အခန်း (၄၇၈-၄၈၀)
Vol. 32 Ch. 478-480
အခန်း ၄၇၈ - အင်မော်တယ်သမင်ငယ်နှင့် ကပ်ဘေး ဖြတ်ကျော် ဘိုးဘေးကို ထပ်မံချေမှုန်းခြင်း...
~အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေမှ အချို့သော သူတို့၏ မျက်လုံးများတွင်မူ သံသယအရောင်များ လင်းလက်နေလေသည်။ သူတို့သည် မိမိတို့ဂိုဏ်း၏ တကယ့်အင်အားစုများဖြစ်သော ဟင်းလင်းပြင်အဆင့် အင်မော်တယ်တစ်ပါး အပါအဝင် အခြားပုဂ္ဂိုလ်များထံသို့ တိတ်တဆိတ် သတင်းပို့စေခိုင်းလိုက်ကြ၏။
ဂိုဏ်း၏ အစောင့်အရှောက် အင်မော်တယ်လက်နက်ကိုပင် ဤနေရာသို့ ယူဆောင်လာရန် မှာကြားခဲ့ကြသည်။
အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေတစ်ခုအတွက် ဤကဲ့သို့သော အင်မော်တယ်သားရဲငယ်လေးမှာ လက်လွှတ်ခံ၍မဖြစ်သော ထူးတန်သည့် အခွင့်အရေးကြီးတစ်ခု ဖြစ်ချေသည်။
သို့သော် အင်မော်တယ်သမင်ငယ်လေးသည် မွေးဖွားပြီးသည်နှင့် ကြယ်ရောင်များကို အံ့ဩဖွယ်အရှိန်အဟုန်ဖြင့် စတင်စုပ်ယူတော့သည်။ မကြာမီပင် ကောင်းကင်ထက်မှ ကြယ်ရောင်အားလုံးသည် သူ၏ဝမ်းဗိုက်ထဲသို့ ရောက်ရှိသွား၏။
ထျန်းလူ တောင်တန်းကြီးတစ်ခုလုံး အမှောင်ထုထဲသို့ ပြန်လည်ကျရောက်သွားလေသည်။ ကောင်းကင်ထက်မှ ကြယ်တာရာများကလည်း အလင်းရောင် မဖြာလဲ့တော့ပေ။
အားလုံး၏ နှလုံးသားသည် ဒိန်းခနဲ ခုန်သွား၏။ သူတို့သည် အင်မော်တယ်သားရဲငယ်လေးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြသည်။ သူနောက်ထပ် ဘာလုပ်မည်ကို မသိနိုင်၍ ရင်တထိတ်ထိတ်ဖြင့်သာ စောင့်မျှော်နေကြတော့၏။
ကြယ်ရောင်များကို စုပ်ယူပြီးသည့်နောက်တွင် အင်မော်တယ်သားရဲငယ်လေး၏ ကိုယ်လုံးလေးမှာ မီတာဝက်ခန့်သာ မြင့်သေးပြီး နုနယ်၍ ကျက်သရေရှိလှသည်။
သူသည် ခေါင်းကို ငုံ့လိုက်ပြီး ကြယ်ရောင်ကဲ့သို့သော အလင်းတန်းတစ်ခုက ရှိနေသူအားလုံးအပေါ်သို့ ဖြတ်သန်းသွား၏။ ထို့နောက် တစ်စုံတစ်ရာကို အာရုံခံမိဟန်ဖြင့် သူ၏နားရွက်များ ရုတ်တရက် ထောင်တက်လာပြီး နေရာတစ်ခုသို့ မော့ကြည့်လိုက်သည်။
နောက်တစ်ခဏတွင် သူ၏ကိုယ်လုံးလေးသည် ရုတ်ချည်း ပျောက်ကွယ်သွား၏။ သူမည်သို့ ပျောက်ကွယ်သွားသည်ကို လုရီနှင့် အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေမှ အကြီးအကဲများပင် မြင်မလိုက်ကြချေ။
အားလုံး၏မျက်လုံးများ ပြူးကျယ်သွားပြီးနောက် အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။
“သူပျောက်သွားပြီ! အင်မော်တယ်သားရဲငယ်လေးက ဒီအတိုင်း ထွက်သွားပြီလား?!”
ကောင်းကင်နန်းတော်မှ အကြီးအကဲတစ်ဦး၏ မျက်လုံးများမှာ ပြူးထွက်မတတ်ဖြစ်ကာ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းနေ၏။
ဖန်ထျန်းယောင်၊ လုံမင်နှင့် တင်းကျုံးရှင်း အစရှိသော ဘိုးဘေးများပင်လျှင် ဒေါသကြောင့် ဆတ်ဆတ်ခါမတတ် ဖြစ်နေကြသည်။
ဗုဒ္ဓဘာသာဂိုဏ်းမှ ရဟန်းကြီးများ၏ မျက်နှာများမှာလည်း ရှုံ့မဲ့နေပြီး လက်များက တုန်ယင်လျက် “အော်မီတော်ဖော” ဟု အဆက်မပြတ် ရေရွတ်နေကြ၏။
“ရှာ! အဲဒီအင်မော်တယ်သားရဲငယ်လေးကို ရှာကြ!”
“သူအခုထိ အင်မော်တယ်အဖြစ် မရောက်သေးဘူး၊ ဟင်းလင်းပြင်ကို ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူး။ သူ ထျန်းမင်နယ်မြေထဲမှာပဲ ရှိနေရမယ်!
ထျန်းမင်ကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူး!”
“သူ့ကို ရှာတွေ့မှ ဖြစ်မယ်!”
တစ်စုံတစ်ယောက်က တစ်စုံတစ်ခုကို သတိရဟန်ဖြင့် မေးမြန်းလိုက်သည်။
“ဟုတ်တယ်၊ သူ မထွက်သွားခင်က ဘယ်ဘက်ကို ကြည့်သွားတာလဲ? အဲဒါ ဘယ်နေရာလဲ?”
“အရှေ့ဘက်ကို ကြည့်သွားတာ၊ အဲဒီဘက်ကို သွားရှာကြစို့၊ သူအဲဒီဘက်ကို သွားတာဖြစ်နိုင်တယ်!”
ကျင့်ကြံသူများက စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။ အင်အားနည်းသော ကျင့်ကြံသူများပင်လျှင် မိမိတို့၏ကံကို စမ်းကြည့်ချင်နေကြ၏။
ဤသည်မှာ အင်မော်တယ်သားရဲငယ်လေး ဖြစ်သည်။ မည်သူမျှ အင်အားသုံး၍ မဖမ်းနိုင်သည့်အတွက် မည်သူက ကံကောင်းပြီး သူ၏သဘောကျမှုကို ရရှိမလဲဆိုသည့်အပေါ်တွင်သာ မူတည်နေလေ၏။
အကယ်၍ အင်မော်တယ်သားရဲငယ်လေး၏ သဘောကျမှုကို ရရှိနိုင်ပါက ဟင်းလင်းပြင်ဥမင်အဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် တစ်ညတည်းနှင့် ထျန်းမင်နယ်မြေတွင် မည်သူမျှ မထိပါးဝံ့သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာနိုင်ပေသည်။
“သမင်လေးက ဒီအတိုင်း ထွက်သွားတာလား?!”
သုန်းကုန်းမင်ယွဲ့နှင့် အခြားသူများမှာ အလွန်ပင် စိတ်ပျက်အားငယ်သွားကြသည်။
“သူဘယ်ကို သွားတာလဲ? ငါသူ့ကို ရှာတွေ့အောင် ရှာမယ်!” ကျန်းရူယွီက လက်မလျှော့လိုဟန်ဖြင့် ကြွေးကြော်လိုက်သည်။
လျိုနင်ရွှမ်းက ဝင်ရောက်ပြောဆိုသည်။
“အဲဒီဘက်က... ချင်းကျိုးဘက်ကို ဦးတည်နေတာ မဟုတ်ဘူးလား?”
ဤစကားကို ကြားသောအခါ လုရီနှင့် သူ၏အဖော်များ၏ မျက်လုံးများ အရောင်တောက်သွားကြ၏။
“ဆရာကသာ သူ့ကိုတွေ့ရင် တားဆီးဖို့ ကြိုးစားမှာပဲ မဟုတ်လား? မဟုတ်သေးဘူး၊ ဆရာကြောင့် အဲဒီကောင်လေး ဆွဲဆောင်ခံလိုက်ရတာ ဖြစ်နိုင်မလား?”
လုရီနှင့် သူ၏အဖော်များ စဉ်းစားလေလေ၊ ဖြစ်နိုင်ခြေများလေလေပင်။ မည်သို့ပင်ဆိုစေ ဆရာသခင်သည်လည်း အင်မော်တယ်အဆင့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ရာ အင်မော်တယ်သားရဲငယ်လေးက ဆွဲဆောင်ခံရခြင်းမှာ သာမန်ပင် ဖြစ်ကောင်းဖြစ်နိုင်၏။
လုရီက အကြံပြုလိုက်သည်။
“ကျွန်တော်တို့ လမ်းတစ်လျှောက် ရှာသွားကြရင်း သူ့ကိုတွေ့မလား ကြည့်ကြတာပေါ့!”
လျိုနင်ရွှမ်းနှင့် အခြားသူများလည်း ခေါင်းညိတ်လိုက်ကြ၏။ သူတို့လေးယောက်သည် အလင်းတန်းများအဖြစ် ပြောင်းလဲကာ အင်မော်တယ်သမင်ငယ်လေး နောက်ဆုံးကြည့်သွားသော အရပ်ဆီသို့ ပျံသန်းထွက်ခွာသွားကြတော့သည်။
လုရီနှင့် သူ၏အဖော်များသာမက ကျင့်ကြံသူအများစုသည်လည်း ထိုအတွေးကို တွေးမိကြ၏။ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် အလင်းတန်းများအဖြစ် ပြောင်းလဲကာ ထိုအရပ်ဆီသို့ ဦးတည်ပျံသန်းသွားကြလေသည်။
ထိုအထဲတွင် အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေမှ ဘိုးဘေးများစွာလည်း ပါဝင်သည်။ လူတန်းကြီးသည် စစ်တပ်တစ်တပ်ကဲ့သို့ပင် တန်ခိုးအရှိန်အဝါကြီးမားစွာဖြင့် ကောင်းကင်ကို ဖြတ်ကျော်ပျံသန်းသွား၏။
မြို့ကြီးများစွာကို ဖြတ်ကျော်သွားစဉ် အင်အားနည်းသော ကျင့်ကြံသူများစွာသည် ကောင်းကင်ကို ဖြတ်ပျံနေသော ကျင့်ကြံသူများကို အံ့အားတကြီး မော့ကြည့်နေကြသည်။
“သူတို့ ဘယ်ကို သွားတိုက်ကြမလို့လဲ?”
“ပင်လယ်မျိုးနွယ်တွေက ကျူးကျော်လာပြန်ပြီလား?”
ကျင့်ကြံသူများစွာသည် စိတ်လှုပ်ရှားပြီး ဂနာမငြိမ် ဖြစ်နေကြ၏။
လမ်းတစ်လျှောက်တွင် လူတိုင်းသည် နေရာတိုင်းကို ရှာဖွေသွားကြသည်။ သူတို့၏ နတ်ဘုရားအာရုံဖြင့် ကောင်းကင်နှင့်မြေကြီးကို လွှမ်းခြုံကာ မွှေနှောက်ရှာဖွေခဲ့သော်လည်း အင်မော်တယ်သမင်ငယ်လေး၏ အရိပ်အယောင်ကိုပင် မည်သူမျှ မတွေ့ရှိခဲ့ပေ။
ကျင့်ကြံသူများသည် ကျိုင်းကောင်များအလား မြေပြင်ကို ဖြတ်သန်းသွားကြပြီး မကြာမီ ချင်းကျိုးသို့ ရောက်ရှိလာကြသည်။ သူတို့သည် တောင်တန်းများနှင့် မြစ်ချောင်းများစွာကို ဖြတ်ကျော်ပျံသန်းလာပြီးနောက် တိမ်ဖြူဂိုဏ်း၏ နယ်မြေအနီးသို့ ချဉ်းကပ်လာကြ၏။
သို့သော် တိမ်ဖြူဂိုဏ်းအနီးသို့ ရောက်သောအခါ နတ်ဓားဂိုဏ်းနှင့် ကောင်းကင်နဂါးမြင့်မြတ်နယ်မြေမှ ကျင့်ကြံသူများသည် အံ့အားသင့်သွားပြီးနောက် လုရီထံသို့ လှမ်းကြည့်လိုက်ကြသည်။ လုရီသည် သူ၏ တိမ်ဖြူဂိုဏ်းနယ်မြေကို ကျင့်ကြံသူများက အလေးမထားဘဲ ဝင်ရောက်ရှာဖွေခြင်းကို ခွင့်ပြုလိုမည် မဟုတ်ပေ။
ထိုသို့ပြုလုပ်ခြင်းသည် တိမ်ဖြူဂိုဏ်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည် ဖြစ်လေ၏။
သူသည် ရှေ့သို့တစ်လှမ်းတိုးလိုက်ပြီး လူတိုင်း၏လမ်းကို ချက်ချင်း ပိတ်ရပ်လိုက်သည်။
ကောင်းကင်နန်းတော်ကဲ့သို့သော ဂိုဏ်းများမှ ကျင့်ကြံသူများ မျက်မှောင်ကြုတ်သွားကြသည်။ ကောင်းကင်နန်းတော်မှ အကြီးအကဲသည် သူ၏စိတ်မရှည်မှုကို ထိန်းချုပ်ကာ လေသံအေးအေးဖြင့် မေးမြန်းသည်။
“လုရီ၊ ငါတို့ကို ဘာလို့ တားတာလဲ?”
လုရီက ပြုံးလျက် တုံ့ပြန်သည်။
“ရှေ့မှာ ကျွန်တော့်ရဲ့ တိမ်ဖြူဂိုဏ်း နယ်မြေပါ။ အားလုံးက အင်မော်တယ်သမင်ငယ်လေးကို ရှာဖွေချင်တယ်ဆိုရင် ကြိုဆိုပါတယ်။ ဒါပေမဲ့ တိမ်ဖြူဂိုဏ်းရဲ့ နယ်မြေကိုတော့ ကွေ့ဝိုက်ရှောင်သွားပေးကြပါ။”
ဤစကားကို ကြားသောအခါ ကျင့်ကြံသူများစွာ မျက်မှောင်ကြုတ်သွားကြသည်။ အခြားဒေသများမှ ကျင့်ကြံသူအချို့သည် လုရီကို စူးရှစွာကြည့်လိုက်ပြီး တိတ်ဆိတ်နေကြသည်။
ထိုစဉ် အရှေ့နယ်မြေမှ အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေမှ ကျင့်ကြံသူများသည် ရှေ့သို့ထွက်လာကာ လုရီ၏ဘေးတွင် ဝင်ရပ်လိုက်ကြသည်။
ဘိုးဘေး ဖန်ထျန်းယောင်က ပြောကြားသည်။
“နယ်မြေဆိုတာ ဂိုဏ်းတစ်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာပဲ။ ခင်ဗျားတို့အားလုံးလည်း ဂိုဏ်းအသီးသီးက လာကြတာပဲ၊ ဒီအကြောင်းကိုတော့ နားလည်ကြမှာပါ”
ထိုအခါ ကောင်းကင်နန်းတော်ကဲ့သို့သော ဂိုဏ်းများမှ အကြီးအကဲများသည် မျက်နှာလွှဲလိုက်ကြပြီး နောက်ထပ်စကားမဆိုသာတော့ပေ။
"ဟားဟားဟား.... ဟီးဟီးဟီး"
ထိုအခိုက်အတန့်တွင် ကျယ်လောင်သော ရယ်သံကြီး ထွက်ပေါ်လာသည်။
“မှန်တယ်၊ ဒါပေမဲ့ ငါက ဂိုဏ်းမဲ့ ကျင့်ကြံသူလေ!”
အလွန်တရာ တန်ခိုးပြင်းသော အရှိန်အဝါတစ်ရပ် ပေါ်ထွက်လာပြီး အဝါရောင်ဝတ်ရုံနှင့် လူအိုတစ်ဦး ပျံထွက်လာ၏။ သူ၏အကြည့်များမှာ စူးရှပြီး သူ၏ကျင့်ကြံမှုအဆင့်မှာ အလွန်အားကောင်းခိုင်မာကာ အကြီးအကဲ မိစ္ဆာထက်ပင် သာလွန်နေသည်။
“ဟွမ်ယွမ်ဖုန်းပဲ! သူလည်း ဒီကိုရောက်နေတာလား။”
“သူက အင်မော်တယ်တစ်ပါးရဲ့ အမွေအနှစ်ကို ကံကောင်းစွာနဲ့ ရရှိခဲ့ပြီး ကပ်ဘေးဖြတ်ကျော်အဆင့်အထိ တက်လှမ်းနိုင်ခဲ့တယ်လို့ ပြောကြတယ်။ မယုံနိုင်လောက်အောင် အားကောင်းတဲ့သူပဲ။”
ကျင့်ကြံသူများစွာ၏ မျက်နှာများ မည်းမှောင်သွားကြပြီး ဘိုးဘေး
များပင်လျှင် ဟွမ်ယွမ်ဖုန်းကို သတိထားနေကြသည်။
အခန်း ၄၇၉ - အင်မော်တယ်သမင်ငယ်နှင့် ကပ်ဘေးဖြတ်ကျော် ဘိုးဘေးကို ထပ်မံချေမှုန်းခြင်း...
~ဟွမ်ယွမ်ဖုန်းက လုရီကို ကြည့်ကာ ပြတ်ပြတ်သားသား ပြောလာသည်။
“လုရီ၊ မင်းရဲ့ပါရမီက ပြိုင်ဘက်ကင်းတယ်၊ ငါမင်းကို အရမ်းလေးစားတယ်။ ဒါပေမဲ့
အင်မော်တယ် သားရဲငယ်လေးနဲ့ ပတ်သက်လာရင်တော့ မင်းရဲ့ ဂိုဏ်းဖြစ်နေရင်တောင် ငါဝင်စစ်ဆေးမှ ဖြစ်မယ်!”
ဤစကားကို ကြားသောအခါ လုရီ၏ မျက်နှာသည် ပို၍ပင် အေးစက်သွားပြီး လေသံမာမာဖြင့် တုံ့ပြန်သည်။ “စီနီယာအနေနဲ့ တိမ်ဖြူဂိုဏ်းကို လေးစားမှုပြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”
ထိုအခါ ဟွမ်ယွမ်ဖုန်းက ပြုံးလျက် “အထဲမှာ အင်မော်တယ်သားရဲငယ်လေး မရှိဘူးဆိုရင် ငါမင်းကို တောင်းပန်မယ်။ ဒါပေမဲ့ အခုတော့... ဘာပဲဖြစ်ဖြစ် ငါဝင်စစ်ဆေးရမှ ဖြစ်မယ်”
စကားဆုံးသည်နှင့် သူသည် ရှေ့သို့တစ်လှမ်းတိုးကာ အလွန်လျင်မြန်သော အရှိန်ဖြင့် တိမ်ဖြူဂိုဏ်းဆီသို့ တိုးဝင်သွား၏။ သို့သော် သူတိမ်ဖြူဂိုဏ်းအနီးသို့ ချဉ်းကပ်လိုက်သည်နှင့် ရုတ်တရက် မရေမတွက်နိုင်သော အခင်းအကျင်းပုံစံများ ကောင်းကင်ယံတွင် ပေါ်ထွက်လာသည်။
သိပ်သည်းစွာ ပေါ်ထွက်လာသော အခင်းအကျင်းပုံစံများသည် ကြောက်မက်ဖွယ် ဖိအားများနှင့်အတူ မိုင်ပေါင်းထောင်ချီသော ကောင်းကင်ကို လွှမ်းခြုံသွား၏။ အခင်းအကျင်းမြေပုံအတွင်းတွင် အဆုံးမဲ့သော ငွေရောင်ဓားအလင်းတန်းများ ပေါ်ထွက်လာပြီး ဓားပင်လယ်ကြီး လှိုင်းထန်နေသည့်အလား ထင်မှတ်ရသည်။
“ဂိုဏ်းအကာအကွယ်အခင်းအကျင်းလား?! ဒီလောက်အားကောင်းတဲ့ ဂိုဏ်းအကာအကွယ်အခင်းအကျင်း?!”
“ဟုတ်တယ်၊ မိတ်ဆွေလေးလုရီကိုယ်တိုင်က အခင်းအကျင်းတာအို သခင်တစ်ပါးပဲ။ သူက သူ့ဂိုဏ်းကို လျစ်လျူရှုမှာ မဟုတ်ဘဲ အလွန်အားကောင်းတဲ့ ဂိုဏ်းအကာအကွယ်အခင်းအကျင်းတစ်ခုကို တည်ဆောက်ထားမှာ သေချာတယ်!”
လူအုပ်ကြီးထဲတွင် ဆွေးနွေးသံများ ဆူညံသွားသည်။ ထို့နောက် ကျင့်ကြံသူအားလုံးသည် ဟွမ်ယွမ်ဖုန်းကို သနားစာနာသော အကြည့်များဖြင့် ကြည့်လိုက်ကြ၏။
လုရီ၏ အခင်းအကျင်းတာအိုနယ်ပယ်ကို လူတိုင်းနီးပါး မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ သူသည် ဟင်းလင်းပြင် ဥမင် အဆင့်တွင်ပင် ကပ်ဘေးဖြတ်ကျော်အဆင့် အခင်းအကျင်းကို ရေးဆွဲနိုင်သူ ဖြစ်လေ၏။
ဟင်းလင်းပြင် ဥမင်တွင် ရေးဆွဲသော အခင်းအကျင်းနှင့်မတူဘဲ၊ ဂိုဏ်းအကာအကွယ်အခင်းအကျင်းသည် လုံလောက်သော ကြားခံပစ္စည်းရှိပါက အပြန်အလှန်ချိတ်ဆက်ထားသော အစိတ်အပိုင်းများဖြင့် ရေးဆွဲနိုင်ပြီး အခင်းအကျင်းကို ပိုမိုမြင့်မားသော အဆင့်သို့ပင် တက်လှမ်းစေနိုင်သည်။
လုရီ၏ အခင်းအကျင်းတာအို စွမ်းရည်ဖြင့် တိမ်ဖြူဂိုဏ်း၏ ဂိုဏ်းအကာအကွယ်အခင်းအကျင်းသည် မည်မျှအားကောင်းမည်ကို စဉ်းစားကြည့်နိုင်ပေ၏။
အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေတစ်ခု၏ ဂိုဏ်းအကာအကွယ်အခင်းအကျင်းနှင့် မယှဉ်နိုင်သည့်တိုင် များစွာကွာခြားမည် မဟုတ်ပေ။ ၎င်းသည် ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူတစ်ဦး အလွယ်တကူ ကျူးကျော်နိုင်သော အရာမဟုတ်ပေ။
“ဒါက... ဂိုဏ်းအကာအကွယ်အခင်းအကျင်းလား?!” ဟွမ်ယွမ်ဖုန်း၏ မျက်နှာပင်လျှင် သိသိသာသာ ပြောင်းလဲသွားပြီး သူ၏မျက်လုံးများတွင် တုန်လှုပ်မှုများ ထင်ဟပ်နေသည်။ ထို့နောက် ရေခဲရေပုံးဖြင့် လောင်းချခံလိုက်ရသကဲ့သို့ သူ၏စိတ်များ ကြည်လင်သွားပြီး တဖြည်းဖြည်း နောက်ဆုတ်လိုက်၏။
လုရီ၏ မျက်နှာမှာ အေးစက်နေသည်။ အသံမှာ လေးနက်၏။
“စောစောက ခင်ဗျားကို စကားကောင်းနဲ့ ညှိနှိုင်းခဲ့ပြီးပြီ။ ခင်ဗျားက တိမ်ဖြူဂိုဏ်းနယ်မြေကို အတင်းအကျပ် ကျူးကျော်ဝင်ရောက်ဖို့ ကြိုးစားခဲ့တယ်၊ အခုထွက်သွားဖို့ကတော့ နောက်ကျသွားပြီ!”
လုရီသည် ရှေ့သို့တစ်လှမ်းတိုးလိုက်ပြီး သူ၏မျက်လုံးများတွင် လျှို့ဝှက်ဆန်းကြယ်သော အခင်းအကျင်းပုံစံများ ဝေ့ဝဲနေသည်။ နောက်တစ်ခဏတွင် ကောင်းကင်ထက်၌ အဆုံးမဲ့သော ငွေရောင်ဓားအလင်းတန်းများက ဟုန်းခနဲ ထွက်ပေါ်လာပြီး ဟွမ်ယွမ်ဖုန်းကို ချက်ချင်း ဝါးမြိုသွားတော့၏။
“အား... အား... အား!!” ဟွမ်ယွမ်ဖုန်းက ဒေါသတကြီး ကြွေးကြော်လိုက်သည်။ မြေဝါရောင်အလင်းတန်းများက သူ၏ကိုယ်ကို ရစ်ပတ်လာသည်။ သူသည် မြေဝါရောင်ပုလဲလုံးတစ်လုံးကို ထုတ်ယူလိုက်၏။ ဝိညာဉ်စွမ်းအင်များ စီးဆင်းနေသော ထိုပုလဲလုံးက ထူထဲသော မြေဝါရောင်အကာအကွယ်လွှာတစ်ခုကို ထုတ်လွှတ်လိုက်ရာ ငွေရောင်ဓားအလင်းတန်း၏ တိုက်ခိုက်မှုကို အမှန်တကယ်ပင် ခုခံနိုင်ခဲ့သည်။
“ဒါက... မြေဓာတ်ဝိညာဉ်ပုလဲလား?!”
“ဟွမ်ယွမ်ဖုန်းက အင်မော်တယ်တစ်ပါးရဲ့ အမွေအနှစ်ကို ရခဲ့တယ်လို့ ပြောကြတယ်။
မထင်မှတ်ဘဲ သူ့မှာ မြေဓာတ်ဝိညာဉ်ပုလဲလို ရတနာမျိုး ရှိနေတာလား!”
ဤအဖြစ်က ကြည့်ရှုနေသူများစွာကို မနာလိုဖြစ်စေပြီး ထိုမြေဓာတ်ဝိညာဉ်ပုလဲကို တပ်မက်သော မျက်လုံးများဖြင့် ကြည့်နေကြ၏။ လုရီပင်လျှင် အနည်းငယ် အံ့အားသင့်သွားသည်။ ဝိညာဉ်ပုလဲများသည် အလွန်ရှားပါးသော ကောင်းကင်နှင့်မြေကြီးရတနာများ ဖြစ်ကြ၏။
အစပိုင်းတွင် လုရီသည် မိုးကြိုးဝိညာဉ်ပုလဲနှင့် ရေခဲဝိညာဉ်ပုလဲတို့ကို သူ၏ ဂျူနီယာညီမလေးနှင့် စီနီယာအစ်မထံ ပေးခဲ့ရာ သူတို့၏ နယ်ပယ်ကို နားလည်နိုင်စွမ်းကို များစွာ တိုးတက်စေခဲ့သည်။
ဟုတ်ပေသည်၊ ၎င်းသည် သူမတို့က မွေးရာပါ ဝိညာဉ်ခန္ဓာကိုယ်များ ဖြစ်ခြင်းနှင့်လည်း များစွာသက်ဆိုင်နေ၏။ ဟွမ်ယွမ်ဖုန်း၏ ပါရမီသည် သူ၏ စီနီယာအစ်မနှင့် ဂျူနီယာညီမလေးထက် များစွာနိမ့်ကျသော်လည်း မြေဓာတ်ဝိညာဉ်ပုလဲ၏ အကူအညီဖြင့် ကပ်ဘေးဖြတ်ကျော်အဆင့်အထိ ကျင့်ကြံနိုင်ခဲ့သည်ကို ထောက်ရှုလျှင် ဤမြေဓာတ်ဝိညာဉ်ပုလဲသည် မည်မျှတန်ဖိုးကြီးမားသည်ကို ခန့်မှန်းနိုင်ပေသည်။
ယခု ဟွမ်ယွမ်ဖုန်းသည် မြေဓာတ်ဝိညာဉ်ပုလဲကို သူ၏ သက်စောင့်မှော်ရတနာအဖြစ် သန့်စင်ထားရာ အလွန်အားကောင်းသော ကာကွယ်ရေးစွမ်းရည်ကို ပိုင်ဆိုင်နေပြီး ခဏတာမျှ တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့၏။
လုရီ၏ မျက်နှာမှာ တည်ငြိမ်နေဆဲဖြစ်သည်။ မြေဓာတ်ဝိညာဉ်ပုလဲက တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့သော်လည်း အခင်းအကျင်းအတွင်းမှ အဆုံးမဲ့သော ဓားချီများသည် ထိုသူ့ကို ဆက်တိုက်ဖိအားပေးကာ ပိတ်လှောင်ထားသဖြင့် လွတ်မြောက်ရန်ပင် ခက်ခဲနေလေ၏။
ဟွမ်ယွမ်ဖုန်းသည် သူ၏အန္တရာယ်ရှိသော အခြေအနေကို သဘောပေါက်သွားပြီး မျက်နှာပျက်ကာ အလျင်အမြန် တောင်းပန်သည်။ “မိတ်ဆွေလေးလုရီ၊ ဒီအဘိုးကြီးက မဆင်မခြင် ပြုမူမိပါတယ်။ သက်ညှာပေးပါ!”
လုရီ၏ မျက်နှာမှာ တည်ငြိမ်နေပြီး စိတ်ထဲမှ ကြံစည်လိုက်သည်။
“ဟွမ်ယွမ်ဖုန်းကို ငါသတ်ပစ်မယ်။”
[အလုပ်]
ဟွမ်ယွမ်ဖုန်းကို သုတ်သင်ပါ။
ဆုလာဘ်: အင်မော်တယ်ရတနာ မြေဓာတ်အနှစ်သာရ၊ အင်မော်တယ်သိုင်းနည်းစနစ် "ဥက္ကာပျံသိုင်း"၊
အင်မော်တယ်သိုင်းကျမ်း "မြေဧကရာဇ်ကျမ်း"၊
မြေဓာတ်အူတိုင်အသီး မျိုးစေ့ ၁ ခု။
ဆုလာဘ်ကို လက်ခံမလား: လက်ခံမည်လား/ငြင်းမည်လား။
“အခုမှ တောင်းပန်နေတာလား? နောက်ကျသွားပြီ!”
လုရီသည် အလုပ်ကို ချက်ချင်းလက်ခံလိုက်ပြီး လေသံအေးစက်စွာဖြင့် ပြောလိုက်တော့သည်။
ဤသည်မှာ တိမ်ဖြူဂိုဏ်း၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်သော ကိစ္စဖြစ်ရာ လုရီက သူ့ကို လွှတ်ပေးမည်မဟုတ်ပေ။ သူ၏လက်ထဲမှ အခင်းအကျင်းတံဆိပ်ကို ဆုပ်ကိုင်လိုက်ရာ ကြည်လင်သော ဓားသံများက ကောင်းကင်နှင့်မြေကြီးကြား ပဲ့တင်ထပ်သွားပြီး ဓားအလင်းတန်းပေါ်တွင် ကြယ်ရောင်များပင် တဖြည်းဖြည်း စီးဆင်းလာသည်။
ကပ်ဘေးဖြတ်ကျော်အဆင့် အခင်းအကျင်းကို တွက်ချက်သည့် လုပ်ငန်းကို ပြီးမြောက်ပြီး လုပ်ငန်းဆုလာဘ်များကို စုပ်ယူပြီးသည့်နောက် လုရီ၏ အခင်းအကျင်းတာအို ဉာဏ်အလင်းသည် နိယာမအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်၏။
သူသည် ယခုအခါ နိယာမကို အသုံးပြု၍ မဟာအခင်းအကျင်းများကို တည်ဆောက်နိုင်ပြီ ဖြစ်သည်။ ၎င်းသည် စစ်မှန်သော အင်မော်တယ်အခင်းအကျင်းထက် အနည်းငယ် အားနည်းနေသေးသော်လည်း၊ နိယာမပါဝင်သော ကပ်ဘေးဖြတ်ကျော်အဆင့် မဟာအခင်းအကျင်းဖြစ်ပြီး အလွှာများစွာပါသော ဂိုဏ်းအကာအကွယ်အခင်းအကျင်းဖြစ်ရာ သူ၏စွမ်းအားမှာ သဘာဝအတိုင်း ကြောက်မက်ဖွယ်ကောင်းလှ၏။
ကြယ်ဖြတ်အင်မော်တယ်သိုင်း ပျော်ဝင်နေသော ဓားအလင်းတန်းများ ပေါ်ထွက်လာရာ ဟွမ်ယွမ်ဖုန်း၏ မျက်နှာမှာ နှင်းကဲ့သို့ ဖြူဖျော့သွားသည်။ သူ၏မျက်နှာမှာ ဒေါသကြောင့် ရှုံ့မဲ့သွားပြီး ခြိမ်းခြောက်လိုက်သည်။
“လုရီ၊ ခွေးကောင်! မင်းငါ့ကို သတ်ချင်တယ်ဆိုရင် မင်းရဲ့ဂိုဏ်းကို ငါနဲ့အတူ အဖော်စပ်ပေးမယ်!”
သူ၏ကိုယ်ကို ကြောက်မက်ဖွယ် မြေဝါရောင်အလင်းများက ဝန်းရံလာပြီး အောက်ရှိ တိမ်ဖြူဂိုဏ်းကို အကျိုးဆက်ကို မတွေးဘဲ အပျက်အစီးဖြစ်စေမည့် တိုက်ခိုက်မှုတစ်ခုကို ပြုလုပ်ရန် ကြံရွယ်လိုက်သည်။
လုရီ၏ မျက်နှာမှာ ခက်ထန်သွားပြီး အခင်းအကျင်းပုံစံ ပြောင်းလဲသွားသည်နှင့် အင်မော်တယ်နိယာမပါဝင်သော ဓားကန့်လန့်ကာတစ်ခု ပေါ်ထွက်လာကာ ဟွမ်ယွမ်ဖုန်း၏ ဘေးပတ်ဝန်းကျင်ကို လုံးဝ အထီးကျန်ဖြစ်သွားစေ၏။ များပြားလှသော ကြယ်ဖြတ်ဓားအလင်းတန်းများက အတွင်း၌ တောက်ပလာပြီး ဟွမ်ယွမ်ဖုန်းကို ဝါးမြိုသွားတော့သည်။
ဘုန်း!!!
ရွှေရောင်ဓားကန့်လန့်ကာအတွင်း၌ ငွေရောင်နှင့် အဝါရောင်အလင်းတန်းများက နေလုံးကြီးကဲ့သို့ တောက်ပနေသဖြင့် ကျင့်ကြံသူများစွာ မျက်စိကျိန်းကာ တည့်တည့်မကြည့်ဝံ့ကြပေ။
တောက်ပမှုများ မှိန်ဖျော့သွားသောအခါ လူတိုင်းသည် ရွှေရောင်ဓားကန့်လန့်ကာ၏ အလယ်သို့ ကြည့်လိုက်ကြ၏။ ထိုအခိုက်တွင် ဓားကန့်လန့်ကာအတွင်း၌ ဟွမ်ယွမ်ဖုန်း၏ ပုံရိပ်ကို
မတွေ့ရတော့ဘဲ မြေဓာတ်ဝိညာဉ်ပုလဲတစ်လုံးနှင့် သိုလှောင်လက်စွပ်တစ်ကွင်းသာ လေထဲတွင် ပျံဝဲနေသည်။
လုရီက လက်လှမ်းလိုက်ပြီး ထိုပုလဲနှင့် လက်စွပ်ကို မျောပါလာစေကာ သူ၏ လက်ထဲသို့ စုသိမ်းလိုက်၏။
ကောင်းကင်ထက်တွင် သင်္ချိုင်းကုန်းတစ်ခုပမာ တိတ်ဆိတ်သွားပြီး လူတိုင်းသည် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာသော ဟင်းလင်းပြင်အက်ကွဲကြောင်းကို တုန်လှုပ်စွာဖြင့် ကြည့်နေကြသည်။
“သေပြီ! နောက်ထပ် ကပ်ဘေးဖြတ်ကျော်
ဘိုးဘေးတစ်ပါး လုရီရဲ့လက်ထဲမှာ ကျဆုံးသွားပြန်ပြီ။”
“ဘုရားရေ! တစ်ညတည်းနဲ့ ကပ်ဘေးဖြတ်ကျော် ဘိုးဘေးနှစ်ပါးတောင် လုရီရဲ့ လက်ချက်နဲ့ သေဆုံးသွားတယ်။ ဒီည ပြီးရင် လုရီရဲ့ နာမည်က ထျန်းမင် တစ်ခုလုံးကို ကိုင်လှုပ်သွားတော့မှာပဲ!”
ကျင့်ကြံသူအားလုံး မှင်သက်နေကြပြီး သူတို့၏နှလုံးသားများမှာ ထိန်းမနိုင်သိမ်းမရ
ခုန်ပေါက်နေကြ၏။ အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေအသီးသီးမှ ဘိုးဘေးကြီးများပင်လျှင် အိပ်မက်မက်နေသကဲ့သို့ ခံစားနေရသည်။
ဖန်ထျန်းယောင်နှင့် လုံမင်တို့ အပြန်အလှန်ကြည့်လိုက်ကြပြီး အားလုံးမှာ အားမလိုအားမရ ပြုံးလိုက်ကြသည်။
“ငါတို့က မိတ်ဆွေလေး လုရီကို ကူညီဖို့ ရည်ရွယ်ခဲ့တာ၊ ဒါပေမဲ့ အခု ကြည့်ရတာတော့ သူက ငါတို့ရဲ့အကူအညီကို လိုအပ်ပုံ မပေါ်တော့ဘူး”
တင်းကျုံးရှင်းက သက်ပြင်းချလိုက်သည်။
ကောင်းကင်နန်းတော်မှ ဘိုးဘေးကြီးသည် သူ၏တုန်လှုပ်မှုကို တဖြည်းဖြည်း ထိန်းချုပ်လိုက်ပြီး လုရီကို နက်ရှိုင်းစွာကြည့်ကာ ပြောကြားသည်။
“ဒါက မိတ်ဆွေလေး လုရီရဲ့ ဂိုဏ်းဖြစ်လို့ ငါတို့က မိတ်ဆွေလေး လုရီကို မျက်နှာသာပေးပြီး ကွေ့သွားရမှာပေါ့!”
အခြားကျင့်ကြံသူများလည်း သဘောတူစွာ ခေါင်းညိတ်လိုက်ကြပြီး ကွေ့ဝိုက်ရှောင်သွားကြတော့သည်။
ကောင်းကင်နန်းတော်၏ ယခင် သူတော်စင်
သားတော်သည် ထွက်မသွားခင် လုရီကို တစ်ချက်ကြည့်လိုက်ပြီး သူ၏မျက်လုံးများတွင် အရှုံးပေးခြင်းများဖြင့် ပြည့်နှက်နေ၏။ လက်ရှိ သူတော်စင်မျိုးဆက်မှာမူ ပို၍ပင် တိတ်ဆိတ်နေသည်။
ထိုစဉ် လက်ရှိ သူတော်စင်မျိုးဆက်
သမီးတော်၏ လှပ တင့်တယ်သော မျက်နှာလေးပေါ်တွင်မူ မာနထောင်လွှားမှုများ မရှိတော့ပေ။
လုရီကို ကြည့်လိုက်သောအခါ သူမ၏မျက်လုံးများတွင် လေးစားမှုများဖြင့် တောက်ပနေပြီး မျက်နှာလေးမှာ နွေဦးကဲ့သို့ နွေးထွေးနေ၏။
ဤအဖြစ်က သုန်းကုန်းမင်ယွဲ့နှင့် သူမ၏အဖော်နှစ်ယောက်ကို မျက်မှောင်ကြုတ်သွားစေသည်။
ကျန်းရူယွီက ကောင်းကင်နန်းတော် သူတော်စင်သမီးတော်ကို အေးစက်စွာ ကြည့်လိုက်သည်။
ဓားစိတ်ဆန္ဒလှိုင်းတစ်ခုက ဖိနှိပ်လိုက်ရာ သူတော်စင်သမီးတော် တုန်ရီသွားပြီး အကြည့်ကို အလျင်အမြန်လွှဲလိုက်ကာ နောက်ထပ်မကြည့်ဝံ့တော့ပေ။
“ဟွန်း! စီနီယာအစ်ကိုကြီးကတော့ လိပ်ပြာတွေကို ကောင်းကောင်းဆွဲဆောင်နိုင်တာပဲ” သုန်းကုန်းမင်ယွဲ့က နှုတ်ခမ်းစူကာ ပြောသည်။
လုရီမှာမူ အပြစ်မရှိသလို ခံစားနေရသည်။
“အဲဒါ ငါနဲ့မဆိုင်ပါဘူးနော်! ငါဘာမှမလုပ်ဘူး!”
လျိုနင်ရွှမ်းက ခပ်ဖွဖွပြုံးလိုက်သည်။ သူမက အားမလိုအားမရဖြင့် ခေါင်းကို ခါယမ်းလိုက်ရင်း တိုက်တွန်းလိုက်သည်။
“ကဲ... သွားကြစို့။ ဂိုဏ်းကို အရင်ပြန်ကြမယ်။ ပြီးမှ ဆရာ့ဆီ သွားတွေ့ကြတာပေါ့။”
အားလုံး၏ မျက်လုံးများ အရောင်တောက်သွားကြပြီး ခေါင်းညိတ်ကာ တိမ်ဖြူဂိုဏ်းဆီသို့ ပျံသန်းသွားကြတော့သည်။
အခန်း ၄၈၀ - ကပ်တွယ်တတ်သော ကြယ်ရောင်သမင်နှင့် ရက်ရောသော ဆုလာဘ်များ...
~ဂိုဏ်းအကာအကွယ် အခင်းအကျင်းကို ဖြတ်ကျော်ဝင်ရောက်လာပြီးနောက် လုရီသည် လေထဲတွင် ရပ်နေသော ဂိုဏ်းချုပ် ဝူချင်းဖုန်းနှင့် အခြားအစွမ်းထက် ကျင့်ကြံသူများကို တွေ့လိုက်ရလေ၏။
သူတို့၏အောက်ဘက်တွင်မူ တိမ်ဖြူဂိုဏ်းမှ တပည့်များစွာ စုရုံးနေကြသည်။ စောစောက
ဟွမ်ယွမ်ဖုန်းကို သုတ်သင်ခဲ့သည့် တိုက်ပွဲ၏
တုန်ခါမှုများကို တိမ်ဖြူဂိုဏ်းမှ တပည့်များက သဘာဝအတိုင်းပင် ခံစား သိရှိလိုက်ကြခြင်း ဖြစ်၏။
အကယ်၍သာ အခြားနေရာဒေသတစ်ခုခုတွင် ဖြစ်ပွားခဲ့ပါက ကပ်ဘေးဖြတ်ကျော်အဆင့် ဘိုးဘေးတစ်ဦး၏ တိုက်ပွဲကြီးသည် နယ်မြေတစ်ခုလုံးကိုပင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိပေသည်။ သို့ဖြစ်သော်ငြားလည်း ယခုမူ ဂိုဏ်းအကာအကွယ်အခင်းအကျင်းအတွင်း၌ ဖြစ်ပွားခဲ့သောကြောင့်သာ ထိုအကာအကွယ်၏ အစောင့်အရှောက်ဖြင့် တိမ်ဖြူဂိုဏ်းမှာ ဘေးမသီရန်မခဘဲ တည်ရှိနေနိုင်ခဲ့ခြင်းတည်း။
လုရီနှင့်တကွ ကျန်လူများ ဂိုဏ်းအတွင်းသို့ ဝင်ရောက်လာသည်ကို မြင်သောအခါ ဝူချင်းဖုန်းနှင့် အကြီးအကဲအချို့က အလျင်အမြန်ပင် ရှေ့ထွက်ကြိုဆိုကြတော့သည်။
ဝူချင်းဖုန်းက စိုးရိမ်စွာ မေးမြန်းလိုက်သည်။
“တူလေး လုရီ၊ အပြင်မှာ ဘာတွေဖြစ်ခဲ့တာလဲ”
လုရီက ခပ်ရေးရေးပြုံးလိုက်ရင်း ခွန်းတုံ့ပြန်လိုက်သည်။
“ဘာမှ အရေးမကြီးပါဘူး၊ အားလုံး ဖြေရှင်းပြီးသွားပါပြီ။ ဂိုဏ်းချုပ်ကြီးနဲ့ အကြီးအကဲတွေ စိတ်ပူစရာမလိုပါဘူး ခင်ဗျာ။”
လုရီ၏ စကားကြောင့် အားလုံးမှာ စိတ်အေးလက်အေး သက်ပြင်းတစ်ချက်ကို ရှိုက်လိုက်ကြလေ၏။
ထိုအခိုက်အတန့်၌ အကြီးအကဲမင်က တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် စပ်စုစွာ စကားစလိုက်သည်။
“ဒါနဲ့ လုရီ၊ ထျန်းလူတောင်မှာ အင်မော်တယ်ရတနာတွေ ပေါ်လာတယ်လို့ ပြောတယ် မဟုတ်လား။ အဲ့ဒါက ဘယ်လိုဖြစ်သွားလဲကွဲ့။”
ဤသို့ကြားလျှင် ကျန်လူအားလုံးကလည်း သိလိုစိတ်များဖြင့် ပြည့်နှက်ကာ လုရီထံသို့ အကြည့်များ စုပြုံရောက်ရှိလာကြတော့၏။ လုရီက ရယ်မောလိုက်ရင်း ရှင်းပြသည်။
“အင်မော်တယ်ရတနာကတော့ ပေါ်လာခဲ့ပါတယ်၊ ဒါပေမဲ့ အဲ့ဒါက အင်မော်တယ်သားရဲ သားပေါက်လေးတစ်ကောင် ဖြစ်နေတယ်။ အဲ့ဒီသားပေါက်လေးက ထွက်ပြေးသွားလို့ အခု လူတိုင်း သူ့ကို လိုက်ရှာနေကြတယ် ခင်ဗျ။”
ဒီစကားကို ကြားသောအခါ လူတိုင်းမှာ အံ့အားသင့်စွာဖြင့် အာမေဋိတ်သံများ ပြုမိကြတော့သည်။ အင်မော်တယ်ရတနာဟု ဆိုသည်မှာ သက်ရှိသားရဲတစ်ကောင် ဖြစ်နေလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြပေ။
ထို့နောက်တွင်တော့ လုရီနှင့် သူ၏အဖော်များသည် အားလုံးကို နှုတ်ဆက်ကာ လင်းလောင်တောင်ထိပ်သို့ ပြန်လာခဲ့ကြ၏။ သူတို့သည် လင်းလောင်တောင်ထိပ်သို့ ရောက်ရှိလာခဲ့ပြီး ဝါးအိမ်၏တံခါးမှာ ပိတ်ထားဆဲပင်။ အရာအားလုံးက သာမန်အတိုင်း ရှိနေကာ သမင်ငယ်လေးကိုမူ မတွေ့ရပေ။ ဤအဖြစ်က လုရီနှင့် သူ၏အဖော်များကို တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အနည်းငယ် စိတ်ပျက်သွားစေသည်။
သို့တိုင် လုရီက အသံပြု ခေါ်လိုက်သည်။
“ဆရာ၊ တပည့် တွေ့ခွင့်တောင်းပါတယ် ခင်ဗျာ။”
တစ်ခဏကြာသွားသော်လည်း တုံ့ပြန်သံ ထွက်ပေါ်မလာခဲ့ပေ။ လုရီက အားမလျှော့ဘဲ ဆက်လက်ပြောကြားလိုက်သည်။
“ဆရာ၊ တပည့်က ဆရာ့အတွက် ဝိုင်ကောင်းကောင်းလေး ယူလာခဲ့ပါတယ်။”
သို့တိုင်အောင် မည်သည့်တုံ့ပြန်မှုမျှ ရှိမလာသေးချေ။ ဤအခြေအနေက လုရီ၊ သုန်းကုန်းမင်ယွဲ့နှင့် လျိုနင်ရွှမ်းတို့အားလုံးကို အနည်းငယ် မျက်မှောင်ကြုတ်သွားစေတော့သည်။
သုန်းကုန်းမင်ယွဲ့က တွေးတွေးဆဆ ရေရွတ်လိုက်သည်။
“ထူးဆန်းလိုက်တာ၊ ဆရာ ဘာလို့ ထွက်မလာတာလဲမသိဘူး။”
ထိုစဉ်မှာပင် လုရီ၏စိတ်ထဲ၌ အသံတစ်သံ ထွက်ပေါ်လာလေသည်။
“ငါ မင်းရဲ့ ဂူစံအိမ်အပြင်ဘက်မှာ၊ ကိုယ့်ဘာသာကိုယ် လာခဲ့။”
ကြားလိုက်ရသည်နှင့် လုရီမှာ အံ့အားသင့်ကာ မှင်တက်သွား၏။ ဆရာက ဘာကြောင့် ငါ့ဂူစံအိမ်အပြင်ဘက် ရောက်နေရတာလဲ? လုရီတစ်ယောက်တည်းသာမက လျိုနင်ရွှမ်း၊ ကျန်းရူယွီနှင့် သုန်းကုန်းမင်ယွဲ့တို့ကလည်း ထိုသတင်းစကားကို လက်ခံရရှိလိုက်ရပြီး အလားတူပင် အံ့ဩနေကြသည်။ ထို့နောက်တွင်တော့ သူတို့လေးယောက်သည် လုရီ၏ ဂူစံအိမ်တည်ရှိရာ အပြင်ဘက်သို့ ထွက်လာခဲ့ကြတော့၏။
ထိုနေရာသို့ရောက်သော် လုရီသည် လင်းလောင်တောင်ထိပ်သခင်မနှင့် အဘွား ယွမ်လင် နှစ်ယောက်လုံး ရှိနေသည်ကို တွေ့လိုက်ရသည်။ လင်းလောင်တောင်ထိပ်သခင်မသည် မြေပြင်ပေါ်၌ ဟန်မဆောင်တမ်း ထိုင်နေပြီး အဘွား
ယွမ်လင်ကမူ သူမ၏ ဘေးတွင် ရပ်နေကာ နှစ်ယောက်လုံးက ဦးတည်ရာ တစ်နေရာတည်းကို မျက်လုံးများ၌ အံ့ဩမှုများဖြင့် စိုက်ကြည့်နေကြသည်။
လုရီနှင့် အခြားသူများ ပျံသန်းလာခဲ့ကြပြီး လုရီက နှုတ်ဆက်လိုက်သည်။
“ဆရာ။”
လင်းလောင်တောင်ထိပ်သခင်မက လုရီ၏နဖူးကို လျင်မြန်စွာ ပုတ်လိုက်ပြီး သူ့ကို စိုက်ကြည့်ကာ လေသံဖြင့် အမိန့်ပေးလိုက်သည်။
“မင်းအသံကို တိုးတိုးထားစမ်း။”
လုရီမှာ အူကြောင်ကြောင် ဖြစ်သွားတော့သည်။ သူသည် သူ၏နဖူးကို ဆုပ်ကိုင်ရင်း မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားပြီး စိတ်ထဲတွင် မေးခွန်းပေါင်းများစွာဖြင့် ပြည့်နှက်သွားလေ၏။
သူ ဘာမှမမေးရသေးခင်မှာပင် လင်းလောင်တောင်ထိပ်သခင်မက ကောင်းကင်ကြယ်တာရာသစ်ပင်ဆီသို့ လက်ညှိုးထိုးပြလိုက်သည်။
ကောင်းကင်ကြယ်တာရာသစ်ပင်သည် ယခုအခါ မီတာတစ်ဝက်နီးပါးအထိ ကြီးထွားလာပြီး ကြယ်ရောင်များက သူ့ပတ်လည်တွင် ဝေ့ဝဲနေကာ လျှို့ဝှက်ဆန်းကြယ်သော တာအိုပုံစံများက ကောင်းကင်တွင် တဖျပ်ဖျပ် လက်နေလေသည်။ အကယ်၍ ညအချိန်သာဖြစ်ပါက ၎င်းသည် ကြယ်တာရာစွမ်းအားကို စုပ်ယူမည်ဖြစ်ပြီး အင်မော်တယ်သစ်ပင်တစ်ပင်၏ လက္ခဏာများကို ပြသနေလောက်ပြီ ဖြစ်၏။
သို့သော် လုရီနှင့် သူ၏အဖော်များကို အံ့ဩသွားစေသည်မှာ ကောင်းကင်ကြယ်တာရာသစ်ပင်ကြောင့် မဟုတ်ဘဲ ၎င်း၏အောက်ခြေရှိ သတ္တဝါငယ်လေးကြောင့် ဖြစ်၏။
ကြယ်ရောင်များ ဖြာထွက်နေသော အင်မော်တယ်သမင်ငယ်လေးသည် ယခုအခါ သစ်ပင်ပင်စည်ကို မှီထားရင်း မျက်လုံးများမှိတ်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေလေသည်။
လုရီနှင့် သူ၏အဖော်များမှာ မျက်လုံးများ ပြူးကျယ်သွားပြီး ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွား၏။
သုန်းကုန်းမင်ယွဲ့က ထိန်းမနိုင်သိမ်းမရ အော်ဟစ်လိုက်သည်။
“ဒါ..ဒါ...အဲ့ဒီသမင်ငယ်လေးပဲ! သူ တကယ်ပဲ ငါတို့နေရာကို ပြေးလာခဲ့တာပဲ!”
ထိုအခိုက်မှာ လျိုနင်ရွှမ်းက အကြောင်းရင်းကို တွေးဆကာ သုံးသပ်လိုက်သည်။
“လုရီရဲ့ ကောင်းကင်ကြယ်တာရာသစ်ပင်က ကြယ်တာရာနိယာမကို သယ်ဆောင်ထားပြီး ဒီအင်မော်တယ်သမင်ကလည်း ကြယ်တွေနဲ့ ပတ်သက်နေပုံပဲ၊ ဒီကို ဆွဲဆောင်ခံရတာ အံ့ဩစရာ မရှိပါဘူး။ သူ မွေးဖွားလာကတည်းက ကောင်းကင်ကြယ်တာရာသစ်ပင်ရဲ့ တည်ရှိမှုကို ခံစားမိခဲ့လောက်တယ်။”
လုရီနှင့် ကျန်းရူယွီတို့ကလည်း သဘောတူစွာ ခေါင်းညိတ်လိုက်ကြ၏။
လင်းလောင်တောင်ထိပ်သခင်မသည် သမင်ငယ်လေးကို မျက်လုံးများ၌ ရှင်းလင်းသော အံ့ဩမှုများဖြင့် ကြည့်လိုက်ပြီးနောက် လုရီထံသို့ အကြည့်လွှဲကာ ထူးဆန်းသောလေသံဖြင့် ပြောသည်။
“နင်ကတော့.. ကံကောင်းချက်ပဲ။ ဒီကောင်လေးက ဘယ်လို အင်မော်တယ်သားရဲမျိုးလဲဆိုတာ သိလား?”
လုရီက နားမလည်ဟန်ဖြင့် ခေါင်းခါပြလိုက်သည်။ အနီးအနားမှ ကျန်းရူယွီနှင့် တခြားသူများကလည်း သိချင်စိတ် ပြင်းပြနေကြ၏။
လင်းလောင်တောင်ထိပ်သခင်မသည် အနည်းငယ် တုန်လှုပ်နေဆဲဖြစ်သော်လည်း စကားဆက်လိုက်သည်။
“ဒါက ကြယ်ရောင်သမင်ပဲ၊ အင်မော်တယ်သားရဲတွေထဲမှာတောင်မှ အရမ်းကို အစွမ်းထက်တဲ့ အမျိုးအစားပဲ။ ကြယ်ရောင်သမင်တွေက ကြယ်တာရာစကြဝဠာတစ်ခုလုံးမှာ ရှားပါးတယ်၊ သူတို့မျိုးနွယ်စုမှာ အရေအတွက် နည်းပေမယ့် တစ်ကောင်ချင်းစီက အရမ်းကို အစွမ်းထက်ကြတယ်။ သူတို့က မွေးကတည်းက ဟင်းလင်းပြင်အင်မော်တယ်တွေနဲ့ တန်းတူပဲ၊ အရွယ်ရောက်လာရင် သာမန်အင်မော်တယ်တွေကို ကျော်လွန်ပြီး အင်မော်တယ်ဘုရင်အဆင့်ကို ရောက်နိုင်တယ်၊ အင်မော်တယ်အရှင်သခင်အဆင့် ကြယ်ရောင်သမင်တွေတောင် ရှိခဲ့ဖူးတယ်!
အင်မော်တယ်အရှင်သခင်တွေတောင် မြင်ရင် လိုချင်ကြမယ့်အမျိုးပဲ။”
ထိုစဉ် အဘွားယွမ်လင်ကလည်း မယုံနိုင်လောက်အောင် တုန်လှုပ်နေပြီး ထောက်ခံပြောဆိုလာသည်။
“ဒီကြယ်ရောင်သမင်က အခုမှ မွေးတာ၊ လောလောဆယ်တော့ ထျန်းမင်မှာပဲ နေပြီး ကြယ်တာရာစကြဝဠာက ကြယ်စွမ်းအားတွေကို စုပ်ယူပြီး ကြီးထွားရမှာပဲ။ ထျန်းမင်မှာ ကောင်းကင်ကြယ်တာရာသစ်ပင်ရှိနေပြီး ဒီကြယ်ရောင်သမင်ကို ဒီကို ဆွဲဆောင်လာလိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး... သခင်လေးလုရီ တကယ်ပဲ ကံကောင်းလွန်းပါတယ်။”
ကြားလိုက်ရသည်နှင့် လုရီနှင့် လျိုနင်ရွှမ်းတို့မှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ နားမလည်မှုအချို့ဖြင့် လုရီက မေးခွန်းထုတ်သည်။
“ဆရာ၊ အင်မော်တယ်ဘုရင်တွေနဲ့ အင်မော်တယ်အရှင်သခင်တွေက အရမ်း အစွမ်းထက်ကြလို့လား ခင်ဗျာ?”
ဤစကားကို ကြားသောအခါ အဘွားယွမ်လင်သည် မျက်လုံးများ ပြူးကျယ်သွားပြီး လုရီကို
မယုံနိုင်သလို စိုက်ကြည့်ကာ ထစ်ငေါ့စွာပြောသည်။
“သခင်လေးလုရီ၊ ဒါတော့ မလေးစားရာ ကျလွန်းပါတယ်၊ အင်မော်တယ် အရှင်သခင်ဆိုတာက...”
သူမစကားမဆုံးမီမှာပင် လင်းလောင်တောင်ထိပ်သခင်မက သူမကို စူးစိုက်ကြည့်ကာ တားမြစ်လိုက်သည်။
“အဘွား၊ မပြောသင့်တာတွေ မပြောနဲ့။”
ထိုအခါ အဘွားယွမ်လင်မှာ ခဏရပ်တန့်သွားပြီး ခေါင်းကို အနည်းငယ် ငုံ့ကာ သူမအား အရိုအသေပေးလိုက် လေသည်။
“ဟုတ်ကဲ့ပါ သခင်မလေး”
လင်းလောင်တောင်ထိပ်သခင်မက ရယ်လိုက်ပြီး ရှင်းပြသည်။
“အင်မော်တယ်အရှင်သခင်ဆိုတာ ထျန်းမင်အပါအဝင် အဆုံးမဲ့ကြယ်တာရာမြစ်တစ်ခုလုံးပါဝင်တဲ့ ကြယ်တာရာနယ်မြေတစ်ခုလုံးရဲ့ အုပ်စိုးသူပဲ... ကဲ၊ သူတို့ အစွမ်းထက်တယ်လို့ နင် ထင်လား?”
ကြားလိုက်ရသည်နှင့် လုရီမှာ အကြမ်းဖျင်း သဘောပေါက်သွားပြီး အလားတူပင် အံ့ဩသွားတော့သည်။ သူ အသက်ရှူအောင့်ထားမိလျက် မေးလိုက်မိသည်။
“ဒီ...ဒီကောင်လေးက... အဲ့ဒီလောက်တောင် အစွမ်းထက်လာနိုင်တယ်လား?!”