အခန်း (၁၀၆-၁၀၈)
Vol. 8 Ch. 106-108
အခန်း(၁၀၆) ခြေတစ်လှမ်းလှမ်းတိုင်း ကြာပန်းများပွင့်လန်းလာခြင်း
ထိုအချိန်တွင် ချင်းယွီသည် အလျင်အမြန် စိတ်ပြန်ထိန်း၍ ထိုသူများကို ပြုံးပြကာ ဂုဏ်ပြုထိုင်ခုံဆီသို့ ဖြည်းညှင်းစွာလျှောက်သွားသည်။
“ရှင်တို့ထဲက တစ်ယောက်မှ ကျွန်မကို မသိကြဘူးလို့ ထင်ပါတယ်။ ကျွန်မနာမည်က ချင်းယွီပါ ဒီနေရာကို ကျွန်မ ဖိတ်ကြားခဲ့ရတဲ့အကြောင်းရဲ့ အဓိကအချက်ကတော့ မိတ်ဖက်ဖို့ပါပဲ။ ဒုတိယကတော့ အခုကစပြီး ရှဲ့မိသားစုရဲ့ပိုင်ဆိုင်မှုတွေက ချင်းမိသားစုအပိုင်ဖြစ်သွားပြီဆိုတာ လူတိုင်းကို အကြောင်းကြားဖို့ပါပဲ”
ဤကြီးကျယ်ခမ်းနားသော စကားလုံးများအားလုံး ရပ်သွားသည့်အခါ ခန်းမအတွင်းရှိလူများ ရုတ်ရုတ်သဲသဲဖြစ်လာကြသည်။
“မစ္စချင်း မင်းတို့ ချင်းမိသားစုရဲ့ ပန်းတိုင်က အရမ်းမလွန်လွန်းဘူးလား” လူတစ်ယောက်က လှောင်ရယ်လိုက်သည်။
“အမှန်ပဲ။ ပေကျန်းနဲ့ ငါတို့ ပြည်နယ်မြို့တော်နဲ့က အမြဲတမ်း သူ့အကန့်နဲ့ သူနေကြတာပဲ။ ရုတ်တရက် မင်းက လုပ်ကြံပြီး ရှဲ့မိသားစုကိုတောင် ချေမှုန်းပစ်လိုက်တယ်ပေါ့။ မင်းတို့ရဲ့ ချင်းမိသားစုက ဘာကိုဆိုလိုချင်တာလဲ”
ဤစကားလုံးများအားလုံးသည် ချင်းယွီကို တိမ်ဖုံးသွားလုနီးပါးပြင်းထန်လှသည်။
ချင်းယွီ၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုအရိပ်အယောင်တချို့ ဖြတ်ပြေးသွားသော်လည်း သူမသည် နှုတ်ခမ်းလွှာများကို ကိုက်ထားလျက် ပြောလိုက်၏။
“ကျွန်မတို့အားလုံးက ဟွာရှားကလေ။ လွန်သွားပြီဆိုတာ ဘာကိုဆိုလိုချင်တာလဲ”
“မဟုတ်ဘူး ဒီကိစ္စက အဲ့လောက် မရိုးရှင်းဘူး”
လူအုပ်သည် စတင်၍ ငြင်းခုန်လာကြသည်။ ဖုန်းမိသားစုသည် ရှီမိသားစု၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေကြသောကြောင့် တစ်လျှောက်လုံး တိတ်တဆိတ်နေနေခဲ့သည်။ ရှီတုန်က တည်ငြိမ်စွာဖြင့် လက်ဖက်ရည်သောက်နေသည်ကို မြင်လိုက်ရသောအခါ သူတို့အားလုံး အံ့သြကုန်ကြ၏။ ဖုန်းချီက မျက်မှောင်ကြုတ်လိုက်သည်။
‘ရှီတုန် ဘာတွေကြံစည်နေတာလဲ’
ဤအခိုက်အတန့်တွင် ဖုန်းချောင်စီသည် ဆက်လက်၍ မြိုသိပ်မနေနိုင်တော့ဘဲ လှောင်ပြောင်သောအပြုံးကို ဆင်မြန်းလျက် မတ်တပ်ထရပ်၍ ပြောလိုက်သည်။
“မစ္စချင်း မင်းလိုမျိုး မိန်းမလှလေးက ငါနဲ့အတူတူ ညစာစားပြီး သောက်နေသင့်တယ်ထင်တယ်။ နောက်ပြီးရင် တစ်ညတာအတူတူကုန်ဆုံးဖို့ ဟိုတယ်တစ်ခုရှာကြတာပေါ့။ မင်း ဒီကိစ္စတွေနဲ့ မပတ်သက်သင့်ဘူးလို့ ထင်တယ်”
ဤစကားလုံးများထွက်လာသောအခိုက်အတန့်တွင် ခန်းမတွင်းရှိ လူအများက ရယ်မောလိုက်ကြသည်။
ချင်းယွီ၏ အမူအရာသည် တဖြည်းဖြည်း နက်မှောင်လာသည်။
“ကျေးဇူးပြုပြီး လေးစားမှုပြပေးပါ”
ဖုန်းချောင်စီက လှောင်ရယ်ပြီးနောက် သူ၏ လက်နှစ်ဖက်ကို လက်အုပ်ချီသော သဏ္ဍာန်ပြု၍ ပြောလိုက်သည်။
“ဖုန်းမိသားစုက မင်းကို လေးစားတာကို ခံချင်တာလား။ ကောင်းပြီလေ။ ရှဲ့မိသားစုရဲ့ပိုင်ဆိုင်မှုတစ်ဝက်ကို ငါတို့ ယူမယ်”
ဤတောင်းဆိုမှုသည် လူအများကို မျက်နှာပျက်သွားစေသည်။ လူတိုင်းသည် ရှဲ့မိသားစု၏ ကျန်ရစ်သော ပိုင်ဆိုင်မှုကို မျက်စိကျနေကြခြင်းဖြစ်ကာ ယခု ဖုန်းမိသားက ယင်း၏ ထက်ဝက်ခန့်ကို တောင်းဆိုလိုက်ခြင်းသည် အခြားသူများက အနည်းငယ်မျှသာ ရရှိတော့မည်ဟု ဆိုလိုခြင်းဖြစ်၏။
ချင်းယွီက ဒေါသစိတ်ဖြင့် လှောင်ရယ်လိုက်သည်။
“ဘာ ရှင်တို့ဖုန်းမိသားစုက ဒီလောက် လုပ်နိုင်လို့လား”
“လုပ်နိုင်နိုင် မလုပ်နိုင်နိုင် ငါပြောစရာမဟုတ်သလို မင်းလည်းပြောစရာမလိုဘူး။ မင်းတို့ ချင်းမိသားစုက ရှဲ့မိသားစုကို တစ်ချက်တည်းနဲ့ အပြုတ်ဖြုတ်ပြီးတော့ ပြည်နယ်မြို့တော်ကို အတင်းယူလိုက်တယ်။ မင်း “နဂါးကြီးတစ်ကောင်က ဒေသခံမြွေကို အနိုင်မယူနိုင်ဘူးဆိုတဲ့” ဆိုရိုးစကားကိုကြားဖူးလား” ဖုန်းချောင်စီက အေးစက်စွာပြောသည်။
သူ၏ စကားလုံးများ ပေါ်ထွက်လာသောအခါတွင် လူတစ်ဒါဇင်ကျော်ခန့်က မတ်တပ်ရပ်၍ ဖုန်းချီနှင့် ဖုန်းချောင်ချုန်းတို့သာ မလှုပ်မယှက် ထိုင်နေကြသည်။
လေထုသည် ပို၍ ပြင်းထန်လာသည်။ ရှီမိသားစုသည်လည်း ဆက်လက်၍ ငြိမ်မနေလိုတော့ပေ။
ရှီဟောက်၏ ဒုတိယဦးလေးသည် ရှီတုန်အနားသို့ တိုးကပ်၍ ခပ်တိုးတိုးပြောလိုက်သည်။
“အစ်ကိုကြီး အခြေအနေကို ကြည့်ဦး။ ဒီချင်းမိသားစုက မိန်းကလေးက အခုထိ အေးဆေးပဲ။ ဖုန်းမိသားစုက ဒီလိုအကြပ်ကိုင်နေတာ တကယ်လို့ ငါတို့ အခုမထရင် နောင်ကျ ဘာအကျိုးအမြတ်မှရမှာမဟုတ်ဘူး”
ရှီတုန်၏ မျက်နှာထက်တွင် သံသယများထင်ဟပ်လာသည်။
သို့သော် ထိုအချိန်၌ပင် လှေကားထစ်နားမှ အသံတစ်ခုပေါ်ထွက်လာ၏။
“သန်မာတဲ့နဂါးတစ်ကောင်က ဒေသခံမြွေကို မချေမှုန်းနိုင်ဘူးဆိုတာ အမှန်ပဲ။ ဒါပေမယ့် ဘယ်လိုနဂါးမျိုးနဲ့ ဘယ်လိုမြွေမျိုးလဲဆိုတဲ့အပေါ် မူတည်သေးတယ်လေ”
အားလုံးက လှည့်ကြည့်လိုက်ကြသောအခါ ရိုးရှင်းစွာဝတ်စားထားသော်လည်း ချောမော၍ ထူးခြားသော ကိုယ်သွင်လက္ခဏာများရှိသည့် ယောက်ျားတစ်ယောက်က လှေကားထစ်များတစ်ဆင့် ဖြည်းညှင်းစွာလမ်းလျှောက်လာသည်ကို မြင်လိုက်ရသည်။
သူပေါ်ထွက်လာမှုသည် ချင်းမိသားစုမှ အမျိုးသမီးငယ်ကို စိတ်သက်သာရာရသွားစေကာ၊ သူမသည် အလျင်အမြန်ချဥ်းကပ်၍ ဦးညွတ်ကာ ရိုသေလေးစားမှုအပြည့်ဖြင့် ခေါ်လိုက်သည်။
“မစ္စတာရွှယ်”
မစ္စတာရွှယ်
သူက မစ္စတာရွှယ်လား
လူအားလုံး ထိတ်လန့်သွားကြသည်။
ဤမစ္စတာရွှယ်ဆိုသူတွင် အနှိုင်းမဲ့ နတ်စွမ်းအင်များရှိထားသည်ဟု ကောလဟာလများပျံ့နှံ့လျက်ရှိကာ ရှဲ့မိသားစု ပြိုလဲခြင်းသည်လည်း သူ၏ လက်ချက်ကြောင့်သာဖြစ်သည်။
သို့သော် ယခု သူ့ကို ကြည့်လိုက်ကြသောအခါ မည်သို့မျှ ထူးခြားပုံမပေါ်ပေ။ လူများစွာသည် ကောလဟာလများသည် အလွန်ချဲ့ကားထားသည်ဟု စိတ်ထဲတွင် ထင်လိုက်ကြသည်။ ဖုန်းချောင်ချုန်းနှင့် ရှီဟောက်တို့နှစ်ဦးစလုံး တစ်ပြိုင်နက် တုန်လှုပ်ခြောက်ခြားသွားကြသည်။ ၎င်းတို့၏ မျက်လုံးများထဲတွင် ကြောက်လန့်မှုအငွေ့အသက်များထင်ဟပ်နေ၏။
၎င်းတို့သည်သာ ရွှယ်အန်း၏ ကြောက်မက်ဖွယ်ကောင်းမှုကို သိကြသည်။
ဤအချိန်တွင် ဖုန်းချောင်စီသည် ခပ်ပါးပါးလှောင်ရယ်လိုက်၏။
“ဒါဆို ပြောလေ၊ ဘယ်လိုနဂါးမျိုးဖြစ်ပြီး ဘယ်လိုမြွေမျိုးလဲ”
ရွှယ်အန်းက ခပ်အေးအေးပြန်ပြောလိုက်သည်။
“ကိုးကောင်းကင်က နတ်နဂါးနဲ့ ရင်ဆိုင်နေတဲ့ ဒေသခံမြက်လျှောမြွေဆိုရင် ဘယ်သူနိုင်မယ်လို့ မင်းထင်လဲ”
ဖုန်းချောင်ချုန်း၏ မျက်နှာသည် အလွန်အမင်းဆိုးရွားသွားသည်။
“မင်းက ဖုန်းမိသားစုကို မြက်လျှောမြွေလို့ ပြောနေတာလား”
ရွှယ်အန်းက ခေါင်းခါလိုက်သည်။
“ငါ အဲ့လို ပြောချင်တာမဟုတ်ဘူး”
ထိုအခါ ဖုန်းချောင်စီ၏ အမူအရာသည် အနည်းငယ် ပြေလျော့သွား၏။
“ငါ့အတွက်တော့ ဖုန်းမိသားစုကို မြက်လျှောမြွေတစ်ကောင်လောက်တောင်မရှိဘူး။ အများဆုံးအနေနဲ့ မင်းတို့က တီကောင်ပဲဖြစ်နိုင်မယ်”
ဤစကားများကို ကြားသောအခါ လူများအားလုံး ထိတ်လန့်ကုန်ကြသည်။
မစ္စတာရွှယ်ဆိုသူသည် စိတ်လွတ်သွားခဲ့ပြီဟု လူအများက တွေးနေကြကာ ရှီတုန်သည်လည်း ထိုအချိန်တွင် မျက်မှောင်ကြုတ်လိုက်မိသည်။
သူသည် မစ္စတာရွှယ်မှာ ပညာရှိအသွင်အပြင်ရှိသော လူကြီးတစ်ယောက်ဖြစ်လိမ့်မည်ဟု ထင်ထားကာ လူငယ်တစ်ဦးဖြစ်နေလိမ့်မည်ဟု လုံးလုံးလျားလျားမထင်ထားခဲ့ပေ။ ထို့အပြင် ယခု သူစကားပြောသည့်ပုံကို ကြည့်ပါက အခြေအနေကို ကောင်းစွာအကဲမဖြတ်နိုင်သော လူငယ်တစ်ဦးနှင့်တူသည်။
ဤသို့သော လူမျိုးကို အဘယ်ကြောင့်ကြောက်နေရမည်နည်း။
ရှီတုန်သည် အနည်းငယ်နောင်တရသကဲ့သို့ပင် ခံစားလာရသည်။
ဤအချိန်တွင် ဖုန်းချောင်စီက အေးစက်စွာရယ်မောလိုက်သည်။
“ကောင်းပြီ မင်းက ကိုယ့်သေတွင်းကိုယ်တူးနေတာပဲဆိုတော့ ဘယ်သူ့ကိုမှ အပြစ်မတင်နဲ့”
ထို့နောက် ဖုန်းမိသားစုမှ ခေါ်ဆောင်လာသည့် ကျွမ်းကျင်သူများအားလုံးသည် ၎င်းတို့ထိုင်ခုံများမှထလာ၍ ရွှယ်အန်းကို အလယ်တွင်ထားကာ ဝိုင်းထားလိုက်ကြသည်။ ထို့နောက် ရွှယ်အန်းသည် ဖြူဖွေးသောသွားများကိုဖြဲ၍ ပြုံးပြလိုက်သည်။
အဲ့စကားက မင်းအတွက်ပိုသင့်တော်မယ်ထင်တယ်”
ဖုန်းချောင်စီက အေးစက်စွာအော်လိုက်သည်။
“တိုက်ကြစမ်း”
အမိန့်သံကြားသည်နှင့် လူအုပ်သည် အတူတကွ ချီတက်လာကြသည်။ ဤလူများသည် နှစ်ရှည်လများတစ်လျှောက် ဖုန်းမိသားစု၏ ကြောက်မက်ဖွယ်အင်အားစုများဖြစ်ကြကာ အများစုကို ငှားရမ်းရန် ငွေအမြောက်အမြားပေးရ၏။
ကြည့်ရှု့သူအများ၏ မျက်နှာများအားလုံး ဖြူဖျော့သွားကြသည်။ ဖုန်းချောင်စီ၏ မျက်နှာထက်တွင် မှိန်ဖျော့သောအပြုံးတစ်ခုပေါ်လာသည်။ သို့သော် မကြာခင်၌ပင် သူ၏ အပြုံးများအေးခဲသွားရ၏။ ရွှယ်အန်းသည် အေးဆေးစွာဖြင့် ရှေ့သို့ လျှောက်လှမ်းလာသည်။ သူခြေလှမ်းလှမ်းလိုက်သည့်အကြိမ်တိုင်းတွင်သူ့လမ်းကြောင်းကို တားဆီးထားသည့် ကျွမ်းကျင်သူများအားလုံးသည် တိတ်တဆိတ် ရုတ်တရက် လဲကျကာ ပြာမှုန့်များအဖြစ်ပြောင်းလဲသွားသည်။
ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ကြာပန်းများပွင့်နေသကဲ့သို့ပင်ဖြစ်သော်လည်း ၎င်းတို့သည် သွေးများမှ ပေါက်ဖွားလာသည့် သွေးကြာပန်းများဖြစ်ကြသည်။
ဤမြင်ကွင်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသဖြင့် ခန်းမတွင်းရှိ လူများအားလုံး လုံးဝကြောက်လန့်သွားကြသည်။ တိတ်တဆိတ် နောင်တရနေသော ရှီတုန်သည် ယခုအခါတွင် ထိတ်လန့်မှုကြောင့် ဖြူဖျော့နေ၏။
ယင်းသည် မည်သို့သော ယုတ်မာရက်စက်သည့် နည်းလမ်းမျိုးဖြစ်သနည်း။
ဤအချိန်တွင် ရွှယ်အန်းသည် ခြေလှမ်းခုနှစ်လှမ်းသာ လှမ်းခဲ့သော်လည်း ဖုန်းမိသားစု၏ လူစုအနားသို့ ရောက်ရှိနေပြီဖြစ်သည်။ သူ၏ခြေလှမ်းများအောက်တွင် သူ့ကို တိုက်ခိုက်ခဲ့သူများအားလုံး သေဆုံးသွားခဲ့ကြကာ မည်သူမျှ အသက်မရှင်ခဲ့ပေ။ ယခု ရွှယ်အန်းသည် ဖုန်းချောင်စီ၏ ရှေ့တွင် မတ်တပ်ရပ်လျက် ခပ်ပါးပါးပြုံးနေသည်။
“အခု… မင်းယုံပြီလား”
ဖုန်းချောင်စီသည် အရိုးများတစ်လျှောက် အေးခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ ဖုန်းချောင်စီသည် ရွှယ်အန်းကို အနိုင်မယူနိုင်လျှင်ပင် အနည်းဆုံး အပြင်းအထန်ဒဏ်ရာရစေနိုင်လိမ့်မည်ဟု တွေးထားခဲ့သည်။ ထို့နောက် ရွှယ်အန်းကို အနိုင်ယူနိုင်သောအခါ ရှဲ့မိသားစု၏ ပိုင်ဆိုင်မှုမှ များစွာသော ပမာဏကို ဖုန်းမိသားစုက အရယူနိုင်လိမ့်မည်။
သို့သော် ဤလူကို လက်ညှိုးတစ်ချောင်းဖြင့်ပင် မထိုးနိုင်ဘဲ ပညာရှင်များအားလုံး ဖုန်မှုန့်နှင့် မီးခိုးများအဖြစ်ပြောင်းလဲသွားလိမ့်မည်ဟု ၎င်းတို့ မမျှော်လင့်ထားခဲ့ကြပေ။
ဖုန်းချောင်စီသည် ပါးစပ်အဟောင်းသားဖြစ်လျက် မည်သည့်စကားကို ပြောရမည်ကို မတွေးနိုင်ဘဲလျက်ရှိနေသည်။ ထိုအချိန်တွင် ဖုန်းချီက မတ်တပ်ထရပ်၍ ပြောလိုက်သည်။ သူ၏ အမူအရာသည် မောက်မာမှုမှ လေးစားမှုသို့ ပြောင်းလဲသွား၏။
“မစ္စတာရွှယ်၊ ငါ့သားက ငယ်ရွယ်ပြီး နုံအပါတယ်။ သူ့စကားကြောင့် စိတ်မဆိုးနေပါနဲ့…”
ရွှယ်အန်းသည် ခေါင်းပင်လှည့်မကြည့်ဘဲ လက်ကို ရိုးရှင်းစွာမြှောက်လိုက်သည်။
ဖြန်း
တစ်ချက်ရိုက်လိုက်သောအခါ ဖုန်းချီ၏ ခေါင်းသည် ပေါက်ကွဲထွက်သွား၏။ မြေပြင်ပေါ်သို့ ဦးနှောက် အပိုင်းအစများနှင့် သွေးများ ပြန့်ကျဲသွားကာ သူ၏ ခန္ဓာကိုယ်သည်လည်း မြေပြင်ပေါ်သို့ လဲကျသွား၏။
“မင်းကို စကားပြောခွင့်ပေးလို့လား” ရွှယ်အန်းက ဘာသိဘာသာပြောလိုက်သည်။
ဤမြင်ကွင်းကြောင့် လူများစွာသည် အံ့သြထိတ်လန့်လျက် မျက်လုံးများ ပေါက်ထွက်လုနီးပါးဖြစ်ကုန်သည်။ ဖုန်းမိသားစု၏ ဂုဏ်ယူဝံ့ကြွားနေသော အကြီးအကဲသည် အလှည့်မကျဘဲ စကားပြောသောကြောင့် သေသည်အထိ အရိုက်ခံခဲ့ရသည်။
‘ဒီလူ… ရက်စက်လိုက်တာ’
အခန်း(၁၀၇) မစ္စတာရွှယ်ကို အမြင့်မြတ်ဆုံးဘွဲ့ပေးချင်တယ်
အခန်းသည် ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားသည်။ ဖုန်းချောင်စီ၏ မျက်ခွံများသည် ချက်ချင်းလှုပ်ယမ်းလာ၍ သူ့ခန္ဓာကိုယ်တစ်ကိုယ်လုံးလည်း တုန်ယင်နေသည်။
“မင်း … မင်း…”
သူသည် အလွန်အမင်း တုန်လှုပ်ကြောက်ရွံ့ကာ မည်သည့်စကားပြောရမည်ကို မသိတော့ပေ။ ထိုအချိန်တွင် ရှီတုန်သည် ရုတ်တရက် မတ်တပ်ထရပ်လိုက်ကာ သူ့မျက်လုံးများထဲတွင် ထိတ်လန့်မှုနှင့် စိတ်သက်သာရာရမှုများ ရောယှက်နေသည်။
‘ဘုရားရေ တော်သေးလို့’
ရှီဟောက်၏ အကြံကို လိုက်နာခဲ့သောကြောင့်သာမဟုတ်လျှင် မြေပြင်ပေါ်၌ လဲကျနေသည့်သူမှာ သူဖြစ်သွားနိုင်သည်။
“ရှီမိသားစုက မစ္စတာရွှယ်အတွက် တာဝန်ထမ်းဆောင်ဖို့ ဆန္ဒရှိပါတယ်”
ရှီတုန်က ဤသို့ပြော၍ လေးစားစွာဖြင့် ဦးညွတ်လိုက်သောအခါ ရှီမိသားစု၏ အဖွဲ့ဝင်များသည်လည်း သူနှင့်အတူ လိုက်ပါဦးညွတ်လိုက်ကြသည်။ ယင်းတို့ထဲတွင် ရှီဟောက်၏ ဒုတိယဦးလေးဖြစ်သူလည်းပါ၏။
သို့သော် ဤအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်သည် တစ်ကိုယ်လုံး တုန်ယင်နေလျက် ဘောင်းဘီကြားများတွင် စိုစွတ်လာကာ ပြင်းထန်သော ဆီးနံ့တစ်ခု ပေါ်ထွက်လာသည်။
တကယ်ပင် သူ့တစ်ကိုယ်လုံး သေးများဖြင့် ရွှဲရွှဲစိုသွားသည်အထိ ကြောက်လန့်နေခြင်းဖြစ်သည်။ ရွှယ်အန်းသည် ရှီတုန်ကို ထူးမခြားနားကြည့်လိုက်သည်။ ထိုသူ၏မျက်လုံးများမှာ ချွန်ထက်သော ဓားသွားများကဲ့သို့ ခံစားလိုက်ရ၍ သူ့ကို အပိုင်းပိုင်း လှီးဖြတ်တော့မည့်ပုံပေါ်သည်ဟု ရှီတုန်တွေးမိသည်။ သူ၏ နဖူးနှင့် နောက်ကျောတွင် ချွေးများ ရွှဲရွှဲစိုနေ၏။
ထိုအချိန်တွင် ဖုန်းချောင်စီသည် အိပ်မက်မှနိုးထလာသကဲ့သို့ ရယ်မောလိုက်သည်။
“မစ္စတာရွှယ်၊ ငါ… ငါတို့ရဲ့ ဖုန်းမိသားစုကလည်း… အခုကစပြီး မင်းအတွက် တာဝန်ထမ်းဆောင်ချင်ပါတယ်”
ရွှယ်အန်းက ခေါင်းခါလိုက်သည်။
“ရှီမိသားစုက လုပ်လို့ရပေမယ့် မင်းတော့လုပ်လို့မရဘူးကွ”
ဤစကားလုံးများအဆုံးတွင် လူတိုင်း၏ မျက်နှာများပြောင်းလဲသွားသည်။
‘သူဘာကိုဆိုလိုတာလဲ’
“မင်းက လူတိုင်းရှေ့မှာ ငါတို့ ဖုန်းမိသားစုကို သုတ်သင်ပစ်မယ်လို့ ပြောရဲတာလား” ဖုန်းမိသားစုမှ အာဏာကြီးပုဂ္ဂိုလ်တစ်ဦးက ပြောလိုက်သည်။
ရွှယ်အန်းက ထိုသူ့ကို ကြည့်လိုက်သောအခါ အကြီးအကဲက တစ်စုံတစ်ခု ပြောတော့မည် အခိုက်အတန့်၌ပင် သူ၏ ခေါင်းသည် မီးရှုးမီးပန်းတစ်ခုနှယ် ပေါက်ကွဲထွက်သွားသည်။ အနီးနားရှိလူများထံသို့ သွေးများ ပက်ဖြန်းလိုက်သည့်နှယ် ပျံ့ကြဲသွားသော်လည်း မည်သူကမျှ အနည်းငယ်ပင် မလှုပ်ရှားဝံ့ပေ။
“ရှဲ့မိသားစုရဲ့ ပိုင်ဆိုင်မှုကို မက်မောနေကတည်းက မင်းတို့ရဲ့ကံကြမ္မာကို တံဆိပ်ခတ်ထားပြီးသားကွ”
ဖုန်းမိသားစုမှ အဖွဲ့ဝင်များအားလုံး ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားကြသည်။ ထိုအချိန်တွင် ဖုန်းချောင်စီသည် ရုတ်တရက်ထရပ်၍ နောက်တွင်ရှိနေသော ဖုန်းချောင်ချုန်းကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
“ဒါ မင်းအပြစ်ပဲ။ မစ္စတာရွှယ်နဲ့ ရင်ဆိုင်ဖို့ မင်းအကြံပေးတာကြောင့်သာမဟုတ်ရင် ငါတို့ ဒီလို ဘယ်လုပ်ပါ့မလဲ”
ဖုန်းချောင်စီ၏ မျက်နှာသည် နာကြည်းမှုများနှင့်ပြည့်နှက်နေသည်။ သူ့ကိုယ်သူကယ်တင်ရန်အတွက် ဖုန်းချောင်စီကို အပြစ်များအားလုံး လွှဲချရန် ကြံရွယ်လိုက်ခြင်းဖြစ်သည်။ သို့သော် ယခုအချိန်တွင် ဖုန်းချောင်ချုန်းက သက်ပြင်းတစ်ချက်ချ၍ မတ်တပ်ရပ်လိုက်ပြီးနောက် ရွှယ်အန်းရှေ့တွင် ဒူးထောက်ချလိုက်သည်။
“ကျွန်တော်… မစ္စတာရွှယ်ကို တွေ့ဖူးပါတယ်”
ရွှယ်အန်းက ဖုန်းချောင်ချုန်း၏ စိတ်ပျက်အားငယ်နေသော မျက်နှာကိုကြည့်၍ ပြောလိုက်သည်။
“ငါတို့ ပြန်တွေ့ကြတာလား”
ဖုန်းချောင်စီအံ့အားသင့်သွား၏။ ရွှယ်အန်း၏ စကားသည် မည်သို့ ဆိုလိုသနည်း။
သူ၏ အစ်ကိုဖြစ်သူ ဆန်ကုန်မြေလေးသည် မစ္စတာရွှယ်နှင့် ကောင်းစွာသိနေခြင်းဖြစ်နိုင်သလော။
ဖုန်းချောင်ချုန်းက ခါးသက်စွာပြုံးလိုက်သည်။
“မစ္စတာရွှယ် ဖုန်းမိသားစုက သူတို့ရဲ့ မောက်မာမှုကြောင့် ပျက်စီးသွားခဲ့ပါပြီ။ ကျေးဇူးပြုပြီး ဆန္ဒအတိုင်းသာ လုပ်ပါတော့”
ဖုန်းချောင်စီက တုန်လှုပ်သွားပြီးနောက် စိတ်ဆိုးစွာပြောလိုက်သည်။
“ဖုန်းချောင်ချုန်း အဲ့တာ ဘာကိုဆိုလိုတာလဲ”
ရွှယ်အန်းက မျက်မှောင်ကြုတ်လိုက်သည်။
“ဒူးထောက်လိုက်စမ်း”
ဖုန်းချောင်စီသည် သူ့ကို ပြင်းထန်သော အင်အားတစ်ခုက ဖိနင်းလိုက်သကဲ့သို့ ခံစားလိုက်ရကာ ကြမ်းပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။
ဖုန်းချောင်စီက နာကျင်စွာ ညည်းညူလိုက်သည်။
“မင်းက တော်တော် အသိစိတ်ရှိတာပဲ” ထိုအချိန်တွင် ရွှယ်အန်းက ဖုန်းချောင်ချုန်းကို ပြောလိုက်သည်။
ဖုန်းချောင်ချုန်းသည် ဤအချိန်တွင် ဖုန်းမိသားစုမှာ… လုံးဝပြီးဆုံးသွားပြီဖြစ်ကြောင်း သိလိုက်သည့်အတွက် ကြောက်ရွံ့စိတ် အနည်းငယ်မျှ မရှိတော့ပေ။
သို့ထိတိုင် ဖုန်းချောင်စီသည် သူ၏ အစ်ကိုကြီးကို ချောက်ထဲသို့ အတူဆွဲချသွားချင်နေသေး၏။
“မစ္စတာရွှယ် အဲ့တာတွေအကုန်လုံးက သူ့အကြံကြောင့်…”
ရွှယ်အန်းသည် သူ့ကို ဥပက္ခာပြု၍ ဖုန်းချောင်ချုန်းကို ခပ်ပြုံးပြုံးကြည့်လိုက်သည်။
“မင်း ဖုန်းမိသားစုကို လွှဲပြောင်းယူချင်လား”
ဖုန်းချောင်ချုန်း အံ့အားသင့်သွားသည်။ ဖုန်းချောင်စီ အံ့အားသင့်သွားသည်။
လူတိုင်း အံ့အားသင့်သွားကြသည်။ ရွှယ်အန်းက မည်သို့ ဆိုလိုချင်သနည်း။ ထိုအချိန်တွင် ရှီတုန်သည်သာ သက်ပြင်းချလိုက်၏။
ဤသို့လုပ်ရသည့် ရွှယ်အန်း၏ ရည်ရွယ်ချက်ကို သူနားလည်ထားသည်။ မြို့တော်သည် အလွန်ကြီးမားလှသဖြင့် ချင်းမိသားစု၏ စိုးမိုးမှုတစ်ခုတည်းဖြင့် အရာအားလုံးကို သိမ်းပိုက်ရန် မဖြစ်နိုင်ပေ။ အခြားအင်အားကြီး မိသားစုကြီးများလည်း မလွဲမသွေရှိနေရန်လိုအပ်သည်။
ဖုန်းမိသားစုပြုတ်ကျပါက ချင်းမိသားစုအပြင် ၎င်းတို့၏ ရှီမိသားစုကသာ ကြီးစိုးနိုင်လိမ့်မည်ဟု ပြော၍ရသည်။ ယခု ရွှယ်အန်းသည် ဖုန်းမိသားစု၏ အကြီးဆုံးသားဖြစ်သူကို ဆက်လက်ထားရှိရန် ရည်ရွယ်ထားပုံပေါ်သည်။ အနာဂတ်တွင် မိမိတို့၏ ရှီမိသားစုကို ဟန်ချက်ညီစေရန်ဖြစ်သည်။
ဤသည်ကိုတွေးကာ ရှီတုန်၏ ရွှယ်အန်းကို ကြောက်ရွံ့စိတ်သည် ပို၍ နက်ရှိုင်းလာသည်။ ဤပုဂ္ဂိုလ်သည် နားမလည်နိုင်လောက်သော ကျင့်ကြံရေးအဆင့်တွင်ရှိနေသည့်အပြင် ဤမျှလောက်သော ဉာဏ်ပညာကိုလည်း ပိုင်ဆိုင်ထားသည်။
‘သူက ဘယ်သူလဲ’
ဖုန်းချောင်စီသည် ဤအခိုက်အတန့်တွင် လုံးဝ ကြောင်အလျက်ရှိနေသည်။ ရွှယ်အန်းက မည်သို့ဆိုလိုကြောင်း သူနားမလည်သေးပေ။ ထိုအချိန်တွင် ဖုန်းချောင်ချုန်း၏ အသံသည် စိတ်လှုပ်ရှားမှုများအပြည့်ဖြစ်နေ၏။
“မစ္စတာရွှယ်…”
ရွှယ်အန်းက ပြုံးရုံသာပြုံး၍ ဆက်ပြောသည်။
“မင်း ဆန္ဒရှိရင် မင်းရဲ့ ရိုးသားမှုကို ပြပေးပါ”
ဖုန်းချောင်ချုန်းက ချက်ချင်း မတ်တပ်ထရပ်ကာ စားပွဲပေါ်မှ သစ်သီးလှီးဓားကိုယူ၍ တုံ့ဆိုင်းခြင်းအလျင်းမရှိဘဲ သူ၏ညီငယ်ဆီသို့ လျှောက်သွားသည်။ ဖုန်းချောင်စီသည် မလှုပ်နိုင်ဘဲ သူ့အနားသို့ တဖြည်းဖြည်း လမ်းလျှောက်လာသည့် အစ်ကိုဖြစ်သူကို ကြည့်ရုံသာကြည့်နေနိုင်၏။
အလွန်တုန်လှုပ်ကြောက်လန့်နေသောကြောင့် သူ၏အသံသည်လည်း ပြောင်းလဲသွားသည်။
“အစ်ကိုကြီး… အစ်ကိုကြီး ငါမှားပါတယ်။ ကျေးဇူးပြုပြီးမလုပ်ပါနဲ့… ငါ ဘယ်တော့မှာ ထပပ်ပြီး…”
ဖုန်းချောင်ချုန်းသည် တစ်ချက်ကလေးမျှပင် ရပ်နားခြင်းမရှိဘဲ သစ်သီးလှီးဓားဖြင့် ဖုန်းချောင်စီ၏ ရင်ဘတ်သို့ တည့်တည့်ထိုးစိုက်ချလိုက်သည်။
“မင်းကို…ဆန့်ကျင်ဖို့….” ဖုန်းချောင်စီသည် နောက်ဆုံးစကားအချို့ကို ပြောပြီးနောက် မြေပြင်ပေါ်သို့ လဲကျသေဆုံးသွားသည်။
ဤလှုပ်ရှားမှုသည် ဤနေရာရှိလူတိုင်းကို တုန်လှုပ်သွားစေသည်။ လူအများသည် ယခု ရွှယ်အန်းကို တုန်လှုပ်ခြောက်ခြားမှုအပြည့်ဖြင့် ကြည့်နေကြသည်။ လူအများ၏ စိတ်ကို ချုပ်ကိုင်နိုင်သော ဤလူ၏ စွမ်းရည်သည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ စကားလုံးအနည်းငယ်ဖြင့် သူသည် လူချမ်းသာမိသားစုတစ်စုအတွင်းတွင် စိတ်ဝမ်းကွဲစေရန် လှုံ့ဆော်နိုင်ခဲ့သည်။ ယခုအချိန်တွင် ဖုန်းချောင်ချုန်း၏ မျက်လုံးများထဲတွင် ခံစားချက်များပြည့်နှက်စွာဖြင့် နီရဲနေသည်။
နှစ်ပေါင်းများစွာကြာသည်အထိ ဖုန်းမိသားစုတွင် သူသည် စိတ်ကျေနပ်မှု အနည်းငယ်မျှမရှိဘဲ နေထိုင်ခဲ့ရသည်။ သူ့ကို မည်သူကမျှ လေးစားမှုမရှိဟူ၍ပင် ဆို၍ရနိုင်သည်ဖြစ်ရာ ယခုမူ မှန်ကန်သော ဆုံးဖြတ်ချက်ကို သူချလိုက်ပြီဖြစ်သ်ည။ ယင်းက ရွှယ်အန်းကို မဆန့်ကျင်ရန်ဟူသော နိယာမကို နားလည်ရန်သာဖြစ်သည်။ ထို့ကြောင့် ဖုန်းမိသားစုမှ အကြီးအကဲများကို အနည်းငယ်မျှ ညှာတာထောက်ထားခြင်းမရှိပေ။ ထိုသူများအားလုံးကို ဓားဖြင့် အပြီးသတ်ပစ်လိုက်သည်။ အဆုံးသတ်တွင် သူသည် သွေးများဖြင့် ရွှဲနစ်နေသော အရူးတစ်ကောင်နှင့်ပင် တူနေ၏။
ရွှယ်အန်းက ယင်းကို ငြိမ်သက်စွာကြည့်နေကြသည်။ သူက ဖုန်းချောင်ချုန်း သတ်ဖြတ်ပြီးမှသာ ဘာသိဘာသာပြောလိုက်၏။
“အခုကစပြီး ဖုန်းမိသားစုက မင်းအပိုင်ပဲ”
ဖုန်းချောင်ချုန်း၏ ဓားသည် မြေပြင်ပေါ်သို့ လွတ်ကျသွားပြီးနောက် အသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သူသည် စတင်၍ ငိုကြွေးတော့၏။ လူတိုင်းသည် သူ့အနားဝန်းကျင်မှ ခပ်ဝေးဝေးသို့ တိတ်တဆိတ် ရှောင်ဖယ်လိုက်ကြသည်။
‘တစ်မိသားစုလုံးကို ကိုယ်တိုင်သတ်ပစ်လိုက်တဲ့ကောင်က ဘယ်လောက်တောင် ရက်စက်လိုက်သလဲ’
ဤအခိုက်အတန့်တွင် ရွှယ်အန်းသည် ဖုန်းချောင်ချုန်းကို ကျေးဇူးတင်ကြောင်း အနည်းငယ်ခံစားလိုက်ရသည်။ ဤသည်က ဖုန်းချောင်ချုန်းက သူ့အပေါ် သစ္စာစောင့်သိသည့် ကတိကဝတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သူသိထားသည်။ သူ၏မိသားစုတစ်ခုလုံးကို ဖျက်ဆီးပြီးသည့်နောက်တွင် မည်သူကမျှ သူ့ကိုခေါ်ရဲတော့မည်မဟုတ်ပေ။ ထို့ကြောင့် ရွှယ်အန်းနောက်သို့လိုက်ကာ ချင်းမိသားစုနှင့် ပူးပေါင်းရန်သာ ရွေးချယ်စရာလမ်းရှိတော့သည်။ ဖုန်းမိသားစုက လူများကိုမူ… ရွှယ်အန်းက ဂရုမစိုက်ပေ။
၎င်းတို့ထဲမှ တစ်ယောက်သည်မှ မရိုးသားကြ၊ အပြစ်မကင်းကြပေ။ ထို့အပြင် ရှီမိသားစုသည်မူ…
ရွှယ်အန်းက လှည့်ကြည့်လိုက်သည်။
ဤအခိုက်အတန့်တွင် ရှီတုန်သည် သူ့ခေါင်းကို မြေကြီးထဲတွင် မြှုပ်ထားလိုသည့် စိတ်များတဖွားဖွားပေါက်နေသည်။ သူသည် ဘဝတစ်လျှောက်လုံး မိမိကိုယ်မိမိ ကြီးမြတ်လှပြီဟု ထင်ထားခဲ့သော်လည်း ရွှယ်အန်းနှင့် ရင်ဆိုင်ရသောအခါတွင်မူ စစ်မှန်သော ကြီးမြတ်သူသည် မည်သို့မည်ပုံဖြစ်ကြောင်း နားလည်သဘောပေါက်သွားသည်။ လူတစ်ယောက်သည် မိမိ၏ စကားတစ်ခွန်းတည်းဖြင့် သေခြင်းနှင့် ရှင်ခြင်းကို ထိန်းချုပ်နိုင်သ်ည။
‘ဒါ… ဒါကမှ တကယ့်ကြီးမြတ်တဲ့ပုဂ္ဂိုလ်ပဲ’
ရွှယ်အန်းက သူ့ထံသို့ လမ်းလျှောက်လာသောအခါ ရှီတုန်၏ ခြေထောက်များ အလွန်တုန်ယင်နေသည်။
အချိန်ခဏကြာပြီးနောက် ရွှယ်အန်းက ဘာသိဘာသာပြောလိုက်သည်။
“ခင်ဗျားမှာ…သားကောင်းတစ်ယောက်ရှိတာပဲ”
ဤသို့ပြောကာ ရွှယ်အန်းက လှည့်ထွက်သွားသ်။ ရှီတုန်သည် ကြီးမားစွာစိတ်သက်သာရာရသွားကာ သူ့ခန္ဓာတစ်ကိုယ်လုံးသည် ချွေးစေးများဖြင့် အေးစက်နေသည်။
‘ဒီလူ… သူဒီလူကို နောင်ကျ ဘယ်တော့မှ မပုန်ကန်ဘူး’
ရှီတုန်က စိတ်ထဲတွင် တိတ်တဆိတ် ကတိပေးလိုက်သည်။
ရွှယ်အန်းသည် ပလက်ဖောင်းပေါ်သို့ တက်သွားပြီးနောက် လူတိုင်းကို တည်ငြိမ်စွာကြည့်လိုက်သည်။
“ကဲ… အခု ကန့်ကွက်မယ့်သူရှိသေးလား”
မည်သူမျှ စကားမပြောဝံ့ကြပေ။ လူတစ်ယောက်တစ်လေမျှပင် ခေါင်းမော့၍ ရွှယ်အန်းကို မကြည့်ဝံ့ကြပေ။
အစပိုင်းတွင် လုယက်မှုများ ဝေငှမှုများနှင့် ကြွေးကြော်နေကြသော လူများအားလုံးသည် ၎င်းတို့၏ ပါးစပ်ပေါက်များကို ပိတ်ပင်ထားလိုက်ကြကာ အသံတစ်သံမျှပင် မထွက်ရဲတော့ပေ။
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
“အရမ်းကောင်းတယ်။ အခုကစပြီး ပြည်နယ်မြို့တော်ကို ချင်းမိသားစုက ဦးဆောင်ပါလိမ့်မယ်”
ပလက်ဖောင်းဘေးတွင် ရပ်နေသော ချင်းယွီက လေးစားစွာဖြင့် ဦးညွတ်လိုက်သည်။
“ချင်းမိသားစုက… မစ္စတာရွှယ်ကို အမြင့်မြတ်ဆုံးဘွဲ့ ပေးချင်တယ်”
အချက်ပြလိုက်သကဲ့သို့ ရှီမိသားစု၊ ဖုန်းချောင်ချုန်းနှင့် အခြားသူများသည် တခဲနက် ဦးညွတ်လိုက်ကြသည်။
“ကျွန်တော်တို့လည်း မစ္စတာရွှယ်ကို အမြင့်မြတ်ဆုံးပုဂ္ဂိုလ်ဘွဲ့ပေးချင်ပါတယ်”
အဆုံးသတ်တွင် လက်ရွေးစင်မိသားစုကြီးများက ထအော်လိုက်ကြသည်။
“ကျွန်တော်တို့အားလုံး မစ္စတာရွှယ်ကို အမြင့်မြတ်ဆုံးပုဂ္ဂိုလ်ဘွဲ့ပေးချင်ပါတယ်”
အခန်း(၁၀၈) နတ်သမီးပုံပြင်
နွေဦး၏ ပင်လယ်လေညှင်းများသည် ချစ်သူတစ်ဦး၏ ဂရုစိုက်ပေးမှုသဖွယ် နူးညံ့သိမ်မွေ့လျက်ရှိသည်။
ရွှက်လှေတစ်စင်းသည် လက်ရှိတွင် ပင်လယ်ရေမျက်နှာပြင်ပေါ်၌ မျောပါလျက် ဖြည်းညှင်းစွာ ရွက်လွှင့်နေသည်။ သို့သော် ကုန်းပတ်ပေါ်တွင် ရယ်မောသံကလေးများ ထွက်ပေါ်နေ၏။
“ဖေဖေ ကြည့် သမီး နောက်ထပ် ငါးတစ်ကောင်ဖမ်းမိပြန်ပြီ” ရွှယ်ရှန်းက သူမဖမ်းမိထားသော ငါးကို ပြလျက် စိတ်လှုပ်ရှားစွာပြောလိုက်သည်။ ရွှယ်အန်းသည် ရွှယ်ရှန်း၏ ဂုဏ်ယူနေသော မျက်နှာကိုကြည့်ကာ ပြုံးလိုက်မိသည်။
“ရှန်းရှန်းက အရမ်းတော်တာပဲ”
ထိုအချိန်တွင် ဘေးတွင်ထိုင်၍ ငှားမြှားနေသော ရွှယ်နျန်၏ မျက်နှာကလေးသည် ပေါင်းလက်စ ပေါင်မုန့်တစ်လုံးနှယ် ရှုံ့တွနေ၏။
“မမက ငါးဖမ်းလို့ရပြီး ဘာလို့ သမီးကမရတာလဲ”ရွှယ်နျန်က စိတ်ညစ်စွာဖြင့် ညည်းတွားလိုက်သည်။
“အဲ့တာ နင်က နမော်နမဲ့လုပ်နေလို့” ရွှယ်ရှန်းက အနည်းငယ်မျှ မညှာဘဲပြောလိုက်သည်။
ရွှယ်နျန်၏မျက်လုံးဝိုင်းလေးများထဲမှ မျက်ရည်များစီးကျလာသည်ကို ကြည့်ကာ ရွှယ်အန်းက ခေါင်းခါ၍ ပြုံးလိုက်သည်။ သူ့သမီးလေးနှစ်ယောက်သည် အမှန်ပင် ကွဲပြားသောအကျင့်စရိုက်များရှိသည်။ ဥပမာအားဖြင့် ရွှယ်ရှန်းသည် လေးနှစ်သာရှိသေးသော်လည်း ဉာဏ်ကောင်း၍ လိမ္မာပါးနပ်သည်။ သူမသည် အရွယ်ရောက်ပြီးသားလူတစ်ဦးကဲ့သို့ပြုမူကာ ရွှယ်နျန်ကို မကြာခဏ “သင်ကြား” ပေးလေ့ရှိသည်။
သို့သော် ရွှယ်နျန်သည် တခါတရံတွင် နှေးကွေးကာ အစားအသောက်များကို စိတ်လှုပ်ရှားတက်မက်ခြင်းအပြင် အများအားဖြင့် စကားသိပ်မပြောပေ။ ယခု သူမ၏ အစ်မဖြစ်သူထံတွင် အဆူခံလိုက်ရသဖြင့် ရွှယ်နျန်သည် အလွန် စိတ်ထိခိုက်သွားရခြင်းဖြစ်သည်။
ရွှယ်အန်းသည် စာနာစိတ်ဖြင့် ရွှယ်နျန်၏ ခေါင်းလေးကို အလျင်အမြန်ပုတ်သပ်ပေးလိုက်သည်။
“ဟုတ်တယ် ဟုတ်တယ် ငါတို့ နျန်နျန်က နမော်နမဲ့မဟုတ်ဘူး နျန်နျန်က အတော်ဆုံးပဲ”
“ဖေဖေ သမီးက နမော်နမဲ့မဟုတ်ရင် ဘာလို့ ငါးမဖမ်းနိုင်ရတာလဲ”
ရွှယ်အန်းက ရယ်လိုက်သည်။
“နျန်နျန်လည်း ငှားမျှားနေတယ်ဆိုတာ ငါးက သတိမထားမိလို့နေမှာပေါ့”
ရွှယ်နျန်က မဝံ့မရဲခေါင်းညိတ်လိုက်သည်။ ထို့နောက် ရွှယ်အန်းသည် အမူအရာအနည်းငယ်မျှပင် ပြောင်းလဲခြင်းမရှိဘဲ ပင်လယ်ထဲသို့ နတ်စွမ်းအင်အချို့ ပို့လွှတ်လိုက်သည်။ စက္ကန့်အနည်းငယ်ခန့်အကြာတွင် ရွှယ်နျန်၏ ငါးမျှားတံသည် ရုတ်တရက် အောက်သို့ ကျသွားသည်။
“ဟမ်” ရွှယ်နျန်သည် ဦးစွာပထမ ထိတ်လန့်သွားပြီးနောက် စိတ်လှုပ်ရှားသွားသည်။
“ဖေဖေ ဖေဖေ သမီး ငါးဖမ်းမိတာလား”
ရွှယ်အန်းသည် မည်သည့်အရာမျှ မလုပ်ထားသကဲ့သို့ဟန်ဆောင်၍ စိတ်လှုပ်ရှားစွာဖြင့် ရွှယ်နျန်၏ ငှားမျှားတံကို ကူမပေးရန် သွားလိုက်သည်။
“ဝါး နျန်နျန်က အရမ်းအံ့သြဖို့ကောင်းတယ်။ ငါးကြီးအကြီးကြီးကို ဖမ်းမိပြီ” ရွှယ်အန်းက ပိုပိုကဲကဲပြောလိုက်သည်။
ရွှယ်နျန်၏ မျက်လုံးများသည် လခြမ်းကွေးများကဲ့သို့ ပြောင်းလဲသွားသည်အထိ သူမ ပြုံးလိုက်သည်။ တစ်ဖက်တွင် ရွှယ်ရှန်းသည် သူမ၏ ဖခင်ကို သံသယစိတ်ဖြင့်ကြည့်နေ၏။ ထက်မြက်သော ကလေးမလေးတစ်ယောက်ဖြစ်သောကြောင့် ရွှယ်အန်း၏ လှုပ်ရှားမှုများကို သံသယဖြစ်နေမိသည်။
သူသမီး၏ စူးစူးစိုက်စိုက်ကြည့်ခြင်းကို ခံရသောအခါ ရွှယ်အန်းသည် အနည်းငယ် သဘာဝမကျစွာဖြင့် ချောင်းဟန့်လိုက်သည်။
“အဟမ်း ရှန်ရှန်းကတကယ် အံ့သြစရာပဲ”
သူ့သမီးနှစ်ယောက်၏ ရှေ့၌သာ ရွှယ်အန်းသည် သူ၏ နတ်ဘုရားအဆင့်မှ အဆောင်အယောင်များအားလုံးကို စွန့်လွှတ်လိုက်ခြင်းဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ လုပ်နိုင်သောအရာမရှိလှပေ။ ဤမျှထိ မယုံကြည်နိုင်လောက်အောင် ချစ်စဖွယ်ကောင်းသော သမီးလေးများကို မည်သူက ဖန်တီးပေးခဲ့သနည်း။
ထိုအချိန်တွင် သူရိယနေမင်းသည် အနောက်ဂေါယာကျွန်းသို့ တဖြည်းဖြည်း သက်ဆင်းသွားရာ၊ ပင်လယ်တစ်ခုလုံးသည် ရွှန်းလဲ့နေသော ရွှေရောင်အလင်းများတောက်နေသည်။
“ဖေဖေ အရမ်းလှတာပဲ” ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့ကို စိတ်လှုပ်ရှားစွာ အော်လိုက်ကြသည်။ ထို့နောက် ဖန်းမင်ရွှယ်နှင့် ထန်ရွှမ်အာတို့က ကုန်းပတ်ပေါ်သို့ တက်လာ၍ အဖြေနှင့် သမီးဖြစ်သူများကို ကြည့်၍ ပြုံးနေမိသည်။
“အပြင်မှာ လေအရမ်းပြင်းတယ် အထဲပြန်ဝင်” ထန်ရွှမ်အာသည် ကလေးမလေးနှစ်ယောက်ကို စိတ်ပူလျက်ရှိသည်။
အမှန်မှာ ရွှယ်အန်း၏ နေ့စဥ်ဂရုတစိုက် ဝိဉာဥ်ရေးရာဆေးအမျိုးမျိုးဖြင့် ပျိုးထောင်ပေးမှုကြောင့် မိန်းကလေးနှစ်ဦး၏ ကိုယ်ခန္ဓာဖွဲ့စည်းတည်ဆောက်ပုံများသည် ဖြူစင်၍ ပြစ်ချက်ကင်းစင်လာခဲ့သည်။ ထို့ကြောင့် ၎င်းတို့ ဖျားနာရန် မလွယ်ကူပေ။
ထိုအချိန်တွင် ပင်လယ်၏ အဝေး၌ လင်းပိုင်တစ်ကောင်သည် ရုတ်တရက် ခုန်တက်လာပြီးနောက် လှပသော လှိုင်းတံပိုးတစ်ခု ဖန်တီး၍ ရေထဲသို့ ပြန်ဆင်းသွားသည်။
“အိုး လင်းပိုင်ဖြူကြီး အရမ်းလှတာပဲ” ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့ ကလေးမလေးနှစ်ယောက်သည် မျက်လုံးလေးများကို ပြူးကျယ်စွာဖွင့်လျက် အော်လိုက်ကြသည်။
“သမီးတို့ကြိုက်လား” ရွှယ်ရှန်းက သူ့သမီးများကို ငုံ့ကြည့်၍ မေးလိုက်သည်။
“အွန်း သမီးတို့ ချစ်တယ်။ လင်းပိုင်အစစ်ကို မြင်ဖူးတာ ဒါပထမဆုံးပဲ” ရွှယ်ရှန်းကပြောသည်။
“အင်း အင်း အဲ့တာ အရသာရှိလား မသိဘူးနော်” ရွှယ်နျန်က စတင်၍ အစားအသောက်ကို ခုံမင်စွာပြောလိုက်ပြန်သည်။
“ဒါဆို သမီးတို့ မျက်လုံးတွေမှိတ်ထားလိုက်၊ ဖေဖေက သမီးတို့ကို စပရိုက်စ်လုပ်ပေးမယ်”
ကလေးမလေးနှစ်ယောက်က ချက်ချင်း မျက်လုံးမှိတ်လိုက်ကြသည်။
ရွှယ်အန်းသည် လှေအစွန်းတွင် ရပ်နေပြီးနောက် ကုန်းပတ်သို့ ခြေထောက်ဖြင့်ညင်သာစွာကန်လိုက်သည်။
၎င်းတို့အနား ဆယ်မိုင်ပတ်လည်အတွင်းရှိ ပင်လယ်ရေသည် အနည်းငယ် တုန်ခါနေပုံရသည်။
“ကောင်းပြီ သမီးတို့ မျက်လုံးကို အခုဖွင့်လိုက်တော့”
ကောင်မလေးနှစ်ယောက်က မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ကြသည်။ ၎င်းတို့ရှေ့တွင် ရှိနေသော မြင်ကွင်းသည် အိပ်မက်တစ်ခုနှယ် အံ့ဖွယ်ကောင်းလှသည်။ ၎င်းတို့နှင့် မနီးမဝေးတွင် လင်းပိုင်အချို့သည် ပင်လယ်ရေမျက်နှာပြင်မှ ခုန်ဆင်း၍ ဖျော်ဖြေပြပြီးနောက် ရေထဲသို့ ပြန်ခုန်ဆင်းသွားကြသည်။
ရေမှုန်ရေမွှားလေးများသည် မိန်းကလေးနှစ်ယောက်၏ ပါးပြင်များကို စိုစွတ်သွားစေသည်။
ဤသည်က အစသာရှိသေး၏။
မျက်စိတစ်မှိတ်အတွင်း၌ပင် ရေထဲ၌ ခုန်ပေါက်နေသော လင်းပိုင်အရေအတွက်မှာ ဒါဇင်နှင့်ချီလာသည်။ ၎င်းတို့သည် လေထဲတွင် လှပသော လှိုင်းတံပိုးများကို ဖန်တီးခဲ့ပြီးနောက် ပင်လယ်ထဲသို့ ပြန်ဆင်းသွားကြသည်။ မိန်ကလေးနှစ်ယောက်သည် ထိုမြင်ကွင်းကို တအံ့တသြကြည့်နေကြသည်။ ဤအခိုက်အတန့်တွင် လင်းပိုင်အားလုံးသည် လင်းပိုင်ဖြူတစ်ကောင်၏ ဦးဆောင်မှုဖြင့် ရေမျက်နှင်ပြင်သို့ တက်လာပြီးနောက် ရွက်လှေ အနားသို့ ကူးခတ်လာသည်။ ၎င်းတို့နှစ်ဦးသည် ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့ကို ခေါင်းညိတ်ပြနေသည့်ပုံပေါ်၏။
“ဖေဖေ… အဲ့တာ ဘာလုပ်နေတာလဲ’
“သမီးကို ထိခိုင်းနေတာ”
ရွှယ်ရှန်းက အနည်းငယ် တုံ့ဆိုင်းနေသော်လည်း နောက်ဆုံးတွင် သူမသည် သတ္တိကို စုစည်း၍ လင်းပိုင်ဖြူ၏ နှာခေါင်းကိုထိရန် လက်လှမ်းလိုက်သည်။ ရွှယ်နျန်သည်လည်း လက်ပိုင်းဖြူ၏ ပါးစပ်ကို ထိရန် လက်ကမ်းလိုက်၏။ လင်းပိုင်ဖြူသည် ၎င်းတို့ကို ချစ်စဖွယ်ကောင်းစွာ မျက်တောင်ခတ်ပြလျက် မိန်းကလေးနှစ်ဦး၏ ဂရုစိုက်မှုကို နှစ်သက်နေပုံပေါ်သည်။
ထန်ရွှမ်အာနှင့် ဖန်းမင်ရွှယ်တို့သည် နတ်သမီးပုံပြင်ထဲမှ ထွက်လာပုံပေါ်သော မြင်ကွင်းကို ကြည့်လျက် အလွန်စိတ်လှုပ်ရှားနေကြသည်။ ခဏအကြာတွင် လင်းပိုင်ဖြူသည် အခြားလင်းပိုင်များကို ဦးဆောင်လျက် ရေထဲသို့ တစ်ဖန်ပြန်ခုန်လာပြန်၏။ အတစ်ကြိမ်တွင် ၎င်းတို့သည် ရွက်လှေပေါ်မှ ခုန်သွားကြခြင်းဖြစ်သည်။ နေဝင်ချိန်၏ အလင်းရောင်အောက်တွင် လငးပိုင်များသည် ပင်လယ်ပြင်မျက်နှာပြင်ထက်၌ စိုက်ထူထားသည့် နဂါးဝင်ပေါက်များသဖွယ်ထင်ရသည်။
ကလေးမလေးနှစ်ယောက်သည် အလွန်စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်၍ အတိုင်းထက်လွန် ပျော်ရွှင်နေကြသည်။ ရွှယ်အန်းသည် နှုတ်ခမ်းထောင့်များတွန့်ကွေးသွားသည်အထိ ပြုံးလိုက်၏။
သို့သော် သူ့နှလုံးသားသည် အဝေးတစ်နေရာသို့လွင့်သွားပုံပေါ်သည်။
“မိန်းမ ကိုယ်တို့ သမီးလေးတွေက အသက်ကြီးလာတာနဲ့အမျှ ပိုပြီး ချစ်ဖို့ကောင်းလာပြီး ပိုလှပလာတယ်”
“မင်းတစ်ယောက်တည်း အထီးကျန်နေတော့မှာပဲ”
“ကိုယ့်ကို စောင့်ပါ၊ မင်းကို ကိုယ်သေချာပေါက်လာရှာပါ့မယ်”
“အထက်ကောင်းကင်ဘုံကို ဖြတ်သန်းတက်လှမ်းရပါစေ၊ အောက်ငရဲပြည်က အဝါရောင်စမ်းချောင်းကြီးမှာ ရှာရပါစေ ကိုယ် ဘယ်တော့မှ အရှုံးမပေးဘူး”
ညနေစောင်းလာသည်နှင့်အမျှ ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့သည် ခေါင်းညွတ်လျက် လင်းပိုင်ဖြူများကို ဝှေ့ယမ်းပြ၍ ထွက်ခွာသွားကြသည်။
“သွားတော့မယ် လင်းပိုင်ဖြူလေးတွေ”
“သွားတော့မယ်”
ရွှယ်အန်းသည် လင်းပိုင်များ၏ နတ်အာရုံမှတစ်ဆင့် ပြောနေသော ကျေးဇူးတင်စကားကို ခံစား၍ ထိုနေရာတွင် ရပ်နေသည်။ သူသည် အနီးနားရှိ လင်းပိုင်အားလုံးကို ဤနေရာသို့ လာရန် အမိန့်ပေးလိုသောကြောင့် သူ၏ နတ်စွမ်းအင်ကို အသုံးပြုခဲ့သည်။
ဦးဆောင်လင်းပိုင်သည် တဖြည်းဖြည်းနှင့် အသိစိတ်ဝင်လာကာ ရွှယ်အန်းက အခြားလင်းပိုင်များကို ဦးဆောင်၍ ကလေးနှစ်ယောက်အတွက် ဖျော်ဖြေရန် ညွှန်ကြားခဲ့သည်။
ရွှယ်အန်းက အတင်းဖိအားပေး၍ ခိုင်းစေခြင်းမဟုတ်သော်လည်း သူ၏ ဖြစ်တည်မှုသည် ပင်လယ်ကဲ့သို့ အနှိုင်းမဲ့လှသောကြောင့် လင်းပိုင်ဖြူသည် မနာခံဘဲမနေဝံ့ပေ။ သို့သော် ရွှယ်အန်းသည် ဤပင်လယ်နတ်ငယ်များကို ဒုက္ခပေးမည့်သူမဟုတ်ပေ။ ၎င်းတို့ ထွက်လာကြသည်နှင့် ရွှယ်အန်းက ထိုလင်းပိုင်များကို ဆုကြေးအချို့ပေးခဲ့သည်။
ယင်းသည် အဖိုးမတန်လှသော်လည်း လင်းပိုင်များအတွက် အလွန်တန်ဖိုးရှိသည်။ ရွှယ်အန်းသည် အနီးနားရှိကျွန်းတစ်ခုပေါ်မှ ရှဲ့မိသားစု၏ အပန်းဖြေစခန်းတစ်ခုဆီသို့ သူ့သမီးများကို ခေါ်လာခြင်းဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုများသည် အလွန်များပြားခဲ့ကာ ယခု လုံးဝပြီးဆုံးသွားပြီဖြစ်သ်ည။
ထို့ကြောင့် ချင်းမိသားစုသည် လွှဲပြောင်းရယူခြင်းနှင့် ပတ်သက်၍ အချိန်များစွာပေးလုပ်ဆောင်ခဲ့ရကာ စီးပွားရေးလုပ်ငန်းတစ်ခုကို တရားဝင်စတင်ရန် ပြင်ဆင်နေကြသည်။
ရွှယ်အန်းက ဤစိတ်လှုပ်ရှားဖွယ်မြင်ကွင်းကို မြင်ရစေရန် သူ့သမီးနှစ်ယောက်ကိုခေါ်လာခဲ့သည်။