အခန်း (၄၉၆-၄၉၈)
Vol. 34 Ch. 496-498
အခန်း ၄၉၆ - ကျိုယို
ချောက်နက်ကြီးမှ ဟိန်းသံ၊ ဖရိုဖရဲ ချီစွမ်းအင် ...
ပတ်ဝန်းကျင်တစ်ခုလုံးသည် ရုတ်ချည်းဆိုသလိုပင် အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားလေတော့၏။
ထိုအခိုက်အတန့်၌ လျိုနင်ရွှမ်း၏ ဂူစံအိမ်အတွင်းမှ အေးခဲချောက်ချားဖွယ် အအေးဓာတ်တစ်ခုသည် ပြင်းထန်စွာ ထုတ်လွှတ်လာခဲ့ပြီး ဂူစံအိမ်တစ်ခုလုံးကို ရေခဲများဖြင့် လုံးလုံးလျားလျား ဖုံးလွှမ်းသွားစေတော့သည်။ လင်းလောင်တောင်ထိပ်မှ ကြောက်မက်ဖွယ် အေးစက်မှုတို့သည် ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့ထွက်ပေါ်လာ၏။
တိမ်ဖြူဂိုဏ်းမှ ကျင့်ကြံသူတိုင်းသည် ထိတ်လန့်တကြားဖြစ်သွားကြပြီး၊ မည်သို့ဖြစ်ပျက်ခဲ့သည်ကို နားမလည်နိုင်သော ရှုပ်ထွေးသည့် မျက်နှာထားများဖြင့် လင်းလောင်တောင်ထိပ်ဘက်သို့ လှမ်းမျှော်ကြည့်လိုက်ကြ၏။
နောက်တစ်ခဏတွင် ကျန်းရူယွီ၊ ယွင်ရှီးနှင့် သုန်းကုန်းမင်ယွဲ့တို့ သုံးဦးလုံးသည် အပြင်သို့ ပြေးထွက်လာကြလေသည်။ သူတို့၏ ကိုယ်ပေါ်တွင် ရေခဲစများ ကပ်ညှိနေဆဲဖြစ်ပြီး ကိုယ်လုံးလေးများမှာလည်း အနည်းငယ် တုန်ယင်နေလျက် မျက်နှာထက်၌ ကြောက်ရွံ့မှု အရိပ်အယောင်တို့ ထင်ဟပ်နေလေသည်။
ကျန်းရူယွီသည် ထိတ်လန့်တကြားဖြင့် နောက်သို့လှည့်ကြည့်ရင်း ကိုယ်တစ်ခုလုံး တုန်ခါသွားကာ မြည်တမ်းလိုက်၏။
"ငါပြောသားပဲ! နင်ရွှမ်းရဲ့ အဲ့ဒီရေခဲတမျှအေးစက်တဲ့ စိတ်နဲ့ဆိုရင် ငါတို့အားလုံး ဒုက္ခပင်လယ်ဝေတော့မှာပါလို့..."
သုန်းကုန်းမင်ယွဲ့သည် အရင်က သူတို့၏ ဆိုးဝါးနိုင်လှသော စီနီယာအစ်မ၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသည့် မြင်ကွင်းကို ပြန်တွေးမိရင်း နှုတ်ခမ်းထောင့်စွန်းမှာ တွန့်ကွေးသွားပြီး စိတ်မရှည်စွာ တိုက်တွန်းလိုက်သည်။
"အခုက အဲ့ဒါကို ပြောနေရမယ့် အချိန်လား။ မြန်မြန် အကြံတစ်ခုခု ထုတ်စမ်းပါ! ကျွန်မတော့ နောက်ထပ် နှစ်တစ်ရာလောက် အဖိနှိပ်မခံနိုင်တော့ဘူး!"
ပုံမှန်အားဖြင့် တည့်တိုးဆန်တတ်သော
ယွင်ရှီးပင်လျှင် ယခုအခါ အနည်းငယ် ကြောက်လန့်နေဟန်ဖြင့် အကြံပြုလေသည်။
"လောလောဆယ်တော့ ဒီနေရာကနေ အရင်ပြေးကြရအောင်။ ပန်းတစ်သောင်းဂိုဏ်းကို သွားခိုလှုံကြရင် ကောင်းမလား။"
ထိုအကြံကိုကြားသော် ကျန်းရူယွီနှင့် သုန်းကုန်းမင်ယွဲ့တို့သည် တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြပြီး သဘောတူညီစွာ ကြွေးကြော်လိုက်ကြ၏။
"သွားမယ်! ပန်းတစ်သောင်းဂိုဏ်းကို အမြန်ဆုံးသွားကြစို့!"
ထို့နောက် သူတို့သုံးဦးသည် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားပြီး လျင်မြန်စွာပင် ထွက်ပြေးတိမ်းရှောင်သွားကြတော့သည်။
တစ်ချိန်တည်းမှာပင် ကျင့်ကြံနေသော လုရီသည်လည်း လျိုနင်ရွှမ်းထံမှ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ် အအေးဓာတ်ကို ခံစားမိလိုက်ရသဖြင့် အံ့အားသင့်စွာပင် နိုးထလာခဲ့လေသည်။ သူသည် နားမလည်နိုင်သော မျက်နှာထားဖြင့် မိမိ၏ ဂူစံအိမ်မှ ထွက်လာခဲ့ပြီး လျိုနင်ရွှမ်း၏ ဂူစံအိမ်ရှိရာဘက်သို့ လှမ်းကြည့်လိုက်၏။
လျိုနင်ရွှမ်း၏ ဂူစံအိမ်ရှိရာ အရပ်မှ အပြာရောင် အအေးဓာတ်တို့သည် အလင်းတိုင်ကြီးတစ်ခုပမာ ကောင်းကင်သို့ တဟုန်ထိုး တက်သွားလေသည်။ ထိုအအေးဓာတ်ကို လျိုနင်ရွှမ်းက တမင်သက်သက် ထိန်းချုပ်ထားသောကြောင့်သာ တိမ်ဖြူဂိုဏ်းတစ်ခုလုံး ရေခဲတောင်အဖြစ်
မပြောင်းလဲသွားခြင်း ဖြစ်၏။
သို့ဖြစ်သော်ငြားလည်း တိမ်ဖြူဂိုဏ်းအတွင်းရှိ အပူချိန်သည် သိသိသာသာ ကျဆင်းသွားပြီး ကောင်းကင်ယံမှ နှင်းစများပင် စတင်ကျဆင်းလာခဲ့သည်။ ကျင့်ကြံမှုအဆင့် နိမ့်ပါးသော တပည့်အများအပြားမှာ ကြောက်လန့်တကြား တုန်ယင်နေကြပြီး သူတို့၏ အမူအရာများမှာ ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက်နေလေသည်။
လုရီ၏ နှုတ်ခမ်းတို့ တွန့်ကွေးသွားရသည်။
"စီနီယာအစ်မ၊ ဘာတွေဖြစ်နေတာလဲ။ ကြည့်ရတာ တော်တော်လေး ဒေါသထွက်နေတဲ့ပုံပဲ။"
လုရီသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ လျိုနင်ရွှမ်း၏ ဂူစံအိမ်အပြင်ဘက်သို့ ရောက်ရှိလာခဲ့လေသည်။ ဂူစံအိမ်၏ တံခါးမှာ ပွင့်နေသည်ကို မြင်လိုက်ရသဖြင့် သူသည် အတွင်းသို့ ခြေလှမ်းဝင်သွား၏။
ထို့နောက်တွင်တော့ လုရီသည် လျိုနင်ရွှမ်းကို တွေ့လိုက်ရသည်။ သူမ၏ ချောမောလှပသော မျက်နှာလေးသည် အလွန် အေးစက်နေ၏။
နဖူးထက်တွင် နှင်းပွင့်ပုံစံ အမှတ်အသားတစ်ခု ဖြစ်ပေါ်နေကာ မည်းနက်သော ဆံနွယ်တို့မှာလည်း နှင်းကဲ့သို့ ဖြူဖွေးလျက်ရှိသည်။
လျိုနင်ရွှမ်းသည် လုရီရောက်ရှိလာသည်ကို သတိပြုမိသွားပြီး သူမ၏ အေးစက်လှပသော မျက်နှာလေးဖြင့် သူ့ကို စိုက်ကြည့်လိုက်၏။
လုရီက နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်သည်။
"စီနီယာအစ်မ၊ ဘာဖြစ်တာလဲ။ အဆင်ပြေရဲ့လား။"
လျိုနင်ရွှမ်း၏ အေးစက်သော မျက်နှာထက်တွင် ပြုံးနေသည်ဟုထင်ရသော်လည်း အပြုံးမဟုတ်သော အမူအရာတစ်ခု ပေါ်လာ၏။ သူမ၏ နက်ပြာရောင် မျက်ဝန်းများသည် အလင်းရောင်ကင်းမဲ့သော ရေခဲကန်တစ်ခုနှင့် တူနေပြီး၊ အသံမှာမူ အေးစက်သော လေပြေတစ်ချက် ဖြတ်တိုက်သွားသကဲ့သို့ ခက်ထန်စွာ ထွက်ပေါ်လာသည်။
"ဂျူနီယာမောင်လေး... နင်နဲ့ ရူယွီတို့... နှစ်ကိုယ်တူကျင့်ကြံပြီးကြပြီလား။"
ဤမေးခွန်းကြောင့် လုရီမှာ အသက်ရှူပင် ရပ်တန့်သွားမတတ် ဖြစ်သွား၏။ သူ၏ နှလုံးသားထဲတွင် ကောင်းကျိုးမပေးသော အတွေးတစ်ခု ပေါ်လာသဖြင့် စိတ်ထဲ၌ ‘ဒုတ်’ ခနဲ ဖြစ်သွားသည်။
... သွားပြီ! ဒီသုံးယောက်သား ငါ့ကို အသိမပေးဘဲ စီနီယာအစ်မဆီ တိုက်ရိုက် သွားတိုင်ကြပြီပဲ! ဘယ်သူကများ ဒီလိုလုပ်ရက်ရတာလဲ။ ငါ့မှာ ဘာပြင်ဆင်မှုမှ မရှိသေးဘူး...
သူ၏ နှုတ်ခမ်းတို့ တွန့်ကွေးသွားပြီးနောက် ခေါင်းကို ညင်သာစွာ ညိတ်ရင်း ခပ်တိုးတိုး ခွန်းတုံ့ပြန်လိုက်သည်။
"...ဟုတ်ပါတယ်။"
လျိုနင်ရွှမ်း၏ အပြုံးမှာ ပို၍ပင် တောက်ပလာပြီး ထပ်မံ၍ စစ်ဆေးမေးမြန်းပြန်သည်။
"ဒါဆို... ဂျူနီယာညီမလေးနဲ့လည်း ကျင့်ကြံပြီးပြီပေါ့။"
လုရီသည် သူ၏စိတ်ထဲမှ စနိုးစနောင့်ဖြစ်မှုသည် မှန်ကန်နေကြောင်း သိလိုက်ရတော့သည်။ သူသည် စိတ်ကိုတင်းကာ နောက်တစ်ကြိမ် ခေါင်းညိတ်ရင်း ဝန်ခံလိုက်ရပြန်သည်။
"...ဟုတ်ပါတယ်။"
လျိုနင်ရွှမ်း၏ အပြုံးမှာ ပို၍ပင် ထိန်လင်းတောက်ပလာတော့၏။
"ယွင်ရှီးနဲ့လည်း... ဟုတ်တယ်မလား။"
လုရီ၏ ဦးရေပြားတစ်ခုလုံး ထုံကျင်သွားပြီး
ဘာကိုမှ မစဉ်းစားတော့ဘဲ ရှေ့သို့တိုးကာ
လျိုနင်ရွှမ်းကို ဖက်ထားလိုက်ပြီး သူမ၏ နီစွေးစွေး နှုတ်ခမ်းလွှာများပေါ်သို့ ငုံ့မိုးနမ်းရှိုက်လိုက်လေတော့သည်။
လျိုနင်ရွှမ်း၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားပြီး သူမ၏ နက်ပြာရောင်မျက်ဝန်းများက လုရီကို စိုက်ကြည့်နေမိ၏။
အချိန်အတော်ကြာပြီးနောက် သူတို့နှစ်ဦး၏ နှုတ်ခမ်းလွှာတို့ ကွာသွားသည့်တိုင် တောက်ပသော ငွေမျှင်တန်းလေးတစ်ခုက ဆက်သွယ်နေဆဲဖြစ်၏။
လုရီက လျိုနင်ရွှမ်းကို စူးစိုက်ကြည့်ရင်း လေးနက်စွာ ဖွင့်ဟလိုက်သည်။
"စီနီယာအစ်မ၊ ကျွန်တော် ခင်ဗျားကို ချစ်တယ်။"
လျိုနင်ရွှမ်း၏ မျက်ဝန်းများမှာ ပို၍ပင် ပြူးကျယ်သွားပြီး သူမ၏ နက်ပြာရောင် မျက်ဝန်းများထဲတွင် ရေခဲကန်ထဲသို့ ကျောက်တုံးတစ်တုံး ပစ်ချလိုက်သကဲ့သို့ ပြင်းထန်စွာ လှုပ်ခတ်သွားလေသည်။ သို့သော် သူမက ခနဲ့တဲ့တဲ့ ရယ်မောလိုက်ပြီး မကျေမနပ်ဆို၏။
"ဟင်း.. နင်က ဒီလိုလုပ်လိုက်တာနဲ့ ငါက ခွင့်လွှတ်ပေးမယ်လို့ ထင်နေ... အွန့်...!"
ခဏအကြာတွင် သူတို့၏ နှုတ်ခမ်းတို့သည် နောက်တစ်ကြိမ် ကွာသွားပြန်၏။ လုရီက
လျိုနင်ရွှမ်းကို စူးစိုက်ကြည့်ရင်း ချိုသာစွာ ကတိသစ္စာပြုလိုက်သည်။
"စီနီယာအစ်မက ကျွန်တော့်နှလုံးသားထဲမှာ အမြဲတမ်း အရေးအပါဆုံးနေရာမှာ ရှိနေတဲ့သူပါ။ စီနီယာအစ်မကို ကျွန်တော့်ဘေးမှာ တစ်သက်လုံး ရှိနေစေချင်တယ်။"
လျိုနင်ရွှမ်း၏ ကိုယ်လေးမှာ တောင့်တင်းသွားပြီး သူမ၏ အကြည့်တို့က အနည်းငယ် ပျော့ပျောင်းသွားသော်လည်း အသံမှာမူ အေးစက်စွာပင် ထွက်ပေါ်လာသေး၏။
"နင်က သူတို့သုံးယောက်လုံးနဲ့ နှစ်ကိုယ်တူကျင့်ကြံပြီးသွားပြီ။ ဒါပေမဲ့ ငါနဲ့တော့ မကျင့်ကြံရသေးဘူး။ သူတို့သာ မပြောရင်... ငါအခုထိ သိတောင်သိမှာ မဟုတ်ဘူး။"
ဤစကားကို ကြားသောအခါ လုရီသည် လျိုနင်ရွှမ်းကို ချက်ချင်းပင် ပွေ့ချီလိုက်ပြီး အိပ်ဆောင်ခန်းဆီသို့ ဦးတည်သွားတော့သည်။ လျိုနင်ရွှမ်းက နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်၏။
"ဂျူနီယာမောင်လေး! ဘာ... ဘာလုပ်မလို့လဲ!"
လုရီက အပြစ်ကင်းစင်သော မျက်နှာဖြင့် ရိုးသားစွာပင် ခွန်းတုံ့ပြန်လိုက်သည်။
"နှစ်ကိုယ်တူ ကျင့်ကြံဖို့ပဲပေါ့ စီနီယာအစ်မ။"
လျိုနင်ရွှမ်းမှာ အံ့အားသင့်သွားပြီးနောက် မျက်နှာလေးတစ်ခုလုံး နီရဲသွားကာ ကပျာကယာ တားမြစ်လေသည်။
"ခဏ... ခဏနေဦး! ငါ... ငါအဆင်သင့်မဖြစ်သေးဘူး! ဂျူနီယာမောင်လေး... မဟုတ်ဘူး... မလုပ်နဲ့!"
လုရီက လေးနက်သောလေသံဖြင့် အကြောင်းပြချက်ပေး၏။
"စီနီယာအစ်မ... အဲ့ဒီလိုတွေးတာ သဘာဝကျပါတယ်။ တကယ်လို့ သူတို့အားလုံး နှစ်ကိုယ်တူကျင့်ကြံပြီးမှတော့ ကျွန်တော် စီနီယာအစ်မတစ်ယောက်တည်းကို လျစ်လျူရှုထားလို့ ဘယ်ဖြစ်ပါ့မလဲ။ တခြားသူတွေ ရမှတော့ စီနီယာအစ်မလည်း ရသင့်တာပေါ့။"
လျိုနင်ရွှမ်းသည် ရှက်သွေးဖြန်းကာ စိတ်တိုဒေါသထွက်စွာဖြင့် ပြန်လည်အော်ဟစ်လိုက်သည်။
"အဲ့ဒါက ဘယ်လိုစကားမျိုးကြီးလဲ!"
လုရီက လျိုနင်ရွှမ်း၏ မျက်ဝန်းများကို လေးနက်စွာ စိုက်ကြည့်ရင်း ညင်သာစွာ မေးမြန်းလိုက်၏။
"ဒါဆို... စီနီယာအစ်မက ဆန္ဒမရှိဘူးလား။"
လျိုနင်ရွှမ်းသည် တောင့်တင်းသွားပြီးနောက် ဖြည်းညင်းစွာ ပျော့ပျောင်းလာကာ၊ လုရီကို ကြည့်ရင်း နောက်ဆုံးတွင် အလျှော့ပေးလိုက်သည့်ဟန်ဖြင့် မှာကြားလိုက်သည်။
"...နောက်ခြောက်လလုံးလုံး နင် ငါတစ်ယောက်တည်းနဲ့ပဲ အတူနေပေးရမယ်။ ရူယွီတို့လို ကောင်မစုတ်လေးတွေဆီကို သွားခွင့်မရှိဘူး။"
ထိုစကားကို ကြားသောအခါ လုရီသည် ချက်ချင်းခေါင်းညိတ်လိုက်ပြီး ဝမ်းမြောက်ဝမ်းသာ ကတိပေးလိုက်သည်။
"ဒါပေါ့! ဘာမှအခက်အခဲမရှိပါဘူး စီနီယာအစ်မ!"
သူသည် လျိုနင်ရွှမ်းကို အိပ်ဆောင်ခန်းဆီသို့ ပွေ့ချီသွားရင်း လမ်းတစ်လျှောက် ရယ်မောကာ မြှောက်ပင့်ပြောဆိုလိုက်လေသည်။
"လာပါ စီနီယာအစ်မ၊ ကျွန်တော် စီနီယာအစ်မကို အကောင်းဆုံး နှစ်ကိုယ်တူကျင့်စဉ်နည်းစနစ် သင်ပေးမယ်လေ..."
…
လျိုနင်ရွှမ်းက လုရီကို ခြောက်လကြာ အဖော်ပြုပေးရမည်ဟု ပြောခဲ့သော်လည်း၊ နှစ်လမျှသာ ကြာပြီးနောက်တွင် သူမကပင် သူ့ကို ဂူစံအိမ်ထဲမှ မောင်းထုတ်လိုက်လေပြီ။
လုရီသည် အတော်လေး စိတ်နှလုံးကြေကွဲဟန်ဆောင်ကာ တံခါးဝမှ ငြီးငြူလိုက်သည်။
"စီနီယာအစ်မ! ခြောက်လလို့ ခင်ဗျားကိုယ်တိုင် သဘောတူခဲ့တာလေ! ဘယ်လိုလုပ်ပြီး ကျွန်တော့်ကို မောင်းထုတ်ရတာလဲ။ စီနီယာအစ်မ၊ ဘယ်လိုလုပ်ပြီး ကတိမတည်ရတာလဲ!"
လျိုနင်ရွှမ်းသည် ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေကာ နံရံကိုမှီရင်း သူမ၏ အေးစက်လှပသော မျက်နှာလေးထက်တွင် မည်သို့မျှ ဖျောက်ဖျက်၍မရသော ပန်းနုရောင်ရိပ်များဖြင့် ပြည့်နှက်နေ၏။ သူမက လုရီကို အေးစက်စွာ ကြည့်ရင်း အမိန့်ပေးလိုက်သည်။
"ထွက်သွား! အခုချက်ချင်းထွက်သွားစမ်း! မဟုတ်ရင် နင့်ကို ငါနောက်တစ်ခါ တွေ့တော့မှာ မဟုတ်ဘူး!"
လုရီမှာ ထွက်ခွာသွားရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
သူထွက်လာရပြီးနောက် လုရီသည် သူ၏ ဂျူနီယာညီမလေးနှင့် စီနီယာအစ်မရူယွီတို့၏ ဂူစံအိမ်များသို့ လူရှာရန် သွားခဲ့သော်လည်း သူမတို့
တစ်ယောက်မှ မရှိသည်ကိုသာ တွေ့ရှိခဲ့ရလေတော့သည်။
အခန်း ၄၉၇ - ကျိုယို ချောက်နက်ကြီးမှ ဟိန်းသံ၊ ဖရိုဖရဲ ချီစွမ်းအင် ...
~ထိုသုံးယောက်တော့ ထွက်ပြေးသွားကြပြီဆိုတာ သေချာနေပေပြီ။
"သူတို့ကိုသာ ပြန်မိလို့ကတော့ တစ်နှစ်ပတ်လုံး အိပ်ရာပေါ်ကနေ မထနိုင်အောင် လုပ်ပစ်မယ်!"
လုရီသည် တိတ်တဆိတ် သစ္စာဆိုလိုက်၏။
သူသည် လေးလံသော နှလုံးသားဖြင့် မိမိ၏ ဂူစံအိမ်သို့ ပြန်လာခဲ့ပြီး ဆက်လက် ကျင့်ကြံနေလေတော့သည်။
ပြောရမည်ဆိုလျှင် သူ၏ စီနီယာအစ်မနှင့် နှစ်လကြာ အတူတကွ ကျင့်ကြံခဲ့ခြင်းသည် သူ၏ တိုးတက်မှုအတွက် သိသိသာသာ အထောက်အကူပြုခဲ့လေသည်။ သူ၏ ကျင့်ကြံမှုအခြေခံသည် အလွန်တိုးတက်လာခဲ့ပြီး ထို့အပြင် သူ၏ ယင်၊ ယန် စွမ်းအားသည် နောက်ဆုံးတွင် နိယာမနယ်ပယ်သို့ ချိုးဖျက်ရောက်ရှိသွားခဲ့၏။
သူ၏ ယင်၊ ယန် စွမ်းအားကို နိယာမနယ်ပယ်သို့ မြှင့်တင်ပြီးနောက်၊ လုရီ၏ ယင်၊ ယန် နှစ်ကိုယ်တူ ကျင့်စဉ်အပေါ် နားလည်မှုမှာ ပို၍ နက်ရှိုင်းလာခဲ့ပြီး နှစ်ကိုယ်တူ ကျင့်ကြံခြင်း၏ အရှိန်မှာလည်း ပို၍ပင် မြန်ဆန်လာခဲ့သည်။ သူ၏ ကျင့်ကြံခြင်းအရှိန်သည်လည်း အလွန်တိုးတက်လာခဲ့ပြီး ယခုအခါ ထိုနှစ်လက ပုံမှန်ကျင့်ကြံခြင်း လေးလတာနှင့် ညီမျှနေလေပြီ။
လုရီသည် နှုတ်ခမ်းကို သပ်ရင်း အနည်းငယ် နှမြောတသဖြစ်သွား၏။ စိတ်မကောင်းစရာမှာ သူ၏ စီနီယာအစ်မက သူနှင့် နှစ်ကိုယ်တူကျင့်စဉ်ကို ဆက်လက် မကျင့်ကြံလိုတော့ခြင်းပင်။
"စီနီယာအစ်မသာ နောက်ထပ် လေးလလောက် သည်းခံပေးခဲ့ရင် သိပ်ကောင်းမှာပဲ..."
မဟုတ်လျှင် ပေါင်းစည်းခြင်းနယ်ပယ် တစ်ဆယ့်တစ်ဆင့်သို့ ချိုးဖျက်တက်လှမ်းရန် သူ့အတွက် အချိန် ကြာမြင့်မည် မဟုတ်ပေ။ လုရီသည် ခေါင်းကိုခါယမ်းလိုက်ပြီး ကျင့်ကြံခြင်းကို ဆက်လက်လုပ်ဆောင်လေသည်။
…
နောက်ထပ် ဆယ်နှစ်တာကာလ ကုန်လွန်သွားခဲ့ပြီး လုရီသည် ပေါင်းစည်းခြင်းဘနယ်ပယ်
ဆယ့်တစ်လွှာသို့ ချောမွေ့စွာ ချိုးဖျက်တက်လှမ်းနိုင်ခဲ့ကာ အလုပ် ဆုလာဘ်ကို ပြီးမြောက်စေခဲ့သည်။
လုရီသည် ဖရိုဖရဲ ချီစွမ်းအင်မျှင်တစ်စကို လက်တွေ့မြင်ရအောင် ဖန်ဆင်းလိုက်၏။
မှုံရီဝေဝါးနေသော ထိုစွမ်းအင်မျှင်သည် တစ်မျှင်တည်းသာ ဖြစ်သော်လည်း မယုံနိုင်လောက်အောင်ပင် ဖိစီးလေးလံလှသည်။
သူ၏ လက်ဖဝါးထက်၌ တည်ရှိနေသော်ငြားလည်း ကမ္ဘာတစ်ခုလုံးကို တင်ထားရသည့်အလား ဖိစီးလှ၏။
သူ၏ လက်ရှိ အလွန်အမင်း သန်မာသော ရုပ်ခန္ဓာနှင့် ထိုနည်းတူ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားတို့ဖြင့်ပင် ထိုစွမ်းအင်မျှင်၏ အလေးချိန်ကို အနည်းငယ်မျှ မခုခံနိုင်ချေ။
သူ၏ ခန္ဓာကိုယ်ထက်တွင် သေးငယ်သော အက်ရာလေးများ ပေါ်လာသဖြင့် ကုသရန်အတွက် အင်မော်တယ်နိယာမကို အသုံးပြုလိုက်ရသည်။ ဤစွမ်းအင်မျှင်တစ်စသည် အကယ်၍ သေးငယ်သော ကြယ်တစ်လုံးပေါ်သို့ ကျရောက်သွားပါက ထိုကြယ်ကို ကြေမွသွားစေရန် လုံလောက်သော အားအင်ရှိပေသည်။
လုရီ၏ နှလုံးသားအား လှိုင်းလုံးကြီးများ အကြီးအကျယ် ရိုက်ခတ်သွားခဲ့၏။
ကံကောင်းစွာပင် သူသည် လုံလောက်အောင် အားကောင်းနေသေး၍ပင်။ သာမန် ပေါင်းစည်းခြင်းနယ်ပယ်မှ ပုဂ္ဂိုလ်ကြီးတစ်ဦးသာဆိုလျှင် ဤဖရိုဖရဲ ချီစွမ်းအင်မျှင်ကို ထိလိုက်ရုံမျှဖြင့် သူ၏ရုပ်ခန္ဓာသည် ကြေမွသွားပေလိမ့်မည်။ ဤစွမ်းအင်မျှင်သည် တိုင်းတာ၍မရသော နက်နဲမှုတို့ဖြင့် တာအိုအလင်းရောင်ကို ပိုင်ဆိုင်ထား၏။
သူ၏ ဂူစံအိမ်အတွင်း၌ အလွန်နက်နဲသော ဖုံးကွယ်ခြင်းအခင်းအကျင်းတစ်ခုကို ရေးဆွဲထွင်းထုထားသည့်တိုင် ထိုစွမ်းအင်သည် အပြင်သို့ ဖြည်းညင်းစွာ ယိုစိမ့်ထွက်နေသည်ကို ခံစားမိနေရသည်။
ထို့ကြောင့် လုရီသည် ဖရိုဖရဲချီစွမ်းအင်မျှင်ကို သူ၏ သိုလှောင် လက်စွပ်အတွင်းသို့ လျင်မြန်စွာ ပေါင်းစပ်ထည့်သွင်းလိုက်ရလေသည်။ ကံကောင်းသည်မှာ သူ၏ သိုလှောင်လက်စွပ်သည် အဆင့်နိမ့် အင်မော်တယ် အသုံးအဆောင် ဖြစ်သော အစိမ်းရောင်လက်စွပ် ဖြစ်နေသောကြောင့် ဤ ဖရိုဖရဲ ချီကို သိုလှောင်နိုင်ခြင်းသာ။
မဟုတ်လျှင် ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်ဖြစ်သော သိုလှောင်လက်စွပ်ပင်လျှင် ဤ ဖရိုဖရဲချီစွမ်းအင်မျှင်ကြောင့် ရုတ်ချည်း ကြေမွသွားနိုင်ပေသည်။
ဤသို့သော ရတနာတစ်ခုကို ရရှိခဲ့ခြင်းသည်
လုရီကို သဘာဝအတိုင်းပင် အလွန်တရာ ဝမ်းမြောက်စေခဲ့သည်။ ထို့နောက်တွင် သူသည် ပေါင်းစည်းခြင်းနယ်ပယ် ဆယ့်သုံးလွှာ အထွတ်အထိပ်သို့ လျင်မြန်စွာ ချိုးဖျက်ပြီး မဟာယာနနယ်ပယ်သို့ တက်လှမ်းရန် ဖရိုဖရဲ ချီစွမ်းအင်ကို အသုံးပြုနိုင်ရန် မျှော်လင့်ရင်း သူသည် ဆက်လက် ကျင့်ကြံလေတော့သည်။
…
တစ်ချိန်တည်းမှာပင်... အရှေ့ပင်လယ်၏ အလွန် နက်ရှိုင်းသော အရပ် တစ်နေရာ၌...
မြူခိုးကျွန်း၏ မူလ တည်နေရာသည် ယခုအခါတွင် ပိန်းပိတ်မှောင်နေသော ဟင်းလင်းပြင်တစ်ခု ဖြစ်နေပြီး ထိုအတွင်း၌ နက်ရှိုင်းပြီး မကောင်းဆိုးဝါးဆန်သော အနက်ရောင်မီးလျှံများ တောက်လောင်နေ၏။
မီးလျှံတွင် အပူချိန် လုံးဝမရှိပေ။
မည်သည့်ကျင့်ကြံသူမဆို ယင်းကို တစ်ချက်မျှ မြင်လိုက်ရုံဖြင့် နှလုံးသားထဲ၌ အေးစက်မှုကို ခံစားရပေမည်။
၎င်းသည် ကျိုယိုမှ မီးလျှံဖြစ်သည်။
ကျိုယိုချောက်နက်ကြီး၏ ပတ်ပတ်လည်တွင် တိုင်းတာ၍မရသော နက်နဲရှုပ်ထွေးသည့် တာအိုပုံစံများက အပြန်အလှန် ယှက်နွယ်နေကြပြီး မယုံနိုင်လောက်အောင် ရှုပ်ထွေးနက်နဲသော မဟာအခင်းအကျင်းကြီးတစ်ခုကို ဖွဲ့စည်းထား၏။ မဟာအခင်းအကျင်းကြီး၏ အပြင်ဘက်တွင် အဖြူရောင် မြူခိုးတန်းများက ဟင်းလင်းပြင်နှင့် လက်တွေ့ဘဝတို့၏ နယ်နိမိတ်ကြားတွင် တည်ရှိနေသကဲ့သို့ ပျံ့လွင့်နေပြီး ကျိုယိုချောက်နက်ကြီးကို အရှေ့ပင်လယ်ဒေသမှ သီးခြားခွဲထုတ်ထားသည်။
သို့ဖြစ်သော်ငြားလည်း ကျိုယိုချောက်နက်ကြီး၏ ကီလိုမီတာ သောင်းပေါင်းများစွာသော အချင်းဝက်အတွင်း၌ ငါးတစ်ကောင်မျှပင် မရှိချေ။ သက်ရှိသတ္တဝါအားလုံးသည်ပင် ယင်းနေရာမှ ဗီဇအသိဖြင့် ထွက်ပြေးတိမ်းရှောင်ကြသည်။ ဤနေရာတွင် ယခင်က နေထိုင်ခဲ့သော ပင်လယ်မျိုးနွယ်စုများအကြောင်း ပြောရန်ပင်
မလိုတော့ပေ။ သူတို့သည် အခြားတစ်နေရာသို့ ကြာမြင့်စွာကတည်းက ပြောင်းရွှေ့သွားခဲ့ကြပြီဖြစ်သည်။
တစ်နေ့သောအခါ၌ အစဉ်အမြဲ တည်ငြိမ်စွာ တောက်လောင်နေသော ကျိုယိုမီးလျှံတို့ရှိရာ ကျိုယိုချောက်နက်ကြီးအတွင်း၌ ရုတ်တရက်ဆိုသလိုပင် အရာအားလုံးသည် ကြမ်းတမ်းပြင်းထန်လာလေသည်။
ကြောက်မက်ဖွယ် ကျိုယိုမီးလျှံတို့သည် ကျိုယိုချောက်နက်ကြီးမှ ထွက်ပေါ်လာသော အနက်ရောင်ရေတံခွန်ကြီးတစ်ခုအလား ကောင်းကင်သို့ တဟုန်ထိုး တက်သွားပြီး နက်နဲသော မဟာအခင်းအကျင်းကြီးကို ပြင်းထန်စွာ ဝင်ဆောင့်လေတော့သည်။ မဟာအခင်းအကျင်းကြီးပေါ်မှ တာအိုပုံစံတို့သည် ရွှေရောင်အလင်းစီးကြောင်းများအဖြစ် လင်းလက်တောက်ပလာ၏။
ကျိုယိုမီးလျှံအားလုံးသည် ချက်ချင်းဆိုသလိုပင် ကြေမွပျောက်ကွယ်သွားပြီး ကျိုယိုချောက်နက်ကြီး၏ ကောင်းကင်ယံထက်တွင် အနက်ရောင်မီးခိုးများအဖြစ် ဖုံးလွှမ်းသွားသည်။ မကြာမီပင် မဟာအခင်းအကျင်းကြီး၏ အတွင်းပိုင်းတစ်ခုလုံးသည် အမှောင်ထုဖြင့် ပြည့်နှက်သွားပြီး အရှေ့ပင်လယ်ပေါ်တွင် ရွှေရောင်နေလုံးကြီးတစ်လုံး ပေါ်လာသည့်အလား အလွန်တောက်ပသော အလင်းရောင်တစ်ခု ထုတ်လွှတ်လိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော မကောင်းဆိုးဝါးအငွေ့အသက်နှင့် ခန့်ညားထည်ဝါသော အရှိန်အဝါတို့သည် တစ်ချိန်တည်းတွင် ပေါ်ထွက်လာပြီး ကီလိုမီတာပေါင်း သန်းချီ၍ ပျံ့နှံ့သွားလေသည်။
အရှေ့ပင်လယ်ဒေသမှ ကျင့်ကြံသူအားလုံးသည် ထိတ်လန့်တကြားဖြစ်သွားကြပြီး ကျိုယိုချောက်နက်ကြီးရှိရာ အရပ်သို့ လှည့်ကြည့်လိုက်ကြသည်။
"အဲ့ဒါ... အမင်္ဂလာနယ်မြေ မဟုတ်လား!"
"အဲ့ဒီမှာ ဘာဖြစ်နေတာလဲ။ ဒီလောက် ကြောက်စရာကောင်းတဲ့ အငွေ့အသက်မျိုး... အင်မော်တယ်က ကိုယ်တိုင်ချမှတ်ခဲ့တဲ့ အင်မော်တယ်အခင်းအကျင်းတောင်မှ အသက်ဝင်လာပြီလား!"
တစ်ယောက်ပြီးတစ်ယောက် မယုံနိုင်လောက်အောင် အားကောင်းသော ကျင့်ကြံသူများသည် ကောင်းကင်သို့ ပျံတက်သွားပြီး ကျိုယိုချောက်နက်ကြီးအနီးသို့ ချဉ်းကပ်သွားကြသည်။ ထိုသူများထဲတွင် ပင်လယ်မျိုးနွယ်စုဝင်များနှင့် အရှေ့ဒေသမှ ကျင့်ကြံသူများ ပါဝင်ကြ၏။
သူတို့အားလုံးသည် မြူခိုးများကြားမှ ရွှေရောင်အလင်းတန်းကို မြင်တွေ့လိုက်ရသလို ရွှေရောင်အလင်းတန်းအောက်မှ တလိမ့်လိမ့်တက်လာသော နက်ရှိုင်းသည့် အမှောင်ထုကိုလည်း တွေ့မြင်လိုက်ရသည်။ ထိုစွမ်းအားသည် ဤလောကကြီးမှ ပစ်ပယ်ထားသကဲ့သို့ ဖြစ်နေပြီး ပေါ်ထွက်လာရုံမျှဖြင့် သူတို့ထဲမှ အနိမ့်ဆုံးဖြစ်သော ပုဂ္ဂိုလ်ကြီးအဆင့် ကျင့်ကြံသူများကိုပင် တုန်လှုပ်ခြောက်ခြားသွားစေသည်။
“ဟိန်း!!!”
ထိုအခိုက်အတန့်၌ပင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော ဟိန်းသံကြီးတစ်ခုသည် နက်ရှိုင်းသော အမှောင်ထုထဲမှ ထွက်ပေါ်လာပြီး အနက်ရောင်မြူခိုးများ တလိမ့်လိမ့်တက်လာကာ မီးခိုးများ တောက်လောင်လာသည်။ မဟာအခင်းအကျင်းကြီးတစ်ခုလုံး၏ အလင်းရောင်သည် တုန်ခါသွားပြီး အခင်းအကျင်းပုံစံများသည် မတည်မငြိမ်ဖြင့် လင်းလက်တောက်ပလာ၏။
ကီလိုမီတာ သောင်းချီအကွာမှ ကျင့်ကြံသူများကြားတွင် အင်အားနည်းသော ပုဂ္ဂိုလ်ကြီးတစ်ဦးသည် ချက်ချင်းပင် သွေးတစ်လုပ် အန်ချလိုက်ပြီး သူ၏အသားအရေမှာ သေခါနီးလူကဲ့သို့ ဖြူဖျော့သွားလေသည်။
အခြားကျင့်ကြံသူများမှာလည်း ထိတ်လန့်မှုကြောင့် မျက်လုံးများ ပြူးကျယ်သွားကြပြီး ကပ်ရောဂါတစ်ခုကို ရှောင်ရှားသည့်အလား လျင်မြန်စွာ နောက်ဆုတ်သွားကြသည်။
သူတို့၏ မျက်နှာများပေါ်မှ ထိတ်လန့်မှုသည် ထင်ရှားစွာ မြင်တွေ့နေရ၏။
"အခင်းအကျင်းပုံစံတွေက မခံနိုင်တော့ဘူး! အင်မော်တယ်အခင်းအကျင်းကြီး ကြေမွတော့မှာလား!" ကပ်ဘေးဖြတ်ကျော် ဘိုးဘေးတစ်ဦးက မယုံနိုင်စွာ ကြွေးကြော်လိုက်သည်။
"အတွင်းထဲမှာ ဘယ်လို ကြောက်စရာကောင်းတဲ့ သတ္တဝါကြီးများ ရှိနေလို့လဲ။ ဟိန်းသံတစ်ချက်တည်းနဲ့၊ အင်မော်တယ်အခင်းအကျင်းကြီးကို ဖြတ်ပြီးတော့တောင် အဘိုးကြီးရဲ့ သွေးတွေကို ဆူပွက်သွားစေတယ်တဲ့လား!"
"မကောင်းတော့ဘူး! အင်မော်တယ်အခင်းအကျင်းကြီးသာ ကြေမွသွားရင် အတွင်းထဲက မိစ္ဆာကောင်ကြီး ထွက်လာလိမ့်မယ်! အဲ့ဒီအခါကျရင် ထျန်းမင်တစ်ခုလုံး ပျက်စီးသွားလိမ့်မယ်!" အချို့ကျင့်ကြံသူများမှာ ဖြူဖျော့သွားကြပြီး ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေ၏။
ထိုအခိုက်အတန့်၌ပင်၊ အဖြူရောင်မြူခိုးများအထက်၌ ဟင်းလင်းပြင်အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။ ဆံဖြူဖွေးဖွေးနှင့် အဘွားအိုတစ်ဦးသည် အက်ကွဲကြောင်းထဲမှ ထွက်လာ၏။
အောက်ဘက်မှ တလိမ့်လိမ့်တက်နေသောကျိုယိုမီးလျှံနှင့် ကျိုယိုချီစွမ်းအင်ကို မြင်သောအခါ သူမ၏ မျက်နှာထက်တွင် အေးစက်သော အမူအရာတစ်ခု ဖြစ်ပေါ်လာပြီး ရှုတ်ချလိုက်သည်။
“ရိုင်းစိုင်းလှချည်လား! ဒီနေရာက ကျိုယိုမဟုတ်ဘူး၊ နင်တို့ ပြန်လှည့်သွားသင့်ပြီ!”
တစ်ဆက်တည်း၌ အဘွားအိုသည် ကျိုယို
ချောက်နက်ကြီးဘက်သို့ လက်ကို ဆန့်တန်းလိုက်သည်။ နောက်တစ်ခဏတွင် နက်နဲသော အငွေ့အသက်တစ်ခု ပေါ်ထွက်လာပြီး အင်မော်တယ်အခင်းအကျင်းအပြင်ဘက်မှ အဖြူရောင်မြူခိုးများသည် မယုံနိုင်လောက်သော စွမ်းအားတစ်ခုကို သယ်ဆောင်လာသည့်အလား ထူထပ်လာသည်။
မဟာအခင်းအကျင်းကြီးအတွင်းမှ အနက်ရောင်မီးခိုးများနှင့် မီးလျှံများသည် ထူးဆန်းသော စွမ်းအားတစ်ခုခု၏ နှောင့်ယှက်ခြင်းကို ခံလိုက်ရသည့်အလား တဖြည်းဖြည်း ငြိမ်သက်သွားလေသည်။ အနက်ရောင်မြူခိုးများ ပျောက်ကွယ်သွားပြီး မီးလျှံများ ငြိမ်သက်သွားသည်နှင့်အမျှ အောက်ဘက်မှ ကြောက်မက်ဖွယ်သတ္တဝါကြီးသည်လည်း ငြိမ်သက်သွားတော့၏။
ဆံဖြူအဘွားအိုသည် ငြိမ်သက်သွားသော
ကျိုယိုချောက်နက်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းအသာချလိုက်သည်။
ထို့နောက် အင်မော်တယ်အခင်းအကျင်း၏ ထောင့်တစ်နေရာ ပြိုကျနေသည်ကို သတိပြုမိသောအခါ သူမ၏ အမူအရာသည် သိသိသာသာ မှုန်မှိုင်းသွားလေတော့သည်။
အခန်း ၄၉၈ - သန်းနှင့် ချီသော ကြယ်တာရာများ၏ အကြီးမားဆုံးရန်သူ...
~ဆံဖြူအဘွားအိုသည် စိတ်ပျက်စွာ ရေရွတ်လိုက်၏။
".. အင်မော်တယ်အခင်းအကျင်းရဲ့ ထောင့်တစ်နေရာက ကြေမွသွားပြီပဲ။ ကျိုယိုချီစွမ်းအင်တွေ လွတ်ထွက်ကုန်ပြီ။"
သူမ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ် စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး အရှေ့ပင်လယ်ဒေသတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ ထိုအခိုက်အတန့်၌ အရှေ့ဒေသအထက်မှ နေ့အလင်းရောင်သည် ညအမှောင်အဖြစ် ပြောင်းလဲသွားပြီး နက်နဲသောအလင်းတန်းများက ကောင်းကင်ယံ၌ လင်းလက်သွားကာ အဆုံးမဲ့သော မြူခိုးများက အထက်တွင် တလိမ့်လိမ့်တက်လာသည်။
အရှေ့ဒေသတစ်ခုလုံးမှ ကျင့်ကြံသူအားလုံးသည် ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။
တိမ်ဖြူဂိုဏ်းအတွင်း၌ လုရီနှင့် အခြားသူများမှာလည်း ထိတ်လန့်တကြားဖြစ်သွား၏။ သူတို့၏
ဂူစံအိမ်များမှ ကောင်းကင်သို့ ပျံထွက်လာကြရင်း မျက်နှာများထက်တွင် တုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်နေ၏။
လျိုနင်ရွှမ်း၏ အေးစက်လှပသော မျက်နှာထက်တွင် မယုံကြည်နိုင်သော အမူအရာတစ်ခု ထင်ဟပ်နေပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"ဒါ... ဒါက အင်မော်တယ်တစ်ပါးရဲ့ စွမ်းအားလား။"
လျိုနင်ရွှမ်း၏ ဘေးတွင် သုန်းကုန်းမင်ယွဲ့၊ ကျန်းရူယွီနှင့် ယွင်ရှီးတို့ ရှိနေကြပြီး အားလုံးမှာ အလားတူပင် တုန်လှုပ်နေကြသည်။ နောက်ဆုံးတစ်ကြိမ် လျိုနင်ရွှမ်းနှင့် ထိပ်တိုက်တွေ့ပြီးနောက် သူတို့သည် ပန်းတစ်သောင်းဂိုဏ်းတွင် နှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့ပြီးမှ ပြန်လာခဲ့ကြခြင်းပါ။
ပြန်ရောက်လာသောအခါ ထိုသုံးဦးသည် လုရီ၏ လက်ထဲတွင် မိသွားခဲ့ပြီး လုရီက သူမတို့ကို အလွယ်တကူ ခွင့်မလွှတ်ခဲ့ပေ။ သူသည် သူမတို့ကို ဂူစံအိမ်ထဲ၌ တစ်နှစ်ပတ်လုံး ချုပ်နှောင်ထားခဲ့ပြီး သူတို့မှာ အိပ်ရာမှပင် မထွက်ခွာနိုင်ခဲ့ကြချေ။
လုရီကို မြင်လိုက်ရုံမျှဖြင့် သူမတို့၏ ခြေထောက်များပင် ပျော့ခွေသွားသည်အထိ ဖြစ်ခဲ့ရသည်။ ထို့နောက်တွင် သူတို့သည် လျိုနင်ရွှမ်းကို အုပ်စုထဲသို့ ဆွဲသွင်းခဲ့ပြီး လေးယောက်သားပေါင်းကာ မဟာမိစ္ဆာဘုရင် လုရီကို ခုခံခဲ့ကြသည်။
လုရီ၏ ခွန်အားနှင့်ဆိုလျှင် သူတို့လေးယောက်သား ပေါင်း၍ ခုခံသည့်တိုင် ရှုံးနိမ့်ခြင်းဖြင့်သာ အဆုံးသတ်ခဲ့ရသည်မှာ မဆန်းလှပေ။
"ဒီအရှိန်အဝါက... နည်းနည်း ရင်းနှီးနေသလိုပဲ။"
သုန်းကုန်းမင်ယွဲ့၏ မျက်လုံးများ ပြူးကျယ်သွားပြီး ခပ်တိုးတိုးဆိုသည်။
လုရီ၏ အမူအရာမှာ လေးနက်သွားပြီး အရှေ့ပင်လယ်ရှိရာ အရပ်သို့ ကြည့်ရင်း ပြောလိုက်၏။
"ဒါက အဘွားယွမ်လင်ရဲ့ အရှိန်အဝါပဲ။ အဲ့ဒီမှာ ဘာဖြစ်ခဲ့လို့ အဘွားယွမ်လင် ကိုယ်တိုင်တောင် သွားရတာလဲ။"
ကျန်းရူယွီက အလွန်အမင်း တုန်လှုပ်စွာဖြင့် မေးခွန်းထုတ်လိုက်သည်။
"အဘွားယွမ်လင်က တကယ်ပဲ အဲ့ဒီလောက် အားကောင်းတာလား။ သူက အင်မော်တယ်တစ်ပါးဆိုတာတော့ ငါ သိပါတယ်၊ ဒါပေမဲ့... အရှေ့ပင်လယ်အပါအဝင် အရှေ့ဒေသတစ်ခုလုံးရဲ့ ကောင်းကင်ကို ပြောင်းလဲပစ်နိုင်တယ်ဆိုတာက အင်မော်တယ်ဓားဂိုဏ်းက ဓားအင်မော်တယ်တောင် လုပ်နိုင်မှာ မဟုတ်ဘူး မဟုတ်လား။"
လုရီနှင့် အခြားသူများမှာလည်း အလားတူပင် မှင်တက်မိနေကြပြီး အဘွားယွမ်လင်သည် ဤမျှလောက် အားကောင်းလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးထင်ခဲ့ဖူးချေ။
ယွင်ရှီးက ရှုပ်ထွေးသော မျက်နှာထားဖြင့် မေးခွန်းထုတ်လိုက်ပြန်သည်။
"ဒါပေမဲ့ အဘွားယွမ်လင်က ဒီလောက်ကြီးမားတဲ့ စွမ်းအားကို ထုတ်သုံးရတယ်ဆိုရင် တစ်ဖက်က ရန်သူက ဘယ်သူများဖြစ်နိုင်မလဲ။"
ဤစကားကို ကြားသောအခါ အခြားသူများ၏ အမူအရာများမှာလည်း ညှိုးငယ်သွားကြ၏။
…
အရှေ့ပင်လယ်၏ ကျိုယိုချောက်နက်ကြီးအထက်၊
အဘွားယွမ်လင်သည် တိမ်ကို လက်တစ်ဖက်ဖြင့် ကစား၍ မိုးကို လက်တစ်ဖက်ဖြင့် ထိန်းချုပ်နေသည့်အလား စွမ်းအားကို အသုံးပြုနေပြီး ကမ္ဘာလောက၏ ဒေသတစ်ခုကို ဖုံးလွှမ်းထားကာ သူမ၏ ပတ်ပတ်လည်၌ တလိမ့်လိမ့်တက်နေသော ကြောက်မက်ဖွယ် စွမ်းအားသည် အနီးအနားမှ ပုဂ္ဂိုလ်ကြီးအားလုံးကို ကြောက်ရွံ့တုန်လှုပ်စေသည်။
ထို့နောက် သူမ၏ လက်တစ်ဖက်ကို ဆန့်တန်းလိုက်ရာ ကြောက်မက်ဖွယ် ကျိုယိုချီစွမ်းအင်မျှင်များသည် အရပ်မျက်နှာအားလုံးမှ ပြန်လည် ဆွဲငင်ခံလိုက်ရသည်။ ကျိုယိုချီစွမ်းအင်များသည် ကိုယ်ပိုင်အသိစိတ် ရှိနေသည့်အလား မကောင်းဆိုးဝါးဆန်ပြီး အေးစက်သော အတွေးများကို ထုတ်လွှတ်နေကာ အရိုးထိအောင် အေးစက်သော ထိတ်လန့်မှုကို ဖြစ်စေသည်။
ဤစွမ်းအင်မျှင်များသည် အင်မော်တယ်၏ လက်တွင်းမှ လွတ်မြောက်ရန် တွန့်လိမ်ရုန်းကန်ကြသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။
မကြာမီတွင် ကျိုယိုချီစွမ်းအင်မျှင်များသည် အဘွားယွမ်လင်၏ ရှေ့မှောက်၌ စုစည်းသွားပြီး အနက်ရောင်မြူခိုးများဖြင့် ဖွဲ့စည်းထားသော အနက်ရောင်စွမ်းအင်လုံးကြီးတစ်ခု ဖြစ်ပေါ်လာသည်။ အနက်ရောင်စွမ်းအင်လုံးကြီးသည် မကောင်းဆိုးဝါးဆန်သော စိတ်ဆန္ဒတစ်ခုကို ပိတ်လှောင်ထားသည့်အလား မငြိမ်မသက် တုန်ခါနေပြီး အနီးအနားမှ ပုဂ္ဂိုလ်ကြီးအဆင့် ကျင့်ကြံသူအားလုံး၏ နားထဲတွင် ထူးဆန်းသော စူးရှသည့်အသံများ ပဲ့တင်ထပ်လာကာ သူတို့၏ သွေးများကို ဆူပွက်စေပြီး ရူးသွပ်သွားစေတော့သည်။
“အား!!!”
“ကယ်ပါ!!!”
တစ်ယောက်ပြီးတစ်ယောက် အင်အားနည်းသော ပေါင်းစည်းခြင်းနယ်ပယ် ပုဂ္ဂိုလ်ကြီးများသည် ပြင်းထန်စွာ အော်ဟစ်လိုက်ကြပြီး သူတို့၏ မျက်နှာများမှာ ဖြူဖျော့သွားကာ ကိုယ်ခန္ဓာပတ်လည်တွင် အနက်ရောင်မြူခိုးမျှင်များ တဖြည်းဖြည်း ပေါ်ထွက်လာသည်။ မဟာယာနနယ်ပယ်နှင့် ကပ်ဘေးဖြတ်ကျော်နယ်ပယ်မှ ပုဂ္ဂိုလ်ကြီးများမှာလည်း ကြောက်ရွံ့ထိတ်လန့်သွားပြီး နောက်သို့ ဆုတ်ခွာသွားကြသည်။
ကပ်ဘေးဖြတ်ကျော် ဘိုးဘေးတစ်ဦးက သတိပေး ကြွေးကြော်လိုက်သည်။
"နောက်ဆုတ်ကြ! ဒီအနက်ရောင်မြူခိုးက သာမန်မဟုတ်ဘူး!"
"ဒီမြူခိုးက စိတ်ကို တိုက်စားနိုင်တယ်၊ နှလုံးသားမိစ္ဆာကို မွေးဖွားပေးနိုင်တယ်!"
ထိုအခိုက်အတန့်၌ပင် အဘွားယွမ်လင်သည် ညင်သာစွာ ဟွန်းခနဲ အသံပြုလိုက်ရာ သူမ၏ ပတ်ပတ်လည်၌ ဖော်ပြ၍မရသော နက်နဲသည့် စွမ်းအားလှိုင်းတစ်ခု စီးဆင်းသွားသည်။ အော်ဟစ်နေသော ပေါင်းစည်းခြင်းနယ်ပယ် ပုဂ္ဂိုလ်ကြီးများသည် မမြင်ရသော စွမ်းအားတစ်ခု၏ ပွတ်တိုက်ခြင်းကို ခံလိုက်ရသည့်အလား ခံစားလိုက်ရပြီး တိုးတိုးသံများ ပျောက်ကွယ်သွားကာ သူတို့၏ နှလုံးသားထဲမှ မငြိမ်သက်မှုများ ငြိမ်ကျသွားလေသည်။
အကြီးအကဲ ပုဂ္ဂိုလ်ကြီးတစ်ဦးက အံ့ဩတကြီး ရေရွတ်လိုက်သည်။
"နိယာမစွမ်းအားပဲ..."
အမှန်ပင်၊ ဤသို့သော ကျိုယိုချီစွမ်းအင်ကို ဖျက်ဆီးနိုင်သည်မှာ နိယာမစွမ်းအားပင် ဖြစ်သည်။
အဘွားယွမ်လင်သည် သူမ၏ရှေ့မှ တွန့်လိမ်နေသော ကျိုယိုချီစွမ်းအင်ထုကို ကြည့်ရင်း သူမ၏ အမူအရာမှာ အေးစက်သွားပြီး အမိန့်ပေးလိုက်သည်။
“ပျောက်ကွယ်စေ။”
သူမသည် အခင်းအကျင်းလက်ကွက်ကို ဖော်လိုက်ရာ ထင်ယောင်ထင်မှားနှင့် လက်တွေ့ဘဝကြားမှ ထူးဆန်းသော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ကျိုယိုချီစွမ်းအင်ကို ဖုံးလွှမ်းသွားသည်။ နောက်တစ်ခဏတွင် ကျိုယိုချီစွမ်းအင်သည် ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားသည့်အလား ခြေရာမကျန် ဖျက်ဆီးခြင်းခံလိုက်ရသည်။
ထိုကျိုယိုချီစွမ်းအင်ကို ဖျက်ဆီးပြီးနောက် အဘွားယွမ်လင်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး ပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်သည်။
"ဒါအကုန်ပဲ ဖြစ်သင့်တယ်... ဒါပေမဲ့ ကောင်းကင်တံဆိပ်ခတ် အခင်းအကျင်းတောင်မှ ကြေမွသွားခဲ့တယ်... ဒီကျိုယိုချောက်နက်ကြီးက အလွန်အားကောင်းတဲ့ ကျိုယိုမိစ္ဆာတစ်ကောင်ကို ဆွဲဆောင်လိုက်ပုံပဲ..."
ဤသို့တွေးမိသောအခါ အဘွားယွမ်လင်၏ မျက်နှာထက်တွင် စိုးရိမ်မှုအရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာပြီးနောက် ခေါင်းကို ခါယမ်းလိုက်သည်။
"မိသားစုကို အကြောင်းကြားရတော့မယ်ထင်တယ်။"
…
တဖြည်းဖြည်းနှင့် အရှေ့ နယ်မြေ တစ်ခုလုံးကို ဖုံးလွှမ်းထားသော ထူးဆန်းသည့် အင်မော်တယ်စွမ်းအားသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ကောင်းကင်သည် ၎င်း၏ တောက်ပမှုကို ပြန်လည်ရရှိလာသည်။
သို့ရာတွင် အရှေ့နယ်မြေနှင့် အရှေ့ပင်လယ်နယ်မြေမှ ကျင့်ကြံသူများနှင့် သာမန်လူအားလုံးမှာ ကောင်းကင်ကို တုန်လှုပ်စွာဖြင့် ကြည့်နေကြဆဲဖြစ်သည်။
ကျင့်ကြံသူများနှင့် သာမန်လူများအတွက် ယနေ့ အင်မော်တယ်တစ်ပါး ဆင်းသက်လာပြီး ကောင်းကင်ကို ပြောင်းလဲပစ်နိုင်သော စွမ်းအားကို ပြသခဲ့ခြင်းသည် သူတို့၏ တစ်သက်တာတွင် ဘယ်တော့မှ မေ့နိုင်ဖွယ်မရှိသော အဖြစ်အပျက်တစ်ခု ဖြစ်ပေလိမ့်မည်။
တိမ်ဖြူဂိုဏ်းအတွင်း၌ လုရီသည် ပြန်လည်ကောင်းမွန်သွားသော ကောင်းကင်ကို ကြည့်ရင်း သတိပြန်ဝင်လာကာ ဆိုလိုက်သည်။
"ဆရာ့ကို သွားရှာကြစို့၊ အဘွားယွမ်လင်နဲ့ ဘာဖြစ်ခဲ့လဲဆိုတာ ကြည့်ရအောင်။"
လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့လည်း သတိပြန်ဝင်လာကြသည်။ သူတို့နှစ်ဦးလုံး ခေါင်းညိတ်လိုက်ကြ၏။ သုန်းကုန်းမင်ယွဲ့က ထပ်ဖြည့်ပြောလိုက်သည်။
"ဟုတ်တယ်၊ ဆရာကတော့ သေချာပေါက် သိမှာပဲ။ အင်မော်တယ်အဆင့် စွမ်းအားကို ဒီလိုမျိုး အသက်သွင်းရတယ်ဆိုကတည်းက ကိစ္စကြီးတစ်ခုခု ဖြစ်ခဲ့တာ အသေအချာပဲ။"
ထို့နောက် အုပ်စုသည် အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး လင်းလောင်တောင်ထိပ်သို့ ရောက်ရှိလာကြသည်။ လင်းလောင်တောင်ထိပ်သည် ပုံမှန်အတိုင်းပင် ခြားနားမှုမရှိချေ။ ဝါးအိမ်လေး၏ တံခါးများမှာ တင်းကျပ်စွာ ပိတ်ထားပြီး အရာအားလုံး ငြိမ်သက်နေသည်။
လုရီက အသံပြုလိုက်၏။
"ဆရာ၊ တပည့်လုရီ လာတွေ့ခွင့်တောင်းပါတယ်။"
သို့ရာတွင် ဤတစ်ကြိမ်၌ ဝါးအိမ်၏ တံခါးများသည် လျင်မြန်စွာ ပွင့်လာပြီး လင်းလောင်တောင်ထိပ်သခင်မ၏ အနည်းငယ် ပျင်းရိသော အသံက ထွက်ပေါ်လာသည်။
"ဝင်ခဲ့ကြ။"