← Chapters

အခန်း (၄၈၄-၄၈၆)

Vol. 33 Ch. 484-486

အခန်း (၄၈၄-၄၈၆)

Vol. 33 Ch. 484-486

အခန်း ၄၈၄ - မြေခွေးဝိညာဉ်၏ စိန်ခေါ်သံ...

‌~ ထိုအခိုက်အတန့်၌၊ အရှေ့နယ်မြေတွင် လုရီနှင့် ဆက်ဆံရေး ကောင်းမွန်နေပြီဖြစ်သော

အင်မော်တယ်ဂိုဏ်းကြီးများ၏ မြင့်မြတ်နယ်မြေများသည် ကောင်းကင်မိစ္ဆာနန်းတော်၏ ကြေညာချက်ကို ကြားသိလိုက်ရသည့်အခါ

တစ်ခုပြီး တစ်ခု မီးတောင်ပေါက်ကွဲသကဲ့သို့ ထောက်ခံသံများ ကြွေးကြော်လာကြတော့သည်။

အင်မော်တယ်သားရဲငယ်ကို အသည်းအသန် ရှာဖွေနေဆဲဖြစ်သော ကောင်းကင်နဂါးမြင့်မြတ်နယ်မြေမှ လုံမင်ဘိုးဘေးသည် ထိုသတင်းကို ကြားသောအခါ နှာခေါင်းတစ်ချက်ရှုံ့ကာ မထီမဲ့မြင် ကြိမ်းဝါးလိုက်၏။

"အရှေ့နယ်မြေဆိုတာ မင်းတို့ ကောင်းကင်မိစ္ဆာနန်းတော်က ထင်တိုင်းကြဲလို့ရတဲ့ နေရာမဟုတ်ဘူး။ ကောင်းကင်မိစ္ဆာနန်းတော်ကကောင်တွေ ဒီအရှေ့နယ်မြေကို ခြေချရဲချကြည့်စမ်း၊ ငါတို့ ကောင်းကင်နဂါးမြင့်မြတ်နယ်မြေက သွေးချောင်းစီးစေရမယ်!" ဟူ၍.....။

တစ်ဆက်တည်းမှာပင် နတ်ဓားဂိုဏ်းမှ ဖန်ထျန်းယောင် ဘိုးဘေးကလည်း ဩဘာသံပေးကာ ဝင်ရောက်ပြောဆိုခဲ့သည်။

"မိတ်ဆွေလေးလုရီဆိုတာ ငါတို့ နတ်ဓားဂိုဏ်းရဲ့ အလေးအမြတ်ထားရတဲ့ ဧည့်သည်တော်ပဲ။ လုရီကို ပစ်မှတ်ထားတာဟာ ငါတို့ နတ်ဓားဂိုဏ်းကို စိန်ခေါ်တာနဲ့ ဘာမှမခြားဘူး။ ကောင်းကင်မိစ္ဆာနန်းတော်အနေနဲ့ ကိုယ့်သေတွင်းကိုယ်တူးတဲ့ အမှားမျိုး မကျူးလွန်မိဖို့ ငါ သတိပေးလိုက်မယ်။"

ဆက်တိုက်ဆိုသလိုပင် ထိုက်ရီမြင့်မြတ်နယ်မြေ၊ လေ့ယင် မြင့်မြတ်နယ်မြေ၊ အင်ပါယာဓားဂိုဏ်းနှင့် အခြားသော တန်ခိုး သြဇာကြီးမားလှသည့် အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေများနှင့် ဂိုဏ်းကြီးများကလည်း တစ်သံတည်းထွက်ကာ အခိုင်အမာ ရပ်တည်ကြောင်း ကြေညာခဲ့ကြရာ ထျန်းမင်တစ်ခွင်လုံးရှိ ကျင့်ကြံသူများမှာ အံ့အားသင့်လွန်း၍ စကားလုံးများပင် ပျောက်ရှကုန်ကြတော့သည်။

ကောင်းကင်မိစ္ဆာနန်းတော် ကိုယ်တိုင်ပင် ခဏတာ ငြိမ်သက်သွားခဲ့ရ၏။

အကြောင်းမူကား၊ လုရီတစ်ယောက်တည်းအတွက်နှင့် ဤမျှများပြားသော အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေများက ထောက်ခံစကားဆိုလာလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့သောကြောင့်တည်း။

"ကောင်းကင်ဘုံရေ! လုရီဆိုတဲ့လူက နောက်ကွယ်မှာ ဘာတွေများ လုပ်ထားခဲ့လို့လဲ။ အရှေ့နယ်မြေရဲ့ အင်အားကြီးဂိုဏ်းတွေအားလုံးက သူ့အတွက်နဲ့ ခေါင်းခံပေးဖို့ ဆန္ဒရှိနေကြပါလား။"

မြောက်မြားလှစွာသော ကျင့်ကြံသူတို့မှာ ထိတ်လန့်တုန်လှုပ်သွားကြသလို၊ ဖြစ်ရပ်၏ ရှုပ်ထွေးမှုကို နားမလည်နိုင်အောင်လည်း ဖြစ်နေကြတော့သည်။

ထိုအခါ အတွင်းသိအချို့က အဖြစ်မှန်ကို ဖွင့်ဟခဲ့လေ၏။

"လုရီရဲ့ ပါရမီက ပြိုင်ဘက်ကင်း ထူးချွန်လွန်းလို့လေ။ ပေါင်းစည်းခြင်းနယ်မြေအဆင့်မှာပဲ ရှိသေးပေမဲ့ သူက ဓားတာအိုနိယာမကို အပြည့်အဝ ကျွမ်းကျင်ပိုင်နိုင်နေပြီ။ ဒါတင်ဘယ်ကမလဲ၊ ကပ်ဘေးဖြတ်ကျော်ခြင်း အခင်းအကျင်းကိုတောင် တီထွင်နိုင်ခဲ့သေးတယ်။ ဒီလိုပါရမီရှင်မျိုးက အနာဂတ်မှာ ဘယ်လောက်တောင် ကြောက်စရာကောင်းလာမလဲဆိုတာ စဉ်းစားသာကြည့်တော့။ မလွဲမသွေ သူဟာ အင်မော်တယ်တစ်ပါး ဖြစ်လာမှာပဲ။ အရှေ့နယ်မြေက ဂိုဏ်းကြီးတွေနဲ့ လုရီရဲ့ ဆက်ဆံရေးက အမြဲတမ်းကောင်းမွန်ခဲ့တော့ အခုလိုအချိန်မှာ အနာဂတ် အင်မော်တယ် အလောင်းအလျာအပေါ် ရင်းနှီးမြှုပ်နှံချင်ကြတာ သဘာဝကျပါတယ်လေ။"

ဤမိတ်ဆက်စကားကို ကြားသောအခါ

လူအများအပြားမှာ ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသကဲ့သို့ အလုံးစုံကို သဘောပေါက်သွားကြသည်။

မှန်ပေသည်။ သာမန်ကျင့်ကြံသူလေး

တစ်ယောက်အတွက်နှင့် ကောင်းကင်မိစ္ဆာနန်းတော်လို ဧရာမအဖွဲ့အစည်းကြီးကို ရန်သွားလုပ်လောက်အောင် အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေတွေထဲမှာ ဘယ်အဖွဲ့အစည်းက မိုက်မဲမှာတဲ့လဲ။

အဖြေမှာ ထင်ရှားလှ၏... ဘယ်သူမှ မမိုက်မဲကြပေ။

အရှေ့နယ်မြေ၏ အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေများအတွက် လုရီသည် သူတို့အားလုံး၏ ထောက်ခံမှုကို ရရှိထိုက်သော တန်ဖိုးမဖြတ်နိုင်သည့် ရတနာတစ်ပါး ဖြစ်နေလေသည်။ ပြောရလျှင် လုရီကိုယ်တိုင်ကပင် အရှေ့နယ်မြေ၏ အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေများက သူ့အား ထောက်ခံပေးရလောက်အောင် ထိုက်တန်နေခြင်းဖြစ်လေ၏။

အချိန်တိုလေးအတွင်းမှာပင် လုရီ၏အမည်သည် ထျန်းမင်တစ်ခွင်လုံးကို သိမ့်သိမ့်တုန်သွားစေခဲ့သည်။ ပေါင်းစည်းခြင်းနယ်မြေအဆင့်ရှိ ဤလူငယ်ကျင့်ကြံသူသည် ထျန်းမင်တွင် အဖိုးတန်ဆုံးပုဂ္ဂိုလ် ဖြစ်လာနိုင်ဖွယ်ရှိကြောင်း ကျင့်ကြံသူတိုင်း သဘောပေါက်နားလည်သွားကြသည်။

"လုရီနဲ့ ပုခုံးချင်း ယှဉ်နိုင်မယ့် မျိုးဆက်သစ်

တစ်ယောက်အကြောင်း ပြောရမယ်ဆိုရင်တော့... ချင်းချုံးက အဲဒီ ပုဂ္ဂိုလ်ပဲ ရှိလောက်တယ်။"

"သခင်မလေး ချင်းချုံးဟွာ ပေါ့! ကောလာဟလတွေအရ သူက ဆယ်စုနှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေခဲ့တာတဲ့။ တံခါးပိတ်ကျင့်ကြံရာကနေ ပြန်ထွက်လာတဲ့အခါမှာ သူက ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်တယ်။ သူ့ရဲ့ပါရမီနဲ့ဆိုရင် လုရီတောင်မှ သူ့ရဲ့ပြိုင်ဘက် ဖြစ်ချင်မှဖြစ်လိမ့်မယ်လို့ လူတွေက သုံးသပ်နေကြတာကွ။"

မြောက်မြားလှစွာသော ကျင့်ကြံသူတို့မှာ အကြိတ်အနယ် ဆွေးနွေးငြင်းခုံနေကြပြီး၊ ပါရမီရှင်အမျိုးမျိုးကို လုရီနှင့် နှိုင်းယှဉ်ကြည့်ကြရာ နောက်ဆုံးတွင် သူနှင့် ယှဉ်နိုင်မည့်သူမှာ အမြီးကိုးချောင်း မိစ္ဆာဧကရာဇ်၏ ကောင်းချီးကို ရရှိထားသော ချင်းချုံးမျိုးနွယ်၏ သခင်မလေးသာ ရှိကြောင်း တွေ့ရှိခဲ့ကြသည်။

သို့ဖြစ်၍ ချင်းချုံးဟွာ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသည့်အခါ ထျန်းမင်၏ မျိုးဆက်သစ်များထဲတွင် မည်သူက အထွတ်အထိပ်ဖြစ်သည်ကို ဆုံးဖြတ်ရန်အတွက် လုရီနှင့် မြေလျှောက်အံ့မခန်း တိုက်ပွဲကြီးတစ်ပွဲ ဆင်နွှဲမည်၊မနွှဲမည်ကို လူတိုင်းက ရင်ခုန်စွာ မျှော်လင့်စောင့်စားနေကြသည်။

လုရီ၏ ကျင့်ကြံမှုအဆင့်က နိမ့်ကောင်းနိမ့်နေနိုင်သော်လည်း၊ ချင်းချုံးဟွာကိုယ်တိုင်ကလည်း ငယ်ရွယ်သေးပြီး ကျင့်ကြံမှုအဆင့် ကွာခြားချက်မှာ အခြေအနေအရသာ ဖြစ်လေသည်။

သို့သော်ငြားလည်း၊ ထျန်းမင်ရှိ ကျင့်ကြံသူများ အင်မော်တယ်သားရဲငယ်ကြောင့် အရူးအမူးဖြစ်နေကြပြီး လုရီ၏ အစွမ်းနှင့် ပါရမီကြောင့် အံ့အားသင့်မှင်တက်နေကြသည့် အချိန်တွင် လုရီကိုယ်တိုင်မှာမူ လင်းလောင်တောင်ထိပ်သခင်မ၏ နေရာတွင် လောကနှင့် အဆက်အစပ်မရှိသကဲ့သို့ အေးချမ်းစွာ ကျင့်ကြံလျက်ရှိနေ၏။

ထိုနေ့တွင် လုရီသည် တိမ်ဖြူတောင်ထိပ်သို့ သွားရောက်ကာ ဝူချင်းဖုန်းကို လာရှာလေသည်။

"ဟော... တူလေး လုရီ၊ ဒီနေ့ ဘယ်လိုကိစ္စတွေရှိလို့ ဒီအဘိုးကြီးဆီ ခြေချလာတာလဲ။" ဝူချင်းဖုန်းက ရွှင်လန်းသော အပြုံးဖြင့်

စနောက်လိုက်သည်။ အကြောင်းမှာ လုရီသည် အမြဲတမ်း ကျင့်ကြံနေတတ်ပြီး သူ့ထံသို့ ဘယ်သောအခါမှ အကြောင်းမရှိဘဲ မလာတတ်သောကြောင့်ပင်။

လုရီက ပြုံးကာ အကြောင်းရင်းကို ဖွင့်ဟလိုက်သည်။

"မကြာသေးခင်က ကျွန်တော် ကံကောင်းထောက်မစွာနဲ့ အင်မော်တယ်သိုင်းကျမ်းတစ်အုပ် ရခဲ့တယ်။ အဲဒါကို ဂိုဏ်းအတွက် လာရောက်ကမ်းလှမ်းတာပါ။"

ထိုစကားကြောင့် ဝူချင်းဖုန်းမှာ နေရာမှာပင် ကျောက်ရုပ်ကြီးတစ်ရုပ်ပမာ ကြောင်တောင်တောင်ဖြစ်သွားလေသည်။

သူသည် လုရီကို နားမလည်နိုင်စွာ ကြည့်ရင်း မိမိ၏ နားကိုပင် မယုံနိုင်ဖြစ်ကာ ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြန်လည်မေးမြန်းလိုက်ရသည်။

"... တူ..တူလေး လုရီ၊ မင်း... မင်း အခု ဘာ... ဘာကိုဆိုလိုတာလဲ။"

လုရီက ပြုံးလျက် "ကောင်းကင်ကိုးလွှာ ဓားအင်မော်တယ် ရတနာကျမ်း" ကို ထုတ်ယူလိုက်ပြီး၊

"ဂိုဏ်းချုပ်ဦးလေး၊ ကျွန်တော် အင်မော်တယ်သိုင်းကျမ်းတစ်အုပ် ရခဲ့တယ်လို့ ပြောတာပါ။ ဒီမှာ... ဒီတစ်အုပ်ပေါ့။"

ဝူချင်းဖုန်းသည် လုရီ၏ လက်ထဲမှ ရတနာကျမ်းကို ထုံပေပေအမူအရာဖြင့် လက်ခံယူလိုက်ပြီး လှန်လှောကြည့်လိုက်ရာ သူ၏ မျက်လုံးများမှာ တောက်ပသော အရောင်များဖြင့် တဖြည်းဖြည်း ဝင်းလက်လာတော့သည်။

ထို့နောက် သူသည် ထိန်းမနိုင်သိမ်းမရသော ပျော်ရွှင်မှုများဖြင့် ပေါက်ကွဲထွက်သွားတော့၏။

"ဒါ... ဒါ တကယ့် အင်မော်တယ်သိုင်းကျမ်းကြီးပဲ! တူလေး လုရီ၊ ဒါ... ဒါက..."

ဂိုဏ်းချုပ် ဝူချင်းဖုန်းသည် စိတ်လှုပ်ရှားလွန်း၍ ဘာပြောရမှန်းမသိအောင် စကားလုံးများပင် ပျောက်ဆုံးသွားခဲ့သည်။

လုရီမှာမူ ဝူချင်းဖုန်း၏ ခံစားချက်ကို နားလည်နိုင်ပါ၏။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အင်မော်တယ်နယ်ပယ်သို့ တိုက်ရိုက်ကျင့်ကြံနိုင်စေမည့် အဖိုးမဖြတ်နိုင်သော သိုင်းကျမ်း ဖြစ်သောကြောင့်ပင်။

လုရီက ပြုံးလျက် ရှင်းပြသည်။

"တိမ်ဖြူဂိုဏ်းက ကျွန်တော့်ရဲ့ အိမ်လိုပါပဲ။ တိမ်ဖြူဂိုဏ်းသာ ကြီးပွားတိုးတက်နေရင် ကျွန်တော်လည်း စိတ်အေးချမ်းရမှာပါ။"

ဝူချင်းဖုန်းသည် လုရီကို တစိမ့်စိမ့်ကြည့်ကာ ပါးစပ်ဟလိုက်ပြီးနောက် တုံ့ဆိုင်းစွာဖြင့် ဖျောင်းဖျပြောဆိုသည်။

"တူလေးလုရီ၊ မင်း တကယ်ပဲ ဂိုဏ်းချုပ်နေရာကို မယူချင်တော့ဘူးလား။ မင်းသာ ခေါင်းတစ်ချက်ညိတ်လိုက်၊ ငါ အခုချက်ချင်း ဂိုဏ်းချုပ်တံဆိပ်ကို မင်းလက်ထဲ အပ်လိုက်မယ်။"

ထိုအခါမှာတော့ လုရီမှာ စကားမပြောနိုင်ဘဲ ခြောက်ကပ်စွာ ငြင်းဆန်လိုက်သည်။

"ဟင့်အင်း၊ ဂိုဏ်းချုပ်ဆိုတာက နေ့တိုင်း ခေါင်းရှုပ်စရာ အသေးအဖွဲကိစ္စတွေနဲ့ နပန်းလုံးနေရတာ၊ ကျွန်တော်ကတော့ အေးအေးဆေးဆေး ကျင့်ကြံနေချင်တာပဲဗျာ။"

ဤသည်မှာ ဝူချင်းဖုန်းနှင့် မဟာအကြီးအဲများက လုရီကို အကြိမ်များစွာ တင်ပြခဲ့သည့် ကိစ္စဖြစ်ပြီး သူတို့သည် လုရီ၏ အဖေနှင့် အမေကိုပင် စည်းရုံးကာ တိမ်ဖြူဂိုဏ်း၏ ဂိုဏ်းချုပ်ရာထူးကို လက်ခံရန် တိုက်တွန်းခဲ့ဖူးသည်။

သို့သော် လုရီမှာမူ အမြဲတစေ ငြင်းပယ်ခဲ့လေသည်။

ဂိုဏ်းချုပ်ဖြစ်ရတာ ဘာများ ကောင်းလို့လဲ။ သူ့အတွက်တော့ ဝန်ထုပ်ဝန်ပိုးတစ်ခုသာ။

ဝူချင်းဖုန်းက အားမလိုအားမရဖြင့် တိုက်တွန်းပြန်သည်။

"ကျန်တဲ့ကိစ္စတွေအားလုံးကို ငါတို့ စီမံခန့်ခွဲပေးမယ်လေ။ မင်းလုပ်ရမှာက ကောင်းကောင်းမွန်မွန် ကျင့်ကြံဖို့ပဲ။ ဒါတောင် မဖြစ်ဘူးလားကွာ။"

လုရီက ခပ်အေးအေးပင် ခွန်းတုံ့ပြန်လိုက်၏။

"ဂိုဏ်းဦးလေးက အခုမှ အရွယ်ကောင်း၊ ကျင့်ကြံမှုအဆင့်ကလည်း တစ်နေ့တခြား မြင့်မားလာတာပဲဥစ္စာ။ ဒီရာထူးကို ကောင်းကောင်း ထိန်းသိမ်းနိုင်ရဲ့သားနဲ့ ဘာလို့များ လက်လွှဲပေးချင်နေရတာလဲ။"

အမှန်စင်စစ် သူ စိုက်ပျိုးထားသော

အင်မော်တယ်သစ်ပင်ကြောင့် တိမ်ဖြူဂိုဏ်းတစ်ခုလုံး၏ ဝိညာဉ်စွမ်းအင် သိပ်သည်းဆသည် တဖြည်းဖြည်း တိုးမြင့်လာခဲ့ပြီး အခြားသော အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေများနှင့်ပင် ယှဉ်နိုင်သည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။

ထို့အပြင် သူ ကပ်ဘေးဖြတ်ကျော်တိုင်း ထုတ်လွှတ်သော တာအိုအလင်းသည် ဉာဏ်အလင်းရရှိမှုကို အထောက်အကူပြုသည့် အာနိသင်ရှိ၏။ ဤအချက်က တိမ်ဖြူဂိုဏ်း၏ မူလအကြီးအကဲများကို ပြန်လည်နုပျိုလာစေပြီး၊ လူအများအပြားမှာ သူတို့၏ ကျင့်ကြံမှုအဆင့်များကို ချိုးဖျက်နိုင်ခဲ့ကြသည်။

ဝူချင်းဖုန်းလည်း ခြွင်းချက်မဟုတ်ခဲ့ပေ။ သူသည် ဟင်းလင်းပြင်ဥမင်နယ်မြေသို့ ကြာမြင့်စွာကတည်းက တက်လှမ်းနိုင်ခဲ့ပြီး ထိုနေရာတွင် ရပ်တန့်မနေဘဲ ယခုအခါ ဟင်းလင်းပြင်ဥမင် တတိယအလွှာသို့ပင် ရောက်ရှိနေပြီဖြစ်ကာ သူ၏ ကျင့်ကြံမှု တိုးတက်နှုန်းမှာ အလွန်လျင်မြန်လှသည်။

ဤနှုန်းအတိုင်းသာဆိုလျှင် ပေါင်းစည်းခြင်းနယ်မြေသို့ ရောက်ရှိရန်မှာလည်း အလှမ်းမဝေးတော့ပေ။

အခန်း ၄၈၅ - မြေခွေးဝိညာဉ်၏ စိန်ခေါ်သံ...

~ ထို့အပြင် လုရီ၏ အင်မော်တယ် သစ်ပင်များ ပွားများလာပြီး ဝိညာဉ်စွမ်းအင် သိပ်သည်းဆ တိုးလာသည်နှင့်အမျှ ပေါင်းစည်းခြင်းနယ်မြေသည်ပင် အဆုံးစွန်သော ကန့်သတ်ချက် မဟုတ်တော့ပေ။

ဤစကားကို ကြားသောအခါ ဝူချင်းဖုန်းမှာ

ခါးသီးစွာ ပြုံးလိုက်မိပြီးနောက် အားမလိုအားမရ သက်ပြင်းချကာ ညည်းညူလိုက်သည်။

"ဒီအဘိုးကြီးလည်း အနားယူချင်တာပေါ့ကွာ။ ဒါပေမဲ့ တူလေးလုက ဂိုဏ်းချုပ် ရာထူးကို

မယူချင်ဘူးဆိုမှတော့လည်း... ထားလိုက်ပါတော့လေ။"

လုရီက ခေါင်းညိတ်လိုက်ပြီးနောက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ထပ်မံလျှောက်တင်သည်။

"ဟုတ်သားပဲ၊ ကျွန်တော့်ဆီမှာ တခြားကျင့်ကြံခြင်းနည်းစနစ်တချို့လည်း ရှိသေးတယ်။ အဲဒါတွေကိုလည်း ဂိုဏ်းအတွက်ပဲ ထားခဲ့လိုက်ပါ့မယ်။"

လုရီသည် ဤတစ်ကြိမ်တွင် အင်မော်တယ်သိုင်းကျမ်း တစ်အုပ်တည်းသာ ထုတ်ပေးခဲ့သည်။ အကြောင်းမှာ အများကြီး ထုတ်ပြလိုက်လျှင် အနည်းငယ် ချဲ့ကားရာ ရောက်သွားနိုင်သောကြောင့်ပင်။

ထို့အပြင် ဤအင်မော်တယ်သိုင်းကျမ်းက ဓားကျင့်ကြံသူတွေအတွက်ဖြစ်ပြီး တခြားကျင့်ကြံသူတွေကတော့ အကျိုးကျေးဇူးများများစားစား ရရှိကြမည်မဟုတ်ပေ။ ပြောပြောဆိုဆိုပင် လုရီသည် နှစ်များတစ်လျှောက် သူပြီးမြောက်ခဲ့သော လုပ်ငန်းအမျိုးမျိုးမှ ဆုလာဘ်များဖြစ်သည့် အခြားကျင့်ကြံခြင်း နည်းစနစ်အချို့ကိုလည်း ထုတ်ယူပေးခဲ့ပြန်သည်။

အရာအားလုံးကို ဝူချင်းဖုန်းထံ လွှဲပြောင်းပေးပြီးနောက် လုရီသည် မိမိ၏ နေရာသို့ ပြန်လာခဲ့ပါ တော့သည်။

နောက်ပိုင်းတွင် ကျန့်ဖန်နှင့် အခြားနှစ်ယောက်က သူ့ထံသို့ လာရောက်သောက်စားစကားပြောကြသောအခါ လုရီသည် အခွင့်ကောင်းယူ၍ သူတို့သုံးဦးအား ဝိညာဉ်ပုလဲသုံးလုံး လက်ဆောင်ပေးခဲ့သည်။

ဤနှစ်များတစ်လျှောက် ကျန့်ဖန်တို့ သုံးယောက်၏ ကျင့်ကြံမှုအဆင့်များမှာလည်း လျင်မြန်စွာ တိုးတက်လာခဲ့ပြီး ယခုအခါ နတ်ဘုရားအသွင်ပြောင်းနယ်ပယ်သို့ နီးကပ်လာပြီ ဖြစ်သည်။

သို့သော်လည်း သူတို့၏ ကျင့်ကြံမှုအဆင့်များသည် လုရီနှင့် နှိုင်းယှဉ်လျှင် တဖြည်းဖြည်း နောက်ကျကျန်နေခဲ့လေပြီ။ လုရီမှာ အနည်းငယ် အားမလိုအားမရ ဖြစ်မိပြီး ဝိညာဉ်ပုလဲများ ရရှိပြီးနောက် သူတို့၏ ကျင့်ကြံမှုအနည်းငယ် ပိုမိုမြန်ဆန်လာလိမ့်မည်ဟုသာ မျှော်လင့်နိုင်တော့သည်။ သူ အများကြီး မတောင်းဆိုပါ၊ ဟင်းလင်းပြင်ဥမင်နယ်မြေသို့ ချိုးဖျက်တက်လှမ်းနိုင်လျှင်ပင် ကျေနပ်လှပြီဖြ စ်သည်။

ထို့နောက်တွင်တော့ လုရီသည် သူ၏ နေ့စဉ်ကျင့်ကြံမှုကို အေးချမ်းတည်ငြိမ်စွာ ဆက်လက်လုပ်ဆောင်ခဲ့သည်။ သာမန်နေ့များတွင် သူသည် ကျင့်ကြံမှုအဆင့်တိုးရန် အင်မော်တယ်သိုင်းကျမ်းအမျိုးမျိုးကို သဘောပေါက်နားလည်အောင် လေ့လာပြီး အင်မော်တယ်သိုင်းများနှင့် လျှို့ဝှက်သိုင်းများကို လေ့လာရင်း ကျင့်ကြံခြင်းစွမ်းရည်များကို သုတေသနပြုလုပ်ခဲ့သည်။

တစ်ချိန်တည်းမှာပင် လျိုနင်ရွှမ်းနှင့် သူမ၏ အဖော်နှစ်ဦးမှာ ကြယ်ငယ်လေးထံတွင် ပုံမှန်လိုပင် မျက်နှာချိုသွေးနေကြသည်ကို တွေ့ရပြီး၊

ယွင်ရှီး တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီး ကြယ်လေးနှင့် တွေ့သောအခါ သူမပါ သူတို့အဖွဲ့ထဲသို့ ဝင်ရောက်သွားလေသည်။ ထို့အပြင် ညနေပိုင်းများတွင် သူ၏ဆရာပင် တိတ်တဆိတ် ချောင်းမြောင်းနေသည်ကို လုရီ တွေ့လိုက်ရ၏။

ဆရာသည် ကြယ်လေးကို ထိတွေ့ရန် ကြိုးစားနေပုံရသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့သည်။

ထိုအချိန်က လုရီမှာ သူ မျက်စိမှားနေသလား၊ တစ္ဆေများခြောက်နေသလားဟုပင် ထင်ယောင်ထင်မှား ဖြစ်သွားမိခဲ့သည်။

---

ကောင်းကင်မိစ္ဆာနန်းတော်

နက်ရှိုင်းသော ခန်းမဆောင်ကြီးတစ်ခုအတွင်း၌ သေမင်းတမန် လက်ယပ်ခေါ်နေသကဲ့သို့ အေးစက်တင်းမာသော လေထုက လွှမ်းခြုံထားပြီး၊ မိစ္ဆာအလင်းတန်းများဖြင့် ဝန်းရံထားသော အင်အားကြီးကျင့်ကြံသူအချို့ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။

သူတို့ကို ဦးဆောင်နေသူမှာ ဥပဓိရုပ် ကောင်းကာ ဩဇာတိက္ကမဖြင့် ပြည့်စုံသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်၏။

သူကား ကောင်းကင်မိစ္ဆာနန်းတော်၏ နန်းတော်သခင် ဖြစ်လေသည်။

ယခုအချိန်တွင် ကောင်းကင်မိစ္ဆာနန်းတော်သခင်၏ မျက်နှာမှာ သံပူဖြင့်ခတ်ထားသည့်အလား ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည်။ သူ့ပတ်လည်တွင် လှည့်ပတ်နေသော မိစ္ဆာအလင်းတန်းများက ဟင်းလင်းပြင်ကို လိမ်ဖည်သွားစေပြီး အက်ကွဲကြောင်းများ ဖြစ်ပေါ်စေနေ၏။ အခြားသော အင်အားကြီးကျင့်ကြံသူများ၏ မျက်နှာများမှာလည်း သေသူကို

မြေမချမီ စောင့်နေသော ဘိုးဘေးတစ်ဦးကဲ့သို့ ညှိုးငယ်နေကြပြီး အားလုံးမှာ ညှိုးငယ်သော အမူအရာများ ပြသနေကြသည်။

ခန်းမဆောင်တစ်ခုလုံး တိတ်ဆိတ်နေရာမှ ရုတ်တရက် ကောင်းကင်မိစ္ဆာနန်းတော်သခင်သည် သူ၏လက်ဖြင့် အနက်ရောင်ကျောက်စားပွဲကို ဒေါသတကြီး ပုတ်လိုက်ရာ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများစွာ ဖြစ်ပေါ်သွားပြီး၊ ရှူးရှူးဒိုင်းဒိုင်း ရုတ်တရက် မတ်တပ်ထရပ်ကာ အံကြိတ်ကြိမ်းဝါးလိုက်သည်။

"အရှေ့နယ်မြေက ဂိုဏ်းတွေ တကယ်ပဲ စည်းကျော်လွန်းနေပြီ! လုရီက ငါတို့ ကောင်းကင်မိစ္ဆာနန်းတော်ရဲ့ ဘိုးဘေးတစ်ပါးကို သတ်ခဲ့တယ်၊ ငါတို့ရဲ့ မျိုးဆက်တစ်ယောက်ကို သတ်ခဲ့တယ်၊ ဒါကိုတောင် ငါတို့က လက်စားမချေဘဲ နေရမယ်တဲ့လား။ တကယ့်ကို အဓိပ္ပါယ်မရှိတဲ့ ကလေးစကားပဲ!"

အခြားသော ဘိုးဘေးများလည်း မျက်မှောင်ကြုတ်လိုက်ကြသည်။

အဘိုးအိုတစ်ဦးက စိတ်ပျက်လက်ပျက် ညည်းညူသည်။

"ဒီ လုရီဆိုတဲ့ ကောင်လေးက ဂိုဏ်းပေါင်းများစွာရဲ့ ထောက်ခံမှုကို ရအောင် စွမ်းဆောင်နိုင်ခဲ့တယ်၊ ဒါက တကယ့်ကို ခေါင်းခဲစရာ ကိစ္စပဲ။"

အဘွားအိုတစ်ဦးက မဲ့ပြုံးပြုံးကာ ကဲ့ရဲ့လိုက်၏။

"ဟင်း... အဲဒီကောင်လေးရဲ့ ထူးကဲတဲ့ ပါရမီကို မြင်ပြီး အနာဂတ်မှာ အင်မော်တယ်ဖြစ်လာနိုင်တဲ့ အလားအလာရှိလို့ စောစောစီးစီး မျက်နှာလုပ်ပြီး ရင်းနှီးမြှုပ်နှံချင်ကြတာ မဟုတ်လား။"

"ဒါဖြင့် ကျွန်တော်တို့ ဘယ်လိုလုပ်သင့်သလဲ။ တကယ်ပဲ လက်ပိုက်ကြည့်နေတော့မှာလား။" ဆံပင်ဖြူ လူငယ်အကြီးအကဲတစ်ဦးက စိတ်မရှည်စွာ မေးမြန်းသည်။

"ဘယ်လိုလုပ် ကြည့်နေနိုင်မှာလဲ။ ဘာမှမလုပ်ဘဲနေရင် ကောင်းကင်မိစ္ဆာနန်းတော်ရဲ့ ဂုဏ်သိက္ခာက ဘယ်မှာ သွားထားတော့မလဲ။ နောင်အနာဂတ်မှာ ဘယ်မိစ္ဆာကျင့်ကြံသူက ငါတို့ရဲ့ အမိန့်ကို နာခံတော့မှာလဲ။" ဟု

ကောင်းကင်မိစ္ဆာနန်းတော်သခင်က အေးစက်စွာ ခွန်းတုံ့ပြန်သည်။

"ဒါဖြင့် ဘယ်လိုလုပ်မှ ဖြစ်တော့မှာလဲ။ တခြားကိစ္စတွေထားဦး၊ လုရီကိုယ်တိုင်က အစွမ်းထက်တဲ့ အခင်းအကျင်းကျွမ်းကျင်သူတစ်ယောက်ပဲ။ ဟွမ်ယွမ်ဖုန်းတောင်မှ တိမ်ဖြူဂိုဏ်းရဲ့ ဂိုဏ်းကာကွယ်ရေး အခင်းအကျင်းကို ကြာကြာ တောင့်မခံနိုင်ခဲ့ဘူး။ အဲဒီအခင်းအကျင်းမှာ ဟင်းလင်းပြင်အင်မော်တယ်အဆင့် အစွမ်းလောက်တော့ အနည်းဆုံးရှိနေလောက်တယ်။" အကြီးအကဲတစ်ဦးက မျက်မှောင်ကြုတ်ကာ သူ၏ အကျပ်အတည်းကို ထုတ်ဖော်ပြောကြားသည်။

"ငါတို့ဂိုဏ်းရဲ့ အင်မော်တယ်လက်နက်ကို ထုတ်သုံးဖို့ တောင်းဆိုကြည့်ရင်ရော။" အခြားအကြီးအကဲတစ်ဦးက ဖြည်းညှင်းစွာ အကြံပြုသည်။

"ဒါတောင်မှ စွန့်စားရာကျနေတုန်းပဲ။" ကောင်းကင်မိစ္ဆာနန်းတော်သခင်က သူ၏ မျက်လုံးများ အေးစက်နေလျက် ပယ်ချလိုက်သည်။

"အင်မော်တယ်လက်နက်နဲ့တောင်မှ စွန့်စားရာကျတယ် ဟုတ်လား။" ကပ်ဘေးဖြတ်ကျော် ဘိုးဘေးအချို့မှာ မယုံနိုင်စွာဖြင့် ရေရွတ်လိုက်ကြသည်။

"ကျုပ် ဒီ လုရီဆိုတဲ့ကောင်လေးကို သေချာလေ့လာပြီးပြီ။ သူ့ရဲ့ မွေးရာပါပါရမီက အလွန်အစွမ်းထက်ရုံတင်မကဘူး၊ သူ့မှာ ဖုံးကွယ်ထားတဲ့ လက်နက်တွေ အများကြီးရှိတယ်။ ပိုကြီးမားတဲ့ အင်အားစုတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာတောင် သူ တကယ်တမ်း အန္တရာယ် မကျရောက်ခဲ့ဖူးဘူး။ ဒါက သူ့မှာ အရင်းအမြစ်တွေ အများကြီးရှိနေတယ်ဆိုတာကို ပြနေတာပဲ။ အခု လုရီက ပေါင်းစည်းခြင်းနယ်မြေကို ရောက်နေပြီ၊ သူ့ရဲ့အစွမ်းက အဆမတန် ကြီးမားနေလောက်ပြီ။ ကျုပ်တို့က သူ့ရဲ့ ဝှက်ဖဲတွေကို ပိုမြင့်တဲ့အဆင့်ကနေ ထည့်စဉ်းစားရမယ်။ သူ့ကို တစ်ချက်တည်းနဲ့ သေအောင် တိုက်ခိုက်ရမယ်။ ဒီလိုပါရမီရှင်မျိုးကို လွတ်မြောက်ခွင့်ပေးလိုက်ရင် အနာဂတ်မှာ ကောင်းကင်မိစ္ဆာနန်းတော်အတွက် ကြီးမားတဲ့ ရန်သူတော်ကြီး ဖြစ်လာမှာ မလွဲဘူး။ သူ့ကို လုံးဝ လွှတ်ထားလို့မဖြစ်ဘူး။" ကောင်းကင်မိစ္ဆာနန်းတော်သခင်က သူ၏သုံးသပ်ချက်ကို ဖြည်းညှင်းစွာ ချပြသည်။

ဤစကားကို ကြားသောအခါ အခြားသူများမှာ ခဏတာ စဉ်းစားပြီးနောက် ညင်သာစွာ ခေါင်းညိတ်လိုက်ကြသည်။

"နန်းတော်သခင် ပြောတာလည်း ကျိုးကြောင်းဆီလျော်တယ်။ လုရီလို ကောင်းကင်ဘုံမာနရှင် နတ်ဆိုးတစ်ယောက်ကို သတ်ဖို့ဆိုရင် သူ့ကို လုံးဝ ပြန်မထနိုင်အောင် ခြေမွှပစ်နိုင်မှ ဖြစ်မယ်။ သူ့ကို အခွင့်အရေး အသေးအမွှားလေးတောင် ပေးလို့မဖြစ်ဘူး။ သူသာ လွတ်မြောက်သွားရင် ငါတို့ ကောင်းကင်မိစ္ဆာနန်းတော်အတွက် ကပ်ဘေးတစ်ခုပဲ။"

"ဒါဖြင့် ဘယ်လိုလုပ်ကြမလဲ။"

ထိုအခိုက်အတန့်မှာ ကောင်းကင်မိစ္ဆာနန်းတော်သခင်၏ မျက်လုံးများတွင် ကောက်ကျစ်စဉ်းလဲသော အလင်းရောင်တစ်ချက် လက်သွားပြီး သူက သူ၏အကြံကို ဖွင့်ဟလိုက်သည်။

"ကျုပ်အကုန်စဉ်းစားပြီးပြီ။ နောက်အနှစ်တစ်ရာနေရင် ဘိုးဘေးယွမ်ယွမ်က တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာလိမ့်မယ်။ အဲဒီအခါ သူ့ရဲ့အစွမ်းက အခုထက်ပိုပြီး တန်ခိုးကြီးလာလိမ့်မယ်။ ဟင်းလင်းပြင်အင်မော်တယ်တွေထဲမှာတောင် အားနည်းတဲ့သူ မဟုတ်ဘူး။ ဟင်းလင်းပြင်အင်မော်တယ်တစ်ပါးက အင်မော်တယ်လက်နက်ကို ကိုင်စွဲပြီး တိမ်ဖြူဂိုဏ်းကို တိုက်ခိုက်မယ်ဆိုရင် အင်မော်တယ်လက်နက်ရဲ့ အစွမ်းအများစုကို ထုတ်သုံးနိုင်လိမ့်မယ်။ အဲဒီအချိန်ကျရင် လုရီမှာ နတ်ဘုရားစွမ်းရည်တစ်ထောင် ရှိနေရင်တောင် အသက်ရှင်လွတ်မြောက်ဖို့ အခွင့်အရေးမရှိတော့ဘူး။"

ဤအကြံကို ကြားသောအခါ ဘိုးဘေးအုပ်စုကြီး၏ မျက်နှာများပေါ်တွင် ရက်စက်သော အပြုံးများ ပေါ်လာကြသည်။

"ဟားဟားဟား၊ နန်းတော်သခင်က အမြဲတမ်း အမြော်အမြင်ကြီးပြီး လုပ်ဆောင်ချက်တွေမှာ သတိကြီးတာပဲ။ ဘိုးဘေးယွမ်ယွမ်က ကပ်ဘေးသုံးထပ် ဟင်းလင်းပြင်အင်မော်တယ်တစ်ပါး၊ အင်မော်တယ်လက်နက်ရဲ့ အထောက်အပံ့နဲ့ဆိုရင် ဟိုကောင်လေး လုရီက မဟာယာနနယ်မြေကို ချိုးဖျက် တက်လှမ်းနိုင်ရင်တောင် သေလမ်းပဲ မြင်တော့မှာပဲ။"

"ဒီအကြံက အကောင်းဆုံးပဲ။"

"ဟို လုရီဆိုတဲ့ကောင်လေးကို နောက်ထပ် အနှစ်တစ်ရာလောက်တော့ အတင့်ရဲနေခွင့် ပေးလိုက်ကြသေးတာပေါ့။"

ကောင်းကင်မိစ္ဆာနန်းတော်မှ ဘိုးဘေးအများအပြားမှာ သိသိသာသာ စိတ်အေးသွားကြပြီး ကျယ်လောင်စွာ အောင်ပွဲခံ ရယ်မောနေကြသည်။ သူတို့၏မျက်လုံးထဲတွင် လုရီ သွေးစိမ်းရှင်ရှင်ဖြင့် သေဆုံးနေသည့် မြင်ကွင်းကို ကြိုတင်မြင်ယောင်နေကြသည့်အလားပင်။

---

ဆယ်နှစ်အကြာ...

ဆယ်နှစ်ဟူသော အချိန်ကာလသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။ လုရီ၏ ကျင့်ကြံမှု အဆင့်မှာ တည်ငြိမ်စွာ တိုးတက်လာခဲ့ပြီး ပေါင်းစည်းခြင်းနယ်မြေ ရှစ်လွှာသို့ တက်လှမ်းနိုင်ခဲ့လေသည်။

တစ်နေ့တွင် လုရီ ကျင့်ကြံနေစဉ် ရုတ်တရက် အပြင်ဘက်မှ ကျန့်ဖန်၏ အလောတကြီး အော်ခေါ်သံ ထွက်ပေါ်လာသည်။

"ဂျူနီယာညီလေး လုရီ၊ ရှိလား။ အရေးကြီးကိစ္စ ပေါ်လာပြီ။"

လုရီသည် ဖြည်းညှင်းစွာ မျက်လုံးဖွင့်လိုက်ရာ သူ၏ကျင့်ကြံမှုမှ ဖြစ်ပေါ်နေသော ဆန်းကြယ်မြင်ကွင်းများမှာ လေထဲတွင်ပင် ပျောက်ကွယ်သွားလေသည်။ သူသည် ခြေတစ်လှမ်းလှမ်းကာ သူ၏ မူလနေရာမှ ချက်ချင်း ပျောက်ကွယ်သွားပြီး သူ၏ ဂူစံအိမ်အဝင်ဝသို့ ရောက်ရှိလာသည်။

ဂူစံအိမ်၏ တံခါးကို ဖွင့်လိုက်သောအခါ အပြင်ဘက်တွင် ရပ်နေသော ကျန့်ဖန်၊ ထျဲ့မန်နှင့်

ပိုင်ယွိီလုံတို့ကို တွေ့လိုက်ရသည်။

သုံးယောက်လုံးမှာ စိုးရိမ်ပူပန်နေကြပြီး ထျဲ့မန်မှာ အထူးသဖြင့် မျက်နှာပျက်ကာ အရေးတကြီးဖြစ်နေဟန်ရှိသည်။

လုရီက မျက်ခုံးပင့်ကာ နားမလည်နိုင်စွာ မေးမြန်းလိုက်၏။

"စီနီယာအစ်ကိုတို့၊ ဘာများ ဒီလောက် အရေးတကြီး ဖြစ်နေကြတာလဲ။"

ကျန့်ဖန်က ခပ်ယဲ့ယဲ့ပြုံးကာ အကျိုးအကြောင်းကို ရှင်းပြသည်။

"မြောက်ပိုင်း ချင်းချုံးမျိုးနွယ်က သခင်မလေး တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီ။ ကပ်ဘေးဖြတ်ကျော်ခြင်းနယ်မြေကို ချိုးဖျက်တက်လှမ်းသွားပြီတဲ့။"

ဤစကားကို ကြားသောအခါ လုရီမှာ အံ့အားသင့်သွားသည်။ ထိုမြေခွေးဝိညာဉ်မလေး တကယ်ပဲ ကပ်ဘေးဖြတ်ကျော်သွားပြီတဲ့လား။

သို့သော်လည်း အရှေ့သစ်တော အပျက်အစီးများအတွင်းက ဖြစ်ရပ်မှာ နှစ်တစ်ရာကျော် ကြာသွားပြီဖြစ်၍ ထိုမြေခွေးဝိညာဉ်မလေး သူ့ကို မေ့သွားလောက်ရောပေါ့၊ ဟုတ်တယ်မလား။

လုရီ၏ စိတ်ထဲတွင် အနည်းငယ်မျှပင် ထိတ်လန့်ခြင်းမရှိဘဲ ပေါ့ပေါ့ပါးပါးပင် ခွန်းတုံ့ပြန်လိုက်၏။

"အဲဒီသခင်မလေးက ပါရမီအလွန်ထူးချွန်တာပဲ။ အဆင့်တက်တာက သာမန်ပါပဲ။ ဒါပေမဲ့ အဲဒါက ကျွန်တော်နဲ့ ဘာများ သက်ဆိုင်နေလို့လဲ။"

ပိုင်ယွိီလုံက လုရီကို ထူးဆန်းသော မျက်နှာထားဖြင့် ကြည့်ကာ အသိပေးလိုက်တော့သည်။

"ပြဿနာက အဲဒါမဟုတ်ဘူးကွ။ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီး မင်းအကြောင်းကြားကြားချင်းပဲ အဲဒီသခင်မလေးက မင်းကို... တိုက်ပွဲစိန်ခေါ်လိုက်တာပဲ။"

ထိုသတင်းကြောင့် လုရီမှာ နေရာမှာပင် ကြောင်တောင်တောင်ဖြစ်ကာ ကျောက်ရုပ်ကြီးတစ်ရုပ်ပမာ မလှုပ်မယှက်နိုင်တော့ပေ။

အခန်း ၄၈၆- လုရီ၏ နောက်လိုက်များ၊ ချင်းချုံးနန်းတော် ...

~သူက ဘာပြောရမှန်းမသိသော လေသံဖြင့် တိုးလျစွာ ရေရွတ်လိုက်သည်။

"ချင်းချုံးသခင်မလေးမှာ အရှက်အကြောက်ဆိုတာ နည်းနည်းလေးမှ မရှိဘူးလား။ သူက ကပ်ဘေးဖြတ်ကျော်နယ်ပယ်ရောက်နေပြီးတော့မှ ငါ့လို ပေါင်းစည်းခြင်းနယ်ပယ် ကျင့်ကြံသူလေးတစ်ယောက်ကို စိန်ခေါ်ချင်နေတာလား။"

ကျန့်ဖန်နှင့် အခြားသူတို့မှာမူ...

သူတို့အားလုံး လုရီကို ဆွံ့အသော မျက်နှာထားများဖြင့် ကြည့်နေကြသည်။

ပိုင်ယွီလုံက အောင့်သက်သက်ဖြင့် ဝင်ရောက်ပြောဆိုသည်။

"ဂျူနီယာညီလေး လုရီရာ.. မင်းက ကပ်ဘေးဖြတ်ကျော်ဘိုးဘေးတစ်ပါးကို သတ်ခဲ့တယ် မဟုတ်လား။ အခုထိတောင် 'ပေါင်းစည်းခြင်းနယ်ပယ် ကျင့်ကြံသူလေးတစ်ယောက်' ပဲလား။"

လုရီက ယုံကြည်မှု အပြည့်ဖြင့် ခေါင်းမော့ရင်ကော့ကာ ပြတ်သားစွာ ကြွေးကြော်လိုက်၏။

"ကျွန်တော်က ကပ်ဘေးဖြတ်ကျော် ဘိုးဘေးတွေကို သတ်နိုင်ရင်တောင်မှ၊ ကောင်းကင်ဘုံနဲ့ အဆုံးမဲ့ တစ်ခွင်လုံးမှာ ကျွန်တော်က ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ တစ်ယောက်ပဲ။"

ထျဲ့မန်က သွားဖြဲရယ်ရင်း ဆိုသည်။

"ဒါပေမဲ့ အဲ့ဒီချင်းချုံးသခင်မလေးကတော့ ဒီလိုထင်မှာ မဟုတ်လောက်ဘူး၊ မဟုတ်ရင် သူက မင်းကို တိုက်ခိုက်ဖို့ စိန်ခေါ်မှာ မဟုတ်ဘူးလေ။"

ကျန့်ဖန်ပင်လျှင် ခေါင်းအသာညိတ်ကာ ထောက်ခံလိုက်သည်။

"ချင်းချုံးဟွာရဲ့ စိန်ခေါ်သံက အခုဆို ထျန်းမင်တစ်ခွင်လုံးကို ပျံ့နှံ့နေပြီ။ ထျန်းမင်က ကျင့်ကြံသူတိုင်း ဒီကိစ္စကို ဆွေးနွေးနေကြတယ်။ လူတော်တော်များများက ချင်းချုံးဟွာကလည်း အသက်ငါးရာအောက်၊ မျိုးဆက်တူပဲဖြစ်ပြီး၊ အမြီးကိုးချောင်း မိစ္ဆာဧကရာဇ်ရဲ့ အမွေအနှစ်ကို ဆက်ခံခဲ့လို့သာ မျိုးဆက်သစ်တွေရဲ့ ထိပ်ဆုံးကို ရောက်နေတာလို့ ယုံကြည်ကြတယ်။ ပြီးတော့ ဂျူနီယာညိီလေးလု၊ မင်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကလည်း မယုံနိုင်လောက်အောင် ကြောက်စရာကောင်းနေတော့ ဒီတိုက်ပွဲက လူငယ်ကို အနိုင်ကျင့်တယ်လို့ သတ်မှတ်လို့မရလောက်ဘူး။"

လုရီမှာ ဆွံ့အသွားပြီး မကျေမနပ်ဖြင့် တုံ့ပြန်လိုက်သည်။

"ဒီလိုဆိုရင်တောင် ကျွန်တော်က အသက်နှစ်ရာကျော်ပဲ ရှိသေးတာလေ။ အဲ့ဒီအဘွားကြီး ချင်းချုံးဟွာက ကျွန်တော့်ထက် အနှစ်နှစ်ရာတောင် ကြီးနေတာ၊ ဒါက ကျွန်တော့်ထက် အများကြီး အသက်ကြီးတာ မဟုတ်ဘူးလား။"

ကျန့်ဖန်နှင့် အခြားသူများမှာမူ...

သူတို့ သုံးဦးစလုံး တိတ်ဆိတ်သွားကြပြီး သူတို့၏ နှလုံးသားကို တစ်စုံတစ်ခုဖြင့် ထိုးနှက်ခံလိုက်ရသလို ခံစားလိုက်ရသည်။

ပိုင်ယွီလုံက လုရီကို အပြစ်တင်သလို မျက်နှာငယ်လေးဖြင့် ကြည့်ကာ ညည်းညူလိုက်၏။

"ဂျူနီယာညိီလေးလု၊ မင်းက အသက်နှစ်ရာကျော်လေးပဲ ရှိသေးပြီး ကပ်ဘေးဖြတ်ကျော်ဘိုးဘေးကို သတ်နိုင်တဲ့ ပေါင်းစည်းခြင်း မဟာပုဂ္ဂိုလ်ကြီးဖြစ်နေပြီဆိုတာကို အထူးတလည် အလေးပေးစရာ မလိုပါဘူးကွာ..."

ထျဲ့မန်က သူ၏ခေါင်းကို ကုတ်လျက် ဆိုသည်။

"တော်သေးတာက ငါတို့က ဂျူနီယာညိီလေးလုရီနဲ့အတူ အပြင်စည်းဂိုဏ်းကနေ အတွင်းစည်းဂိုဏ်းကို ဝင်လာခဲ့ပြီး သူကြီးပြင်းလာတာကို မြင်တွေ့ခဲ့ရလို့ပဲ။ သူ့ရဲ့ ထိုးနှက်မှုတွေကို ငါတို့

ကျင့်သားရနေပြီ။ သာမန် ကျင့်ကြံသူတွေသာ

ဒီစကားကို ကြားရင် သူတို့ရဲ့ တာအိုနှလုံးသားတွေ ကြေမွသွားလောက်တယ်။"

ကျန့်ဖန်ပင်လျှင် ခါးသက်သော အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။

လုရီက ချောင်းတစ်ချက် ဟန့်ကာ အခြေအနေကို ပြေလည်အောင် ကြိုးစားလိုက်၏။

"စီနီယာအစ်ကိုကြီးတို့က လျှောက်တွေးနေတာပါ။ ကျွန်တော် တကယ် အဲ့ဒီလို ဆိုလိုတာ မဟုတ်ပါဘူး။"

သုံးဦးစလုံးက အားမတန်မာန်လျှော့ မျက်နှာထားပြပြီးနောက် ကျန့်ဖန်က အကြံပြုလာသည်။

"ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းက စိန်ခေါ်မှုကို လက်မခံရင်တောင် ဘယ်သူမှ မင်းကို အပြစ်တင်မှာ မဟုတ်ဘူးလို့ ငါထင်တယ်။ အားလုံးက

ဂျူနီယာညီလေး ..မင်းအပေါ်မှာပဲ မူတည်တယ်။ ချင်းချုံးမျိုးနွယ်က အဲ့ဒီသခင်မလေးကလည်း ဒီလောက် သဘောထားသေးသိမ်မှာ မဟုတ်လောက်ပါဘူး၊ ဟုတ်တယ်မလား။"

လုရီက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် သူ၏စိတ်ထဲတွင် တိုးလျစွာ ရေရွတ်လိုက်သည်။

'ချင်းချုံးဟွာကို ငါ အနိုင်တိုက်ရမယ်။'

[အလုပ်]

ချင်းချုံးဟွာကို အနိုင်တိုက်ပါ။

ဆုလာဘ်: ကြယ်တာရာခြင်ဆီ ၁၀ စက်၊

အလယ်အလတ်တန်းစား အင်မော်တယ်လက်နက် - အရာခပ်သိမ်း မြေပုံ၊ နှင့် အင်မော်တယ် သိုင်းနည်းစနစ် "အင်မော်တယ် တက်လှမ်းခြင်း သိုင်းနည်းစနစ်"။

အလုပ်ကို လက်ခံပါ- လက်ခံမည်လား/ငြင်းမည်လား။

လုရီ စိတ်ထဲတွင် အံ့အားသင့်သွားသည်။

အလုပ်ဆုလာဘ်က သာမန်ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူတွေအတွက်ထက် အများကြီး ပိုပြီး ရက်ရောနေပါလား။

သိထားရမည်မှာ၊ သတ်ဖြတ်ခြင်းပါဝင်သော အလုပ်တာဝန်များ၏ ဆုလာဘ်များသည် ရိုးရိုးအနိုင်တိုက်ရုံထက် ယေဘုယျအားဖြင့် ပိုမိုမြင့်မားလေ့ရှိသည်။ သို့သော် ချင်းချုံးဟွာကို အနိုင်တိုက်ရသည့် အလုပ်ဆုလာဘ်များမှာ အလယ်အလတ်တန်းစား အင်မော်တယ်လက်နက် ပင် ပါဝင်နေပြီး ဟွမ်ယွမ်ဖုန်းကဲ့သို့ ကပ်ဘေးဖြတ်ကျော်ကျွမ်းကျင်သူများကို သတ်ဖြတ်သည့် အလုပ်တာဝန်များထက်ပင် များစွာ ရက်ရောနေသည်။

ဆုလာဘ်တွေက ရက်ရောပေမဲ့ ချင်းချုံးဟွာကို သူ အနိုင်တိုက်နိုင်ပါ့မလား မသေချာပေ။

တကယ်တမ်း မဟာယာနနယ်ပယ်မှာတုန်းကတောင် ချင်းချုံးဟွာက ကပ်ဘေးဖြတ်ကျော်ဘိုးဘေးတစ်ပါးနှင့် ယှဉ်တိုက်နိုင်ခဲ့သည် မဟုတ်ပါလား။

ယခု ကပ်ဘေးဖြတ်ကျော်နယ်ပယ်ကို ချိုးဖျက်သွားသောအခါ သူမက ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူတွေထဲမှာတောင် အလွန်အမင်း အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေလောက်ပေပြီ။ ဟင်းလင်းပြင်အင်မော်တယ်

တစ်ပါးနှင့် မည်မျှ ကွာသည်ကိုတော့ မသိနိုင် ပေ။

သူသည် ကပ်ဘေးဖြတ်ကျော် ဘိုးဘေးတစ်ပါးကို သတ်နိုင်သည်ဟု ပြောနိုင်သော်လည်း ယင်းက ကျင့်ကြံမှုအဆင့် နိမ့်သည့် သူများသာ။ အဆင့်မြင့် ကပ်ဘေးဖြတ်ကျော် တစ်ယောက်နှင့် ရင်ဆိုင်ရလျှင် သူ၏ လျှို့ဝှက်လက်နက်တွေ

မသုံးဘဲ ကိုယ့်အစွမ်းအစ သက်သက်နှင့် ယှဉ်တိုက်ဖို့က အနည်းငယ် ခက်ခဲနေဦးမည်ပင်။

ထို့အပြင် ချင်းချုံးဟွာက အင်မော်တယ်လက်နက်ကို ကိုင်စွဲထားသေးသည်။

သူ့မှာလည်း အင်မော်တယ်လက်နက် ရှိသော်လည်း တကယ် တိုက်ခိုက်ဖြစ်လျှင် အနိုင်ရမည်ဟု အာမမခံနိုင်ပါပေ။

သာမန် စိန်ခေါ်မှု တစ်ခု ဖြစ်လျှင် သူ့အတွက်တော့ ဒါက ကိစ္စကြီးတစ်ခု မဟုတ်ပေ။ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ သူ့အပေါ် မည်သည့်သက်ရောက်မှုမှ ရှိမည် မဟုတ်ချေ။

သို့သော် သူ စိုးရိမ်သည်က ထိုမြေခွေးဝိညာဉ်မလေးက အရှေ့တောအုပ် အပျက်အစီးတွေကိစ္စကို ယခုထိ မှတ်မိနေမည်ကိုပင်။

ထိုသို့ဆိုပါက အမှန် တကယ်တိုက်ခိုက်ဖြစ်လျှင် သူမက သည်အတိုင်း အလွယ်တကူ အဆုံးသတ်မှာ မဟုတ်ပေ။

...ငါက မကြောက်ပေမဲ့ ပြဿနာနည်းတာက များတာထက် ပိုကောင်းတာပေါ့။ ငါ့ကျင့်ကြံမှုအဆင့် ကပ်ဘေးဖြတ်ကျော်နယ်ပယ်ကို ချိုးဖျက်သွားတာနဲ့ ချင်းချုံးဟွာလို မြေခွေးဝိညာဉ်တစ်ကောင်တောင်မှ လက်တစ်ဖျစ်တည်းနဲ့ အလွယ်တကူ နှိမ်နင်းနိုင်မှာပဲ။....

လုရီ၏ အတွေးများကို မသိသော ကျန့်ဖန်နှင့် အခြားသူများမှာမူ သူ၏ တိတ်ဆိတ်မှုကို အဖြေတစ်ခုအဖြစ် ကောက်ယူလိုက်ကြသည်။

ကျန့်ဖန်က ပြုံးလျက် ထောက်ခံလိုက်၏။

"ဂျူနီယာမောင်လေးရဲ့ ရွေးချယ်မှုက မှန်ကန်တယ်။ သခင်မလေး ချင်းချုံးက အစွမ်းထက်တယ်။ ဂျူနီယာညီလေးအနေနဲ့ သူနဲ့ မာနပြိုင်ဆိုင်မှု လုပ်နေဖို့ မလိုပါဘူး။"

ထိုသို့ဖြင့် သူတို့သုံးဦးက လုရီကို နှုတ်ဆက်ကာ သတင်းဖြန့်ရန် ထွက်ခွာသွားကြတော့သည်။

"ချင်းချုံးဟွာက မျိုးဆက်သစ်လို့ သတ်မှတ်ခံရပေမဲ့ သူက ငါတို့ဂိုဏ်းက ဂျူနီယာညီလေး လုရီထက် အနှစ်နှစ်ရာတောင် ကြီးနေတာကွ။ ဂျူနီယာမောင်လေး လုရီရဲ့ တိုးတက်နှုန်းနဲ့ဆိုရင် နောက်အနှစ်နှစ်ရာမှာ သူ အင်မော်တယ်ဖြစ်ချင်ဖြစ်နေမှာ။ ချင်းချုံးဟွာက သူ့ကို ရွေးတိုက်တာက လူငယ်ကို အနိုင်ကျင့်တာ အသေအချာပဲ။"

ပိုင်ယွီလုံနှင့် အခြားသူတို့က တိမ်ဖြူဂိုဏ်းမှ ထွက်ခွာပြီးနောက် ချင်းကျိုးရှိ မြို့ကြီးတစ်မြို့တွင် အသံကျယ်လောင်စွာ မြည်တွန်တောက်တီးကြရာ ကျင့်ကြံသူများစွာ၏ အာရုံစိုက်မှုကို ရရှိသွားတော့သည်။

ထျဲ့မန်က မျှော်စင်ကြီးတစ်ခုလို ကိုယ်လုံးကိုယ်ထည်ဖြင့် လက်ပိုက်ကာ ဟိန်းဟောက်လိုက်၏။

"ဂျူနီယာညီလေး လုရီရဲ့ အရည်အချင်းက ထူးကဲတယ်။ နောက်အနှစ်နှစ်ရာမှာ ချင်းချုံးမျိုးနွယ်ရဲ့ သခင်မလေးက ဂျူနီယာညီလေး လုရီရဲ့ ပြိုင်ဘက် မဖြစ်တော့တာ သေချာတယ်။"

ထိုအခါ ကျန့်ဖန်က အပြုံး တစ်စဖြင့် ဝင်ရောက်ပြောဆိုသည်။

"ဖြစ်နိုင်တာက အနှစ်နှစ်ရာတောင် မလိုလောက်ဘူး။ နောက်အနှစ်တစ်ရာလောက်နေရင်တောင် ဂျူနီယာညီလေး လုရီက ချင်းချုံးဟွာကို နှိမ်နင်းနိုင်လောက်ပြီ။"

မြောက်ပိုင်းဒေသမှ ချင်းချုံးမျိုးနွယ်၏ အမြီးကိုးချောင်း မိစ္ဆာမြေခွေးများမှာ ချောမောသော ယောက်ျားများနှင့် လှပသော မိန်းမများကြောင့် ကျော်ကြားပြီး ချင်းချုံးဟွာကိုယ်တိုင်မှာလည်း အလွန်အမင်း လှပသူတစ်ဦး ဖြစ်သည်။ သူမ၏ ပြိုင်ဘက်ကင်းသော အလှမှာ ထျန်းမင်တစ်ခွင်လုံးတွင် ကျော်ကြားသောကြောင့် သူမကို အားကျသူ၊ နောက်လိုက်များစွာ ရှိနေသည်မှာ သဘာဝကျလေသည်။

ဤမြို့ကြီးတွင် ချင်းချုံးဟွာကို သူတို့၏ အိပ်မက်ထဲမှ မိန်းမပျိုအဖြစ် သတ်မှတ်ထားသော ကျင့်ကြံသူများ ရှိနေသည်။ အထူးသဖြင့် ငယ်ရွယ်ပြီး သွေးပူသော လူငယ် ကျင့်ကြံသူလေးများ ဖြစ်ကြသည်။

ထိုစဉ် အခြေတည်ဝိညာဉ် နယ်ပယ်အဆင့် လူငယ် တစ်ဦးက ဟက်ဟက်ပက်ပက် ရယ်မောကာ လှောင်ပြောင်လိုက်သည်။

"နောက်ဆုံးတော့ လုရီက ကြောက်သွားတာပဲ မဟုတ်လား။ ထျန်းမင်ရဲ့ သမိုင်းတစ်လျှောက် အင်အားအကြီးဆုံး မျိုးဆက်သစ်တဲ့လား။ နာမည်သာ ရှိပြီး အနှစ်သာရ မရှိတဲ့ကောင်ပဲ။"

ဤမှတ်ချက်ကြောင့် ကျန့်ဖန်နှင့် အခြားသူများ၏ မျက်နှာများမှာ အေးစက်သွားပြီး စကားပြောသော လူငယ်ထံသို့ ခေါင်းလှည့်ကာ

စူးစူးဝါးဝါးကြည့်လိုက်ကြလေသည်။

---

All Chapters