အခန်း (၁၄၈-၁၅၀)
Vol. 10 Ch. 148-150
အခန်း(၁၄၈) အိမ်ပြန်ခြင်း
ပေကျင်းမြို့။ ညနက်နေပြီဖြစ်၍ လူများစွာ အိပ်မောကျနေပြီဖြစ်သည်။ ရုတ်တရက် ကောင်းကင်ကြီးသည် မိုးခြိမ်းသံကြောင့် တဟုန်းဟုန်းတောက်နေသည်။
‘မိုးရွာတော့မှာလား’
ဆူညံသံကြောင့် နိုးထလာကာ၊ ဤအတွေးသည် လူများစွာ၏ စိတ်သို့ ဝင်ရောက်ပြီးနောက် အားလုံး ပြန်အိပ်သွားကြသည်။ သို့သော် သိုင်းပညာရှင်များစွာသည် တစ်ပြိုင်နက် မျက်လုံးဖွင့်လာကြ၏။
၎င်းတို့အားလုံးသည် ပေကျန်းမြို့တွင် အလွန်စွမ်းအားကြီးသော ဖြစ်တည်မှုတစ်ခုကို ခံစားမိလိုက်ကြသောကြောင့် မျက်နှာများပေါ်တွင် ထိတ်လန့်မှုများ ကိန်းအောင်းနေကြ၏။
‘ဘယ်သူလဲ’
‘ဒီလောက်တောင် ကြီးစိုးပြီးကြောက်ဖို့ကောင်းတဲ့ တည်ရှိမှုမျိုးကို ဘယ်သူပိုင်ထားတာလဲ’
ဤမေးခွန်းကြောင့် လူများစွာ စိတ်ရှုပ်ကုန်ကြသည်။ ထိုအချိန်တွင် မြောက်ပိုင်းသိုင်းပညာကျောင်း၌ ထန်ရှောင်းယွီသည် ဖခင်ဖြစ်သူ၏ ခန်းတံခါးကို ရုတ်တရက်တွန်းဖွင့်ကာ ထိတ်လန့်တကြားဖြင့် လမ်းလျှောက်ဝင်လာခဲ့သည်။
“အဖေ…”
ထန်တုန်လည်း နိုးထလာပြီးနောက် ကုတင်အစွန်းတွင် လေးနက်စွာထိုင်နေသည်။ သမီးဖြစ်သူဝင်လာသည်ကို မြင်သောအခါ လက်ကို လှမ်းကိုင်၍ ပြော၏။
"ပြောစရာ မလိုပါဘူး၊ အဖေသဘောပေါက်တယ်"
"အဲတာ … သူလား"
ထန်တုန်က ပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်သည်။
"လုံးဝ မမှားဘူး"
ထန်ရှောင်းယွီ တိတ်ဆိတ်သွားသည်။
ထန်တုန်က မတ်တပ်ထရပ်၍ မျက်လုံးများတွင် လေးစားမှုများ ကိန်းအောင်းနေ၏။ မ
"သူပြန်လာပြီ”
မှန်သည်။ ရွှယ်အန်း ပြန်ရောက်လာခြင်းဖြစ်သည်။ သူက အန်းယန်ကို အိမ်ပြန်မည်ဟု ပြောခဲ့ခြင်းသည် လင်နန်ကို ဆိုလိုခြင်းမဟုတ်ဘဲ မူလအိမ်ရှိရာ ပေကျန်းမြို့ကို ဆိုလိုခြင်းဖြစ်သည်။
ထိုသို့လုပ်ဆောင်ရန်၊ ရွှယ်အန်းသည် တစ်နာရီကျော်အတွင်း မိုင်ထောင်ပေါင်းများစွာ ခရီးနှင်ခဲ့ကာ ပေကျန်းသို့ တစ်ညတာအတွင်း အပြေးပြန်ခဲ့သည်။ ဆင်းသက်ပြီးနောက် ရွှယ်အန်းသည် ကျဉ်းမြောင်းသော တိုက်ခန်းကို နူးညံ့သော မျက်လုံးများဖြင့် မျှော်ကြည့်လိုက်သည်။ သူနှင့် အန်းယန်တို့ အတူတကွ မနက်စောစောထ၍ နောက်ကျမှပြန်လာကာ စားဝတ်နေရေးအတွက် လုံးပမ်းခဲ့ရသော အချိန်မျိုးရှိခဲ့ဖူးသည်။ သို့သော် ထိုနေ့များက ပျော်ရွှင်ခဲ့ရသည်။
နောက်ပိုင်းတွင် ရွှယ်အန်းသည် ဇိမ်ခံအိမ်များစွာတွင် နေထိုင်ခဲ့သော်လည်း မည်သည့်အိမ်ကမျှ သူ့ကို အိမ်တစ်လုံး၏ခံစားချက်ကို မပေးခဲ့ပေ။
ရွှယ်အန်းက တံခါးကိုဖွင့်၍ အိပ်မောကျနေဆဲဖြစ်သည့် အန်းယန်ကို ကုတင်ပေါ်တင်လိုက်ကာ သမီးနှစ်ယောက်ကို သူ့ဘေးတွင် ထားလိုက်သည်။ မတ်တပ်ထရပ်ခါနီးတွင် ရွှယ်အန်းသည် သူ့လက်ကို တင်းတင်းဆုပ်ကိုင်ထားသကဲ့သို့ ခံစားလိုက်ရသဖြင့် အောက်သို့ ငုံ့ကြည့်လိုက်သောအခါ အန်းယန်၏ လက်ဖြစ်နေ၏။ အိပ်ပျော်နေသည့်တိုင် အန်းယန်၏ ဆုပ်ကိုင်ထားမှုက ခိုင်မြဲနေသည်။
တစ်ချိန်တည်း၌ပင် အန်းယန်သည် သူမ၏ အိပ်မက်ထဲတွင် ညည်းတွားနေပုံရသည်။
"မဟုတ်ဘူး...ငါ့ကိုမထားခဲ့ပါနဲ့ ကျေးဇူးပြုပြီး ငါ့ကိုထားမသွားပါနဲ့"
ရွှယ်အန်း၏နှာခေါင်းက အနည်းငယ်လှုပ်သွားပြီးနောက် အသက်ပြင်းပြင်းရှု၍ အန်းယန်ကို ငုံ့နမ်းလျက် သူမ၏ နားအနားသို့ တိုးကပ်၍ ခပ်တိုးတိုးပြောလိုက်သည်။
"ကိုယ်ဘယ်မှမသွားဘူး၊ ကိုယ်မင်းကို မထားခဲ့ပါဘူး၊ အခုကစပြီး အမြဲအတူရှိနေမှာပါ"
အန်းယန်သည် တဖြည်းဖြည်း ငြိမ်သက်သွားပြီး သူမသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသဖြင့် သူမ၏ နဖူးမှ အရေးအကြောင်းများ တဖြည်းဖြည်းလျော့ပါးလာသည်။ ရွှယ်အန်းသည် အန်းယန်ကို တိတ်တဆိတ်ငေးကြည့်နေမိသည်။
‘သူ ကိုယ်အလေးချိန် အများကြီးကျသွားတယ်’
‘ပြီးတော့ သူ့အသားအရေကလည်း နည်းနည်း ဖျော့လာတယ်’
ရှင်းနေသည်မှာ သူမသည် တစ်ချိန်လုံး သူ့ကို လွမ်းဆွတ်နေဖွယ်ရှိ၍ သူတို့၏ ကလေးမလေးနှစ်ယောက်ကိုလည်း လွမ်းဆွတ်နေခဲ့သည်။ ထို့အပြင် အနိုင်ကျင့်ခြင်းလည်း ခံခဲ့ရသည်။ ဤသည်ကို တွေးလိုက်သည့်အခါတိုင်း ရွှယ်အန်း၏ နှလုံးသားက နာကျင်စွာတုန်လှုပ်သွားသည်။
ရွှယ်အန်းသည် အန်းယန်၏ လက်မောင်းကို ညင်သာစွာကိုင်၍ သူမ၏ ရိုးတွင်းခြင်ဆီကို သန့်စင်ပေးရန် ကြိုးစားလိုက်သည်။ သို့သော် ရုတ်တရက် သူ့အမူအရာသည် နက်မှောင်လာကာ မျက်ခွံများလည်း တွန့်ကွေး၍ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။ အန်းယန်၏ မရီးဒျန်များ ချိပ်ပိတ်ခံထားရသည်ကို သူသိလိုက်ရ၏။ အန်းယန်သည် ထပ်မံ၍ ကျင့်ကြံရန် မဖြစ်နိုင်တော့ပေ။
ထို့အပြင် ဤစည်းချိပ်သည် နတ်စွမ်းအင်ကဲ့သို့ထူးခြားသော အငွေ့အသက်မျိုးကို ထုတ်လွှတ်ပေးနေသော်လည်း လျှို့ဝှက်ဆန်းကြယ်၍ စွမ်းအင်များ ရောနေခြင်းမဟုတ်ပေ။ ရွှယ်အန်း၏ လက်ရှိ ကျင့်ကြံမှုအရအန်းယန်ကို မထိခိုက်စေဘဲ စည်းချိပ်ကို ပယ်ဖျက်နိုင်မည်ဟု ယုံကြည်ချက်မရှိပေ။ ရွှယ်အန်းသည် အသက်ပြင်းပြင်းရှု၍ စိတ်ကို တည်ငြိမ်စေရန် ကြိုးစားလိုက်သည်။
ကောင်းကင်နဲ့မြေကြီးကို ရှာဖွေရမယ်ဆိုမည်ဆိုလျှင်ပင် သူ့ဇနီးကို စည်းချိပ်ပိတ်ခဲ့သည့်သူကို ပြာဖြစ်သွားစေရန် ရှာဖွေပစ်လိမ့်မည်ဖြစ်သည်။ စည်းချိပ်မှလွဲ၍ အန်းယန်၏ ခန္ဓာကိုယ်သည် အလွန်ပုံမှန်ဖြစ်နေသည်။ နေ့ရော နေ့ရောညပါ လွမ်းဆွတ်ရမှုများကြောင့် ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်နေသည်မှတပါး အခြား ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပေ။ ရွှယ်အန်းက သူမကို သေသေချာချာစစ်ဆေးခဲ့သည်။ သူသည် အန်းယန်အတွက် အလုံးစုံသော ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုပြုလုပ်ရန် နတ်စွမ်းအင်ဖြင့် မူလစွမ်းအားကိုပင် အသုံးပြုခဲ့သည်။
တစ်ညတာကုန်ဆုံးသွားသည်။ မနက်ခင်း နေရောင်ခြည်က စိမ့်ဝင်လာသည်။ အန်းယန်၏ မျက်ခွံများ အနည်းငယ် လှုပ်ယမ်းသွားပြီးနောက်မှ မျက်လုံးများဖွင့်လာကာ သူမ ပထမဆုံးမြင်လိုက်ရသည်က ရွှယ်အန်း၏ အပြုံးမျက်နှာပင်ဖြစ်သည်။
“ဒါဟာ အိပ်မက်တစ်ခုပဲ မဟုတ်လား။ ငါနင့်ကို ဘာလို့ မမေ့နိုင်ရတာလဲ။ နင့်အကြောင်း အမြဲအိပ်မက်တွေမက်ပြီး နိုးထလာတတ်တယ်”
ဤစကားများသည် ရွှယ်အန်း၏ စိတ်ပိုင်းဆိုင်ရာ အကာအကွယ်များကို လုံးလုံးလျားလျား ဖြိုခွင်းခဲ့သည်။ အနှစ်သုံးထောင်ကြာ ကျင့်ကြံခြင်းသည် သူ့နှလုံးသားကို ကျောက်တုံးကဲ့သို့ ခိုင်မာစေသည်ဟု သူထင်ခဲ့သည်။
သို့သော် အန်းယန်သည် ဝိညာဉ်ရေးခံနိုင်ရည်ဟုခေါ်သောအရာကို အလွယ်တကူ ကွဲအက်သွားစေခဲ့သည်။
ရွှယ်အန်းက မငိုမိစေရန် အစွမ်းကုန်ကြိုးစား၍ ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
"ယန်အာ… ဒီတစ်ခါ အိပ်မက်မဟုတ်ဘူးလေ။ တကယ်ပဲ ပြန်လာပြီ!"
အန်းယန်သည် ရွှယ်အန်းပျောက်ကွယ်သွားမည်ကို အလွန်ကြောက်ရွံ့လှသဖြင့် မျက်လုံးများကို မှိတ်ကာ ချောင်းကြည့်လိုက်သည်။ ရွှယ်အန်းက သူ့လက်ကို ဆန့်တန်း၍ အန်းယန်၏ နှာခေါင်း ညင်သာစွာ ညှစ်လိုက်သည်။
“မယုံသေးဘူးလား။ တကယ်ပဲ ကိုယ်ပါ”
အန်းယန်သည် ကုတင်ပေါ်မှထ၍ ရွှယ်အန်း၏ ရင်အုပ်ကျယ်ကြီးအတွင်းသို့ ပြေးဝင်မှေးစက်လိုက်သည်။ ရွှယ်အန်းကမိမိကိုယ်မိမိ အပြစ်တင်စိတ်များအပြည့်ဖြင့် သူမ၏ တုန်ရီနေသော ကျောကို ပွတ်သပ်ပေးလိုက်သည်။
ထိုအချိန်တွင် အန်းယန်သည် ရွှယ်အန်း၏ ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ကိုက်လိုက်၏။
ရွှယ်အန်းက အနည်းငယ်နာကျင်သွားသော်လည်း ရယ်ရုံသာရယ်လိုက်သည်။
"မိန်းမ၊ တကယ် ကိုယ်ပါ။ ဒီတစ်ခါတော့ လွဲမှားနေတာ မဟုတ်ပါဘူး”
ဤစကားများကို ကြားလိုက်ရသည်နှင့် အန်းယန်က ကျယ်လောင်စွာ ငိုကြွေးလိုက်သည်။ ငိုနေစဉ်တွင် သူမက ရွှယ်အန်း၏ ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ရိုက်လိုက်၏။
"ဘာလို့အခုမှပြန်လာတာလဲ... လေးနှစ်... လေးနှစ်ရှိပြီ... သူတို့က နင်သေသွားပြီလို့ ပြောပေမယ့် ငါမယုံဘူး၊ နင်ငါ့ကို အပျော်ရွှင်ဆုံး သတို့သမီးဖြစ်အောင် လုပ်ပေးမယ်လို့ ကတိပေးခဲ့တယ်။ နင်က လူလိမ်ကြီး။ လူလိမ်ကြီး” အန်းယန်က ဒေါသဖြစ်စွာဖြင့် ပြောလိုက်၏။
ရွှယ်အန်းက သူ့ခန္ဓာကိုယ်ကို လက်သီးဖြင့် ထိုးခွင့်ပြုထားကာ မျက်နှာထက်တွင် ဝမ်းနည်းမှုများမှတပါး အခြားမည်သည့်အရာမျှမရှိနေပေ။
"ဒီလေးနှစ်အတွင်းမှာ ဖြစ်ပျက်ခဲ့တာက တော်တော်ရှည်ပါတယ်။ ကိုယ်မင်းကို အကုန်ပြောပြမယ်”
ရွှယ်အန်းက စကားမဆုံးနိုင်လိုက်ခင်တွင် အန်းယန်သည် နှုတ်ခမ်းဖူးဖူးလေးများဖြင့် ဖိနမ်းလိုက်သည်။
ဤအခိုက်အတန့်တွင် အနှစ်သုံးထောင်ခန့် နောက်ပြန်ဆုတ်သွားပုံရသည်။ ရွှယ်အန်း၏အကြည့်သည် အန်းယန်ကို ပထမဆုံးတွေ့သည့်အချိန်သို့ ပြန်သွားသကဲ့သို့ တဖြည်းဖြည်း ပျော့ပြောင်းသွားသည်။
ငိုသံများ၊ ဝမ်းနည်းမှုများ တဖြည်းဖြည်း ပျောက်သွားသည်။ ကျန်ရှိနေသည်မှာ အဆုံးမဲ့ချစ်ခြင်းမေတ္တာမျှသာဖြစ်၏။ ဤအနမ်းသည် ရာစုနှစ်တစ်ခုအထိ ရှည်လျားသော်လည်း မျက်စိတစ်မှိတ်စာမျှ တိုတောင်းသည်။
"ဖေဖေ ဘာလုပ်နေတာလဲ"
အန်းယန် တောင့်တင်းသွားပြီးနောက် အိပ်ယာမှ နိုးထလာသော မိန်းကလေးနှစ်ယောက်ကို ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။ မွေးကတည်းက အန်းယန်က ၎င်းတို့ကို တစ်ကြိမ်မျှ မတွေ့ခဲ့ဖူးပေ။
လေးနှစ်။
မိခင်တစ်ဦးအတွက်၊ ဤအရာသည် မယုံကြည်နိုင်ဖွယ်ကောင်းလောက်စွာ ရက်စက်လွန်းလှသည်။ အန်းယန်သည် ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့၏ ပါးပြင်လေးများကို ၏ပါးပြင်များကို တုန်ရီသောလက်များဖြင့်ညင်သာစွာထိလိုက်သည်။
"ညီမ ဘယ်သူလဲ၊ အစ်မ ဘယ်သူလဲ"
"သမီးက အစ်မကြီးပါ!" ရွှယ်ရှန်းက ပြောသည်။
"သမီးက ညီမလေး” ရွှယ်နျန်က ပြောသည်။
အန်းယန်က ခါးသီးမှုများပြည့်နှက်စွာဖြင့် ပြုံးလိုက်သည်။
"အန်တီက သမီးတို့ မေမေလား” ရွှယ်ရှန်းက မဝံ့မရဲ မေးသည်။
အန်းယန်က ပြင်းပြင်းထန်ထန် ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်။ သမီးတို့မေမေပါ”
ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့သည် အန်းယန်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ဝမ်းနည်းစွာဖြင့် ပြော၏။
“မေမေ၊ မေမေက ဘာလို့ သမီးတို့ကို လာမရှာတာလဲ။ မေမေက သမီးတို့ကို မလိုချင်ဘူးလို့ ထင်နေတာ”
အန်းယန်က ခေါင်းခါယမ်းလိုက်၍ အပြစ်ရှိသကဲ့သို့ ခါးသီးသည့် မျက်နှာဖြင့် ပြောသည်။
“မေမေက သမီးတို့ကို မလိုချင်ပဲ နေမလား။ မေမေနေ့တိုင်းအလွမ်းဆုံးက သမီးတို့ပဲ”
သူမက ဤသို့ပြော၍ အင်္ကျီအိပ်ကပ်ထဲမှ ကြွေရုပ်နှစ်ရုပ်ကို ထုတ်ယူလိုက်သည်။
“မေမေ သမီးတို့ကို လွမ်းတဲ့အခါ ဒါတွေ အမြဲထုတ်ကြည့်တယ်။ ကြည့်လေ ကျစ်ဆံမြီးတစ်ခုတည်းပါတဲ့သူက ရှန်းရှန်း၊ ကျစ်ဆံမြှီးနှစ်ခုပါတဲ့သူက နျန်နျန်ပဲ”
အခန်း(၁၄၉) လူတစ်ဦးက နယ်မြေတစ်ခုလုံးကို အနိုင်ယူခြင်း
ကြွေရုပ်လေးနှစ်ရုပ်သည် အန်းယန်၏ ဆန္ဒအားလုံးကို ပုံဖော်ထားသည်။ ရွှယ်အန်း၏ မျက်လုံးများထဲတွင် မျက်ရည်များအနည်းငယ်ဝဲကာ နှလုံးသားထဲနာကျင်သွားပြီးနောက် ခပ်ပါးပါးရယ်လိုက်သည်။
"ကောင်းပြီ မေမေ ပြန်လာပြီ။ ရှန်းရှန်း နျန်နျန် သမီးတို့ ပျော်ကြလား”
ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့က အတူတူ ခေါင်းညိတ်ပြလိုက်သည်။
"ပျော်တယ်"
"နေ့လယ်ကျရင် ဖေဖေ သမီးတို့အတွက် အရသာရှိတဲ့ ထမင်းဟင်းချက်ပေးမယ်။ အဲ့တာက ဒီ့ထက်ပိုပြီး စိတ်လှုပ်ရှားစရာမကောင်းဘူးလား”
ရွှယ်နျန်၏ မျက်လုံးများ ပြူးကျယ်သွားကာ အားတက်သရောခေါင်းညိတ်လိုက်သည်။
"အင်း အင်း သမီးအခု အရမ်းပျော်နေပြီ”
ရွှယ်ရှန်းက မျက်မှောင်ကြုတ်၍ သူ့ညီမ၏ ခေါင်းကို ပုတ်လိုက်သည်။
"နင်က စားဖို့ပဲ စဥ်းစားနေတာပဲ"
ဒီမြင်ကွင်းက အန်းယန်ကိုလည်း ရယ်မောစေသည်။
"ဟင်းချက်မယ်။ ချစ်ဇနီး ဘာစားချင်လဲ" ရွှယ်အန်းက ရွှင်မြူးစွာ မေးလိုက်သည်။
အန်းယန် မတ်တပ်ရပ်လိုက်၏။
“ငါလုပ်ပါရစေ၊ နင် ဟင်းမချက်တတ်ပါဘူး”
အတူတူရှိစဉ်က ဟင်းအများဆုံးချက်သူမှာ အန်းယန်ဖြစ်သည်။
ရွှယ်အန်းက ခေါင်းခါလိုက်၏။
"ဒီစားဖိုမှူးကြီးကို မင်း ဘယ်လောက်တောင် လျှော့တွက်ထားတာလဲ၊ အနတ္တစကြဝဌာတစ်ခွင်မှာ နံပါတ်တစ် စားဖိုမှူးက ဘယ်လိုပုံစံလဲဆိုတာ ကိုယ်ပြမယ်”
မီးဖိုချောင်ထဲတွင် ရွှယ်အန်းသည် မီးဖိုချောင်သုံးဓားကို အလှပြလှည့်ကာ သူ၏ကျွမ်းကျင်မှုကို ပြသလိုက်သည်။ ဟင်းမျိုးစုံကိုလည်း အားစိုက်ထုတ်မှုကင်းမဲ့စွာဖြင့် ပြင်ဆင်ခဲ့သည်။ အန်းယန်သည် တံခါးဘောင်ကို မှီ၍ ငြိမ်သက်စွာ ကြည့်နေ၏။ ကလေးမလေးနှစ်ယောက်က ဧည့်ခန်းထဲတွင် တီဗီကြည့်နေကြသည်။
ရုပ်မြင်သံကြားအသံနှင့် အစားအစာ၏ရနံ့တို့ ရောနှောသွားသောအခါ အိမ်ဟုခေါ်သော နွေးထွေးမှုကို ဖန်တီးပေးသည်။ အန်းယန်က သူ့မျက်လုံးတွေကိုမှိတ်၍ တိတ်တဆိတ် တွေးနေလျက်ရှိသည်။
‘ဒါက အိပ်မက်ဖြစ်နေရင်တောင် ငါလက်ခံနိုင်ပြီ’
ထို့နောက်တွင် ရွှယ်အန်းသည် သူမ၏နားသို့ရောက်လာ၏။
"မင်းမျက်လုံးကိုဖွင့်ကြည့်လိုက်တော့… ဒါကဘာလဲ"
အန်းယန်က ဖြည်းညှင်းစွာ မျက်လုံးဖွင့်လိုက်ရာ ရွှယ်အန်း၏လက်ထဲတွင် တောက်ပနေသော သွေးပုလဲကို မြင်လိုက်ရသည် ။
"ကြိုက်လား" ရွှယ်အန်းက ခပ်ပါးပါးပြုံး၍ ပြောလိုက်သည် ။ အန်းယန်က ခေါင်းညိတ်လိုက်၏။ ရွှယ်အန်းသည် သွေးပုလဲကို လည်ဆွဲအဖြစ် ဖန်တီးခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။
"လာပါ။ ကိုယ်မင်းကို ဆွဲပေးမယ်”
ဒါကိုပြော၍ ရွှယ်အန်းက လည်ဆွဲကို အန်းယန်၏ လည်ပင်းတွင် ဆွဲပေးလိုက်သည်။ သွေးပုလဲသည် အန်းယန်၏ နူးညံ့သော ညှပ်ရိုးထပ်တွင် ချည်နှောင်၍ တောက်ပစွာ လှပနေသည်။ ရွှယ်အန်းက ၎င်းကိုကြည့်၍ အတန်ငယ် စွဲမက်သွားသောအမူအရာဖြင့် ပြောလိုက်သည်။
"အရမ်းလှတယ်"
ခေါင်းငုံ့ထားလျက် ရှက်ရှက်ဖြင့် အန်းယန်၏ မျက်နှာတစ်ပြင်လုံး နီရဲလာသည်။
"အင်း၊ စားစရာတွေတူးကုန်ပြီ”
ရွှယ်အန်းရုတ်တရက် ပူလောင်နေသော အနံံအသက်များကို ရလိုက်ပြီးနောက် ဟင်းကို ပြန်အဖက်ဆယ်ရန် လှည့်ကြည့်လိုက်သည်။ အန်းယန်သည် ရွှယ်အန်း အလုပ်ရှုပ်နေသည့်ပုံကို ကြည့်၍ နှလုံးသားထဲတွင် မကြုံစဖူးသော လုံခြုံမှုကို ခံစားလိုက်ရသည်။
‘သူပြောင်းလဲသွားပြီ’
‘သူရင့်ကျက်ပြီး သတ္တိရှိလာတယ် ဒါပေမယ့် မပြောင်းလဲသေးဘူး’
မပြောင်းလဲသော ရာမှာ သူမအပေါ်ထားသည့် ခံစားချက်များပင်ဖြစ်သည်။ မျက်လုံးများက လိမ်ညာ၍မရပေ။
"ကောင်းပြီ ညစာ အဆင်သင့်ဖြစ်ပြီ"
ရွှယ်အန်းသည် ပန်းကန်များအားလုံးကို စားပွဲသို့ ယူဆောင်လာကာ မိသားစုနှင့်အတူ ထိုင်ကြသည်။
"ခဏစောင့်"
ရွှယ်အန်က ပြတင်းပေါက်မှ မီးရှူးမီးပန်းများ ချိတ်ဆွဲကာ လသာဆောင်သို့ ထွက်လာခဲ့သည်။
မီးရှူးမီးပန်းများကို ထွန်းညှိလိုက်သောအခါ ပေါက်ကွဲသံများက လေထုကို အသက်ဝင်လာစေသည်။ မီးရှုးမီးပန်းများဖောက်ပြီးသောအခါ ရွှယ်အန်းသည် စားပွဲသို့ ပြန်သွားလိုက်၏။
“ကိုယ့်ချစ်ဇနီးလေးကို အိမ်ကနေကြိုဆိုပါတယ်”
ရွှယ်အန်းနှင့် အန်းယန်တို့သည် နှစ်ရှည်လများ စောင့်မျှော်ခဲ့ရသော ပြန်လည်ဆုံစည်းခြင်း၏ နွေးထွေးမှုနှင့် ပျော်ရွှင်မှုတို့၌ ကြည်နူးနေသကဲ့သို့ဖြစ်နေကြချိန်တွင် သိုင်းပညာလောက၏ လျှို့ဝှက်အင်မော်တယ်ဂိုဏ်းများသည်မူ ရုတ်ရုတ်သဲသဲဖြစ်လျက်ရှိ၏။
ပထမဆုံးသော ထိတ်လန့်စရာသတင်းမှာ ရွှယ်အန်းသည် အင်မော်တယ်ညီလာခံတွင် စုစည်းလာကြသည့် အင်မော်တယ်ဂိုဏ်းတပည့်များစွာကို သတ်ပစ်လိုက်ခြင်းဖြစ်သည်။ ဂိုဏ်းငယ်တစ်ချို့သည် အပြီးသတ်သုတ်သင်ခြင်းခံခဲ့ရကာ ကြီးမားသော ဂိုဏ်းခွဲများကလည်း အကြီးအကျယ် ဆုံးရှုံးမှု ကြုံတွေ့ခဲ့ရသည်။
ထုံးစံအတိုင်းပင် ဤအရာက ကိစ္စများကို လှိုင်းဂယက်ထလာစေသည်။ များစွာသော ဂိုဏ်းကြီးများသည် ရွှယ်အန်းကို မသတ်နိုင်မချင်း ငြိမ်မခံဘဲ တုံ့ပြန်ကြရန် မသတ်မချင်း ငြိမ်မခံဘဲ တုံ့ပြန်ရန် ဆောင်ရွက်ကြသည်။ မြောက်ပိုင်းတွင် ယွမ်ချန်ယွီသည် ကုလားထိုင်ပေါ်တွင် လူသတ်ချင်စိတ်အပြည့်ဖြင့် ထိုင်နေသည်။
သူ့လက်ထဲတွင် ယွမ်မိသားစု အကြီးအကဲအများအပြား ထိုင်နေကြဆဲဖြစ်သည်။
လေထုက အတန်ငယ်ဖိစီးနေသည်။
ဘမ်း
တစ်စုံတစ်ယောက်သည် ဒေါသတကြီးဖြင့် စားပွဲပေါ်သို့ လက်ဖြင့် ရိုက်ချလိုက်သည်။
"ငါတို့ ယွမ်မိသားစုက ဒီလောက် အရှက်ကွဲဖူးလား။ ကျုံးဖုန် က ငါတို့ ဂရုတစိုက် ပြုစုပေးခဲ့တဲ့ ဆက်ခံသူပဲကို ဒီလိုလွယ်လွယ်နဲ့ အသတ်ခံလိုက်ရတာလား။ မဖြစ်ဘူး။ ဒီကိစ္စအတွက် ငါတို့ လက်စားချေရမယ်”
ဤသို့ ပြောလာသူမှာ ယွမ်အကြီးအကဲဖြစ်သည်။ သူ၏ စကားသည် အခြားသူများထံမှ သဘောတူညီမှုများစွာရရှိခဲ့သည်။
"မှန်တယ် အတိအကျပဲ”
"ရွှယ်အန်းတစ်ယောက်တည်းက အင်မော်တယ်ဂိုဏ်းတွေရဲ့ တပည့်အားလုံးကို သတ်ခဲ့တယ် ဆိုတဲ့ ကောလဟာလတွေကို ကျွန်တော် မယုံဘူး။ ဒါ ဟာသတစ်ခုပဲ”
လူအုပ်ကြီးက ဝိုင်း၍ ဆွေးနွေးကြသည်။ ယွမ်ချန်ယွီ၏မျက်နှာသည် ရေကဲ့သို့ ငြိမ်သက်လျက်ရှိကာ ခဏအကြာတွင်မှ ဆက်ပြော၏။
"အခြားဂိုဏ်းတွေက ဘယ်လိုတုံ့ပြန်ကြလဲ”
"ဒုက္ခဇဥ်ဘုရားကျောင်းက တိတ်ဆိတ်နေပြီး ညနတ်ဆိုးတောင်ကြားက အသံမထွက်ဘူး၊ ရှု့ယာကျွန်းကပဲ လက်စားချေဖို့ အော်နေတာ"
"လူတော်တော်များများက သူတို့တောင်ဘေးကင်းအောင်လို့ ကျားတွေ တိုက်ခိုက်နေတာကို စောင့်ကြည့်နေပုံရတယ်”
“ရွှယ်အန်းတစ်ယောက်က တကယ်ကို ကြောက်စရာကောင်းပေမယ့်၊ သူက ကျားမျိုးလို့ မထင်ဘူး”
လူအများက ခေါင်းညိတ်လိုက်ကြသည်။ ထိုအချိန်တွင် ဂိုဏ်းသားတစ်ယောက်က မျက်နှာဖြူဖျော့လျက် ခြေလှမ်းကြဲများလှမ်းကာ တဟုန်ထိုး ပြေးဝင်လာသည်။
"မိသားစုအကြီးအကဲ"
ယွမ်ချန်ယွီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
“ဘာလဲ။ ဘာလို့ ဒီလောက် ကြောက်လန့်နေတာလဲ။ ဘာဖြစ်တာလဲ”
ထိုဂိုဏ်းသားက ပြင်းပြင်းထန်ထန် တံတွေးမျိုချလိုက်ပြီးနောက်မှ တုံ့ဆိုင်းနေသည်။
“ဘာဖြစ်တာလဲ။ ပြော” ယွမ်ချန်ယွီသည် လက်ဖက်ရည်တစ်ခွက်ကို ကောက်ယူ၍ ဖြည်းညှင်းစွာ ငုံလိုက်သည်။
သို့မှသာလျှင် ထိုဂိုဏ်းသားသည် အံကို ကြိတ်၍ ပြော၏။
“မိသားစုအကြီးအကဲဆီတင်ပြပါတယ်။ ကျွန်တော်တို့ လသာဆောင်ဂိုဏ်းတစ်ခုလုံး ပျက်ဆီးသွားပြီလို့ သတင်းကြားတယ်”
“လသာဆောင် ပျက်သွားပြီဟုတ်လား။ ဘာကို ဆိုလိုတာလဲ” ယွမ်ချန်ယွီက အဓိပ္ပါယ်ကို နားမလည်နိုင်သေးပေ။
ဂိုဏ်းသား၏ မျက်နှာသည် ပြာမှုန်လာ၏။
“ဆိုလိုတာက… လသာဆောင်ဂိုဏ်း… မရှိတော့ဘူး”
ယွမ်ချန်ယွီ၏ အမူအရာသည် တဖြည်းဖြည်း ခိုင်မာလသည်။
“မရှိတော့ဘူးဟုတ်လား”
ဂိုဏ်းသားက ထိတ်လန့်တကြားခေါင်းညိတ်ပြလိုက်သည်။
“လသာဆောင်ဂိုဏ်း မရှိတော့ဘူး။ အဲ့နေရာရှိတဲ့ တောင်ကြီးတောင်မှ…”
“တောင်ကြီး ဘာဖြစ်သွားတာလဲ” ယွမ်ချန်ယွီက လေးနက်သောအသံဖြင့် မေးလိုက်သည်။
“တောင်ကြီးက မြေပြန့်အဖြစ်ပြောင်းသွားပြီ”
တက်ရောက်လာသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
“မင်း ရူးနေပြီလား။ တောင်ကြီးက ဘယ်လိုလုပ် မြေပြန့်ဖြစ်သွားမှာလဲ။ တစ်ညတည်းနဲ့ တောင်ကြီးက ခြေထောက်ပေါက်ပြီး ထွက်ပြေးသွားတယ်လို့ ပြောနေတာလား”
ဂိုဏ်းသားက ခါးသက်စွာပြုံးလိုက်သည်။
“ကျွန်တော်လည်း အစက မယုံခဲ့ပေမယ့် ခုတော့ သတင်းက လုံးဝပျံ့နေပြီ။ နောက်ဆုံး တောင်ပေါ်မှာ မြင်လိုက်ရတဲ့သူက… ရွှယ်အန်းတဲ့”
အခန်းသည် တိတ်ဆိတ်ငြိမ်သက်သွားသည်။ ယခင်က ကဲ့ရဲ့ခြင်း၊ မောက်မာခြင်းတို့ဖြင့် ပြည့်နှက်နေသူ အများအပြားသည် ယခုနောက်ဆုံးတွင် ထိတ်လန့်တကြားဖြစ်ကုန်ကြသည်။ လကြည့်ဆောင်ဂိုဏ်းသည် လျှို့ဝှက်အင်မော်တယ်ဂိုဏ်းများကြားတွင် အင်အားအကြီးဆုံးမဟုတ်သော်လည်း ဂိုဏ်းခွဲကြီးတစ်ခု ဖြစ်သည်။ သို့ထိတိုင် တစ်ညတာတည်းဖြင့် တောင်ပင်မကျန်ခဲ့ပေ။
‘ဒါက ဘယ်လိုတောင် ကြောက်ဖို့ကောင်းတဲ့ စွမ်းအားမျိုးလဲ’
အချိန်ခဏအကြာတွင် ယွမ်ချန်ယွီက ခြောက်ကပ်နေသောအသံဖြင့် ပြောလိုက်သည်။
“အခု လူစုခွဲကြရအောင်၊ ဒီကိစ္စက ရေရှည်စဥ်းစားဖို့ လိုတယ်ထင်တယ်”
ယွမ်မိသားစုသာမက သတင်းများပျံ့လာသည်နှင့် လက်စားချေလိုသော ဂိုဏ်းကြီးများနှင့် မိသားစုကြီးများအားလုံး တိတ်ဆိတ်ကုန်ကြသည်။ ၎င်းတို့၏ နှလုံးသားများတွင် ကြောက်လန့်မှုများဖြင့် ပြည့်နေ၏။
‘ရွှယ်အန်းက ဘယ်လို နည်းလမ်းမျိုးကို သုံးပြီး တောင်ကြီးတစ်ခုလုံး ပျောက်သွားအောင်လုပ်လိုက်တာလဲ’
ဤတိတ်ဆိတ်မှုသည် သိုင်းပညာလောကသို့ ထူးဆန်းသော အခြေအနေတစ်ခုကို သယ်ဆောင်လာသည်။
ရွှယ်အန်းအကြောင်းကို မည်သူမျှ မပြောဝံ့ကြတော့ဟု ထင်ရသည်။ ဤအရာကလည်း လူအများကို အံ့သြထိတ်လန့်သွားစေသည်။
‘ရွှယ်အန်းသည် သိုင်းပညာလောကတစ်ခုလုံးကို တစ်ယောက်တည်း လွှမ်းမိုးတော့မည်လော’
ထိုအချိန်တွင် လင်နန်ရှိ ယွမ်မိသားစု၏ အခြေအနေသည်လည်း အနည်းငယ်ထူးဆန်းနေသည်။
“မစ္စတာရွှယ် ထွက်သွားပြီးတည်းက ပြန်မလာသေးဘူးလား” ယွီလန်က သက်ပြင်းချ၍ ပြောသည်။
ယွီရန်က ခေါင်းညိတ်လိုက်သည်။
“သမီး မာချန်ကို မေးပြီးသွားပြီ။ သူပြန်မလာသေးဘူး”
ထို့နောက် ယွီလန်သည် ခံစားချက်ကင်းမဲ့နေသော အမူအရာဖြင့် ရှီရွှယ်ချင်းကို ကြည့်လိုက်သည်။
“မိန်းကလေး ရှီ၊ မစ္စတာရွှယ် ဘယ်ရောက်သွားလဲသိလား”
အခန်း(၁၅၀) အကြွေးသိမ်းရန် ကျုံးတုသို့သွားခြင်း
ဤအခိုက်အတန့်တွင် ရှီရွှယ်ချင်း၏နှလုံးသားသည် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။
ရွှယ်အန်းက သူမကို အလွန်အမင်း အံ့အားသင့်စေခဲ့သည်။ အင်မော်တယ်ဂိုဏ်းများ၏ တပည့်များကို ချေမှုန်းပစ်ခဲ့ခြင်းကပင် အလွန်ကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်သည်။ မမျှော်လင့်ထားစွာဖြင့်
လသာဆောင်ဂိုဏ်းကဲ့သို့သော ဂိုဏ်းကြီးတစ်ခုပင်လျှင် ရွှယ်အန်း၏ ဖျက်ဆီးခြင်းကို ခံခဲ့ရ၏။
ဤသို့တွေး၍ ရှီရွှယ်ချင်း၏ ခံစားချက်များ ရှုပ်ထွေးလာသည်။ နူးညံ့သိမ်မွေ့သော အတွေးအမြင်ရှိသူဖြစ်သောကြောင့်၊ သဲလွန်စများမှခန့်မှန်းလျှင် မိန်းမတစ်ယောက်ကသာ ရွှယ်အန်းကို ဤမျှထိ ရူးသွပ်သွားစေခဲ့ခြင်းဖြစ်သည်မှာ သေချာသည်။ ရွှယ်အန်းကဲ့သို့သောသူကို ရူးသွပ်သွားစေနိုင်သည်အထိ မည်သူက ကံကောင်းနိုင်လိမ့်မည်ကို သူမ တွေးနေမိသည်။
ရှီရွှယ်ချင်းက သဘောကျစွာဖြင့် သက်ပြင်းချနေချိန်တွင် ယွီလန်၏ စကားများက သူမကို အသိစိတ်ပြန်ဝင်လာစေ၏။
“ ကျွန်မလည်း မသိဘူး။ ဒါပေမယ့် ယွီမိသားစုအကြီးအကဲ၊ မစ္စတာရွှယ်လိုလူမျိုးက ကောင်းကင်ဘုံပေါ်က နတ်နဂါးလိုမျိုးပါပဲ။ သူ့ကို လိုက်မရှာပါနဲ့လို့ အကြံပေးပါရစေ”
ယွီလန်၏ မျက်နှာသည် အနည်းငယ် အရောင်ပြောင်းသွား၏။
“မိန်းကလေးရှီပြောတာ မှန်ပါတယ်”
ထိုအချိန်တွင် တစ်စုံတစ်ယောက်က တုန်လှုပ်ချောက်ချားစွာ ဝင်လာသည်။
"မိသားစုခေါင်းဆောင်၊ မိုးနတ်ဘုရားကျောင်းမှာ တစ်ခုခုဖြစ်သွားပြီ"
"အိုး ဘာဖြစ်တာလဲ" ယွီလန်ရုတ်တရက် ထရပ်လိုက်သည်။
သူစိုးရိမ်နေသည်မှာ အခြားဂိုဏ်းများ၏ အမျက်ဒေါသက ယွီမိသားစုကို ဦးတည်လာမည်ကိုသာဖြစ်သည်။
"ဆရာကိုယ်တိုင် သွားကြည့်တာ ပိုကောင်းမယ်"
မိုးနတ်ဘုရားကျောင်းသို့ ရောက်သောအခါ ယွီလန်လည်း ထိတ်လန့်သွားသည်။ ကြီးမားလှသော ဓားချီသည် မိုးနတ်ဘုရားကျောင်းကို ထက်ဝက်ခွဲထားကြောင်း သူမြင်လိုက်ရ၏။ ဓားချီဖြတ်ထားသော ကတုတ်ကျင်းထဲတွင် အလောင်းတစ်လောင်းရှိနေသည်။
“နတ်ဆိုးဓားရှည်ကိုင်တဲ့သူ… ဒီလူက ဟ-နိုင်ငံက ကျင်းချန်ဆောင် နတ်ဆိုးဓားသခင်လေးပဲ”
လွန်ခဲ့သောနှစ်နာရီခန့်က ကျန်းချန်ဆောင်သည် မိုးနတ်ဘုရားကျောင်း၏ ပင်မခန်းဆောင်ထဲသို့ ဝင်ရောက်လာခဲ့သည်။ သူဝင်လိုက်သည်နှင့် ခန်းမအတွင်းရှိ ရုပ်ထုသည် အနည်းငယ် တုန်လှုပ်သွားသည်။
ကျင်းချန်ဆောင်သည် ရုပ်တုကို မျှော်ကြည့်ကာ လောဘကြီးစွာဖြင့်နှုတ်ခမ်းကို လျှာဖြင့်သပ်၍
“နတ်သမီးလေး၊ အရမ်းကြောက်နေစရာမလိုပါဘူး။ ငါ မင်းကို ဟ-နိုင်ငံကို ပြန်ခေါ်သွားပြီး ပျော်စရာနေ့ရက်တွေကို ဖြတ်သန်းဖို့ပါ”
ထိုသို့ပြောကာ ကျင်းချန်ဆောင်သည် သူ၏ နတ်ဆိုးဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။
နတ်ဆိုးဓားရှည်ကို ကိုင်ဆောင်သည့် သခင်လေး။
ဤဓားသည် နှစ်တစ်ထောင်ကျော်ကြာသမိုင်းရှိသည်ဟု ဆို၍ရသည်။ ထူထဲပြင်းထန်သော နတ်ဆိုးရောင်ဝါသည် ခန်းမတစ်ခုလုံးသို့ ပျံ့နှံ့လာသည်။ ရုပ်ထုသည်လည်း ပို၍ ပြင်းထန်စွာတုန်လှုပ်သွား၏။ ကျန်းချန်ဆောင်က အေးစက်စွာရယ်မောလိုက်သည်။
“ရုန်းကန်မနေနဲ့၊ ငါသိချင်နေတယ်၊ မင်းလို အားနည်းတဲ့ နတ်ဘုရားက အခုအချိန်အထိ ဘယ်လို ရှင်သန်နေခဲ့တာလဲ"
စကားပြောပြီးနောက် ကျင်းချန်ဆောင်သည် သူ့ဓားကို ခုတ်ပိုင်းချလိုက်၏။ သို့သော် လမ်းတစ်ဝက်၌ပင် ဓားစွမ်းအင်တစ်ခုက ရုပ်ထု၏ မျက်ခုံးနှစ်ခုကြားမှ ထွက်ပေါ်လာသည်။
အလွန်ပြင်းထန်စူးရှလွန်းသော ဓားစွမ်းအင်အောက်တွင် ခန်းမတစ်ခုလုံးအေးခဲသွားပုံရသည်။ ကျန်းချန်ဆောင်၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားပြီးနောက် ထွက်ပြေးရန် လှည့်ထွက်လာလိုက်သည်။
သို့သော် အလွန်နောက်ကျသွားပြီဖြစ်၏။ ဤဓားစွမ်းအင်သည် ကောင်းကင်မှ ဆင်းသက်လာသော ဓားချက်တစ်ခုကဲ့သို့ သူ့ကို နှစ်ခြမ်းခုတ်ပိုင်းပစ်လိုက်သည်။ သို့ထိသာမက ဓား၏အရှိန်သည် မှေးမိန်မသွားသဖြင့် မိုးနတ်ဘုရားကျောင်းတစ်ခုလုံးကို ထက်ခြမ်းပိုင်းချလိုက်ပြီးမှ တဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်။ မိုးနတ်ဘုရား ဘုရားကျောင်းကို စောင့်ကြပ်ရန် တာဝန်ပေးသော အိမ်အကူများသည် ဆူညံသံကိုကြား၍ ပြေးထွက်လာသောအခါ၊ ပြင်းထန်လှသော နတ်စွမ်းအင်ကို မြင်လိုက်ကြရ၏။ လူများစွာသည် နေရာ၌ပင် ဒူးထောက်ချလျက် မိုးနတ်ဘုရားနိုးကြားလာသည်ဟူသော ယုံကြည်စိတ်ဖြင့် အဆက်မပြတ် ဦးညွတ်ခဲ့ကြသည်။ ယွီမင်က သတင်းကြား၍ အလျင်အမြန်ပြေးလာကာ စစ်ဆေးရန် ငုံ့ကြည့်လိုက်ပြီးနောက် လေးနက်စွာပြောလိုက်သည်။
“ဒါ မစ္စတာရွှယ်ရဲ့ ဓားစွမ်းအင်ပဲ”
ယွီလန်က သက်ပြင်းတစ်ချက်ချလိုက်သည်။
"သားလည်း အဲ့လို ထင်လိုက်တာ ဒါပေမယ့် မသေချာဘူး။ အဲဒါကြောင့် လာကြည့်ဖို့ ခေါ်လိုက်တာ”
ယွီမင်၏ မျက်နှာပေါ်တွင် လေးစားမှုပုံရိပ်များပေါ်လာသည်။ အမှန်ပင် ရွှယ်အန်းသည် ယွီမိသားစု၏ ဘိုးဘေးဟောင်းကို သတ်ခဲ့ပြီးဖြစ်သော်လည်း ၎င်းသည် မျှတလှသည်။ အရည်အချင်းနိမ့်ပါးခြင်းနှင့် ပတ်သက်၍ ပြောနေရန် ခပ်များများမရှိပေ။ ထို့အပြင် အင်မော်တယ်ညီလာခံတွင် ရွှယ်အန်းက အနည်းငယ်ညွှန်ကြားရုံဖြင့် ယွီမင်၏ အရှုံးကို အနိုင်အဖြစ်ပြောင်းလဲနိုင်ခဲ့သည်။ ယင်းကြောင့် ယွီမင်သည် သူ့ကို ပို၍ပင် လေးစားလာသည်။
ယခုမူ ယွီမင်၏ နှလုံးသားထဲတွင် ရိုသေမှုမှတပါး အခြားမရှိတော့ပေ။ သူ့ဘဝတစ်လျှောက်လုံး ဤပုဂ္ဂိုလ်ကို ငေးကြည့်နေရုံသာ တတ်နိုင်တော့မည်ကို သူသိသည်။ သို့သော် ရှီရွှယ်ချင်းက အလွန် ကြည်နူးလျက်ရှိ၏။ ဤဓားစွမ်းအင်တစ်ခုတည်းဖြင့် အင်မော်တယ်ဂိုဏ်းမှ နာမည်ကျော် တပည့်ကို သတ်ပစ်နိုင်ခဲ့သည်။
‘ရွှယ်အန်းရဲ့ ကျင့်ကြံရေးအဆင့်က ဘယ်လောက်တောင် မြင့်တာလဲ’
အပြင်လောကတွင် ရွှယ်အန်းနှင့်ပတ်သက်၍ အုတ်အော်သောင်းတင်းဖြစ်နေဆဲဖြစ်သော်လည်း ရွှယ်အန်းသည်မူ ဇနီးဖြစ်သူနှင့် ပေကျန်းတွင် အတူချစ်စဖွယ်ဘဝကို နေထိုင်လျက်ရှိသည်။
ညအချိန်။
သမီးနှစ်ယောက်လုံး အိပ်ပျော်နေပြီဖြစ်ရာ၊ ရွှယ်အန်းနှင့် အန်းယန်တို့သည် လသာဆောင်တွင် ကြယ်များကိုကြည့်နေကြသည်။ ညကောင်းကင်ယံတွင် မှိတ်တုတ်မှိတ်တုတ်ကြယ်များဖြင့် ဖုံးလွှမ်းနေ၍ ရွှယ်အန်းသည် လွန်ခဲ့သောနှစ်ပေါင်းသုံးထောင်က အဖြစ်အပျက်များကို အကြမ်းဖျင်းပြန်ပြောပြနေသည်။ ရွှင်မြူးဖွယ်အပိုင်းများသို့ရောက်သောအခါ အန်းယန်သည် နောက်သို့ ငုံ့သွားသည်အထိ ရယ်မောကာ ရင်ခုန်ဖွယ်ကောင်းသော အခိုက်အတန့်သို့ ရောက်သောအခါ သူမ၏မျက်နှာသည် ဖြူဖျော့သွား၏။
အဆုံး ရွှယ်အန်းက နူးညံ့စွာပြောလိုက်၏။
“ကိုယ်အဆုံးမဲ့ တာအိုကို လေ့ကျင့်ခဲ့တုန်းက နှလုံးသားနတ်ဆိုးကြောင့် ကိုယ့်လမ်းကြောင်း ပျက်ဆီးသွားရတယ်။ ဒါပေမယ့် ကိုယ် ကမ္ဘာမြေကို ပြန်လာခဲ့ရတယ်။ ဒါက အကြမ်းဖျင်းဖြစ်ပျက်သွားတာအကုန်ပါပဲ”
ရွှယ်အန်း လုံခြုံကြောင်း သိထားသော်လည်း အန်းယန်က စိုးရိမ်စိတ်ကြောင့် လက်သီးများကို ကျစ်ကျစ်ပါ ဆုပ်ထားသည်။ ရွှယ်အန်းက ပြုံးလိုက်ပြီးနောက် မေး၏။
“အခု မင်းအကြောင်းပြောပြ၊ လသာဆောင်ဂိုဏ်းကို ဘယ်လိုရောက်နေတာလဲ”
အန်းယန်က ခေါင်းငုံ့လျက် ဆိတ်ငြိမ်သွားသည်။
ရွှယ်အန်း၏ လက်က သူမ၏ ဆံနွယ်များကို နူးညံ့စွာ ပွတ်သပ်ပေးလိုက်၏။
“မပြောချင်ရင် ပြောစရာမလိုပါဘူး”
“ကလေးနှစ်ယောက်မွေးပြီးတော့ ငါ့ကို ကျုံးတုကို အတင်းပြန်ခိုင်းကြတာ။ အဲ့တုန်းက အိမ်က ငါ့ကို အကျယ်ချုပ်ချုပ်ထားတယ်။ အိမ်ကနေ ထွက်သွားခွင့်မရဘူး။ တစ်နှစ်လောက်ကြာတော့ အန်းချင်ပြောလို့ သူတို့က ငါ့ကိုလက်ထပ်ပေးဖို့ စီစဥ်နေမှန်းသိလိုက်ရတာ
ရွှယ်အန်း၏ မျက်လုံးများ အနည်းငယ်အေးစက်သွားသော်လည်း ပြုံးမြဲပြုံးလျက်ရှိသည်။
“ငါငြင်းလိုက်တာပေါ့။ နောက်တော့ အန်းချင်က ငါ့ကို ကျုံးတုကနေ ထွက်သွားလို့ရအောင် ကူညီပေးတယ်။ နောက်ပြီးတော့ ငါတစ်ယောက်တည်း ထွက်ပြေးလာတော့တာပဲ”
သူမက ဤစကားများကို ပြောနေစဥ်တွင် ထိုကာလများကို မှတ်မိသွားသကဲ့သို့ သူမ၏ ခန္ဓာကိုယ်တစ်ကိုယ်လုံး သိမ့်သိမ့်တုန်နေသည်။
“ဒီအကြောင်း ထပ်မပြောကြရအောင်။ အခြားကိစ္စပြောကြမယ်”
အန်းယန်က ခေါင်းခါလိုက်သည်။
“နောက်တော့ ငါ ယွဲ့ဝူရှန်နဲ့တွေ့တယ်။ သူက ငါ့မှာ ပါရမီပါတယ်ဆိုပြီး လသာဆောင်ဂိုဏ်းကို ခေါ်လာခဲ့တာ”
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
“မင်းကိုယ်ပေါ်က စည်းချိပ်ကရော။ ပုံမှန်မဟုတ်တဲ့လူတွေနဲ့ ကြုံခဲ့ရသေးလား”
အန်းယန်က ခေါင်းကို မော့၍ ခါယမ်းလိုက်သည်။
“ငါထူးဆန်းတဲ့ဘယ်သူနဲ့မှ မတွေ့ခဲ့ဖူးဘူး။ ယွဲ့ဝူရှန်လည်း အဲ့စည်းချိပ်ကို ဖယ်ပေးဖို့ ကြိုးစားသေးတယ်။ ဒါပေမယ့် ဘာမှအလုပ်မဖြစ်ဘူး။ နောက်ဆုံး သူ…”
“သူဘာဖြစ်သွားလဲ”
အန်းယန်က ခေါင်ငုံ့လိုက်၏။
“သူက ငါ့ကို အခြားဂိုဏ်းတွေဆီ ဆက်သဖို့တောင် ကြံစည်လိုက်သေး…”
ရွှယ်အန်း၏ မျက်လုံးများတွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များပြည့်သွားသည်။
‘အခြားဂိုဏ်းတွေကို ဆက်သမယ်ဟုတ်လား’
‘အန်းယန်ကို လက်ဆောင်တစ်ခုလို သဘောထားနေတာပဲ’
‘တကယ်ကို သေသင့်တယ်’
“အန်း”
“အမ်”
“ငါ့ပေါ်က ဒီစည်းချိပ်က တကယ်မလွယ်ဘူးမလား” အန်းယန်က စိတ်လိုအားရမေးသည်။
ရွှယ်အန်းက ပြုံး၏။
“အဲ့တာက ပြဿနာမကြီးဘူးလို့ ကိုယ်ပြောရင်ရော မင်းက ယုံမှာလား”
အန်းယန်က အနည်းငယ်စိတ်ပျက်လက်ပျက်ဖြင့် ပြန်ပြော၏။
“နင် ဘာပြောပြောငါယုံပါတယ်။ ဒီစည်းချိပ်ကို မဖျက်နိုင်ရင်တောင် ငါတို့ အတူတူ ငါ့တို့သမီးတွေနဲ့ရှိနေရရင် ငါကျေနပ်ပါတယ်”
ရွှယ်အန်းက ခပ်ဖွဖွရယ်လိုက်သည်။
“အရူးမလေး… မင်းရဲ့ယောက်ျားက အင်မော်တယ်အရှင်ပါကွ။ ကိုယ့်ခွန်အားက အပြည့်အဝမဟုတ်သေးပေမယ့် လောကကြီးမှာ ကိုယ့်ကို တားနိုင်တဲ့အရာရှိမယ်လို့ မင်းထင်လား”
“စည်းချိပ်ကို အတင်းချိုးဖျက်လိုက်ရင် မင်းရဲ့ အရိုးအမြစ်ကို ဖျက်ဆီးမိမှာစိုးလို့ပါ။ ဒါပေမယ့် နောင်မှာ အင်မော်တယ်နယ်ပယ်ထဲရောက်ရင် အဲ့တာကိုပြုပြင်လို့မရဘူးလို့ မဆိုလိုဘူး” ရွှယ်အန်းက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
အန်းယန်ကခေါင်းညိတ်လိုက်၏။ သူမသည် အလွန်ရိုးရာကျသော မိန်းကလေးတစ်ဦးဖြစ်သဖြင့် သူနှင့် ရှိခဲ့စဥ်ကတည်းက ရွှယ်အန်းပြောသမျှကို လိုက်နာခဲ့သည်။
“နောက်ပြီး နောက်ရက်နည်းနည်းကြာရင် ကိုယ်တို့ ကျုံးတုကို ပြန်ကြမယ်”
“ကျုံးတုကို ပြန်မယ်ဟုတ်လား”
“ဟုတ်တယ်” ရွှယ်အန်းက ခဏရပ်လိုက်ပြီးနောက် သူ့မျက်လုံးထဲတွင် အေးစက်မှုများထင်ဟပ်လာသည်။
“ကိုယ်တို့ ကျုံးတုကို သွားပြီး အရင်တုန်းက မယူရသေးတဲ့ အကြွေးတွေကို ပြန်ယူရမယ်”