အခန်း (၁၂၁-၁၂၃)
Vol. 9 Ch. 121-123
အခန်း (၁၂၁) ဖေဖေက မေမေ့ကိုတွေ့ဖို့ ခေါ်သွားပေးမယ်
စားသောက်ပွဲ အခမ်းအနားကို လုံတိုင်အဖွဲ့၏ ဌာနချုပ်အဆောက်အဦးတွင် ကျင်းပခဲ့ကြသည်။
ချင်းမိသားစုသည် ယခုတစ်ကြိမ်တွင် လူပေါင်းများစွာကို မဖိတ်ကြားခဲ့သော်လည်း လူများစွာက ဖိတ်ကြားခံရခြင်းမရှိဘဲ ရောက်ရှိလာကြသည်။ ၎င်းတို့အားလုံးသည် ချင်းမိသားစုကို မျက်နှာလို မျက်နှာရ ပြုလုပ်ရန် လာခဲ့ကြခြင်းဖြစ်သည်မှာ အသေအချာပင်ဖြစ်၏။ ချင်းမိသားစုက ခရိုင်မြို့တော်တစ်ခုလုံးနှင့် ပေကျင်းတွင် ထိပ်တန်းသူဌေးအဆင့်သို့ ရောက်ရှိလာပြီးနောက် ၎င်းတို့၏ မိသားစုအဆင့်အတန်းသည် ကျောက်တုံးတစ်တုံးကဲ့သို့ အမှန်တကယ် ခိုင်မာလာကြောင်း အရူးတစ်ယောက်လျှင်ပင် မြင်တွေ့နိုင်မည်ဖြစ်သည်။ ထို့အပြင် လူအများအပြားက ရွှယ်အန်းကို တွေ့လိုသော ရည်ရွယ်ချက်ဖြင့် လာခဲ့ကြခြင်းဖြစ်သည်။ သို့သော် ရွှယ်အန်းသည် စားသောက်ပွဲ စတင်ကျင်းပချိန်၌သာ ပေါ်ပေါက်လာ၍ နောက်ပိုင်းတွင် ထပ်မံ ပေါ်ပေါက်လာခြင်းမရှိပေ။ ယင်းက သူနှင့်နီးစပ်ရန် မျှော်လင့်နေကြသော လူများစွာကို စိတ်ပျက်အားလျော့စေသည်။
ယခုအချိန်တွင် ရွှယ်အန်းသည် ချင်းယွမ်၏ရုံးခန်းရှိ လသာဆောင်တွင် မတ်တပ်ရပ်၍ တိတ်ဆိတ်စွာ ဝိုင်သောက်နေခဲ့သည်။ သူ၏ဘေးတွင် ထန်ရွှမ်အာက စိုးရိမ်ပူပန်စွာ ကြည့်နေသည်။
သူမသည် ယနေ့တွင် တိုက်ပွဲသို့ သွားမည့်အစား၊ အိမ်တွင် ရွှယ်ရှန်းနှင့် ရွှယ်နျန်ကို ဂရုစိုက်ပေးနေခဲ့သည်။
ဖန်းမင်ရွှယ်က ခရိုင်မြို့တော်ရှိ နောက်လာမည့် ရုပ်ရှင်နှင့်ပတ်သက်၍ အလုပ်ရှုပ်နေသဖြင့် ရွှယ်အန်း၏နံဘေးတွင် ထန်ရွှမ်အာ တစ်ဦးတည်းသာရှိနေသည်။
ထန်ရွှမ်အာသည် မူလက စိုးရိမ်ပူပန်ခြင်းမရှိလှပေ။ သူမ၏အမြင်တွင် လေးနှစ်ခန့် ပျောက်ကွယ်သွားခဲ့သော ရွှယ်အန်းသည် အလွန်ပြောင်းလဲသွားခဲ့သည်။ ကမ္ဘာလောကတွင် မည်သည့်အရာကမှ သူ့ကို ဒုက္ခပေးနိုင်သည့်ပုံမပေါ်ပေ။ သို့သော် မျှော်လင့်မထားစွာဖြင့် ရွှယ်အန်းသည် တိုက်ပွဲကိုအနိုင်ရပြီးနောက် ယွီမိသားစုကို ယှဉ်ပြိုင်ရန် စိန်ခေါ်ခဲ့၏။
ဤကိစ္စက လူအများကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။
ထို့အပြင် ရွှယ်အန်းက ပြန်ရောက်လာပြီးနောက်တွင် မရွှင်မပျမျက်နှာဖြင့် တိတ်ဆိတ်နေသည်ဖြစ်ရာ ဤအခြေအနေက ထန်ရွှမ်အာ၏နှလုံးသားကို တင်းကျပ်စေသည်။
"ယွီမိသားစုကို ဘာလို့ စိန်ခေါ်ချင်တာလဲလို့ မေးချင်လို့လား" ရွှယ်အန်းက ရုတ်တရက် ပြောလိုက်သည်။
ထန်ရွှမ်အာက သူမ၏ခေါင်းကိုသာငုံ့၍ နှုတ်ဆိတ်နေခဲ့သည်။ မည်သို့ဆိုသော် ရွှယ်အန်းက ပြောလိုစိတ်ရှိလျှင် ပြောဆိုမည်ဖြစ်သော်လည်း သူက ပြောလိုစိတ်မရှိပါက မေးမြန်လျှင်ပင် ပြန်ဖြေမည်မဟုတ်ပေ။ ရွှယ်အန်းသည် ဝိုင်ခွက်ကို ကောက်ယူ၍ ဝိုင်နီကို တစ်ကျိုက်တည်း မော့သောက်လိုက်ပြီးနောက် လွမ်းဆွေးနေသော လေသံဖြင့် ပြောလိုက်သည်။
"ဒီနေ့ ယွီယန်ရဲ့ ဝိညာဉ်ကနေ ငါလူတစ်ယောက်ရဲ့ အရိပ်ကို မြင်ခဲ့ရတယ်" တုန်လှုပ်သွားသော ထန်ရွှမ်အာက ရွှယ်အန်းကို မော့ကြည့်လိုက်သည်။
ရွှယ်အန်းက ခေါင်းညိတ်ပြ၏။
"ဟုတ်တယ်၊ အဲဒါ အန်းယန်ရဲ့ ပုံရိပ်ပဲ။ တော်တော်လေးဝါးနေတာ ဆိုပေမယ့် တစ်ချက်တည်း ကြည့်ရုံနဲ့ ငါမှတ်မိနိုင်သေးတယ်”
ထို့သို့ဖြင့် ရွှယ်အန်း၏လေသံတွင် ဝမ်းနည်းမှုအရိပ်အမြွက်များ လွှမ်းခြုံသွားသည်။
"သူ့ကိုကြည့်ရတာ ကြီးမားတဲ့ဖိအားတစ်ခုကို ထမ်းပိုးထားရသလို အရမ်းအထီးကျန်ဆန်လွန်းတယ်။ အဲ့အချက်က ငါ့ကိုလူသတ်ချင်အောင်လုပ်နေတယ်ကွာ"
ရွှယ်အန်းက ထိုသို့ပြောလိုက်သည့်နှင့် သူ၏ပတ်ဝန်းကျင် မီတာတစ်ရာအကွာအဝေးအတွင်းသည် လေတိုက်ခတ်ခြင်းမရှိဘဲ ငြိမ်သက်သွားရာ၊ စားပွဲပေါ်ရှိ ဝိုင်ခွက်သည် ဖုန်မှုန့်အဖြစ်သို့ တိတ်တဆိတ် ပြောင်းလဲသွားတော့သည်။
ဤသည်မှာ ရွှယ်အန်း၏ အမျက်ဒေါသဖြစ်သည်။
ထန်ရွှမ်အာက စိတ်ရှုပ်ထွေးနေသော မျက်လုံးများဖြင့် ရွှယ်အန်းကိုငေးကြည့်နေ၏။
"နင်...သူ့ကိုသွားရှာမှာလား"
ရွှယ်အန်းက ခိုင်မာစွာ ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်၊ တစ်ဖက်လူက ဘယ်သူပဲဖြစ်ဖြစ် ငါ သူ့ကိုရအောင် သွားရှာမှာ"
ယင်းနောက် ထန်ရွှမ်အာက မည်သည့်စကားမျှဆက်မပြောတော့ဘဲ စွဲလန်းမှုများပြည့်နှက်စွာဖြင့် ရွှယ်အန်း၏ ကျောပြင်ကို ငေးကြည့်နေသည်။
"ဖေဖေ၊ ဖေဖေ ဒီမှာ ဘာလုပ်နေတာလဲ" ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့က စိတ်လှုပ်ရှားစွာ ပြေးဝင်လာကြသည်။
၎င်းတို့နှစ်ဦးသည် ယနေ့ အလွန်ပျော်ရွှင်နေကြသည်။ ချင်းယွီသည် ချား၊ ရဟတ် ကိရိယာအစုံအလင်ကို ရုတ်တရက် မှာယူပြီးနောက်၊ အဆောက်အဦး တစ်ထပ်လုံးကို ရှင်းလင်းကာ ကလေးမလေးနှစ်ဦးအတွက် သီးသန့် အပန်းဖြေဥယျာဉ်တစ်ခု တည်ဆောက်ခဲ့သည်။ ရွှယ်အန်းကို လာမရှာခင် အချိန်အထိ နှစ်ဦးသား ကစားနေခဲ့ကြခြင်းဖြစ်၏။ ထိုအခါမှ ရွှယ်အန်း၏အမူအရာသည် ပုံမှန်ပြန်ဖြစ်လာကာ သူ၏ သမီးနှစ်ယောက်ကို ကောက်ယူ ပွေ့ချီပြီးနောက် ပြုံးလိုက်၏။
"ဖေဖေက သမီးတို့ အန်တီရွှမ်အာနဲ့ စကားပြောနေတာ"
"ဖေဖေက သောက်နေတာလား” ရွှယ်ရှန်းက ရွှင်မြူးစွာ မေးလိုက်သည်။
ရွှယ်အန်းက ခေါင်းညိတ်ပြလိုက်သည်။
"ဒီတစ်ရက် နှစ်ရက်ကြာရင် ဖေဖေတို့ မေမေ့ကို သွားတွေ့ကြရင် ကောင်းမလား"
ကလေးမလေးနှစ်ဦးသည် ဦးစွာ ထိတ်လန့်သွားပြီးနောက်၊ အံ့ဩမှုများဖြင့် အော်ဟစ်လိုက်သည်။
“ကောင်းတယ်၊ ကောင်းတယ်။ သမီးတို့ မေမေ့ကို သွားတွေ့ချင်တယ်"
ရွှယ်ရှန်းက ဤသို့ပြောပြီးနောက်၊ သူမ၏ မျက်လုံးများ မျက်ရည်များဖြင့် ဖုံးလွှမ်းသွားကာ လေးပင်စွာ ဆက်ပြောလိုက်သည်။
"ဖေဖေ၊ မေမေက သမီးတို့ကို မကြိုက်ဘူးလား ဟင်"
"ဘာလို့ မကြိုက်ရမှာလဲ။ မေမေက သမီးတို့နှစ်ယောက်ကို ဒီလောက် ချစ်တာကို"
"ဒါဆို မေမေက သမီးတို့ကို ဘာလို့ လာမတွေ့တာလဲ"
"အဲဒါက မေမေက အရမ်းအလုပ်များနေလို့ပါ၊ ဒါပေမဲ့ အခုအချိန်ရပြီဆိုတော့ ဖေဖေက သမီးတို့ကို ခေါ်သွားပြီး သွားတွေ့မယ်လေ"
"ရေး ရေး"
ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့က ရွှင်မြူးစွာ အော်ဟစ်ကြပြီးနောက်၊ ထန်ရွှမ်အာဘက်သို့ လှည့်ကြည့်လိုက်သည်။
"အန်တီရွှမ်အာ၊ မေမေ့ကို အတူတူသွားတွေ့ကြမယ်"
ထန်ရွှမ်အာက သူမ၏ ဆံပင်များကို နားရွက်အနောက်သို့ သပ်လျက်၊ ပြုံး၍ ပြောလိုက်သည်
“အန်တီ အလုပ်သွားရမှာမို့လို့ လိုက်လို့မရဘူး။ အိမ်မှာပဲနေပြီး သမီးပြန်လာမှာကို စောင့်နေမယ်လေ ဟုတ်ပြီလား"
"ဟုတ်ကဲ့။ အန်တီရွှမ်အာ၊ မေမေ ပြန်လာရင်တောင် အန်တီက သမီးတို့ရဲ့အချစ်ဆုံး အန်တီရွှမ်အာဖြစ်နေတုန်းပါပဲ" ရွှယ်ရှန်းနှင့် ရွှယ်နျန်က ရုတ်တရတ် ပြောလိုက်သည်။
ထိုစကားလုံးများသည် ထန်ရွှမ်အာ၏မျက်လုံးများကို တဖြည်းဖြည်း နီရဲစေခဲ့ရာ၊ ကလေးမလေးနှစ်ဦး၏ အရှေ့တွင် မငိုမိစေရန် ခေါင်းကိုတစ်ဖက်သို့ လှည့်လိုက်သည်။ ထန်ရွှမ်အာသည် ကလေးမလေးနှစ်ဦးကို သနားချစ်ခင်မှုတစ်ခုတည်းဖြင့် ကြီးပြင်းလာသည်အထိ ပြုစုပျိုးထောင်ခဲ့သည်။ ၎င်းမှကြုံတွေ့ရသော ခါးသီးမှု၊ ပင်ပန်းနွမ်းနယ်မှုများနှင့် ပတ်သက်လျှင် ထန်ရွှမ်အာကသာ အသိဆုံးဖြစ်သည်။
ထို့အပြင် ကလေးမလေးနှစ်ဦးသည် သူမကို အမှန်တကယ် ချစ်ခင်ကြသည်။ သူမကို အမေဟုပင် ခေါ်ခဲ့ကြဖူးသည်။နောက်ပိုင်းတွင် ထန်ရွှမ်အာက အကြိမ်ပေါင်းများစွာ သင်ကြားခဲ့ပြီးမှသာ၊ သူမကို အန်တီရွှမ်အာဟု ခေါ်ခဲ့ကြခြင်းဖြစ်သည်။
ထန်ရွှမ်အာ၏ ပခုံးများ အနည်းငယ် တုန်လှုပ်နေသည်ကို မြင်လိုက်ရသောအခါ ရွှယ်အန်း၏အကြည့်များ နူးညံ့သိမ်မွေ့လာသည်။ သူသည် ဤမိန်ကလေးအပေါ် အလွန်အကြွေးတင်နေသောကြောင့်၊ အနာဂတ်တွင် ပြန်လည်ပေးဆပ်ရန် စိတ်ပိုင်းဖြတ်ပြီးသားဖြစ်သည်။
လင်နန်၏ ယွီမိသားစု။
ရွှယ်အန်းက ယွီယန်ကိုဓားဖြင့် သတ်ဖြတ်ခဲ့သည်ဟူသော သတင်းသည် မကြာမီ၌ပင် ယွီမိသားစုထံ ပြန်လည်ရောက်ရှိလာသည်။ ယွီယန်၏ဖခင်၊ ယွီလန်သည် လေးနက်သော မျက်နှာအမူအရာဖြင့် ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။
"သူက ချင်ဖုန်းမြစ်ကို ဓားတစ်ချောင်းတည်းနဲ့ ဖျက်ဆီးခဲ့တယ်လို့ မင်းပြောလိုက်တာလား"
"ဟုတ်ပါတယ်။ ပြီးတော့ သခင်လေးယွီကလည်း အဲ့ဓားချက်နဲ့ ပြာအဖြစ် ပြောင်းလဲသွားတာပါ။ အဲ့ဒါအပြင် ခုနစ်ရက်အတွင်း... သူက လင်နန်မြို့ကို တက်လာပြီး ယွီမိသားစုကို စိန်ခေါ်မယ်လို့လည်း ပြောသေးတယ်" သတင်းပို့သူက ပြောလိုက်သည်။
"ကောင်းပြီ၊ မင်းသွားနိုင်ပြီ" ယွီလန်၏ မျက်လုံးများသည် စကားပြောနေရာမှ အေးစက်လာသည်။
သတင်းပို့သူ ထွက်သွားပြီးနောက်၊ ယွီလန်၏မျက်နှာတွင် ဝမ်းနည်းပူဆွေးမှု အနည်းငယ်မှ မရှိခဲ့ပေ။ သိုင်းပညာမိသားစု၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် တိုက်ပွဲတွင်သေဆုံးရခြင်းမှာ အထူးအဆန်းမဟုတ်ပေ၊ အရေးကြီးသောအချက်မှာ အနာဂတ်တွင် ပြန်လည် လက်စားချေရန်ဖြစ်သည်။ ယွီလန်ကို အမှန်တကယ် တုန်လှုပ်သွားစေခြင်းမှာ၊ စစ်ကြေငြာချက်တစ်ခုနှင့် ဆင်တူသော ရွှယ်အန်း၏ နောက်ဆုံး ထုတ်ပြန်ချက်သာဖြစ်သည်။ ခုနစ်ရက်အတွင်းတွင်၊ သူသည် လင်နန်မြို့သို့ရောက်ရှိလာ၍ ယွီမိသားစုကို တိုက်ခိုက်ပေလိမ့်မည်။
'ဘယ်လောက်တောင် မောက်မာလိုက်သလဲလို့'
ယွီလန်၏ မျက်နှာတွင် လှောင်ရယ်မှုတစ်ခု ထင်ဟပ်လာသည်။ သူသည် ယုမိသားစု၏ တရားဝင်မျိုးဆက်ကို သတ်ဖြတ်ခြင်းဖြင့် အရာအားလုံးကို အောင်မြင်နိုင်မည်ဟု အမှန်တကယ် ထင်မှတ်နေခဲ့ခြင်းဖြစ်သလော။
အဆုံးတွင်၊ ယွီလန်၏သားများအနက် ယွီယန်သည် အလားအလာအနည်းဆုံး သားတစ်ယောက်သာဖြစ်သည်။ ထိုအချိန်တွင် သတင်းကို ကြားသိခဲ့သော ယွီရန်က အလျင်အမြန် ပြေးလာခဲ့သည်။ ယွီရန်သည် အထဲသို့ရောက်သည်နှင့် ဝမ်းနည်းမှု ဒေါသဖြစ်မှုများဖြင့် မေးမြန်းလိုက်သည်။
"အဖေ။ တတိယအစ်ကို…သူ…”
ယွီလန်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"သူ့မှာ အရည်အချင်းမရှိရင် သေရမှာပဲ။ ဘယ်သူ့ကိုမှ သွားပြီး အပြစ်တင်လို့မရဘူး"
ထို့နောက် ယွီလန်သည် ယွီရန်ကို လိုက်လျောသောမျက်လုံးများဖြင့် ကြည့်၍ မေးလိုက်သည်။
"ဒီရက်ပိုင်း လင်နန်မှာ မိုးနတ်ဘုရားပွဲတော် ရောက်တော့မှာ၊ အပြင်ထွက်ပြီး လျှောက်မလည်ဘူးလား"
ယွီရန်သည် အနည်းငယ် ဝမ်းနည်းနေသေးသည်။ ယွီယန်သည် ၎င်းတို့ ဖခင်၏ မျက်နှာသာပေးမှုကို မရရှိခဲ့သော်လည်း၊ သူမသည်မူ ယွီရန်အပေါ် အမြဲတစေ ချစ်ခင်ခဲ့သည်။ ဘေးအန္တရာယ်ကင်းပုံပေါ်သည့် ရှိကျန်းသည် ယွီယန်၏အသက်ကို ဆုံးရှုံးစေလိမ့်မည်ဟု မည်သည့်အချိန်ကမှ မတွေးထင်ခဲ့ဖူးပေ။
“အဖေ၊ သမီး အပြင်ကနေ ပြန်လာတာပါ" ယွီရန်က ပြန်ဖြေလိုက်သည်။
"ဒီနှစ် မိုးနတ်ဘုရားပွဲတော်ရော ဘယ်လိုလဲ"
"အရင်နှစ်တွေထက် ခရီးသွားတွေ ပိုများလာတော့ တော်တော်လေး ခမ်းနားတယ်" ယွီရန်က ခေတ္တရပ်ပြီးနောက် မေးမြန်းလိုက်သည်။
“အဖေ၊ ဒီရွှယ်အန်းက လင်နန်ကို ခုနှစ်ရက်အတွင်း လာမယ်လို့သမီးကြားတယ်”ယွီလန်က လှောင်ရယ်လိုက်သည်။
“သူကလား။ သူ ဒီကိုလာရဲရင် လင်နန်က သူ့သင်္ချိုင်းဖြစ်သွားစေရမယ်"
ထို့နောက် ယွီလန်က ထပ်မံ မှာကြားလိုက်သည်။
"နောက်ရက်ပိုင်းအတွင်း ဝေးဝေးမသွားနဲ့၊ ကြည့်ရတာ ဘိုးဘေးက သီးခြားကျင့်စဉ်ကနေ အချိန်မရွေး ထွက်လာမယ့်ပုံရှိတယ်"
ယွီရန်က ထိုသို့ မှာကြားခံရပြီးနောက် အသိအမှတ်ပြုသည့်ဟန်ဖြင့် ဦးညွှတ်၍ အခန်းထဲမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။ ယွီရန်၏ နှလုံးသားထဲတွင် ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေဆဲဖြစ်ရာ၊ သူမ၏ပတ်ဝန်းကျင်ရှိလူများ၏ တီးတိုးပြောသံကိုလည်း ကြားလိုက်ရသည်။
“ယွီယန် အသတ်ခံရတဲ့ ကိစ္စကိုတောင် ငါတို့ဘက်က သူ့ကို အရေးမယူရသေးတာကို၊ ဒီရွှယ်အန်းက လင်နန်ကို လာရဲတယ်ပေါ့လေ။ ဒီကောင် သေချင်နေတာလား"
“ဟုတ်ပ၊ သူက ယွီမိသားစုကို သူ့ ဓားတစ်ချောင်းတည်းနဲ့ ဖြုတ်ချနိုင်မယ်လို့ ထင်နေတာလား မသိဘူး။ ရယ်စရာကောင်းလိုက်တာ"
ထိုအချိန်တွင်၊ ဤသတင်းသည် လင်းနန်ဒေသတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ သို့သော် ခြွင်းချက်မရှိစွာပင်၊ မည်သူကမှ ယုံကြည်ခြင်းမရှိကြပေ။ ယွီမိသားစုသည် လင်နန်၏ဒေသခံများအတွက် နယ်မြေကိုကာကွယ်ပေးနေသော သက်ရှိ အင်မော်တယ်တစ်ဦးနှင့်ပင် ဆင်တူသည်။
အင်မော်တယ်တစ်ဦးသည် မည်သို့မျှ ရှုံးနိမ့်နိုင်မည်နည်း။
အခန်း (၁၂၂) လင်နန်သို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်း
လင်နန်သည် ဟွာရှား၏တောင်ဘက်စွန်းပိုင်းတွင် တည်ရှိ၍၊ ဓလေ့ထုံးတမ်းနှင့် ရှုခင်းများသည် ပေကျင်းမြို့နှင့် အလွန်ကွာခြားသည်။ ရွှယ်အန်းသည် လေယာဉ်ပေါ်မှ ဆင်းလိုက်သည်နှင့် နေရာအနှံ့တွင် ခမ်းနားသော ပွဲတော်တစ်ခု ကျင်းပနေပုံရသည့် ပျော်ပွဲရွှင်ပွဲ အငွေ့အသက်များကို တွေ့ရှိလိုက်ရသည်။
ဤနေရာတွင်လည်း လုံတိုင်အဖွဲ့၏ ရုံးခန်းတစ်ခုရှိသည်။
ထို့ကြောင့် တစ်စုံတစ်ယောက်က လေဆိပ်၏အပြင်ဘက်တွင် မိမိကို စောင့်နေပြီဖြစ်သည်။
ကားပေါ်သို့ တက်ပြီးနောက် မန်နေဂျာက ပြုံး၍ ပြောလိုက်သည်။
“မစ္စတာရွှယ်တော့ အချိန်ကောင်းကိုမှ ရောက်လာတာပဲ။ ဒီအချိန်က လင်နန်မှာ တစ်နှစ်တာရဲ့ အကောင်းဆုံးပွဲတော်ဖြစ်တဲ့ မိုးနတ်ဘုရားပွဲတော်လေ။ အဲ့ဒါကြောင့် ဒီမှာတော်တော်စည်ကားနေတာ”
ရွှယ်အန်းက အာရုံစိုက်ခြင်းမရှိဘဲ ခေါင်းညိတ်ပြလိုက်သော်လည်း၊ ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့သည် ကားပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်၍ မကြာခဏ အံ့အားသင့်စွာ ပြောဆိုနေကြသည်။
"ဖေဖေ၊ ကြည့်ပါဦး အပြင်က သစ်ပင်တွေက မြင့်ကြီးပဲ"ရွှယ်ရှန်းက ပြောလိုက်သည်။
ရွှယ်နျန်သည် သရေယိုနေဟန်ရှိသည်။ "ဖေဖေ၊ အဲ့သစ်ပင်ပေါ်မှာ ဘာတွေလဲ ဟင်"
ရွှယ်အန်းက တစ်ချက်ကြည့်ပြီးနောက်၊ ရယ်မောလိုက်သည်။
"အဲ့ဒါက အုန်းသီးတွေလေ"
"သမီးတို့ စားလို့ရမလား ဟင်"
ပြီးနောက် ကားမောင်းနေသော မန်နေဂျာက ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလိုက်သည်။
“အုန်းသီးက စားလို့ရတာပေါ့ ကလေးမလေးရဲ့။ အသားကို စားလို့ရရုံတင်မက အထဲက အရည်ကိုလည်း သောက်လို့ရတယ်။ ဒါပေမယ့် အုန်းသီးကို သုံးရက်လောက်စားပြီးရင် သမီးကို အလကားလာပေးရင်တောင် စားချင်တော့မှာ မဟုတ်ဘူး"
ရွှယ်နျန်က ဂလန်ဂဆန်ပြုလျက် ရေရွတ်လိုက်သည်။
"မယုံပါဘူး။ သမီးက သုံးရက်လောက် စားပြီးရင် မစားချင်တော့တဲ့ အရာဆိုပြီး မရှိဖူးပါဘူး"
ရွှယ်အန်းက ဟက်ဟက်ပက်ပက် ရယ်မော၍ သူ့သမီး၏ ဆံပင်များကို ပွတ်သပ်လိုက်သည်။
"ငါ့ သမီးလေးကတော့ အစားသရဲလေးပဲ"
ဤမြင်ကွင်းကို မြင်လိုက်သောအခါ၊ ၎င်းတို့နှင့်အတူ လိုက်ပါလာခဲ့သော လောင်ဟေးက မဲ့ရွဲ့၍ ပြုံးလိုက်သည်။
နတ်ဘုရားများနှင့် ပေါင်းသင်းဆက်ဆံနိုင်သည်အထိ ကျင့်ကြံခြင်းအဆင့် မြင့်မား၍၊ ပြင်းထန်သော တိုက်ခိုက်မှုပုံစံရှိသည့် မစ္စတာရွှယ်သည် နောက်ကွယ်တွင် အလွန်ချစ်တတ်သော ဖခင်တစ်ဦးဖြစ်မည်ဟု မည်သူက တွေးထင်ကြမည်နည်း။
ကနဦးတွင် ချင်းယွီက အတူလိုက်ပါလာရန် သတ်မှတ်ထားသော်လည်း ရွှယ်အန်းက သူမကို ငြင်းဆိုခဲ့သည်။သူသည် ယွီမိသားစုကို တစ်ယောက်တည်း ရင်ဆိုင်ရန် ရည်ရွယ်ထားသည်။ တိုက်ရိုက်မသက်ဆိုင်သူများက အစုလိုက်အပြုံလိုက် လိုက်လာခဲ့လျှင် သူသည် စိတ်အာရုံပျက်ပြားသွားပေလိမ့်မည်။ အဆုံးတွင် ချင်းယွီက တုံ့ဆိုင်းစွာ သဘောတူခဲ့သော်လည်း လောင်ဟေးကို ၎င်းတို့နှင့်အတူ လိုက်ပါရန် ခိုင်ခိုင်မာမာ တောင်းဆိုခဲ့သည်။
ရွှယ်အန်းက ထိုအကြောင်းကို များများစားစား မပြောဆိုခဲ့ပေ။ လောင်ဟေး၏ ကျင့်ကြံခြင်းအဆင့်သည် သင့်လျော်သောအဆင့်တွင်ရှိနေရာ၊ သူသည် သတိရှိ၍ အလွန်သစ္စာရှိသူဖြစ်သည်။
လောင်ဟေးကိုအတူ ခေါ်ဆောင်လာခြင်းသည် သူ၏ သမီးနှစ်ယောက်အတွက် ကလေးထိန်းတစ်ဦး ရှိနေခြင်းနှင့်ပင် ဆင်တူသည်။ ရွှယ်အန်း၏ အတွေးများကိုသာ လောင်ဟေးက ကြားသိခဲ့လျှင် ဝမ်းသာလုံးဆို့၍ မျက်ရည်ပင် ကျသွားနိုင်သည်။ တစ်ချိန်က ပေကျင်း လက်ဝှေ့အသိုင်းအဝိုင်း၏ ဘုရင်ဖြစ်ခဲ့ဖူးသော လောင်ဟေးသည် ကလေးမလေးများ၏ ကလေးထိန်းတစ်ယောက်အဖြစ်သို့ အမှန်တကယ် ရာထူးကျဆင်းသွားခဲ့သည်။
ထိုအချိန်တွင် ၎င်းတို့စီးနေသော ကားသည် လင်နန်မြို့တွင် တည်ရှိသော ရုံးခန်းအရှေ့တွင် ဖြည်းညှင်းစွာ ရပ်တန့်သွားသည်။ လင်နန်မြို့တွင် အထူးတလည် ဆောင်ရွက်နေသည့် အရေးကြီး လုပ်ငန်းများမရှိသော်လည်း ချမ်းသာကြွယ်ဝသော လုံတိုင်အဖွဲ့သည် ၎င်းတို့၏ရုံးခန်းကို အလွန်ခမ်းနားစွာ တည်ဆောက်ထားသည်။
သုံးထပ်မြင့် အဆောက်အအုံသည် လူစည်ကားသော စီရင်စုတွင် တည်ရှိနေသော်လည်း၊ အလွန်ဆူညံခြင်းမရှိသည့်အပြင် သစ်ပင်များစွာဖြင့် ဝန်းရံထားသောကြောင့် အထူးတည်ငြိမ်သော အငွေ့အသက်မျိုးကို ဖြန့်ကျက်ပေးနေသည်။ ညနေခင်းသို့ ရောက်လာသောအခါ လမ်းမများပေါ်မှ ရယ်မောသံများနှင့် ကလူကျီစယ်သော အသံများကို ကြားနေရသည်။
“မစ္စတာရွှယ်၊ အပြင်ဘက်မှာ ရေကစားနေကြတာကို စိတ်ပြေလက်ပျောက် သွားကြည့်ချင်လား" မန်နေဂျာ မာချန်က စိတ်အားထက်သန်စွာ မေးလိုက်သည်။
မစ္စတာရွှယ်သည် လုံတိုင်အဖွဲ့၏ ထိပ်တန်းဧည့်သည်တစ်ဦးဖြစ်သောကြောင့် လိုလေသေးမရှိ မဆက်ဆံရမည်ဟု ချင်းယွီက သူ့ဆီ တိုက်ရိုက်ဖုန်းဆက်၍ ရှင်းလင်းစွာ မှာကြားခဲ့ပြီးဖြစ်သည်။ မာချန်သည် အလွန်စိတ်လှုပ်ရှားနေသည်။ သူ၏ မိသားစု အခြေအနေအရ၊ ယခင်ကဆိုလျှင် ချင်းယွီနှင့် အဆက်အသွယ်ပြုလုပ်ရန် အခွင့်မသာခဲ့ပေ။
ချင်းမိသားစု၏ သခင်မလေး ကိုယ်တိုင်က မိမိကို အမိန့်ပေးခဲ့သောကြောင့် မာချန်က လျစ်လျူရှုသည့် အပြုအမှု တစ်စုံတစ်ရာမှ မပြရဲပေ။
"ဟုတ်တယ်၊ ဟုတ်တယ်။ အပြင်ထွက်ပြီး ကစားရအောင်လေ၊ ဖေဖေ”
ရွှယ်ရှန်းနှင့် ရွှန်းနျန်တို့သည် ပျော်ရွှင်ရမည့် အရိပ်အယောင်မြင်သောကြောင့် ၎င်းတို့၏ မျက်လုံးများ အလွန် တောက်ပလာသည်။
"ကောင်းပြီလေ"
ရွှယ်အန်းသည် သမီးလေးများ၏ ပန်ကြားမှုကို ရင်ဆိုင်ရတွင် အမြဲတစေ လိုက်ရောလေ့ရှိသည်။ အဝတ်အစားများ လဲဝတ်ပြီးနောက်၊ အဖေနှင့် သမီးနှစ်ယောက်က အရှေ့မှ လျှောက်သွားခဲ့ရာ၊ လောင်ဟေးနှင့် မာချန်တို့က အနောက်မှလိုက်ပါ၍၊ အပြင်ဘက်ရှိ ဘက်လမ်းများပေါ်သို့ လျှောက်သွားကြလေ၏။ လမ်းပေါ်တွင် ရေသေနတ်များ၊ ရေပုံးများကိုင်ဆောင်ထားသော လူများက တစ်ယောက်ကိုတစ်ယောက် ရေများဖြင့် ဖြန်းပက်နေကြခြင်းကို တွေ့လိုက်ရသည်။
ခပ်ဝေးဝေးမသွားခင်၌ပင် ရွှင်မြူးရယ်မောနေသော မိန်းကလေးတစ်ဦးက ၎င်းတို့လာရာ ဘက်သို့ ရေတစ်ပုံးဖြင့် ပက်ဖြန်းလိုက်သည်။ ရွှယ်အန်းက ဘေးသို့ အနည်းငယ် စောင်း၍ ရှောင်တိမ်းခဲ့သော်လည်း ကလေးမလေးနှစ်ဦးသည် ခေါင်းမှ ခြေဖျားအထိ စိုရွှဲသွားလေသည်။
သို့သော် လင်နန်၏ ပူပြင်းသော အပူရှိန်ကြောင့်၊ ရေပက်ဖျန်းခံရခြင်းသည် ၎င်းတို့ကို လန်းဆန်းသွားစေသည်။ မာချန်က လမ်းဘေးတွင် ရောင်းချနေသော ရေသေနတ် အနည်းငယ်ကို ဝယ်ယူပြီးနောက် ကလေးမလေးနှစ်ဦးကို ပေးခဲ့သည်။ ယခုအချိန် ၎င်းတို့တွင်လည်း ရတနာများရှိနေပြီဖြစ်သော ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့သည် မြင်သူတိုင်းကို လိုက်လံပစ်ခတ်နေကြသည်။
ကလေးမလေးနှစ်ဦး၏ မျက်နှာပေါ်ရှိ ရယ်မောသံသည် မြင်တွေ့ရသူ အများအပြားကို ပို၍ပင် ပျော်ရွှင်ရစေသည်။ မည်သူမှ မသိလိုက်ဘဲ၊ ၎င်းတို့သည် လင်နန်ရှိ အစည်ကားဆုံးလမ်းသို့ ရောက်ရှိလာကြသည်။ မာချန်က ထပ်မံ မိတ်ဆက်ပေးနေသည်။
“မစ္စတာရွှယ်၊ ဒါက လင်နန်ရဲ့ ဘားနဲ့ လမ်းဘေးအစားအသောက်တွေရောင်းတဲ့ လမ်းလေ။ လင်နန်မှာ ညဆို အစည်ကားဆုံးနေရာပဲ"
လမ်းမ၏နံဘေးတွင် ပင်လယ်စာ စားသောက်ဆိုင်များစွာရှိနေ၍၊ မွှေးကြိုင်သော ရနံ့သည် ကလေးမလေးနှစ်ဦးကို ရှေ့သို့ ဆက်မတိုးနိုင်အောင် ပြုလုပ်နေသည်။ ရွှယ်အန်းက ပြုံးလျက် သန့်ရှင်းသော ဆိုင်တစ်ဆိုင်ကို ရွေးချယ်၍ ထိုင်လိုက်သည်။
"ဘာစားချင်လဲ" ရွှယ်အန်းက မေးလိုက်သည်။
"ဟင်... ဒီတစ်ခု၊ ဟိုဟာတစ်ခု၊ ပြီးတော့ ဒီတစ်ခုရောပဲ" ရွှယ်ရှန်းက အစားအသောက်များ မှာယူနေရာမှ ပါးစပ်မှ သရေများယိုဖိတ်လာတော့သည်။
အဆုံးတွင် ရွှယ်အန်းက မီနူးကို ပိတ်လိုက်သည်။
"ဒီမှာ ရှိတာတွေထဲက တစ်ခုဆီ ယူလာပေးပါ"
ပင်လယ်စာများ မရပ်မနား ရောက်လာတော့သည်။ သို့သော် အနည်းငယ် စားသောက်ပြီးနောက်၊ ကလေးမလေးနှစ်ဦးက ထပ်မံ မစားနိုင်တော့ပေ။ ရွှယ်အန်း၏ ဟင်းချက်လက်ရာကို ကျင့်သားရသောကြောင့် ဤသာမန်ဟင်းလျာများက အရသာမရှိလှပေ။ ကလေးမလေးနှစ်ဦး၏ မျက်နှာတွင် စိတ်ပျက်နေသော အရိပ်အယောင်များကို မြင်တွေ့ရသော ရွှယ်အန်းက ညင်သာစွာ သက်ပြင်းချ၍၊ သူ၏အင်္ကျီလက်စများကို ခေါက်တင်ပြီးနောက်၊ မတ်တပ်ရပ်၍ ပိုင်ရှင်ကို ပြောလိုက်သည်။
"ဖယ်ပေးပါ၊ ကျွန်တော့် ကင်ပါရစေ"
"မင်းကလား။ မင်းလုပ်နိုင်တာ သေချာလား" ပိုင်ရှင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"လုပ်ပြီးရင် သိရမှာပေါ့"
သူသည် ဤသို့ဖြင့် စတင် လှန်လှော၍ ကင်းနေလေ၏။
တစ်ခဏအကြာ၌၊ အလွန်ထူးခြားသော ရနံ့တစ်ခုက လေထုထဲတွင် ပျံ့လွင့်လာရာ ဤရနံ့သည် အကင်ဟင်းခတ်အမွှေးအကြိုင်များဖြင့် ပြုလုပ်ထားသော ပုံမှန်ရနံ့နှင့် အလွန်ကွဲပြားသည်။ ပါဝင်ပစ္စည်းများ၏ ရှိရင်းစွဲဖြစ်သော ၎င်းရနံ့သည် စိတ်ဝိညာဉ်ကို သန့်စင်၍ လန်းဆန်းစေသည်။
ရွှယ်အန်း၏ အကင်နည်းပညာသည် ရေစီးကြောင်းကဲ့သို့ ချောမွေ့နေသည်ကို သတိပြုမိသောအခါ၊ အသားကင်ဆိုင် ပိုင်ရှင်၏ မျက်လုံးများ တဖြည်းဖြည်း ပြူးကျယ်လာသည်။
သင်းပျံ့သောရနံ့သည် ခရီးသွားအများအပြားကို ဆိုင်၏အရှေ့တွင် ရပ်တန့်စေခဲ့သည်။
"ဘုရားရေ၊ အရမ်းတော်တဲ့ အကင်ဆရာကြီးပဲ"
"ဘယ်လိုအရသာလဲ မသိပေမယ့် အနံ့ကတော့ အံ့သြစရာပဲ"
ထိုအချိန်တွင်၊ တစ်ချို့တစ်ဝက်ကို ကင်ပြီးခဲ့ပြီဖြစ်သော ရွှယ်အန်းက၊ ၎င်းကို သူ၏စားပွဲပေါ်သို့ တင်ပေးလိုက်သည်။
ကလေးမလေးနှစ်ဦး၏ မျက်လုံးများသည် အပြုံးလေးများဖြင့် ကွေးကောက်သွားရာ၊ အသားကင်ကို ကောက်ယူကာ စတင်စားသောက်နေကြသည်။ မာချန်နှင့် လောင်ဟေးတို့သည်လည်း အသားကင်များကို မြည်းစမ်းကြည့်ပြီးနောက်၊ ၎င်းတို့၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။
'အမေရေ၊ ဒီအသားကင်က ဘာလို့ဒီလောက် အရသာရှိနေတာလဲ’
"သွားရအောင်၊ ငါတို့လည်း သွားမြည်းကြည့်ရအောင်"
လူများ ပိုပို၍ စုဝေးလာသည်နှင့်အမျှ၊ အသားကင်ဆိုင်ပိုင်ရှင်၏ လေသံသည် အလွန် တလေးတစားဖြစ်လာသည်။
“ဆရာ၊ ရနံ့ကြောင့် လူတွေအများကြီးက စုပြုံလာတာဆိုတော့လေ ဆရာက…”
ရွှယ်အန်းက သူ၏ ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်ရာ၊ စားသုံးသူ အများအပြားက မိမိကို မျှော်လင့်တကြီး ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။ ရွှယ်အန်းက ခပ်ပါးပါး ပြုံး၍ ပြော၏။
"ကောင်းပြီလေ၊ ခင်ဗျားကို ဝင်ကူညီပေးတယ်လို့ပဲ သဘောထားလိုက်"
"ဟေး ကောင်းပါပြီ ဆရာ။ စိတ်မပူပါနဲ့ ဆရာတို့စားတဲ့ ဝိုင်းကို ကျွန်တော့် တာဝန်ထားလိုက်ပါ။ ပြီးတော့ နောက်ပိုင်း အလည်အပတ်လာခဲ့ရင်လည်း ဆရာ ဒီမှာ အလကား လာစားလို့ရပါတယ်" ဆိုင်ပိုင်ရှင်က ဝမ်းသာအားရဖြစ်သွားသည်။
ရွှယ်အန်းသည် အသားများကို မြန်မြန်ဆန်ဆန် ကင်လိုက်ရာ၊ သူ၏လက်ထဲမှ အမျိုးမျိုးသော ပါဝင်ပစ္စည်းများဖြတ်သန်းသွားပြီးနောက် မွှေးပျံ့သော ရွှေရောင် အသားကင်များအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။ လာရောက် လည်ပတ်သူများက မြည်းစမ်းကြည့်သည်နှင့် တပြိုင်နက်၊ ၎င်းတို့အားလုံး အံ့သြသွားကြသည်။
"အမလေး။ ငါတော့ ဒီလောက်အရသာရှိတဲ့ အသားကင်မျိုး တစ်ခါမှ မစားဖူးဘူးဆိုတာ ကျိန်ပြောရဲတယ်"
"မင်း သူငယ်ချင်းတွေကို ခေါ်လိုက်ဦး၊ ဒီနေ့တော့ ငါတို့ကံကောင်းတာပဲ" သတင်းစကားများ တဖြည်းဖြည်း ပျံ့နှံ့လာသည်။
ညသည် ပိုမိုနက်ရှိုင်းလာသော်လည်း လာရောက် လည်ပတ်သူ အများအပြားသည်၊ ဤနာမည်ကြီးသော အသားကင်ဆိုင်၏ရှေ့တွင် ရှည်လျားသော အတန်းရှည်ကြီးအဖြစ် စီတန်း၍ ၎င်းတို့၏အလှည့်ကို မျှော်လင့်စောင့်စားနေကြသည်။
အနားမှ ဖြတ်လျှောက်သွားခဲ့သော ယွီရန်သည်လည်း ထိုမြင်ကွင်းကို သတိပြုမိ၍ စူးစမ်းနေမိသည်။
"သခင်မလေး၊ ဘာဖြစ်လို့လဲ"
ယွီမိသားစု၏ ဘဏ္ဍာစိုးသည် ချက်ခြင်း လာရောက် မေးမြန်းလိုက်သည်။
"ဟိုဘက်မှာ ဘာဖြစ်နေတာလဲ"
ဘဏ္ဍာစိုးက သွားရောက် မေးမြန်းပြီးနောက်၊ပြန်လည် တင်ပြခဲ့သည်။
“သခင်မလေး၊ ကျွန်တော် အခုပဲ မေးကြည့်လာတာ၊ ဒီဆိုင်မှာ လက်ရာတော်တော်လေး ထူးခြားတဲ့ အကင်ဆရာ အသစ်ရောက်နေတာဆိုပဲ”
"အိုး"
ယွီရန်၏ မျက်လုံးများ အရောင်တောက်ပလာသည်။
"သွားစမ်းကြည့်ရအောင်"
အခန်း (၁၂၃) တွေ့ရတာဝမ်းသာပါတယ်၊ ကျွန်မ နာမည်က ယွီရန်ပါ
ယွီရန်သည် ယနေ့ စိတ်မရွှင်မသာ ဖြစ်နေသည်။ သူမ၏ တတိယမြောက်အစ်ကို အသတ်ဖြတ်ခံခဲ့ရသော်လည်း၊ သူမ၏ဖခင်ဖြစ်သူက သီးသန့်ကျင့်ကြံရေးမှ ပြန်လည်ထွက်ခွာလာမည့် ဘိုးဘေးကိုသာ အခြားအရာအားလုံးထက် ဦးစားပေးနေသဖြင့် လူတိုင်းကို ငြိမ်သက်စွာနေရန် ပြောထားခဲ့သည်။ ထို့အပြင်၊ သူမ၏တတိယမြောက်အစ်ကိုကို သတ်ဖြတ်ခဲ့သောသူသည် လင်နန်သို့ လာမည့်ရက်အနည်းငယ်အတွင်း ရောက်လာမည်ဟု ရဲဝံ့စွာ ကြေညာရဲသော သတ္တိရှိသေးသည်။
'ဘယ်လောက် ဒေါသထွက်စရာကောင်းလိုက်သလဲ’
မိန်းကလေးများ စိတ်မကြည်လျှင် အစားအသောက် စားချင်စိတ်ရှိသည်ဟု ပြောလေ့ရှိကြသည်။
ယွီရန်သည်လည်း ခြွင်းချက်မဟုတ်ပေ။ သို့သော် မျှော်လင့်ချက်များစွာ မရှိဘဲ စမ်းကြည့်ရုံမျှ စမ်းကြည့်ခြင်းသာဖြစ်သည်။ သို့သော်လည်း ဆိုင်တွင်ထိုင်၍ ရွှယ်အန်း ကင်ထားသော အကင်ကို ပထမဆုံးအကြိမ် မြည်းစမ်းကြည့်လိုက်သည်နှင့် သူမ၏ မျက်လုံးများ တဖြည်းဖြည်း အံ့အားသင့်စွာ လုံးဝန်းသွားသည်။ အနံ့အရသာ ကြွယ်ဝသော အကင်သည်၊ ပထမတစ်ကိုက်ကိုက်ရုံဖြင့်ပင် သူမ၏ ပါးစပ်ထဲ၌ အလွန်ကောင်းမွန်သော အရသာမျိုး ထွက်ပေါ်လာစေသည်။ ၎င်းသည် သူမ၏ အရသာခံ အာရုံများကို လုံးလုံးလျားလျား ဖမ်းစားခဲ့သည်။
ယွီရန်သည် မသိလိုက်ခင်၌ပင် အကင်များကိုစွဲလန်းနေခဲ့ပြီဖြစ်သည်။
သူမသာမက အခြားစားသောက်သူများသည်လည်း ဖမ်းစားခံခဲ့ရသကဲ့သို့ အဆက်မပြတ် စားသောက်နေကြသည်။ သို့သော် ယွီရန်က စိတ်ကျေနပ်စွာ စားသောက်နေစဉ်တွင်၊ ရက်စက်ကြမ်းကြုတ်သည့် အသွင်အပြင်ရှိသော လူရမ်းကားအုပ်စုတစ်စုက အသားကင်ဆိုင်အနီးသို့ ချဉ်းကပ်လာသည်။ ဤလူများကို မြင်တွေ့လိုက်ရသည်နှင့် ဆိုင်ရှင်၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွား၍ ၎င်းတို့ကို အလျင်အမြန် နှုတ်ဆက်လိုက်သည်။
"အစ်ကိုကြီးပေါင်၊ ဒီကိုဘာကိစ္စများရှိလို့လဲ"
ခေါင်းဆောင်သည် တြိဂံပုံသဏ္ဌာန် မျက်လုံးများနှင့် ရင်ဘတ်ဗလာဖြင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ရာ၊ ၎င်း၏အရှေ့ဘက်တွင် ကြောက်မက်ဖွယ် နဂါးရုပ်ပုံကို တက်တူးထိုးထားသည်။ ဆိုင်ပိုင်ရှင်၏ စကားကိုကြားသော အစ်ကိုကြီးပေါင်က အေးစက်စွာ လှောင်ရယ်လိုက်သည်။
"လူတွေအများကြီးကိုတောင် ဆွဲဆောင်နိုင်လောက်အောင် အရည်အချင်းရှိတဲ့ အသားကင်စားဖိုမှူးကို ခင်ဗျားက ငှားထားတယ်ဆို"
စတိုးဆိုင်ပိုင်ရှင်၏ မျက်နှာ ခါးသီးလာပြီးနောက် တစ်စုံတစ်ခုပြောဆိုရန် ပြင်ဆင်လိုက်ချိန်တွင် အစ်ကိုကြီးပေါင်က သူ၏နောက်လိုက်များကို ရွှယ်အန်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
"ကောင်လေး၊ မင်း ဘယ်ဂိုဏ်းကလဲ။ ဒီလမ်းမှာ ဈေးဆိုင်တစ်ခု တည်ဖို့ ငါ့ခွင့်ပြုချက် လိုအပ်တယ်ဆိုတာ မင်းမသိဘူးလား" အစ်ကိုပေါင်က အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။
ရွှယ်အန်းက သူ၏ခေါင်းကို မော့၍ စူးစိုက်စွာ ကြည့်လိုက်သည်။
"ခင်ဗျားက ကျွန်တော့်ကို ပြောနေတာလား"
"သြော် စောက်ကျိုးနည်းတဲ့မှ၊ ငါက မင်းနဲ့စကားမပြောရင် ဒီပုဇွန်ထုပ်တွေနဲ့ စကားပြောရမှာလား" အစ်ကိုကြီးပေါင်က ခြိမ်းခြောက်မှုပြုစွာဖြင့် လှောင်ရယ်လိုက်သည်။
ရွှယ်အန်းက သူ၏မျက်ခုံးများကို ပင့်လိုက်ပြီးနောက် အေးစက်စွာ ကြည့်လိုက်သည်။ ထိုအချိန်တွင် ယွီရန်က စားသောက်နေသော အကင်များကို လက်မှချ၍ မျက်မှောင်ကြုတ်လျက် သူမ၏အနားရှိ ဘဏ္ဍာစိုးကို ပြောလိုက်သည်။
"ဘာဖြစ်တာလဲ၊ သွားကြည့်လိုက်"
“ဟုတ်ကဲ့"
ဘဏ္ဍာစိုးက အရှေ့သို့ လျှောက်သွားခဲ့ရာ၊ အစ်ကိုကြီးပေါင်က မတုံ့ပြန်နိုင်မီ သူ၏လက်ကို မြှောက်၍ ၎င်း၏မျက်နှာကို ကျယ်လောင်စွာ ရိုက်ချလိုက်သည်။ ရိုက်ချက်ဖြင့် မှင်သက်သွားသော အစ်ကိုပေါင်က ဒေါသထွက်တော့မည့် အချိန်တွင် မိမိကို ရိုက်နှက်ခဲ့သူကို သတိထားမိလိုက်ရာ၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်ချောက်ချား၍ စက္ကူဖြူတစ်ရွက်ကဲ့သို့ ဖြူဆွတ်လာ၍ နဖူးမှ ချွေးစေးများကျလာသည်။
"ဘဏ္ဍာစိုး၊ ဒီမှာ... ဒီမှာ ဘာကိစ္စရှိလို့လဲ"
အစ်ကိုပေါင်၏ ယခင်က မောက်မာမှုများ ပျောက်ကွယ်သွားခဲ့ပြီးနောက် မြေးငယ်လေးကဲ့သို့ ခေါင်းညိတ် ဦးညွှတ်ပြကာ ခယဝပ်တွားသော လေသံဖြင့် ပြောလာသည်။
“သခင်မလေးက ဒီမှာ စားနေတာ။ ဒီထက်ပိုပြီးပြဿနာရှာလို့ကတော့ မင်းခေါင်း ပျောက်သွားမယ် မှတ်" ဘဏ္ဍာစိုးက အေးစက်စွာ ပြောလိုက်သည်။
"ဟုတ်ကဲ့ ဟုတ်ကဲ့ သခင်မလေးကို နှောင့်ယှက်ရဲတဲ့ ကျွန်တော်တို့က သေသင့်တာပါ" သူ၏သွားများ တဆတ်ဆတ်တုန်ရီနေသော အစ်ကိုပေါင်သည် သိသိသာသာ ကြောက်လန့်နေပုံပေါ်သည်။
"ထွက်သွားတော့" ဘဏ္ဍာစိုးက အေးစက်စွာ အမိန့်ပေးသည်။
အစ်ကိုပေါင်နှင့် သူ၏အပေါင်းအဖော်များသည် အနောက်သို့ ပြန်လှည့်ရန်ပင် မဝံ့ရဲဘဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးခံလိုက်ရသကဲ့သို့ ထွက်ပြေးသွားကြသည်။
အခြေအနေအားလုံး ပြန်လည် ငြိမ်သက်သွားသည်။
ရွှယ်အန်းက လှည့်ကြည့်လိုက်သောအခါ ချောမောလှပသော အမျိုးသမီးငယ်လေးတစ်ဦးက သူနှင့်မနီးမဝေး စားပွဲတစ်ခုတွင် ထိုင်နေခြင်းကို တွေ့လိုက်ရသည်။ သူ၏အကြည့်များကို သတိထားမိသောအခါ သူမက အနည်းငယ်ပြုံးပြ၍ ဝိုင်ခွက်ကို မြှောက်ပြလိုက်သည်။
ရွှယ်အန်း၏စိတ်ထဲသို့ အတွေးတစ်ခု လျှပ်စီးလက်သကဲ့သို့ ပေါ်လာသည်။ာထိုအခါ ဘဏ္ဍာစိုးက နောက်တစ်ကြိမ် ထပ်မံချဉ်းကပ်၍ သူ့ကို ရိုသေစွာပြောလိုက်သည်။
“ဆရာ၊ ကျွန်တော်တို့ သခင်မလေးက ဆရာ့ကို ဖိတ်ခေါ်ထားပါတယ်”
ရွှယ်အန်း၏ ပါးစပ်ထောင့်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်လာပြီးနောက် သူသည် အမျိုးသမီးငယ်၏ စားပွဲဆီသို့ သာမန်ကာလျှံကာ လျှောက်သွားလိုက်သည်။ ယွီရန်သည်လည်း ရွှယ်အန်းကို စူးစမ်းလေ့လာနေသည်။ ကနဦးတွင် ယွီရန်က ရွှယ်အန်းကို ဂရုမပြုမိသော်လည်း ယခု အနီးကပ်ကြည့်လိုက်ချိန်တွင် သူမ၏မျက်လုံးများ တောက်ပသွားသည်။
သူသည် လောကနှင့် ကင်းကွာနေပုံရသည့် ဂုဏ်ကျက်သရေရှိ လူငယ်တစ်ဦးဖြစ်သည်။
ပင်ကိုစရိုက် စင်ကြယ်၍ ခန့်ညားလွန်းလှသည်။ အရေးအကြီးဆုံးအချက်မှာ သူ၏မျက်လုံးများက နက်ရှိုင်းသော ရေကန်များကဲ့သို့ နားမလည်နိုင်လောက်အောင် လေးနက်လွန်းလှသည်။အတိုချုံး စစ်ဆေးပြီးနောက် ယွီရန်က သူမအရှေ့ရှိ ထိုင်ခုံကို ညွှန်ပြလိုက်သည်။
"ဒီမှာ ထိုင်ပါဦး"
ရွှယ်အန်းက မငြင်းဆန်ဘဲ ယွီရန်၏အရှေ့ရှိ ထိုင်ခုံတွင် တိုက်ရိုက် ထိုင်ချလိုက်သည်။ ၎င်းတို့နှစ်ဦးလုံး ခဏတာ ငြိမ်သက်နေပြီးနောက် ယွီရန်က ဦးစွာပြုံးပြလိုက်သည်။
"ကျွန်မအထင် ဒီလိုအရသာရှိတဲ့ အစားအသောက်တွေကို ကင်ပေးနိုင်တဲ့ လူက ဗိုက်ပူပူနဲ့ စားဖိုမှူးကြီးပေါ့။ ဒါပေမယ့် ကြည့်လိုက်တော့မှ ဒီလောက်ချောမောတဲ့ လူငယ်တစ်ယောက် ဖြစ်နေမယ်လို့ မထင်ထားဘူး"
"မင်းလည်း မဆိုးပါဘူး၊ ခုနက လူတွေက မင်းကို တော်တော်ကြောက်ကြပုံပဲ" ရွှယ်အန်းက ခပ်ပါးပါး ပြုံးလိုက်သည်။
ယွီရန်က တခစ်ခစ်ရယ်မော၍ သူမ၏ နဂိုက မှိုင်းညို့နေသော စိတ်အခြေအနေ ယခင်ကထက် များစွာတိုးတက်လာသည်ဟု ခံစားလိုက်ရသည်။ ပြီးနောက် သူမ၏လက်ကို ဆန့်ထုတ်ကာ တည်ငြိမ်စွာ နှုတ်ဆက်လိုက်သည်။
"မိတ်ဆက်ရအောင်လေ၊ ကျွန်မ နာမည်က ယွီရန်ပါ"
ရွှယ်အန်းက တစ်စုံတစ်ခုကို ချင့်ချိန်စဉ်းစားနေသကဲ့သို့ ယွီရန်၏ သွယ်လျ၍ ကျောက်စိမ်းကဲ့သို့သော လက်ချောင်းများကို စိုက်ကြည့်နေပြီးနောက် တစ်ခဏအကြာတွင် သူ၏ လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်ကာ လက်ဆွဲနှုတ်ဆက်လိုက်သည်။
"ကျွန်တော့်နာမည်က ရွှယ်အန်း"
'ရွှယ်အန်းတဲ့လား' ယွီရန်က မျက်မှောင်ကြုတ်လိုက်သည်။
'ဒီနာမည်က နာမည်ကောင်း မဟုတ်ဘူး'
တတိယမြောက်အစ်ကိုကို သတ်ဖြတ်ပြီးနောက် ရက်အနည်းငယ်အတွင်း ယွီမိသားစုတွင် ပြဿနာရှာရန် ရည်ရွယ်ချက်ရှိသည့် မုန်းဖွယ်ရာလူနှင့် တူညီသောအမည်တစ်ခု ဖြစ်နေလေ၏။
သို့သော်လည်း ကမ္ဘာပေါ်တွင် နာမည်ဆင်တူသော လူပေါင်းများစွာရှိသောကြောင့် ယွီရန်က အနည်းငယ်မျှ အံ့ဩခဲ့ပြီးနောက် ပုံမှန်အမူအရာသို့ ပြန်ရောက်သွားသည်။
"ရှင်က ဒီကို အလည်လာတာလား၊ မစ္စတာရွှယ်" ယွီရန်က စိတ်ဝင်တစား မေးလိုက်သည်။
ရွှယ်အန်းက ခေါင်းညိတ်ပြလိုက်သည်။
"ဆိုပါတော့၊ သူငယ်ချင်းတစ်ယောက်ကိုလည်း ရှာရင်းပေါ့" ယွီရန်က ပြုံး၍ပြောလိုက်သည်။
"သူငယ်ချင်း ရှာနေတာလား။ ကျွန်မကို ပြောပြလေ။ လင်နန်မှာ ရှိနေသရွေ့ ဘယ်သူပဲဖြစ်ဖြစ် ကျွန်မ ကူရှာပေးနိုင်တယ်"
ရွှယ်အန်းက ယွီရန်ကို ကြည့်လိုက်ပြီးနောက် ဖြေးညှင်းစွာ ပြောလိုက်သည်။
“သူမ နာမည်က အန်းယန်တဲ့ သိလား"
"အန်းယန်တဲ့လား"
ယွီရန်က မျက်မှောင်ကြုတ်၍ သေသေချာချာ စဉ်းစားနေသည်။
"တစ်ခါမှတော့ မကြားဖူးဘူး။ ရှင့်မှာ သူ့ ပုံရှိလား"
ရွှယ်အန်းသည် သူနှင့်အတူ အမြဲသယ်ဆောင်လာတတ်သော ဓာတ်ပုံကို ယွီရန်ကို ထုတ်ပြလိုက်သည်။ ဤယွီရန်သည် ယွီမိသားစုဝင် ဖြစ်နေကြောင်း ခန့်မှန်းမိသောကြောင့် ယွီမိသားစုတွင် အန်းယန်ရှိနေခြင်း ဟုတ်မဟုတ်ကို ကြိုတင် သတင်းယူချင်သောကြောင့်ဖြစ်သည်။
သို့သော် ယွီရန်က ဓာတ်ပုံကို ကြည့်ပြီးနောက် ခေါင်းခါ၍ ငြင်းလိုက်သည်။
"ဟင့်အင်း မမြင်ဖူးဘူး။ သူက လင်နန်မှာ မရှိလောက်ဘူးနော်"
"သေချာလို့လား" ရွှယ်အန်းက မျက်မှောင်ကြုတ်လိုက်သည်။
"ဟုတ်တယ်၊ ကျွန်မ သေချာ ပြောရဲတယ်"
ယွီရန်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်ပြီးနောက် စူးစမ်းစွာ မေးလိုက်သည်။
“ဒီသူငယ်ချင်းက ရှင်နဲ့ ဘယ်လို ပတ်သက်လို့လဲ”
"အ..ကျွန်တော့် ဇနီးလေ"
ရွှယ်အန်းက ဓာတ်ပုံကို ပြန်ယူကာ မတ်တပ်ရပ်၍ ထွက်ခွာသွားရန် ပြင်လိုက်သည်။ ဤအမျိုးသမီးက သတိမထားမိကြောင်း အခိုင်အမာ ပြောဆိုနေသော်လည်း ရွှယ်အန်းသည် ထိုကိစ္စကို လက်လျှော့ပေးမည် မဟုတ်ပေ။ ယွီယန်၏မှတ်ဉာဏ်သည် အတုအယောင် မဖြစ်နိုင်သဖြင့် ယုမိသားစုသည် အန်းယန်၏ တည်နေရာကို သေချာပေါက် သိရှိထားပေလိမ့်မည်။ သို့သော် ရွှယ်အန်း၏ ရုတ်ခြည်း မတ်တပ်ရပ်ကာ ထွက်ခွာသွားသော အပြုအမူက ယွီရန်ကို အနည်းငယ် အံ့သြသွားစေသည်။
ငယ်ရွယ်စဉ်ကတည်းက သူမ ဆုံတွေ့ဖူးသူတိုင်းက သူမကို အလွန်ဂရုတစိုက် ဆက်ဆံကြသည်။ အထူးသဖြင့် သူမနှင့် ဆုံတွေ့ခဲ့သော အမျိုးသားတိုင်းသည် ယွီရန်ဆီတွင် အမြင်ကောင်းရစေရန် ၎င်းတို့၏ အကောင်းဆုံးပုံသဏ္ဌာန်ကိုသာ ပြသလေ့ရှိကြသည်။ သို့သော် မထင်မှတ်ထားသည်မှာ ဤအမျိုးသားသည်မူ အလွန်ဂရုမစိုက်ပုံပေါ်သည်။သူသည် စကားပင် များများစားစား ပြောချင်ပုံ မပေါ်ပေ။
'ဘာပဲဖြစ်ဖြစ်၊ ကျွန်မ ရှင့်ကို ခုနက တစ်ခါ ကယ်တင်ပေးခဲ့တာပဲကို'
သူမ၏ စိတ်ထဲသို့ ထိုအတွေးများ ရောက်လာသည်နှင့် ယွီရန်က အနည်းငယ် ဒေါသထွက်သွားသည်။သခင်မလေး၏ မကျေနပ်မှုကို ခံစားလိုက်ရသော ဘဏ္ဍာစိုးက ခြေလှမ်းတစ်လှမ်းမျှ အရှေ့သို့တိုး၍ ရွှယ်အန်း၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။ နှုတ်ခမ်းတွင် မထီမဲ့မြင်ပြုသော အပြုံးတစ်ခု ပေါ်ပေါက်လာသော ရွှယ်အန်းက သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်သည်။
"ဘာလဲ၊ မင်းက ငါ့ကိုတားချင်လို့လား"
"သခင်မလေးက စကားပြောလို့ မပြီးသေးခင် မင်း ထွက်သွားလို့မရဘူး" ဘဏ္ဍာစိုးက အေးစက်စွာ ပြောလိုက်သည်။
ထိုအချိန်တွင် ရွှယ်ရှန်းနှင့် ရွှယ်နျန်က ခုန်ပေါက်၍ ရောက်လာသည်။
"ဖေဖေ၊ ဖေဖေ၊ သမီးတို့ ဗိုက်ပြည့်သွားပြီ၊ ပြန်ကြရအောင်"
ကလေးမလေးနှစ်ဦး၏ စကားသံသည် လူအများ၏ အာရုံကို ဆွဲဆောင်ခဲ့သည်။ ဤမြင်ကွင်းကို သတိထားမိသော ယွီရန်၏ နှလုံးသားသည် အနည်းငယ် တုန်လှုပ်သွားသည်။
'သူက အဖေတစ်ယောက်တောင် ဖြစ်နေပြီလား'
ရွှယ်အန်းက ပြုံးလျက်၊ သူ၏ လက်တစ်ဖက်စီတွင် ကလေးတစ်ယောက်ကို ဆွဲ၍ ထွက်သွားရန် ပြင်ဆင်လိုက်သည်။ ဘဏ္ဍာစိုးက ၎င်းတို့ကို တားဆီးချင်သော်လည်း ရွှယ်အန်းက သူ့ကို နက်နဲသော အကြည့်တစ်ခုဖြင့် သတိပေးလိုက်သည်။ ထိုလူ၏အကြည့်သည် ထူးခြားစွာ အေးစက်လွန်းသည်ဟု ဘဏ္ဍာစိုးခေါင်းဆောင်ကို ခံစားစေခဲ့သဖြင့် အကြည့်တစ်ချက်ဖြင့် ကြည့်ရုံမျှသာဖြစ်သော်လည်း မိမိကို နေရာမှာပင် မလှုပ်ရှားနိုင်တော့သည်အထိ လုံးလုံးလျားလျား အေးခဲသွားစေသည်။