အခန်း (၅၂၀-၅၂၂)
Vol. 35 Ch. 520-522
အခန်း ၅၂၀ - ဟင်းလင်းပြင် အင်မော်တယ်ကို ချေမှုန်း၍ အင်မော်တယ် လက်နက်ကို သိမ်းပိုက်ခြင်း ...
~သူတို့သည် ထိတ်လန့်တကြားဖြစ်နေကြပြီး တုံ့ပြန်ရန် အချိန်မရမီမှာပင် အဆုံးမဲ့သော ကြယ်တာရာမြစ်၏ ဝါးမျိုခြင်းကို ခံလိုက်ရကာ ပျောက်ကွယ်သွားသော သွေးမြူခိုးများအဖြစ်သို့ တစစီ ကြွေလွင့်သွားကြတော့သည်။
ဤမြင်ကွင်းကို ကြည့်ရင်း ယွမ်ယွမ်၏ မျက်ဆံများ ကျုံ့သွားပြီး သူ၏ မျက်နှာသည် ရေခဲတမျှ အေးစက်သွားကာ ဟစ်အော်လိုက်သည်။
"နတ်ဆိုးလေး! သေစမ်း!"
သူ၏နောက်တွင် မိစ္ဆာ မြူခိုးစီးကြောင်း တစ်ခု လည်ပတ်လာပြီး အစစ်အမှန် ကောင်းကင်မိစ္ဆာ ကိုယ်ခန္ဓာတစ်ခုအသွင် မြန်ဆန်စွာ ပြောင်းလဲသွားသည်။
အစစ်အမှန် ကောင်းကင်မိစ္ဆာကိုယ်ခန္ဓာသည် ဟိန်းဟောက်ကာ လုရီထံသို့ တိုးဝင်သွားစဉ်၊ သူကိုယ်တိုင်သည်လည်း သူ၏အစွမ်းကုန် ထုတ်ဖော်ကာ ဝိညာဉ်စွမ်းအင်များ လှိုင်းထန်နေလျက် ကောင်းကင်မိစ္ဆာ စည်တော်ကို အကြိမ်ကြိမ် ထိုးနှက်လိုက်၏။
ကောင်းကင်မိစ္ဆာ စည်တော်သည် ကျယ်လောင်စွာ မြည်ဟိန်းလာစဉ် ကောင်းကင်နှင့် မြေကြီးကို အဆုံးမဲ့သော မိစ္ဆာချီစွမ်းအင်များဖြင့် လွှမ်းခြုံသွားကာ မိုင်ပေါင်းသောင်းချီ၍ အမှောင်ထုအတိ ဖုံးလွှမ်းသွားစေသည်။
အကယ်၍သာ လုရီက မဟာအခင်းအကျင်းကြီးကို မတပ်ဆင်ထားခဲ့ပါက ထိုမိစ္ဆာချီစွမ်းအင်သည် ပို၍ပင် ပျံ့နှံ့သွားပေလိမ့်မည်။
မဟာအခင်းအကျင်းကြီး ရှိနေသည့်တိုင်၊ ကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှုများသည် မြေပြင်တစ်ခုလုံးကို လှုပ်ခါသွားစေ၏။ သဲကန္တာရ၏ သဲများသည် မြေအောက်မှ နဂါးတစ်ကောင်က လူးလွန့်နေသည့်အလား လိမ့်တက်လည်ပတ်နေကာ လှိုင်းထန်နေသော သဲပင်လယ်တစ်ခုကြီး ဖြစ်နေလေပြီ။
မိစ္ဆာချီစွမ်းအင်ထဲတွင် အသခ်ျေ မိစ္ဆာအရိပ်များ ပေါ်ထွက်လာ၏။ သူတို့၏ တစ္ဆေလို ခြောက်လှန့်သော တည်ရှိမှုများသည် အဆုံးမဲ့သော လူသတ်လိုသည့်စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေကာ လုရီထံသို့ အရှိန်ပြင်းစွာ ပစ်ခွင်းသွားကြသည်။
လုရီ၏ မျက်နှာအမူအရာသည် တည်ကြည်နေသည်။ သူက တိုးညင်းစွာ မာန်သွင်းလိုက်ရာ သူ၏အမှောင်ရွှေရောင် သွေးချီစွမ်းအင်သည် လှိုင်းထန်လာသည်။ ကောင်းကင်နေမင်းစစ်ချပ်ဝတ်တန်ဆာသည် နေမင်းပမာ ထွန်းလင်းတောက်ပနေသော ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။
ရွှေရောင်အလင်း ဖြတ်သန်းသွားလေရာရာ၊ မိစ္ဆာအရိပ်များသည် တက်သစ်စနေမင်းက အမှောင်ထုကို ခွင်းနေသည့်အလား ပျောက်ကွယ်သွားကြသည်။
ကောင်းကင်နှင့်မြေကြီးကြားရှိ အနက်ရောင်မြူခိုးများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
လုရီသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီး သူ၏နေရာမှ ပျောက်ကွယ်သွားကာ ယွမ်ယွမ်၏ နောက်ကျောသို့ ချက်ချင်းရောက်ရှိသွားသည်။ သူ၏ညာဘက်လက်သီးကို ဆုပ်ထားပြီး ထူးဆန်းသော စွမ်းအားတုန်ခါမှုတစ်ခုကို သယ်ဆောင်ထားရာ သူ၏ပတ်ပတ်လည်ရှိ နေရာလပ်ကို တုန်ခါသွားစေပြီး နောက်ဆက်တွဲအနေဖြင့် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာလေ ၏။
အင်မော်တယ်နည်းစနစ်၊ ကောင်းကင်ခွဲလက်သီး။
ဤသည်မှာ လုရီ၊ ရုပ်ခန္ဓာကျင့်ကြံသူတစ်ဦး ရရှိထားသော အင်မော်တယ်နည်းစနစ်ဖြစ်ပြီး စွမ်းအားနိယာမနှင့် သက်ဆိုင်လေသည်။
လုရီ၏ စွမ်းအားနိယာမသည် ၂၀ ရာခိုင်နှုန်းထက်ပို၍ ရောက်ရှိနေပြီး၊ ကောင်းကင်ခွဲလက်သီးအပေါ် သူ၏နားလည်နိုင်စွမ်းသည် ထူးထူးခြားခြား အားမကောင်းဘဲ အဆင့် ၂ သာ ရှိသေးသော်လည်း၊ ၎င်း၏ စွမ်းအားမှာမူ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
ဘုန်း။
ကောင်းကင်ခွဲလက်သီး ဖြတ်သန်းသွားသော နေရာသည် စက္ကူကဲ့သို့ ကြွပ်ဆတ်စွာ
တစ်လက်မချင်း ကြေမွသွားတော့သည်။
ယွမ်ယွမ်က မယုံနိုင်စွာ ဟစ်အော်လိုက်သည်။
"အင်မော်တယ်နည်းစနစ်။ နေရာလပ်နိယာမ၊ စွမ်းအားနိယာမ။"
သူသည် ထပ်မံစဉ်းစားရန် အချိန်မရတော့ဘဲ ကောင်းကင်မိစ္ဆာစည်တော်ကို နောက်တစ်ကြိမ် ထိုးနှက်လိုက်သည်။
မိစ္ဆာချီစွမ်းအင်သည် တုန်ခါသွားပြီး ယွမ်ယွမ်၏ရှေ့တွင် အနက်ရောင်ဒိုင်းများစွာ ပြိုကျလာသည်။
သို့သော် ဤဒိုင်းများသည် လုရီ၏ လက်သီးကို သ တောင့်မခံနိုင်ခဲ့ပေ။
ခွမ်း!!!
လက်သီးတစ်ချက်တည်းဖြင့် ဒိုင်းများ ကြေမွသွားပြီး ယွမ်ယွမ်သည် လွင့်စဉ်သွားကာ သွေးများကို အဆက်မပြတ် အန်ထုတ်လိုက်ရသည်။
သူ၏အသားအရေသည် ကြည့်မကောင်းဖြစ်နေသည်။ သူက လုရီကို စူးစိုက်ကြည့ကာ မိစ္ဆာစွမ်းအင်များက သူ၏ပတ်ပတ်လည်တွင် ခြံရံထားစေလျက် မေးမြန်းလိုက်သည်။
"ဘာဖြစ်လို့လဲ။ မင်းက မဟာယာန နယ်ပယ်မှာပဲ ရှိသေးတာ၊ ဒါပေမဲ့ မင်းက နိယာမတွေ အများကြီးကို နားလည်နိုင်ပြီး အင်မော်တယ်နည်းစနစ်တွေကိုတောင် ကျွမ်းကျင်နိုင်ရတာလဲ။"
လုရီက ခဏ စဉ်းစားပြီးနောက် ခပ်သော့သော့ရယ်မောလိုက်သည်။
"ဒါက ကျွန်တော့်မှာ အရည်အချင်းကောင်းကောင်း ရှိလို့ ဖြစ်မယ် ထင်တယ်။"
ရိုးရိုးသားသားပြောရလျှင်၊ တာအိုရတနာများစွာကို အသုံးပြုပြီးသည့်အပြင် ဖရိုဖရဲ ချီစွမ်းအင်ဖြင့် အခြေခံ အုတ်မြစ်ချခဲ့ပြီးနောက် သူ၏ အရည်အချင်းသည် အမှန်တကယ်ပင် အထင်ကြီးလောက်စရာ အဆင့်တွင်ရှိနေသည်။
ထျန်းမင်၏ သမိုင်းတစ်လျှောက်လုံးတွင် သူနှင့် နှိုင်းယှဉ်နိုင်သူ များများစားစား မရှိလောက်ဟု လုရီ ခံစားမိသည်။
ယွမ်ယွမ် - "..."
ဤစကားကို ကြားသောအခါ သူသည် တစ်ခဏမျှ စကားမပြောနိုင်ဖြစ်သွားသည်။
ထို့နောက် သူက ခါးသီးစွာ ရယ်မောလိုက်ပြီး သူ၏ပါးစပ်ထောင့်မှ သွေးစများကို သုတ်လိုက်ကာ ဆိုလိုက်သည်။
"ငါ့ ကောင်းကင်မိစ္ဆာနန်းတော်က ဒီလောက် ကြောက်စရာကောင်းတဲ့ ရန်သူမျိုးကို ရန်စမိလိမ့်မယ်လို့ ငါ မထင်ခဲ့ဘူး။"
လုရီက ညင်သာစွာ ရယ်မောလိုက်သည်။
"အဟင်း...တကယ်တော့ ကျွန်တော်က ကောင်းကင်မိစ္ဆာနန်းတော်ကို ဒုက္ခပေးဖို့ အစီအစဉ်မရှိခဲ့ပါဘူး၊ ဒါပေမဲ့ ခင်ဗျားတို့က ကျွန်တော့်ကို အလွတ်ပေးမယ့်ပုံ မပေါ်ဘူးထင်လို့။ ကျွန်တော်က ပြန်ခုခံရုံသက်သက်ပဲ။"
ဤစကားကို ကြားသောအခါ ယွမ်ယွမ်၏ နှုတ်ခမ်းများ လှုပ်ရှားသွားပြီး သူ၏မျက်နှာပေါ်တွင် နောင်တအရိပ်အယောင်တစ်ခု ပေါ်လာပြီးနောက် သူ၏မျက်နှာအမူအရာသည် တဖန်ပြန်လည်တည်ကြည်သွားသည်။
"စကားတွေ အများကြီးပြောလည်း အသုံးမဝင်တော့ဘူး။ ဒီအခြေအနေမှာတော့ မင်းသေ၊ ငါသေပဲ။"
လုရီ၏ မျက်နှာပေါ်မှ အပြုံးသည်လည်း ပျောက်ကွယ်သွားပြီး သူ၏မျက်နှာအမူအရာသည်လည်း တန်းတူရည်တူ တည်ကြည်သွားသည်။
"ခင်ဗျားရဲ့အစွမ်းက အားမနည်းပါဘူး စီနီယာ။ ဝမ်းနည်းစရာပဲ။"
ယွမ်ယွမ်က အေးစက်သောအလင်းတန်းတစ်ချက် လင်းလက်ကာ ရယ်မောလိုက်သည်။
"ကောင်လေး၊ မင်းနိုင်ပြီးပြီဆိုသလို သိပ်ပြီး
မသေချာစမ်းနဲ့။"
ရုတ်တရက်ပင် သူ၏မျက်လုံးများမှ အမှောင်မြူခိုးစီးကြောင်းများ စီးထွက်လာပြီး
ယွမ်ယွမ်၏မျက်နှာသည် အေးစက်သော အရောင်ကို ဆောင်နေသည်။
"အစစ်အမှန် မိစ္ဆာ လျှို့ဝှက်နည်းစနစ်၊ မိစ္ဆာသွေးသန့်စင်ခြင်း။"
နောက်တစ်ခဏ၌ အစစ်အမှန် နဂါး ပုံရိပ်ယောင်နှင့် ရောထွေးနေသော အစစ်အမှန် ကောင်းကင်မိစ္ဆာ ခန္ဓာသည် ဟိန်းဟောက်ကာ တစ္ဆေအလင်းတန်းမျှင်အဖြစ်သို့ ပြောင်းလဲပြီး
ယွမ်ယွမ်၏ ကိုယ်ခန္ဓာထဲသို့ ပေါင်းစပ်ဝင်ရောက်သွားသည်။
အစစ်အမှန်ကောင်းကင်မိစ္ဆာ ကိုယ်ခန္ဓာ ပေါင်းစပ်ဝင်ရောက်သွားသည်နှင့် ယွမ်ယွမ်၏ ပတ်ပတ်လည်ရှိ မိစ္ဆာစွမ်းအင်သည် လှုပ်ခတ်သွားပြီး သူ၏အရှိန်အဝါသည် သိသိသာသာ တိုးတက်လာသည်။ သူ၏အနက်ရောင်ဆံပင်များ လွင့်ပျံနေပြီး သူ၏ မူလချောမောသောမျက်နှာသည် နာကျင်မှုကြောင့် ရှုံ့မဲ့သွားပြီး ကြမ်းကြုတ်သော ရုပ်သွင်သို့ ပြောင်းလဲသွားသည်။
လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်အမှတ်အသားတစ်ခုသည် သူ၏နဖူးပေါ်တွင် ပေါ်ထွက်လာသည်နှင့်တပြိုင်နက် သူ၏ကိုယ်ခန္ဓာပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာကာ မိစ္ဆာစွမ်းအင်သည် သူ၏မျက်နှာပြင်ပေါ်တွင် စစ်ချပ်ဝတ်တန်ဆာတစ်ခုအဖြစ် ဖွဲ့စည်းလိုက်သည်။
ထိုအခိုက်အတန့်တွင် ယွမ်ယွမ်သည် စစ်မှန်သော မိစ္ဆာတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည့်အလား၊ သူ၏ကြီးမားလှသော မိစ္ဆာစွမ်းအင်သည် ကောင်းကင်သို့ ထိုးတက်သွားပြီး မဟာအခင်းအကျင်းကြီးကပင် အပြည့်အဝ
မထိန်းချုပ်နိုင်တော့ပေ။
ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာအလင်းရောင်သည် ကောင်းကင်ကို ထွင်းဖောက်သွားပြီး သဲကန္တာရထဲတွင် အမှောင်ထုအတိပြီးသော အလင်းတိုင်ကြီးတစ်ခုကို ဖွဲ့စည်းလိုက်သည်။
ထိုအခါ အရှေ့ပိုင်းနယ်မြေနှင့် ဗဟို နယ်မြေတစ်ခွင်ရှိ အစွမ်းထက်ကျင့်ကြံသူများသည် ထိုသို့သော ကြောက်မက်ဖွယ်ကောင်းသည့် မိစ္ဆာစွမ်းအင်ကို ခံစားမိကြသည်။
အမျိုးမျိုးသော အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေများမှ ဘိုးဘေးအိုများ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။
"ထပ်ပြီးတော့လား။"
"နောက်ဆုံးတစ်ခေါက်ကတည်းက ဆယ်နှစ်တောင်မပြည့်သေးဘူး၊ ဘယ်လိုလုပ် ဒီလောက်အားကောင်းတဲ့ တိုက်ပွဲတုန်ခါမှုမျိုး ထပ်ဖြစ်ရတာလဲ။"
"ဟင်းလင်းပြင်အင်မော်တယ်... ဒါက ဟင်းလင်းပြင်အင်မော်တယ်အဆင့်ရဲ့ အားကောင်းတဲ့ အရှိန်အဝါပဲ။"
နတ်ဓားဂိုဏ်းအတွင်း၌ ဆံပင်ဖြူဖြူနှင့် အဘိုးအိုတစ်ဦးက သူ၏မျက်လုံးများကို ဖွင့်လိုက်ရာ သူ၏အကြည့်သည် ကလေးငယ်တစ်ဦးကဲ့သို့ ကြည်လင်နေ၏။ ထိုသူက နတ်ဓားဂိုဏ်း၏ သခင်ကြီး (ဝါ)ယခင် ဂိုဏ်းချုပ်ပင်။
သူသည် မတ်တပ်ထရပ်လိုက်ပြီး သဲကန္တာရလားရာဘက်သို့ ကြည့်ကာ တိုးညှင်းစွာ ရေရွတ်လိုက်သည်။
"ဒီလောက်အားကောင်းတဲ့ အရှိန်အဝါ၊ ဒီလောက်ပြင်းထန်တဲ့ မိစ္ဆာသဘာဝ... အထဲမှာ ကောင်းကင်မိစ္ဆာတစ်ကောင်ရဲ့ အနှစ်သာရ ပါနေပုံပဲ..."
ခဏမျှ စဉ်းစားပြီးနောက် သူသည် ဓားအလင်းတန်းအဖြစ်သို့ ပြောင်းလဲကာ တစ်ခဏအတွင်း မိုင်ပေါင်းထောင်ချီ ဖြတ်ကျော်လျက် သဲကန္တာရဆီသို့ အရှိန်ပြင်းစွာ သွားရောက်တော့သည်။
ဗဟိုနယ်မြေရှိ သားရဲတစ်သောင်းတောင်တန်း၏ ဆိတ်ငြိမ်သော တောင်ကြားတစ်ခုတွင်၊ အစိမ်းရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော ဆံပင်ဖြူဖြူနှင့် အဘိုးအိုတစ်ဦးသည် နက်ရှိုင်းသော တောင်ကြားရေတံခွန်တစ်ခုရှေ့တွင် လေပေါ် တင်ပျဉ် ဖွဲ့ခွေနေ၏။
နောက်တစ်ခဏ၌ သူသည်လည်း မျက်လုံးများ ဖွင့်လာပြီး သဲကန္တာရလားရာဘက်သို့ အကြည့်ပို့လိုက်ရာ သူ၏မျက်လုံးများတွင် အံ့ဩမှုအရိပ်အယောင်တစ်ခု ထင်ဟပ်လာလေ၏။
"ရှစ်နှစ်အကြာက မဟာတိုက်ပွဲက အရှိန်အဝါ... ဒီလောက်တောင် အားကောင်းလာပြီလား... ဟင်းလင်းပြင်အင်မော်တယ်အဆင့် စွမ်းအားလား။ ပြီးတော့ တခြား အရှိန်အဝါ တစ်ခုက... ကောင်းကင်မိစ္ဆာ တစ်ကောင်လား။"
ဤအဘိုးအိုသည် မျက်မှောင်ကြုတ်ကာ ခဏမျှ စဉ်းစားပြီးနောက် သူ၏ ခေါင်းကို ငုံ့ကာ လက်ချိုးရေတွက်လိုက်ပြီး ထို့နောက် ခေါင်းခါလိုက်သည်။
"မဟာကပ်ဘေးကြီးရဲ့ ဇာစ်မြစ်က သူ မဟုတ်ဘူး... ဇာစ်မြစ်က ဒီသားရဲတစ်သောင်းတောင်တန်းထဲမှာ ရှိနေတုန်းပဲ။"
အခန်း ၅၂၁ - ဟင်းလင်းပြင်အင်မော်တယ်ကို ချေမှုန်း၍ အင်မော်တယ်လက်နက်ကို သိမ်းပိုက်ခြင်း...
~အဘိုးအိုသည် ချက်ချင်းဆိုသလို နေရာမှ ပျောက်ကွယ်သွားပြီး၊ နောက်တစ်ခဏတွင် ကောင်းကင်ယံ၌ ပေါ်လာကာ လေထဲတွင် ရပ်နေ၏။ သူ၏ပတ်လည် တစ်မီတာအတွင်း၌ ကောင်းကင်လေပြင်းသည် နူးညံ့သော လေပြေအဖြစ်သို့ ပြောင်းလဲသွားသည်။
တာအိုပညာရှင်အိုကြီးသည် အောက်ဘက်ရှိ အဆုံးမဲ့သော သားရဲတစ်သောင်းတောင်တန်းကို ငုံ့ကြည့်လိုက်ရာ သူ၏မျက်နှာထက်တွင် စိုးရိမ်မှုအရိပ်အယောင်တစ်ခု ထင်ဟပ်နေသည်။
"မဟာကပ်ဘေးကြီးတစ်ခု ချဉ်းကပ်လာနေပြီ၊ ဒါပေမဲ့ ဘယ်လိုဘေးအန္တရာယ်မျိုး ဖြစ်နိုင်မှာလဲ။ ငါတောင်မှ စိတ်မအေးနိုင်အောင် ဖြစ်နေရတယ်။"
သူသည် သက်ပြင်းချကာ ခေါင်းခါလိုက်ပြီး တောင်ကြားသို့ ပြန်သွားကာ လေနှင့်အတူ ပျံဝဲလျက် တင်ပျဉ်ခွေထိုင်နေလိုက်တော့သည်။
အမျိုးမျိုးသော အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေများမှ ရှေးဟောင်းဘိုးဘေးများသည်လည်း အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ တိုက်ပွဲဖြစ်ပွားရာနေရာသို့ ပျံသန်းလာကြပြီး၊ မည်သူ တိုက်ခိုက်နေသည်ကို သိလိုစိတ်များ
ရင်တွင်း ပြည့်နှက်နေကြသည်။
...
သဲကန္တာရထဲတွင်၊ ယွမ်ယွမ် မိစ္ဆာသွေးသန့်စင်ခြင်း လျှို့ဝှက်သိုင်းကို အသုံးပြုပြီးနောက်၊ သူ၏အရှိန်အဝါသည် သိသိသာသာ ထိုးတက်လာခဲ့သည်။ သူ၏မျက်နှာအမူအရာသည် အေးစက်နေပြီး သူ၏မျက်လုံးများမှပင် မိစ္ဆာအလင်းရောင်များ ထုတ်လွှတ်နေကာ သူ၏တစ်ကိုယ်လုံးသည် ရေခဲတမျှအေးစက်သော မိစ္ဆာသဘာဝကို ထုတ်လွှတ်နေ၏။
လုရီသည် မျက်မှောင်ကြုတ်လိုက်သည်။
မိစ္ဆာသွေးသန့်စင်ခြင်း လျှို့ဝှက်နည်းစနစ်ကို အသုံးပြုပြီးနောက် ဤဟင်းလင်းပြင်
အင်မော်တယ် ကျင့်ကြံသူသည် သူ၏မူလဇာစ်မြစ်တွင် ထူးဆန်းသော ပြောင်းလဲမှုအချို့ ဖြစ်ပေါ်သွားသကဲ့သို့ ခံစားလိုက်ရသော်လည်း၊ မည်သည့်အရာ အတိအကျ ပြောင်းလဲသွားသည်ကို သူ ကောင်းစွာ မခန့်မှန်းနိုင်ခဲ့ပေ။
သို့သော် ယခုအချိန်သည် ဤကိစ္စများကို စဉ်းစားရမည့်အချိန် မဟုတ်ပေ။ အကြောင်းမူကား
ယွမ်ယွမ်၏ လျှို့ဝှက် နည်းစနစ်အသုံးပြုမှုသည် ကောင်းကင်မိစ္ဆာစည်တော်နှင့် ပဲ့တင်ထပ်နေပုံရပြီး၊ မိစ္ဆာအလင်းတန်းမျှင်များကလည်း လှိုင်းထန်လာသောကြောင့် ဖြစ်သည်။
သူသည် သူ၏လက်ဝါးကို ကောင်းကင်မိစ္ဆာစည်တော်ပေါ်သို့ ရိုက်ချလိုက်သည်။
နောက်တစ်ခဏတွင် မီတာရာချီထူထဲသော ကြောက်မက်ဖွယ် အမှောင်အလင်းတန်းကြီး
တစ်ခု ပေါက်ကွဲထွက်လာပြီး၊ ၎င်းတွင် အရာခပ်သိမ်းကို ဝါးမျိုနိုင်စွမ်းရှိပုံ ရသော လွှမ်းမိုးသည့် အမှောင်ထု တစ်ခု ပါဝင်နေသည်။
လုရီ၏ မျက်ဆံများ ကျုံ့သွားပြီး၊ သူသည် နေရာလပ်ကို စုတ်ဖြဲကာ နေရာမှ ပျောက်ကွယ်သွားသည်။
အမှောင်အလင်းတန်းကြီးသည် မဟာအခင်းအကျင်းကြီး၏ ပုံစံများပေါ်သို့ ကျရောက်သွားရာ ကောင်းကင်နှင့်မြေကြီးကို တုန်ဟည်းသွားစေသော ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာပြီး၊ မိုင်ပေါင်းသောင်းချီသော အတွင်းမှ မြေပြင်သည် မီတာရာချီ၍ နိမ့်ကျသွားသည်။ လုရီ တပ်ဆင်ထားသော မဟာအခင်းအကျင်းကြီးပင်လျှင် အဆက်မပြတ် တုန်ခါနေပြီး ပြိုကျတော့မည့် အခြေအနေတွင် ရှိနေ၏။
လုရီ၏ မျက်နှာအမူအရာသည် တည်ကြည်သွားပြိီးနောက် သူသည် နေရာလပ်နိယာမကို အသုံးပြု၍ ယွမ်ယွမ်၏ ဘေးတွင် ပေါ်လာကာ ယွမ်ယွမ်ထံသို့ ကြီးမားသော ဖိအားကို သယ်ဆောင်ထားသော ကောင်းကင်ခွဲလက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
သို့သော် ဤတစ်ကြိမ်တွင်၊ မိစ္ဆာမြူခိုးမျှင်များသည် ယွမ်ယွမ်၏ ပတ်ပတ်လည်တွင် လည်ပတ်နေပြီး၊ သူသည် လုရီ၏ လက်သီးကို သူ၏လက်ဖြင့် တားဆီးနိုင်ခဲ့သည်။
လုရီ၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး၊ သူ နေရာလပ်နိယာမကို နောက်တစ်ကြိမ် အသုံး
မပြုမီမှာပင် အမှောင်အလင်းတန်းတစ်ခု သူ၏ရင်ဘတ်ကို လာရိုက်သည်ကို ခံစားလိုက်ရသည်။
ဘုန်းခနဲ မြည်သံနှင့်အတူ လုရီ၏ ရင်ဘတ်
စူးအောင့်သွားပြီး သူသည် နောက်သို့ လွင့်စဉ်သွားတော့သည်။
သို့သော်၊ လုရီ၏ ရုပ်ခန္ဓာသည် အလွန်အမင်း သန်မာသည့်အပြင် အဆင့်နိမ့်အင်မော်တယ်လက်နက်ဖြစ်သော ကောင်းကင်နေမင်းစစ်ချပ်ဝတ်တန်ဆာ၏ အကာအကွယ်နှင့် ပေါင်းစပ်လိုက်သောအခါ၊ သူသည် သူ၏ရင်ဘတ်ထဲတွင် အနည်းငယ် မသက်မသာ ဖြစ်ခြင်းကိုသာ ခံစားလိုက်ရသည်။
ဤသည်က ယွမ်ယွမ်၏ မျက်နှာအမူအရာကို တောင့်ခဲသွားစေပြီး၊ သူ၏ မိစ္ဆာမြူခိုးများ ယိုစိမ့်ထွက်နေသော အေးစက်သည့်မျက်လုံးများသည် တုန်ခါသွားကာ လုရီကို မိစ္ဆာတစ်ကောင်ကဲ့သို့ ကြည့်နေမိတော့သည်။
လုရီက ပြုံးလိုက်သည်။
"ဘယ်လိုလဲ စီနီယာ၊ ခင်ဗျားက တော်တော်လေး အားကောင်းလာပေမ့် ခင်ဗျားရဲ့ တိုက်ခိုက်စွမ်းအားကတော့ နည်းနည်း အားနည်းနေတုန်းပဲ။"
လျှို့ဝှက်သိုင်းကို အသုံးပြုပြီးနောက်
ယွမ်ယွမ်သည် ပို၍ပင် အေးစက်တည်ငြိမ်သွားပြီး သူက ကောင်းကင်မိစ္ဆာစည်တော်ကို အဆက်မပြတ် ထိုးနှက်နေတော့သည်။
ကောင်းကင်မိစ္ဆာစည်တော်သံများ ဟိန်းလာသည်မှာ ကောင်းကင်မိစ္ဆာကိုယ်တိုင်၏ ဟိန်းဟောက်သံများ အဆက်မပြတ် ပဲ့တင်ထပ်နေသည့်အလားပင်။
ကောင်းကင်တွင် မိစ္ဆာအလင်းရောင်များ လည်ပတ်နေစဉ် အမှောင်ထုအတိပြီးသော အလင်းတိုင်များအဖြစ်သို့ ပြောင်းလဲကာ လုရီထံသို့ အရှိန်ပြင်းစွာ တိုးဝင်လာသည်။
ဤအလင်းတိုင်များသည် အပြန်အလှန်ယှက်နွှယ်ကာ ကောင်းကင်နှင့်မြေကြီး ပိုက်ကွန်အား ဖွဲ့စည်းလိုက်ပြီး လုရီကို ပြေးဖို့ အခွင့်အရေး
မပေးတော့ပေ။
သို့တိုင်၊ နေရာလပ်နိယာမကို ပိုင်ဆိုင်သော လုရီအတွက်မူ ဤသည်တို့မှာ ထိရောက်မှု မရှိသေးပေ။
လုရီသည် ဟင်းလင်းပြင်ကို ဖြတ်သန်းသွားလာရင်း ယွမ်ယွမ်၏ ဘေးတွင် ချက်ချင်းပေါ်လာပြီး သူ၏မျက်နှာမှာ အေးစက်နေကာ ကောင်းကင်ခွဲလက်သီးကို နောက်တစ်ကြိမ် ထုတ်ဖော်လိုက်သည်။
ယွမ်ယွမ်၏ အသံသည် ထက်ရှနေသည်။
"အသုံးမဝင်ဘူး။"
ပြောပြောဆိုဆိုပင် သူ၏ ကိုယ်ခန္ဓာသည် လည်ပတ်နေသော မိစ္ဆာမြူခိုးများဖြင့် ဖုံးလွှမ်းနေပြီး လုရီ၏ တိုက်ခိုက်မှုကို တားဆီးရန် ပြင်ဆင်လိုက်သည်။
သို့သော် နောက်တစ်ခဏ၌ ယွမ်ယွမ်၏ အသားအရေ ပြောင်းလဲသွားသည်။ အကြောင်းမူကား လုရီ၏ အရှိန်အဝါသည် ရုတ်တရက် ထိုးတက်သွားပြီး သူ၏ကိုယ်ခန္ဓာသည် စီးဆင်းနေသော သွေးများကဲ့သို့ မီးတောက်များဖြင့် လောင်ကျွမ်းနေသည့်အလား ထင်မှတ်ရ၏။
သွေးလောင်ကျွမ်းခြင်း လျှို့ဝှက်နည်းစနစ်။
လုရီသည် သွေးလောင်ကျွမ်းခြင်း လျှို့ဝှက်နည်းစနစ်ကို အသုံးပြုလိုက်ရာ သူ၏ရုပ်ခန္ဓာခွန်အားပင်လျှင် သိသိသာသာ ထိုးတက်သွားသည်။
ဘုန်း!!!
မိစ္ဆာမြူခိုးသည် လက်သီးချက်ကြောင့် ကြွေလွင့်သွားပြီး၊ နေရာလပ်သည် စုတ်ပြဲသွားကာ
ယွမ်ယွမ်၏ ကိုယ်ခန္ဓာသည် အဝေးသို့ လွင့်စဉ်သွားတော့သည်။
သူ၏မျက်နှာသည် ဖြူဖျော့နေပြီး သွေးများကို အကြိမ်ကြိမ် အန်ထုတ်လိုက်ရသည်။
လျှို့ဝှက်နည်းစနစ်ကို အသုံးပြုထားသော
ယွမ်ယွမ်ပင်လျှင် လုရီ၏ လက်သီးချက်အပြီးတွင် ကောင်းကောင်းမွန်မွန် မရှိတော့ပေ။
ယွမ်ယွမ် မယုံနိုင်ဖြစ်သွားသည်။
"ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။"
လုရီ၏ မျက်နှာအမူအရာသည် အေးစက်နေသည်။
"ခင်ဗျားက လျှို့ဝှက်နည်းစနစ်ကို သုံးနိုင်ရင်၊ သဘာဝအတိုင်းပဲ ကျွန်တော်လည်း သုံးနိုင်တာပေါ့။"
လုရီသည် နေရာလပ်နိယာမကို နောက်တစ်ကြိမ် အသုံးပြုကာ ယွမ်ယွမ်၏ ဘေးသို့ ရောက်ရှိသွားပြန်သည်။
ထိုအခါ ယွမ်ယွမ်သည် ဒေါသတကြီး ဟိန်းဟောက်ကာ ကောင်းကင်မိစ္ဆာစည်တော်ကို အသည်းအသန် တီးခတ်ပြီး
အမှောင်အလင်းတန်းများ ပစ်လွှတ်လျက် လုရီကို တားဆီးရန် ကြိုးစားရသည်။
သို့သော်၊ လုရီသည် နောက်ဆုံးတွင် နေရာလပ်ကို ဖြတ်သန်းသွားလာနိုင်ပြီး ယှဉ်နိုင်ဖွယ်မရှိသော သွက်လက်မှုရှိနေသဖြင့် ယွမ်ယွမ်အတွက် သူ၏ချဉ်းကပ်မှုကို ခုခံရန် ခက်ခဲနေသည်။
ခဏလေးအတွင်းမှာပင် လုရီသည် နေရာများစွာတွင် ပေါ်လာပြီး ကောင်းကင်ခွဲလက်သီးများကို အဆက်မပြတ် ထုတ်ဖော်ကာ ယွမ်ယွမ်၏ ပတ်ပတ်လည်ရှိ နေရာလပ်ကို ကြေမွသွားစေသည်။
ဘုန်း၊ ဘုန်း၊ ဘုန်း။
ယွမ်ယွမ်သည် လက်သီးချက်များစွာဖြင့် ထိမှန်သွားပြီး၊ မိစ္ဆာမြူခိုးသည် တဖြည်းဖြည်း ကြွေလွင့်သွားလေ၏။ တဆက်တည်း၌ လျှို့ဝှက်နည်းစနစ်ကို အသုံးပြုခြင်းကြောင့် ပေါ်လာသော သူ၏ကိုယ်ခန္ဓာပေါ်မှ အက်ကွဲကြောင်းများသည် ပို၍ကြီးမားလာပြီး၊ သွေးစီးကြောင်းများက ပန်းထွက်လာကာ သူ၏ကိုယ်ခန္ဓာကို နီရဲသွားစေသည်။
ယွမ်ယွမ်၏ အသားအရေသည် လျင်မြန်စွာ ဖြူဖျော့သွားပြီး သူ၏အရှိန်အဝါသည် လျင်မြန်စွာ အားနည်းလာတော့သည်။
ဒေါသတကြီးဖြင့် ယွမ်ယွမ်သည် ကျင့်ကြံခြင်းရတနာအမျိုးမျိုးကို ထုတ်ဖော်လိုက်ပြီး၊ အဆင့်မြင့်ဝိညာဉ်လက်နက် နှစ်ခုပင် ပါဝင်သည်။
သို့တိုင်.. အင်မော်တယ်လက်နက်များပင် လုရီ၏ တိုက်ခိုက်မှုများကို မရင်ဆိုင်နိုင်ဘဲ၊ ထိုဝိညာဉ်ပစ္စည်းနှစ်ခုသည် လုရီ၏ လက်ချက်ဖြင့် အလွယ်တကူ ကြေမွသွားသည်။
ထို့နောက် လုရီသည် ယွမ်ယွမ်၏ ကိုယ်ခန္ဓာပေါ်သို့ လက်သီးချက်များစွာကို ထပ်မံကျရောက်စေလိုက်သည်။
ယွမ်ယွမ်၏ ရုပ်ခန္ဓာသည် နေရာတွင်ပင် ပေါက်ကွဲသွားပြီး သွေးမြူခိုးတိမ်တိုက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
မိစ္ဆာအလင်းတန်းမျှင်တစ်ခုသည် သွေးမြူခိုးထဲမှ ထွက်ပေါ်လာပြီး ကောင်းကင်မိစ္ဆာစည်တော်ထဲသို့ ဝင်ရောက်သွားကာ ထို့နောက် မိစ္ဆာမြူခိုးတိမ်တိုက်တစ်ခုအဖြစ်သို့ ပြောင်းလဲပြီး မဟာအခင်းအကျင်းကြီးမှ လွတ်မြောက်ရန် ကြိုးစားတော့သည်။
လုရီ၏ မျက်နှာသည် အေးစက်သွားသည်။
" ထွက်သွားနိုင်မယ်လို့ ထင်နေတာလား။"
သူသည် လက်လှမ်းကာ ဆုပ်ကိုင်လိုက်ရာ ဧရာမ အမှောင်ရွှေရောင်လက်ကြီးတစ်ခု ပေါ်လာပြီး ကောင်းကင်မိစ္ဆာစည်တော်ကို သူ၏လက်ထဲတွင် ဖမ်းဆုပ်ထားမိလေသည်။
ဘုန်း၊ ဘုန်း၊ ဘုန်း။
ကောင်းကင်မိစ္ဆာစည်တော်သည် ဧရာမလက်ကြီးအတွင်း၌ လူးလွန့်နေပြီး လုရီ၏ တံဆိပ်ကို ချိုးဖျက်ရန် ကြိုးစားနေသည်။ အင်မော်တယ်လက်နက်၏ အစွမ်းသည် ယိုစိမ့်ထွက်လာပြီး လုရီ၏ အမှောင်ရွှေရောင်လက်ကြီးပေါ်တွင်ပင် အက်ကွဲကြောင်းရာများ ပေါ်လာစေသည်။
သို့သော်၊ လုရီက ဝိညာဉ်စွမ်းအင်ကို ထည့်သွင်းလိုက်သည်နှင့် အက်ကွဲကြောင်းများသည် လျင်မြန်စွာ ပြန်လည်ကောင်းမွန်သွားသည်။
သူသည် ဝိညာဉ်စွမ်းအင်များအား ကောင်းကင်မိစ္ဆာစည်တော်ထဲသို့ အဆက်မပြတ် သွန်းလောင်းလိုက်သည်။ နိယာမ စွမ်းအားကို တိုက်ရိုက်အသုံးပြုကာ အခင်းအကျင်းပုံစံများကို ဖန်တီး၍ စည်တော်ကို တံဆိပ်ခတ်ကာ အစိမ်းရောင်လက်စွပ်ထဲသို့ ပစ်ထည့်လိုက်လေသည်။
ထိုအခါမှသာ လုရီသည် ကျေနပ်စွာဖြင့် သူ၏ လက်များကို ပုတ်ကာ ပြုံးလိုက်သည်။
ဒီတစ်ခေါက် သူ အင်မော်တယ် လက်နက် တစ်ခုကို အမှန်တကယ် ရရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူတို့၏ အင်မော်တယ်လက်နက်ကို သူက ယူသွားမှန်း သိသွားသည့်အခါ ကောင်းကင်မိစ္ဆာနန်းတော်က ဘယ်လိုတုံ့ပြန်မလဲဟု လုရီ သိချင်နေမိသည်။
လုရီ၏ နှလုံးသားထဲတွင် သူတစ်ပါးဒုက္ခရောက်သည်ကို ဝမ်းသာသည့်စိတ် အနည်းငယ် ခံစားလိုက်ရသည်။
ထို့နောက် လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ ဟင်းလင်းပြင်အင်မော်တယ်၏ အစွမ်းသည် ကြောက်မက်ဖွယ်ကောင်းပြီး၊ သူ့ကို အနိုင်ယူရန် သွေးလောင်ကျွမ်းခြင်း လျှို့ဝှက်နည်းစနစ်ကို အသုံးပြုခိုင်းခဲ့သဖြင့် သူ အနည်းငယ် မောပန်းနေလေပြီ။
သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ၊ မရေမတွက်နိုင်သော အခင်းအကျင်းပုံစံများ ပျောက်ကွယ်သွား တော့သည်။
လုရီ ထွက်ခွာရန် ပြင်ဆင်နေစဉ်တွင် ရုတ်တရက် ရပ်တန့်သွားပြီး လားရာတစ်ခုသို့ မော့ကြည့်လိုက်သည်။
ထိုလားရာဘက်တွင် အေးစက်သော ဓားအလင်းရောင်တစ်ခုသည် လျင်မြန်စွာ ချဉ်းကပ်လာပြီး၊ ထို့နောက် ဆံပင်ဖြူဖြူနှင့် အဘိုးအိုတစ်ဦးအဖြစ်သို့ ပြောင်းလဲကာ လုရီ၏ရှေ့တွင် ပေါ်လာသည်။
လုရီ မှင်တက်သွားပြီး လျင်မြန်စွာ နှုတ်ဆက်လိုက်သည်။
"ဆရာကြီး၊ ကျွန်တော်တို့ မတွေ့ဖြစ်တာ ကြာပြီနော်"
နတ်ဓားဂိုဏ်း၏ သခင်ကြီးသည် ပတ်ပတ်လည်ကို တစ်ချက်ဝေ့ကြည့်ကာ မိုင်ပေါင်းသောင်းချီသော အတွင်းမှ မီတာရာချီ၍ ပြိုကျသွားသော မြေပြင်နှင့် သူတို့ပတ်ပတ်လည်ရှိ ကြောက်မက်ဖွယ်ကောင်းသော သဲမုန်တိုင်းကို အကဲခတ်လိုက်သည်။ ထို့နောက် လုရီကို ကြည့်လိုက်ရာ သူ၏ကြည်လင်သော မျက်လုံးများတွင် အံ့ဩမှုများဖြင့် ပြည့်နှက်နေသည်။
"နှစ်သုံးရာတောင် မပြည့်သေးတဲ့ အချိန်တိုလေးအတွင်းမှာ မင်း ဒီအခြေအနေအထိ ကြီးပြင်းလာလိမ့်မယ်လို့ ငါ မထင်ခဲ့မိဘူး၊ မိတ်ဆွေလေး
လုရီ။"
---
အခန်း ၅၂၂ - ကြီးမားသောရိတ်သိမ်းမှု၊ သားရဲတစ်သောင်းတောင်တန်းတွင် လှုပ်ခတ်မှု...
~"စီနီယာက မြှောက်လွန်းပါတယ်ခင်ဗျာ။"
လုရီက ရိုကျိုးစွာ ပြုံးလျက် တုံ့ပြန်သည်။
နတ်ဓားဂိုဏ်း၏ သခင်ကြီးက ပြန်ပြုံးပြပြီးနောက် ပတ်ပတ်လည်ကို ကြည့်ကာ ဆိုလိုက်သည်။
"ငါ အစောက ကောင်းကင်မိစ္ဆာတစ်ကောင်ရဲ့ အရှိန်အဝါကို ခံစားမိတယ်။ လုရီ၊ မိတ်ဆွေလေး၊ မင်း ဘာများတွေ့ရှိခဲ့သေးလဲ။"
ဤစကားကို ကြားသောအခါ လုရီ မှင်တက်သွားပြီး၊ ကောင်းကင်မိစ္ဆာနန်းတော်မှ ဟင်းလင်းပြင်အင်မော်တယ် အသုံးပြုခဲ့သော လျှို့ဝှက်နည်းစနစ်ကို ပြန်အမှတ်ရသွားသည်။
သူလည်း အနည်းငယ် ထူးဆန်းသည်ဟု ထင်မြင်ခဲ့သည်။
လုရီသည် မျက်မှောင်ကြုတ်ကာ ကောင်းကင်မိစ္ဆာနန်းတော်နှင့် ကောင်းကင်မိစ္ဆာများကြား ဆက်နွှယ်မှုရှိနိုင်ခြေကို စဉ်းစားနေမိသည်။
သူက တုံ့ပြန်လိုက်သည်။
"ကောင်းကင်မိစ္ဆာနန်းတော်က ဟင်းလင်းပြင်အင်မော်တယ်တစ်ပါးနဲ့ ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူနှစ်ဦးက ကျွန်တော့်ကို သတ်ဖြတ်ဖို့ ရည်ရွယ်ခဲ့ပါတယ်။ ကျွန်တော် သတင်းရပြီးတဲ့နောက်မှာ ဒီနေရာမှာပဲ ချောင်းမြောင်းတိုက်ခိုက်ဖို့ အစီအစဉ်ဆွဲခဲ့ပါတယ်။ အစောက လှုပ်ခတ်မှုက ကောင်းကင်မိစ္ဆာနန်းတော်က အဲ့ဒီဟင်းလင်းပြင်အင်မော်တယ်နဲ့ ကျွန်တော့်ရဲ့ တိုက်ပွဲကြောင့် ဖြစ်ခဲ့တာပါ။ ဆရာကြီး ပြောတာ အဲ့ဒါလားခင်ဗျာ။"
နတ်ဓားဂိုဏ်းမှ သခင်ကြီးသည် တွေးတောဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်ပြီးနောက် လုရီကို ပြုံးပြကာ ဆိုလိုက်သည်။
"ကောင်းကင်မိစ္ဆာနန်းတော်က ဟင်းလင်းပြင်အင်မော်တယ်တစ်ပါး... ငါနားလည်ပြီ။ ဒီကိစ္စကို ငါ သေချာစုံစမ်းကြည့်လိုက်မယ်။ ငါ့ကို အသိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ မိတ်ဆွေလေးလုရီ။"
လုရီက ပြုံးကာ ဆိုသည်။
"စီနီယာက သိပ်အားနာတတ်တာပဲ။"
အရှေ့ပိုင်းနယ်မြေမှ ဓားကျင့်ကြံသူအားလုံးနှင့် ဓားတာအိုကို မျှဝေပေးလိုသော ဤစီနီယာအပေါ် လုရီ အလွန်လေးစားမိသည်။
အကယ်၍ ယခင်က ဓားတာအိုအစည်းအဝေးသာ မရှိခဲ့ပါက၊ လုရီ၏ ဓားတာအိုနားလည်နိုင်စွမ်းသည် ဤမျှ ချောမွေ့စွာ တိုးတက်လာမည် မဟုတ်ပေ။
နောက်ဆုံးတော့ လုရီသည် ဓားတာအိုညီလာခံတွင် ဆုလာဘ်များ အတော်များများ ရရှိခဲ့သည်။
သို့သော်၊ ကောင်းကင်မိစ္ဆာများသည် အာကာသအပြင်ဘက်မှ မျိုးနွယ်တစ်ခု ဖြစ်ပုံရသည်။ လွန်ခဲ့သောနှစ်များစွာက ဆရာကြီး၏ နှိမ်နင်းခြင်းကို ခံခဲ့ရပြီးနောက် ထျန်းမင်တွင် သူတို့သာ ရှိနေသေးသည်ဟု ထင်မှတ်ရပါသည်။
ဤအတွေးများဖြင့် လုရီက ပြုံးကာ ဆိုလိုက်သည်။
"စီနီယာ၊ တခြားကိစ္စ မရှိတော့ရင် ကျွန်တော် ထွက်ခွာခွင့်ပြုပါတော့။"
နတ်ဓားဂိုဏ်း၏ သခင်ကြီးက ခေါင်းညိတ်လိုက်ည်။
"သွားတော့လေ။"
လုရီသည် အလင်းတန်းအလား ပြောင်းလဲကာ နေရာမှ ပျောက်ကွယ်သွားသည်။
နတ်ဓားဂိုဏ်း၏ သခင်ကြီးသည်
အောက်ဘက်ရှိ နိမ့်ကျသွားသော တောကန္တာရကို တွေးတောဟန်ဖြင့် ငုံ့ကြည့်နေပြီးနောက် ကောင်းကင်မိစ္ဆာနန်းတော်ရှိရာ လားရာဘက်သို့ ဦးခေါင်းကို မော့ကြည့်လိုက်သည်။
ထိုစဉ် အလင်းတန်းစီးကြောင်းများစွာ လျင်မြန်စွာ ချဉ်းကပ်လာကြသည်။ သူတို့သည် တိုက်ပွဲမှ ကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှုများကြောင့် ဆွဲဆောင်ခံခဲ့ရသော ဖန်ထျန်းယောင်၊ လုံမင်၊ထင်းကျုံးရှင်းနှင့် အခြားကပ်ဘေးဖြတ်ကျော် ဘိုးဘေးများ ဖြစ်ကြသည်။
နတ်ဓားဂိုဏ်း၏ သခင်ကြီးကို မြင်သောအခါ ကျင့်ကြံသူအားလုံး ရပ်တန့်သွားကြပြီး၊
ဖန်ထျန်းယောင်က ရိုသေစွာ နှုတ်ဆက်လာလေသည်။
"ဆရာကြီး.."
ကျင့်ကြံသူအုပ်စုသည်လည်း သူတို့၏ လေးစားမှုကို ပြသကြသည်။
နတ်ဓားဂိုဏ်း၏ သခင်ကြီးသည် ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သော်လည်း၊ သူသည် သာမန်တစ်ဦးထက် များစွာပို၍ အစွမ်းထက်ပေသည်။
သူသည် ကောင်းကင်တာအိုကို ဆုပ်ကိုင်ထားပြီး ကောင်းကင်တာအိုဓား ဖြစ်သော ဓားတာအိုကို ကျင့်ကြံခဲ့သည်။ ကောင်းကင်နှင့်မြေကြီးသည် သူ၏အမိန့်ကို နာခံပြီး သူ၏တိုက်ခိုက်ရေးစွမ်းအားသည် သာမန်ဟင်းလင်းပြင်
အင်မော်တယ်တစ်ပါးထက် ကျော်လွန်လေသည်။
နတ်ဓားဂိုဏ်း၏ သခင်ကြီးက အသိအမှတ်ပြုသည့်အနေဖြင့် လူအုပ်ကို ခေါင်းညိတ်ပြလိုက်သည်။
ဖန်ထျန်းယောင်နှင့် အခြားသူများသည် မိုင်ပေါင်းသောင်းချီ ကျယ်ဝန်းသော ကြီးမားသည့် ချိုင့်ကြီး၊ ကောင်းကင်၌ ရှိနေသေးသော နေရာလပ်အက်ကွဲကြောင်းများနှင့် လှိုင်းထန်နေသော ကြောက်မက်ဖွယ်စွမ်းအားများကို ကြည့်ကာ အလွန်အမင်း တုန်လှုပ်သွားကြသည်။
ဖန်ထျန်းယောင်က စုံစမ်းသည်။
"ဆရာကြီး၊ မဟာတိုက်ပွဲမှာ ဘယ်သူ ရှိနေလဲဆိုတာ ခင်ဗျား တွေ့လိုက်လားဗျ။"
လုံမင်ကလည်း သံသယဖြင့် မေးသည်။
"အဲ့ဒီကောင်လေး လုရီရဲ့ တည်ရှိမှုကို ကျွန်တော်ခံစားမိတယ်၊ သူ မဟုတ်နိုင်ဘူး မဟုတ်လား။"
ထိုအခါ အခြား ကပ်ဘေးဖြတ်ကျော် ဘိုးဘေးများက နတ်ဓားဂိုဏ်း၏ သခင်ကြီးကို ပြိုင်တူ ကြည့်လိုက်ကြသည်။
ထိုအခါ နတ်ဓားဂိုဏ်း၏ သခင်ကြီးက ခပ်ဟဟ ရယ်မောကာ ခေါင်းညိတ်ရင်း အတည်ပြုလိုက်သည်။
"ဟုတ်တယ်၊ ငါ မိတ်ဆွေလေးလုရီကို တွေ့ခဲ့တယ်။"
"ဟူး..."
ကပ်ဘေးဖြတ်ကျော် ဘိုးဘေးအားလုံး၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူတို့သည် တုန်လှုပ်စွာဖြင့် အသက်ရှူမှားသွားကြသည်။
"သူ ဟုတ်နေတာလား။"
"ရှစ်နှစ်အကြာကတည်းက သူလို့ ငါထင်ခဲ့တာ။ အဲ့ဒီကောင်လေး၊ သူ့အစွမ်းက အခု ဒီလောက်တောင် ကြောက်စရာကောင်းနေပြီလား။ ဒီလောက်လှုပ်ခတ်မှုမျိုးကို ငါတောင်မှ မလုပ်နိုင်ခဲ့ဘူး။"
ဘိုးဘေးတစ်ဦးက မေးသည်။
"ဒါဆို အဲ့ဒီကောင်လေးရဲ့ ပြိုင်ဘက်က ဘယ်သူလဲ။"
နတ်ဓားဂိုဏ်း၏ သခင်ကြီးက တည်ငြိမ်စွာ ဆိုလိုက်သည်။
"ကောင်းကင်မိစ္ဆာနန်းတော်က ဟင်းလင်းပြင်အင်မော်တယ်တစ်ပါးပဲ။"
"???"
ကပ်ဘေးဖြတ်ကျော် ဘိုးဘေးအုပ်စုသည် နေရာတွင်ပင် ကျောက်ရုပ်များပမာ ရပ်တန့်သွားကြပြီး၊ နားမလည်နိုင်စွာဖြင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အံ့ဩမှင်တက်ကာ တိတ်ဆိတ်သွားကြတော့သည်။
...
ကပ်ဘေးဖြတ်ကျော် ဘိုးဘေးအုပ်စု အံ့ဩနေစဉ်တွင် လုရီသည် တိမ်ဖြူဂိုဏ်းသို့ ပြန်ရောက်နေခဲ့ပြီဖြစ်သည်။
သူ သူ၏ဂူစံအိမ်အပြင်ဘက်သို့ ရောက်သည်နှင့် လုရီသည် လင်းလောင်တောင်ထိပ်သခင်မနှင့် လျိုနင်ရွှမ်း၊ ထို့အပြင် ယွင်ရှီးကိုပါ တွေ့လိုက်ရသည်။
ကျန်းရူယွီနှင့် သုန်းကုန်းမင်ယွဲ့တို့သည် တံခါးပိတ်ကျင့်ကြံနေကြသည်။
သူတို့သုံးဦးသည် အတူတကွ စုဝေးကာ ကြယ်ငယ်လေးနှင့် ကစားနေကြသည်။
နှစ်ပေါင်းများစွာ ဆက်သွယ်ပြီးနောက်၊ ကြယ်ငယ်လေးသည် နောက်ဆုံးတွင် သူမတို့ကို ထိကိုင်ခွင့်ပြုချေပြီ။ သို့သော်လည်း၊ ၎င်းမှာ အနည်းငယ်မျှသာ ထိတွေ့ခြင်းသာ ဖြစ်သည်။
သို့တိုင် ဤသည်က သူမတို့ကို ဝမ်းမြောက်ဝမ်းသာဖြစ်စေပြီး တစ်ဦးချင်းစီသည် ပျော်ရွှင်မှုများဖြင့် လွှမ်းမိုးနေကြသည်။
သုံးဦးကို မြင်သောအခါ လုရီ ခေတ္တကြောင်သွားပြီး ရယ်မောကာ မေးလိုက်သည်။
"ဆရာ၊ စီနီယာအစ်မ၊ ယွင်ရှီး၊ ခင်ဗျားတို့ ဒီမှာ ဘာလုပ်နေကြတာလဲ။"
လင်းလောင်တောင်ထိပ်သခင်မက သမ်းဝေကာ တုံ့ပြန်သည်။
"နင် ဘာတွေများ ထပ်လုပ်လာပြန်ပြီလဲ။ ငါ ကျင့်ကြံနေတုန်းတောင် အဝေးက လှုပ်ခတ်မှုကို ခံစားမိတယ်။"
ထိုအခါ လုရီက လတ်တလောအဖြစ်အပျက်များကို ပြန်ပြောင်းပြောပြလိုက်ရာ၊ လင်းလောင်တောင်ထိပ်သခင်မက မျက်ခုံးပင့်လိုက်သည်။
" ကောင်လေး၊ နင် ဟင်းလင်းပြင်အင်မော်တယ်တစ်ပါးကို အနိုင်ယူနိုင်ခဲ့တယ် ဟုတ်လား။ အဲ့ဒါက အင်မော်တယ်လက်နက် ပိုင်ဆိုင်ထားတဲ့
တစ်ယောက်ကိုတောင်လား။"
လျိုနင်ရွှမ်းနှင့် ယွင်ရှီးတို့သည်လည်း လုရီကို စိုက်ကြည့်ရင်း တုန်လှုပ်နေကြသည်။
လျိုနင်ရွှမ်းက တိုးညင်းစွာ သက်ပြင်းချသည်။
"ဂျူနီယာမောင်လေးရဲ့ အစွမ်းက ပိုပိုပြီး အားကောင်းလာနေတာပဲ။"
ယွင်ရှီးကလည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။
လုရီသည် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်ကာ ပြုံးပြီး ဆိုလိုက်သည်။
"ဒီ တံခါးပိတ် ကျင့်ကြံတဲ့ ကာလအတွင်းမှာ ကျွန်တော် တော်တော်လေး တိုးတက်လာတယ်လို့ ခံစားမိတယ်။"
လင်းလောင်တောင်ထိပ်သခင်မက မျက်လုံးလှန်လိုက်သည်။
"အဲ့ဒီအင်မော်တယ်လက်နက်ကို နင့်ဆရာကိုပြဖို့ ထုတ်လိုက်စမ်း။"
လုရီက ခေါင်းညိတ်ပြီး ကောင်းကင်မိစ္ဆာစည်တော်ကို ထုတ်ယူလိုက်သည်။
စည်တော်သည် ထူထဲသော အခင်းအကျင်းပုံစံများဖြင့် ဖုံးလွှမ်းနေပြီး၊ အမျိုးမျိုးသော နိယာမများ၏ အရှိန်အဝါကို ထုတ်လွှတ်နေသည်။
လင်းလောင်တောင်ထိပ်သခင်မ၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။
"ဓားတာအိုနိယာမ၊ စွမ်းအားနိယာမ၊ အင်မော်တယ်နိယာမ၊ ရေခဲနိယာမ၊ မိုးကြိုးနိယာမ၊ သဘာဝနိယာမ... နိယာမတွေ ဒီလောက်အများကြီးကို မင်း ဘယ်လိုလုပ်ပြီး ဆုပ်ကိုင်နိုင်ခဲ့တာလဲ ။ မသိတဲ့လူတွေက နင့်ကို စစ်မှန်တဲ့အင်မော်တယ်လို့တောင် ထင်သွားနိုင်တယ်။"
လျိုနင်ရွှမ်းနှင့် ယွင်ရှီးတို့သည်လည်း ရေခဲနိယာမနှင့် သဘာဝနိယာမ၏ အရှိန်အဝါကို ခံစားမိနိုင်ပြီး အလားတူ တုန်လှုပ်နေကြသည်။
ထိုအခါမှာ လုရီက ခပ်ဟဟ ရယ်မောလိုက်သည်။
"ဒါက ကျွန်တော့်မှာ အရည်အချင်းကောင်းကောင်း ရှိလို့ ဖြစ်မယ်ထ င်တယ်၊ ပြီးတော့ နိယာမတွေကို နားလည်တဲ့ နေရာမှာ
ကျွန်တော့်အနေနဲ့ နည်းနည်းလေး ကျွမ်းကျင်တယ်လို့ တွေ့ရပါတယ်။"
ယွင်ရှီးက တိုးညင်းစွာ နှုတ်ခမ်းများ လှုပ်လိုက်သည်။
"နည်းနည်းလေး ကျွမ်းကျင်တာတဲ့လား..."
သုံးဦးလုံး၏ နှလုံးသားထဲတွင် ဆူးတစ်ချောင်း စိုက်ဝင်သွားသလို ခံစားလိုက်ရလေသည်။
လင်းလောင်တောင်ထိပ်သခင်မက ကောင်းကင်မိစ္ဆာ စည်တော်မှ အဆက်မပြတ် ထုတ်လွှတ်နေသော မိစ္ဆာအရှိန်အဝါကို စိုက်ကြည့်ရင်း မျက်ခုံးပင့်လိုက်သည်။
"ဒါက ကောင်းကင်မိစ္ဆာရဲ့ စွမ်းအားပဲ... ဒီကောင်းကင်မိစ္ဆာနန်းတော်က ကောင်းကင်မိစ္ဆာတွေနဲ့ အဆက်အသွယ် တချို့ ရှိကို ရှိရမယ်။"