အခန်း (၁၂၇-၁၂၉)
Vol. 9 Ch. 127-129
အခန်း (၁၂၇) အရွယ်ရောက် အခမ်းအနား
"စုံစမ်းခိုင်းထားတာ ဘာထူးခြားလဲ" ယွီလန်က မေးလိုက်သည်။
“မိသားစုခေါင်းဆောင်ကို အစီရင်ခံရမယ်ဆိုရင် ဒီကိစ္စကို ကျွန်တော်ဘက်တို့ ရှင်းရှင်းလင်းလင်း သိပြီးပါပြီ။ ကျန်းမိသားစုကို သူတို့ကိုးကွယ်နေတဲ့ ကောင်းကင်အဆင့်ကျွမ်းကျင်သူက သတ်လိုက်တာ ဖြစ်နိုင်ပါတယ်” ဘဏ္ဍာစိုးဦးစီးချုပ်က ခေါင်းငုံ့ကာ အစီရင်ခံခဲ့သည်။
"အို၊ ကောင်းကင်အဆင့်ကျွမ်းကျင်သူတဲ့လား။ ဘယ်သူတဲ့လဲ"
"ဒဏ်ရာတွေကို ကြည့်ပြီး ဆုံးဖြတ်ရမယ်ဆိုရင် 'တိမ်ခေါက်သိမ်းခြင်းလက်' ဖြစ်ဖို့များပါတယ်"
“တိမ်ခေါက်သိမ်းခြင်းလက်တဲ့လား” ယွီလန်က အနည်းငယ် ပြုံးလိုက်သည်။
"ဒါက 'လနတ်သမီး' ရှန်းပင်ရဲ့ ကိုယ်ပိုင်အမှတ်အသား သိုင်းပညာ မဟုတ်လား"
"ဟုတ်ကဲ့ မမှားလောက်ပါဘူး"
"ကောင်းပြီ ငါနားလည်ပြီ။ ကျန်းမိသားစုကို လေးစားတဲ့အနေနဲ့ ရှန်းပင်ကို လုပ်ကြံသတ်ဖြတ်ဖို့ အမိန့်ထုတ်ထားလိုက်” ယွီလန်က ပြတ်သားစွာ ပြောလိုက်သည်။
"နားလည်ပါပြီ"
"မနက်ဖြန်ကျင်းပမယ့် ရန်အာရဲ့ဆယ့်ရှစ်နှစ်ပြည့် မွေးနေ့ပွဲအတွက် ပြင်ဆင်မှုတွေရော ဘယ်လိုရှိလဲ"
ယွီလန်သည် ဤမေးခွန်းနှင့်ပတ်သက်၍ ပို၍စိုးရိမ်နေပုံပေါ်သည်။
"အကုန်လုံးကို စနစ်တကျ ပြင်ဆင်ပြီးပါပြီ"
"အင်း လုံခြုံရေးကို သတိထားပြီး တိုးမြှင့်ထားလိုက်၊ အခုတစ်လော လင်းနန်မှာ… အခြေအနေတွေ တော်တော်လေ မငြိမ်မသက်ဖြစ်နေတယ်”
“ဟုတ်ကဲ့"
အစေခံများ ထွက်သွားပြီးနောက်၊ ယွီလန်၏နှုတ်ခမ်းတွင် အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာကာ ပြတင်းပေါက်မှ လှမ်းကြည့်နေခဲ့သည်။
မနက်ဖြန်သည် သတ္တမနေ့ဖြစ်သည်။
'ဒီကို ရောက်လာလောက်လား၊ သေချာပေါက် လာမှာပဲ။ ဒါပေမယ့် ငါ့သားကိုသတ်ပြီးရင် မင်းက ဒီလိုလွယ်လွယ်ကူကူ အသက်ရှင်နေနိုင်ဦးမယ်လို့ ထင်နေတာလား။ ယန်အာ၊ အဖေ မင်းအတွက် သေချာပေါက် လက်စားချေပေးမယ်'
ယွီလန်က စဉ်းစားနေရာမှ သူ၏လက်ချောင်းများကို အနည်းငယ် လှုပ်ခတ်လိုက်ရာ အခန်းထဲတွင် ပျံသန်းနေသော အင်းဆက်များ မြေပြင်ပေါ် တိတ်တဆိတ် ပြုတ်ကျသွားလေ၏။ သို့သော် ၎င်းတို့သည် ပြုတ်ကျသွာပြီးနောက် အသက်ရှင်လျက်ရှိနေသေးသော်လည်း မပျံသန်းနိုင်တော့ပေ။
၎င်းတို့၏အတောင်ပံများသည် နဂိုပုံစံအတိုင်းရှိနေကြသော်လည်း၊ ယွီလန်က ပုံစံမဲ့ဓားချီကိုအသုံးပြု၍ ၎င်းတို့၏အတောင်ပံများရှိ သွေးကြောများကို ဖျက်ဆီးပစ်ခဲ့သည်။ ထိုကဲ့သို့ ထက်မြက်သော ထိန်းချုပ်မှုမျိုးကို ဤကဲ့သို့ အမြင့်ဆုံးအဆင့်သို့ရောက်ရှိရန် အလွန်အခက်ခဲသည်။ ကျန်းမိသားစု ပျက်သုဉ်းသွားသည်ဟူသော သတင်းသည် လင်နန်၏ သာမန်လူများကြားတွင် တစ်ရက်ကြာမျှ ရေပန်းစားသော သတင်းတစ်ခုဖြစ်ခဲ့ပြီးနောက် အခြားသတင်းတစ်ခုက အစားထိုးသွားလေ၏။
၎င်းသည် ရောက်ရှိလာတော့မည့် ယွီမိသားစုရှိ သခင်မလေး၏ ဆယ့်ရှစ်နှစ်ပြည့် မွေးနေ့ အခမ်းအနားပွဲဖြစ်သည်။
လင်နန်မြို့၏ သာမန်လူများကြားတွင် ယွီမိသားစု၏ အဆင့်အတန်းသည် စိတ်ကူးမယဉ်နိုင်လောက်အောင် မြင့်မားသည်။ အချို့သည် ယွီမိသားစုကို အင်မော်တယ်များကဲ့သို့ပင် ကိုးကွယ်ကြသည်။ ထို့ကြောင့် ယွီရန်၏ အရွယ်ရောက် အခမ်းအနားပွဲသည် လူပေါင်းများစွာ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ လင်နန်မြို့ရှိ ကြီးမားသော၊ သေးငယ်သော အထက်တန်းလွှာ မိသားစုများ အားလုံးနှင့် မိမိကိုယ်ကို ထူးခြားသူများဟု ယူဆကြသော အမျိုးသားများလျှင်ပင် စိတ်အားထက်သန်စွာ ပြင်ဆင်နေကြသည်။
သူမ၏ မွေးနေ့ အခမ်းအနားပွဲတွင် ယွီရန်၏ နှလုံးသားကို သိမ်းပိုက်ကာ ယွီမိသားစု၏ သားမက်အဖြစ် ကောင်းကင်ဘုံကို ခြေတစ်လှမ်းတည်းဖြင့် မတက်လှမ်းချင်သူများ ရှိလေသလော။
နောက်ဆုံးတွင် ထိုနေ့သို့ ရောက်လာခဲ့လေသည်။
ယွီမိသားစုများ နေထိုင်ရာ စံအိမ်၏ အဝင်ပေါက်သည် ဂုဏ်ပြုစကားပြောဆိုရန် လာရောက်ကြသူများနှင့် စောစောစီးစီး စည်ကားနေသည်။ အကောင်းမွန်ဆုံး ၀တ်ဆင်ထားသော လူငယ်များအားလုံးသည် အလှပဂေးလေးကို အမြန်ဆုံး မြင်တွေ့ရစေရန် လည်ပင်းများရှည်ထွက်လုမတတ် စိတ်အားထက်သန်စွာ မော့ကြည့်နေကြသည်။ ယွီရန်သည် အဆုံးတွင် ထွက်ပေါ်လာလေ၏။
လူများစွာသည် ယွီရန်ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးကြခြင်းဖြစ်သည်။
သူမသည် လရောင်အောက်က ပန်းပွင့်များကဲ့သို့ လှပသည်ဟု ကောလဟာလစကားများ ထွက်ပေါ်ထားသော်လည်း လူအများက ယွီမိသားစုအပေါ် မြှောက်ပင့်သော စကားဟု ထင်မှတ်ထားကြသည်။
သို့သော် ယွီရန်ကို အမှန်တကယ် တွေ့လိုက်ရချိန်တွင် ထိုကဲ့သို့သော ခံယူချက်များအားလုံး ပျောက်ကွယ်သွားတော့သည်။ သခင်မလေးယွီသည် ကောင်းကင်ဘုံ၏ ကောင်းချီးပေးမှုကို အမှန်တကယ် လက်ခံရရှိထားမည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။ သူမ၏ ငယ်ရွယ်မှုကြောင့် ရင့်ကျက်သော အမျိုးသမီးတစ်ဦး၏ ဆွဲဆောင်မှုမျိုး ကင်းမဲ့နေသော်လည်း၊ ဤကဲ့သို့ ဆန်းသစ်သော အလှတရားမျိုးသည် ဤလူငယ်များကို ပို၍ပင် ညို့ယူဆွဲဆောင်စေသည်။ အချိန်ခဏမျှ၊ အထက်တန်းလွှာ မိသားစုများမှ အကျွမ်းတဝင်ရှိသော အမျိုးကောင်းသားများက အပြုံးကိုယ်ဆီဖြင့် သူမကို ဝိုင်းဖွဲ့လာကြသည်။ အကျွမ်းတဝင်မရှိသော လူများသည်လည်း စကားစမြည်ပြောနိုင်မည့် အခွင့်အရေးကို မျှော်တွေးကာ အပြင်ဘက်တွင် ဝန်းရံနေကြသည်။
အချို့သည် လူစုလူဝေးနှင့် ဝေးကွာစွာနေထိုင်၍ သိသာသော လျစ်လျူရှုမှုကို ပြသခြင်းဖြင့် ယွီရန်၏ အာရုံစိုက်မှုကို ဆွဲဆောင်ရန် ကြိုးပမ်းနေကြသည်။ သို့သော် လမင်းကို ကြယ်များက ဝန်းရံထားသကဲ့သို့ မြတ်နိုးသူများဖြင့် ဝန်းရံခံထားရသော ယွီရန်သည် အပြုံးဖြင့် တုံ့ပြန်၍ ယဉ်ကျေးပျူငှာစွာ ပြောဆိုနေသည့်တိုင် သူမ၏အကြည့်များသည် ဘေးပတ်လည်သို့ မျောလွင့်နေသည်။
သူမသည် တစ်စုံတစ်ယောက်ကို ရှာဖွေနေပုံပေါ်သည်။
အဝေးတွင်ရှိနေသော လူငယ်အများအပြားက စိတ်လှုပ်ရှားမှုဖြင့် တုန်လှုပ်သွားကြသည်။
'သူ ငါ့ကို ကြည့်နေတာလား မသိဘူး'
ထို့ကြောင့်၎င်းတို့အပေါ် ယွီရန်၏ အကြည့်များ ကြာရှည်စွာ တည်ရှိစေရန် မျှော်လင့်ချက်ဖြင့် ၎င်းတို့အားလုံးက ခေါင်းမော့ ရင်ကော့ထားကြသည်။
သို့သော် ယွီရန်သည် လှည့်ပတ်ကြည့်ရှုပြီးနောက် အနည်းငယ်စိတ်ပျက်သွားဟန်ဖြင့် သူမ၏ အကြည့်များကို ပြန်လွှဲလိုက်သည်။ ထိုအချိန်တွင် ယွီမိသားစုနှင့် နီးစပ်သော မိသားစု၏ မျိုးဆက်တစ်ဦးက ရယ်မောလျက် ပြောလိုက်သည်။
"သခင်မလေးယွီရန်၊ တစ်ခုခုကို ရှာနေတာလား"
ယွီရန်သည် ဤလူများကို အာရုံစိုက်နိုင်ခြင်းမရှိပေ။ နှစ်ရက်သာ အတူရှိခဲ့ကြသော်လည်း၊ ယွီရန်သည် တစ်စုံတစ်ခုကို နက်ရှိုင်းစွာခံစားမိနေပြီဟု ခံစားမိသည်။ ကလေးဆန်၍ ပေါ့တန်သော ဤလူငယ်များနှင့် မတူသော ရွှယ်အန်းသည် သူမအပေါ် အမြဲတစေ အေးစက်စွာ ဆက်ဆံ၍ သူမ၏ ဆန္ဒကို မည်သည့်အချိန်ကမှ ဖြည့်ဆည်းခဲ့ခြင်းမရှိပေ။ ရွှယ်အန်းက ဤသို့ပြုမူလေ ယွီရန်ကို သံလိုက်ကဲ့သို့ ဆွဲဆောင်လေဖြစ်သည်။
ယွီရန်သည် ရွှယ်အန်းက မိမိထက် များစွာအသက်ကြီး၍ သမီးနှစ်ယောက်ပင် ရရှိထားသည်ကို သိသော်လည်း စောင့်မျှော်နေမိသေး၏။
“ဦးလေး”ရွှယ်အန်းအပေါ် မေတ္တာရှိပြီးနောက်တွင်၊ ဤထူးချွန်သော လူငယ်များက ဆိုးရွားစွာ ကလေးဆန်လွန်းသည်ကို ယွီရန်က သတိထားမိလာသည်။
'သူဘာလို့ ရောက်မလာသေးတာလဲ။ ဒီနေ့ စောစောလာဖို့ ပြောထားရဲ့သားနဲ့' ယွီရန် စိတ်ထဲတွင် အလွန်ဒေါသထွက်နေသည်။
သူမက ဤသို့တွေးနေချိန်တွင် ရွှယ်အန်းက သူ၏သမီးနှစ်ယောက်ကို ခေါ်ကာ လောင်ဟေးတို့နှင့်အတူ ဖြည်းညှင်းစွာ လျှောက်လာသည်ကို မြင်လိုက်ရ၏။
ယွီရန်သည် ရွှယ်အန်းကို မြင်လိုက်သည့်အခိုက်တွင် ဝမ်းသာအားရစွာဖြင့် အမြန်နှုတ်ဆက်လိုက်သည်။
"ဘာလို့ ခုမှရောက်လာတာလဲ"
ယွီရန်က အနည်းငယ် စိတ်မကြည်ပေ။ ယွီရန်၏ အပြုအမူသည် ကလူ၏သို့မြှူ၏သို့ အပြုအမူနှင့် အလွန် ဆင်တူသောကြောင့်ကြည့်ရှုနေသည့် လူငယ်များစွာ၏ နှလုံးသားများ နစ်မြုပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ထို့ကြောင့် လူအများက ရွှယ်အန်းကို မနာလိုသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
"ကိစ္စတစ်ခုကြောင့် နှောင့်နှေးသွားလို့ပါ ပျော်ရွှင်စရာ မွေးနေ့လေးဖြစ်ပါစေ”
"ဟုတ်ပါပြီ၊ အထဲဝင်ရအောင်လေ"
ယွီရန်သည် သူမ၏ တစ်နေ့တွင် ကြားခဲ့ရသည့် အကောင်းဆုံး မွေးနေ့ဆုတောင်းတစ်ခုဟု ခံစားနေမိသည်။ ရွှယ်အန်းက ရှည်လျားသော အထုပ်တစ်ထုပ်ကို သယ်ဆောင်လာကာ ယွီရန်နှင့် ပွဲအတွင်းသို့ လိုက်ပါသွားသည်။ ၎င်းတို့အားလုံး အထဲသို့ ရောက်ရှိသွားသည်နှင့်၊ မကျေနပ်သော မျက်နှာထားဖြင့် လူငယ်အုပ်စုက စုပြုံ၍ ဝိုင်းဖွဲ့နေကြသည်။
"သူက ဘယ်သူလဲ"
"မသိဘူး၊ လင်နန်မြို့က လူ မဟုတ်တာတော့ သေချာတယ်"
"သေစမ်း၊ ကြည့်ရတာ သခင်မလေးယွီက သူ့ကို အရမ်း အလေးထားနေပုံပဲ"
"ဟုတ်ပါ့၊ အဲဒီလူက ကလေးနှစ်ယောက်ပါ ခေါ်လာတာကို မင်းတို့ မြင်ကြလား၊ သူက ကလေးအဖေလား မသိဘူး"
"သခင်မလေးယွီရဲ့ အကြိုက်က ဘယ်လိုဖြစ်ရတာလဲ။ ငါတော့ ဒါကိုလက်မခံနိုင်ဘူး"
လူငယ်များက တုန်လှုပ်စွာ အော်ဟစ်နေကြသည်။ သို့သော် ၎င်းတို့ကြားတွင် တစ်စုံတစ်ခုကို ကြံစည်နေသကဲ့သို့ မျက်လုံးအရောင်များ ပြင်းထန်နေသော လူငယ်က တိတ်ဆိတ်နေဆဲဖြစ်သည်။
"ဟေး သခင်လေးယန်၊ ဘာလို့ ဘာမှမပြောတာလဲ"
ထိုအချိန်တွင် လူငယ်တစ်ဦးက မေးလိုက်သည်။ ဤသခင်လေးယန်သည် လင်နန်မြို့ရှိ ယန်မိသားစုမှ ဆင်းသက်လာသော ယန်ရှု့သုန်ဖြစ်သည်။ ယန်မိသားစုသည် ထိပ်တန်းအဆင့် အထက်တန်းလွှာမိသားစု မဟုတ်သော်လည်း၊ ၎င်းသည် အလွန်ချမ်းသာ၍ လင်နန်မြို့ရှိ ထိပ်တန်းတတိယ စာရင်းတွင် ရှိနေသောကြောင့် ယနေ့ အခမ်းအနားသို့ ရောက်လာခြင်းဖြစ်သည်။
ထို့အပြင် သူသည် ယွီရန်နှင့် အချိန်များစွာကြာ ရင်းနှီးကျွမ်းဝင်ထားကာ သူမကို အပြင်းအထန် ပိုးပန်းနေသူဖြစ်သည်။ ထိုမေးခွန်းကိုကြားသော ယန်ရှု့သုန်က လှောင်ရယ်လိုက်သည်။
“ဒီလူက လင်နန်မြို့က မဟုတ်ဘူး၊ ပြီးတော့ သူ့အဝတ်အစားတွေအရဆိုရင် အထက်တန်းလွှာ မိသားစုကလည်း မဟုတ်လောက်ဘူး၊ ဘာကြောက်စရာရှိလို့လဲ"
ထိုစကားကို ပြောပြီးသည်နှင့် ယန်ရှု့သုန်က အနောက်လှည့်၍ အထဲသို့ ဝင်လာခဲ့သည်။ ကျန်ရှိနေသူများက တစ်ဦးကိုတစ်ဦး ကြည့်ရှု၍ သက်ပြင်းချကာ သူ့အနောက်သို့ လိုက်ပါဝင်သွားကြသည်။ ထိုအချိန်တွင် ယွီမိသားစုသည် မီးရောင်များဖြင့် အလှဆင်ထားသော ၎င်းတို့၏ ဥယျာဉ်ထဲတွင် ဧည့်ခံပွဲအခမ်းအနားကို ကျင်းပနေသည်။ ယွီရန်က မရပ်မနား စကားများ ပြောဆိုနေသော်လည်း၊ ရွှယ်အန်းက စကားတစ်ခွန်းမှ မပြောဘဲ ရံဖန်ရံခါမှသာ ခေါင်းညိတ်ပြနေသည်။
တစ်ဖက်တွင်၊ ရွှယ်ရှန်းတို့ညီအစ်မ နှစ်ဦးက ယွီမိသားစု၏ ရှေးကျ၍ ရနံ့မွှေးပျံ့သော အိမ်ကြီးကို စိတ်ဝင်စားစွာ လှည့်ပတ်ကြည့်ရှုနေကြသည်။
"ဘယ်ကလာတာလဲလို့ မေးလို့ရမလား မိတ်ဆွေ"
ယန်ရှု့သုန်သည် ဖော်ရွေမှုမရှိသော လေသံဖြင့် ရုတ်တရက် ချဉ်းကပ်လာ၍ ရွှယ်အန်းကို မေးလိုက်သည်။ ယွီရန်၏ မျက်နှာအမူအရာက အေးစက်သွားသည်။
"ယန်ရှု့သုန်၊ နင် ဒါဘာလုပ်တာလဲ"
"ဘာမှမဟုတ်ပါဘူး၊ ရန်အာရယ်။ ဒီမိတ်ဆွေကို သိပ်မမြင်ဖူးတော့ မေးကြည့်ချင်လိုပါ"
ရွှယ်အန်းနှင့် စကားပြောနေစဉ် ယန်ရှု့သုန်၏ မျက်နှာအမူအရာ အေးခဲနေသည်။
ရွှယ်အန်းက ခပ်ပါပါး ပြုံးလိုက်သည်။
"ကျွန်တော်လား၊ ကျွန်တော်က လင်နန်မြို့က မဟုတ်ဘူး" ယန်ရှု့သုန်၏အမူအရာမှာ ပို၍ပင် ဆိုးရွားလာသည်။
"လင်နန်မြို့က မဟုတ်ဘူးလား။ ပြီးတော့ ဒီကလေးမလေး နှစ်ယောက်ကရော…”
"ကျွန်တော့် သမီးတွေပါ"
ယန်ရှု့သုန်သည် 'သူ့မှာ ကလေးတွေတောင် ရှိနေပြီ' ဟု ပြောနေသည့်ဟန်ဖြင့် ယွီရန် ဘက်သို့ လှမ်းကြည့်လိုက်သည်။ သို့သော် ယွီရန်က စိတ်မရှည်စွာဖြင့် သူမ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ကဲပါ ဧည့်ခံပွဲက စတော့မယ်။ နင် ဒီလိုမေးခွန်းတွေ မျိုးစုံအောင် မေးနေစရာမလိုဘူး"
ဆွံ့အသွားသော ယန်ရှု့သုန်သည်၊ ရွှယ်အန်းကို မုန်းတီးစွာ စိုက်ကြည့်ပြီးနောက် ဘေးသို့လှည့်သွားသည်။
"အစ်ကိုသုန်၊ ကျွန်တော်တို့ ဘာလုပ်ကြမလဲ"
"စိတ်မပူပါနဲ့ ငါ ဒီကောင့်ကို နောင်တရအောင် လုပ်ပြမယ်"
ယန်ရှု့သုန်က အံကြိတ်၍ပြော၏။
အခန်း (၁၂၈) ဒီလက်ဆောင်ကို ကြိုက်ရဲ့လား
ဆည်းဆာအချိန်ခါ ကျရောက်လို့လာသည်။ အဆုံးတွင် ယွီရန်၏ မွေးနေ့ပွဲအခမ်းအနား တရားဝင် စတင်ခဲ့သည်။ ပထမဆုံး ဦးစွာ မိန့်ခွန်းစကား ပြောဆိုသူမှာ ယွီလန်ဖြစ်သည်။ သူသည်စင်မြင့်ပေါ်တွင် ပြုံးရွှင်စွာ မတ်တပ်ရပ်၍ သူ၏ဝိုင်ခွက်ကို မြှောက်လျက် ပြောဆိုလိုက်သည်။
“ကျွန်တော့် သမီးလေးရဲ့ မွေးနေ့ပွဲကို ကြွရောက်လာပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီတစ်ခွက်က အားလုံးအတွက်ပါ"
စကားပြောပြီးသည်နှင့် ယွီလန်က သူ၏ဝိုင်ခွက် မြှောက်၍ မော့ချလိုက်သည်။ လူအုပ်ကြီး၏ ရွှင်မြူးစွာ အော်ဟစ်ပြောဆိုသံကြားမှ တစ်စုံတစ်ယောက်၏ ရယ်မောသံထွက်ပေါ်လာသည်။
"မိသားစုခေါင်းဆောင်ယွီက တကယ့်ကို ရက်ရောတာပဲ"
ထို့နောက် ယွီလန်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ဆက်လက်၍ ပြောဆိုခဲ့သည်။
“အားလုံးသိတဲ့အတိုင်း ဒီမွေးနေ့ပွဲက ကျွန်တော့်သမီးလေး အရွယ်ရောက် အခမ်းအနားပွဲပါ။ ဒီနေ့ကစပြီး ကျွန်တော့်သမီးလေး အရွယ်ရောက်လာပါပြီ”
လူငယ်များစွာက ယွီရန်ကို အားတက်သရော ကြည့်နေကြချိန်တွင် လူအုပ်ကြားမှ ရယ်မောသံများ ထွက်ပေါ်လာသည်။ ယွီရန်သည် အနည်းငယ် ရှက်ရွံ့စိတ်ဖြင့် ခေါင်းငုံ့ထားသော်လည်း သူမ၏ မျက်လုံးများက ရွှယ်အန်းဆီသို့ တိတ်တဆိတ် ကြည့်နေလိုက်သည်။ ရွှယ်အန်းသည် ပြင်ပကိစ္စများက သူနှင့် သက်ဆိုင်မှုမရှိသကဲ့သို့ သူ၏ဝိုင်ကို စိမ်ပြေနပြေ သောက်နေခဲ့သည်။
ယွီရန်က စိတ်ဆိုးဟန်ဖြင့် သူမ၏နှုတ်ခမ်းကို ကိုက်လိုက်သည်။
ထိုအချိန်တွင် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့သော လူငယ်တစ်ဦးက သေတ္တာတစ်လုံးကို ကိုင်ဆောင်ကာ အရှေ့သို့ ပြေးလာ၍ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“သခင်မလေးယွီ မွေးနေ့မှာ ပျော်ရွှင်ပါစေ။ ဒါက မင်းအတွက် လက်ဆောင်ပါ" ယွီရန်က လက်ခံပြီးနောက် ယဉ်ကျေးမှုဖြင့် ပြုံးပြလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
သို့သော် လူငယ်က မထွက်သွားသေးပေ။
"ဖွင့်ပြီးကြည့်ပါဦး၊ သခင်မလေးယွီ။ ဒါက ကျွန်တော့် ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတပါ"
ယွီရန်က သေတ္တာကို ဖွင့်ကြည့်လိုက်သောအခါ အထဲတွင် ရတနာများဖြင့် စီခြယ်ထားသော ခမ်းနားထည်ဝါသည့် ၀တ်စုံတစ်ခုရှိနေသည်။
“ဒါက ကျွန်တော် နိုင်ငံခြားကနေ ဝယ်လာတဲ့ ပညာရှင်တစ်ဦးရဲ့ လက်ရာလေ..."
လူငယ်က စကားဆက်ပြောလိုသော်လည်း ယွီရန်က စိတ်မရှည်စွာဖြင့် သေတ္တာကိုပိတ်လိုက်သည်။
"စိတ်မရှိပါနဲ့၊ ကျွန်မ ဒါတွေကို စိတ်မဝင်စားဘူး"
ဆွံ့အသွားသော လူငယ်က တုံ့ဆိုင်းစွာဖြင့် နောက်ပြန်ဆုတ်သွားခဲ့သည်။
ယွီရန်၏ အပြုအမူသည်၊ ၎င်းတို့၏ လက်ဆောင်ပစ္စည်းများကို ပေးအပ်ရန် စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသူ အများအပြားကို တင်းမာသွားစေသည်။ သို့သော် ယန်ရှု့သုန်က ရယ်လိုက်သည်။ သူသည် ယွီရန်၏ နှစ်သက်မှုများအကြောင်း အသေးစိတ်စုံစမ်း မေးမြန်းထားခဲ့ရာ၊ သူမသည် ဇိမ်ခံပစ္စည်းများကို အလွန်အကျွံ ကြိုက်နှစ်သက်ခြင်းမရှိကြောင်း သိရှိထားသည်။ ထို့ကြောင့် ယနေ့အတွက် သူပြင်ဆင်ထားသည့် လက်ဆောင်သည် အမှန်တကယ် ပညာသားပါလှသည်။ ယန်ရှု့သုန်က လည်ချောင်း ရှင်းပြီးနောက် အနည်းငယ် ပြုံး၍ ယွီရန်၏အနားသို့ ချဉ်းကပ်လာသည်။
"ညီမလေးယွီရန်၊ ဒါ ဘာလဲ သိလား"
ဤသို့ဖြင့် ယန်ရှု့သုန်က သူနှင့်အတူ ယူလာသော သေတ္တာကို ဂုဏ်ယူစွာဖြင့် ဖွင့်ပြလိုက်သည်။
လူအများ အသက်အောင့်ထားကြပြီးနောက် ပန်းချီကားတစ်ချပ်ပါရှိသည်ကို တွေ့ရှိလိုက်ရသည်။ အဆိုပါ ပန်းချီကားသည် မြစ်ကမ်းစပ်တွင် တစ်ဦးတည်း ထိုင်နေသည့် အမျိုးသမီးတစ်ဦးကို သရုပ်ဖော်ထားခြင်းဖြစ်ကာ သူမ၏ ဘေးတိုက်ပုံသဏ္ဌာန်ကို ရေးခြယ်ထားခြင်းဖြစ်သည်။ ပန်းချီကားသည် ရုတ်တရက် ကြည့်ရှုလိုက်ချိန်တွင် ရိုးရှင်း ပုံပေါ်သော်လည်း ပို၍ကြည့်ရှုလေ၊ ယွီရန်နှင့် ပို၍ဆင်တူလေဖြစ်နေသည်။
ယွီလန်လျှင်ပင် အနည်းငယ် ရင်သပ်ရှုမောဖြစ်နေသည်။
"ဒါက... ပန်းချီဆရာကြီး ဟွမ်အွန်ရဲ့လက်ရာများ ဖြစ်နေမလား"
"အန်ကယ်ယွီက အမြင် ထက်မြက်လိုက်တာ။ ဟုတ်ပါတယ်၊ ဒါက ဟွမ်အွန် ကိုယ်တိုင်ရေးဆွဲထားတဲ့ လက်ရာပါ"
ယန်ရှု့သုန်က ဂုဏ်ယူစွာ ကြေညာလိုက်သည်။
လူအုပ်ကြားတွင် အံ့ဩမှုလှိုင်းတစ်ခု ပျံ့နှံ့သွားသည်။
'ဟွမ်အွန်'
သူသည် တရုတ်ရိုးရာ ပန်းချီလောက၏ ဂန္တဝင်ဆရာတစ်ဦးဖြစ်၍ ကျုံးတုမြို့တွင်နေထိုင်နေသူဖြစ်သည်။ ပန်းချီလောကမှ အနားယူသွားပြီဟု ဆိုကြသော်လည်း၊ ယခု ဤနေရာတွင် သူ၏ ကိုယ်ပိုင်လက်ရာတစ်ခုရှိနေသည်။ ပြီးနောက် ယန်ရှု့သုန်က ယွီရန်ကို စိတ်အားထက်သန်စွာ ပြောလိုက်သည်။
"ညီမလေးယွီရန်၊ ဒါက ပြီးခဲ့တဲ့နှစ် ကိုယ် မင်းနဲ့ မြစ်ကမ်းပါးဘေးမှာ ကြုံတုန်းက မင်းရဲ့ပုံလေ။ ဒီပုံက ကိုယ့်ရဲ့ စိတ်အာရုံထဲမှာ အမြဲစွဲထင်နေတာကြောင့် ဒီပုံကို ဖမ်းယူပေးဖို့ ဟွမ်အွန်ကို တောင်းဆိုထားတာ။ ဒီနေ့တော့ ကိုယ် မင်းကို ဒါလေး လက်ဆောင်အဖြစ်ပေးလိုက်ပြီ"
ကြီးကျယ်ခမ်းနား၍ အဓိပ္ပါယ်ရှိသော လက်ဆောင်သည် လူအများကိုပင် ထင်ပေါ်စွာ နှစ်သက်အားကျစေသည်။
သို့သော်ငြားလည်း ယွီရန်က တည်ငြိမ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
ထိုလက်ဆောင်သည် ယွီရန်၏စိတ်ကို လှုပ်ရှားစေမည်ဟု တွေးထင်ထားသော ယန်ရှု့သုန်က သူ၏ရင်ထဲတွင် စိတ်ပျက်လက်ပျက် ဖြစ်မိသွားသည်။ မည်သို့ပင်ဆိုစေကာမူ၊ သူသည် ပြုံးပြပြီးနောက် စင်ပေါ်မှ ဆင်းလာကာ မိမိထိုင်ခုံသို့ပြန်မသွားဘဲ ရွှယ်အန်းဆီသို့ ဦးတည်သွားသည်။
လူအများ၏ အကြည့်များက သူ၏အနောက်သို့ လိုက်ပါသွား၏။ ယန်ရှု့သုန်သည် အေးစက်စွာ ပြုံး၍ ရွှယ်အန်း၏အရှေ့တွင် ရပ်တန့်လိုက်သည်။
"မိတ်ဆွေ၊ ခင်ဗျားလည်း သခင်မလေးယွီရဲ့ မွေးနေ့ပွဲကို ဂုဏ်ပြုဖို့လာခဲ့တာဆိုတော့ ဘယ်မလဲ ခင်ဗျားရဲ့ လက်ဆောင်"
လူငယ်အများစုသည် အတွင်းစိတ်တွင် အားပေးကြွေးကြော်နေကြသည်။ ယန်ရှောင်သည် ဤတစ်ကြိမ်တွင် အလွန်ကြော့ကြော့မော့မော့ အကွက်ချနေခြင်းဖြစ်သည်။ ရိုးရှင်းသော အဝတ်အစားများ ၀တ်ဆင်ထားသော ဤအမျိုးသားကို ကြည့်ခြင်းအားဖြင့် လက်ဆောင်ပစ္စည်း ပြင်ဆင်လာမည့်ပုံ မပေါ်ပေ။ ဤသို့ဖြင့် ထိုသူသည် ဤနေရာတွင် ဆက်လက်နေထိုင်ရဲတော့မည် မဟုတ်ပေ။ သို့သော် မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားသော ယွီရန်က ပေါက်ကွဲတော့မည့် ပုံပေါ်သည်။
သို့သော် ရွှယ်အန်းက ပြုံးလိုက်သည်။
"ခင်ဗျားက ကျွန်တော့် လက်ဆောင်အကြောင်း မေးနေတာလား" ရွှယ်အန်းက ဘာသိဘာသာဖြင့် ပြန်ပြောလိုက်သည်။
ယန်ရှု့သုန်က ခေါင်းညိတ်လိုက်သည်။
"ဟုတ်တာပေါ့"
ရွှယ်အန်းက ခေါင်းယမ်းလိုက်သည်။
"စိတ်မရှိပါနဲ့၊ ကျွန်တော် သူ့အတွက် လက်ဆောင် မပြင်ဆင်ခဲ့မိဘူး"
ယန်ရှု့သုန်၏ မျက်နှာပေါ်တွင် လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာသည်။
"ခင်ဗျားက မပြင်ဆင်ခဲ့မိတာလား... ဒါမှမဟုတ် မတတ်နိုင်တာလား"
လူအများက ရယ်မောလိုက်ကြသည်။ အချို့သောလူများက ပွင့်ပွင့်လင်းလင်းပင် ပြောဆိုလိုက်ကြသည်။
"ကြည့်ရတာတော့ မတတ်နိုင်လို့ထင်တယ်"
"ကျွတ်၊ ကျွတ်၊ ဒီလောက်ဆင်းရဲတဲ့လူမျိုးကို ဘာလို့ ဖိတ်ထားရတာလဲ နားကိုမလည်နိုင်တော့ဘူး"
ဤမှတ်ချက်များကြားတွင် ရွှယ်အန်းသည် အေးဆေးတည်ငြိမ်နေဆဲဖြစ်သည်။
"ယွီရန်အတွက် လက်ဆောင် မပြင်ဆင်ထားပေမယ့်၊ မိသားစုခေါင်းဆောင်ယွီအတွက် လက်ဆောင်တစ်ခု ရက်ရက်ရောရော ပြင်ဆင်ထားပါတယ်"
"အိုး၊ အန်ကယ်ယွီအတွက်လား" ယန်ရှု့သုန်က အံ့ဩသွားသည်။
ရွှယ်အန်းက အထုပ်ရှည်ကို ကောက်ကိုင်လိုက်၍ ယန်ရှု့သုန်ကို ပြုံးပြလိုက်သည်။
"ကျွန်တော့်ကို ကူညီပြီး ပို့ပေးပါလား"
ယန်ရှု့သုန်သည် ငြင်းချင်နေသော်လည်း အထဲတွင်ပါဝင်နေသော ပစ္စည်းကို သိချင်စိတ်ဖြင့် ယူထားလိုက်သည်။ ယွီလန်သည်လည်း ဤအချိန်တွင် အနည်းငယ် ဝေခွဲမရဖြစ်နေမိသည်။ ဤပွဲသည် သမီးလေး၏ မွေးနေ့ပွဲအခမ်းအနားဖြစ်သော်လည်း၊ တစ်စုံတစ်ယောက်က မိမိကို မည်သို့ကြောင့် လက်ဆောင်ပေးချင်ရသနည်း။ သို့သော် အထုပ်ကို လက်ခံလိုက်ချိန်တွင် သူ၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
ထိုအချိန်တွင် ရွှယ်အန်းက ခပ်ပါးပါး ပြုံးလိုက်၏။
"ဖွင့်ကြည့်လိုက်ပါ။ အထဲကပစ္စည်းက ခင်ဗျားကို တော်တော်လေး အံ့ဩသွားစေမယ့် ဟာပါ"
သူသည် ကျယ်လောင်စွာ ပြောခဲ့ခြင်းမဟုတ်သော်လည်း လူတိုင်းက ရှင်းလင်းစွာ ကြားလိုက်ရသည်။ အထုပ်ကို လျင်မြန်စွာ ဖြေနေရင်းမှ ယွီလန်း၏ မျက်နှာအမူအရာ တင်းမာလာသည်။ အထုပ်ထဲတွင် ရှိနေသော ပစ္စည်းကို မြင်တွေ့လိုက်ရသည်နှင့် လူတိုင်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားတော့သည်။
၎င်းသည် ဓားတစ်ချောင်းဖြစ်၏။
ဆောင်းဦးရေ၏ တံလျှပ်ကဲ့သို့ တလျှပ်လျှပ် တောက်ပနေသည့် ဓားရှည်တစ်လက်ဖြစ်ရာ၊ အမြင်စူးရှသည့် လူများစွာက ဓားကို တစ်ချက်ကြည့်လိုက်သည်နှင့် မှတ်မိသွားကြသဖြင့် ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
"ဒါက နဂါးဟိန်းဓားပဲ"
"ဒါက ယွီယန်ရဲ့ ကိုယ်ပိုင်ဓား မဟုတ်ဘူးလား"
စားပွဲတစ်ခု အကွားအဝေးတွင် ထိုင်နေသော ရွှယ်အန်းကို ကြည့်နေသော ယွီလန်၏ မျက်နှာသည် သိသိသာသာ ဖြူဖျော့သွားသည်။
"မင်း...မင်း တကယ် ရောက်လာတယ်ပေါ့လေ"
ရွှယ်အန်းက ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်တော်က လာခဲ့မယ်လို့ ပြောခဲ့မှတော့ သေချာပေါက် ရောက်အောင် လာခဲ့မှာပေါ့။ မဟုတ်ဘူးလား မိသားစုခေါင်းဆောင်ယွီ"
သူ၏စကားသံဖြင့် ယွီရန်၏လက်ထဲရှိ နဂါးဟိန်းဓားသည် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ ယွီလန်၏ မျက်နှာအမူအရာမှာ ကြောက်မက်ဖွယ်ကောင်းစွာ နက်မှောင်လာသည်။
"ရွှယ်အန်း၊ မင်း ငါ့သားယွီယန်ကို သတ်ထားတာတောင် ဒီကို လာရဲတယ်ပေါ့လေ။ ယွီမိသားစုမှာ ရပ်တည်ပေးမယ့်လူ မရှိဘူးလို့ မင်း တကယ် ထင်နေတာလား"
ဤထုတ်ပြန်ချက်သည် ကြီးမားသော ဗုံးတစ်လုံးကဲ့သို့ ခန်းမတစ်ခုလုံးကို တိတ်ဆိတ်ငြိမ်သက်သွားစေသည်။
'ဘာပြောတယ်၊ ဒါက ယွီယန်ကို ဓားနဲ့ခုတ်ခဲ့တဲ့ မစ္စတာရွှယ်ဆိုတဲ့ လူလား'
လူပေါင်းများစွာက ထိုကောလဟာလကို ပြန်တွေးနေကြသည်။
ယွီယန်ကို သတ်ဖြတ်ခဲ့သူ မစ္စတာရွှယ်သည် ခုနှစ်ရက်အတွင်း လင်နန်မြို့ကို ဝင်ရောက်၍ ယွီမိသားစုကို သုတ်သင်မည်ဟု ကြေငြာခဲ့သည်။
ထိုအချိန်က ဤစကားကို မည်သူကမှ မယုံကြည်ခဲ့ပေ။ ဖြစ်နိုင်မည့်ကိစ္စမဟုတ်ဟု ၎င်းတို့က ထင်မှတ်ထားကြသည်။ သို့သော် ယနေ့တွင် ရွှယ်အန်း၏ ရောက်ရှိလာမှုသည် ၎င်းအချက်ကို အတည်ပြုလိုက်ပြီဖြစ်သည်။ မထင်မှတ်ထားသည်မှာ၊ သူသည် အမှန်တကယ် ရောက်လာခဲ့၏။ သူရောက်ရှိလာရုံသာမက နဂါးဟိန်းဓားကိုပင် သူနှင့်အတူ ယူဆောင်လာခဲ့သည်။
ယွီရန်သည် မျက်နှာဖြူဖျော့လျက် စိတ်ဝိဉာဥ်များပြိုကွဲသွားသကဲ့သို့ ရွှယ်အန်းကို စိုက်ကြည့်နေသည်။
'သူ...သူက တတိယအစ်ကိုကို သတ်ခဲ့တဲ့ လူသတ်သမားတဲ့လား။ သူ့မျိုးရိုးနာမည်က ရွှယ်ဖြစ်နေတာ မဆန်းတော့ပါဘူး။ ငါ တော်တော် တုံးတာပဲ။ ဒါကို စောစောတည်းက တွေးခဲ့သင့်တာ'
ထိုအချိန်တွင် ရွှယ်အန်းက မူလနေရာ၌ ထိုင်နေဆဲဖြစ်ရာ၊ သူ၏ ခေါင်းကို မော့၍ ဖြူဖပ်ဖြူရော်ဖြစ်နေသော ယန်ရှု့သုန်ကို မေးလိုက်သည်။
"ခင်ဗျား ဘယ်လိုထင်လဲ၊ ဒီလက်ဆောင်ဆိုရင်ရော လက်ခံနိုင်လောက်လား"
သူ၏ခြေထောက်များသာ ထိန်းမနိုင်သိမ်းမရ တုန်ခါနေသော ယန်ရှု့သုန်က မည်သို့မျှစကားပြန်မဖြေနိုင်တော့ပေ။ ထို့နောက် ရွှယ်အန်းသည် ယွီလန်ကိုကြည့်၍ သူ၏ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။
"ယွီမိသားစုကို ခုခံမယ့် လူမရှိလို့ အနိုင်ကျင့်ချင်တာတော့ မဟုတ်ပါဘူး၊ ခင်ဗျားရဲ့ ယွီမိသားစုက တာအိုဓါးက ခင်ဗျားရဲ့ သားဖြစ်သူလိုပဲ...ချို့ယွင်းချက်ရှိနေလားဆိုတာကို ကိုယ်တိုင် ခံစားချင်လို့ပါ"
အခန်း (၁၂၉) ကျုပ်မှာ ခရီးသွားသူကို ဖြေသိမ့်ဖို့ လုံလောက်မယ့် ဝိုင်တစ်ခွက်ရှိတယ်
ကျောက်တုံးတစ်တုံးသည် လှိုင်းဂယက် တစ်ထောင်ကို ဖြစ်ပေါ်စေသည်။ ရွှယ်အန်း၏ စကားသည် ရောက်ရှိနေသူများကြားတွင် အုတ်အော်သောင်းတင်း ဖြစ်သွားစေသည်။
ယွီမိသားစု၏တာအိုဓါး ကျင့်ကြံခြင်းသည် တန်ဖိုးမရှိသော အရာဟု မည်သို့မျှ ပြောရဲရန် သတ္တိရှိခဲ့သနည်း။ ဤအရာသည် ရောက်ရှိနေသူအပေါင်းအတွက်၊ ရယ်ဖွယ်ရာကောင်းသော ပြက်လုံးတစ်ခုကဲ့သို့ပင် ဖြစ်နေသည်။
ယွီလန်က အေးစက်စွာ လှောင်ရယ်လိုက်သည်။
"ရွှယ်အန်း၊ ငါ့သား ယွီယန်ကို သတ်နိုင်တာနဲ့၊ ယွီမိသားစုကို မင်း လုပ်ချင်တာ လုပ်လို့ရမယ်လို့ မထင်နဲ့။ ယွီမိသားစုရဲ့ အခြေခံအုတ်မြစ်က မင်းလိုလူ သဘောပေါက် နားလည်နိုင်မယ့်အရာ မဟုတ်ဘူး ကွ"
သူ၏စကားဖြင့် ကြီးကျယ်ခမ်းနား၍ တုနှိုင်းမဲ့ ဓားချီများ ယွီလန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့ရာ၊ ၎င်း၏ ပြင်းထန်သော ဖိအားသည် သူ၏အရှေ့က စားပွဲများ၊ ထိုင်ခုံများနှင့် အသုံးအဆောင်ပစ္စည်းများကိုပင် ချက်ချင်း ကွဲအက်သွားစေသည်။
ဤကဲ့သို့ ကြောက်မက်ဖွယ် စွမ်းအင်ပြသမှုအောက်တွင်၊ ရွှယ်အန်းက မယိမ်းယိုင်သော တောင်တစ်ခုကဲ့သို့ သူ၏ထိုင်ခုံတွင် ဆက်လက် ထိုင်နေသည့်အပြင်၊ သူမ၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံလျက် မျက်နှာဖျော့တော့နေသော ယွီရန်ကို တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်တော် တောင်းပန်ပါတယ် မင်းရဲ့ မွေးနေ့ပါတီက အခု ငရဲတစ်ခုလို ဖြစ်သွားနိုင်တယ်"
ယွီရန်၏ ပါးပြင်ထက်၌ မျက်ရည်များရွှဲနစ်စီးကျလာသည်။ ရွှယ်အန်းက သူ၏သမီးကို လှောင်ပြောင်နေသည်ဟု ထင်မိသဖြင့် ယွီလန်၏အကြည့်များ စူးရှလာ၏။ သမီးဖြစ်သူအပေါ်ထားရှိသည့် ပြင်းထန်သော ချစ်ခြင်းမေတ္တာကြောင့် ယွီလန်က အလွန်ဒေါသဖြစ်လျက်ရှိသည်။
"မောက်မာတဲ့ အရူး၊ သေပေတော့"
ယွီလန်က ဟိန်းဟောက်လိုက်သည်နှင့် သူ၏အရှေ့တွင် မရေတွက်နိုင်အောင် သေးငယ်သည့် ဓားချီများ ရုတ်တရက် ပေါ်ပေါက်လာပြီးနောက် ရှည်လျားသော ဓားရှည်တစ်စင်းအဖြစ်သို့ အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် ပေါင်းစည်းသွားသည်။
“သွား” ယွီလန်က ညင်သာစွာ အမိန့်ပေးလိုက်သည်။
ဓားသည် လူတိုင်း၏အမြင်အာရုံမှ ချက်ချင်းပျောက်ကွယ်သွားခဲ့ရာ၊ ၎င်းပြန်လည် ပေါ်ပေါက်လာသည့်အချိန်တွင် ရွှယ်အန်း၏နှာခေါင်းနှင့် တစ်စင်တီမီတာခန့် အကွာအဝေးတွင် ရှိနေပြီဖြစ်သည်။ သို့သော် ထိုတစ်စင်တီမီတာသည်လည်း ဖြတ်ကျော်၍ မရနိုင်သော ကွာဟမှုတစ်ခု ဖြစ်နေနိုင်သည်။
မည်သို့ဆိုသော် ရွှယ်အန်းက ဓါးကို သူ၏ဘယ်ဘက်လက်ဖြင့် ဆုပ်ကိုင်ထားလိုက်သောကြောင့် ဖြစ်သည်။ ဤမြင်ကွင်းသည် ယွီလန်၏ မျက်နှာအမူအရာကို ပြောင်းလဲသွားစေသည်။
"မဖြစ်နိုင်တာ"
'ဟုတ်တယ်၊ မဖြစ်နိုင်ဘူး'
ဓားချီများ စုစည်းခြင်းဖြင့် ဖန်တီးထားသော ဤဓားသည် အလွန်စူးရှ၍ မည်သည့်အရာကိုမဆို ထိုးဖောက်နိုင်စွမ်းရှိသည်။ မည်သို့မျှ လက်ဖြင့် ဆုပ်ကိုင်ထားနိုင်မည်နည်း။ သို့သော် ရွှယ်အန်းသည် ခန့်ညားသော အစွယ်တစ်စုံကို ထုတ်ပြ၍ ခက်ထန်စွာ ပြုံးရယ်လိုက်သည်။
"ကျုပ်သမိုင်းမှာ မဖြစ်နိုင်ဘူးဆိုတာမျိုး မရှိဘူး"
စကားပြောပြီးသည်နှင့် ရွှယ်အန်းက သူ၏ ဘယ်လက်ကို အနည်းငယ် အားစိုက်လိုက်သည်။ ဓားသည် တစ်စချင်း ကျေမွပျက်စီးသွားပြီးနောက် မီးခိုးနှင့် တိမ်များကဲ့သို့ ပြန့်ကျဲသွားသည်။ ဤအံ့ဩစရာကောင်းသည့် စွမ်းဆောင်မှုသည် လက်ရှိမြင်တွေ့ရသူတိုင်းကို ထိတ်လန့်သွားစေသည်။ ယွီလန်၏ အမူအရာ လေးနက်လာသည်။
အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သော မိမိသည်၊ လွတ်မြောက်အင်မော်တယ်အဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းမျှသာ ဝေးကွာသောကြောင့် ကောင်းကင်လူသားအဆင့်တွင်သာ ရှိနေသည့် ရွှယ်အန်းကို အလွယ်တကူ သုတ်သင်နိုင်မည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော် မမျှော်လင့်ထားစွာဖြင့် ရွှယ်အန်း၏ နည်းလမ်းများသည် အလွန်ဆန်းကြယ်၍ အင်းအားကြီးလှနေ၏။
ယွီလန်က ပင့်သက်ရှိုက်၍ အေးစက်စွာ လှောင်ရယ်လိုက်သည်။
"မင်းရဲ့ သိုင်းပညာ မဆိုးပါဘူး၊ ဒါပေမယ့် ဒီလောက်နဲ့ ယွီမိသားစုကို ဆန့်ကျင်နိုင်မယ်လို့ မင်းက ထင်နေတာလား။ ဓါးကျွန်တို့၊ ငါ့အမိန့်ကို နာခံကြစမ်း”
ယွီလန်၏ အမိန့်အရ ဓားရှည်များကို ကိုင်ဆောင်ထားသည့် လူတစ်ဒါဇင်ခန့်သည် အေးစက်သောအမူအရာဖြင့် ထောင့်တစ်နေရာမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။ ၎င်းတို့တစ်ဦးချင်းစီ၏ ကျင့်ကြံမှုအဆင့်သည် ကောင်းကင်အင်မော်တယ် တစ်ဝက်အဆင့်တွင် ရှိနေသည်။ ထိုသို့သော ကျင့်ကြံမှုအဆင့်သည် အပြင်ဘက် တစ်နေရာရာတွင် ပေါ့ပေါ့တန်တန် ထားရှိခြင်းဖြင့် ၎င်းတို့ကို အလွန်အရေးပါသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သွားစေနိုင်သော်လည်း ယွီမိသားစုတွင်မူ ၎င်းတို့က ဓားကျွန်များသာဖြစ်သည်။
"ဓားဖွဲ့စည်းပုံ ဖန်တီးလိုက်" ယွီလန်က အေးစက်စွာ အမိန့်ပေးလိုက်သည်။
ဓားကျွန်းများသည် ၎င်းတို့၏ဓားများကို လေထဲသို့ မြှောက်တင်လိုက်ကြသည်။
ကျယ်လောင်သော အသံတစ်ခုကို ကြားရပြီးနောက်၊ သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်နေသော ဓားဖွဲ့စည်းပုံတစ်ခုက ရွှယ်အန်းကို လွှမ်းခြုံထားလိုက်သည်။
စီးဆင်းနေသော ဓားရောင်ခြည်များသည် ဓားဖွဲ့စည်းပုံအတွင်းရှိ အခြေအနေကို ကန့်လန့်ကာတစ်ခုကဲ့သို့ ဖုံးအုပ်ထားသည်။ လူအုပ်ကြီးသည် စိတ်သက်သာရာရသွားဟန်ဖြင့် တိတ်တဆိတ် သက်ပြင်းချနေမိသည်။
'ဒီတစ်ခါတော့ ဒီလူ သေချာပေါက် အဆုံးသတ်ပြီပဲ'
ယွီရန်သည် သူမ၏အဝတ်အစားများကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသဖြင့် လက်ချောင်းများမှ နာကျင်မှုကိုပင် ခံစားနေမိသည်။ ထိုအချိန်တွင် ယန်ရှု့သုန်သည် စာနာမှုမရှိစွာ ချဉ်းကပ်လာသည်။
"မကြောက်ပါနဲ့ ညီမလေးယွီရန်၊ ကိုယ် မင်းကို ကာကွယ်ပေးမှာပါ"
ယွီရန်က ယန်ရှု့သုန်ကို အေးစက်စွာ လှည့်ကြည်လိုက်သည်။
"အခုထွက်သွား"
ယန်ရှု့သုန်သည် ဆူပူကြိမ်းမောင်းမှုကြောင့် နေရာမှာတင် မှင်သက်သွားပြီးနောက် ဒေါသစိတ်များပေါက်ဖွားလာသည်။
'သူကများ ငါ့ကို ကျိန်ဆဲရဲရတယ်လို့။ သူ့ ကိုကြည့်ရတာ ဓားဖွဲ့စည်းပုံထဲမှာ သေဆုံးတော့မယ့် ရွှယ်အန်းအတွက် အသည်းကွဲနေပုံပဲ'
ထိုအတွေးသည် ယန်ရှု့သုန်၏ မျက်လုံးများကို မနာလိုစိတ်ကြောင့် ဝမ်းနည်းမှုများပင် ကိန်းအောင်းလာစေသည်။
'ဝမ်းနည်းနေတော့ရော ဘာထူးမှာလဲ'
"အခုချိန်ဆိုရင် ရွှယ်အန်းက အသားတုံးလို အစိတ်စိတ်အမွှာမွှာတောင် ဖြစ်နေလောက်ပြီ"
သို့သော် ထိုအချိန်တွင် ဓားဖွဲ့စည်းပုံအတွင်းမှ အေးဆေးတည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာသည်။
"စိတ်ဝင်စားဖို့တော့ ကောင်းသား၊ ဒါပေမယ့် ပျော့လွန်းတယ်"
စကားပြီးဆုံးသွားသည်နှင့် ရေတံခွန်ကဲ့သို့ စီးဆင်းနေသော ဓားအရှိန်သည် ရုတ်တရက် ရပ်တန့်၍ ပြင်းထန်စွာပြိုကွဲသွားသည်။ ဓားကျွန်များအားလုံးကို အနောက်သို့ တိတ်ဆိတ် လွှင့်ပျံသွား၏။ ရွှယ်အန်းကို ပြန်ကြည့်လိုက်ချိန်တွင် သူ၏လက်ထဲတွင် ဝိုင်ခွက်တစ်ခွက်ကိုပင် ကိုင်ဆောင်ထား၍ ထိုင်ခုံတွင် ထိုင်နေဆဲဖြစ်သည်။
"မိသားစုခေါင်းဆောင်ယွီ၊ ခင်ဗျားရဲ့ဓားဖွဲ့စည်းပုံ... ရှုံးသွားပြီနော်"
ရွှယ်အန်းက တည်ငြိမ်စွာပြောသည်။ သူ့စကားပြီးဆုံးသွားသည်နှင့် နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။
ယန်ရှု့သုန်၏ မျက်နှာသည် ချက်ချင်းပင် အကျဉ်းတန်သွားလေသည်။
'ဒီကောင့်ကို ဓားဖွဲ့စည်းပုံကတောင် မဖြေရှင်းနိုင်ဘူးလား။ သူ့ကျင့်ကြံမှုအဆင့်က ဘယ်လောက် မြင့်နေတာလဲ'
"ငါ မင်းကို လျှော့တွက်ထားမိပုံပဲ" ထိုအချိန်တွင် ယွီလန်က ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။
အားလုံး၏ အကြည့်များ ယွီလန်ဆီသို့ ရောက်ရှိသွားခဲ့ရာ၊ သူသည် ခါးရှိ ဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်နေခြင်းကို မြင်တွေ့လိုက်ရသည်။ လူအများ၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားကြသည်။
မိသားစုခေါင်းဆောင်၊ ယွီလန်သည် ဆယ်နှစ်တာအတွင်းတွင် ၎င်း၏ဓားကို ပထမဆုံးအကြိမ် ဆွဲထုတ်ခဲ့ခြင်းဖြစ်သည်။
“ဒီဓားကို ဖုန်လောကရဲ့ မိတ်ဆွေလို့ အမည်ပေးထားတာ။ ဒါက ကောင်းကင်အောက်မှာ ကျော်ကြားတဲ့ဓားမျိုးဟုတ်ချင်မှ ဟုတ်မယ်။ ဒါပေမယ့် ငါ့အတွက်တော့ သစ္စာအရှိဆုံး အဖော်မွန်ပဲ။ တစ်ခါက အ-နိုင်ငံက ဓားပညာရှင်ဆယ့်နှစ်ယောက်ကို ဒီဓားနဲ့ ဆက်တိုက် အနိုင်ယူခဲ့ဖူးတယ်။ ဒါကြောင့်…”
ယွီလန်၏ မျက်လုံးများတွင် အေးစက်သော ဓားရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေသည်။
"ဒီဓားချက်နဲ့ သေရတာက ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလို လေ့ကျင့်မှုအဆင့်ကို ပိုင်ဆိုင်ထားတဲ့ မင်းအတွက် ငါရဲ့လေးစားမှုကိုပြတဲ့ လက္ခဏာပဲ"
စကားပြောဆိုနေရာမှ၊ ယွီလန်၏ကိုယ်ရောင်ကိုယ်ဝါသည် တစ်စွန်းတစ်စစီ ယုတ်လျော့သွားခဲ့ရာ၊ အဆုံးတွင် သာမန်လူတစ်ဦးကဲ့သို့ ထင်မှတ်ရသည်အထိ အင်အားနည်းသွားခဲ့သည်။
သို့သော် ဓားပညာကို ကျွမ်းကျင်သော သူများစွာ၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားကြသည်။ ဤသည်မှာ ယွီလန်၏ကိုယ်ရောင်ကိုယ်ဝါ ထိန်းချုပ်မှုသည် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်ဟု ဆိုလိုခြင်းဖြစ်သည်။ သို့သော် ရွှယ်အန်းက တုန်လှုပ်ခြင်းမရှိဘဲ သူ၏ဝိုင်ခွက်ထဲက ဝိုင်ကို ရယ်မောလျက် ဖြည်းညှင်းစွာ သောက်လိုက်သည်။
“ ‘ဖုန်လောကမိတ်ဆွေက 'မိတ်ဆွေ’ အတွက် ပြည့်စုံတဲ့ဝိုင်တစ်ခွက်ရှိတယ်။ ကောင်းလိုက်တဲ့ နာမည်ကောင်း။ မိသားစုခေါင်းဆောင်ယွီ... ခင်ဗျားဘက်က လှုပ်ရှားလို့ရပါပြီ"
သူ၏စကား မပြီးဆုံးမီအချိန်အတွင်း၌ပင် ယွီလန်က သူ၏ဓားကို အရှေ့သို့ ထိုးစိုက်လိုက်သည်။ ၎င်းသည် လေခွင်းသံမပါ အရှိန်အဟုန်လည်းမရှိသည့် သာမညောင်ည ထိုးစိုက်မှုသာဖြစ်သည်။ ၎င်းဓား၏ ထိပ်ဖျားတွင် အနီရောင် အစက်အပြောက် အလင်းတန်းတစ်ခုသာရှိသည်။ သို့သော် ဤမီးနီရောင် အစက်အပြောက် အလင်းတန်းသည် ဓားတာအိုတွင် ဗဟုသုတများစွာ ရရှိထားသူများကို လွန်စွာလေးနက်သွားစေသည်။ ဤထိုးနှက်မှုသည် မည်သည့် ထူးခြားချက်မှမရှိဘဲ ရိုးရှင်းနေရခြင်းမှာ ယွီလန်က ဓား၏အရှိန်အဟုန်ကို အနည်းငယ်မျှ အလဟသမရှိစေဘဲ ဓားထိပ်ပေါ်သို့ ချုံ့ငုံစုစည်းလိုက်ခြင်းကြောင့်ဖြစ်သည်ကို ၎င်းတို့သိရှိထားသည်။
၎င်းသည် အမှန်တကယ်ကို အကြီးမြတ်ဆုံး ထိုးနှက်မှုဖြစ်သည်။
နှိုင်းယှဉ်ကြည့်လျှင် အစောပိုင်းက ဓါးချီနှင့် ဓါးဖွဲ့စည်းပုံတို့သည် တောက်ပြောင်သော်လည်း ရုပ်ဒြပ်မရှိသည့် မျက်လှည့်လှည့်ကွက်များကဲ့သို့ပင် ထင်ရသည်။
ဓားသည် ၎င်းပစ်မှတ်၏ လမ်းထက်ဝက်သို့ ရောက်ရှိသွားခဲ့သည်။ ယွီလန်၏နှုတ်ခမ်းတွင် အပြုံးအရိပ်အမြွက်တစ်ခု ပေါ်လာသည်။ အောင်ပွဲကို သူသေချာ ခံစားနေရပြီဖြစ်၏။
သို့သော် ထိုအချိန်တွင် မည်သည့်နေရာမှ ထွက်ပေါ်လာမှန်း မသိသော သွယ်လျပြေပြစ်သည့် လက်တစ်စုံ၏ တောက်ထုတ်ချက်သည် ဓား၏ထိပ်ဖျားကို ထိမှန်သွားသည်။
ဘန်း
မသဲမကွဲအသံ ထွက်ပေါ်လာပြီးနောက်၊ အင်အားကြီးမားသော လှိုင်းလုံးကြီးတစ်ခု ပျံ့နှံ့ကာ အနီးနားရှိ စားပွဲနှင့် ထိုင်ခုံများအားလုံးကို လှန်လှောပစ်လိုက်သည်။ ဝေးကွာသော သစ်ပင်များနှင့် အဆောက်အဦများကိုပင် ချန်လှပ်ထားခြင်းမရှိဘဲ အရာအားလုံးကို တညီတညွတ်တည်း ဖျက်ဆီးပစ်လိုက်သည်။
ယွီလန်သည် မယုံကြည်နိုင်လောက်အောင် ထိတ်လန့်သွားခဲ့သည်၊ ရွှယ်အန်း၏ သာမန်ကာလျှံကာ လက်ဖျားတောက်ထုတ်ချက်သည် သူ၏လက်ထဲရှိဓားကို လွတ်ကျလုနီးပါး ဖြစ်စေခဲ့သည်။ အဆုံးတွင် ယွီလန်၏ မျက်နှာတွင် ထိတ်လန့်မှု အရိပ်အယောင်များ ပေါ်ပေါက်လာကာ၊ အနောက်သို့ အလျင်အမြန် ပြန်လည်ဆုတ်ခွာလိုက်သည်။
ယွီမိသားစု၏ လက်ရှိ အမြင့်ဆုံး ဓားတာအိုကျင့်ကြံသူဖြစ်သည့် ယွီရန်၏ အစ်ကိုကြီးဖြစ်သူ ယွီလန်၏ အကြီးဆုံးသား ယွီမင်သည် အနောက်ဘက်တောင်တန်းမှ ဓားတဲထဲတွင် ဓားအင်မော်တယ် ဘိုးဘေး ပေါ်ထွန်းလာမည့်အချိန်ကို စောင့်ဆိုင်းလျက်ရှိသည်။
ယခုအချိန်တွင် ယွီလန်ကိုယ်တိုင် ယွီမိသားစုကို ခုခံကာကွယ်ပေးနေခြင်းဖြစ်၍ အကယ်၍ သူသာ အမှန်တကယ် ရှုံးနိမ့်ခဲ့လျှင် ယွီမိသားစု၏ ဆယ်စုနှစ်ကြာ ဂုဏ်သိက္ခာသည် တစ်ချက်တည်းဖြင့် ပျက်စီးသွားနိုင်သည်။ သို့သော် ရွှယ်အန်းသည် ယင်းကိုအခွင့်ကောင်းမယူဘဲ အဝေးတစ်နေရာသို့မျှော်ကြည့်၍ ပြုံးလိုက်သည်။
"ဒီကမ္ဘာမှာ ဒီလို သန့်စင်တဲ့ ဓားသမားမျိုးနဲ့ ကြုံတွေ့ရမယ်လို့ တကယ် မထင်ထားဘူး"
ရွှယ်အန်း၏စကားအဆုံးတွင် ကြောက်မက်ဖွယ် ကိုယ်ရောင်ကိုယ်ဝါတစ်ခုသည် ယွီမိသားစု၏ နောက်ဘက်တောင်တန်းဆီမှ ကောင်းကင်ယံသို့ ထိုးဖောက်ဝင်ရောက်လာသည်။