အခန်း (၁၃၀-၁၃၂)
Vol. 9 Ch. 130-132
အခန်း (၁၃၀) စွမ်းအားပြင်း ဓားချီ
အရှိန်သည် အလွန်ပြင်းလွန်းသဖြင့် ကောင်းကင်ပေါ်ရှိတိမ်များကိုပင် ထိတ်လန့်တကြား လွင့်မြောသွားစေသည်။
ယွီလန်က ဦးစွာ အံ့အားသင့်သွားပြီးနောက် အလွန်ဝမ်းမြောက်သွားသည်။
“ဘိုးဘေး၊ ဘိုးဘေး… သီးခြားကျင့်စဉ်ကနေ ထွက်ခွာလာပြီ”
သူ၏စကားသည် လူတိုင်း၏အမူအရာကို ပြောင်းလဲစေသည်။ ယွီလန်က ဘိုးဘေးဟုခေါ်ဆိုနိုင်သည့် ပုဂ္ဂိုလ်သည် တစ်ဦးတစ်ယောက်တည်းသာရှိသည်။
၎င်းမှာ လွန်ခဲ့သည့် အနှစ်လေးဆယ်ခန့်က ဓါးအင်မော်တယ်အရှင် ဆယ့်နှစ်ပါးကို ဓားတစ်ချောင်းတည်းသာ အသုံးပြု၍ သုတ်သင်နိုင်သည်အထိ၊ ကမ္ဘာတစ်ဝှမ်းကို ထိတ်လန့်စေသည့် လင်နန်၏ ဓားအင်မော်တယ်ဖြစ်သည်။
'ယွီယွမ်ယိ'
'မဟုတ်မှလွဲရော သီးခြားကျင့်စဉ်ကနေ သူတကယ် ပြန်ထွက်လာနိုင်ပြီလား'
လူတိုင်းက ထိုသို့ သံသယရှိနေကြချိန်တွင်၊ အနောက်ဘက်တောင်တန်းမှ ကြွေးကြော်သံတစ်ခုကို ကြားလိုက်ရသည်။
“ချီဓားဟာ မိုင်သုံးသောင်းထိ ရှည်လျားပြီး၊ ဓားရဲ့ အေးစက်တဲ့ အလင်းရောင်ဟာ ကျူရှု့ရဲ့ ၉၉ ပြည်နယ်ထိ လင်းလက်တောက်ပတယ်"
၎င်းသည် ကျယ်လောင်သောအသံတစ်ခု မဟုတ်သော်လည်း ၎င်းတို့၏နှလုံးသားကို ဓားငယ်လေးများကဲ့သို့ တိုက်ရိုက် ရိုက်ခတ်သွားစေသည်။ လေးနက်သော ကျင့်ကြံခြင်းအဆင့် မရှိသူများသည် ဤစာကြောင်းတစ်ကြောင်းကို ကြားလိုက်ရရုံဖြင့် ဖြူဖျော့သွားကြသည်။
တစ်ချိန်တည်း၌ပင် ၎င်းတို့ဆီသို့ အနောက်တောင်တန်းမှ ဓားအလင်းတန်းများ တိုက်ရိုက် ပစ်လွှတ်လိုက်ရာ၊ မျက်စိတစ်မှိတ်အတွင်းတွင်ပင် ခြံဝင်းထဲ၌ လူနှစ်ဦး ပေါ်ပေါက်လာသည်။ တစ်ဦးသည် အသက်နှစ်ဆယ်ကျော် လူငယ်တစ်ဦးဖြစ်၍၊ ကျန်တစ်ဦးမှာ ဓားသွားကဲ့သို့ မျက်ခုံးတစ်စုံနှင့် ကြယ်ရောင်ကဲ့သို့ တောက်ပနေသော မျက်လုံးများရှိသည့် အသက်လေးဆယ်ကျော် အမျိုးသားတစ်ဦးဖြစ်သည်။
ဤအမျိုးသားကိုမြင်သည်နှင့် ယွီလန်၏မျက်နှာထက်တွင် မျက်ရည်များစီးကျလာကာ ဒူးထောက်ချလိုက်၏။
"ဘိုးဘေးကို အရိုအသေပေးပါတယ်"
ယွီလန်က ဒူးထောက်လိုက်သည်နှင့် ယွီမိသားစုမှ အခြားလူများသည်လည်း ဒူးထောက်ချ၍ တညီတညွတ်တည်း ကြွေးကြော်လိုက်ကြသည်။
"ဘိုးဘေးကို အရိုအသေပေးပါတယ်"
ယွီယွမ်ယိက ခပ်ပါးပါး ပြုံးလိုက်သည်။
"ထကြပါ၊ မင်းက မိသားစုခေါင်းဆောင်ဖြစ်ပြီး ဘာလို့ ငိုယိုနေရတာလဲ"
ထိုမှသာ ယွီလန်က မတ်တပ်ထရပ်ကာ ရိုသေလေးစားမှုအပြည့်ဖြင့် ပြောလိုက်သည်။
"ဓားတာအိုရဲ့ ကြီးမားတဲ့ အောင်မြင်မှုနဲ့... အင်မော်တယ်အဆင့်ကို တတ်လှမ်းနိုင်ခြင်းအတွက် ဘိုးဘေးကို ဂုဏ်ပြုပါတယ်"
'အင်မော်တယ်အဆင့်'
ဤစကားများသည် အဆုံးမရှိသော မှော်အတတ်ကို ချုပ်ကိုင်ထားသကဲ့သို့၊ လူတိုင်း၏စိတ်ကို အလွန် တုန်လှုပ်ချောက်ချားသွားစေသည်။
စစ်မှန်ဆရာသခင်အဆင့်၊ ရှောင်ယောင်းအဆင့်၊ ကောင်းကင်လူသားအဆင့်၊ လွတ်မြောက်အင်မော်တယ်အဆင့်၊ အင်မော်တယ်အဆင့်၊ ရွှေအင်မော်တယ်အဆင့်၊ စစ်မှန်အင်မော်တယ်အဆင့်၊ အင်မော်တယ်သခင်အဆင့်၊ အင်မော်တယ်ဘုရင်အဆင့်၊ အင်မော်တယ်အင်ပါယာအဆင့်နှင့် နတ်ဘုရားအဆင့်ဟူ၍ အကြမ်းဖျင်း ပိုင်းခြားထားကြောင်း သိရှိထားရပေလိမ့်မည်။
သို့သော်၊ ထိုနောက်ဆုံးနယ်ပယ်များသည် ခဲယဉ်းလွန်းသောကြောင့် ဒဏ္ဍာရီများအဖြစ်သာ လက်ဆင့်ကမ်းခဲ့ကြရာ၊ ၎င်းပုဂ္ဂိုလ်များကို မည်သူကမှ မျက်မြင်မတွေ့ခဲ့ဖူးပေ။
သို့သော် အင်မော်တယ်အဆင့်သည် လူတိုင်းက ကြားဖူးနားဝရှိခဲ့ဖူးသည့် ပုဂ္ဂိုလ်ဖြစ်သည်။ လူတစ်ဦးသည် အင်မော်တယ်အဆင့်သို့ ရောက်ရှိသည်နှင့်တစ်ပြိုက်နက်၊ ၎င်း၏သက်တမ်းသည် အနှစ်တစ်ထောင်သို့ ကျော်လွန်နိုင်ကာ အတားအဆီးမရှိဘဲ လွတ်လပ်စွာ သွားလာနေထိုင်နိုင်မည်ဟုဆိုသည်။
နောက်ဆုံး အင်မော်တယ်အဆင့် ကျွမ်းကျင်သူသည် လွန်ခဲ့သည့် နှစ်တစ်ရာခန့်က ပျောက်ကွယ်သွားပြီးနောက်တွင် အင်မော်တယ်အဆင့်သို့ တက်လှမ်းနိုင်သူအကြောင်း ကြားရန် ခဲယဥ်းလာသည်။ ယွီယွမ်ယိသာ အင်မော်တယ်အဆင့်သို့ အမှန်တကယ် ရောက်ရှိခဲ့ခြင်းဖြစ်လျှင်၊ ဟွာရှားသိုင်းပညာ အသိုင်းအဝိုင်းအတွက် တုန်လှုပ်ဖွယ်ရာ သတင်းတစ်ခု ဖြစ်လာနိုင်သည်။
ကမ္ဘာ၏စည်းမျဥ်းကိုပင် ပြောင်းလဲရန် အလားအလာရှိသည်ဟု ဆိုနိုင်သည်။
လူအများက ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေချိန်တွင် ရိုးစင်းသော ကလေးတစ်ယောက်၏ အသံထွက်ပေါ်လာသည်။
“ဖေဖေ၊ အင်မော်တယ်ဆိုတာ ဘာလဲဟင်၊ စားလို့ရတဲ့ ဟာလား"
လူအုပ်က လှည့်ကြည့်လိုက်ချိန်တွင် ကလေးမလေးတစ်ဦးက ရွှယ်အန်းနှင့် စကားပြောနေခြင်းကို တွေ့ရှိလိုက်ရသည်။ ဤအခိုက်အတန့်တွင် ရွှယ်အန်းကို အဆုံးသတ်တော့မည့်လူဟု ယုံကြည်ထားကြသော လူများစွာက ၎င်းတို့၏ နှလုံးသားထဲတွင် ရှုံ့ချနေကြသည်။
ထို့ကြောင့် ဤမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ၎င်းတို့၏စိတ်ထဲတွင် လှောင်ရယ်လိုက်ကြသည်။
ရွှယ်အန်း၏အမူအရာသည် ငြိမ်သက်နေရုံသာမက ခပ်ပါးပါး အပြုံးကိုပင် ထိန်းသိမ်းထားနိုင်သည်။
"အင်မော်တယ်ဆိုတာ... ဖေဖေ့အတွက်က ပုရွက်ဆိတ်တစ်ကောင် သာသာပါပဲ"
ဤစကားကို ပြောဆိုလိုက်သည်နှင့် ရွှယ်အန်းသည် ကြောက်လန့်မှုဖြင့် အာရုံများပျက်ပြားသွားပြီဟု ယုံကြည်ကြသော လူအများက လှောင်ပြောင် ရယ်မောလိုက်ကြသည်။ ထိုအချိန်တွင်၊ ယွီမိသားစု၏ မျိုးဆက်သစ်လူငယ်များကြား၌ ထိပ်တန်းကျွမ်းကျင်သူဖြစ်သည့် ယွီလန်၏အကြီးဆုံးသား၊ ယွီမင်က အရှေ့သို့ လှမ်းလာ၍ ပြောလိုက်သည်။
"ဘိုးဘေး၊ ဒီလူကို ကျွန်တော့် တာဝန်ထားလိုက်ပါ"
ယွီယွမ်ယိသည် ရွှယ်အန်းကို တည်ငြိမ်သော အမူအရာဖြင့် ဆိတ်ငြိမ်စွာ ကြည့်နေခြင်းဖြင့်၊ ၎င်းကို တိတ်တဆိတ် သဘောတူ လက်ခံလိုက်ပုံရသည်။ ယွီမင်သည် ရွှယ်အန်းကို အေးစက်သော မျက်လုံးများဖြင့် အချိန်ခဏကြာ စိုက်ကြည့်နေပြီးနောက် ဖြေးညှင်းစွာ မေးမြန်းလိုက်သည်။
"မင်းက ငါ့ညီကို သတ်ခဲ့တဲ့လူလား"
ရွှယ်အန်းက ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီ။ ဒီနေ့က မင်းသေတဲ့နေ့ ဖြစ်စေရမယ်”
ရွှယ်အန်းကို အနိုင်ယူနိုင်မည်ဟု မိမိကိုယ်မိမိ တစ်ထစ်ချယုံကြည်ထားသည်။ သူသည် ယွီမိသားစုက ဝီရိယစိုက်ထုတ်၍ ပြုစုပျိုးထောင်ပေးခဲ့သော လူငယ်ကျွမ်းကျင်သူတစ်ဦးအနေဖြင့်၊ လွတ်မြောက်အင်မော်တယ် တစ်ဝက်အဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ဘိုးဘေး၏အနောက်သို့ ရက်များစွာကြာ လိုက်ခဲ့ပြီးနောက်၊ သူ၏ ကျင့်ကြံမှု ပိုမို တိုးတက်လာခဲ့ကာ လွတ်မြောက်အင်မော်တယ်အဆင့်သို့ တရားဝင် ရောက်ရှိရန် ဆံခြည်မျှင် အကွာအဝေးတစ်ခုစာမျှသာ လိုအပ်တော့သည်။
သူ၏အသက်အရွယ်အရ၊ လွတ်မြောက်အင်မော်တယ်အဆင့်သို့ တတ်လှမ်းနိုင်ခြင်းသည် မျိုးဆက်သစ်လူငယ်များကြားတွင် စစ်မှန်သည့် အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမည်ဖြစ်သည်။
ရွှယ်အန်းသည် ကောင်းကင်လူသားအဆင့် တစ်ဦးမျှသာဖြစ်သည်။
ယွီမင်၏ အမြင်တွင် ကောင်းကင်လူသားအဆင့်ကို အနိုင်ယူခြင်းသည် သူ၏လက်ကို လှန်လိုက်ခြင်းသကဲ့သို့ပင် လွယ်ကူလှသည်။ သူ၏ခွန်အားကို ဘယ်သောအခါမှ ထိန်းချုပ်ထားခြင်းမရှိသည့် ယွီမင်သည် သူ၏လက်ကို မြှောက်လိုက်သည်နှင့် စိမ်းပြာရောင်ဓားချီ ပုံသဏ္ဍာန်တစ်ခုဖြစ်ပေါ်လာကာ ရွှယ်အန်းထံသို့ ဦးတည်သွား၏။ ဓားချီဖြတ်သန်းသွားသည့်လမ်းတစ်လျှောက်တွင် မြေပြင်ထက်၌ မြက်ပင်များလျင်မြန်စွာ ပေါက်ရောက်လာကာ ရာနှင့်ချီသော ပန်းများပွင့်လန်းလာ၏။
"ဒါက ယွီမိသားစုရဲ့ အသက်သွင်းဓားပဲ" တစ်စုံတစ်ယောက်က ထိတ်လန့်တကြား အော်လိုက်သည်။
ချင်ဖုန်းမြစ်ကမ်းနားတွင် ရွှယ်အန်း၏ ခုတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် ယွီယန်သည် သတ်ဖြတ်ခြင်းဓားကို ကျင့်ကြံခဲ့ခြင်းဖြစ်ကာ ၎င်း၏ခြေလှမ်းတိုင်းသည် သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်နေသည်။ ယွီမင်ကျင့်ကြံခဲ့သည် သိုင်းပညာမှာ သတ်ဖြတ်ခြင်းဓားနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် ယွီမိသားစု၏ အသက်သွင်းဓားဖြစ်၍၊ ၎င်းကို ပြီးပြည့်စုံသည်အထိ ကျွမ်းကျင်တတ်မြောက်နေပြီဖြစ်သည်။ ခွန်အားအရ ကြည့်မည်ဆိုလျှင် သူသည် ယွီယန်ထက် ဆယ်ဆမျှ ပိုမိုသန်မာသည်။ ရင်ထဲတွင် ထိတ်လန့်အားငယ်မှုများဖြင့် ပြည့်နှက်နေသော ယွီရန်သည် ဆက်လက် ကြည့်ရှုနိုင်ခြင်း မရှိတော့ဘဲ ခေါင်းကို တစ်ဖက်သို့ လွှဲလိုက်သည်။ တစ်ဖက်တွင်မူ ယန်ရှု့သုန်သည် ရွှယ်အန်း၏ သေလုမျောပါး သေဆုံးမှုမြင်ကွင်းကို စောင့်မျှော်လျက် ပီတိဖြစ်နေသည်။
သို့သော် ရွှယ်အန်းက ရယ်မောလိုက်သည်။
"ခင်ဗျားက ကျွန်တော့်ကို ဓားနဲ့ထိုးပေးတဲ့အတွက် ကျွန်တော်ကလည်း ကျေးဇူးတုံ့ပြန်ရမှာပေါ့"
စကားပြောပြီးနောက် ရွှယ်အန်းက အသံပြုလိုက်သည်။
"ဒီကိုလာစမ်း၊ ဓား"
မူလက စားပွဲပေါ်တွင် လဲကျလျက်ရှိသော နဂါးဟိန်းဓားသည် ညှင်သာသော အသံပြု၍ ကောင်းကင်သို့ ဝဲပျံကာ ရွှယ်အန်း၏ လက်ထဲသို့ တည့်တည့်တိုးဝင်လာသည်။ သို့သော် ဤမြင်ကွင်းသည် ယွီမင်၏ဓားအရှိန်ကို အနည်းငယ်မျှ တုန်လှုပ်စေခြင်းမရှိဘဲ၊ အရှေ့သို့ တစ်စိုက်မတ်မတ် ထိုးစိုက်နေဆဲဖြစ်သည်။ ရွှယ်အန်းက လက်ကိုမြှောက်၍ ဓားချက်ကို အလွယ်တကူ ရှောင်တိမ်းလိုက်ပြီးနောက် အေးစက်စွာ ပြောလိုက်သည်။
"မင်းတို့ ယွီမိသားစုရဲ့ ဓားတာအိုက ကျင်ကြံခြင်း မှားနေတယ်လို့ ငါအရင်က ပြောဖူးတယ်။ ဒါကို မင်းတို့က မယုံဘူးဆိုမှတော့၊ တကယ့် အင်မော်တယ်ဓားက ဘာလဲဆိုတာ ဒီနေ့ မင်းတို့ကို ပြရသေးတာပေါ့"
ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်းက သူ၏ဓားကို မိုးကြိုးကဲ့သို့ဖိအားမျိုးဖြင့် မြှောက်၍ ဝှေ့ယမ်းလိုက်သည်။
“ငါ့ဓားကို ကြည့်ထားကြ… တောင်နှင့်မြစ်ပိုင်းခြားခြင်း"
ဤဓား၏ ထူးချွန်ပြောင်မြောက်မှုသည် ကမ္ဘာမြေကြီးကို အလင်းရောင်ပေးနေသည့် နေမင်းတစ်စင်းနှယ် တောက်ပနေ၏။ ဤဓားချက်သည် လေဟာနယ်ကိုပင် ပိုင်းဖြတ်သွားသကဲ့သို့ ထင်ရသည်။ သို့သော် ယွီမင်သည် ဤပြင်းထန်သော ဓားချက်ကို ကြောက်လန့်မှု တစ်စုံတစ်ရာမှမရှိဘဲ ထိပ်တိုက် ရင်ဆိုင်လိုက်၏။
ဘုံး
ယွီမိသားစု၏ ထိပ်တန်း အသက်သွင်းဓါးသည် ရွှယ်အန်း၏ အထိန်းအကွပ်မဲ့ဓားဖြင့် ထိပ်တိုက်တွေ့ဆုံချိန်တွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ပေါက်ကွဲသွားသည်။
၎င်းတုန်လှုပ်မှုသည် လူတိုင်း၏ သွေးများကို ပွက်ပွက်ဆူလာစေ၏။
'ဘယ်သူက နိုင်ပြီး ဘယ်သူက ရှုံးသွားတာလဲ'
လူအုပ်ကြီးက စိတ်လှုပ်ရှားစွာဖြင့် လှမ်းကြည့်နေကြသည်။
ထို့နောက် ၎င်းတို့သည် အံ့သြထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည့် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။ ယွီမင်၏အနောက်ဘက်တွင် အဆုံးမဲ့၍ ရှည်လျားလွန်းသည့် ကတုတ်ကျင်းတစ်ခုဖြစ်ပေါ်နေ၏။ ယွီမင်၏မျက်နှာသည်လည်း အလွန်ဖြူဖျော့နေကာ သွေးများအန်ထွက်လာသည်။
သွေးများ မြေပြင်ပေါ်သို့ ကျရောက်သွားသည်နှင့် သူ၏အနောက်ရှိ တောင်ကုန်းငယ်လေးသည် ဓား၏အရှိန်ကြောင့် တဆတ်ဆတ်တုန်ခါ၍ နောက်ဆုံးတွင် ကျယ်လောင်မြည်ဟည်းစွာ ပြိုကျသွားလေ၏။
သူသည် ဓားတစ်ချောင်းတည်းဖြင့် တောင်တန်းကို ဖြိုခွဲလိုက်သည်။
ဤကဲ့သို့ ဓားသိုင်းအဆင့်မျိုးကို ကြားဖူးနားဝ မရှိခဲ့ကြပေ။ ပြီးနောက် ရွှယ်အန်းက ဓားကိုကိုင်လျက် ဘာသိဘာသာမေးလိုက်၏။
“အခု ယုံပြီလား”
ယွီမင်က တစ်ခုခုကို ပြောဆိုရန် ရုန်းကန်နေချိန်တွင် ယွီယွမ်ယိက သက်ပြင်းချလိုက်သည်။
"ယွီမင် နောက်ပြန်ဆုတ်တော့"
ယွီမင်၏မျက်လုံးများတွင် နာကျင်မှု အရိပ်အယောင်တစ်ခု ပေါ်ပေါက်လာကာ နောက်ဆုံးတွင် ခေါင်းငုံ့၍ ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့"
ထို့နောက် ယွီယွမ်ယိက အရှေ့သို့ တိုး၍ ခပ်ပါးပါး ပြုံးလိုက်သည်။
“တကယ့်ကို အံ့ဩစရာကောင်းတဲ့ ဓားပညာပဲ။ ဆယ်စုနှစ်ကြာ သီးသန့်ကျင့်ကြံနေတဲ့ အတောအတွင်းမှာ ဒီလောက် အံ့မခန်း ထက်မြက်တဲ့ လူငယ်တွေ ကမ္ဘာပေါ်မှာ ပေါ်ထွန်းလာမယ်လို့ မထင်ထားခဲ့ဘူး"
"မဟုတ်ဘူး" သို့သော်လည်း ရွှယ်အန်းက တည်ငြိမ်စွာ ခေါင်းယမ်းပြလိုက်သည်။
"ဘာက မဟုတ်တာလဲ"
"ခင်ဗျားရဲ့ ကိုယ်ရောင်ကိုယ်ဝါက တစ်ခုခု မှားနေတယ်"
ရွှယ်အန်းက ခေတ္တဆိုင်းငံ့ပြီးနောက် ခက်ထန်စွာ ပြုံးလိုက်သည်။
"ခင်ဗျားရဲ့ လက်ရှိ ခွန်အားက အင်မော်တယ်အဆင့် မဟုတ်သေးဘူး၊ အလွန်ဆုံးရှိမှ အင်မော်တယ် တစ်ဝက်အဆင့်လောက်ပဲ ရှိဦးမှာ ဟုတ်တယ်မလား" ယွီယွမ်ယိက သက်ပြင်းတစ်ချက် ချလိုက်သည်။
"မင်းက အမြင်စူးရှသားပဲ။ မင်းပြောတာမှန်တယ်။ ဒါပေမယ့် မင်းသိထားရမှာက အင်မော်တယ် တစ်ဝက်အဆင့်ဆိုတာကလည်း အင်မော်တယ် အဆင့်ပဲ”
အခန်း (၁၃၁) လက်သီးအောက်က ဝါစဥ်ကိုပဲ ယုံကြည်တယ်
ထိုစကားများဖြင့် ယွီယွမ်ယိ၏ ကိုယ်ရောင်ကိုယ်ဝါ တဖြည်းဖြည်း တိုးမြင့်လာသည်။
“လူငယ်လေး၊ မင်းအသက်အရွယ်နဲ့ ဒီလို ကျင့်ကြံခြင်းအဆင့်မျိုးကို ရောက်ရှိဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စမဟုတ်ဘူး။ ငါက သိချင်တာက ငါတို့ယွီမိသားစုကို ဘာလို့ဒီလောက်တောင် ပြဿနာရှာချင်နေရတာလဲ"
ယွီယွမ်ယိက အမူမထားဘဲ မေးလိုက်သည်။
ယွီရန်က တုန်လှုပ်ခြောက်ခြားသွားသည်။
ဤသည်မှာ သူမက သိချင်နေသည့် အကြောင်းအရာတစ်ခုဖြစ်သည်။ သို့သော်လည်း ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်သည်။
"ကျုပ်မှာ အလေ့အကျင့်တစ်ခုရှိတယ်၊ ဘာပဲလုပ်လုပ် မစခင်မှာ လူတိုင်းကို အရင်အနိုင်ယူလေ့ရှိတယ်၊ ခင်ဗျားလည်း အပါအဝင်ပေါ့"
ဤစကားများသည် ယွီယွမ်ယိ၏အမူအရာကို အနည်းငယ်ပြောင်းလဲသွားစေ၍ သူ၏အကြည့်များ အေးစက်လာသည်။
"မင်းက ဓားတာအို နားလည်နိုင်စွမ်း မြင့်မားတဲ့နေရာကို ရောက်ရှိနေတဲ့၊ တကယ်ကို အင်အားကြီးတဲ့ လူပါ။ ဒါပေမယ့် တစ်ခါတစ်လေမှာ ခွန်အားကွာဟချက်ဆိုတာ တခြားနည်းလမ်းနဲ့ ဖန်တီးလို့ရတာမျိုး မဟုတ်ဘူး"
စကားပြောနေစဉ်တွင်၊ ယွီယွမ်ယိက သူ၏ကိုယ်ရောင်ကိုယ်ဝါကို အပြည့်အ၀ ဖြန့်ကြက်လိုက်သည်။
အင်မော်တယ် တစ်ဝက်အဆင့်။
ပစ္စုပ္ပန်လောက၏ အထွတ်အထိပ် ခွန်အား။
အရောင်အဝါသည် ဒီရေလှိုင်းများကဲ့သို့ တိုးမြင့်လာကာ ရွှယ်အန်းကို လွှမ်းခြုံသွားသည် သို့သော် ရွှယ်အန်းသည် သူ၏ မျက်လုံးများတွင် လေးစားရှု့မောမှု အရိပ်အမြွက်ဖြင့် တည်ငြိမ်အေးဆေးနေဆဲဖြစ်သည်။
“ဒီကမ္ဘာမှာ ဒီလို စစ်မှန်တဲ့ဓားသမားမျိုးကို ရှာတွေ့ဖို့က ရှားရှားပါးပါးဖြစ်စဉ်ပဲ"
"ငါ့နှလုံးသားက ငါ့ဓားနဲ့တူတယ်၊ နှုတ်နဲ့ ရန်စွဖို့ကြိုးစားနေတာတွေက အသုံးဝင်မှာ မဟုတ်ဘူး"
ရွှယ်အန်းက ပြုံး၍ လက်ထဲက နဂါးဟိန်းဓားကို အောင်သို့ချလိုက်သည်။
လူများစွာ ထိတ်လန့်သွားကြသည်။
'မဟုတ်မှလွဲရော အညံ့ခံတော့မလို့များလား။ ဟုတ်လောက်တယ်။ ဘာပဲဖြစ်ဖြစ် တစ်ဖက်လူက လင်နန်မြို့ရဲ့ ဓားအင်မော်တယ်ပဲဟာကို'
ရှုံးနိမ့်မှုကို ဝန်ခံခြင်းသည် အရှက်ရစရာ မဟုတ်ပေ။ ယွီရန်၏မျက်နှာအမူအရာ ရွှင်လန်းမှုဖြင့် တောက်ပလာသည်။ သို့သော် ရွှယ်အန်းက ထက်မံပြောဆိုခဲ့သည့် စကားလုံးများက ယွီရန်၏ ပျော်ရွှင်မှုကို ပျောက်ကွယ်သွားစေသည်။
"ခင်ဗျားက ကျုပ်တွေ့ဖူးသမျှ လူတွေထဲမှာ ကျင့်ကြံသူလို့ ခေါ်ထိုက်တဲ့ ပထမဆုံးလူပဲ။ ဒီတော့ ကျုပ်ဘက်က လေးစားမှုကို ပြသတဲ့အနေနဲ့ ခင်ဗျားရဲ့စိန်ခေါ်မှုကို ကျုပ် အကျွမ်းကျင်ဆုံး လက်သီးချက်နဲ့ ရင်ဆိုင်ပေးမယ်"
ရွှယ်အန်းက တည်ငြိမ်စွာ ပြောလိုက်ခြင်းဖြစ်သဖြင့် လူများစွာက တအံ့တသြ ကြည့်နေကြသည်။
'ရွှယ်အန်းက ရူးများသွားပြီလား။ လင်နန်မြို့ရဲ့ ပြိုင်ဘက်ကင်း ဓားအင်မော်တယ်ကို လက်သီးနဲ့ ရင်ဆိုင်တိုက်ခိုက်မယ်တဲ့လား။ ဒါက ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်နေတာနဲ့ မတူဘူးလား'
ယွီယွမ်ယိ၏ မျက်လုံးများတွင် ရွှတ်နောက်နောက် အရိပ်အယောင်များ ပေါ်ပေါက်လာ၍ ခေါင်းညိတ်လိုက်သည်။
"မင်းက ဘာတွေကို ဘယ်လိုယုံကြည်ပြီး ဒီလိုတွေပြောနေတာလဲတော့ ငါ သိချင်မိသား။ ဒါပေမယ့် ရဲရင့်မှုကတော့ ချီးကျူးထိုက်တယ်၊ ဒါကြောင့် ငါ မင်းကို လိုက်လျောပေးလိုက်မယ်။ စလှုပ်ရှားလို့ရပြီ"
ရွှယ်အန်းက အမူမထားဘဲ ပြုံးလိုက်သည်။
"ခင်ဗျားပဲ အရင်စလိုက်ပါ"
ဟူး
လူများစွာက ပင့်သက်ရှိုက်လိုက်ကြရာ၊ ယန်ရှု့သုန်ကပင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ လူတစ်ဦးတစ်ယောက်က သေချင်နေလျှင် မည်သူကမှ တားဆီးနိုင်မည် မဟုတ်ဘူးပေ။
'ဓားအင်မော်တယ်ကို အရင်တိုက်ခိုက်ဖို့ ဖိတ်ခေါ်ရဲတဲ့အထိ မောက်မာရသတဲ့လား'
ဤအရာများကို ဂရုမစိုက်ဘဲ ယွီယွမ်ယိက ပြုံးရုံသာပြုံးလိုက်သည်။ ယခု၊ သူသည် ဘဝတွင် ဓားတစ်လက်သာ ကျန်ရှိတော့သူဖြစ်သည်။ ကျန်ရှိနေသော အရာအားလုံးကို မိမိက ဖယ်ကြဉ်ထားပြီးသားဖြစ်၏။
"ကောင်းပြီ။ မင်းက ငါ့ယွီမိသားစုရဲ့ဓားတာအိုကို မမှန်ကန်ဘူးလို့ ခဏခဏပြောနေတော့၊ ယွီမိသားစုရဲ့ ဓားတာအို အစစ်အမှန်က ဘာလဲဆိုတာ ငါ မင်းကိုပြလိုက်မယ်"
ယွီယွမ်ယိသည် စကားပြောနေစဉ်တွင် သူ၏ခါးမှ ဓားတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။ ယင်းမှာ သူ လက်လွတ်စပယ် ခုတ်ထစ်ခဲ့သော သစ်ကိုင်းတစ်ခုမှ ပြုလုပ်ထားသည့် သစ်သားဓားတစ်ချောင်းဖြစ်သည်။
ဤဓားကိုမြင်သောအခါ၊ ယွီမင်၏မျက်လုံးများသည် စူးရှစွာလင်းလက်သွား၏။ ဤသစ်သားဓား၏ အင်အားကြီးမားမှုကို သူသည်သာ သိရှိထားသည်။
“အနှစ်သုံးဆယ်ကြာအောင် သီးခြားလေ့ကျင့်ပြီးတဲ့နောက် ဒီနေ့တော့ ငါ့ရဲ့ဓားသိုင်းပညာ ပြီးမြောက်သွားပြီ၊ ဒါက ငါ့ရဲ့ အင်မော်တယ်ဓားပဲ။ သတိတော့ထားပေါ့" ယွီယွမ်ယိက သစ်သားဓားကို မြှောက်၍ ပြောလိုက်၏။
ထိုစကားကို ပြောပြီးသည်နှင့် ယွီယွမ်ယိက သူ၏ဓားကို အရှေ့သို့ ထိုးစိုက်လိုက်သည်။ ဤထိုးနှက်ချက်တစ်ခုတည်းသည် ကြီးမားသော လှိုင်းလုံးကြီးတစ်ခုကို ဖြစ်ပေါ်သွားစေသည်။ ကောင်းကင်ကိုပင် ဖျက်ဆီးနိုင်သည့် ဓားချီသည် ရွှယ်အန်းဆီသို့ တည့်မတ်စွာ ချီတက်လာသည်။ ရွှယ်အန်းသည် ဝမ်းနည်းခြင်း၊ ရွှင်လန်းခြင်းများ မရှိသည့် အမူအရာဖြင့် ငြိမ်သက်စွာရပ်နေပြီးနောက် လက်သီးကို မြှောက်ကာ ပေါ့ပါးစွာပြောလိုက်သည်။
“ကောင်းကင်နဲ့ မြေကြီးကို လှုပ်ယမ်းစေမယ့် လက်သီးချက်”
ဤသည်မှာ နတ်ဘုရားသုတ်သင်ခြင်းခြောက်သွယ်၏ ပထမသိုင်းဖြစ်သည့် လက်သီးချက်ဖြစ်ကာ ရွှယ်အန်းက ဤလက်ချက်ကို ပထမဆုံးအကြိမ် အသုံးပြုချိန်တွင် သာမန်လူသားတစ်ဦးသာဖြစ်သည်။ သူသည် ယခုအချိန်တွင် ကောင်းကင်လူသားအဆင့်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်၍ ၎င်းကို ထပ်မံအသုံးပြုခြင်းသည် ၎င်းစွမ်းအင်ကို အဆရာကျော်ခန့် တိုးတက်လာစေသည်။
ဤလက်သီးချက်သည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားသကဲ့သို့ လူများစွာကို ခံစားရစေသည်။ ယွီယွမ်ယိ၏ မျက်နှာတွင် အံ့အားသင့်နေသည့် အမူအရာများ ပေါ်ပေါက်လာသော်လည်း ဓားကိုမူ မရပ်တန့်ခဲ့ပေ။
ဘုံး
တုနှိုင်းမဲ့ဓားချီသည် ရွှယ်အန်း၏ ကြောက်မက်ဖွယ် လက်သီးချက်ဖြင့် တိုက်မိသွားသည်။ ကမ္ဘာမြေကို တုန်ခါစေသော ပြင်းထန်သည့် အသံတစ်ခု ထွက်ပေါ်လာပြီးနောက်၊ ရွှယ်အန်းသည်လည်း ဝေးလံသော တောအုပ်ထဲသို့ လွင့်ပျံသွားခဲ့ရာ၊ သူ၏သေခြင်း၊ ရှင်ခြင်းကိုပင် မသိနိုင်တော့ပေ။
ရွှယ်အန်းက သေဆုံးသွားပြီဟု ယုံကြည်ကြသော လူအများအပြားက ၎င်းတို့၏ စိတ်ထဲတွင် လှောင်ရယ်နေကြသည်။ လောင်ဟေးသည် အံ့သြထိတ်လန့်မှုဖြင့် ရုတ်တရက် ထရပ်လိုက်သည်။
သို့သော် ကလေးမလေးနှစ်ယောက်က ကြောက်လန့်ခြင်း မရှိကြပေ။ ၎င်းတို့သည် ဖခင်ဖြစ်သူနှင့်ချိတ်ဆက်ထားသဖြင့် မိမိတို့ဖခင်၏ အသက်ရှုသံကို ခံစားမိကြသည်။ ဤအခိုက်အတန့်တွင်၊ ယွီယွမ်ယိ၏ မျက်နှာသည် လေးစားမှု၊ သနားကြင်နာမှုများဖြင့် ရောထွေးနေပုံပေါ်သည်။
"တကယ်ကို အံ့ဩစရာကောင်းပြီး အရည်အချင်းရှိတဲ့ ပါရမီရှင်တစ်ယောက်ပါ၊ ဒါပေမယ့် နှမြောစရာကောင်းတာက... ငယ်ရွယ်လွန်းပြီး အလောကြီးလွန်းတယ်"
ယွီယွမ်ယိ၏အမြင်တွင် သူ၏ဓားဖြင့် ထိုးနှက်ခံရလျှင် သေဆုံးရန် လမ်းတစ်ခုသာရှိသည်။ ယွီရန်၏အကြည့်များ ဝမ်းနည်းညှိုးငယ်၍ သူမ၏စိတ်ထဲတွင် လုံးလုံးလျားလျား လစ်ဟင်းနေသည်။ သို့သော် ထိုအချိန်တွင် မောက်မာ၍ အမူမထားသည့် အသံတစ်ခု ထွက်ပေါ်လာသည်။
"ခင်ဗျားရဲ့ဓားကို လက်သီးနဲ့ ခုခံဖို့ ဘာလို့ ရွေးချယ်ခဲ့လဲဆိုတာ ခင်ဗျား သိလား"
ထိုစကားနှင့်အတူ ကြောက်မက်ဖွယ်အရှိန်အဟုန်ဖြင့်လူတစ်ယောက် ကောင်းကင်ယံထက်သို့ ပျံတက်လာသည်။ ယွီယွမ်ယိ၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားကာ ချက်ချင်းပင် အနောက်သို့ လှည့်ကြည့်လိုက်သည်။ ရွှယ်အန်းက ဝေဟင်ထက်၌ မတ်တပ်ရပ်နေသည်ကို ယွီယွမ်ယိ မြင်လိုက်ရသည်။ ရွှယ်အန်းသည် သူ့ဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့ရာ၊ ခြေလှမ်းတိုင်းတွင် ကိုယ်ရောင်ကိုယ်ဝါသည်လည်း ပို၍ ပြင်းထန်တောက်ပလာ၏။
ယွီမိသားစု၏ တံခါးဝသို့ ရောက်ရှိလာသည်နှင့်၊ သူ၏ ကိုယ်ရောင်ကိုယ်ဝါသည် ကောင်းကင်လူသားအဆင့်၏ အထွတ်အထိပ်သို့ အဆင့်ဖြတ်ကျော်၍ လွတ်မြောက်အင်မော်တယ် တစ်ဝက်အဆင့်သို့ တက်လှမ်းခဲ့ပြီဖြစ်သည်။
ယွီလန်၊ ယွီမင်တို့ အပါအဝင် အခြားသူများ၏ အမူအရာများ တပြိုင်နက်တည်း ပြောင်းလဲသွားကြသည်။
'တိုက်ပွဲအလယ်မှာ အဆင့်ဖြတ်ကျော်သွားတယ်တဲ့လား'
ဤအခိုက်အတန့်တွင် ရွှယ်အန်းက ညှင်သာစွာ ပြောလိုက်သည်။
“ဘာလို့လဲဆိုတော့… ကျုပ် လက်သီးချက်အောက်ကဝါစဥ်ကို ယုံကြည်လို့ပဲ"
ထို့နောက် ရွှယ်အန်းက သူ၏ အဖြူရောင် သွားများစွာကို ပေါ်လွင်စေသည့်အထိ ခြိမ်းခြောက်စွာ လှောင်ရယ်လိုက်သည်။
"ခင်ဗျားကို ခုနက ဓားနဲ့ ထိုးခွင့်ပေးလိုက်ပြီဆိုတော့ အခုက ကျွန်တော့်အလှည့်ရောက်ပြီပေါ့"
ထိုသို့ပြောပြီးနောက် ရွှယ်အန်းက သူ၏လက်သီးကို မြှောက်တင်လိုက်သည်။
"ရင်နှင့် ယန်ကို လှုပ်ခပ်စေတဲ့ လက်သီးတစ်ချက်"
ဘန်း
ဤလက်သီးချက်သည် ယွီယွမ်ယိ၏ ဓားချက်နှင့် တိုက်ရိုက်ယှဉ်ပြိုင်နိုင်သည့် အင်အားများပါရှိသည်။ ယွီယွမ်ယိ၏မျက်နှာတွင် ယခင်ကကဲ့သို့ တည်ငြိမ်မှုများ မရှိတော့ပေ။ သို့သော်၊ ရွှယ်အန်းက တိုက်ပွဲတွင် မွေ့လျော်နေပုံပေါ်သည်။
"နောက်တစ်ချက်၊ ငါ့လက်သီးချက်ကို ကြည့်ထားကြ၊ သေခြင်းနှင့် ရှင်ခြင်းကို ဖြတ်သန်းခြင်း"
ဤလက်သီးကို ရွှယ်အန်းက ရှဲ့မိသားစု၏ လွတ်မြောက်အင်မော်တယ်အဆင့် အကြီးအကဲကို တိုက်ခိုက်ရာတွင် အသုံးပြုခဲ့၍ ၎င်း၏အသက်ကို တစ်ချက်တစ်ချက်တည်း နှုတ်ယူခဲ့သည်။ ယခုပြန်လည် အသုံးပြုချိန်တွင်၊ ယွီယွမ်ယိကို ခြေလှမ်းတစ်ဝက်ခန့် အနောက်သို့ ဆုတ်ခွာစေခဲ့သည်။
ခြေလှမ်းတစ်ဝက်သာ ဆုတ်ခွာခဲ့ခြင်းဖြစ်သော်လည်း၊ ဤဖြစ်စဉ်သည် အခြားလူများအတွက် မယုံနိုင်လောက်အောင် ထူးခြားသည်။ လွတ်မြောက်အင်မော်တယ် တစ်ဝက်အဆင့်၏ စွမ်းအားဖြင့် အင်မော်တယ် တစ်ဝက်အဆင့်တွင်ရှိနေသည့် ယွီယွမ်ယိကို ခြေလှမ်းတစ်ဝက်မျှ အနောက်သို့ ဆုတ်ခွာစေခဲ့သည်။
ဤသည်မှာ အဆင့်ကြီးတစ်ဆင့်လုံးစာ ကွာခြားသောသူနှင့် တိုက်ခိုက်ရမည့် စိန်ခေါ်မှုမျိုးဖြစ်သည်။ ထိုအချိန်တွင် ယွီယွမ်ယိ၏ အမူအရာသည် တည်ငြိမ်နေခြင်း မရှိတော့ဘဲ လေးနက်လာကာ၊ ညှင်သာစွာ ရေရွတ်လိုက်သည်။
“လက်သီးပညာက ကောင်းပေမယ့် မလုံလောက်သေးဘူး”
ထိုသို့ပြောပြီးသည်နှင့် ယွီယွမ်ယီက သူ၏ဓားကို ဝှေ့ယမ်းလိုက်သည်။ ဤဓား၏ တွန်းအားသည် အခြားလူများကို ဆယ်မီတာကျော်ခန့် ဆုတ်ခွာသွားစေမည်ဖြစ်သည်။
သို့သော် ရွှယ်အန်းက တိမ်းရှောင်ခြင်းမရှိဘဲ၊ ယင်းအစား သူက ပြုံးနေခဲ့သည်။
"ကောင်းပြီလေ။ ကျုပ်ဆီက နောက်ထပ် လက်သီးတစ်ချက်ကို ယူလိုက်ဦးပေါ့" ရွှယ်အန်းသည် အေးစက်နေသော မျက်လုံးများဖြင့်ကြည့်၍ လက်တစ်ဖက်ကို မြှောက်လိုက်သည်။
"စတုတ္ထမြောက်သိုင်းကွက်၊ စိတ်ခံစားချက် ဖြတ်တောက်ခြင်း"
နတ်ဘုရားသုတ်သင်ခြင်းခြောက်သွယ်၏ စတုတ္ထသိုင်း၊ စိတ်ခံစားချက်များ ဖြတ်တောက်ခြင်းကို အဆုံးတွင် အသုံးပြုလိုက်သည်။ နတ်ဘုရားသုတ်သင်ခြင်းခြောက်သွယ်၏ ပထမဆုံးသော သိုင်းပညာသုံးမျိုးသည် ကျွမ်းကျင်မှုများဖြစ်၍၊ နောက်ဆုံး သိုင်းပညာသုံးမျိုးသည် တာအိုနယ်ပယ်သို့ ထိကပ်နေသည့် သိုင်းပညာမျိုးဖြစ်သည်။
စိတ်ခံစားချက် ဖြတ်တောက်ခြင်းကဲ့သို့၊ စိတ်ခံစားချက် အနှောင်အဖွဲ့များကို ဖြတ်တောက်ခြင်းသည် အလွန်ခက်ခဲသည့် အရာဖြစ်သော်လည်း ရွှယ်အန်းက ၎င်းကို အသုံးပြုခဲ့သည်။
ရွှယ်အန်း၏အဘိဓာန်တွင် 'မဖြစ်နိုင်ခြင်း' ဟူသည့် စကားလုံးမျိုး မပါရှိပေ။
ဤလက်သီးချက်သည် ယွီယွမ်ယီ၏ မျက်နှာအမူအရာကို သိသိသာသာ ပြောင်းလဲသွားစေ၍၊ ယခင်က သူ၏တည်ငြိမ်အေးဆေးမှုများ ပျောက်ကွယ်သွားသည်။
ကြောက်မက်ဖွယ် ရိုက်ခတ်သံများ၊ အင်အားခြင်း ထိပ်တိုက်ရင်ဆိုင်မှုများမရှိပေ။
ရွှယ်အန်း၏ လက်သီးချက်သည် ယွီယွမ်ယီ၏ဓားအရှိန်ကို ချိုးဖျက်၍ သစ်သားဓားကို ထိမှန်သွားသည်။
ကျိုးပဲ့အသံတစ်ခု ထွက်ပေါ်လာပြီးနောက် ဤထူးဆန်းလှပုံမပေါ်သော သစ်သားဓားကို တိုက်ရိုက် ကျိုးပဲ့သွားစေသည်။ အရှိန်သည် ရပ်တန့်သွားခြင်းမရှိဘဲ ယွီယွမ်ယီကို အနောက်သို့ လွင့်စင်သွားစေခဲ့ရာ၊ တံတိုင်းတစ်ခုကိုသာ မှီခို၍ ဟန်ချက်ညီရန် ထိန်းညှိခဲ့ရသည်။
ထိုအချိန်တွင် လူအများက အံ့အားသင့်သွားကြသည်။
ပြီးနောက် လင်နန်မြို့၏ ဓားအင်မော်တယ်၏ မျက်နှာတစ်ခုလုံး ပြာနှမ်းဖျော့တော့လာရာ၊ နှုတ်ခမ်းထောင့်ဆီမှာ သွေးများ တဖြည်းဖြည်း စီးကျလာသည်။
အခန်း (၁၃၂) လင်နန်မြို့၏ ကျိုးပဲ့သွားသောဓား
“ဘိုးဘေး…ဘိုးဘေး” ယွီလန်က ကတုန်ကယင်အသံဖြင့် အော်ဟစ်လိုက်သည်။
မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားသောယွီမင်က သူ၏ဓားဖြင့် အလျင်အမြန်ပြေးဝင်လာရန် ပြင်ဆင်လိုက်သည်။
"အားလုံး နောက်ဆုတ်ကြ" ယွီယွမ်ယိက အေးစက်စွာ အမိန့်ပေးလိုက်သည်။
သူ၏စကားတိုင်းကို မလွန်ဆန်ရဲကြသော ယွီမိသားစုဝင်များက မလိုလားသော်လည်း ဒေါသစိတ်၊ နာကြည်းစိတ်အပြည့်ဖြင့် တစ်ဖက်သို့ ဆုတ်ခွာသွားကြသည်။ ယွီယွမ်ယိသည် ရှုပ်ထွေးနေသော အမူအရာဖြင့် ရွှယ်အန်းကို မော့ကြည့်လိုက်သည်။
"သိပ်ကောင်းတဲ့ လက်သီးသိုင်းပညာပဲ"
ရွှယ်အန်း က ခေါင်းညိတ်လိုက်သည်။
"ခင်ဗျားကလည်း မဆိုးပါဘူး။ ဓားတာအို လွဲမှားသွားလို့သာ နှမြောစရာကောင်းတာ"
"ကျုပ်က အနှစ်သုံးဆယ်လောက် သီးသန့်ကျင့်ကြံပြီး ဓားတာအိုကို ခက်ခက်ခဲခဲ ကျင့်ကြံနေခဲ့တာ။ အခု ခင်ဗျားက ကျုပ်ကို မှားနေတယ်လို့ ပြောတော့ ဘယ်ဟာ အမှန်တရားလဲ"
"ဓားတာအိုမှာ အဆင့်သုံးဆင့်ရှိတယ်။ အနိမ့်ဆုံးအဆင့်က ဓားကို ခန္ဓာကိုယ်နဲ့ ထိန်းချုပ်တာ၊ အလယ်အဆင့်က ဓားကို ချီနဲ့ထိန်းချုပ်တာဖြစ်ပြီး၊ အမြင့်ဆုံးအဆင့်က ဓားကို စိတ်ဝိညာဉ်နဲ့ ထိန်းချုပ်တာ”
“စိတ်ဝိညာဉ်ကို သုံးပြုပြီး ဓားကိုထိန်းချုပ်တာ မမှားပေမယ့်၊ သီးသန့်ကျင့်ကြံမှုက ခင်ဗျားရဲ့စွမ်းအင်တွေကို ပိုပိုပြီး ချောင်ပိတ်မိစေခဲ့တယ်”
"ဓားတာအိုကို နူးညံ့သိမ်မွေ့အောင်ပြုလုပ်ဖို့ ခင်ဗျားက ရန်ငြိုးတွေကို ကျောခိုင်းပြီး၊ သေခြင်းနဲ့ ရှင်ခြင်းကို မေ့ပစ်ထားခဲ့တယ်။ ဒါပေမယ့် ကျုပ်အမြင်မှာ အဲ့ဒါတွေက အခြေခံ လွဲမှားနေတာတွေပဲ"
“အင်မော်တယ်ဆိုတာ ကောင်းကင်ဘုံကို လွန်ဆန်နေတဲ့ အင်အားကြီး ဖြစ်တည်မှုတွေပဲ ဒီထက် ဘာမှမပိုဘူး။ သူတို့ရဲ့အလယ်ဗဟိုချက်က လူသားတွေ ဖြစ်နေဆဲပဲ။ လူသားတွေဆိုမှတော့ ဟန်ဆောင်လှည့်ဖြားပြီး ကိုယ့်စိတ်ခံစားချက်တွေ ဆန္ဒများကို တမင်တကာ ဖိနှိပ်ချုပ်ချယ်ထားစရာ မလိုအပ်ဘူး။ ဒီလိုဓားတာအိုက...မှားယွင်းမနေဘူးလား"
ရွှယ်အန်း၏ အံ့ဩဖွယ် စကားလုံးများသည် ယွီယွမ်ယိကို အနက်ရှိုင်းဆုံးနေရာကို လှုပ်ခတ်သွားစေကာ သူ၏မျက်နှာကို တဖြည်းဖြည်း ဖြူဖျော့သွားစေသည်။
"ငါ...တကယ်ပဲ မှားသွားတာလား"
ယွီယွမ်ယိသည် သူ၏နှလုံးသားကို ဓားတစ်ချောင်းဖြင့် ချုပ်နှောင်ထားပြီးဖြစ်သော်လည်း ရွှယ်အန်း၏ စကားအနည်းငယ်သည် သူ၏ ဓားနှလုံးသားကို လုံးလုံးလျားလျား ပျက်ပြယ်သွားစေသည်။ ဤအခိုက်အတန့်တွင် ရွှယ်အန်းက သက်ပြင်းတစ်ချက်ချလိုက်သည်။
"ယောက်ယက်ခတ်နေတဲ့ ဒီကမ္ဘာကြီးမှာ ဒီလို ဓားတာအိုကို ကျင့်ကြံနိုင်တယ်ဆိုတာ နည်းတဲ့ စွမ်းဆောင်ရည်တော့ မဟုတ်ပါဘူး"
ယွီယွမ်ယိက နှုတ်ဆိတ်၍ ခေါင်းငုံ့ထားသော်လည်း သူ၏မျက်လုံးများရှိ အလင်းရောင်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်မှ မိုးဖွဲဖွဲကျဆင်းလာသည်။ ဤမြင်ကွင်းသည် လူတိုင်းကို တုန်လှုပ်သွားကာ မည်သူမျှ စကားမပြောနိုင်ကြတော့ပေ။
တစ်ကြိမ်တစ်ခါမျှ မရှုံးနိမ့်ဖူးသော ဓားအင်မော်တယ်သည် ရှုံးနိမ့်သွားခဲ့သည်။
ထိုအချိန်တွင်၊ ယွီယွမ်ယိ၏ ယခင်က အနက်ရောင်ဆံပင်များ လျင်မြန်စွာ ဖြူစပြုလာသည်။ တစ်ခဏလေးအတွင်း၌ပင် သူ၏ဦးခေါင်းတစ်ခုလုံး ဆံဖြူများဖြစ်သွားခဲ့သည်။
သူ၏ခန္ဓာကိုယ်မှာ ကိုင်းကျသွား၍ အရေပြားများသည်လည်း အိုမင်းရင့်ရော်သည့် လက္ခဏာများ ပြသလာသည်။
"ဘိုးဘေး"
ယွီလန်သည် မချိတင်ကဲ ဟစ်အော်၍ မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်သည်။ ယွီမိသားစုဝင်များသည်လည်း မိုးရေများထဲတွင် တစ်ပြိုင်နက်တည်း ဒူးထောက်ချခဲ့ရာ၊ ၎င်းတို့၏မျက်နှာတွင် မိုးရေအလား မျက်ရည်အလား မည်သည့်အရာများ ဖုံးလွှမ်းနေခြင်းဖြစ်သည်ကို ခွဲခြားနိုင်ခြင်း မရှိပေ။
ယွီယွမ်ယိသည် ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်သည်၊ ကြည်လင်မှုများ ကင်းမဲ့သွားသော သူ၏ မျက်လုံးများတွင် ဖော်မပြနိုင်သည့် လွတ်မြောက်မှုနှင့် စိတ်သက်သာရာရမှုများ ပေါ်လွင်နေသည်။
"ကျေးဇူးတင်ပါတယ်" ဤကျေးဇူးစကားသည် ရွှယ်အန်းကို ဦးတည်ခဲ့သည်။
ရွှယ်အန်းက ပြုံးလိုက်သည်။
"ကိစ္စမရှိပါဘူး"
ယွီယွမ်ယိ၏ ဆိုလိုရင်းစကားကို သူ နားလည်ထားသည်။ ဓားတာအိုကို တစ်သက်တာလုံး ခစားခဲ့သူတစ်ယောက်အနေဖြင့်၊ သူ၏အမှားကို အသက်မသေဆုံးခင် သိရှိနားလည်ခြင်းက အကြီးမားဆုံး ကောင်းချီးတစ်ခုသာဖြစ်သည်။
"ဆယ်စုနှစ်ကြာအောင် ကြိုးစားပြီး၊ နောက်ဆုံးကျ လောကီကမ္ဘာကမှ ဓားတာအို အစစ်အမှန်ဆိုတာ သိလိုက်ရတော့တယ်၊ ဘယ်လောက် ရယ်စရာကောင်းလိုက်လဲလို့ ဟားဟား"
ယွီယမ်ယိသည် မိမိကိုယ်မိမိ လှောင်ရယ်နေရင်းမှ၊ သူ၏အသံသည် ပိုမိုအသက်ကြီးရင့်၍ နက်နဲလာခဲ့သည်။
"ကျုပ် ခင်ဗျားကို တောင်းဆိုစရာနှစ်ခုရှိတယ်"
ယွီယွမ်ယိက ရုတ်တရက် ခေါင်းမော့ကာ ရွှယ်အန်းကို ကြည့်လိုက်လာ၏။
"ပြောပါ"
“ကျုပ် သေသွားရင် ယွီမိသားစုက လူတိုင်းရဲ့ပစ်မှတ်တစ်ခုဖြစ်လာမှာ။ သူတို့ကို စောင့်ရှောက်ပေးဖို့ ကျုပ် မတောင်းဆိုဘူး၊ ဒါပေမယ့် သူတို့ကို သနားငဲ့ညှာပေးဖို့တော့ မျှော်လင့်တယ်"
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
“ကိစ္စမရှိပါဘူး”
ထိုအချိန်တွင် ယွီယွမ်ယိက မြေပြင်ပေါ်တွင် ဒူးထောက်နေသော ယွီလန်နှင့် ယွီမင်တို့ကို လှည့်ကြည့်လိုက်သည်။
"မင်းတို့နှစ်ယောက် သေချာနားထောင်ကြ၊ ငါသေသွားရင် မစ္စတာရွှယ်ကို နာကြည်းစိတ်ထားတာတို့ လက်စားချေဖို့ ကြိုးစားတာတို့ ဘာမှမလုပ်ရဘူး။ မင်းတို့ ငါ့ကိုခစားတဲ့ စိတ်မျိုးနဲ့ သူ့ကို ခစားရမယ်၊ နားလည်ကြလား”
"ဘိုးဘေး"ယွီလန်က ငိုကြွေးလျက်ရှိသည်။ ယွီယွမ်ယိ၏ဆံပင်နှင့် မုတ်ဆိတ်များ ပိုမို၍ ဖြူဖွေးများပြားလာသည်။
"ငါပြောတာကို နားလည်ကြလား"
ယွီလန်နှင့် ယွီမင်တို့က ငိုကြွေးလျက် အရိုအသေပေးလိုက်သည်။
“နားလည်ပါတယ်"
ယွီယွမ်ယိသည် သူ၏ခေါင်းကို ခဲယဉ်းစွာ လှည့်လိုက်၏။
"နောက်တစ်ခုက..."
ရွှယ်အန်းက သက်ပြင်းတစ်ချက်ချလိုက်သည်။
"သိပါတယ်၊ ဒီလင်နန်မြို့ရဲ့ မိုးနတ်ဘုရားကို ကျုပ် စောင့်ရှောက်လိုက်ပါ့မယ်"
ဤစကားများသည် ယွီယွမ်ယိကို အနည်းငယ် မှင်သက်သွားစေပြီးနောက် သူက ခေါင်းညိတ်လိုက်သည်။
"ဒါဆို ခင်ဗျား အကုန်သိထားတယ်ပေါ့" ရွှယ်အန်းက ပြုံးလိုက်သည်။
“ပြီးခဲ့တဲ့ရက်က မိုးနတ်ဘုရား ကျောင်းဆောင်ကို သွားတုန်းက ဒီနတ်ဘုရားငယ်လေးမှာ ထူးဆန်းတဲ့ ဓာစွမ်းအင်တစ်ခုကို သတိထားမိလိုက်တယ်။ ခင်ဗျားကို မတွေ့သေးခင်အထိ ဘယ်သူ့ ဓားစွမ်းအင်မှန်းမသိခဲ့ဘူး"
ယွီယွမ်ယိ၏ မျက်လုံးများတွင် လွမ်းဆွတ်တမ်းတမှု အရိပ်အမြွက်များ ပေါ်ပေါက်လာသည်။
"သူက နတ်ဘုရားတစ်ပါးဆိုပေမယ့် ရိုးစင်းပြီး အကြောက်အလန့်ကြီးလွန်းတော့ တခြားလူတွေ သူကို အနိုင်ကျင့်မှာဆိုးလို့ ဓားစွမ်းအင်တစ်ခု ပေးထားခဲ့တာပါ"
ထိုအချိန်တွင်၊ ယွီယွမ်ယိသည် မြန်ဆန်စွာ အိုမင်းလာသကဲ့သို့ သူ၏ အသက်ရှုသံများလည်း ရှုပ်ထွေးလာသည်။
“မစ္စတာရွှယ်... အနားကို လာခဲ့လို့ရမလား" ယွီယွမ်ယိက ခက်ခက်ခဲခဲ ပြော၏။
ရွှယ်အန်းသည် ယွီယွမ်ယိ၏ အရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်း၍ ရောက်ရှိလာပြီးနောက် သူ့ကိုကြည့်ရန် ထိုင်ချလိုက်သည်။
ယွီယွမ်ယိက အားစိုက်၍ ရွှယ်အန်းကို တီတိုးပြောလိုက်သည်။
"ခင်ဗျားက... ဒီကမ္ဘာက မဟုတ်ဘူးမလား"
ရွှယ်အန်းက ခေါင်းညိတ်ပြလိုက်သည်။
"ကျုပ် သိနေတယ်။ ဓားတာအိုနဲ့ပတ်သက်ပြီး လေးလေးနက်နက် နားလည်ထားတာ မဆန်းတော့ပါဘူ” ယွီယွမ်ယိက သက်ပြင်းချ၏။
ယွီယွမ်ယိက ခေတ္တရပ်ဆိုင်း၍ ပင့်သက်ရှိုက်နေသည်။
"ကျုပ် သိချင်တာက၊ ဒဏ္ဍာရီလာဘုံတွေက တကယ် တည်ရှိလား"
ရွှယ်အန်းက ထပ်မံ ခေါင်းညိတ်ပြလိုက်သည်။
သူ၏ မျက်လုံးများတွင် အလင်းရောင်တစ်ခု တောက်ပလာသော ယွီယွမ်ယိက စိတ်အားထက်သန်စွာ မေးလိုက်သည်။
"ဒါဆို အဲ့နေရာတွေမှာ ဓားသမားတွေလည်း အများကြီးရှိမှာပေါ့နော်"
"အများကြီးပဲ ပြီးတော့ အင်အားလည်း အရမ်းကြီးကြတယ်။ တစ်ချို့ အင်အားကြီး ဓားသမားတွေဆိုရင် ကြယ်တွေကိုတောင် ဓားတစ်ချောင်းတည်းနဲ့ ဖြိုခွဲနိုင်တယ်"
ယွီယွမ်ယိသည် အဆုံးမဲ့ တောင့်တမှုများဖြင့် ကောင်းကင်ယံထက်ကို လှမ်းမျှော်ကြည့်နေသည်။
"ကျုပ် တကယ် မြင်ချင်လိုက်တာဗျာ"
ဤသို့ပြောပြီးသည်နှင့် ယွီယွမ်ယိသည် ပီတိဖြစ်စွာပြုံး၍မျက်လုံးများကို မှိတ်လိုက်သည်။ ထာဝရအမှောင်ထဲသို့ မကျရောက်မီတွင် သူသည် ကြွက်ငယ်လေး တစ်ကောင်ကဲ့သို့ ယဥ်ပါးသည့်နတ်သမီးတစ်ပါးကို မြင်လိုက်ရသည့် အပူအပင်ကင်းမဲ့သော လူငယ်ဘဝသို့ ပြန်ရောက်သွားပုံပေါ်သည်။
လေပြေညင်းများ တိုက်ခတ်သွားသည်။
ယွီယွမ်ယိ၏ ခန္ဓာကိုယ်သည် ဖုန်မှုန့်များအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲကာ လေနှင့်အတူ ပြန့်ကျဲသွား၏။
ထိုအချိန်မှစ၍ လင်နန်မြို့ရှိ အထက်မြတ်ဆုံးဓားတစ်ချောင်း ကျိုးပဲ့သွားသည်။
မူလက ညှင်သာစွာ ရွှာသွန်းနေသော မိုးဖွဲသည် တစ်စုံတစ်ယောက်က ငိုကြွေးနေသကဲ့သို့ လေပြင်းများတိုက်ခတ်၍ ပြင်းထန်သော မုန်တိုင်းတစ်ခုအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားသည်။ မိုးနတ်ဘုရား ကျောင်းဆောင်၌ အလုပ်ရှုပ်နေကြသော ဘုန်းတော်ကြီးများနှင့် ဝတ်ပြုနေကြသူများသည် နတ်ဘုရား၏ မျက်လုံးထောင့်များမှ ဖြည်းညင်းစွာ ကျဆင်းလာသော မျက်ရည်များကို သတိမပြုမိကြပေ။
ယွီလန်နှင့် ယွီမိသားစုဝင်များအားလုံး ဒူးထောက်လျက် ရှိုက်ကြီးတငင် ငိုကြွေးနေကြသည်။ မတ်တပ်ထရပ်လိုက်သော ရွှယ်အန်း၏မျက်နှာတွင် ဝမ်းနည်းမှုနှင့် ပျော်ရွှင်မှုဟူ၍ မရှိပေ။ သူ၏အမြင်တွင် ဤဖြစ်စဉ်က ယွီယွမ်ယိအတွက် အကောင်းမွန်ဆုံး အဆုံးသတ်ဖြစ်သည်။ ယွီယွမ်ယိ၏ ဓားတာအိုဖြင့်သာဆိုလျှင် ဤဘဝတစ်လျှောက်တွင် အင်မော်တယ်ဘုံသို့ ရောက်ရှိရန် မဆိုနှင့် နယ်ပယ်များကို ကျော်လွန်ရန်ပင် ဖြစ်နိုင်မည် မဟုတ်ပေ။ ၎င်းအကြောင်းအရာများကို မမျှော်လင့်ခြင်းက အကောင်းဆုံးဖြစ်ပေလိမ့်မည်။
ဤကမ္ဘာ၏သေးငယ်သည့် ထောင့်တစ်နေရာတွင် ပိတ်မိနေမည့်အစား လူဝင်စားခြင်း သံသရာသို့ ထပ်မံဝင်ရောက်ခြင်းက ပို၍ကောင်းပေလိမ့်မည်။
လူအုပ်ကိုဝေ့ဝိုက်ကြည့်နေသော ရွှယ်အန်း၏ မျက်လုံးများကို မည်သူကမှ တိုက်ရိုက် မကြည့်ရဲပေ။
ထို့နောက် ရွှယ်အန်းက ဂရုမစိုက်စွာ ပြောလိုက်သည်။
"ယွီယွမ်ယိ သေဆုံးပြီးတဲ့အချိန်ကစပြီး ယွီမိသားစုက ကျုပ်ရဲ့ ကာကွယ်မှုအောက် ရှိနေမယ်။ ကန့်ကွက်ရဲတဲ့ လူက ကျုပ်လက်သီးနဲ့ ရင်ဆိုင်ရလိမ့်မယ်”
ဤပြောဆိုချက်သည် မကောင်းမှု ကြံစည်ရန် ပြင်ဆင်နေကြသူများစွာကို ထိတ်လန့်သွားစေကာ ၎င်းတို့၏မိုက်မဲသည့် အတွေးအခေါ်များကို အလျင်အမြန် ပယ်ရှားလိုက်ကြသည်။
'လာနောက်နေတယ်။ လင်နန်မြို့က ဓားအင်မော်တယ်တောင် သူ့လက်ချက်နဲ့ သေသွားတာကို ဘယ်သူက သူ့ကို ရန်စရဲမှာလဲ'
ထိုအချိန်တွင် ရွှယ်အန်းက ယွီလန်ထံ လျှောက်လှမ်းသွားခဲ့သည်။
ယွီလန်က ခေါင်းမော့၍ ရွှယ်အန်းကို စိတ်ရှုပ်ထွေးစွာကြည့်လိုက်သည်။ ယနေ့ မတိုင်ခင်က ဤအမျိုးသားကို ယခုကဲ့သို့ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် မော့ကြည့်နေရလိမ့်မယ်လို့ သူ မတွေးထင်မိပေ။
"ကျင့်ကြံသူ အစစ်အမှန်ဖြစ်တဲ့ ယွီယွမ်ယိ ကို လေးစားသမှုနဲ့ ယွီမိသားစုကို စောင့်ရှောက်ပေးတာ။ ယွီယွမ်ယိပြောတဲ့ လက်တုံ့မပြန်ရတာတွေအတွက်ကတော့ ခင်ဗျားတို့စိတ်ကြိုက်လုပ်လို့ရတယ်။ ကျုပ်က ဘယ်သူ့လက်စားချေမှုကိုမှ မကြောက်ဘူး"
လူတိုင်းက နှုတ်ဆိတ်နေကြသည်ဖြစ်ရာ ယွီမင်လျှင်ပင် ခေါင်းငုံ့ထားခဲ့သည်။ ဤအမျိုးသားသည် ၎င်းတို့ လက်လှမ်းမီနိုင်သည့်ပုဂ္ဂိုလ် မဟုတ်ပေ။
"ဟုတ်ကဲ့ပါ၊ မစ္စတာရွှယ်" ယွီလန်က ညင်သာစွာ တုံ့ပြန်လိုက်သည်။
ရွှယ်အန်းက သူ၏လက်ကို ယွီလန်၏ခေါင်းပေါ်သို့ တင်လိုက်သည်။
"မလှုပ်နဲ့"
ရွှယ်အန်းက မိမိကို တိုက်ခိုက်တော့မည်ဟု တွေးထင်ထားသော ယွီလန်သည်၊ စိတ်အခြေအနေ တင်းမာသွားသော်လည်း ဖြစ်လိုရာဖြစ်ဟူသော ပုံစံဖြင့် သူ၏ မျက်လုံးများကိုမှိတ်ထားလိုက်သည်။ သို့သော် သူ၏ဦးခေါင်းတွင် နာကျင်မှု အနည်းငယ်ကို ခံစားရပြီးနောက် ရွှယ်အန်းက သူ၏လက်ကို မြှောက်လိုက်သည်။ သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ချိန်တွင်၊ ရွှယ်အန်းက သူ့ကို တင်းမာသောအမူအရာဖြင့် ကြည့်နေ၏။
“အင်မော်တယ် ညီလာခံဆိုတာ ဘာလဲ"