← Chapters

အခန်း (၁၂၄-၁၂၆)

Vol. 9 Ch. 124-126

အခန်း (၁၂၄-၁၂၆)

Vol. 9 Ch. 124-126

အခန်း ( ၁၂၄) ရေနတ်ဘုရား အပြင်သို့ ထွက်လာခြင်း

"နောက်ဆုတ်" ယွီရန်၏ အသံထွက်လာသည်။ စိတ်သက်သာရာရသွားသော ဘဏ္ဍာစိုးက ဘေးသို့ အမြန်ထွက်ခွာသွားသည်။ ထို့နောက် ယွီရန်က ချဉ်းကပ်လာ၍ ရွှယ်အန်းကို ကြည့်လိုက်သည်။

“ဟေး၊ ကျွန်မက ရှင့်ကို ကယ်တင်ထားတာလေ၊ ကျေးဇူးတင်စကားလေးတောင် မရတော့ဘူးလား" ရွှယ်အန်းက သူ၏ မျက်ခုံးများကိုပင့်၍ ကြည့်လိုက်သည်။

"မင်းက ငါ့ကို ကယ်ခဲ့တာလား"

“ဟုတ်တယ်လေ။ ကျွန်မကြောင့်သာ မဟုတ်ရင် ဟိုလူမိုက်တွေက လွယ်လွယ်လေး ထွက်သွားမယ်လို့ ရှင်ထင်နေတာလား”

ရွှယ်အန်း၏ မျက်နှာပေါ်တွင် ရွှတ်နောက်နောက် အပြုံးတစ်ခု ပေါ်လာသည်။

"ဒါဆို ပြောပါဦး... ငါက မင်းကို ဘယ်လို ကျေးဇူးတင်ရမလဲ" ရွှယ်အန်း၏ မေးခွန်းသည် ယွီရန်ကို သတိလက်လွတ်ဖြစ်သွားစေသည်။

ရွှယ်အန်း၏ အသားကင်ကျွမ်းကျင်မှုသည် သူမကို ကောင်းကင်ဘုံ၏ အရှင်တစ်ယောက်ကဲ့သို့ အံ့အားသင့်စေသည့်အပြင်၊ သူ၏ လျှို့ဝှက်ဆန်းကြယ်မှုများကို တွေ့ရှိခဲ့သောကြောင့် ယခုကဲ့သို့ တားဆီးခဲ့ခြင်းဖြစ်သည်။

'ဘယ်လိုကျေးဇူးတုံ့ပြန်ခိုင်းရမလဲ ဆိုတာကတော့...'

ယွီရန်က အောက်သို့ငုံ့ကြည့်လိုက်ချိန်တွင် နူးညံ့သိမ်မွေ့သော ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့ကို မြင်လိုက်ရ၍ သူမ၏ မျက်လုံးများ အရောင် တောက်ပလာသည်။

“ချစ်စရာကောင်းတဲ့ ကလေးမလေးတွေပဲ။ ဒီလိုလုပ်ရအောင် မနက်ဖြန်က မိုးနတ်ဘုရားအပြင်ထွက်တဲ့နေ့လေ။ ပန်းနတ်သမီးလေး နှစ်ယောက်လည်း လိုသေးတာဆိုတော့ ဒီကလေးမလေးနှစ်ယောက်ကို ပန်းနတ်သမီးလေးတွေအဖြစ် ထားလိုက်ရအောင်" ရွှယ်အန်းက မျက်မှောင်ကြုတ်လိုက်သည်။

'ပန်းနတ်သမီးတဲ့လား၊ ပြီးတော့ မိုးနတ်ဘုရားကလည်း အပြင်ထွက်ဦးမယ်တဲ့ ဘာတွေလဲ'

ထိုအချိန်တွင် အတူလိုက်ပါလာသော မာချန်က တိတ်တဆိတ် ရှင်းပြလိုက်သည်။

"မစ္စတာရွှယ်၊ မနက်ဖြန်က မိုးနတ်ဘုရားပွဲတော် တရားဝင် စတင်မယ့် နေ့လေ။ မိုးနတ်ဘုရား ရုပ်ထုကို အပြင်ထုတ်ယူပြီး မြို့အနှံ့ လှည့်လည်ကျင်းပမယ့် ပွဲမျိုးလေ။ ဒါက နှစ်စဉ်နှစ်တိုင်း လင်နန်မြို့မှာ အကြီးကျယ်ဆုံးပွဲတော်ပဲ”

“ပြီးတော့ ပန်းနတ်သမီးလေးတွေက မိုးနတ်ဘုရားရုပ်တုကို အဖော်ပြုပေးတဲ့ အင်မော်တယ်လေးတွေကို ရည်ညွှန်းတာပါ။ လင်နန်မြို့မှာရှိတဲ့ ချမ်းသာကြွယ်ဝပြီး မြင့်မြတ်တဲ့ မိသားစုက ဆင်းသက်လာကြတဲ့ ကလေးငယ်တွေမှ ပါဝင်လို့ရတဲ့ နေရာမျိုးလေ၊ ဘာလို့ဆို ဒီကဏ္ဍမှာ ပါဝင်တဲ့ ကလေးငယ်လေးတွေက အသက်ရှည်ပြီး ကံကောင်းကြတယ်ဆိုပြီး အဆိုစကားရှိထားတယ်လေ" ရွှယ်အန်းက နှုတ်ဆိတ်နေ၍ ခေါင်းညိတ်ပြလိုက်သည်။

ယွီရန်က ထိုင်ချလိုက်ပြီးနောက် ပြုံး၍ စကားပြောလိုက်သည်။

"ကဲ ချစ်စရာ ညီမလေးတို့။ အစ်မက မနက်ဖြန်ကျရင် မင်းတို့ကို အပြင်ထွက်ပြီး ကစားလို့ရအောင် ခေါ်သွားပေးမယ်၊ ပြီးရင် အဝတ်အစား လှလှလေးတွေ အများကြီးလည်း ဝတ်ရမယ်လေ။ ဘယ်လိုလဲ"

ကလေးများ၏ ပင်ဗီဇသည် ဆော့ကစားရခြင်းသာဖြစ်သည်၊ ထို့ကြောင့် ယွီရန်၏စကားကိုကြားသောအခါ ကလေးမလေး နှစ်ယောက်က ရွှယ်အန်းကို မျှော်လင့်စောင့်စားနေသော မျက်လုံးများဖြင့် မော့ကြည့်လိုက်ကြသည်။

ရွှယ်အန်း အနည်းငယ် မှင်သက်သွားသော်လည်း၊ အင်တင်တင်ဖြင့် ခေါင်းညိတ်လိုက်သည်။ ထိုသို့ဖြင့် ဆုံးဖြတ်ချက်ချပြီးလေ၏။ ကန့်သတ်ချိန် ခုနစ်ရက်တွင် သုံးရက်ကျန်ရှိနေသေးသောကြောင့် ကလေးများကို အပျော်သဘော အဖော်ပြုခြင်းက ကောင်းမွန်ပေလိမ့်မည်။

“သဘောတူပြီးပြီဆိုတော့ မနက်ဖြန် မိုးနတ်ဘုရား ကျောင်းဆောင်မှာ တွေ့ကြမယ် နော်။ နောက်မကျနဲ့ဦး" ယွီရန်က ဝမ်းသာအားရ ပြုံးပြလိုက်သည်။

ရွှယ်အန်း ထွက်သွားပြီးနောက်၊ ဘဏ္ဍာစိုးက လေးနက်သောအမူအရာဖြင့် ချဉ်းကပ်လာသည်။

"သခင်မလေး၊ အဲဒီလူက ထူးဆန်းနေတယ်။ မိသားစုအကြီးအကဲကို အကြောင်းကြားသင့်သလား” ယွီရန်က စိတ်မရှည်သော လေသံဖြင့် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"သူက ဒီတိုင်း အသားကင် ကျွမ်းကျင်တဲ့လူမျိုး ဒါမှမဟုတ် သိုင်းပညာတစ်ချို့တစ်ဝက် တတ်ထားတဲ့ လူမျိုးလောက်ပါပဲ။ ဒီအကြောင်းကို အဖေ့ကိုပြောပြဖို့ လိုလို့လား"

“ဒါပေမယ့်…” ယွီရန်က အရေးမထားသည့်ဟန့်ဖြင့် သူမ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

“အဲ့အပြင် သူ့မှာ သမီးနှစ်ယောက်တောင် ရှိတယ်။ သူ့သမီးတွေကို အတူခေါ်လာပြီး မစ်ရှင်လုပ်တဲ့ လုပ်ကြံသတ်ဖြတ်သူမျိုးရှိတယ်လို့ ရှင်က ပြောချင်လို့လား။ ဒီကိစ္စကို ဒီမှာပဲ ရပ်လိုက်တော့"

ယွီရန်က ခေတ္တရပ်ဆိုင်းပြီးနောက် ဘဏ္ဍာစိုးကို အေးစက်စွာ ကြည့်လိုက်သည်။

"နားလည်လား"ဘဏ္ဍာစိုးက လန့်ဖျပ်စွာဖြင့် ခေါင်းငုံ့လိုက်သည်။

"နားလည်ပါပြီ"

ယွီမိသားစုတွင်သာမက လင်နန်မြို့တစ်ခုလုံးတွင်ပင် သခင်မလေးယွီကို မည်သူမျှ ရန်မစရဲကြပေ။ လက်ရှိ မိသားစုခေါင်းဆောင် ယွီလန်၏ တစ်ဦးတည်းသော သမီးဖြစ်သည့် သူမသည် အလွန်အမင်း တန်ဖိုးထားမှုဖြင့် အလိုလိုက်စွာ ဆက်ဆံခံရသူတစ်ဦးဖြစ်သည်။

ဤအချက်ကို ကောင်းစွာသိထားသော ဘဏ္ဍာစိုးက လေးစားစွာ နှုတ်ဆိတ်နေ၏။ ထိုအချိန်တွင် ယွီရန်သည် အကင်ပုံကြီးထဲမှ နောက်ဆုံးအကင်ချောင်းကို ကောက်ယူ၍ ပြင်းထန်စွာ ကိုက်ချလိုက်သည်။

'ဟွန်း၊ ဘယ်သူ့ကမှ ကျွန်မကို ဒီလို မဆက်ဆံဖူးဘူး၊ ကျွန်မကို လျစ်လျူရှုရဲတဲ့ လူက ရှင် ပထမဆုံးပဲ။ ယွီမိသားစုက သခင်မလေးယွီရဲ့ အစွမ်းသတ္တိကို ရှင် သိသွားစေရမယ်'

ထို့နောက် ရွှယ်အန်းက ၎င်းတို့၏နေအိမ်သို့ ပြန်လာခဲ့သည်။

“မစ္စတာရွှယ်၊ ခုနက ဟိုအမျိုးသမီးက ယွီမိသားစုထဲက ဖြစ်ဖို့များတယ်"မာချန်က ပြောလိုက်သည်။

ရွှယ်အန်းက ခေါင်းညိတ်ပြလိုက်သည်။

“သိသာပါတယ်”

"ဒါဆိုရင် မစ္စတာက…" ရွှယ်အန်းက ခပ်ပါးပါးလေ ပြုံးလိုက်သည်။

"ကျွန်တော့် ပစ်မှတ်က ယွီမိသားစုရဲ့ ဓားအင်မော်တယ်ပါ၊ သူမ မဟုတ်ဘူး၊ အဲ့ဒီ့အပြင် ခုနစ်ရက် ကန့်သတ်ချက်ရောက်ဖို့က သုံးရက်ကျန်ပါသေးတယ်"

"အခုကစပြီး သုံးရက်လောက်နေရင် လင်နန်မြို့ကို ဆယ်စုနှစ်တွေကြာအောင် စိုးမိုးထားတဲ့ ဒီယွီမိသားစုက ဘယ်လောက်တောင် ထူးထူးခြားခြား အံ့သြစရာကောင်းနေလဲဆိုတာ ကိုယ်တိုင် သွားကြည့်ရသေးတာပေါ့"

ရွှယ်အန်းသည် သတ်ဖြတ်လိုစိတ်များပြင်းထန်စွာဖြင့် အေးစက်စွာ ပြောလိုက်သည်။

နောက်တစ်နေ့။

မိုးနတ်ဘုရားပွဲတော် တရားဝင်စတင်မည့် နေ့ဖြစ်သည်။

ရွှယ်အန်းက သူ၏သမီးလေးများနှင့်အတူ မိုးနတ်ဘုရား ကျောင်းဆောင်၏ အရှေ့သို့ ရောက်ရှိလာသောအခါ၊ ဘုရားကျောင်း၏ နေရာအနှံ့တွင် ယုံကြည်သူများက အမွှေးတိုင်များ ထွန်းညှိပူဇော် ကပ်လှူ၍ ဆုတောင်းနေကြသည်။ ရွှယ်အန်းက ပင်မခန်းမဆောင်ထဲသို့ လျှောက်လှမ်းသွားခဲ့သည်နှင့် မွှေးပျံ့နေသော အမွှေးနံ့သာအခိုးအငွေ့များဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။ မြင့်မားသည့် နေရာတွင် အမျိုးသမီးမျက်နှာနှင့် ရုပ်တုတစ်ခုကို သောင်းနှင့်ချီသော ကိုးကွယ်သူများက ပူဇော်ပသနေသည်။

ဆုန်မင်းဆက်အတွင်း လင်နန်မြို့သည် သုံးနှစ်ကြာမျှ အသက်အန္တရာယ်ထိခိုက်စေသည့် မိုးခေါင်ရေရှားမှုဒဏ်ကို ခံစားခဲ့ရရာ၊ အဆုံးတွင် ကောင်းကင်သို့ သူမ၏ သွေးများကို စိတ်ဓာတ်ပြတ်သားစွာ လှူဒါန်းခဲ့သည့် အဆိုပါ အမျိုးသမီးကြောင့်သာ မိုးရွာသွန်းမှုဖြစ်ပေါ်စေခဲ့ကာ လူအများကို ဘေးအန္တရာယ်ကျရောက်ခြင်းမှ ကယ်တင်နိုင်ခဲ့သည်။

ထိုအချိန်မှစ၍ လူပေါင်းများစွာသည် သူမ၏ရုပ်ပုံကို ရုပ်ထုထွင်းထုစေ၍ ဘုရားကျောင်းဆောင်ကို ဆောက်တည်ကာ ယနေ့အချိန်အထိ အမွှေးတိုင်များ အဆက်မပြတ် လှူဒါန်းခဲ့ကြသည်။ သို့သော်လည်း ရွှယ်အန်းက မော့ကြည့်လိုက်ချိန်တွင် ခန်းမဆောင်တစ်ခုလုံး အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

ရွှယ်အန်းက ပြုံးလိုက်ပြီးနောက် ရုပ်တုကို ခေါင်းညိတ်ပြ၍ လှည့်ထွက်သွားခဲ့သည်။ လူများစွာထံမှ နှစ်ထောင်ချီ၍ ကိုးကွယ်ပူဇော်ခြင်းခံခဲ့ရပြီးနောက် မိုးနတ်ဘုရားတွင် ကိုယ်ပိုင်စိတ်ဝိဉာဥ်တစ်ခု ပြည့်ဝနေကြောင်း သူခံစားမိသည်။ သူ၏ ဖြစ်တည်ရှိမှုသည် မိုးနတ်ဘုရားကို သိသိသာသာ ထိတ်လန့်သွားစေသည်။

ခန်းမဆောင်ထဲမှ ထွက်လာခဲ့သည်နှင့် ယွီရန်က သူ့ကို ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်လိုက်သည်။

"ကျွန်မက အခုပဲ ရှင့်ကို လိုက်ရှာဖို့ လုပ်နေတာ။ ကလေးတို့ ဒီကိုကြည့်ကြဦး၊ ခဏနေရင် ဒီလိုအဝတ်အစားတွေ ဝတ်ထားရမှာလေ ဘယ်လိုလဲ လှရဲ့လား"

ယွီရန်သည် လက်ရာမြောက်စွာ ဖန်တီး ချုပ်လုပ်ထားသည့် အသစ်စက်စက် အဝတ်အစား နှစ်စုံကို ကိုင်ဆောင်ထားသဖြင့် ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့က အလွန်ပျော်ရွှင်နေကြသည်။

"အရမ်း လှတာပဲ"

"လှတယ်ဆိုရင် လဲဝတ်လိုက်၊ ခဏနေရင် စထွက်တော့မှာ” ယွီရန်က ပြုံးရွှင်စွာ ပြောလိုက်သည်။

သူမသည် ကလေးမလေးနှစ်ယောက်ကို အလွန်နှစ်သက်သဘောကျလျက်ရှိကာ မကြာမီ၌ပင် အဝတ်အစားလဲရန် ၎င်းတို့ကို အခန်းလွတ် တစ်ခုဆီသို့ ခေါ်ဆောင်သွား၏။ ၎င်းတို့ ထွက်ပေါ်လာသည့်အခါ လူအများက အံ့အားသင့်သွားကြသည်။ ၎င်းတို့သည် ကောင်းကင်ဘုံမှ ဆင်းသက်လာသကဲ့သို့ပင် ထင်ရကာ ဘုန်းတော်ကြီးမားသည်လည်း အလွန်အံ့သြတကြီးဖြင့်ပြောလာကြသည်။

“သန့်စင်တဲ့ဝိဉာဥ်ရှိတဲ့ ကလေးမလေးတွေပါလား”

"ဘယ်လိုလဲ။ ဒီမှာစည်းကားတယ် မဟုတ်လား၊ ဒီနေ့က လင်နန်မြို့ရဲ့ ပျော်စရာအကောင်းဆုံးနေ့လေ" ထိုအချိန်တွင် ယွီရန်က ရွှယ်အန်းကို မေးလိုက်သည်။

ရွှယ်အန်းက ခပ်ပါးပါး ပြုံး၍ ပြန်ဖြေလိုက်သည်။

"ကျွန်တော်အထင်တော့ မဆိုးပါဘူး"

ယွီရန်သည် သူမ၏ အတွင်းစိတ်ထဲတွင် ဒေါသထွက်စွာ အံကြိတ်နေခဲ့သည်။ သူမက စကားစမြည်ပြောဆိုရန် လမ်းဖောက်ပေးနေသော်လည်း အဘယ်ကြောင့် ရွှယ်အန်းက ဂရုမစိုက်စွာ တုံ့ပြန်ခဲ့လေသလော။

“ပြီးရင် ပန်းရထားနဲ့ မြို့အနှံ့လှည့်လည်ပြီး နတ်ဘုရားရုပ်တုရဲ့ အနောက်ကို လိုက်ကြမှာလေ" ယွီရန်က စိတ်လှုပ်ရှားစွာပြောသည်။

သူမသည် မိုးနတ်ဘုရားပွဲတော်တွင် နှစ်စဉ်နှစ်တိုင်း ပါဝင်ခဲ့သော်လည်း၊ ယခုနှစ်တွင် ပျော်ရွှင်မှုကို အထူးခံစားနေရသည်။ သို့သော် ထိုအချိန်တွင် အံ့ဩသံတစ်ခု ထွက်ပေါ်လာသည်။

"ညီမလေးယွီရန်၊ ညီမလေးလည်း ဒီရောက်နေတာကို" လူငယ်တစ်ဦးသည် ထိုအသံနှင့်အတူ သွက်လက်စွာ ချဉ်းကပ်လာသည်။

ထိုလူငယ်ကို မြင်လိုက်သည်နှင့် ယွီရန်၏ မျက်နှာအမူအရာက အေးခဲသွားကာ မျက်မှောင်ကြုတ်လိုက်သည်။

"ကျန်းရှု့လွင်၊ ငါ့ကို ညီမလေးလို့ မခေါ်နဲ့လို့ပြောထားတာ ဘယ်နှစ်ခါရှိပြီလဲ"

"အသက်အရွယ်အရရော ဆက်နွယ်ပုံအရရော မင်းက အစ်ကို့ ညီမလေးပဲလေ။ သိတဲ့အတိုင်း အစ်ကိုတို့ မိသားစုနှစ်ခုက နှစ်ဆက်ဆက် ခင်မင်ရင်းနှီးလာကြတာပဲကို။ အယ်၊ ဒါဘယ်သူပါလိမ့်.."

ဘေးတွင်ရပ်နေသော ရွှယ်အန်းကို သတိထားမိလိုက်သော ကျန်းရှု့လွင်၏ မျက်လုံးများတွင် အံ့သြမှု အရိပ်အယောင်များ ပေါ်လာသည်။ ရွှယ်အန်းကပြန်မပြောခင်၌ပင် ယွီရန်က အလျင်အမြန် ဖြတ်ပြောလိုက်သည်။

"ဒါက အခုတလောမှ ငါနဲ့ခင်ထားတဲ့ သူငယ်ချင်းအသစ်ပဲ"

'သူငယ်ချင်းတဲ့လား'

ရွှယ်အန်းကို ကြည့်နေသော ကျန်းရှု့လွင်၏အကြည့်သည် တဖြည်းဖြည်း နက်မှောင်လာသည်။ ယွီမိသားစုသည် လင်နန်မြို့တွင် အံတုဖွယ်မရှိသော ခေါင်းဆောင်မိသားစုတစ်ခုဖြစ်၍ ၎င်းတို့အနောက်တွင် အင်အားအကြီးဆုံး မိသားစုမှာ မိမိတို့၏ ကျန်းမိသားစုဖြစ်သည်။ ကျန်းမိသားစု၏ တရားဝင် အငယ်ဆုံးသားဖြစ်သော ကျန်းရှု့လွင်သည် ယွီရန်နှင့် သက်တူရွယ်တူ လူငယ်တစ်ဦးဖြစ်သည်။

ကျန်းမိသားစုသည် ကျန်းရှု့လွင်နှင့် ယွီရန်တို့နှစ်ဦးကို ငယ်စဉ်ကတည်းက လက်ထပ်ထိမ်းမြားပေးရန် မျှော်လင့်ခဲ့ကြသည်။ ကျန်းရှု့လွင်သည်လည်း ထိုကိစ္စနှင့်ပတ်သက်၍ သဘောတူညီသော ဆန္ဒရှိသည်။

ကံမကောင်းစွာပင်၊ ယွီရန် က မိမိကို မည်သည့်အချိန်ကမှ မျက်နှာသာပေးခဲ့ဖူးခြင်း မရှိပေ။

ယနေ့တွင် မိုးနတ်ဘုရား ကျောင်းဆောင်သို့ ယွီရန် ရောက်ရှိလာမည်ကို သိရှိထားသော ကျန်းရှု့လွင်သည် သူမနှင့် အချိန်များများ ကုန်ဆုံးနိုင်စေရန် မျှော်လင့်၍ ဘုရားကျောင်းဆောင်သို့ စောစီးစွာ ရောက်ရှိနေခြင်းဖြစ်သည်။

သို့သော် ရွှယ်အန်း၏ ဖြစ်တည်မှုသည် ကျန်းရှု့လွင်ကို အလွန်ဒေါသထွက်စေ၏။

အခန်း (၁၂၅) ဆိုးတဲ့ ကလေးဆိုပြီး မရှိဘူး၊ ဆိုးတဲ့ မိဘတွေပဲ ရှိတာ

ပန်းရထားပေါ်သို့ တက်ပြီးနောက် ကျန်းရှု့လွင်က ယွီရန်ကို စကားစမြည်ပြောဆိုရန် အကြိမ်ကြိမ်ကြိုးစားခဲ့သည်။ သို့သော်၊ ယွီရန်က သူ့ကို ဂရုစိုက်ပုံမပေါ်ဘဲ ရွှယ်အန်းနှင့် ပျူငှာစွာ စကားစမြည်ပြောဆို၍ အလွန်ရွှင်မြူးနေပုံပေါ်သည်။ ဤမြင်ကွင်းသည် ကျန်းရှု့လွင်၏မျက်လုံးများကို ဒေါသမီးများဖြင့် လောင်ကျွမ်းစေသည်။

'ငါ့အကြံအစည်တွေကို ပျက်အောင် လုပ်ရဲရအောင် ဒီကောင်က ဘယ်သူမို့လို့လဲ။ သူ ယွီရန်နဲ့ ဘာတွေအဲ့လောက် ဆွေးနွေးနေတာလဲ။ ဘာလို့ ပျော်ပျော်ရွှင်ရွှင်နဲ့ စကားပြောနေတာလဲ'

ကျန်းရှု့လွင်မသိခဲ့သည်မှာ ထိုအချိန်တွင် ရွှယ်အန်းက ယွီရန်ကို တစ်ချက်လှည့်ကြည့်၍ မေးလိုက်ခြင်းပင်ဖြစ်သည်။

"ငါ့ကို ဒိုင်းတစ်ခုအနေနဲ့ သုံးရဲတယ်ပေါ့၊ အကျိုးဆက်ကို မေးပြီးပြီလား" ယွီရန်က ရယ်မောလိုက်သည်။

"အဲ့ကောင်ကို ကျွန်မ ကြည့်မရလို့ပါ၊ အဲ့တော့ အခုလောလောဆယ် ခဏလောက် ကာပေးထားပါ။ လင်းနန်မှာ ရှင်ရှိနေသရွေ့ ရှင့်နောက်မှာ ကျွန်မရှိပါတယ်"

ရွှယ်အန်းက မည်သည့်အမူအရာမှ မပြပေ။ ယွီမိသားစုမှ ဤမိန်းကလေးကို အထူးတလည် ကြိုက်နှစ်သက်ခြင်း မရှိသကဲ့သို့ မကြိုက်နှစ်သက်ခြင်းလည်းမရှိပေ။ သူမသည် မိမိနှင့် မတော်တဆ ဆုံတွေ့ခဲ့ရသော သူစိမ်းတစ်ယောက်သာဖြစ်သည်။ ထိုအချိန်တွင် ကလေးသူငယ်များ၏ စကားများရန်ဖြစ်သံများနှင့် ကလေးမလေးတစ်ဦး၏ ငိုကြွေးသံသည် အရှေ့ဘက် ပန်းရထားမှ ထွက်ပေါ်လာသည်။

စကားပြောနေသော ယွီရန်သည် ရွှယ်အန်းထံမှ ပြင်းထန်သော သတ်ပစ်ချင်စိတ်များကို ခံစားလိုက်ရပြီးနောက် မျက်နှာအမူအရာ ခက်ထန်သွားခြင်းကို တွေ့ရှိလိုက်ရသည်။ သူ၏ မျက်နှာအမူအရာသည် တစ်စုံတစ်ယောက်ကို အရှင်လတ်လတ် ဝါးမျိုချချင်နေသည်ထင်ရသည်။

ရွှယ်အန်းသည် ကလေးမလေး၏ ငိုသံကို သတိထားမိခဲ့၏။

ရွှယ်နျန်၊ သူ၏ သမီးငယ်လေး ရွှယ်နျန်၏ အသံသာ ဖြစ်ပေလိမ့်မည်။

ရွှယ်အန်းသည် ပန်းရထားအရှေ့သို့ အမြန်ပြေးသွားသောအခါ သူ၏မျက်စိရှေ့တွင် ပေါ်ပေါက်လာသော မြင်ကွင်းသည် သူ၏ သတ်ဖြတ်ချင်စိတ်ကို ပို၍ပင် တောက်လောင်စေသည်။

ရွှယ်နျန်သည် မြေပြင်ပေါ်တွင် ထိုင်ချလျက်ရှိရာ သူမ၏ အင်္ကျီ ထောင့်တစ်နေရာတွင်လည်း စုတ်ပြဲနေ၍ ချုံးပွဲချငိုကြွေးနေသည်ကို မြင်တွေ့လိုက်ရသည်။ ရွှယ်ရှန်းသည်လည်း မျက်နှာချင်းဆိုင်ရှိကလေးမလေးတစ်ဦးနှင့် တစ်စုံတစ်ခုကို ဒေါသတကြီး ငြင်းခုံနေ၏။ ရှစ်နှစ်၊ ကိုးနှစ် အရွယ်ခန့်ရှိ၍ လှပသော ဤကလေးမလေးသည် ရွှယ်ရှန်းနှင့် ငြင်းခုံနေစဉ် ကြမ်းတမ်း စူးရှသော အမူအရာဖြင့် သူမ၏ တင်ပါးထက်၌ လက်နှစ်ဖက်ထောက်ထားသည်

"ငါ့ ညီမလေးကို ဘာလို့တွန်းလိုက်တာလဲ" ရွှယ်ရှန်းက ဒေါသတကြီး မေးလိုက်သည်။

"ငါ မတွန်းပါဘူး။ သူ့ဘာသာ လဲကျသွားတာ။ ပြီးတော့ ငါက နင့်ဆွဲကြိုးလေးကို စမ်းပြီး ဆွဲကြည့်ချင်ရုံလေးကို ဘာတွေအဲ့လောက် ကပ်စေးနှဲတာလဲ"

ကလေးမလေးက မောက်မာသော အကြည့်ဖြင့် ပြောဆိုလိုက်သည်။ ထိုအချိန်တွင် ယွီရန်နှင့် ကျန်းရှု့လွင် အပါအဝင် အခြားလူများလည်း ပြေးလာကြသည်။ သူမ၏ အဖေရောက်လာသည်ကို မြင်တွေလိုက်သော ရွှယ်နျန်က ပို၍ပင် သနားစဖွယ်ကောင်းအောင် အော်ငိုနေတော့သည်။ ရွှယ်အန်းက လမ်းလျှောက်လာကာ ငိုယိုနေသော ရွှယ်နျန်ကို မြေကြီးပေါ်မှပွေ့ချီလိုက်ပြီးနောက် သူမ၏ ခေါင်းလေးကို အသာပုတ်လိုက်သည်။

"တိတ်တော့နော်၊ ဖေဖေ ဒီမှာရှိတယ်"

ကလေးမလေးသည် လူကြီးများရောက်လာသည်ကိုမြင်လိုက်ရ၍ အနည်းငယ် ရှက်ရွံ့သွားသော်လည်း ကျန်းရှု့လွင်ကိုတွေ့လိုက်သည်နှင့် သူမ၏မျက်နှာအမူအရာ ကြည်လင်လာတော့သည်။

"လေးလေး လေးလေး၊ သမီးကို ဒီလူတွေက အနိုင်ကျင့်နေကြတယ်"

ကလေးမလေးသည် သူမ၏ မျက်နှာအမူအရာကို လျင်မြန်စွာ ပြောင်းလဲ၍ အလွန်ဝမ်းနည်းနေသည့်နှယ် ဟန်ဆောင်လိုက်သည်။ ထိုကလေးမလေးသည် ယခုနှစ်တွင် အသက်ရှစ်နှစ်ရှိနေပြီဖြစ်သော ကျန်းရှု့လွင်၏တူမ၊ ကျန်းရှောင်ထုန်မှလွဲ၍ အခြားလူမဟုတ်ပေ။

ကျန်းရှု့လွင်၏ စိတ်ထဲတွင် တိတ်တဆိတ် ဝမ်းသာသွားသည်။

'ဒါဆို ဒီကောင်က ကလေး အဖေတောင်ဖြစ်နေပြီကို'

မိမိ၏ တူမဖြစ်သူ ပါ၀င်ပတ်သက်နေကြောင်း သိလိုက်သည်နှင့် သူ၏မောက်မာမှုမှာ ပို၍ပင် ပြင်းထန်လာသည်။ မိမိ၏တူမသည် အလွန်အမင်း အလိုလိုက်ခံရမှုကြောင့် အများသူငါကို လိုက်လံ အနိုင်ကျင့်နေကြောင်းကို သူသိရှိထားသော်လည်း ၎င်းတို့သည် ကလေးငယ်များဖြစ်သောကြောင့် တစ်ဦးကိုတစ်ဦး အနိုင်ကျင့်ခြင်းက ကြီးမားသောကိစ္စရပ် မဟုတ်ပေ။

ထိုသို့တွေးနေသော ကျန်းရှု့လွင်က ရိုးသားဖြောင့်မတ်ခြင်းမရှိစွာ ပြောဆိုလိုက်သည်။

“အာ၊ ကလေးတွေက ကလေးတွေပါပဲ။ ဒီလိုပဲ ဆူညံပူညံလုပ်တာ ပုံမှန်ပဲကို။ လွှတ်ထားလိုက်၊ လွှတ်ထားလိုက်"

ရွှယ်အန်းက သူ့ကို လျစ်လျူရှုထား၍ သူ၏ရင်ခွင်ထဲရှိ ရွှယ်နျန်ကိုသာ နှစ်သိမ့်စကား တီးတိုးပြောဆိုနေသည်။ မကြာမီတွင် ရွှယ်နျန်က ငိုရှိုက်သံကြားမှ ပြောလိုက်သည်။

"ဖေဖေ၊ သူက သမီးဆွဲကြိုးကို အတင်း ဝတ်မယ်ပဲ ပြောနေတာ၊ ဒါပေမယ့် အဲ့ဒါက ဖေဖေပေးထားတဲ့ လက်ဆောင်မို့လို့ သမီးက မပေးချင်တာကို သမီးကို ရိုက်တယ်"

ရွှယ်အန်းက အချိန်အတော်ကြာ နှစ်သိမ့်ပေးပြီးနောက်မှ ရွှယ်နျန်အငိုတိတ်သွားခဲ့သည်။ ထို့နောက်မှ သူက ကျန်းရှု့လွင်ကို မော့ကြည့်လိုက်သည်။

"မင်း ခုနက ဘာပြောနေတာလဲ"

ရွှယ်အန်း၏ အကြည့်မှ အေးစက်မှုကို ခံစားလိုက်သော ကျန်းရှု့လွင်သည် သူ၏ဆံပင်များ အဆုံးထိ ထောင်မတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် သူက ဟန်လုပ် ရယ်ပြုံး၍ ပြောလိုက်သည်။

“ကလေးတွေက ကလေးတွေပဲလေ၊ ခဏခဏ ဆူဆူညံညံနဲ့ ရန်ဖြစ်တာ ထုံးစံပါပဲ။ ကျွန်တော်တို့ လူကြီးတွေလို ဝင်မပါဘဲ နေကြရအောင်လေ မဟုတ်ဘူးလား”

မျက်မှောင်ကြုတ်နေသော ယွီရန်က စကားပြောရန် ဟန်ပြင်နေချိန်တွင် ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

"မင်းပြောတာ မှန်ပါတယ်"

ကျန်းရှု့လွင်က သက်ပြင်းတစ်ချက်ချကာ ဤအမျိုးသားသည် သိတတ်နားလည်သူဟု ဘဝင်ခိုက်စွာ တွေးနေခဲ့သော်လည်း ရွှယ်အန်း ထပ်မံပြောဆိုခဲ့သော စကားက သူ့ကို ထိတ်လန့်သွားစေသည်။

"ကလေးတွေကိစ္စကို ကလေးတွေကိုယ်တိုင်ပဲ ဖြေရှင်းသင့်တယ်"

ပြီးနောက် ရွှယ်အန်းက ရွှယ်နျန်ကို ငုံ့ကြည့်၍ ပြောလိုက်သည်။

"သွား သူ့ကို ပြန်သွားရိုက်လိုက်" ရွှယ်နျန်က အနည်းငယ် တုံ့ဆိုင်းနေသည်။

“ဖေဖေ….”

ရွှယ်အန်း၏အမူအရာမှာ တည်ငြိမ်နေသည်။

"သူ သမီးကို ရိုက်ထားတယ်လေ၊ ဒါဆိုရင် သူ့ကို ဆယ်ချက်လောက် ပြန်ရိုက်သင့်တာပေါ့"

ရွှယ်နျန်က သူမ၏ အံကြိတ်၍ ကျန်းရှောင်ထုန်ဆီသို့ လျှောက်သွားခဲသည်။ ပုံမှန်အားဖြင့် ပြင်ပလောကတွင် ဗိုလ်ကျလေ့ရှိသူဖြစ်သည့်အလျောက် ယခုအချိန်တွင် ကျန်းရှောင်ထုန်သည် ပမာမခန့်အမူအရာဖြင့် မတ်တပ်ရပ်နေသည်။

‘လေးငါးနှင့်ပဲရှိသေးတဲ့ ရွှယ်အန်းနဲ့ ရွယ်နျန်က ငါ့ကို ဘယ်လိုလုပ်ရိုက်နိုင်မှာလဲ’

သို့သော် ရွှယ်နျန်က အနားသို့ ရောက်လာသည်နှင့် သူမ၏ လက်လေးကို မြှောက်၍ ကျန်းရှောင်ထုန်၏မျက်နှာကို ရိုက်ချလိုက်သည်။ ကျန်းရှောင်ထုန်သည် ရိုက်ချက်ကြောင့် မြေပြင်ပေါ်သို့ တည့်တည့်ကျသွားခဲ့ကာ တုံ့ပြန်မှုပင်မရလိုက်ပေ။ ရွှယ်နျန်သည် ယခုအချိန်တွင် အလွန်ဒေါသထွက်နေသည်။ သူမသည် ကျန်းရှောင်ထုန်၏နောက်ကျောပေါ်သို့ တက်ခွ၍ အလကားရနေသကဲ့သို့ သူမ၏ လက်သီးများဖြင့် စတင်ထိုးနှက်လိုက်ရာ ကျန်းရှောင်ထုန်က စတင်၍ ကျယ်လောင်စွာ အော်ဟစ်နေတော့၏။

ယခုအချိန်သည် ကျန်းရှု့လွင်ဘက်မှ လုံးလုံးလျားလျား မှင်တက်သွားရမည့် အလှည့်သို့ရောက်ခဲ့ပြီဖြစ်သည်။

"မင်း...မင်း...အခုချက်ချင်း ရပ်လိုက်စမ်း"

“ဘာလို့ ရပ်ရမှာလဲ။ အိုး၊ မင်း မိသားစုကပဲ တခြားလူကို ရိုက်ခွင့်ရှိတာလား"

“ဒါပေမယ့်….”

ရွှယ်အန်းက အေးစက်စွာပြုံး၍ ကြည့်လိုက်သည်။

"ကလေးတွေကိစ္စကို လူကြီးတွေဖြစ်တဲ့ ငါတို့က ဝင်မစွက်ဖက်တာ အကောင်းဆုံးလို့ မင်းပဲပြောတာလေ"

ကျန်းရှု့လွင်၏ မျက်နှာသည် ယင်ကောင်တစ်ကောင်ကို မျိုချထားသကဲ့သို့ တွန့်လိမ်၍ ရှက်ရွံ့ဒေါသစိတ်များဖြင့် ပြည့်နှက်နေသည်။

ရွှယ်အန်းက တိတ်ဆိတ်စွာ ရပ်ကြည့်နေလိုက်သည်။ သူသည် သူ၏သမီးလေးကို တိုက်ခိုက်ရန် အားပေးအားမြှောက်ပြုနေခြင်း မဟုတ်သော်လည်း တစ်ခါတရံတွင် တစ်ဖက်လူက အတိုင်းအတာတစ်ခုအထိ အနိုင်ကျင့်လာပါက သင့်လျော်စွာ တုံ့ပြန်ရပေလိမ့်မည်။ မဟုတ်လျှင် တစ်ဆင့်ပြီးတစ်ဆင့် အနိုင်ကျင့်မှုများ ပိုမို ဆိုးရွားလာပေလိမ့်မည်။

မိမိ၏သမီးနှစ်ဦးသည် လေးနှစ်အရွယ်မျှသာ ရှိသေးသော်လည်း ထိပ်တန်းအဆင့် ဆေးလုံးဖြင့် အားဖြည့်ထားသောကြောင့် ၎င်းတို့၏ ရိုက်ချက်များသည် ပေါင်ဒါဇင်များစွာ အလေးချိန်ရှိ၏။ ကလေးမလေးနှစ်ယောက်သည် အေးချမ်းသာယာစွာ နေထိုင်လေ့ရှိသောကြောင့်သာ ဤခွန်အားဖြင့် အခြားသူများကို တိုက်ခိုက်ရန် မသိခဲ့ကြခြင်းဖြစ်သည်။

ရွှယ်နျန်သည် အချိန်အနည်းငယ်ကြာရိုက်နှက်ပစ်လိုက်ပြီးသည့်နောက်မှ မတ်တပ်ထရပ်၍ မြေပြင်ပေါ်၌ နာကျင်စွာလဲလျောင်းနေသော ကျန်းရှောင်ထုန်ကိုကြည့်လိုက်သည်။

"ဖေဖေပြောတာ မှန်တယ်၊ ငါ့ကို ထပ်ပြီး အနိုင်ကျင့်ရဲရင် ဆယ်ချက်လောက် နာနာလေး ပြန်ရိုက်ပစ်မယ်"

ထိုစကားကို ပြောပြီးနောက် ရွှယ်နျန်သည် မကျေနပ်မှုများအပြည့်ဖြင့် ရွှယ်အန်းဘက်သို့ပြန်လာခဲ့သည်။ ယခုအချိန်တွင် ကျန်းရှောင်ထုန်၏ မျက်နှာသည် အပြာရောင်နှင့် ခရမ်းရောင်တို့ဖြင့် ဖွဲ့စည်း ချုပ်လုပ်ထားသကဲ့သို့ ပြာနှမ်းရောင်ရမ်းနေသည်။ မြို့အနှံ့လှည့်လည်သည့် လှေပေါ်သို့ သူမ ဆက်လက်လိုက်ပါနိုင်မည် မဟုတ်ပေ။

ကျန်းရှု့လွင်သည် သူ၏တူမဖြစ်သူကို လှေပေါ်မှ ပွေ့ချီကာ ရွှယ်အန်းကို မုန်းတီးသောအကြည့်ဖြင့် ကြည့်ရုံအပြင် အခြား ရွေးချယ်စရာမရှိတော့ပေ။ ထိုအချိန်တွင် သူ၏ရယ်မောသံကို ထိန်းချုပ်ထားသော ယွီရန်က ထိန်းမနိုင်သိမ်းမရဖြင့် ကျယ်လောင်စွာ ထရယ်လိုက်မိသည်။

"ကောင်းတယ်။ အဲ့ကျန်းရှောင်ထုန်က လင်နန်မြို့ တစ်ခွင်လုံး ဆိုးသွမ်းတဲ့ ကလေးဆိုပြီး နာမည်ကြီးနေတာ ကြာပြီ"

ယွီရန်သည် ကျန်းမိသားစုမှ နာမည်ဆိုးဖြင့်ကျော်ကြားသော ကလေးမလေးအကြောင်းကို ကြားသိခဲ့ရ၍ မည်မျှ စက်ဆုပ်ကြောင်းကိုလည်း သိသာစွာပြသလိုက်သည်။ တစ်ချိန်တည်း၌ပင် ယွီရန်သည် ရွှယ်အန်းနှင့် ပတ်သက်၍ပို၍ စူးစမ်းချင်လာသည်။

'ဒီလူက ဘယ်လိုလူလဲ။ သူ့သမီး ပြန်တိုက်ခိုက်ခိုင်းတဲ့… ဒီအုပ်ထိန်းမှုနည်းလမ်းက တကယ် ထူးခြားတာပဲ'

"ဆိုးတဲ့ ကလေးတဲ့ လား" ရွှယ်အန်က ဖြေးညှင်းစွာ ရယ်မောလိုက်သည်။

"ငါ့ မျက်လုံးထဲမှာတော့ ဆိုးတဲ့ ကလေး မဟုတ်ဘဲ၊ ဆိုးသွမ်းတဲ့ မိဘတွေပဲ တွေ့တယ်" ကျန်းရှု့လွင်သည် သူ၏တူမလေးကို ပွေ့ချီခေါ်ဆောင်၍ အိမ်သို့ ပြန်လာခဲ့သည်။

သူ၏အစ်ကိုကြီးဖြစ်သူ လက်ရှိ ကျန်းမိသားစု၏ မိသားစုခေါင်းဆောင် ကျန်းယိသည် အိမ်တွင်ရှိနေသည်။ သမီးငယ်လေး၏ မျက်နှာတွင် ဒဏ်ရာဗရပွဖြင့် ပြန်လာသည်ကို မြင်မိသောအခါ ဒေါသတကြီး ပေါက်ကွဲတော့၏။

"ဘယ်သူလဲ၊ ငါ့သမီးကို ဒီလိုလုပ်တာ ဘယ်သူလဲ"

ကျန်းရှု့လွင်သည် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို ပြန်လည်ရှင်းပြရာတွင် ချဲ့ကားပြောဆိုခဲ့သည်။ ထိုအမျိုးသားသည် ယွီရန်နှင့် အရောတဝင် ပေါင်းသင်းဆက်ဆံနေသည်ဟု ကြားလိုက်ရသည်နှင့်၊ ကျန်းယိ၏ မျက်နှာအမူအရာ ပို၍ပင် ဆိုးရွားလာသည်။ သူသည် သူ၏ညီဖြစ်သူကို ယွီမိသားစုမှ သခင်မလေးနှင့် လက်ထပ်ထိမ်းမြားနိုင်ရန် အမြဲတစေ မျှော်လင့်နေသူဖြစ်သည်။

'ဒါဆိုရင် မဖြစ်ဘူး၊ ဒီလူကို ရှင်းပစ်မှ ရမယ်'

အခန်း (၁၂၆) ကိုယ့်ဘဝကိုယ် ဖျက်ဆီးခြင်း

ကျန်းမိသားစု။

ကျန်းယိနှင့် ကျန်းရှု့လွင်တို့သည် တိတ်ဆိတ်၍ သန့်ရှင်းသော အခန်းတစ်ခုထဲရှိ ထိုင်ခုံပေါ်တွင် ရိုသေလေးစားသော အမူအရာဖြင့် ထိုင်နေကြသည်။ ၎င်းတို့နှင့် ဆန့်ကျင်ဘက်တွင် မာနကြီး၍ အရာရာကို ဂရုစိုက်ပုံမပေါ်သည့် အငွေ့အသက်ဖြင့် အမျိုးသမီးတစ်ဦး ထိုင်နေသည်။ ဤအမျိုးသမီးသည် ယုံကြည်နိုင်ဖွယ် မရှိလောက်အောင် လှပနေသော်လည်း ကျန်းညီအစ်ကိုများ၏ အမြင်တွင် သူမသည် လမင်းနန်းတော်မှ အလွန် သိမ်မွေ့နူးညံ့လှသော အမျိုးသမီးတစ်ဦးကဲ့သို့ လက်လှမ်းမီနိုင်လောက်အောင် မြင့်မြတ်လွန်းလှသည်။

"ပြော၊ ဘာလဲ"

အမျိုးသမီးက သူမ၏ နူးညံ့သိမ်မွေ့သော နှုတ်ခမ်းများကို အနည်းငယ် ဖွင့်ဟ၍ အမူမထားစွာ မေးလိုက်သည်။

“နတ်သမီး၊ ဒီနေ့ ကျွန်တော့် ညီလေးက လူတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ အဲ့လူက အရမ်းအင်အားကြီးပြီး ကျွန်တော်တို့ ကျန်းမိသားစုကို ရန်ငြိုးရှိနေတယ်၊ ဒါကြောင့် ကျွန်တော်…”

"မင်းက သူ့ကိုသေစေချင်တယ်၊ ဟုတ်တယ်မလား" အမျိုးသမီးက အေးစက်စွာ ပြောလိုက်သည်။

"အဲဒါ...အဲ့လိုဆိုရင်တော့ ပိုကောင်းတာပေါ့"

အမျိုးသမီးက မတ်တပ်ရပ်လိုက်သည်။

"ငါက မင်းတို့ ကျန်းမိသားစုမှာ နေခဲ့မှတော့ လူတစ်ယောက်လောက် သတ်ပေးရတာက အပန်းမကြီးပါဘူး၊ အစားအသောက်တွေအတွက် အခကြေးငွေလို့ပဲ မှတ်ယူထားလိုက်ပေါ့"

သူမ၏စကားသံအရ လူတစ်ယောက်၏ အသက်ကိုနှုတ်ယူရခြင်းသည် အလွန်လွယ်ကူပုံပေါ်သည်။ ကျန်းယိက ပေါ်လွင်စွာ စိတ်လှုပ်ရှားလာသည်။

“ကောင်းပါပြီ၊ သူက အခု လင်းနန်မြို့မှာ နေနေပါတယ်"

အမျိုးသမီးက ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပြီ ခဏစောင့်နေလိုက်၊ သူ့ခေါင်းကို ငါပြန်ယူလာခဲ့မယ်”

ဤသို့ဖြင့် အမျိုးသမီးသည် အနောက်လှည့်၍ ပြတင်းပေါက်ကို တွန်းဖွင့်ကာ ညအမှောင်တွင် ပျောက်သွားလေ၏။ ယခု အခန်းထဲတွင် ကျန်းညီအစ်ကိုနှစ်ယောက်သာ ကျန်ရစ်ခဲ့သည်။

ထိုအချိန်တွင် ကျန်းရှု့လွင်က အံ့အားသင့်စွာမေးလိုက်၏။

“အစ်ကို၊ ဒီအမျိုးသမီးက ဘယ်သူလဲ။ သူမ ဘာလို့ ဒီလောက်တောင် အင်အားကြီးရတာလဲ” ကျန်းယိက ရယ်မောလိုက်သည်။

"သူမက အစ်ကို နိုင်ငံခြားကနေ ဟိုးအရင်ထဲက ငှားထားတဲ့ လနတ်ဘုရားမ၊ ရှန်းပင်လို့လူသိများတဲ့ ထိပ်တန်း လုပ်ကြံသတ်ဖြတ်သူပဲ"

“လနတ်ဘုရားမ…”

ကျန်းရှု့လွင်က ငေးမော၍ ရေရွတ်လိုက်၏။ ကျန်းယိတွင်မူ ကျေနပ်အားရသော အမူအရာရှိနေသည်။ သူ၏အမြင်တွင် လင်နန်မြို့၌ ယွီမိသားစုမှလွဲ၍ လနတ်ဘုရားမကို ယှဥ်နိုင်မည့်သူ မည်သူမျှမရှိပေ။ သူမသည် ကောင်းကင်ဘုံကျက်သရေဆောင်စာရင်းတွင် အဋ္ဌမအဆင့်တွင် ရပ်တည်နေသူဖြစ်သည်။ ပျော်ပွဲရွှင်ပွဲ ပြီးဆုံးသွားသည်နှင့် ယွီရန်သည် ရွှယ်အန်း၏ အိမ်တွင် နောက်တစ်ကြိမ်ထပ်မံ စားသောက်ပြီးနောက် တုံ့ဆိုင်းစွာ အိမ်သို့ပြန်လေ၏။

ရွှယ်အန်းသည် သမီးငယ်လေးနှစ်ယောက်ကို ချော့သိပ်ပြီးနောက်၊ ဧည့်ခန်းထဲတွင် ငြိမ်သက်စွာ ထိုင်နေခဲ့သည်။ လင်နန်မြို့သည် မကြာခဏ မိုးရွာသွန်းလေ့ရှိသော မြို့တစ်မြို့ဖြစ်သည်။ ဤသို့ဖြင့် ထိုချိန်တွင် အပြင်ဘက်၌ မိုးဖွဲဖွဲလေး ထပ်မံရွာသွန်းနေပြန်သည်။ လောင်ဟေးနှင့် မာချန်တို့သည် ကျယ်ဝန်းသောဧည့်ခန်းတွင် ရွှယ်အန်းတစ်ယောက်တည်း အနားယူနိုင်စေရန်၊ ၎င်းတို့၏အခန်းထဲသို့ အသီးသီး ပြန်သွားကြသည်။

အချိန်အတိုင်းအတာ တစ်ခုကြာပြီးနောက် ရွှယ်အန်းက သူ၏ရေခွက်ကို အောက်သို့ချ၍ ဘာသိဘာသာ ပြောလိုက်သည်။

"ဒီကိုရောက်နေမှတော့ ဝင်လာလိုက်တော့ပေါ့"

ဘန်း

မှန်တံခါး ကွဲအက်သွားသည်နှင့် လေပြင်းနှင့်မိုးရေများ တစ်ဟုန်ထိုးဝင်ရောက်လာခဲ့ရာ၊ ရှန်းပင်သည်လည်း အေးစက်သော မျက်နှာအမူအရာဖြင့် ဝင်ရောက်လာခဲ့သည်။

“တစ်ယောက်ယောက်ကတော့ ဒီနေ့ သေချင်နေပြီ…”

ရှန်းပင်က ထို့သို့ပြောပြီးနောက် ခနဲတဲ့တဲ့ပြုံးနေသော ရွှယ်အန်းကို မြင်လိုက်ရသဖြင့် ကြောင်အစွာ တုံ့ဆိုင်းရပ်တန့်သွားသည်။

“ရှင်…ရှင်.…”

"မတွေ့ရတာတောင် ကြာပြီ" ရွှယ်အန်းက ခပ်ပါးပါးပြုံး၍ ပြောလိုက်သည်။

ရှန်းပင်သည် အထိန်းအကွပ်မဲ့စွာ တုန်လှုပ်လာသည်။

'သူဖြစ်နေတာကို'

သူဖြစ်နေကြောင်းသာ ကြိုတင်သိခဲ့မည်ဆိုလျှင် ကျန်းညီအကိုများက ဒူးထောက်၍ တောင်းပန်ကြလျှင်ပင် သူမ ဤနေရာသို့လာခဲ့မည် မဟုတ်ပေ။ ဤနေရာသို့ရောက်လာခြင်းသည် သေခြင်းတရားကိုရှာဖွေနေခြင်းနှင့်ပင် ဆင်တူသည်။ ယခုအချိန်ထိ သိုင်းပညာပြိုင်ပွဲတွင် ရွှယ်အန်းကကောင်းကင်ညွန်ပြသူအကြီးအကဲတစ်ဦးကို လက်သီးတစ်ချက်ဖြင့် သုတ်သင်လိုက်သည့် မြင်ကွင်းကို ရှန်းပင်က ရှင်းလင်းစွာ မှတ်မိနေသေးသည်။

ထို့အပြင် ရွှယ်အန်းက ယွီမိသားစု၏ ဓားသမား ရှီကျန်းကို ခေါင်းဖြတ်သတ်ခဲ့ပြီးနောက် ခုနှစ်ရက်အတွင်းတွင် လင်နန်မြို့ကို သိမ်းပိုက်မည်ဟု ကြေညာခဲ့သည်။

'အခု လင်နန်မြို့ကို ရောက်နေပုံအရဆိုရင် မဟုတ်မှလွဲရော သူပြောခဲ့တာတွေက အမှန်တွေချည်းပဲပေါ့'

ဤသို့တွေးမိသော ရှန်းပင်သည် ခေါင်းမှခြေဖျားအထိ အေးစက်မှုကို ခံစားလိုက်ရသည်။

"မကြောက်ပါနဲ့ ထိုင်ပါဦး" ရွှယ်အန်းက ဘာသိဘာသာဖြင့် ပြောလိုက်သည်။

ရှန်းပင်က တုန်တုန်ယင်ယင်ဖြင့် ထိုင်ချလိုက်သည်။

"မင်းကို ကျန်းမိသားစုက လွှတ်လိုက်တာလား" ရွှယ်အန်းက မေးလိုက်သည်။

ရှန်ပင်းက တုန်လှုပ်သွားသော်လည်း ခေါင်းညိတ်ပြလိုက်သည်။

“ဟားဟား၊ လူ့အသက်ကို မြက်ပင်လို့ မှတ်ယူတဲ့ မြင့်မြတ်တဲ့မိသားစုက အမျိုးကောင်းသားတွေဆိုတဲ့အတိုင်းပဲ" ရွှယ်အန်းက လှောင်ပြောင်စွာ မှတ်ချက်ချလိုက်သည်။

ထိုအချိန်တွင် ရှန်းပင်က တုန်ယင်နေသော လေသံဖြင့် ပြောလိုက်သည်။

“သခင်ကြီး… သခင်ကြီးဖြစ်နေမယ်မှန်း ကျွန်မ တကယ်မသိခဲ့လို့ပါ၊ ကျွန်မ အကြိမ်တစ်ထောင်လောက် သေဖို့ ထိုက်တန်ပါတယ်”

ရွှယ်အန်းက ရှန်းပင်၏ စကားကို အရေးမထားသည့်ဟန်ဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။

"ငါ မင်းကို မသတ်ပါဘူး" ရှန်းပင်က တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

"ဒါပေမယ့် ဘာဆက်လုပ်ရမလဲဆိုတာတော့ မင်းသိသင့်တယ်"

ရွှယ်အန်းက မိမိကို ရယ်စရာတွေ့နေသည့် မျက်နှာထားဖြင့် ကြည့်နေသဖြင့် ရှန်းပင်က ခဏမျှတုံ့ဆိုင်းသွားပြီးနောက် သူမ၏မျက်နှာပေါ်တွင် ပြတ်သားသောအမူအရာတစ်ခု ပေါ်ပေါက်လာသည်။

"ဟုတ်ကဲ့ ကျွန်မ နားလည်ပါတယ်"

ထိုသို့ပြောပြီးနောက် ရှန်းပင်က မတ်တပ်ထရပ်ကာ အံကြိတ်၍ သူမ၏ အပေါ်ထပ်အင်္ကျီကို ချွတ်လိုက်သည်။

ယင်းနောက်တွင် သွယ်လျ၍ ဆွဲဆောင်မှုရှိသော သူမ ခန္ဓာကိုယ် ပေါ်လွင်လာသည်။

ရွှယ်အန်းသည် မြင်ကွင်းကိုကြည့်၍ အံ့အားသင့်စွာ ဇဝေဇဝါဖြစ်နေ၏။

"မင်း ဘာလုပ်နေတာလဲ"

“သ…သခင်ကြီး၊ သခင်ကြီးပြောတာက..."

"ငါဆိုလိုတာက ကျန်းမိသားစုက ဒီလောက် ရက်စက်ကြမ်းကြုတ်နေမှတော့ သူတို့တွေ တည်ရှိနေဖို့ မလိုအပ်တော့ဘူးလို့၊ နားလည်ပြီလား"

ရုတ်တရက် သတိထားမိသွားသော ရှန်းပင်က ရှက်သွေးဖြာ၍ သူမ၏အင်္ကျီများကို အမြန် ပြန်ဝတ်လိုက်သည်။ ရွှယ်အန်းသည် သူမ၏အလှကို သဘောကျ၍ တစ်စုံတစ်ခုပြုလုပ်ရန် ပြင်ဆင်နေသည်ဟု သူမ ထင်ခဲ့မိသည်။ ထို့ကြောင့်င့် အသက်ရှင်သန်ရန်အတွက် အရှက်တကွဲ အကျိုးနည်းဖြစ်ခြင်းကို သည်းခံ၍ သူမ၏ သန့်ရှင်းစင်ကြယ်မှုကို စတေးရန် ပြင်ဆင်ခဲ့သည်။ သို့သော်လည်း ရွှယ်အန်းက ထိုသို့ ရည်ရွယ်ခဲ့ခြင်းမဟုတ်ပေ။

"စိတ်ချပါ သခင်ကြီး၊ ကျန်းမိသားစုက မနက်ဖြန် နေထွက်တာကို မမြင်စေရဘူးလို့ အာမခံပါတယ်"

ဤသို့ဖြင့် ရှန်းပင်က လှည့်ထွက်သွားသည်။

ထိုအချိန်တွင် ဧည့်ခန်းထဲမှ အသံများကို ကြားလိုက်ရသော လောင်ဟေးက အောက်ထပ်သို့ အမြန် ပြေးဆင်းလာသည်။

"ဆရာ၊ ဘာဖြစ်သွားတာလဲ"

"ဘာမှ မဟုတ်ပါဘူး၊ လေက အရမ်းပြင်းလို့ တံခါးတောင် ပွင့်သွားတာ"

ရှန်းပင်က ကျန်းမိသားစုဆီ ပြန်ရောက်သွားချိန်တွင် ကျန်းယိနှင့် ကျန်းရှု့လွင်က သူမကို စောင့်နေခဲ့သည်။ ရှန်းပင် ပြန်လာသည်ကိုမြင်သည်နှင့် ကျန်းယိက သူမကို စိတ်လှုပ်ရှားစွာ နှုတ်ဆက်လိုက်သည်။

"နတ်သမီး၊ အဲဒီလူကို သတ်လိုက်ပြီလား။ ဟားဟား၊ နတ်သမီးက လှုပ်ရှားလိုက်ပြီဆိုတာနဲ့ ထူးထူးခြားခြားဖြစ်လာမှာ ကျွန်တော် သိနေတယ်"

သူ၏အသံ ရုတ်တရက် ရပ်တန့်သွားသည်။

ကျန်းယိ၏ ဦးခေါင်းသည် မြေပြင်ပေါ်သို့လိမ့်ဆင်းသွား၏။ ကျန်းရှု့လွင်သည် အစပိုင်းတွင် တုံ့ပြန်ခြင်း မရှိခဲ့ဘဲ၊ မျက်တောင်ခတ်ပြီးနောက်မှသာ အဖြစ်အပျက်များကို သဘောပေါက်သွားခဲ့သည်။

"အစ်ကို" ကျန်းရှု့လွင်က အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

ရှန်းပင်သည် အေးစက်သောအမူအရာဖြင့် ရှေ့သို့ ခြေတစ်လှမ်းတိုးလာ၏။

"သူသေသွားပြီ"

"မင်း...ငါ့အစ်ကိုကို ဘာလို့သတ်လိုက်တာလဲ" ကျန်းရှု့လွင်က ထိတ်လန့်မှုဖြင့် ဒေါသထွက်စွာ အော်ဟစ်လိုက်သည်။

“ဒါက မင်းဖြေရမယ့်မေးခွန်းပဲ။ သခင်ကြီးကိုများ အတင့်ရဲပြီး စော်ကားရဲရတယ်လို့၊ မင်းတို့ကြောင့်မို့လို့ ငါလည်း သေမလိုတောင် ဖြစ်ခဲ့တာ"

ရှန်းပင်သည် ကျန်းရှု့လွင်၏ အနားသို့ ချဉ်းကပ်လာကာ အေးစက်စွာ ရယ်မော၍ ပြောလိုက်သည်။ ကျန်းရှု့လွင်၏ ခေါင်းထဲတွင် အလွန်ရှုပ်ထွေးနေသည်။

'သခင်ကြီးတဲ့လား၊ ဘာ သခင်ကြီးလဲ'

"ဘာကိုဆိုလိုတာလဲ၊ ငါတို့ ကျန်းမိသားစုက ဘယ်သူ့ကို စော်ကားမိလို့လဲ။" ရှန်းပင်က သူမ၏ ခေါင်းကို ခါယမ်းလိုက်သည်။

"အဲ့ဒါတွေက အရေးမကြီးတော့ပါဘူး၊ သခင်ကြီးက ပြောတယ် မင်းတို့ ကျန်းမိသားစု... တည်ရှိနေဖို့ အကြောင်းမရှိတော့ဘူးတဲ့"

ထို့သို့ဖြင့် ကျန်းရှု့လွင်၏ ဦးခေါင်းသည်လည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူ၏မျက်နှာထက်တွင် အထိတ်တလန့် တုန်လှုပ်ချောက်ချားနေသည့် အရိပ်အယောင်များ ရှိနေသေးသည်။ ထိုညတွင် ကျန်းမိသားစုတစ်ခုလုံး အမြစ်ဖြတ်သုတ်သင်ခံလိုက်ရ၏။ နောက်တစ်နေ့တွင် ထိုသတင်းသည် လင်နန်မြို့တစ်မြို့လုံးကို တုန်လှုပ်သွားစေသည်။

ထိုအကြောင်းကို ကြားလိုက်ရသော ရွှယ်အန်းသည်လည်း ထိတ်လန့်သွားသည်။

'ဒီ ရှန်းပင်က လုပ်လိုက်ရင် တကယ်ကို ရက်စက်တာပဲ'

ကျန်းမိသားစုမှ ညီအစ်ကိုများကိုသာ သတ်ဖြတ်ရန်ပြောခဲ့ခြင်းဖြစ်သော်လည်း သူမသည် ခွေးတစ်ကောင်ကိုပင် ချန်လှစ်မထားဘဲ မိသားစုတစ်ခုလုံးကို သုတ်သင်ခဲ့လေသည်။ ထိုသို့သော အဖြစ်အပျက်ကြီးတစ်ခု ဖြစ်ပွားမှုကို ယွီမိသားစုသည်လည်း သိရှိသွားပေလိမ့်မည်။ ယွီရန်သည်လည်း ထိုသတင်းကြားသောအခါ အံ့သြသွားသည်။

'ကျန်းရှု့လွင် သေပြီး၊ ကျန်းမိသားစုလည်း ပျက်ဆီးသွားပြီတဲ့လား'

သူမသည် ကျန်းရှု့လွင်ကို မနှစ်သက်သည့်အပြင် ရွံမုန်းစိတ်ပင်ရှိသော်လည်း ညတွင်းချင်း သေဆုံးသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

'မဟုတ်မှလွဲရော…'

ယွီရန်၏ မျက်နှာအမူအရာ ချို့ယွင်းသွား၍ ရွှယ်အန်းနှင့် တွေ့ရန် ချက်ချင်းထွက်သွားခဲ့သည်။ သို့သော် ရွှယ်အန်းကို မြင်တွေ့လိုက်သည်နှင့် သူမ၏ဒေါသ အငွေ့အသက်များနှင့် သူမ ပြင်ဆင်ထားသည့် စကားလုံးများ ရုတ်တရက် ပြောမထွက်တော့ပေ။ ရွှယ်အန်းက သူမကို မော့ကြည့်ပြီးနောက် ဖျတ်ခနဲ ပြုံးလိုက်သည်။

"သူတို့ကိုသတ်တာ ငါ မဟုတ်ဘူး"

"ကျွန်မ အဲ့ဒါကို မေးမယ်ဆိုတာ ရှင်က ဘယ်လိုလုပ်သိလဲ"

"မင်း မျက်နှာတစ်ခုလုံးမှာ ရေးထားလို့လေ”

ယွီမိသားစုမှ ဤသခင်မလေးသည် အလိုလိုက်ခံထားရခြင်းဖြစ်ကာ ကောက်ကျစ်စဥ်းမှုမျိုးမရှိသည့်အပြင် အနည်းငယ်လည်းနုံအသည်မှာ သိသာ၏။ သူသာ သူမကို ဒုက္ခပေးချင်လျှင် လွယ်ကူလွန်းပေလိမ့်မည်။ ယွီရန်က အံ့အားသင့်စွာဖြင့် သူမ၏မျက်နှာကို လက်ဖြင့် ထိလိုက်သည်။

ထို့နောက် သူမ၏ မျက်နှာသည် တဖြည်းဖြည်း နီမြန်းလာ၏။

“အဟမ်း၊ အဟမ်း မဟုတ်ပါဘူး၊ ဘာပဲဖြစ်ဖြစ် သူ သေသွားရင်လည်း ထားလိုက်ပါ။ ကျွန်မတို့ မိသားစုတွေလည်း စုံစမ်းဖို့ လူတွေလွှတ်ထားပြီးပြီ။ နောက်ပြီး မနက်ဖြန် ရှင့်မှာ အချိန်ရှိလား။ မနက်ဖြန်က ကျွန်မ မွေးနေ့လေ၊ ပါတီပွဲကို လာဖြစ်အောင် လာခဲ့နော်"

'မနက်ဖြန်လား'

ရွှယ်အန်းက အနည်းငယ် မှင်သက်သွား၏။

'မနက်ဖြန်က… သတ္တမမြောက်နေ့ပဲ'

All Chapters