အခန်း (၅၁၇-၅၁၉)
Vol. 35 Ch. 517-519
အခန်း ၅၁၇ - ကောင်းကင်မိစ္ဆာနန်းတော်မှ ဟင်းလင်းပြင်အင်မောယ်ကို ချောင်းမြောင်းသတ်ဖြတ်ခြင်း ...
~ကောင်းကင်မိစ္ဆာ နန်းတော်မှ အကြီးအကဲ
တစ်ဦးက မျက်မှောင်ကြုတ်ကာ ထင်မြင်ချက်ပေးသည်။
"ကျွန်တော် ထင်တာတော့ ဒါက လုံးဝကို အဓိပ္ပာယ် မရှိဘူးဗျ။ လုရီက မဟာယာနနယ်ပယ်ကို ချိုးဖျက်သွားခဲ့ရင်တောင်မှ၊ သူက အင်မော်တယ်တစ်ပါးရဲ့ တိုက်ခိုက်မှုကို အမှန်တကယ် ရင်ဆိုင်ရရင် လုံးဝကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။ ကပ်ဘေးဖြတ်ကျော်နယ်ပယ်က အစွမ်းထက်ကျင့်ကြံသူတစ်ယောက်နဲ့ ယှဉ်ရင်တောင်မှ သူက ပြိုင်ဘက်ဖြစ်ချင်မှ ဖြစ်မှာ မဟုတ်လား။"
ထိုအခါ ကောင်းကင်မိစ္ဆာနန်းတော်မှ အခြားအကြီးအကဲတစ်ဦးက အလွန်ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် ဝင်ရောက်ဖြည့်စွက်သည်။
"အဲ...ဒါပေမယ့် ပြောရမယ် ဆိုရင်တော့ လုရီရဲ့
မဟာယာနနယ်ပယ် ကောင်းကင်ကပ်ဘေးက တကယ်ကို နှိုင်းယှဉ်လို့မရလောက်အောင် ကြောက်စရာကောင်းခဲ့တယ်၊ ကောင်းကင်ကြီးတောင် ပြိုကျခဲ့တာ။ သူက အင်မော်တယ်ကျမ်းကို ကိုယ်တိုင်တွက်ချက်ဖော်ထုတ်ခဲ့လို့ တာအိုတေးသံ ပေါ်ထွက်လာခဲ့တာလို့ ဆိုကြတယ်။"
ယွမ်ယွမ်သည် အံ့ဩမှုဖြင့် နားထောင်နေရင်း မေးလိုက်သည်။
"...မဟာယာနနယ်ပယ်ကို ချိုးဖျက်ရင်းနဲ့ အင်မော်တယ်ကျမ်းကို တွက်ချက်ဖော်ထုတ်ခဲ့တယ် ဟုတ်လား။ အဲ့ဒါ အမှန်ပဲလား။ ဒါက ပုံပြင်သက်သက် မဟုတ်ဘူးလား။"
ကောင်းကင်မိစ္ဆာနန်းတော်မှ အကြီးအကဲတစ်စုသည်လည်း ထူးဆန်းသော မျက်နှာအမူအရာများဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။
ကပ်ဘေးဖြတ်ကျော် ဘိုးဘေးတစ်စုက ခါးသီးသော မျက်နှာများဖြင့် လျှောက်တင်ကြသည်။
"ဘိုးဘေး၊ ကျွန်တော်တို့လည်း ဒါက ပုံပြင်တစ်ပုဒ်ပဲ ဖြစ်ပါစေလို့ ဆုတောင်းနေကြတာပါ။"
ယွမ်ယွမ်၏ မျက်နှာသည် တဖြည်းဖြည်း လေးနက်တည်ကြည်သွားတော့သည်။
ထိုစဉ် ကောင်းကင်မိစ္ဆာ နန်းတော်သခင်က လျှောက်တင်သည်။
"ဘိုးဘေး၊ အဲ့ဒီတုန်းက လုရီက ကျွန်တော်တို့ ကောင်းကင်မိစ္ဆာနန်းတော်ရဲ့ ကပ်ဘေးဖြတ်ကျော် ဘိုးဘေးနဲ့ ဆက်ခံသူကို သတ်ဖြတ်ခဲ့ပါတယ်။ နှစ်တွေကြာလာပေမဲ့ ကျွန်တော်တို့ သူ့ကို ဘာမှမလုပ်နိုင်ခဲ့ဘူး။ အခု အနောက်ပိုင်းနယ်မြေရဲ့ မိစ္ဆာလမ်းစဉ်က ကျွန်တော်တို့ ကောင်းကင်မိစ္ဆာနန်းတော်ဟာ အရင်ကလောက် အစွမ်း
မထက်တော့ဘူးလို့ ထင်နေကြပြီး ဂိုဏ်းတော်တော်များများက ကျွန်တော်တို့အပေါ် နှစ်မျက်နှာထားနဲ့ ဆက်ဆံနေကြတယ်။ အကယ်၍သာ ကျွန်တော်တို့ လုရီကို မသတ်နိုင်ဘဲ ကောင်းကင်မိစ္ဆာ နန်းတော်ရဲ့ ဂုဏ်သိက္ခာကို
မထိန်းသိမ်းနိုင်ဘူးဆိုရင်၊ ကျွန်တော်တို့ရဲ့ အခြေအနေက တော်တော်လေး ခက်ခဲသွားနိုင်ပါတယ်။"
ယွမ်ယွမ်၏ မျက်နှာသည် ရေခဲသဖွယ် အေးစက်သွားပြီး ခေတ္တမျှ စဉ်းစားပြီးနောက်တွင် သူက ဆုံးဖြတ်ချက်ချလိုက်သည်။
"ငါ့ရဲ့မကြာသေးခင်က တံခါးပိတ်ကျင့်ကြံမှုမှာ ငါက ကပ်ဘေးလေးထပ် ဟင်းလင်းပြင်အင်မော်တယ် နယ်ပယ်ကို ချိုးဖျက်နိုင်ခဲ့ပြီ။ လုရီ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ၊ ငါ့ရဲ့ပြိုင်ဘက် ဖြစ်လာမှာမဟုတ်ဘူး။ ငါကိုယ်တိုင်ပဲ တစ်ခေါက်သွားလိုက်မယ်။"
ကောင်းကင်မိစ္ဆာ နန်းတော်သခင်က အကြံပြုသည်။
"ဘိုးဘေး၊ ဘေးမသိရန်မရှိဖြစ်အောင်လို့ ခင်ဗျား ကောင်းကင်မိစ္ဆာစည်တော်ကို ယူသွားပါလား။ ဒါဆိုရင် ဘာအမှားအယွင်းမှ ဖြစ်မှာမဟုတ်ဘူးဆိုတာ သေချာသွားမှာပါ။"
ယွမ်ယွမ်သည် တစ်ချက် တွေသွားပြီးနောက် အလေးအနက် စဉ်းစားပြီးမှ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ၊ အဲ့ဒါနဲ့သာဆိုရင် ငါတို့ လုရီကို သတ်နိုင်မှာ သေချာတယ်!"
ကောင်းကင်မိစ္ဆာနန်းတော်မှ အကြီးအကဲအားလုံး သက်ပြင်းချနိုင်သွားကြတော့သည်။
"ဘိုးဘေးယွမ်ယွမ်က ပညာရှိလှပါတယ်"
"အင်မော်တယ်လက်နက်ကို သွားယူကြ!"
---
တစ်ချိန်တည်းမှာပင်၊ တိမ်ဖြူဂိုဏ်းအတွင်း၌။
လုရီသည် ကျင့်ကြံခန်းထဲတွင် တင်ပျဉ်ခွေထိုင်ရင်း ဝိညာဉ်စွမ်းအင်များကို ရှူသွင်းရှူထုတ် လုပ်နေ၏။
လွန်ခဲ့သော ရှစ်နှစ်တာကာလအတွင်း လုရီသည် နေ့ဘက်တွင် ကျင့်ကြံခြင်းစွမ်းရည်များကို နားလည်အောင် လေ့လာပြီး ညဘက်တွင် သူ၏ကျင့်ကြံမှုအခြေခံကို တိုးတက်အောင် လုပ်ဆောင်ရင်း နေ့ရက်တိုင်းကို ကုန်ဆုံးခဲ့သည်။
ရံဖန်ရံခါတွင် သူသည် လျိုနင်ရွှမ်းနှင့် အခြားမိန်းကလေးများနှင့်လည်း နှစ်ကိုယ်တူကျင့်ကြံခြင်းကို ပြုလုပ်တတ်သေးသည်။
ဘဝသည် အလွန် သက်သောင့်သက်သာ ရှိပြီး ကျေနပ်ဖွယ် ကောင်းလှသည်။
သူ၏ ကျင့်ကြံမှု အခြေခံသည်လည်း အလွန်လျင်မြန်သောနှုန်းဖြင့် တိုးတက်နေ၏။
မဟာယာန နယ်ပယ်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် ကျင့်ကြံမှု အခြေခံကို တိုးတက်ရန် အလွန် ခက်ခဲသွားသည်။ သာမန် မဟာယာနကျင့်ကြံသူကြီးများအတွက် နှစ်တစ်ထောင်တွင် အဆင့်လေးတစ်ခု တိုးရန်ပင် ခက်ခဲနိုင်သော်လည်း၊ လုရီသည် ရှစ်နှစ်အတွင်းမှာပင် ပထမအလွှာ၏ အကန့်အသတ်သို့ နီးပါး ရောက်ရှိနေပြီ ဖြစ်သည်။ နောက်ထပ် တစ်နှစ် သို့မဟုတ် နှစ်နှစ်အတွင်း ဒုတိယအလွှာသို့ ချိုးဖျက်နိုင်ပေလိမ့်မည်။
သူ၏ ကျင့်ကြံနှုန်းသည် နှေးကွေးသည်ဟု မဆိုနိုင်ပေ။
အမျိုးမျိုးသော ကျင့်ကြံခြင်းစွမ်းရည်များ တိုးတက်မှုနှင့် ပတ်သက်၍မူ၊ တစ်ဖက်တွင် လုရီသည် အလုပ်တာဝန်များ ထုတ်ပြန်ထားပြီး၊ အခြားတစ်ဖက်တွင် သူသည် သူ၏ကိုယ်ပိုင်နားလည်နိုင်စွမ်းအပြင် သူ့ဆရာ ပေးသော ဝာာအို ပို့ချခြင်းအလုပ်များမှ ရရှိသော ရုတ်ချည်းဉာဏ်အလင်း ဆုလာဘ်များကို အမှီပြုကာ တည်ငြိမ်စွာ တိုးတက်နေခဲ့လေသည်။
တိုးတက်ရန် အခက်ခဲဆုံးအရာမှာ အင်မော်တယ်နည်းစနစ် တစ်ခုတည်းသာ ဖြစ်သော်လည်း ၎င်းသည် နိယာမနှင့် သက်ဆိုင်နေသောကြောင့် ရှောင်လွှဲမရပေ။ နိယာမ နားလည်နိုင်စွမ်း
မတိုးတက်ဘဲ အင်မော်တယ်နည်းစနစ် တိုးတက်ရန်မှာ အလွန် ခက်ခဲလိမ့်မည်။
လုရီသည် အလျင်မလိုပေ၊ နောက်ဆုံးတော့ သူသည် အင်မော်တယ်အဖြစ် မတက်လှမ်းရသေးပေ။
တစ်နေ့တွင်၊ လုရီ ကျင့်ကြံနေစဉ် သူသည် ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်ရာ သူ၏ မျက်ဝန်းများအတွင်း၌ လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်များ ကခုန်နေ၏။
လုရီ၏ နှလုံးသားထဲတွင် အံ့ဩမှုများ ပြည့်နှက်သွားပြီး မလိုမုန်းထားမှုကို တစ်ဖန်ပြန်၍ ခံစားလိုက်ရသည်။
သူ့ရင်ထဲတွင်တော့ မကျေမနပ်ဖြစ်ကာ စကားပင် မပြောနိုင်တော့ပေ။
ဘာလို့ ငါ့ကို အန္တရာယ်ပေးချင်တဲ့လူတွေ အမြဲရှိနေရတာလဲ။
နောက်ဆုံးတစ်ခေါက်က ထိုရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူများက သူ့ကို သတ်ရန်ကြိုးစားခဲ့ပြီး၊ ထိုအချိန်မှစ၍ ဆယ်နှစ်ပင် မပြည့်သေး၊ ယခုအခါ အခြားကျင့်ကြံသူတစ်ဦးက သူ့ကို ကိုင်တွယ်ရန် ကြိုးစားနေပြန်ပြီ။
နောက်တစ်ခါ ရာရှိုမွန်မျိုးနွယ်လား။
လုရီသည် အနည်းငယ် နားမလည်နိုင်ဖြစ်ကာ စိတ်ထဲမှ တွေးလိုက်သည်။
ဒီတစ်ခါ ဘယ်သူလဲဆိုတာ ကြည့်ကြသေးတာပေါ့။
သူသည် အသေးစားတွက်ချက်ခြင်းစွမ်းရည်ကို အသုံးပြု၍ ထိုမလိုမုန်းထားမှု၏ ဇာစ်မြစ်ကို ခြေရာခံလိုက်တော့သည်။
များမကြာမီမှာပင်၊ ပုံရိပ်တစ်ခုသည် လုရီ၏စိတ်ထဲတွင် ပေါ်ထွက်လာခဲ့၏။
မိစ္ဆာစွမ်းအင်များ မြူးပျော်နေသော ခမ်းနားထည်ဝါသည့် နန်းတော်တစ်ခုအတွင်း၌ ကောင်းကင်သည် နက်ရှိုင်းပြီး နားလည်ရခက်သော မိစ္ဆာအလင်းရောင်များဖြင့် လည်ပတ်နေ၏။
နက်ရှိုင်းသော ဂူစံအိမ်တစ်ခုတွင်၊ အလွန်အမင်း အစွမ်းထက်သော ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူအချို့သည် လူတစ်ယောက်၏ဦးခေါင်းအရွယ်ခန့်ရှိသော အနက်ရောင် စည်တော်တစ်ခုကို ထုတ်ယူနေကြသည်။
ဤအနက်ရောင်စည်တော်ကို ဘေးအိမ်ကကောင်လေးတစ်ယောက်လို ချောမောသောမျက်နှာရှိသည့် ဆယ်ကျော်သက်အရွယ် ကျင့်ကြံသူ
တစ်ဦးက ကိုင်ထားလေသည်။
ဤကျင့်ကြံသူကို မြင်လိုက်ရသည့်အခါ လုရီ မှင်တက်သွားပြီး သူ၏မျက်ဆံများ ကျုံ့သွားသည်။
သူသည် သိသာထင်ရှားသော ခြိမ်းခြောက်မှုတစ်ခုကို အမှန်တကယ် ခံစားလိုက်ရသည်။
ဤကျင့်ကြံသူသည် အလွန်အမင်း အစွမ်းထက်ပြီး ကပ်ဘေးဖြတ်ကျော်နယ်ပယ်ကိုပင် ကျော်လွန်နေသည်။
ဟင်းလင်းပြင် အင်မော်တယ် တစ်ယောက်လား။
ထို့အပြင်၊ ထူထဲသော မိစ္ဆာစွမ်းအင်များ ယိုစိမ့်ထွက်နေသော ဤအနက်ရောင်စည်တော်သည်လည်း လုရီကို ထိတ်လန့်သွားစေပြီး အနည်းငယ် တုန်လှုပ်သွားစေခဲ့သည်။
အင်မော်တယ် လက်နက် တစ်ပါးပါလား။
လုရီသည် အလွန်အမင်း ထိတ်လန့်သွားသည်။ ဟင်းလင်းပြင်အင်မော်တယ်တစ်ပါးရော
အင်မော်တယ်လက်နက် တစ်ပါးပါ ရှိနေမှတော့၊ သူ့ကို ဘယ်သူက ကိုင်တွယ်ဖို့ ကြိုးစားနေတာလဲ။
ဒီလောက်တောင် ခမ်းနားတဲ့ ပြင်ဆင်မှုပါလား။
လုရီသည် သူ၏စိတ်ထဲမှ ယခင်မြင်ကွင်း၊ လှိုင်းထန်နေသော မိစ္ဆာစွမ်းအင်နှင့် လှုပ်ခတ်နေသော လျှို့ဝှက်ဆန်းကြယ်သည့် မိစ္ဆာပုံစံများကို ပြန်လည်စဉ်းစားမိလိုက်ရာ ၎င်းသည် မိစ္ဆာကျင့်ကြံသူတို့၏ ဂိုဏ်းတစ်ခုဖြစ်ကြောင်း ထင်ရှားနေသည်။
ထိုတွက်ချက်မှုအရ၊ လုရီသည် ဤနေရာသည် အနောက်ဘက်တွင် တည်ရှိကြောင်း သိရှိလိုက်သည်။
ခဏမျှ စဉ်းစားပြီးနောက် လုရီသည် ယခင်က သူကြုံတွေ့ခဲ့ဖူးသော ကောင်းကင်မိစ္ဆာနန်းတော်မှ ကျင့်ကြံသူများကို လျင်မြန်စွာ ပြန်လည်အမှတ်ရသွားတော့၏။
ထျန်းလူတောင်တွင် သူသည် ကောင်းကင်မိစ္ဆာနန်းတော်၏ ကပ်ဘေးဖြတ်ကျော် ဘိုးဘေးနှင့် ဆက်ခံသူကို သတ်ဖြတ်ခဲ့သည်။
ဤမျှ နှစ်များကြာသည်အထိ ကောင်းကင်မိစ္ဆာနန်းတော်မှ လှုပ်ရှားမှု တစ်စုံတစ်ရာ မရှိခဲ့သဖြင့် လုရီသည် ထိုကိစ္စ ပြီးဆုံးသွားပြီဟု ထင်မှတ်နေခဲ့သည်။
မမျှော်လင့်ဘဲ ကောင်းကင်မိစ္ဆာနန်းတော်သည် ဟင်းလင်းပြင် အင်မော်တယ် တစ်ပါးနှင့်
အင်မော်တယ် လက်နက် တစ်ပါးကို ရှာတွေ့ခဲ့ပါတကား။
လုရီ၏ မျက်နှာသည် တဖြည်းဖြည်း အေးစက်လာပြီး သူ၏မျက်လုံးများထဲတွင် ကြမ်းကြုတ်သော အရိပ်အယောင်တစ်ခု ပေါ်ထွက်လာခဲ့သည်။
ယခင်က လုရီသည် ကောင်းကင်မိစ္ဆာနန်းတော်ကို ဒုက္ခမပေးခဲ့သော်လည်း၊ ယခု သူတို့က သူ့ကို ကိုင်တွယ်ရန် ကြံစည်နေသည့်အတွက် သူသည်
မလွဲဧကန်ပင် လက်ရှောင်နေမည် မဟုတ်ပါပေ။
ကောင်းကင်မိစ္ဆာနန်းတော်သည် အင်မော်တယ်ဂိုဏ်း မြင့်မြတ် နယ်မြေ တစ်ခု ဖြစ်ပြီး
အင်မော်တယ် အခင်းအကျင်းဖြင့်
ကာကွယ်ထားဖွယ် ရှိသည်။
သူ၏ လက်ရှိ အခင်းအကျင်းတာအို ကျွမ်းကျင်မှုသည် အလွန်မြင့်မားပြီး၊ အင်မော်တယ်အခင်းအကျင်းနှင့် များစွာမကွာခြားသော ဂိုဏ်းအကာအကွယ်အခင်းအကျင်းတစ်ခုကိုပင် သန့်စင်နိုင်စွမ်းရှိသော်လည်း၊ သူသည် အင်မော်တယ်အခင်းအကျင်းအပေါ်၌ ကြောက်ရွံ့ရိုသေစိတ် ရှိနေဆဲဖြစ်သည်။
လုရီသည် ကောင်းကင်မိစ္ဆာနန်းတော်၏ အဓိကစခန်းကို တိုက်ရိုက် တိုက်ခိုက်မည် မဟုတ်ပေ။
အခန်း ၅၁၈ - ကောင်းကင်မိစ္ဆာနန်းတော်မှ ဟင်းလင်းပြင်အင်မော်တယ်ကို ချောင်းမြောင်းသတ်ဖြတ်ခြင်း ...
~"ဒီလိုဆိုရင်တော့ လမ်းမှာပဲ ကောင်းကင်မိစ္ဆာနန်းတော်က ကျင့်ကြံသူတွေကို ရှင်းလင်းလိုက်ရုံပေါ့"
လုရီသည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ခေတ္တမျှ စဉ်းစားပြီးနောက် နေရာလပ်နှင့် တစ်သားတည်း ပေါင်းစပ်ကာ ဂူစံအိမ်အတွင်းမှ ပျောက်ကွယ်သွားတော့သည်။
ဟင်းလင်းပြင်အင်မော်တယ်နယ်ပယ်မှ စွမ်းအားရှင်တစ်ဦးပင်လျှင် အနောက်ပိုင်းနယ်မြေများမှ အရှေ့ပိုင်းနယ်မြေသို့ ခရီးသွားရန် အချိန်အနည်းငယ် ယူရမည်ဖြစ်ရာ၊ သူ၏အစီအစဉ်ကို အကောင်အထည်ဖော်ရန်အတွက် အချိန်ကောင်းပင် ဖြစ်လေသည်။
---
တစ်လခွဲအကြာတွင် ဧရာမ အနက်ရောင် ရှေးဟောင်းသင်္ဘောကြီးတစ်စင်းသည် ကောင်းကင်ယံကို ဖြတ်သန်းရွက်လွှင့်လာ၏။
ထိုရှေးဟောင်းသင်္ဘောကြီးသည် ပြင်းထန်သော မိစ္ဆာအလင်းရောင်များဖြင့် ဖုံးလွှမ်းနေပြီး အားကောင်းသော ဝိညာဉ်ဖိအားကို ထုတ်လွှတ်နေသည်။
ဤသည်မှာ အလွန် ရှားပါးသော အဆင့်မြင့်ဝိညာဉ်လက်နက်အဆင့် ပျံသန်းနိုင်သော ရတနာတစ်ပါး ဖြစ်သည်။
အဆင့်မြင့်ဝိညာဉ်လက်နက်အဆင့် ပျံသန်းရေး ရတနာသည် အလွန်လျင်မြန်ပြီး အနောက်ပိုင်းနယ်မြေများမှ အရှေ့ပိုင်းပြည်နယ်သို့ တစ်လခွဲအတွင်း ဖြတ်သန်းသွားလာနိုင်လေသည်။
အနက်ရောင်ရှေးဟောင်းသင်္ဘောကြီး၏ ဦးပိုင်းတွင် ပုံရိပ်သုံးခု ရပ်နေ၏။
ခေါင်းဆောင်မှာ ဘေးအိမ်က ကောင်လေး
တစ်ယောက်လို ငယ်ရွယ် ချောမောသည့် ရုပ်သွင်ရှိသော ယွမ်ယွမ်ဖြစ်ပြီး၊ သူ၏ ဘေးတစ်ဖက်တစ်ချက်တွင် အဘွားအိုတစ်ဦးနှင့်
အဘိုးအိုတစ်ဦးတို့ ရပ်နေကြသည်။
နှစ်ဦးစလုံးမှာ ဆံပင်ဖြူဖြူနှင့် မျက်နှာပေါ်တွင် ဇရာ အရေးအကြောင်းများ ပြည့်နှက်နေကြသည်။
သို့သော် သူတို့၏ အရှိန်အဝါများမှာလည်း တန်းတူရည်တူပင် ကြောက်မက်ဖွယ်ကောင်းလှ၏။ အဘွားအိုသည် ကပ်ဘေးဖြတ်ကျော် ခုနစ်လွှာအဆင့်တွင် ရှိပြီး၊ အဘိုးအိုမှာမူ
ကပ်ဘေးဖြတ်ကျော် ရှစ်လွှာ အဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်ရာ သူတို့သည် ထျန်းမင်တစ်ခုလုံးတွင် ထိပ်တန်းအဆင့် စွမ်းအားရှင်များ ဖြစ်ကြသည်။
ယွမ်ယွမ်သည် လက်များကို နောက်ပစ်ထားရင်း အောက်ဘက်တွင် ရိပ်ခနဲ..ဖြတ်သန်းသွားသော မြေပြင်ကို ကြည့်ကာ ခပ်သော့သော့ရယ်မောလျက် ဆိုလိုက်သည်။
"မင်းတို့နှစ်ယောက် ငါနဲ့အတူ လိုက်လာဖို့မလိုပါဘူး၊ ငါ လုရီကို သတ်ပြီးရင် ပြန်လာမှာပဲ၊ အချိန်အကြာကြီး မယူပါဘူး။"
ဘယ်ဘက်မှ အဘွားအိုက လျှောက်တင်သည်။
"ဘိုးဘေး၊ ကျွန်မတို့က ရှင့်ကို ကူညီဖို့ လိုက်လာတာပါ။ အဲ့ဒီလုရီရှိတဲ့ တိမ်ဖြူဂိုဏ်းမှာလည်း ကပ်ဘေးဖြတ်ကျော်နယ်ပယ်က လူတစ်ယောက် ရှိကောင်းရှိနိုင်တယ်။ အဘိုးကြီးချီနဲ့ ကျွန်မက တခြား မခန့်မှန်းနိုင်တဲ့ အနှောင့်အယှက်တွေကို ရှင့်အတွက် တားဆီးပေးပါ့မယ်၊ ဘိုးဘေးက
လုရီကို ကိုင်တွယ်ဖို့ပဲ အာရုံစိုက်လိုက်ပါ။"
ညာဘက်မှ အဘိုးအိုကလည်း ခေါင်းညိတ်ကာ ထောက်ခံသည်။
"ဟုတ်ပါတယ် ဘိုးဘေး၊ လုရီဆိုတာ တော်တော်လေး ထူးခြားတယ်။ သူ့ရဲ့ကျင့်ကြံမှုအခြေခံက မဟာယာနနယ်ပယ်မှာပဲ ရှိသေးပေမဲ့ သူ့မှာ လှည့်ကွက်တချို့ ရှိနိုင်တယ်။ နန်းတော်သခင် ပြောတာမှန်တယ်၊ ကျွန်တော်တို့ သူ့ကို အသက်ရှူချိန်တောင် မပေးသင့်ဘူး။ အကယ်၍သာ သူ့ကို လွတ်သွားစေခဲ့ရင် ကျွန်တော်တို့ ကောင်းကင်မိစ္ဆာနန်းတော်အတွက် ဘေးအန္တရာယ်တစ်ခု ဖြစ်လာလိမ့်မယ်။"
နှစ်ဦးစလုံး၏ စကားကို နားထောင်ပြီးနောက် ယွမ်ယွမ်က ချီးကျူးလိုက်သည်။
"အဲ့ဒီကောင်လေး နန်မင်ယွမ်၊ နှစ်တစ်ထောင်ကြာပြီးနောက်မှာ သူက ဒီအခြေအနေအထိ ကြီးပြင်းလာတယ်၊ အတွေးအခေါ်တွေကလည်း စေ့စပ်သေချာပြီး အစီအစဉ်တွေကို အပြစ်အနာအဆာမရှိ အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ ငါ မထင်ခဲ့မိဘူး။"
ယွမ်ယွမ်၏ ချီးကျူးမှုအား ကြားသောအခါ
ကပ်ဘေး ဖြတ်ကျော်နယ်ပယ်မှ ဘိုးဘေး နှစ်ဦးကလည်း တဟဲဟဲ လိုက်ပါ ရယ်မောကြသည်။
"ခင်ဗျား တံခါးပိတ်ကျင့်ကြံနေတဲ့ နှစ်တစ်ထောင်အတွင်းမှာ ကျွန်တော်တို့ ကောင်းကင်မိစ္ဆာနန်းတော်ရဲ့ အင်အားက ဆက်လက်တိုးချဲ့ခဲ့ပြီး ဗုဒ္ဓဘာသာဂိုဏ်းနဲ့ အလင်းတော်မြင့်မြတ်ဂိုဏ်းကိုတောင် အရိပ်မည်းလွှမ်းမိုးနိုင်ခဲ့သလို မီးလျှံမိစ္ဆာတောင်ကြားကိုတောင် နှိမ်နင်းနိုင်ခဲ့ပါတယ်။ နန်းတော်သခင်က ကြီးမားတဲ့ ပံ့ပိုးကူညီမှုတွေ ပေးခဲ့တာပါ။"
"ဟုတ်ပါတယ်၊ နန်းတော်သခင်က ကျွန်တော်တို့ရဲ့ နယ်မြေကို ချဲ့ထွင်ခဲ့ပြီး ကောင်းကင်မိစ္ဆာနန်းတော်အတွက် ကြီးကျယ်တဲ့ လုပ်ရပ်တွေကို ဆောင်ရွက်ခဲ့ပါတယ်။"
ယွမ်ယွမ်က ကျေနပ်စွာ ပြုံးလိုက်သည်။
"ဟား ဟား ဟား၊ ဟုတ်တယ် ဟုတ်တယ်။
မင်ယွမ်ရှိနေသရွေ့ ငါတို့ ကောင်းကင်မိစ္ဆာနန်းတော်က သေချာပေါက် အောင်မြင်ကျော်ကြားနေမှာပဲ။"
မကြာမီမှာပင် အနက်ရောင်ရှေးဟောင်းသင်္ဘောကြီးသည် ဧရာမတောင်ထိပ်တစ်ခုကို ဖြတ်ကျော်ကာ သဲကန္တာရဒေသ တစ်ခုသို့ ရောက်ရှိလာခဲ့လေ၏။
ဤသဲကန္တာရ ဒေသ အလွန်တွင် အရှေ့ပိုင်းနယ်မြေ တည်ရှိလေသည်။
ယွမ်ယွမ်က မှတ်ချက်ပြုလိုက်သည်။
"ငါတို့ ရောက်တော့မယ်။"
ထိုအခိုက်တွင် ကောင်းကင်နှင့် မြေကြီးကြား၌ လျှို့ဝှက်ဆန်းကြယ်သော အခင်းအကျင်းပုံစံများ မရေမတွက်နိုင်အောင် ရုတ်တရက် ပေါ်ထွက်လာတော့သည်။
ထူထပ်သော အခင်းအကျင်းပုံစံများက မိုင်ပေါင်းသောင်းချီသော အချင်းဝက်ရှိသည့် နယ်မြေတစ်ခုကို ဖုံးလွှမ်းသွား၏။ ဤအခင်းအကျင်းပုံစံများသည် လျှို့ဝှက်ဆန်းကြယ်သော အခင်းအကျင်းမြေပုံပေါင်းများစွာကို ဖွဲ့စည်းထားပြီး၊ ထိုမှထွက်ပေါ်လာသော ကြီးမားလှသည့် ဖိနှိပ်အားကြောင့် ကပ်ဘေးဖြတ်ကျော် ဘိုးဘေးနှစ်ဦးပင်လျှင် သူတို့၏ ရင်ဘတ်ထဲ၌ ဖိအားတစ်ခုကို ခံစားလိုက်ရပြီး မျက်နှာများ ဖြူဖျော့သွားကြ၏။
ယွမ်ယွမ်၏ မျက်နှာပင်လျှင် သိသိသာသာ ပြောင်းလဲသွားသည်။
"မဟာအခင်းအကျင်းကြီးပါလား။"
"ဒီမဟာအခင်းအကျင်းကြီးက... အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေအဆင့် ဂိုဏ်းအကာအကွယ်အခင်းအကျင်းလား။ ဒီနေရာမှာ ဒီလိုအခင်းအကျင်းမျိုး ဘယ်လိုလုပ်ရှိနေရတာလဲ။"
သူတို့သုံးဦး၏ ပတ်ပတ်လည်တွင် မိစ္ဆာအလင်းရောင်များ လည်ပတ်နေပြီး၊ သင်္ဘောပေါ်တွင် အနက်ရောင်အလင်းတန်းများက မတည်မငြိမ် လင်းလက်နေကာ ရှေးဟောင်းသင်္ဘောကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။
သူတို့သုံးဦးသည် သတိကြီးစွာဖြင့် ပတ်ပတ်လည်ကို ကြည့်လိုက်ကြသည်။
ထိုအခိုက်အတန့်၌ ယွမ်ယွမ်၏ မျက်နှာအမူအရာ အနည်းငယ်ပြောင်းလဲသွားပြီး တစ်စုံတစ်ခုကို တွေးမိကာ ဟင်းလင်းပြင်ရှိ လားရာတစ်နေရာသို့ အကြည့်ပို့ကာ ခွန်းဆက်စကားဆိုသည်။
"ရောင်းရင်း... ကျွန်တော်တို့က ကောင်းကင်မိစ္ဆာနန်းတော်က ကျင့်ကြံသူတွေပါ၊ ခင်ဗျားရဲ့ နယ်မြေကို မတော်တဆ ဖြတ်သန်းမိတာပါ။ ကျွန်တော်တို့က နှောင့်ယှက်ဖို့ ရည်ရွယ်ချက်မရှိပါဘူး၊ ကျွန်တော်တို့ကို ထွက်ခွာခွင့်ပြုမယ်လို့ မျှော်လင့်ပါတယ်။"
ဤစကားများကို ကြားသောအခါ၊ ကောင်းကင်မိစ္ဆာနန်းတော်မှ အခြားကပ်ဘေးဖြတ်ကျော် ဘိုးဘေးနှစ်ဦး၏ မျက်နှာအမူအရာများလည်း ပြောင်းလဲသွားပြီး ယွမ်ယွမ်ကြည့်နေသော ဟင်းလင်းပြင်နေရာသို့ လှမ်းကြည့်လိုက်ကြသည်။
ထိုလားရာဘက်တွင် လုံးဝဗလာနတ္ထိ ဖြစ်နေ၏။
ထိုစဉ် ဟင်းလင်းပြင်သည် အနည်းငယ် ပုံပျက်သွားပြီး၊ ခြွင်းချက်မရှိ ချောမောခန့်ညားသော ရုပ်သွင်နှင့် အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော ကျင့်ကြံသူတစ်ဦးသည် ထိုနေရာတွင် အမြဲ တည်ရှိနေခဲ့သည့်အလား ရုတ်တရက် ပေါ်ထွက်လာသည်။
ဤကျင့်ကြံသူကို မြင်သောအခါ သုံးဦးစလုံး၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။
"လုရီ။"
"မင်း ဘယ်လိုလုပ် ဒီနေရာကို ရောက်နေတာလဲ။"
ကောင်းကင်မိစ္ဆာနန်းတော်မှ ကပ်ဘေးဖြတ်ကျော် ဘိုးဘေးနှစ်ဦးအပြင် ယွမ်ယွမ်သည်လည်း
လုရီ၏ ပုံရိပ်ယောင်ကို မြင်ဖူးသဖြင့် ပထမတစ်ချက်မှာပင် သူ့ကို မှတ်မိကြသည်မှာ သဘာဝကျသည်။
ထို့ကြောင့်ပင် သူတို့သုံးဦးသည် ပို၍ပင် တုန်လှုပ်အံ့ဩသွားကြပြီး သူ့ကို ဤနေရာတွင် တွေ့လိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။
ထို့နောက် ယွမ်ယွမ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး တစ်စုံတစ်ခုကို တွေးမိကာ ပတ်ပတ်လည်ရှိ မဟာအခင်းအကျင်းကြီးကို ကြည့်လိုက်ရာ သူ၏မျက်နှာမှာ အေးစက်တည်ကြည်သွားသည်။
"ငါတို့လာမယ်ဆိုတာ မင်းသိနေခဲ့တာလား။"
ကပ်ဘေးဖြတ်ကျော်နယ်ပယ်မှ အခြားကျင့်ကြံသူနှစ်ဦးသည်လည်း လူအများမဟုတ်သည့်အလျောက် ဤကိစ္စကို ချက်ချင်း သဘောပေါက်သွားကြသည်။
နှစ်ဦးစလုံး၏ မျက်နှာအမူအရာများ ပြောင်းလဲသွားပြီး လုရီကို မယုံနိုင်စွာ ကြည့်လိုက်ကြသည်။
လုရီက ထိုသုံးဦး၏အကြည့်ကို ခပ်သော့သော့ရယ်မောရင်း ရင်ဆိုင်လိုက်ကာ ခေါင်းညိတ်အတည်ပြုလိုက်သည်။
"ဟုတ်တယ်၊ ကျွန်တော် သိပြီးသားပဲ။"
အဘွားအိုက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါတို့ ကောင်းကင်မိစ္ဆာနန်းတော်ရဲ့ ကပ်ဘေးဖြတ်ကျော်ကျင့်ကြံသူတွေကလွဲလို့ ငါတို့ အရှေ့ပိုင်းနယ်မြေကို လာမယ်ဆိုတာ မဟာယာနနယ်ပယ်က အကြီးအကဲတွေတောင် မသိဘူး။ မင်း ဘယ်လိုလုပ်သိနိုင်မှာလဲ။"
လုရီက မျက်ခုံးပင့်လိုက်ပြီး အဘွားအိုကို အနည်းငယ် လှောင်ပြောင်သရော်သည့် အပြုံးဖြင့် တုံ့ပြန်လိုက်သည်။
"ခင်ဗျား ဘယ်လိုထင်လို့လဲ။ သဘာဝအတိုင်းပဲ တစ်ယောက်ယောက်က ကျွန်တော့်ကို လာပြောလို့ပေါ့။"
ဤစကားကို ကြားသောအခါ အဘွားအိုနှင့် အဘိုးအို၏ မျက်နှာအမူအရာများ ပြောင်းလဲသွားပြီး မယုံနိုင်မှုများဖြင့် ပြည့်နှက်သွားစဉ်၊ ယွမ်ယွမ်တစ်ဦးတည်းသာ တည်ငြိမ်နေဆဲဖြစ်သည်။
သူ့ပတ်ပတ်လည်တွင် ထူထဲပြီး လှုပ်ခတ်နေသော မိစ္ဆာအလင်းရောင်များ လည်ပတ်နေပြီး သူ၏ဦးခေါင်းအထက်တွင် လူတစ်ယောက်၏ ဦးခေါင်းအရွယ်အစားရှိသော အနက်ရောင်မိစ္ဆာစည်တော်၊ ကောင်းကင်မိစ္ဆာစည်တော်သည် ပျံဝဲနေ၏။
ကောင်းကင်မိစ္ဆာစည်တော်သည် လုရီပင် အနည်းငယ် လေးနက်စွာ ရှုမြင်ရသော ကြောက်မက်ဖွယ်ဖိအားတစ်ခုကို ထုတ်လွှတ်နေသည်။
ယွမ်ယွမ်က သူ၏မျက်နှာမှာ ပို၍ တည်ကြည်သွားလျက် သတိပေးလိုက်သည်။
"သူ့စကားတွေကြောင့် စိတ်မယိုင်နဲ့။ ငါတို့ ကောင်းကင်မိစ္ဆာနန်းတော်က ကပ်ဘေးဖြတ်ကျော်ကျင့်ကြံသူတွေက နန်းတော်ကို ဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်ဘူး။ ဒီကောင်လေးက ထူးခြားတယ်၊ နတ်ဗေဒင်ဟောကိန်းထုတ်တဲ့ အတတ်ပညာတစ်မျိုးမျိုးကို ကျွမ်းကျင်ပြီး ငါတို့ရဲ့ ခြေရာကို ထောက်လှမ်းနိုင်ခဲ့တာ ဖြစ်လိမ့်မယ်။"
ကပ်ဘေးဖြတ်ကျော် ဘိုးဘေးနှစ်ဦးစလုံး အလွန်အမင်း အံ့ဩသွားကြသည်။
"...ဘယ်လိုဖြစ်နိုင်မှာလဲ။ နတ် ဗေဒင်ဟောကိန်းထုတ်တာပဲဖြစ်ဖြစ်၊ ငါတို့လို ကပ်ဘေးဖြတ်ကျော်ကျင့်ကြံသူတွေရဲ့ လှုပ်ရှားမှုကို ကြိုတင် ခန့်မှန်းနိုင်ပါ့မလား။"
"ဟုတ်တယ်၊ ပြီးတော့ ဘိုးဘေးက ဟင်းလင်းပြင်အင်မော်တယ်တစ်ပါးတောင် ဖြစ်နေတာကို။"
ယွမ်ယွမ်သည် သူတို့စကား၏ ဆိုလိုရင်းကို သဘာဝအတိုင်း နားလည်ပြီး သူက ခေါင်းခါကာ ဆိုလိုက်သည်။
"ဒီကောင်လေးက သာမန်လူ မဟုတ်ဘူး။ ငါတို့ သူ့ကို သာမန်အသိတရားနဲ့ ဆက်ဆံလို့ မရဘူး။ တခြားသူတွေ မလုပ်နိုင်တဲ့ အရာကို သူက ကောင်းကောင်းကြီး လုပ်နိုင်လိမ့်မယ်။"
ယွမ်ယွမ်က ပတ်ပတ်လည်ရှိ မဟာအခင်းအကျင်းကြီးကို တစ်ချက်ဝေ့ကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာမှာ အလွန်အမင်း လေးနက်တည်ကြည်သွားသည်။
"ဒီအခင်းအကျင်းကို ကြည့်ရတာ မင်း ဒီနေရာမှာ အချိန် အတော်ကြာ ပြင်ဆင်နေခဲ့တာပဲ မဟုတ်လား။"
လုရီက မျက်ခုံးပင့်လိုက်ပြီး ယွမ်ယွမ်ကို ကြည့်ကာ လေးစားစွာ ချီးကျူးလိုက်သည်။
"စီနီယာက ဟင်းလင်းပြင် အင်မော်တယ်တစ်ပါး အမှန်ပဲ၊ ကပ်ဘေးဖြတ်ကျော်နယ်ပယ်က လူတွေနဲ့ မတူဘူး။ ဟုတ်ပါတယ်၊ ကျွန်တော် ခင်ဗျားတို့ကို ဒီနေရာမှာ အချိန်အတော်ကြာ စောင့်နေခဲ့တာပါ။"
ယွမ်ယွမ်၏ မျက်နှာအမူအရာသည် ရေခဲတမျှ အေးစက်သွားသည်။
"မင်းက ကိုယ့်ကိုယ်ကိုယ် သိပ်ယုံကြည်မှုရှိတာပဲ၊ ငါတို့ကို ကိုင်တွယ်နိုင်မယ်လို့ ထင်နေတာလား။"
လုရီက ပြုံးကာ တုံ့ပြန်လိုက်သည်။
"မကြာခင် ဒါမှမဟုတ် နောက်ကျရင် တစ်ယောက်နဲ့တစ်ယောက် ရင်ဆိုင်ရမှာကို ထည့်စဉ်းစားရင်တော့ ကြိုတင်ပြင်ဆင်ပြီး ခင်ဗျားတို့ကို အလစ် တိုက်ခိုက်တာက ပိုကောင်းတာပေါ့။"
ယွမ်ယွမ်က ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။
"လူငယ်သလောက် ကြောက်စရာကောင်းလှပါပေတယ်... အကယ်၍သာ နက်ရှိုင်းတဲ့ အငြိုးအတေးသာ မရှိခဲ့ရင်၊ ငါ မင်းအပေါ်မှာ မျှော်လင့်ချက်ကြီးကြီး ထားမိမှာပဲ။"
ယွမ်ယွမ်သည် လေထဲသို့ ဖြည်းညင်းစွာ မြင့်တက်လာပြီး သူ၏ပတ်ပတ်လည်ရှိ မိစ္ဆာအလင်းရောင်များက မတည်မငြိမ် လင်းလက်နေ၏။ အနက်ရောင်မြူခိုးများက ဟိန်းဟောက်နေစဉ် ကောင်းကင်မိစ္ဆာစည်တော်သည် သူ၏ဦးခေါင်းအထက်မှ သူ၏ရှေ့သို့ ဖြည်းညင်းစွာ ရွေ့လျားလာသည်။
"ဟမ့်...ဝမ်းနည်းစရာကတော့... အခုချိန်မှာ မင်းလို ပါရမီရှင်တစ်ယောက်ကို ငါကိုယ်တိုင် သတ်ဖြတ်ရတော့မှာပဲ။"
ယွမ်ယွမ်ထံမှ အေးစက်သော လူသတ်လိုသည့်စိတ်ဆန္ဒသည် တွားသွားတတ်သော နှင်းခဲများကဲ့သို့ ပျံ့နှံ့လာကာ သူ၏ပတ်ပတ်လည်ရှိ နေရာလပ်ကိုပင် လူသတ်အရှိန်အဝါဖြင့် ခဲသွားစေတော့မည့်အလား ထင်မှတ်ရလေသည်။
အခန်း ၅၁၉ - ဟင်းလင်းပြင်အင်မော်တယ်ကို ချေမှုန်း၍ အင်မော်တယ်လက်နက်ကို သိမ်းပိုက်ခြင်း ...
~လူသတ်လိုသော အငွေ့အသက်များပါသည့် လေသည် တိုက်ခတ်လာစဉ် လုရီသည် ဟင်းလင်းပြင်၌ ရပ်နေပြီး သူ၏ အဖြူရောင်ဝတ်ရုံရှည်မှာ လေထဲတွင် တဖားဖား လွင့်နေ၏။
သူက ခပ်ဟဟ ရယ်မောလိုက်သည်။
"ကျွန်တော်စိုးရိမ်တာက စီနီယာဒါကို မလုပ်နိုင်မှာကိုပဲ။"
ထို့နောက် လုရီသည် ဟင်းလင်းပြင်ကို ခြေဖြင့်နင်းလိုက်ရာ သူ၏မျက်နှာအမူအရာသည် တဖြည်းဖြည်း ပို၍တည်ကြည်လာတော့သည်။ သူ၏လက်များဖြင့် တံဆိပ်များကို အဆက်မပြတ် ဖန်တီးနေစဉ် အခင်းအကျင်းမြေပုံသည် ဖြစ်လိုက်ပျက်လိုက်ဖြင့် လင်းလက်နေကာ ပို၍ပို၍ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်ဖိအားများ ပျံ့နှံ့ထွက်ပေါ်လာသည်။
ချွင် ...
ချွင်...
ချွင်....
ဓားမြည်သံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်မှ ကြယ်တာရာများသည် မဟာအခင်းအကျင်းကြီး၏ ချုပ်နှောင်မှုကို ခံလိုက်ရသည့်အလား မရေမတွက်နိုင်သော ကြယ်တာရာဓားများအဖြစ်သို့ ပြောင်းလဲသွားကြသည်။ ထိုကြယ်တာရာဓားများသည် အထပ်ထပ်စီရီလျက် ကျယ်ပြောသော မြစ်တစ်စင်းကို ဖွဲ့စည်းလိုက်၏။
ဓားတာအိုကြယ်တာရာမြစ်အတွင်း၌ ကျယ်လောင်သော နဂါးဟိန်းသံများကိုလည်း ကြားလိုက်ရသည်။
နဂါးပုံရိပ်ယောင်များသည် စတင်အသက်ဝင်လာကြပြီး သူတို့၏နဂါးအကြေးခွံများသည် တဖြည်းဖြည်း ခိုင်မာလာကာ စစ်မှန်သောနဂါး တာအိုပုံစံများသည် အကြေးခွံများပေါ်တွင် အသက်ဝင်စွာ ပေါ်ထွက်လာတော့သည်။
နဂါးပုံရိပ်ယောင် ခြောက်ခုသည် လျင်မြန်စွာ ဖွဲ့စည်းပြီးစီးသွားပြီး သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော နဂါးအရှိန်အဝါသည် ကောင်းကင်ကိုပင် တုန်ခါသွားစေ၏။ ကောင်းကင်တွင် အနက်ရောင်အက်ကွဲကြောင်းများ ပေါ်ထွက်လာပြီး အောက်ဘက်ရှိ သဲကန္တာရမှာ ပြိုကျကာ မြေပြင်တစ်ခုလုံး တုန်ခါနေသည့်အလား ထင်မှတ်ရလေသည်။
နှစ်တွေကြာလာသည်နှင့်အမျှ လုရီ၏ အခင်းအကျင်းတာအို ဉာဏ်အလင်းရမှုသည် သဘာဝအတိုင်း ရပ်တန့်မနေခဲ့ပေ။ သူနားလည်သဘောပေါက်ခဲ့သော နိယာမများအရနှင့် သူ၏ကိုယ်ပိုင် အခင်းအကျင်းထိုးထွင်းသိမြင်မှုများနှင့် ပေါင်းစပ်ကာ သူသည် အခြားကပ်ဘေးဖြတ်ကျော် အခင်းအကျင်းများကို တွက်ချက်ဖော်ထုတ်ခဲ့သည်။
ဤသည်မှာ လုရီက သူနားလည်သဘောပေါက်ခဲ့သော စစ်မှန်သောနဂါး တာအိုပုံစံကို အခြေခံ၍ တွက်ချက်ဖော်ထုတ်ခဲ့သော မဟာအခင်းအကျင်းကြီးတစ်ခု ဖြစ်သည်။
၎င်း၏အမည်မှာ ကောင်းကင်တံဆိပ်ခတ် နဂါးခြောက်ကောင် အခင်းအကျင်း ဖြစ်သည်။
ယခင်က လုရီ နားလည်သဘောပေါက်ခဲ့သော
ထျန်းဟဲဓား အခင်းအကျင်းသည် နှစ်တွေကြာလာသည်နှင့်အမျှ သူ၏အဆက်မပြတ် တွက်ချက်မှုနှင့် အကောင်းဆုံးဖြစ်အောင် ပြုပြင်မွမ်းမံမှုများအပြီးတွင် တဖြည်းဖြည်းပြောင်းလဲလာခဲ့သည်။ ပို၍အားကောင်းသော ဓားတာအိုနိယာမများနှင့် ကြယ်တာရာနိယာမများကို ထည့်သွင်းခဲ့လေပြီ။ ယခုအခါ သူက ၎င်းကို ကြယ်တာရာမြစ် ဓားအခင်းအကျင်းဟု အမည်ပေးထားသည်။
ဓားအခင်းအကျင်း နှစ်ခုစလုံးသည် နိယာမစွမ်းအားအချို့ကို ပေါင်းစပ်ထားသော်လည်း အင်မော်တယ်အခင်းအကျင်းအဆင့်သို့ မရောက်ရှိသေးပေ။ သို့သော် လုရီတွင် အားကောင်းသော အခင်းအကျင်းပေါင်းစပ်ခြင်း နည်းစနစ်ရှိနေပြီး၊ ကောင်းကင်တံဆိပ်ခတ် နဂါးခြောက်ကောင်အခင်းအကျင်းနှင့် ကြယ်တာရာမြစ် ဓားအခင်းအကျင်းတို့ကို ပေါင်းစပ်လိုက်ရာ ပို၍ပင် ကြီးမားသော စွမ်းအားကို ထုတ်လွှတ်လိုက် လေ၏။
စစ်မှန်သောနဂါး ပုံရိပ်ယောင်ခြောက်ခုနှင့် ကြယ်တာရာမြစ် ဓားအခင်းအကျင်းတို့ ပေါ်ထွက်လာသည့်အခိုက်တွင် ကောင်းကင်မိစ္ဆာနန်းတော်မှ ကပ်ဘေးဖြတ်ကျော်နယ်ပယ် ကျင့်ကြံသူနှစ်ဦး၏ မျက်နှာများ ဖြူဖျော့သွားပြီး သူတို့၏ကိုယ်ခန္ဓာများ အေးစက်သွားကြသည်။
ယွမ်ယွမ်၏ မျက်ဆံများပင် ကျုံ့သွားပြီး သူ၏မျက်နှာအမူအရာမှာ တုန်လှုပ်မှုဖြင့် ပြည့်နှက်နေကာ ထိုခိုင်မာလှသော စစ်မှန်သောနဂါး ပုံရိပ်ယောင်များနှင့် အဆုံးမဲ့သော ကြယ်တာရာရှည်ဓားများကို ကြည့်ရင်း မယုံနိုင်စွာ ရေရွတ်လိုက်သည်။
"ဟင်းလင်းပြင်အင်မော်တယ်အဆင့် မဟာအခင်းအကျင်းကြီးပါလား။"
သို့သော် သူ၏မျက်နှာအမူအရာသည် လျင်မြန်စွာ တည်ကြည်သွားပြီး သူက ဟစ်အော်လိုက်သည်။
"အရင်တုန်းကသာဆိုရင် ငါထွက်ပြေးချင်ပြေးမှာပဲ၊ ဒါပေမဲ့ အခုတော့... ငါ့မှာ ကောင်းကင်မိစ္ဆာစည်တော် ရှိတယ်ကွ။"
တဆက်တည်း၌ သူ၏လက်ကို ထူထဲသော မိစ္ဆာချီစွမ်းအင်များက လွှမ်းခြုံသွားပြီး သူ၏ရှေ့မှ ကောင်းကင်မိစ္ဆာ စည်တော်ကို တိီးခတ်လိုက်သည်။
ဘုန်း။
စစ်မှန်သော မိစ္ဆာတစ်ကောင်၏ ဟိန်းဟောက်သံကဲ့သို့ အသံတစ်သံ ထွက်ပေါ်လာပြီး စည်တော်မှ လှိုင်းထန်နေသော မိစ္ဆာချီစွမ်းအင်များ ထုတ်လွှတ်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော တာအိုပုံစံများ လင်းလက်လာပြီး စစ်မှန်သော မိစ္ဆာမြေပုံတစ်ခုအဖြစ် အသက်ဝင်သွား၏။
စည်တော်လှိုင်းများသည် သက်ရှိအရာတစ်ခုကဲ့သို့ မယုံနိုင်လောက်အောင် ကြွယ်ဝသော
အမှောင်မိစ္ဆာချီစွမ်းအင်များဖြင့် လှိုင်းထန်နေလျက် အဆုံးမဲ့သော ကြယ်တာရာများနှင့် စစ်မှန်သောနဂါး ပုံရိပ်ယောင်များဆီသို့ အရှိန်ပြင်းစွာ ပစ်လွှတ်တော့သည်။
ထိုမိစ္ဆာချီစွမ်းအင်များသည် တားဆီးမရသော ဓားတစ်စင်းကဲ့သို့ အဆုံးမဲ့သော ကြယ်တာရာရှည်ဓားများကို ချက်ချင်းဆိုသလို အလင်းမှုန်လေးများအဖြစ်သို့ တစစီ ကြွေလွင့်သွားစေ၏။ စစ်မှန်သော နဂါး ပုံရိပ်ယောင်နှစ်ခုပင်လျှင် စည်တော်လှိုင်းများနှင့် ထိတွေ့လိုက်သည်နှင့် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာလေပြီ။ သူတို့၏ နာကျင်စွာ အော်သံနက်ကြီးများ မရပ်မနား ထွက်ပေါ်လာကာ ထို့နောက် တိုက်ရိုက် ပျက်စီးသွားရတော့၏။
အင်မော်တယ်လက်နက်၏ အစွမ်းသည် ထင်ရှားလှပေသည်။
လုရီ၏ မျက်နှာပင်လျှင် ပို၍ တည်တင်းသွားခဲ့သည်။
သူက ဖြည်းညင်းစွာ ရေရွတ်လိုက်သည်။
"အင်မော်တယ်လက်နက်တစ်ပါးရဲ့ အစွမ်းက တကယ်ကို ထူးခြားတာပဲ... ဒါပေမဲ့၊ စီနီယာတစ်ယောက်တည်းက အင်မော်တယ်လက်နက် ရှိတာ မဟုတ်ဘူး..."
သွေးနီရောင်အလင်းတန်းတစ်ခုသည် လုရီ၏ မျက်ခုံးပေါ်တွင် လင်းလက်သွားသည်နှင့်တပြိုင်နက် ရွှေရောင်သန်းနေသော အနီရောင်
နေလုံးကြီးတစ်လုံးသည် ဖြည်းညင်းစွာ ပေါ်ထွက်လာကာ သူ့ကို အတွင်း၌ အကာအကွယ်ပေးသွား၏။
နောက်တစ်ခဏ၌၊ သူရဲကောင်းဆန်သော စစ်ချပ်ဝတ်တန်ဆာတစ်စုံသည် လုရီ၏ ကိုယ်ပေါ်တွင် အလိုအလျောက် ပေါ်ထွက်လာခဲ့သည်။
ထိုစစ်ချပ်ဝတ်တန်ဆာသည် လုရီ၏ ကိုယ်ခန္ဓာတစ်ခုလုံးကို လွှမ်းခြုံထားပြီး သူ၏ဦးခေါင်းကိုပင် အပြည့်အဝ ဖုံးအုပ်ထားကာ နေမင်းပမာ အလင်းရောင်များ ဖြာထွက်နေတော့သည်။
အဆင့်နိမ့် အင်မော်တယ်လက်နက်၊ ကောင်းကင်နေမင်းစစ်ချပ်ဝတ်တန်ဆာပင်။
ဤသည်မှာ လုရီ အချိန်အတော်ကြာကတည်းက ရရှိထားသော အင်မော်တယ်လက်နက်ဖြစ်ပြီး ယခုအချိန်အထိ အသုံးချရန် အခွင့်အရေး မရခဲ့ပေ။
ရုပ်ခန္ဓာကျင့်ကြံသူတစ်ဦး၏ အင်မော်တယ်လက်နက်ဖြစ်သည့်အားလျော်စွာ၊ လုရီ ကောင်းကင်နေမင်းစစ်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်လိုက်သည့်အခိုက်တွင် သူသည် အားကောင်းသော အသွင်ပြောင်းလဲမှုတစ်ခုကို ခံစားလိုက်ရလေသည်။
သူ၏ ကိုယ်ခန္ဓာမှ ချီသွေးစွမ်းအားသည် လှုံ့ဆော်ခံလိုက်ရပြီး သူ၏ရုပ်ခန္ဓာခွန်အားကို အလွန်အမင်း မြှင့်တင်ပေးလိုက်သည်။
ဤအခိုက်အတန့်တွင် လုရီသည် လက်သီးတစ်ချက်တည်းဖြင့် ဂြိုဟ်တစ်လုံးကိုပင် ချေမွနိုင်သကဲ့သို့ ခံစားလိုက်ရ၏။ ဤသည်မှာ ထင်ယောင်ထင်မှားခြင်း မဟုတ်ပေ။
ထျန်းမင်သည် ထူးကဲစွာ ကြီးမားသော ဂြိုဟ်တစ်လုံးဖြစ်၍ ချေမွရန် ခက်ခဲသော်လည်း၊ အကယ်၍သာ သူ၏ယခင်ဘဝမှ ကမ္ဘာဂြိုဟ်ကဲ့သို့သော ဂြိုဟ်တစ်လုံးသာဖြစ်ပါက၊ လုရီသည် သူ၏လက်ရှိခွန်အားဖြင့် လက်သီးတစ်ချက်တည်းက အမှန်တကယ် ပေါက်ကွဲသွားစေနိုင်သည်ဟု လုရီ ခံစားမိလေသည်။
ဤစွမ်းအားသည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလေ၏။
သူ၏လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး လုရီသည် အဝေးရှိ ကောင်းကင်မိစ္ဆာနန်းတော်မှ ပုဂ္ဂိုလ်သုံးဦးကို စူးရဲသော မျက်လုံးများဖြင့် မော့ကြည့်လိုက်သည်။
ကောင်းကင်မိစ္ဆာနန်းတော်မှ ကျင့်ကြံသူသုံးဦးသည် ယခုအခါ တိတ်ဆိတ်နေကြလေပြီ။
ကောင်းကင်မိစ္ဆာနန်းတော်မှ ကပ်ဘေးဖြတ်ကျော် အကြီးအကဲနှစ်ဦးသည် ကောင်းကင်နေမင်းစစ်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော လုရီကို ကျောက်ရုပ်ဖြစ်သွားသည့်အလား လှမ်းကြည့်နေကြသည်။
ယွမ်ယွမ်ကဲ့သို့သော ဟင်းလင်းပြင်အင်မော်တယ်တစ်ပါးပင်လျှင် ရှေးဟောင်းသားရဲတစ်ကောင်၏ ပစ်မှတ်ထားခြင်းကို ခံနေရသကဲ့သို့ ခံစားနေရပြီး၊ သူ၏ နှလုံးသားအောက်ခြေမှ အေးစက်မှုတစ်ခု လှိုက်တက်လာတော့၏။
"အင်မော်တယ်လက်နက်!"
ယွမ်ယွမ်၏ အသံသည် နက်ရှိုင်းပြီး ကွဲအက်နေကာ မယုံနိုင်မှုများဖြင့် ပြည့်နှက်နေသည်။
"ဘယ်လိုဖြစ်နိုင်မှာလဲ။ မင်းမှာ အင်မော်တယ်လက်နက် ဘယ်လိုလုပ်ရှိနိုင်ရမှာလဲ။"
လုရီက ခပ်ဟဟရယ်မောလိုက်သည်။
"စီနီယာ မသိလောက်ဘူး၊ ကျွန်တော်က အမြဲတမ်း တော်တော်ကံကောင်းတယ်။ ဒီအင်မော်တယ်လက်နက်က မထင်မှတ်ဘဲ ကျွန်တော့်ဆီရောက်လာတဲ့ အခွင့်အရေးတစ်ခုပဲ။"
စကားပြောနေစဉ်တွင် လုရီသည် မဟာအခင်းအကျင်းကြီးကို ထိန်းချုပ်ကာ အဆုံးမဲ့သော ကြယ်တာရာရှည်ဓားများကို တစ်ဖန်ပြန်လည် စုစည်းလိုက်တော့၏။
ကျန်ရှိနေသော စစ်မှန်သောနဂါး ပုံရိပ်ယောင်လေးခုသည် ဟိန်းဟောက်ကာ ကြယ်တာရာရှည်ဓားများနှင့်အတူ အဝေးရှိ ကောင်းကင်မိစ္ဆာနန်းတော်မှ ကျင့်ကြံသူများဆီသို့ အရှိန်ပြင်းစွာ တိုးဝင်သွားကြသည်။
တစ်ချိန်တည်းမှာပင် လုရီသည် နေရာတွင် ပျောက်ကွယ်သွားပြီး ယွမ်ယွမ်၏ နောက်ကျောသို့ ရောက်ရှိသွားသည်။
နေရာလပ်နိယာမ။
ယွမ်ယွမ်သည် ဟင်းလင်းပြင်အင်မော်တယ်တစ်ပါးဖြစ်သည့်အားလျော်စွာ လုရီ ရုတ်တရက်ပေါ်လာလျှင်ပင်၊ သူသည် လုရီ ယခင်တစ်ခေါက် ရင်ဆိုင်ခဲ့ရသော ကပ်ဘေးဖြတ်ကျော်နယ်ပယ်မှ ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူများကဲ့သို့ အားမတန်မာန်လျှော့ မဖြစ်ခဲ့ပေ။
သူ၏မျက်ဆံများ ကျုံ့သွားပြီး သူက တိုးညင်းစွာ ဟိန်းဟောက်လိုက်သည်။ နောက်တစ်ခဏတွင် သူက ကောင်းကင်မိစ္ဆာစည်တော်ကို ထိုးနှက်လိုက်၏။
ဘုန်း!!!
အဆုံးမဲ့သော မိစ္ဆာချီစွမ်းအင်သည် မိစ္ဆာဓားသွားများအဖြစ်သို့ ပြောင်းလဲကာ လုရီထံသို့ ခုတ်ပိုင်းလာတော့သည်။
လုရီ၏ မျက်နှာသည် ကြမ်းကြုတ်သွားပြီး သူက လက်သီးများကို ဆုပ်လိုက်သည်။ လက်သီးများနောက်တွင် ကြောက်မက်ဖွယ်ကောင်းသော ချီသွေးစွမ်းအားများ ကပ်ညှိပြီး အမှောင်ရွှေရောင် ချီသွေးစွမ်းအားသည် ကောင်းကင်သို့ ထိုးတက်သွားသည်။
ဂျုန်း...
သူ၏လက်သီးများသည် မိစ္ဆာဓားသွားများနှင့် တိုက်မိကာ ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာ၏။
ထိုမှ ထွက်ပေါ်လာသော နောက်ဆက်တွဲတုန်ခါမှုလှိုင်းသည် သောင်းကျန်းထကြွနေပြီး၊ မိစ္ဆာချီစွမ်းအင်နှင့် အမှောင်ရွှေရောင် ချီသွေးစွမ်းအားတို့ လည်ပတ်နေ၏။ အနီးအနား၌ ရှိနေသော ကပ်ဘေးဖြတ်ကျော် နယ်ပယ်မှ အဆင့်မြင့်အကြီးအကဲနှစ်ဦးသည် ရှောင်တိမ်းရန် အခွင့်အရေးပင် မရလိုက်ပေ။
ထိုပေါက်ကွဲမှုလှိုင်း၏ တိုက်ခိုက်ခြင်းကို ခံစားလိုက်ရပြီး သူတို့သည် သွေးများ အန်ထုတ်ရကာ နောက်သို့ လွင့်စဉ်သွားကြသည်။
---