← Chapters

အခန်း (၁၃၉-၁၄၁)

Vol. 10 Ch. 139-141

အခန်း (၁၃၉-၁၄၁)

Vol. 10 Ch. 139-141

အခန်း(၁၃၉) ဒါက ဘယ်သူခံနိုင်မှာလဲ

ဘွန်း

စကားလုံးများသည် မစ္စတာဟောက်ကို မိုးကြိုးကဲ့သို့ ရိုက်ခတ်ကာ သူ၏ အမြင်အာရုံကိုလည်း ဝေဝါးသွားစေ၍ ချွေးများ မိုးရေများကဲ့သို့ ကျလာကာ မျက်နှာတစ်ခုလုံး ဖြူဖွေးလာ၏။

လင်နန်တွင် ယွီမိသားစုကို ရန်မစသင့်ကြောင်း ကောင်းစွာသိထားသောကြောင့်ဖြစ်သော်လည်း သူ့ရှေ့မှလူသည် ယွီမိသားစုထက် ဆယ်ဆပို၍ ကြောက်မက်ဖွယ်ကောင်းသည်။ သို့သော် ဆွေ့ချွယ့်သည် နာကျင်မှုကြောင့်အသိပျောက်သွားသည့်ပုံပေါ်ကာ မကျေမချမ်းဖြစ်စွာဖြင့်ပြော၏။

“သားလေး ဆရာဟောက်စကားပြောနေတာကို ဝင်နှောက်ယှက်ဖို့ အလှည့်ကျပြီထင်နေတာလား၊ မင်းဆင်ခြင်လိုက်တာပိုကောင်း…”

ဆွေ့ချွယ့်က စကားမဆုံးခင်တွင် သူ့နောက်ကျောမှ စွမ်းအားတစ်ခု တိုးဝင်လာသည်ကို ခံစားလိုက်ရပြီးနောက် မြေပြင်ပေါ်သို့ ကန်ချလိုက်သည်ကို မြင်လိုက်ရသည်။

“ဆရာဟောက် ခင်ဗျား…”

ဆရာဟောက်က မည်သည့်စကားတစ်ခွန်းမျှ ပြန်မပြောဘဲ လက်သီးများအဆက်မပြတ် ထိုးသွင်းပစ်လိုက်သည်။ ဆွေ့ချွယ့်သည် ဝံပုလွေများ၏ ညှင်းပန်းနှိပ်စက်မှုကို ခံလိုက်ရသည့် တစ္ဆေတစ်ကောင်ကဲ့သို့ ကျယ်လောင်စွာအော်လိုက်သည်။

ထိုမြင်ကွင်းကြောင့် ကြည့်ရှု့နေသူအားလုံး အံ့အားသင့်ကုန်ကြ၏။

‘ဘာဖြစ်နေတာလဲ’

‘ဘာလို့ ဒီလူရဲ့ စကားတွေက ဆရာဟောက်ကို ဒီလောက် လန့်သွားစေတာလဲ’

ခဏအကြာတွင် ဆရာဟောက်က ရပ်လိုက်သည်။ ထိုအချိန်တွင် မူလက လက်တစ်ဖက်ကျိုးနေခဲ့သော ဆွေ့ချွယ့်သည် ဆရာဟောက်၏ ထိုးနှက်ချက်များကြောင့် သွားများအားလုံး ကျိုးကျသွားရသည်။ ထို့နောက် ဆရာဟောက်သည် ရွှယ်အန်းကို သတိကြီးစွာကြည့်၍ လေးစားစွာ ဦးညွတ်လျက် ပြောလိုက်သည်။

“မစ္စတာရွှယ် ကျွန်တော် ထိုင်တောင်ကို သတိမထားမိတဲ့အထိ ဆရာ့ကို သတိထားမိဖို့အထိ ကန်းခဲ့ပါတယ်။ ကျွန်တော် သေဖို့ ထိုက်တန်ပါတယ်… ကျွန်တော် …”

ရွှယ်အန်းက သူ့လက်ဖြင့် လက်ဟန်တစ်ခုလုပ်လိုက်သောအခါ ဆရာဟောက်တစ်ယောက် ချက်ချင်း ပါးစပ်ပိတ်သွားသည်။

ထို့နောက် ရွှယ်အန်းက မာချန်ဘက်သို့ လှည့်၍ သူ့အနားသို့လာခိုင်းလိုက်ရာ အနည်းငယ်စိတ်ရှုပ်ထွေးသွားသော မာချန်က အနားသို့ ချဥ်းကပ်လာ၏။ ရွှယ်အန်းက မြေပြင်ပေါ်တွင် လဲလျောင်းနေသော ဆွေ့ချီကို လက်ညှိုးထိုးပြလိုက်သည်။

“သူအဲ့တုန်းက ဘယ်လို အနိုင်ကျင့်ခဲ့တာလဲ”

မာချန်က တုန်ယင်စွာဖြင့် ထစ်အအပြန်ဖြေ၏။

“သူ… သူ…”

ဆွေ့ချီက ဤကာလတစ်လျှောက်လုံး တုန်လှုပ်လျက်ရှိသည်။ သူသည်လည်း ကောလဟာလကို ပြန်သတိရမိ၏။

မိန်းကလေးယွီက လေးလေးစားစား ဆက်ဆံကာ အနည်ကို ကြားသည်နှင့် ဆရာဟောက်ကို တုန်လှုပ်ခြောက်ခြားသွားစေသည့် ကောလဟာလများတွင်သာရှိနေသော ထိုသူကို သူသိထားသည်။

မာချန်က စကားပြန်မပြောနိုင်ခင်၌ပင် ဆွေ့ချီက မြေပြင်ပေါ်သို့ဒူးထောက်ချလိုက်သည်။

“မန်နေဂျာမာ မဟုတ်ဘူး… ဆရာမာ ကျွန်တော် မှားသွားပါတယ်။ ကျွန်တော် သေသင့်ပါတယ်။ မစ္စတာရွှယ်ကို ဆရာသိလိမ့်မယ်လို့ ကျွန်တော် မသိခဲ့ပါဘူး။ ကျွန်တော့်အသက်ကို ချမ်းသာပေးပါ။ ကျွန်တော် ဆရာ့ကို ပေးရမယ့် ပိုက်ဆံရဲ့ နှစ်ဆပြန်ပေးပါမယ်။ တောင်းပန်ပါတယ်”

မာချန်က ကြောင်အတွန့်ဆုတ်နေသည်။ သူစကားတစ်ခွန်းမျှ မပြောရသေးသော်လည်း ဆွေ့ချီက အလွန်ကြောက်နေသည်။ ဆွေ့ချီကပင် တုန့်ဆိုင်းနေလျှင် တစ်စုံတစ်ခု လွဲမှားနေပြီဖြစ်ကြောင်း သူလည်း ခံစားမိသည်။

သို့သော် ထိုရိုက်ခံရမှုအပြီးတွင် သူ့တစ်ကိုယ်လုံး ဒဏ်ရာရခဲ့ကာ မလှုပ်ရှားနိုင်တော့ဘဲ ရွှယ်အန်းကို ကြောက်လန့်တကြားဖြင့် ကြည့်၍ ဆီးများထွက်ကျသည်အထိ ကြောက်လန့်နေသည်။ ဤမြင်ကွင်းက လူတိုင်းကို ထိတ်လန့်မှုကြောင့် တိတ်ဆိတ်သွားစေသည်။ လူများစွာက စတင်၍ တိတ်ဆိတ်စွာ ဆုတ်ခွာသွားကြသည်။ ၎င်းတို့အားလုံး ရွှယ်အန်းမှာ မည်သူမည်ဝါဖြစ်ကြောင်း သတိထားမိလာကြ၏။

လင်နန်မြို့၏ စွမ်းအားကြီး မိသားစုကြီးများအားလုံးကို ချေမှုန်းပစ်၍ ဓားအင်မော်တယ်ကိ လက်တစ်ဖက်တည်းဖြင့် သုတ်သင်ပစ်ခဲ့သော မစ္စတာရွှယ်အပြင်… အခြားမည်သူက ထိုသို့သော အာဏာမျိုးရှိထားသနည်း။ ရွှယ်အန်းက ခံစားချက်ကင်းမဲ့စွာဖြင့် မာချန်ကိုကြည့်ကာ ပြောလိုက်သည်။

“သူ တောင်းပန်တာကို ခင်ဗျားလက်ခံလား”

မာချန်က ခဏတာမျှ တုံ့ဆိုင်းလျက်ရှိသည်။

ဆွေ့ချီက အလျင်တလိုပြော၏။

“ဆရာမာ ကျန်တာ စိတ်ချပါ။ ဒီညကုန်ရင် လင်နန်မြို့က စျေးကွက်တွေအကုန်လုံး ခင်ဗျား အပိုင်ဖြစ်လာစေရပါမယ်။ ကျွန်တော် လင်နန်ကနေထွက်သွားပြီး ဘယ်တော့မှ ပြန်မလာတော့ပါဘူး”

ဆွေ့ချီသည် ယွီမိသားစုသာမက ရွှယ်အန်းကိုပါ စော်ကားမိခဲ့ပြီဖြစ်သဖြင့် ဤသည်က ပညာသားပါသော ရွေးချယ်မှုတစ်ခုဖြစ်သည်။ လင်နန်တွင် သူဆက်လက်ရပ်တည်ရန် မြေမရှိပေ။ မာချန်က ခေါင်းညိတ်လိုက်၏။

“ကောင်းပြီ… ကောင်းပြီ”

ဆွေ့ချီက ရွှယ်အန်းကို မျှော်လင့်ချက် ပြည့်စွာဖြင့် ကြည့်လိုက်သည်။ ရွှယ်အန်းက လက်ကို ဝှေ့ယမ်းလိုက်ပြီးနောက် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်ကို ပေးအပ်လိုက်သည့်နှယ် ဆွေ့ချီသည် အကြိမ်ပေါင်းများစွာ ဦးညွတ်ပြီးနောက်မှ လှည့်ထွက်သွားသည်။ သူ၏ ဝမ်းကွဲဖြစ်သူ ဆွေ့ချွယ့်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေသည်ကိုပင် အရေးမစိုက်တော့ပေ။ ထို့နောက် ရွှယ်အန်းက ဦးညွတ်နေမြဲဖြစ်သည့် ဆရာဟောက်ကို လှည့်ကြည့်၍ ခပ်ပါးပါးပြုံးကာ တဖြည်းဖြည်းချင်း ချဥ်းကပ်သွားသည်။

ခြေတစ်လှမ်းချင်းစီတိုင်းသည် ဆရာဟောက်၏ ကြွက်သားများကို တုန်လှုပ်သွားစေသည်။ သူ့အနားသို့ရောက်လာသောအခါ ရွှယ်အန်းသည် လက်ကို မြှောက်၍ ဆရာဟောက်၏ ဆံပင်မရှိသော ကတုံးပြောင်ပြောင်ကို ညင်သာစွာပုတ်လိုက်သည်။

ဆရာဟောက်သည် ကြောက်ရွံ့ထိတ်လန့်စွာဖြင့် သွားများတဆတ်ဆတ်တုန်ရီနေသည်။

“မင်းဘယ်လိုထင်လဲ… ငါမင်းကို ဘယ်လိုအပြစ်ပေးရမလဲ” ရွှယ်အန်းက ထူးမခြားနားစွာပြောလိုက်သည်။

“မင်းကိုယ်မင်း သိုင်းပညာကျင့်ကြံသူလို့ မှတ်ယူထားတဲ့အတွက်ကြောင့် ငါမင်းကို အနိုင်ကျင့်မှာမဟုတ်ဘူး။ ငါ့ဆီက လက်သီးတစ်ချက်ကို ခံကြည့်လိုက်။ မင်းမသေရင် ငါမင်းကို လွှတ်ပေးမယ်။ ဒီအချက်ကို မင်းသဘောတူလား”

ဟောက်ပေထျန် ငိုချင်လာသည်။

‘သူ့လက်သီးကို ခံရမယ်ဟုတ်လား’

ယွီမိသားစု၏နောက်ကွယ်တွင် ပြိုကျခဲ့သည့် တောင်ကုန်းငယ်လေးဟာ ထိုနေရာ၌သာရပ်နေဆဲဖြစ်ကာ ရွှယ်အန်း၏လက်ချက်ကြောင့် ဖြစ်ရသော အကျိုးဆက်များကို လူအများအား တိတ်တဆိတ် ပြောပြလျက်ရှိသည်။ ဟောက်ပေထျန်က သူသည် တောင်ကုန်းထက်ပင်ပို၍ ခံနိုင်ရည်ရှိလိမ့်မည်ဟု မထင်ပေ။ ထို့ကြောင့် ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် အံကို တင်းတင်းကြိတ်ကာ ဒူးများပျော့ကျသည်အထိ ဒူးထောက်၍ ငိုကြွေးနေသည်။

“မစ္စတာရွှယ် ကျွန်တော်...မှားမှန်းသိပါပြီ ကျေးဇူးပြုပြီး အသက်ရှင်ဖို့ လမ်းစလေးတစ်ခုလောက်တော့ သက်ညှာပေးပါ"

အမြင့် နှစ်မီတာကျော်ရှိ ဧရာမလူတစ်ဦး ကျယ်လောင်စွာ ငိုကြွေးနေခြင်းမှာ အလွန်အဓိပ္ပါယ်မရှိသော ထိတ်လန့်ဖွယ်မြင်ကွင်းတစ်ခုဖြစ်သည်။ ရွှယ်အန်းသည် နောက်ကျောတွင် လက်နှစ်ဖက်ယှက်၍ ဟောက်ပေထျန်ကို စိတ်ဝင်တစားကြည့်နေသည်။

"မင်း ထွက်လမ်း လိုချင်လား ကောင်းပြီ၊ အားနည်းသူတွေကို အနိုင်ကျင့်ဖို့ မင်းရဲ့ခွန်အားကို အားကိုးတယ်ဆိုတော့ ဒီလိုမျိုး မင်းအပြစ်ကို ဝန်ခံလား”

"ကျွန်တော့် အပြစ်ကို ဝန်ခံပါတယ်"

“မင်းရဲ့ ရမ္မက်ကြီးတဲ့အတွေးနဲ့ အခြားလူတွေကို ချုပ်နှောင်ဖို့ ကြံစည်တယ်။ မင်းအပြစ်ကို ဝန်ခံလား"

"ကျွန်တော့်အပြစ်ကို ဝန်ခံပါတယ်"

"မင်းအပြစ်ကို ဝန်ခံပြီဆိုတော့ မင်းရဲ့ ကျင့်ကြံရေးအဆင့်ကို ငါဖျက်ဆီးပစ်ရလိမ့်မယ်။ မင်းလက်တွေကို ချိုးပစ်မယ်။ မင်းယုံလား”

ဟောက်ပေထျန်သည် ရွှံ့ဗွက်အိုင်ကဲ့သို့ မြေပြင်ပေါ်တွင် လဲလျောင်းနေပြီးနောက် စိတ်ပျက်အားငယ်စွာဖြင့် ပြောလိုက်၏။

"စိတ်ချပါပြီ"

ရွှယ်အန်းက ခေါင်းညိတ်ပြပြီးနောက် ကန်ထုတ်ပစ်လိုက်သည်။ ဘောလုံးကန်ခြင်းကဲ့သို့ပင်၊ ဤကန်ချက်သည် ကြီးမားသောဟောက်ပေထျန်ကို လွင့်ထွက်သွားစေကာ နံရံတစ်ခုသို့ ဝင်တိုက်ပြီးနောက် မြေပြင်ပေါ်သို့ ပြန်လည်ပြုတ်ကျလာသည်။ ဖုန်မှုန့်အခိုးများကြားတွင် ဟောက်ပေထျန်သည် သွေးများအပြည့်အန်ထွက်၍ ခန္ဓာကိုယ်သည်လည်း လျင်မြန်စွာဖြင့် မသန်မစွမ်းဖြစ်သွားသည်။

"ကျေးဇူးပါ မစ္စတာရွှယ်၊ ကရုဏာပြပေးလို့"

ဟောက်ပေထျန်နှင့် ဆွေ့ချွယ့်တို့ကို လူအချို့က ဆွဲထုတ်သွားကြသည်။

ဘားသည် ပြန်လည်ငြိမ်းချမ်းသွားသည်။ လူအများက ရွှယ်အန်းကို အံ့သြစွာကြည့်နေကြ၏။

သို့သော် ရွှယ်အန်းသည် ယင်းကို လျစ်လျူရှု့၍ ဘားထိပ်တွင် လဲလျောင်းနေသေးသော ရှီရွှယ်ချင်းဆီသို့ပြန်လှည့်သွားသည်။

"ငါ အရမ်းသိချင်နေတယ်၊ မင်း ဘယ်လောက်ကြာကြာထိ သရုပ်ဆောင်ဖို့ စီစဥ်ထားလဲ"

ထိုစကားကြောင့် ရှီရွှယ်ရှင်းက ဖြည်းညှင်းစွာ မတ်တတ်ထထိုင်ကာ အစီအစဥ်အောင်မြင်သွားသည့်အမူအရာမျိုးဖြင့် လိမ္မာပါးနပ်စွာပြုံးကာ အကျောဆန့်လိုက်သည်။

ထိုအချိန်တွင်၊ သူမ၏ တုန်လှုပ်ချောက်ချားဖွယ်ရာ ကောက်ကြောင်းများသည် လူတိုင်းကို သွေးဆူသွားစေနိုင်သည်မှာ မလွဲမသေပင်ဖြစ်သည်။ သို့သော် ရွှယ်အန်းသည် တုပ်တုပ်မျှမလှုပ်ဘဲ သူမကို ထူးမခြားနားသောအကြည့်ဖြင့် ကြည့်နေသည်။

"မင်းကို ငါ ဘာမှ ဖုံးကွယ်လို့ မရဘူးထင်တယ်" ရှီရွှယ်ချင်း၏ လေသံထဲတွင် ပျော်မြူးသံကလေးများကိန်းအောင်းနေသည်၊ ထို့နောက် ပရောပရည်ကျသော အကြည့်ဖြင့် သူမသည် ဆွဲဆောင်မှုရှိသော အသံဖြင့် ပြောလိုက်သည်။

“နောက်ပြီး ရှင်တို့ ယောက်ျားအချင်းချင်း ရန်ဖြစ်တာမှာ ကျွန်မက မိန်းကလေးတစ်ယောက်ပဲမို့လို့ ဘယ်လိုလုပ် ဝင်စွက်ဖက်နိုင်မှာလဲ။ ဒါ့အပြင် မစ္စတာရွှယ်၊ ရှင့်အစွမ်းအစတွေမှာ ကျွန်မ အရမ်းနစ်မြောပြီး ထဖို့တောင်မေ့သွားတယ်”

နူးညံ့သိမ်မွေ့၍ ဆွဲဆောင်မှုရှိသော အသံ၊ ညုတုတုလေသံကြောင့် ခိုးနားထောင်သူ အများအပြားသည် ၎င်းတို့၏ အရိုးများ ပျော့ပျောင်းလာသည်ဟုပင် ခံစားလိုက်သည်။

စာကြောင်းတစ်ကြောင်းတည်းဖြင့်ပြောရလျှင်၊ ဤအရာကို မည်သူက ခံနိုင်ရည်ရှိမည်နည်း။ သို့သော် ရွှယ်အန်းသည် ရှီရွှယ်ချင်းကို မကြားသကဲ့သို့ပင် တိတ်ဆိတ်စွာကြည့်နေ၏။ ရှီရွှယ်ချင်းသည် ရွှယ်အန်း၏ အေးစက်သော အကြည့်အောက်တွင် တကိုယ်လုံး တုန်လှုပ်သွား ခံစားလိုက်ရသည်။

သူမက တခြားတစ်ခုခုပြောခါနီးတွင် ရွှယ်အန်းက လှည့်ထွက်သွားပြီးနောက် ယွီရန်နှင့် မာချန်တို့ဘက်သို့ လှည့်ပြောလိုက်၏။

"ပျင်းလို့ သွားကြရအောင်"

ဤသို့သာ သူလှည့်ထွက်သွားသည်။ ရှီရွှယ်ချင်းသည် စိတ်ပျက်လက်ပျက်ဖြစ်ကာ ရွှယ်အန်း၏ နောက်ကျောကို ကြည့်၍ ရှုံးနိမ့်သွားသည့် ခံစားချက်များကို အပြည့်ခံစားလိုက်ရသည်။ အမှန်မှာ ရွှယ်အန်းက ဆွေ့ချီကို ကိုင်တွယ်နေစဥ်ကတည်းက သူမ အသိစိတ်ပြန်ဝင်လာခဲ့သည်။ သို့သော် ဤသည်မှာ ယနေ့ည ရွှယ်အန်းကို အငိုက်ဖမ်းရန် အကောင်းဆုံးဟု ထင်ကာ ဖုံးကွယ်ထားရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် မမျှော်လင့်ဘဲ၊ ရှီရွှယ်ချင်း၏ ပရောပရည်ပြုသော အကြည့်များသည် အချည်းနှီးဖြစ်ခဲ့သည်။

ရွှယ်အန်းသည် သူမအား စိုက်ကြည့်ရန်ပင် စိတ်မ၀င်စားဘဲ မဆိုင်းမတွ ထွက်ခွာသွား၏။

ဟင် ငါအသက်ကြီးလာပြီလား

ရွှယ်အန်းအပေါ်တွင် သူမ၏ အရိုးပျော့ခွေဖွယ်လှပမှုကျင့်စဥ်၏ အကြိမ်ကြိမ် ကျရှုံးမှုကြောင့် ရှီရွှယ်ချင်းတစ်ယောက် မိမိကိုယ်မိမိ သံသယဝင်လာသည်။

အခန်း(၁၄၀) စိတ်အနှောက်အယှက်ဖြစ်စရာ ဝန်ထုပ်ဝန်ပိုးကို ကယ်ခဲ့တာလား

မဟုတ်ဘူး

ဒီအရာတွေကြောင့်နဲ့ပဲ ငါလက်မလျော့နိုင်ဘူး

ဒီရွှယ်အန်းကို ငါအနိုင်ရရမယ်။ဒီလိုမှမဟုတ်ရင်၊ ဒီ အင်မော်တယ်ညီလာခံမှာ ငါ ဒုက္ခရောက်မှာ သေချာတယ်။

အထူးသဖြင့် ရှီရွှယ်ချင်း၏စိတ်ထဲမှ ထိုစက်ဆုပ်ရွံရှာဖွယ်ကောင်းသောသူ၏မျက်နှာသည် သူမ၏ယုံကြည်ချက်ကို ခိုင်မာစေသည်။

‘ငါးမခိုးတဲ့ ကြောင်မရှိသလို လှပတဲ့ မိန်းမတစ်ယောက်ရဲ့ သွေးဆောင်မှုကို မခံစားရတဲ့ ယောက်ျားလည်း မရှိပါဘူး’ ရှီရွှယ်ချင်းက ဤသည်ကို အမြဲယုံကြည်ခဲ့သည်။

‘ရွှယ်အန်းက ငါ့ကို နည်းနည်းမှ စိတ်ဝင်စားတာတော့ မဟုတ်ဘူး၊ အကြောင်းပြချက် ရှိရမယ်။’

‘သူ ငါ့ပုံစံကိုများ မကြိုက်ဘူးလား’

‘မှန်တယ်’

‘ယွီမိသားစုရဲ့ မမလေးက ရွှယ်အန်းရဲ့အနားမှာအမြဲရှိတယ်’

‘မမှည့်သေးတဲ့ အသီးအနှံတွေလို၊ အတွေ့အကြုံမရှိပြီး နုံအသေးတဲ့ မိန်းကလေးငယ်တွေကို သဘောကျတာ ဖြစ်နိုင်လား’

ဤသို့တွေးကာ ရှီရွှယ်ချင်းသည် သူမ၏ အရည်အချင်းပြည့်မီသော ရုပ်ရည်ကို အထင်သေး၍ သက်ပြင်းချလိုက်မိသည်။

‘သေစမ်း အင်မော်တယ်ညီလာခံအတွက်၊ အဲဒီခွေးမရဲ့မျက်နှာကို ပါးရိုက်ဖို့၊ ဒီတစ်ခါတော့ အစွမ်းကုန်လုပ်မယ်’

ထိုနေ့ညက ခရမ်းရောင်ညဘား၌ ဖြစ်ပျက်ခဲ့သမျှသည် ကြောက်မက်ဖွယ်အရှိန်ဖြင့် ပျံ့နှံ့သွားသည်။

ရွှေနဂါးသိုင်းပညာကျောင်းသည် ၎င်းတို့၏ ဆိုင်းဘုတ်ကို ညတွင်းချင်း ဖယ်ရှားခဲ့ပြီးနောက် ဆွေ့ချွယ့် ပြန်လာရာလမ်းတွင် ရန်သူများ၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းခံခဲ့သည်။

ဆွေ့ချီက အခွင့်အလမ်းကို မြင်ပြီးနောက် ထိုနေ့ညက ထွက်ပြေးကာ သူ့အသက်သူ ကယ်တင်နိုင်ခဲ့သည်။

ယွီရန်အိမ်ပြန်ရောက်သောအခါ သူ့ကို ယွီလန်က အလျင်အမြန်ခေါ်ခဲ့သည်။

“အရာရာကို အသေးစိတ်ပြန်ပြောပါ။ အသေးစိတ်ကိုတောင် ချန်မထားနဲ့” ယွီလန်က လေးနက်သော အသံဖြင့် ပြောသည်။

ယွီရန်သည် အဖြစ်အပျက်တစ်ခုလုံးကို အသေးစိတ်ပြန်ပြောပြသည်။ နားထောင်ပြီးနောက် ယွီလန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။

"ဖန်ကျင်းတောင်က လင်ယင်နန်းတော် ဟုတ်လား။ ဒီဂိုဏ်းက ဆုတ်ယုတ်သွားတာကြာပြီ မဟုတ်လား”

ထိုအချိန်တွင် ဘေးတွင်ထိုင်နေသော ယွီမင်က ပြန်ဖြေ၏။

"အဖေ၊ ဒီ ရှီရွှယ်ချင်းကို ကျွန်တော် သိပါတယ်။ နောက်ဆုံး အင်မော်တယ်ညီလာခံမှာ သူ သားဆီရှုံးခဲ့တာ”

"အိုး သူက ဘယ်လိုမျိုးလဲ"

ယွီမင်က ခဏလတာမျှ စဥ်းစားပြီးနောက် ဖြည်းဖြည်းချင်းပြောသည်။

"သူ့ ကျင့်ကြံရေးအဆင့်က သာမန်ဖြစ်ပြီး သူ့မှာ အထူးအထင်ကြီးစရာကောင်းတဲ့ သိုင်းကွက်တွေ မရှိပေမယ့် ဆွဲဆောင်မှုကတော့ ယှဉ်လို့မရပါဘူး။ နောက်ဆုံး အင်မော်တယ်ညီလာခံမှာအခြားဂိုဏ်းတွေက တပည့်တော်တော်များများက သူ့သွေးဆောင်မှုကြောင့်ပဲ ရှုံးကုန်တာ။ သားရဲ့ဓားနှလုံးသားသာ ပုံသဏ္ဍာန်မပေါ်လာရင် သားလည်းရှုံးသွားနိုင်လောက်တယ်”

ယွီလန်က ခေါင်းညိတ်ပြပြီးနောက် ယွီရန်ကို ပြောလိုက်သည်။

"သမီး၊ ဒီအချိန်မှာ ရွှယ်အန်းနဲ့ ရင်းနှီးသင့်တယ်။ အင်မော်တယ်ညီလာခံ စတင်တော့မှာ ဖြစ်ပြီး ဒီတစ်ကြိမ်ကတော့ လင်နန်မှာ ကျင်းပမှာ။ မင်းအစ်ကိုနဲ့ ငါနှစ်ယောက်လုံး ဒဏ်ရာရရင်…”

ယွီလန်က စကားအဆုံးထိမပြောလိုက်သော်လည်း မည်သို့ဆိုလိုချင်သည်ကို ယွီရန်နားလည်သည်။

ယွီမိသားစုသည် နှစ်များတစ်လျှောက် ရန်သူများစွာကို နှိုးဆွခဲ့ကာ ဤလူများသည် အင်မော်တယ်ညီလာခံကို အခွင့်ကောင်းယူ၍ ပြဿနာတက်စေကြနိုင်သည်။ ၎င်းတို့၏ အပြင်းထန်ဆုံး တိုက်ခိုက်ရေးသမား သေဆုံးသွားပြီးနောက် ယွီလန်နဲ့ ယွီမင်နှစ်ယောက်လုံး ဒဏ်ရာရခဲ့သည်ဖြစ်ရာ ယွီမိသားစုသည် ယခု အဆင့်အနိမ့်ဆုံးဖြစ်သည်။

ထို့ကြောင့်၎င်းတို့သည် ရွှယ်အန်းကိုသာ မျှော်လင့်ချက်ထားနိုင်၏။ ဤသည်မှာ အမှန်တရားပင်ဖြစ်သည်။

ယွီရန်က ခေါင်းညိတ်လိုက်သည်။

“ဟုတ်ကဲ့ပါ ဖေဖေ”

သို့သော် ရှီရွှယ်ချင်း၏ စွဲမက်ဖွယ်ကောင်းသော ဆွဲဆောင်မှုရှိသည့် ရုပ်ရည်ကို သူမတွေးမိသောအခါ မိမိကိုယ်မိမိ ယုံကြည်မှုကင်းမဲ့သွားသကဲ့သို့ ခံစားလိုက်ရသည်။ မနက်စောစောတွင် တံခါးခေါက်သံကို ကြားလိုက်ရသဖြင့် မာချန် လန့်နိုးလာကာ အနည်းငယ် ပဟေဋ္ဌိဖြစ်သွားရ၏။

မည်သူက ဤမျှ အချိန်စော၍ လာမည်နည်း။ သို့သော် သူ တံခါးဖွင့်လိုက်သည်နှင့် သူ့ရှေ့က မြင်ကွင်းက သူ့ကို ထိတ်လန့်သွားစေသည်။ ခေတ်ဟောင်းဂျင်းဘောင်းဘီနှင့် အဖြူရောင် sneakers နှင့်တွဲဖက်ထားသော ရှပ်အင်္ကျီခါးတိုကို ၀တ်ဆင်ထား၍ ဘေးအိမ်က မိန်းကလေးကဲ့သို့ စတိုင်လ်ကျကာ အလွန်စွဲမက်ဖွယ်ကောင်းလှသည့် ရှီရွှယ်ချင်းကိုမြင်လိုက်ရသည်။

“မင်း…မင်း…”

"မစ္စတာရွှယ်မထသေးဘူးလား" ရှီရွှယ်ချင်းက ချစ်စဖွယ်ကောင်းသော အပြုံးဖြင့် မေးသည်။

ဤအပြုံးက မာချန်ကို အေးခဲသွားစေသည်။

‘သူ… သူ အရမ်းလှတယ်’

ထို့နောက် ရှီရွှယ်ချင်းသည် အခန်းထဲသို့ လှပစွာ ဝင်လာခဲ့သည်။ ခဏအကြာတွင် ရွှယ်အန်းက အောက်ထပ်သို့ ဆင်းလာ၏။ ၎င်းတို့၏ အကြည့်များ ဆုံသွားသောအခိုက်အတန့်တွင် ရွှယ်အန်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိ၏။ သို့သော် ရှီရွှယ်ချင်းက သဘာဝကျစွာပြုံးမြဲပြုံးလျက် နူးညံ့စွာခေါ်လိုက်သည်။

“မစ္စတာရွှယ်”

"မင်းဒီကို ဘာလာလုပ်တာလဲ"

"မနေ့ညက ကျွန်မရဲ့အသက်ကို ကယ်ခဲ့တဲ့အတွက် ရှင့်ကို ကျေးဇူးဆပ်ဖို့ လာခဲ့တာ”

"အိုး ငါ့ကို ဘယ်လိုပြန်ဆပ်မှာလဲ" ရွှယ်အန်းက ထိုင်ချလိုက်ပြီးနော် ကော်ဖီစားပွဲပေါ်သို့ ခြေထောက်များတင်လိုက်သည်။

"အဲတာက ဆရာလိုချင်တဲ့ပေါ်မူတည်ပါတယ်။ ကျွန်မ ရှင့်ကို ကျွန်မခန္ဓာကိုယ်ပေးရရင် ပေးရပါစေ ဒါမှမဟုတ် နွားလိုမြင်းလို အလုပ်လုပ်ပေးရပါစေ အကုန်အဆင်ပြေပါတယ်” ရှီရွှယ်ချင်းက စိတ်အားထက်သန်စွာပြောသည်။

"အဲဒါတွေ မလိုပါဘူး" ရွှယ်အန်းသည် ရှီရွှယ်ချင်းကို ရုတ်တရက် မော့ကြည့်လိုက်ပြီးနောက် ဆိုဖာပေါ်ပြန်လှဲ၍ အေးစက်စွာ ပြောလိုက်သည်။

သို့သော် ရှီရွှယ်ချင်းသည် သူမထံရောက်လာပြီး ရွှယ်အန်း၏ခြေသလုံးများကို ညင်သာစွာ ဆုပ်နယ်လိုက်ကာ

ပဒေသရာဇ်ခေတ်က အစေခံကျွန်တစ်ယောက်ကဲ့သို့ ပြုစုပေးလိုက်၏။ ရွှယ်အန်းသည် တစ်ချိန်တည်းတွင် အနည်းငယ် ရယ်ချင်ကာ ဒေါသလည်းဖြစ်သွားရ၏။

‘ငါ့ကို တွယ်ကပ်နေမယ့် အင်္ဂတေကို ကယ်လိုက်မိတာလား”

အနှစ်သုံးထောင်ကြာ ကျင့်ကြံမှုဖြင့် ခိုင်ခံ့မြဲမြံသော သူ၏နှလုံးသည် ကျောက်သားကဲ့သို့ တည်ငြိမ်နေသောကြောင့် စိတ်အနှောက်အယှက်မဖြစ်ဘဲ ရေကဲ့သို့ ငြိမ်သက်နေ၏။ သို့သော် ၎င်းသည် စောင့်ကြည့်နေသည့် မာချန်ကို မနာလိုဖြစ်စေသည်။ ရှီရွှယ်ချင်းကမူ တိတ်တဆိတ် ရွှင်မြူးနေ၏။

‘ငါလုပ်လိုက်တာ မှန်သွားပြီထင်တယ်။ ရွှယ်အန်းက ဒီပုံစံကို တော်တော် သဘောကျပုံပဲ’

သို့သော် နောက်ထပ် တစ်စက္ကန့်၌ပင် ထိုအတွေးများ လွင့်ထွက်သွားသည်။

"ဒါဆို မင်းတကယ်လိုချင်တာက ငါ့ကို ပြန်ပေးဆပ်ဖို့ပေါ့”

“ဒါပေါ့”

“ဒီလိုဆိုမှတော့ ဒီအိမ်က ရှင်းဖို့လိုနေတယ်။ မင်းဘာလို့ ကြမ်းပြင်တွေကနေစပြီး မရှင်းကြည့်တာလဲ”

‘အမ်’

ရှီရွှယ်ချင်းက နားကြားမှားသွားသည်ဟု တွေးလိုက်သည်။

“မှတ်ထားနော် အခန်းအားလုံးကို ရှင်းရမှာ”

ရှီရွှယ်ချင်းက တုန်လှုပ်စွာဖြင့် မတ်တပ်ထရပ်၍ မာချန်ဘက်သို့လှည့်ကာ ပြောလိုက်သည်။

“တစ်ချက်လောက် ကြမ်းတိုက်တဲ့အဝတ်ဘယ်မှာလဲ ပြောပေးပါ”

“အာ..ဟုတ်သားပဲ…သန့်ရှင်းရေးလုပ်ဖို့ကို မင်းလက်တွေကိုပဲသုံးပါ”

ဆယ်မိနစ်အကြာတွင် ရှီရွှယ်ချင်းသည် မြေပြင်ပေါ်၌ ငုတ်တုပ်ထိုင်ကာ မျက်ရည်များကြားမှ ဖြည်းညှင်းစွာဖြင့် ကြမ်းပြင်ကို ပွတ်တိုက်နေသည်။ သူမသည် လင်ယင်နန်းတော်၏ ဆက်ခံသူဖြစ်ကာ ယခု တစ်စုံတစ်ယောက်အတွက် ကြမ်းပြင်များကို ပွတ်တိုက်ပေးနေရသည်။ ရွှယ်အန်း၏ နှလုံးသားကို မည်သည့်အရာဖြင့် ပြုလုပ်ထားခြင်းဖြစ်ကြောင်း သူမ နားမလည်နိုင်တော့ပေ။

တကယ်တမ်းတွင် သူမသည် ဤနေရာ၌ ရင်သပ်ရှု့မောဖွယ်အလှပ‌ဂေးတစ်ယောက်ဖြစ်သော်လည်း လုံးလုံးလျားလျား စိတ်လှုပ်ရှားခြင်းမရှိပေ။ သူမကိုယ်သူမ အနည်းငယ်သနားနေစဥ်တွင် နောက်ကျောဘက်ဆီမှ ကလေးတစ်ယောက်၏ အသံတစ်ခု ထွက်ပေါ်လာ၏။

“ဖေဖေ.. ဒီအန်တီက ဘယ်သူလဲ”

သူမနောက်သို့ တစ်ချက်ခိုးကြည့်လိုက်ရာ ရှီရွှယ်ချင်းသည် ဝိညာဉ်စွမ်းအင်များဖြာထွက်နေသော မိန်းကလေးငယ်နှစ်ဦးက အိပ်ငိုက်နေသော မျက်လုံးများကို ပွတ်သပ်ကာ ရွှယ်အန်းနှင့် စကားပြောနေသည်ကို တွေ့လိုက်ရသည်။

ဒီမစ္စတာရွှယ်ရဲ့သမီးတွေလား။

ဘုရားရေ သူတို့က အရမ်းချစ်စရာကောင်းပြီး လှလိုက်တာ

"အိုး၊ သူက သန့်ရှင်းရေးသမား အသစ်ပဲ၊ ဒီနေရာကို သန့်ရှင်းရေးလုပ်ပေးဖို့"

ထိုစကားကို ကြားသောအခါ ရှီရွှယ်ချင်း၏ ပါးစပ်မှ သွေးများအန်ထွက်လုနီးနီးပင်ဖြစ်သွား၏။

‘သည်းခံစမ်း’

ပိုကြီးသောအစီအစဥ်အတွက် သူမခံနိုင်ရည်ရှိရမည်။ရှီရွှယ်ချင်းသည် အံကို တင်းတင်းကြိတ်လျက် ကြမ်းပြင်ကို အားပြန်စိုက်ကာ ပွတ်တိုက်ရန် ပြန်လှည့်လာသည်။ခဏအကြာတွင် လင်နန်လေဆိပ်မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထွက်လာသည်။ ယောက်ျားက အရပ်ရှည်၍ ချောမောကာ၊ မိန်းမက ပိန်သွယ်လှပသည်။

အမျိုးသမီးသည် ရွှတ်နောက်နောက် ပြုံး၍ ပြော၏။

“သခင်လေးယွမ်၊ လင်နန်ရဲ့ ယွီမိသားစုက ဒီတစ်ကြိမ်မှာ အားနည်းသွားပြီဆိုတော့ သခင်လေးရဲ့အဆင့်က ကျောက်စိမ်းစာရင်းမှာ ထိပ်ဆုံးထိရောက်သွားနိုင်တယ်”

ယွမ်ကျုံးဖုန်က မောက်မာစွာ ပြုံး၍ အမျိုးသမီးကို အနီးသို့ ဆွဲထုတ်လိုက်၏။

"မင်းရဲ့ ‘ယွမ်ယင်” စွမ်းအင်နဲ့ပတ်သက်ပြီး မင်းရဲ့အကူအညီအတွက် ငါကျေးဇူးတင်ရမှာပါ”

အမျိုးသမီးက တောင့်တင်းသွားပြီးနောက် သဘာဝမကျစွာ ရယ်မောလိုက်သည်။

"ဒါဟာ ယွမ်သိုင်အတွက် ဂုဏ်ယူစရာပါပဲ”

ယုံကြည်မှုအပြည့်ဖြင့် ယွမ်ကျုံးဖုန်သည် လင်နန်ကို အဝေးမှကြည့်၍ ပြောလိုက်၏။

“ဒီ အင်မော်တယ်ညီလာခံကို ယွမ်မိသားစုက ပိုင်ဆိုင်ရမယ်”

ခုန်းယွမ်သိုင်၏ ခံစားချက်များ ရှုပ်ထွေးနေသည်။ သူမက ညနတ်ဆိုးတောင်ကြား၏အမွေခံတစ်ဦးဖြစ်ကာ နတ်ဆိုးစွဲလမ်းခြင်းကျင့်စဥ်ကို လေ့ကျင့်ခဲ့သည်။ သို့သော် ကျီပေမြို့၏ အင်အားကြီးသော ယွမ်မိသားစုထံမှ ထောက်ပံ့မှုရရှိရန် ကြီးလေးသောတန်ကြေးကို ပေးခဲ့ရသည်။ ယွမ်ကျုံးဖုန်သည် အနှစ်နှစ်ဆယ်ကျော်အတွင်း သူမကျင့်ကြံခဲ့သည့် “ယွမ်ယင်”စွမ်းအင်ကို အတင်းအကြပ် လုယူခဲ့သည်။

ယင်းက သူမ၏ ခွန်အားကို လွန်စွာလျော့နည်းသွားစေသည်။

“ယွမ်သိုင်၊ မင်းက လင်ယင်နန်းတော်က လူတွေနဲ့ သဘောထားမတိုက်ဆိုင်ဘူးလား။ အင်မော်တယ်ညီလာခံမှာ လင်ယင်နန်းတော်ရဲ့ ဂိုဏ်းသားအားလုံးကို တစ်ချက်တည်းဖမ်းလိုက်မယ်”

ခုန်းယွမ်သိုင်၏ မျက်နှာသည် တောက်ပလာ၏။

"ကျေးဇူးတင်ပါတယ် သခင်လေးယွမ်”

ယွမ်ကျုံးဖုန်က အောင်ပွဲခံရယ်မော၍ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ထုတ်လွှတ်ကာ သူ့ကိုယ်သူ လွတ်မြောက်အင်မော်တယ် တစ်ဦးဖြစ်ကြောင်း ထုတ်ဖော်ပြောပြလိုက်သည်။

တစ်ဖက်မှ ခုန်းယွမ်သိုင်သည် တစ်စုံတစ်ခုကို တိတ်တဆိတ်တွေး၍ သူမ၏ မျက်လုံးများထဲတွင် အေးစက်မှုများကိန်းအောင်းနေ၏။

‘ရှီရွှယ်ချင်း မင်းရဲ့မာနကို ဖျက်စီးဖို့ ငါအများကြီး စတေးပြီးပြီ။ ဒီတစ်ခါ မင်းဘယ်လို အကွက်ရွှေ့မလဲ ကြည့်ကြရအောင်’

အခန်း(၁၄၁) လောကသူရဲကောင်းများ စုစည်းမှု

လင်နန်ရှိ နွေရာသီနေရောင်သည် အထူးပြင်းထန်နေကာ ဤအချိန်တွင် ကုန်းသည် ပူလောင်နေသကဲ့သို့ မွန်းတည့်နေချိန်ဖြစ်သည်။ ဤသို့ ပူပြင်းသော ရာသီဥတုမျိုးတွင် မလိုအပ်ပါက မည်သူမျှ အပြင်မထွက်ချင်ကြပေ။ သို့သော် ဤအချိန်၌ လင်နန်၏ ကျေးလက်လမ်းငယ်တစ်ခုတွင် အင်္ကျီမပါသော ဘုန်းကြီးတစ်ပါးသည် ခေါင်းငုံ့ကာ ဖြည်းညှင်းစွာ လမ်းလျှောက်လာခဲ့သည်။ နေရောင်ခြည်သည် ပြင်းထန်သော်လည်း ဘုန်းကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ချွေးတစ်ပင်မျှ မတွေ့ရဘဲ ကြီးမားသော နဂါးကြီးကဲ့သို့ ကြွက်သားများ တဆတ်ဆတ် တုန်ခါနေသည်။

သူ့နောက်ကျောတွင် ကျမ်းစာရေးထိုးထားသော ကျောက်တုံးကြီးတစ်ခုရှိသည်။

ဤကျောက်တုံးကြီးသည် တစ်မီတာစတုရန်းပေရှိ၍ အလွန်လေးလံကာ ဘုန်းကြီး၏ကျော၌ သံကြိုးများဖြင့် ခိုင်မြဲစွာ ချည်နှောင်ထားသည်။ ဤကျောက်တုံးကြီးကို သာမန်လူတစ်ယောက်က တွန်း၍ပင် သယ်နိုင်လိမ့်မည်မဟုတ်သော်လည်း ဘုန်းကြီးသည် မည်သို့မျှ မလေးလှသောအရာကို ထမ်းထားရသကဲ့သို့ပင်ထင်ရ၏။

လမ်းထောင့်ကို ကွေ့ပြီးနောက် လမ်းဘေးတွင် အစားအသောက်နှင့် တည်းခိုရန်အတွက် တည်းခိုခန်းတစ်ခုရှိသည်။ ယခု နေ့လယ်ခင်းတွင် လမ်းပေါ်တွင် ကားအနည်းငယ်သာရှိ၍ တည်းခိုခန်းမှူး၏ ဇနီးသည် နံရံကို မှီကာ ငိုက်မျဥ်းနေသည်။ ဘုန်းကြီးက မော့ကြည့်၍ ဖြည်းဖြည်းချင်း ဝင်သွားသည်။

တည်းခိုခန်းပိုင်ရှင်၏ဇနီးသည် အိပ်ရာမှထကာ အမြန်ထရပ်လိုက်၏။

“မင်္ဂလာပါ တစ်ခုခုစားချင်လား…”

ထိုမှသာ သူမသည် ဧည့်သည်ကို ပြတ်ပြတ်သားသား ကြည့်၍ အံ့သြတကြီး စိုက်ကြည့်နေမိသည်။

“ဆရာ… ဘာလိုချင်လို့လဲ”

လင်နန်၏လူများသည် ရိုးရှင်းကာ ယဉ်ကျေးပျူငှာကြ၍ အထူးသဖြင့် သန့်စင်မွန်မြတ်သော အမိန့်တော်များကို လိုက်နာကြသည့် ပုဂ္ဂိုလ်ထူးများကို ပို၍ လေးစားကြသည်။

ဟွေ့နျန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ဘာမဆိုရတယ်။ ဒါပေမယ့် အများကြီး ရှိတယ်ဆိုတာ သေချာပါစေ"

တည်းခိုခန်းပိုင်ရှင်၏ဇနီးသည် ဟွေ့နျန်၏ကျောပြင်ပေါ်ရှိ ဧရာမကျောက်တုံးကြီးကို ကြောက်ရွံ့ရိုသေမှု ရောထွေးကာ ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။

"ခဏစောင့်ပါ ဆရာကြီး၊ မီးဖိုခန်းထဲဝင်ကြည့်လိုက်ပါ့မယ်”

ထိုစကားကို ပြော၍ နောက်ဘက်သို့ လှည့်သွားသော်လည်း ခဏအကြာတွင် ရှက်ရွံ့ဟန်ဖြင့် ပြန်လာခဲ့သည်။

"ဆရာကြီး၊ စိတ်မကောင်းပါဘူး၊ မုန့်ပေါင်းနဲ့ အသီးအရွက်တွေ များများစားစား မရှိတော့ဘူး၊ လတ်လတ်ဆတ်ဆတ် သတ်ထားတဲ့ သိုးတစ်ကောင်ပဲရှိတယ်..."

တည်းခိုခန်းမှူး၏ဇနီးသည် စကားကို ဆုံးသည်အထိပင် မပြောဝံ့ခဲ့ပေ။

အဘယ်ရဟန်းသည် အသားစားမည်နည်း။

သို့သော် ဟွေ့နျန်က ခေါင်းညိတ်လိုက်၏။

"ကောင်းပြီ၊ ဒါဆို သိုးကို ယူလိုက်မယ်”

“ပြုတ်ချင်သလား။ ဒါမှမဟုတ် ကြော်ထားတာလား” တည်းခိုခန်းမှု၏ ဇနီးက အနည်းငယ် အံ့သြစွာဖြင့် မေးလိုက်သည်။

ဟွေ့နျန်က ခေါင်းခါလိုက်၏။

"မလိုပါဘူး အစိမ်းလိုက်ယူပါ့မယ်"

တည်းခိုခန်းပိုင်ရှင်၏ဇနီးသည် ထိတ်လန့်တုန်လှုပ်သွားကာ ခဏအကြာတွင် သတ်ထားသော သိုးတစ်ကောင်လုံးကို ယူလာခဲ့သည်။

ဟွေ့နျန်သည် မထိုင်တော့ဘဲ ထိုနေရာ၌သာရပ်၍ အသားစိမ်းကို တဖြည်းဖြည်းချင်း ဝါးစားလိုက်သည်။

မျိုချချင်စိတ်မရှိခင်အထိ အကိုက်တိုင်းကို ဖြည်းဖြည်းချင်း ဝါးစာခဲ့ရာ

တည်းခိုခန်းပိုင်ရှင်လည်း သတင်းကြားသဖြင့် ပြန်လာ၍ ဇနီးမောင်နှံတို့နှစ်ယောက်လုံး အံ့အားသင့်စွာ ကြည့်နေခဲ့သည်။

နာရီဝက်အကြာတွင် ဟွေ့နျန်သည် သိုးတကောင်လုံးကို စားခဲ့သည်။

ထို့နောက် လက်ခုပ်တီးကာ အနည်းငယ်ပြုံးလိုက်၏။

“မင်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်”

ထို့နောက် ငွေများထုတ်၍ စားပွဲပေါ်ချထားခဲ့ကာ ခရီးဆက်သည်။ တည်းခိုခန်းပိုင်ရှင်သည် တစ်ခုခုကို သတိရသွားပုံရ၍ စားပွဲပေါ်မှ ပိုက်ဆံကို ဆွဲယူကာ သူ့နောက်မှ လိုက်သွားခဲ့သည်။

"ဘုန်းဘုန်း ခဏစောင့်။ ဒီပိုက်ဆံကို ကျွန်တော်တို့ မလိုချင်ဘူး၊ ဘုန်းဘုန်းအတွက် အလှူလို့ပဲ သဘောထားလိုက်ပါ”

ဟွေ့နျန်က နောက်ကြောင်းပြန်မလှည့်ဘဲ ဘာသိဘာသာပြောလိုက်သည်။

“ငါက ဇဥ်ဘုန်းကြီးမဟုတ်ဘူး၊ သတ်ဖြတ်ပြီးတော့ အကုသိုလ်ကံကို ဖန်တီးပါတယ်၊ လှုစရာမလိုပါဘူး။ ကျေးဇူးပြုပြီး ပြန်ပါ”

တည်းခိုခန်းပိုင်ရှင်က သူ့နောက်သို့ လိုက်လာချင်သေးသော်လည်း မျက်စိတစ်မှိတ်အတွင်း၌ပင် ဟွေ့နျန်က အဝေးသို့ ထွက်သွားခဲ့ပြီဖြစ်သည်။ နေဝင်ရီတရောအချိန်သို့ နီးကပ်လာသည်နှင့်အမျှ ဟွေ့နျန်သည် နောက်ဆုံးတွင် လင်းနန်မြို့သို့ ရောက်ရှိခဲ့သည်။

ဒုက္ခဇဥ်ဘုရားကျောင်းမှ ဟွာရှား တစ်ခုလုံးသို့အကွာအဝေးကို ဟွေ့နျန်က ခြေလျင် တစ်လှမ်းချင်းလျှောက်လှမ်းလာနိုင်ခဲ့သည်။ သူသည် စည်ကားနေသောမြို့ကို ကြည့်ရန် ခေါင်းမြှောက်လိုက်ပြီးနောက် မျက်လုံးများထဲမှ ထူးဆန်းသောအငွေ့အသက်တချို့ ဖြတ်ပြေးသွား၏။

"မြေခွေးနတ်ဆိုးရဲ့ အရိပ်အယောင်ရှိတယ်၊ လင်ယင်နန်းတော်က လူတွေရောက်လာပြီလား"

“ညနတ်ဆိုးတောင်ကြားက သရဲတစ္ဆေတွေနဲ့ မှင်ကောင်တွေလည်းရှိတယ်၊ အဲဒါက ယွမ်မိသားစုရဲ့ ချီကျင့်ကြံမှုနဲ့ ရောနှောနေတယ်။ ညနတ်ဆိုးတောင်ကြားနဲ့ ကျီပေရဲ့ ယွမ်မိသားစုတို့လည်း လာခဲ့ကြပုံရတယ်”

ဟွေ့နျန်သည် မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်ပြီးနောက် လင်းနန်ကို သူ၏ နတ်အာရုံဖြင့်စတင်ရှာဖွေခဲ့သည်။

ဒုက္ခဇဥ်ဘုရားကျောင်းသည် ရှည်လျားသောသမိုင်းကြောင်းရှိ၍ ၎င်း၏အလွန်သန်မာသော ခန္ဓာကိုယ်သန့်စင်မှုနည်းပညာများနှင့် ကြောက်မက်ဖွယ်ကောင်းသော စိတ်ပိုင်းဆိုင်ရာ ကျင့်ကြံမှုများကြောင့် တစ်ချိန်က အလွန်ဘုန်းကြီးခဲ့သည်။ နောက်ပိုင်းတွင် ၎င်းက တဖြည်းဖြည်း အဆင့်ကျလာခဲ့သော်လည်း ဟွေ့နျန်သည် အလွန်ပြင်းထန်သော မြင့်မြတ်သည့် စိတ်ဝိဉာဥ်ကို ပိုင်ဆိုင်ထားသဖြင့် လွတ်မြောက်အင်မော်တယ်အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့သည်။

ဟွေ့နျန်၏ နတ်အာရုံအရ လင်နန်၏ သာမန်လူများအားလုံး ဖယောင်းတိုင်မီးထက်သာ၍ သေးငယ်သော မီးတောက်များအဖြစ်သို့ ပြောင်းလဲသွားသည်။ ကြယ်စင်သော ကောင်းကင်နှင့်တူသော ဤမီးအိုင်တွင် မီးရှူးတိုင်များကဲ့သို့ ပြင်းပြင်းထန်ထန် တောက်လောင်နေ၏။ ၎င်းတို့သည် သာမာန် သိုင်းသမား များဖြစ်သည်။

အခြားသူများသည် မီးတောက်များကဲ့သို့ ပြင်းထန်စွာ လောင်ကျွမ်းသော်လည်း ရှောင်ယောင်းအဆင့် မှ သခင်အစစ်များ သို့မဟုတ် အစွမ်းထက်သော ကျင့်ကြံသူများ ဖြစ်နိုင်ချေ နည်းပါးသည်။ ထို့ အပြင် မီတာဒါဇင်များစွာမြင့်သော လောင်ကျွမ်းနိုင်သည့် ဧရာမမီးကြီးအချို့ရှိကာ ၎င်းတို့အနက်မှ ဟွေ့နျန်သည် မည်သည့်ရင်းနှီးသော အငွေ့အသက်ကိုမျှ မခံစားမိပေ။ သို့သော် ၎င်းတို့အနက် အေးစက်နေသော ဓားစွမ်းအင်နှစ်ခု ပေါ်ထွက်နေသည့် မီးတောက်နှစ်ခုသည် အနည်းငယ် ညှိုးနွမ်းနေသည့်ပုံရ၏။ ဟွေ့နျန်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ ကောလဟာလများက အမှန်တကယ်ဖြစ်နေသည် ထင်ရ၏။ လင်နန်မြို့၏ ယွီမိသားစုသည် အမှန်တကယ်ပင် ကြီးမားသော ထိုးနှက်ချက်ကြီးတစ်ခုကို ခံစားခဲ့ရသည်။

‘ယွီယွမ်ယိကို ချေမှုန်းခဲ့တဲ့လူက လင်နန်မှာရှိနေတုန်းလား’

ဟွေ့နျန်သည် ဆက်လက် ရှာဖွေနေဆဲဖြစ်သည်။

ထိုအချိန်တွင် မိုးနတ်ဘုရားကျောင်းရှေ့တွင် ရပ်နေသော ရှါယ်အန်းက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်၏။

နတ်အာရုံတစ်ခု ဖြတ်ပြေးလာသည်ကို သူခံစားလိုက်မိသည်။ ဤနတ်အာရုံသည် ရူးသွပ်သော ဇင်၏ အငွေ့အသက်ကို သယ်ဆောင်လာသည်။ ရွှယ်အန်း၏ အကြည့်များ အနည်းငယ်အေးစက်သွားပြီးနောက် သူရှေ့သို့ လှမ်းကြည့်လိုက်၏။

သူ့အကြည့်များ ရပ်သွားသောနေရာတွင် လေထုတစ်ခုလုံးကွဲကြေသွားသည့်နှယ် ထင်ရကာ တစ်ချိန်တည်း၌ပင် မျက်လုံးမှိတ်၍ လင်နန်ကို နတ်အာရုံဖြင့် ရှာဖွေနေသော ဟွေ့နျန်သည် ရုတ်တရက် မျက်လုံးတစ်စုံပွင့်လာသကဲ့သို့ ခံစားလိုက်ရသည်။ ထိုမျက်လုံးများသည် အေးစက်သော သတ်ဖြတ်လိုစိတ်များပြည့်နှက်နေ၏။

ထိုအချိန်တွင် သူ၏ စိတ်စွမ်းအားတစ်ခုလုံး အစိတ်စိတ်ကွဲကြေသွားသည်။ ဟွေ့နျန်သည် အသက်ပင် ကောင်းစွာမရှုနိုင်တော့ဘဲ ပါးစပ်အပြည့် သွေးများအန်ထုတ်၍ တုန်လှုပ်ခြောက်ခြားမှုအပြည့်ဖြင့် မျက်လုံးများဖွင့်လာသည်။

‘ဘယ်သူလဲ’

တစ်ချက်ကြည့်လိုက်ရုံဖြင့် မည်သူက သူ၏ နတ်အာရုံကို ဖြိုခွဲနိုင်သနည်း။

“မစ္စတာရွှယ်၊ ဘာဖြစ်နေတာလဲ” ရှီရွှယ်ချင်းက ချဥ်းကပ်လာသည်။

တစ်ခုခုလွဲချော်နေသည်ကို သူမ ယောင်ဝါးဝါးခံစားမိသော်လည်း သူမ၏ ကျင့်ကြံရေးအဆင့်သည် ၎င်းကို ကျော်ဖြတ်နိုင်ရန် မလုံလောက်ပေ။ ရွှယ်အန်းက ခေါင်းအနည်းငယ်ခါယမ်းလိုက်သည်။

“ဘာမှမဟုတ်ပါဘူး။ ငါက သူရဲ့ နတ်အာရုံကို ဖျက်ဆီးပစ်လိုက်ရုံပါပဲ”

ရှီရွှယ်ချင်း၏ နှလုံးသားတစ်ခုလုံး တင်းကြပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ထိုသို့သော နတ်အာရုံအဆင့်မျိုးသည် အလွန် အန္တရာယ်များသော်လည်း ရွှယ်အန်းက ပေါ့ပါးစွာပြောနေ၏။

“လင်နန်ကို အားကြီးတဲ့ အရှိန်အဝါတွေအများကြီးဝင်လာတယ်။ လောကထိပ်တန်းကျွမ်းကျင်သူတွေအားလုံး ရောက်လာတဲ့ပုံပဲ”

ရွှယ်အန်းပြောသည့်အတိုင်းပင် အခြားမော်တော်ယာဥ်တစ်စီးသည် လင်နန်သို့ ဖြည်းညှင်းစွာ ဝင်လာသည်။ ရှုယင်အာသည် သူမ၏ လက်ထဲမှ ပုတီးစေ့များကို ကိုင်ကစား၍ ကားပြတင်းပေါက် အပြင်ဘက်မှ ရှုပ်ထွေးနေသော မြင်ကွင်းကို အထင်သေးစွာကြည့်လိုက်သည်။

‘အင်မော်တယ်ညီလာခံဟုတ်လား ဟား’

‘ပြီးခဲ့တဲ့ တစ်ခေါက်က ကံဆိုးပြီးရှုံးခဲ့ရပေမယ့် ဒီတစ်ကြိမ်တော့ ငါပိုင်တဲ့အရာကို ပြန်ယူရမယ်’

ဤကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများရောက်လာသည်နှင့်အမျှ မိုးနတ်ဘုရားကျောင်းရှိ နတ်ဆင်းတုတော်သည်လည်း အနည်းငယ်တုန်လှုပ်သွားပုံပေါ်၏။ ထိုအချိန်တွင် ရွှယ်အန်းသည် ယွီရန်ကို ဧည့်ခန်းမကြီးသို့ ဦးဆောင်ခေါ်သွား၏။

ဤအင်မော်တယ်ညီလာခံသည် ဖူလုံတောင်၏ မိုးနတ်ဘုရားကျောင်းရှေ့တွင် ကျင်းပတော့မည်ဖြစ်သည်။ ယွီယန်သည် စိတ်ပူစွာဖြင့် ၎င်းကို စစ်ဆေးကြည့်ခင်သောကြောင့် ရွှယ်အန်းက အတူလိုက်ပါလာခဲ့ခြင်းဖြစ်သည်။

သူက ရုပ်ပွားတော်ကို မော့ကြည့်လိုက်သည်။ သူ့အကြည့်အောက်တွင် ရုပ်ပွားတော်ကြီးသည် ကြောက်ရွံ့တုန်လှုပ်နေသကဲ့သို့ထင်ရ၏။

ရွှယ်အန်းက ခေါင်းခါ၍ ရယ်မောလိုက်သည်။

“ကြောက်နေစရာမလိုပါဘူး။ မသေခင်မှာ သူက မင်းကို အပ်သွားတာဆိုတော့ ငါမင်းကို ကောင်းကောင်းကာကွယ်ပေးမှာပါ။ လောကရဲ့ နဂါးတွေ ကျားတွေ စုဝေးနေတဲ့ကြားမှာ မင်းလိုမျိုး အသစ်စက်စက် နတ်ဘုရားမျိုးကို ကြောက်နေကြရမှာ သဘာဝပဲ”

ဤသို့ပြောပြီးနောက် ရွှယ်အန်းက သူ့လက်ညှိုးများဖြင့် ဓားပုံဖော်ကာ ခုတ်ပိုင်းချလိုက်သည်။

ဘွန်း

ရုပ်ပွားတော်သို့ တစ်စုံတစ်ခု ထည့်လိုက်သည်ဟု ထင်ရ၏။

“သူသေသွားပြီ၊ မင်းကို ကာကွယ်ပေးနေတဲ့ ဓားစွမ်းအင် ပျောက်ကွယ်သွားပြီ။ ဒီတစ်ခါ ငါမင်းကို ဓားစွမ်းအင်အသစ်တစ်ခု ထပ်ထည့်ပေးမယ်”

All Chapters