လိုက်လံဖမ်းဆီးခြင်း
Vol. 87 Ch. 861
စုချန်းတယောက် အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် ပျံသန်းနေ၏။ သူ့စိတ်ထဲတွင်ကား အထူးပင် ပျော်ရွှင်လျက် ရှိသည်။
ဤတကြိမ် အဆိပ်တထောင်တောင်သို့ခရီးစဉ်သည် ဆူချန်အတွက် များစွာ အကျိုးအမြတ်ဖြစ်စေခဲ့၏။ သူ့အနေနှင့် ဝိညာဉ်အလင်းကျောင်းတော်၏ စာကြည့်တိုက်ကို လုယက်နိုင်ခဲ့သလို ကံကြမ္မာလက်ချောင်းများအဖွဲ့၏ ဌာနချုပ်ကိုပါ ဝင်ရောက်ခိုးယူနိုင်ခဲ့သေးသည်။
ကံကြမ္မာလက်ချောင်းများအဖွဲ့သည်ကား ကောင်းကင်နိုင်ငံ၏ အင်အားအကြီးဆုံး အကြမ်းဖက်အဖွဲ့အစည်းအဖြစ် နာမည်ကျော်ကြားသည်နှင့် ထိုက်တန်၏။ သူတို့၏ကြွယ်ဝမှုမှာကား အံ့အားသင့်ဖွယ်ရာပင်။ သူတို့၏ ဘဏ္ဍာတိုက်ထဲတွင် အဆင့်မြင့်မူလလက်နက်အမျိုးမျိုးကို သိုလှောင်ထားလျက်ရှိသည်။ စုချန်းအနေနှင့် ဤပစ္စည်းများအားလုံးကို အသုံးမပြုနိုင်သည့်တိုင် အချုပ်အနှောင်မဲ့ဂိုဏ်းအတွက်မူ သေချာပေါက် အကျိုးရှိပေလိမ့်မည်။
ပျံသန်းနေရင်းနှင့်ပင် စုချန်းသည် ဂိုဏ်းသားတဦးချင်းစီအတွက် လက်နက်များကို စိတ်ထဲတွင် အချိုးကျခွဲဝေနေလျက်ရှိ၏။ သူရရှိလာသော ပစ္စည်းများတွင် မူလလက်နက်များအပြင် တန်ဖိုးကြီးဆေးပင်အများအပြားလည်း ပါဝင်နေ၏။
စုချန်းအနေနှင့် မူလလက်နက်တိုင်းကို အသုံးမပြုနိုင်သည့်တိုင် ဆေးပင်၊ ဆေးမြစ်များကို အသုံးချနိုင်မည်မှာ သေချာနေပေသည်။ စုချန်း၏ လက်ရှိ စွမ်းရည်အရ မူလကမ္ဘာကြီးတခုလုံးတွင် ဆေးဖော်စပ်ခြင်းအရာ၌ သူ့ကို ယှဉ်နိုင်သူ အလွန်နည်းပါးသွားခဲ့လေပြီ။ ထို့ကြောင့် ဤတန်ဖိုးကြီးအရင်းအမြစ်များကို သူမှအသုံးမချလျင် မည်သူက အသုံးချနိုင်အံ့နည်း။
နှစ်ပေါင်းများစွာ ကြိုးစားပမ်းစား အားထုတ်လေ့လာခဲ့သည့် ရလဒ်အနေနှင့် စုချန်းသည် ကျင့်ကြံခြင်းအရာတွင်သာမက အဂ္ဂိရတ်ပညာတွင်လည်း အောင်မြင်သင့်သလောက် အောင်မြင်ခဲ့ပေပြီ။
အထက်ပါအတိုင်း အတွေးနယ်ချဲ့နေစဥ်မှာပင် အဝေးတနေရာမှ ရွေ့လျားလာသော မီးခိုးတိမ်တိုက်တခုကို စုချန်း သတိပြုမိလိုက်၏။ တချိန်တည်းမှာပင် ကြောက်စိတ်က သူ့တကိုယ်လုံးကို ရုတ်တရက် ဖုံးလွှမ်းသွားတော့သည်။
“ဒါ……”
အဆိုပါ မီးခိုးရောင်တိမ်တိုက်သည် စုချန်းထံသို့ တဟုန်ထိုး ဦးတည်ရွေ့လျားလာနေ၏။
“သေစမ်း”
တစုံတရာ မှားယွင်းနေပြီဖြစ်ကြောင်း စုချန်း ချက်ချင်း သဘောပေါက်လိုက်ပေပြီ။ မီးခိုးရောင်တိမ်တိုက်သည် သဘာဝ၏ ပုံမှန်ဖြစ်စဥ် မဟုတ်နိုင်။ အလွန်အစွမ်းထက်သည့် ရန်သူတဦး သူ့ဆီသို့ ဦးတည်လာနေခဲ့ချေပြီတကား။
လွန်ခဲ့သည်နာရီပိုင်းအတွင်း သူ့ လုပ်ရပ်များကို ထောက်ရှုလျှင် ရန်သူ မည်သူဖြစ်မည်ကို စုချန်းအနေနှင့် အထူးတလည် ခန့်မှန်းရန် မလိုတော့။ ရန်သူသည် ကံကြမ္မာလက်ချောင်းများအဖွဲ့၏ ခေါင်းဆောင်ဖြစ်သည့် ဒဏ္ဍာရီလာ အာကင်နာပညာရှင်ပင် ဖြစ်ပေလိမ့်မည်။
ထိုအခါ စုချန်းလည်း တစက္ကန့်မျှပင် အချိန်မဆိုင်းပဲ လေနှင့်မိုးကြိုးတောင်ပံများကို ဖြန့်ကျက်ကာ အရှိန်ကို အပြည့်အဝ မြှင့်တင်လိုက်၏။ လေစွမ်းအင်ကို ပိုင်ဆိုင်သွားပြီးကတည်းက စုချန်း၏ ပျံသန်းနှုန်းမှာ ယခင်ထက် များစွာ မြန်ဆန်သွားခဲ့ပေပြီ။
သို့သော် ဤတကြိမ်တွင်တော့ စုချန်း၏စွမ်းရည်များက အသုံးမဝင်တော့ဟန်ပေါ်နေသည်။ သူ မည်မျှပင် အရှိန်မြှင့်စေကာမူ မီးခိုးရောင်တိမ်ထုက ပို၍ပို၍ နီးကပ်လာနေသည်ကို စုချန်း တွေ့နေရ၏။
မြန်ဆန်လှသောတိမ်တိုက်၏ ရွေ့လျားမှုကိုကြည့်ရင်း စုချန်း အကြီးအကျယ် ထိတ်လန့်သွား၏။ ထို့နောက် သူကတောင်ပံများကို အရှိန်မြှင့်ကာ ခတ်လိုက်လေရာ လေများဝူးဝူးထလာပြီး လျပ်စီးများ တဖျပ်ဖျပ်လက်လာ၏။ သူ့အရှိန်အဟုန်မှာလည်း ယခင်ကထက် ဆထက်တံပိုး မြန်ဆန်လာလေသည်။
ပုံမှန်အခြေအနေတွင်ဆိုလျင် စုချန်း၏ အမြန်နှုန်းမျိုးကို အတွေးပုံဖော်ခြင်းနယ့်ပယ် ကျင့်ကြံသူတဦးပင် လိုက်မီရန် ခက်ခဲပေလိမ့်မည်။ သို့သော် ဒဏ္ဍာရီလာ အာကင်နာပညာရှင်များမှာ အကြောင်းအရင်းရှိ၍သာ ဒဏ္ဍာရီလာဟု အမည်တွင်နေခြင်း ဖြစ်ပေသည်။ သူတို့သည် မူလသားရဲသွေးဗီဇပိုင်ရှင် အနှိုင်းမဲ့ဧကရာဇ်နယ်ပယ်ကျင့်ကြံသူတဦးနှင့် ဘက်ပြိုင်နိုင်လောက်အောင်ပင် အစွမ်းထက်ကြ၏။ ဤအနေအထားတွင် စုချန်းအနေနှင့် မည်သို့မည်ပုံ လွတ်အောင်ပြေးနိုင်တော့မည်နည်း။
ဒဏ္ဍာရီလာ မဟာပညာရှင်တဦး၏ စွမ်းအားကို အထင်သေးမိ၍ သူ အကြီးအကျယ် ဒုက္ခရောက်ပြီဖြစ်ကြောင်း စုချန်း သဘောပေါက်လိုက်၏။ မှန်ပါသည်။ သူ ဤအခြေအနေသို့ ဆိုက်ရောက်အောင် အီနီဂို ဂွင်ဆင်လိုက်ခြင်းလည်း ဖြစ်နိုင်၏။
သို့သော် လက်ရှိအချိန်တွင် အီနီဂိုကိစ္စက အရေးမကြီးတော့။ သူ့အနေနှင့် နောက်မှ လိုက်ပါလာနေသည့် ရန်သူ၏လက်မှလွတ်မြောက်နိုင်ရန်မှာ ပို၍အရေးကြီးနေခဲ့ပေပြီ။
သို့သော် မီးခိုးရောင်တိမ်ထုသည် ပို၍ ပို၍သာ နီးကပ်လာနေ၏။ သူ မည်သည့်နေရာသို့ ထွက်ပြေးရမည်နည်း။
စုချန်း၏ ဦးနှောက်သည် အလွန်မြန်ဆန်လှသောအရှိန်အဟုန်နှင့် တွက်ချက်နေ၏။ သူ၏စိတ်ဝိညာဥ်သလင်းသည် ဖြစ်နိုင်ခြေအများအပြားကို ခွဲခြမ်းစိတ်ဖြာနေပြီး နောက်ဆုံးတွင်ဖြစ်နိုင်ခြေအရှိဆုံး နည်းလမ်းကို ရွေးထုတ်ပေးလိုက်တော့၏။
ထိုအခါ စုချန်းသည် ရှေ့သို့ ဆက်ပြေးမည့်အစား အဆိပ်တစ်ထောင်တောင်၏ မြေပြင်မျက်နှာပြင်သို့ ဆင်းသက်ရန် စတင်ဟန်ပြင်လိုက်လေသည်။
စုချန်း၏ ဦးတည်ချက် ရုတ်တရက် ပြောင်းလဲသွားခြင်းကြောင့် နောက်မှလိုက်လာသောသူ အံ့အားသင့်သွား၏။ ထို့နောက် သူသည်လည်း စုချန်းနောက်သို့ လိုက်သွားရန် ဆုံးဖြတ်လိုက်တော့သည်။
သို့သော် စက္ကန့်ပိုင်းမျှအကြာတွင် ကံကြမ္မာလက်ချောင်းများ၏ ခေါင်းဆောင်၏ မျက်နှာပျက်သွား၏။
“ဟာ မကောင်းတော့ဘူး"
စုချန်း ဘယ်ကိုဦးတည်နေမှန်း သူ သဘောပေါက်လိုက်ပေပြီ။ အတိအကျပြောရလျင် စုချန်းသည် အဆိပ်တထောင်တောင်၏ တားမြစ်နယ်မြေများထဲမှ တခုဆီသို့ ဦးတည်နေ၏။
ကံကြမ္မာလက်ချောင်းများအဖွဲ့သည် အဆိပ်ပါရဂူထံမှ ဆေးညွှန်းရလိုက်သော်လည်း ၎င်းဆေးညွှန်းမှာ အနှိုင်းမဲ့ကုထုံးမဟုတ်။ ထို့ကြောင့် သူတို့ရထားသည့် ဆေးညွှန်း အစွမ်းမပြနိုင်သော၊ တနည်းအားဖြင့် သူတို့မသွားနိုင်သော နေရာတချို့လည်း ဧကန်ပင် ရှိနေ၏။ ထို့ကြောင့် အဆိုပါနေရာများကို ကံကြမ္မာလက်ချောင်းများအဖွဲ့မှ တားမြစ်နယ်မြေဟု သတ်မှတ်ထားပေသည်။
ယခုလည်း ရှေ့မှပြေးနေသည့် ဓားပြသည် တားမြစ်နယ်မြေသို့ ဦးတည်နေ၏။ ဤဓားပြ အဘယ်ကြောင့် တားမြစ်နယ်မြေဘက်သို့ ဦးတည်ချက်ပြောင်းသွားသည်ကို ခေါင်းဆောင် မသိချေ။ သို့သော် သူသာ ဓားပြကို အချိန်မီတားဆီးနိုင်ပါက ရတနာများကို ရာသက်ပန်ဆုံးရှုံးတော့မည်မှန်း ခေါင်းဆောင်နားလည်ထား၏။
ဂျိမ်းခနဲမြည်သံနှင့်အတူ တိမ်ထုအတွင်းမှ အနက်ရောင်လက်ကြီးတဖက် တိုးထွက်လာ၏။ စုချန်းကို လှမ်းဆွဲရန် ရည်ရွယ်ထားပုံရသည်။
ထိုလှုပ်ရှားမှုနောက်ကွယ်မှ အားကောင်းလှသောစွမ်းအင်ထုကြီးကကြောင့် သူ့ပတ်ဝန်းကျင်ရှိ ကောင်းကင်တခုလုံး ပြိုကျလာသကဲ့သို့ စုချန်း ခံစားလိုက်ရ၏။
မှန်ပါသည်။ ဤလက်သည် တိုင်းတာမရသောအရာမျိုးမဟုတ်သော်လည်း ၎င်း၏သက်ရောက်မှုဧရိယာက အလွန်ကျယ်ပြန့်လှပေရာ ထွက်ပေါ်လာသော ဖိအားကလည်း ကြောက်စရာကောင်းလောက်အောင် ပြင်းထန်လှ၏။ ထို့ကြောင့် စုချန်းတယောက် ထိုသို့ ခံစားမိခြင်းပင်။
ဒဏ္ဍာရီအဆင့် နည်းစနစ်များသည် နှစ်ပေါင်းထောင်ချီ၍ ကျင့်ကြံမှုစနစ်ကို လွှမ်းမိုးထားနိုင်သည်မှာ လားလားမျှအံ့ဩစရာမရှိတော့ချေ။ သို့သော် လက်ရှိအချိန်တွင် စုချန်းအနေနှင့် ဒဏ္ဍာရီလာနည်းစနစ်၏ စွမ်းအားကို ဆန်းစစ်နေရန် အချိန်မရှိချေ။ ကောင်းကင်မှ ကြောက်မက်ဖွယ်လက်ကြီး နိမ့်ဆင်းလာသည်နှင့် သူ့ပုံရိပ်သည် ဖြတ်ခနဲလင်းလက်သွားပြီး ပေတစ်သောင်းအကွာတွင် ပြန်ပေါ်လာ၏။ ဒဏ္ဍာရီလာအာကင်နာပညာရှင်၏ ဖမ်းဆုပ်မှုကို စုချန်းက အံ့မခန်းစွမ်းဆောင်ရည်ဖြင့် ပွတ်ကာသီကာ ရှောင်တိမ်းလိုက်နိုင်၏။
ဒဏ္ဍာရီလာအာကင်နာပညာရှင်ခေါင်းဆောင်အနေနှင့် ဓားပြတွင် ထိုမျှအကွာအဝေးသို့ ရောက်အောင် ခုန်ထွက်နိုင်သည့် စွမ်းရည်မျိုး ရှိလိမ့်မည်ဟု ဘယ်သောအခါမှ မမျှော်လင့်ခဲ့။ အကြောင်းမှာ သူပင်လျှင် ထိုအကွာအဝေးသို့ရောက်အောင် ခုန်ထွက်နိုင်စွမ်း မရှိသောကြောင့်ပင်။
ထိုအခါ သူ့စိတ်ထဲတွင် စုချန်းကို ဖမ်းဆီးလိုသည့် ဆန္ဒ ပို၍ပင် ပြင်းပြလာ၏။ စုချန်းထံမှ လျှို့ဝှက်နည်းစနစ်တချို့ကို ညှစ်ထုတ်နိုင်ခဲ့ပါက သူ့အတွက် အမြတ်ချည်းသာ မဟုတ်ပါလား။ သူ အံတချက်ကြိတ်ရင်း နောက်ထပ် လျှို့ဝှက်နည်းစနစ်တရပ်ကို အသက်သွင်းလိုက်ပြန်၏။ ရုတ်ချည်းဆိုသလိုပင် သူ့ပတ်ဝန်းကျင်ရှိ လေထုသည် ပုံဆောင်ခဲဖြစ်သွားသကဲ့သို့ စုချန်း ခံစားလိုက်ရသည်။
“သေစမ်း……”
စုချန်း အံ့အားသင့်သွား၏။
ဤစွမ်းရည်မှာ သူ၏ ဆူမာရုလေဟာနယ်နှင့် ခပ်ဆင်ဆင်တူနေ၏။
သူ လှုပ်ရှားရန် အလွန်ခက်ခဲလာကြောင်း စုချန်း တွေ့လိုက်ရ၏။
သို့ဆိုလျင် အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ကို အသုံးပြုရန်ပင်……။
အင်း...သုံးလို့တော့ ရနေတုန်းပဲ...တော်သေးတာပေါ့...
ထို့နောက် စုချန်းက အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ကို ထပ်မံ အသက်သွင်းလိုက်ပြန်၏။ ဤတကြိမ် ခုန်ထွက်နိုင်သောအကွာအဝေးသည် ပုံမှန်ထက် အများကြီး နည်းသွားသော်လည်း သူ့အနေနှင့် ၎င်းကိုတော့ ဆက်လက်အသုံးပြုနိုင်သေးသည်။
ဆိုလိုသည်မှာ ရန်သူသည် လေဟာနယ်ပိတ်ဆို့နိုင်သည့် နည်းစနစ်ကို အသုံးပြုနေခြင်း မဟုတ်ပဲ စုချန်း၏ ပတ်ဝန်းကျင်ရှိ မူလစွမ်းအင်ကိုသာ အနှောင့်အယှက်ပြုနေသည့်သဘောပင်။ ထို့ကြောင့် လေဟာနယ်ဆိုင်ရာနည်းစနစ်ဖြစ်သည့် စုချန်း၏ အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်က ရန်သူ၏ နည်းစနစ်ကို အလွယ်တကူ ကျော်လွှားနိုင်ခဲ့ခြင်း ဖြစ်လေသည်။ ထိုအချက်ကို သဘောပေါက်လိုက်သည်နှင့် စုချန်း အကြီးအကျယ် ဝမ်းမြောက်သွား၏။
သူ့ ကြိုးပမ်းမှု မအောင်မြင်သည်ကို မြင်သည်နှင့် စုချန်း၏ ခုန်ထွက်ခြင်းနည်းစနစ်သည် မူလစွမ်းအင်သက်သက်ထက် လေဟာနယ်စွမ်းအင်နှင့် ပို၍သက်ဆိုင်နေကြောင်း ကံကြမ္မာလက်ချောင်းများအဖွဲ့ခေါင်းဆောင် ချက်ချင်း သဘောပေါက်သွား၏။ ထိုအချက်က စုချန်း အဘယ်ကြောင့် ထိုမျှအကွာအဝေးသို့ ခုန်ထွက်နိုင်ခဲ့ကြောင်းကို ရှင်းပြနေသည် မဟုတ်ပါလား။ ထိုအခါ ခေါင်းဆောင်၏ စုချန်းကို ဖမ်းဆီးလိုသောဆန္ဒမှာ ပို၍ပင် ကြီးထွားလာလေသည်။
ထိုအချိန်တွင် ရန်သူဓားပြသည် တားမြစ်နယ်မြေအနီးသို့ ချည်းကပ်နေခဲ့လေပြီ။ ထိုအခါ ခေါင်းဆောင်က အော်ဟစ်လိုက်၏။
"ဟေး အဲဒီအောက်ကို မဆင်းနဲ့ မင်း သေသွားလိမ့်မယ်"
အော်...ခင်ဗျားက ကျုပ်ကို စိတ်ပူနေတယ်ပေါ့လေ...
စုချန်း ရယ်မောလိုက်၏။
“ခင်ဗျား စိုးရိမ်ပေးတာ ကျေးဇူးတင်ပါတယ်”
ထိုအချိန်မှာပင် တစုံတရာက သူ့ရွေ့လျားမှုကို တားဆီးထားသည့်နှယ် စုချန်း ခံစားလိုက်ရ၏။
ဟင်...
သူပတ်ပတ်လည်တွင်ကား လမ်းကြောင်းကို ပိတ်ဆို့ထားသည့်အရာဟူ၍ ဘာတခုမှ မရှိပဲ ဟာလာဟင်းလင်း ဖြစ်နေ၏။ သို့ဆိုလျင် မည်သည့်အရာက သူ့ကို ဆက်မသွားနိုင်အောင် တားဆီးထားလေသနည်း။
ထိုအချိန်မှာပင် ကောင်းကင်ယံ၌ စာလုံးတချို့ ရုတ်တရက် ပေါ်လာသည်ကို စုချန်း တွေ့လိုက်ရ၏။ အဆိုပါစာလုံးများကို တွဲဆက်ထားသည့် ပါးလွှာသော အမျှင်တန်းလေးများက စုချန်းကို ရှေ့ဆက်သွား၍မရအောင် တားဆီးနေခြင်းပေတကား။
အဆိုပါ စာလုံးများမှာကား...
"ခင်ဗျား စိုးရိမ်ပေးတာ ကျေးဇူးတင်ပါတယ်”ဟူသော စာလုံးများပင်တည်း။ တနည်းအားဖြင့် သူ ပြောခဲ့သည့် စကားလုံးများပင် ဖြစ်ကြလေသည်။ သို့သော် စုချန်း နှုတ်မှထွက်လာသည့် အဆိုပါစကားလုံးများသည် ပျောက်ကွယ်မသွားပဲ အမှန်တကယ်ပဲ ရုပ်ပိုင်းဆိုင်ရာဖြစ်တည်မှုတခုအဖြစ် ကောင်းကင်ယံတွင် ပေါ်ထွက်လာခြင်းပေတကား။
အကောင်အထည်ဒြပ်ထုမရှိသည့် စကားလုံးများကိုပင် ရုပ်ပိုင်းဆိုင်ရာဖြစ်တည်မှုများအဖြစ် ပြောင်းလဲပေးနိုင်၍ ဒဏ္ဍာရီလာအဆင့်၏ စွမ်းအားမှာ အံ့ချီးဖွယ်ရာကောင်းလှ၏။
မည်သို့သော အာကင်နာနည်းစနစ်မျိုးပေတည်း။
ခြောက်ခြားဖွယ်ရာ စွမ်းအားပေတကား။
ယခုတော့ ကောင်းကင်ယံတွင် ပေါ်လောပေါ်နေသည့် စကားလုံးများကြောင့် စုချန်း နေရာမှာပင် ရပ်တန့်နေခဲ့ရလေပြီ။ ထိုအချိန်တွင် အနက်ရောင် လက်ကြီးက အောက်သို့နိမ့်ဆင်းလာပြီး စုချန်းကို ဖမ်းဆွဲရန် ထပ်မံကြံစည်လာပြန်သည်။
သူ ကျဥ်းထဲကျပ်ထဲအခြေအနေမျိုးနှင့် ရင်ဆိုင်ရပြီမှန်း စုချန်း သိလိုက်၏။ ထိုအချိန်မှာပင် စုချန်း၏ အတောင်ပံများ တဖြတ်ဖြတ်လှုပ်ရှားသွားပြီး လျှပ်စီး၊ လေနှင့် မီးလျံများ ပေါက်ကွဲထွက်ပေါ်လာတော့သည်။
ဝုန်း!!!
စုချန်းဆီမှ ပေါ်ထွက်လာသည့် ဓာတ်ကြီးသုံးပါးစွမ်းအားများသည် ကောင်းကင်ယံမှ စကားလုံးများကို တိုက်ရိုက်ပင် ဝင်ဆောင့်လိုက်ကြ၏။
တကယ်တော့ အဆိုပါစကားလုံးများသည် ဒဏ္ဍာရီလာအာကင်နာပညာရှင်၏ စွမ်းအားသက်သက်နှင့်သာ ဖွဲ့စည်းထားခြင်း ဖြစ်သည်။ အာကင်နာပညာရှင်ကိုယ်တိုင်နှင့် ချိတ်ဆက်ထားခြင်းမျိုး မဟုတ်ချေ။ ထိုအခါ စကားလုံးများသည် စုချန်း၏ တိုက်ခိုက်မှုကြောင့် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်တော့မည့် လက္ခဏာများ စတင်ပြသလာ၏။
ခေါင်းဆောင် အကြီးအကျယ် စိတ်ဆိုးလာ၏။ စုချန်းကို ဖမ်းဆီးရန် သူ အသည်းအသန် ကြိုးစားနေရသည် မဟုတ်ပါလား။
ထိုအချိန်တွင် "စိုးရိမ်"ဟူသော စကားလုံးမှအပ ကျန်စကားလုံးများအားလုံး ပေါက်ကွဲသွားခဲ့၏။ သို့သော် "စိုးရိမ်"ဟူသော စကားလုံး ပေါက်ကွဲထွက်တော့မည့်အချိန်မှာပင် ရုတ်တရက်ဆိုသလို ရွှေဝါရောင်အလင်းတန်းများ တောက်ပလာလေသည်။ ကြီးမားသော စွမ်းအင်တခုက အဆိုပါ စကားလုံးကို တည်ငြိမ်စေလိုက်သည့်ပုံပင်။
“ဒါ ဘာကြီးလဲ"
စုချန်း အံ့အားသင့်သွား၏။
ဒဏ္ဍာရီလာအာကင်နာပညာရှင်များ၏ စွမ်းရည်သည် သာမာန်မဟုတ်မှန်း စုချန်း သိထားပြီးသားပင်။ သို့သော် သူ့စွမ်းအင်က ဤမျှလွှမ်းမိုးနိုင်စွမ်းရှိလျမ့်မည်ဟုတော့ သူ ထင်မထားချေ။
“စိုးရိမ်"ဟူသော စကားလုံးမှ ထွက်ပေါ်လာသည့် အရှိန်အဝါမှာ မယုံကြည်နိုင်လောက်အောင် ကြီးကျယ်ခမ်းနားလှ၏။ မြင်ရုံနှင့် မူလစွမ်းအင်တမျိုးတည်းဖြင့် ဖန်တီးထားခြင်းမဟုတ်မှန်းထင်ရှားနေသည်။
သို့ဆိုလျင် ဤကမ္ဘာကြီးတွင် မူလစွမ်းအင်အပြင် တခြားစွမ်းအင်တမျိုးမျိုး ရှိနေသေးသည့်သဘောပေလား။
စုချန်း ခေါင်းတချက်ခါလိုက်ပြီး အတွေးများကို မောင်းထုတ်လိုက်၏။ သူ့တွင် စဥ်းစားနေရန် အချိန်မရှိ။ ကောင်းကင်ရှိ လက်ကြီးက သူ့ထံကို ထပ်မံနိမ့်ဆင်းလာပြန်ပြီမဟုတ်ပါလား။
ထိုအခါ သူက ကောင်းကင်ဆီသို့ မော့ကြည့်ပြီး ပြုံးလိုက်၏။ ထိုအချိန်မှာပင် နက်ရှိုင်းသည်နှင့်အမျှ လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါတခု သူ့ကိုယ်တွင်းမှ စတင်ပေါက်ကွဲထွက်လာတော့သည်။ ထိုအရှိန်အဝါသည်လည်း မူလစွမ်းအင်သက်သက်မှ ထွက်ပေါိလာခြင်းမဟုတ်ချေ။
ကြီးမားနက်နဲလှသော အရှိန်အဝါကို ဒဏ္ဍာရီလာအာကင်နာပညာရှင်ခေါင်းဆောင် ချက်ချင်းပင် ခံစားမိ၏။ သူ အကြီးအကျယ် ထိတ်လန့်သွားခဲ့လေသည်။
“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ သူ ဘယ်လိုလုပ်လိုက်တာလဲ...”
မိုးခြိမ်းသံများနှင့်အတူ လျှပ်စီးကြောင်းတခု ဝုန်းဒိုင်းကြဲကာ ပေါက်ကွဲထွက်လာပြီး ကောင်းကင်ရှိ လက်ကြီး အောက်ဆင်းမလာနိုင်အောင် ပိတ်ဆို့ထားလိုက်၏။ စုချန်း၏ ဤလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားသည် ဒဏ္ဍာရီလာအာကင်နာပညာရှင်၏စွမ်းအားနှင့် ပုံသဏ္ဍာန်မတူသော်လည်း သဘောသဘာဝအရ ခပ်ဆင်ဆင်တူနေ၏။
နောက်ဆုံးတွင် “စိုးရိမ်” ဟူသောစကားလုံးသည် ဖိအားအောက်တွင် ပြိုကွဲသွားပြီး အစအနတခု လွင့်စင်ထွက်လာ၏။ စုချန်း ထိုအစအနကို လျင်မြန်သွက်လက်စွာ ဖမ်းဆုပ်လိုက်၏။ တချိန်တည်းမှာပင် သူ့ကိုယ်ခန္ဓာသည် နှစ်ကြိမ်တိုင်တိုင် လင်းလက်သွားပြီး အဆိပ်တထောင်တောင်၏ မြေပြင်ပေါ်တွင် ပြန်ပေါ်လာ၏။ ထိုခနမှာပင် သူ့ခြေထောက်အစုံသည် အရိုးများဆွဲထုတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး စုချန်း မြေကြီးပေါ် ဒူးထောက်ကျသွား၏။ ကိုယ်ပွားများကိုအသုံးပြု၍ နှစ်ကြိမ်တိုင်တိုင် ခုန်ကူးမိခြင်း၏ ရလဒ်ပင် ဖြစ်သည်။
သို့သော် သူ အားရပါးရ ရယ်မောလိုက်၏။ နောက်ဆုံးတော့ ဒဏ္ဍာရီလာအာကင်နာပညာရှင်တဦး၏ လက်မ သူ လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့လေပြီ။ ကံကြမ္မာလက်ချောင်းများအဖွဲ့ခေါင်းဆောင်အနေနှင့် ဤနေရာထိတိုင်အောင် မလိုက်ရဲသည်မှာ သေချာနေ၏။
"ကဲ နှုတ်ဆက်ပါတယ်ကွာ"
အထက်ပါအတိုင်း ကောင်းကင်ကိုမော့ကြည့်ကာ ရေရွတ်ရင်း စုချန်းတယောက် တောအုပ်ထဲ တိုးဝင်ပျောက်ကွယ်သွားတော့၏။