ခုက ကောင်းကင်နှင့်မြေကြီးတစ်ခွင် ပဲ့တင်ထပ်သွားသည်။ ထိုနေရာရှိ ကျင့်ကြံသူအားလုံးမှာ လောကကြီးတစ်ခုလုံး ပြောင်းလဲသွားသလို ခံစားလိုက်ရပြီး၊ ဓားတာအို၏ စွမ်းအားမှလွဲ၍ အခြားသော တာအိုစွမ်းအားများအားလုံးမှာ ဖယ်ထုတ်ခံရကာ အလွန်အမင်း အားနည်းသွားတော့သည်။
အကြီးအကဲမိစ္ဆာမှာ အနက်ရှိုင်းဆုံး ခံစားလိုက်ရ၏။ သူ၏ပတ်ဝန်းကျင်ရှိ မိစ္ဆာလမ်းစဉ်၏ စွမ်းအားမှာ အလွန်အမင်း အားနည်းသွားပြီး ခံစား၍ပင် မရလောက်တော့သည်ကို တွေ့လိုက်ရသည်။ သူ ထုတ်လွှတ်လိုက်သော စွမ်းအားပင်လျှင် သိသိသာသာ အားပျော့သွားခဲ့သည်။
အကြီးအကဲမိစ္ဆာ၏ မျက်နှာရောင်မှာ ပြောင်းလဲသွားပြီး မယုံနိုင်စွာ ရေရွတ်လိုက်သည်။
“နိယာမတရားရဲ့ စွမ်းအား؟!”
လုရီက ပြုံးလိုက်ရင်း တုံ့ပြန်လိုက်၏။
“ အဖြေ မှန်တယ်... ဒါပေမဲ့ ဆုတော့ မရှိဘူး။”
ငွေဖြူရောင် ဓားအလင်းတန်းတစ်ခုက လျှပ်တစ်ပြက် ဖြတ်ပြေးသွားပြီး အကြီးအကဲမိစ္ဆာ၏ ခန္ဓာကိုယ်ကို ခွင်းဖြတ်သွားသည်။
အကြီးအကဲမိစ္ဆာ၏ ခန္ဓာကိုယ်မှာ နေရာတွင်ပင် တောင့်တင်းသွားသည်။ နောက်တစ်ခဏ၌ အဆုံးမဲ့ငွေရောင်အလင်းတန်းများက အတွင်းမှ ပေါက်ကွဲထွက်လာ၏။ အကြီးအကဲမိစ္ဆာ၏ ခန္ဓာကိုယ်ကို သွေးမြူမှုန်များအဖြစ် စုတ်ဖြဲပစ်လိုက်ပြီး၊ သူ၏ မူလဝိညာဉ်ကိုပင် ချန်မထားဘဲ တဖြည်းဖြည်း လွင့်ပြယ်ပျောက်ကွယ်သွားတော့၏။
ပတ်ဝန်းကျင်လေထုမှာ ရုတ်တရက် တိတ်ဆိတ်သွားပြီး လူတိုင်း ပါးစပ်အဟောင်းသားဖြင့် တဖြည်းဖြည်း လွင့်ပြယ်နေသော သွေးမြူမှုန်များကို ကြည့်နေကြသည်။ ဖန်ထျန်းယောင်ကဲ့သို့သော အကြီးအကဲများပင် မယုံနိုင်ဖြစ်နေကြ၏။
“သေ... သေပြီလား။ ကောင်းကင်ဘုံမိစ္ဆာနန်းတော်ရဲ့ ကြည်ညိုလေးစားရတဲ့ ဘိုးဘေးကြီး သေသွားပြီလား။”
“နိယာမတရား! လုရီက ဓားတာအိုနိယာမတရားရဲ့ စွမ်းအားကို ဆုပ်ကိုင်နိုင်ခဲ့ပြီ! ဒါက အင်မော်တယ်တွေပဲ ပိုင်ဆိုင်သင့်တဲ့ စွမ်းအားမျိုးလေ! သူက ပေါင်းစည်းခြင်းနယ်ပယ်မှာတောင် ဒါကို နားလည်နေပြီဆိုတော့ သူက ဘယ်လို
မသမာတဲ့ သတ္တဝါမျိုးလဲ။”
ကျင့်ကြံသူများစွာမှာ စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြပြီး သူတို့၏ မျက်နှာများတွင် တုန်လှုပ်မှုများ ထင်ဟပ်နေသည်။
အကြီးအကဲတစ်စုကမူ ပိုမိုနက်ရှိုင်းစွာ မြင်တွေ့ကြ၏။ လုံမင်ဘိုးဘေး၏ မျက်လုံးများမှာ အရောင်လဲ့သွားပြီး သုံးသပ်လေသည်။
“အကြီးအကဲမိစ္ဆာက မိတ်ဆွေလေးလုရီကို အရမ်းအထင်သေးလွန်းသွားတာပဲ။ သူသာ ဒီလောက်အနားကပ်မလာခဲ့ရင်၊ နိယာမတရားရဲ့ စွမ်းအားကြောင့် အနှောင့်အယှက်ဖြစ်ရင်တောင် အဲ့ဒီဓားချက်ကို ရှောင်နိုင်ခဲ့မှာပဲ။”
ဖန်ထျန်းယောင်က ကပ်ဘေးဖြတ်ကျော်နယ်ပယ်မှ ဓားကျင့်ကြံသူတစ်ဦးအနေဖြင့် အခြားကျင့်ကြံသူများထက် ဓားတာအိုကို ပိုမိုနက်ရှိုင်းစွာ ခံစားမိလေသည်။ သူ၏ တုန်လှုပ်မှု မပြယ်သေးဘဲ ဖြည်းညင်းစွာ ထုတ်ဖော်ပြောဆိုလိုက်သည်။
“ဒါတောင်မှ အကြီးအကဲမိစ္ဆာက မိတ်ဆွေလေးလုရီရဲ့ ပြိုင်ဘက်ဖြစ်မှာ မဟုတ်လောက်ဘူး။ အဲ့ဒီဓားချက်က... ဓားတာအိုနိယာမတရားရဲ့ စွမ်းအားကို အသုံးပြုသွားတာ၊ ငါထင်တာမမှားရင်တော့ အဲ့ဒါက ဓားတာအိုအင်မော်တယ်သိုင်းစွမ်းရည်ပဲ!”
အကြီးအကဲများစွာမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ တိတ်ဆိတ်သွားကြ၏။
တင်းကျုံးရှင်းက ဖြည်းညင်းစွာ ဆိုသည်။
“ပေါင်းစည်းခြင်းနယ်ပယ်မှာ ဓားတာအိုနိယာမတရားကို ဆုပ်ကိုင်နိုင်ရုံသာမက၊ အင်မော်တယ်သိုင်းနည်းစနစ်ကိုတောင် သိမြင်နိုင်ခဲ့တယ်! လုရီက တကယ်ပဲ... ထျန်းမင်မှာ ဒီလိုလူမျိုး တစ်ခါမှ ရှိခဲ့ဖူးရဲ့လား။”
“လုရီ တက်လှမ်းသွားပြီးရင် သူက အကန့်အသတ်အဆင့်ကိုပဲ ရောက်မှာမဟုတ်လောက်ဘူး။ သူ့ရဲ့ ပါရမီနဲ့ဆိုရင် အနာဂတ်မှာ ထျန်းမင်က တန်ခိုးကြီးတဲ့ သူတော်စင်တွေ၊ မိစ္ဆာကောင်တွေအားလုံးကို ကျော်လွန်သွားနိုင်ဖွယ် ရှိတယ်။”
ကျင့်ကြံသူတို့၏ မျက်လုံးများမှာ အရောင်တလက်လက် တောက်နေကြသည်။
ကောင်းကင်နန်းတော်မှ အကြီးအကဲမှာ တည်ကြည်သော မျက်နှာထားဖြင့် အဝေးမှ
လုရီကို စိုက်ကြည့်ရင်း တိတ်ဆိတ်နေ၏။
ကောင်းကင်နန်းတော်၏ သူတော်စင်သားတော်က မေးမြန်းလိုက်သည်။
“အကြီးအကဲ၊ ကျွန်တော်တို့ ဘာလုပ်သင့်လဲ။”
ကောင်းကင်နန်းတော်မှ အကြီးအကဲ၏ နှုတ်ခမ်းများမှာ အနည်းငယ် တွန့်သွားပြီး ဆိုသည်။
“အင်မော်တယ်ရတနာတွေ ပေါ်လာရင် လူတိုင်းက အပြိုင်အဆိုင် လုယက်ကြမှာပဲ။ ငါတို့ ကောင်းကင်နန်းတော်ကရော သူ့ကို ဘာလို့
မတိုက်ခိုက်နိုင်ရမှာလဲ။”
ယခင် ကောင်းကင်ဘုံနန်းတော်၏ သူတော်စင်သားတော်မှာ အံ့အားသင့်သွားပြီး တုံ့ပြန်လိုက်သည်။
“ဓားတာအိုနိယာမတရား၊ ကပ်ဘေးဖြတ်ကျော်အခင်းအကျင်း... သူက တကယ်ပဲ အဲ့ဒီလောက်တောင် အစွမ်းထက်နေတာလား။”
ကောင်းကင်နန်းတော်မှ အကြီးအကဲက သူ့ကို တစ်ချက်ကြည့်ကာ ဖြည်းညင်းစွာ ဆို၏။
“လုရီရဲ့ အရည်အသွေးက ထျန်းမင်တစ်ခုလုံးမှာ မရှိခဲ့ဖူးဘူး၊ ကြယ်တာရာနယ်မြေတစ်ခုလုံးကို ထည့်တွက်ရင်တောင်ပဲ။ အဲ့ဒီ အင်မော်တယ်ကြယ်တာရာတွေမှာတောင် ဒီလို မသမာတဲ့ သတ္တဝါမျိုးတွေ ရှားလောက်တယ်။ မင်းကိုယ်မင်း သူနဲ့ မနှိုင်းယှဉ်နဲ့။”
ကောင်းကင်နန်းတော်သည် နှစ်ပေါင်းတစ်သောင်း၏ အမွေအနှစ်ကို ပိုင်ဆိုင်ထားရာ၊
ထျန်းမင်အပြင်ဘက်မှ အကြောင်းအရာများကို အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေများထက် ပိုမိုသိရှိလေသည်။ ဤအချက်ကြောင့်ပင် သူတို့သည် လုရီ၏ ပါရမီ မည်သည့်အဆင့်အထိ ရောက်ရှိနေသည်ကို နားလည်နိုင်ခြင်း ဖြစ်သည်။
ကောင်းကင်နန်းတော်မှ အကြီးအကဲက မှတ်ချက်ပေးရင်း သူ၏ မျက်လုံးများမှာ အရောင်လက်သွားကာ ဆက်လက်ပြောဆိုလိုက်သည်။
“အဲ့ဒီ အစွမ်းထက်တဲ့ အင်မော်တယ်ကြယ်တာရာမိသားစုတွေထဲမှာပဲ ဒီလိုဇာတ်ကောင်မျိုးတွေ ရှိနိုင်လောက်တယ်။ သူ့နောက်ကွယ်မှာ တန်ခိုးကြီးတဲ့ အင်မော်တယ်တစ်ပါးရဲ့ အထောက်အပံ့ ရှိနိုင်တယ်။”
အင်မော်တယ်ဂိုဏ်းမြင့်မြတ်နယ်မြေတစ်ခုအနေဖြင့် ကောင်းကင် နန်းတော်သည် အမှန်ပင် စိုးမိုးခြယ်လှယ်တတ်သော်လည်း မမိုက်မဲပေ။
လုရီ၏ စွမ်းဆောင်ရည်ကို ရင်ဆိုင်ရသောအခါ၊ ကပ်ဘေးဖြတ်ကျော်နယ်ပယ်မှ အကြီးအကဲများပင် တည်ငြိမ်အေးဆေးစွာ နေရန် ခက်ခဲနေပြီး၊ ရည်ရွယ်ချက်ရှိရှိ ရန်သူဖြစ်အောင် လုပ်ရန်မှာ ပြောစရာပင် မလိုတော့ချေ။
ဗုဒ္ဓဘာသာဂိုဏ်း၏ ဘက်မှ ကပ်ဘေးဖြတ်ကျော်နယ်ပယ်မှ ဘုန်းကြီးက လက်အုပ်ချီကာ ရွတ်ဆိုလိုက်သည်။
“အော်မိီတော်ဖော်၊ လုရီက မိစ္ဆာတစ်ကောင်ကို သတ်ဖြတ်ခဲ့တာဟာ ကြီးမြတ်တဲ့ ကုသိုလ်ကောင်းမှုတစ်ခုပါပဲ။”
သူ၏ အသံမှာ တည်ငြိမ်မနေဘဲ အံ့အားသင့်သော လေသံတစ်ခု ပါဝင်နေ၏။
---
အခန်း ၄၇၆- ကောင်းကင် မိစ္ဆာနန်းတော်ကို ချေမှုန်းခြင်း၊ အင်မော်တယ်ရတနာတစ်ခု၏ မွေးဖွားခြင်း...
~ဘုန်းကြီး ဟွေ့မင်၏ ရွှေရောင်မျက်လုံးသူငယ်အိမ်များမှာ တုန်ခါသွားပြီး သူ၏လက်များမှာ ယှက်တင်ကာ ဆုတောင်းလိုက်သည်။
“အော်မိီတော်ဖော်ဗုဒ္ဓ၊ တပည့်တော်ရဲ့ ဗုဒ္ဓမျက်စိနဲ့တောင်မှ ဒကာလုရီရဲ့ အစွမ်းကို ထွင်းဖောက်မမြင်နိုင်ပါဘူး။ သူက မြူခိုးတစ်စလိုပဲ။ အခုချိန်ထိတောင်မှ သူက သူ့ရဲ့အစွမ်းအစအမှန်ကို ထုတ်ပြသေးတာ မဟုတ်လောက်ဘူး။”
ဤမှတ်ချက်က ဗုဒ္ဓဘာသာဂိုဏ်းမှ ဘုန်းကြီးများကို တုန်လှုပ်စေပြီး၊ သူတို့၏ မျက်လုံးများအားလုံးမှာ လုရီထံသို့ လှည့်သွားကြသည်။
ကပ်ဘေးဖြတ်ကျော်ဘုန်းကြီးက ဆိုသည်။
“ဒကာလုရီက ဉာဏ်အလင်းရနိုင်ခြေ ကြီးမားတဲ့သူတစ်ယောက်ဖြစ်ပြီး၊ သူက ဗုဒ္ဓဘာသာနဲ့ ဆက်စပ်ဖို့ ကံကြမ္မာပါလာသူပဲ။”
အခြားဘုန်းကြီးများကလည်း ဗုဒ္ဓဘာသာဆိုင်ရာ စကားရပ်များကို ရွတ်ဖတ်ကြရင်း သဘောတူညီစွာ ခေါင်းညိတ်ကြ၏။
ကောင်းကင် မိစ္ဆာနန်းတော်ဘက်တွင်မူ၊ မိမိတို့၏ ဘိုးဘေးသေဆုံးသွားသည်ကို မြင်တွေ့ရသောအခါ၊ ကောင်းကင်ဘုံမိစ္ဆာနန်းတော်မှ တန်ခိုးရှင်အားလုံး၏ မျက်နှာများမှာ တုန်လှုပ်မှုနှင့် ကြီးမားသော ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေပြီး၊ သူတို့၏ မျက်လုံးများက လုရီကို ပြင်းထန်စွာ စိုက်ကြည့်နေကြသည်။
ကောင်းကင်မိစ္ဆာနန်းတော်မှ မဟာယာနအထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦးက ကြမ်းတမ်းသော်လည်း ကြောက်ရွံ့နေဟန်ဖြင့် ဒေါသတကြီး ကြွေးကြော်လိုက်သည်။
“လုရီ! မင်းက ငါတို့ ကောင်းကင်မိစ္ဆာနန်းတော်ရဲ့ ဘိုးဘေးကို သတ်ခဲ့တယ်! ကောင်းကင်မိစ္ဆာနန်းတော်က မင်းကို ဘယ်တော့မှ အလွတ်မပေးဘူး!”
ထိုသို့ပြောရင်း၊ ကောင်းကင်မိစ္ဆာနန်းတော်မှ ထိုကျင့်ကြံသူက အနက်ရောင်တံဆိပ်ပြားတစ်ခုကို ထုတ်ယူကာ အသုံးပြုရန် ပြင်လိုက်ရာ၊ ပတ်ဝန်းကျင် နေရာလပ်မှာ လိမ်ကောက်သွားတော့သည်။ ၎င်းမှာ နေရာလပ်ရွှေ့ပြောင်းခြင်းအတွက် အသုံးပြုသော လျှို့ဝှက်ရတနာတစ်ခု ဖြစ်၏။
ထိုအခိုက်တွင် လျှို့ဝှက်ဆန်းကြယ်ပြီး ရှုပ်ထွေးသော အခင်းအကျင်းပုံစံများ ရုတ်ချည်းပေါ်ထွက်လာကာ ကောင်းကင် မိစ္ဆာနန်းတော်ကို လွှမ်းခြုံလိုက်သည်။ ယခင်က လိမ်ကောက်နေသော နေရာလပ်မှာ တည်ငြိမ်သွားပြီး၊ တံဆိပ်ပြားကို အစွမ်းမဲ့သွားစေတော့သည်။
ဤတုန်လှုပ်မှုက ကောင်းကင်မိစ္ဆာနန်းတော်မှ ကျင့်ကြံသူအားလုံးကို ထိတ်လန့်စေပြီး၊ အချို့မှာ ကောင်းကင်ယံမှ အခင်းအကျင်းကို အံ့ဩတကြီး စိုက်ကြည့်နေကြ၏။
ကောင်းကင်မိစ္ဆာနန်းတော်မှ ကျင့်ကြံသူအားလုံး၏ မျက်နှာများပေါ်တွင် ကြောက်ရွံ့မှုများ ပေါ်လာသည်။
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါတို့ ကောင်းကင်မိစ္ဆာနန်းတော်ရဲ့ ရွှေ့ပြောင်းအမိန့်တံဆိပ်က ဘယ်လိုလုပ် အစွမ်းမဲ့သွားရတာလဲ။”
၎င်းမှာ သာမန်ရွှေ့ပြောင်းခြင်းအဆောင်လက်ဖွဲ့တစ်ခု မဟုတ်ချေ။ ဟင်းလင်းပြင်ကို ပိတ်ဆို့ထားလျှင်ပင်၊ ရွှေ့ပြောင်းအမိန့်တံဆိပ်တွင် ထိုးဖောက်ရန် လုံလောက်သော အစွမ်းရှိသင့်သည် မဟုတ်လော။
လုရီက တည်ငြိမ်စွာ ပြုံးလိုက်ရင်း ဆိုသည်။
“မင်းတို့ရဲ့ လျှို့ဝှက်ရတနာက အားမနည်းလောက်ပါဘူး၊ ဒါပေမဲ့ ငါ့ရှေ့ကနေ ထွက်ပြေးဖို့ စဉ်းစားတာကတော့ အရူးတစ်ယောက်ရဲ့ အိပ်မက်လိုပဲ။”
လုရီသည် အသေးစားဟင်းလင်းပြင်သိုင်းနည်းစနစ်ကို ကျွမ်းကျင်ပြီးသား ဖြစ်သည်။ ထိုအပေါ်အခြေခံ၍ အရှေ့တောအုပ်အပျက်အစီးများတွင် သူလေ့လာခဲ့သော ရှေးဟောင်းနေရာလပ်အခင်းအကျင်းပုံစံများကို သူ၏နားလည်နိုင်စွမ်းမှာ သိသိသာသာ နက်ရှိုင်းလာခဲ့၏။
လက်ရှိ လုရီသည် အလွန်အမင်း အစွမ်းထက်သော နေရာလပ်အခင်းအကျင်းတစ်ခုကို ရေးဆွဲနိုင်စွမ်းရှိသည်။ သူက နေရာလပ်ကို ဖွင့်နိုင်သည့်အတွက်၊ သဘာဝအတိုင်း ပိတ်လည်းပိတ်နိုင်သည်သာ ဖြစ်သည်။
ထို့အပြင်၊ ဤဒေသမှာ အတော်လေး မူမမှန်ပေ။ ကြယ်ရောင်များဖြင့် ဖုံးလွှမ်းနေပြီး၊ ကပ်ဘေးဖြတ်ကျော်နယ်ပယ်မှ ပုဂ္ဂိုလ်များ၏ တိုက်ပွဲပင်လျှင် တောင်တန်းတစ်ခုလုံးကို မဖျက်ဆီးနိုင်ခြင်းက ဤနေရာရှိ ဟင်းလင်းပြင် မည်မျှခိုင်မာသည်ကို ညွှန်ပြနေသည်။ လုရီက စိတ်တိုင်းကျ အနည်းငယ် ဝင်ရောက်စွက်ဖက်လိုက်ရုံဖြင့် လျှို့ဝှက်ရတနာမှာ အလွယ်တကူ အစွမ်းမဲ့သွားတော့၏။
ထို့နောက် လုရီ၏ အတွေးတစ်ချက်ဖြင့်
ထျန်းဟဲဓားအခင်းအကျင်းအတွင်းမှ မရေမတွက်နိုင်သော ဓားများက တဟုန်ထိုး ထွက်ပေါ်လာပြီး အလင်းတန်းများအဖြစ် ပြောင်းလဲကာ၊ ကောင်းကင်မိစ္ဆာသခင်လေးအပါအဝင် ကောင်းကင်မိစ္ဆာနန်းတော်မှ ကျင့်ကြံသူအားလုံးကို တစ်စစီ ဝါးမျိုဖျက်ဆီးပစ်လိုက်တော့သည်။
ကပ်ဘေးဖြတ်ကျော်အခင်းအကျင်း၏ အစွမ်းမှာ အလွန်ကြီးမားလွန်းသဖြင့် မဟာယာနအထွတ်အထိပ်အဆင့် ကျင့်ကြံသူများပင် ခုခံရန် ခက်ခဲလှသည်။ အော်ဟစ်သံအနည်းငယ်သာ ကြားလိုက်ရပြီးနောက် ကျင့်ကြံသူအားလုံးမှာ ဓားအလင်းတန်းကြောင့် ပြာအဖြစ်သို့ ပြောင်းလဲသွားကြ၏။
ကောင်းကင် မိစ္ဆာနန်းတော်မှ ကျင့်ကြံသူအားလုံး သေကြေပျက်စီးသွားခဲ့လေပြီ။
ကျင့်ကြံသူအားလုံးမှာ ကောင်းကင်မိစ္ဆာနန်းတော်မှ ကျင့်ကြံသူများ ပျောက်ကွယ်သွားသော နေရာကို မှင်သက်စွာဖြင့် တိတ်တဆိတ်ငေးကြည့်နေကြသည်။
ဖန်ထျန်းယောင်က ဖြည်းညင်းစွာ ပြောလာသည်။
“ဒါကတော့ ကိစ္စကြီး တစ်ခုပဲ။”
အခြားကျင့်ကြံသူများကလည်း သဘောတူညီစွာ ခေါင်းညိတ်ကြ၏။
“လုရီက ကောင်းကင်မိစ္ဆာနန်းတော်ရဲ့ ဘိုးဘေးကိုရော၊ သူတို့ရဲ့ အင်အားကြီးတဲ့ စစ်သည်တော်တွေ အများကြီးကိုရော၊ သူတို့ရဲ့ အနာဂတ်အမွေဆက်ခံသူကိုပါ သတ်ပစ်လိုက်တာ။ ကောင်းကင်မိစ္ဆာနန်းတော်က ဒီကိစ္စကို အလွယ်တကူ လက်လျှော့မှာ မဟုတ်ဘူး။”
“မိတ်ဆွေလေးလုရီရဲ့ ပါရမီက ထူးခြားပြီး တိုက်ခိုက်ရေးအစွမ်းကလည်း အလွန်အစွမ်းထက်ပေမယ့်၊ အကြီးအကဲမိစ္ဆာက ကပ်ဘေးဖြတ်ကျော် လေးလွှာမှာပဲ ရှိသေးတာ။ ကောင်းကင်မိစ္ဆာနန်းတော်မှာ သေချာပေါက် ပိုအစွမ်းထက်တဲ့ ကပ်ဘေးဖြတ်ကျော် ဘိုးဘေးတွေ ရှိဦးမှာပဲ၊ ပြီးတော့ ဟင်းလင်းပြင်အင်မော်တယ်နယ်ပယ်မှာ အင်မော်တယ်တွေတောင် ရှိနိုင်သေးတယ်။ မိတ်ဆွေလေးလုရီက သူတို့ကို ရင်ဆိုင်နိုင်မှာ မဟုတ်လောက်ဘူး။”
ဟူ၍ လုံမင်ဘိုးဘေးကလည်း တည်ကြည်သော မျက်နှာထားဖြင့် ဆိုသည်။
တင်းကျုံးရှင်းက အေးစက်စွာ နှာမှုတ်လိုက်သည်။
“ဒီကိစ္စမှာ ကောင်းကင်မိစ္ဆာနန်းတော်က မှားတာ လေ။ အနောက်ပိုင်းဒေသက မိစ္ဆာဂိုဏ်းက ငါတို့ အရှေ့နယ်မြေကို လာပြီး ဒီလောက်တောင် မောက်မာရဲတယ်၊ ငါတို့ အရှေ့နယ်မြေရဲ့ လူငယ်ပါရမီရှင်တွေကို တိုက်ခိုက်ဖို့ ရည်ရွယ်တယ်။ သူတို့ သတ်ခံရတာက ထိုက်တန်တဲ့အကျိုးဆက်ပဲ။ ကောင်းကင်မိစ္ဆာနန်းတော်ကသာ ဒီကိစ္စကို အကြောင်းပြပြီး ပြဿနာရှာရဲရင်၊ အရှေ့နယ်မြေက ဂိုဏ်းတွေအားလုံးကို
မတည်ရှိဘူးလို့ သတ်မှတ်တာနဲ့ အတူတူပဲ။”
သူ့စကားအား ဖန်ထျန်းယောင်ကလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။
“တင်းကျုံးရှင်း မှန်တယ်။ မိတ်ဆွေလေးလုရီက ငါတို့ နတ်ဓားဂိုဏ်းရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်ပဲ။ ကောင်းကင်မိစ္ဆာနန်းတော်ကသာ မိတ်ဆွေလေးလုရီကို ဒုက္ခပေးရဲရင်၊ ငါတို့ နတ်ဓားဂိုဏ်းက လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး။”
အရှေ့နယ်မြေမှ အင်မော်တယ်ဂိုဏ်းမြင့်မြတ်နယ်မြေအသီးသီးက သူတို့၏ ထောက်ခံမှုကို ထုတ်ဖော်ပြောကြားရာ၊ အခြားသော မဟာနယ်မြေကြီးများမှ တန်ခိုးကြီးအဖွဲ့အစည်းများကို အံ့အားသင့်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်စေတော့သည်။
လုရီတွင် ဤမျှလောက် ဩဇာအာဏာရှိလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။
လုရီလည်း ဤစကားများကို ကြားသော်လည်း၊ သူ၏ စိတ်ထဲတွင်မူ အမှန်တကယ် စိုးရိမ်ပူပန်မှုများစွာ မရှိပေ။
.....ဟင်းလင်းပြင်အင်မော်တယ်နယ်ပယ်က ကောင်းကင်မိစ္ဆာနန်းတော်ရဲ့ အကောင်ကြီးကြီးတစ်ကောင် ဖြစ်ရင်တောင်မှ၊ တိမ်ဖြူဂိုဏ်းကို လာရဲတာက ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ မတူဘူးလား။ ငါ့ရဲ့ ချောမောခန့်ညားပြီး အရည်အချင်းရှိတဲ့ တပည့်လေး အနိုင်ကျင့်ခံနေရတာကို ငါ့ဆရာက လက်ပိုက်ကြည့်နေမှာတဲ့လား။
ငါ့ဆရာသာ ဝင်ပါလိုက်ရင် ဟင်းလင်းပြင်အင်မော်တယ်က ဘာမို့လို့လဲ။ ကောင်းကင်မိစ္ဆာနန်းတော်ရဲ့ နောက်ကွယ်က အင်မော်တယ်တစ်ပါး ထွက်လာရင်တောင် ငါက နည်းနည်းလေးမှ လန့်နေမှာ မဟုတ်ဘူး။....
အဆိုးဆုံးဖြစ်ရင် တိမ်ဖြူဂိုဏ်းထဲမှာ ပုန်းပြီး အပြင်မထွက်ဘဲ နေလိုက်မယ်၊ ငါ အင်မော်တယ်ဖြစ်အောင် တက်လှမ်းပြီးတဲ့အထိ စောင့်ပြီးမှ၊ ကောင်းကင် မိစ္ဆာနန်းတော်ရဲ့ အင်မော်တယ်ဆီကို ဒီကိစ္စနဲ့ပတ်သက်ပြီး သေချာစကားပြောဖို့ သွားလိုက်မယ်။....
သို့သော်လည်း၊ အရှေ့နယ်မြေမှ ဂိုဏ်းများစွာက သူ၏ဘက်တွင် ရပ်တည်ပေးသည့်အတွက် လုရီရင်ထဲမှာ အနည်းငယ် လှုပ်ရှားမိသေးသည်။
သူက ဖန်ထျန်းယောင်နှင့် အခြားဘိုးဘေးများကို ပြုံးပြရင်း လျှောက်တင်လိုက်သည်။
“စီနီယာတို့ရဲ့ စိုးရိမ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်၊ လုရီ တကယ်ပဲ ကျေးဇူးတင်မိပါတယ်။”
ဖန်းထျန်းယောင်က အပြုံးများဖြင့် ဆိုသည်။
“ဟားဟားဟား၊ ကောင်းကင်မိစ္ဆာနန်းတော်က ဒီကိစ္စမှာ မှားတာပါ။ လုရီ၊ ငါ့မိတ်ဆွေလေး၊ စိတ်ချပါ၊ ငါတို့ အရှေ့နယ်မြေရဲ့ ဂိုဏ်းတွေကလည်း အလွယ်တကူ အနိုင်ကျင့်ခံရမယ့် အထဲမှာ မပါဘူး။”
အမျိုးမျိုးသော အင်မော်တယ်ဂိုဏ်းမြင့်မြတ်နယ်မြေများက ပြသလိုက်သော ရပ်တည်ချက်ကြောင့် ပတ်ဝန်းကျင်မှ ကျင့်ကြံသူများမှာ ဆက်လက်၍ စကားမဟရဲကြတော့ချေ။
ထိုအခိုက်တွင်၊ သူတို့ပတ်ဝန်းကျင်ရှိ ကြယ်ရောင်များအားလုံးမှာ ရုတ်တရက် ပိုမိုသိပ်သည်းလာပြီး၊ ဤတောင်တန်းဒေသမှ အလွန်အမင်း ဆန်းကြယ်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။
ကျင့်ကြံသူအားလုံးမှာ ထိတ်လန့်သွားကြပြီး၊ နောက်တစ်ခဏတွင် သူတို့အားလုံး မျက်လုံးများ ပြူးကျယ်သွားကာ မရပ်မနား အာမေဋိတ်သံများ ပြုကြတော့သည်။
“အင်မော်တယ်ရတနာလား။ အင်မော်တယ်ရတနာတစ်ခု ပေါ်ထွက်လာတော့မှာလား။”
“ဘယ်မှာလဲ။ ဒီနားတစ်ဝိုက်မှာပဲ ရှိနေပုံပဲ။”
ကျင့်ကြံသူအားလုံးမှာ စိတ်လှုပ်ရှားမှုများဖြင့် လှုပ်လှုပ်ရွရွ ဖြစ်သွားကြတော့သည်။ ၎င်းမှာ အင်မော်တယ်ရတနာတစ်ခု ဖြစ်သည်။
ရရှိခဲ့လျှင်၊ အခြားဘာမှမပြောနှင့်၊ သာမန်လူတစ်ယောက်ကို ကျင့်ကြံခြင်းပါရမီရှင်တစ်ဦးအဖြစ် ပြောင်းလဲပေးရန် လုံလောက်၏။
မူလကတည်းက ပါရမီရှင်တစ်ဦးဖြစ်ပါက၊ ပိုမိုတိုးတက်နိုင်ပြီး၊ အင်မော်တယ်အဖြစ်သို့ တက်လှမ်းခြင်းမှာ အိပ်မက်တစ်ခု မဟုတ်တော့ချေ။
အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေအားလုံးမှ တန်ခိုးရှင်များပင် ဤအချိန်တွင် စွမ်းအင်များ တဟုန်ထိုး တက်ကြွလာပြီး သူတို့၏ မျက်လုံးများမှာ ထက်မြက်လာကြသည်။
အင်မော်တယ်ဂိုဏ်းလမြင့်မြတ်နယ်မြေတစ်ခုကသာ ရရှိခဲ့လျှင်၊ သူတို့၏ အခြေခံအုတ်မြစ်နှင့်ဆိုပါက အင်မော်တယ်တစ်ပါးကို မွေးထုတ်ပေးနိုင်ဖွယ် အလွန်ရှိ၏။
နောက်တစ်ခဏတွင် ကြယ်အလင်းများ ရွေ့လျားသွား၏။ မျက်စိကျိန်းလောက်အောင် တောက်ပသော ကြယ်ရောင်ခြည်တန်းတစ်ခုက ကောင်းကင်မှ ကျဆင်းလာကာ၊ ကြယ်များ၏ တောက်ပမှုကြားတွင်ပင် ထင်းလင်းစွာ ထွန်းလင်းတောက်ပနေသည်။
ဤကြယ်ရောင်ခြည်တန်းမှာ မထင်မရှားသော တောင်ထိပ်ငယ်လေးတစ်ခုပေါ်သို့ သက်ဆင်းသွားပြီး၊ ၎င်းမှာ လုရီ ယခင်က ရှိနေခဲ့သော နေရာနှင့် မဝေးလှပေ။
လုရီမှာ ချွေးပြန်နေမိသည်။ သူက အင်မော်တယ်ရတနာ၏ တည်နေရာကို ယခုလေးတင် တွက်ချက်ဖော်ထုတ်ခဲ့ရုံရှိသေးသည်။
မမျှော်လင့်ဘဲ ကောင်းကင် မိစ္ဆာနန်းတော်မှ ကျင့်ကြံသူများ ရောက်လာပြီးနောက် ကျင့်ကြံသူအားလုံးကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့သည်။
ကောင်းကင် မိစ္ဆာနန်းတော်မှ ကျင့်ကြံသူများသာ မရှိခဲ့လျှင်၊ သူက အင်မော်တယ်ရတနာကို ရှာတွေ့ပြီး ယူကာ ထွက်ပြေးသွားလောက်ပြီ ဖြစ်သည်။ အားလုံးမှာ ကောင်းကင်မိစ္ဆာနန်းတော်မှ တပည့်များကြောင့်ပင်။
ထိုကြယ်ရောင်ခြည်မျှင်လေးကို ကြည့်ရင်း
လုရီ ကြေကွဲသွားရသည်။
ဤမျှလောက် တန်ခိုးကြီးသော ပုဂ္ဂိုလ်များစွာ ရှိနေသည့်ကြားတွင်၊ သူပင်လျှင် အင်မော်တယ်ရတနာကို မိမိအတွက် လုယက်နိုင်မည်ဟု သေချာပေါက် မပြောနိုင်တော့ချေ။
ကြယ်ရောင်ခြည်တန်း ကျဆင်းလာသည်နှင့်အမျှ၊ တောင်ထိပ်ငယ်လေး၏ ထိပ်မှ ဟင်းလင်းပြင်မှာ တုန်ခါသွားပြီး၊
ကြယ်တစ်စင်းက ထိုထဲတွင် တလက်လက် တောက်ပနေသကဲ့သို့ ဖြစ်နေသည်။
အင်မော်တယ်ရတနာက မကြာခင်မှာ ပေါ်ထွက်လာပေတော့မည်။
အခန်း ၄၇၇ - အင်မော်တယ်သမင်ငယ်..
ကပ်ဘေး ဖြတ်ကျော် ဘိုးဘေးကို ထပ်မံချေမှုန်းခြင်း...
~မြင်မြင်သမျှ မျက်လုံးတို့သည် တောင်ထိပ်ဆီသို့သာ စူးစိုက်နေကြလေ၏။ တောင်ထိပ်အထက်ဝယ် ကြယ်တစ်ပွင့်သည် ထွန်းလင်းတောက်ပနေ၏။
ထိုကြယ်သည် အခြားသော ဘုံလောကမှ ကူးပြောင်းလာဟန် ရှိသည်။ ထင်ယောင်ထင်မှား ပုံရိပ်သည် တဖြည်းဖြည်း အစစ်အမှန် ရုပ်လုံးအဖြစ်သို့ ပြောင်းလဲလာ၏။ ထို့နောက် တောင်ထိပ်အထက်၌ ငြိမ်သက်စွာ ရပ်တည်နေတော့သည်။
အင်မော်တယ်ရတနာသည် ကောင်းကင်သို့ ပျံတက်သွား၏။ ကြယ်တစ်ပွင့်အဖြစ် အသွင်ပြောင်းကာ အစစ်အမှန် ရုပ်လုံးကြွလာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်တစ်ခုလုံး လှုပ်ရှားသက်ဝင်သွားလေ၏။
ကောင်းကင်နန်းတော်၏ ဘိုးဘေးသည် ရှေ့သို့ထွက်လာ၏။ သူ၏ကိုယ်မှ ကပ်ဘေးဖြတ်ကျော် ရှစ်လွှာ၏ တန်ခိုးအရှိန်အဝါက ဟုန်းဟုန်းတောက်လောင်နေသည်ကို တွေ့ရသည်။ ဝိညာဉ်စွမ်းအင်များက သူ၏ဘေးတွင် ရေဝဲတစ်ခုမာ လည်ပတ်လျက်ရှိ၏။
မျက်စိတစ်မှိတ်အတွင်း သူက ဟင်းလင်းပြင်ကို ကျော်ဖြတ်ကာ ကြယ်တာရာဆီသို့ အဟုန်ပြင်းစွာ ဝင်ရောက်သွားတော့လေသည်။ ထို့နောက် မာန်ပြင်းသော ကြွေးကြော်သံတစ်သံ ထွက်ပေါ်လာ၏။
“ဒီအင်မော်တယ် ရတနာက ငါ့ရဲ့ ကောင်းကင်နန်းတော်အတွက်ပဲ!”
ဘိုးဘေးသည် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ ဧရာမ လက်ဖြူကြီးတစ်ဖက်အဖြစ် ပြောင်းလဲသွားပြီး ထိုကြယ်ကို ဆွဲငင်ဖမ်းဆုပ်ရန် ကြိုးစားလိုက်တော့၏။
သို့သော် လက်ဖြူကြီးက ကြယ်ကို ထိလိုက်သည့်အခိုက် ကြယ်သည် သိမ့်ခနဲ တုန်ခါသွား၏။ နောက်တစ်ခဏ၌ ကောင်းကင်နန်းတော် ဘိုးဘေး၏ မျက်နှာသည် ကွက်ခနဲ ပျက်သွားတော့သည်။
လက်ဖြူကြီးသည် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွား၏။ ထို့နောက် ကြောက်မက်ဖွယ် စွမ်းအားတစ်ရပ်က ဝုန်းခနဲ ပေါ်ထွက်လာသည်။ ထိုစွမ်းအား၏ ရိုက်ခတ်မှုက အလွန်ပြင်းထန်လှလေသည်။ ဘိုးဘေး၏ ခန္ဓာကိုယ်တွင် အက်ကြောင်းများ ထင်လာ၏။ သူသည် နောက်သို့ လွင့်စဉ်သွားပြီး သွေးများက ကောင်းကင်ယံ၌ ကြယ်မှုန်များပမာ ပန်းထွက်ကုန်တော့သည်။
သူ၏နောက်မှ ဘိုးဘေးတို့၏ မျက်နှာများမှာ ထိတ်လန့်မှုကြောင့် အရောင်ပြောင်းသွားကြ၏။ ရှေ့သို့တိုးဝင်နေသော လှုပ်ရှားမှုတို့ကို ချက်ချင်းရပ်တန့်ကာ ထိုကြယ်တာရာကို အံ့အားတကြီး စိုက်ကြည့်နေကြသည်။
ဘိုးဘေး ဖန်ထျန်းယောင်က မယုံနိုင်ဟန်ဖြင့် ရေရွတ်လိုက်လေသည်။
“ဒီအရာက... အသက်ရှိနေတာလား!?”
ထိုအခိုက်တွင် အားလုံးသည်လည်း ကြယ်တာရာထံမှ အဆုံးအဆမရှိ တက်ကြွလန်းဆန်းသော သက်စောင့်စွမ်းအင်တစ်ရပ်ကို အတိုင်းသား ခံစားမိလိုက်ကြ၏။
ကြယ်၏တောက်ပမှုက ပို၍ပင် ပြင်းထန်လာ၏။ တန်ခိုးအရှိန်အဝါတစ်ရပ်က လွှမ်းခြုံလာရာ ကျင့်ကြံသူအားလုံးကို ဒူးထောက်စေနိုင်လုနီးပါးပင်။
ဟင်းလင်းပြင်ဥမင်အဆင့်အောက်မှ ကျင့်ကြံသူများသည် သွေးများ အဆက်မပြတ်အန်ထုတ်နေရ၏။ အင်အားနည်းသူများမှာ ကောင်းကင်တွင်ပင် မရပ်တည်နိုင်တော့ဘဲ မြေပြင်ပေါ်သို့ တည့်တည့်ပြုတ်ကျကာ တုန်တုန်ယင်ယင်ဖြင့် လဲပြိုနေကြတော့သည်။
ဘိုးဘေးများက တုန်လှုပ်ခြောက်ခြားစွာဖြင့် တညီတညွတ်တည်း ကြွေးကြော်လိုက်ကြလေသည်။
“ဟင်းလင်းပြင်အဆင့် အင်မော်တယ်တစ်ပါးနဲ့တောင် အစွမ်းတူတယ်!”
လုရီပင်လျှင် ထိုကြောက်မက်ဖွယ် ဖိအားကို ခံစားလိုက်ရ၏။ သူ၏ရင်ဘတ်ထဲတွင် ကျောက်တုံးကြီးတစ်ခု ဖိထားသကဲ့သို့ လေးလံသွားသည်။ သူသည် လျိုနင်ရွှမ်းနှင့် သူမ၏ အဖော်နှစ်ယောက်ကို ခေါ်ဆောင်ကာ အလျင်အမြန် နောက်ဆုတ်လိုက်၏။ ထို့နောက် ကြယ်တာရာကို သတိကြီးစွာဖြင့် အကဲခတ်နေလိုက်တော့သည်။
မည်သူမျှ ရှေ့ဆက်မတိုးဝံ့ကြတော့ပေ။ ဤအင်မော်တယ်ရတနာသည် အသက်ရှိပုံရပြီး သူ၏စွမ်းအားမှာ အမှန်တကယ်ပင် ကြောက်ခမန်းလိလိ ကောင်းလှသည် မဟုတ်ပါလား။ ကောင်းကင်နန်းတော် ဘိုးဘေး၏အဖြစ်က သူတို့အားလုံးအတွက် သတိပေးခေါင်းလောင်းသံတစ်ခု ဖြစ်သွားခဲ့လေသည်။
ထိုစဉ် ကြယ်သည် ရုတ်တရက် ပို၍ပင် ထွန်းလင်းတောက်ပလာ၏။ ပိုမိုပြင်းထန်သော အရှိန်အဝါတစ်ရပ် ပေါ်ထွက်လာရာ ကျင့်ကြံသူများမှာ နောက်သို့ ဆက်လက်ဆုတ်ခွာနေရတော့သည်။
နောက်တစ်ခဏတွင် ဟိန်းညံသော ဆူညံကြီးတစ်သံ ထွက်ပေါ်လာ၏။
ကြယ်သည် မျက်စိကျိန်းမတတ်တောက်ပသော အလင်းရောင်များဖြင့် ပေါက်ကွဲထွက်သွားလေသည်။ ထို့နောက် ကြည်လင်ပြတ်သားသော ဟစ်ကြွေးသံတစ်ခုက ကောင်းကင်နှင့်မြေကြီးတစ်ခွင် ပဲ့တင်ထပ်သွား၏။
တာအိုတရားကိုယ်တိုင်က တန်ခိုးကြီးမားသော သက်ရှိတစ်ဦး၏ မွေးဖွားခြင်းကို ဂုဏ်ပြုနေသည့်အလားပင်။
ကျင့်ကြံသူတိုင်းက မျက်လုံးများပြူးကျယ်ကာ ထိတ်လန့်တကြားဖြင့် ထိုအလင်းတန်းများ၏ ဗဟိုချက်ကို စူးစိုက်ကြည့်နေကြ၏။
မကြာမီ ကြယ်ရောင်သည် တဖြည်းဖြည်း မှိန်ဖျော့သွားလေသည်။ ကြယ်ရှိခဲ့သောနေရာ၌ သတ္တဝါတစ်ကောင် ပေါ်ထွက်လာ၏။
လုရီအပါအဝင် လူတိုင်း၏မျက်လုံးများမှာ ထိုသတ္တဝါကို ကြည့်ရင်း ပြူးကျယ်သွားကြလေသည်။
သမင်ငယ်လေး....။
ထိုသတ္တဝါလေးမှာ အလွန်နုနယ်ပြီး ချစ်စဖွယ်ကောင်းသော သမင်ငယ်လေးတစ်ကောင် ဖြစ်သည်။
သူ၏တစ်ကိုယ်လုံးသည် ကြယ်တာရာများ၏ အရောင်အဝါဖြင့် တလက်လက်တောက်ပနေ၏။ လျှို့ဝှက်ဆန်းကြယ်သော တာအိုပုံစံများက သူ၏ကိုယ်ထည်အနှံ့ စီးဆင်းနေသည်။ သူ၏မျက်လုံးများမှာ ကြယ်နှစ်စင်းကဲ့သို့ မယုံနိုင်လောက်အောင် တောက်ပကြည်လင်နေ၏။
သမင်ငယ်လေးက ခေါင်းမော့လိုက်သည်။ သူ၏အရေပြားပေါ်မှ တာအိုပုံစံများက တဖျပ်ဖျပ်လက်သွားပြီး ကြယ်ရောင်အလင်းမျှင်များကို ဆွဲငင်လိုက်၏။ ထိုအလင်းမျှင်များသည် သူ၏ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်း ပေါင်းစပ်ဝင်ရောက်သွားသည်။
ကြယ်ရောင်ကို စုပ်ယူလိုက်သည်နှင့်အမျှ သမင်ငယ်လေး၏ အရှိန်အဝါသည် ပို၍ပင် အားကောင်းလာ၏။ သူ၏ တန်ခိုးမှာ ကြောက်မက်ဖွယ်ဖြစ်လာပြီး ဟင်းလင်းပြင်ကိုပင် သိမ့်သိမ့်ခါသွားအောင် လှုပ်ယမ်းလိုက်လေသည်။
လုံမင်က ထိတ်လန့်တုန်လှုပ်စွာဖြင့် ရေရွတ်မိသည်။
“ဒါ... ဒါ အင်မော်တယ်သားရဲလား?! အင်မော်တယ်သားရဲရဲ့ သားပေါက်လေးလား?!”
ဘိုးဘေး ဖန်ထျန်းယောင်က တုန်လှုပ်ခြောက်ခြားစွာ တုံ့ပြန်လိုက်၏။
“မွေးကတည်းက ဟင်းလင်းပြင်အဆင့် အင်မော်တယ်နဲ့ အစွမ်းတူနေတာပဲ! သားပေါက်ဘဝနဲ့တောင် ဒီလောက်တန်ခိုးကြီးနေမှတော့ ဘယ်လို အင်မော်တယ်သားရဲမျိုး ဖြစ်မလဲ?!”
ကျင့်ကြံသူတစ်ဦးက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
“အင်မော်တယ်သမင်တဲ့လား? ဒါဆို ထျန်းလူတောင်နဲ့ ပတ်သက်တဲ့ ကောလာဟလတွေက အမှန်ပဲပေါ့! ရှေးခေတ်တုန်းက အင်မော်တယ်သမင်တစ်ကောင် ကောင်းကင်ဘုံကနေ တကယ်ဆင်းသက်လာပြီး ချင်းကျိုးက မိစ္ဆာဂိုဏ်းကို ဖျက်ဆီးခဲ့တယ်ဆို! ဒါဆို အဲဒီသမင်က ထျန်းမင်တောင်မှာ အခြေချပြီး မျိုးပွားခဲ့တာလား?!”
ဒဏ်ရာရနေသော ကောင်းကင်နန်းတော်ဘိုးဘေး၏ မျက်လုံးများမှာ လောဘရောင်များဖြင့် တောက်လောင်နေ၏။
“ဒီလို သားပေါက်လေး... ငါတို့သာ သူ့ကို ယဉ်ပါးအောင် မွေးမြူနိုင်ခဲ့ရင်... ငါတို့ဂိုဏ်းအတွက် နှစ်တစ်သန်းတိုင်အောင် ကာကွယ်စောင့်ရှောက်ပေးမယ့် အစောင့်အရှောက် အင်မော်တယ်သားရဲတစ်ကောင် ဖြစ်လာမှာပဲ!”
ဤစကားကြောင့် ဘိုးဘေးအများအပြားမှာ အံ့အားသင့်သွားကြ၏။ ထို့နောက် သူတို့၏မျက်လုံးများတွင်လည်း လောဘရောင်များ လင်းလက်လာကာ သမင်ငယ်လေးကို စိုက်ကြည့်နေကြတော့သည်။
ကောင်းကင်နန်းတော်ဘိုးဘေး၏ စကားမှာ
မမှားပေ။ အင်မော်တယ်သားရဲ သားပေါက်တစ်ကောင်ကို ယဉ်ပါးအောင် မွေးမြူနိုင်ခြင်းသည် အင်မော်တယ်ရတနာတစ်ခုကို တိုက်ရိုက်ရရှိခြင်းထက်ပင် အဆပေါင်းများစွာ ပို၍အသုံးဝင်ပေလိမ့်မည်။ အကြောင်းမှာ သူ၏အလားအလာမှာ အဆုံးအစမရှိသောကြောင့် ဖြစ်သည်။ အနာဂတ်တွင် မည်မျှအထိ အားကောင်းလာမည်ကို မည်သူမျှ ကြိုတင်မခန့်မှန်းနိုင်ပေ။
လုရီပင်လျှင် ထိုအတွေးကြောင့် စိတ်လှုပ်ရှားသွား၏။ ယခုပင် ဤမျှအားကောင်းနေလျှင် နောင်တွင် မည်သို့ဖြစ်လာမည်နည်း။ သူသာ ယဉ်ပါးအောင် မွေးမြူနိုင်ခဲ့လျှင် အနာဂတ်တွင် အားကောင်းသော အစောင့်အရှောက်တစ်ဦး ရရှိသကဲ့သို့ ဖြစ်ပေလိမ့်မည်။
လုရီက စဉ်းစားနေစဉ် သုန်းကုန်းမင်ယွဲ့၊ လျိုနင်ရွှမ်းနှင့် ကျန်းရူယွီတို့၏ မျက်လုံးများမှာမူ သမင်ငယ်လေးကို ကြည့်ရင်း အရောင်တောက်နေကြလေသည်။
သုန်းကုန်းမင်ယွဲ့က မြည်တမ်းလိုက်၏။
“ချစ်စရာကောင်းလိုက်တဲ့ သမင်ငယ်လေး!”
ကျန်းရူယွီနှင့် လျိုနင်ရွှမ်းတို့ကလည်း သဘောတူစွာ ခေါင်းညိတ်လိုက်ပြီး အင်မော်တယ်သမင်လေးကို ချစ်ခင်မြတ်နိုးသော အကြည့်များဖြင့် ကြည့်နေကြ၏။
လုရီသည် သူတို့သုံးယောက်ကို ကြည့်ရင်း အံ့ဩလွန်း၍ စကားပင်မထွက်နိုင်တော့။ သူက ခေါင်းကို ခါယမ်းလိုက်ရင်း မယုံနိုင်ဟန်ဖြင့် မေးခွန်းထုတ်လိုက်သည်။
“ဒါက ဟင်းလင်းပြင်အဆင့် အင်မော်တယ်နဲ့ အစွမ်းတူတဲ့ သားရဲငယ်လေး... မင်းတို့မျက်စိထဲမှာတော့ ချစ်စရာကောင်းတာပဲ ရှိတယ်ပေါ့လေ။”
သုန်းကုန်းမင်ယွဲ့နှင့် အခြားသူများက လုရီကို မကျေမနပ်ကြည့်လိုက်ကြ၏။
ကျန်းရူယွီက ဝင်ရောက်ပြောဆိုသည်။
“ချစ်စရာမကောင်းလို့လား? ဒီလောက်လှပတဲ့ သမင်လေး၊ ငါတော့ တကယ်ကို ပွေ့ဖက်ထားချင်လိုက်တာ။”
အမြဲတည်ငြိမ်နေတတ်သော လျိုနင်ရွှမ်း၏ မျက်နှာတွင်ပင် တောင့်တသော အရိပ်အယောင်များ ထင်ဟပ်လာ၏။ သူမက သမင်ငယ်လေးကို ကြည့်ကာ မေးခွန်းထုတ်၏။
“ငါတို့ သူ့ကို ဖမ်းလို့ရမလား?”
လုရီ: “...”
သူ စကားလုံးများ ပျောက်ဆုံးလျက် တုံ့ပြန်လိုက်သည်။
...ဟင်းလင်းပြင်အဆင့် အင်မော်တယ်နဲ့ တန်းတူဖြစ်တဲ့ သားပေါက်လေးကို ငါတို့က ဘယ်လိုလုပ်ဖမ်းနိုင်မှာလဲ...
လျိုနင်ရွှမ်းက မျှော်လင့်တကြီးဖြင့် လုရီကို တိုက်တွန်းလေသည်။
“ဂျူနီယာ မောင်လေး၊ နင့်မှာ နည်းလမ်းမရှိဘူးလား?”
သုန်းကုန်းမင်ယွဲ့နှင့် ကျန်းရူယွီတို့သည်လည်း ထိုသို့ပင် ခံစားနေရ၏။
လုရီက မျက်လုံးများကို လှန်လိုက်ပြီး သူတို့၏ အတွေးများကို နားလည်ရန် ကြိုးစားလိုက်သည်။ သူက ကြယ်ရောင်ကို ဆက်လက်စုပ်ယူနေသော အင်မော်တယ်သမင်ငယ်လေးကို ကြည့်ကာ စိတ်ထဲမှ ကြံစည်လိုက်သည်မှာ-
‘အင်အားသုံးဖမ်းလို့ကတော့ လုံးဝမဖြစ်နိုင်ဘူး။ ဖြည်းဖြည်းချင်း ချော့မော့ခေါ်သွားဖို့ နည်းလမ်းရှိမလား ကြည့်ရမှာပဲ။’
လုရီ တစ်ယောက်တည်းသာမက ဘိုးဘေး လုံမင်နှင့် အခြားသူများပင်လျှင် ယခုအခါ ထိုအကြောင်းကို ဆွေးနွေးနေကြပြီ ဖြစ်သည်။
ဟင်းလင်းပြင်အဆင့် အင်မော်တယ်နှင့် တန်းတူဖြစ်သော သားပေါက်တစ်ကောင်ကို သူတို့အားလုံး ပူးပေါင်းတိုက်ခိုက်လျှင်ပင် အနိုင်ရရန် အခွင့်အရေးမရှိပေ။ ထို့ကြောင့် ၎င်းကို အတင်းအကျပ် ဖမ်းဆီးရန် စဉ်းစားခြင်းမှာ လက်တွေ့မကျသည်ကို တွေ့ရလေသည်။
တစ်ခုတည်းသော နည်းလမ်းမှာ သူ၏ နုနယ်သော အရွယ်ကို အခွင့်ကောင်းယူရန်သာ ဖြစ်သည်။ သူ့ကို ဖြားယောင်းသွေးဆောင်ရမည်။ အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေကို သူ၏အိမ်ဟု ထင်မှတ်လာအောင် ပြုလုပ်ရမည်။ ထိုသို့ပြုလုပ်နိုင်မှသာ သမင်
အင်မော်တယ်သားရဲကို အမှန်တကယ် သိမ်းသွင်းနိုင်မည် ဖြစ်တော့၏။